အဆစ်ခုနစ်ဆစ်ပိုးမွှား
Vol. 19 Ch. 246
"အထွတ်အထိပ် နက်နဲသိမ်မွှေ့မှုလား..."
အကြီးအကဲ၏စကားလုံးများသည် မည်သည့်ဖုံးကွယ်မှုမျှမရှိဘဲ ပြောဆိုခဲ့ခြင်းဖြစ်သောကြောင့် လက်ရှိနေရာတွင် ရှိနေသူများအားလုံး ရှင်းရှင်းလင်းလင်း ကြားလိုက်ကြသည်။ သူတို့၏မျက်လုံးများသည် မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်သွားပေ၏။
"ရင်းမြစ်ကမ္ဘာရဲ့ ကောင်းကင်ကံကြမ္မာကို အထွတ်အထိပ်နှင့် အဓိကစွမ်းအင်စီးကြောင်းလေးကြောင်းအနေနဲ့ ခွဲခြားထားတယ်...ငါတို့ နားလည်သဘောပေါက်တာက စွမ်းအင်စီးကြောင်းတွေသက်သက်ပဲ...သော့ချက်ကံကြမ္မာကို ကျွမ်းကျင်ပိုင်နိုင်တဲ့ ကံကြမ္မာခန်းမဆောင်ရဲ့ ခန်းမသခင်တောင်မှ အားအကောင်းဆုံး စီးကြောင်းကိုပဲ ကိုင်စွဲထားတာ...ဒါပေမဲ့ အထွတ်အထိပ် နက်နဲသိမ်မွေ့မှုက စွမ်းအင်စီးကြောင်းတွေအားလုံးကို အုပ်ချုပ်တယ်..... ရင်းမြစ်ကမ္ဘာရဲ့ ကောင်းကင်ကံကြမ္မာတစ်ခုလုံးကို ကျွမ်းကျင်ပိုင်နိုင်တယ်... ဘယ်သူက လမ်းညွှန်မှုမရှိဘဲ ဒီအထွတ်အထိပ်ကံကြမ္မာကို နားလည်သဘောပေါက်နိုင်မှာလဲ"
"အမှန်ပဲ...ရင်းမြစ်ကမ္ဘာရဲ့ အထွတ်အထိပ်ကောင်းကင်ကံကြမ္မာကို ဖန်တီးသူကလွဲရင်....ရင်းမြစ် ကမ္ဘာမှာ မရေမတွက်နိုင်တဲ့ နှစ်တွေ ကုန်လွန်သွားခဲ့ပေမယ့် ဘယ်သူကမှ ဒီကံကြမ္မာကို နားလည်သဘောပေါက်အောင် ကြိုးစားတဲ့နေရာမှာ မအောင်မြင်ခဲ့ဖူးဘူး..."
မုရုန်ဖုန်းနှင့်ရွှမ်းယွမ်မုတို့နှစ်ဦးလုံး အနည်းငယ် ထိတ်လန့်တုန်လှုပ်သွားသည်။
ကံကြမ္မာခန်းမကို အမွေဆက်ခံရန် အခွင့်အရေးရှိသော ထိပ်သီးပါရမီရှင်များအနေဖြင့် သူတို့သည် အထွတ်အထိပ် နက်နဲသိမ်မွေ့မှုဟု ခေါ်ဆိုသောအရာ၏ ကြောက်မက်ဖွယ်ကောင်းသော သဘာဝကို နားလည်သဘောပေါက်ထားကြသည်။
သို့ရာတွင် တစ်စုံတစ်ယောက်သည် လေ့ကျင့်မှုမရှိဘဲ ထိုအရာကို သူကိုယ်တိုင် နားလည်သဘောပေါက်သွားခဲ့လေ၏။
ဤသည်မှာ တစ်စုံတစ်ယောက်သည် ကျင့်ကြံခြင်း မစတင်မီမှာပင် ကြယ်စင်မြစ်နယ်ပယ်ကို ကျော်လွန်ခြင်းနှင့် တူညီသည်။
ဒါက ဘယ်သူလဲ....ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ....
"ကုန်းမြေရဲ့မြောက်ဘက်ကို ရှာဖွေစုံစမ်းကြစမ်း.... ဒီလူက ဘယ်သူလဲဆိုတာ ငါ သိချင်တယ်....သူ့ကို ဌာနချုပ်ကို ခေါ်ဆောင်လာပြီးတော့ စနစ်တကျ လေ့ကျင့်ပေးရမယ်... အကြီးအကဲမု သွားခေါ်လိုက်ပါ....မဟုတ်ဘူး ငါကိုယ်တိုင် သွားမယ်"
အရေးတကြီး အော်ဟစ်သံနှင့်အတူ မိုးကောင်းကင်ယံမှ အကြီးအကဲသည် သူ၏လက်ကို ဝှေ့ယမ်းပြီး လူများအားလုံး၏အမြင်အာရုံအောက်မှ ပျောက်ကွယ်သွားသည်။
အထွတ်အထိပ် ကံကြမ္မာကို နားလည်သဘောပေါက်နိုင်စွမ်းရှိသော ထိပ်သီးပါရမီရှင်တစ်ဦးသည် စနစ်တကျ ပြုစုပျိုးထောင်ခံရပါပါက ခေတ်ကာလ၏ အစွမ်းထက်ဆုံး တည်ရှိမှုတစ်ခု ဖြစ်လာနိုင်သည်မှာ သံသယဖြစ်ဖွယ်မရှိချေ။ သူပင်လျှင် ထိုကဲ့သို့ လူတစ်ဦးနှင့် နှိုင်းယှဉ်လျှင် အားနည်းသွားနိုင်လေရာ ထိုပါရမီရှင်ကို မည်သည့်ကံဆိုးမိုးမှောင်ကျမှုမျိုးနှင့်မျှ တွေ့ဆုံခွင့် မပြုနိုင်ချေ။
ရင်းမြစ်ကမ္ဘာရှိ ကြီးမားသော တောင်တန်းတစ်ခုပေါ်တွင် သာမန်သက်ငယ်မိုးတဲငယ်တစ်လုံးသည် တလိမ့်လိမ့်နေသော မီးခိုးငွေ့များကြား၌ တည်ရှိနေသည်။
အဝေးမှကြည့်လျှင် ဤသည်မှာ တောင်ပေါ်နေထိုင်သူတစ်ဦး သို့မဟုတ် ရိုးရှင်းသော မုဆိုးတစ်ဦး၏အိမ်နှင့် တူညီပြီး ထူးခြားမှုတစ်စုံတစ်ရာ မရှိချေ။
ထိုအချိန်တွင် အကြီးအကဲတစ်ဦးသည် တဲထဲမှ ထွက်ပေါ်လာပြီး အပြင်ဘက်ရှိ ကျောက်တုံးခန်းမဆောင်တစ်ခုအတွင်းတွင် ထိုင်ရန် ခြေလှမ်းနှစ်လှမ်းခန့်လှမ်းလိုက်သည်။ သူသည် ကျားစေ့အမျိုးမျိုးဖြင့် ပြည့်နှက်နေသော ကျားခုံတစ်ခုတင်ထားသည့် ကျောက်စားပွဲတစ်ခုရှေ့တွင် ထိုင်ချလိုက်၏။
"ဒီတစ်ခုတော့ ဖြစ်လောက်တယ်..."
ကျားစေ့တစ်စေ့ကို ပေါ့ပေါ့ပါးပါး ကောက်ယူလိုက်ပြီး အကြီးအကဲက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။ နောက်ထပ်အချိန်တခဏတွင် သူသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ထိုကျားစေ့ထဲသို့ ဝင်ရောက်သွားသည်။
ဝှစ်....
လေဟာနယ်သည် လည်ပတ်သွားပြီး ကျားစေ့အတွင်းရှိ ကမ္ဘာသည် သူ၏မျက်လုံးများရှေ့တွင် ထွက်ပေါ်လာသည်။ နေနှင့်လသည် မိုးကောင်းကင်တွင် ဘေးစောင်းချိတ်ဆွဲနေပြီး မိုးကောင်းကင်ယံသည် အဆုံးအစမရှိ ဆန့်တန်းနေကာ မရေမတွက်နိုင်သော သက်ရှိများသည် အောက်တွင် ပင်ပန်းစွာ အလုပ်လုပ်နေကြသည်။ ဤကျားစေ့အတွင်းတွင် ကိုယ်ပိုင်ကမ္ဘာငယ်လေးတစ်ခု တည်ရှိနေပေ၏။
"ဆရာသခင်...."
သူ့ကို မြင်တွေ့ချိန်၌ သက်လတ်ပိုင်းအရွယ် လူတစ်ဦး ပျံသန်းလာသည်။
"အင်း...."
အကြီးအကဲက စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်၏။
"တိုးတက်မှုအခြေအနေ ဘယ်လိုရှိလဲ"
"ဆရာသခင်ကို တင်ပြပါတယ်...ကျွန်တော်တို့က အခု မီတာတစ်ရာအချင်းရှိတဲ့ သိုလှောင်လက်စွပ်တွေကို အစုလိုက်အပြုံလိုက် ထုတ်လုပ်နိုင်ပါပြီ.... ဒါပေမဲ့ ပိုပြီးကြီးမားတဲ့ နေရာလွတ်တွေကို ဖန်တီးဖို့က ကျွန်တော်တို့ရဲ့ စွမ်းအားထက် ကျော်လွန်နေသေးတယ်..."
ထိုလူသည် အရှက်ရနေပုံရသည်။
"မီတာတစ်ရာအချင်းက ကြယ်စင်မြစ်နယ်ပယ် ကျင့်ကြံသူတွေအတွက် လုံလောက်နေပါပြီ.... မဆိုးဘူး မဆိုးဘူး...မင်း ဆက်ကျင့်ကြံပြီးတော့ လေဟာနယ် ကောင်းကင်ကံကြမ္မာကို ပိုပြီးနားလည်သဘောပေါက်အောင် ကြိုးစားရမယ်..."
အကြီးအကဲသည် ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး သူ စကားဆက်ပြောရန် ဟန်ပြင်ဆင်နေစဉ်မှာပင် သူသည် တစ်စုံတစ်ခုကို ခံစားမိသဖြင့် သူ၏ခေါင်းကို ရုတ်တရက် မော့လိုက်သည်။
ကျားစေ့၏ လေဟာနယ်အထက်တွင် ခမ်းနားထည်ဝါသော ကောင်းကင်ကံကြမ္မာတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး လေဟာနယ်ကို စူးရှတောက်ပသော စဥ်ဆက်မပြတ်ပြောင်းလဲနေသော မြင်ကွင်းတစ်ခုအဖြစ်သို့ တွန့်လိမ်ယိမ်းယိုင်သွားစေသည်။
ဤသည်မှာ လေဟာနယ်နှင့် သက်ဆိုင်သော ထူးခြားသည့် အရောင်ဖြစ်ပြီး တစ်စုံတစ်ယောက်က အချိန်နှင့်လေဟာနယ် ကောင်းကင်ကံကြမ္မာကို နားလည်သဘောပေါက်သည့်အချိန်မှသာ ဖြစ်ပွားသော ဖြစ်စဉ်တစ်ခုပင်။
"တစ်ယောက်ယောက်က အချိန်နဲ့လေဟာနယ် ကောင်းကင်ကံကြမ္မာကို နားလည်သဘောပေါက်သွားတာလား"
အကြီးအကဲ၏မျက်လုံးများ စိတ်လှုပ်ရှားမှုကြောင့် လင်းလက်တောက်ပသွားသည်။
"မြန်မြန်လေး....ဒီခမ်းနားထည်ဝါတဲ့ စွမ်းအင်စီးဆင်းမှုတွေကို သေချာဂရုစိုက်ကြည့်စမ်း... ဒါတွေက မင်းရဲ့ကျင့်ကြံမှုအတွက် အများကြီး အကျိုးပြုလိမ့်မယ်"
"ဟုတ်ကဲ့"
ထိုလူလတ်ပိုင်းကြီးသည် ဖြစ်စဥ်အပေါ် လျင်မြန်စွာ အာရုံစိုက်လိုက်ပြီး အချိန်တခဏအတွင်းမှာပင် သူ၏အရှိန်အဝါ မြင့်တက်လာပြီး နဂါးများကဲ့သို့သော စွမ်းအင်လှိုင်းများကို ဖွဲ့စည်းလိုက်သည်။
"ဆရာသခင်...ကျွန်တော်... ကျွန်တော် ကျင့်ကြံဆင့်ချိုးဖျက်နိုင်ခဲ့ပြီ"
လူလတ်ပိုင်းကြီးသည် အံ့အားတသင့်ရေရွတ်လိုက်ပြီး သူ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
သူသည် ဆယ်စုနှစ်တစ်ခုကြာသည်အထိ အဆင့်တစ်ခုတွင် ပိတ်မိနေခဲ့ပြီး ချိုးဖျက်မှုတစ်ခုခုကို ပြုလုပ်နိုင်ရန် နှစ်ပေါင်းများစွာ ကြာမြင့်မည်ဟု ယူဆခဲ့သည်။ သို့ရာတွင် ဤခမ်းနားထည်ဝါသော မြင်ကွင်းကို တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် သူအောင်မြင်ခဲ့သည်။
"ဒါက အချိန်နဲ့လေဟာနယ်ကံကြမ္မာပဲ... ထောင်စုနှစ်ပေါင်းများစွာကြာတဲ့အထိ အချိန်နဲ့လေဟာနယ် ကောင်းကင်ကံကြမ္မာတွေကို သီးခြားစီ နားလည်သဘောပေါက်ခဲ့ကြတယ်... တစ်ယောက်ယောက်က ကံကြမ္မာနှစ်ခုလုံးကို တပြိုင်နက်တည်း ကျင့်ကြံနိုင်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ....မင်းက ဒီနေရာမှာ မင်းရဲ့ ကျင့်ကြံမှုကို ခိုင်မာအောင်လုပ်နေအုံး...ငါ အဲ့ဒီလူကို သွားရှာလိုက်အုံးမယ်"
ဝှစ်....
ထိုစကားလုံးများနှင့်အတူ အကြီးအကဲသည် ကျားစေ့ကမ္ဘာအတွင်းမှ ပျောက်ကွယ်သွားပြီး ခန်းမဆောင်အတွင်းတွင် ပြန်လည်၍ ထွက်ပေါ်လာသည်။ သူသည် သူ၏လက်ကို မြှောက်လိုက်ပြီး မြောက်ဘက်သို့ တန်းတန်းမတ်မတ် ညွှန်ပြနေသော ကောင်းကင်ကံကြမ္မာအလင်းတန်းတစ်ခုကို ဆင့်ခေါ်လိုက်၏။
"မြောက်ဘက်လား ... ဟား ဟား ဟား....ဒါက ငါ့ရဲ့ တပည့်ကောင်းလေးပဲ တခြားဘယ်သူမှ သူ့ကို လုယူခွင့်မရှိဘူး..."
အလင်းတန်းတစ်တန်း လင်းလက်သွားသည်နှင့်အတူ ထိုအကြီးအကဲ ပျောက်ကွယ်သွားတော့သည်။
တိတ်ဆိတ်ငြိမ်သက်သော ဝါးတောတစ်ခုတွင် အကြီးအကဲနှစ်ဦး ရုတ်တရက် ထွက်ပေါ်လာသည်။
"သူတို့ ဒီမှာ ရှိနေတာ သေချာလား"
အစိမ်းရောင်ဝတ်ရုံဝတ် အကြီးအကဲက စိတ်ရှုပ်ထွေးစွာ မေးမြန်းသည်။
ဝါးတောသည် အကြွင်းမဲ့သာမန်ဆန်ပြီး ထူထပ်သိပ်သည်းသော ရင်းမြစ်စွမ်းအင် သို့မဟုတ် ပေါကြွယ်ဝသော ကောင်းကင်ဘုံကံကြမ္မာစွမ်းအင်များမရှိဘဲ ထူးခြားမှုတစ်စုံတစ်ရာ ကင်းမဲ့နေသည်။
"ငါ့ရဲ့ စိတ်ဝိညာဉ်ခြေရာခံခြင်းနည်းစနစ်က ပြိုင်ဘက်ကင်းပဲ...ငါ အတည်ပြုပြီးတာနဲ့ ဒါက မှားယွင်းနိုင်မှာ မဟုတ်ဘူး"
အနက်ရောင်ဝတ်ရုံဝတ် အကြီးအကဲက ယုံကြည်မှုရှိရှိဖြင့် ရယ်မောပြီး ပြောဆိုသည်။
"ကောင်းပြီလေ...ဒီအနီးအနားမှာ ရှာကြည့်ကြရအောင်..."
အစိမ်းရောင်ဝတ်ရုံဝတ် အကြီးအကဲသည် ဝါးပင်များကို တွန်းဖယ်လိုက်ပြီးနောက် မကြာမီမှာပင် မြေပြင်ပေါ်တွင် ကုန်းကုန်းကွကွလုပ်နေသော တခြားအကြီးအကဲတစ်ဦးကို တွေ့လိုက်ရသည်။ သူ၏ခန္ဓာကိုယ်နောက်ပိုင်းသည် လေထဲတွင် ရှိနေပြီး တစ်စုံတစ်ခုကို ရှာဖွေနေပုံရသည်။
"အဘိုးကြီးကျိုး... ဘာလုပ်နေတာလဲ"
ထိုလူကို မြင်တွေ့ချိန်၌ အစိမ်းရောင်ဝတ်ရုံဝတ် အကြီးအကဲသည် အလွန်အံ့အားသင့်သွားပေ၏။
ရင်းမြစ်ကမ္ဘာ၏ နာမည်ကျော်ကြားသော အချက်အပြုတ်နတ်ဘုရားသည် ချက်ပြုတ်မနေဘဲ ဝါးတောတစ်ခုတွင် လေးဘက်ထောက် တွားသွားနေသည်။
ဤသည်မှာ မည်မျှထိ ထူးဆန်းသော မြင်ကွင်းဖြစ်သနည်း...
"ရှူး... တိတ်တိတ်နေကြစမ်း..."
အဘိုးကြီးကျိုးသည် နောက်သို့လှည့်ကြည့်ပြီး တိတ်တဆိတ်ရန် အလျင်အမြန် အချက်ပြလေသည်။
အကြီးအကဲနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့သည် အံ့အားသင့်နေသော်လည်း သူတို့သည် သူတို့၏ပါးစပ်များကို ထိန်းထားပြီး စောင့်ဆိုင်းနေကြသည်။
အချိန်အတော်ကြာပြီးနောက် အဘိုးကြီး ကျိုးသည် ရုတ်တရက် လက်လှမ်းလိုက်ပြီး မြေပြင်မှ လက်မအရွယ်အစားရှိ ပိုးကောင်တစ်ကောင်ကို ဖမ်းဆုပ်လိုက်သည်။ ထိုပိုးကောင်သည် ပြင်းထန်စွာ လူးလွန့်နေပြီး သူ၏ခန္ဓာကိုယ်တွင် အလင်းတန်းခုနစ်ရောင် ရှစ်ရောင်ခန့် တောက်ပနေသော်လည်း မလွတ်မြောက်နိုင်ချေ။
"ဟား ဟား ဟား...နောက်ဆုံးတော့ ငါ ဖမ်းမိသွားပြီ"
သူ၏လက်ဝါးထဲမှ ရုန်းကန်နေသော ပိုးကောင်ကို ကြည့်ရင်း အဘိုးကြီးကျိုးက အားရပါးရ ရယ်မောလိုက်သည်။
"အဘိုးကြီးကျိုး....ဒါက ဘာကောင်လဲ"
အစိမ်းရောင်ဝတ်ရုံဝတ် အကြီးအကဲက သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းလိုက်သည်။
"ဒါက အဆစ်ခုနစ်ဆစ်ပိုးမွှားပဲ...ကောင်းကင်နဲ့ မြေကြီးရဲ့ ခုနစ်ရောင်ခြယ်စွမ်းအင်ကနေ မွေးဖွားလာတာ.... ဒီကောင်က ဝါးမြစ်တွေထဲမှာ ပုန်းအောင်းနေပြီးတော့ ရှောင်တိမ်းတဲ့နေရာမှာ အရမ်းကျွမ်းကျင်တယ်..ဒါက မယုံနိုင်လောက်အောင် ရှားပါးတယ်...ဒါပေမဲ့ သူ့ရဲ့ အရသာက တော့ နှိုင်းယှဉ်ပြစရာ မရှိဘူး...ငါငယ်ငယ်တုန်းက ဒီပိုးကောင်တစ်ကောင်ရဲ့ တစ်ဝက်ကို စားခဲ့ဖူးပြီး အဲ့ဒီအချိန်ကတည်းက မျှော်လင့်တောင့်တနေခဲ့တာ....လွန်ခဲ့တဲ့ ဆယ်နှစ်က ငါ ဒီနေရာမှာ အဲ့ဒီပိုးကောင် ရှိနေတဲ့အကြောင်း ကောလာဟလတွေ ကြားခဲ့တယ်... ဒါကြောင့် ငါသူ့ကို မျှားခေါ်ဖို့ ဝါးပင်တွေ ဧကတစ်သောင်း စိုက်ပျိုးခဲ့တယ်.... နောက်ဆုံးတော့ ဒီနေ့ ငါအောင်မြင်ခဲ့ပြီ"
အဘိုးကြီးကျိုး၏ မျက်နှာသည် စိတ်လှုပ်ရှားမှုကြောင့် လင်းလက်တောက်ပနေသည်။
"မင်းက အချက်အပြုတ်နတ်ဘုရားခန်းမဆောင်ကို ဆယ်နှစ်ကြာအောင် လျစ်လျူရှုခဲ့တယ်...ပြီးတော့ မင်းက စကားတစ်ခွန်းမပြောဘဲ ထွက်သွားခဲ့တယ်....ဘယ်သူ့ကိုမှ အကြောင်းမကြားခဲ့ဘူး... ဒါတွေအားလုံးက ဒီအဆစ်ခုနစ်ဆစ်ပိုးမွှားအတွက်လား"
အစိမ်းရောင်ဝတ်ရုံဝတ် အကြီးအကဲ၏ မျက်လုံးများ မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်သွားသည်။
လူငယ်ဘဝတွင် မြည်းစမ်းခဲ့ရသော အရသာတစ်ခုတည်းအတွက် ဆယ်စုနှစ်တစ်ခုကို သုံးစွဲခြင်း....သူ ရူးနေသလော...
"မင်း ငါ့ကို ရူးနေတယ်လို့ ထင်နေတာလား... မင်းကို ပြောပြမယ်...မင်း ဒီမှာ ရှိနေတာကြောင့် ငါမင်းကို မြည်းစမ်းခွင့်ပေးမယ်...ပြီးရင် မင်းနားလည်သွားလိမ့်မယ်... ဆယ်နှစ်ကို ထားလိုက်အုံး...ဒီလို အရသာရှိတဲ့ အစားအစာအတွက် နှစ်သုံးဆယ် ကြာရင်တောင်မှ ဖြုန်းတီးတာ မဟုတ်ဘူး"
အဘိုးကြီးကျိုးသည် ဂုဏ်ယူဝံ့ကြွားစွာဖြင့် သူ၏မုတ်ဆိတ်များကို ပွတ်သပ်လိုက်သည်။
"ကောင်းပြီလေ....ငါတို့ မြည်းစမ်းကြည့်မယ်"
အနက်ရောင်ဝတ်ရုံဝတ် အကြီးအကဲသည်လည်း ခေါင်းညိတ်လိုက်သည်။
"အင်း...."
အဘိုးကြီး ကျိုးသည် အချိန်မဖြုန်းတော့ချေ။ သူ၏လက်ကောက်ဝတ်ကို တစ်ချက်လှုပ်ခတ်ရုံဖြင့် ချက်ပြုတ်သည့် အသုံးအဆောင်ပစ္စည်းများနှင့် ရှားပါးသော ပါဝင်ပစ္စည်းများ အမျိုးမျိုးကို ထုတ်ယူလိုက်သည်။ နဂါးနှလုံးသားများ ဖီးနစ်အသည်းများ ချီလင်အသားစသဖြင့် တစ်ခုချင်းစီသည် မည်သည့်အစွမ်းထက်ကျင့်ကြံသူကိုမဆို သွေးဆောင်နိုင်သော်လည်း ဤနေရာတွင် ထိုအရာများသည် ဟင်းခတ်အမွှေးအကြိုင်များအဖြစ် အသုံးပြုခြင်းခံနေရသည်။
"ဒါတွေက... ဟင်းခတ်အမွှေးအကြိုင်တွေ သက်သက်ပဲလား"
အနက်ရောင်ဝတ်ရုံဝတ် အကြီးအကဲသည် တံတွေးမျိုချလိုက်၏။
ယခင်က သံသယဝင်ခဲ့သော်လည်း ယခုချိန်၌ သူတို့သည် အဘိုးကြီးကျိုးကို လုံးလုံးလျားလျား ယုံကြည်သွားလေပြီ။
မကြာမီတွင် ပါဝင်ပစ္စည်းများကို ပြင်ဆင်ပြီးသည်နှင့် အဆစ်ခုနစ်ဆစ်ပိုးမွှားသည် ဒယ်အိုးထဲသို့ ရောက်ရှိသွားပြီး တရှူးရှူးတရှဲရှဲမြည်သံများ ထွက်ပေါ်လာသည်။ ထို့နောက် မိုးကောင်းကင်ယံမှငှက်များ သူတို့၏တောင်ပံများကိုခတ်ရန် မေ့လျော့ပြီး မြေပြင်သို့ ထိုးကျလာစေသည်အထိ ပြင်းထန်သော မွှေးရနံ့တစ်ခုကို ထုတ်လွှတ်လိုက်၏။
"ဒီအနံ့က အံ့အားသင့်စရာပဲ..."
အစိမ်းရောင်ဝတ်ရုံဝတ် အကြီးအကဲသည်သူ၏သွားရည်များ ကျမလာရန် မနည်းထိန်းထားရသည်။
ယခင်က ဤဟင်းလျာအပေါ် သံသယဝင်ခဲ့သော်လည်း သူသည် ယခုချိန်၌ လုံးလုံးလျားလျား အသိအမှတ်ပြုသွားပြီ။
အကြီးအကဲများ၏တုံ့ပြန်မှုများကို လျစ်လျူရှုရင်း အဘိုးကြီးကျိုးက ဆက်လက်၍ချက်ပြုတ်နေသည်။ မကြာမီမှာပင် နှိုင်းယှဉ်၍မရနိုင်သော ရနံ့ အရသာနှင့် အရောင်အဆင်းရှိသော ဟင်းလျာတစ်ခွက်ကို တည်ခင်းလိုက်သည်။
"ဒါက ငါ့ရဲ့ ဆယ်နှစ်တာ ကြိုးပမ်းမှုရဲ့ အထွတ်အထိပ်ပဲ... မင်းတို့ ကောင်းကောင်းစားသုံးရတော့မယ်..."
အဘိုးကြီးကျိုးသည် ရယ်မောရင်း သူတို့ကို တူများ လက်ကမ်းပေးလိုက်သည်။
စိတ်လှုပ်ရှားနေသော အကြီးအကဲနှစ်ဦးသည် ဟင်းလျာဆီသို့ လက်လှမ်းလိုက်သော်လည်း သူတို့ မြည်းစမ်းရန် ပြင်ဆင်နေစဉ်မှာပင် တောက်ပသော အလင်းတန်းတစ်တန်းသည် မိုးကောင်းကင်ယံ၌ ထွန်းလင်းလာသည်။ ထို့နောက် ကောင်းကင်ကံကြမ္မာတစ်ခု ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော ကြယ်များ တောက်ပနေသည်နှင့် တူညီပေ၏။
"ဒါ... ဒါက စားဖိုမှူး ကောင်းကင်ကံကြမ္မာ မဟုတ်လား....တစ်ယောက်ယောက်က စားဖိုမှူးကောင်းကင်ကံကြမ္မာကို နားလည်သဘောပေါက်သွားတာလား"
အဘိုးကြီးကျိုး၏ခန္ဓာကိုယ် တောင့်တင်းသွားပြီး ထိတ်လန့်တုန်လှုပ်မှုကြောင့် သူ၏တူများ ပြုတ်ကျသွားသည်။
"စားဖိုမှူး ကောင်းကင်ကံကြမ္မာ...ဟုတ်လား..."
အစိမ်းရောင်ဝတ်ရုံဝတ် အကြီးအကဲ အံ့အားသင့်သွားသည်။
"ဒါက မင်းရဲ့ ကောင်းကင်ဘုံကံကြမ္မာလား...ဒါဆိုရင် မင်းမှာ အမွေဆက်ခံသူတစ်ယောက် ရှိနေပြီလား...."
"ဟုတ်တယ်...ငါ့ရဲ့ အချက်အပြုတ်အရည်အချင်းတွေက ငါနဲ့အတူ ပျက်စီးသွားတော့မှာ မဟုတ်ဘူး..."
အဘိုးကြီးကျိုးသည် ချက်ချင်းထွက်ခွာသွားပြီး မိုးကောင်းကင်ထဲသို့ ပျံသန်းကာ ပျောက်ကွယ်သွားသည်။
"ဟေး...အဘိုးကြီးကျိုး...အရင်စားလိုက်အုံးလေ... အဲ့ဒီ အဆစ်ခုနစ်ဆစ်ပိုးမွှားကိုရဖို့ မင်း ဆယ်နှစ်တောင် အချိန်ယူခဲ့ရတာ..."
အနက်ရောင်ဝတ်ရုံဝတ် အကြီးအကဲ ကြက်သေသေသွားသည်။
"ဒီလိုပါရမီရှိတဲ့ ဆက်ခံသူနဲ့ နှိုင်းယှဉ်ရင် နှစ်တစ်ရာစောင့်ရတဲ့ အစားအစာတောင်မှ စားဖို့ မထိုက်တန်ဘူး.... မင်းတို့ပဲ ပျော်ပျော်ရွှင်ရွှင် စားလိုက်ကြတော့...နှုတ်ဆက်ပါတယ်...."
အဘိုးကြီးကျိုး၏ အသံသည် အဝေးမှနေ၍ ခပ်သဲ့သဲ့ပဲ့တင်ထပ်လာသည်။
"ဒီလူကတော့..."
အစိမ်းရောင်နှင့် အနက်ရောင်ဝတ်ရုံဝတ် အကြီးအကဲများသည် သူတို့အချင်းချင်း ကြည့်လိုက်ပြီး ခေါင်းခါလိုက်ကြသည်။
ဘယ်လိုတောင် ဟင်းလျာကောင်းကို လွဲချော်ခံခဲ့တာလဲ....
အစိမ်းရောင်ဝတ်ရုံဝတ် အကြီးအကဲသည် နဂါးနှလုံးသားတစ်တုံးကို ကောက်ယူလိုက်သော်လည်း သူ စားရန် ပြင်ဆင်နေစဉ်မှာပင် မိုးကောင်းကင်ယံကြီး နောက်တစ်ကြိမ် တုန်ခါသွားသည်။ အလင်းမြူခိုးတစ်ခုသည် အထက်တွင် ထွက်ပေါ်လာပြီး သိမ်မွေ့သော တောက်ပမှုတစ်ခုကို သယ်ဆောင်လာသည်။
"ဒါက... တစ်ယောက်ယောက်က စိတ်ဝိညာဉ် ကောင်းကင်ကံကြမ္မာကို နားလည်သဘောပေါက်သွားတာလား...ဟား ဟား ဟား... ငါ့ရဲ့စိတ်ဝိညာဉ်ခန်းမက ကယ်တင်ခြင်းခံလိုက်ရပြီ"
သူ၏တူများကို ချလိုက်ပြီးနောက် အစိမ်းရောင်ဝတ်ရုံဝတ် အကြီးအကဲသည်လည်း ပျောက်ကွယ်သွားသည်။
“...”
သူတို့နှစ်ဦးသား ပျောက်ကွယ်သွားသည်ကို ကြည့်ပြီး အနက်ရောင်ဝတ်ရုံဝတ် အကြီးအကဲသည် သက်ပြင်းချလိုက်၏။
"ငါက ဒါကို ကောင်းတဲ့ ဒါမှမဟုတ် မကောင်းတဲ့ ကံကြမ္မာလို့ ခေါ်သင့်လား.... ဒါပေမဲ့ တစ်ယောက်ယောက်က အဆိပ်ကောင်းကင်ကံကြမ္မာကို နားလည်သဘောပေါက်သွားရင် ငါက သူတို့ထဲက ဘယ်သူ့ထက်မဆို ပိုပြီးမြန်မြန် ပြေးသွားမိလိမ့်မယ်"
သူစဉ်းစားနေစဉ်မှာပင် နောက်ထပ်အလင်းတန်းတစ်တန်းက မိုးကောင်းကင်ယံကို ဖြတ်သန်းသွားသည်။ ထိုအရာကို မြင်တွေ့ချိန်၌ သူ၏ခန္ဓာကိုယ်သည် အထိန်းအကွပ်မဲ့စွာ တုန်ရီသွားပေ၏။
"တစ်ယောက်ယောက်က တကယ်ကြီး နားလည်သဘောပေါက်သွားတာပဲ... ငါ့ကို စောင့်အုံး"
အချိန်တခဏအတွင်းမှာပင် သူသည်လည်း ပျောက်ကွယ်သွားပြီး အရသာရှိသော အဆစ်ခုနစ်ဆစ်ပိုးမွှားဟင်းလျာကို ဝါးတောထဲတွင် ချန်ထားခဲ့သည်။
အကယ်၍ ထိုပိုးကောင်သာ ဤမြင်ကွင်းကို မြင်နိုင်ပါက တိတ်တဆိတ် ညည်းတွားနေပေမည်။
'ငါ သေသွားရတာက အချည်းနှီး ဖြစ်သွားတာလား'