← Chapters

တစ်စုံတစ်ယောက်အပေါ် အပြစ်ပုံချခြင်း

Vol. 19 Ch. 247

တစ်စုံတစ်ယောက်အပေါ် အပြစ်ပုံချခြင်း

Vol. 19 Ch. 247

ထိုကဲ့သို့ တူညီသောမြင်ကွင်းမျိုးသည် ရင်းမြစ်ကမ္ဘာတစ်ခုလုံးတွင် ထွက်ပေါ်လာသည်။ အချိန်တခဏအတွင်းမှာပင် ပထမတန်းစားနှင့် ထိပ်တန်းအဆင့် အင်အားစုကြီးဆယ်စုကျော်သည် ပရမ်းပတာအခြေအနေသို့ ကျရောက်သွားပြီး မရေမတွက်နိုင်သော ပညာရှင်များ ကျိုးယီအင်ပါယာထံသို့ သုတ်သီးသုတ်ပျာ ပြေးဝင်သွားကြသည်။

ကောင်းကင်ကံကြမ္မာ ပို၍အားကောင်းလေလေ အမွေဆက်ခံရန် ပို၍ခက်ခဲလေလေပင်။ ကြီးမားသော ပါရမီအရည်အချင်းမရှိဘဲ ထိုကံကြမ္မာ၏ဖိအားကို ထမ်းဆောင်ရန် မဖြစ်နိုင်ချေ။ သင့်တော်သော ဆက်ခံသူလောင်းတစ်ဦး ထွက်ပေါ်လာသည့်အချိန်၌ မည်သူကမျှ ဤအခွင့်အရေးကို လက်လွှတ်မခံလိုကြပေ။

သူ ဖြစ်ပွားစေခဲ့သော ကြီးမားသော အုတ်အော်သောင်းနင်းနိုင်မှုကြီးကို မသိဘဲ ကျန်းရွှမ်သည် ကူကယ်ရာမဲ့သော မျက်နှာအမူအယာဖြင့် အပျက်အစီးများကြားတွင် မတ်တတ်ရပ်နေသည်။

"ဒီလူတွေက နည်းနည်းလေးတောင် အားကိုးလို့မရဘူး....တကယ်လို့ သူတို့သာ ငါ့ရဲ့တစ်ဝက်လောက် အရည်အချင်းရှိခဲ့ရင် ဘဝက အများကြီး ပိုလွယ်ကူသွားလိမ့်မယ်.."

သူ ညည်းတွားနေစဉ်မှာပင် ဒေါသထွက်မှုနှင့် ဝမ်းနည်းပူဆွေးမှုများ ရောယှက်နေသော အော်ဟစ်သံတစ်သံက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

"ငါ့ရဲ့ပန်းအိုး ငါ့ရဲ့ပန်းကန်...ငါ့ရဲ့ကျောက်စိမ်းအမွှေးတိုင်ခုံ....ငါ့ရဲ့ဖန်ထည်ပစ္စည်းလေးတွေ... အား...."

သူသည် အသံလာရာသို့ လှည့်ကြည့်လိုက်ရာ အဘိုးကြီးတစ်ဦးသည် လေထဲမှ ထိုးကျလာပြီး သွေးများ အန်ထုတ်နေကာ မြေပြင်ပေါ်သို့ ခေါင်းငိုက်စိုက်ကျသွားသည်ကို မြင်တွေ့လိုက်ရသည်။

"ခန်းမသခင်..."

ကျူးရွှင်နှင့်တခြားလူများ ထိတ်လန့်သွားပြီး သူ၏နံဘေးသို့ အပြေးသွားလိုက်ကြသည်။ သူတို့သည် သူ့ကို အပျက်အစီးများထဲမှ အလျင်အမြန် ဆွဲထုတ်လိုက်ပြီး သူ၏နှုတ်ခမ်းနှင့်နှာခေါင်းကြားနေရာကို ဖိနှိပ်ကာ နောက်ဆုံးတွင် သူ သတိပြန်လည်ရရှိလာသည်အထိ သူ့ကို နှိပ်နယ်ပေးလိုက်ကြ၏

"ဘာတွေဖြစ်ခဲ့တာလဲ...ငါ့ကို အတိအကျ ပြောပြစမ်း"

ရှစ်ယွင်ကျင်းသည် ထထိုင်ရန် ရုန်းကန်ရင်း သူ၏ဒေါသကို ထိန်းချုပ်မထားနိုင်တော့ချေ။

ကံကြမ္မာခန်းမဆောင်တစ်ခုလုံး ပြိုကျသွားသည်။ သူ၏ တန်ဖိုးကြီး ရှေးဟောင်းပစ္စည်းများအနက် အခိုင်မာဆုံးပစ္စည်းများဖြင့် ပြုလုပ်ထားသော အရာများမှလွဲ၍ တခြားအရာအားလုံး ပျက်စီးသွားနိုင်ခြေရှိသည်ကို သူ တွေးကြည့်ရန် မခက်ခဲပေ။ ဤအချိန်တွင် ထိုအရာများကို ရှာဖွေရန် အလျင်စလိုသွားခြင်းသည် အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။ မည်သည့်ကိစ္စများ ဖြစ်ပျက်ခဲ့သည်ကို အရင်ဆုံး ရှာဖွေဖော်ထုတ်ခြင်းက ပို၍ကောင်းမွန်ပေမည်။

"အဲ့ဒါက... ကျွန်တော်လည်း သေချာမသိဘူး... ဒီနေ့ လူတချို့က စမ်းသပ်မှုတစ်ခုကို ခံယူနေခဲ့တဲ့အချိန်မှာ ကျောက်တိုင်က ရုတ်တရက် ကျိုးသွားတယ်... ဒါက စမ်းသပ်ခန်းမကို ပြိုကျစေခဲ့ပြီးတော့ ခန်းမရဲ့ပျက်စီးမှုကို ဖြစ်ပေါ်စေခဲ့တာပဲ"

ကျူးရွှင်က ဖြစ်ရပ်များကို ပြန်လည်စဥ်းစားတွေးတောရင်း ရှင်းပြလိုက်၏။

"အဓိပ္ပာယ်မရှိဘူး....အဲ့ဒီကျောက်တိုင်က ကောင်းကင်ပြာကျောက်တုံးနဲ့ ထွင်းထုထားတာ... ရာစုနှစ်တစ်ခုကြာတဲ့အထိ အပြစ်အနာအဆာကင်းကင်းနဲ့ လည်ပတ်ခဲ့တယ်...ဒါက ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး ကျိုးသွားနိုင်မှာလဲ"

ရှစ်ယွင်ကျင်းက ဒေါသတကြီး ဆူပူကြိမ်းမောင်းလိုက်သည်။

ဤစမ်းသပ်ကျောက်တိုင်သည် မယုံနိုင်လောက်အောင် ခံနိုင်ရည်ရှိပြီး တချို့သော အဆင့်မြင့် ရတနာများ သို့မဟုတ်လက်နက်များထက်ပင် များစွာအားနည်းခြင်း မရှိချေ။ သာမန် စမ်းသပ်မှုတစ်ခုအတွင်းတွင် ထိုအရာသည် မည်သည်ကြောင့် အက်ကွဲနိုင်မည်နည်း။ ထို့ပြင် ကျောက်တိုင်ကွဲအက်ခဲ့လျှင်ပင် စမ်းသပ်ခန်းမတစ်ခုလုံး ပြိုကျသည်အထိ မည်သည်ကြောင့် ဖြစ်ပွားစေနိုင်မည်နည်း။

"ဒါက အမှန်ပဲ.... ငါတို့ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရတာ...အဲ့ဒီကျောက်တိုင်က အနီရောင်အလင်းတန်းတွေ ဖြာထွက်လာပြီးတော့ တောက်ပနေခဲ့တယ်"

"ဟုတ်တယ်....အဲ့ဒီ အနီရောင်အလင်းတန်းက စူးရှတောက်ပနေပြီးတော့ မီးလောင်နေသလိုမျိုးပဲ"

"အဲ့ဒီအနီရောင်အလင်းတန်း လင်းလက်နေခဲ့ပြီးတော့ ခဏကြာတော့ ခန်းမဆောင် ပြိုကျသွားတယ်..."

ပတ်ဝန်းကျင်ရှိလူအုပ်အကြားမှ အသံများ ထွက်ပေါ်လာသည်။

"အနီရောင်အလင်းတန်း တောက်ပနေတာလား"

ဤစကားကို ကြားချိန်တွင် ရှစ်ယွင်ကျင်းသည် မျက်မှောင်တင်းတင်းကြပ်ကြပ် ကြုတ်လိုက်ပြီး သူ ဦးနှောက်ခြောက်အောင် စဥ်းစားတွေးတောသော်လည်း အကြောင်းအရင်းကို မတွက်ချက်နိုင်ခဲ့ပေ။ သူသည် လူများဘက်သို့ လှည့်ကြည့်ပြီး မေးမြန်းလိုက်၏။

"အစောပိုင်းက စမ်းသပ်မှု ခံယူနေခဲ့တာက ဘယ်သူတွေလဲ...သူတို့ကို ဒီနေရာကို ခေါ်လာခဲ့စမ်း"

အကယ်၍ ပြဿနာသည် ကျောက်တိုင် သို့မဟုတ် စမ်းသပ်ခန်းမဆောင်နှင့် မသက်ဆိုင်ပါက ဤှသည်မှာ စမ်းသပ်မှုကို ခံယူနေသော လူများနှင့် သက်ဆိုင်ပေမည်။

"သူတို့က အဲ့ဒီမှာ..."

ကျူးရွှင်က အပျက်အစီးများထဲမှ ထွက်ပေါ်လာသော လူတစ်စုကို လက်ညှိုးညွှန်ပြလိုက်သည်။

ကျန်းရွှမ်၏ကာကွယ်မှုကြောင့် သူတို့သည် ပြိုကျနေသော ခန်းမဆောင်အောက်တွင် ပိတ်မိနေခဲ့သော်လည်း မည်သူမျှ ဒဏ်ရာမရခဲ့ချေ။ ဆန့်ကျင်ဘက်အနေဖြင့် အဆင့်ချိုးဖျက်ခဲ့မှုများကြောင့် သူတို့အားလုံးသည် စိတ်အားထက်သန်နေပုံရပြီး ထူးကဲသော အရှိန်အဝါများကို ထုတ်လွှတ်ထားကြသည်။

သူတို့ ခေါ်ထုတ်ခြင်းခံလိုက်ရသည်ကို မသိဘဲ လော့ချီးချီးက စိုးရိမ်ပူပန်တကြီးဖြင့် ကျန်းရွှမ်ကိုကြည့်ပြီး တီးတိုးပြောဆိုသည်။

"ဆရာကျန်း...ကျွန်မတို့ စွမ်းအင်တွေအများကြီး စုပ်ယူလိုက်မိတယ်...ကံကြမ္မာခန်းမဆောင်တစ်ခုလုံး ပြိုကျသွားပြီ....တကယ်လို့ သူတို့သာ ကျွန်မတို့ကို အပြစ်တင်ရင် ဒါက အန္တရာယ်ရှိလိမ့်မယ်... ဖြစ်နိုင်ရင်... ရှင် အရင်ဆုံး ထွက်ပြေးသင့်တယ်"

"ထွက်ပြေးရမယ်... ဟုတ်လား"

ကျန်းရွှမ်က ဇဝေဇဝါဖြင့် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။

"အမှန်ပဲ...ကံကြမ္မာခန်းမဆောင်ဖြစ်ဖြစ် စမ်းသပ်ခန်းမဖြစ်ဖြစ် ဒါတွေက မယုံနိုင်လောက်အောင် တန်ဖိုးကြီးတယ်...ကျွန်မ စိုးရိမ်တယ်..."

လော့ချီးချီး၏မျက်လုံးများအတွင်းတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။

"ဆရာကတော်... မကြောက်ပါနဲ့...သူတို့သာ ကျွန်တော်တို့ကို လျော်ကြေးပေးခိုင်းရဲရင် ကျွန်တော်တို့က သူတို့ကို တိုက်ခိုက်လိုက်ရုံပဲ" ပိုင်ရွမ်ချင်းက ပြောဆိုသည်။

"ဟုတ်တယ်...ငါတို့ထဲက လူဆယ်ယောက်ကျော်က ဓမ္မရုပ်သွင်နယ်ပယ်မှာ ရှိနေတာ...ငါတို့ သေချာပေါက် လွတ်မြောက်နိုင်တယ်"

ရှန်ရှောင်ထျန်းက ယုံကြည်ချက်ရှိရှိဖြင့် ဝင်ရောက်ပြောဆိုလေ၏။

"ဘယ်သူမဆို ငါတို့ကို တားဆီးရဲရင် ငါ သူတို့အားလုံးကို အဆိပ်ခတ်ပစ်မယ်"

ဝေ့ရူယန်က အေးစက်စက်လေသံဖြင့် ခြိမ်းခြောက်စကား ပြောဆိုသည်။

“...”

ကျန်းရွှမ်က သူ၏နှာတံကို ဖိနှိပ်ပြီး အော်ငေါက်လိုက်သည်။

"မင်းတို့သုံးယောက် ရူးနေတာလား... တော်သင့်ပြီ....မင်းတို့အားလုံး ပါးစပ်ပိတ်ထားပြီးတော့ နောက်ထပ် ဘာစကားတစ်ခွန်းမှ မပြောနဲ့...ငါ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းမယ်"

သူတို့၏လက်ရှိစွမ်းအားဖြင့် ဤကဲ့သို့ကြွားဝါမှုသည် ရယ်ရွှင်ဖွယ်ကောင်းပေ၏။ သူသည် ဤနှစ်များတလျှောက် သူတို့ကို အလွန်အကျွံ ကာကွယ်ပေးခဲ့ပုံရသည်။

တစ်စုံတစ်ယောက်၏ ပစ္စည်းကို ဖျက်ဆီးပြီးနောက် သူတို့ကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခြင်း...

သူတို့သည် မည်သည့်နေရာမှ ဤကဲ့သို့ သတ္တိများ ရလာသနည်း...

သူတို့သည် တစ်ကြိမ်တစ်လေခန့် သိုသိုသိပ်သိပ် မနေနိုင်သလော...

"ဒီလိုမျိုးတွေလုပ်ဖို့ မလိုအပ်ဘူး...အဆိုးဆုံးကတော့ ငါတို့က ပျက်စီးမှုတွေတွေအတွက် လျော်ကြေးပေးရုံပေါ့...သခင်လေးရဲ့ ငွေရှာတဲ့ နှုန်းနဲ့ဆိုရင် ခန်းမဆောင်တစ်လုံးအတွက် ပေးလျော်ရမယ်ဆိုရင်တောင်မှ ပြဿနာမရှိနိုင်ဘူး"

စွန်းချန်က ဝင်ရောက်ပြောဆိုသည်။

"တော်ကြတော့...မင်းလည်း ပါးစပ်ပိတ်ထား..."

ငြင်းခုံရန် အလွန်ပင်ပန်းနေသဖြင့် ကျန်းရွှမ်သည် သူတို့ကိုဦးဆောင်၍ အကြီးအကဲကျူးရွှင်တို့ထံသို့ ခေါ်ဆောင်သွားသည်။ သူတို့ ထိုနေရာသို့ မရောက်မီမှာပင် အကြီးအကဲကျူးက ပြောဆိုသည်။

"ကျန်းရွှမ်... ဒါက ခန်းမသခင်ရှစ်ပဲ....သူက မင်းတို့အားလုံးကို မေးခွန်းနည်းနည်းလောက် မေးစရာ ရှိတယ်"

"ခန်းမသခင်လား..."

ဤမျှထိ အဆင့်မြင့်သော ပုဂ္ဂိုလ်တစ်ဦးနှင့် တွေ့ဆုံရလိမ့်မည်ဟု မျှော်လင့်မထားမိသဖြင့် ကျန်းရွှမ်က သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းသိမ်းလိုက်သည်။ ထို့နောက် သူသည် ရိုသေလေးစားစွာ ဦးညွှတ်အရိုအသေပြုပြီး ပြောဆိုလိုက်၏။

"ဂျူနီယာကျန်းရွှမ်က ခန်းမသခင်ကို နှုတ်ဆက်ပါတယ်"

ကျိုးယီအင်ပါယာရှိ ကံကြမ္မာခန်းမဆောင်၏ ခန်းမသခင်ဖြစ်လာရန် တစ်စုံတစ်ဦး၏ကျင့်ကြံဆင့်သည် အနည်းဆုံးအနေဖြင့် ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့်တွင် ရှိနေရပေမည်။ ထိုသို့သော အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်သည် သူ၏လက်ရှိစွမ်းဆောင်နိုင်မှုများထက် များစွာပို၍ကျော်လွန်နေသည်။ ပိုင်ရွမ်ချင်းနှင့် ရှန်ရှောင်ထျန်းတို့၏ တိုက်ခိုက်ရန်ပြောဆိုမှုများသည် အလွန်ရယ်ရွှင်ဖွယ်ကောင်းပေ၏။

"ခုဏက ဘာဖြစ်ခဲ့လဲဆိုတာ မင်း သိလား... ကံကြမ္မာခန်းမဆောင်က ဘာလို့ ပြိုကျသွားတာလဲ"

ရှစ်ယွင်ကျင်းက တဲ့တိုးမေးမြန်းလေသည်။

"ခန်းမသခင်.... ကျွန်တော်က စမ်းသပ်ခန်းမထဲမှာ အကဲဖြတ်မှု ခံယူနေရင်းနဲ့ ကျွန်တော်ရဲ့ကံကြမ္မာကို ရှာဖွေဖို့ ကြိုးစားနေခဲ့တာပါ... ကျွန်တော် အောင်မြင်သွားတဲ့အချိန်မှာပဲ အခန်းက ပြိုကျသွားတယ်...အစစ်အမှန်အကြောင်းရင်းကို ကျွန်တော် မသိပါဘူး... ကျွန်တော်က ဒီကိစ္စကို ရှင်းရှင်းလင်းလင်းဖြစ်အောင်ဖို့ မျှော်လင့်ချက်နဲ့ ဒီနေရာကို လာခဲ့တာ...ဒါက အောင်မြင်တဲ့ စမ်းသပ်မှုတစ်ခုအဖြစ် သတ်မှတ်သလား မသတ်မှတ်ဘူးလား"

ကျန်းရွှမ်က အပြစ်ကင်းသလို ဟန်ဆောင်လိုက်သည်။ ထို့နောက် သူ၏လေသံသည် မကျေနပ်ခြင်းအဖြစ်သို့ ပြောင်းလဲသွားပြီး သူက ထပ်မံ၍ ပြောဆိုသည်။

"ပြီးတော့... ကံကြမ္မာခန်းမဆောင်ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံမှာ ပြဿနာ ရှိနေတာလား.... ကျွန်တော်တို့က ဒီစမ်းသပ်မှုအတွက် အခကြေးငွေတွေ ပေးချေခဲ့ရတယ်...ဒါပေမဲ့ အခုက အခြေခံ ဘေးကင်းလုံခြုံမှုကိုတောင် အာမမခံနိုင်ဘူးဆိုရင် နောင်တစ်ချိန်မှာ ဘယ်သူက လာရဲတော့မှာလဲ....ကံကြမ္မာခန်းမဆောင်က ကျွန်တော်တို့ကို ဖြေရှင်ချက်တစ်ခု ပေးသင့်တယ် မဟုတ်လား"

“..."

ဝေ့ရူယန် ရှန်ရှောင်ထျန်း ပိုင်ရွမ်ချင်းနှင့် တခြားလူများ ကြက်သေသေသွားကြသည်။

'ဆရာ.. အဖြစ်မှန်ကို ဒီလိုမျိုး လှည့်စားပြီးပြောတာက တကယ်ကြီး အဆင်ပြေမှာလား....'

လော့ချီးချီးပင်လျှင် မရယ်မောမိအောင် ထိန်းထားရပြီး သူမ၏မျက်လုံးများ လေးစားမှုဖြင့် တောက်ပလာကာ လူငယ်လေးကို ကြည့်လိုက်သည်။

"အဲ့ဒါ... ဒီကိစ္စကက..."

မေးခွန်းကြောင့် အငိုက်မိသွားသော ရှစ်ယွင်ကျင်းသည် တွေဝေသွားပေ၏။

"ငါ စုံစမ်းစစ်ဆေးပြီးရင် မင်းကို သင့်တော်တဲ့ ဖြေရှင်းချက်တစ်ခု ပေးမယ်..."

"ခန်းမသခင် ဒါက ဖြေရှင်းချက်သက်သက်တင် မဟုတ်ဘူး....ကံကြမ္မာခန်းမဆောင်လို ဂုဏ်သိက္ခာကြီးမားတဲ့ နေရာတစ်နေရာက ဒီလောက်ထိ လွယ်လွယ်ကူကူ ပြိုကျသွားမှတော့ ဘယ်သူက ဘေးကင်းလုံခြုံတယ်လို့ ခံစားရမှာလဲ....ကျင့်ကြံသူရောင်းရင်းတို့...ကျွန်တော်မှားနေလား...ကျွန်တော်တို့ ဒီတစ်ခါ လွတ်မြောက်ခဲ့တာ ကံကောင်းလို့ပဲ...ဒါပေမဲ့ တစ်ယောက်ယောက်ကသာ သူ့ရဲ့ကံကြမ္မာကို ရှာဖွေဖို့ အာရုံစိုက်နေတဲ့အချိန်မှာ အနှောင့်အယှက်ပေးခံလိုက်ရရင် သူရဲ့အသက် ဆုံးရှုံးမသွားနိုင်ဘူးလား"

"အမှန်ပဲ...."

"ဒါက လက်မခံနိုင်စရာပဲ...ကံကြမ္မာခန်းမဆောင်က ဒီကိစ္စကို ဖြေရှင်းရမယ်"

"ငါတို့ ဒီအတွက် ငွေအများကြီး ပေးခဲ့ရတာ.. သေဆုံးဖို့အတွက် အန္တရာယ်နဲ့ ရင်ဆိုင်ရရုံသက်သက်လား... ဒီလိုကိစ္စမျိုးကို တခြားကံကြမ္မာခန်းမဆောင်တွေမှာ မကြားဖူးဘူး..."

ကျန်းရွှမ်၏စကားလုံးများဖြင့် လောင်စာဖြည့်ပေးလိုက်ရာ ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးထံမှ ဖြောင့်မတ်မှန်ကန်သော ဒေါသတကြီးအော်ဟစ်သံများ ပွင့်အံ့ထွက်လာသည်။

"အမ် .."

ရှစ်ယွင်ကျင်း၏မျက်နှာအမူအယာသည် ပို၍တင်းမာခက်ထန်လာပေ၏။ စမ်းသပ်ခံရန် အခကြေးငွေဖြစ်သော ရင်းမြစ်ဒင်္ဂါးသန်းသုံးဆယ်သည် သူအတွက်ပင်လျှင် ကြီးမားသော ပမာဏပင်။ ဤကဲ့သို့ အဆင့်မမီသော ဝန်ဆောင်မှုနှင့် ဘေးကင်းလုံခြုံမှု ကင်းမဲ့ခြင်းကြောင့် လူအများ ဒေါသထွက်သည်ကို သူ နားလည်နိုင်ပေ၏။

သူသည် ဖိအားကို တောင့်မခံနိုင်တော့သဖြင့် အကြီးအကဲကျူးဘက်သို့လှည့်ပြီး အော်ငေါက်လိုက်သည်။

"ကျူးရွှင်...ငါ ဒီကိစ္စအတွက် ဖြေရှင်းချက်တွေ လိုချင်တယ်"

"ကျွန်တော်...ဟုတ်လား..ကျွန်တော်..."

ကျူးရွှင်သည် အထစ်ထစ်အငေါ့ငေါ့ဖြစ်သွားပြီး စကားပြောဆိုရန် အလွန်စိတ်လှုပ်ရှားနေသည်။ သူသည် စမ်းသပ်မှုအတွင်း စည်းမျဉ်းအတိုင်း လိုက်နာခဲ့ပြီး မည်သည့်အရာ မှားယွင်းသွားသည်ကို အမှန်တကယ် မသိခဲ့ချေ။ သို့ရာတွင် ခန်းမသခင် ဒေါသထွက်နေသဖြင့် သူသည် စိတ်မကျေမနပ်ဖြင့် ခေါင်းညိတ်ပြရုံသာ တတ်နိုင်တော့သည်။

"နားလည်ပါပြီ....ကျွန်တော် သေသေချာချာ စုံစမ်းစစ်ဆေးပါ့မယ်..."

"ကျွန်တော့်မှာ သဲလွန်စတစ်ခု ရှိတယ်"

ကျန်းရွှမ်က ကူညီပေးလိုသည့်အလား ဝင်ရောက်ပြောဆိုသည်။

"အမ်..."

ကျူးရွှင်၏မျက်လုံးများ တောက်ပသွားသည်။

"ကျေးဇူးပြုပြီး ပြောပြပေးပါအုံး သခင်လေး ကျန်း..."

"အဲ့ဒါက..."

ကျန်းရွှမ်က အပြစ်ကင်းစင်သော မျက်နှာအမူအယာဖြင့် ပြောဆိုသည်။

"ကျွန်တော် စမ်းသပ်ခန်းမထဲကို ဝင်တုန်းက ဝင်္ကပါက မတည်ငြိမ်ပုံရတာကို သတိပြုမိတယ်...ခန်းမဆောင်ရဲ့ဝင်္ကပါက ချွတ်ယွင်းသွားပြီတော့ ပြိုကျမှုကို ဖြစ်စေတာများ ဖြစ်နေမလား....မဟုတ်ရင် ကျောက်တိုင် ပေါက်ကွဲသွားတယ်ဆိုရင်တောင်မှ ကံကြမ္မာခန်းမဆောင်တစ်ခုလုံး ပျက်စီးမသွားသင့်ဘူး"

သူတို့၏သံသယများကို လမ်းကြောင်းလွှဲခြင်းက သူ့အတွက် အချိန်အနည်းငယ် ရရှိစေပေမည်။ ဝင်္ကပါသည် ပြိုကျမှုနှင့်အတူ ပျက်စီးသွားသဖြင့် ထပ်မံ၍ စုံစမ်းစစ်ဆေးရန်မှာ မဖြစ်နိုင်သလောက်နီးပါးပင်။

"ဒါက ဖြစ်နိုင်တယ်..."

ရှစ်ယွင်ကျင်းသည် အတွေးနက်သွားပေ၏။ ဤကဲ့သို့ ပျက်စီးမှုကြီးတစ်ခုသည်သည် ဝင်္ကပါတွင် တစ်စုံတစ်ခု ချွတ်ယွင်းခြင်းမရှိပါက ဖြစ်နိုင်ခြေမရှိပေ။ အချိန်တခဏအကြာတွင် သူကအမိန့်ပေးလိုက်သည်။

"ဝင်္ကပါကို သေသေချာချာ စုံစမ်းစစ်ဆေးစမ်း"

"ဟုတ်ကဲ့"

ကျူးရွှင်က တုံ့ပြန်လိုက်၏။

"ကျန်းရွှမ် တောင်းပန်ပါတယ်... ဒါက ငါတို့ဘက်က ချွတ်ယွင်းမှုတစ်ခုပဲ..."

ရှစ်ယွင်ကျင်းက ဦးညွှတ်ပြီး ပြောဆိုသည်။

"ခန်းမသခင်..အဲ့ဒီလိုလုပ်ဖို့ မလိုပါဘူး"

ကျန်းရွှမ်က ရိုသေလေးစားစွာ တုံ့ပြန်သည်။

"ကျွန်တော် သိချင်တာက...ကျွန်တော်တို့က စမ်းသပ်မှုကို အောင်မြင်လား...အဲ့ဒီလိုဆိုရင် ကျွန်တော်တို့က ကံကြမ္မာဆရာသခင် တံဆိပ်ပြားတွေ ရနိုင်မလား...မဟုတ်ဘူးဆိုရင် စမ်းသပ်ခတွေကို ပြန်အမ်းမှာလား"

"ပြန်အမ်း...ဟုတ်လား..."

စွန်းချန်တို့လူစု ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ သူတို့သည် အရှက်မရှိမှုကို မျှော်လင့်ထားခဲ့သော်လည်း ဤမျှ လွန်ကျူးသည့်အဆင့်ထိ မဟုတ်ချေ။ ခန်းမဆောင်ကို ဖျက်ဆီးပြီးနောက် ပြန်အမ်းငွေတောင်းခဲ့သလော။ ဤသည်မှာ ကျန်းရွှမ်၏အထွတ်အထိပ်အရည်အချင်းပင်။

အချိန်တခဏကြာမျှ တွေဝေစဥ်းစားနေပြီးနောက် ရှစ်ယွင်ကျင်းက ခေါင်းညိတ်လိုက်သည်။

"ဒါက ငါတို့ရဲ့ အမှားပဲ.... မင်းကို အပြည့်အဝ ပြန်အမ်းပေးမယ်....အကြီးအကဲကျူး ဒီကိစ္စကို တာဝန်ယူလိုက်ပါ.."

"ဟုတ်ကဲ့..."

ကျူးရွှင်က သဘောတူလိုက်၏။

"ကံကြမ္မာဆရာသခင် တံဆိပ်ပြားတွေအတွက်တော့ မင်းတို့ မကန့်ကွက်ဘူးဆိုရင် စမ်းသပ်မှုတစ်ခု ထပ်လုပ်ဖို့အတွက် အနီးအနားမှာရှိတဲ့ အလုံးစုံသိမြင်ဂိုဏ်းကို သွားကြရအောင်... မင်းတို့ရဲ့ကံကြမ္မာတွေက သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတယ်ဆိုရင် တံဆိပ်ပြားတွေကို ငါက ချက်ချင်းပြင်ဆင်ပေးပါ့မယ်"

"ကျေးဇူးတင်ပါတယ် ခန်းမသခင်"

ကျန်းရွှမ်က သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ပြီး ကျေးဇူးတင်စကား ပြောဆိုလိုက်သည်။

"အကြီးအကဲ ကျူး...သူတို့ကို အဲ့ဒီကို လိုက်ပို့လိုက်တော့"

ရှစ်ယွင်ကျင်းက ညွှန်ကြားသည်။

"ကျေးဇူးပြုပြီး...ငါ့နောက်ကို လိုက်ခဲ့ကြပါ"

ကျူးရွှင်က ထိုလူစုကို အလုံးစုံသိမြင်ဂိုဏ်းဆီသို့ ခေါ်ဆောင်သွားသည်။

သူတို့ ထွက်ခွာသွားသည်နှင့် တခြားအကြီးအကဲတစ်ဦးသည် မျက်မှောင်ကြုတ်ပြီး ရှစ်ယွင်ကျင်း၏အနီးသို့ ချဉ်းကပ်လာသည်။

"ခန်းမသခင်...ခင်ဗျား တွေးမိလား....ခန်းမဆောင်ရဲ့ ပြိုကျမှုက အဲ့ဒီလူတွေကြောင့် ဖြစ်နိုင်တယ်.... မဟုတ်ရင် ဘာလို့ တခြားသူတွေရဲ့ စမ်းသပ်မှုတွေအတွင်းမှာ ဘာမှမဖြစ်ဘဲနဲ့ သူတို့အလှည့်ကျမှ ပြိုကျတာလဲ..."

All Chapters