ကောင်းကင်ပြာ အလုံးစုံသိမြင်တံဆိပ်ပြား
Vol. 19 Ch. 248
ထိုစကားများနှင့်အတူ အကြီးအကဲချန်သည် ထပ်မံပြောဆိုရန် ဟန်ပြင်လိုက်စဉ်မှာပင် သူ၏နံဘေးပတ်ဝန်းကျင်ရှိ လူများက သူ့ကို အရူးတစ်ယောက်အလား စူးစိုက်ကြည့်နေကြသည်ကို သတိပြုလိုက်မိသည်။
"ဘာလဲ... ငါ ပြောတာ ဘာမှားလို့လဲ...သူတို့ကြောင့် တိုက်ရိုက်ဖြစ်ပွားခဲ့တာ မဟုတ်ရင်တောင်မှ သူတို့က ဒီကိစ္စနဲ့ တစ်နည်းနည်းတော့ ပတ်သက်နေရမှာပဲ...ဟုတ်တယ်မလား.."
အကြီးအကဲချန်က စိတ်ရှုပ်ထွေးစွာဖြင့် ပြောဆိုသည်။
ရှစ်ယွင်ကျင်းက ခေါင်းခါလိုက်ပြီး သူ၏မျက်နှာပေါ်တွင် သနားကရုဏာသက်မှုများများဖြင့် ပြည့်နှက်နေသည်။
"အကြီးအကဲချန်...မင်းက ကောင်းကင်ကံကြမ္မာကို အကဲဖြတ်ခံယူမှုမှာ ပါဝင်ခဲ့ဖူးတယ် မဟုတ်လား...ငါ မင်းကို မေးပါရစေ..မင်း ကံကြမ္မာမြစ်ထဲကို ဝင်တုန်းက ရွေ့လျားဖို့ လွယ်ကူခဲ့လား"
"ကံကြမ္မာကို ဆန့်ကျင်လို့မရဘူး...ကျွန်တော် အဲ့ဒီထဲမှာ ရှိနေတုန်းက ခြေတစ်လှမ်းလှမ်းဖို့တောင်မှ ခက်ခဲတယ်... ရွေ့လျားဖို့ ဟုတ်လား... ဒါက မဖြစ်နိုင်ဘူး"
အကြီးအကဲချန်က ခေါင်းညိတ်လိုက်သည်။
ရှစ်ယွင်ကျင်းက ရှင်းပြသည်။
"အမှန်ပဲ....ခင်ဗျား မရွေ့လျားနိုင်ခဲ့ကတည်းက တခြားသာမာန်လူတွေလည်း မရွေ့လျားနိုင်ဘူး...အဲ့ဒီ စွမ်းအင်ဒီရေလှိုင်းတွေရဲ့ အလယ်မှာရှိတဲ့ ဘယ်သူမဆို အခွင့်အလမ်းတွေကို ရှာဖွေပြီး ကောင်းကင်ဘုံကံကြမ္မာကို နားလည်သဘောပေါက်ဖို့ပဲ လုပ်နိုင်လိမ့်မယ်.. စမ်းသပ်ခန်းမကို ဖျက်ဆီးဖို့ ကြိုးစားတာကတော့ သူတို့မှာ အဲ့ဒီလောက် ကြီးမားတဲ့ အစွမ်းအစ ဒါမှမဟုတ် အခွင့်အရေး ရှိမှာ မဟုတ်ဘူး"
"ခန်းမသခင်က ဥာဏ်ပညာရှိလိုက်တာ..."
အကြီးအကဲချန်က ရုတ်တရက် နားလည်သဘောပေါက်သွားသည်။ ခန်းမသခင်သည် တစ်ဖက်လူများကို သံသယမဝင်ခဲ့သည်မှာ အံ့အားသင့်စရာ မရှိတော့ချေ။ အရာအားလုံးသည် ဤအကြောင်းအရင်းကြောင့် ဖြစ်နေပေ၏။
တခြားလူများသည် ဤရှင်းပြချက်ကို ကြားချိန်၌ ခန်းမသခင်ရှစ်ကို ရိုသေလေးစားသော အမူအယာများဖြင့် နောက်တစ်ကြိမ် ကြည့်လိုက်ကြသည်။ သူ ခန်းမသခင် ဖြစ်လာနိုင်သည်မှာ အံ့အားသင့်ဖွယ် မရှိတော့ချေ။ သူ၏ထိုးထွင်းသိမြင်နိုင်မှုတစ်ခုတည်းကပင် သူတို့ လက်လှမ်းမီနိုင်သည်ထက် များစွာပို၍ကျော်လွန်နေသည်။
လူအုပ်အကြားတွင် ယန်ဆန်းရှစ်ဆန်းတစ်ယောက်သာ စိတ်ရှုပ်ထွေးနေပုံရပြီး သူ၏မျက်နှာအမူအယာသည် မုန့်ကြိုးလိမ်ကဲ့သို့ တွန့်လိမ်ရှုံမဲ့နေသည်။
'မရွေ့လျားနိုင်ဘူး ဟုတ်လား..ဒါဆို ငါက ခုန်ရှီးယောင်နဲ့ ကြက်ပေါက်လေးတို့တွေ ကံကြမ္မာမြစ်ထဲမှာ ဘာမှမခံစားရသလိုမျိုး ရှေ့နောက်ပျံသန်းနေကြတာကို ရှင်းရှင်းလင်းလင်း မှတ်မိနေရတာလဲ...'
သို့ရာတွင် သူသည် စိတ်မွန်းကြပ်နေသည်ဟု ခံစားရသော်လည်း နောက်ဆုံးတွင် စကားတစ်ခွန်းမျှ ထုတ်မပြောခဲ့ချေ။
ဤသည်မှာ တစ်စုံတစ်ယောက်က သူ ပြောသည့်စကားများကို ယုံကြည်ခြင်းရှိမရှိဟူသည့် အကြောင်းကြောင့် မဟုတ်ချေ။ သူတို့ ယုံကြည်လျှင်ပင် သူသည် ခုန်ရှီယောင်ကို သစ္စာဖောက်ကာ ထုတ်ဖော်ပြောဆိုလိုခြင်း မရှိခဲ့ချေ။ နောက်ဆုံးတွင် သူမသာ မရှိခဲ့ပါက သူသည် ရွှေရောင်အခွင့်အလမ်းကို မဆိုထားနှင့် ငွေရောင်အခွင့်အလမ်းတစ်ခု ရရှိရန်ပင် ခက်ခက်ခဲခဲ ကြိုးပမ်းရပေမည်။ ဤသည်က သူ့ကို ဤမျှထိ အဆင့်မြင့် ကောင်းကင်ကံကြမ္မာကို ရရှိစေခဲ့သည်။
တီးတိုးတိုင်ပင်ဆွေးနွေးနေသော အကြီးအကဲများကို လျစ်လျူရှုပြီး ခန်းမသခင်ရှစ်သည် ကျိုးယီအင်ပါယာ၏ အလုံးစုံသိမြင်ဂိုဏ်းဆီသို့ ခြေလှမ်းကျဲကြီးဖြင့် လျှောက်လှမ်းသွားသည်။
အလုံးစုံသိမြင်ဂိုဏ်းသည် အမဲလိုက်စာရင်းကို ထုတ်ပြန်ရုံသာမက ရံဖန်ရံခါ တာဝန်များ ထုတ်ပြန်ပြီး ကျင့်ကြံသူများနှင့် ကံကြမ္မာဆရာသခင်များကို ရင်းမြစ်ဒင်္ဂါးများ သို့မဟုတ် ကံကြမ္မာချပ်ပြားများကို ရရှိစေသည်။ သူတို့တွင် ကံကြမ္မာဆရာသခင်များကို စမ်းသပ်ရန် အထူးရတနာပစ္စည်းများပင် ရှိပေ၏။
ဤရတနာပစ္စည်းများသည် စမ်းသပ်ခံသူ၏ အရည်အချင်းကို အကဲဖြတ်နိုင်သော်လည်း အဆင့်များကိုသာ စမ်းသပ်ပြီး တစ်စုံတစ်ယောက်၏ ကောင်းကင်ကံကြမ္မာ ကျင့်ကြံမှုမှ အသေးစိတ်အချက်အလက်များကို မထောက်လှမ်းနိုင်ချေ။
အလုံးစုံသိမြင်ဂိုဏ်းမှ ကျယ်ဝန်းသော ခန်းမဆောင်၏ ထောင့်တစ်နေရာတွင် သက်လတ်ပိုင်းအရွယ်လူတစ်ဦး တိတ်တဆိတ်ထိုင်နေသည်။ ကောက်ရိုးခမောက်တစ်လုံးက သူ၏မျက်နှာတစ်ဝက်ကို အရိပ်မိုးထားလေရာ သူ မည်သူမည်ဝါကို ခွဲခြားသိမြင်နိုင်ရန် ခက်ခဲစေသည်။ သူသည် အဝေးမှနေ၍ ကျန်းရွှမ်ကို ဂရုတစိုက် စောင့်ကြည့်နေသည်။
"မင်ကျန်းထောင်က ဟန်ယွမ်မြို့ကနေ ဒီကောင်နဲ့အတူ ပြန်လာခဲ့တာပဲ..."
သူ၏မျက်လုံးများ တောက်ပနေသည်။
အကယ်၍ မင်ကျန်းထောင်သာ ရှိနေပါက သူသည် ထိုလူကို ချက်ချင်း မှတ်မိပေလိမ့်မည်။ ဤသည်မှာ သူ၏အစ်ကိုကြီးမိုဟုန်ပင်။ အံ့အားသင့်ဖွယ်ကောင်းသည်မှာ မိုဟုန်သည် ဂိုဏ်းတွင် မရှိဘဲ ကျန်းရွှမ်တို့၏နောက်သို့ ဤနေရာအထိ တိတ်တဆိတ် လိုက်ပါလာခဲ့သည်။
မိုတောက်ဂိုဏ်း၏ ဩဇာအာဏာလွှမ်းမိုးမှုကြောင့် မင်ကျန်းထောင်သည် ကျိုးယီမြို့သို့ မည်သူနှင့်အတူ ပြန်လာခဲ့သည်ကို ရှာဖွေဖော်ထုတ်ရန် မခက်ခဲခဲ့ချေ။ သို့ရာတွင် ဆရာသခင်သည် သူ့အား အချိန်မတိုင်မီ မည်သူ့ကိုမျှ အသိမပေးရန် ညွှန်ကြားထားသောကြောင့် သူသည် ပုန်းကွယ်၍ နေခဲ့လေ၏။
"ဒီကောင်က ကံကြမ္မာဆရာသခင် ဟုတ်မဟုတ်နဲ့...တကယ်လို့
ဟုတ်တယ်ဆိုရင် ဘယ်အဆင့်လဲဆိုတာ ကြည့်ကြရအောင်..."
မိုဟုန်သည် စားပွဲပေါ်မှ လက်ဖက်ရည်ခွက်ကို မြှောက်လိုက်ပြီး တစ်ငုံသောက်ကာ သတိကြီးစွာထား၍ စောင့်ကြည့်လိုက်သည်။ အစောပိုင်းက သူသည် လူအုပ်အကြားတွင် ရောနှောပြီး ကျန်းရွှမ်နှင့် ရှစ်ယွင်ကျင်းတို့ ပြောဆိုသော စကားများကို ကြားခဲ့ရကာ ကျန်းရွှမ်သည် စမ်းသပ်မှုတစ်ခုအတွက် လာခဲ့သည်ကို သိရှိခဲ့ရပေ၏။
အကယ်၍ ကျန်းရွှမ်သာ အသစ်ထွက်ပေါ်လာသော ကံကြမ္မာဆရာသခင်တစ်ဦးသာ ဖြစ်ပါက သူသည် မင်ကျန်းထောင်ကို ဓားနည်းစနစ်များ သင်ကြားပေးခဲ့သူ ဖြစ်နိုင်ခြေမရှိချေ။ သို့ရာတွင် အကယ်၍ သူသည် အလွန်ကျွမ်းကျင်သူဖြစ်ပါက ဤသည်မှာ တခြားဇာတ်လမ်းတစ်ပုဒ် ဖြစ်သွားလိမ့်မည်။
"စောင့်ဆိုင်းစေမိတဲ့အတွက် တောင်းပန်ပါတယ် ကျန်းရွှမ်...."
မိုဟုန် စဉ်းစားနေစဉ်မှာပင် ခန်းမသခင်ရှစ်နှင့် အဘိုးကြီးတစ်ဦး အတူတကွ လျှောက်လှမ်းလာကြသည်။ ရှစ်ယွင်ကျင်းသည် ကျန်းရွှမ်ထံသို့ မရောက်မီမှာပင် ရယ်မောရင်း တောင်းပန်စကား ပြောဆိုလိုက်သည်။
"ခန်းမသခင်က အရမ်းကြင်နာတတ်တာပဲ"
ကျန်းရွှမ်က သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ပြီး တုံ့ပြန်သည်။
ရှစ်ယွင်ကျင်းသည် သူ၏လက်ကို ဝှေ့ယမ်းပြီးနောက် သူ၏နံဘေးမှ အဘိုးကြီးကို ညွှန်ပြရင်း မိတ်ဆက်ပေးလိုက်သည်။
"ငါ မိတ်ဆက်ပေးပါရစေ...ဒါက ကျိုးယီမြို့ အလုံးစုံသိမြင်ဂိုဏ်းရဲ့ ဂိုဏ်းခွဲသခင် ချန်ယွီဟွမ်ပါ...ဂိုဏ်းခွဲသခင်ချန် ဒါက ကံကြမ္မာဆရာသခင် အကဲဖြတ်မှုမှာ အခုလေးတင် ပါဝင်စမ်းသပ်ခံခဲ့တဲ့ သခင်လေးကျန်းပါ"
ကျန်းရွှမ်က ဂိုဏ်းခွဲသခင်ချန်ကို ကြည့်လိုက်သည်။
ထိုလူသည် အသက်ခြောက်ဆယ်ကျော်အရွယ် ရှိပုံရသည်။ သူသည် အားကောင်းသော အရှိန်အဝါ သို့မဟုတ် လွှမ်းမိုးချုပ်ကိုင်နိုင်သော အငွေ့အသက်ကို ထုတ်လွှတ်မထားသော်လည်း သူ၏စူးရှသောအကြည့်သည် ရံဖန်ရံခါ အေးစက်သော ခက်ထန်တင်းမာမှုကို ထုတ်ဖော်ပြသနေသည်။ ဤသည်မှာ သူ့ကို ခြိမ်းခြောက်နိုင်မှုရှိသော ပုဂ္ဂိုလ်တစ်ဦးကဲ့သို့ ဖြစ်သွားစေပေ၏။
သူ၏မျက်နှာအမူအယာတစ်ခုတည်းနှင့်ပင် သူသည် ကိုင်တွယ်ရလွယ်ကူသော လူတစ်ဦး မဟုတ်ကြောင်း သိသာထင်ရှားသည်။
"အင်း...."
ချန်ယွီဟွမ်သည် ကျန်းရွှမ်ကို တစ်ချက်ကြည့်ရုံမျှသာကြည့်ပြီး ခေါင်းတစ်ချက်ဆတ်လိုက်ကာ သူ၏မျက်နှာပေါ်တွင် အမူအယာကင်းမဲ့နေသည်။
ရှစ်ယွင်ကျင်းသည် ဂိုဏ်းခွဲသခင်ချန်၏အပြုအမူကို အသားကျနေပုံရပြီး ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
"ဂျူနီယာညီလေးချန်..သူတို့က ကောင်းကင်ကံကြမ္မာကို နားလည်သဘောပေါက်ခဲ့သလားဆိုတာ စမ်းသပ်ဖို့ မင်းတို့ အလုံးစုံသိမြင်ဂိုဏ်းရဲ့ အလုံးစုံသိမြင်ကျောက်တိုင်ကို သုံးလို့ရမလားလို့ လာမေးတာပါ..."
ထို့နောက် သူသည် အစောပိုင်းက ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို အတိုချုပ်ရှင်းပြလိုက်သည်။
ကံကြမ္မာခန်းမဆောင် ပြိုကျမှုကို ဖုံးကွယ်ထားရန်မှာ မဖြစ်နိုင်ချေ။ နေရာချင်းနီးကပ်မှုကို တွက်ဆပါက မျက်စိမကန်းသူတိုင်း ထိုအရာကို မြင်တွေ့နိုင်ပေမည်။ ဤကိစ္စကို ဖုံးကွယ်ထားရန် ကြိုးစားမည့်အစား ရိုးသားစွာဝန်ခံခြင်းက ပို၍ကောင်းမွန်သည်။
အလုံးစုံသိမြင်ကျောက်တိုင်သည် အဆင့်သတ်မှတ်ချက်များ ပြုစုခြင်းနှင့် ကောင်းကင်ကံကြမ္မာကို ရှာဖွေတွေ့ရှိခြင်း အပါအဝင် များပြားသော လုပ်ဆောင်ချက်များရှိသော အလုံးစုံသိမြင်ဂိုဏ်း၏ အထူးရတနာပစ္စည်းတစ်ခုပင်။ ထိုအရာ၏ စွမ်းဆောင်နိုင်မှုများသည် ကံကြမ္မာခန်းမဆောင်၏ ကံကြမ္မာမြစ်နှင့် သိသိသာသာ ထပ်တူကျနေသည်။
"တစ်ယောက်ကို တစ်သန်း..."
ချန်ယွီဟွမ်က လျစ်လျူရှုသောလေသံဖြင့် ပြောဆိုလိုက်၏။
"ဒါ..."
ရှစ်ယွင်ကျင်းသည် ငွေတောင်းခံရလိမ့်မည်ဟု မမျှော်လင့်ခဲ့သဖြင့် အရှက်ရနေပုံရသည်။
"ဂျူနီယာညီလေးချန်..ငါတို့ရဲ့ ကံကြမ္မာမြစ် ပျက်စီးသွားလို့သာ ငါက မင်းတို့ဆီ လာခဲ့တာပါ...ပြင်ဆင်ပြီးတာနဲ့ မင်း ကြိုက်သလို သုံးစွဲဖို့ ကြိုဆိုပါတယ်... မင်းက ငါတို့ကို တကယ်ကြီး ငွေတောင်းခံမှရမှာလား"
ချန်ယွီဟွမ်က ခေါင်းခါလိုက်သည်။
"ဒါက ကိုယ်ရေးကိုယ်တာကိစ္စ မဟုတ်ဘူး... ဒါက စည်းမျဉ်းပဲ...အလုံးစုံသိမြင်ဂိုဏ်းက စည်းမျဉ်းစည်းကမ်းတွေကို ဘယ်လောက်တန်ဖိုးထားလဲဆိုတာ မင်းလည်း သိသားပဲ.... မင်းက မကြာခဏ အရောင်းအဝယ်လုပ်ပြီးတော့ ငါတို့ဂိုဏ်းကို ကူညီခဲ့ကတည်းက မင်းက ဦးစားပေးဧည့်သည်တော်တစ်ယောက်ပဲ....မင်;အတွက်တော့ မင်းရဲ့ ကံကြမ္မာအဆင့်ကို စမ်းသပ်တာက ပုံမှန်အနေနဲ့ အခမဲ့ ဖြစ်လိမ့်မယ်.... ဒါပေမဲ့ ဒီသခင်လေးကျန်းက မျက်နှာသစ်တစ်ယောက်ဖြစ်ပြီးတော့ ငါတို့နဲ့ ဘာပတ်သတ်ဆက်နွယ်မှုမှ မရှိဘူး....ဒါကြောင့် ငါတို့က သူ့အတွက် အခမဲ့ဝန်ဆောင်မှု မပေးနိုင်ဘူး"
ရှစ်ယွင်ကျင်း ငြိမ်သက်သွားသည်။
အလုံးစုံသိမြင်ဂိုဏ်းသည် လမ်းကြောင်းအမြောက်အများတွင် ထူးချွန်သော်လည်း သူတို့၏ အလွန်အကျွံ စီးပွားရေးဆန်သော အကျင့်စရိုက်သည် စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ရာပင်။
သူတို့ဂိုဏ်း၏ဝန်ဆောင်မှုတိုင်းသည် ဈေးနှုန်းတစ်ခုနှင့် ထွက်ပေါ်လာပေ၏။ အမဲလိုက်စာရင်း ပါရမီရှင်စာရင်းဖြစ်စေ သို့မဟုတ် တာဝန်စာရင်းများဖြစ်စေ တစ်ခုချင်းစီတွင် သက်ဆိုင်ရာ အခကြေးငွေ ရှိသည်။ သူတို့ဂိုဏ်း၏ ရတနာများကို အသုံးပြု၍ စူးစမ်းရှာဖွေရန် နားလည်သဘောပေါက်ရန် သို့မဟုတ် တာဝန်များ ထမ်းဆောင်ရန်ပင်လျှင် ငွေပေးချေမှု လိုအပ်သည်။
အခကြေးငွေများကို ရှောင်ရှားရန် တစ်စုံတစ်ဦးထံတွင် လုံလောက်သော အဆင့်အတန်း သို့မဟုတ် အလုံးစုံသိမြင်ဂိုဏ်းသို့ ပံ့ပိုးကူညီထားမှုများ လိုအပ်သည်။ ရှစ်ယွင်ကျင်းသည် ကျိုးယီကံကြမ္မာခန်းမဆောင်၏ ခန်းမသခင်အနေဖြင့် ရှိနေခဲ့ပြီး မရေမတွက်နိုင်သော တာဝန်များ ပြီးမြောက်ခဲ့ကာ အရင်းအမြစ်များ ဝယ်ယူခဲ့ပြီး အလုံးစုံသိမြင်ဂိုဏ်းသို့ အကူအညီအမြောက်အများ ပေးအပ်ခဲ့သည်။ ဤအချက်ကြောင့် သူ့အား အလုံးစုံသိမြင်ဂိုဏ်း၏ အရင်းအမြစ်အများစုကို အခမဲ့အသုံးပြုခွင့် ရရှိစေသည်။
ကျန်းရွှမ်ကမူ ဧည့်သည်သစ်တစ်ဦးသာ ဖြစ်ကြောင်း သိသာထင်ရှားသည်။ ထို့ကြောင့် ဂိုဏ်း၏ရတနာပစ္စည်းကို အသုံးပြုရန်အတွက် သူ အခကြေးငွေ ပေးချေရပေမည်။
ထိုစကားများကို ကြားချိန်၌ ကျန်းရွှမ်က ပြုံးလိုက်သည်။
သူသည် ဟန်ယွမ်မြို့တွင် အလုံးစုံသိမြင်ဂိုဏ်း၏ စီးပွားရေးလုပ်ကိုင်မှုပုံစံကို သူကိုယ်တိုင် ကြုံတွေ့ခဲ့ဖူးသည်။ ဤသည်မှာ သူ၏ အတိတ်ဘဝမှ အဆင့်မြင့် ဈေးနေရာများ သို့မဟုတ် ကလပ်တချို့နှင့် ကွဲပြားခြားနားခြင်းမရှိချေ။ အထူးအဖွဲ့ဝင်များအတွက် သီးသန့် အကျိုးကျေးဇူးများရှိနေကာ တခြားလူများကမူ အခကြေးငွေ ပေးချေရသည်။
ဤသည်မှာ ချမ်းသာကြွယ်ဝသော ဖောက်သည်များကို ပစ်မှတ်ထားသည့် လိမ္မာပါးနပ်သော နည်းလမ်းတစ်ခုပင်။
"ခန်းမသခင်ရှစ်...ငွေပေးချေရတာက ကိစ္စကြီးတစ်ခု မဟုတ်ပါဘူး"
ကျန်းရွှမ်က ပြောဆိုသည်။ သူတို့အား စည်းမျဉ်းများ လျှော့ပေးရန် တောင်းဆိုခြင်းသည် တရားလွန်သည်မှာ သိသာထင်ရှားသဖြင့် သူသည် ကိစ္စများကို ခက်ခဲအောင် မလုပ်လိုချေ။
တစ်ယောက်လျှင် တစ်သန်းဖြင့် လူဆယ်ယောက်ကို စမ်းသပ်ခြင်းသည် ရင်းမြစ်ဒင်္ဂါးဆယ်သန်းကျော်ခန့်သာ ကုန်ကျပေမည်။ အကယ်၍ ကျိုးယီကံကြမ္မာခန်းမသည် အစောပိုင်း စမ်းသပ်ကြေးများကို သူ့ထံသို့ ပြန်အမ်းပါက ဤသည်မှာ စမ်းသပ်မှုအမြောက်အများ ပြုလုပ်သည့် ကုန်ကျစရိတ်ကို ကာမိရန် လုံလောက်ပေမည်။
"ဒါဆိုရင်လည်း ကောင်းပြီလေ..."
သူ၏သဘောထားကို မြင်တွေ့ချိန်၌ ရှစ်ယွင်ကျင်းသည် မလိုလားသော်လည်း သဘောတူလိုက်သည်။
"မင်းတို့အားလုံး... လာကြတော့..."
ငွေပေးချေမှုကို အတည်ပြုပြီးသည်နှင့် ချန်ယွီဟွမ်သည် သူတို့ကို ခန်းမဆောင်ရှိ ကျောက်တိုင်တစ်တိုင်ဆီသို့ ဦးဆောင်၍ခေါ်သွားသည်။ သူ၏လက်ကို ထိုအရာအပေါ်သို့ ညင်သာစွာ ဖိလိုက်ရာ သန့်စင်သော အဖြူရောင်အလင်းတန်းတစ်တန်းသည် ကျောက်တိုင်၏မျက်နှာပြင်၍ စတင်၍စီးဆင်းလာသည်။
"မင်းတို့ရဲ့ ကောင်းကင်ကံကြမ္မာအဆင့်ကို စမ်းသပ်ဖို့ မင်းတို့ရဲ့လက်ကို ကျောက်တိုင်ပေါ်မှာ တင်လိုက်ရုံပါပဲ.. အနီရောင်အလင်းတန်းက အဆင့်တစ် လိမ္မော်ရောင်က အဆင့်နှစ် အဝါရောင်က အဆင့်သုံး... သက်တံရဲ့ ရောင်စဥ်ခုနစ်မျိုးအတိုင်း အစဥ်လိုက်ဆက်သွားလိမ့်မယ်..."
ချန်ယွီဟွမ်၏ လျစ်လျူရှုသော အမူအယာဖြင့် လူတစ်စုလုံးကို ဝေ့ဝိုက်၍ကြည့်ပြီးနောက် သူ၏အကြည့်သည် ကျန်းရွှမ်အပေါ်သို့ ကျရောက်သွားသည်။
"ဘယ်သူ အရင်သွားမလဲ..."
"ကျွန်တော် သွားမယ်..."
အချိန်တခဏကြာမျှ စဥ်းစားပြီးနောက် ကျန်းရွှမ်က ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်သည်။ သူတို့သည် စမ်းသပ်ခံယူမည်ဖြစ်သောကြောင့် သူ၏တပည့်များအတွက် စံနမူနာတစ်ခု ချမှတ်ခြင်းက အကောင်းဆုံးဖြစ်မည်ဟု သူ တွေးထင်ခဲ့သည်။
"အရင်ဆုံး ငွေပေးချေပါ..."
သူ ချဉ်းကပ်လာချိန်တွင် ချန်ယွီဟွမ်၏မျက်နှာအမူအယာသည် တည်ငြိမ်နေဆဲပင်။
ကျန်းရွှမ်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်သော်လည်း စွန်းချန်ထံသို့ အချက်ပြလိုက်၏။ ထို့နောက် သူသည် ကြီးမားသော ရင်းမြစ်ငွေလက်မှတ်တစ်ထပ်ကြီးကိုကိုင်ကာ ချက်ချင်း ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်သည်။
"ဒီမှာ ကျွန်တော်တို့အားလုံးအတွက် ငွေပေးချေမှုပါ....ကြိုက်သလို ရေတွက်လို့ရပါတယ်"
ချန်ယွီဟွမ်က စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး သူ၏မျက်နှာအမူအယာ ပျော့ပျောင်းသွားသည်။
"မင်းတို့က ငွေပေးချေပြီးမှတော့ အလုံးစုံသိမြင်တံဆိပ်ပြားတစ်ခုလောက် မယူချင်ဘူးလား... ဒါက ငွေတွေကို သိမ်းဆည်းထားဖို့ အဆင်ပြေပြီးတော့ ရင်းမြစ်ငွေလက်မှတ်တွေကို သယ်ဆောင်နေဖို့ မလိုတော့ဘူး"
"အလုံးစုံသိမြင်တံဆိပ်ပြား.... ဟုတ်လား..."
ကျန်းရွှမ်က မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး တစ်စုံတစ်ခုကို ပြန်အမှတ်ရသွားသည်။
"ကျွန်တော့်မှာ တစ်ခုရှိပြီးသားလို့ ထင်တယ်"
ထို့နောက် သူ၏လက်ကောက်ဝတ်ကို တစ်ချက်လှုပ်ခတ်ပြီး သူ၏အင်္ကျီလက်အတွင်းမှ ကျောက်စိမ်းပြားနှင့်တူသော တံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်သည်။
ဤတံဆိပ်ပြားသည် ဟန်ယွမ်မြို့မှ မထွက်ခွာမီ ဂိုဏ်းချုပ်ယွဲ့လုံရှောင်ထံမှ ရရှိခဲ့သော လက်ဆောင်တစ်ခုပင်။ ထိုအရာသည် အသုံးဝင်လာနိုင်သည်ဟု ယွဲ့လုံရှောင်က ပြောခဲ့လေ၏။
ချန်ယွီဟွမ်သည် တံဆိပ်ပြားကိုယူကြည့်ပြီးနောက် ရယ်မောလိုက်သည်။
"အမ်..ဒါဆို ဒါက ဟန်ယွမ်မြို့က တံဆိပ်ပြားကိုး....ငါ မမှားဘူးဆိုရင် ဒါက အဆင့်သုံးတံဆိပ်ပြားဖြစ်ပြီးတော့ အနိမ့်ဆုံးအဆင့် ဖြစ်နိုင်တယ်... ဒါက ငွေသွင်းငွေထုတ်အတွက်ပဲ သုံးလို့ရတယ်... ဘာအပို အထူးအခွင့်အရေးမှ မပေးဘူး"
သူသည် စကားပြောဆိုရင်း ထိုတံဆိပ်ပြားကို ပြန်ပေးရန် ဟန်ပြင်နေစဉ်မှာပင် ထိုအရာ၏မျက်နှာပြင်ပေါ်တွင် မြူခိုးတိမ်တိုက်ကဲ့သို့ ခပ်ဖျော့ဖျော့ ကောင်းကင်ပြာရောင် အမှတ်အသားတစ်ခု ထွက်ပေါ်လာသည်။
ချန်ယွီဟွမ်၏မျက်ဆံများ ကျုံ့ဝင်သွားပြီး သူ၏ခန္ဓာကိုယ်သည် တောင့်တင်းသွားကာ သူ၏လက်ချောင်းများသည် အမှတ်အသားဆီသို့ ရောက်ရှိသွားစဉ်၌ တုန်ရီနေပေ၏။ ဤသည်မှာ နောက်ထပ်အချိန်တခဏအတွင်းမှာပင် လွှမ်းမိုးချုပ်ကိုင်နိုင်သော ဖိအားတစ်ရပ် ထွက်ပေါ်လာပြီး သူ၏စိတ်ဝိညာဉ်ကို ကြေမွသွားစေခြင်း သို့မဟုတ် ကြောက်မက်ဖွယ်ကောင်းသော သတိပေးချက်တစ်ခုကို ထုတ်ပြန်ခြင်းတို့ ဖြစ်လာတော့မည့် အလားပင်။
"ဒါက အစစ်လား..."
ချန်ယွီဟွမ်သည် တံတွေးမျိုချလိုက်ရင်း သူ၏မျက်လုံးများ ထိတ်လန့်တုန်လှုပ်မှုဖြင့် ပြူးကျယ်သွားသည်။
"ဒါ... ဒါက... အဆင့်တစ်ထက် ကျော်လွန်တယ်.. အထွတ်အထိပ် ဒါမှမဟုတ် မြေကမ္ဘာအဆင့် ကောင်းကင်အဆင့်တွေထက်တောင် ကျော်လွန်တဲ့ ကောင်းကင်ပြာ အလုံးစုံသိမြင်တံဆိပ်ပြား မဟုတ်လား"