← Chapters

အလင်းရောင် လေးမျိုး

Vol. 19 Ch. 249

အလင်းရောင် လေးမျိုး

Vol. 19 Ch. 249

အလုံးစုံသိမြင်ဂိုဏ်း၏ အလုံးစုံသိမြင်တံဆိပ်ပြားများကို အဆင့်များခွဲခြားထားသည်။ အနိမ့်ဆုံးသည် အဆင့်သုံးတံဆိပ်ပြားဖြစ်ပြီး ထိုအရာ၏အဓိကလုပ်ဆောင်ချက်မှာ ပြီးမြောက်ခဲ့သော တာဝန်များအတွက် ငွေပေးချေမှုများကို လက်ခံရန်ပင်။

အဆင့်နှစ်တံဆိပ်ပြားများသည် အလုံးစုံသိမြင်ဂိုဏ်းမှ ရတနာတချို့ကို အခမဲ့ အသုံးပြုခွင့်နှင့် အဆင့်နိမ့် ထောက်လှမ်းရေးသတင်းများကို ရယူခွင့်ကဲ့သို့ အထူးအခွင့်အရေးအချို့ကို ပေးသည်။

အဆင့်တစ်တံဆိပ်ပြားများကိုမူ ခန်းမသခင်များကဲ့သို့ လူများအတွက် သီးသန့်ထားရှိပြီး အလုံးစုံကျောက်တိုင်ကဲ့သို့ ပစ္စည်းများကို မည်သည့်ကုန်ကျစရိတ်မျှမရှိဘဲ အသုံးပြုခွင့်ပေးသည်။

ထိုအဆင့်၏အထက်တွင် အထွတ်အထိပ်တံဆိပ်ပြားရှိပြီး ဂိုဏ်းအပေါ် ကြီးမားသော ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့သည့် အလုံးစုံသိမြင်ဂိုဏ်းမှ ခန်းမသခင်များနှင့်အကြီးအကဲများကိုသာ ပေးအပ်သည်။ ဤသည်မှာ ချန်ယွီဟွမ် ပိုင်ဆိုင်ရန် အမြဲတစေ အိပ်မက်မက်ခဲ့သော အရာတစ်ခု ပင်။

အမှန်အားဖြင့် ဤတံဆိပ်ပြားများကို ငွေကြေးသုံးစွဲခြင်း သို့မဟုတ် ပံ့ပိုးကူညီမှုများ ပြုလုပ်ခြင်းတို့မှတဆင့် ရရှိနိုင်သည်။ ဒဏ္ဍာရီလာ "ကောင်းကင်" နှင့် "မြေကမ္ဘာ" တံဆိပ်ပြားများမှာမူ အရှားပါးဆုံးနှင့် ရရှိရန် အခက်ခဲဆုံးပင်။ ထိုအရာများကို လွယ်လင့်တကူ ဖြန့်ဝေခြင်းမရှိဘဲ ဌာနချုပ်မှ အကြီးအကဲများပင်လျှင် ထိုအရာများကို အမြဲတစေ မရရှိကြချေ။

အထူးသဖြင့် ကောင်းကင်ပြာတံဆိပ်ပြားသည် မယုံနိုင်လောက်အောင် ရှားပါးသည်။ ချန်ယွီဟွမ်သည် ထိုအရာကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးသော်လည်း တံဆိပ်ပြား၏ကောင်းကင်ပြာရောင် အရိပ်အယောင်များကြားမှ ကြီးမားသော စွမ်းအားကို သူ ခံစားမိသည်။ ဤသည်မှာ အတုလုပ်ခြင်း သို့မဟုတ် ပုံတူကူးခြင်းတို့ မပြုလုပ်နိုင်သည့်အရာဖြစ်ကြောင်း သိသာထင်ရှားသည်။

ဤသည်မှာ ဤတံဆိပ်ပြားသည် လုံးလုံးလျားလျား စစ်မှန်သည်ဟု အဓိပ္ပာယ်ရပေ၏။

သူ တစ်ချိန်က အထင်သေးခဲ့သော လူတစ်ဦးသည် ရုတ်တရက် ထိုသို့သော ရှားပါးသည့် တံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်သည်။ ကံကြမ္မာဆရာသခင်အဖြစ် စမ်းသပ်ခံရန် တောင်းဆိုခြင်းသည် ဟန်ဆောင်မှုတစ်ခုသာ ဖြစ်နေသလော...။

ချန်ယွီဟွမ်၏ခန္ဓာကိုယ် အနည်းငယ် တုန်ရီသွားပြီး သူ၏အမြင်အာရုံ ဝေဝါးသွားကာ မူးဝေမှုကို ခံစားလိုက်ရသည်။

သာမန်လူတစ်ဦးသည် ဤကဲ့သို့ တန်ဖိုးကြီးတံဆိပ်ပြားတစ်ခုကို မည်ကဲ့သို့ ပေါ့ပေါ့ပါးပါး ထုတ်ပြနိုင်မည်နည်း။ သူ ဤမျှထိ မောက်မာစွာ ပြုမူခဲ့သည်မှာ မည်မျှထိ ရယ်ရွှင်ဖွယ်ကောင်းသနည်း။ သူသည် တစ်ဖက်လူကို စိတ်ဆိုးသွားအောင် လုပ်ခဲ့မိပြီးဖြစ်ပေမည်။

အစောပိုင်းက သူ၏အပြုအမူကို ပြန်တွေးကြည့်ရင်း ချွေးစေးများက သူ၏ကျောတစ်လျှောက် ယိုစီးကျလာသည်။

သူသည် အစောပိုင်းက အလွန်မောက်မာခဲ့ပြီး ယခုချိန်၌ သူသည် ဤကိစ္စအတွက် အလွန်အမင်း နောင်တရနေသည်။ သူသည် တောင်းပန်ရန် နည်းလမ်းကို စဉ်းစားရင်း နောင်တရနေစဉ်မှာပင် သူ၏ရှေ့မှ လူငယ်က အနည်းငယ် စိတ်ရှုပ်ထွေးနေသော လေသံဖြင့် ပြောဆိုသည်ကို သူ ကြားလိုက်ရသည်။

"ဒီတံဆိပ်ပြား လက်ခံလို့ရရဲ့လား...မရဘူးဆိုရင် ကျွန်တော် နောက်တစ်ခု ထပ်လုပ်လိုက်မယ်"

ချန်ယွီဟွမ်သည် ဤစကားကို မကြားခဲ့လျှင် အဆင်ပြေပေလိမ့်မည်။ သို့ရာတွင် သူကြားလိုက်သည်နှင့် သူသည် ထိတ်လန့်တုန်လှုပ်မှုကြောင့် လဲကျလုနီးပါး ဖြစ်သွားသည်။

ခနဲ့တဲ့တဲ့ မှတ်ချက်တစ်ခု...

တစ်ဖက်လူသည် သူ၏စကားလုံးများဖြင့် သူ့ကို ကျီစယ်နေသည်မှာ သိသာထင်ရှားသည်။

ဤသည်မှာ အလုံးစုံသိမြင်ဂိုဏ်း၏ အမြင့်ဆုံးအဆင့် တံဆိပ်ပြားများအနက်မှ တစ်ခုပင်။ ဤတစ်ခုကို လက်မခံဟုဆိုပါက တခြားမည်သည့်အရာကို လက်ခံနိုင်အုံးမည်နည်း။

သူ အံ့အားသင့်သွားသည်မှာ ထိုလူငယ်သည် ငယ်ရွယ်ပုံပေါက်သော်လည်း အမှန်အားဖြင့် အလွန်ရက်စက်ကြမ်းကြုတ်နေခြင်းပင်။

သူ၏ဦးရေပြား ထုံကျင်သွားသည်။ ချန်ယွီဟွမ်သည် အံ့ကြိတ်ပြီး သူ့ကိုယ်သူ အတင်းအကြပ် တည်ငြိမ်အောင်ထိန်းသိမ်းကာ တုံ့ပြန်လိုက်သည်။

"ဟုတ်ကဲ့....ရပါတယ်..."

သူသည် တံဆိပ်ပြားကို ဂရုတစိုက် ပြန်ပေးပြီး သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ကာ တောင်းပန်လိုက်၏။

"ငါ တောင်းပန်ပါတယ် သခင်လေး ကျန်း...ငါ က အစောပိုင်းက မင်းရဲ့ ကြီးမြတ်မှုကို မမှတ်မိခဲ့ပါဘူး... ဒီရင်းမြစ်ငွေလက်မှတ်တွေက မင်းရဲ့အပိုင်ပါပဲ...မင်း ဘယ်အချိန်ပဲ လာလည်လည် ဘာမဆို အားမနာတမ်း တောင်းဆိုလို့ရတယ်...မင်း ဒီအခန်းကို ဖြိုချချင်ရင်တောင်မှ ဒါက ကိစ္စကြီးတစ်ခု မဟုတ်ဘူး"

"အခန်းကို ဖြိုချတာ....ဟုတ်လား...."

ကျန်းရွှမ်က သူ့ကို သံသယဖြင့် ကြည့်လိုက်သည်။

'ဒီလူက တစ်ခုခုကိုသိနေတာများ ဖြစ်နေမလား... သူက ငါ့ကို တမင်သက်သက် ကျီစယ်နေတာလား....'

'မဟုတ်ဘူး.. သူသာ ဒီကိစ္စကို ရှစ်ယွင်ကျင်းကို ပြောပြလိုက်ရင် ငွေ ဘယ်လောက်သုံးသုံး ဒီကိစ္စကို ဖုံးကွယ်ဖို့ လုံလောက်မှာ မဟုတ်ဘူး...'

ဤသည်ကို နားလည်သဘောပေါက်သွားသဖြင့် ကျန်းရွှမ်သည် သူ၏လက်များကို အကြိမ်ကြိမ် ဝှေ့ယမ်းပြီး အလျင်အမြန် ပြောဆိုလိုက်သည်။

"ကျွန်တော်က ရိုးသားတဲ့ လူတစ်ယောက်ပါ... ကျွန်တော် အဲ့ဒီလို မလုပ်နိုင်ဘူး...ခင်ဗျားက ဒီလို စကားမျိုးတွေကို ပေါ့ပေါ့ဆဆ ပြောလို့မရဘူး"

သူသည် မည်သည့်အရာကိုမျှ ဝန်ခံမည်မဟုတ်ဘဲ ချန်ယွီဟွမ် မည်သို့တုံ့ပြန်မည်ကို စူးစမ်းလိုသည်။

"ပေါ့ပေါ့ဆဆ ပြောတာ....ဟုတ်လား.."

တစ်ဖက်လူ၏ အမူအယာနှင့်လေသံကို မြင်တွေ့ချိန်၌ ချန်ယွီဟွမ်၏နှလုံးခုန်နှုန်း လျှင်မြန်သွားသည်။

တစ်ဖက်လူသည် သူ့ကို ခွင့်မလွှတ်သေးပုံရသည်။

"ပေါ့ပေါ့ဆဆ ပြောတာ"

ဟူသော စကားလုံးနှစ်လုံးသည် သူ၏ မရိုမသေမှုနှင့် မဟုတ်မမှန်ပြောဆိုမှုတို့ကို ညွှန်ပြနေသည်။

ဆိုလိုရင်းကို သဘောပေါက်လိုက်သဖြင့် ချန်ယွီဟွမ်၏မျက်နှာပေါ်တွင် ငိုကြွေးတော့လုမတတ် အမူအယာတစ်ခု ထင်ဟပ်သည်။ သူသည် အံ့တင်းတင်းကြိတ်ပြီး ရိုသေလေးစားစွာ ဦးညွှတ်အရိုအသေပြုလိုက်၏။

"သခင်လေးကျန်း....ငါ တောင်းပန်ပါတယ်...ဒါက ငါ့ရဲ့အမှားပါ...ငါက အစောပိုင်းက မင်းရဲ့ ကြီးမြတ်မှုကို မသိခဲ့ဘူး...ကျေးဇူးပြုပြီးတော့ ငါ့ကို ခွင့်လွှတ်ပါ"

“....”

ဤတစ်ကြိမ်တွင် ကျန်းရွှမ် စိတ်ရှုပ်ထွေးသွားသည်။

'ဒီလူက သူ့ကို လှောင်ပြောင်ဖို့ ကြိုးစားနေတာ မဟုတ်ဘူးလား...ဒါပေမဲ့ သူကိုကြည့်ရတာ ရိုးသားပုံရတယ်'

"ဂျူနီယာညီလေးချန်...မင်း..."

နံဘေးတွင် မတ်တတ်ရပ်နေသော ရှစ်ယွင်ကျင်းသည် ဇဝေဇဝါဖြင့် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး မည်သည့်အရာများ ဖြစ်နေသည်ကို သူ မသိတော့ချေ။

တောင်းပန်ပြီးနောက် အခြေအနေသည် အချိန်တခဏကြာမျှ ငြိမ်သက်သွားသည်။ တစ်ဖက်လူသည် မည်သည့်စကားကိုမျှ မပြောသောကြောင့် သူ့ကို ခွင့်မလွှတ်သေးပုံရသည်။ ချန်ယွီဟွမ်က အံ့တင်းတင်းကြိတ်ပြီး စွန်းချန်ဆီသို့ လျှောက်လှမ်းသွားလိုက်သည်။

"ဒီရင်းမြစ်ငွေလက်မှတ်တွေက မင်းရဲ့အပိုင်ပါ.... ဒါ့ပြင် ဒါက ငါတို့ရဲ့ ပထမဆုံး တွေ့ဆုံမှုအတွက် လက်ဆောင်သေးသေးလေးတစ်ခုပါ... ကျေးဇူးပြုပြီး လက်ခံပေးပါ..."

သူသည် ထူထဲသော ငွေလက်မှတ်တစ်ထပ်ကို ထုတ်ယူပြီး လက်ကမ်းပေးလေသည်။

စွန်းချန် ကြောင်အသွားသည်။ သူသည် ငွေလက်မှတ်ထပ်ကြီးကို လှမ်းကြည့်လိုက်ရာ အကြည့်တစ်ချက်ဖြင့် ဤသည်မှာ သန်း ၁၀၀ မဟုတ်လျှင်ပင် အနည်းဆုံး သန်းငါးဆယ် ဖြစ်သည်ဟု သူ ပြောနိုင်သည်။

အစောပိုင်းက ထိုလူသည် ငွေများကို အခိုင်အမာ တောင်းဆိုနေခဲ့ပြီး ယခုချိန်၌ မူလငွေများကို ပြန်ပေးရုံတင်မကဘဲ လက်ဆောင်တစ်ခုပင် ပေးနေလေ၏။

ဤသည်မှာ စိတ်ရှုပ်ထွေးဖွယ်ရာ ကိစ္စတစ်ရပ်ပင်။ စွန်းချန်သည် သခင်လေး၏အမြင်ကိုတောင်းခံရန်အတွက် သူ့ကို မသိမသာ လှမ်းကြည့်လိုက်သည်။

ဤအချိန်တွင် ကျန်းရွှမ်သည်လည်း နောက်ဆုံးတွင် တစ်ခုခု မှားယွင်းနေသည်ကို နားလည်သဘောပေါက်သွားသည်။ သူ၏မျက်လုံးများသည် ချန်ယွီဟွမ်၏လက်ထဲမှ အလုံးစုံသိမြင်တံဆိပ်ပြားပေါ်သို့ ကျရောက်သွားပေ၏။

သူ ခန့်မှန်းခဲ့သည်မှာ မှန်ကန်လျှင် ဤသည်မှာ ထိုတံဆိပ်ပြားကြောင့် ဖြစ်ပေမည်။

သူသည် မူလက ဤသည်မှာ ယွဲ့လုံရှောင်ထံမှ လက်ဆောင်တစ်ခုဟု ထင်ခဲ့သော်လည်း ယခုချိန်၌မူ အိုးယန်ဟိုင်ထံမှ ဖြစ်နိုင်ခြေပိုများပုံရသည်။ ထိုသို့မဟုတ်ပါက ချန်ယွီဟွမ် ဤမျှထိ သိသိသာသာ ပြောင်းလဲသွားရန် အကြောင်းမရှိချေ။

ထိုကိစ္စကို နားလည်သဘောပေါက်သွားသဖြင့် ကျန်းရွှမ်က သက်ပြင်းတစ်ချက်ချပြီး ခေါင်းညိတ်ပြကာ ပြောဆိုလိုက်သည်။

"ခင်ဗျားက မသင့်လျော်တဲ့ အရာတစ်ခုကို မပြောသရွေ့ ခင်ဗျားရဲ့လက်ဆောင်ကို လက်ခံဖို့က ပြဿနာမရှိဘူး"

သို့ရာတွင် သူသည် ကံကြမ္မာခန်းမဆောင် ပျက်စီးသွားသည့်အကြောင်းကို မဆင်မခြင် မပြောဆိုရန် သူ့ကို သွယ်ဝိုက်သောနည်းဖြင့် သတိပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ်..."

ချန်ယွီဟွမ်က သက်ပြင်းတစ်ချက်ချလိုက်၏။

'ဒါဆို သူက ငါ့ကို စမ်းသပ်နေတာပဲ... သူက ငါ့ကို ဘာမှမပြောစေချင်ဘူး...'

“..."

'ဘာဖြစ်သွားတာလဲ... ဒါက ဂိုဏ်းခွဲသခင်ချန်လေ...ဘာလို့ သူ့ရဲ့သဘောထားက ဒီလောက်ထိ ရုတ်တရက်ကြီး ပြောင်းလဲသွားတာလဲ"

"ငါ နောက်ဆုံးတစ်ကြိမ်လာတုန်းက စမ်းသပ်မှုအတွက် ငွေပေးချေခဲ့ရတယ်... သူက ဘာလို့ ရုတ်တရက်ကြီး ပြောင်းလဲသွားတာလဲ"

ရှစ်ယွင်ကျင်သည် နားမလည်နိုင်ခဲ့သည့်အပြင် သူ၏နံဘေးပတ်ဝန်းကျင်ရှိ လူများသည်လည်း စိတ်ရှုပ်ထွေးစွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုနေကြပြီး မည်သည့်ကိစ္စများ ဖြစ်နေသည်ကို မသိကြတော့ချေ။

သူတို့အားလုံးသည် ချန်ယွီဟွမ်အကြောင်း ကြားဖူးကြပြီး သူသည် ခေါင်းမာပြီး တည်ကြည်ပြတ်သားကာ သနားညှာတာမှုကင်းမဲ့ကြောင်း သိထားကြသည်။

ထိုကဲ့သို့လူတစ်ဦးသည် ငွေကို အခိုင်အမာ တောင်းဆိုပြီးနောက် ရုတ်တရက် နောက်ဆုတ်သွားကာ ငွေပြန်ပေးသည့်အပြင် တောင်းပန်ပြီး လက်ဆောင်တစ်ခုပင် ပေးသည်မှာ ထူးဆန်းနေပေ၏။

"ဒါက... ဒီလူရဲ့အထောက်အထားက မရိုးရှင်းတာများ ဖြစ်နေမလား..."

အဝေးမှနေ၍ စူးစမ်းလေ့လာနေသော မိုဟုန်က သူ၏လက်သီးများကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်သည်။

အပြင်လူတစ်ဦးအနေဖြင့် သူသည် ဤပြဿနာကို ပို၍လွယ်ကူစွာ မြင်တွေ့နိုင်သည်။ ချန်ယွီဟွမ်သည် ကျန်းရွှမ်၏အထောက်အထား သာလွန်ထူးကဲကြောင်း အတည်ပြုပြီးမှသာ ထိုကဲ့သို့ ရိုသေလေးစားမှုကို ပြသခဲ့သည်မှာ သေချာပေါက်ပင်။

ကျန်းရွှမ်သည် သာမန်ကြယ်တစ်ပွင့် ကံကြမ္မာဆရာသခင် တစ်ဦးမျှသာ မဟုတ်ပုံရသည်။

"သခင်လေးကျန်း....ကျေးဇူးပြုပြီး.."

တခြားလူများ၏အမူအယာများကို လျစ်လျူရှုကာ ချန်ယွီဟွမ်သည် သူ၏ရှေ့မှ အလုံးစုံသိမြင်ကျောက်တိုင်ကို ညွှန်ပြလိုက်သည်။

"အင်း...."

ကျန်းရွှမ်က ခေါင်းညိတ်ပြပြီး ကျောက်တိုင်ထံသို့ ချဉ်းကပ်သွားသည်။ သူသည် ညွှန်ကြားချက်များအတိုင်း လိုက်နာရင်း သူ၏လက်ဝါးကို ထိုအရာပေါ်သို့ တင်လိုက်၏။

ဝီ....

အချိန်တခဏကြာပြီးနောက် ကျောက်တိုင်သည် အနည်းငယ် ယိမ်းယိုင်သွားပြီး အနီရောင်အလင်းတန်းတစ်တန်း ဖြာထွက်လာကာ ပတ်ဝန်းကျင်ကို လင်းထိန်သွားစေသည်။

ထိုအနီရောင်အလင်းတန်းသည် အစောပိုင်းအဆင့် ကြယ်တစ်ပွင့် ကံကြမ္မာဆရာသခင်တစ်ဦးသာ ဖြစ်ကြောင်း အဓိပ္ပာယ်ရသည်။

"ဂုဏ်ယူပါတယ် သခင်လေး ကျန်း...ငါတို့ ကံကြမ္မာခန်းမဆောင်က နောက်ထပ် ကံကြမ္မာဆရာသခင်တစ်ယောက်ကို ရရှိလိုက်ပုံပဲ..."

ရှစ်ယွင်ကျင်းက အပြုံးနှင့် ပြောဆိုသည်။

"ကြယ်တစ်ပွင့်တည်းလား...ခဏလေး....ဒါဆိုရင် သူက မင်ကျန်းထောင်ရဲ ဓားနည်းစနစ်နဲ့ မသက်ဆိုင်တာများ ဖြစ်နေမလား"

မိုဟုန်သည် စိတ်ရှုပ်ထွေးသွားလေ၏။

သူသည် မူလက ချန်ယွီဟွမ်၏သဘောထားပြောင်းလဲမှုကြောင့် ကျန်းရွှမ်၏ အစစ်အမှန်စွမ်းအား ထွက်ပေါ်လာချိန်တွင် အလွန်ကြီးမားမည်ဟု တွေးထင်ခဲ့သည်။ သို့ရာတွင် ကြယ်တစ်ပွင့် ကံကြမ္မာဆရာသခင်တစ်ဦးသည် ဤမျှထိ တန်ဖိုးရှိနိုင်မည် မဟုတ်ချေ။ သူသည် ကိစ္စများအပေါ် အထင်ကြီးလွန်းသွားပုံရသည်။

ကျန်းရွှမ်သည် ကြယ်တစ်ပွင့် ကံကြမ္မာဆရာသခင်တစ်ဦးသာ ဖြစ်သဖြင့် သူ၏ ကျင့်ကြံမှုသည် ဓမ္မရုပ်သွင်နယ်ပယ်၏ အထွတ်အထိပ်တွင်သာ ရှိနေရမည်။

ကြယ်စင်မြစ်နယ်ပယ်သို့ ဖောက်ထွက်ရန် တစ်စုံတစ်ဦးသည် ကံကြမ္မာ ဒုတိယအဆင့်ကို နားလည်သဘောပေါက်ခဲ့ရမည်ဖြစ်ပြီး ထိုသို့မဟုတ်ပါက မဖြစ်နိုင်သလောက်နီးပါးပင်

မိုဟုန် အံ့အားသင့်တုန်လှုပ်နေစဉ်မှာပင် ချန်ယွီဟွမ်သည်လည်း စိတ်ရှုပ်ထွေးနေသည်။ သာမန် ကြယ်တစ်ပွင့် ကံကြမ္မာဆရာသခင်တစ်ဦးသည် ဤမျှထိ အဖိုးတန်ရှားပါးသော ကောင်းကင်ပြာ အလုံးစုံသိမြင်တံဆိပ်ပြားကို မပိုင်ဆိုင်သင့်ချေ။

သူသည် ဤအတွေးကို ဆက်လက်၍ မစဉ်းစားနိုင်သေးမီမှာပင် သူတို့၏ရှေ့မှ ကျောက်တိုင်သည် ရုတ်တရက် အရောင်ပြောင်းလဲသွားပြီး လိမ္မော်ရောင် အဝါရောင်နှင့် အစိမ်းရောင်အလင်းတန်းများကို လျင်မြန်စွာ ဆက်တိုက် ထုတ်လွှတ်လိုက်သည်။

အလင်းတန်းများသည် အဆက်မပြတ်တဖျပ်ဖျပ်တောက်ပနေပြီး ကပွဲကြမ်းပြင်တစ်ခုနှင့် တူညီသော အကျိုးသက်ရောက်မှုတစ်ခုကို ဖန်တီးနေသည်။

“....”

ချန်ယွီဟွမ် ကြက်သေသေသွားသည်။

ကံကြမ္မာကို နားလည်သဘောပေါက်ရန် တစ်စုံတစ်ဦးသည် ပထမ ဒုတိယ သို့မဟုတ် တတိယအဆင့်ကို အောင်မြင်ရပေမည်။ ထိုအဆင့်သည် တည်ငြိမ်သင့်သော်လည်း ယခုချိန်၌ ကျောက်တိုင်သည် အရောင်များစွာဖြင့် တဖျပ်ဖျပ်လင်းလက်နေသည်။

'ဘာတွေ ဖြစ်နေတာလဲ...'

ချန်ယွီဟွမ်သာမက ရှစ်ယွင်ကျင်းနှင့် ဤမြင်ကွင်းကို ကြည့်ရှုနေသော တခြားလူများသည်လည်း ထပ်တူထပ်မျှ စိတ်ရှုပ်ထွေးနေကြသည်။ သူတို့၏အမူအယာများသည် ထူးဆန်းသော အရာတစ်ခုကို သူတို့ မျက်မြင်တွေ့နေရကြောင်း ပြသနေသည်။

သူတို့သည် အနီရောင် လိမ္မော်ရောင် အဝါရောင်နှင့် အစိမ်းရောင် အလင်းတန်းများကို ယခင်က မြင်တွေ့ဖူးသော်လည်း အရောင်လေးရောင်လုံး အတူတကွ ထွက်ပေါ်လာသည်ကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးချေ။

"ဒါက မဖြစ်နိုင်ဘူး.... သူသာ ပထမအဆင့်မှာပဲ ရှိနေရင် ဒီလောက်ထိ အရောင်များများ ဘယ်လိုလုပ်ပြီး ထွက်ပေါ်လာနိုင်မှာလဲ...ကျန်းရွှမ်က သေချာပေါက် သာမန်လူ မဟုတ်ဘူး..."

မိုဟုန်၏မျက်နှာအမူအယာသည် တဖန်ပြန်၍ တည်ကြည်လေးနက်သွားပေ၏။

သူသည် သူ မှားယွင်းသွားခဲ့သည်ဟု အစောပိုင်းက တွေးထင်ခဲ့သော်လည်း ယခုချိန်၌ ကျန်းရွှမ် သည် သာမန်လူတစ်ဦး မဟုတ်ကြောင်း သူ အတပ်ပြောနိုင်လေပြီ။

ကျန်းရွှမ်နှင့်မင်ကျန်းထောင်တို့အကြားရှိ ဆက်စပ်မှုကို သူ သိရှိခဲ့သည်မှာ အဆင်ပြေသွားခဲ့သည်။ ထိုသို့မဟုတ်ပါက သူ့အတွက် မလိုလားအပ်သော ဒုက္ခများ ဖြစ်ပွားလာနိုင်ခြေရှိသည်။

"ငါ ဒါကို ငါ့ရဲ့ဆရာသခင်ဆီ သတင်းပို့ရမယ်..." မိုဟုန်က တွေးတောလိုက်သည်။

ကျန်းရွှမ်သည် ဇဝေဇဝါဖြစ်နေသော်လည်း ရုတ်တရက် အပြုံးနှင့် ပြောဆိုလိုက်၏။

"ဂိုဏ်းခွဲသခင်ချန်....ဒီအလုံးစုံသိမြင်ကျောက်တိုင်က ချို့ယွင်းနေတာပဲဖြစ်မယ်.... မဟုတ်ရင် ဒါက ဘယ်လိုလုပ်ပြီး ဒီလောက်ထိ အရောင်များများ လင်းလက်နေနိုင်မှာလဲ"

"အမ်.. ဟုတ်တယ်...မင်း ပြောတာ အမှန်ပဲ.. ဒါက ချို့ယွင်းနေတာပဲဖြစ်မယ်"

ချန်ယွီဟွမ်သည် အစောပိုင်းက သတိပေးထားမှုကို ပြန်လည်အမှတ်ရသဖြင့် ချက်ချင်းတုံ့ပြန်အဖြေပေးလိုက်သည်။

"ဒီကျောက်တိုင်က အစကတည်းက ချို့ယွင်းနေခဲ့တာ... ငါတို့ ဒါကို ပြင်ဆင်ဖို့ အခွင့်အရေး မရခဲ့ဘူး... ငါ တကယ်ကို တောင်းပန်ပါတယ်"

"ချို့ယွင်းနေတာ.... ဟုတ်လား.."

ဤစကားကိုကြားချိန်တွင် လူများအားလုံးသည် ဇဝေဇဝါဖြစ်နေသော်လည်း သူတို့သည် ဤဖြေရှင်းပြချက်ကို မလိုလားစွာဖြင့် လက်ခံလိုက်ကြသည်။ သူတို့က ကျန်းရွှမ်သည် ကံကြမ္မာ၏အဆင့်အမြောက်များကို နားလည်သဘောပေါက်ထားသည်ဟု ပြောဆိုနိုင်ခြင်း မရှိချေ။ ထို့ပြင် ဤသည်မှာ မဖြစ်နိုင်ပေ။

"ဘယ်အရောင်ပဲဖြစ်ဖြစ်...ကျောက်တိုင်ကို ကျွန်တော် လင်းထိန်စေခဲ့တယ်ဆိုတဲ့ အချက်နဲ့ ကျွန်တော်က တရားဝင် ကံကြမ္မာဆရာသခင်တစ်ယောက် ဖြစ်သွားပြီလို့ အဓိပ္ပာယ်ရတယ် မဟုတ်လား"

ချန်ယွီဟွမ်က သူ့အတွက် ဖုံးကွယ်ပေးနေသည်ကို မြင်တွေ့ချိန်၌ ကျန်းရွှမ်သည် စိတ်ကျေနပ်စွာ ခေါင်းညိတ်ပြီး ရှစ်ယွင်ကျင်းဘက်သို့ လှည့်ကြည့်လိုက်သည်။

"ဟုတ်တာပေါ့"

ရှစ်ယွင်ကျင်းက တုံ့ပြန်သည်။

"မင်းရဲ့ ကံကြမ္မာဆရာသခင်တစ်ယောက်ဆိုတဲ့ အဆင့်အတန်းကို ကိုယ်စားပြုဖို့အတွက် တံဆိပ်ပြားတစ်ခုကို စီစဉ်ဖို့ ငါက တစ်ယောက်ယောက်ကို စေခိုင်းလိုက်ပါ့မယ်"

သူတို့ လာရောက်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ကျန်းရွှမ်သည် စမ်းသပ်မှုကို အောင်မြင်ခဲ့သခြင်းရှိမရှိနှင့် သူနှင့် ကိုက်ညီသော ကံကြမ္မာကို နားလည်သဘောပေါက်ခဲ့ခြင်း ရှိမရှိကို စမ်းသပ်ရန်ပင်။ မည်သည့်အရောင်ပင် ဖြစ်စေကာမူကျောက်တိုင် လင်းထိန်လာသရွေ့ သူသည် စမ်းသပ်မှုကို အောင်မြင်ခဲ့ပြီး ယခုချိန်၌ ကံကြမ္မာဆရာသခင်ဂုဏ်ပုဒ်ကို ပိုင်ဆိုင်သွားပြီဟု အဓိပ္ပာယ်ရသည်။

ကျန်းရွှမ်က သက်ပြင်းတစ်ချက်ချပြီး သူ၏လူများကို ကြည့်လိုက်သည်။

"မင်းတို့အားလုံးလည်း ဒါကို စမ်းသပ်ကြည့်သင့်တယ်"

စွန်းချန်နှင့်တခြားလူများသည် ခေါင်းညိတ်လိုက်ကြ၏။

"ဒီအလုံးစုံသိမြင်ကျောက်တိုင်မှာ ပြဿနာရှိနေမှတော့.... ဒီဘက်ကို လာကြပါ... စမ်းသပ်မှုအတွက် ဒီကျောက်တိုင်ကို သုံးကြရအောင်..."

ချန်ယွီဟွမ်သည် လူများအားလုံးကို တခြားကျောက်တိုင်တစ်ခုဆီသို့ ခေါ်ဆောင်သွားသည်။

ဤတစ်ခုသည် ချို့ယွင့်ခြင်းမရှိကြောင်း သူ သေချာစစ်ဆေးပြီးသရွေ့ အရာအားလုံး အဆင်ပြေသွားပေလိမ့်မည်။

All Chapters