မိသားစု
Vol. 19 Ch. 250
"ကောင်းပါပြီ... ကျွန်တော် အရင်သွားလိုက်ပါ့မယ်"
စွန်းချန်သည် ခေါင်းညိတ်လိုက်ပြီး ကျောက်တိုင်ဆီသို့ လျှောက်လှမ်းသွားလိုက်၏။
"မင်း နားလည်သဘောပေါက်ထားတဲ့ ကံကြမ္မာကို တမင်တကာ ထုတ်ဖော်ပြသဖို့ မလိုဘူး... စိတ်ကို အေးအေးထားလိုက်... အလုံးစုံသိမြင်ကျောက်တိုင်က စမ်းသပ်မှုကို အလိုလိုလုပ်လိမ့်မယ်..."
အလုံးစုံသိမြင်ဂိုဏ်းမှ ဂိုဏ်းခွဲသခင်ချန်ယွီဟွမ်က ပြောဆိုသည်။
စွန်းချန်သည် ခေါင်းညိတ်ပြလိုက်၏။ အစောပိုင်းက သခင်လေး စမ်းသပ်ခဲ့သည့် အချိန်တွင် သူသည် သေသေချာချာ အာရုံစိုက်ထားခဲ့ရာ ဤအရာသည် ရိုးရှင်းပေလိမ့်မည်။
ဤသို့တွေးတောပြီး သူ၏လက်ဝါးကို ကျောက်တိုင်ပေါ်သို့ ဖြည်းညှင်းစွာ တင်လိုက်သည်။
"ဝှမ်....."
အနီရောင်အလင်းတန်းတစ်တန်း ချက်ချင်း ထွက်ပေါ်လာခဲ့သည်။
"စမ်းသပ်မှုတစ်ခုတည်းကနေ ကံကြမ္မာဆရာသခင် နှစ်ယောက် ထွက်ပေါ်လာတာကတော့... တကယ့်ကို ထူးခြားတဲ့ မြင်ကွင်းတစ်ခုပဲ..."
ရှစ်ယွင်ကျင်းက စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
သာမာန်အားဖြင့် စမ်းသပ်မှုတစ်ခုတွင် လူဆယ်ယောက်လျှင် တစ်ယောက်သာ အောင်မြင်နိုင်oည်။ သို့ရာတွင် ဤတစ်ကြိမ်တွင် လူနှစ်ယောက် အောင်မြင်ခြင်းမှာမူ အလွန်ရှားပါးသော ကိစ္စတစ်ရပ်ပင်။
"အဟွတ်... ခန်းမသခင်... စမ်းသပ်မှုမတိုင်ခင်တုန်းက... မြင်းနဲ့ ကြက်လည်း ရှိသေးတယ်..."
ယန်ဆန်းရှစ်ဆန်းတို့အုပ်စုကြောင့် ဖြစ်ပေါ်ခဲ့သော ထူးခြားသည့်မြင်ကွင်းအကြောင်း ရှင်းပြရန် ဟန်ပြင်နေသော အကြီးအကဲကျူးရွှင်သည် အလုံးစုံသိမြင်ကျောက်တိုင် နောက်တစ်ကြိမ် တုန်ခါသွားသည်ကို မြင်တွေ့လိုက်ရသည်။
"ဝှမ်..."
လိမ္မော်ရောင်အလင်းတန်းတစ်တန်းက ထပ်မံ၍ ထွက်ပေါ်လာသည်။
"..."
သူ ပြောမည့်စကားများသည် လည်ချောင်းဝတွင် တစ်ဆို့သွားပြီး နောက်ထပ်စကားတစ်လုံးမျှ မပြောနိုင်တော့ပေ။
သူသာမကဘဲ ဂိုဏ်းခွဲသခင်ချန်ယွီဟွမ်သည်လည်း လုံးလုံးလျားလျား ကြက်သေသေသွားခဲ့သည်။
အစောပိုင်းက အလင်းရောင်လေးရောင် ဆက်တိုက် ထွက်ပေါ်ခဲ့ခြင်းသည် အလုံးစုံသိမြင်ကျောက်တိုင် ချို့ယွင်းခြင်းကြောင့်ဟု ဆိုနိုင်ပေ၏။ သို့ရာတွင် မည်ဘယ်ကြောင့် ဤလူဝကြီးသည်လည်း မည်သည်ကြောင့် အလင်းရောင်နှစ်ရောင်ကို ထုတ်လွှတ်နိုင်ရသနည်း။
ပတ်ဝန်းကျင်ရှိ လူများအားလုံးသည် နောက်တစ်ကြိမ် တိတ်ဆိတ်ငြိမ်သက်သွားကြပြီး စိတ်ရှုပ်ထွေးစွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။
အလင်းရောင်လေးမျိုး ထွက်ပေါ်ခြင်းသည် သူတို့အတွက် တစ္ဆေတစ်ကောင်ကို မြင်တွေ့လိုက်ရသည့်အလားပင်။ ယခု၌မူ တစ္ဆေနှစ်ကောင်ကို မြင်တွေ့ရခြင်းဖြစ်သလော။
"အင်း... .. ဒါကလည်း ပျက်သွားတာပဲလား"
ကျန်းရွှမ်သည် စွန်းချန်ကို အနေရခက်စွာ ဆွဲခေါ်လိုက်ပြီး စကားစလိုက်၏။
စွန်းချန် စစ်ဆေးခံခြင်းသည် မည်သည်ကြောင့် အလင်းရောင်နှစ်ရောင်အား ပြသနေသည်ကို သူ မသိသော်လည်း လောလောဆယ်တွင် သိုသိုသိပ်သိပ်နေခြင်းက ပိုကောင်းမည်ဟု သူ တွေးလိုက်မိသည်။
"ဖြစ်နိုင်ပါတယ်..."
ဂိုဏ်းခွဲသခင်ချန်ယွီဟွမ်က ကိုးရိုးကားရားလေသံဖြင့် တုံ့ပြန်အဖြေပေးလိုက်သည်။ အချိန်တခဏကြာပြီးနောက် သူသည် တခြားတစ်ဖက်သို့ ညွှန်ပြလိုက်၏။
"ဒါက ငါတို့ ဂိုဏ်းရဲ့ နောက်ဆုံးအလုံးစုံသိမြင်ကျောက်တိုင်ပဲ..."
ကျိုးယီအင်ပါယာရှိ အလုံးစုံသိမြင်ဂိုဏ်းတွင် စုစုပေါင်း အလုံးစုံသိမြင်ကျောက်တိုင် သုံးတိုင်သာရှိသည်။ အကယ်၍ ဤတစ်ခုလည်း ပျက်စီးသွားပါက နောက်ထပ် စမ်းသပ်စရာ ကျန်ရှိတော့မည် မဟုတ်ချေ။
"ကောင်းပြီ... ဟိုဘက်မှာ သွားပြီးစမ်းသပ်ကြတော့... အဟမ်း သတိထားအုံး...အလင်းရောင်ထွက်လာရုံလုပ်... အကြာကြီးကြာနေဖို့ မလိုဘူး..."
လော့ယိုရှင်းနှင့်တခြားလူများကို ကြည့်ပြီး ကျန်းရွှမ်က ချောင်းဟန့်လိုက်သည်။
"အင်း..."
သူ၏ဆိုလိုရင်းကို နားလည်သဖြင့် လော့ယိုရှင်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
သူမ၏ခင်ပွန်းသည် အရာရာတွင် ထူးချွန်သော်လည်း သိုသိုသိပ်သိပ်နေခြင်းကို အလွန်အမင်း နှစ်သက်ပေ၏။
ကျန်းရွှမ်သည် သက်ပြင်းချလိုက်ပြီး သူ၏ရှေ့မှ လူဝကြီးကို ကြည့်လိုက်သည်။
"ဘာဖြစ်နေတာလဲ... မင်းက ကံကြမ္မာနှစ်ခုကို နားလည်သဘောပေါက်သွားတာလား"
စွန်းချန်က ခေါင်းညိတ်လိုက်ပြီး အသံပေးပို့မှုတစ်ခုကို ပေးပို့လိုက်သည်။
"ကျွန်တော်က သခင်လေးဆီကနေ 'အရှိန်အဟုန် ကံကြမ္မာ' ကို သင်ယူခဲ့တယ်... အစောပိုင်းက ကံကြမ္မာမြစ်ထဲမှာ ရှိနေတုန်းမှာ ကျွန်တော်က 'ကုန်သွယ်မှုကံကြမ္မာ' ကို တွေ့လိုက်ရလို့ နည်းနည်းလောက် သင်ယူလိုက်တာ... အဲ့ဒါကိုလည်း နားလည်သဘောပေါက်သွားတယ်..."
"ကုန်သွယ်မှုကံကြမ္မာလား..."
ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။
သူသည် ကောင်းကင်ဘုံစာကြည့်တိုက်ကြောင့် ကံကြမ္မာအမြောက်အများကို သင်ယူနိုင်ခဲ့သော်လည်း စွန်းချန်သည် မည်သည်ကြောင့် လုပ်ဆောင်နိုင်ခဲ့သနည်း။
ဤအရာသည် သူသည် စွန်းချန်၏ရင်းမြစ်ရေအိုင်ကို ဖွင့်လှစ်ရာတွင် ကူညီခဲ့ခြင်းနှင့် သက်ဆိုင်နေသလော။ ဤသည်မှာ ဖြစ်နိုင်ပေ၏။
သူ ရင်းမြစ်ရေအိုင်ကို ဖွင့်လှစ်ခဲ့ပုံသည် ကမ္ဘာသစ်တစ်ခုကို ဖန်တီးခြင်းနှင့် တူညီသည်။ သူသည် ကန့်သတ်ချက်မရှိဘဲ ကံကြမ္မာအမြောက်အများကို လွတ်လပ်စွာ သင်ယူနိုင်ခဲ့သဖြင့် စွန်းချန်က ကံကြမ္မာနှစ်ခု သင်ယူနိုင်ခြင်းသည်လည်း အဓိပ္ပာယ်ရှိသည်။
အမှန်အားဖြင့် ဤသည်မှာ ခန့်မှန်းချက်တစ်ခုမျှသာဖြစ်ပြီး မှန်ကန်ခြင်းရှိမရှိကိုမူ နောက်ပိုင်းတွင် စုံစမ်းစစ်ဆေးရန် လိုအပ်ပေလိမ့်မည်။
"မဟုတ်သေးဘူး... စွန်းချန်က နှစ်ခု သင်ယူနိုင်မှတော့... တခြားလူတွေကရော မသင်ယူနိုင်ဘူးလား"
အတွေးတစ်ခု ပေါ်လာပြီး ကျန်းရွှမ်၏မျက်ခွံများ တုန်ရီသွားပေ၏။ သူသည် ရှေ့သို့ လျင်မြန်စွာ ကြည့်လိုက်သည်။
လူနှစ်ယောက်သည် အရောင်အမြောက်အများကို ထွက်ပေါ်စေခဲ့ပြီးဖြစ်သည်။ အကယ်၍ နောက်ထပ်တစ်ယောက် ထပ်မံ၍ ထွက်ပေါ်လာပါက သူ သိုသိုသိပ်သိပ်နေရန် မဖြစ်နိုင်တော့ချေ။
ဤအချိန်တွင် လော့ယိုရှင်းသည် သူမ၏ လက်ဝါးကို ကျောက်တိုင်ပေါ်သို့ တင်လိုက်ပြီး ဖြစ်သည်။ သူမ၏မျက်နှာပေါ်တွင် နူးညွညင်သာသော အပြုံးတစ်ခုရှိနေကာ အနီရောင်အလင်းတန်းတစ်တန်း ချက်ချင်းလင်းလက်လာခဲ့သည်။
ကျန်းရွှမ်သည် တံတွေးမျိုချပြီး ထိုမြင်ကွင်းကို စူးစိုက်၍ကြည့်နေမိသည်။ ဤကျောက်တိုင်လည်း ပျက်စီးသွားကြောင်း မည်သို့ ရှင်းပြရမည်ကို သူ စဥ်းစားနေစဥ် လော့ယိုရှင်းသည် သူမ၏လက်ကို ပြန်ရုပ်သိမ်းကာ လူအုပ်ကြားထဲသို့ ပြန်လည်လျှောက်လှမ်းသွားသည်အား သူ မြင်တွေ့လိုက်ရသည်။
"ဟူး...."
ကျန်းရွှမ်က သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည်။
လော့ယိုရှင်းသည် အားကိုးရပုံပေါက်ပေ၏။ ထိုသို့မဟုတ်ဘဲ ကျောက်တိုင်သုံးတိုင်လုံးမှ အလင်းရောင်များစွာ ထုတ်လွှတ်ခဲ့လျှင် အတုံးအဆုံးလူပင်လျှင် အလုံးစုံသိမြင်ကျောက်တိုင်များ ချို့ယွင်းနေခြင်း မဟုတ်ဘဲ သူတို့ကိုယ်တိုင်က ချို့ယွင်းနေခြင်းဖြစ်သည်ကို ရိပ်မိသွားပေလိမ့်မည်။
ထို့နောက် လော့ချီးချီး လျိုယန် ယွမ်ထောင်နှင့် တခြားလူများ ရှေ့သို့ တက်လာကြပြီး သူတို့အားလုံးသည် တခြားအရောင်များ မပါစေဘဲ အနီရောင်အလင်းတန်းကိုသာ လင်းလက်စေခဲ့ကြသည်။
"ခဏလေး...."
သူ စဥ်းစားတွေးတောနေရင်း ကျန်းရွှမ်သည် ပြဿနာကို ရုတ်တရက် နားလည်သဘောပေါက်သွားသည်။ သူသည် စွန်းချန်ကို ထပ်မံ၍ကြည့်ပြီး မေးမြန်းလိုက်၏။
"မင်းက ကံကြမ္မာအပေါ် နားလည်သဘောပေါက်မှုရဲ့ ဒုတိယအဆင့်ကို ရောက်သွားတာလား"
ကျောက်စာတိုင်မှ ထုတ်လွှတ်သော အလင်းရောင် ကွာခြားရခြင်းသည် နားလည်သဘောပေါက်သော ကံကြမ္မာအရေအတွက်ကြောင့် မဟုတ်ဘဲ ကံကြမ္မာအဆင့်များကြောင့်ပင်။
ပထမအဆင့်သည် အနီရောင်အလင်း ဒုတိယအဆင့်သည် လိမ္မော်ရောင်အလင်းဖြစ်သဖြင့် စွန်းချန်ကြောင့် အရောင်နှစ်မျိုး ပြသခြင်းသည် သူသည် မတူကွဲပြားသော ကံကြမ္မာအဆင့်နှစ်ခုကို နားလည်သဘောပေါက်ခဲ့ကြောင်း ရှင်းလင်းစွာ အဓိပ္ပါယ်ရသည်။
စွန်းချန်သည် အနေခက်စွာဖြင့် သူ၏ခေါင်းကို ကုတ်လိုက်သည်။
"ဟုတ်တယ်... သခင်လေး သင်ပေးခဲ့တဲ့ 'အရှိန်အဟုန်'ကံကြမ္မာကို ကျွန်တော်က တကယ် ကြီး မြန်မြန်သင်ယူနိုင်ခဲ့တယ်... မကြာသေးခင်က အပြင်မှာ သတင်းအချက်အလက်တွေ စုဆောင်းနေတုန်း ကျွန်တော် အဲ့ဒါကို ဆက်တိုက်သုံးနေခဲ့တာ....ဒါက ဒုတိယအဆင့်ကို ရောက်သွားခဲ့တယ်..."
ကျန်းရွှမ်၏မျက်ခုံးများ တွန့်ကွေးသွားပေ၏။
စွန်းချန်သည် တခြားလူများနှင့် အငြင်းအခုံပြုလုပ်နေချိန်တွင် မည်ကဲ့သို့ပုံစံမျိုး ဖြစ်နေမည်ကို သူ မြင်ယောင်နေမိသည်။
'ငါသိပြီ... မင်းက ကြွားဝါရတာကိုပဲ ကြိုက်နေတာ မဟုတ်လား'
'ဟူး...ငါ့လို သိုသိုသိပ်သိပ်နေတတ်တဲ့လူတစ်ယောက်မှာ ဘယ်လိုလုပ်ပြီးတော့ ဒီလို ထင်ပေါ်ကျော်ကြားအောင်လုပ်တဲ့ အစေခံတစ်ယောက် ရှိနေရတာလဲ... ငါ့ရဲ့ခေါင်းတွေတောင် ကွဲထွက်တော့မယ်'
ကျန်းရွှမ်သည် စိတ်ပျက်လက်ပျက်ဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ မလှမ်းမကမ်းရှိ ရှစ်ယွင်ကျင်းအား သတိပြုလိုက်မိသည်။ ထိုလူ၏မျက်ခွံများ မရပ်မနား တဆတ်ဆတ်တုန်ရီနေခဲ့သည်။ သူသည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေသဖြင့် စကားတစ်ခွန်းမျှပင် မပြောနိုင်ချေ။
ပုံမှန်အားဖြင့် လူဆယ်ယောက် စမ်းသပ်လျှင် တစ်ယောက် အောင်မြင်သည်ကိုပင် ကောင်းသည်ဟု သတ်မှတ်နိုင်သော်လည်း ယခုချိန်တွင်မူ... နှစ်ယောက်...သုံးယောက်... လေးယောက်... ငါးယောက်...
မျက်စိတစ်မှိတ်အတွင်းတွင် သူတို့သည် ဆယ်ယောက်မြောက်လူထံသို့ ရောက်ရှိသွားခဲ့ပြီး ကိုးယောက်လုံး အောင်မြင်သွားခဲ့ကြလေပြီ။
ဤသည်မှာ ကံကြမ္မာအတွက် စမ်းသပ်မှုတစ်ခု မဟုတ်ဘဲ အခမဲ့ဖြတ်သန်းခွင့်တစ်ခု ဖြစ်နေသည်။
သူ၏ နှုတ်ခမ်းများ တုန်ရီလာပြီး ဆက်လက်၍ ကြည့်ရှုနေခဲ့သည်။
"ဝှစ်...."
ဆယ်ယောက်မြောက်လူသည် သူ၏လက်ဝါးကို ကျောက်တိုင်ပေါ်သို့ တင်လိုက်ပြီး အနီရောင်အလင်းတန်း တဖန်ထပ်၍ ထွက်ပေါ်လာခဲ့သည်။ သူတို့သည် စမ်းသပ်မှုကို လွယ်ကူစွာ ဖြတ်ကျော်နိုင်ခဲ့ကြောင်း သိသာထင်ရှားပေ၏။
"လူဆယ်ယောက်... သူတို့အားလုံး အောင်မြင်တာလား..."
ရှစ်ယွင်ကျင်းသည် တံတွေးမျိုချလိုက်ပြီး စကားမပြောနိုင် ဖြစ်သွားသည်။
သူသည် ကျိုးယီမြို့တော်တွင် ကံကြမ္မာခန်းမကို နှစ်ပေါင်းနှစ်ဆယ်တိုင် စီမံခန့်ခွဲခဲ့ရာ တစ်ကြိမ်တည်းတွင် စမ်းသပ်မှု အောင်မြင်ခဲ့သူဟူ၍ အများဆုံးမှာ သုံးယောက်သာ ဖြစ်သည်။ သို့ရာတွင် ယခုချိန်၌ ဆယ်ယောက်လုံး အောင်မြင်ခဲ့သဖြင့် ဤသည်မှာ သူ ကြားဖူးနားဝမရှိသော ကိစ္စတစ်ရပ်ပင်။
"ဒါက တော်တော်လေး အုတ်အော်သောင်းတင်း ဖြစ်သွားစေတော့မယ်..."
သူသည် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါယမ်းလိုက်သည်။
အကယ်၍ ကံကြမ္မာခန်းမသာ အသုံးဝင်နေဆဲဖြစ်ပါက သူသည် ဤကိစ္စကို ဖုံးကွယ်ရန် နည်းလမ်းတစ်ခုကို ရှာဖွေခဲ့မိလိမ့်မည်။ သို့ရာတွင် ယခုချိန်၌ သူတို့သည် အလုံးစုံသိမြင်ဂိုဏ်းတွင် ရောက်ရှိနေကြသည်။ နေ့တစ်ဝက်အတွင်းတွင် အနီးအနားရှိ အင်ပါယာများအားလုံး သိရှိသွားပေလိမ့်မည်။
သို့ရာတွင် ဤသည်မှာ ကံကြမ္မာခန်းမအတွက် ကောင်းမွန်သော အရာတစ်ခု ဖြစ်နိုင်သည်။ အကြောင်းအရင်းမှာ ဤသည်က ပါရမီရှင်များကို ပို၍ဆွဲဆောင်နိုင်မည် ဖြစ်သောကြောင့်ပင်။
အခြေအနေကို မြင်တွေ့ပြီးနောက် သူ သက်ပြင်းချနိုင်ပြီဟု တွေးထင်လိုက်စဥ်မှာပင် ဆယ့်တစ်ယောက်မြောက်လူက ရှေ့သို့လျှောက်လှမ်းလာခဲ့သည်။
"..."
ရှစ်ယွင်ကျင်းသည် လုံးလုံးလျားလျား စိတ်ရှုပ်ထွေးသွားပေ၏။
စမ်းသပ်ခံရန် လူဆယ်ယောက်သာ ရှိသည် မဟုတ်လော။ မည်သည့်အရာများ ဖြစ်ပျက်သွားသနည်း။
သူ၏အမူအယာကို မြင်တွေ့ချိန်၌ အကြီးအကဲကျူးရွှင်က လျင်မြန်စွာ ရှင်းပြလေသည်။
"ခန်းမသခင်ကို ပြန်ပြီးတင်ပြရမယ်ဆိုရင် ဒီလူတွေအားလုံးက သခင်လေးကျန်းနဲ့ ပတ်သက်ဆက်နွယ်နေပါတယ်... အရင်က သခင်လေးကျန်းက ပြဿနာတွေကို ရှောင်ရှားဖို့အတွက် သူတို့အားလုံးကို တပြိုင်နက်တည်း စမ်းသပ်ပေးဖို့ ပြောခဲ့ပြီးတော့ ကျွန်တော်ကလည်း ကုန်ကျစရိတ်တွေကို လျှော့ချနိုင်မယ်ထင်လို့ သဘောတူလိုက်တာပါ..."
"လူဆယ့်တစ်ယောက်က တပြိုင်နက်တည်း စမ်းသပ်ခံတာလား"
ရှစ်ယွင်ကျင်း၏မျက်နှာ မည်းမှောင်သွားသည်။
"ဆယ့်နှစ်ယောက်ပါ..."
ကျူးရွှင်သည် လျင်မြန်စွာ ဖြည့်စွက်လိုက်သည်။
သူတို့ စကားပြောနေစဥ်အတွင်းမှာပင် နောက်ဆုံးလူနှစ်ယောက်သည်လည်း ကျောက်တိုင်ကို အနီရောင် လင်းလက်စေခဲ့သည်။
"..."
ရှစ်ယွင်ကျင်းသည် နောက်ထပ်စကားတစ်ခွန်းမျှ မပြောနိုင်တော့ချေ။
လူဆယ့်နှစ်ယောက် တပြိုင်နက်တည်း စမ်းသပ်ခံပြီး သူတို့အားလုံး ကံကြမ္မာဆရာသခင်များ ဖြစ်လာကြသည်။ ဤကိစ္စသည် ဌာနချုပ်တွင်ပင်လျှင် ထူးဆန်းနေပေလိမ့်မည်။ ကံကြမ္မာခန်းမ ပြိုကျသွားသည်မှာ အံ့အားသင့်ဖွယ် မရှိတော့ချေ။
ရှစ်ယွင်ကျင်းသည် နောက်ဆုံးတွင် မည်သည့်အရာများ ဖြစ်ခဲ့သည်ကို နားလည်သွားပြီး ကျူးရွှင်ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။
"စည်းကမ်းတွေကို ချိုးဖောက်ပြီးတော့ လူတွေအများကြီးကို တပြိုင်နက်တည်း စမ်းသပ်ခွင့်ပေးတယ်... ကျူးရွှင် ငါတို့ ပြန်ရောက်တဲ့အချိန်မှာ မင်း အပြစ်ပေးခံရဖို့ ပြင်ထားတော့"
'မင်းက ဒါကို ကုန်ကျစရိတ် လျှော့ချတယ်လို့ ခေါ်တာလား.... မင်းက ကံကြမ္မာခန်းမဆောင်တစ်ခုလုံးကို ဖျက်ဆီးလိုက်တာပဲ'
"ကျွန်တော်..."
အကြီးအကဲကျူးရွှင်သည် ငိုချင်စိတ် ပေါက်သွားလေ၏။
ဤသည်မှာ စမ်းသပ်မှုတစ်ခုမျှသာ ဖြစ်သည်။ ဤသို့ ဖြစ်လာမည်ဟု မည်သူက တွေးထင်ထားမည်နည်း။
အပြစ်တင်ရန် တစ်စုံတစ်ယောက် ရှိရမည်ဆိုလျှင် ဤသည်မှာ သခင်လေးကျန်းနှင့် သူ၏ထိပ်သီးပါရမီရှင်လူတစ်စုကြောင့်သာ ဖြစ်ရပေမည်။
"ထားလိုက်တော့... မင်းတစ်ယောက်တည်းကို အပြစ်ပုံချလို့ မရဘူး... မင်း ဘာမှစိတ်မပူနဲ့... ငါ အမှန်အတိုင်း တင်ပြလိုက်မယ်... ဌာနချုပ်က ဘယ်လို ဆုံးဖြတ်မလဲဆိုတာကိုတော့ ငါ ကူညီပေးလို့ မရဘူး"
သူ၏အခြေအနေကို မြင်တွေ့ချိန်၌ ရှစ်ယွင်ကျင်းသည် အေးစက်စက်လေသံဖြင့် ပြောဆိုသည်။ အချိန်တခဏကြာမျှ စဥ်းစားပြီးနောက် သူက မေးမြန်းလိုက်သည်။
"စကားမစပ်... မင်း စောစောက ငါ့ကို ဘာပြောမလို့လဲ"
အစောပိုင်းက စွန်းချန် စမ်းသပ်ခံသောအချိန်တွင် ကျူးရွှင်သည် တစ်စုံတစ်ခုကို ပြောလိုခဲ့သော်လည်း အလင်းရောင်နှစ်ရောင်ကြောင့် အနှောင့်အယှက် ဖြစ်သွားခဲ့သည်။
"ကျွန်တော် ပြောချင်တာက... သခင်လေးကျန်း စမ်းသပ်မခံခင်တုန်းက... သူ့ရဲ့ တပည့်တွေနဲ့ အိမ်မွေးသားရဲတွေလည်း စမ်းသပ်မှုကို ခံယူခဲ့ပါတယ်"
အကြီးအကဲကျူးရွှင်က အားတင်း၍ ပြောဆိုလိုက်၏။
"အိမ်မွေးသားရဲတွေလား..."
ရှစ်ယွင်ကျင်းက သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းလိုက်သည်။
"ဘယ်အဆင့် ရင်းမြစ်သားရဲတွေလဲ... ကြယ်စင်မြစ်နယ်ပယ် ပထမအဆင့် ဒုတိယအဆင့်တွေလား ဒါမှမဟုတ် သူတို့မှာ သန့်စင်တဲ့ သွေးမျိုးဆက်တချို့ ရှိနေလို့လား"
"အဲ့... အဲ့ဒါက..."
ကျူးရွှင်က အတန်ငယ်အလှမ်းဝေးသော နေရာတစ်နေရာသို့ ညွှန်ပြလိုက်သည်။
"ဟိုမြင်းနဲ့ သူ့ရဲ့ဘေးက ကြက်ပါ"
"..."
ရှစ်ယွင်ကျင်းသည် အချိန်တခဏမျှ ကြက်သေသေသွားပြီးနောက် ပြောဆိုလိုက်၏။
"မင်း ဆိုလိုတာက အဲ့ဒါတွေက သခင်လေးကျန်းရဲ့ အိမ်မွေးသားရဲတွေလား... သူက လူရွေးချယ်နိုင်စွမ်း အရမ်းကောင်းပေမယ့် သာမာန်ကြက်တစ်ကောင်ကို ကံကြမ္မာဆရာသခင်တစ်ယောက် ဖြစ်လာအောင် ဘယ်လိုလုပ်ပြီး ပြောင်းလဲနိုင်မှာလဲ.."
သူ၏ ထက်ရှသော အမြင်အာရုံအရ ဤမြင်းနှင့် ကြက်နှစ်ကောင်လုံး အလွန်သာမန်ဆန်သည်ကို သူ အတပ်ပြောနိုင်သည်။
"သာမန်လား..."
ကျူးရွှင်သည် အနေခက်စွာဖြင့် သူ၏ခေါင်းကို ကုတ်လိုက်၏။
"အဲ့ဒီကြက်နဲ့ မြင်းကလည်း စမ်းသပ်မှုကို အောင်မြင်ပြီးတော့ ကံကြမ္မာဆရာသခင်တွေ ဖြစ်သွားကြတယ်... သူတို့ရဲ့ အခွင့်အလမ်းတွေက ယန်ဆန်းရှစ်ဆန်းထက်တောင် ပိုပြီးမြင့်မားပုံရတယ်... ဒါကြောင့် နောက်ပိုင်းကျရင် အသိအမှတ်ပြုတံဆိပ်ပြားတွေ လုပ်ပေးတဲ့အချိန်ကျရင် သူတို့အတွက်လည်း တစ်ခုစီ လုပ်ပေးရလိမ့်မယ်..."
"..."
ရှစ်ယွင်ကျင်း စကားမပြောနိုင် ဖြစ်သွားသည်။
သူသည် ထိတ်လန့်တုန်လှုပ်မှုများ ဤနေရာတွင် အဆုံးသတ်သွားပြီဟု ထင်ခဲ့သော်လည်း အစစ်အမှန် ပြင်းထန်သောတိုက်ခိုက်မှုကြီးသည် ယခုမှ စတင်နေပုံရသည်။
သူသာမက ဂိုဏ်းခွဲသခင်ချန်ယွီဟွမ်နှင့် တခြားလူများ အပါအဝင် လက်ရှိနေရာသို့ ရောက်နေသူများအားလုံး ကြက်သေသေနေကြသည်။
ယန်ဆန်းရှစ်ဆန်းပင်လျှင် ငိုချင်စိတ်ပေါက်လာသည်။
လွန်ခဲ့သော တစ်နာရီခန့်က သူသည် ဖေးလင်နှင့် ဆုယွင်ကျဲ့တို့ကို အနိုင်ယူခဲ့ကာ သူ့ကိုယ်သူ အလွန်ယုံကြည်ချက်ရှိပြီး ဂုဏ်ယူဝံ့ကြွားနေခဲ့သည်။ ယခုချိန်တွင်မူ သူသည် ကြက်တစ်ကောင်ပင် သူ၏အထက်တွင် ရှိနေသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ ဤသည်မှာ သူ၏ကံကြမ္မာ ဖြစ်နေသလော။
"လူတွေ အများကြီးပဲ... သူတို့အားလုံးက စမ်းသပ်မှုကို အောင်မြင်သွားကြတယ်"
ထောင့်တစ်နေရာတွင်ရှိနေသော မိုဟုန်သည် တံတွေးမျိုချလိုက်ပြီး လက်ဖက်ရည်ဖိုးအတွက် ရင်းမြစ်ဒင်္ဂါး အနည်းငယ်ကို ပေါ့ပေါ့ပါးပါး ပစ်ချလိုက်ကာ နောက်သို့ချာခနဲလှည့်၍ ထွက်ခွာခဲ့တော့သည်။
ကျိုးယီအင်ပါယာ၏ ကံကြမ္မာခန်းမမှ အကြီးအကဲတစ်ဦးအနေဖြင့် သူသည် ကံကြမ္မာဆရာသခင်များ မည်မျှထိ ရှားပါးသည်ကို သိရှိထားပေ၏။ ကျန်းရွှမ် ခေါ်ဆောင်လာခဲ့သော လူများအားလုံးသည် တစ်ကြိမ်တည်းတွင် စမ်းသပ်မှု အောင်မြင်သွားခြင်းမှာ ဤသည်မှာ မယုံကြည်နိုင်စရာကောင်းသည်။
ယခင်က သူသည် ကျန်းရွှမ်သည် အလွန်အသက်ငယ်ရွယ်သည်ဟု တွေးထင်ခဲ့လေ၏။ ထိုကြောင့် မင်ကျန်းထောင်၏ အံ့အားသင့်ဖွယ်ကောင်းသော ဓားသိုင်းကွက်များသည် ကျန်းရွှမ်နှင့် ပတ်သက်ဆက်နွယ်မှု မရှိနိုင်ဟု သူ တွေးထင်ခဲ့သည်။ သို့ရာတွင် ယခုချိန်၌မူ ထိုအတွေးသည် လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့လေပြီ။
ကျန်းရွှမ်သည် အလုံးစုံသိမြင်ကျောက်တိုင်အား အရောင်လေးရောင် ထွက်ပေါ်စေနိုင်သူ နှင့် ဂိုဏ်းခွဲသခင်ချန်ယွီဟွမ်အား လေးလေးစားစားဆက်ဆံအောင် ပြုမူစေနိုင်သူပင်။ ထို့ပြင် သူ ခေါ်ဆောင်လာသော လူများအားလုံးကို စမ်းသပ်မှု အောင်မြင်စေနိုင်သူ ဖြစ်နေလေရာ ဤအရာသည် သာမန်ဆန်ခြင်းနှင့် လုံးလုံးလျားလျား မသက်ဆိုင်ချေ။
မင်ကျန်းထောင်၏ဓားသိုင်းကွက်များကို ဤလူက သင်ကြားပေးခဲ့ခြင်း ဖြစ်နိုင်သည်။
...
ကျိုးယီအင်ပါယာ၏ အထက်မိုးကောင်းကင်ယံတွင် အဘိုးအိုတစ်ယောက်၏ပုံရိပ် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
ဤသည်မှာ အစောပိုင်းက အဆစ်ခုနစ်ဆစ်ပိုးမွှားကို ဖမ်းဆီးခဲ့သော အဘိုးကြီးကျိုးပင်။
ဤအချိန်တွင် သူသည် လေထုအတွင်းတွင် တိတ်တဆိတ်စွာ ပျံဝဲနေပြီး အောက်ဘက်ရှိ ကြီးမားကျယ်ပြန့်သော မြို့တော်ကို ကြည့်ရှုကာ အတွေးနက်နေပုံရသည်။
"ဒါက အမှန်ပဲ... ငါ့ရဲ့ 'စားဖိုမှူးကံကြမ္မာ' ကို နားလည်သဘောပေါက်တဲ့ မျိုးဆက်သစ်က ဒီမြို့ထဲမှာ ရှိနေတယ်... ဒါပေမဲ့ သူက ယောက်ျားလေးလား... မိန်းကလေးလား ဆိုတာတော့ ငါ မသိဘူး..."
အဘိုးကြီးကျိုးက အပြုံးဖြင့် ဆက်လက်၍ပြောဆိုသည်။
"တကယ်လို့ ယောက်ျားလေးဆိုရင်... ငါက သူ့ကို ငါ့ရဲ့သားလို သဘောထားမယ်... မိန်းကလေးဆိုရင် ငါက သူ့ကို ငါ့ရဲ့သမီးလို သဘောထားမယ်... ဘာပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် သူက ငါ့အတွက် မိသားစုဝင်ပဲ"