← Chapters

ဘဝအတု

Vol. 19 Ch. 251

ဘဝအတု

Vol. 19 Ch. 251

ဤအဘိုးကြီးကျိုး၏အမည်သည် ကျိုးချန်းဖြစ်ပြီး သူသည် စားဖိုမှူးကံကြမ္မာကို ဖန်တီးသူပင်။

စားဖိုမှူးကံကြမ္မာသည် တိုက်ခိုက်ရေးစွမ်းအား အရ အလွန်အားကောင်းခြင်း မရှိသော်လည်း လောကကြီးပေါ်တွင် အရသာအကောင်းဆုံး အစားအစာများကို ချက်ပြုတ်နိုင်စွမ်းနှင့် ချက်ပြုတ်ခြင်းပညာရပ်ကို ထိန်းချုပ်နိုင်စွမ်းတို့ကြောင့် မရေမတွက်နိုင်သော အစွမ်းထက် ပုဂ္ဂိုလ်များ၏လေးစားခြင်းကို ခံရသည်။

လွန်ခဲ့သော ရက်အနည်းငယ်ကပင် ချင်းနှင့် ဟေးဟူသော ပုဂ္ဂိုလ်နှစ်ဦးသည် သစ္စာစောင့်သိသော နောက်လိုက်များအလား သူ့အား ရှာဖွေနေခဲ့ကြသည်။ သူတို့သည့် အရသာအလွန်ကောင်းမွန်သည့် အစားအစာတစ်ခုကို စားလိုရုံမျှဖြင့် မိုင်ပေါင်းသန်းရာနှင့်ချီ၍ ခရီးသွားလိုစိတ်ရှိကြသည်။

ကျင့်ကြံသူများအတွက် သူတို့၏ကံကြမ္မာကို မကျော်လွန်နိုင်သရွေ့ သူတို့သည် ကံကြမ္မာ၏ကန့်သတ်ချက်များကို လိုက်နာရမည်ဖြစ်ပြီး သူတို့၏သက်တမ်းသည် အကန့်အသတ်ရှိနေပေ၏။ သူတို့သည် ကျင့်ကြံမှုတွင် ရှေ့ဆက် မတိုးတက်နိုင်တော့သည့် အချိန်တွင် အစွမ်းထက်ပုဂ္ဂိုလ်အများစုသည် အစားအစာကောင်းများကို စားသောက်ရင်း သာယာပျော်ရွှင်မှုကို နှစ်ခြိုက်ကြသည်။ ဤအကြောင်းအရင်းကြောင့် ကျိုးချန်း၏ အဆင့်အတန်းသည် အမြဲတစေ မြင့်မားခဲ့ပေ၏။

ဤကံကြမ္မာသည် ပင်ကိုယ်ပါရမီ မရှိပါက တိုးတက်မှု နှေးကွေးစေသည်။ ကျိုးချန်းသည် သူ၏ဘဝတစ်သက်တာလုံးတွင် တပည့်အမြောက်အများကို လေ့ကျင့်ပျိုးထောင်ပေးခဲ့သော်လည်း သူ၏ အမွေအနှစ်ကို အမှန်တကယ် ဆက်ခံနိုင်သူ အလွန်နည်းပါးခဲ့သည်။

သူ၏သက်တမ်းသည် အဆုံးနှင့်နီးကပ်လာပြီး ဆက်ခံသူ မရှိသေးသောကြောင့် သူ ပင်ပင်ပန်းပန်း ဖန်တီးခဲ့သော မရေမတွက်နိုင်သည့် ဟင်းလျာများအားလုံးသည် ထာဝရ ပျောက်ကွယ်သွားမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။

ထို့ကြောင့် တစ်စုံတစ်ယောက်သည် စားဖိုမှူးကံကြမ္မာကို နားလည်သဘောပေါက်ခဲ့ကြောင်း သူ ကြားသိလိုက်ရသော အချိန်တွင် သူသည် သူ့ကိုယ်သူ ဆက်လက်၍ ထိန်းချုပ်မထားနိုင်တော့ချေ။ ထိုကြောင့် သူ ဆယ်နှစ်တိုင်တိုင် ရှာဖွေခဲ့သော ရှားပါးသည့် အဆစ်ခုနစ်ဆစ်ပိုးမွှားကိုပင် စွန့်လွှတ်ကာ ထိုပါရမီရှင်ကို ရှာဖွေရန် အလျင်အမြန် ထွက်လာခဲ့သည်။

"ဒီလို ရုတ်ရုတ်သဲသဲ ဖြစ်နေတာက အဲ့ဒီလူတွေက သူတို့ရဲ့ ကံကြမ္မာကို အခုလေးတင် ရှာဖွေတွေ့ရှိသွားတယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ... ဒါဆိုရင် သူတို့က ကံကြမ္မာခန်းမထဲမှာပဲ ရှိနေနိုင်တယ်..."

ကျိုးချန်းသည် အချိန်တခဏကြာမျှ စဥ်းစားလိုက်ပြီးနောက် ကျိုးယီမြို့တော်၏ အလယ်ဗဟိုသို့ လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။ မကြာမီမှာပင် သူ ရောက်ရှိလာခဲ့ပြီး ပျက်စီးနေသော အဆောက်အအုံများကို မြင်တွေ့မိချိန်၌ ကြက်သေသေသွားခဲ့သည်။

ကံကြမ္မာခန်းမသည် မြို့တော်ရှိ အရေးအကြီးဆုံး အဆောက်အအုံ ဖြစ်သည်နှင့်အညီ မည်သူမျှ တိုက်ခိုက်ဝံ့ခြင်းမရှိသောအရာ ဖြစ်သည်။ တော်ဝင်နန်းတော်ပင်လျှင် ပျက်စီးသွားနိုင်သော်လည်း မည်သူက ဤနေရာကို ထိရဲမည်နည်း။ မည်သည်ကြောင့် ဤမျှထိ ပျက်စီးသွားခဲ့သနည်း။

ထားလိုက်တော့...

သူသည် ပထမဦးစွာ မည်သည့်ကိစ္စများ ဖြစ်ခဲ့သည်ကို နားလည်ရန် ပတ်ဝန်းကျင်တွင် မေးမြန်းစုံစမ်းပြီးမှ စားဖိုမှူးကံကြမ္မာကို နားလည်သဘောပေါက်ခဲ့သော တပည့်အား ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။

အလုံးစုံသိမြင်ဂိုဏ်း၏ခန်းမကျယ်ကြီးထဲတွင် မိုဟုန်သည် အဝေးသို့ မရောက်သေးခင်မှာပင် မိုပိုင်ယဲ့ လျင်မြန်စွာ လျှောက်လှမ်းလာသည်ကို မြင်တွေ့လိုက်ရသည်။

မိုဟုန်သည် အလျင်အမြန် ချဥ်းကပ်သွားကာ အရိုအသေပြုလိုက်ပြီး အနည်းငယ်ဇဝေဇဝါဖြစ်နေဟန်ဖြင့် မေးမြန်းလိုက်၏။

"ဆရာ... ဆရာက ဒီနေရာကို ဘာလာလုပ်တာလဲ"

"ကံကြမ္မာခန်းမက ရုတ်တရက် ပြိုကျသွားတာကြောင့် ဒုတိယခန်းမသခင်တစ်ယောက်အနေနဲ့... ငါက ဘာဖြစ်ခဲ့လဲဆိုတာ လာကြည့်တာပဲ"

မိုပိုင်ယဲ့က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

မိုဟုန်သည် နားလည်သဘောပေါက်သွားပေ၏။ သူ၏ဆရာသည် မိုတောက်ဂိုဏ်း၏ဂိုဏ်းချုပ် ဖြစ်နေရုံတင်မက ကျိုးယီကံကြမ္မာခန်းမ၏ ဒုတိယခန်းမသခင်လည်းဖြစ်သည်။ ဤအကြောင်းအရင်းကြောင့် သူသည်လည်း အကြီးအကဲတစ်ဦး ဖြစ်လာရန် အခွင့်အလမ်း ရရှိခဲ့ခြင်းပင်။ ထိုသို့မဟုတ်ပါက သူနှင့် သူ့ဂျူနီယာညီလေးနှစ်ယောက်တို့၏ စွမ်းအားသည် အားနည်းခြင်း မရှိသော်လည်း သူတို့သည် အကြီးအကဲရာထူးနှင့် အလှမ်းကွာဟနေဆဲပင်။

"မင်းကရော... ငါ မင်းကို အဲ့ဒီကိစ္စ စုံစမ်းခိုင်းထားတာ မဟုတ်လား... မင်း ဘာလို့ ဒီနေရာကို ရောက်နေတာလဲ"

မိုပိုင်ယဲ့က မေးမြန်းလိုက်သည်။

"အကြောင်းအရင်းက ဒီလိုပါ..."

မိုဟုန်သည် သူ စုဆောင်းရရှိခဲ့သော သတင်းအချက်အလက်များကို အလျင်အမြန် ရှင်းပြလိုက်၏။

"မင်ကျန်းထောင် လေ့ကျင့်နေတဲ့ ဓားသိုင်းကွက်ကို အဲ့ဒီကျန်းရွှမ်က သင်ပေးခဲ့တာလို့ မင်းက ခန့်မှန်းထားတာလား"

မိုပိုင်ယဲ့က မေးမြန်းသည်။

"ဟုတ်ပါတယ်"

မိုဟုန်က တုံ့ပြန်အဖြေပေးသည်။

"ဒါပေမဲ့...ဒါက အမှန်ဟုတ်မဟုတ်ဆိုတာကိုတော့ အတည်ပြုချက် ရယူဖို့ လိုနေတုန်းပဲ..."

"အတည်ပြုဖို့ မလိုဘူး... ဒါက သူ ဖြစ်ဖို့ သေချာသလောက်နီးပါးပဲ"

မိုပိုင်ယဲ့က သူ၏လက်များကို နောက်သို့ပစ်ပြီး ပြောဆိုလိုက်သည်။

မိုဟုန်သည် စိတ်ရှုပ်ထွေးသွားပေ၏။

"ဆရာက ဘာလို့ ဒီလောက်တောင် သေချာနေရတာလဲ"

မိုပိုင်ယဲ့က သူ၏မျက်လုံးများကို ကျဥ်းမြောင်းလိုက်သည်။

"ပထမဦးအနေနဲ့ လွန်ခဲ့တဲ့ ရက်နည်းနည်းအကြာက မိုတောက်ကံကြမ္မာရဲ့ အမွှေးတိုင် ရုတ်တရက်ကြီး လောင်ကျွမ်းသွားခဲ့တယ်... အဓိပ္ပာယ်ကတော့ တစ်ယောက်ယောက်က မိုတောက်ကံကြမ္မာရဲ့ ဒုတိယအဆင့်ကို နားလည်သဘောပေါက်သွားတာပဲ... အဲ့ဒီအချိန်တုန်းက ငါက လင်းပုယန်လို့ ထင်ခဲ့လို့ မိုချင်းကို စုံစမ်းဖို့ လွှတ်လိုက်တယ်... နောက်ပိုင်းမှာ မိုချင်း အသတ်ခံလိုက်ရပြီးတော့ ငါက မင်ကျန်းထောင်ကို စုံစမ်းဖို့ လွှတ်လိုက်တယ်"

"မကြာသေးခင်က မိုတောက်ကံကြမ္မာအမွှေးတိုင်သုံးတိုင် ထပ်ပြီးလောင်ကျွမ်းတယ်... ငါက မင်ကျန်းထောင် အဆင့်ချိုးဖျက်နိုင်သွားပြီလို့ ထင်ခဲ့တာ... မင်း စမ်းသပ်ကြည့်တဲ့အချိန်မှာ သူက ထူးဆန်းတဲ့ ဓားနည်းစနစ်တစ်ခုကိုပဲ နားလည်သဘောပေါက်ခဲ့ပြီးတော့ သူ့ရဲ့ ကံကြမ္မာအဆင့်က တိုးတက်မသွားခဲ့ဘူး... ဒါကြောင့် ငါက တခြားတစ်ယောက်ယောက်ကလည်း မိုတောက်ကံကြမ္မာကို နားလည်သဘောပေါက်သွားပြီးတော့ ငါ့ရဲ့အဆင့်မျိုးကို ရောက်ရှိသွားတာ ဖြစ်နိုင်လောက်တယ်လို့ ငါ တွက်ဆခဲ့တယ်"

"အချိန်ကာလအရ ကြည့်ရင်... ဒါက မင်ကျန်းထောင် ကျိုးယီမြို့တော်ကို ရောက်လာတဲ့အချိန်နဲ့ အတိအကျပဲ... သူ ဘယ်သူနဲ့ အတူရှိနေခဲ့လဲဆိုတာကို ငါတို့ အတည်ပြုနိုင်သရွေ့ သူ့ကို အဲ့ဒီဓားနည်းစနစ် သင်ပေးခဲ့တာ ဘယ်သူလဲဆိုတာ ငါတို့ သေချာသိနိုင်ပြီ"

"ခုဏက အဲ့ဒီကောင်လေးက အလုံးစုံသိမြင်ကျောက်တိုင်ကို အရောင်လေးရောင် လင်းလက်စေခဲ့တာကို မင်း မြင်ခဲ့တယ် မဟုတ်လား... ငါ သံသယရှိတာက သူ့မှာ သူ့ရဲ့ ကံကြမ္မာကို ဝှက်ထားဖို့ အထူးနည်းလမ်းတစ်ခု ရှိနေတယ်လို့ပဲ... ပြီးတော့ အဝါရောင်အလင်းတန်းက မိုတောက်ကံကြမ္မာကနေ ထုတ်လွှတ်လိုက်တဲ့ အလင်းရောင် ဖြစ်လိမ့်မယ်..."

"သူ့ရဲ့ ကံကြမ္မာကို ဝှက်ထားတာလား"

မိုဟုန်သည် ဇဝေဇဝါဖြင့် မေးမြန်းသည်။

"ကံကြမ္မာဆိုတာ သီးသန့်တစ်ခုတည်း ဖြစ်နေရမှာ မဟုတ်လား...လူတစ်ယောက်က ကံကြမ္မာတွေအများကြီးကို ကျင့်ကြံနိုင်လို့လား"

"ငါလည်း ကံကြမ္မာက သီးသန့်တစ်ခုတည်းလို့ အမြဲတမ်း ထင်ခဲ့တာပဲ... ဒါပေမဲ့ တာအိုတစ်သောင်း မဟာမိတ်အစည်းအဝေးကို သွားတဲ့အချိန်မှာ ငါ မသိသေးတဲ့ လျှို့ဝှက်ချက်တချို့ဆီ နားလည်သဘောပေါက်ခဲ့တယ်"

မိုပိုင်ယဲ့၏မျက်လုံးများ တောက်ပသွားသည်။

မိုဟုန်သည် သိချင်စိတ်ပြင်းပြသွားပေ၏။

"လျှို့ဝှက်ချက်တွေလား..."

တာအိုတစ်သောင်း မဟာမိတ်အစည်းအဝေးသည် ဓားကံကြမ္မာကျင့်ကြံသူများအားလုံး စုဝေးကြသော ကြီးကျယ်ခမ်းနားသော ပွဲတော်တစ်ခုပင်။ လွန်ခဲ့သော နှစ်လကျော်က... သူ၏ဆရာသည် ထိုပွဲတော်သို့ တက်ရောက်ခဲ့ပြီး မရေမတွက်နိုင်သော ထိပ်သီးကျင့်ကြံသူများနှင့် တွေ့ဆုံခဲ့သည်။

မိုပိုင်ယဲ့က ပြောဆိုသည်။

"မင်းရဲ့ ကျင့်ကြံမှုက အရမ်းနိမ့်သေးတယ်... ဒါကြောင့် မင်း အခုချိန်မှာ ဒါတွေကို သိဖို့မလိုသေးဘူး... အရာရာတိုင်းမှာ အမှန်နဲ့ အမှားရှိပြီးတော့ ကံကြမ္မာတွေမှာလည်း အစစ်အမှန်နဲ့ အတုအယောင် ရှိနိုင်တယ်ဆိုတာကိုပဲ မင်း နားလည်ထားလိုက်... အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တချို့က ကံကြမ္မာအတွက်နဲ့ တိုက်ပွဲတစ်ပွဲအတွင်းမှာ သူတို့ အသတ်ခံရမှာကို စိုးရိမ်တဲ့အတွက် ကံကြမ္မာအတုအယောင်တစ်ခု ဒါမှမဟုတ် တစ်ခုထက်ပိုပြီးကျင့်ကြံဖို့ အထူးနည်းလမ်းတွေကို မကြာခဏ အသုံးပြုကြတယ်"

"ဒီကံကြမ္မာအတုအယောင်တွေက... အကျပ်အတည်းကာလတွေမှာ သူတို့ရဲ့ အသက်ကို ထိန်းသိမ်းထားဖို့ ကူညီပေးလေ့ရှိတယ်... ဒါကို 'လီသိုက်ထောင်ကျန်း'* လို့ ခေါ်တယ်...သေဆုံးသွားပြီလို့ ထင်ရတဲ့ ထိပ်တန်းအဆင့် ကျင့်ကြံသူတော်တော်များများက တကယ်တော့ အသက်ရှင်နေတုန်းပဲ... မတူညီတဲ့ ပုံပန်းသွင်ပြင်တစ်ခုအောက်မှာ သူတို့က ရှင်သန်နေကြတာ...တကယ်တော့ ငါ့ရဲ့ လက်ရှိကျင့်ကြံဆင့်နဲ့ အဲ့ဒီအရာက ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို အတိအကျသိဖို့ အရည်အချင်း မရှိသေးဘူး"

"ကံကြမ္မာအတုအယောင်... လီသိုက်ထောင်ကျန်း"

မိုဟုန်သည် စကားမပြောနိုင် ဖြစ်သွားလေ၏။

သူသည် ဤအရာများကို ယခင်က တစ်ကြိမ်တစ်ခါမျှ မကြားဖူးခဲ့သဖြင့် ယခုချိန်တွင် သူ၏ ရှေ့၌ ကမ္ဘာသစ်တစ်ခု ပွင့်လာသကဲ့သို့ ခံစားလိုက်ရသည်။

အချိန်တခဏကြာမျှ ထိတ်လန့်တုန်လှုပ်သွားပြီးနောက် သူက မေးမြန်းလိုက်သည်။

"ဒါဆိုရင် အဲ့ဒီကျန်းရွှမ်က ဆရာပြောခဲ့တဲ့ ကံကြမ္မာအတုအယောင်တွေကို ကျင့်ကြံတဲ့ ထိပ်သီးကျင့်ကြံသူမျိုးလား"

မိုပိုင်ယဲ့က ပြောဆိုသည်။

"ဖြစ်နိုင်ပါတယ်... ဒါပေမဲ့ သူက ထိပ်သီးကျင့်ကြံသူအစစ် ဟုတ်မဟုတ်ဆိုတာကတော့ မသေချာသေးဘူး... သူက လျှို့ဝှက်နည်းစနစ်ကို စောစောစီးစီး ရရှိခဲ့တဲ့ အစွမ်းထက်မိသားစုတစ်စုက သခင်လေးတစ်ယောက်လည်း ဖြစ်နိုင်တယ်..."

"လမ်းပေါင်းများစွာက တာ့ချင်မြို့တော်*ကို ဦးတည်ပေမဲ့... လူတချို့က တာ့ချင်မြို့တော်မှာပဲ မွေးဖွားလာကြတာ... ဒီလျှို့ဝှက်နည်းစနစ်တွေက ငါတို့ တစ်ခါမှ မကြားဖူးခဲ့တဲ့ အရာတွေ ဖြစ်ပေမဲ့ အစွမ်းထက်မိသားစုတွေက မျက်နှာသာပေးခံရတဲ့ ကလေးတချို့အတွက်တော့ သူတို့က ငယ်စဥ်ကတည်းက ဒီနည်းစနစ်တွေကို ထိတွေ့ခွင့် ရခဲ့ကြတယ်"

"သူက အစွမ်းထက်မိသားစုတစ်စုရဲ့ လူငယ်ပါရမီရှင်တစ်ယောက်ဆိုရင်..."

မိုဟုန်၏မျက်လုံးများတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်တစ်ရပ် ထင်ဟပ်လာသည်။

"ကျွန်တော်တို့ ဆက်လုပ်သင့်သေးလား.."

ကျန်းရွှမ်၏မိသားစုနောက်ခံသည် ဤမျှထိ သာလွန်ထူးကဲနေပါက ဤသည်မှာ သူတို့ လွယ်လင့်တကူ ထိတွေ့နိုင်မည့် အရာတစ်ခု မဟုတ်ပေ။ ထိုသို့မဟုတ်ပါက ဤသည်မှာ သူတို့၏ ကိုယ်ပိုင်ဂိုဏ်းကို ဖျက်ဆီးပစ်ခြင်းဟု အဓိပ္ပာယ်ရပေလိမ့်မည်။

"ဆက်လုပ်ရမှာပေါ့"

မိုပိုင်ယဲ့၏မျက်လုံးများ တောက်ပသွားသည်။

"ပထမဆုံးအနေနဲ့ သူက မိုတောက်ကံကြမ္မာကို ကျင့်ကြံထားတယ်... ဒါက သူ့ကို ငါနဲ့ ပြိုင်ဆိုင်မှုထဲကို ရောက်နေစေပြီးသားပဲ... သူသာ ငါ့ထက် အရင် စတုတ္ထအဆင့်ကို ချိုးဖျက်ဝင်ရောက်သွားခဲ့ရင် ငါ့ရဲ့ကံကြမ္မာက သူ့ရဲ့လက်အောက်ခံအဖြစ်ကို အလိုအလျောက် ရောက်သွားလိမ့်မယ်"

မိုဟုန်သည် ထိတ်လန့်တုန်လှုပ်သွားသည်။

"ကံကြမ္မာအတုအယောင်ကလည်း အစစ် ဖြစ်လာနိုင်တယ်"

မိုပိုင်ယဲ့က ခေါင်းညိတ်လိုက်သည်။

"အတုအယောင်က အစစ် ဖြစ်လာတဲ့အချိန်မှာ အစစ်က အတုအယောင် ဖြစ်သွားတာပဲ... အခုချိန်မှာ ဒါက အတုအယောင် ဖြစ်နေပေမဲ့ သူက ငါ့ထက် အရင် စတုတ္ထအဆင့်ကို ချိုးဖျက်ဝင်ရောက်သွားသရွေ့ ဒါမှမဟုတ် ငါ့ကို သတ်ပစ်လိုက်သရွေ့ ဒါက အလိုအလျောက် အစစ်အမှန်အဖြစ်ကို ပြောင်းလဲသွားလိမ့်မယ်..."

"ဒါ..."

မိုဟုန်၏မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အမူအယာတစ်ခု ထင်ဟပ်လာသည်။

ဤသတင်းသည် ကံကြမ္မာအပေါ် သူ၏ နားလည်သဘောပေါက်မှုကို လုံးလုံးလျားလျား ပြောင်းပြန်လှန်ပစ်လိုက်သည်။

သူ၏တပည့်ကိုကြည့်ပြီး မိုပိုင်ယဲ့က ခေါင်းခါယမ်းလိုက်သည်။ သူ ဤအရာကို ပထမဆုံး သိရှိခဲ့စဥ်က သူ၏အမူအယာသည်လည်း သူ့တပည့်နှင့် များစွာကွာခြားခြင်းမရှိချေ။

"ငါတို့က အခု ရှေ့မတိုးသာနောက်မဆုတ်သာ အခြေအနေမှာ ရောက်နေပြီ... သူသေရင်သေ ဒါမှမဟုတ် ငါသေပဲ... ဒီအခြေအနေထိ ရောက်လာမှတော့ ဘာလို့ ရှေ့မဆက်ရမှာလဲ... ဒါ့ပြင် သူက ကံကြမ္မာအတုအယောင်ကို ကျင့်ကြံထားမှတော့ ဒီလျှို့ဝှက်ချက်တွေအတွက် ကျင့်ကြံမှုမန္တန်တွေကို သူက သိနေမှာပဲ... ငါတို့သာ အဲ့ဒါတွေကို ရနိုင်ခဲ့ရင်... ငါတို့ရဲ့ လက်ရှိပုံပန်းသွင်ပြင်တွေကို စွန့်လွှတ်ပြီးတော့ ပုန်းလျှိုးကွယ်လျှိုး နေထိုင်ရရင်တောင် ဘာများ နစ်နာစရာ ရှိလို့လဲ..."

မိုပိုင်ယဲ့၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အမူအယာတစ်ရပ် ထင်ဟပ်လာသည်။

မိုဟုန်က ခေါင်းညိတ်လိုက်သည်။ ဤအဆင့်ရှိသော လျှို့ဝှက်နည်းစနစ်တစ်ခုကို အကယ်၍ သူတို့ ရရှိနိုင်မည်ဆိုလျှင် အစွမ်းထက်မိသားစုများ၏ လိုက်လံအမဲလိုက်ခြင်းကို ခံရလျှင်ပင် ထိုက်တန်ပေ၏။

ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး မိုဟုန်က သူ၏ဆရာကို သိချင်စိတ်ပြင်းပြစွာဖြင့် ကြည့်လိုက်သည်။

"ဆရာ... ကျွန်တော် နားမလည်တာ တစ်ခုရှိတယ်... ကံကြမ္မာတစ်ခုကို ကျင့်ကြံဖို့က ခက်ခဲတယ်... တစ်ခုကို အဆုံးစွန်ဆုံးအဆင့်ထိ ကျင့်ကြံဖို့ဆိုရင် မရေမတွက်နိုင်တဲ့နှစ်တွေ လိုအပ်တယ်... လူတချို့ဆိုရင် သူတို့ရဲ့တစ်ဘဝလုံး သုံးစွဲတာတောင် အထွတ်အထိပ်ကို မရောက်နိုင်ဘူး... ကံကြမ္မာအတုအယောင်တစ်ခုကို ကျင့်ကြံဖို့အတွက် အချိန် ဒါမှမဟုတ် စွမ်းအားတွေ ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ"

သူသည် မိုတောက်ကံကြမ္မာကို ဆယ်စုနှစ်များစွာ ကျင့်ကြံခဲ့ပြီးနောက် ဒုတိယအဆင့်သို့သာ ရောက်ရှိသေးသည်။ သူသည် တတိယအဆင့်နှင့် မည်မျှထိ ဝေးကွာနေသည်ကို သူ မသိချေ။ နောက်ထပ်ကံကြမ္မာတစ်ခု ကျင့်ကြံရန်ကို မဆိုထားနှင့် လက်ရှိအရာအတွက်ပင် သူ့ထံ၌ အချိန် မရှိချေ။

မိုပိုင်ယဲ့က ခေါင်းခါလိုက်သည်။

"မင်းက အရမ်းနုံအတာပဲ... မင်းက ဒီအစွမ်းထက်မိသားစုဝင်တွေ ဒါမှမဟုတ် ထိပ်သီးတည်ရှိမှုကြီးတွေက သူတို့ကိုယ်တိုင်က ကံကြမ္မာအတုအယောင်တွေကို ကျင့်ကြံကြတယ်လို့ မင်း တကယ်ကြီး ထင်နေတာလား"

မိုဟုန် အံ့အားသင့်သွားသည်။

"သူတို့ကိုယ်တိုင် ကျင့်ကြံတာ မဟုတ်ဘူးလား"

"မဟုတ်တာ သေချာတာပေါ့"

မိုပိုင်ယဲ့က ခေါင်းညိတ်လိုက်။

"တချို့အစွမ်းထက်မိသားစုတွေက... ကံကြမ္မာအတုအယောင် ကျင့်ကြံသူတွေကို သေမင်းတမန် စစ်သည်တော်တွေကို မွေးမြူသလိုမျိုး မွေးမြူထားကြတယ်... သူတို့က အဲ့ဒီလူတွေကို အကောင်းဆုံးအရင်းအမြစ်တွေနဲ့ ကျင့်ကြံနည်းစနစ်တွေ ပံ့ပိုးပေးတယ်....လိုအပ်တဲ့အချိန်မှာ သူတို့ဆီကနေ ကံကြမ္မာကို ထုတ်ယူလိုက်တယ်...တကယ်တော့ ဒါက နည်းလမ်းတစ်ခုတည်းပဲ ရှိသေးတယ်... အစစ်အမှန် အစွမ်းထက်မိသားစုတွေနဲ့ ထိပ်သီးတည်ရှိမှုကြီးတွေက အသက်ရှင်သန်ဖို့အတွက် မင်း စိတ်ကူးနိုင်တာထက် အများကြီး ပိုရက်စက်တဲ့လုပ်ရပ်တွေကို လုပ်ကြတယ်... သူတို့က သူတို့ရဲ့မျိုးဆက်သစ် ပါရမီရှင်တွေ အပေါ်မှာတောင်... ဒီလို လုပ်ကောင်း လုပ်နိုင်တယ်"

မိုဟုန်၏လည်ပင်း ပုဝင်သွားသည်။

သူသည် သူ၏ဆရာကို အမြဲတစေ ရက်စက်သည်ဟု ထင်ခဲ့သော်လည်း ဤအရာကို ကြားလိုက်ရချိန်၌ ဤအဆင့်မြင့်ပုဂ္ဂိုလ်များ၏ ရက်စက်မှု မည်မျှထိ ကြောက်မက်ဖွယ်ကောင်းသည်ကို သူ နားလည်သွားသည်။ သူတို့နှင့် နှိုင်းယှဥ်ပါက သူ၏ဆရာသည် အလှမ်းကွာဟနေဆဲပင်။

အစွမ်းထက်ပုဂ္ဂိုလ်တိုင်း၏လက်များတွင် သွေးများ စွန်းထင်းနေပေ၏။

"တော်လောက်ပြီ"

မိုပိုင်ယဲ့က သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး သူ၏မျက်လုံးများ တောက်ပလာသည်။

"အဲ့ဒီလူက မင်ကျန်းထောင်ကို ဓားနည်းစနစ်သင်ပေးခဲ့တယ်ဆိုတာ ငါတို့ သိနေမှတော့... ငါက သူ့ရဲ့အစစ်အမှန်အစွမ်းအစကို သွားပြီး စမ်းသပ်ကြည့်မယ်... သူသာ အားနည်းနေရင် ငါတို့ အခွင့်အရေးကို အရယူပြီး သူ့ကို သတ်ပစ်မယ်... သူသာ သန်မာအားကောင်းနေရင် သူ့ကိုသတ်ဖို့ အသုံးပြုနိုင်မယ့် နည်းလမ်းတစ်ခုကို ငါတို့ ရှာရမယ်... ဘယ်လိုပဲဖြစ်ဖြစ် ငါတို့မှာ နောက်ကြောင်းပြန်လှည့်စရာ အကြောင်းမရှိတော့ဘူး... သူ သေကိုယ်သေတိုက်ခိုက်ရုံပဲ ကျန်တော့တယ်"

မိုဟုန်သည် ခေါင်းညိတ်လိုက်ပြီး သူ၏မျက်နှာအမူအယာ တည်ကြည်လေးနက်နေသည်။

"နားလည်ပါပြီ ဆရာ"

"သွားကြစို့"

မိုပိုင်ယဲ့သည် စကားဆက်မပြောတော့ဘဲ အလုံးစုံသိမြင်ဂိုဏ်း တည်ရှိနေရာဘက်သို့ လျင်မြန်စွာ လျှောက်လှမ်းသွားခဲ့သည်။

အလုံးစုံသိမြင်ဂိုဏ်းတွင် ရှစ်ယွင်ကျင်းသည် ကျန်းရွှမ်တို့လူစုထံသို့ အသိအမှတ်ပြုတံဆိပ်ပြားများကို ပေးအပ်နေခဲ့သည်။

"ဒီ အသိအမှတ်ပြုတံဆိပ်ပြားက ကံကြမ္မာဆရာသခင်တွေဆိုတဲ့ မင်းတို့ရဲ့အဆင့်အတန်းကို ကိုယ်စားပြုတယ်... ဒါတွေကို လုံလုံခြုံခြုံ သိမ်းထားပါ... ဒီနေ့ကစပြီး မင်းတို့က ကျိုးယီအင်ပါယာရဲ့ တရားဝင် မှတ်ပုံတင်ထားတဲ့ ကံကြမ္မာဆရာသခင်တွေ ဖြစ်သွားကြပြီ..."

သူသည် ကြက်ပေါက်လေးနှင့်သောက်လီတို့ထံသို့ အသိအမှတ်ပြုတံဆိပ်ပြားကို ပေးအပ်သောချိန်တွင် သူသည် အနည်းငယ် စိတ်ရှုပ်ထွေးမှုကို ခံစားလိုက်ရသည်။

အကြီးအကဲကျူးရွှင်က ဤသားရဲနှစ်ကောင်သည် အမှန်တကယ်ကို ဓမ္မရုပ်သွင်နယ်ပယ်သို့ ရောက်ရှိနေကြောင်း အတည်ပြုခဲ့ပြီးဖြစ်သည်။ထို့ပြင် သူတို့သည် အမှန်တကယ်ကို တရားဝင် ကံကြမ္မာဆရာသခင်များပင်။ သို့ရာတွင် ကံကြမ္မာဆရာသခင်များအတွက် စံနှုန်းသည် ဤမျှထိ နိမ့်ကျသွားခဲ့သလော။

"မင်းတို့က ကျင့်ကြံမှုအပေါ် အာရုံစိုက်ပါ... ပြီးတော့ ကံကြမ္မာခန်းမကို မကြာခဏ လာလည်ဖို့ သတိရပါ..."

ရှစ်ယွင်ကျင်းသည် သောက်လီ၏ခေါင်းကို ပုတ်လိုက်ပြီး သာမာန်အကြံဉာဏ်များ ပေးအပ်ခဲ့ပြီးနောက် ကျန်းရွှမ်ဘက်သို့ လှည့်ကြည့်လိုက်၏။

"သခင်လေးကျန်း... မင်းမှာ အခု အချိန်နည်းနည်း ရှိပါသလား... ငါက မင်းနဲ့ စကားစမြည် ပြောချင်တယ်... ငါ ရှင်းရှင်းလင်းလင်း သိဖို့ လိုအပ်တဲ့ ကိစ္စတချို့ ရှိနေလို့ပါ..."

ကံကြမ္မာခန်းမ ပြိုကျမှုသည် အကြီးအကဲကျူးရွှင်က စည်းမျဥ်းများကို မလိုက်နာခဲ့ခြင်းကြောင့် ဖြစ်ပွားခဲ့သည်မှာ သိသာထင်ရှားနေလေပြီ။ သို့ရာတွင် သူ ရှင်းရှင်းလင်းလင်း သိရှိရန် လိုအပ်သော အသေးစိတ် အချက်အလက်တချို့ ကျန်ရှိနေဆဲပင်။

"ဒါက ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ"

ကျန်းရွှမ်သည် သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ရင်း တုံ့ပြန်လိုက်သည်။

"ဂိုဏ်းခွဲသခင်ချန်...မင်းတို့ရဲ့အရံခန်းမကို ငါခဏငှားလို့ရမလား"

ရှစ်ယွင်ကျင်းက မေးမြန်းသည်။

ချန်ယွီဟွမ်က ခေါင်းညိတ်လိုက်သည်။

"ရတာပေါ့... ဒါပေမဲ့ ငါလည်း သခင်လေးကျန်းကို မေးစရာ မေးခွန်းတချို့ ရှိနေတယ်... ငါတို့ အတူတူ သွားကြမလား... ခန်းမသခင်ရှစ်က ကန့်ကွက်မှာ မဟုတ်ဘူးလို့ ငါ မျှော်လင့်မိတယ်"

"မကန့်ကွက်ပါဘူး..."

ရှစ်ယွင်ကျင်းက ခေါင်းညိတ်လိုက်သည်။

ကျန်းရွှမ်က စွန်းချန်နှင့်တခြားလူများကို ကြည့်လိုက်သည်။

"ငါ့မှာ ခန်းမသခင်ရှစ်နဲ့ ဆွေးနွေးစရာ အကြောင်းအရာတချို့ ရှိနေတယ်... မင်းတို့ အရင် ပြန်သွားကြတော့"

"ဟုတ်ကဲ့"

စွန်းချန်နှင့်တခြားလူများသည် ခေါင်းညိတ်လိုက်ကြပြီး ထွက်ခွာရန် ဟန်ပြင်လိုက်စဥ်မှာပင် အပြင်ဘက်မှ ကျယ်လောင်သော အော်ဟစ်သံတစ်သံကို ကြားလိုက်ရသည်။

"ခဏနေအုံး"

မကြာမီမှာပင် လူများအားလုံးသည် မိုပိုင်ယဲ့ လျင်မြန်စွာ လျှောက်လှမ်းဝင်လာသည်ကို မြင်တွေ့လိုက်ရသည်။

***လီသိုက်ထောင်ကျန်း=တရုတ်စစ်နည်းဗျူဟာ ၃၆ခုအနက်မှတစ်ခု

အဓိပ္ပါယ်...ပို၍တန်ဖိုးရှိသော သို့မဟုတ် ပို၍အရေးကြီးသော အရာတစ်ခုကို ကာကွယ်ရန်အတွက် တန်ဖိုးနည်းသော သို့မဟုတ် အရေးမကြီးသော အရာတစ်ခုကို စွန့်လွှတ်အနစ်နာခံခြင်းပင်။

***

ရောမလို့ Eမှာပါတာ သိပ်မအပ်စပ်ဘူးထင်လို့ ရောမရဲ့ ရှေးဟောင်းတရုတ်နာမည်ဖြစ်တဲ့ တာ့ချင်ကို သုံးနှုန်းလိုက်ပါတယ်

All Chapters