← Chapters

ကျေးဇူးသိမြင်ခြင်း ကံကြမ္မာ

Vol. 19 Ch. 252

ကျေးဇူးသိမြင်ခြင်း ကံကြမ္မာ

Vol. 19 Ch. 252

"ဒုခန်းမသခင်မို"

ရှစ်ယွင်ကျင်းသည် လှမ်းကြည့်လိုက်၏။

"ခန်းမသခင်..."

မိုပိုင်ယဲ့သည် အံ့အားသင့်ဟန်ဆောင်ကာ သူ၏လက်ကိုပူးဆုပ်ပြီး အရိုအသေပြုလိုက်သည်။

"ကံကြမ္မာခန်းမ ပြိုကျတဲ့အကြောင်း ကြားလို့ ကျွန်တော်က အထူးတလည် လာခဲ့တာပါ... ခန်းမသခင်ကိုယ်တိုင် ဒီနေရာမှာ အခြေအနေကို ကြည့်ရှုနေမှတော့ ကျွန်တော်က လောကြီးသွားပုံရတယ်"

ရှစ်ယွင်ကျင်းက အပြုံးနှင့် ခေါင်းညိတ်လိုက်၏။

"ဒုခန်းမသခင်မိုက ကံကြမ္မာခန်းမအတွက် စိုးရိမ်လို့ပါ... ဘယ်လိုလုပ်ပြီး လောကြီးရာ ကျမှာလဲ"

မိုပိုင်ယဲ့က စူးစမ်းသကဲ့သို့ ကြည့်လိုက်သည်။

"ခန်းမသခင်က ဒီနေရာမှာ ရှိနေမှတော့ တကယ်တမ်း ဘာတွေဖြစ်ခဲ့တာလဲဆိုတာ သိနိုင်မလား... ကံကြမ္မာခန်းမလို ခိုင်ခံ့တဲ့ အဆောက်အအုံက ဘာလို့ ရုတ်တရက်ကြီး ပြိုကျသွားရတာလဲ... တစ်ယောက်ယောက်က တိုက်ခိုက်သွားတာများလား"

"ဒါက..."

ရှစ်ယွင်ကျင်းသည် အချိန်တခဏကြာမျှ တွေဝေတုံ့ဆိုင်းသွားပြီးနောက် သူ သိသမျှအရာအားလုံးကို ရှင်းပြလိုက်သည်။

မိုပိုင်ယဲ့သည် မိုဟုန်ထံမှ ကြားသိပြီးဖြစ်သော်လည်း ပထမဆုံးအကြိမ် ကြားဖူးဟန်ဆောင်ကာ လုံးလုံးလျားလျား မယုံကြည်နိုင်သကဲ့သို့ ပြုမူနေသည်။ ရှစ်ယွင်ကျင်း ရှင်းပြပြီးသည့်အချိန်တွင် သူသည် မလှမ်းမကမ်းရှိ ကျန်းရွှမ်ထံသို့ ကြည့်လိုက်သည်။

"တခြားလူတွေရဲ့ အကဲဖြတ်မှုတွေအားလုံးက ချောချောမွေ့မွေ့ ဖြစ်ခဲ့တယ်... ဒါပေမဲ့ သူတို့အကဲဖြတ်ခံတဲ့ အချိန်ကျမှ ကံကြမ္မာခန်းမ ပြိုကျသွားတာက တစ်ယောက်ယောက်ကများ တစ်ခုခု ကြံစည်လိုက်တာ ဖြစ်နေမလား"

ရှစ်ယွင်ကျင်းသည် မျက်မှောင်ကြုတ်လိုက်၏။

"ဒုခန်းမသခင်မို... စကားပြောတာ သတိထားပါ"

မိုပိုင်ယဲ့က လျင်မြန်စွာ ခေါင်းညိတ်လိုက်သည်။

"ကျွန်တော်က အတွေးလွန်သွားတာ ဖြစ်နိုင်ပါတယ်... ကျွန်တော့်မှာ မဖြစ်သင့်တဲ့ တောင်းဆိုမှုတစ်ခု ရှိပါတယ်... ခန်းမသခင်က ခွင့်ပြုပေးမယ်လို့ မျှော်လင့်ပါတယ်... ကျွန်တော်ရဲ့တပည့် မိုဟုန်ကို သခင်လေးကျန်းရဲ့ အရည်အချင်းတွေကို စမ်းသပ်ခိုင်းချင်တယ်... ဒါမှ သူ့ရဲ့နာမည် သန့်ရှင်းသွားမှာပါ... မဟုတ်ရင် ကျွန်တော်တို့က ဒီလို မတွေးရင်တောင် တခြားလူတွေက ဒီအကြောင်းကို ကြားသွားရင်... သူ့အတွက် မကောင်းနိုင်ဘူး"

"ဒါက..."

ရှစ်ယွင်ကျင်းသည် မျက်မှောင်ကြုတ်လိုက်ပြီး ကျန်းရွှမ်ဘက်သို့ လှည့်ကြည့်လိုက်သည်။

"သခင်လေးကျန်း... ဒါက မိုတောက်ဂိုဏ်းရဲ့ဂိုဏ်းချုပ်ဖြစ်တဲ့ ကံကြမ္မာခန်းမရဲ့ဒုတိယခန်းမသခင် မိုပိုင်ယဲ့ပါ... သူက မင်းရဲ့အစွမ်းအစကို မြင်ချင်နေတယ်... မင်းအတွက် အဆင်ပြေနိုင်မလား မသိဘူး..."

"ဒါက ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ"

ကျန်းရွှမ်က အပြုံးနှင့် ခေါင်းညိတ်ပြလိုက်၏။

သူသည် မိုတောက်ကံကြမ္မာကို ကူးယူခဲ့ပြီးဖြစ်ရာ တစ်ဖက်လူက သတိပြုမိသွားပြီး ဖြစ်ပေမည်။ ထိုသို့မဟုတ်ပါက သူသည် သူ၏တပည့်များကို အကြိမ်ကြိမ် စေလွှတ်ခဲ့မည် မဟုတ်ချေ။ သူတို့သည် ကျန်းရွှမ်က မိုတောက်ကံကြမ္မာကို အသုံးပြုနိုင်စွမ်းရှိမရှိအပြင် သူ၏တပည့် သေဆုံးမှုနှင့် ပတ်သက်မှုရှိမရှိကို သိလိုပုံရပေ၏။

ကျန်းရွှမ် သဘောတူသည်ကို မြင်တွေ့ချိန်၌ မိုပိုင်ယဲ့သည် မိုဟုန်ကို အချက်ပြလိုက်သည်။ ထိုအချက်ပြမှုကို ရရှိသည်နှင့် မိုဟုန်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ရာ အစွမ်းထက်သော ဖိအားလှိုင်းတစ်ရပ် ချက်ချင်းပျံ့နှံ့လာခဲ့သည်။

မိုဟုန်သည် ကြယ်စင်မြစ်နယ်ပယ် တတိယအဆင့်၏ အထွတ်အထိပ် ကျင့်ကြံသူတစ်ဦးဖြစ်ပြီး မကြာသေးမီကမှ ကျင့်ကြံဆင့်ချိုးဖျက်ခဲ့သော မင်ကျန်းထောင်ထက် ပို၍သန်မာအားကောင်းသည်။

မိုဟုန်သည် အစွမ်းထက်သော ပြိုင်ဘက်တစ်ဦးမှန်း သိသဖြင့် ကျန်းရွှမ်သည် ကမ္ဘာသစ်ကို မဖွင့်လှစ်ဘဲ အနိုင်ရရန် ခက်ခဲလိမ့်မည်ဟု နားလည်သဘောပေါက်သွားသည်။ သူ၏မျက်လုံးများ ကျဥ်းမြောင်းသွားပြီး လျင်မြန်သော လှုပ်ရှားမှုဖြင့် လေထုထဲသို့ ဖမ်းဆုပ်လိုက်ရာ အေးစက်ငရဲဓားသည် သူ၏လက်ထဲတွင် ထွက်ပေါ်လာခဲ့သည်။ သူသည် သူ၏စွမ်းအားအရှိန်အဝါကို ထုတ်လွှတ်လိုက်၏။

ဓမ္မရုပ်သွင်ထင်ဟပ်ခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်...

"ဓားသုံးမလို့လား.."

မိုပိုင်ယဲ့က မျက်မှောင်ကြုတ်လိုက်ပြီး မိုဟုန်ကို မသိမသာ အချက်ပြလိုက်သည်။

မိုတောက်ကံကြမ္မာ၏ ဒုတိယအဆင့်သို့ ရောက်ရှိနေသော မိုဟုန်၏စွမ်းအားသည် ဓားသမားတစ်ယောက်ထက် သာလွန်သင့်သည်။ ဖိအားလုံလုံလောက်လောက် ပေးနိုင်သရွေ့ ကျန်းရွှမ်အား မိုတောက်ကံကြမ္မာကို အသုံးပြုရန် ဖိအားပေးနိုင်ပေမည်။ ဤသည်မှာ တိုက်ရိုက် အသုံးပြုခြင်းမဟုတ်လျှင်ပင် သူ သတိပြုမိပေမည်။

မိုဟုန်သည် အချက်ပြမှုကို နားလည်ပြီး ခေါင်းညိတ်လိုက်ကာ သူသည်လည်း သူ၏ဓားမကြီးကို ဓားအိမ်မှ ဆွဲထုတ်လိုက်သည်။

"ကျေးဇူးပြုပြီးတော့.."

"စကြစို့..."

ကျန်းရွှမ်က ခေါင်းညိတ်ပြကာ သူ၏ဓားရှည်ကို ဆွဲထုတ်လိုက်သည်။

"ခဏနေအုံး..."

တင်းမာမှုများ မြင့်တက်လာစဥ်မှာပင် ခပ်အုပ်အုပ်အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

"အကြီးအကဲမိုဟုန်... ခင်ဗျားရဲ့စွမ်းအားနဲ့ ကြယ်စင်မြစ်နယ်ပယ်ကိုတောင် မရောက်သေးတဲ့ တစ်ယောက်ယောက်နဲ့ယှဥ်ပြိုင်တာက တကယ်ကြီး တရားမျှတလို့လား"

လူများအားလုံး လှည့်ကြည့်လိုက်ကြရာ ပါရမီရှင်ယန်ဆန်းရှစ်ဆန်းက မလိုလားဟန်ဖြင့် စူးစိုက်ကြည့်နေသည်ကို မြင်တွေ့လိုက်ရသည်။

မိုဟုန်သည် ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။

"စမ်းသပ်မှုတစ်ခုပါပဲ... စိတ်မပူပါနဲ့... ငါက ညှာညှာတာတာ တိုက်ခိုက်ပေးပါ့မယ်"

ယန်ဆန်းရှစ်ဆန်းက ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်သည်။

"ကျွန်တော်လည်း ကြယ်စင်မြစ်နယ်ပယ် တတိယအဆင့် ကျင့်ကြံသူတစ်ယောက်က ဘယ်လောက်ထိ သန်မာအားကောင်းလဲဆိုတာ စမ်းသပ်ချင်တယ်... အကြီးအကဲမိုဟုန်က ကျွန်တော့်ကို လမ်းညွှန်မှုတချို့ ပေးလို့ရနိုင်မလား"

"အမ်..."

မိုဟုန်သည် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ဆရာဘက်သို့ ကြည့်လိုက်၏။

"ဒီတစ်ယောက်က..."

မိုပိုင်ယဲ့ စိတ်ရှုပ်ထွေးသွားသည်။

သူသည် ဤတက်သစ်စလူငယ်ကို ယခင်က တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့ပေ။

"ကျွန်တော်က ယန်ဆန်းရှစ်ဆန်းပါ"

ယန်ဆန်းရှစ်ဆန်းက ခေါင်းညိတ်ပြလိုက်သည်။

မိုပိုင်ယဲ့သည် ရုတ်တရက် နားလည်သဘောပေါက်သွားပေ၏။

"ယန်မိသားစုရဲ့ အထူးချွန်ဆုံး ပါရမီရှင်လား... မင်းရဲ့အသက်အရွယ်နဲ့ ကြယ်စင်မြစ်နယ်ပယ် တတိယအဆင့်က တစ်ယောက်ယောက်ကို စိန်ခေါ်တာက သတ္တိရှိတယ်ဆိုပေမဲ့... မင်းရဲ့စွမ်းအားကတော့ အများကြီး လိုနေသေးတယ်... မင်းရဲ့ကျင့်ကြံမှု တိုးတက်လာတဲ့အထိ စောင့်လိုက်ပါအုံး... ပြီးမှ မိုဟုန်ကို လာပြီးစိန်ခေါ်ပေါ့"

ယန်ဆန်းရှစ်ဆန်းက အေးစက်စက် နှာမှုတ်လိုက်သည်။

"ကျွန်တော့်ရဲ့ကျင့်ကြံမှု တိုးတက်လာတဲ့အချိန်ကျရင်... သူက ကျွန်တော့်ရဲ့ပြိုင်ဘက် ဖြစ်နိုင်အုံးမှာလား"

"မောက်မာလိုက်တဲ့ ကောင်လေး"

မိုဟုန်သည် ဆယ့်ခုနစ် ဆယ့်ရှစ်နှစ်အရွယ် ကောင်လေးတစ်ယောက်၏ အထင်သေးခြင်းကို ခံရသဖြင့် ဒေါသထွက်သွားသည်။

"ကောင်းပြီလေ... မင်းက ဘာကို အားကိုးပြီး ဒီလောက်ထိ မဆင်မခြင် ပြုမူနေတာလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့"

"အရမ်းကောင်းတယ်..."

ယန်ဆန်းရှစ်ဆန်းသည် ရှေ့သို့လျှောက်လှမ်းလိုက်၏။ သူ ခြေလှမ်းနှစ်လှမ်း လှမ်းလိုက်သည့် အချိန်တွင် မလှမ်းမကမ်းရှိ ခုန်းရှီယောင်ထံမှ တိုးညှင်းသော အသံတစ်သံ ထွက်ပေါ်လာသည်။

"နင် ဘာလုပ်နေတာလဲ... နင်က သူ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး"

ယန်ဆန်းရှစ်ဆန်းက ခေါင်းညိတ်လိုက်သည်။

"ငါ ခုဏက ငါ့ရဲ့ကံကြမ္မာကို နားလည်သဘောပေါက်သွားပြီ...ငါ ကြယ်စင်မြစ်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်ဖို့ တိုက်ပွဲတစ်ခု လိုအပ်နေတယ်... ငါ့ဘာသာငါ အဆင့်ချိုးဖျက်ဖို့ စောင့်နေရမယ်ဆိုရင် အနည်းဆုံး နောက်ထပ် လဝက်လောက် ကြာလိမ့်မယ်... ဒါ့ပြင် မင်းက ငါ့ကို ရွှေရောင်ကံကြမ္မာငါး ပေးခဲ့တယ်... ဒီတော့ ငါက မိုဟုန်ကို အရင် စိန်ခေါ်ပြီး မင်းရဲ့ဆရာကို ကူညီပေးမယ်"

ခုန်းရှီယောင် စကားမပြောနိုင် ဖြစ်သွားသည်။

"ငါက နင့်ကို ကျေးဇူးဆပ်ခိုင်းတာမှ မဟုတ်တာ..."

ယန်ဆန်းရှစ်ဆန်းက တုံ့ပြန်သည်။

"ဒါက အရေးမကြီးပါဘူး... ယောက်ျားတစ်ယောက်က ကျေးဇူးတရားကို ပြန်ဆပ်ရမယ်... အငြိုးအတေးကို ဖြေရှင်းရမယ်"

"ကျေးဇူးဆပ်တယ်... နင်က ကလေးတစ်ယောက်ပဲ ရှိသေးတာ... အတွေးမလွန်စမ်းပါနဲ့..."

ခုန်းရှီယောင်သည် ခေါင်းခါယမ်းလိုက်၏။

ယန်ဆန်းရှစ်ဆန်းသည် စကားဆက်မပြောတော့ချေ။ သူသည် မိုဟုန်ထံသို့ ရောက်ရှိသွားပြီး သူ၏ စွမ်းအားအကုန်အစင်ကို ထုတ်ဖော်လိုက်သည်။ ထို့နောက် သူသည် သူ၏လက်ယာဘက်လက်ကို ဆန့်တန်းလိုက်သည်။

"စတင်ပါ..."

"မင်းက လက်နက်မသုံးမှတော့... ငါလည်း မင်းကို အနိုင်မကျင့်တော့ဘူး"

မိုဟုန်က သူ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ရာ မိုတောက်ဓားသည် မလှမ်းမကမ်းရှိ မြေကြီးထဲသို့ စိုက်ဝင်ပြီး တုန်ခါသွားပေ၏။ သူသည် ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ပြီး သူ၏လက်သီးကိုဆုပ်ကာ တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။

ကြယ်စင်မြစ်နယ်ပယ်သို့ပင် မရောက်သေးသော ကောင်လေးတစ်ယောက်နှင့် ရင်ဆိုင်ရာတွင် မိုတောက်ဓားကို အသုံးပြုပါက သူ၏ဂုဏ်သိက္ခာ ကျဆင်းသွားပေမည်။

"ကောင်းပြီလေ"

ယန်ဆန်းရှစ်ဆန်းသည် တွန့်ဆုတ်မနေဘဲ သူ၏လက်သီးကို ဆုပ်ကာ ရှေ့သို့တက်လှမ်းလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းတွင် ပတ်ဝန်းကျင်၌ စွမ်းအင်များ ပြင်းထန်စွာ တလိမ့်လိမ့်ထလာပြီး လေပြင်းတစ်ချက်ကို ဖြစ်ပေါ်စေခဲ့သည်။

ကျန်းရွှမ်က လေ့လာကြည့်ရှုပြီးနောက် စာအုပ်တစ်အုပ်သည် သူ၏စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။

"ယန်ဆန်းရှစ်ဆန်း... မူလအမည် ယန်စုန်... ယွန်ကူမြို့ရှိ ယန်မိသားစု၏မျိုးဆက်သစ်... သူသည် 'ကျေးဇူးသိမြင်ခြင်း ကံကြမ္မာ'ကို ကျင့်ကြံသည်....သူ ကျေးဇူးတရားကို ပို၍ပြန်ဆပ်လေလေ သူ၏တိုးတက်မှု ပိုမြန်လေလေပင်..."

"ဒါက..."

ကျန်းရွှမ်သည် အံ့အားသင့်သွားပေ၏။

ကျေးဇူးသိမြင်ခြင်း ကံကြမ္မာ... ကျေးဇူးတရားကို ပြန်ဆပ်ခြင်းဖြင့် တိုးတက်မှုရရှိသည်။

'ဒါက ဘယ်လောက်တောင် စိတ်ဝင်စားစရာကောင်းတဲ့ ကံကြမ္မာမျိုးလဲ'

ခုန်းရှီယောင်က အကြံပေးစကားတစ်ခွန်း ပြောလိုက်ရုံဖြင့် ယန်ဆန်းရှစ်ဆန်းက သူမကို ကျေးဇူးဆပ်ရန် မိုဟုန်ကိုပင် ဦးစွာစိန်ခေါ်သည်အထိ တောင်းဆိုခဲ့သည်မှာ အံ့အားသင့်စရာ မရှိတော့ချေ။ ယခုချိန်၌ အရာအားလုံး အဓိပ္ပာယ် ရှိသွားလေပြီ။

ဤအတွေးများ သူ၏စိတ်ထဲတွင် ဖြတ်ပြေးသွားပြီးနောက် သူသည် သူ၏အကြည့်ကို မိုဟုန်ထံသို့ ရွှေ့ပြောင်းလိုက်၏။

"မိုဟုန်... မိုတောက်ဂိုဏ်း၏ အကြီးဆုံးတပည့်... ကြယ်စင်မြစ်နယ်ပယ် အထွတ်အထိပ်အဆင့်... မိုတောက်ကံကြမ္မာ၏ ဒုတိယအဆင့် အထွတ်အထိပ်... အားနည်းချက် ...ပန်းသေခြင်း..."

"ငါ ထင်တဲ့အတိုင်းပဲ"

နောက်ဆုံး စကားလုံးတချို့ကို မြင်တွေ့မိချိန်၌ ကျန်းရွှမ်က သက်ပြင်းချလိုက်သည်။

မိုတောက်ကံကြမ္မာကျင့်ကြံသူတိုင်းတွင် တူညီသောအားနည်းချက် ရှိနေသည်မှာ ယခုချိန်၌ ရှင်းလင်းသွားလေပြီ။ ဤသည်မှာ ကျင့်ကြံနည်းစနစ်၏ ပြဿနာတစ်ခုပင်။

ကျန်းရွှမ်သည် မိုပိုင်ယဲ့ဘက်သို့ လှည့်ကြည့်လိုက်သော်လည်း သူသည် မည်သည့် သိုင်းပညာစွမ်းရည်ကိုမျှ အသုံးမပြုသေးသဖြင့် စာအုပ် ထွက်ပေါ်မလာခဲ့ပေ။

အချိန်တခဏကြာမျှ တုံ့ဆိုင်းနေပြီးနောက် ကျန်းရွှမ်သည် သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်ရာ ကျောက်တုံးတစ်တုံးသည် သူ၏လက်ဖျားမှ ပျံ့လွင့်သွားပြီး မိုပိုင်ယဲ့၏ မျက်နှာထံသို့ တန်းတန်းမတ်မတ် တိုးဝင်သွားလေ၏။

မိုပိုင်ယဲ့သည် သူ၏လက်ကို ညင်သာစွာ ဆန့်တန်း၍ ကျောက်တုံးကို ဖမ်းယူလိုက်ပြီး စိတ်ရှုပ်ထွေးသော အမူအယာဖြင့် ကျန်းရွှမ်ကို လှမ်းကြည့်လိုက်သည်။

"မင်း ရူးနေတာလား... ငါ့ကို တိုက်ခိုက်ဖို့ ကြိုးစားနေတာလား"

ကျန်းရွှမ်သည် စကားမပြောဘဲ ခပ်ဖျော့ဖျော့ ပြုံးကာ သူ့ကို လျစ်လျူရှုလိုက်သည်။

ထိုအချိန်တခဏတာလေးအတွင်းမှပင် သူသည် စွမ်းအားကို ခံစားခဲ့ရပြီး မိုပိုင်ယဲ့နှင့် ပတ်သက်သော သတင်းအချက်အလက်များကို ရရှိခဲ့ပြီး ဖြစ်သည်။

"မိုပိုင်ယဲ့... မိုတောက်ကံကြမ္မာ၏ တည်ထောင်သူ... မိုတောက်ဂိုဏ်း၏ဂိုဏ်းချုပ်... ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် ကျွမ်းကျင်သူ... မိုတောက်ကံကြမ္မာ၏ တတိယအဆင့် အထွတ်အထိပ်... အားနည်းချက် ပြင်းထန်သော ဓားလေပြင်း..."

"ခဏလေး... သူ့ရဲ့ အားနည်းချက်ထဲမှာ 'ပန်းသေခြင်း' မပါပါလား"

ကျန်းရွှမ်၏မျက်လုံးများ ကျဥ်းမြောင်းသွားပေ၏။

မိုပိုင်ယဲ့သည် မိုတောက်ကံကြမ္မာ သင်ကြားပေးမှုများတွင် သူ၏တပည့်များကို တမင်သက်သက် လမ်းမှားသို့ရောက်အောင် ပို့ဆောင်ခဲ့ပုံရသည်။

All Chapters