ယန်ဆန်းရှစ်ဆန်း၏ထိတ်လန့်တုန်လှုပ်မှု
Vol. 19 Ch. 253
ယခင်က ဤသည်မှာ သာမန်တွေးဆချက်တစ်ခုမျှသာ ဖြစ်ခဲ့သော်လည်း ကျန်းရွှမ်သည် သူ၏စိတ်ထဲတွင် ဆရာတစ်ယောက်အနေဖြင့်တပည့်များ၏အကျိုးကို ထည့်သွင်းစဥ်းစားရန် လိုအပ်သည်ဟု အစဥ်အမြဲ ခံစားခဲ့ရလေ၏။ဆရာတစ်ယောက်သည် မည်သည်ကြောင့် တမင်သက်သက် ထိန်ချန်ထားခြင်း သို့မဟုတ် မှားယွင်းသော နည်းလမ်းများဖြင့် တပည့်များကို သင်ကြားပေးနိုင်မည်နည်း။
ဤအချိန်တွင် မိုဟုန်ထံတွင် တခြားလူများကဲ့သို့ပင် ပြဿနာများ ရှိနေသော်လည်း မိုတောက်ကံကြမ္မာ၏ တည်ထောင်သူ မိုပိုင်ယဲ့တွင်မူ မည်သည့်ပြဿနာမျှ မရှိသည်ကို မြင်တွေ့ရချိန်၌ ကျန်းရွှမ်သည် မည်သို့ဖြစ်ပျက်ခဲ့သည်ကို ချက်ချင်း နားလည်သဘောပေါက်သွားခဲ့သည်။
"တပည့်တစ်ယောက်ကို ချို့ယွင်းချက်ရှိတဲ့ နည်းစနစ်တစ်ခုကို တမင်တကာ သင်ကြားပေးတာက.... နောက်လူမှာ မြင့်မားတဲ့ပါရမီ ရှိနေရင်တောင်... သူတို့အတွက် ဆရာကို ကျော်လွန်ဖို့ မဖြစ်နိုင်သလောက်နီးပါးဖြစ်အောင် သေချာစေတာပဲ..."
ကျန်းရွှမ်သည် လျှင်မြန်စွာဖြင့် အဓိကအချက်ကို ဆုပ်ကိုင်မိလေ၏။
ကောင်းကင်ကံကြမ္မာသည် တစ်ခုတည်းသာရှိသည်။ အကယ်၍ ဆရာတစ်ယောက်သည် တပည့်များကို အရာအားလုံး မချွင်းမချန် သင်ကြားပေးလိုက်ပါက တပည့်က ဆရာကို ကျော်လွန်သွားသည့် အချိန်တွင် ပြိုင်ဆိုင်မှုသည် မလွဲမသွေ ဖြစ်လာပေလိမ့်မည်။ ထိုသို့ ခွင့်ပြုမည့်အစား သင်ကြားမှုများတွင် ဟာကွက်များကို တမင်သက်သက် ချန်ထားခဲ့ခြင်းဖြင့် တပည့်များသည် အမြဲတစေ နောက်ကျကျန်နေရစ်ပေမည်။ တပည့်များကို ဆရာထက် မည်သို့မျှ မကျော်လွန်နိုင်အောင် ပြုလုပ်ခြင်းက ပို၍ကောင်းမွန်ပေသည်။
"ကံကြမ္မာဆရာသခင်ဆိုတာ ဒါမျိုးလား"
ကျန်းရွှမ်သည် ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။
ဤ မိုပိုင်ယဲ့သည် ထိုကဲ့သို့လူစားမျိုး ပထမဆုံး မဟုတ်သကဲ့သို့ တစ်ဦးတည်းသောလူလည်း မဟုတ်မည်မှာ သေချာပေါက်ပင်။ ရင်းမြစ်ကမ္ဘာတစ်ခုလုံးတွင် ဤကဲ့သို့လူစားများ အမြောက်အများ ရှိနေနိုင်သည်။
ပါမောက္ခကုန်းမြေမှ နာမည်ကျော်ကြားသော ဆရာများသည် သူတို့၏တပည့်များ သူတို့ထက်ကျော်လွန်၍ ပို၍အားကောင်းလာမည်ကို မျှော်လင့်ထားကြသည်။ သူတို့သည် သူတို့သိသမျှ အရာအားလုံးကို သူတို့၏တပည့်များထံသို့ လက်ဆင့်ကမ်းပေးရန် မစောင့်ဆိုင်းနိုင် ဖြစ်ခဲ့ကြသည်။ သို့ရာတွင် ဤနေရာတွင်မူ ထိုသဘောတရားနှင့် လုံးလုံးလျားလျား ဆန့်ကျင်ဘက် ဖြစ်နေသည်။ ဆရာများသည် တပည့်များကို လက်ခံကြသော်လည်း သူတို့၏ ကိုယ်ပိုင်စွမ်းရည်များထက် ကျော်လွန်သွားမည်ကို စိုးရိမ်နေကြသည်။
ခုန်းရှီသည် 'ဖရိုဖရဲကံကြမ္မာ ကျင့်ကြံသူ' တစ်ဦးအဖြစ် ရှာဖွေတွေ့ရှိခံရပြီး ချက်ချင်း ဝိုင်းရံ တိုက်ခိုက်ခြင်း ခံခဲ့ရသည်မှာ အံ့အားသင့်စရာ မရှိတော့ချေ။
"ဒါက ထူးဆန်းတယ်... ကံကြမ္မာဆရာသခင်တွေက ဆရာစားချန်ထားချင်ကြပြီးတော့... ပါမောက္ခကုန်းမြေရဲ့ နာမည်ကြီးဆရာတွေကတော့ သူတို့သိသမျှကို မချွင်းမချန် သင်ပေးကြတယ်... ဒါက ဒင်္ဂါးပြားတစ်ခုရဲ့ ဆန့်ကျင်ဘက်မျက်နှာပြင်တွေနဲ့ တူနေပြီးတော့ကံကြမ္မာထဲမှာ ရစ်တွယ်နေသလိုမျိုးပဲ...ငါရယ် ခုန်းရှီရယ် ငါ့ရဲ့ယောက္ခမနယ်ယွမ်ရယ် ရင်းမြစ်ကမ္ဘာကို ရောက်လာတာက ဒီအကြောင်းပြချက်ကြောင့်များ ဖြစ်နေမလား"
အတွေးတစ်ခုသည် ကျန်းရွှမ်၏စိတ်ထဲတွင် စတင်၍ ပေါက်ဖွားလာခဲ့သည်။
ယခင်က သူသည် ရင်းမြစ်ကမ္ဘာသို့ လာရောက်ခြင်းမှာ ကမ္ဘာသစ်၏ ဖြစ်နိုင်ခြေရှိသော အန္တရာယ်များကို ဖြေရှင်းရန်ဖြစ်ပြီး သူ၏ ကိုယ်ပိုင်စိတ်ဆန္ဒအရဟု တွေးထင်ခဲ့သည်။ သို့ရာတွင် ယခုကြည့်ရသလောက် ဤသည်မှာ သူ တွေးထင်ထားသည်ထက် များစွာပို၍ ရှုပ်ထွေးပုံရပေ၏။
ထူးခြားသောကံကြမ္မာတစ်ခုသည် သူ ခုန်းရှီနှင့် တခြာလူများကို လွှမ်းခြုံထားပြီး သူတို့ကို ဤနေရာသို့ လာရောက်ရန် ဖိအားပေးနေသကဲ့သို့ သူ ခံစားလိုက်ရသည်။
သူ၏အတွေးများ လွင့်မျောနေစဥ်တွင် ယန်ဆန်းရှစ်ဆန်းနှင့်မိုဟုန်တို့သည် တိုက်ကွက်အနည်းငယ်ခန့် အပြန်အလှန် တိုက်ခိုက်ပြီး ဖြစ်သည်။
"ကောင်းပြီလေ... အဆုံးသတ်ဖို့ အချိန်တန်ပြီ..."
မိုဟုန်သည် အော်ဟစ်လိုက်ရင်း ရှေ့သို့ တက်လှမ်းကာ သူ၏ညာလက်ဖြင့် အောက်သို့ခုတ်ပိုင်းလိုက်ရာ အစွမ်းထက်သော ဓားချီတစ်လှိုင်း ထွက်ပေါ်လာခဲ့သည်။
ယခင်က အပြန်အလှန် တိုက်ခိုက်မှုများတွင် သူသည် သူ၏ ပြိုင်ဘက်ကို သူ၏လက်သီးနှင့် ခြေထောက်များဖြင့်သာ အနိုင်ယူရန် ကြိုးစားခဲ့ပြီး မိုတောက်နည်းစနစ်ကို အသုံးမပြုခဲ့ပေ။ ထိုအရာသည် သူ တွေးထင်သလောက် မလွယ်ကူခဲ့သည်မှာ သိသာထင်ရှားလှ၏။
"ဖြောက်...."
ယန်ဆန်းရှစ်ဆန်းသည် နောက်မဆုတ်ဘဲ ရှေ့သို့တိုးဝင်လိုက်ပြီး သူ၏ခန္ဓာကိုယ်အတွင်းမှ ဒယ်အိုးထဲတွင် ပဲများလှော်နေသည့်အလား 'တဖြောက်ဖြောက်' မြည်သံများ ထွက်ပေါ်လာကာ သူ၏စွမ်းအားများ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ ဟိန်းဟောက်သံတစ်ချက်နှင့်အတူ သူသည် နဂါးတစ်ကောင်အလား အသက်ရှုထုတ်လိုက်၏။
ဝုန်း...
မရေမတွက်နိုင်သော ကောင်းကင်ကံကြမ္မာ စွမ်းအင်များသူ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်။ သူ၏ခန္ဓာကိုယ် တုန်ခါသွားကာ သူ၏အရှိန်အဝါ ရုတ်တရက် မြင့်တက်လာခဲ့သည်။
သူ တွေးထင်ထားသည့်အတိုင်းပင် ဖိအားအောက်တွင် ယန်ဆန်းရှစ်ဆန်းသည် အောင်မြင်စွာ အဆင့်ချိုးဖျက်နိုင်ခဲ့ပြီး ကြယ်စင်မြစ်နယ်ပယ်၏ ပထမအဆင့်သို့ ရောက်ရှိသွားခဲ့သည်။
ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။ ယန်ဆန်းရှစ်ဆန်းသည် သတ္တိရှိပြီး ဆုံးဖြတ်ချက် ခိုင်မာသည်။ ထို့ပြင် အရေးကြီးဆုံးအချက်မှာ သူသည် ကျေးဇူးတရားကို သိတတ်ပေ၏။ သူသည် တပည့်ကောင်းတစ်ယောက် ဖြစ်လာနိုင်သူပင်။
သူ၏စွမ်းအား မြင့်တက်လာသည်နှင့်အမျှ ယန်ဆန်းရှစ်ဆန်း၏ တိုက်ခိုက်ရေးစွမ်းရည်သည်လည်း နှစ်ဆနီးပါး မြင့်တက်လာခဲ့သည်။ သို့ရာတွင် မိုဟုန်နှင့် နှိုင်းယှဥ်ပါက သူ၏စွမ်းအားသည် အလှမ်းကွာဟနေဆဲပင်။ မိုဟုန်က မိုတောက်နည်းစနစ်ကို ထုတ်ဖော်အသုံးပြုလိုက်ပြီးနောက် ယန်ဆန်းရှစ်ဆန်းသည် ထပ်ခါတလဲလဲ နောက်ဆုတ်ခဲ့ရသည်။
"ကျွန်တော် ရှုံးပြီ..."
ယန်ဆန်းရှစ်ဆန်းသည် တိုက်ပွဲစင်မြင့်မှ ခုန်ထွက်လိုက်၏။
သူ၏ရည်မှန်းချက်သည် အဆင့်ချိုးဖျက်ရန်ဖြစ်ပြီး ယခုချိန်၌ သူ အောင်မြင်ခဲ့ပြီ ဖြစ်ရာ ဤတိုက်ပွဲကို ဆက်လက်၍တိုက်ခိုက်ခြင်းသည် အဓိပ္ပာယ် မရှိတော့ပေ။
"ခုဏကမှ အဆင့်ချိုးဖျက်ခဲ့တာတောင် ငါ့ရဲ့လက်အောက်မှာ ဒီလောက်ကြာကြာ တောင့်ခံနိုင်ခဲ့တယ်... မင်းက ကျိုးယီမြို့တော်ရဲ့ ထိပ်သီးပါရမီရှင် ဖြစ်နေတာ အံ့အားသင့်စရာ မရှိတော့ဘူး..."
မိုဟုန်သည် သူ့ကို အထင်မသေးတော့ဘဲ လေးစားမှုကိုပင် ပြသလာခဲ့သည်။
ယန်ဆန်းရှစ်ဆန်းသည် အစောပိုင်းကမှ အဆင့်ချိုးဖျက်ခဲ့ပြီး ကြယ်စင်မြစ်နယ်ပယ်၏ ပထမအဆင့်သို့ ရောက်ရှိခဲ့သော်လည်း မိုဟုန်သည် သူ့ကို ရင်ဆိုင်တိုက်ခိုက်ရာတွင် အနည်းငယ် အခက်အခဲ ရှိခဲ့သည်။ အကယ်၍ သူသာ ဒုတိယအဆင့်သို့ ချိုးဖျက်ဝင်ရောက်သွားခဲ့ပါက... မိုဟုန်သည် ရှုံးနိမ့်သွားဖွယ်ရှိပေ၏။
ယန်ဆန်းရှစ်ဆန်းသည် ကြယ်စင်မြစ် ပါရမီရှင်စာရင်းတွင် နံပါတ်တစ်အဖြစ် အဆင့်သတ်မှတ်ခံရသည်မှာ အံ့အားသင့်ဖွယ်မရှိချေ။ သူ၏ ပါရမီသည် သက်တူရွယ်တူများထက် များစွာပို၍သာလွန်နေခဲ့သည်။
"သခင်လေးကျန်း... စတင်ပါ"
မိုဟုန်က မိုတောက်ဓားကို လေထဲသို့ မြှောက်လိုက်ပြီး ကျန်းရွှမ်ကို ကြည့်လိုက်၏။
"စကြတာပေါ့..."
ကျန်းရွှမ်က စကားများများ မပြောဘဲ ရှေ့သို့ တက်လှမ်းလိုက်သည်။
"ဒီမိုဟုန်ရဲ့ အစွမ်းက မခန့်မှန်းနိုင်လောက်အောင်ပဲ... မင်းရဲ့ဆရာကို မင်း သတိမပေးချင်ဘူးလား"
ယန်ဆန်းရှစ်ဆန်းသည် နောက်ဆုတ်ကာ ခုန်းရှီယောင်၏နံဘေးတွင် မတ်တတ်ရပ်လိုက်ပြီး ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုသည်။
မိုဟုန် လက်နက်မဲ့နေစဥ်မှာပင် ယန်ဆန်းရှစ်ဆန်းသည် သူ့ကို မယှဥ်နိုင်ခဲ့ချေ။ မိုဟုန်သည် မိုတောက်ဓားကို ကိုင်စွဲလိုက်သည့် အချိန်တွင် သူ၏စွမ်းအားသည် ပို၍မြင့်တက်လာပေမည်။ ကျန်းရွှမ်သည် ခုန်းရှီယောင်၏ဆရာ ဖြစ်သော်လည်း သူသည် ကြယ်စင်မြစ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခြင်း မရှိသေးချေ။ ယန်ဆန်းရှစ်ဆန်းက ကျန်းရွှမ်သည် သူ့ထက်ပို၍ သန်မာအားကောင်းလိမ့်မည်ဟု တွေးထင်မထားခဲ့ချေ။
"ဆရာက ယုံကြည်မှုမရှိဘဲ ဘာကိုမှ မလုပ်ဘူး... စိတ်မပူပါနဲ့"
ခုန်ရှီယောင်သည် အပြုံးနှင့် ခေါင်းခါပြလေ၏။
သူမ၏ဆရာသည် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ သူမသည် သူ့အပေါ်တွင် အကြွင်းမဲ့ယုံကြည်မှုရှိသည်။
"ငါလည်း အရင်က သူ့ကိုနိုင်မယ်လို့ ယုံကြည်ချက် ရှိခဲ့ဖူးတယ်... ဒါပေမဲ့ အမှန်တရားကတော့ စွမ်းအားကွာဟမှုက ကြီးမားလွန်းတယ်...မြင့်မားတဲ့ပါရမီ ရှိနေရင်တောင် ဒါကအသုံးမဝင်ဘူး..."
ခုန်းရှီယောင်၏တုံ့ပြန်မှုကို မြင်တွေ့ရချိန်၌ ယန်ဆန်းရှစ်ဆန်းက ခေါင်းခါယမ်းလိုက်သည်
ကျန်းရွှမ်နှင့်သူ၏တပည့်များအားလုံးသည် အလွန်မာနကြီးကြပုံရသည်။ သို့ရာတွင် သူတို့သည် ရှုံးနိမ့်မှုနှင့် ရင်ဆိုင်ရသည့်အချိန်တွင် တိုက်ပွဲတစ်ပွဲ၌ မာန်မာနတစ်ခုတည်းဖြင့် အလုပ်မဖြစ်သည်ကိုသူတို့ နားလည်သွားကြပေလိမ့်မည်။
ဝှစ်.....
မိုဟုန်က ကျန်းရွှမ်သည် ဖုံးကွယ်ထားသော ထိပ်သီးကျင့်ကြံသူတစ်ဦး ဖြစ်နိုင်ခြေရှိသည်ဟု နားလည်သဘောပေါက်ထားသဖြင့် တိုက်ပွဲသည် ပြင်းထန်မည်မှာ သေချာပေါက်ပင်။ မိုဟုန်သည် မိုတောက်ဓားဖြင့် ချက်ချင်းခုတ်ပိုင်းလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းတွင် ခန်းမတစ်ခုလုံးသည် တောက်ပသော ဓားချီအလင်းတန်းများဖြင့် ပြည့်နှက်သွားပေ၏။
ဤသည်မှာ ခက်ခဲသော တိုက်ပွဲတစ်ခု ဖြစ်လိမ့်မည်ဟု သိထားသဖြင့် ကျန်းရွှမ်သည် နောက်သို့ခြေတစ်လှမ်းဆုတ်ကာ သူ၏ဓားကို ဓားအိမ်မှ ဆွဲထုတ်လိုက်သည်။
ကောင်းကင်ဘုံသောကဓားနည်းစနစ်သည် ကောင်းကင်လမ်းထက် ကျော်လွန်သော ဓားနည်းစနစ်တစ်ခုပင်။ သူသည် ထိုအရာကို ထုတ်ဖော်အသုံးပြုလိုက်သည်နှင့် မရေမတွက်နိုင်သော အာရုံစိုက်ခံရမှုများကို ဆွဲဆောင်ပေလိမ့်မည်။ ဤသည်မှာ သေရေးရှင်ရေး အခြေအနေ သို့မဟုတ် သူ၏ ပြိုင်ဘက်ကို အနိုင်ယူနိုင်မည်ဟု သေချာသောအခြေအနေ မဟုတ်လျှင် သူ ထိုဓားနည်းစနစ်ကို အသုံးမပြုနိုင်ချေ။
ကံကောင်းထောက်မစွာဖြင့် ကျန်းရွှမ်သည် မရေမတွက်နိုင်သော ဓားနည်းစနစ်များကို ကျွမ်းကျင်ပိုင်နိုင်ခဲ့သည်။ ပါမောက္ခကုန်းမြေတွင် သူ၏မိဘများထံမှ သင်ယူခဲ့သော အိပ်မက်ပုံရိပ်ယောင်ဓားနည်းစနစ်သည်လည်း အစွမ်းထက်ပေ၏။ ယခုချိန်၌ သူ၏ဓားကို ဆုပ်ကိုင်လိုက်သည့် အချိန်တွင် ထိုအရာသည် ပုံရိပ်ယောင်တစ်ခုကဲ့သို့ မတည်မငြိမ် လှုပ်ရှားသွားပြီး မိုဟုန်၏ပြင်းထန်သော မိုတောက်ဓားကို သူ့အားထိမှန်အောင် ပြုလုပ်ရန် ခက်ခဲစေခဲ့သည်။
ယန်ဆန်းရှစ်ဆန်းက ခုန်းရှီယောင်၏ဆရာသည် လှုပ်ရှားမှု တစ်ကွက်တည်းဖြင့် ရှုံးနိမ့်သွားလိမ့်မည်ဟု တွေးထင်ခဲ့သည်။ သို့ရာတွင် သူ အံ့အားသင့်သွားရသည်မှာ ကျန်းရွှမ်သည် တိုက်ခိုက်မှုများကို ပိတ်ဆို့နိုင်ရုံတင်မကဘဲ အချိန်အနည်းငယ်ကြာသည်အထိပင် တောင့်ခံထားနိုင်ခြင်းပင်။ ယန်ဆန်းရှစ်ဆန်းသည် သူ၏မျက်လုံးများကိုပင် သူ မယုံကြည်နိုင် ဖြစ်သွားပေ၏။
သူသည် ကြယ်စင်မြစ်နယ်ပယ်အောက်တွင် သူ့ကိုယ်သူ ပြိုင်ဘက်ကင်းဟု အစဥ်အမြဲ တွေးထင်ခဲ့သည်။ သူသည် ဖေးလင်နှင့်ဆုယွင်ကျဲ့တို့ကိုပင် လွယ်လင့်တကူ အနိုင်ယူနိုင်ခဲ့သည်။
သို့သော် ယခုချိန်၌ ကျန်းရွှမ်၏တိုက်ခိုက်မှုကို မြင်တွေ့နေရသည့်အချိန်တွင် သူ၏စွမ်းအား မည်မျှထိ နိမ့်ပါးခဲ့သည်ကို သူ နားလည်သဘောပေါက်သွားခဲ့သည်။
"မိုဟုန်သာ ဒီဓားချက်ကို ခုဏက သုံးခဲ့ရင်... ငါ့ရဲ့လက် ပြတ်သွားလောက်ပြီ"
"သူသာ ဒီဓားချက်ကို သုံးခဲ့ရင်... ငါ့ရဲ့ခြေထောက်တွေ ပြတ်သွားလောက်ပြီ..."
"သူသာ ဒီဓားချက်ကို သုံးခဲ့ရင်... ငါ့ရဲ့ခေါင်း ပြတ်သွားလောက်ပြီ..."
အသက်ရှုချိန် အနည်းငယ်အတွင်းမှာပင်... ယန်ဆန်းရှစ်ဆန်းသည် သူ မည်သို့မျှ တောင့်ခံနိုင်မည်မဟုတ်သော ဓားနည်းစနစ် အမြောက်အများအပြားကို မြင်တွေ့ခဲ့ရသည်။ သို့ရာတွင် ကျန်းရွှမ်သည် အရာအားလုံးကို ကြိုတင်ခန့်မှန်းထားသသည့်အလား ထိုဓားချက်များကို လွယ်ကူစွာ ရှောင်တိမ်းသွားခဲ့သည်။ ယန်ဆန်းရှစ်ဆန်းသည် ထိုတိုက်ပွဲကို ကြည့်လေလေ သူ၏မျက်နှာ ပို၍ဖြူဖျော့လာလေလေဖြစ်ပြီး. သူ၏ခန္ဓာကိုယ်သည် အထိန်းအကွပ်မဲ့စွာ တုန်ယင်လာခဲ့သည်။
'သူက အရမ်း အစွမ်းထက်တာပဲ...ခုန်းရှီယောင်က သူ့အပေါ်မှာ ဒီလောက်ထိ ယုံကြည်မှု ရှိနေတာ အံ့အားသင့်စရာ မရှိတော့ဘူး'
ယခုချိန်၌ သူသည် ကြယ်စင်မြစ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ပြီးသည့်တိုင် သူသည် ကျန်းရွှမ်၏ပြိုင်ဘက် မည်သို့မျှ မဖြစ်နိုင်ချေ။
သူ၏အကြည့်ကို ခုန်းရှီယောင်နှင့် ကျန်းရွှမ်၏ တခြားတပည့်များထံသို့ ရွှေ့ပြောင်းလိုက်ချိန်၌ သူတို့အားလုံးသည် သူတို့၏ဆရာက ဤကဲ့သို့ ပြုမူလိမ့်မည်ကို ကြိုတင်သိရှိထားသည့်အလား တည်ငြိမ်နေကြသည်ကို သူ မြင်တွေ့လိုက်ရသည်။
"ဒါက ဘယ်လိုမျိုး သဘာဝလွန်သက်ရှိတွေလဲ"
ယန်ဆန်းရှစ်ဆန်းသည် စကားဆက်မပြောနိုင်တော့ချေ။
ယန်ဆန်းရှစ်ဆန်း၏ထိတ်လန့်တုန်လှုပ်မှုနှင့် ဆန့်ကျင်နိုင်စွာ မိုပိုင်ယဲ့က သူ၏မျက်လုံးများကို ကျဥ်းမြောင်းလိုက်သည်။
"သူက ဓားသိုင်းမှာ ဒီလောက်ထိ ကျွမ်းကျင်နေတာလား... ငါ အထင်မှားသွားတာလား"
အကယ်၍ ကျန်းရွှမ်သည် မိုတောက်ကံကြမ္မာကို ကျင့်ကြံပါက သူ၏ဓားနည်းစနစ်သည် ဤမျှထိ အားကောင်းမနေသင့်ချေ။ သို့ရာတွင် ယခုချိန်၌ သူသည် ဓမ္မရုပ်သွင်ထင်ဟပ်ခြင်းနယ်ပယ်ဖြင့်ပင် ကြယ်စင်မြစ်နယ်ပယ် တတိယအဆင့်တွင်ရှိသော ကျင့်ကြံသူတစ်ယောက်ကို တားဆီးထားနိုင်ခဲ့သည်။ ဤသည်မှာ အမှန်တကယ်ကို မယုံနိုင်စရာ ကောင်းပေ၏။
"တိုက်ခိုက်တော့..."
သူသည် မိုဟုန်ကို ကြည့်ကာ မသိမသာခေါင်းညိတ်လိုက်ပြီး သတ်ဖြတ်ရန် အချက်ပေးလိုက်သည်။
မိုဟုန်သည် နားလည်သဘောပေါက်သွားပြီးနောက် သူ၏မိုတောက်ဓားသည် တုန်ခါသွားပြီးခမ်းနားထည်ဝါသော ဓားချီစွမ်းအင်တစ်ရပ်ကို ထုတ်လွှတ်ကာ ကျန်းရွှမ်ထံသို့ တိုးဝင်သွားသည်။