← Chapters

ခေါင်းလောင်းသံငါးချက်

Vol. 19 Ch. 254

ခေါင်းလောင်းသံငါးချက်

Vol. 19 Ch. 254

"မိုဟုန်....မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"

ရှီယွင်ကျင်း မည်သည့်စကားကိုမျှ မပြောနိုင်မီမှာပင် သူ၏နံဘေးမှ ချန်ယွီဟွမ်သည် စိတ်မထိန်းနိုင်တော့ဘဲ စိုးရိမ်စိတ်ကြောင့် လိပ်ပြာလွင့်လုမတတ် အော်ဟစ်လိုက်သည်။

ကောင်းကင်ပြာ အလုံးစုံသိမြင်တံဆိပ်ပြားကို ကိုင်ဆောင်ထားသော အလုံးစုံသိမြင်ဂိုဏ်း၏ အလေးစားရဆုံး ဧည့်သည်တော်သည် အကယ်၍ ဤနေရာ၌ သေဆုံးသွားခဲ့လျှင် သူအသက်ဆက်ရှင်နိုင်မည် မဟုတ်တော့ချေ။ ဌာနချုပ်က လွှတ်လိုက်သော လူများ၏လက်ထဲတွင် သူ အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲခံရမည်မှာ သေချာပေါက်ပင်။

သူ၏ခန္ဓာကိုယ်တွင်းမှ အစွမ်းထက်သော စွမ်းအားလှိုင်းတစ်ရပ် ပွင့်အံ့ထွက်လာပြီး ရှေ့သို့ တစ်လှမ်းတိုးကာ ထိုတိုက်ခိုက်မှုကို တားဆီးရန်အတွက် ပြေးထွက်သွားရန် ဟန်ပြင်လိုက်၏။ ထိုအချိန်မှာပင် ဓားချီအလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်ကို မြင်လိုက်ရပြီး မိုပိုင်ယဲ့က သူ၏ရှေ့တွင် ဟန့်တားထားခဲ့သည်။

"ဂိုဏ်းခွဲသခင်ချန်.....သူတို့က ယှဉ်ပြိုင်တိုက်ခိုက်နေကြတာလေ...မင်း ဒီလိုမျိုးတိုးဝင်သွားတာက မသင့်တော်ဘူး"

မိုပိုင်ယဲ့က ပြောဆိုသည်။

ချန်ယွီဟွမ်၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

"မိုပိုင်ယဲ့ မင်းက ငါ့ကို တားမလို့လား"

မိုပိုင်ယဲ့က ခေါင်းခါလိုက်သည်။

"လုံးဝမဟုတ်ပါဘူး ....ဂိုဏ်းခွဲသခင်ချန် ငါက မင်းကို ဘယ်လိုလုပ်ပြီး တားရဲမှာလဲ ....ငါက တိုက်ပွဲကို အနှောင့်အယှက်ဖြစ်မသွားစေချင်ရုံပဲ... စိတ်မပူပါနဲ့.... မိုဟုန်က သူ ဘာလုပ်နေလဲဆိုတာ သူ သိပါတယ်"

ချန်ယွီဟွမ်က အေးစက်စက် နှာမှုတ်လိုက်သည်။

"သူ ဘာလုပ်နေလဲဆိုတာ သူသိတာ ပိုကောင်းလိမ့်မယ်... မဟုတ်လို့ကတော့ သခင်လေးကျန်း နည်းနည်းလောက် ထိခိုက်သွားခဲ့ရင်တောင် ငါက မိုတောက်ဂိုဏ်းကို အမြစ်ပြတ်သုတ်သင်ပစ်ဖို့ ဝန်လေးနေမှာ မဟုတ်ဘူး"

"ဒါက...."

မိုပိုင်ယဲ့၏မျက်ခွံများ တုန်ရီသွားသည်။ သူ့ထံ၌ ဒေါသများဖြင့် ပြည့်နှက်နေသော်လည်း သူ ဆက်မပြောရဲတော့ချေ။

မိုပိုင်ယဲ့သည် ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း သူသည် ချန်ယွီဟွမ်၏ ပြိုင်ဘက်ဖြစ်ရန် အလှမ်းကွာဟနေသေးသည်။ အထူးသဖြင့် ချန်ယွီဟွမ်သည် အလုံးစုံသိမြင်ဂိုဏ်း၏ ထောက်ပံ့မှုကို ရရှိထားသူပင်။ အကယ်၍ ချန်ယွီဟွမ်ကသာ သူ့ကို အမှန်တကယ်သတ်ချင်လျှင် ရှစ်ယွင်ကျင်းပင်လျှင် သူ့ကို ကယ်တင်နိုင်မည် မဟုတ်ချေ။

သို့ရာတွင် ဤခြိမ်းခြောက်မှုက မိုပိုင်ယဲ့ကို ရှင်းလင်းသော သတင်းအချက်အလက်တစ်ခုအား ပေးနိုင်ခဲ့သည်။ ဤသည်မှာ ကျန်းရွှမ်၏အထောက်အထားသည် သာမန်မဟုတ်သည်မှာ သေချာသွားခြင်းပင်။ ထိုသို့မဟုတ်လျှင် ချန်ယွီဟွမ်သည် သူ့ကို ဤမျှထိ ကာကွယ်ပေးမည် မဟုတ်ချေ။

ဤအချက်က မိုပိုင်ယဲ့၏ အစောပိုင်းသံသယများကို ပို၍ခိုင်မာသွားစေခဲ့သည်။

မိုပိုင်ယဲ့က ချန်ယွီဟွမ်ကို တမင်သက်သက် ပိတ်ဆို့ဟန့်တားထားသည်ကို မသိဘဲ ကျန်းရွှမ်၏ အကြည့်သည် သူ၏ရှေ့မှ ဓားချီအလင်းတန်းပေါ်တွင် စူးစိုက်၍ ကျရောက်နေခဲ့သည်။

ဘုန်း....

အားပြင်းသော ခြေဆောင့်မှုတစ်ခုနှင့်အတူ ကျန်းရွှမ်သည် ဓားချီအလင်းတန်း၏ရှေ့သို့ တိုးဝင်သွားသည်။

ဤသည်မှာ သူ ရှောင်တိမ်းနေခြင်း မဟုတ်ဘဲ ဓားချီထံသို့ တန်းတန်းမတ်မတ် တိုးဝင်သွားကာ သေမင်းကို ရှာဖွေနေသည့်အလားပင်။ အကယ်၍ မိုဟုန်သာ သူ၏ဓားချီကို ပြန်မရုပ်သိမ်းလျှင် ကျန်းရွှမ်သည် နေရာတွင်ပင် တစ်စစီကြေမွှသွားပေလိမ့်မည်။

လူများအားလုံး စိတ်လှုပ်ရှားနေချိန်မှာပင် မိုဟုန်၏ဓားချီအလင်းတန်း ကျဆင်းလာခဲ့သည်။ ထိုအချိန်ကျမှသာ လူအုပ်ကြီးသည် ထက်ရှသော မိုတောက်ဓား၏ထိပ်ဖျားသည် ကျန်းရွှမ်၏နှာခေါင်းနှင့် တစ်စင်တီမီတာမပြည့်သော အကွာအဝေးမှ လက်မတင်လေး လွဲချော်သွားသည်ကို သဘောပေါက်လိုက်ကြသည်။

ဤလှုပ်ရှားမှုသည် ဆံခြည်တစ်မျှင်မျှ မလွဲအောင် ပြီးပြည့်စုံစွာ အချိန်ကိုက် ညှိထားသည့်အလားပင်။

"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

မိုဟုန်၏ မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားပြီး သူ၏ဓားကို ဆက်လက်၍လွှဲယမ်းလိုက်သည်။ ဓားချက်တိုင်းသည် ယခင်တစ်ချက်ထက် ပို၍ပြင်းထန်လာပြီး လေပြင်းများ တိုက်ခတ်လာကာ နံဘေးမှ ကြည့်နေသူများသည် မချဉ်းကပ်ဝံ့တော့ဘဲ မီတာ သုံးဆယ်ကျော်အကွာသို့ နောက်ဆုတ်သွားကြသည်။

သို့ရာတွင် သူ၏ဓားသိုင်းကွက်များ မည်မျှပင် ပြင်းထန်စေကာမူ ကျန်းရွှမ်သည် ပွတ်ကာသီကာလေးရှောင်တိမ်းနေခဲ့ရာ မိုဟုန်၏ဓားချက်တိုင်းကို လုံးလုံးလျားလျား လွဲချော်သွားစေခဲ့သည်။

"တကယ့်ကို အထင်ကြီးဖို့ကောင်းလိုက်တာ" ယန်ဆန်းရှစ်ဆန်းသည် စကားဆက်မပြောနိုင်တော့ပေ။

ဤအခိုက်အတန့်တွင် သူ ရရှိထားသော 'နံပါတ်တစ်ပါရမီရှင်'ဆိုသည်မှာ တစ်ဖက်လူ၏အစွမ်းအစနှင့် နှိုင်းယှဉ်လျှင် အရေးမပါတော့ကြောင်း သူ နားလည်သဘောပေါက်လိုက်၏။

"ဒါက ကြယ်စင်မြစ် ပါရမီရှင်စာရင်းရဲ့အစစ်အမှန် နံပါတ်တစ်ပါရမီရှင်ပဲ ဖြစ်ရမယ်"

"အမှန်ပဲ...ကြောက်စရာကောင်းလိုက်တာ ...သူက ကံကြမ္မာကို နားလည်သဘောပေါက်နိုင်တာ အံ့အားသင့်စရာ မရှိတော့ဘူး"

ယခင်က သူ့ကို လှောင်ပြောင်ခဲ့သော လူများသည် ယခုအချိန်၌ ရှက်ရွံ့မှုများဖြင့် ပြည့်နှက်နေကြသည်။ ယခုမှ သူတို့ သဘောပေါက်သွားသည်မှာ ကျန်းရွှမ်နှင့် နှိုင်းယှဉ်လျှင် သူတို့၏ ပါရမီရှင်ဆိုသော ဂုဏ်ပုဒ်များသည် အမှိုက်များ လိပ်များအလား ဖြစ်နေခြင်းပင်။

လူအများသည် ကြက်သေသေနေသော်လည်း ကျန်းရွှမ်၏နဖူးပြင်တွင်မူ ချွေးစေးများ စတင်၍ ဖွဲ့စည်းလာခဲ့သည်။

သာမာန်အားဖြင့် သူ၏ပါရမီသည် သာလွန်ထူးကဲသော်လည်း သူနှင့် မိုဟုန်ကြားရှိ စွမ်းအားကွာဟချက်သည် အလွန်ကြီးမားပေ၏။ ကမ္ဘာသစ်ကို လောင်ကျွမ်းခြင်းမပြုဘဲ သူသည် မည်သို့မျှ တောင့်ခံထားနိုင်မည် မဟုတ်ပေ။ သို့ရာတွင် မိုဟုန်သည် မိုတောက်ကံကြမ္မာကို အသုံးပြုနေပြီး ကျန်းရွှမ်က တတိယအဆင့်ကို နားလည်သဘောပေါက်ထားသဖြင့် ဤအခိုက်အတန့်တွင် သူ အသာစီး ရနေခဲ့သည်။

ဤသည်မှာ ကျန်းရွှမ်သည် မိုဟုန်၏တိုက်ခိုက်မှုတိုင်းကို ကြိုတင်ခန့်မှန်းနိုင်ပြီး လျှင်မြန်စွာ တုံ့ပြန်နိုင်သည်ဟု ဆိုလိုခြင်းပင်။ သို့ရာတွင် ဤသည်မှာ သူ၏အကန့်အသတ်သာဖြစ်ပြီး သူ ပြန်လည်၍ တန်ပြန်တိုက်ခိုက်နိုင်ခြင်း မရှိချေ။

အကယ်၍ သူသာ 'ကောင်းကင်ဘုံသောက ဓားနည်းစနစ်' ကို အသုံးမပြုလျှင် သို့မဟုတ် ကမ္ဘာသစ်ကို လောင်ကျွမ်းခြင်းမပြုလျှင် မိုဟုန်ကို အနိုင်ယူနိုင်မည် မဟုတ်ပေ။

"မိုဟုန် တော်လောက်ပြီ"

ကျန်းရွှမ် တောင့်မခံနိုင်တော့မည့်ဆဲဆဲ အချိန်မှာပင် မိုပိုင်ယဲ့၏အသံ ထွက်ပေါ်လာခဲ့သည်။

ဝှစ်...

မိုတောက်ဓားသည် ရပ်တန့်သွားပြီး မိုဟုန်သည် ခြေလှမ်းအနည်းငယ်ခန့် နောက်ဆုတ်လိုက်၏။ ဤအချက်မှတဆင့် မိုဟုန်သည် စွမ်းအားအချို့ကို ထိန်ချန်ထားဆဲဖြစ်ကြောင်း သိသာထင်ရှားတယ်"

"ဒီလောက် ငယ်ရွယ်တဲ့ အသက်အရွယ်မှာတောင် ဒီလိုမျိုး အစွမ်းအစ ရှိတာက သခင်လေးကျန်းရဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ကြီး ထိုက်တန်ပါတယ်"

မိုပိုင်ယဲ့က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး ရှစ်ယွင်ကျင်းနှင့် ဂိုဏ်းခွဲသခင်ချန်ထံသို့ လှည့်ကြည့်လိုက်သည်။

"ခန်းမသခင်ရှစ်... ဂိုဏ်းခွဲသခင်ချန် ငါအကဲဖြတ်လို့ ပြီးသွားပါပြီ...သခင်လေးကျန်းက သူ့ရဲ့ဂုဏ်ပုဒ်နဲ့ ထိုက်တန်အောင် တကယ့်ကို ပါရမီရှိတဲ့လူပါ...အခု ငါ့ကို ပြန်ခွင့်ပြုပါအုံး"

"ကြွပါ..."

မိုပိုင်ယဲ့သည် မည်သူ့ကိုမျှ မထိခိုက်စေခဲ့သည်ကို မြင်သဖြင့် ချန်ယွီဟွမ်သည် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး ရှစ်ယွင်ကျင်းကလည်း ပေါ့ပေါ့ပါးပါး လက်ဝှေ့ယမ်းလိုက်သည်။

မိုပိုင်ယဲ့သည် စကားဆက်မပြောတော့ဘဲ လှည့်ထွက်သွားလေ၏။

"ဆရာ...ဘာလို့ ကျွန်တော့်ကို ရပ်ခိုင်းလိုက်တာလဲ.....ကျွန်တော်သာ ဆက်လုပ်ခဲ့ရင် သူ့ရဲ့အစွမ်းအစတွေ ပိုပြီး ထွက်လာအောင် ဖိအားပေးနိုင်ခဲ့မှာ..."

မိုပိုင်ယဲ့၏နောက်သို့ လိုက်ပါသွားသော မိုဟုန်ထံတွင် စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

"မလိုတော့ဘူး"

မိုပိုင်ယဲ့က ခေါင်းခါပြလေသည်။

"သူက မင်းရဲ့ဓားချက်တိုင်းကို ကြိုတင်ခန့်မှန်းနိုင်နေတယ်....ဒါက မိုတောက်ကံကြမ္မာအပေါ် သူ့ရဲ့နားလည်သဘောပေါက်မှုက မင်းထက် သာလွန်နေတယ် ဆိုတာကို ပြသပြီးပြီ... ဆက်ပြီး တိုက်ခိုက်ဖို့ မလိုတော့ဘူး"

မိုဟုန် ထိတ်လန့်တုန်လှုပ်သွားသည်။

"ဆရာ ဆိုလိုတာက..."

မိုပိုင်ယဲ့က ခေါင်းညိတ်လိုက်၏။

"အမှန်ပဲ....သူက မိုတောက်ကံကြမ္မာကို တတိယအဆင့်အထိ နားလည်သဘောပေါက်ထားပြီးပြီ... မင်ကျန်းထောင် သုံးခဲ့တဲ့ ဓားနည်းစနစ်က သူ့ကို ကျန်းရွှမ်က သင်ပေးခဲ့တာပဲ"

"ကျွန်တော်တို့ အခု ဘာလုပ်သင့်လဲ"

မိုဟုန်က သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်သည်။

မိုပိုင်ယဲ့၏မျက်လုံးများ တောက်ပသွားသည်။

"ချန်ယွီဟွမ်က သူ့ကို ကာကွယ်ပေးနေမှတော့ လောလောဆယ်မှာ သူ့ကို ကိုင်တွယ်ဖို့ မဖြစ်နိုင်ဘူး....အခွင့်အရေးတစ်ခုကို စောင့်ကြတာပေါ့.... ဒီလောက် တိုတောင်းတဲ့ အချိန်အတွင်းမှာ သူက မိုတောက်ကံကြမ္မာကို ဒုတိယအဆင့်ကနေ တတိယအဆင့်အထိ နားလည်သဘောပေါက်သွားတယ်...သူ့ရဲ့ပါရမီက တကယ့်ကို သာလွန်ထူးကဲတယ်....ကံဆိုးတာက သူ ကျိုးယီမြို့တော်ကို မလာခဲ့သင့်ဘူး ...သူ ဘယ်သူလဲဆိုတာ ငါ မသိခဲ့ရင် ကိစ္စမရှိပေမဲ့ အခု ငါသိသွားမှတော့ ရိုင်းပျရတဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့"

ကံကြမ္မာဆိုသည်မှာ တစ်ခုတည်းဖြစ်ပြီး မိုပိုင်ယဲ့သည် အလျှော့မပေးတတ်သည့်လူ ဖြစ်သည့်အတွက် ကံကြမ္မာတည်ထောင်သူအနေဖြင့် သူသည် လက်ဦးမှုယူ၍ လှုပ်ရှားပြီး ကျန်းရွှမ်ကို ဖယ်ရှားရပေမည်။ သူ့အား အမှုမပတ်စေဘဲ ကျန်းရွှမ်ကို မည်သို့ သတ်ပစ်ရမည်ဆိုသည်ကို သူ စဥ်းစားတွေးတောရပေမည်။

"မိုပိုင်ယဲ့က တကယ့်ကို တစ်ခုခုပဲ"

မိုပိုင်ယဲ့ လှည့်ထွက်သွားသည်ကို မြင်ပြီးနောက် ချန်ယွီဟွမ်သည် ကျန်းရွှမ်ကို တဖန်ပြန်၍ ရိုသေလေးစားစွာ ကြည့်လိုက်သည်။

ဤအချိန်တွင် သူ၏ သံသယများအားလုံး လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့ပြီ။ ကျန်းရွှမ်သည် အစွမ်းထက်မိသားစုကြီးတစ်ခု၏ မျိုးဆက်သစ်တစ်ယောက် ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မလိုတော့ချေ။ ပြီးပြည့်စုံသော နောက်ခံအင်အားမရှိဘဲ ဤအဆင့်သို့ ရောက်ရှိနေရန်မှာ မဖြစ်နိုင်ပေ။ ကျန်းရွှမ်၏ပါရမီသည် ကြယ်စင်မြစ်နယ်ပယ် တတိယအဆင့် အထွတ်အထိပ်တွင် ရှိသော မိုဟုန်ထက်ပင် ကျော်လွန်သွားခဲ့လေပြီ။

"သွားကြစို့...."

ချန်ယွီဟွမ်က လက်ဟန်ပြလိုက်ပြီး အရံခန်းမဆီသို့ လျင်မြန်စွာ လျှောက်လှမ်းသွားခဲ့သည်။ ရှစ်ယွင်ကျင်းသည်လည်း သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်ပြပြီး ထပ်ချပ်မကွာ လိုက်ပါသွားလေ၏။

"မင်းတို့အားလုံး အရင်ပြန်ကြတော့"

ကျန်းရွှမ်သည် စွန်းချန်နှင့်တခြားလူများကို ညွှန်ကြားပြီးနောက် ရှေ့သို့လျှောက်လှမ်းသွားခဲ့သည်။ သူ တွက်ဆမိသည်မှာ မမျှော်လင့်ထားသော အရာတစ်ခုခု ဖြစ်ပေါ်လာခြင်းမရှိပါက လောလောဆယ်တွင် သူ လျော်ကြေးပေးရန် လိုအပ်မည် မဟုတ်ချေ။

"ဟုတ်ကဲ့"

စွန်းချန်က ခေါင်းညိတ်လိုက်ပြီး တခြားလူများနှင့်အတူ ထွက်ခွာရန် ဟန်ပြင်လိုက်သော်လည်း ရုတ်တရက် အထက်မိုးကောင်းကင်ယံမှနေ၍ ရှည်လျားပြီး သြဇာအာဏာကြီးမားသော ခေါင်းလောင်းသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုအသံသည် ကျယ်လောင်ပြီး ပီပြင်ပြတ်သားကာ ကျိုးယီမြို့တော်တစ်မြို့လုံးကို လွှမ်းခြုံ၍ ပဲ့တင်ထပ်သွားပြီး အနည်းဆုံး မိုင်ပေါင်းဆယ်နှင့်ချီအကွာအဝေးထိ ပျံ့နှံ့သွားခဲ့သည်။

"ဘာဖြစ်နေတာလဲ"

ချန်ယွီဟွမ်သည် သူ၏ခြေလှမ်းများကို ရပ်တန့်ပြီး မိုးကောင်းကင်ယံသို့ မော့ကြည့်လိုက်၏။

"ဘာတွေ ဖြစ်နေတာလဲ"

ရှစ်ယွင်ကျင်းသည်လည်း စိတ်ရှုပ်ထွေးစွာ မေးမြန်းလိုက်ရင်း အထက်သို့ မော့ကြည့်လိုက်၏။

အလုံးစုံသိမြင်ဂိုဏ်း၏ အမြင့်ဆုံးနေရာတွင် ခေါင်းလောင်းကြီးတစ်လုံး ရှိခဲ့ပြီး ထိုအရာသည် ဆယ်စုနှစ်ပေါင်းများစွာ ကြာသည်အထိ မြည်ဟီးခဲ့ဖူးခြင်းမရှိပေ။ ထိုသို့ဆိုလျှင် ထိုခေါင်းလောင်းသည် မည်သည်ကြောင့် ယခုချိန်မှ ဤမျှထိ ပြင်းထန်စွာ မြည်ဟီးလာသနည်း။

"ဒါ..."

ချန်ယွီဟွမ်သည် အချိန်တခဏကြာမျှ ကြက်သေသေသွားပြီးနောက် ရုတ်တရက် တစ်စုံတစ်ခုကို ပြန်သတိရသွားသည်။ သူ၏ မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားပြီး သူ၏မျက်နှာအမူအယာ ပြောင်းလဲသွားသည်။

"ခေါင်းလောင်းသံက ငါးချက်မြည်တယ်... သုံးချက်က ရှည်ပြီး နှစ်ချက်က တိုတယ်..မကောင်းတော့ဘူး...အစွမ်းထက်ပညာရှင်တစ်ယောက် ရောက်လာပြီ....ဝင်္ကပါကို အသက်သွင်းကြတော့"

သူ၏အသံ ပျံ့လွင့်သွားသည်နှင့်အမျှ အလင်းတန်းတစ်တန်းက အလုံးစုံသိမြင်ဂိုဏ်း တစ်ဂိုဏ်းလုံးကို လွှမ်းခြုံသွားပေ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကာကွယ်ရေးဝင်္ကပါကြီး အသက်ဝင်လာခဲ့သည်။

"ဘာဖြစ်နေတာလဲ...ဒီတစ်ခါတော့ ငါ့အမှား မဟုတ်ဘူးမလား"

ကျန်းရွှမ်သည်လည်း ထိတ်လန့်သွားပြီး ဂိုဏ်းတံခါးမကြီးဆီသို့ မနေနိုင်မထိုင်နိုင် လှမ်းကြည့်လိုက်မိသည်။ မကြာမီမှာပင် အဘိုးအိုတစ်ဦးသည် မည်သည့်နေရာမှ ထွက်ပေါ်လာသည်ကို မသိရဘဲ ရောက်ရှိလာသည်။ သူသည် ကာကွယ်ရေးဝင်္ကပါကို လုံးလုံးလျားလျား လျစ်လျူရှုကာ ဖြည်းညှင်းစွာ လျှောက်လှမ်းဝင်ရောက်လာခဲ့သည်။

All Chapters