← Chapters

သာမန် အရည်အချင်း

Vol. 19 Ch. 255

သာမန် အရည်အချင်း

Vol. 19 Ch. 255

အသက်ခြောက်ဆယ်ကျော်ဟု ထင်ရသော ဤအဘိုးအိုသည် ကြမ်းတမ်းသော လျှော်တေအဝတ်အစားများကို ဝတ်ဆင်ထားပြီး သူ၏ခန္ဓာကိုယ်ပေါ်တွင် ဖုန်မှုန့်အနည်းငယ် တင်နေသည်။ အဝေးမှ ကြည့်လျှင် သူသည် ထူးခြားသော လက္ခဏာရပ်များ ကင်းမဲ့နေသော သာမန်လယ်သမားတစ်ဦးနှင့် တူညီနေပေ၏။

သို့ရာတွင် သူ ဖြတ်သန်းသွားသည့် နေရာတိုင်း၌ ပုံမှန်အားဖြင့် တောက်ပစွာ လင်းလက်နေသော ကံကြမ္မာခန်းမ၏ ကြီးကျယ်ခမ်းနားသော ဝင်္ကပါများသည် သူ့ကို တားဆီးရာတွင် လုံးလုံးလျားလျားအသုံးမဝင်သော အလှဆင်ပစ္စည်းများများအလားပင်။

"ထိပ်သီးကျင့်ကြံသူတစ်ဦးပဲ.."

ချန်ယွီဟွမ်၏မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားသည်။

ဤအဘိုးအို၏စွမ်းအားသည် သူ၏နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်မှာ သိသာထင်ရှားသည်။ သူသည် ကြယ်စင်မြစ်နယ်ပယ်၏ အထွတ်အထိပ်တွင် ရှိနေသလော သို့မဟုတ် ထို့ထက် မြင့်မားသောအဆင့်တွင် နေနိုင်သလော။

ထိုကဲ့သို့ လူတစ်ယောက်သည် ဤနေရာတွင် မည်သည့်အရာကို အလိုရှိနိုင်မည်နည်း။

ချန်ယွီဟွမ်၏စိတ်အတွင်းသို့ စိုးရိမ်ပူပန်မှုများ ဝင်ရောက်လာခဲ့သည်။ ဤကဲ့သို့ အဆင့်အတန်းရှိသူတစ်ဦးအား ဝင်္ကပါများဖြင့် ဆက်လက်၍ တားဆီးထားခြင်းသည် အသုံးဝင်မည် မဟုတ်ရုံသာမက ထိုလူ၏မကျေနပ်မှုကို ဖြစ်စေနိုင်သည်အားသိသဖြင့် သူသည် မိုးကောင်းကင်ယံသို့ ဖမ်းဆုပ်လိုက်ရာ တံဆိပ်ပြားတစ်ခုက သူ၏လက်ထဲတွင် ထွက်ပေါ်လာခဲ့သည်။ သူ၏ စွမ်းအားများကို ထိုတံဆိပ်ပြားထဲသို့ ထည့်သွင်းလိုက်သည် တောက်ပနေသော ကာကွယ်ရေးဝင်္ကပါများ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

ဤအချိန်တွင် အဘိုးအိုသည် သူတို့ထံမှ မီတာ နှစ်ဆယ်အကွာသို့ ချဉ်းကပ်လာခဲ့ပြီး ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးကို လေ့လာနေခဲ့သည်။

အချိန်တခဏကြာမျှ တွန့်ဆုတ်နေပြီးနောက် ချန်ယွီဟွမ်သည် ရှေ့သို့တက်လှမ်းကာ သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ပြီး ဦးညွှတ်အရိုအသေပြုလိုက်သည်။

"ကျွန်တော်က ကျိုးယီမြို့က အလုံးစုံသိမြင်ဂိုဏ်းရဲ့ ဂိုဏ်းခွဲသခင်ချန်ယွီဟွမ်ပါ... စီနီယာက ဒီနေကို ဘာအကြောင်းကိစ္စနဲ့ ရောက်လာတာလဲဆိုတာ ကျွန်တော် သိခွင့်ရှိမလား"

"ငါက ဒီတိုင်း လျှောက်ကြည့်နေတာ..."

လျှော်တေဝတ်စုံဝတ် အဘိုးအိုသည် သူ့ကို ဂရုမစိုက်ဘဲ ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ ကြည့်ရှုလိုက်၏။ သူ ရှာဖွေနေသူကို မတွေ့ရှိသဖြင့် သူသည် စိတ်ရှုပ်ထွေးသော အမူအယာဖြင့် ပြန်လှည့်လာခဲ့သည်။

"ဘာလို့ ဒီနားမှာရှိတဲ့ ကံကြမ္မာခန်းမက ပျက်စီးနေတာလဲ...ငါက လူတစ်ယောက်ကိုရှာဖို့ အဲ့ဒီနေရာကို သွားမလို့ပဲ...ဒါပေမဲ့ အဲ့ဒါက အပျက်အစီးပုံကြီး ဖြစ်နေပြီ"

"စီနီယာက ကံကြမ္မာခန်းမကို သွားချင်လို့လား"

ချန်ယွီဟွမ်သည် သက်ပြင်းတစ်ချက် ချလိုက်ပြီး သူ၏နံဘေးရှိ ရှစ်ယွင်ကျင်းထံသို့ လျင်မြန်စွာ လက်ညှိုးညွှန်ပြလိုက်သည်။

"ဒါက ကျိုးယီမြို့ကကံကြမ္မာခန်းမရဲ့ ခန်းမသခင် ရှစ်ယွင်ကျင်းပါ"

'ငါ့ကို လာရှာတာထက်စာရင် သူကိုရှာတာကက ပိုကောင်းတယ်'

လျှော်တေဝတ်စုံဝတ်အဘိုးအိုသည် သူ၏အကြည့်ကို ရှစ်ယွင်ကျင်းထံသို့ ရွှေ့ပြောင်းလိုက်၏။

သူ၏မိတ်ဆွေကောင်းကြီးသည် သူ့ကို ဒုက္ခတွင်းထဲသို့ တွန်းပို့လိုက်သဖြင့် ရှစ်ယွင်ကျင်းသည် စိတ်ထဲမှ ကျိန်ဆဲလိုက်သော်လည်း စိတ်ကိုတင်းကာ ရှေ့သို့တက်လှမ်းပြီး ရိုသေလေးစားစွာ ဦးညွှတ်အရိုအသေလိုက်ရုံသာ တတ်နိုင်ခဲ့သည်။

"ဂျူနီယာရှစ်ယွင်ကျင်းက စီနီယာကို အရိုအသေပြုပါတယ်"

"ငါ တစ်ခုလောက် မေးချင်တယ်....လွန်ခဲ့တဲ့ နှစ်နာရီလောက်က မင်းတို့ရဲ့ ကံကြမ္မာခန်းမမှာ တစ်ယောက်ယောက်က အကဲဖြတ်မှု ခံယူခဲ့သေးလား"

လျှော်တေဝတ်စုံဝတ်အဘိုးအို ကျိုးချန်းက တဲ့တိုးမေးမြန်းလေသည်။

သူသည် အဖိုးတန်ရှားပါးသော အဆစ်ခုနစ်ဆစ်ပိုးမွှားဟင်းလျာကိုပင် စွန့်လွှတ်ကာ ကျိုးယီမြို့တော်သို့ အလျင်အမြန် လာခဲ့သည်။ သူသည် ကံကြမ္မာခန်းမ အပျက်အစီးများ၏ နံဘေးပတ်ဝန်းကျင်တွင် အကြိမ်ပေါင်းများစွာ လှည့်ပတ်သွားလာခဲ့ကာ လူပေါင်းဆယ်နှင့်ချီ၍ မေးမြန်းခဲ့သော်လည်း အကျိုးမရှိခဲ့ပေ။ ဤသည်ကြောင့် သူ့ကို ဤနေရာသို့ ရောက်ရှိလာစေခဲ့သည်။

သူ၏လွှမ်းမိုးချုပ်ကိုင်နိုင်သော စွမ်းအားသည် မရည်ရွယ်ဘဲ အလုံးစုံသိမြင်ဂိုဏ်း၏ဝင်္ကပါကို အသက်ဝင်စေမိပြီး အချက်ပေးသံများကို ထွက်ပေါ်လာစေခဲ့သည်။

ရှစ်ယွင်ကျင်းသည် ထိုမေးခွန်းကြောင့် အံ့အားသင့်သွားသော်လည်း အလျင်အမြန် ခေါင်းညိတ်လိုက်သည်။

"ဟုတ်ကဲ့... တစ်ယောက်ယောက်က အကဲဖြတ်မှု ခံယူခဲ့ပါတယ်"

ထိုအကဲဖြတ်မှုသာ မရှိခဲ့လျှင် ကံကြမ္မာခန်းမလည်း ပျက်စီးသွားမည် မဟုတ်ပေ။

ကျိုးချန်း၏မျက်လုံးများ စိတ်လှုပ်ရှားမှုကြောင့် တောက်ပသွားသည်။

"စမ်းသပ်မှုမှာ ပါဝင်တဲ့သူတွေက အခု ဘယ်မှာလဲ ...သူတို့ထဲမှာ ထူးချွန်တဲ့ ပါရမီရှင်တစ်ယောက် ပါခဲ့လား"

အဘိုးအို၏လေသံအရ ရှစ်ယွင်ကျင်းသည် သူ၏ရည်ရွယ်ချက်ကို ခန့်မှန်းမိသဖြင့် တိတ်တဆိတ် သက်ပြင်းချလိုက်၏။ သူသည် ချက်ချင်းခေါင်းညိတ်လိုက်ပြီး ကျန်းရွှမ်နှင့် တခြားလူများထံသို့ ညွှန်ပြလိုက်သည်။

"ပါရမီရှင်တွေအားလုံး ဒီနေရာမှာ ရှိပါတယ်"

"သူတို့အားလုံး ဒီမှာ ရှိနေတာလား"

ကျိုးချန်း၏စိတ်လှုပ်ရှားမှု ပို၍ကြီးထွားလာပြီး သူ၏အကြည့်သည် လူအုပ်ကြီးပေါ်သို့ ဝေ့ဝိုက်၍ကျရောက်သွားကာ ယန်ဆန်းရှစ်ဆန်းထံတွင် အလျင်အမြန် ရပ်တန့်သွားခဲ့သည်။

ဤလူများအနက် ယန်ဆန်းရှစ်ဆန်းသည် အသက်အငယ်ဆုံးဖြစ်ပြီး အမြင့်မားဆုံး ကျင့်ကြံဆင့်ရှိပေ၏။ သူ၏အရှိန်အဝါအရ သူ၏ပါရမီအရည်အချင်းသည် ဤလူအုပ်စုထဲတွင် အကောင်းဆုံးဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိချေ။

"ဒါက မင်းလား..."

ရွှေတူးသူတစ်ဦးသည် ရွှေကိုတွေ့ရှိသွားသကဲ့သို့ ကျိုးချန်း၏မျက်လုံးများသည် စိတ်ကျေနပ်မှုဖြင့် တောက်ပသွားသည်။

'စားဖိုမှူးကံကြမ္မာ'ကို နားလည်သဘောပေါက်ခဲ့သော ပါရမီရှင်သည် ရုပ်ရည်ချောမောပြီး ပါရမီရှိသဖြင့် တပည့်တစ်ဦးအဖြစ်သာမက မွေးစားသားတစ်ဦးအဖြစ် ခေါ်ယူခြင်းနှင့်ပင် ထိုက်တန်သည်။ ကျိုးချန်းသည် သူ၏ ဘဝတသက်တာ ကျွမ်းကျင်မှုများကို မချွင်းမချန် လက်ဆင့်ကမ်းသင်ကြားပေးရန် အသင့်ဖြစ်နေခဲ့လေပြီ။

"မင်းရဲ့နာမည်က ဘယ်လိုခေါ်လဲ"

ကျိုးချန်းက သူ၏မုတ်ဆိတ်ကို ပွတ်သပ်ရင်း နွေးထွေးသောအပြုံးဖြင့် မေးမြန်းလိုက်သည်။

"ကျွန်တော်လား..."

ယန်ဆန်းရှစ်ဆန်းသည် သူ့ကို ရွေးချယ်ခံလိုက်ရသဖြင့် အံ့အားသင့်သွားပြီး စိတ်လှုပ်ရှားမှုများ တလိမ့်လိမ့်ထလာသည်ကို ခံစားလိုက်ရသည်။

"ဂျူနီယာက ယန်ဆန်းရှစ်ဆန်းပါ"

ဂိုဏ်းခွဲသခင်ချန်နှင့်ခန်းမသခင်ရှစ်တို့ထံမှ ဤမျှထိ ရိုသေလေးစားမှုကို ရရှိခဲ့သည့် မည်သူမဆို ပြိုင်ဘက်ကင်း ထိပ်သီးကျင့်ကြံသူတစ်ဦးဖြစ်သည်မှာ သိသာထင်ရှားသည်။ ဤကဲ့သို့ ပုဂ္ဂိုလ်တစ်ဦး၏ မျက်နှာသာပေးမှုကို ရရှိခြင်းသည် သူ့အတွက် ကြီးမားသော အခွင့်အရေးတစ်ခု ဖြစ်ပေလိမ့်မည်။

ကျိုးချန်းက သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။

"နာမည်ကောင်းလေပဲ...ငါ မင်းကို ကြည့်လို့ရအောင် ငါ့ရဲ့အနားကို တိုးလာခဲ့အုံး"

ကျိုးချန်း၏ မျက်နှာသာပေးသော သဘောထားကို သတိပြုမိပြီး သူသည် ပါရမီရှင်များကို ရှာဖွေနေကြောင်း သိရှိသဖြင့် ချန်ယွီဟွမ်က အကြံပြုလိုက်သည်။

"အကြီးအကဲ ဒီလူငယ်လေး ကျန်းရွှမ်ကလည်း ခုဏက အကဲဖြတ်မှုကို ခံယူခဲ့ပါတယ်...သူ့ရဲ့ ပါရမီကလည်း အရမ်းထူးခြားတယ်"

သူသည် ကျန်းရွှမ်ထံသို့ ညွှန်ပြလိုက်၏။

ကျိုးချန်းက ကျန်းရွှမ်ကို တစ်ချက်သာကြည့်ပြီး ခေါင်းခါယမ်းလိုက်သည်။

"သူ့ရဲ့အသက်အရွယ်နဲ့ သူက ဓမ္မရုပ်သွင်ထင်ဟပ်ခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်ကိုပဲ ရောက်သေးတယ်...သူ့ရဲ့ အရည်အချင်းက အကောင်းဆုံးအနေနဲ့ သာမန်လောက်ပဲ ရှိတယ်"

ကျန်းရွှမ်သည် အသက်နှစ်ဆယ့်ခြောက် နှစ်ဆယ့်ခုနစ်နှစ်ခန့် ရှိနေပုံရသည်။ ဤကဲ့သို့ အောင်မြင်မှုမျိုးသည် ဟန်ယွမ်မြို့ အဖြူရောင်ကျောက်တုံးမြို့ သို့မဟုတ် ကျိုးယီမြို့တော်တွင်ပင် ထူးချွန်သည်ဟု သတ်မှတ်နိုင်သော်လည်း ကျိုးချန်း၏အမြင်တွင်မူ နှိုင်းယှဉ်၍မရအောင် ညံ့ဖျင်းနေခဲ့သည်။

ဂုဏ်သိက္ခာကြီးမားသော အစွမ်းထက်မိသားစုများတွင် လူငယ်များသည် ငယ်ရွယ်စဉ်ကတည်းက ကျင့်ကြံခြင်းကို စတင်ကြပြီး တချို့သည် ဆယ့်ခြောက်နှစ် ဆယ့်ခုနစ်နှစ်အရွယ်တွင် ကြယ်စင်မြစ်နယ်ပယ်သို့ ရောက်ရှိနေခြင်းမှာ မထူးဆန်းချေ။

ကြယ်စင်မြစ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်မှု မရှိခြင်းမှာ သူတို့သည် ကောင်းကင်ကံကြမ္မာ၏ဒုတိယအဆင့်ကိုပင် နားလည်သဘောပေါက်ခြင်း မရှိသေးကြောင်း ဆိုလိုနေခြင်းပင်။ ဤသည်မှာ သူတို့၏ ပါရမီကို သာမန်မျှသာ ဖြစ်စေသည်။

ဤကဲ့သို့ အရည်အချင်းမျိုးသည် သူ၏ 'စားဖိုမှူးတာအို ကံကြမ္မာ' ကို သင်ယူရန် မထိုက်တန်ချေ။

"အင်း...."

သူ၏ ပါရမီကို ဤကဲ့သို့ ပြောင်ပြောင်တင်းတင်း ပယ်ချခံလိုက်ရသော်လည်း ကျန်းရွှမ်သည် ထိတ်လန့်တုန်လှုပ်ခြင်းမရှိဘဲ ခေါင်းခါယမ်းလိုက်သည်။ သူသည် အမြဲတစေ သိုသိုသိပ်သိပ်နေရန်ကိုသာ နှစ်သက်ခဲ့သည်။ တခြားလူများက သူ့ကို အထင်သေးလေလေ သူ့အတွက် ပိုကောင်းလေလေဖြစ်ပြီး ဤသည်မှာ သူ့ကို ဒုက္ခများမှ ကယ်တင်ပေးနိုင်လေလေပင်။

"စီနီယာ..."

ယန်ဆန်းရှစ်ဆန်းသည် ရှေ့သို့တိုးလာပြီး ကျန်းရွှမ်ဘက်မှ ကာကွယ်ပြောဆိုရန် ကြိုးစားလိုက်သည်။

"ဒီ သခင်လေးကျန်းရဲ့ ပါရမီနဲ့စွမ်းအားက ကျွန်တော့်ထက် အများကြီး သာလွန်ပါတယ်"

ကျိုးချန်းက လက်ဝှေ့ယမ်းပြီး ကြားဖြတ်ပြောဆိုလိုက်၏။

"တော်လိုက်စမ်း... သူက မင်းထက် အသက်ကြီးမှတော့ သူက ပိုပြီးအစွမ်းထက်တာ သဘာဝကျတယ်....ငါက အသက်ကြီးနေပေမဲ့ မျက်မမြင် မဟုတ်ဘူး....သူရဲ့အရှိန်အဝါကက မတည်ငြိမ်ဘူး... သူရဲ့စွမ်းအားကလည်း လှုပ်ခတ်နေတယ်... သူ့မှာ ပါရမီတချို့ ရှိကောင်းရှိနိုင်ပေမဲ့ မင်းနဲ့ နှိုင်းယှဉ်ရင် သူက အများကြီးညံ့ဖျင်းတယ်"

"ဒါပေမဲ့...."

ယန်ဆန်းရှစ်ဆန်းသည် ထပ်မံ၍ငြင်းခုံလိုသော်လည်း ကျိုးချန်းက သူ့ကို ကြားဖြတ်ပြောလိုက်သည်။

"တော်လိုက်တော့... ငါ ဒီနေရာကို ငြင်းခုံဖို့ လာတာ မဟုတ်ဘူး.... ပွင့်ပွင့်လင်းလင်း ပြောရရင် ငါက တပည့်ရင်းတစ်ယောက် လက်ခံဖို့ ဒီကို လာတာပဲ"

"တပည့်ရင်းလား..."

"ဒီလို ထိပ်သီးကျင့်ကြံသူတစ်ယောက်ရဲ့ ရွေးချယ်ခံရတာက ခြေတစ်လှမ်းတည်းနဲ့ ကောင်းကင်ဘုံကို တက်လှမ်းရသလိုပါပဲ"

"အမှန်ပဲ...သူ့ရဲ့ သင်ကြားမှုအောက်မှာ ကြယ်စင်မြစ်နယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်ကို ရောက်ဖို့က အာမခံချက် ရှိသလောက်ပဲ"

ဤစကားကိုကြားချိန်တွင် လူအများသည် စိတ်လှုပ်ရှားသွားကာ ဆူညံပွက်လောရိုက်သွားတော့သည်။

ကျင့်ကြံသူများအတွက် ကြီးမြတ်သော ဆရာသခင်တစ်ဦး ရှိခြင်းသည် ချမ်းသာကြွယ်ဝမှု အရင်းအမြစ်များနှင့် နည်းစနစ်များကို မရေမတွက်နိုင်အောင် ပိုင်ဆိုင်ထားခြင်းနှင့် တူညီပေ၏။ သူတို့၏တိုးတက်မှုသည် ထပ်ချပ်မကွာ လိုက်ပါလာမည်မှာ သေချာပေါက်ပင်။

ချန်ယွီဟွမ်နှင့်ရှစ်ယွင်ကျင်းတို့ပင်လျှင် စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်ကြသည်။

"စီနီယာ....အသက်ကြီးတဲ့ တပည့်တွေကိုရော လက်ခံလား"

ကျိုးချန်းက အရေးမစိုက်သော အမူအယာဖြင့်လက်ဝှေ့ယမ်းပြပြီး တုံ့ပြန်လိုက်သည်။

"သွားစမ်း..."

"နားလည်ပါပြီ"

သူတို့သည် ရှက်ရွံ့စွာဖြင့် နောက်ဆုတ်သွားပြီးမှ တွန့်ဆုတ်စွာ မေးမြန်းလိုက်ကြသည်။

"စီနီယာရဲ့တပည့်ဖြစ်ဖို့ လိုအပ်ချက်တွေက ဘာတွေလဲဆိုတာ သိခွင့်ရှိလား"

ကျိုးချန်းက နှာမှုတ်လိုက်သည်။

"ဒါက ပုံမှန်ပါပဲ...ပါရမီရှင်တစ်ယောက်က အသက်ငယ်လေလေ ပိုအစွမ်းထက်ပြီး ပိုကောင်းလေလေပဲ...ငါက ဒီနေရာမှာ ရှိတဲ့ ယန်ဆန်းရှစ်ဆန်းကို တော်တော်လေး သဘောကျနေပြီ"

သူသည် ယန်ဆန်းရှစ်ဆန်းထံသို့ လှည့်ကြည့်လိုက်သည်။

"လူငယ်လေး...မင်းရဲ့စွမ်းအားကို ငါ့ကို ပြသပါလား.... အဆင်ပြေရင် မင်းရဲ့ ကောင်းကင်ကံကြမ္မာကိုလည်း တိတ်တဆိတ် မျှဝေပေးနိုင်မလား"

တချို့သော ကောင်းကင်ဘုံကံကြမ္မာများသည် လက်ဆင့်ကမ်းနိုင်ပြီး ပြဿနာမရှိဘဲ မျှဝေနိုင်ပေ၏။ တချို့ကံကြမ္မာမှာမူ လက်ဆင့်ကမ်းနိုင်ခြင်းမရှိဘဲ ထိုအရာများကို ထုတ်ဖော်ခြင်းသည် အားနည်းချက်များကို ပြသရာရောက်ပြီး အမြတ်ထုတ်ခံရခြင်းသို့ ဦးတည်သွားစေနိုင်သည်။

ဥပမာအားဖြင့် ယန်ဆန်းရှစ်ဆန်း၏ 'ကျေးဇူးသိမြင်ခြင်း ကံကြမ္မာ' သည် တခြားလူများက ထိုအကြောင်းကို သိရှိသွားပါက တာဝန်တစ်ခု ဖြစ်လာနိုင်ပေ၏။ အကယ်၍ တစ်စုံတစ်ယောက်သည် သူ့ကို တမင်သက်သက် မျက်နှာသာပေးမှုများ ပြုလုပ်ပါက သူတို့သည် သူ့ကို ကံကြမ္မာဆိုင်ရာ တာဝန်ဝတ္တရားများဖြင့် ချည်နှောင်ထားနိုင်သည်။

ဤအထိခိုက်မခံသော အချက်များကို သိရှိသဖြင့် ကျိုးချန်းသည် လူအများရှေ့တွင် သူ၏ကံကြမ္မာ ထုတ်ဖော်ပြသရန် ဖိအားမပေးခဲ့ပေ။ ထိုအစား သူသည် ဤလူငယ်၏ ပါရမီနှင့်ကံကြမ္မာ နှစ်မျိုးလုံးကို တိတ်တဆိတ် စမ်းသပ်ရန် ကြိုးပမ်းခဲ့သည်။

Thank For Reading.

All Chapters