အခန်း (၁၆-၁၈)
Vol. 2 Ch. 16-18
အပိုင်း ( 16 )
ရှုကျိုး၏ ခွန်အား
ကျောင်းသို့ ရောက်ရှိလာခဲ့ပြီးသည့်နောက်၌ ရှုကျိုးသည် စာသင်ခန်းဆီသို့ တန်းမသွားခဲ့ပေ။
ထို့အစား သူသည် သူ၏ တောင်ဖြိုခွဲ ဆေဘာနည်းစနစ်အတွက် လမ်းညွှန်ချက် တစ်ချို့ကို တောင်းခံရန် ဆရာချောင်၏ ရုံးခန်းဆီသို့ တိုက်ရိုက်သွားလိုက်သည်။
သူ မရောက်ဖြစ်သည်မှာ သုံးရက်ခန့် ကြာနေခဲ့ပြီဖြစ်ပြီး၊ ထိုကာလအတွင်းတွင် သူ၏ ဆေဘာပညာရပ်သည် ပြဿနာတစ်ချို့နှင့် ကြုံတွေ့နေခဲ့ရသည်။
ရှုကျိုးထံတွင် ဆေဘာအတွက် ကြီးမားသော ပါရမီရှိပြီး၊ နားလည်နိုင်စွမ်း ကောင်းမွန်နေခဲ့သော်လည်း၊ ကျင့်ကြံရေး လမ်းကြောင်းပေါ်၌ အကောက်အကွေ့ များစွာ ကြုံတွေ့ရမည်မှာ ဓမ္မတာပင် ဖြစ်သည်။
အကယ်၍ အဆိုပါ ပြဿနာများကို စောလျှင်စွာ ပြင်ဆင်မည်ဆိုပါက တိုးတက်မှုနှုန်းသည် များစွာမြင့်တက်လာမည် ဖြစ်သည်။
ဆရာချောင်၏ ရုံးခန်း၌
ရှုကျိုးသည် တောင်ဖြိုခွဲ ဆေဘာသိုင်းကို တစ်ခဏခန့် ကစားပြခဲ့ပြီးသည့်နောက်တွင်၊ ဆရာချောင်မှ စကားပြောလာခဲ့သည် “ မဆိုးပါဘူး၊ မင်းက အခြေခံကို ကောင်းကောင်းကြီး တတ်သွားပြီ။ ဒါပင်မဲ့ မင်းရဲ့ ဆေဘာသိုင်းမှာ သတ်ဖြတ်လိုစိတ် မရှိသေးဘူး “
“ ဒါပင်မဲ့ စိတ်မပူပါနဲ့၊ စစ်မှန်တဲ့ သတ်ဖြတ်လိုစိတ်က သေခြင်း၊ ရှင်ခြင်း အတွေ့အကြုံတွေဆီကနေပဲ ရယူနိုင်တာ “
“ ပြီးတော့ ခုနစ်ခုမြောက် နည်းစနစ်ရဲ့ ဒုတိယလှုပ်ရှားမှုမှာ မင်းရဲ့ဆေဘာ လွှဲနှုန်းက တော်တော်ကြီးကို မြန်နေတယ်၊ နည်းနည်းလောက် နှေးသွားအောင် ကြိုးစားကြည့်ဦး “
ဆရာချောင်၏ အကြံပေး စကားကို နားထောင်လိုက်ရသောအခါတွင် ရှုကျိုး၏မျက်လုံးများ တောက်ပသွားခဲ့သည်။
ဆရာတစ်ဦး၏ လမ်းညွှန်မှု ရရှိခြင်းသည် အရာအားလုံးကို ကွဲပြားသွားစေခဲ့သည်။
သူသည် မည်သည့်နေရာတွင် ပြဿနာရှိနေလဲဆိုသည်ကို ချက်ချင်း နားလည်သွားခဲ့သည်။
ထို့နောက် ရှုကျိုးသည် ဆရာချောင်၏ လမ်းညွှန်မှုဖြင့် ဆက်၍ လေ့ကျင့်ကာ အဆက်မပြတ် တိုးတက်လာခဲ့လေသည်။
ဆရာချောင်မှာလည်း သူ့အား ရှင်းပြပေးရင်းဖြင့် တိတ်တဆိတ် အံ့အားသင့်နေခဲ့သည် “ ဒီကလေးရဲ့ ဆေဘာသိုင်း တိုးတက်မှုက ငါထင်ထားထပ်တောင် ပိုပြီးတော့ မြန်နေတာပဲ “
“ ဟမ်? “
“ သူ့ရဲ့ ချီ-သွေးက အတော်လေး တိုးတက်လာခဲ့တာလား? “
“ ငါ ထင်ယောင်ထင်မှား ဖြစ်နေတာလား? “
ဆရာချောင်၏ မျက်ခုံးများသည် အနည်းငယ် ကြုတ်သွားခဲ့သည်။
သူသည် ရှုကျိုး၏ ချီ-သွေး အတက်အကျကို ခံစားမိသော်လည်း၊ အဆိုပါ ခံစားအာရုံခံမှုသည် စမ်းသပ်ရေး ပစ္စည်းလောက် တိကျနေမည် မဟုတ်ပေ။
ဤအခိုက်အတန့်တွင် သူသည် ရှုကျိုး၏ ချီ-သွေးက နောက်ဆုံးတစ်ကြိမ်ကထပ် သိသိသာသာ ကောင်းမွန်တိုးတက်လာသည်ဟု အာရုံခံမိနေခဲ့သည်။
“ ထင်ယောင်ထင်မှား ဖြစ်နေတာပဲ ဖြစ်ရမယ်၊ ဟုတ်တယ်မလား? သာမန်လူတစ်ယောက်က အချိန်တိုအတွင်းမှာ ဒီလောက်ကြီး မတိုးတက်လာနိုင်ဘူးလေ “
ဆရာချောင်ကား တစ်ကိုယ်တည်း စဥ်းစားခန်းဖွင့်နေတော့သည်။
သာမန်လူတစ်ယောက်အတွက်တောင်မှ ရက်ပိုင်းလေးနဲ့ ချီ-သွေး အများကြီး တိုးတက်လာအောင် လုပ်ဖို့အတွက် တော်တော်ခက်တယ်။ သားရဲစွမ်းရည် ပိုင်ဆိုင်ထားတဲ့ ရှုကျိုးဆိုရင်တော့ ……
မကြာခင်မှာပင် ဆရာချောင်သည် သူ၏ ယခင်အာရုံခံစားမှုက မှားယွင်းသွားသည်ဟု ယုံကြည်သွားခဲ့သည်။
…
တစ်နာရီ ကြာခဲ့ပြီးသည့်နောက်၌
ရှုကျိုးသည် ရုံးခန်းထဲမှ စိတ်ကျေနပ်စွာဖြင့် ထွက်လာခဲ့သည်။
လမ်းညွှန်ပြသမှုကို ခံယူခဲ့ပြီးသည့်နောက်၌ သူ၏ တောင်ဖြိုခွဲ ဆေဘာသိုင်းသည် ထပ်မံ၍ သိသိသာသာ တိုးတက်လာခဲ့ပြန်သည်။
သူသည် ဒုတိယအဆင့်၏ တံခါးပေါက်နှင့်ပင် ထိတွေ့မိနေပြီဟု ခံစားနေခဲ့ရသည်။
ခြေတစ်လှမ်း လှမ်းလိုက်ရုံဖြင့် အဆင့်တက်သွားမည် ဖြစ်သည်။
သို့ရာတွင် သူ့ထံ၌ ထိုအဆင့်အတွက် တစ်စုံတစ်ခု ကင်းမဲ့နေစဲ ဖြစ်သည်။
ဆရာချောင် ပြောထားသကဲ့သို့ပင် သူ့ထံ၌ သတ်ဖြတ်လိုစိတ် ကင်းမဲ့နေခြင်းပင် ဖြစ်သည်၊ ၎င်းသည် ကန့်သတ်ချက်များကို ကျော်ဖြတ်ရန်အတွက် သေခြင်း၊ ရှင်ခြင်းကြားတွင်သာ တွေ့ရသော အရာဖြစ်သည်။
သို့သော် ထိုကဲ့သို့သော ကိစ္စမျိုးသည် အချိန်မှန်၊ နေရာမှန်တွင်သာ ပေါ်လာလေ့ရှိပြီး၊ ရှုကျိုးပင် ၎င်းကို အတင်းလုပ်ယူ၍ မရပေ။
သူသည် သေခြင်း၊ ရှင်ခြင်း အခက်အခဲများနှင့် မရင်ဆိုင်ရသေးပေ။
“ ငါ လေ့ကျင့်ရေး ခန်းမကို သွားသင့်တယ် “ ရှုကျိုးကား တီးတိုးပြောဆိုနေခဲ့သည်။
ခန်းမသို့ ရောက်ရှိသွားပြီး၊ တံခါးကို ဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် သူသည် ကျယ်လောင်သော ဆူညံသံများကို ကြားလိုက်ရသည်။
ခန်းမထဲ၌ အဖွဲ့နှစ်ခု အငြင်းအခုန် ဖြစ်နေကြသည်။
သူတို့သည် အတန်းရှစ်နှင့် အတန်းတစ်မှ ကျောင်းသားများ ဖြစ်သည်။
“ မင်းတို့ လိမ်နေကြတာ!! ဘယ်လိုလုပ်ပြီးတော့ ဆရာချောင်က တစ်ကျောင်းလုံးကို လိမ်ရမှာလဲ? “
“ မင်းတို့ကောင်တွေက ရှုကျိုးရဲ့ စွမ်းရည်ကို မနာလိုဖြစ်နေကြတာ “
အတန်းရှစ်မှ ကျောင်းသားများသည် ဒေါသတကြီးဖြင့် ဝိုင်းရံလာကြပြီး၊ အဆက်မပြတ် အော်ဟစ်လာကြသည်။
ဝမ်ယွဲ့ဟွေကမူ ဘေးတစ်ဖက်တွင် မှုန်မှိုင်းနေသော မျက်နှာထားဖြင့် မတ်တပ်ရပ်နေခဲ့သည်။
သူသည် ယခုမှ ရောက်ရှိလာခြင်း ဖြစ်ပြီး၊ တစ်ခြားအတန်းမှ လူများသည် အတန်းရှစ်အား လက်ညှိုးတထိုးထိုး ဖြစ်နေသည်ကို သူသတိပြုမိနေခဲ့သည်။
တစ်ချို့သည် ဆရာချောင့်အား ပေါ်ပေါ်တင်တင်ပင် ပြစ်တင်ပြောဆိုနေကြသည်။
သိပ်မဝေးသော နေရာ၌ တစ်စုံတစ်ဦးသည် လေသံတိုးတိုးဖြင့် ရေရွတ်ပြောဆိုနေခဲ့သည် “ အခုတော့ တစ်ကျောင်းလုံး သိသွားပြီ၊ မဖျက်စီးနိုင်တဲ့ နဂါးခန္ဓာက အတုကြီး။ ဆရာချောင်က လူလိမ်၊ ပြီးတော့ မင်းတို့ အတန်းရှစ်က ကောင်တွေပဲ အဲ့တာကို ယုံကြည်ဖို့ ငြင်းပယ်နေကြတာ “
“ ဆရာချောင်က တကယ်ကို တစ်ခုခုတော့ တစ်ခုခုပဲ။ တစ်ခြားသူတွေကို လိမ်တာက သိပ်တော့ မဟုတ်ပင်မဲ့၊ သူ့ရဲ့ တပည့်တွေကိုတောင်မှ လိမ်ထားတာလား? “
“ အခုကြည့်ရသလောက်တော့ အဲ့ဒီလူမိုက်တစ်စုက အဲ့တာကို ယုံနေကြတုန်းပဲ “
၎င်းကို မြင်တွေ့လိုက်ရသောအခါတွင် ဝမ်ယွဲ့ဟွေသည် ဆက်၍ ငြိမ်မနေနိုင်တော့ပေ။
ထိုလူများသည် ရှုကျိုးကို ဝေဖန်နေကြရုံတင် မဟုတ်ဘဲ၊ ဆရာချောင်နှင့် အတန်းရှစ်တစ်တန်းလုံးကိုပါ အရှက်ခွဲနေကြခြင်း ဖြစ်သည်။
ဝမ်ယွဲ့ဟွေ၏ မျက်နှာတွင် ဒေါသများဖြင့် ပြည့်နှက်နေပြီး၊ စကားပြောရန် ပြင်လိုက်သည်၊ သို့သော် သူသည် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
ခန်းမ၏ အပေါက်ဝတွင် ရှုကျိုးသည် အေးဆေး တည်ငြိမ်နေသော အမူအရာဖြင့် ဝင်လာခဲ့သည်။
…
ရှုကျိုး ဝင်လာခဲ့သောကြောင့် ရန်ဖြစ်နေသော အဖွဲ့နှစ်ခုလုံး ရပ်တန့်သွားကြသည်။
တစ်ခြား အတန်းမှ လူများသည် ရှုကျိုးအား မှိတ်တုပ်မှိတ်တုပ် ဖြစ်နေသော မျက်လုံးများဖြင့် ကြည့်နေကြပြီး၊ အများစုသည် အနည်းငယ် အံ့ဩသွားကြသည်။
အတန်းရှစ်မှ ကျောင်းသားများသည် ငြင်းခုန်မနေကြတော့သော်လည်း၊ အစောပိုင်း အချိန်တုန်းက ဖြစ်ရပ်များကို ရှုကျိုးအား သိခွင့်ပေးကြမည် မဟုတ်ပေ။
အမှန်တိုင်းပြောရပါက ငြင်းခုန်နေကြစဥ်တွင် သူတို့သည် အပြင်ဘက်မှ ကောလဟာလများက မှန်ကန်နေမည်ကို ထပ်မျှထပ်မျှ စိုးရိမ်ပူပန်နေခဲ့ကြသည်။
ထူးဆန်းသော တိတ်ဆိတ်မှုသည် ခန်းမထဲတွင် တစ်ခဏခန့် ကြီးစိုးသွားခဲ့သည်။
ရှုကျိုးသည် သူတို့၏ ရန်ပွဲကို အပြင်ဘက်မှပင် ကြားနေခဲ့ရသောကြောင့် ထိုလူများကို တစ်ချက် ကြည့်လိုက်သည်။
သူသည် ပြင်ပကမ္ဘာက သူ့အား မည်ကဲ့သို့ ထင်မြင်ယူဆလဲဆိုသည်ကို ဂရုစိုက်နေမည် မဟုတ်ပေ။
သို့သော် သူ၏ ဆရာဖြစ်သူကို ထိုလူများက စော်ကားနေကြခြင်းသည် သူ့အား မခံမရပ်နိုင် ဖြစ်သွားစေခဲ့သည်။
ရှုကျိုးသည် ခန်းမထဲသို့ လမ်းလျှောက်ဝင်လာပြီး၊ အတန်းတစ်ထံသို့ ဦးတည်သွားလိုက်သည်။
သူလာနေသည်ကို မြင်လိုက်ရသောအခါတွင် ထိုလူများ၏ အမူအရာများ အနည်းငယ် ပြောင်းလဲသွားကြသည်။
ဝမ်ယွဲ့ဟွေမှ အလျင်စလို ပြေးလာခဲ့ပြီး၊ လေသံတိုးတိုးဖြင့် ပြောလာခဲ့သည် “ ရှုကျိုး၊ မဆင်မခြင် မလုပ်နဲ့ဦး “
သူသည် ရှုကျိုး၏ သွေးပူမှုကြောင့် ထိုလူများနှင့် ရန်ဖြစ်ကြမည်ကို စိုးရိမ်နေခဲ့သည်။
သူကိုယ်တိုင်မှာလည်း အလွန်ဒေါသထွက်နေခဲ့သော်လည်း၊ သူတို့သည် စကားလုံးများဖြင့်သာ တိုက်ခိုက်ကြခြင်း ဖြစ်ပြီး၊ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်ခြင်းမျိုး မပြုလုပ်ခဲ့ကြပေ။
အကယ်၍ ရှုကျိုးသာ စတိုက်မည်ဆိုပါက သူ၏အမှား ဖြစ်သွားလိမ့်မည် ဖြစ်သည်။
ဝမ်ယွဲ့ဟွေ၏ တားဆီးမှုကို မြင်လိုက်ရသောအခါတွင် ရှုကျိုးကား ခေါင်းငြိမ့်ပြ၍ ပြောလိုက်သည် “ ငါက မဆင်မခြင် မလုပ်ပါဘူး “
ထို့နောက်တွင် သူသည် ထိုအဖွဲ့ထံသို့ ဆက်၍ လမ်းလျှောက်သွားခဲ့သည်။
၎င်းကို မြင်လိုက်ရသောအခါတွင် အတန်းရှစ်မှ ကျောင်းသားအားလုံးသည် သူတို့၏ လက်သီးများကို ဆုပ်လိုက်ကြပြီး၊ သူတို့၏မျက်နှာများတွင်လည်း တိုက်ပွဲဝင်လိုစိတ်များကို ပြသလာကြသည်။
အကယ်၍ ရှုကျိုးကသာ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်မည်ဆိုပါက သူတို့ကလည်း ဝင်ပါကြမည် ဖြစ်သည်။
ဝမ်ယွဲ့ဟွေမှာလည်း ကူရာကယ်ရာမဲ့စွာဖြင့် သက်ပြင်းချနေတော့သည်။
သူ၏ ချီ-သွေးများကို နှိုးဆွလိုက်ပြီး၊ အကယ်၍ ရှုကျိုးကသာ စတင်တိုက်ခိုက်မည်ဆိုပါက လှုပ်ရှားနိုင်ရန် အသင့်ပြင်ထားလိုက်သည်။
အတန်းတစ်ထံသို့ ရှုကျိုး ချဥ်းကပ်လာသည့် အချိန်တွင် ထိုအဖွဲ့ရှိ လူများ၏ အမူအရာများ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
ကျောင်းသားတစ်ဦးသည် မအောင့်နိုင်တော့ဘဲ အော်ပြောလာခဲ့သည် “ ရှုကျိုး၊ မင်းက ဘာလုပ်ချင်နေတာလဲ? ဒါက လေ့ကျင့်ရေး ခန်းမနော်၊ မင်းက တကယ်ကြီးကို လှုပ်ရှားချင်နေတာလား? “
“ ငါတို့က လိမ်နေကြတာ မဟုတ်ဘူး၊ အခုဆိုရင် ဆရာချောင်က လူလိမ်လို့ တစ်ကျောင်းလုံးက ပြောနေကြတာ “
“ ဟုတ်တယ်၊ ငါတို့က မင်းကို စော်ကားတာ မဟုတ်ဘူး၊ မင်းရဲ့ဆရာက လူအများကြီးကို လှည့်စားထားလို့ ဟာသလုပ်နေကြတာ “
ရှုကျိုး ချဥ်းကပ်လာသောကြောင့် သူတို့၏ လေသံများ ပြောင်းလဲသွားကြပြီး၊ ရှုကျိုးအပေါ်တွင် အညှိုးအတေး မရှိကြောင်း ပြောဆိုလာကြသည်။
သို့သော် ရှုကျိုးကမူ ရပ်တန့်မသွားခဲ့ဘဲ၊ ဆက်၍ လမ်းလျှောက်လာခဲ့သည်။
ရှုကျိုးကား သူတို့ကို ကြည့်ပင် မကြည့်ခဲ့ပေ၊ ထို့အစား သူသည် လက်သီးထိုးချက် စွမ်းအား စမ်းသပ်သည့် စက်ပစ္စည်းဆီသို့သာ တိုက်ရိုက်သွားနေတော့သည်။
သူသည် ရန်ဖြစ်ခြင်းကဲ့သို့ မိုက်မဲသော အရာတစ်ခုကို လုပ်မည် မဟုတ်ပေ။
သူ့အား စိတ်အနှောင့်အယှက် ဖြစ်သွားစေသည့် အရာမှာ ထိုလူများက ဆရာချောင်ကို သံသယဝင်နေကြခြင်း ဖြစ်သည်။
ရှုကျိုးသည် ဆရာချောင်အား အလွန်လေးစားလှသည်။
ဆရာချောင်သည် သူ့အား အပိုကျင့်ကြံရေး အရင်းအမြစ်များ ထောက်ပံ့ပေးခဲ့ပြီး၊ သူ၏ တိုက်ခိုက်ရေး ပညာရပ်များကိုလည်း စေ့စေ့စပ်စပ် လမ်းညွှန်သင်ပြပေးခဲ့သည်။ ထို့ကြောင့် သူသည် ဆရာချောင်အား စစ်မှန်သော နည်းပြတစ်ဦးအဖြစ် သတ်မှတ်ထားခဲ့ပြီ ဖြစ်သည်။
ယခု ထိုလူများက ဆရာချောင့်အား စွပ်စွဲ၍ မေးခွန်းထုတ်လာကြသည်ကို မြင်တွေ့လိုက်ရသောအခါတွင် ၎င်းသည် သူ့အား မပျော်မရွှင် ဖြစ်သွားစေခဲ့သည်။
ရှုကျိုးသည် သူ၏ လက်သီးများကို ဆုပ်ထားလိုက်ပြီး၊ ခန္ဓာကိုယ်အား နဂါး အမြှီးလွှဲယမ်းသကဲ့သို့ လှည့်လိုက်ကာ သူ့ရှေ့ရှိ သဲအိတ်ကို အင်ပြည့်အားပြည့် ထိုးချလိုက်သည်။
အဆိုပါ ထိုးချက်နှင့်အတူ သူသည် သူ့ကိုယ်သူအတွက် သက်သေပြပြီး၊ ဆရာချောင်အတွက် ခုခံကာကွယ်မည် ဖြစ်သည်။
“ ဝုန်းးးးးးး “
လက်သီးချက် ကျရောက်သွားသောကြောင့် သဲအိတ်သည် ပြင်းပြင်းထန်ထန် တုန်ခါသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် မီတာပေါ်ရှိ ဂဏန်းများသည် စတင်၍ ပြောင်းလဲလာပြီး လျင်မြန်စွာ မြင့်တက်သွားခဲ့သည်။
၅၀ ကီလိုဂရမ်၊ ၆၀ ကီလိုဂရမ်၊ ၇၀ ကီလိုဂရမ်၊ ၈၀ ကီလိုဂရမ်၊ ၉၀ ကီလိုဂရမ် ……….
ထိုအခိုက်အတန့်တွင် လူတိုင်းသည် ရှုကျိုး၏ ရည်ရွယ်ချက်ကို နားလည်သွားကြသည်။
အဖွဲ့နှစ်ဖွဲ့စလုံးမှ အကြည့်များသည် မီတာအပေါ်၌သာ ကျရောက်နေခဲ့သည်။
အဆုံးတွင် နံပတ်သည် ၁၀၆ ကီလိုဂရမ်ဆိုသည့် ပမာဏတွင် ရပ်တန့်သွားခဲ့သည်။
ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး၊ မကြာခင်မှာပင် ကျယ်လောင်သော ဆူညံသံများ ထွက်ပေါ်လာခဲ့သည်။
“ ၁၀၆ ကီလိုဂရမ်ရှိတဲ့ လက်သီးအားလား? “
“ ဘယ်လို …….. ဘယ်လိုလုပ်ပြီးတော့ အဲ့လို ဖြစ်နိုင်ရတာလဲ? “
“ ဒါက ……. ၈၀ကယ်လိုရီရဲ့ စံနှုန်းထက်တောင် ကျော်နေပြီလေ “
“ သူ့ရဲ့ ထိုးချက်က ဘယ်လိုလုပ်ပြီးတော့ အဲ့လောက်တောင် အားကောင်းနေရတာလဲ? “
“ ဒုတိယနှစ် ကျောင်းသူကျောင်းသား တစ်ချို့ဆိုရင်တောင် အဲ့အဆင့်မှာပဲ ရှိနေကြသေးတယ် “
ကြည့်ရှုသူတိုင်း အလွန်အံ့ဩ တုန်လှုပ်သွားကြသည်။
လင်းဂျန် ပထမ အထက်တန်းကျောင်း၌ ပထမနှစ် ကျောင်းသူကျောင်းသားအများစုထံရှိ ချီ-သွေးအဆင့်သည် ၇၀-၈၀ ကယ်လိုရီကြားတွင်သာ ရှိလေ့ရှိသည်။
ဒုတိယနှစ် ကျောင်းသူကျောင်းသားတို့၏ အဆင့်သည် ၈၀-၁၁၀ကြားတွင် တည်ရှိသည်။
တတိယနှစ် ကျောင်းသူကျောင်းသားကမူ ၁၀၀-၁၄၀အထိ ရှိတတ်သည်။
အဘယ့်ကြောင့်ဆိုသော် နိုးထခြင်းသည် ပထမနှစ်၏ ဒုတိယနှစ်ဝက်တွင် စတင်သောကြောင့် ဖြစ်သည်။
ထို့ကြောင့် ပထမနှစ် ကျောင်းသားအများစု၏ ချီ-သွေးသည် အလွန်နှေးကွေးစွာ တိုးတက်လေ့ရှိသည်။
နိုးထခြင်းသာ မရှိပါက ပထမနှစ်၏ ပထမနှစ်ဝက်တွင် မည်သူကမှ များစွာ တိုးတက်လာလိမ့်မည် မဟုတ်ပေ။
ယခုတွင် ပထမနှစ် ကျောင်းသူကျောင်းသားများသည် မကြာသေးခင်က ရက်များအတွင်းတွင် နိုးထခဲ့ကြပြီးပြီ ဖြစ်ပြီး၊ အများစုသည် ချီ-သွေး ၇၅ကယ်လိုရီဆိုသည့် ပမာဏကို မကျော်နိုင်ခဲ့ကြပေ။
ထို့ကြောင့်သာလျှင် အားလုံးသည် ရှုကျိုး၏ ၈၀ကယ်လိုရီထပ် ကျော်လွန်နေသော လက်သီးထိုးချက် စွမ်းအားကို မြင်တွေ့လိုက်ရသောအခါ၌ အလွန် အံ့ဟတုန်လှုပ်သွားရခြင်း ဖြစ်သည်။
ထိပ်ဆုံး ပါရမီရှင် အယောက် ၁၀၀မှလွဲ၍ ပထမနှစ်တွင် ၈၀ကယ်လိုရီအဆင့်အထိ ရောက်သည့် လူမရှိပေ။
ထိုအခိုက်အတန့်တွင် တစ်ခြားအတန်းမှ ကျောင်းသားအားလုံး လုံးဝ အံ့အားသင့်သွားကြသည်။
ရှုကျိုးက ဘယ်လိုတောင် ကျင့်ကြံနေတာလဲဟ?
ကောလဟာလတွေအရဆိုရင် သူ့ရဲ့ ကျင့်ကြံရေး အမြန်နှုန်းက တော်တော်ကြီးကို နှေးနေသင့်တာလေ။
အခု ဘယ်လိုလုပ်ပြီးတော့ ဒီလို ဖြစ်နေရတာလဲ?
အတန်းရှစ်မှ ကျောင်းသူကျောင်းသားများကမူ ဒေါသတကြီး ဖြစ်နေလျက်ရှိ၏။
“ ရှုကျိုး !!!! “
တစ်ချို့သော အတန်းဖော်များသည် တစ်ခြား အတန်းမှ လူများ၏ အရှက်ခွဲခြင်းနှင့် ရွဲ့စောင်းပြောဆိုမှုများကို သည်းခံထားခဲ့ရပြီး၊ ယခုတွင်ကား အလွန် ဝမ်းသာပီတိဖြစ်သွားကာ အော်ပြောလာကြသည်။
သူတို့သည် ဆယ့်လေးနှစ် (သို့) ဆယ့်ငါးနှစ်မျှသာ ရှိသည့် ဆယ်ကျော်သက် လူငယ်လေးများ ဖြစ်ပြီး၊ သူတို့၏ သွေးများ ဆူပွက်သွားကြသည်။
ထိုအခိုက်အတန့်တွင် သူတို့သည် ဂုဏ်ယူဝင့်ကြွားစွာ မတ်တပ်ရပ်နေကြပြီး၊ စိတ်ဓာတ်များ တက်ကြွနေကြသည်။
ထိုစဥ် ဝမ်ယွဲ့ဟွေသည် လူကြားထဲတွင် ရှိနေသည့် ထူးချွန်ထက်မြက်သော ရုပ်သွင်တစ်ခုကို ကြည့်ကာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည်။
“ ဒီလူက ဂိလာန မဟုတ်ဘူးလား? သူ့ရဲ့ ချီ-သွေးက ဘယ်လိုလုပ်ပြီးတော့ ဒီလောက် မြန်မြန်ဆန်ဆန်ကြီး တိုးတက်လာခဲ့ရတာလဲ? “ ဝမ်ယွဲ့ဟွေသည် ဟာသနှော၍ မှတ်ချက်ချနေတော့သည်။
သူသည် ရှုကျိုးက ဤကာလတစ်လျှောက်လုံးတွင် ဟန်ဆောင်နေခဲ့သည်ဟုသာ ထင်သွားခဲ့သည်၊ ထိုကဲ့သို့သာ မဟုတ်ပါက အရာအားလုံးမှာ ရှင်းပြရန် ခက်ခဲသွားမည် ဖြစ်သည်။
အပိုင်း ( 17 )
ဖော်ကောင်ဘညွန့်
ကျန်ရှိနေသော ကျောင်းသူကျောင်းသားသည် လေ့ကျင့်ရေး ခန်းမတွင် ဖြစ်ပွားခဲ့သည့် ကိစ္စကို မသိကြသေးပေ။
ထိုစဥ် လင်းဂျန် ပထမအထက်တန်းကျောင်း တစ်ခုလုံးသည် အဆိုပါ ကောလဟာလများကြောင့် ကမောက်ကမ ဖြစ်နေခဲ့ရသည်။
အဆိုပါ ဖြစ်ရပ်အကြောင်း ကြားလိုက်ရပြီးသည့်နောက်တွင် ကျောင်းအုပ်ကြီးသည် တစ်ကျောင်းလုံးကို ပိတ်ချထားရန် ချက်ချင်း အမိန့်ပေးလိုက်ပြီး၊ ကျောင်းတွင်း ကွန်ရက်ကို ပိတ်ချလိုက်ကာ၊ ကောလဟာဟများ ဖြန့်ဝေခြင်း မပြုကြရန် ကျောင်းသူကျောင်းသားအားလုံးကို ပြင်းပြင်းထန်ထန် တားမြစ်လိုက်သည်။
သို့ရာတွင် ကျောင်းအုပ်ကြီး၏ လှုပ်ရှားမှုသည် အခြေအနေကို ငြိမ်သက်မသွားစေခဲ့ပေ၊ ထို့အစား ပို၍ပင် ဆိုးရွားသွားစေခဲ့သည်။
“ ကျောင်းအုပ်ကြီးက တစ်ကျောင်းလုံးကို တကယ်ကြီး ပိတ်ချထားလိုက်တယ်ဆိုတော့၊ ကောလဟာလတွေက တကယ်မှန်နေတဲ့ပုံပဲ “
“ ဆရာချောင်က လူတိုင်းကို တကယ်ကြီး လှည့်စားခဲ့တာလား? “
“ ဘုရားရေ၊ အတန်းရှစ်ရဲ့ အတန်းပိုင် ဆရာတစ်ယောက်အနေနဲ့ သူက ဘယ်လိုလုပ်ပြီးတော့ တာဝန်မဲ့စွာ ပြုမူနိုင်ရတာလဲ? “
“ ငါတို့ကျောင်းမှာ Sအဆင့် စွမ်းရည်ရှိတယ်လို့ တစ်မြို့လုံး သိထားကြတာက အတုကြီး ဖြစ်နေမယ်လို့ ဘယ်သူက ထင်ထားမိမှာလဲ? “
“ ဒါကတော့ စောင့်ကြည့်နေဖို့ တန်လာပြီ “
လူအများအပြားသည် ပြဿနာရှာလိုစိတ်များဖြင့် မီးတောက်ကို တိတ်တဆိတ် ယပ်ခတ်ပေးနေကြသည်။
တစ်ကျောင်းလုံးရှိ စီနီယာများမှ ကျောင်းသူကျောင်းသားအသစ်များအထိ၊ မသိကြသေးသော ဆရာတစ်ချို့ကပင် ထိုကိစ္စအား ဆွေးနွေးပြောဆိုနေကြသည်။
မကြာခင်မှာပင် တစ်ကျောင်းလုံးသည် ဆွေးနွေးမှုများဖြင့် ဆူညံပွက်လောရိုက်နေခဲ့ပြီး၊ သောင်းနှင့်ချီသော ကျောင်းသူကျောင်းသားများနှင့် ဆရာများသည် ထိုအကြောင်း ပြောဆိုနေကြကာ၊ အခြေအနေသည် ထိန်းမရ သိမ်းမရ ဖြစ်နေခဲ့ပြီ ဖြစ်သည်။
…
ကျောင်း အစည်းအဝေး အခန်းအတွင်း၌
ဆရာများနှင့် အတန်းပေါင်းစုံမှ အတန်းခေါင်းဆောင်အားလုံး စုဝေးနေကြပြီး၊ တလေးတနက် ဖြစ်နေကြသည်။
အစည်းအဝေး အခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး၊ လေထုသည် အလွန်အမင်း တင်းကြပ်နေခဲ့သည်။
စားပွဲခုံ၏ ထိပ်ပိုင်းတွင် ထိုင်နေသည့် ကျောင်းအုပ်ကြီးသည် မကျေမနပ် ဖြစ်နေခဲ့ပြီး၊ အသက်နက်ကြီးဖြင့် ပြောလာခဲ့သည် “ ဘယ်ကောင်က အဲ့သတင်းကို ဖော်လိုက်တာလဲ? “
“ အဲ့တာက တင်းတင်းကြပ်ကြပ် လျှို့ဝှက်ထားရမှာ မဟုတ်ဘူးလား? “
“ ချောင်ရုံက ရှုကျိုး၏ စွမ်းရည်အကြောင်း ထုတ်ပြောလိုက်ကတည်းက လူတိုင်းက ငါတို့ကျောင်းကို အာရုံစိုက်နေကြတာ “
“ အခုတော့ ဒီကိစ္စကြီး ဖြစ်လာပြီ၊ ငါတို့ကျောင်းကို လှောင်ရယ်ခံရအောင် လုပ်နေကြတာလား? “
ကျောင်းအုပ်ကြီးသည် ဒေါသတကြီး ဖြစ်နေပြီး၊ သူ၏စကား ဆုံးသွားသည်နှင့်တစ်ပြိုင်နက် စားပွဲခုံအား အားပါပြင်းထန်စွာ ရိုက်ချလိုက်သည်။
အကယ်၍ သူတို့ကသာ အစကတည်းက ဝန်ခံပြောဆိုခဲ့မည်ဆိုပါက အဆင်ပြေကောင်း ပြေနိုင်လေသည်။
အဓိကအကြောင်းအရင်းကား ချောင်ရုံသည် ရှုကျိုး၏ စွမ်းရည်အကြောင်းကို ချဲ့ကားပြောဆိုခဲ့ပြီး၊ ပြိုင်ဘက်ကင်းကာ ထိပ်ဆုံးတွင် ရှိနေသည်ဟု …….
ယခုတွင်ကား လင်းဂျန်မြို့ ခေါင်းဆောင်များနှင့် အနီးအနားရှိ ကျောင်းများ၊ အနီးအနားမြို့များမှ ပုဂ္ဂိုလ်ကြီးများကပင် ဤဖြစ်ရပ်ကို အာရုံစိုက်နေကြပြီ ဖြစ်သည်။
ထိပ်တန်း Sအဆင့် စွမ်းရည်သည် လင်းဂျန်ကဲ့သို့ မြို့သေးသေးလေးတစ်ခုတွင် တစ်ကြိမ်တစ်ခါမှ မပေါ်လာခဲ့ဖူးပေ။
ကျောင်းအုပ်ကြီးသည် ချောင်ရုံ ပြောထားသကဲ့သို့ပင် ဤကိစ္စကို လူမသိသရွေ့ ကျောင်းသည် အတော်အတန် အောင်မြင်သွားနိုင်သည်ဟု တွေးနေခဲ့ဖူးသည်။
သို့သော် မထင်မှတ်ထားစွာဖြင့် ကိစ္စများသည် မြန်ဆန်စွာ ဖြစ်ပါ်လာခဲ့သည်။
အခုဆိုရင် အပြင်လူတွေက ဘာတွေတွေးနေကြပြီလဲ?
လင်းဂျန် ပထမအထက်တန်းကျောင်းက လုံးဝမရှိတဲ့ စွမ်းရည်တစ်ခုကို လုပ်ကြံဖန်တီးပြီး သန်းနှင့်ချီတဲ့ ပြည်သူလူထုကို လှည့်စားခဲ့တယ်
လင်းဂျန်မြို့ကို အိုးမဲသုတ်တာ၊ လင်းဂျန်မြို့အတွက် အရှက်ရစရာတစ်ခုပဲ !!
၎င်းတို့ကို တွေးမိသွားသောအခါတွင် ကျောင်းအုပ်ကြီး၏ အမူအရာသည် ပို၍ပင် ရုပ်ဆိုးသွားခဲ့သည်။
ထိုင်ခုံများကြားထဲရှိ ချောင်ရုံကမူ မျက်မှောင်ကြုတ်နေခဲ့သည်၊ သူသည် ဤကိစ္စကို ယခုမှသာ သိလိုက်ရခြင်း ဖြစ်သည်။
သူဖန်တီးခဲ့သော အလိမ်အညာတစ်ခုသည် ဤမျှ အတိုင်းအတာအထိ ဖြစ်သွားလိမ့်မည်ဟု မည်သူက ထင်ထားခဲ့မည်နည်း?
ချောင်ရုံသည် မတ်တပ်ရပ်၍ ပြောလာခဲ့သည် “ ကျောင်းအုပ်ကြီးခင်ဗျာ၊ ဒီကိစ္စက ကျွန်တော်ကြောင့် ဖြစ်ခဲ့တာပါ။ တကယ်လို့ အပြစ်ပေးချင်တယ်ဆိုရင် ဆက်လုပ်လိုက်ပါ။ ဒါပင်မဲ့ ဒီသတင်းကို ဖော်လိုက်တဲ့လူကိုတော့ ပြင်းပြင်းထန်ထန် အပြစ်ပေးမယ်လို့ ကျုပ်မျှော်လင့်ပါတယ် “
ကျောင်းအုပ်ကြီးသည့် သူ့ကို တစ်ချက်ကြည့်ကာ တလေးတနက်ထား၍ ပြန်ပြောလာခဲ့သည် “ ဒီကိစ္စကို ဖော်လိုက်တဲ့လူကို သေချာပေါက် ရှာတွေ့မှာ “
“ ဒါပင်မဲ့ အရေးအကြီးဆုံး ပြဿနာက ဒီအရှုပ်အထွေးကို ထပ်မကြီးလာစေဖို့ပဲ “
ကျောင်းအုပ်ကြီး၏ အမူအရာသည် အလွန်အမင်း ဆိုးရွားနေခဲ့သည် “ အခုဆိုရင် ကျောင်းသားအသစ်တွေကနေ ဆရာတွေအထိ၊ အတန်းတိုင်းက အဲ့အကြောင်းကို ပြောနေကြပြီ “
“ အပြင်ဘက်ကို ပျံ့သွားတာနဲ့ ငါတို့ကျောင်းရဲ့ ဂုဏ်သိက္ခာက ပျက်စီးသွားလိမ့်မယ် “
ကျောင်းအုပ်ကြီး၏ စကားများကို ကြားလိုက်ရသောအခါတွင် လူတိုင်း ငြိမ်ကျသွားခဲ့သည်။
ကျောင်းသားတွေရဲ့ ပါးစပ်ပေါက်တွေကို ပိတ်ရမှာလား?
သောင်းနဲ့ချီတဲ့ ကျောင်းသူကျောင်းသားတွေကိုလေ???
ပြီးတော့ တကယ်လို့ သူတို့က တိတ်သွားကြမယ်ဆိုရင်တောင်မှ၊ နောက်ကျရင် သူတို့က ထပ်မပြောကြဘူးလို့ အာမခံချက် ရှိတာ မဟုတ်ဘူး။
ထိုအချိန်တွင် ဆရာတစ်ဦးမှ တလေးတနက်ဖြင့် ပြောလာခဲ့သည် “ ဒီကိစ္စကို ဖော်လိုက်တဲ့လူကို ဒါက နားလည်မှုလွဲသွားတာပါလို့ လူသိရှင်ကြား ရှင်းပြခိုင်းလိုက်တာပေါ့ “
ထိုစကားလုံးများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လူတိုင်း စတင်၍ ဆွေးနွေးလာကြသည်။
“ ဖော်ကောင်က ဘယ်သူလဲ? “
“ ဘယ်ဆရာက အဲ့တာကို ဖော်လိုက်တာလဲ? ”
အစည်းအဝေးအခန်းထဲတွင် ဆရာများသည် တစ်ဦးကို တစ်ဦး ကြည့်လာကြသည်။
ကျောင်းအုပ်ကြီးမှ အခိုင်အမာ ပြောဆိုလာခဲ့သည် “ ဒါကို ခြေရာခံရတာက လွယ်ပါတယ်၊ ဒါကို ဘယ်သူလုပ်ခဲ့တာလဲ? မတ်တပ်ရပ်လိုက်ပါ “
လူတိုင်း ထပ်မံ၍ ငြိမ်ကျသွားခဲ့ပြန်သည်။
တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် ဆရာတစ်ဦးသည် ဆိုးရွားသာ အမူအရာဖြင့် မတ်တပ်ထရပ်လာခဲ့သည်။
တစ်ခြားသော ဆရာများသည် သူ့အား ကြည့်လာကြသည်။
သူသည် တတိယနှစ် အတန်းနှစ်၏ အတန်းပိုင်ဆရာ လျူကိုင်ချီဖြစ်သည်။
ဆရာတစ်ဦးမှ တအံ့တဩဖြင့် ပြောလာခဲ့သည် “ အဘိုးကြီးလျူ၊ ဘယ်လိုလုပ်ပြီးတော့ မင်းဖြစ်နေရတာလဲ? “
လျူကိုင်ချီသည် ရုပ်ဆိုးနေသော အမူအရာဖြင့် ပြောလာခဲ့သည် “ အစောပိုင်းတုန်းက မတော်တဆ စကားချော်သွားတာ၊ ဒါပင်မဲ့ ငါက အဲ့ကျောင်းသားကို သတင်းမဖြန့်ဖို့ တင်းတင်းကြပ်ကြပ် ညွှန်ကြားထားခဲ့ပြီးသား “
ကျောင်းအုပ်ကြီးမှ ရွဲ့စောင်း၍ ပြောလာခဲ့သည် “ ဆိုတော့ မင်းရဲ့ ကျောင်းသားကရော မတော်တဆ စကားချော်သွားတာလား? “
“ ပြန်ရောက်ရင် သူ့ကို အပြစ်ပေးလိုက်ပါ့မယ် “ လျူကိုင်ချီမှ အလေးအနက်ထား၍ ပြောလာခဲ့သည် “ ဒါပင်မဲ့ ပြဿနာက ကျွန်တော်နဲ့ အဲ့ကျောင်းသားက လူကိုယ်တိုင် ထွက်ပြောမယ်ဆိုရင်တောင်မှ တစ်ခြားလူတွေက အဲ့တာကို မယုံလောက်ဘူး “
“ ဒါကိုတောင် သိနေတယ်ဆိုရင်၊ အစကတည်းက မင်းရဲ့ ပါးစပ်ကို ဘာလို့ မပိတ်ထားခဲ့ရတာလဲ? “ တစ်ဖက်ရှိ ချောင်ရုံသည် ဒေါသတကြီးဖြင့် အေးစက်စွာ ပြောလာခဲ့သည်။
လျူကိုင်ချီကမူ မျက်မှောင်ကြုတ်၍ ပြန်ပြောလိုက်သည် “ ငါပြောသားပဲ၊ စကားချော်သွားတာလို့ဆိုနေ “
“ ပြီးတော့ အဲ့ဒီကျောင်းသားက ၁၂တန်းအတွက် ကျောင်းသားစာရင်းရဲ့ ထိပ်တန်းဆယ်ယောက်ထဲက တစ်ယောက်လေ။ သူက တိတ်တိတ်နေနေမယ်လို့ ငါထင်ခဲ့တယ်၊ ဒါ့ကြောင့် သူ့ရဲ့ လှုပ်ရှားမှုတွေကို မတားမြစ်ခဲ့တာ “
ချောင်ရုံကား အေးစက်စွာ နှာခေါင်းရှုံ့လာခဲသည် “ မင်းရဲ့ ပါးစပ်ကိုတောင် မထိန်းနိုင်ဘဲနဲ့၊ မင်းရဲ့ကျောင်းသားက အဲ့လိုလုပ်နိုင်မယ်လို့ မျှော်လင့်နေတာလား? “
လျူကိုင်ချီသည် အနည်းငယ် မကျေမနပ် ဖြစ်သွားတော့သည် “ ငါတစ်ယောက်တည်းက ပြောတာမဟုတ်ဘူး၊ ဒုကျောင်းအုပ်ကြီးကလည်း သူ့ရဲ့ အလုပ်သင် လီရို့ရှီကို ပြောပြခဲ့တယ် “
သူ၏ စကားလုံးများသည် လူအုပ်ကြီးအား ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။
သို့သော် ချောင်ရုံသည် တစ်ခုခုကို ရှင်းရှင်းလင်းလင်း သိထားပြီး၊ အခိုင်အမာ ပြန်ပြောလိုက်သည် “ လီရို့ရှီက ရှုကျိုးရဲ့ အစ်မလေ၊ ဒုကျောင်းအုပ်ကြီး သူမကို ပြောပြတာက အဓိပ္ပါယ်ရှိတယ် “
“ ဒါပင်မဲ့ မင်းကရော၊ ဘာလို့ တစ်ခြားလူတွေကို ပြောပြလိုက်ရတာလဲ? မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ? “
“ ချောင်ရုံ၊ မင်းက အသက်ကြီးနေပြီ၊ ငါမင်းနဲ့ ရန်မဖြစ်ချင်ဘူး “ လျူကိုင်ချီမှ ဒေါသတကြီးဖြင့် ပြန်ပြောလာခဲ့သည် “ ငါက ငါ့ကျောင်းသားကို ရှုကျိုးရဲ့ ကျင့်ကြံရေးအရှိန်က နှေးတယ်၊ စိတ်မပူနဲ့လို့ပဲ ပြောခဲ့တာ၊ အသေးစိတ် မပြောပြခဲ့ဘူး “
“ သူက တော်တော်လေး ဉာဏ်ကောင်းပြီးတော့ အဲ့တာကို ခန့်မှန်းနိုင်သွားလိမ့်မယ်လို့ ဘယ်သူက ထင်ထားမိမှာလဲ? “
ထိုစကားလုံးများသည် ချောင်ရုံ၏ ဒေါသကို ပို၍ ဆိုးရွားသွားစေခဲ့သည်။ သူသည် စားပွဲအား ပြင်းပြင်းထန်ထန် ရိုက်ချ၍ အော်ပြောလာခဲ့သည် “ မင်းက တမင်သက်သက် ဖော်လိုက်တာပဲ ဖြစ်ရမယ် “
လျူကိုင်ချီသည် သူ့ကို ကြည့်ကာ ပြန်၍အော်ပြောလာခဲ့သည် “ ချောင်ရုံ၊ တကယ်လို့ မင်းကသာ ရှုကျိုးကို မြင့်မြင့် မတွေးထားခဲ့ဖူးဆိုရင်၊ ဘယ်လိုလုပ်ပြီးတော့ ဒီအထိ ရောက်လာနိုင်မှာလဲ? “
“ တကယ်လို့ အစောပိုင်း အချိန်တွေကတည်းက အမှန်တရားကို ဖွင့်ပြောခဲ့မယ်ဆိုရင် ဒီကိစ္စတွေ ဖြစ်လာမှာလား? “
“ တော်လောက်ပြီ “
ကျောင်းအုပ်ကြီးမှ ရုတ်တရက် အော်ပြောလာခဲ့သည်။
သူသည် မှုန်ကုပ်နေသော အမူအရာဖြင့် အလေးအနက်ထား၍ ပြောလာခဲ့သည် “ လျူကိုင်ချီ၊ ဒီကိစ္စတွေ ပြီးသွားရင် မင်းက အတန်းပိုင်ဆရာ ဖြစ်နေဦးမှာ မဟုတ်တော့ဘူး။ ကျောင်းတံခါးကို စောင့်ကြပ်ပါ “
“ ဘာပြောတယ်? “ လျူကိုင်ချီကား ချက်ချင်းဆိုသလို အံ့ဩသွားခဲ့သည်။
ငါကကျောင်းတံခါးကို စောင့်ရမှာလား?
“ ဘာလို့လဲ? မကျေနပ်ဘူးလား? “ ကျောင်းအုပ်ကြီးသည် သူ၏ဒေါသများကို ချုပ်တည်း၍ ပြောလာခဲ့သည် “ တကယ်လို့ မင်းက ဆက်ပြောနေဦးမယ်ဆိုရင်၊ အကျိုးဆက်တွေကို တာဝန်ခံရမယ် “
“ မင်းက ကျောင်းဂိတ်ကို မစောင့်ချင်ဘူးလား? ကောင်းပြီလေ၊ ဒါဆိုရင် ငါ့ဆီကနေ အကွက်သုံးကွက် ခံယူလိုက်။ တကယ်လို့ ငါက မင်းကို သုံးကွက်အတွင်းမှာ အနိုင်မယူနိုင်ဘူးဆိုရင်၊ မင်းက ငါ့ကျောင်းအုပ်ကြီး ရာထူးကို လာယူနိုင်တယ် “
“ ကျွန်တော် …… “ လျူကိုင်ချီ၏ အမူအရာသည် အလွန်အမင်း ရုပ်ဆိုးသွားခဲ့သော်လည်း၊ စကားတစ်ခွန်းမှ ထပ်မဟတော့ပေ။
သုံးကွက်လား?
တစ်ကွက်တည်းနဲ့တင် အမှောက်သိပ်ခံလိုက်ရမှာလေ။
တစ်ခြားသော ဆရာများလည်း တိတ်ဆိတ်နေကြသည်။
ကျောင်းအုပ်ကြီးက တကယ်ဒေါသထွက်နေတာပဲ။ သူက လျူကိုင်ချီကိုတောင် တိုက်ခိုက်ချင်နေတယ်။
ဆရာအများစုသည် စကားပြောဆိုချင်နေကြသော်လည်း၊ ဒေါသတကြီးဖြစ်နေသော ကျောင်းအုပ်ကြီး၏မျက်နှာကို မြင်လိုက်ရသောအခါတွင် ပါးစပ်ပိတ်နေကြတော့သည်။
၎င်းကို မြင်လိုက်ရသောအခါတွင် ကျောင်းအုပ်ကြီးသည် အေးစက်စွာ နှာခေါင်းရှုံ့၍ ပြောလာခဲ့သည် “ လျူကိုင်ချီရဲ့ ကိစ္စကတော့ ပြီးပြီ၊ ဒါပင်မဲ့ အဲ့တာက သူ့ရဲ့ တစ်ခုတည်းသော အပြစ်လို့ မဆိုလိုဘူး။ သိုင်းပညာရှင်တစ်ဦး အနေနဲ့ လျှို့ဝှက်ချက် ပေါက်ကြားခြင်းကြောင့် ပေးဆပ်ရမဲ့ တန်ဖိုးကို သူသိသင့်တယ် “
သူသည် တစ်ခြားလူများကို ကြည့်ကာ ဆက်ပြောလာခဲ့သည် “ အခု ငါ့ကို ပြောကြစမ်းပါဦး၊ ဒီကိစ္စကို ဘယ်လို ဖြေရှင်းကြမှာလဲ? “
“ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ တားမြစ်နယ်မြေကလည်း ဖွင့်တော့မှာဆိုတော့၊ ဒီလို ကောလဟာလ ထွက်လာပြီးတဲ့နောက်မှာ ငါတို့က ဘယ်လိုမျက်နှာနဲ့ သွားတက်ကြမှာလဲ? “
၎င်းကို ကြားလိုက်ရသောအခါတွင် ဆရာအားလုံး စိတ်တင်းကြပ်သွားကြသည်။
နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ !!!
၎င်းသည် ငါးနှစ်တစ်ခါ ဖွင့်လေ့ရှိသည့် ကျောင်းကျိုး၏ လူသိအများဆုံး တားမြစ်နယ်မြေတစ်ခု ဖြစ်သည်။
ကျောင်းကျိုးရှိ အဓိကကျောင်းအားလုံးသည် ပါဝင်ယှဥ်ပြိုင်သူများ စေလွှတ်ကြမည် ဖြစ်သည်။
တိုက်ဆိုင်စွာဖြင့်ပင် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ၏ ဝင်ပေါက်သည် လင်းဂျန်မြို့အနားတွင် ရှိနေခဲ့သည်။
အကယ်၍ ထိုကဲ့သို့သော ကောလဟာလများသာ ပျံ့နှံ့သွားမည်ဆိုပါက လင်းဂျန်မြို့တစ်ခုတည်းသာလျှင် မဟုတ်ဘဲ၊ ကျောင်းကျိုးရှိ ကျောင်းအားလုံးက သိသွားကြမည် ဖြစ်သည်။
ထိုအချိန်တွင် ကျွန်ုပ်တို့၏ ကျောင်းသည် ကျောင်းကျိုး၏ ဟာသပြက်လုံးတစ်ခု ဖြစ်လာလိမ့်မည် ဖြစ်သည်။
ချောင်ရုံသည် မသာမယာ ဖြစ်နေသော အမူအရာဖြင့် ပြန်၍ ထိုင်ချလိုက်သည်။
ထိုအချိန်တွင် ဆရာတစ်ဦးမှ တလေးတနက်ဖြင့် ပြောလာခဲ့သည် “ အခုတော့ အဖြေတစ်ခုပဲ ရှိတော့တယ် “
အားလုံးသည် သူ့အား သိလိုစိတ်များဖြင့် ကြည့်လာကြသည်။
“ ရှုကျိုးကို သူ့ရဲ့ စွမ်းရည်က တကယ်စွမ်းတယ်၊ သာမန် Sအဆင့် စွမ်းရည်တွေထပ် ပိုစွမ်းတယ်ဆိုတာကို လူတိုင်းကို ချပြခိုင်းလိုက် “
“ အဲ့နည်းလမ်းနဲ့ဆိုရင် လူတွေရဲ့ ပါးစပ်ပေါက်တွေ ပိတ်သွားလိမ့်မယ် “
“ ပြောတာကလွယ်တယ် “ ချောင်ရုံသည် တင်းမာနေသော လေသံဖြင့် ပြောလာခဲ့သည် “ ရှုကျိုးက လဝက်လောက်ပဲ ကျင့်ကြံရသေးတာလေ “
“ သူက အဲ့တာကို ဘယ်လိုလုပ်ပြီးတော့ သက်သေပြနိုင်မှာလဲ? “
တစ်ခြားလူများကလည်း အသာအယာ ခေါင်းငြိမ့်ပြလာကြသည်။
ရှုကျိုးက သူ့ရဲ့စွမ်းရည်ကို သက်သေပြဖို့ဆိုတာက မဖြစ်နိုင်ဘူး၊ ငါတို့က အဲ့ကိစ္စကို ဒီတိုင်း ထားလိုက်ရတော့မှာလား?
အဲ့ကိစ္စ ပြန့်သွားတာနဲ့ ကျောင်းရဲ့ ဂုဏ်သိက္ခာတင် ထိခိုက်မှာ မဟုတ်ဘူး၊ ရှုကျိုးအပေါ်မှာလည်း ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်သွားလိမ့်မယ်။
ဆရာအားလုံးသည် မျက်မှောင်များ ကြုတ်ကာ တစ်ခဏခန့် အတွေးနက်နေကြတော့သည်။
ဒီပြဿနာအတွက် တကယ်ကြီးကို အဖြေမရှိတော့တာ များလား? “
အပိုင်း ( 18 )
လီရို့ရှီ၏ လျှို့ဝှက်ချက်
အစည်းအဝေး အခန်းထဲရှိ လေထုသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
ထိုစဥ် ကျောင်းထောင့်တစ်နေရာ၌
၁၀တန်း အတန်း၁မှ ဟွမ်ဟောင်သည် ချောမောသော လူတစ်ဦး၏ အရှေ့တွင် ထိတ်လန့်တုန်လှုပ်စွာ မတ်တပ်ရပ်နေခဲ့သည်။
“ အစ်ကို “ ဟွမ်ဟောင်မှ အံကြိတ်၍ ပြောလိုက်သည် “ ကျွန်တော်က အဲ့တာကို တကယ်ကြီး ပေါက်ကြားသွားဖို့ မရည်ရွယ်ပါဘူး “
“ ကျွန်တော်က သူငယ်ချင်းကောင်း နည်းနည်းလောက်ကိုပဲ ပြောပြလိုက်တာပါ၊ သူတို့က တစ်ကျောင်းလုံးကို ဖြန့်လိုက်မယ်လို့ ဘယ်သူက ထင်ထားမိမှာလဲ? “
ဟွမ်ဟောင်၏ မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့နေသော အမူအရာများ ထင်ဟပ်နေခဲ့သည်။ ဤကိစ္စသည် သူ့ထံမှ အစပြုခဲ့သည်ဟုပင် ယူဆနိုင်လေသည်။
ဟွမ်ဟောင်၏ အရှေ့၌ ချောမောသော လူငယ်လေး၏ မျက်နှာသည် မည်းမှောင်နေလျက်ရှိပြီး၊ သူသည် သူ၏ဒေါသကို ဖိနှိပ်၍ ပြောလာခဲ့သည် “ ဒါတွေကို အခုပြောနေတာက အသုံးဝင်လို့လား? “
သူသည် ဟွမ်ဟောင်၏ အကိုကြီးဖြစ်သူ ဟွမ်ယွင်ရွှယ်ဖြစ်ပြီး၊ သူသည် ၁၂တန်း အတန်း၂မှ ထိပ်တန်းကျောင်းသား ဆယ်ဦးစာရင်းတွင် ပါဝင်သည့် လူတစ်ဦးဖြစ်သည်။
လျူကိုင်ချီ၏ ကျောင်းသားတစ်ဦးအနေဖြင့် ဟွမ်ယွင်ရွှယ်သည် ဤကိစ္စ၏ အတိမ်အနက်ကို နားလည်နေခဲ့သည်။ ၎င်းကို လျှို့ဝှက်ထားရန်အတွက် ကျောင်းအုပ်ကြီးကပင် တင်းတင်းကြပ်ကြပ် တားမြစ်ထားခဲ့သည်။
ထိုအချိန်တွင် သူသည် သူ၏ညီဖြစ်သူထံသို့ ၎င်းကို ပြောပြမိခဲ့သည်။
သို့သော် သူသည် ဟွမ်ဟောင်ကိုသာ ပြောပြလိုက်ခြင်း ဖြစ်သည်။
မထင်မှတ်ထားစွာဖြင့် သူ၏ညီငယ်သည် ပါးစပ်ဖွာလိုက်ပြီး၊ တစ်ကျောင်းလုံးထံသို့ ထိုကိစ္စကို ပျံ့နှံ့သွားစေခဲ့သည်။
၎င်းကို တွေးမိသွားသောအခါတွင် ဟွမ်ယွင်ရွယ်သည် ထိန်းမထားနိုင်တော့ဘဲ၊ ဟွမ်ဟောင်၏ မျက်နှာကို ဖြတ်ရိုက်လိုက်သည်။
“ အသုံးမကျဘူး။ အောင်မြင်အောင် လုပ်ရမဲ့အစား အမြဲတမ်း ကဖျက်ကယက်လုပ်တယ် “ ဟွမ်ယွင်ရွှယ်သည် ဒေါသတကြီး ဆူပူလာခဲ့သည်။
ဟွမ်ဟောင်ကမူ သူ၏မျက်နှာကိုကိုင်ကာ တိတ်တဆိတ်သာ ငြိမ်နေခဲ့ပြီး၊ စောဒကမတက်ခဲ့ပေ။
တစ်ခဏခန့် ဆူပူခံခဲ့ရပြီးသည့်နောက်တွင် ဟွမ်ဟောင်မှ အလေးအနက်ထား၍ ပြောလာခဲ့သည် “ အစ်ကို၊ ကျွန်တော့်ကို ရိုက်ပါ၊ ဆူပါ၊ အခု ကျွန်တော်တို့က ဘာလုပ်ကြမှာလဲ? “
“ ကျွန်တော်တို့ကို ကျောင်းထုတ်ကြမှာလား? “
“ ကျောင်းထုတ်တာလား? မဖြစ်နိုင်ဘူး “
ဟွမ်ယွင်ရွှယ်သည် အေးစက်စွာ နှာခေါင်းရှုံ့လာခဲ့သည် “ အဲ့တာက လျှို့ဝှက်ချက်လေးတစ်ခုပါပဲ၊ ကျောင်းအုပ်ကြီးက ငါတို့ကို အသုံးမဝင်တဲ့ စွမ်းရည်လေးတစ်ခုအတွက်နဲ့ ကျောင်းထုတ်မယ်လို့ ထင်လား? “
“ သေချာပေါက်ကို ချောင်ရုံရဲ့ အမှားပေါ့၊ သူက လူတိုင်းကို လှည့်စားခဲ့တာ၊ အဲ့တာကြောင့် ဒီအခြေအနေအထိ ဖြစ်လာခဲ့တာပဲ “
၎င်းကိုကြားလိုက်ရသောအခါတွင် ဟွမ်ဟောင်၏ မျက်လုံးများသည် ချက်ချင်းဆိုသလို ဝင်းလက်တောက်ပသွားခဲ့သည်။
ဟုတ်သားပဲ၊ ငါ့အစ်ကို ၁၂တန်းက လူ၁၀၀စာရင်းထဲက ထိပ်တန်း ကျောင်းသား၁၀ယောက်ထဲက တစ်ယောက်လေ။
ပြီးတော့ ငါကိုယ်တိုင်ကလည်း အယောက် ၁၀၀စာရင်းထဲမှာ ရှိတယ်လေ၊ အမှန်တရားလေး နည်းနည်းလောက် ပြောတာအတွက်နဲ့တော့ ကျောင်းအုပ်ကြီးက ငါတို့ကို ကျောင်းထုတ်မှာမို့လို့လား?
ဟွမ်ဟောင်သည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချကာ ပြောလာခဲ့သည် “ လူတိုင်းက အနှေးနဲ့အမြန်ဆိုသလို သိသွားကြမှာပဲ၊ ကျွန်တော်က အမှန်တရားကို နည်းနည်းလေး စောပြောမိသွားတာပါ “
“ ချောင်ရုံကပဲ ကောလဟာလတွေကို ဖြန့်တာလေ၊ တကယ်လို့ တစ်ယောက်ယောက်ကို အပြစ်ပေးမယ်ဆိုရင်၊ သူပဲ ဖြစ်သင့်တယ် “
ဟွမ်ယွင်ရွှယ်သည် သူ့အား အေးစက်စွာ စိုက်ကြည့်၍ ပြောလိုက်သည် “ မင်းငါ့ကို အဲ့စကားတွေ ပြောလို့ရတယ်၊ ဒါပင်မဲ့ တစ်ခြားလူတွေကိုတော့ မရဘူး “
“ စိတ်မပူပါနဲ့ အစ်ကိုရာ၊ ကျွန်တော်က အဲ့လောက်တောင် ဉာဏ်တိမ်နေပါ့မလား? “ ဟွမ်ဟောင်ကား ရယ်မောနေတော့သည်။
အစတွင် သူသည် အတော်လေး တုန်လှုပ်သွားခဲ့သည်၊ ဒါပင်မဲ့ အခုကြည့်ရသလောက်ဆိုရင်တော့ ကိစ္စက အဲ့လောက်ကြီးလည်း မဟုတ်ပါဘူး။
သူသည် တစ်ခဏမျှ စိတ်အေးလက်အေး ဖြစ်သွားခဲ့သည်။
သို့ရာတွင် ဟွမ်ယွင်ရွှယ်၏ မျက်နှာကမူ မှုန်မှုန်မှိုင်းမှိုင်း ဖြစ်နေစဲပင် ဖြစ်သည် “ မင်းကြောင့်၊ ကျောင်းအုပ်ကြီးက ငါ့ကို နတ်ဆိုးတစ်ထောင် တားမြစ်နယ်မြေထဲကို ဝင်ခွင့် မပေးတော့ဘူးလား မသိဘူး? “
“ နတ်ဆိုးတစ်ထောင် တားမြစ်နယ်မြေလား? “ ဟွမ်ဟောင်ကမူ ပေါ့ပေါ့တန်တန် ပြောလာခဲ့သည် “ တားမြစ်နယ်မြေလေးပဲလေ၊ ထားလိုက်ပါ “
“ မင်းကဘာသိလို့လဲ အရူးရဲ့ “ ဟွမ်ယွင်ရွှယ်မှ ကျိန်ဆဲလာခဲ့သည် “ အဲ့တာက မရေမတွက်နိုင်အောင် အကျိုးအမြတ်တွေ များတဲ့ ကျောင်းကျိုးရဲ့ နာမည်ကြီး တားမြစ်နယ်မြေပဲ “
…
ကျောင်းတွင်း ဂယက်ကား ဆက်လက်၍ ဖြစ်ပွားနေစဲဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် ဆရာအားလုံးသည် အစည်းအဝေး တက်နေရပြီး၊ အတန်းတိုင်းသည် ဆွေးနွေးငြင်းခုံမှုများဖြင့် ဆူညံပူညံ ဖြစ်နေသော ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးနေသောကြောင့် ဖြစ်သည်။
သို့ရာတွင် ၁၂တန်းများထဲတွင် အတန်းတစ်တန်းသည် ချွင်းချက်အဖြစ် ငြိမ်သက်နေခဲ့သည်။
လက်ရှိတွင် ၁၂တန်း အတန်း၃သည် အံ့ဩဖွယ်ကောင်းလောက်အောင် တိတ်ဆိတ် ငြိမ်သက်နေခဲ့သည်။
မည်သူကမှ ထိုကိစ္စနှင့်ပတ်သက်၍ ကျယ်ကျယ်လောင်လောင် မဆွေးနွေးရဲကြပေ၊ လေသံတိုးတိုးဖြင့်သာ တိတ်တိဆိတ် ပြောဆိုနေကြရသည်။
အတန်း၃ရှိ လူများသည် ရံဖန်ရံခါတွင် အတန်းထောင့်ရှိ အေးစက်ပြီး၊ အံ့မခန်း လှပသည့် ကောင်းမလေးတစ်ဦးကို ငေးကြည့်နေကြသည်။
လီရို့ရှီသည် အတန်းဖော်များ၏ တိုးတိုး တိုးတိုးဖြင့် ပြောနေသော စကားသံများကို ကြားနေရသောကြောင့် သူမ၏ မျက်လုံးလေးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး မျက်မှောင်ကြုတ်နေတော့သည်။
သူမသည် ပြစ်တင်ရှုံ့ချခြင်း တစ်စုံတစ်ရာ မပြုလုပ်ခဲ့ပေ။
သူမသည် ကျောင်း၏ အခြေအနေအား လူအများစုထပ် ပို၍ နားလည်နေခဲ့သည်။
အတန်း၃၏ အတန်းခေါင်းဆောင်အနေဖြင့် အကယ်၍ သူမက သူမ၏အတန်းဖော်များကို တားမြစ်လိုက်မည်ဆိုလျှင်တောင်မှ၊ သူမသည် လက်ရှိဖြစ်ပေါ်နေသော ဂယက်ကို ရပ်တန့်နိုင်မည် မဟုတ်ပေ။
ထိုအခိုက်အတန့်တွင် လှပပြီး ဖြူစင်သည့် အသွင်အပြင်ရှိသော ကောင်မလေးတစ်ဦးသည် လီရို့ရှီနားသို့ တိတ်တဆိတ် ချဥ်းကပ်လာခဲ့သည်။
“ ရို့ရှီ၊ ငါ ရှာတွေ့ခဲ့ပြီ “
လင်းရှီရှီသည် လေသံတိုးတိုးလေးဖြင့် ပြောဆိုလာခဲ့သည် “ အဲ့တာက ၁၀တန်း အတန်း၁က ဟွမ်ဟောင်ဖော်လိုက်တာ။ ပြီးတော့ သူက အဲ့တာကို သူ့အစ်ကိုဆီကနေ ကြားခဲ့ရတာလို့ ပြောနေကြတယ် “
လီရို့ရှီသည် သူမ၏အချစ်ဆုံး သူငယ်ချင်းကို တစ်ချက်ကြည့်လိုက်သည် “ သူ့အစ်ကိုလား? “
“ ၁၂တန်း အတန်း၂က ဟွမ်ယွင်ရွှယ် “ ဟု လင်းရှီရှီမှ ထပ်ဖြည့်ပြောလာခဲ့သည်။
“ ဆိုတော့ အသုံးမကျတဲ့ အဲ့ကောင်ပေါ့ “
လီရို့ရှီ၏ မျက်လုံးလေးများထဲတွင် အေးစက်နေသော အလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့သည်။
သူမသည် အမြဲလိုလို အေးစက်စက် အမူအရာရှိနေခဲ့သော်လည်း၊ ယခုတွင်ကား သူမ၏ မျက်နှာတစ်ခုလုံးတွင် အေးစက်မှုများ နေရာယူထားသောကြောင့် ပတ်ဝန်းကျင်ရှိ အပူချိန်ပင် သိသိသာသာ လျော့ကျသွားခဲ့သည့်ပုံပင်။
လင်းရှီရှီသည် သူမ၏လည်ပင်းလေးကို ပုလိုက်ပြီး၊ အလျင်အမြန် သတိပေးလာခဲ့သည် “ ရို့ရှီ၊ မင်းရဲ့ အဆင့်က သူ့ထပ်မြင့်တယ်၊ နင်သူ့ကို တိုက်ခိုက်လို့ မရဘူး “
၎င်းမှာ ကျောင်း၏ စည်းမျဥ်းစည်းကမ်းဖြစ်သည်။
အယောက် ၁၀၀စာရင်းပေါ်ရှိ လူများသည် အဆင့်နိမ့်သော လူများကသာလျှင် အဆင့်မြင့်သူများကို စိန်ခေါ်နိုင်သည်။
သို့သော် အကယ်၍ အဆင့်မြင့်သူတစ်ဦးမှ အဆင့်နိမ့်သူတစ်ဦးကို တိုက်ခိုက်မည်ဆိုပါက၊ ၎င်းသည် စိန်ခေါ်မှု မဟုတ်ဘဲ၊ အပြစ်ချိုးဖောက်မှုတစ်ခုသာ ဖြစ်သွားမည် ဖြစ်သည်။
သူမ၏ အချစ်ဆုံး သူငယ်ချင်း၏ စကားများကို ကြားလိုက်ရသောအခါတွင် လီရို့ရှီသည် မှတ်ချက်မပေးဘဲ ခေါင်းငြိမ့်ပြလိုက်သည်။
၎င်းကို မြင်တွေ့လိုက်ရသောအခါတွင် လင်းရှီရှီသည် သူမ၏ နှုတ်ခမ်းလေးများကို သပ်ကာ တုံ့တုံ့ဆိုင်းဆိုင်းဖြင့် မေးလာခဲ့သည် “ အဲ့အကြောင်းကို နင့်မောင်လေး ကြားသွားတဲ့အချိန်ကျရင်၊ အဲ့တာက သူ့အတွက် ထိုးနှက်ချက်တစ်ခု ဖြစ်သွားမှာလား? “
အတန်း၃ ရှိ လူတိုင်းသည် ရှုကျိုးက လီရို့ရှီ၏ မောင်လေးဆိုသည်ကို သိထားကြသည်။
ထို့ကြောင့်သာလျှင် လူတိုင်းက တိတ်ဆိတ်ငြိမ်သက်နေကြခြင်း ဖြစ်သည်။
လီရို့ရှီ၏ အရှေ့တွင် ရှုကျိုး၏ စွမ်းရည်က အတုဖြစ်သည်ဟု မည်သူကမှ မပြောရဲကြပေ။
လင်းရှီရှီ၏ စကားလုံးများကိုကြားလိုက်ရသောအခါတွင် လီရို့ရှီသည် အေးအေးဆေးဆေး ပြန်ပြောလာခဲ့သည် “ တကယ်လို့ သူက အဲ့လို ထိုးနှက်ချက်လေးကိုတောင် တောင့်မခံနိုင်ဘူးဆိုရင်၊ သူ့ဘဝတစ်လျှောက်လုံးမှာ မျှော်လင့်ချက်မဲ့နေတဲ့ အမှိုက်ဖြစ်သွားလိမ့်မယ် “
၎င်းကို ကြားလိုက်ရသောအခါတွင် လင်းရှီရှီ၏ မျက်နှာလေးပေါ်၌ ကူရာကယ်ရာမဲ့နေသော အရိပ်အယောင်များ ဖြတ်သန်းသွားခဲ့သည်။
လီရို့ရှီသည် သူမ၏ မောင်ငယ်လေးကို အမြဲလိုလို အထင်သေးနေတတ်သည့်ပုံပေါ်၏၊ သို့သော် သူမ၏ အချစ်ဆုံး သူငယ်ချင်းတစ်ဦးအနေဖြင့် လင်းရှီရှီသည် သူမအတွက် ရှုကျိုးက မည်မျှအရေးကြီးလဲဆိုသည်ကို သိနေခဲ့သည်။
အကယ်၍ သူမသာ သူ့အား ဂရုမစိုက်ဘူးဆိုပါက၊ သူ၏ ဖျားနာမှုကို ကုသပေးရန်အတွက် မည်သည့်အတွက်ကြောင့် ငွေများ သုံးစွဲခဲ့မည်နည်း?
အထက်တန်း သုံးနှစ်တာ ကာလအတွင်းတွင် လီရို့ရှီသည် ရှုကျိုးအတွက် ယွမ်တစ်သိန်းကျော်အထိ သုံးစွဲခဲ့သည်၊ ၎င်းသည် လင်းရှီရှီသိထားသော ပမာဏသာလျှင် ဖြစ်သည်။
အကယ်၍ ထိုငွေများကိုသာ သူမကိုယ်တိုင်အတွက် သုံးစွဲခဲ့မည်ဆိုပါက၊ သူမသည် အယောက် ၁၀၀စာရင်း၏ ထိပ်ဆုံးနေရာသို့ အလွယ်တကူ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်၊ ထိုကဲ့သို့သာ မဟုတ်ပါက သူမအား လက်ရှိ နံပတ်တစ်နေရာမှ ပုဂ္ဂိုလ်က မည်ကဲ့သို့ လွှမ်းမိုးထားနိုင်လိမ့်မည်နည်း?
၎င်းတို့သည် ရှုကျိုးမသိသော လီရို့ရှီ၏ လျှို့ဝှက်ချက်များ ဖြစ်သည်။
သုံးနှစ်တာ အချစ်ဆုံး သူငယ်ချင်း ဖြစ်နေသည့် လင်းရှီရှီကပင် တစ်ချို့တစ်လေသာ သိထားခဲ့သည်။
လင်းရှီရှီသည် စိတ်ထဲတွင် ကြိတ်၍ သက်ပြင်းချနေတော့သည်၊ ထို့နောက်တွင် ဘာမှထပ်မပြောဘဲ လှည့်ထွက်သွားခဲ့သည်။
နေရာတွင် ကျန်နေခဲ့သည့် လီရို့ရှီကမူ သူမ၏ သူငယ်ချင်းကို ငေးကြည့်နေပြီး၊ လင်းရှီရှီက မည်သည့်အရာများ တွေးတောနေလဲဆိုသည်ကို ဝေခွဲမရ ဖြစ်နေခဲ့သည်၊ သို့သော် သူမသည် ၎င်းကို မှန်းဆရန်အတွက် အလွန်ပျင်းရိနေခဲ့သည်။
သူမသည် ရှုကျိုးက အဆိုပါ ထိုးနှက်ချက်အား တောင့်မခံနိုင်မည်ကို စိုးရိမ်မနေခဲ့ပေ။
ရှုကျိုးသည် ကလေးဘဝကတည်းက စိတ်သဘောထား နူးညံ့ပျော့ပျောင်းနေခဲ့သော်လည်း၊ သတ်ရခက်သော ပိုးဟပ်တစ်ကောင်ကဲ့သို့ပင် ထပ်တူထပ်မျှ အကြမ်းပတမ်းခံလေသည်။
မည်မျှပင် အနိုင်ကျင့်ခံခဲ့ရပါစေ၊ သူသည် မည်သို့မျှ ပြန်မတိုက်ခိုက်ခဲ့ဘဲ၊ ပြန်ထနိုင်ရန်အတွက်သာ အားများကို ချွေတာသိမ်းဆည်းထားခဲ့သည်။
လီရို့ရှီ စိတ်ပူနေသည့်အရာကား ရှုကျိုးထံသို့ ကျရောက်လာနိုင်သော ကျောင်း၏ အပြစ်ပေးအရေးယူမှုများပင် ဖြစ်သည်။
လီရို့ရှီသည် ကျောင်းအုပ်ကြီးက ထိုကဲ့သို့ မလုပ်ဘူးဆိုသည်ကို ယုံကြည်နေသော်လည်း၊ အကယ်၍ တစ်ခြားသော အဖြေများသာ မရှိဘူးဆိုပါက ကျောင်းသည် ဂုဏ်သိက္ခာကို ပြန်ဆယ်ရန်အတွက် ထိုလမ်းကိုသာ ရွေးချယ်ကောင်း ရွေးချယ်လိုက်ရ နိုင်လေသည်။
ထိုကဲ့သို့သာ ဖြစ်လာခဲ့ပါက ရှုကျိုးနှင့် ချောင်ရုံတို့သည် တစ်မြို့လုံး၏ ချဥ်ဖက်ဖြစ်လာလိမ့်မည် ဖြစ်သည်။
၎င်းကို တွေးမိသွားသောအခါတွင် လီရို့ရှီ၏ အမူအရာသည် ပိုပို၍ အေးစက်လာခဲ့သည်။
“ ဟွမ်ယွင်ရွှယ် …… “ သူမ၏မျက်လုံးများထဲရှိ အေးစက်မှုများ မြင့်တက်လာခဲ့သည်။
“ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ တားမြစ်နယ်မြေက မကြာခင်မှာ ဖွင့်တော့မှာ၊ ငါတို့ အဲ့မှာမတွေ့ဖို့ နင်ဆုတောင်းနေတာ ပိုကောင်းလိမ့်မယ် “
ကျောင်းထဲတွင် လှုပ်ရှားနိုင်မည် မဟုတ်သော်လည်း၊ တားမြစ်နယ်မြေတစ်ခုတွင်မူ အရာအားလုံး ဖြစ်သွားနိုင်လေသည်။
…
အေးအေးဆေးဆေး ဖြစ်နေသော ရှုကျိုးကမူ ယခုမှသာလျှင် ဇာတ်လမ်းတစ်ပုဒ်လုံးကို အပြည့်အဝ ဖမ်းဆုပ်မိသွားခဲ့သည်။
ကောလဟာလတွေက ဟွမ်ဟောင်လို့ခေါ်တဲ့ ကျောင်းသားဆီကနေ အစပြုခဲ့တာပေါ့။
“ ဟွမ်ဟောင်က ၁၀တန်း အတန်း၁ကလား? “
“ အယောက် ၁၀၀စာရင်းပေါ်က နံပတ်၂၄လား ? “ ရှုကျိုးသည် ရေရွတ်ပြောဆိုနေပြီး၊ သူ၏မျက်ခုံးများမှာလည်း အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
သူသည် အယောက် ၁၀၀စာရင်းကို စိန်ခေါ်ချင်နေခဲ့သည်မှာ ကြာနေခဲ့ပြီဖြစ်သည်။
ယခုတွင်ကား တစ်စုံတစ်ဦးသည် သူ့ကိုယ်သူ သူ၏လက်ထဲသို့ ပစ်သွင်းလာခဲ့ပြီ ဖြစ်သည်။
ရှုကျိုးသည် ဝမ်ယွဲ့ဟွေကို လှည့်ကြည့်၍ မေးလိုက်သည် “ ၁၀တန်း အယောက် ၁၀၀စာရင်းပေါ်က နံပတ်၂၄ရဲ့ စွမ်းအားက ဘာလဲ? “
ဝမ်ယွဲ့ဟွေသည် ချက်ချင်း ပြန်ဖြေရန် ပြင်လိုက်စဥ်မှာပင် တစ်စုံတစ်ခုကို ရုတ်တရက် နားလည်သွားပြီး၊ အလောတကြီး ပြောလာခဲ့သည် “ ရှုကျိုး၊ မင်းက ဟွမ်ဟောင်ကို စိန်ခေါ်ဖို့ တွေးနေတာတော့ မဟုတ်ဘူးမလား? “
ရှုကျိုးကား မဖုံးကွယ်ထားခဲ့ဘဲ တိုက်ရိုက် ခေါင်းငြိမ့်ပြလိုက်သည်။
လေ့ကျင့်ရေး ခန်းမတစ်ခုလုံးသည် ထပ်မံ၍ ပွက်လောရိုက်သွားရပြန်သည်။