အခန်း (၃၇-၃၉)
Vol. 3 Ch. 37-39
အပိုင်း ( 37 )
ဆောင်ချီ၏ အံ့ဩတုန်လှုပ်မှု၊ အကန့်အသတ် မရှိတဲ့ အကွက်တွေလား?
အပျက်အစီး ကမ္ဘာကြီးထဲ၌
နွားချိုကျားပျံ၏ အလောင်းသည် ရှုကျိုး၏ ရှေ့မှ ဖြည်းညှင်းစွာ ပျောက်ကွယ်သွားခဲ့သည်။
“ ပြီးသွားပြီလား? “ ရှုကျိုး အံ့ဩသွားခဲ့သည်။
သို့သော် စက္ကန့်ပိုင်းမျှ အကြာတွင်
“ ထပ် ထပ် !! “
ခြေသံများ ထွက်ပေါ်လာခဲ့ပြီး၊ ရက်စက်ကြမ်းတမ်းသည့် သားရဲအရိပ်များသည် အိမ်ခေါင်မိုးများပေါ်မှ ထွက်ပေါ်လာခဲ့ပြီး၊ ကြီးမားသော အရိပ်ကြီးတစ်ခုကို ဖြစ်ပေါ်သွားစေခဲ့သည်။
“ တစ်ခေါင်း၊ နှစ်ခေါင်း၊ သုံးခေါင်း ……. “
ဗီဇပြောင်းသားရဲ တစ်ဒါဇင်ကျော် ရုတ်တရက် ပေါ်လာသည်ကို မြင်တွေ့လိုက်ရသောကြောင့် ရှုကျိုး၏ အမူအရာ သိသိသာသာ ပြောင်းလဲသွားတော့သည်။
တစ်ကောင်ချင်းစီတိုင်း၏ အရှိန်အဝါများသည် ယခင်က ရင်ဆိုင်ခဲ့ရသော နွားချိုကျားပျံနှင့် တူညီလုနီးပါး ဖြစ်နေခဲ့သည်။
၎င်းတို့အားလုံးက အဆင့် ၁၀သားရဲများ ဖြစ်နေမည်မှာ သိသာလှပေသည်။
အဆိုပါ ဗီဇပြောင်းသားရဲများသည် ထူးထူးဆန်းဆန်း ပုံသဏ္ဍာန်များ ဖြစ်နေကြပြီး၊ မွန်းစတားဆန်သည့် အသွင်အပြင်များရှိကာ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါများကို ထုတ်လွှင့်နေကြသည်။
“ ဝေါင်း !! “
ခေါင်းနှစ်လုံး ဗီဇပြောင်း ခြသေ့်သားရဲမှ ဟိန်းဟောက်လာခဲ့ပြီး၊ အရင်ဦးဆုံး အောက်သို့ ထိုးဆင်းလာခဲ့သည်။
ထို့နောက်တွင် တစ်ခြားသော ဗီဇပြောင်းသားရဲများကလည်း အမိုးများပေါ်မှ တစ်ကောင်ပြီးတစ်ကောင် ခုန်ချလာကြသည်။
သုံးမီတာကျော် ရှည်လျားသော တစ်ဒါဇင်ကျော်သည့် သားရဲကောင်များသည် ကောင်းကင်ဘုံကို ပိတ်ဆို့လာခဲ့ပြီး၊ ပြင်းထန်လှသော အရှိန်အဟုန်များသည် တိမ်များကိုပင် လွင့်စင်သွားစေခဲ့သည်။
ဆင်းသက်လာခဲ့ပြီးသည့်နောက်၌ ၎င်းတို့အားလုံးသည် ရှုကျိုးအား စက်ဝိုင်းပုံသဏ္ဍာန် ဝိုင်းဖွဲ့၍ တိုက်ခိုက်လာကြသည်။
ရှုကျိုးသည် ဆေဘာကိုကိုင်ဆောင်၍ ပြန်ဆုတ်ရမည့်အစား ရှေ့တက်သွားခဲ့သည်။
“ ငါက ဒီနေရာကို ဆေဘာသိုင်း တိုးတက်အောင် လုပ်ဖို့အတွက် ရောက်လာခဲ့တာ “ ရှုကျိုးသည် တစ်ကိုယ်တည်း တီးတိုးပြောဆိုနေခဲ့သည် “ ဒီသားရဲဆယ်ကောင်ကျော်က ငါ့ရဲ့ ဆေဘာ နည်းစနစ်ကို ထပ်ပြီးတော့ တိုးတက်လာအောင် ကူညီပေးလိမ့်မယ် “
သူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး၊ သူ၏ ဆေဘာသည် စီးဆင်းနေသော ရေကဲ့သို့ သူ့အရှေ့ရှိ သားရဲအုပ်ကြားထဲတွင် လှပစွာ ကူးလူးသွားလာနေခဲ့သည်။
“ ဝုန်း !!! “
ဆေဘာအလင်းတန်းသည် ကျားသစ်ခေါင်း ဗီဇပြောင်းသားရဲကို ထိခတ်သွားခဲ့ပြီး၊ ၎င်း၏ ရှေ့လက်များကို ချက်ချင်း ဖြတ်တောက်သွားခဲ့သည်။
သို့သော် ရှုကျိုးမှာလည်း တစ်ခြားသော ဗီဇပြောင်းသားရဲတစ်ကောင်၏ ချုံခိုတိုက်ခိုက်ခြင်းကို ခံလိုက်ရပြီး၊ သူ၏ကျောဘက်တွင် ဒဏ်ရာရသွားခဲ့ကာ အသားများပွင့်ထွက်သွားသည့် ကန့်လန့်ဖြတ် ဒဏ်ရာတစ်ခု ရရှိသွားခဲ့သည်။
“ သတ် !! “ ရှုကျိုးသည် ပြင်းပြင်းထန်ထန် ဟိန်းဟောက်လာခဲ့သည်၊ ရှေ့ရှိ လမ်းသည် ပိတ်ဆို့ခံထားရသောကြောင့် သူသည် ဆေဘာကို ကိုင်ဆောင်၍ ယုန်နတ်ဆိုး၏ ဦးခေါင်းကို ခုတ်ပိုင်းလိုက်သည်။
ဤနေရာတွင် ချီ-သွေး အသုံးပြုခြင်းသည် မည်သည့်အကျိုးသက်ရောက်မှုမှ မရှိသောကြောင့် သူသည် ဆေဘာသိုင်း၏ အထူး လှုပ်ရှားမှုကိုသာ ဆက်တိုက်အသုံးပြုနေခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသည့် ဆေဘာအလင်းတန်းတစ်ခုချင်းစီတိုင်းသည် နဂါးငွေ့တန်း ကျဆင်းလာသကဲ့သို့ ဦးတည်ရာ လမ်းကြောင်းအနှံ့ ပြန့်ကျဲသွားခဲ့သည်။
ထိုအခိုက်အတန့်တွင် သူ့လက်ထဲရှိ တောင်ဖြိုခွဲ ဆေဘာသိုင်းသည် ဘက်ပေါင်းစုံကို ဖြန့်ကျက်ရောက်ရှိသွားခဲ့သည်။
“ ဝုန်းးးး !!! “
“ ဘမ်းးးးးးး !!! “
“ ဝေါင်း !!! “
တိုက်ပွဲသည် အလွန်ပြင်းထန်နေလျက်ရှိပြီး၊ အနားယူရန် အချိန်မရှိပေ။
ဗီဇပြောင်းသားရဲများသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားကြပြီး၊ ရှုကျိုး၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်၊ သူကိုယ်တိုင်မှာလည်း ဒဏ်ရာများ ဆက်လက်၍ ရရှိနေခဲ့ပြီး၊၎င်းတို့က ပို၍ ပြင်းထန်ဆိုးရွားလာခဲ့သည်။
ဆယ်မိနစ်၊ မိနစ် နှစ်ဆယ် …..
နာရီဝက် ကုန်ဆုံးသွားခဲ့သည်။
“ ရွှစ် !! “
ရှုကျိုးသည် ဗီဇပြောင်းသားရဲ တစ်ကောင်၏ ခေါင်းကို ခုတ်ပိုင်းလိုက်ပြီး၊ သူ၏ခန္ဓာကိုယ်သည် အနည်းငယ် ယိမ်းထိုးသွားခဲ့သည်။
ထိုအခိုက်အတန့်တွင် သူသည် သွေးများဖြင့် ဖုံးလွှမ်းနေပြီ ဖြစ်ပြီး၊ ကျောဘက်နှင့် ရင်ဘတ်နှစ်ခုစလုံးထံတွင် ကြောက်မက်ဖွယ်ကောင်းသည့် ဒဏ်ရာများ ရှိနေခဲ့သည်။ ခြေသည်းတစ်ခုသည် သူ၏ဝမ်းဗိုက်ထဲသို့ တိုက်ရိုက်စိုက်ဝင်နေပြီး၊ သွေးမည်းများ ကျဆင်းနေလျက်ရှိသည်။
ရှုကျိုးသည် ရှေ့သို့ ကြည့်လိုက်ရာ ခေါင်းနှစ်လုံး ခြသေ့်သားရဲက သူ့အား အေးစက်စွာ စိုက်ကြည့်နေသည်ကို မြင်တွေ့သွားခဲ့သည်။
“ အဲ့တာက နောက်ဆုံးခေါင်းတစ်လုံးလား? “ ရှုကျိုးမှ ရေရွတ်ပြောဆိုနေခဲ့သည်၊ သို့သော် သူ၏ခန္ဓာကိုယ်သည် တောင့်မခံနိုင်တော့ဘဲ မြေပြင်ပေါ်သို့ လျောကျသွားခဲ့သည်။
သာမန်လူများထပ် သာလွန်သည့် စိတ်စွမ်းအားဖြင့်ပင် သူသည် မောပန်းလုနီးပါး ဖြစ်နေခဲ့သည်။
ဗီဇပြောင်း သားရဲဆယ်ကောင်ကျော်၏ ဝိုင်းရံတိုက်ခိုက်ခြင်းနှင့် ရင်ဆိုင်ရသောအခါတွင် ပထမအဆင့် သိုင်းပညာရှင်တစ်ဦးကပင် လုပ်ရကိုင်ရခက်ခဲကာ ပြဿနာတက်သွားရမည် ဖြစ်သည်။
ရှုကျိုးကား နောက်ဆုံးတစ်ကောင်သာ ကျန်နေတော့သည် အထိ တိုက်ခိုက်နေခဲ့ပြီး၊ ဤအချိန်အတွင်းသည် သူသည် အထူးလှုပ်ရှားမှုအား မည်မျှအသုံးပြုခဲ့လဲဆိုသည်ကိုပင် မမှတ်မိတော့ချေ။
အထူးလှုပ်ရှားမှုတစ်ခုချင်းစီတိုင်းသည် စိတ်စွမ်းအင် ပမာဏ အများအပြား စားသုံးလေသည်။
ထိုအခိုက်အတန့်တွင် သူသည် စွမ်းအင်များ ကုန်ခမ်းနေခဲ့ပြီ ဖြစ်သည်။
“ ဝေါင်းးးးးးး “
ခေါင်းနှစ်လုံး ခြသေ့်သည် သူ့အနားသို့ ချဥ်းကပ်လာခဲ့သည်၊ သို့သော် သူ့အား ချက်ချင်း မသတ်သေးပေ။
ဆန့်ကျင်ဘက်အနေဖြင့် ခေါင်းနှစ်လုံး ခြသေ့်သည် ရက်စက်ကြမ်းကြုတ်သည့် အကြည့်တစ်ခုကို ချပြလာခဲ့ပြီး၊ ၎င်း၏လက်ကို မြှောက်လိုက်ကာ ရှုကျိုး၏ ဘယ်ဘက် လက်မောင်းကို ဆွဲဖြဲပစ်လိုက်သည်။
“ ဂျွတ် ……. ရွှတ် “
ထို့နောက်တွင် ၎င်းသည် ရှုကျိုး၏ အရှေ့မှာပင် သူ၏လက်မောင်းကို နည်းနည်းချင်း ကိုက်စားနေတော့သည်။
“ ပြွတ် ပြွတ် “
လက်မောင်းကို စားပြီးသွားသည့်နောက်တွင် ခေါင်းနှစ်လုံး ခြသေ့်သည် ၎င်း၏ လက်ကို ယက်ကာ စိတ်ကျေနပ်နေသည့် အမူအရာမျိုးကို ဖော်ပြလာခဲ့သည်။
ချက်ချင်းဆိုသလိုပင် ထို့နောက်တွင် ၎င်းသည် ၎င်း၏ လက်သည်းများကို အသုံးပြု၍ ရှုကျိုး၏ ဝမ်းဗိုက်ကို ဖွင့်ထုတ်လိုက်ပြီး၊ အူများကို ဆွဲထုတ်နေတော့သည်။
ဤဖြစ်စဥ်အတွင်း၌ ၎င်းသည် ရှုကျိုး၏ နာကျင်မှုကို အရသာခံနေသကဲ့သို့ ရှုကျိုးအား ခဏခဏ ငုံ့ကြည့်နေခဲ့သည်။
“ သားရဲကောင် ……. “
ရှုကျိုး၏ မျက်လုံးများ အေးစက်သွားခဲ့ပြီး၊ ဤနေရာက ပုံရိပ်ယောင်ကမ္ဘာ ဖြစ်သည်ဆိုသည်ကို သူသိနေသော်လည်း ပြိုင်ဘက်၏ အပြုအမူများသည် သူ၏ဒေါသကို လောင်ကျွမ်းသွားစေခဲ့သည်။
၎င်းသည် အရှင်လတ်လတ် အစားခံနေရခြင်း ဖြစ်သည် !!
“ သတ်!! “
ရှုကျိုးသည် သူ၏ညာလက်ကို ရုတ်တရက် မြှောက်လိုက်ရာ၊ ဆေဘာအလင်းတန်းတစ်ခု ရုတ်တရက် လင်းလက်လာခဲ့ကာ ကောင်းကင်ဘုံအထိပင် လင်းလက်တောက်ပသွားခဲ့သည်။
သားရဲကောင်၏ သွေးများ ဖြာကျလာခဲ့သည်။
ခုတ်ချက်နှင့်အတူ ခေါင်းနှစ်လုံး ခြသေ့်သည် လေပေါ်သို့ ပျံတက်သွားခဲ့ကာ၊ ထို့နောက်တွင် ၎င်း၏ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ ပြန်၍ ပြုတ်ကျလာခဲ့သည်။
ရှုကျိုးအား ညှင်းပန်းနှိပ်စက်နေခြင်းသည် သူ့အား စွမ်းအင်အနည်းငယ် ရရှိသွားစေရန် အချိန်ပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့ပြီး၊ ရှုကျိုးသည် အဆိုပါ အခွင့်အရေးကို ဖမ်းဆုပ်ကာ ၎င်းကို တစ်ချက်တည်း ခုတ်သတ်လိုက်ခြင်း ဖြစ်သည်။
သို့ရာတွင် ရှုကျိုး၏ ဒဏ်ရာများကလည်း အလွန်ပြင်းထန်နေလျက်ရှိပြီး၊ သူသည် ပုံရိပ်ယောင်ကမ္ဘာထဲတွင် ပထမဦးဆုံးအကြိမ်အဖြစ် သေဆုံးသွားတော့လေသည်။
“ ဟစ် !! “
စက္ကန့်ပိုင်းမျှအကြာတွင် ရှုကျိုး၏ အသိစိတ်သည် မည်းနက်ပြိုကွဲသွားပြီး၊ ပုံရိပ်ယောင် အခန်းနံပတ်၁သို့ ချက်ချင်း ပြန်ရောက်သွားခဲ့သည်။
ထိုစဥ် အချက်အလက်အစုတစ်ခုသည် ပုံရိပ်ယောင်ကမ္ဘာ၏ ပင်မဆာဗာဆီသို့ ရောက်ရှိသွားခဲ့သည်။
[ လင်းဂျန် ပထမအထက်တန်းကျောင်း၊ ရှုကျိုး ]
[ မှတ်တမ်း : မိနစ် ၃၀၊ အဆင့် ၁၀ ဗီဇပြောင်းသားရဲ ၁၅ကောင် သတ်ဖြတ် ]
…
ကောင်တာပေါ်၌
ဆောင်ချီသည် အေးခဲတောင့်တင်းနေခဲ့သည်။
သူသည် တစ်ခုပြီးတစ်ခု ငြိမ်းသက်သွားသော အချက်ပြမီးအလင်းရောင်တို့ကို တည်ရှိရာ ထိန်းချုပ်မှု မျက်နှာပြင်ကို ကြည့်နေပြီး၊ သူ၏စိတ်ထဲတွင် အံ့ဩတုန်လှုပ်မှုလှိုင်းလုံးများ တလိပ်လိပ် မြင့်တက်နေလျက်ရှိသည်။
“ နာရီဝက်အတွင်းမှာ ဒီကောင်လေးက ဗီဇပြောင်းသားရဲ ဆယ့်ငါးကောင်ကို တကယ်ကြီး သတ်ခဲ့တာလား? “
အဲ့ကောင်တွေက အဆင့် ၁၀ ဗီဇပြောင်းသားရဲတွေလေ !!
သူတို့ကို ကိုင်တွယ်ဖြေရှင်းရန် စေလွှတ်လိုက်သည့် စီနီယာကျောင်းသားတစ်ဦးကပင် အသက်ရှင်ရန်အတွက် ပြန်ပြေးလာခဲ့ရသည်။
သို့သော် ဤအခြေအနေသည် ဆောင်ချီကို ဇဝေဇဝါဖြစ်သွားစေခဲ့သည်။
“ သူက အထူးအကွက်ကို ဆက်တိုက် အသုံးပြုလို့ ရနေတာများလား? “ ဆောင်ချီက ၎င်းကသာလျှင် ဖြစ်နိုင်ခြေရှိသည့် တစ်ခုတည်းသော အရာဖြစ်သည်ဟု ခံစားနေခဲ့ရသည်။
တိုက်ခိုက်ရေး နည်းစနစ်များ၏ ဒုတိယအဆင့် အထွတ်အထိပ်နယ်ပယ်၌ အထူးလှုပ်ရှားမှုများကသာလျှင် အဆင့် ၁၀သားရဲများကို သိသိသာသာ ထိခိုက်သွားစေနိုင်သည်။
သို့သော် …… ၎င်းသည် ပို၍ပင် မယုံကြည်နိုင်စရာ ကောင်းလွန်းလှသည်။
၎င်းတို့အား မည်သည့်အတွက်ကြောင့် အထူး(သို့)အဆုံးစွန်ဆုံးသော လှုပ်ရှားမှုများဟု ခေါ်ဆိုရသနည်း?
အဘယ့်ကြောင့်ဆိုသော် သူတို့သည် ကြီးမားသော စွမ်းအင်ပေါက်ကွဲမှုကို လိုအပ်ပြီး၊ တိုက်ပွဲတစ်ခုတွင် တစ်ကြိမ်သာလျှင် အသုံးပြုနိုင်သောကြောင့် ဖြစ်သည်။
အကယ်၍ ၎င်းတို့ကို အကြိမ်ပေါင်းများစွာ အသုံးပြုနေနိုင်မည်ဆိုပါက အထူးလှုပ်ရှားမှုများဟု ဆက်လက်၍ သုံးနှုန်းရမည်လား???
ဆောင်ချီကား အံ့ဩတုန်လှုပ်နေစဲဖြစ်သည်။
“ ဗြွီ !! “
ထိုအချိန်တွင် ပုံရိပ်ယောင် အခန်းနံပတ်၁၏ တံခါးပွင့်လာခဲ့ပြီး၊ ရှုကျိုးသည် ဖြူဖျော့နေသောမျက်နှာဖြင့် လမ်းလျှောက်ထွက်လာခဲ့သည်။
သူ့ကို မြင်လိုက်ရသောအခါတွင် ဆောင်ချီသည် လျင်မြန်စွာ ထရပ်လိုက်ပြီး၊ သူ့မျက်နှာပေါ်ရှိ အံ့ဩတုန်လှုပ်မှာလည်း လျင်မြန်စွာ လွင့်ပျယ်သွားခဲ့သည်။
ရှုကျိုးမှ ကောင်တာသို့ လျှောက်လာသောအခါတွင် ဆောင်ချီသည် ပြုံး၍ မေးလိုက်သည် “ ရှုကျိုး၊ ဘယ်လို ခံစားရလဲ? တော်တော်ကြီးကို လွယ်တယ်မလား? “
လွယ်တာလား?
ရှုကျိုးသည် ဆောင်ချီ့အား ဒေါသအနည်းငယ် ရောပြွန်းနေသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
ယခင်က ဖြစ်ရပ်သည် ရိုးရှင်းသော ဆေဘာနည်းစနစ်၏ ဒုတိယနယ်ပယ်က ကိုင်တွယ်ဖြေရှင်းနိုင်သော အရာ မဟုတ်ပေ။
သူသည် ဆရာက သူ့အား တိတ်တဆိတ် ဒုက္ခပေးကာ ခက်ခဲမှုကို တမင်သက်သက် တိုးမြှင့်လိုက်သည်ဟု သံသယဖြစ်နေခဲ့သည်။
သို့ရာတွင် ရှုကျိုးသည် မည်သည့်အရာကိုမှ မပြောလိုက်ပေ။
“ ဆရာ “ ရှုကျိုးသည် ဆောင်ချီကိုကြည့်ကာ အလေးအနက်ထား၍ ပြောလိုက်သည် “ လက်တွေ့ဘဝက ဗီဇပြောင်းသားရဲတွေက ပုံရိပ်ယောင်ကမ္ဘာထဲက ကောင်တွေလို ရက်စက်ကြမ်းတမ်းတတ်လား? “
ဆောင်ချီသည် ထိုမေးခွန်းကို မမျှော်လင့်ထားခဲ့သောကြောင့် အနည်းငယ် အံ့ဩသွားခဲ့သည်။
ထို့နောက်တွင် သူသည် ခေါင်းခါပြ၍ ပြောလိုက်သည် “ လက်တွေ့ဘဝက ကောင်တွေက ပိုပြီးတော့တောင် ရက်စက်ကြမ်းတမ်းတယ် “
ရှုကျိုး၏ စိတ်နှလုံးသား တင်းကြပ်သွားခဲ့သည်။
ခေါင်းနှစ်လုံး ခြသေ့်၏ ယခင်က နှိပ်စက်မှုသည် သူ့ထံတွင် စိတ်ပိုင်းဆိုင်ရာ အရိပ်မဲကြီးတစ်ခု ချန်ထားခဲ့သည်။
သူသည် လက်တွေ့ဘဝမှ အကောင်များက ပို၍ပင် ရက်စက်ကြမ်းတမ်းနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
“ ကြည့်ရတာတော့ ငါ့အစ်မပြောတာက မှန်နေတဲ့ပုံပဲ “ ရှုကျိုးသည် တွေးတော စဥ်းစားနေတော့သည် “ ဗီဇပြောင်းသားရဲတွေရဲ့ ရက်စက်ကြမ်းတမ်းမှုက ငါထင်ထားတာထပ် အများကြီး ကျော်လွန်နေတာပဲ။ တကယ်လို့ လူတွေက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှု မလုပ်ထားဘူးဆိုရင်၊ သူတို့က တကယ်ကို သေလောက်အောင် ကြောက်သွားကြနိုင်တယ် “
ထိုအခိုက်အတန့်တွင် သူသည် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲသို့ သွားမည့် ခရီးစဥ်က သူထင်ထားသည်ထပ် ပို၍ အန္တာရာယ်ရှိနေမည်ကို အသေအချာ နားလည်သွားခဲ့သည်။
ဆောင်ချီသည် သူ့ကို ကြည့်ကာ ပြုံးသွားခဲ့သည် “ မင်းက ကောင်းကောင်း လုပ်ခဲ့ပါတယ်၊ နာရီဝက်အတွင်းမှာ ဗီဇပြောင်းသားရဲ ဆယ့်နှစ်ကောင်ကျော် သတ်နိုင်ခဲ့တယ် “
“ စီနီယာကျောင်းသူကျောင်းသား တစ်ချို့ကတောင် အဲ့လို မလုပ်နိုင်ကြဘူး “
“ ဒါပင်မဲ့ အဲ့တာကြောင့်အတွက်နဲ့ ဗီဇပြောင်းသားရဲတွေကို လျှော့မတွက်လိုက်နဲ့ “
သူသည် အလေးအနက်ထား၍ ပြောလာခဲ့သည် “ ပုံရိပ်ယောင် ဗီဇပြောင်းသားရဲတွေက တိုက်ခိုက်ရေး စွမ်းရည်တွေ တိုးတက်ဖို့အတွက်ပဲ၊ မင်းရဲ့ စွမ်းရည်ကသာ လက်ရည်ညီနေသရွေ့ မင်းဆီမှာ ချီ-သွေး မရှိဘူးဆိုရင်တောင် သူတို့ကို သတ်နိုင်တယ် “
“ တကယ့် ဗီဇပြောင်းသားရဲတွေကတော့ အဲ့ထပ်ပိုကြောက်ဖို့ကောင်းတယ် “
“ လက်တွေ့ဘဝမှာ ဗီဇပြောင်းသားရဲတွေကို ကိုင်တွယ်ဖို့အတွက် မင်းရဲ့ တိုက်ခိုက်ရေး စွမ်းရည်နဲ့ ညီမျှတဲ့ ချီ-သွေး ရှိကိုရှိနေရမယ် “
ဆောင်ချီမှ ဖြည်းဖြည်းချင်း ပြောလာခဲ့သည် “ ဥပမာအနေနဲ့ဆိုရင် အဆင့် ၁၀ ဗီဇပြောင်းသားရဲကို ချီ-သွေး ၁၄၀ကယ်လိုရီကျော်တဲ့ သိုင်းပညာရှင်တစ်ယောက်ကပဲ ကိုင်တွယ်နိုင်လိမ့်မယ် “
၎င်းကို ကြားလိုက်ရသောအခါတွင် ရှုကျိုးသည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
ထို့နောက်တွင် သူသည် ခေါင်းငြိမ့်ပြလိုက်သည်။
သူကိုယ်တိုင်ကလည်း ၎င်းကို သတိပြုမိနေခဲ့သည်၊ သူ၏ချီ-သွေးသည် ပုံရိပ်ယောင်ကမ္ဘာထဲမှ ဗီဇပြောင်းသားရဲများနှင့် တိုက်ခိုက်ရာတွင် အသုံးမဝင်ခဲ့ပေ။
သူ၏ချီ-သွေး မည်မျှပင် မြင့်မားနေပါစေ၊ သူသည် ၎င်းတို့ကို မည်သို့မျှ ထိခိုက်အောင် မလုပ်နိုင်ခဲ့ပေ။
သူသည် ၎င်းတို့ကို သတ်ဖြတ်ရန်အတွက် ဆေဘာနည်းစနစ်၏ အထူးလှုပ်ရှားမှုကိုသာ အကြိမ်ကြိမ် အသုံးပြုခဲ့ရသည်။
တကယ့် ဗီဇပြောင်းသားရဲများအတွက်မူ တိုက်ခိုက်ရေးစွမ်းရည်တစ်ခုတည်းက လုံလောက်နေမည် မဟုတ်ဘဲ၊ ချီ-သွေး၏ အကူအညီကိုပါ ယူရမည် ဖြစ်သည်။
သို့သော် ၎င်းသည် ရှုကျိုး စိုးရိမ်ပူပန်နေရမည့် ကိစ္စမဟုတ်ပေ။
ချီ-သွေးကိစ္စအား သူ၏ ဆေဘာသွား နဂါးသားရဲက ကိုင်တွယ်ဖြေရှင်းမည် ဖြစ်ပြီး၊ သူ၏ယခုလက်ရှိ ရည်ရွယ်ချက်ကမူ ဆေဘာနည်းစနစ်၏ တတိယအဆင့်သို့ ရောက်ရှိရန်သာ ဖြစ်သည်။
“ အချိန်တိုအတွင်းမှာ ငါ့ရဲ့ ဆေဘာသိုင်းတိုးတက်မှုက နှေးကျသွားလောက်တယ် “ ရှုကျိုး၏ မျက်လုံးများ တောက်ပသွားခဲ့သည် “ ပုံရိပ်ယောင် ဗီဇပြောင်းသားရဲတွေနဲ့ တိုက်ခိုက်တာက ဆေဘာနည်းစနစ်ကို တိုးတက်သွားစေနိုင်တာပဲလေ “
ပြင်းထန်သော တိုက်ပွဲတစ်ခုကို ရင်ဆိုင်ခဲ့ရပြီးသည့်နောက်တွင် သူသည် သူ၏ဆေဘာသိုင်းက သိသိသာသာ တိုးတက်လာခဲ့ပြီး၊ တတိယအဆင့်၏ တံခါးဝနှင့်ပင် ထိတွေ့နိုင်တော့မည်ဟု ခံစားနေခဲ့ရသည်။
နောက်တစ်ဆင့်ကား သေခြင်းရှင်ခြင်း အခြေအနေများကို ရင်ဆိုင်၍ သူ၏ဆေဘာနည်းစနစ်ကို အဆက်မပြတ် တိုးတက်သွားစေရန်ပင် ဖြစ်သည်။
သူသာ ဆေဘာနည်းစနစ်၏ တတိယနယ်ပယ်ကို ထိုးဖောက်နိုင်သည်နှင့်တစ်ပြိုင်နက် သူ့အား စစ်မှန်သော သိုင်းပညာရှင်တစ်ဦးအဖြစ် သတ်မှတ်နိုင်မည် ဖြစ်သည်။
ထိုအချိန်တွင် လီရို့ရှီသည် သူ့အား အကာအကွယ် လိုအပ်သည့် မောင်လေးမဟုတ်ဘဲ စစ်မှန်သည့် ရဲဖော်ရဲဘက်တစ်ဦးအဖြစ် မြင်လာလိမ့်မည် ဖြစ်သည်။
…………………………………………………………………………………………………….
အပိုင်း ( 38 )
သုံးလွှာဓားနည်းစနစ်၊ တောင်ပိုင်းပြည်နယ်မှ ဧည့်သည်တော်
ဤရက်များအတွင်းတွင် ရှုကျိုးသည် ကျောင်းသို့ ရောက်လာသည်နှင့်တစ်ပြိုင်နက် ပုံရိပ်ယောင် ခန်းမဆီသို့သာ သွားနေခဲ့သည်။
ပုံရိပ်ယောင် ဗီဇပြောင်းသားရဲများနှင့် သေခြင်းရှင်ခြင်း တိုက်ပွဲများ ဆင်နွှဲနေခဲ့သည်။
သူ့ကိုယ်သူ ဖိအားပေးရန်အတွက် သူသည် ဆောင်ချီကို အဆင့် ၁၀ ဗီဇပြောင်းသားရဲများ ထပ်ထည့်ပေးရန် မကြာခဏ တောင်းဆိုနေခဲ့သည်။
အဆုံးတွင် ဆောင်ချီသည် နားပူသည့် ဒဏ်ကို မခံနိုင်တော့ဘဲ သူ့အတွက် အကန့်အကတ်မဲ့ အခြေအနေကို ဖွင့်ပေးလာခဲ့သည်။
အကန့်အသတ်မဲ့ အခြေအနေဟု ခေါ်ဆိုသော အရာသည် ဗီဇပြောင်းသားရဲတစ်အုပ်ကို အနိုင်ယူခဲ့ပြီးသည့်နောက်တွင် တစ်ခြား သားရဲတစ်အုပ်က အသက်ရှုချိန် တစ်ကြိမ်အတွင်းမှာပင် ချက်ချင်း ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။
ဤသံသယရာသည် စိတ်ဝိညာဥ်စွမ်းအား ကုန်ခမ်းသွားသည်အထိ ပုံရိပ်ယောင်ကမ္ဘာထဲမှ ထွက်သွားစေရန် တွန်းအားပေးကာ ထပ်ခါတလဲလဲ ဖြစ်ပေါ်နေမည် ဖြစ်သည်။
အကန့်အသတ်မဲ့ အခြေအနေကို အသက်သွင်းလိုက်သည်နှင့် တစ်ပြိုင်နက် ဆောင်ချီသည် အားလပ်ချိန်တစ်ချို့ ရရှိသွားသည့်အတွက် ပျော်ရွှင်သွားခဲ့ပြီး၊ ရှုကျိုးကို ထပ်မံ၍ စောင့်ကြည့်မနေတော့ပေ။
အကန့်အသတ်မဲ့ အခြေအနေအောက်ရှိ ရှုကျိုးသည် သေခြင်းရှင်ခြင်း အတွေ့အကြုံများကို ထပ်ခါတလဲလဲ ကြုံတွေ့နေခဲ့ရပြီး၊ မိမိကိုယ်မိမိ အဆက်မပြတ် တွန်းအားပေးကာ သူ၏အလားအလာကို စဥ်ဆက်မပြတ် တီးခေါက် ဆွဲထုတ်နေခဲ့သည်။
တစ်ရက်ပြီး တစ်ရက်
ရှုကျိုး၏ စွမ်းအားသည် တစ်ဆင့်ချင်း တိုးတက်လာခဲ့သည်။
…
မျက်စိတစ်မှိတ်အတွင်းမှာပင် ဆယ်ရက်ကုန်ဆုံးသွားခဲ့သည်။
ပုံရိပ်ယောင် ကမ္ဘာထဲ၌
“ ဝေါင်း !! “
ရင်သပ်ရှုမောဖွယ်ကောင်းသော ဓားသွားအလင်းတန်းတစ်ခုသည် ဒုံးကျည်ကဲ့သို့ တစ်ဟုန်ထိုး ပြေးတက်လာကာ ဗီဇပြောင်းသားရဲတစ်ကောင်၏ ဦးခေါင်းကို ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားခဲ့သည်။
ဟမ် !!
ဓားသွားသည် လေဆာရောင်ခြည်တစ်ခုကဲ့သို့ ဗီဇပြောင်းသားရဲ၏ ဦးခေါင်းမှ အမြှီးရိုးအထိ ထိုးဖောက်သွားခဲ့သည်။
ထို့နောက်တွင် ဗီဇပြောင်းသားရဲသည် နှစ်ပိုင်းပြတ်သွားခဲ့ပြီး၊ ဝုန်းခနဲဟူသော အသံနှင့်အတူ မြေပြင်ပေါ်သို့ ပြိုလဲသွားခဲ့သည်။
ရုပ်သွင်တစ်ခု ဆင်းသက်လာခဲ့ပြီး၊ သူ၏ဓားချက်ဖြင့် နှစ်ပိုင်းပြတ်သွားသော ဗီဇပြောင်းသားရဲကောင်ကို ကြည့်နေတော့သည်။
“ ဒါက တတိယအဆင့် တိုက်ခိုက်ရေးနည်းစနစ်ရဲ့ စွမ်းအားပဲ၊ တကယ် စွမ်းတယ် “
ရှုကျိုးသည် သူ၏ ဓားသွားကို ပြန်ရုတ်လိုက်ပြီး သူ၏မျက်နှာပေါ်တွင် ဖျော့တော့သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
လွန်ခဲ့သော တစ်ရက်က သူသည် အတားအဆီးကို ထိုးဖောက်နိုင်ခဲ့ပြီး၊ ဆေဘာနည်းစနစ်၏ တတိယအဆင့်ဆီသို့ တင်ပြည့်ကျပ်ပြည့် ရောက်ရှိသွားခဲ့သည်။
ဆေဘာသိုင်း၏ တတိယအဆင့်ဟု ခေါ်ဆိုသော အရာသည် လူနှင့် ဓားပေါင်းစည်းခြင်းကို အထူးပြုခြင်းဖြစ်ပြီး၊ လူသား၏ ရည်ရွယ်ချက်နှင့် ဓားသွား၏ အရှိန်အဟုန်တို့ ပေါင်းစပ်သွားသောအခါတွင် ကမ္ဘာမြေ ပြိုကွဲသွားစေနိုင်သော စွမ်းအားတစ်ခု ပေါက်ထွက်လာခြင်း ဖြစ်သည်။
ယခင်က အခြေအနေနှင့် ယှဥ်လိုက်မည်ဆိုပါက စွမ်းအားသည် အဆပေါင်းများစွာ မြင့်မားလာခဲ့ပြီ ဖြစ်သည်။
ယခင်က သူသည် ဗီဇပြောင်းသားရဲ၏ အစိတ်အပိုင်းကို ခုတ်ဖြတ်ရန်အတွက် အထူးလှုပ်ရှားမှုကိုသာ အားကိုးနေခဲ့ရသည်။
သို့သော် ယခုတွင်မူ ပေါ့ပေါ့ပါးပါး လွှဲရမ်းလိုက်သော ဓားချက်တစ်ချက်ဖြင့် ဗီဇပြောင်းသားရဲတစ်ကောင်လုံးကို ချေမှုန်းနေနိုင်ပြီ ဖြစ်သည်။
၎င်းသည် ဓားနည်းစနစ်၏ တတိယအဆင့် ဖြစ်သည်။
( မူရင်းမှာကိုက ဆေဘာလို့ သုံးလိုက်၊ ဓားလို့သုံးလိုက်နဲ့ တစ်လှည့်စီ သုံးနေတာပါ၊ ကျွန်တော်လည်း အဲ့လိုပဲ လိုက်သုံးသွားပါမယ် )
ဤဆယ်ရက်အတွင်းသည် သူ၏ ဓားနည်းစနစ်တစ်ခုတည်းကသာလျှင် တိုးတက်လာခဲ့ခြင်း မဟုတ်ပေ။
အိမ်ရှင် : ရှုကျိုး
ချီ-သွေး : ၉၆.၃ ကယ်လိုရီ
စိတ်ဝိညာဥ် : 10Hz
ကိုယ်ပွား : ဆေဘာသွား နဂါးသားရဲ
အဆင့် : ၀ အဆင့် အဆင့် ၁၀ ( ၉၆% )
အသားတင် အလေးချိန် : ၄၆၈.၅ ကီလိုဂရမ်
စွမ်းရည် : တစ်ရက်လျှင် ၁၀ကီလိုဂရမ် ရရှိခြင်း ( အကန့်အသတ် )၊ အရာအားလုံးကို ဝါးမြိုနိုင်ခြင်း၊ ကိုက်ဖြတ်ဆုတ်ဖြဲခြင်း (ac )
…
ဤဆယ်ရက်အတွင်းတွင် သူ၏ ချီ-သွေး၊ စိတ်ဝိညာဥ်နှင့် ကိုယ်ပွား၏ အဆင့် အကုန်ခုန်ပျံ တိုးတက်လာခဲ့လေသည်။
“အခုဆို ငါ့ရဲ့ ချီ-သွေးက သာမန်လူတစ်ယောက်ရဲ့ ၁၄၀ကယ်လိုရီနှင့် ယှဥ်လို့ရနေပြီ “
ရှုကျိုးသည် တစ်ကိုယ်တည်း တွေးတော စဥ်းစားနေတော့သည် “ တကယ်လို့ ငါသာ ရှီလဲ့နဲ့ အဲ့ဒီအတွင်းမြို့တော်က ကောင်တွေကို ထပ်တွေ့မယ်ဆိုရင်၊ ငါက အဲ့ကောင်တွေကို အေးအေးဆေးဆေး မှောက်သိပ်လို့ရနေပြီ “
လွန်ခဲ့သော ဆယ်ရက်က သူသည် ရှီလဲ့ကဲ့သို့ နဂါး-ကျားစာရင်းပေါ်တွင် အဆင့်၂၀ ချိတ်သည့် လူတစ်ဦးနှင့် ရင်ဆိုင်ရမည်ကို အနည်းငယ် ကြောက်ရွံ့နေခဲ့သည်။
သို့သော် ယခုတွင်ကား ရှုကျိုးသည် သူက ပြိုင်ဘက်အား တစ်ကွက်တည်းဖြင့် အနိုင်ယူနိုင်မည်ဟု ယုံကြည်နေလျက်ရှိ၏။
“ ဒါပင်မဲ့ ……… “ ရှုကျိုး၏ မျက်လုံးများ ကျဥ်းမြောင်းသွားခဲ့သည် “ လျူဟီနဲ့ ယှဥ်လိုက်မယ်ဆိုရင်တော့ တော်တော်လိုနေသေးတယ် “
သူ၏စွမ်းအား တိုးတက်လာသည်နှင့်အမျှ လျူဟီက မည်မျှ အစွမ်းထက်လဲဆိုသည်ကို သူပို၍ နားလည်လာခဲ့သည်။
လီရို့ရှီကိုတောင် လွယ်လွယ်ကူကူ ဖိနှိပ်နိုင်တယ်ဆိုတော့ သူက ပထမအဆင့် သိုင်းပညာရှင် ဖြစ်နေလောက်ပြီ။
အတွင်းမြို့တော်မှ ကျောင်းသူကျောင်းသားတို့၏ ခေါင်းဆောင်တစ်ဦး ဖြစ်သောကြောင့် ရှုကျိုးသည် လျူဟီကို မဖိနှိပ်နိုင်သရွေ့ သူ့ကြောင့် ဖြစ်ပေါ်နေသည့် ဖိအားများကို ခံစားနေရဦးမည် ဖြစ်သည်။
ထို့အပြင် ….
“ ဒီရက်ပိုင်းအတွင်းမှာ လျူဟီနဲ့ ဟွမ်ယွင်ရွှယ်က တော်တော်လေးကို ရင်းနှီးနေတဲ့ပုံပဲ “ ရှုကျိုးသည် အနည်းငယ် သတိကပ်သွားခဲ့သည်။
နှစ်ဦးစလုံးသည် သူနှင့် ပြဿနာတက်ခဲ့ဖူးသည်၊ အထူးသဖြင့် ဟွမ်ယွင်ရွှယ်ဖြစ်ပြီး၊ သူ့အား ကမ္ဘာမကြေ ရန်သူအဖြစ်ပင် သတ်မှတ်၍ရလေသည်။
လျူဟီနှင့်လည်း အသင်းဖွဲ့ရေး ကိစ္စနှင့်ပတ်သက်ပြီး သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့သည်။
ယခုတွင် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူသည် သုံးရက်အတွင်း ပွင့်လာတော့မည်ဖြစ်ပြီး၊ ထိုလူနှစ်ယောက် အတူတကွ လမ်းလျှောက်နေသည်ကို မြင်တွေ့လိုက်ရသောအခါတွင် ရှုကျိုးသည် ပို၍ နိုးနိုးကြားကြား ရှိသွားခဲ့သည်။
“ ပြင်းပြင်းထန်ထန် လေ့ကျင့်မယ် “ ရှုကျိုးသည် သူ့လက်ထဲရှိ ဓားကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး၊ ပို၍ ဆုံးဖြတ်ချက် ခိုင်မာသွားခဲ့သည် “ ပိုစွမ်းလာအောင် ရှေ့ဆက်တိုးနေရမယ် “
အမှောင်ထဲတွင် ရန်သူက ဘယ်လိုပင် ကြံစည်နေခဲ့ပါစေ၊ သူသာ လုံလုံလောက်လောက် စွမ်းနေမည်ဆိုပါက သူတို့ကို ချေမှုန်းပစ်နိုင်မည် ဖြစ်သည်။
“ ဝေါင်း !! “
ထိုစဥ် သားရဲများ၏ ဟိန်းဟောက်သံများသည် ဘက်ပေါင်းစုံမှ ထွက်ပေါ်လာခဲ့သည်။
မကြာခင်မှာပင် ရက်စက်ကြမ်းကြုတ်သည့် သားရဲအရိပ်များသည် ပတ်ပတ်လည်တွင် တစ်ကောင်ပြီးတစ်ကောင် ပေါ်လာကြသည်။
၎င်းသည် အကန့်အသတ်မဲ့ အခြေအနေဖြစ်ပြီး၊ ဗီဇပြောင်းသားရဲတစ်အုပ် သေသွားသည်နှင့် နောက်တစ်အုပ် ထပ်ထွက်လာမည်ဖြစ်ပြီး၊ ထိုကဲ့သို့ပင် အဆုံးမရှိ သံသရာလည်နေမည် ဖြစ်သည်။
“ သတ် !! “ ရှုကျိုးသည် တွေဝေတုံံ့ဆိုင်းမနေဘဲ၊ တိုက်ခိုက်ရန်အတွက် ရှေ့သို့ ပြေးတက်သွားတော့သည်။
ဤဆယ်ရက်အတွင်းတွင် သူသည် ဓားနည်းစနစ်တစ်ခုတည်းကိုသာလျှင် လေ့ကျင့်နေခြင်း မဟုတ်ဘဲ ချောင်ရုံထံမှ ထပ်မံ၍ ရရှိထားသည့် တစ်ခြား တိုက်ခိုက်ရေး နည်းစနစ်တစ်ခုကိုပါ လေ့ကျင့်နေခဲ့ခြင်း ဖြစ်သည်။
“ လင်းယွမ်ခြေလှမ်း !! “
၎င်းသည် လှုပ်ရှားမှု သိုင်းပညာရပ် တစ်ခုဖြစ်ပြီး၊ ရှုကျိုး၏ အမြန်နှုန်းနှင့် တုံ့ပြန်နိုင်စွမ်းတို့ကို များစွာ တိုးတက်သွားစေခဲ့သည်။
ယခုတွင် သူသည် ဤတိုက်ခိုက်ရေး နည်းစနစ်ကို ပထမအဆင့် အထွတ်အထိပ်အထိ လေ့ကျင့်ထားနိုင်ခဲ့ပြီ ဖြစ်သည်။
“ ဖဝူးးးးးးးး!!! “
ရှုကျိုးသည် တစ္ဆေတစ်ကောင်ကဲ့သို့ လှုပ်ရှားနေပြီး၊ လူနှင့်ဓား တစ်ထပ်တည်း ကျနေခဲ့ကာ ဤပုံရိပ်ယောင်ကမ္ဘာထဲတွင် အဆက်မပြတ် သတ်ဖြတ်နေတော့သည်။
…
ထိုအချိန်တွင်
ကျောင်းအုပ်ကြီးထံသို့ ဖုန်းကောလ်တစ်ခု ဝင်လာခဲ့သည် “ အတွင်းမြို့တော်က တစ်ခြားမိသားစုက ငါတို့ဆီကို ရောက်လာတာလား? “
ကျောင်းအုပ်ကြီး၏ အမူအရာသည် တည်တည်ငြိမ်ငြိမ်သာ ရှိနေခဲ့သည်။
ဤရက်များအတွင်းတွင် အတွင်းမြို့တော်၏ မိသားစုများထံမှ များစွာသော တိုက်ရိုက်မျိုးဆက်များသည် လင်းဂျန် ပထမအထက်တန်းကျောင်းဆီသို့ လာရောက်လည်ပတ်ခဲ့ကြသည်။
တိတိကျကျ ပြောရမည်ဆိုပါက သူတို့အားလုံးသည် ရှုကျိုးကို လာရောက်ခေါ်ယူကြခြင်း ဖြစ်သည်။
သို့ရာတွင် အဆိုပါ မိသားစုများသည် ကျန်းမိသားစု၏ လည်ပတ်မှုအကြောင်းကို ကြားခဲ့ထားကြသည့် ပုံပေါ်ပြီး၊ dအဆင့် ထောက်ပံ့မှုများဖြင့်သာ ကမ်းလှမ်းလာခဲ့ကြသည်။
ရှုကျိုးသည် ၎င်းတို့အားလုံးကို ငြင်းပယ်လိုက်သည်။
ထိုအချိန်တွင် ကျောင်းအုပ်ကြီးသည် ရှုကျိုးကို အတွင်းမြို့တော်ထံသို့ ပေးပို့မည့် မျှော်လင့်ချက်ကို လက်လျှော့ထားခဲ့ပြီးပြီ ဖြစ်သည်၊ သူသည် ကူရာကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည် “ ငါနားလည်တယ်၊ သူတို့ကို ဧည့်ခန်းထဲမှာ စောင့်ခိုင်းထားလိုက်ပါ “
“ ကျောင်းအုပ်ကြီး၊ ဒီတစ်ကြိမ်က အတွင်းမြို့တော်က တိုက်ရိုက်မျိုးဆက်တွေ မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ ကျောင်းသားဟောင်း ပညာရှင်(သို့) ဆရာ လျူချင်းယွမ်ပါ “
“ ဘာ !!! “
“ လျူချင်းယွမ်လား? “
ကျောင်းအုပ်ကြီး၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး၊ သူသည် အပြင်ဘက်သို့ ချက်ချင်း ထထွက်သွားတော့သည်။
ကျောင်းဂိတ်ပေါက်၌
အနက်ရောင် လက်ဆွဲသေတ္တာတစ်လုံးကို ကိုင်ထားသည့် အနက်ဝတ် သက်လတ်ပိုင်းလူတစ်ဦးသည် ကျောင်းတံခါးဝတွင် စောင့်ဆိုင်းနေခဲ့သည်။
မကြာခင်မှာပင် ကျောင်းအုပ်ကြီးသည် ဂိတ်ပေါက်ဝသို့ အပြေးအလွှား ရောက်ရှိလာခဲ့သည်။
“ ချင်းယွမ် !! “ သူသည် အဝေးမှ လှမ်းခေါ်လိုက်သည် “ ဒီကို ပြန်လာဖို့ ဘယ်လိုလုပ်ပြီး အချိန်ရှိနေတာလဲ? “
“ ဆရာ !! “ သက်လတ်ပိုင်းလူကြီးသည် ပြုံးပြကာ လမ်းလျှောက်သွားတော့သည် “ နှစ်တွေ အတော်ကြာခဲ့ပြီ၊ တစ်ချက်လောက် လာကြည့်တာပါ “
ကျောင်းအုပ်ကြီးသည် လျူချင်းယွမ်ဆီသို့ ရောက်လာခဲ့ပြီး သူ၏ပခုံးကို ပုတ်လိုက်သည် “ မင်းက ကွမ်ဟန်တက္ကသိုလ်မှာ ပညာရှင်တစ်ယောက်ဖြစ်နေပြီ၊ ငါကတော့ အဘိုးကြီး တစ်ယောက်သာသာပဲ၊ မင်းနဲ့ ယှဥ်လို့မရတော့ပါဘူးကွာ “
“ တစ်ခါ ဆရာဖြစ်တာနဲ့ တစ်သက်လုံး ဆရာဖြစ်တာပါပဲဗျာ “ လျူချင်းယွမ်မှ ခေါင်းခါပြလာခဲ့သည်။
“ အဲ့အကြောင်းကို မပြောဘဲ နေကြရအောင် “ ကျောင်းအုပ်ကြီးသည် သူ့ကို ကြည့်ကာ ပြောလိုက်သည် “ မင်းက ဒီကို ကိစ္စတစ်ခုခုကြောင့် ရောက်လာခဲ့တာလား? “
ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်သည် ရန်ပြည်ထောင်ရှိ ထိပ်တန်း တက္ကသိုလ်နှစ်ခုအနက်မှ တစ်ခုဖြစ်ပြီး၊ တစ်ခြားတစ်ခုကား တော်ဝင်သိုင်းပညာ တက္ကသိုလ်ဖြစ်သည်။
ကွမ်ဟန်တက္ကသိုလ်မှ ပညာရှင်တစ်ဦးအနေဖြင့် လျူချင်းယွမ်ထံတွင် အချိန်ရှားပါးလွန်းလှသည်၊ ထို့ကြောင့် သူဤနေရာသို့ ရောက်လာရခြင်းသည် ရည်ရွယ်ချက်တစ်ခုခုကြောင့်သာလျှင် ဖြစ်သည်။
“ တကယ်ပဲ ဆရာ့ဆီကနေ ဘာမှ ဖုံးကွယ်ထားလို့မရဘူး “ လျူချင်းယွမ်မှ ရယ်ရယ်မောမောဖြင့် ပြောလာခဲ့သည် “ ကျွန်တော့်မှာ အလုပ်နှစ်ခုရှိတယ် “
“ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ တားမြစ်နယ်မြေ ဖွင့်လာတာနဲ့အတူ ကောင်းချီးပေးခံထားရတဲ့ ပါရမီရှင်တွေပါ ပေါ်လာသင့်တယ်၊ အဲ့တာကြောင့် သူတို့ကို ကြည့်ဖို့အတွက် တက္ကသိုလ်က ကျွန်တော့်ကို လွှတ်လိုက်တာ “
“ ဒုတိယတစ်ခုကတော့ …….. ဆရာ၊ ဆရာလည်း ခန့်မှန်းမိမှာပါ။ Sအဆင့် စွမ်းရည်ပိုင်ရှင်ကို တွေ့မလို့ပါ၊ ရှုကျိုးလို့ခေါ်တယ်လေ၊ ဟုတ်တယ်မလား? “
ကျောင်းအုပ်ကြီးမှ ခေါင်းငြိမ့်ပြလိုက်သည်၊ တကယ်ပဲ ရှုကျိုးအတွက် ဖြစ်နေတာကိုး။
လျူချင်းယွမ်မှ ပြုံး၍ ပြောလာခဲ့သည် “ ဒါပင်မဲ့ အဲ့တာက ကျောင်းက ပေးလိုက်တဲ့ တာဝန်မဟုတ်ဘူး၊ တောင်ပိုင်းပြည်နယ် ရှားမိသားစုက ပေးလိုက်တဲ့ တာဝန်ပါ “
တောင်ပိုင်း ရှားမိသားစုလား !!!
၎င်းကို ကြားလိုက်ရသောအခါတွင် ကျောင်းအုပ်ကြီး၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
တောင်ပိုင်းပြည်နယ်သည် ကျောင်းကျိုးနှင့် ကပ်လျက်တည်ရှိနေသည့် အဓိကပြည်နယ်တစ်ခုဖြစ်ပြီး၊ ရန်ပြည်ထောင်၏ အဓိက ပြည်နယ်ကြီး ဆယ့်နှစ်ခုထဲမှ တစ်ခုအပါအဝင် ဖြစ်သည်။
ရှားမိသားစုသည် အတွင်းမြို့တော်၏ တောင်ပိုင်းပြည်နယ်မှ မိသားစုကြီးတစ်ခု ဖြစ်ပြီး၊ အစွမ်းထက် ဘိုးဘေးများရှိသည့် မိသားစုတစ်ခု ဖြစ်သည်။
“ မင်းက ရှားမိသားစုထဲကို ဝင်နိုင်လိမ့်မယ်လို့ ငါ မထင်ထားခဲ့မိဘူး “ ကျောင်းအုပ်ကြီးသည် စိတ်ခံစားချက်များဖြင့် မှတ်ချက်ပြုလိုက်သည်။
လျူချင်းယွမ်သည် လင်းဂျန်မြို့တွင် မွေးဖွားသည့် လူတစ်ဦးဖြစ်ပြီး၊ ငယ်ရွယ်စဥ်က မိဘများကို ဆုံးရှုံးခဲ့ရပြီးသည့်နောက်တွင် ဆင်းဆင်းရဲရဲ ရှင်သန်နေထိုင်ခဲ့ရသည်။
သို့သော် ယခုတွင်ကား သူသည် ရှားမိသားစုထဲသို့ ဝင်နိုင်ခဲ့ပြီး၊ မြင့်မားသော ရာထူးတစ်ခုကိုပင် သိမ်းပိုက်ထားနိုင်ခဲ့ပြီ ဖြစ်သည်။
ထိုကဲ့သို့သော ဇာတ်လမ်းမျိုးသည် အလွန်ရှားပါးလွန်းလှသည်၊ အတွင်းမြို့တော် တစ်ခုလုံးမှာပင် ပြင်ပခရိုင်မှ မိဘမဲ့တစ်ဦးက အတွင်းမြို့တော်မှ မိသားစုကြီးတစ်ခု၏ အဓိက အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့ပြီး၊ ယခုတွင် ကွမ်ဟန် သိုင်းပညာတက္ကသိုလ်တွင် မြင့်မားသော ရာထူးဖြင့် တာဝန်ထမ်းဆောင်နေသည့် ဇာတ်လမ်းမျိုးသည် မရှိသလောက်နီးပါးပင် ရှားပါးလှသည်။
ကျောင်းအုပ်ကြီးကပင် လက်ရှိ လျူချင်းယွမ်၏ အဆင့်အတန်းနှင့် များစွာ ကွာခြားနေခဲ့ပြီ ဖြစ်သည်။
“ အဲ့အကြောင်းကို မပြောဘဲ နေကြရအောင်ဗျာ “ လျူချင်းယွမ်မှ ဖော်ရွေသော အပြုံးဖြင့် ပြုံး၍ ပြောလာခဲ့သည် “ ဆရာ၊ ရှုကျိုးနဲ့ တွေ့ဖို့ ကျွန်တော့်ကို ဘာလို့ မခေါ်သွားပေးရတာလဲဗျ? “
“ ကောင်းပြီလေ၊ ငါ့နောက်လိုက်ခဲ့ “ ဟုကျောင်းအုပ်ကြီးမှ ပြန်ပြောလိုက်သည်။
ကျောင်းအုပ်ကြီးသည် လျူချင်းယွမ်ကို ကျောင်းထဲ ခေါ်သွားတော့သည်။
…
ကုဗတုံး ပုံသဏ္ဍာန် အဆောက်အဦး အတွင်း၌
ဆောင်ချီသည် မျက်လုံးများ မှိတ်ထားပြီး၊ ခုံပေါ်တွင် ထိုင်၍ သာယာသော နေ့လည်ခင်းကို ပျော်ရွှင်စွာ ဖြတ်သန်းနေလျက်ရှိသည်။
“ ဆောင်ချီ !! “
ရုတ်တရက် ဆိုသလိုပင် ကျောင်းအုပ်ကြီး၏ အသံသည် သူ့အား လန့်နိုးသွားစေခဲ့သည်။
ဆောင်ချီသည် အလောတကြီး မတ်တပ်ရပ်လိုက်ပြီး၊ ကျောင်းအုပ်ကြီးသည် အနက်ဝတ် သက်လတ်ပိုင်းလူတစ်ဦးနှင့်အတူ လမ်းလျှောက်ဝင်လာသည်ကို မြင်တွေ့သွားတော့သည်။
“ ရှုကျိုးက ပုံရိပ်ယောင် အခန်းထဲမှာလား? “ ဟု ကျောင်းအုပ်ကြီးမှ မေးလိုက်သည်။
ဆောင်ချီမှ လျင်မြန်စွာ အဖြေပြန်ပေးလိုက်သည် “ ဟုတ်ပါတယ်၊ သူက ပုံရိပ်ယောင် ဗီဇပြောင်း သားရဲတွေနဲ့ တိုက်နေ ……. “
သူသည် အချိန်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး၊ ဆက်ပြောလိုက်သည် “ သူတိုက်နေတာ ငါးနာရီရှိပါပြီ “
ထို့ကြောင့် သူကိုယ်တိုင်ပင် အံ့အားသင့်သွားခဲ့သည်။
ဒီကလေးက ဘယ်လိုလုပ်ပြီးတော့ အထဲမှာ ဒီလောက်အကြာကြီး ရှိနေနိုင်ရတာလဲဟ?
သူက အထဲမှာ မေ့လဲသွားတာများလား?
ကျောင်းအုပ်ကြီးပင် အနည်းငယ် အံ့ဩသွားခဲ့သည် “ သူက အထဲမှာ ငါးနာရီတောင် နေပြီးသွားတာလား? မင်းက သူ့ကို ပြိုင်ဘက်တွေ မစီစဥ်ပေးလိုက်ဘူးလား? “
ဆောင်ချီမှ အမြန်ပြန်ပြောလိုက်သည် “ ကျောင်းအုပ်ကြီး၊ ကျွန်တော်က အကန့်အသတ်မဲ့ အခြေအနေကို ဖွင့်ထားတာပါ၊ ကျုပ်ဘာမှထပ်လုပ်နေဖို့ မလိုပါဘူး “
“ မင်း ဘာပြောလိုက်တယ်? “ ကျောင်းအုပ်ကြီးသည် ပို၍ အံ့အားသင့်သွားခဲ့သည် “ အကန့်အသတ်မဲ့ အခြေအနေလား? “
အနောက်ဘက်ရှိ လျူချင်းယွမ်ပင် အနည်းငယ် အံ့ဩသွားသည့်ပုံပင်။
ကွမ်ဟန် သိုင်းပညာတက္ကသိုလ်မှ ဆရာတစ်ဦးအနေဖြင့် သူသည် ပုံရိပ်ယောင်ကမ္ဘာထဲရှိ အကန့်အသတ်မဲ့ အခြေအနေက မည်သည့်အရာကို ဆိုလိုနေလဲဆိုသည်ကို ရှင်းရှင်းလင်းလင်း နားလည်နေခဲ့သည်။
၎င်းသည် အဆုံးမရှိသော ရန်သူများ၊ မကုန်ခမ်းနိုင်သော ဗီဇပြောင်း သားရဲများကို ကိုယ်စားပြုသည်။
ထိုကဲ့သို့သော အခြေအနေမျိုးတွင် ငါးနာရီကျော်ကြာ တောင့်ခံထားနိုင်ခြင်းအား တစ်ချို့သော တက္ကသိုလ် ကျောင်းသားကျောင်းသူများကပင် အောင်မြင်အောင် မလုပ်ဆောင်နိုင်ပေ။
ထိုအချိန်တွင် ကျောင်းအုပ်ကြီးမှ မျက်မှောင်ကြုတ်ကာ မေးမြန်းလာခဲ့သည် “ မင်းက ရှုကျိုးအတွက် ဘယ်အဆင့် သားရဲတွေကို စီစဥ်ပေးလိုက်တာလဲ? “
“ အဆင့် ၁၀ပါ၊ အကုန်လုံးက အဆင့် ၁၀တွေချည်းပါပဲ “ ဟုဆောင်ချီမှ အလျင်အမြန် ပြန်ဖြေလိုက်သည်။
ချက်ချင်းဆိုသလိုပင် ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
အကန့်အသတ်မဲ့ အခြေအနေ၊ အဆင့် ၁၀ ဗီဇပြောင်း သားရဲတွေလား?
ပြီးတော့ ငါးနာရီကြာ တောင့်ခံနိုင်ခဲ့တာလား?
ဒါက ……..
ဆောင်ချီနှင့် ကျောင်းအုပ်ကြီးတို့သည် တစ်ဦးကိုတစ်ဦး အံ့ဩတုန်လှုပ်နေသော အကြည့်များဖြင့် ကြည့်နေကြတော့သည်။
လျူချင်းယွမ်ကမူ ပုံရိပ်ယောင် အခန်းနံပတ်၁အား အပြုံးဖြင့် စိုက်ကြည့်နေတော့သည် “ စိတ်ဝင်စားစရာပဲ “
………………………………………………………………………………………………
အပိုင်း ( 39 )
နိုင်ငံတော်အဆင့် နှစ်ဆယ့်တစ်
“ သူတို့အားလုံးက အဆင့် ၁၀ ဗီဇပြောင်းသားရဲတွေဆိုတာ သေချာရဲ့လား? “
ကျောင်းအုပ်ကြီး၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်ဖြစ်နေသော အရိပ်အယောင်များ ထင်ဟပ်နေခဲ့သည် “ အဆင့် ၁၀ သားရဲတစ်ကောင်ကို ကိုင်တွယ်နိုင်ဖို့အတွက် သိုင်းပညာရပ်တစ်ခုခုမှာ အဆင့်သုံးကို ရောက်ထားဖို့ လိုအပ်တယ်လေ “
“ ရှုကျိုးက ဓားနည်းစနစ် အဆင့်သုံးကို ရောက်နေပြီလား? “
ထိုအခိုက်အတန့်တွင် ကျောင်းအုပ်ကြီးသည် အလွန်တလေးတနက် ဖြစ်နေခဲ့သည်။
တိုက်ခိုက်ရေး နည်းစနစ်၏ တတိယအဆင့်နှင့် ဒုတိယအဆင့်တို့သည် စကားလုံးတစ်လုံးသာလျှင် ကွာခြားနေခြင်း ဖြစ်သော်လည်း ၎င်းတို့ကြားထဲရှိ ကွာဟချက်ကား နေ့နှင့်ည သကဲ့သို့ ကျယ်ပြန့်လွန်းလှသည်။
တတိယနှစ်တစ်ခုလုံးမှာပင် နဂါး-ကျားစာရင်းပေါ်မှ လူအနည်းငယ်သာလျှင် တတိယအဆင့်သို့ ထိုးဖောက်နိုင်ခဲ့ကြသည်။
ကျန်ရှိနေသော ကျောင်းသူကျောင်းသား တစ်သောင်းကျော်ကမူ တတိယအဆင့် အောက်တွင်သာ ရှိနေကြသေးသည်။
အကယ်၍ ပထမနှစ် ကျောင်းသားတစ်ဦးကသာ တိုက်ခိုက်ရေးနည်းစနစ်တစ်ခု၏ တတိယအဆင့်သို့ ရောက်ရှိနေမည်ဆိုပါက၊ ၎င်းအား အံ့အားသင့်ဖွယ်ကောင်းသည့် စွမ်းဆောင်မှု (သို့) အောင်မြင်မှုဟု သတ်မှတ်လိုက်ရမည် ဖြစ်သည်။
၎င်းကို ကြားလိုက်ရသောအခါတွင် ဆောင်ချီသည် သူ၏ခေါင်းကို ကုတ်ကာ ပြောလာခဲ့သည် “ အဲ့တာက …. ကျွန်တော်လည်း သေချာ မသိပါဘူး။ လွန်ခဲ့တဲ့ ဆယ်ရက်တုန်းကတော့ သူက ဓားနည်းစနစ်ရဲ့ ဒုတိယအဆင့် အထွတ်အထိပ်မှာပဲ ရှိနေပါသေးတယ်။ သူက ဒီဆယ်ရက်အတွင်းမှာ အဆင့်တက်သွားတာလား မသိဘူး “
သူသည် တကယ်ပင် ဇဝေဇဝါ ဖြစ်နေခဲ့ခြင်း ဖြစ်သည်။
ဤဆယ်ရက်အတွင်းတွင် သူသည် အကန့်အသတ်မဲ့ အခြေအနေကိုသာ ဖွင့်ထားရပြီး မည်သည့်အလုပ်မှ မရှိသောကြောင့် ရှုကျိုးကို အာရုံမစိုက်ထားခဲ့ပေ။
အဲ့ကောင်လေးက တော်တော်ကို ဒေါသထွက်ဖို့ ကောင်းတယ်ဗျ၊ သူ့ကို အာရုံစိုက်လေလေ၊ သွေးပိုအန်ချင်လေလေပဲဗျ !
ဤတစ်ကြိမ်တွင် လျူချင်းယွမ်မှ စကားဝင်ပြောလာခဲ့သည် “ တကယ်လို့ သူက အကန့်အသတ်မဲ့ အခြေအနေအောက်မှာ ငါးနာရီကြာ ရှိနေခဲ့တာဆိုရင်၊ သူက တတိယအဆင့်ကို ရောက်နေတာပဲ ဖြစ်ရမယ် “
ကျောင်းအုပ်ကြီးမှလည်း ခေါင်းငြိမ့်ပြလာခဲ့သည်။
“ ငါသိထားရသလောက်အရဆိုရင် ရှုကျိုးက တိုက်ခိုက်ရေး နည်းစနစ်ကို လေ့ကျင့်နေတာ နှစ်လတောင် မပြည့်သေးဘူးလေ “ ကျောင်းအုပ်ကြီးသည် အနည်းငယ် အံ့ဩတုန်လှုပ်သွားခဲ့သည် “ အခုတော့ သူက တတိယအဆင့်ကိုတောင် ထိုးဖောက်နိုင်ခဲ့ပြီပေါ့? “
လျူချင်းယွမ်၏ မျက်လုံးများ အနည်းငယ် ကျဥ်းမြောင်းသွားပြီး၊ ကျောင်းအုပ်ကြီးကို ကြည့်လာခဲ့သည် “ ရှုကျိုးက တိုက်ခိုက်ရေး နည်းစနစ်ကို နှစ်လပဲ လေ့ကျင့်ရသေးတာလား? “
နှစ်လအတွင်းမှာ ကနဦးအဆင့်ကနေ တတိယအဆင့်ကို တန်းရောက်သွားတာလား?
ချဲ့ကားလွန်းနေသလိုပဲ။
သူသည် မနေနိုင်တော့ဘဲ ကျောင်းအုပ်ကြီးမှ ရှုကျိုး၏ အထောက်အပံ့ရမှုကို ပိုများသွားစေရန်အတွက် တမင်သက်သက် ပြောနေသည်ဟု သံသယဝင်သွားတော့သည်။
လျူချင်းယွမ်သည် ရှုကျိုးအား ကျန်းမိသားစုမှ dအဆင့် ထောက်ပံ့မှုဖြင့်သာ ကမ်းလှမ်းခဲ့သည့်သတင်းကို ကြားခဲ့ပြီးပြီ ဖြစ်သည်။
မည်သည့်အတွက်ကြောင့် ထိုကဲ့သို့ ဖြစ်ရလဲဆိုသည်ကို သူမသိသော်လည်း သူ၏အမြင်တွင် အကယ်၍ ရှုကျိုးက ထူးချွန်နေမည်ဆိုလျှင်တောင်မှ၊ သူသည် ထိုအဆင့်သို့ ရောက်မနေသင့်ပေ။
ထိုကဲ့သို့သာ မဟုတ်ပါက ကျန်းမိသားစုမှ သူ့အား dအဆင့် ထောက်ပံ့မှုဖြင့်သာ ကမ်းလှမ်းလိမ့်မည် မဟုတ်ပေ။
ကျောင်းအုပ်ကြီးသည် သူသံသယဝင်နေသည်ကို သိနေသောကြောင့် ခေါင်းခါကာ ပြောလာခဲ့သည် “ ချင်းယွမ်၊ မယုံမကြည် မဖြစ်နဲ့။ ငါ သူ့ဆရာကို ဒီကို ခေါ်လိုက်မယ် “
သူသည် ဖုန်းထုတ်လိုက်ကာ ဤနေရာသို့ အမြန်လာရန် ချောင်ရုံကို အသိပေးလိုက်သည်။
ချက်ချင်းဆိုသလိုပင် ချောင်ရုံသည် အပြေးအလွှား ရောက်ရှိလာခဲ့သည်။
“ လျူချင်းယွမ်လား? “ လျူချင်းယွမ်ကို မြင်လိုက်ရသောအခါတွင် ချောင်ရုံ အနည်းငယ် အံ့ဩသွားခဲ့သည်။
“ ဆရာချောင် “ လျူချင်းယွမ်မှ ခေါင်းငြိမ့်ပြလာခဲ့သည်၊ သူသည် ကျောင်းအုပ်ကြီး၏ ကျောင်းသားဖြစ်ပြီး၊ ချောင်ရုံ၏ ဂျူနီယာအဖြစ် သတ်မှတ်၍ ရလေသည်။
ကျောင်းအုပ်ကြီးသည် ချောင်ရုံကို တိုက်ရိုက် မေးမြန်းလာခဲ့သည် “ ချောင်ရုံ၊ ရှုကျိုးက ဓားနည်းစနစ်ကို ဘယ်အချိန်တုန်းက စပြီးလေ့ကျင့်ခဲ့တာလဲ? “
“ လွန်ခဲ့တဲ့ နှစ်လလောက်ကပါ “ ချောင်ရုံ အံ့ဩသွားခဲ့သည် “ ကျောင်းအုပ်ကြီး၊ အဲ့တာကို ဘာလို့ မေးရတာလဲဗျ? “
ကျောင်းအုပ်ကြီးသည် အခြေအနေကို ချက်ချင်း ရှင်းပြလိုက်သည်။
“ အဆင့် ၁၀ ဗီဇပြောင်းသားရဲ၊ အကန့်အသတ်မဲ့ အခြေအနေလား? “ ချောင်ရုံ၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားခဲ့သည် “ ရှုကျိုးက အဲ့မှာ ငါးနာရီကျော်ကြာ နေနေခဲ့တာလား? “
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? တကယ်လို့ သူက ဓားနည်းစနစ်ရဲ့ တတိယအဆင့်ကို ရောက်သွားတယ်ဆိုရင်တောင်မှ၊ အကန့်အသတ်မဲ့ အခြေအနေအောက်မှာ အဲ့လောက်ကြီး ကြာကြာမနေနိုင်သင့်ဘူးလေ “
လူတစ်ဦး၏ သက်လုံတွင် အကန့်အသတ်ရှိသကဲ့သို့ စိတ်ဝိညာဥ်ထံတွင်လည်း အကန့်အသတ်ရှိသည်။
ပုံရိပ်ယောင်ကမ္ဘာထဲတွင် ပင်ပန်းနွမ်းနယ်မှုသည် စိတ်ဝိညာဥ်အပေါ်တွင် မူတည်နေလျက်ရှိသည်။
ထိုကဲ့သို့ ပြင်းထန်သော တိုက်ပွဲ အခြေအနေများအောက်တွင်၊ ငါးနာရီကြာ ဆက်တိုက် တိုက်ခိုက်ခြင်းသည် ပထမနှစ်ကျောင်းသားတစ်ဦး လုပ်ဆောင်နိုင်သော အရာမဟုတ်ပေ။
“ ဆောင်ချီ၊ ရှုကျိုးရဲ့ အသက်ဓာတ် လက္ခဏာတွေကို စစ်ဆေးကြည့်လိုက် “ ချောင်ရုံသည် မျက်မှောင်ကြုတ်သွားခဲ့ကာ ချက်ချင်း အော်ပြောလာခဲ့သည်။
သူသည် ရှုကျိုးက ပုံရိပ်ယောင် ကမ္ဘာထဲတွင် မေ့လဲနေမည်ကို စိုးရိမ်သွားခဲ့သည်။
အကယ်၍ လူတစ်ဦးသည် ပုံရိပ်ယောင် ကမ္ဘာထဲတွင် ထပ်ခါတလဲလဲ အသတ်ခံနေရမည်ဆိုပါက၊ ၎င်းသည် စိတ်ဝိညာဥ်ကို ထိခိုက်မှုတစ်ချို့ ဖြစ်သွားစေလိမ့်မည် ဖြစ်သည်။
၎င်းကို ကြားလိုက်ရသောအခါတွင် ဆောင်ချီ၏ အမူအရာသည် ချက်ချင်း တင်းကြပ်သွားပြီး၊ ထိန်းချုပ်မှု မျက်နှာပြင်ကို အမြန် စစ်ဆေးလိုက်သည်။
သူသည် ရှုကျိုး၏ အချက်အလက် စာမျက်နှာကို ဆွဲကြည့်လိုက်ပြီး၊ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလာခဲ့သည် “ သူ မူးလဲမနေဘူး၊ အဲ့ကောင်လေးရဲ့ စိတ်ဝိညာဥ်က တော်တော်လေးကို အခြေအနေ ကောင်းနေတယ် “
“ ဘာ !! “
ချောင်ရုံမှ ရှေ့တက်လာခဲ့ပြီး တအံ့တဩဖြင့် ပြောလာခဲ့သည် “ ငါးနာရီဆက်တိုက် တိုက်ခိုက်ပြီးတာတောင် သူက ဒီလို စိတ်ဝိညာဥ်အားကောင်းတဲ့ အခြေအနေအထိ ထိန်းထားနိုင်သေးတာလား? “
ထိန်းချုပ်မှု မျက်နှာပြင်ပေါ်၌ အတွင်းတွင် အရည်များ အဆက်မပြတ် လှုပ်ရှားနေသည့် တိုင်ကီကဲ့သို့သော ပုံစံခွက်တစ်ခုရှိနေခဲ့သည်။
၎င်းသည် ပုံရိပ်ယောင် အခန်းထဲရှိ ရှုကျိုး၏ စိတ်ဝိညာဥ်ကို ကိုယ်စားပြုသည်။
အကယ်၍ အဆိုပါ ပုံစံခွက်ထဲတွင် အရည်များဖြင့် ပြည့်နှက်နေမည်ဆိုပါက ၎င်းသည် စိတ်ဝိညာဥ် အခြေအနေက ကောင်းစွာ တည်ငြိမ်နေသည်ဟု ညွှန်းဆိုနေခြင်းပင် ဖြစ်သည်။
ယခုလက်ရှိအချိန်တွင် ပုံစံခွက်ထဲရှိ အရည်သည် အနည်းဆုံး ၆၀% ရှိနေခဲ့သည်။
၎င်းသည် ရှုကျိုးက အင်ပြည့်အားပြည့်ဖြင့် အချိန်အတော်ကြာ တိုက်ခိုက်နေနိုင်စဲ ဖြစ်သည်ဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။
၎င်းကို မြင်လိုက်ရသောအခါတွင် ကျောင်းအုပ်ကြီးသာလျှင် မဟုတ်ဘဲ လျူချင်းယွမ်ကပါ အံ့ဩသွားခဲ့သည်။
“ ဒီရှုကျိုးက တကယ်ပဲ ပထမနှစ် ကျောင်းသားတစ်ယောက်လား? “ လျူချင်းယွမ်မှ ရုတ်တရက် မေးမြန်းလာခဲ့သည်။
ချောင်ရုံမှ ခေါင်းငြိမ့်ပြလိုက်သည် “ သူက ငါ့ကျောင်းသားပါ၊ အခုလက်ရှိအချိန်မှာ ငါက ပထမနှစ်တွေကို သင်ပေးနေတာ “
“ပထမနှစ်မှာ ဒီလောက် တာရှည်ခံတဲ့ တိုက်ခိုက်ရေး စွမ်းအား ရှိနေဖို့က …….. “ လျူချင်းယွမ်သည် အံ့ဩမှုကို ထုတ်ဖော်ပြသကာ ဆက်ပြောလာခဲ့သည် “ သူက ပုံရိပ်ယောင်အခန်းကို ငယ်ငယ်လေးကတည်းက အသုံးပြုခဲ့လို့များလား? “
ပေါင်းသင်းဆက်ဆံရေးကောင်းသော (သို့) နောက်ခံတောင့်သော ကလေးတစ်ချို့သည် ငယ်ရွယ်စဥ်အချိန်ကတည်းက သူတို့၏ အဆက်အသွယ်များမှတစ်ဆင့် ပုံရိပ်ယောင် အခန်းကို အသုံးပြုနိုင်ကြလေသည်။
၎င်းသည် သူတို့၏ စိတ်ဝိညာဥ်စွမ်းအားကို အလွန်အားကောင်းသွားစေရန် လေ့ကျင့်ပေးနိုင်လေသည်။
အတွင်းမြို့တော်တွင် ၎င်းသည် သာမန်အခြေအနေများသာလျှင် ဖြစ်သည်။
ပြင်ပခရိုင်တွင်မူ ၎င်းသည် မရှိသလောက်နီးပါး ရှားပါးလွန်းလှသည်။
လျူချင်းယွမ်၏ စကားကို ကြားလိုက်ရသောအခါတွင် ချောင်ရုံမှ ခေါင်းခါပြလိုက်သည် “ ရှုကျိုးရဲ့ မိသားစုက သာမန်ပဲ၊ သူက ပုံရိပ်ယောင်အခန်းကို ကလေးဘဝကတည်းက သုံးဖို့ဆိုတာက လုံးဝ မဖြစ်နိုင်ဘူး “
ဆောင်ချီသည် တစ်စုံတစ်ခုကို ရုတ်တရက် မှတ်မိသွားပြီး အမြန် ဝင်ပြောလာခဲ့သည် “ ရှုကျိုးရဲ့ ဗီဇပြောင်းသားရဲတွေကို ပထမဦးဆုံး စိန်ခေါ်မှုက လွန်ခဲ့တဲ့ ဆယ်ရက်ကပဲ “
“ အဲ့အချိန်တုန်းက သူက အထဲမှာ နာရီဝက်နေနိုင်ခဲ့ပြီး၊ ကန်ထုတ်ခံလိုက်ရတယ် “
၎င်းသည် လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။
ကျောင်းအုပ်ကြီးမှ ရေရွတ်ပြောဆိုလာခဲ့သည် “ လွန်ခဲ့တဲ့ ဆယ်ရက်တုန်းက သူက နာရီဝက်ပဲ နေနိုင်ခဲ့တာလေ၊ အခုတော့ ငါးနာရီကျော်ကျော်တောင် တောင့်ခံနေနိုင်ပြီလား? ရှုကျိုးရဲ့ တိုးတက်မှုက အဲ့လောက်တောင် မြန်တာလား? “
၎င်းသည် ဤဆယ်ရက်အတွင်းတွင် ရှုကျိုး၏ တိုက်ခိုက်ရေး စွမ်းရည်က သိသိသာသာ တိုးတက်လာသည်ဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။
သို့သော် လျူချင်းယွမ်သည် တစ်ခြားသော အချက်တစ်ချက်ကို သတိပြုမိသွားခဲ့သည် “ လွန်ခဲ့တဲ့ ဆယ်ရက်တုန်းက သူက အဆင့် ၁၀သားရဲကိုပဲ စိန်ခေါ်ခဲ့တာလား? “
ဆောင်ချီမှ ခေါင်းငြိမ့်ပြလိုက်သည် “ ဟုတ်တယ်၊ အဲ့အချိန်တုန်းက သူက ဆယ့်ငါးကောင်ကို တစ်ခါတည်းစိန်ခေါ်ခဲ့တာ “
“ သေချာလို့လား? “ ချောင်ရုံမှ အတော်လေး မျက်မှောင်ကြုတ်သွားခဲ့သည် “ လွန်ခဲ့တဲ့ ဆယ်ရက်တုန်းကဆိုရင် ရှုကျိုးရဲ့ ဓားနည်းစနစ်က အဆင့်နှစ်မှာပဲ ရှိနေသေးတာလေ၊ သူက ဘယ်လိုလုပ်ပြီးတော့ အဆင့် ၁၀သားရဲ အများကြီးကို စိန်ခေါ်နိုင်မှာလဲ? “
၎င်းကို ကြားလိုက်ရသောအခါတွင် ဆောင်ချီသည် ရှက်ရွံ့သွားသော အမူအရာဖြင့် ပြောလာခဲ့သည် “ အဲ့တာက …. အဲ့အချိန်တုန်းက ကျွန်တော်က သူ့ကို စိန်ခေါ်မှု နည်းနည်းလေး ပေးလိုက်တာပါ “
ဆောင်ချီသည် ချောင်ရုံ၏ မကျေမနပ်ဖြစ်နေသော မျက်နှာကို မြင်လိုက်ရသောအခါတွင် လျင်မြန်စွာ ထပ်ဖြည့်ပြောလာခဲ့သည် “ နောက်တော့ သူက ဘာဒဏ်ရာမှမရဘဲ စိန်ခေါ်မှုကို အောင်မြင်သွားခဲ့ပါတယ် “
“ သူက အောင်မြင်သွားတာလား? “
လူတိုင်း မှင်သက်သွားကြသည်။
ကျောင်းအုပ်ကြီး၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည် “ မင်းဆိုလိုတာက ရှုကျိုးက ဓားနည်းစနစ် အဆင့်၂မှာ ရှိနေခဲ့အချိန်ကတည်းက အဆင့် ၁၀ ဗီဇပြောင်းသားရဲ ၁၅ကောင်ကို သတ်နိုင်ခဲ့တယ်လို့ ပြောနေတာလား? “
တိုက်ခိုက်ရေး နည်းစနစ်၏ အဆင့်၂တွင် ရှိနေသော ကျောင်းသူ(သို့) ကျောင်းသားတစ်ဦးသည် အဆင့် ၁၀သားရဲတစ်ကောင်ကိုပင် ခက်ခက်ခဲခဲ ရင်ဆိုင်နေရမည် ဖြစ်သည်။
ရှုကျိုးက ၁၅ကောင် သတ်ခဲ့တယ်လို့ ပြောနေတာလား?
ချောင်ရုံကပင် မယုံကြည်ကြောင်း ပြသလာခဲ့သည်။
ရှုကျိုးသည် သူ၏ကျောင်းသားဖြစ်သည်၊ သို့သော် သူကပင် သူ၏တပည့်ဖြစ်သူက ထိုမျှလောက် စွမ်းနေသည်ဆိုသည်ကို မသိခဲ့ချေ။
ဆောင်ချီမှ အမြန် ပြောလာခဲ့သည် “ ကျွန်တော်ပြောတာက အမှန်တွေချည်းပါပဲ “
“ မှန်၊ မမှန်ဆိုတာက ရှုကျိုးထွက်လာရင် သိရမှာပါ “ဟု လျူချင်းယွမ်မှ ရုတ်တရက် ပြောလာခဲ့သည်။
လျှို့ဝှက် ဆန်းကြယ်သော အပြုံးတစ်ခုသည် သူ၏မျက်နှာပေါ်တွင် နေရာယူနေခဲ့သည်။
ဒီဆရာတွေကတောင် ရှုကျိုးရဲ့ တကယ့်လုပ်နိုင်စွမ်းကို မသိကြဘူးပဲ။
၎င်းသည် သူ၏ သိချင်စိတ်ကို မြင့်တက်သွားစေခဲ့သည်။
ကျန်းမိသားစုက သူ့ကို တကယ်ကြီး လျှော့တွက်မိသွားတာလား?
လျူချင်းယွမ်သည် ဖန်သားပြင်ကို မျှော်လင့်တကြီး ကြည့်နေတော့သည်။
“ သူက ဘယ်လောက်ကြာကြာခံနိုင်မလဲဆိုတာကို ငါရုတ်တရက်ကြီးသိချင်သွားပြီ “
ထိုစဥ် ကျောင်းအုပ်ကြီးနှင့် ချောင်ရုံတို့လည်း သတိပြန်ဝင်လာခဲ့သည်။
ရှုကျိုး၏ လက်ရှိအခြေနေများအရ သူသည် နောက်ထပ် ငါးနာရီကြာ ဆက်နေနိုင်မည် ဖြစ်သည်။
ဆယ်နာရီကြာရှည်သော တိုက်ပွဲတစ်ခု …….
၎င်းကား ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။
“ ချင်းယွမ် “ ကျောင်းအုပ်ကြီးမှ ပြောလာခဲ့သည် “ ဘာလို့ ငါ့ရုံးခန်းထဲမှာ အရင် သွားမထိုင်ကြရတာလဲ? “
“ ရပါတယ်ဗျာ “ လျူချင်းယွမ်မှ ပြုံးပြလာခဲ့သည် “ ဒီမှာပဲ စောင့်ပြီးတော့ ရှုကျိုးက ဘယ်အချိန် ထွက်လာမလဲဆိုတာကို ကြည့်ကြတာပေါ့ဗျာ “
၎င်းကို ကြားလိုက်ရသောအခါတွင် ကျောင်းအုပ်ကြီးတို့ အဖွဲ့သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်နေကြတော့သည်။
သို့သော် မည်သူကမှ ဘာမှ ထပ်မပြောလာတော့ပေ။
ထို့ကြောင့် လူတစ်စုသည် ခန်းမထဲတွင်ထိုင်ကာ စတင်၍ စောင့်ဆိုင်းနေကြတော့သည်။
တစ်နာရီ၊ နှစ်နာရီ၊ သုံးနာရီ ……..
အချိန်များ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်ကာ ညအချိန်သည် ဖြည်းညှင်းစွာ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ခြောက်နာရီ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
…
ပုံရိပ်ယောင် ကမ္ဘာထဲ၌
“ ဝုန်းးးးး ”
တောက်ပသော ဓားအလင်းတန်းတစ်ခုသည် လေထုကို ဖြတ်ကျော်သွားကာ ဗီဇပြောင်း ဝက်ဝံရိုင်းတစ်ကောင်ကို တိုက်ရိုက် ခုတ်ပိုင်းသွားခဲ့သည်။
လေဆာနှင့် ပစ်လိုက်သကဲ့သို့ ဝက်ဝံရိုင်း၏ ခေါင်းကို တိုက်ရိုက် ဖြတ်သွားခဲ့သည်။
ဝက်ဝံ၏ဦးခေါင်းသည် ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသေးစဲဖြစ်သော်လည်း၊ နောက်ထပ် နှစ်စက္ကန့်မျှအကြာတွင် ၎င်းသည် မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ လိမ့်ဆင်းသွားတော့သည်။ လည်ပင်းရှိ ပြတ်ရာမှာလည်း ချောမွေ့သေသပ်နေခဲ့သည်။
“ ရွှစ် !! “
ရှုကျိုးသည် သူ၏ဓားကို မြေပြင်ပေါ်သို့ စိုက်ထိုးလိုက်ပြီး၊ သူ့ခြေထောက်ပေါ်ရှိ ကြီးမားသော ဝက်ဝံခေါင်းကြီးကို ကြည့်နေတော့သည်၊ သူ၏မျက်လုံးများထဲတွင်မူ ပင်ပန်းနွမ်းနယ်မှု အရိပ်အငွေ့များ ဖြတ်သန်းနေခဲ့သည်။
သူသည် ဆယ့်တစ်နာရီမျှ ဆက်တိုက် တိုက်ခိုက်နေခဲ့သည်။
ဤဆယ့်တစ်နာရီအတွင်းတွင် သူသည် မစားမသောက်ဘဲ၊ အသက်ပင် ဖြောင့်ဖြောင့် မရှူနိုင်ဘဲ ဆက်တိုက် တိုက်ခိုက်နေခဲ့ရသည်။
“ လုံလောက်သင့်ပြီ “ ရှုကျိုးကား တစ်ကိုယ်တည်း တွေးတောဆင်ခြင်နေတော့သည် “ တစ်နေ့လုံး သတ်ဖြတ်ပြီးတဲ့နောက်မှာ၊ ငါက ဓားသိုင်းရဲ့ တတိယအဆင့်ကို ပိုပြီးတော့ ကျွမ်းလာပြီ “
“ လင်းယွမ်ခြေလှမ်းကလည်း ဒုတိယအဆင့်ကို ရောက်တော့မယ် “
“ အခုဆိုရင် ငါက နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲကို ဝင်ဖို့ အပြည့်အဝ ပြင်ဆင်နိုင်ခဲ့ပြီ “
သူသည် အရှေ့ဘက်မှ ဝင်လာသည့် သားရဲလှိုင်းကို ကြည့်ကာ တီးတိုးပြောဆိုလိုက်သည်။
“တိုက်ပွဲကို အဆုံးသတ်ပါ “
စက္ကန့်ပိုင်းမျှအကြာတွင် အဆုံးမရှိသော သားရဲလှိုင်းကြီးတစ်ခုလုံး ရပ်တန့်သွားပြီး၊ ၎င်းတို့အားလုံးသည် လေနှင့်အတူ လွင့်ပါးပျောက်ကွယ်သွားခဲ့သည်။
၎င်းသည် အကန့်အသတ်မဲ့ အခြေအနေ၏ အားသာချက်ဖြစ်ပြီး၊ တိုက်ပွဲ အဆုံးသတ်မည့် အချိန်ကို လွတ်လွတ်လပ်လပ် ရွေးချယ်နိုင်လေသည်။
သို့သော် ထိုကဲ့သို့ ဆုံးဖြတ်လိုက်သည်နှင့်တစ်ပြိုင်နက် ပုံရိပ်ယောင်ကမ္ဘာထဲမှ ထွက်သွားရမည် ဖြစ်သည်။
ရှုကျိုးကား တိတ်တဆိတ် စောင့်ဆိုင်းနေတော့သည်။
ထို့နောက်၌ သူ၏နားများထဲတွင် ခမ်းနားသော အသံတစ်သံ ပေါ်လာခဲ့သည်။
“ လင်းဂျန် ပထမအထက်တန်းကျောင်း၊ ရှုကျိုး နိုင်ငံတော် အထက်တန်းကျောင်းအဆင့်သို့ ရောက်ရှိလာခဲ့သည် “
“ မှတ်တမ်း : တိုက်ပွဲတစ်ပွဲ၊ အဆင့် ၁၀ ဗီဇပြောင်းသားရဲ ၃၄၅ကောင် ဆက်တိုက် သတ်ဖြတ် “
“ လက်ရှိ အဆင့် : နိုင်ငံတော် အထက်တန်းကျောင်းအဆင့် ၂၁ “