အခန်း (၄၀-၄၂)
Vol. 3 Ch. 40-42
အပိုင်း ( 40 )
Aအဆင့် ထောက်ပံ့မှု
ရှုကျိုးကား ခေါင်းဆောင်းကို ချွတ်လိုက်သည်၊ သူ၏မျက်နှာပေါ်တွင် သံသယအရိပ်အငွေ့လေးများ ရှိနေခဲ့သည်။
“ နိုင်ငံတော် အထက်တန်းကျောင်း အဆင့်လား? ၂၁လား? “ ရှုကျိုးသည် ထိုစာရင်းကို တစ်ကြိမ်တစ်ခါမှ မကြားခဲ့ဖူးချေ။
ဒါပင်မဲ့ အဲ့တာကို ပုံရိပ်ယောင်ကမ္ဘာက ကြေညာလာခဲ့တာဆိုတော့၊ ပြဿနာ မရှိသင့်ဘူး။
ပုံရိပ်ယောင် ကမ္ဘာသည် ကျန်းမိသားစုက တီထွင်ထားသော နိုင်ငံတစ်ဝှမ်း ဖြန့်ကျက်ထားခဲ့သည့် စိတ်ဝိညာဥ် နယ်မြေတစ်ခုဖြစ်ပြီး၊ နိုင်ငံတော်ကပင် ယုံကြည်စိတ်ချရသည်ဟု တရားဝင် ထောက်ခံပေးထားခဲ့သည်။
“ အပြင် အရင်ထွက်လိုက်တာပေါ့ကွာ “ ရှုကျိုးသည် ဆယ့်တစ်နာရီ ဆက်တိုက်တိုက်ခိုက်ခဲ့ရပြီးပြီဖြစ်သောကြောင့် အလွန်ဗိုက်ဆာနေခဲ့ပြီ ဖြစ်သည်။
“ ကျွီ “ ပုံရိပ်ယောင် အခန်းတံခါး ပွင့်သွားပြီး၊ ရှုကျိုးသည် အပြင်ဘက်သို့ ခြေချလိုက်သည်။
“ ဆရာလား? “ သူ အပြင်ဘက်သို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် မလှမ်းမကမ်းတွင် ထိုင်နေသည့် ချောင်ရုံနှင့် ကျောင်းအုပ်ကြီးတို့ကို မြင်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ထိုလူသုံးဦးသည် သူထွက်လာသည်ကို မြင်တွေ့သွားကြပြီး ချက်ချင်း မတ်တပ်ထရပ်ကာ သူ့ဆီသို့ လျှောက်လှမ်းလာကြသည်။
“ ရှုကျိုး၊ နောက်ဆုံးတော့ မင်းထွက်လာပြီပေါ့ “ ကျောင်းအုပ်ကြီးမှ တအံ့တဩ ပြောဆိုလာခဲ့သည် “ မင်းက ငါတို့ကို တကယ်ကြီး စောင့်ခိုင်းခဲ့တာပဲ “
ရှုကျိုးမှ တောင်းပန်လိုက်သည် “ တောင်းပန်ပါတယ်၊ ဆရာတို့ အပြင်မှာ ရှိနေတာကို ကျွန်တော် မသိလိုက်ဘူး ”
ပြောနေရင်းဖြင့် သူသည် ကျောင်းအုပ်ကြီး ဘေးနားရှိ အနက်ဝတ် သက်လတ်ပိုင်းလူတစ်ဦးကို ကြည့်လိုက်သည်။
ကျောင်းအုပ်ကြီးနဲ့ ဆရာတို့ ငါ့ကိုလာရှာတာက အဲ့လူကြောင့်များလား?
မကြာခင်မှာပင် ကျောင်းအုပ်ကြီးမှ မိတ်ဆက်ပေးလာခဲ့သည် “ ဒါက ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်က ပညာရှင် လျူချင်းယွမ်ပဲ၊ သူက ငါတို့ကျောင်းသားဟောင်း တစ်ယောက်လေ “
“ သူက တောင်ပိုင်းပြည်နယ် ရှားမိသားစုရဲ့ အကြီးတန်း အဖွဲ့ဝင်တစ်ယောက်လေ “
ရှုကျိုးသည် အနည်းငယ် အံ့ဩသွားခဲ့သည်၊ ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်လား?
အဲ့တာက နိုင်ငံတော်မှာ ရှိတဲ့ ထိပ်တန်း တက္ကသိုလ်နှစ်ခုထဲက တစ်ခုလေ။
တောင်ပိုင်းပြည်နယ် ရှားမိသားစုလား?
အတွင်းမြို့တော်က မိသားစုလား?
ငါ့အတွက် ရောက်လာတာများလား?
ကျောင်းအုပ်ကြီးသည် ရှုကျိုးကို ပြုံးပြလာပြီး၊ ဆက်ပြောလာခဲ့သည် “ ပညာရှင်လျူနဲ့ ငါတို့က ဒီနေရာမှာ ၆နာရီကျော်လောက် စောင့်လိုက်ရတယ် “
ရှုကျိုးသည် အံ့အားသင့်သွားသော အမူအရာကို ချပြလာခဲ့သည်။
ကျောင်းအုပ်ကြီးနဲ့ ဆရာတင် မဟုတ်ဘဲ သူကပါ အကြာကြီး စောင့်နေခဲ့တာလား?
“ ပညာရှင်လျူ၊ စောင့်ခိုင်းခဲ့ရတဲ့အတွက် တောင်းပန်ပါတယ် “ ရှုကျိုးမှ ယဥ်ယဥ်ကျေးကျေး နှုတ်ဆက်လိုက်သည်။
ထိုအခိုက်အတန့်တွင် လျူချင်းယွမ်သည် ရှုကျိုးကို အကဲခတ်နေခဲ့သည်။
တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် သူသည် ခေါင်းအသာငြိမ့်ကာ အပြုံးဖြင့် ပြောလာခဲ့သည် “ မဆိုးပါဘူး၊ မင်းရဲ့ စိတ်ဝိညာဥ်က တော်တော်ကောင်းတယ်၊ အတွင်းမြို့တော်ထဲက ငါမြင်ခဲ့ဖူးတဲ့ ပါရမီရှင်တွေနဲ့တောင် ယှဥ်လို့ရတယ် “
“ ပညာရှင်လျူက ချီးကျူးလွန်းနေပါပြီ “ ရှုကျိုးမှ နှိမ့်ချစွာ ပြန်ဖြေလိုက်သည်။
လျူချင်းယွမ်သည် ပြုံး၍ ပြောလာခဲ့သည် “ အဲ့တာက ချဲ့ကားနေတာ မဟုတ်ဘူး၊ မင်းက အကန့်အသတ်မဲ့ အခြေအနေအောက်မှာ ဆယ့်တစ်နာရီကြာ တောင့်ခံခဲ့ပြီးတော့ ငါ့ကို အံ့အားသင့်သွားစေခဲ့တယ် “
၎င်းကို စကားစပ်မိသွားသောအခါတွင် သူသည် ပို၍ သိချင်သွားခဲ့သည် “ မင်းက ဗီဇပြောင်းသားရဲ ဘယ်လောက်သတ်ခဲ့လဲဆိုတာကို ခန့်မှန်းခြေနဲ့ပဲ ဖြစ်ဖြစ် ပြောပြလို့ရမလား? “
“သုံးရာလေးဆယ့်ငါးပါ “ ရှုကျိုးသည် ဖုံးကွယ်မနေဘဲ တိုက်ရိုက်ပြောပြလိုက်သည်။
“ ကျွန်တော် ထွက်လာခဲ့တဲ့အချိန်တုန်းက၊ ကျွန်တော်က ဗီဇပြောင်းသားရဲ ၃၄၅ကောင်ကို ဆက်တိုက်သတ်ခဲ့လို့ နိုင်ငံတော် အထက်တန်းကျောင်း အဆင့်ထဲ ဝင်သွားပြီလို့ ပုံရိပ်ယောင် ကမ္ဘာက ပြောလာခဲ့တဲ့ အသိပေးချက်တစ်ခုကို ရခဲ့တယ် “ ဟု ထပ်ဖြည့်ပြောလိုက်သည်။
တစ်ခန်းလုံး တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။
ကျောင်းအုပ်ကြီးနှင့် ချောင်ရုံတို့၏ မျက်နှာများပေါ်တွင် အံ့ဩတုန်လှုပ်နေသော အမူအရာများ ရှိနေခဲ့သည်။
“ ဗီဇပြောင်းသားရဲ ၃၄၅ကောင်ကို ဆက်တိုက်သတ်ခဲ့တာလား? “
သူတို့သည် အကြည့်များ ဖလှယ်လိုက်ကြပြီး၊ တစ်ဦး၏ အံ့ဩတုန်လှုပ်မှုကို တစ်ဦးက မျှဝေခံစားနေတော့သည်။
၎င်းသည် ရှုကျိုးမှ ပျမ်းမျှအားဖြင့် နှစ်မိနစ်တိုင်းတွင် အဆင့် ၁၀ ဗီဇပြောင်း သားရဲတစ်ကောင်ကို သတ်ခဲ့သည်ဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။
ထိုကဲ့သို့သော သတ်ဖြတ်ခြင်း နည်းလမ်းသည် ဟင်းသီးဟင်းရွက်များကို လှီးဖြတ်နေသကဲ့သို့ လွယ်ကူလွန်းနေခဲ့သည်။
လျူချင်းယွမ်၏ မျက်လုံးများ တောက်ပသွားခဲ့ကာ ဆက်၍ မေးမြန်းလာခဲ့သည် “ မင်းအဆင့်ကဘာလဲ? “
“ ၂၁ပါ “
လျူချင်းယွမ်သည် ခေါင်းငြိမ့်ပြလာခဲ့ပြီး၊ လေးစားသဘောကျမှု တစ်စွန်းတစ်စကို ချပြလာခဲ့သည် “ အထင်ကြီးဖို့ကောင်းတာပဲ “
“အဲ့တာ ယုံကြည်စိတ်ချရမှု မြင့်မားတဲ့ တရားဝင် အသိအမှတ်ပြု နိုင်ငံတော် အထက်တန်းကျောင်းအဆင့်ပဲ။ အဲ့စာရင်းထဲက လူအများစုက အတွင်းမြို့တော်က ဂုဏ်ထူးဆောင်တွေချည်းပဲ “
“ ပြီးတော့ မင်းကတော့ တစ်ဦးတည်းသော ပထမနှစ် အထက်တန်းကျောင်းသားပဲ၊ အဲ့ထဲကို ရောက်နေတာကိုကပဲ တကယ် ထူးချွန်နေပြီ “
အဆိုပါ စာရင်းက အာဏာပိုင်တို့၏ တရားဝင် ထောက်ခံမှုရှိသည်ဆိုသည်ကို အတည်ပြုလိုက်ရပြီးသည့်နောက်တွင် ရှုကျိုးသည် အနည်ငယ် ရင်ခုန်စိတ်လှုပ်ရှားသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် သူသည် အဆင့် ၁၀ဗီဇပြောင်း သားရဲ ၃၄၅ကောင်ကို သတ်ခဲ့ပြီးသည့်နောက်မှာပင် အဆင့် ၂၁သာလျှင် ရသောကြောင့် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
အမြင့်ပိုင်းက လူတွေရဲ့ တိုက်ပွဲမှတ်တမ်းတွေက ဘယ်လောက်တောင် အံ့ဩဖို့ကောင်းနေလိုက်မလဲ?
တကယ်တမ်းတွင် သူမှ ဆယ့်တစ်နာရီတာကြာရှည်သည့် တိုက်ပွဲတစ်ခုကို ဆင်နွှဲနိုင်ခဲ့ပြီး၊ ဗီဇပြောင်းသားရဲ အမြောက်အများကို သတ်နိုင်ခဲ့ခြင်းမှာ သူ၏ အံ့ဩဖွယ်ကောင်းသော စိတ်ဝိညာဥ်စွမ်းအင်ကြောင့် ဖြစ်သည်။
ထူးခြားသော စွမ်းရည်ရှိသည့် လူများကပင် သူ၏ စိတ်ဝိညာဥ်ကဲ့သို့ မြင့်မားအားကောင်းနေလိမ့်မည် မဟုတ်ပေ။
၎င်းမှာ သာလွန်သော နည်းစနစ် အမြောက်အများ ရှိနေသည့် လူများကသာလျှင် သူ၏အထက်တွင် ရှိနေနိုင်မည်ဟု ဆိုလိုနေခြင်းဖြစ်သည်။
၎င်းကို တွေးမိသွားသောအခါတွင် ရှုကျိုးသည် မအောင့်ထားနိုင်တော့ဘဲ မေးမြန်းလိုက်သည် “ ပညာရှင်လျူ၊ ပထမနေရာက လူရဲ့ တိုက်ပွဲမှတ်တမ်းကို သိလားဗျ? “
“ မင်းက လူရွေးမှန်သွားပြီပဲ “ လျူချင်းယွမ်သည် ပြုံး၍ ပြောပြလာခဲ့သည် “ ပထမနေရာကလူက တောင်ပိုင်းပြည်နယ် ရှားမိသားစုက အဆင့် ၁၀ ဗီဇပြောင်းသားရဲ အကောင် ၆၀၀သတ်ထားတဲ့ ရှားယုဝမ်ပဲ “
“ ၆၀၀လား? “
ရှုကျိုး၏ အသက်ရှူသံများ ရပ်တန့်သွားခဲ့သည်၊ အဲ့ဒီမှတ်တမ်းက တကယ်ကို ကြောက်ဖို့ကောင်းတာပဲ။
“ အခုတော့ အဲ့ကိစ္စကို မပြောဘဲ နေကြရအောင် “
လျူချင်းယွမ်မှ ပြုံး၍ ပြောလာခဲ့သည် “ အဓိက ကိစ္စကို ဆွေးနွေးကြတာပေါ့၊ ငါက တောင်ပိုင်းပြည်နယ် ရှားမိသားစုကို ကိုယ်စားပြုတယ်၊ ရည်ရွယ်ချက်ကတော့ မင်းတို့တွေ ခန့်မှန်းနိုင်ပြီးသား ဖြစ်မှာပါ “
ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။
မကြာသေးမှီက အချိန်များအတွင်းတွင် သူသည် သူ့အား မိသားစုထဲသို့ ဝင်ရန် လာရောက်ဖိတ်ခေါ်ကြသည့် အတွင်းမြို့တော်မှ လူအများအပြားကို တွေ့ခဲ့ဖူးပြီး၊ သူတို့သည် သူ့အား အမြင့်ဆုံးအနေဖြင့် dအဆင့် ထောက်ပံ့မှုဖြင့်သာ ကမ်းလှမ်းခဲ့ကြသည်။
သူသည် ထိုကဲ့သို့သော ကိစ္စများက သူ၏ကျင့်ကြံရေးအတွက် အတားအဆီးဖြစ်စေသည်ကို ရှာတွေ့သွားခဲ့သည်။
သို့သော် လျူချင်းယွမ်သည် ကျောင်း၏ ကျောင်းသားဟောင်းတစ်ယောက် ဖြစ်နေခဲ့သည်၊ ထို့ကြောင့် သူသည် စိတ်ရှည်ရှည်ဖြင့် သည်းခံနေခဲ့ရသည်။
“ ငါက တောင်ပိုင်းပြည်နယ် ရှားမိသားစုကို ကိုယ်စားပြုတယ်၊ မင်းကို ရှားမိသားစုရဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်လာဖို့ ဖိတ်ခေါ်ပါတယ် “ လျူချင်းယွမ်သည် ဖြည်းဖြည်းချင်း ပြောလာခဲ့သည် “ မင်းသာ သဘောတူမယ်ဆိုရင် ရှားမိသားစုရဲ့ Aအဆင့် ထောက်ပံ့မှုကို အခု ခံစားရလိမ့်မယ် “
“ ဒါပေါ့ တကယ်လို့ မင်းရဲ့ အနာဂတ် စွမ်းဆောင်မှုတွေက ပိုပြီးတော့ ထူးချွန်နေမယ်ဆိုရင်၊ မင်းက Sအဆင့် အဖွဲ့ဝင်အဖြစ် အဆင့်တက်ဖို့ အခွင့်အရေး ရလာနိုင်တယ် “
ရှုကျိုးသည် အနည်းငယ် အံ့ဩသွားခဲ့သည်။
Aအဆင့် အဖွဲ့ဝင်လား?
ပြီးတော့ Sအဆင့်ကို အဆင့်မြှင့်ဖို့ အခွင့်အရေး ရှိသေးတာလား?
သူသည် လျူချင်းယွမ်ကို ကြည့်လိုက်ပြီး၊ မယုံကြည်နိုင် ဖြစ်သွားခဲ့သည်။
ယခင်က အတွင်းမြို့တော်မှ တစ်ခြားသော မိသားစုများသည် dအဆင့် ထောက်ပံ့မှုကိုသာ အမြင့်ဆုံးအနေဖြင့် ကမ်းလှမ်းခဲ့ကြသည်။
ပညာရှင် လျူချင်းယွမ်က ငါ့ကို ခေါ်ဖို့အတွက် Aအဆင့်ထောက်ပံ့မှုနဲ့ ကမ်းလှမ်းနေတာလား?
Aအဆင့်သည် Dအဆင့်ထပ် အဆင့်သုံးဆင့် မြင့်မားလေသည်။
ရှုကျိုးသာလျှင် မဟုတ်ဘဲ၊ ဘေးနားရှိ ကျောင်းအုပ်ကြီးနှင့် ချောင်ရုံတို့ပါ ကြက်သေသေသွားကြသည်။
သူတို့သည် လျူချင်းယွမ်က ထိုကဲ့သို့ မြင့်မားသည့် ထောက်ပံ့မှုဖြင့် ကမ်းလှမ်းလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
“ ချင်းယွမ် “ ကျောင်းအုပ်ကြီးမှ မနေနိုင်တော့ဘဲ မေးမြန်းလိုက်သည် “ မင်းက ရှားမိသားစုကို ကိုယ်စားပြုပြီးတော့ Aအဆင့် အဖွဲ့ဝင်ကို တိုက်ရိုက် လက်ခံနိုင်တာလား? “
Aအဆင့် အဖွဲ့ဝင်များသည် ကြီးပျင်းသွားသည့် အချိန်တွင် အဆင့်မြင့် အဖွဲ့ဝင်များ ဖြစ်သွားကြမည် ဖြစ်သည်။
အဓိကအဆင့်သို့ ရောက်ရန်ပင် အခွင့်အရေး တစ်ခု ရှိနေခဲ့သေးသည်။
ထိုကဲ့သို့ ပြုလုပ်နိုင်ရန်အတွက် အလွန်မြင့်မားသော အခွင့်အာဏာကို လိုအပ်နေမည် ဖြစ်သည်။
လျူချင်းယွမ်မှ ခေါင်းငြိမ့်ပြလာခဲ့သည် “ မကြာသေးခင်ကမှ ကျွန်တော်က ရှားမိသားစုအတွက် အကျိုးအမြတ်တစ်ချို့ ရအောင် လုပ်ပေးနိုင်ခဲ့တယ်၊ အဲ့တာကြောင့် အခွင့်အရေးတစ်ချို့ ရထားတယ် “
သူသည် တိုတိုတုတ်တုတ်ပြောကာ ရပ်တန့်လိုက်သည်၊ ထို့နောက်တွင် ရှုကျိုးကို လှည့်ကြည့်လာခဲ့သည် “ ရှုကျိုး၊ ငါ့ဆီမှာ Aအဆင့် နေရာ အများကြီး မရှိဘူး၊ ဒါပင်မဲ့ မင်းရဲ့ အခုလက်ရှိ စွမ်းဆောင်ရည်က ရှားမိသားစုရဲ့ Aအဆင့် အဖွဲ့ဝင် ဖြစ်လာဖို့ လုံလောက်တယ်လို့ ငါယုံကြည်တယ် “
ရှုကျိုးသည် အနည်းငယ် အံ့ဩသွားခဲ့သည် “ ပညာရှင်လျူက ကျွန်တော့်ကို အမြင့်ကြီး တွေးနေတာလား? “
“ ကိုယ့်ကိုကိုယ် နှိမ့်ချမနေနဲ့ “
လျူချင်းယွမ်သည် ဖြည်းညှင်းစွာ ပြောလာခဲ့သည် “ မင်းရဲ့ အထက်တန်းကျောင်း ပထမနှစ်မှာပဲ ဓားနည်းစနစ်ရဲ့ တတိယအဆင့်ကို ရောက်နေတာက မင်းရဲ့ တိုက်ခိုက်ရေးစွမ်းရည်က သာမန်ထပ် တော်တော်ကြီး ပိုကောင်းနေတယ်ဆိုတာကို ပြနေတယ် “
“ ဒါပင်မဲ့ အဲ့တာတွေက ငါက မင်းကို အထင်ကြီးသွားစေခဲ့တဲ့ ဟာတွေ မဟုတ်ဘူး “
“ အထက်တန်းကျောင်း ပထမနှစ်မှာ တိုက်ခိုက်ရေး စွမ်းရည် တတိယအဆင့်ကို ရောက်သွားတာက ရှားတယ်၊ ဒါပင်မဲ့ အဲ့တာက အတွင်းမြို့တော်မှာ မရှိဖူးတဲ့ အရာ မဟုတ်ဘူး “
သူသည် လေးနက်စွာ ပြောလာခဲ့သည် “ မင်းရဲ့ တကယ့်အလားအလာတွေက မင်းရဲ့ အားကောင်းလွန်းတဲ့ စိတ်ဝိညာဥ်စွမ်းအင် သိပ်သည်းမှု အပေါ်မှာ မူတည်နေတယ် “
စိတ်ဝိညာဥ်စွမ်းအင် သိပ်သည်းမှုလား?
ရှုကျိုးသည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
လျူချင်းယွမ်မှ ဆက်ပြောလာခဲ့သည် “ ပြင်းထန်တဲ့ တိုက်ပွဲတစ်ခုကို ဆယ့်တစ်နာရီကြာ ထိန်းထားနိုင်ခဲ့တာက တကယ်ကို တုန်လှုပ်ဖို့ကောင်းတဲ့ ပမာဏပဲ “
“ သာမန်လူတွေက အများဆုံးအနေနဲ့ တစ်နာရီလောက်ပဲ တိုက်ခိုက်နိုင်ကြတယ် “
“ အတွင်းမြို့တော်က ပါရမီရှင်တွေတောင်မှ သူတို့ရဲ့ အထက်တန်းကျောင်း ကာလအတွင်းမှာ အများဆုံး သုံးနာရီကနေ လေးနာရီလောက်ထိပဲ တောင့်ခံနိုင်ခဲ့ကြတယ် “
“ အဲ့တာက မင်းရဲ့ စိတ်စွမ်းအင် သိပ်သည်းမှုက သာမန်လူတစ်ယောက်ထပ် ဆယ်ဆလောက် သာနေတယ်ဆိုတာကို ပြနေတယ် “
ရှုကျိုးသည် အသာအယာ ခေါင်းငြိမ့်ပြလိုက်ပြီး၊ စိတ်ထဲတွင် တိတ်တဆိတ် အံ့ဩသွားခဲ့သည်။
ယခုတွင် သူ၏ စိတ်ဝိညာဥ်စွမ်းအင်သည် 10Hzအထိ ရောက်နေခဲ့ပြီ ဖြစ်သည်။
အကယ်၍ သာမန်လူတစ်ဦးထံတွင် စိတ်စွမ်းအင် 1Hzသာ ရှိနေမည်ပါက သူသည် တကယ်ပင် ဆယ်ဆသာလွန်နေခြင်း ဖြစ်နေလိမ့်မည် ဖြစ်သည်။
လျူချင်းယွမ်၏ တွက်ချက်မှုသည် တကယ်ပင် တိကျနေခဲ့သည်။
“ ဒါပင်မဲ့ စိတ်စွမ်းအင် သိပ်သည်းမှုရဲ့ အကျိုးကျေးဇူးတွေက တိုက်ပွဲကို ထိန်းထားနိုင်ရုံထပ် အများကြီး ပိုတယ် “
လျူချင်းယွမ်သည် အလေးအနက်ထား၍ ပြောပြနေခဲ့သည် “ နောင်အနာဂတ်မှာ မင်းက တတိယအဆင့် သိုင်းပညာရှင် ဒါမှမဟုတ် စတုတ္ထအဆင့်၊ ပဥ္စမအဆင့်တွေကို ထိုးဖောက်မဲ့ အချိန်ကျရင် စိတ်ဝိညာဥ်စွမ်းအားက အများကြီး အသုံးတည့်လာလိမ့်မယ် “
“ လူတော်တော်များက စိတ်ဝိညာဥ်စွမ်းအင်ကို မှီခိုပြီးတော့ အဆင့်မတက်နိုင်ကြပင်မဲ့၊ မင်းအတွက်ကတော့ အဲ့တာက လွယ်ကူရိုးရှင်းတဲ့ ကိစ္စတစ်ခု ဖြစ်နေလိမ့်မယ် “
ရှုကျိုးသည် ခေါင်းငြိမ့်ပြလိုက်သော်လည်း စိတ်ခံစားချက်များ လှုပ်ရွမနေခဲ့ပေ။
တတိယအဆင့်၊ စတုတ္ထအဆင့်၊ ပဥ္စအဆင့်တွေလား?
အဲ့တာတွေက ငါ့အတွက် အတော်ကြီး ဝေးနေပါသေးတယ်။
လျူချင်းယွမ်၏ စကားလုံးများသည် သူ၏စိတ်ထဲတွင် ထိုကဲ့သို့သော အချိန်မျိုးက ဖြစ်ရပ်များကို အနည်းငယ် မျှော်လင့်မိသွားစေခဲ့သည်။
တကယ်လို့ ငါကသာ စတုတ္ထအဆင့်နဲ့ ပဥ္စအဆင့်ကို ရောက်သွားမယ်ဆိုရင် ကျောင်းကျိုးတစ်ခုလုံးမှာ မောက်မောက်မာမာနဲ့ လမ်းပတ်လျှောက်လို့ ရနေပြီ မဟုတ်ဘူးလား?
“ ရှုကျိုး၊ အများကြီးတော့ ပြောပြီးသွားပြီ “ လျူချင်းယွမ်သည် ရှုကျိုးကို ကြည့်ကာ ပြုံး၍ မေးလာခဲ့သည် “ မင်း စဥ်းစားပြီးပြီလား? “
“ ရှားမိသားစုရဲ့ Aအဆင့် အဖွဲ့ဝင်ဖြစ်လာဖို့ ဆန္ဒရှိလား? “
……………………………………………………………………………………………….
အပိုင်း ( 41 )
ကျန်းမိသားစု တုန်လှုပ်မှု၊ ပြိုင်ဘက်ကင်း ပါရမီရှင်လား?
လျူချင်းယွမ်၏ စကားများကို ကြားလိုက်ရပြီးသည့်နောက်တွင် ရှုကျိုးသည် အနည်းငယ် အတွေးနက်သွားတော့သည်။
အရိုးသားဆုံး ပြောရမည်ဆိုပါက သူသည် အတွင်းမြို့တော်၏ မိသားစုထဲသို့ ဝင်ရန် အစီအစဥ် မရှိပေ။
၎င်းသည် ကျောင်းရှိ အဆိုပါ အတွင်းမြို့တော်မှ ကျောင်းသူကျောင်းသားများ၏ အပြုအမူများကြောင့်သာလျှင် မဟုတ်ပေ။
ဤရက်များအတွင်းတွင် သူကြုံတွေ့ခဲ့ရသည့် အတွင်းမြို့တော်မှ မိသားစုများထံတွင် အလွန်သာမန်ဆန်သော သဘောထားများသာ ရှိနေခဲ့သည်။
သူတို့သည် တစ်ခြားလူများကို အထင်မသေးကြဘူးဆိုလျှင်တောင်မှ သူတို့၏မွေးရာပါ မောက်မာမှုများကို သယ်ဆောင်ထားခဲ့ကြသည်။
ကျောင်းသို့ ရောက်လာခဲ့သည့် အချိန်တွင် သူတို့သည် ကျောင်းအုပ်ကြီး၏ ရုံးခန်းထဲတွင် ချက်ချင်း ဝင်ထိုင်ကာ သူ့အား စောင့်ဆိုင်းနေတတ်ကြသည်။
သို့ရာတွင် ပညာရှင် လျူချင်းယွမ်ကမူ ဤကဲ့သို့ ကမ်းလှမ်းရန်အတွက် သူ့အား ခြောက်နာရီကျော်မျှ စောင့်ဆိုင်းနေခဲ့လေသည်။
ထို့အပြင် သူသည် Aအဆင့် ထောက်ပံ့မှုဖြင့်ပင် ကမ်းလှမ်းလာခဲ့ပြီး၊ သူ၏သဘောထားမှာလည်း အလွန်ကောင်းမွန်နေခဲ့သည်။
ရှုကျိုးသည် ငြင်းပယ်ချင်နေသော်လည်း မည်ကဲ့သို့ လုပ်ရမလဲဆိုသည်ကို ကြံရာမရ ဖြစ်သွားခဲ့သည်။
ထိုအချိန်တွင် ချောင်ရုံမှ ရုတ်တရက် မေးမြန်းလာခဲ့သည် “ ပညာရှင်လျူ၊ မင်းတို့ရှားမိသားစုရဲ့ Aအဆင့် ထောက်ပံ့မှုက ဘာတွေပါလဲ? “
အတွင်းမြို့တော်ရှိ မိသားစုများသည် ထောက်ပံ့မှုများကို Sအဆင့်မှ Eအဆင့်အထိ အမျိုးအစား ခွဲခြားထားခဲ့သော်လည်း၊ မိသားစု တစ်ခုချင်းစီတိုင်းတွင် ကိုယ်ပိုင်စံနှုန်းများ ရှိတတ်ကြလေသည်။
လျူချင်းယွမ်သည် မည်သည့်အရာကိုမှ မဖုံးကွယ်ထားဘဲ တည်တည်ငြိမ်ငြိမ် ပြောပြလာခဲ့သည် “ Aအဆင့် ထောက်ပံ့မှုမှာ နှစ်စဥ် ငွေသား တစ်သန်း၊ ကျင့်ကြံရေး အရင်းအမြစ် ၁.၅သန်း ပါတယ်၊ ပြီးတော့ မင်းက ပထမအဆင့် သိုင်းပညာရှင်တစ်ယောက် ဖြစ်လာနဲ့ ရှားမိသားစုရဲ့ အဖိုးတန် တိုက်ခိုက်ရေး နည်းစနစ်တွေကို လွတ်လွတ်လပ်လပ် လေ့လာလို့ရတယ်၊ သိုင်းပညာပဲဖြစ်ဖြစ်၊ လမ်းညွှန်ချက်တွေပဲ ဖြစ်ဖြစ်ပေါ့ “
“ ဒါပေါ့ ဒါက မင်း အခုလက်ရှိ ခံစားရမဲ့ ထောက်ပံ့မှုတွေပဲ “
လျူချင်းယွမ်သည် ရှုကျိုးကို အပြုံးဖြင့် ကြည့်ကာ ပြောလာခဲ့သည် “ ရှားမိသားစုရဲ့ Aအဆင့် အဖွဲ့ဝင် ဖြစ်တာရဲ့ အကြီးဆုံး အားသာချက်ကတော့ မင်းရဲ့ စွမ်းအားတိုးလာနဲ့ မင်းရဲ့ ခံစားခွင့်တွေကလည်း လိုက်ပြီးတော့ တိုးလာလိမ့်မယ် “
“ မင်းက ပထမအဆင့် သိုင်းပညာရှင် ဒါမှမဟုတ် ဒုတိယအဆင့် သိုင်းပညာရှင် ဖြစ်လာတဲ့ အချိန်ကျရင်၊ ထောက်ပံ့မှုက သိသိသာသာ တိုးလာလိမ့်မယ် “
“ ဥပမာအနေနဲ့ဆိုရင် ပထမအဆင့် သိုင်းပညာရှင်က တစ်နှစ်ကို ငွေသုံးသန်းရတယ်။ ဒုတိယအဆင့် သိုင်းပညာရှင်ကတော့ ဆယ်သန်း “
အဆိုပါ စကားလုံးများ ထွက်ကျလာသည်နှင့် တစ်ပြိုင်နက် ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
တစ်နှစ်ကို ငွေသား တစ်သန်းနဲ့ ကျင့်ကြံရေး အရင်းအမြစ် ၁.၅သန်းလား?
၎င်းတို့သည် သာမန်အရာလေးများသာ ဖြစ်သည်၊ အဓိက အရာကား ရှားမိသားစု၏ အဖိုးတန် တိုက်ခိုက်ရေး နည်းစနစ်များနှင့် လမ်းညွှန်မှုများဖြစ်သည်။
အတွင်းမြို့တော်၏ မိသားစုကြီး တစ်ခုအနေဖြင့် ရှားမိသားစုထံတွင် အလွန်အစွမ်းထက်သော ဘိုးဘေးများ ရှိနေခဲ့သည်။
ထို့ကြောင့် အဆိုပါ တိုက်ခိုက်ရေး နည်းစနစ်များနှင့် လမ်းညွှန်မှုများသည် ရှားမိသားစု၏ အမွေအနှစ်များ ဖြစ်သည်။
၎င်းသည် ရှုကျိုး ရရှိမည့် အထောက်အပံ့၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။
“ ဟူးးးးး “
ရှုကျိုးသည် မနေနိုင်တော့ဘဲ အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းနေတော့သည်၊ သို့သော် သူသည် ကမ်းလှမ်းချက်ကို လက်မခံလိုက်သေးပေ။
“ ပညာရှင်လျူ “
သူသည် လေးနက်စွာ မေးမြန်းလိုက်သည် “ ခင်ဗျား ကမ်းလှမ်းတဲ့ ထောက်ပံ့မှုက တော်တော်ကြီးကို ကောင်းပါတယ်၊ ဒါပင်မဲ့ ကျွန်တော် ပေးချေရမဲ့ တန်ဖိုးတစ်ခုခုတော့ ရှိနေတယ်မလား? “
ရှားမိသားစုသည် ထိုကဲ့သို့ ကောင်းမွန်လှသည့် ထောက်ပံ့မှုဖြင့် ကမ်းလှမ်းရန် ဆန္ဒရှိနေသောကြောင့်၊ ပေးဆပ်ရမည့် တန်ဖိုးတစ်ခုခု ရှိနေမည်မှာ သေချာလှသည်။
၎င်းကိုကြားလိုက်ရသော်လည်း လျူချင်းယွမ်သည် စိတ်အနှောင့်အယှက်ဖြစ်သွားသည့် ပုံမပေါ်ခဲ့ပေ၊ သူ၏အကြည့်ထဲတွင် သဘောကျနှစ်ခြိုက်မှုများ ပို၍ပင် တိုးပွားသွားခဲ့သည်။
ဒီလို ရက်ရောတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာတောင်မှ၊ ချက်ချင်း သဘောမတူဘဲ၊ သူဘာပြန်ပေးရမလဲဆိုတဲ့ အကြောင်းကို တွေးမိသွားတယ်။
ဒီလို တည်ငြိမ်တဲ့ ကိုယ်ရည်ကိုယ်သွေးမျိုးက သာမန် အထက်တန်းကျောင်းသားတစ်ယောက်ဆီမှာ ရှိနိုင်တဲ့ အရာ မဟုတ်ဘူး။
“ ရှားမိသားစုက မင်းကို ကန့်သတ်ချုပ်ချယ်ထားမှာ မဟုတ်ဘူး “
လျူချင်းယွမ်သည် ပြုံး၍ ပြောပြလာခဲ့သည် “ ရှားမိသားစုနဲ့ ပူးပေါင်းလိုက်တာက မင်းရဲ့ မျိုးရိုးနာမည်ကို ပြောင်းရမယ်လို့ မဆိုလိုဘူး။ မင်းက အဲ့တာကိုလုပ်ငန်းကြီးတစ်ခုခုနဲ့ ပူးပေါင်းလိုက်တာလို့ တွေးလို့ရတယ် “
“ ငါပြောခဲ့တဲ့ ထောက်ပံ့မှုတွေက မင်းကို အစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက် မြန်မြန်ဆန်ဆန် ဖြစ်လာအောင် ကူညီပေးမဲ့ ရှားမိသားစုရဲ့ ရင်းနှီးမြှုပ်နှံမှုပဲ “
“ ဒါက ရင်းနှီးမြှုပ်နှံမှုတစ်ခုပဲ၊ စေတနာကောင်းတစ်ခုဆိုလည်း ဟုတ်တယ် “
“ မင်းက အစွမ်းထက် ပုဂ္ဂိုလ် ဖြစ်လာတဲ့ အချိန်ကျရင်၊ တကယ်လို့ ရှားမိသားစုက ခက်ခဲကြမ်းတမ်းတဲ့ အချိန်တွေနဲ့ ရင်ဆိုင်နေရမယ်ဆိုရင်၊ မင်းက ဒီမျက်နှာသာပေးမှုကို မှတ်မိနေပြီးတော့ ဝင်ပါပေးဖို့ကိုပဲ ငါတို့က မျှော်လင့်တယ် “
၎င်းကို ပြောလိုက်ပြီးသည့်နောက်တွင် သူ၏ အသံနေအသံထားသည် ရုတ်တရက် ပြောင်းလဲသွားပြီး၊ အပြုံးဖြင့် ပြောလာခဲ့သည် “ မင်းက အတွင်းမြို့တော်က မိသားစုတွေနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်မှုတွေ တော်တော်လေး ရှိနေတာ၊ ငါသိပါတယ်။ ဒီလိုဆိုရင်ကော ဘယ်လိုလဲ? “
“ ရှားမိသားစုထဲကို ဝင်ဖို့ မလိုဘူး၊ ဒါပင်မဲ့ ငါတို့က မင်းကို Aအဆင့် ထောက်ပံ့မှုကို ပေးနေဦးမယ်၊ ကြိုတင် ရင်းနှီးမြှုပ်နှံမှုပေါ့ကွာ၊ ဒါဆိုရင် မင်းက ငါတို့ကို ကျေးဇူးကြွေးတင်သွားလိမ့်မယ်။ ဘယ်လိုလဲ? “
၎င်းကိုကြားလိုက်ရသောအခါတွင် ဘေးတစ်ဖက်ရှိ ကျောင်းအုပ်ကြီးကပင် အလွန် အံ့အားသင့်သွားခဲ့သည် “ ရှားမိသားစုထဲကို ဝင်ဖို့ မလိုဘဲနဲ့ Aအဆင့် ထောက်ပံ့မှုတွေ ရနေမှာလား? “
လျူချင်းယွမ်သည် ခေါင်းငြိမ့်၍ ပြောလာခဲ့သည် “ အဲ့တာကို ပါရမီရှင်တွေ စုဆောင်းတဲ့ ရှားမိသားစုရဲ့ နည်းလမ်းအဖြစ် ယူဆလို့ရတယ်။ မင်းက ရှားမိသားစုရဲ့ Aအဆင့် အဖွဲ့ဝင်ဖြစ်ကြောင်းကို လူသိရှင်ကြား ကြေညာပေးမယ်၊ ဒါပင်မဲ့ မင်းက မိသားစုထဲကို ဝင်ဖို့ မလိုဘဲနဲ့၊ Aအဆင့် အဖွဲ့ဝင်တွေ ခံစားရတဲ့ အကျိုးအမြတ်တွေကို ခံစားရမယ် “
“ ရှုကျိုးက ဒီဖိတ်ခေါ်မှုနဲ့ ထိုက်တန်တယ်လို့ ကျွန်တော် ယုံကြည်တယ် “
၎င်းကို ကြားလိုက်ရပြီးသည့်နောက်တွင် ရှုကျိုးသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
တစ်ဖက်လူမှ ဤအခြေအနေအထိ ပြောလာခဲ့ခြင်းသည် သူတို့၏ ရိုးသားသော သဘောထား ချပြလာခဲ့ခြင်းပင် ဖြစ်သည်။
ရှားမိသားစုထဲသို့ ဝင်ရန် မလိုအပ်ဘဲ ဂုဏ်ပုဒ်တစ်ခုနှင့် အကျိုးအမြတ် အများအပြား ရရှိမည် ဖြစ်သည်။
သူကြီးပျင်းလာသည့် အချိန်တွင် သူနှင့် ဆက်ဆံရေးကောင်းတစ်ခု ရှိနေရန် မျှော်လင့်ရင်းဖြင့် ရင်းနှီးမြှုပ်နှံနေခြင်း ဖြစ်သည်။
အတိုချုပ်ပြောရပါက မည်သည့် ကန့်သတ်ချုပ်ချယ်မှုမှ ရှိနေမည် မဟုတ်ပေ။
“ အို့၊ ငါပြောဖို့ မေ့နေတာ တစ်ခု ကျန်သေးတယ်၊ အဲ့ဒီနည်းလမ်းမှာ ချို့ယွင်းချက်တစ်ခုတော့ ရှိတယ် “
လျူချင်းယွမ်မှ ရုတ်တရက် ပြောလာခဲ့သည် “ ဒီတစ်ကြိမ်တော့ ငါက အတွင်းမြို့တော် နေထိုင်ခွင့်ကို မထောက်ပံ့ပေးနိုင်ဘူး။ တကယ်လို့ မင်းက သဘောတူတယ်ဆိုရင်၊ ရှားမိသားစုရဲ့ Aအဆင့် ထောက်ပံ့မှုကို ခံစားရမယ်၊ ဒါပင်မဲ့ အတွင်းမြို့တော်ထဲမှာတော့ လာနေလို့ မရဘူး “
“ အတွင်းမြို့တော် နေထိုင်ခွင့်လား? “ ရှုကျိုးသည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
“ ဒီလိုကွာ အတွင်းမြို့တော်က မိသားစုတစ်စုရဲ့ Aအဆင့် အဖွဲ့ဝင် ဖြစ်လာပြီဆိုရင် အတွင်းမြို့တော်ထဲကို ပြောင်းနေရတယ် “
လျူချင်းယွမ်သည် ဖြည်းဖြည်းချင်း ရှင်းပြလာခဲ့သည် “ ဒါပင်မဲ့ ငါပြောထားခဲ့သလိုပဲလေ၊ မင်းက ရှားမိသားစုထဲကို တကယ် ဝင်မှာမှ မဟုတ်တာ၊ အဲ့တော့ မင်းက အတွင်းမြို့တော်ထဲမှာ နေလို့မရဘူး “
ရှုကျိုးသည် အသာခေါင်းငြိမ့်လိုက်သည်။
အတွင်းမြို့တော်ထဲမှာ နေလို့မရတာလား?
ကိစ္စမရှိပါဘူး၊ ငါက အဲ့ကို သွားဖို့ အစီအစဥ်မှ မရှိတာ။
ပြီးတော့ သူပေးခဲ့တဲ့ ကတိတွေက တော်တော်လေးကို ပြည့်စုံနေတဲ့ပုံပဲ။
ပြည့်စုံလွန်းလို့ အစစ်လို့တောင် မထင်ရဘူး။
ယခုတွင် ရှုကျိုးသည် ပို၍သက်တောင့်သက်တာ ရှိသွားခဲ့သည်။
“ ရှုကျိုး “ လျူချင်းယွမ်သည် သူ့ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလာခဲ့သည် “ ငါရှင်းပြဖို့ လိုအပ်တဲ့ အရာ အကုန်လုံးကို ရှင်းပြပေးပြီးသွားပြီ။ သဘော တူ၊ မတူဆိုတာကတော့ မင်းသဘောပဲ “
ဤတစ်ကြိမ်တွင် ရှုကျိုးသည် ထပ်မံ၍ တွေဝေတုံ့ဆိုင်းမနေတော့ပေ။
သူသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းကာ ခေါင်းငြိမ့်ပြလိုက်သည် “ ပညာရှင်လျူ၊ ကျွန်တော် သဘောတူပါတယ် “
“ အို့? “ လျူချင်းယွမ်သည် အနည်းငယ် အံ့ဩသွားခဲ့သည်။
အကျိုးအမြတ်တွေ တစ်သီတစ်တန်းကြီး ပြောပြခဲ့တုန်းကတော့ သဘောမတူခဲ့ဘူး၊ အခု အဲ့ဒီချို့ယွင်းချက်အကြောင်းကို ပြောပြလိုက်တော့ ချက်ချင်း ခေါင်းငြိမ့်လာခဲ့တာလား?
မကြာခင်မှာပင် လျူချင်းယွမ်သည် ပြုံး၍ ချီးကျူးလာတော့သည် “ ကောင်းတယ်၊ သတ္တိရှိတယ် “
“ ရှုကျိုး၊ ငါကလည်း လင်းဂျန် ပထမအထက်တန်းကျောင်းကနေ အထက်တန်းအောင်ထားတာ၊ ဆိုတော့ မင်းကို ငါ့ရဲ့ ဂျူနီယာအဖြစ် သတ်မှတ်လို့ရတယ်။ ငါမင်းကို ဆိုးဆိုးဝါးဝါး မဆက်ဆံနိုင်ဘူး “
လျူချင်းယွမ်မှ ပြုံးပြလာခဲ့သည် “ ဒီလိုဆိုရင်ကော၊ ထောက်ပံ့မှုအတွက် နှစ်စဥ်နှစ်တိုင်းမှာ အပိုငွေသား တစ်သန်းကို ငါကိုယ်တိုင် ထောက်ပံ့ပေးမယ် “
“ စီနီယာလျူ၊ ဒါက ……. “ ရှုကျိုး၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
“ ငြင်းဖို့ မလိုပါဘူး၊ စာချုပ်ချုပ်ကြတာပေါ့ “ လျူချင်းယွမ်သည် ဟက်ဟက်ပက်ပက် ရယ်မောကာ သူ၏လက်ဆွဲအိတ်ထဲမှ စာရွက်စာတမ်းတစ်ခုကို ထုတ်ယူလိုက်သည်။
“ စာချုပ်မှာ လက်မှတ်ထိုးလိုက်တာနဲ့၊ မင်းက တောင်ပိုင်းပြည်နယ် ရှားမိသားစုရဲ့ Aအဆင့် ထောက်ပံ့မှုကို ခံစားလို့ရပြီ “
၎င်းကို မြင်လိုက်ရသောအခါတွင် ကျောင်းအုပ်ကြီးနှင့် ချောင်ရုံတို့သည် တစ်ဦးကိုတစ်ဦး တအံ့တဩဖြင့် ကြည့်နေကြတော့သည်။
လျူချင်းယွမ်က ရှုကျိုးကို အပိုတစ်သန်းတောင် ပေးနေတာလား?
လူတွေက သူတို့ ဘဝတစ်လျှောက်လုံး ရှာဖွေတာတောင် အဲ့ပမာဏကို ရှာနိုင်ပါ့မလား?
ထိုအခိုက်အတန့်တွင် ကျောင်းအုပ်ကြီးနှင့် ချောင်ရုံတို့သည် အကြည့်များ ဖလှယ်လာကြသည်၊ နှစ်ဦးစလုံးသည် ခေါင်းများခါယမ်း၍ သက်ပြင်းတချချ ဖြစ်နေကာ သူတို့က အိုမင်းသွားပြီဟု တွေးနေကြတော့သည်။
ရှုကျိုးသည် ထိုအရာများကို သတိမပြုမိပေ။
ထိုအခိုက်အတန့်တွင် သူသည် စာချုပ်ကို လက်ခံလိုက်ပြီး၊ ၎င်းကို စူးစမ်းလေ့လာနေတော့သည်။
…
ရှုကျိုးမှ စာချုပ်ကို လေ့လာဆန်းစစ်နေသည့် အချိန်တွင်၊ လင်းဂျန်မြို့မှ မိုင် ၁ထောင်ကွာဝေးသော နေရာရှိ ကျန်းမြို့ ကျန်းမိသားစု တည်ရှိရာ ဌာနချုပ်၌
သိပ္ပံနည်းကျ ကွန်ပျူတာအခန်းထဲတွင်
ဝန်ထမ်းတစ်ဦးသည် ကြီးမားသော ထိန်းချုပ်မှု ကွန်ဆိုးလ်ရှေ့တွင် ထိုင်နေကာ ဖန်သားပြင်ကို လေ့လာကြည့်ရှုနေလျက်ရှိသည်။
ပုံရိပ်ယောင် ကမ္ဘာအတွက် ကမ္ဘာလုံးဆိုင်ရာ ဆာဗာ၏ စီမံခန့်ခွဲသူတစ်ဦးအနေဖြင့် ကျန်းဟောင်၏ နေ့စဥ်တာဝန်သည် နိုင်ငံအနှံ့အပြားမှ ရောက်ရှိလာသည့် စာများကို စစ်ဆေးကြည့်ရှုရန်ပင် ဖြစ်သည်။
တစ်ဘက်တွင် သူသည် ပြဿနာ(သို့) အမှားများကို ရှာဖွေနေခဲ့သည်။
တစ်ခြားတစ်ဖက်တွင်မူ သူသည် ကြယ်ပွင့်အသစ်လေးများ ပေါ်လာခြင်း ရှိ၊ မရှိဆိုသည်ကို သိရရန်အတွက် အချိန်နှင့်တပြေးညီ ကြည့်ရှုစစ်ဆေးနေလျက်ရှိသည်။
ပုံရိပ်ယောင် ကမ္ဘာထဲတွင် သိုင်းပညာရှင်များ၏ တိုက်ပွဲများသည် အဆင့်ဇယား ပြုလုပ်ရန်အတွက် ဆာဗာဆီသို့ ရောက်ရှိလာတတ်သည်။
ထိုအခိုက်အတန့်တွင် ကျန်းဟောင်သည် နိုင်ငံတော် အထက်တန်းကျောင်း အဆင့်စာရင်းကို ကြည့်ရှုစစ်ဆေးနေတော့သည်။
“ ဟမ်? အဆင့် ၂၁၊ လင်းဂျန် ပထမအထက်တန်းကျောင်း၊ ရှုကျိုးလား? “
မကြာခင်မှာပင် ကျန်းဟောင်သည် အထက်တန်းကျောင်းအဆင့်စာရင်းပေါ်ရှိ ထူးဆန်းသော အမည်တစ်ခုကို သတိပြုမိသွားခဲ့သည်။
သို့သော် မကြာခင်မှာပင် ကျန်းဟောင်သည် ထိုအမည်ကို တစ်နေရာရာတွင် ကြားဖူးထားသကဲ့သို့ အနည်းငယ် တရင်းတနှီး ရှိနေသည်ဟု ခံစားသွားခဲ့ရသည်။
ကျန်းဟောင်သည် အသေးစိတ် စာမျက်နှာကို နှိပ်လိုက်ပြီး၊ ဆက်လက် ရှာဖွေနေတော့သည်။
“ တိုက်ပွဲတစ်ခု၊ အဆင့် ၁၀ ဗီဇပြောင်းသားရဲ ၃၄၅ကောင်ကို ဆက်တိုက် သတ်တယ်၊ ၁၁နာရီနဲ့ မိနစ် ၂၀ အချိန်ယူခဲ့ရတာလား? “
ကျန်းဟောင်သည် အစပိုင်းတွင် အေးအေးဆေးဆေး ဖြစ်နေသော်လည်း၊ ဖတ်ရှုနေသည်နှင့်အမျှ သူ၏မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားခဲ့သည်။
“ ဘာ !!! ၁၁နာရီလား? “
ကျန်းဟောင်သည် သူ၏မျက်လုံးများကို အမြန်ပွတ်ဆွဲလိုက်ပြီး၊ ထပ်ကြည့်လိုက်ရာ အံ့ဩတုန်လှုပ်နေသော အမူအရာကို ပြသလာခဲ့သည်။
“ ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ? “
သူသည် ရေရွတ်ပြောဆိုနေတော့သည် “ ပထမနေရာမှာ ရှိတဲ့ ရှားယုဝမ်တောင်မှ လေးနာရီခွဲလောက်ပဲ တိုက်ခိုက်ခဲ့တာလေ “
အံ့ဩတုန်လှုပ်သွားခဲ့သော်လည်း၊ ကျန်းဟောင်သည် အချက်အလက်များ၏ စစ်မှန်မှုကို သံသယ မဝင်ခဲ့ပေ။
အဆိုပါ တိုက်ပွဲ၏ အချိန်ကို တစ်ခြားလူများက မမြင်နိုင်ကြပေ၊ အချို့သော လုပ်ပိုင်ခွင့်ရှိသည့် အစိုးရဝန်ထမ်းများကပင် ၎င်းကို မမြင်နိုင်ကြပေ။
ကျန်းမိသားစုတစ်ခုတည်းကသာလျှင် အချက်အလက်အားလုံးကို ကြည့်ရှုနိုင်သည်။
အဆိုပါ အချက်အလက်များကို မှတ်တမ်းတင်လိုက်သည်နှင့်တစ်ပြိုင်နက် ၎င်းသည် ကျန်းမိသားစုထံသို့ ချက်ချင်း ရောက်ရှိလာမည် ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ကျန်းဟောင် အလွန်တုန်လှုပ်သွားခဲ့သည်။
သူသည် အဆင့် ၂၁နေရာတွင် ရှိနေသည့် ရှုကျိုးဟု အမည်ရသော လူငယ်လေးက ပထမနေရာရှိ ရှားယုဝမ်ထက် မနိမ့်ကျသော အလားအလာများ ပိုင်ဆိုင်ကောင်း ပိုင်ဆိုင်နေလိမ့်မည်ဟု နားလည်သွားခဲ့သည်။
သို့သော် ၎င်းမှာ အရေးအကြီးဆုံး အပိုင်း မဟုတ်ပေ။
“ လင်းဂျန် ပထမအထက်တန်းကျောင်း …… “ကျန်းဟောင်သည် အချက်အလက်များကို သေချာဖတ်ရှုနေခဲ့သည် “ ပြင်ပခရိုင်က ကျောင်းသားတစ်ယောက်လား? အတွင်းမြို့တော်ထဲက မဟုတ်ဘူးလား? “
သူ၏ ရင်ခုန်သံများ မြန်ဆန်သွားခဲ့သည် …… ထိုကဲ့သို့သော စွမ်းရည်မျိုးကို ကျန်းမိသားစုက လျစ်လျူရှုထားမည် မဟုတ်ပေ။
စက္ကန့်ပိုင်းမျှအကြာတွင် ကျန်းဟောင်သည် သူ၏ဖုန်းကို အမြန်ကောက်ကိုင်ကာ နံပတ်တစ်ခုကို နှိပ်လိုက်သည်။
တီ တီ …….
ဖုန်းများ ချိတ်ဆက်သွားခဲ့သည်။
“ သူဌေး၊ တော်တော်လေး ရှားပါးတဲ့ ပါရမီရှင်တစ်ယောက်ကို ကျွန်တော် ရှာတွေ့ထားခဲ့ပြီ “
ဖုန်းများချိတ်ဆက်သွားသည်နှင့် တစ်ပြိုင်နက် ကျန်းဟောင်သည် စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်သည်။
………………………………………………………………………………………………….
အပိုင်း ( 42 )
Sအဆင့် အကဲဖြတ်မှုနဲ့ ယှဥ်နေနိုင်သော
မကြာခင်မှာပင် ပင်မဆာဗာ၏ အဆင့်မြင့် အရာရှိတစ်ဦး လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။
“ သူဌေး “ ကျန်းဟောင်သည် ဖန်သားပြင်ကို ညွှန်ပြလိုက်ပြီး၊ ပြောလိုက်သည် “ ကျွန်တော် ပြောနေတာက အဲ့လူရဲ့ အကြောင်းပါ၊ ကြည့်ကြည့်ပါဦး “
ခေါင်းဆောင်သည် အလေးအနက် ဖြစ်နေသည့်ပုံပေါ်ပြီး၊ လျင်မြန်စွာ စစ်ဆေးကြည့်ရှုလိုက်သည်။
မကြာခင်မှာပင် သူ၏မျက်နှာပေါ်တွင် အံ့ဩမှု အရိပ်အမြွက်များ ပေါ်ပေါက်လာခဲ့သည် “ ၁၁နာရီကြာ ဆက်တိုက် တိုက်ခိုက်ခဲ့တာလား? သားရဲ ၃၄၅ကောင် သတ်ခဲ့တာလား? နေဦး၊ ဒီရှုကျိုးက အထက်တန်း ပထမနှစ်ကျောင်းသားတစ်ယောက်လား? “
ခေါင်းဆောင်သည် အဓိက အချက်ကို လျင်မြန်စွာ ဖမ်းဆုပ်မိသွားခဲ့သည်။
သူ့ဘေးနားရှိ ကျန်းဟောင်မှာလည်း အံ့ဩသွားခဲ့သည်၊ အထက်တန်း ပထမနှစ် ကျောင်းသားလေးလား?
သူသည် အစောပိုင်းအချိန်များအတွင်းတွင် ၎င်းကို သတိမပြုမိခဲ့ပေ။
ပုံမှန်အားဖြင့် နိုင်ငံတော် အထက်တန်းကျောင်း အဆင့်ထဲသို့ ဝင်နိုင်သည့် လူများသည် တတိယနှစ်ကျောင်းသူကျောင်းသားများသာ ဖြစ်ပြီး၊ ၎င်းက ပုံသေဖြစ်သွားခဲ့ပြီ ဖြစ်သည်။
ဒါပင်မဲ့ ရှုကျိုးက တကယ်ကြီးကို ပထမနှစ်ကျောင်းသား ဖြစ်နေတာလား?
ကျန်းဟောင် ထပ်မံ၍ အံ့အားသင့်သွားခဲ့ရသည်။
ထိုစဥ် ခေါင်းဆောင်သည် အလေးအနက် ရှိနေပြီး ထိန်းချုပ်မှု မျက်နှာပြင်ကို စတင်၍ လုပ်ဆောင်နေတော့သည်။
ကျန်းဟောင်နှင့် ယှဥ်လိုက်ပါက သူ့ထံတွင် ပို၍ မြင့်မားသော လုပ်ပိုင်ခွင့်များ ရှိနေခဲ့ပြီး၊ သူသည် ရှုကျိုး၏ အချက်အလက်အားလုံးကို တိုက်ရိုက်ကြည့်ရှုနိုင်လေသည်။
၎င်းတို့ထဲတွင် ရှုကျိုး၏ အသက်အမှန်၊ နိုးထလာသော စွမ်းရည်နှင့် ပုံရိပ်ယောင်ကမ္ဘာထဲရှိ တိုက်ပွဲအချက်အလက်များ ပါဝင်နေလျက်ရှိသည်။
“ သားရဲစွမ်းရည်၊ နဂါးအသွင်ပြောင်းခြင်းလား? “ ခေါင်းဆောင်၏ မျက်လုံးများသည် အံ့ဩမှုနှင့်အတူ ပြူးကျယ်သွားခဲ့သည်။
“ ခေါင်းဆောင်၊ သူက သားရဲ စွမ်းရည်ပိုင်ရှင်လား? “ ကျန်းဟောင်လည်း ချက်ချင်း မှင်သက်သွားခဲ့သည်။
သူသည် လင်းဂျန် ပထမအထက်တန်းကျောင်းက ကျောင်းရှိ ထိပ်ဆုံး ပါရမီရှင် ဆယ်ဦးထဲမှ တစ်ဦးကို Sအဆင့် စွမ်းရည်ပိုင်ရှင် ကျောင်းသားတစ်ဦးကြောင့် လူသိရှင်ကြား အပြစ်ပေးခဲ့သည်ဆိုသည့် ကောလဟာလများကို ပြန်၍ အမှတ်ရသွားတော့သည်။
အကျိုးသက်ရောက်မှုမှာ အလွန်ပင် ထူးခြားနေသောကြောင့် အဆိုပါ သတင်းသည် အတွင်းမြို့တော်အထိပင် ရောက်ရှိလာခဲ့သည်။
သို့သော် နောက်ပိုင်းတွင် ကျန်းမိသားစုမှ စုံစမ်းစစ်ဆေးခဲ့ပြီး၊ ၎င်းက သားရဲစွမ်းရည်သာဖြစ်သည်ဆိုသည်ကို သိသွားခဲ့ကြသည်။
ကျန်းဟောင်သည် အနည်းငယ် စိတ်ပျက်သွားခဲ့သည် “ ဆိုတော့ သူပေါ့၊ သားရဲစွမ်းရည်ပိုင်ရှင်က ဘယ်လိုလုပ်ပြီးတော့ ……. “
“ အဲ့တာက အရေးမကြီးဘူး “ ခေါင်းဆောင်မှ ခေါင်းကို အသာအယာ ခါပြလာခဲ့သည် “ သူ့ရဲ့ တိုက်ပွဲ အချက်အလက်တွေကို ကြည့်လိုက် “
“ လွန်ခဲ့တဲ့ ဆယ်ရက်တုန်းက သူသည် နာရီဝက် အချိန်ယူပြီးတော့ အဆင့် ၁၀ ဗီဇပြောင်းသားရဲ ဆယ့်ငါးကောင်ကို သတ်ခဲ့တယ် “
“ သူက ဒီဆယ်ရက်အတွင်းမှာ ပုံရိပ်ယောင်ကမ္ဘာထဲမှာ တိုက်ခိုက်နေခဲ့တာ “
ခေါင်းဆောင်၏ မျက်လုံးများ တောက်ပသွားခဲ့သည် “ ဆယ်ရက်အတွင်းမှာ ဒီလိုမျိုး ရလဒ်တွေ ရလာအောင် စွမ်းဆောင်နေနိုင်ပြီ။ တကယ်လို့ တစ်လဆိုရင်ကော? တစ်နှစ်ဆိုရင်ကော? “
၎င်းကို ကြားလိုက်ရသောအခါတွင် ကျန်းဟောင် နားလည်သွားခဲ့သည် “ တကယ်ပဲ၊ သူ့ရဲ့ တိုးတက်မှု အမြန်နှုန်းက တော်တော်ကြီးကို မြန်ဆန်နေတယ် “
“ အဲ့လို တိုးတက်မှုနှုန်းကို သူ့ရဲ့ စိတ်စွမ်းအင်နှင့် ပေါင်းစပ်လိုက်မယ်ဆိုရင် သူက ပထမနှစ်လေးပဲ ……… “
သူသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းလိုက်သည် “ တကယ်လို့ သူ့ရဲ့ စွမ်းရည်က သားရဲစွမ်းရည် ဖြစ်နေမယ်ဆိုရင်တောင်မှ၊ သူက Bအဆင့် အဖွဲ့ဝင်ရဲ့ စံနှုန်းတွေကို ပြည့်မှီဖို့ လုံလောက်နေပြီ “
“ Bအဆင့်လား? ” ခေါင်းဆောင်သည် ခေါင်းကို ခါရမ်းပြလိုက်သည် “ ကွန်ဟန် သိုင်းပညာတက္ကသိုလ်မှာ ကျင့်ကြံရေး အမြန်နှုန်းကို ဆယ်ဆတိုးမြှင့်နိုင်ဖို့အတွက် သုတေသနတွေ လုပ်နေကြပြီ “
“ အဲ့တာသာ အောင်မြင်သွားမယ်ဆိုရင် သားရဲစွမ်းရည်ဆိုရင်တောင်မှ အကန့်အသတ် ရှိမနေတော့ဘူး “
“ တကယ်လို့ ရှုကျိုးလို့ခေါ်တဲ့ ကျောင်းသားက အဲ့တာကနေ အကျိုးအမြတ် ရသွားမယ်ဆိုရင်၊ သူ့ရဲ့ သားရဲစွမ်းရည်ကို စိတ်ပူနေစရာ မလိုတော့ဘူး။ အဲ့ဒီအချိန်ကျရင် သူက Aအဆင့် အလားအလာတွေကို ချပြလာနိုင်ပြီး၊ အမှန်ဆိုရင် Sအဆင့်နဲ့တောင် ယှဥ်ကောင်းယှဥ်နေနိုင်တယ် “
၎င်းကို ပြောလိုက်ပြီးသည့်နောက်တွင် ခေါင်းဆောင်၏ အမူအရာသည် တလေးတနက် ဖြစ်သွားခဲ့သည်။
Sအဆင့် အဖွဲ့ဝင်သည် မိသားစု၏ အမြင့်ဆုံး အဆင့်ကို ကိုယ်စားပြုသည်။
အဆိုပါ Sအဆင့်သည် Sအဆင့်စွမ်းရည်များကို ကိုယ်စားပြုနေခြင်းသာ မဟုတ်ဘဲ၊ ချီ-သွေး၊ စိတ်ဝိညာဥ်၊ တိုက်ခိုက်ရေး နည်းစနစ်များနှင့် တိုက်ပွဲစွမ်းဆောင်မှုများအတွက် ပြီးပြည့်စုံသော အကဲဖြတ်မှုတစ်ခု ဖြစ်သည်။
ကျန်းမိသားစုတစ်ခုလုံးကပင် တစ်နှစ်တွင် Sအဆင့်အဖွဲ့ဝင် တစ်ဦးကို မခေါ်ယူနိုင်ကြပေ။
ခေါင်းဆောင်သည် ကျန်းမိသားစု၏ တိုက်ရိုက်မျိုးဆက် အရာရှိများထံသို့ သတင်းပို့ရန် ဖုန်းကို ထုတ်ယူလိုက်သည်။
ဤကိစ္စသည် တိုက်ရိုက်မျိုးဆက်များထံမှ ဆုံးဖြတ်ချက်တစ်ခု လိုအပ်သည်။
ကျန်းမိသားစုတွင် တိုက်ရိုက်မျိုးဆက်သည် တစ်ခုထပ်ပို၍ ရှိနေခဲ့ပြီး၊ ကျန်းမိသားစု၏ ဘိုးဘေးများထံမှ ဆင်းသက်လာသည့် များစွာသော တိုက်ရိုက်သွေးမျိုးဆက်များ ရှိနေခဲ့သည်၊ သို့သော် တစ်ဦးချင်းစီတိုင်းသည် ကျန်းမိသားစု၏ အကြီးအကဲများအဖြစ် မြင့်မားသော ရာထူးများကို ပိုင်ဆိုင်ထားကြသည်။
ယခုတွင် အဆိုပါ အကြီးအကဲများ၏ မျိုးဆက်များသည် ကျန်းမိသားစု၏ တိုက်ရိုက်မျိုးဆက် အဆင့်မြင့်အရာရှိများ ဖြစ်နေကြပြီး၊ သူတို့အား တိုက်ရိုက်မျိုးရိုး၏ ဒုတိယ မျိုးဆက်ဟု လူသိများလှသည်။
သူသည် တိုက်ရိုက်မျိုးရိုးမှ ဒုတိယမျိုးဆက် အရာရှိတစ်ဦးကို သိနေခဲ့သည်။
ဘီ ဘီ ……..
ခေါ်ဆိုမှု ချိတ်ဆက်သွားခဲ့သည်။
“ အကြီးအကဲကျန်း၊ Sအဆင့်စွမ်းရည်နဲ့ ယှဥ်နိုင်တဲ့ စွမ်းရည်ပိုင်ရှင်တစ်ယောက်ကို ကျွန်တော် ရှာတွေ့ထားပါတယ် “ ခေါင်းဆောင်သည် အခြေအနေကို အမြန် ရှင်းပြလိုက်သည်။
တစ်ခြားတစ်ဖက်ရှိ တိုက်ရိုက်မျိုးရိုး၏ ဒုတိယမျိုးဆက်၊ ကျန်းပေါ်ကျွမ်းသည် ၎င်းကို ကြားသိလိုက်ရပြီးသည့်နောက်တွင် အလွန်တလေးတနက် ဖြစ်သွားခဲ့သည်။
“ တကယ်ကို ပြုစုပျိုးထောင်ဖို့ ထိုက်တန်တဲ့ စွမ်းရည်တစ်ခု ဖြစ်နေတာပဲ။ တကယ်လို့ သူသာ ကြီးပျင်းလာမယ်ဆိုရင် Sအဆင့် စွမ်းရည်နဲ့ ဘာမှ ကွာနေမှာ မဟုတ်ဘူး “
ကျန်းပေါ်ကျွမ်းမှ ပြောလာခဲ့သည် “ ဒါဆိုရင်၊ လင်းဂျန်မြို့ဆီ တစ်ယောက်ယောက်ကို ချက်ချင်း လွှတ်လိုက်။ သူ့ကို aအဆင့် ထောက်ပံ့မှု ပေးမယ်လို့ အရင်ကတိပေးလိုက် …… “
ခေါင်းဆောင်သည် ခေါင်းငြိမ့်ကာ ချက်ချင်း တုံ့ပြန်လိုက်သည်။
သို့သော် ကျန်းပေါ်ကျွမ်းသည် တစ်စုံတစ်ခုကို ရုတ်တရက် မှတ်မိသွားပြီး၊ တအံ့တဩဖြင့် ပြောလာခဲ့သည် “ နေပါဦး၊ လင်းဂျန်မြို့လား? “
“ ငါ့မြေးမလေး၊ အဲ့ဒီကောင်မလေး ကျန်းလန်က အဲ့မှာ ရှိနေတဲ့ပုံပဲ။ မင်းသွားဖို့ မလိုတော့ဘူး၊ သူမကို ငါမေးလိုက်မယ် “
“ မစ္စကျန်းက အဲ့မှာလား? “ ခေါင်းဆောင်သည် အနည်းငယ် အံ့ဩသွားခဲ့သည်၊ ထို့နောက်တွင် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည် “ သူမ အဲ့မှာ ရှိနေမယ်ဆိုရင် တစ်ခြားမိသားစုတွေရဲ့ ဖြတ်လုမှုကို မခံရသင့်တော့ဘူး “
ထိုကဲ့သို့သော ပါရမီရှင်တစ်ဦးကို တစ်ခြားမိသားစုတစ်ခုခုမှ ဖြတ်လုသွားမည်ဆိုပါက၊ ၎င်းသည် ကျန်းမိသားစုအတွက် သိသာသော ဆုံးရှုံးမှုတစ်ခု ဖြစ်သွားလိမ့်မည် ဖြစ်သည်။
ကျန်းပေါ်ကျွမ်းမှ အားရပါးရ ရယ်မောနေတော့သည် “ စိတ်ချထားလိုက်တော့၊ ငါ့မြေးမလေးက အဲ့လို ထူးချွန်တဲ့ကောင်လေးကို ရှာတွေ့ပြီးနေလောက်ပြီ၊ ရှောင်လန်က သူ့ကို ခေါ်ထားပြီးသွားလောက်ပြီ “
…
လင်းဂျန် ပထမအထက်တန်းကျောင်း
အစည်းအဝေး အခန်းထဲတွင်
ရှုကျိုးသည် သူ၏အမည်ကို စာချုပ်ပေါ်တွင် လက်မှတ်ရေးထိုးလိုက်ပြီး၊ သူ၏ ဘဏ်အကောင့်နံပတ်၊ အိမ်လိပ်စာ အစရှိသည်တို့ကို ဖြည့်သွင်းလိုက်သည်။
ယခုလေးတင် သူသည် စာချုပ်ကို ဂရုတစိုက် လေ့လာခဲ့ပြီးပြီ ဖြစ်သည်။
ဤကာလအတွင်းတွင် ချောင်ရုံသည် ဘေးကနေ ကြီးကြပ်ပေးနေခဲ့သည်။
မကြာခင်မှာပင် ရှုကျိုးသည် လျူချင်းယွမ်ထံသို့ စာချုပ်ကို လွှဲပေးလိုက်သည်။
“ ရှုကျိုး “ လျူချင်းယွမ်မှ ပြုံး၍ ပြောလာခဲ့သည် “ ဒီနေ့ကနေစပြီးတော့ မင်းက ရှားမိသားစုရဲ့ Aအဆင့် ထောက်ပံ့မှုတွေကို ခံစားနိုင်ပြီ၊ ပြီးတော့ နောင်မှာ အခွင့်အရေး ရှိမယ်ဆိုရင် Sအဆင့် အဖွဲ့ဝင်အဖြစ် ရာထူးတက်လို့ရပြီ “
“ ကတိပေးထားတဲ့ ငွေသားနဲ့ ကျင့်ကြံရေး အရင်းအမြစ်တွေက နောက်ပိုင်းကျရင် မင်းဆီကို ပို့ပေးလိမ့်မယ် “
လျူချင်းယွမ်မှ ပြုံးပြလာခဲ့သည် “ ရှားမိသားစုရဲ့ တစ်ချို့ ကိစ္စတွေအတွက်ကတော့ မင်းရဲ့ဖုန်းထဲကို ငါပို့ပေးလိုက်မယ် “
“ ကျေးဇူးတင်ပါတယ် စီနီယာလျူ “ ဟု ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။
ထို့နောက်တွင် လျူချင်းယွမ်မှ လမ်းညွှန်ချက်တစ်ချို့ ပေးလာခဲ့သည်။
ထို့နောက်တွင် ကျောင်းအုပ်ကြီးသည် လျူချင်းယွမ်ကို ရုံးခန်းထဲသို့ ဆွဲခေါ်သွားတော့သည်၊ ရှုကျိုးသည် ထိုနှစ်ဦးက ဆရာ-တပည့် ဆက်ဆံရေး ရှိနေသည်ကို သိနေသောကြောင့် များစွာ မအံ့ဩသွားခဲ့ပေ။
ကျောင်းအုပ်ကြီးတို့ ထွက်သွားခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည်၊ သူ၏ အမူအရာကား အနည်းငယ် ရှုပ်ထွေးနေလျက်ရှိသည်။
မထင်မှတ်ထားစွာဖြင့် သူသည် အတွင်းမြို့တော်မှ မိသားစုတစ်ခုနှင့် ပူးပေါင်းမိသွားခဲ့သည်။
သူသည် ရှားမိသားစုထဲသို့ တရားဝင် ဝင်သွားခဲ့ခြင်း မဟုတ်သော်လည်း၊ သူသည် ရှားမိသားစု၏ Aအဆင့် အထောက်အပံ့များကို ခံစားနေရပြီ ဖြစ်သောကြောင့်၊ နောင်အနာဂတ်တွင် ရှားမိသားစုနှင့် ဆက်စပ်မှု ရှိလာတော့မည် ဖြစ်သည်။
သို့ရာတွင် မိသားစုမှလူများက အရေးမကြီးပေ၊ ရှုကျိုး ဂရုအစိုက်ဆုံး အရာမှာ လျူချင်းယွမ် ကတိပေးထားသော ကျင့်ကြံရေး အရင်းအမြစ်များ ဖြစ်သည်။
“ ၁.၅သန်းတန်တဲ့ ကျင့်ကြံရေး အရင်းအမြစ်တွေ “ ရှုကျိုးကား တစ်ကိုယ်တည်း တီးတိုးပြောဆိုနေတော့သည် “ အဲ့တာတွေနဲ့ဆိုရင် ငါ့ရဲ့ အစွမ်းက သိသိသာသာ တိုးတက်လာမှာ “
“ ရှုကျိုး “
ထိုအခိုက်အတန့်တွင် ဘေးတစ်ဖက်ရှိ ချောင်ရုံမှ ရုတ်တရက် စကားပြောလာခဲ့သည် “ မင်းက နတ်ဆိုးတစ်ထောင် လှိုဏ်ဂူကို သွားဖို့ စီစဥ်နေတာလား? “
ရှုကျိုးသည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်၊ ဆရာက အဲ့အကြောင်းကို ဘာလို့ ရုတ်တရက်ကြီး မေးလာရတာလဲ?
ချောင်ရုံသည် သူ့ကို ကြည့်ကာ အလေးအနက်ထား၍ ပြောလာခဲ့သည် “ ဒီရက်တွေအတွင်းမှာ မင်းက ဗီဇပြောင်းသားရဲတွေနဲ့ ဆက်တိုက်တိုက်ခိုက်နေတယ်ဆိုတော့ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲကို သွားဖို့ ပြင်ဆင်နေတာမလား? “
၎င်းကို ကြားလိုက်ရသောအခါတွင် ရှုကျိုးသည် ချောင်းဟန့်ကာ ခေါင်းငြိမ့်ပြလိုက်သည် “ ကျွန်တော်က ဆရာ့ဆီကနေ ဖုံးထားလို့ မရဘူးပဲ “
“ မင်း … ဟူးးးး “ ချောင်ရုံသည် ပြောစရာစကား ပျောက်ရှသွားပြီး သက်ပြင်းချလာခဲ့သည်။
ယခင်က သူသည် မင်းက ဓားနည်းစနစ်ရဲ့ တတိယအဆင့်ကို ထိုးဖောက်နိုင်တဲ့ အချိန်ကျမှ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူအကြောင်း ဆွေးနွေးမယ်ဟု ပြောခဲ့ဖူးလေသည်။
ဒီကလေးက တကယ်ကြီး ထိုးဖောက်နိုင်ခဲ့တာပဲ။
“ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူက တော်တော်လေး အန္တရာယ်များတယ် “ ချောင်ရုံသည် ရှုကျိုးကို ကြည့်ကာ အလေးအနက်ထား၍ ပြောပြလာခဲ့သည် “ နဂါး-ကျားစာရင်းပေါ်က ထိပ်ဆုံး ၁၀ယောက်ကတောင် သူတို့ဘဝရဲ့ အဆုံးသတ်ကို အဲ့မှာ တွေ့သွားနိုင်တယ် “
“ နဂါး-ကျားစာရင်းပေါ်က ထိပ်ဆုံး ၁၀ယောက်တောင် ကျရှုံးသွားနိုင်တာလား? “ ရှုကျိုးသည် အနည်းငယ် အံ့ဩသွားခဲ့သည်။
ချောင်ရုံမှ တလေးတနက်ဖြင့် ပြောလာခဲ့သည် “ တားမြစ်နယ်မြေထဲမှာ မင်းက ဗီဇပြောင်းသားရဲတွေကို စိတ်ပူဖို့ သိပ်မလိုဘူး၊ လူတွေကိုပဲ ပိုပြီးတော့ သတိထားရမှာ “
“ တားမြစ်နယ်မြေထဲမှာက ဓာတ်ပုံတွေ ဒါမှမဟုတ် ဗီဒီယိုတွေ မှတ်တမ်းတင်ဖို့ ခွင့်မပြုထားဘူး၊ ဆိုတော့ အထဲမှာ ဘာကိစ္စပဲရှိရှိ အာဏာပိုင်တွေက ကြားဝင်လာမှာ မဟုတ်ဘူး၊ ဒါမှမဟုတ် သူတို့က ကြားမဝင်လာနိုင်ဘူး “
“ လုယက်တာတွေ သတ်ဖြတ်တာတွေက တားမြစ်နယ်မြေထဲမှာ ခဏခဏ ဖြစ်တတ်တယ် “
ထိုစကားများကို ကြားလိုက်ရသောအခါတွင် ရှုကျိုး အနည်းငယ် ထိတ်လန့်သွားခဲ့သည်။
“ ဘာလို့ ဓာတ်ပုံတွေ ဗီဒီယိုတွေ ရိုက်လို့ မရတာလဲ? “ သူသည် စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် ဆရာဖြစ်သူကို ကြည့်လိုက်သည်။
ချောင်ရုံမှ ပြောပြလာခဲ့သည် “ ဘာလို့လဲဆိုတော့ တားမြစ်နယ်မြေထဲက သားရဲမျိုးစုရဲ့ ပုဂ္ဂိုလ်ကြီးတွေက အဲ့တာတွေကို ခွင့်မပြုလို့ပဲ၊ တကယ်လို့ ဓာတ်ပုံရိုက်တာတွေ ဒါမှမဟုတ် ဗီဒီယို ရိုက်တာတွေ လုပ်လိုက်မယ်ဆိုရင်၊ သူတို့တွေက အဲ့တာကို အာရုံခံမိသွားပြီးတော့ သားရဲလှိုင်းတွေကို ဦးဆောင်လာလိမ့်မယ် “
တားမြစ်နယ်မြေထဲက သားရဲမျိုးစုရဲ့ ပုဂ္ဂိုလ်ကြီးတွေက အဲ့တာတွေကို ခွင့်မပြုတာလား?
ရှုကျိုးသည် ရင်ခုန်သံများပင် ရပ်တန့်သွားခဲ့သည်၊ ကြည့်ရတာတော့ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲမှာ စွမ်းအားကြီး ဗီဇပြောင်းသားရဲတွေလည်း ရှိနေတဲ့ပုံပဲ။
ချောင်ရုံမှ ဆက်လက်၍ ပြောပြလာခဲ့သည် “ ပြီးတော့ အမှောင်သိုင်းပညာရှင် တစ်ချို့လည်း တားမြစ်နယ်မြေထဲမှာ ရှိတယ်၊ အဲ့လူတွေက ရူးနေကြပြီးတော့ လူတွေ့တာနဲ့ သတ်တတ်ကြတယ်၊ သူတို့နဲ့တွေ့တာက တော်တော်လေး အန္တရာယ်များတယ် “
“ အမှောင်သိုင်းပညာရှင်တွေလား? “ ရှုကျိုးသည် ထိုကဲ့သို့သော အသုံးအနှုန်းမျိုးကို ပထမဦးဆုံး အကြိမ်အဖြစ် ကြားဖူးသွားခဲ့သည်။
“ ဟုတ်တယ်၊ သူတို့နဲ့ တွေ့မဲ့ အခွင့်အလမ်းကတော့ သိပ်မမြင့်ပါဘူး “ ချောင်ရုံမှ ပြောပြလာခဲ့သည် “ ဒါပင်မဲ့ တကယ်လို့ တွေ့ခဲ့မယ်ဆိုရင်တော့၊ မင်းရဲ့အစ်မတောင်မှ အသတ်ခံသွားရနိုင်တယ် “
“ မင်းက လီရို့ရှီနဲ့ စာရင်းသွင်းပြီးပြီမလား? “
ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲသို့ ဝင်ရောက်ရန်အတွက် လူတစ်ဦးသည် အာဏာပိုင်များထံတွင် ကြိုတင်စာရင်းသွင်းထားရမည် ဖြစ်သည်။
ယခင်က ရက်များအတွင်းတွင် သူသည် လီရို့ရှီနှင့်အတူ လူမှုသိုင်းပညာရှင်အဖြစ် စာရင်းသွင်းခဲ့ကြသည်။
လီရို့ရှီ၏ မိသားစုဝင်တစ်ဦးအနေဖြင့် သူသည် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲသို့ ဝင်ခွင့်ရခဲ့သည်။
ယခုလက်ရှိအချိန်၌ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူသည် သုံးရက်အတွင်း ပွင့်လာတော့မည် ဖြစ်သည်။
ချောင်ရုံမှ တားဆီးချင်နေမည်ဆိုလျှင်တောင်မှ ထိုကဲ့သို့ လုပ်နိုင်တော့မည် မဟုတ်ပေ။
ထိုအခိုက်အတန့်တွင် ချောင်ရုံသည် ရှုကျိုးအား လေးလေးနက်နက် စိုက်ကြည့်လာခဲ့သည် “ မင်းက စာရင်းသွင်းထားပြီးပြီဆိုတော့၊ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲ ဝင်သွားတဲ့ အချိန်ကျရင် မင်းရဲ့ အစ်မနဲ့နေရမယ် “
“ လီရို့ရှီက စွမ်းတယ်၊ သူမရဲ့ ကာကွယ်ပေးမှုနဲ့ဆိုရင် မင်းက လုံခြုံနေလိမ့်မယ် “
“ သူမအနားမှာပဲ ကပ်နေ။ တကယ်လို့ မင်းက နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲမှာ တစ်ယောက်တည်း ဖြစ်သွားမယ်ဆိုရင်၊ အန္တရာယ် အဆင့်က အဆတစ်ရာလောက် ပိုများသွားလိမ့်မယ် “
“ ဘာလို့လဲဗျ? “ ရှုကျိုး ဇဝေဇဝါဖြစ်သွားခဲ့သည်။
“ ဘာလို့လဲဆိုတော့ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲက ညအချိန်က တော်တော်ကြီးကို အန္တရာယ်ရှိလို့ပဲ “ ချောင်ရုံမှ တလေးတနက်ဖြင့် ပြောပြလာခဲ့သည် “ ညဆိုရင် မင်းက အိပ်ဖို့လိုအပ်တယ်လေ ဟုတ်တယ်မလား? “
“ တစ်ချို့ ဗီဇပြောင်းသားရဲတွေက တိတ်တဆိတ် ချဥ်းကပ်လာကြပြီးတော့ မင်းကို စားသွားလိမ့်မယ်၊ မင်းက လှုပ်ချိန်တောင် ရလိုက်မှာ မဟုတ်ဘူး “
“ တစ်ယောက်ယောက်က မင်းအတွက် စောင့်ကြည့်နေပေးဖို့ လိုအပ်တယ် “
ချောင်ရုံမှ ပြောပြလာခဲ့သည် “ အဲ့တာက အဖွဲ့သားရဲ့ အရေးပါမှုပဲ၊ အဲ့တာကြောင့်ပဲ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲကို ဝင်ဖို့အတွက် အနည်းဆုံး လူနှစ်ယောက် လိုအပ်တယ်လို့ ကျောင်းက ကြေညာထားတာ “