အခန်း (၄၃-၄၅)
Vol. 3 Ch. 43-45
အပိုင်း ( 43 )
ရဲရဲဝံ့ဝံ့ တိုက်ခိုက်ရမယ်
ရှုကျိုးသည် နားလည်သွားသည့် အမူအရာမျိုးကို ပြသလာခဲ့သည်။
နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲကို ဝင်ဖို့အတွက် သိုင်းပညာရှင်တွေက မိသားစုဝင်တစ်ယောက် ခေါ်သွားနိုင်တာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ။
အစောပိုင်း အချိန်များတွင် သူသည် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲသို့ မိသားစုဝင်တစ်ဦး ခေါ်သွားခြင်းက သူတို့ကို သွားသေခိုင်းသလို မဖြစ်သွားလားဟု တွေးတောကာ ဇဝေဇဝါ ဖြစ်နေခဲ့သည်။
တစ်ယောက်တည်း ဝင်သွားတာက မြန်မြန်သေသွားမဲ့ပုံပဲ။
ထို့နောက်တွင် ချောင်ရုံသည် ရှုကျိုးကို တစ်ချို့သော အန္တရာယ်များအကြောင်းကို ရှင်းပြပေးနေခဲ့သည်။
ဤအချိန်အတွင်းတွင် ရှုကျိုး၏ စိတ်ခံစားချက်များသည် မြင့်လိုက်ကျလိုက် ဖြစ်နေခဲ့သည်။
သူသည် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူက အလွန်အန္တရာယ်များကြောင်း သိနေခဲ့သော်လည်း၊ ချောင်ရုံ၏ စကားများသည် သူ၏ အတွေးစိတ်ကူးများကို ပြောင်းပြန်လှန်သွားခဲ့သည်။
“ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူက အန္တရာယ်တွေနဲ့ ပြည့်နေတာ “ ချောင်ရုံသည် သူ့ကို ကြည့်ကာ ပြောလာခဲ့သည် “ ဒါပင်မဲ့ တကယ်လို့ မင်းက ကြိုသိထားမယ်ဆိုရင်တော့ ရှင်သန်နိုင်ခြေ ပိုမြင့်သွားလိမ့်မယ် “
“ မနက်ကျရင် မင်းက ကျောင်းအုပ်ကြီးဆီ သွားသင့်တယ်။ ကျောင်းအုပ်ကြီးက မင်းကို အသေးစိတ် အချက်အလက်တွေ ပြောပြလိမ့်မယ် “
“ ဟုတ်ကဲ့ပါ၊ ဆရာ “ ရှုကျိုးသည် တလေးတနက်ထားကာ ခေါင်းငြိမ့်ပြလိုက်သည်။
သူသည် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူအကြောင်းကို အနည်းငယ်မျှသာ သိထားသောကြောင့် ထိုအကြောင်းကို သေချာပေါက် သင်ယူထားရမည် ဖြစ်သည်။
ချောင်ရုံမှ သတိပေးလာခဲ့သည် “ ပြီးတော့ အခု မင်းက ရှားမိသားစုရဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်လာပြီဆိုတော့၊ ရှားမိသားစုရဲ့ အတွင်းလမ်းကြောင်းတွေကနေတစ်ဆင့် တိုက်ပွဲဝင် သံချပ်ကာနဲ့ လက်နက်တစ်ချို့ ဝယ်လို့ရပြီ “
“ တိုက်ပွဲဝင် သံချပ်ကာလား? “ ရှုကျိုးသည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
“ တိုက်ပွဲဝင် သံချပ်ကာက ပုံမှန်သံချပ်ကာ မဟုတ်ဘူး၊ ရောက်လာတဲ့ တိုက်ခိုက်မှု အားအများစုကို ကာကွယ်ပေးတဲ့ နည်းပညာမြင့် ပစ္စည်းတွေနဲ့ လုပ်ထားတဲ့ အပျော့သားသံချပ်ကာပဲ “
ချောင်းရုံမှ ရှင်းပြလာခဲ့သည် “ ကျောင်းမှာလည်း တိုက်ပွဲဝင် သံချပ်ကာတွေ ရှိတယ်၊ ဒါပင်မဲ့ အဲ့တာတွေက ရှားမိသားစုဆီက ဟာတွေလောက် အကျိုးသက်ရောက်မှု မရှိဘူး “
“ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲကို ဝင်မယ်ဆိုရင်၊ မင်းက အပြည့်အဝ ပြင်ဆင်ထားမှ ရမယ်၊ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ဒဏ်ရာရသွားတာနဲ့ အသက်ရှင်နိုင်တဲ့ အခွင့်အလမ်းက တော်တော်ကြီး နည်းသွားလိမ့်မယ် “
ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။
ငွေနှစ်သန်းရောက်လာတာနဲ့ ဝယ်စရာ ရှိတာတွေ ဝယ်ရမယ်။
ငါက ဆေဘာနည်းစနစ်ရဲ့ တတိယအဆင့်ကို ရောက်သွားပင်မဲ့၊ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူရဲ့ ထူးခြားတဲ့ အခြေအနေတွေကို ရင်ဆိုင်နိုင်ဖို့အတွက် အပြည့်အဝ ပြင်ဆင်ထားရမယ်။
တားမြစ်နယ်မြေထဲမှာ ဂုဏ်ပုဒ်တွေက အရေးပါနေမှာ မဟုတ်ဘူး အစွမ်းကပဲ စကားပြောသွားမှာ။
“ ကောင်းပြီလေ၊ ငါတော့ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူအကြောင်းကို လုံလုံလောက်လောက် ပြောပြပြီးသွားပြီ “
ချောင်ရုံသည် ရှုကျိုးကို ကြည့်ကာ အလေးအနက်ထား၍ ပြောလာခဲ့သည် “ မင်းက သွားဖို့ ဆုံးဖြတ်ထားပြီးပြီဆိုတော့၊ ငါက မင်းရဲ့ ယုံကြည်ချက်ကို အများကြီး မရိုက်ချိုးသင့်ဘူး “
“ သိုင်းပညာရှင်တွေက တိုက်ပွဲတွေကို ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ကိစ္စမရှိဘူး၊ ဒါပင်မဲ့ တိုက်ပွဲကို ကြောက်နေလို့တော့ မရဘူး “
“ စစ်သည်တော် တစ်ယောက်က တိုက်ကိုတိုက်ရဲနေရမယ် “
ရှုကျိုး၏ စိတ်နှလုံးသား တုန်လှုပ်သွားခဲ့သည်။
သူသည် သူ့ဆရာ၏ စကားများကို ကြားခဲ့ရပြီးသည့်နောက်တွင် တကယ်ပင် အနည်းငယ် ကြောက်ရွံ့သွားခဲ့သည်။
ချောင်ရုံမှ မတ်တပ်ရပ်ကာ လေးလေးနက်နက် ပြောလာခဲ့သည် “ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူက အန္တရာယ် အတော်များပင်မဲ့၊ စိတ်ကူးလို့တောင် မရတဲ့ အကျိုးအမြတ်တွေလည်း အများကြီး ရှိတယ် “
“ သိုင်းပညာရှင်တွေက ကောင်းကင်ဘုံ၊ ကမ္ဘာမြေကြီးနဲ့ တစ်ခြားအရာတွေကို အဲ့ဒီ အကျိုးအမြတ်တွေအတွက် တိုက်ခိုက်ရမယ် “
“ သိုင်းပညာရှင်ဆိုတာက တိုက်ခိုက်ရမယ်၊ သူတို့က တိုက်ဖို့အတွက် မွေးဖွားလာခဲ့တာပဲ “
“ နားလည်လား? ရှုကျိုး “
ချောင်ရုံ၏ အသံသည် ကျယ်လောင် ပြတ်သားနေခဲ့ပြီး ရှုကျိုး စိတ်ထဲရှိ အချုပ်အနှောင်များကို မောင်းထုတ်သွားခဲ့သည်။
တိုက်ရဲရမယ်၊ တိုက်ကိုတိုက်ရမယ်၊ အဲ့တာကမှ သိုင်းပညာရှင်ပဲ !!!
၎င်းကို သူ၏ဆရာတစ်ဦးတည်းကသာလျှင် မဟုတ်ဘဲ၊ လီရို့ရှီနှင့် ကျောင်းအုပ်ကြီးကပင် ပြောခဲ့ဖူးလေသည်။
သိုင်းပညာရှင်တွေက သွေးထွက်ရဲဖို့ သတ္တိရှိနေရမယ်၊ သွေးစွန်းဖို့ ပြင်ဆင်ထားရမယ်။
ရှုကျိုးသည် သူ၏ဆရာကို ကြည့်ကာ ခေါင်းငြိမ့်ပြလိုက်ပြီး၊ သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည် “ ကျွန်တော် နားလည်ပါတယ်၊ ဆရာ “
“ ကောင်းတယ် “ ချောင်ရုံသည် အသာအယာ ခေါင်းငြိမ့်နေတော့သည်။
သူသည် ဆက်ပြောပြလာခဲ့သည် “ တားမြစ်နယ်မြေဖွင့်ခဲ့တဲ့ အချိန်တိုင်းမှာ အစိုးရကနေ အဆင့်သတ်မှတ်ချက် စာရင်းတစ်ခု ထုတ်ပြန်လိမ့်မယ် “
“ အဲ့တာက ပုံရိပ်ယောင် ကမ္ဘာထဲက ကမ္ဘာ့အဆင့်နဲ့ တူတယ်၊ မင်းသတ်ခဲ့တဲ့ ဗီဇပြောင်းသားရဲ အရေအတွက်အပေါ် မူတည်ပြီးတော့ ဆုံးဖြတ်မှာ “
“ စာရင်းထဲ ဝင်ခဲ့တဲ့ သိုင်းပညာရှင်တိုင်းက ရက်ရောတဲ့ ဆုလဒ်တွေကို အမြဲရခဲ့တယ် “
ချောင်ရုံသည် ရှုကျိုးကို လေးလေးနက်နက် စိုက်ကြည့်လာခဲ့သည် “ အဲ့တာတွေက ရှားမိသားစုဆီကနေ မင်းရမဲ့ အရာတွေထပ်တောင် ပိုများနေနိုင်တယ် “
ရှုကျိုး၏ ရင်ခုန်သံများ မြန်ဆန်သွားခဲ့သည်။
ရှားမိသားစုက ကမ်းလှမ်းခဲ့တာတွေထပ်တောင် ပိုများနေမှာလား?
ဘယ်လောက်တောင် များနေလိုက်မလဲ?
ချောင်ရုံသည် ထိုနေရာတွင် ရပ်တန့်လိုက်ကာ အကြောင်းအရာ ပြောင်း၍ ပြောလာခဲ့သည် “ ဒီနေ့တော့ ငါမင်းနဲ့ ဆွေးနွေးချင်တဲ့ ကိစ္စတစ်ခု ရှိသေးတယ် “
သူသည် သူ၏အိတ်ကပ်ထဲမှ အိတ်ဆောင် စာအုပ်သေးလေးတစ်ခုကို ထုတ်ပြလာခဲ့သည်။
“ ဒါက တောင်ဖြိုခွဲ ဆေဘာသိုင်းရဲ့ စတုတ္ထအဆင့်အတွက် လေ့ကျင့်မှု နည်းလမ်းပဲ။ ယူပြီး ကြည့်ကြည့်လိုက် “ ဟု ပြောလာခဲ့သည်။
ရှုကျိုးသည် ၎င်းကို ယူလိုက်ကာ အနည်းငယ် အံ့ဩသွားခဲ့သည်။
၎င်းကို တစ်ချက်ကြည့်ရှုလိုက်ပြီးသည့်နောက်တွင် သူသည် ပို၍ အံ့အားသင့်သွားခဲ့သည် “ ဆရာ၊ တောင်ဖြိုခွဲ ဆေဘာသိုင်းဆီမှာ အဆင့်သုံးဆင့်ပဲ ရှိတာ မဟုတ်ဘူးလား? ”
တောင်ဖြိုခွဲ ဆေဘာသိုင်း တစ်ခုတည်းသာလျှင် မဟုတ်ဘဲ၊ တစ်ခြားသော တိုက်ခိုက်ရေး နည်းစနစ်အားလုံးတွင်လည်း အဆင့်သုံးဆင့်သာလျှင် ရှိသည်၊ အဘယ့်ကြောင့်ဆိုသော် အထက်တန်းကျောင်းသားကျောင်းသူများက အခြေခံ တိုက်ခိုက်ရေးနည်းစနစ်များကိုသာ လေ့ကျင့်သင်ယူရသောကြောင့် ဖြစ်သည်။
လူတစ်ဦးက ပထမအဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်သွားသည့် အချိန်ရောက်ရှိလာခဲ့ပါက အဆိုပါ တိုက်ခိုက်ရေး နည်းစနစ်များက သူတို့နှင့် မသင့်တော်သောကြောင့် သူတို့သည် ပို၍အဆင့်မြင့်သော တိုက်ခိုက်ရေးနည်းစနစ်များကိုသာ လေ့ကျင့်ကြလေသည်။
“ တကယ်ကို အဆင့်သုံးဆင့်ပဲ ရှိတာလေ “ ချောင်ရုံမှ ပြောပြလာခဲ့သည် “ အဲ့တာက မူရင်းအပေါ်မှာ အခြေခံထားပြီးတော့ တိုးတက်လာခဲ့တဲ့ နည်းစနစ်တစ်ခုပဲ “
“ ဆရာက အဲ့တာကို အဆင့်မြှင့်လိုက်တာလား? “ ရှုကျိုးသည် ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။
အဌမအဆင့် (သို့) ထို့ထပ် အဆင့်မြင့်သည့် ထိပ်တန်း စစ်သည်တော်များကသာလျှင် တိုက်ခိုက်ရေး နည်းစနစ်များကို ဖန်တီးနိုင်ကြလေသည်။
သူသိထားရသလောက်သာဆိုပါက ချောင်ရုံသည် အဆင့် သုံးပညာရှင်တစ်ဦးသာလျှင် ဖြစ်သည်။
အထက်တန်းကျောင်းရှိ ဆရာ၊ ဆရာမအများစုသည် အဆင့်သုံးနှင့် အဆင့်လေးပညာရှင်များသာလျှင် ဖြစ်သည်။
“ ဘာလဲ၊ ငါ့ကို မယုံဘူးလား? “ ချောင်ရုံမှ တည်တည်ငြိမ်ငြိမ် ပြောလာခဲ့သည် “ ငါ နိုးထခဲ့တဲ့ အချိန်တုန်းက ငါ့ဆီမှာ နည်းစနစ်တွေ ဖန်တီးဖို့အတွက် ပါရမီတစ်ခု ပါလာခဲ့တယ် “
“ မင်းလေ့ကျင့်နေတဲ့ တောင်ဖြိုခွဲ ဆေဘာသိုင်းက ငါဖန်တီးထားခဲ့တဲ့ဟာပဲ “
“ အာ? “
ဤတစ်ကြိမ်တွင် ရှုကျိုးသည် လုံးဝ ကြက်သေသေသွားတော့သည်။
တောင်ဖြိုခွဲ ဆေဘာသိုင်းကို ဆရာ ဖန်တီးထားတာလား?
ဒါပင်မဲ့ …..
တောင်ဖြိုခွဲ ဆေဘာသိုင်းက တော်တော်ကြီး စွမ်းနေတာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ။ ဒုတိယအဆင့်ကနေ ရခဲ့တဲ့ အထူးအကွက်က တစ်ခြားတိုက်ခိုက်ရေး နည်းစနစ်တွေရဲ့ တတိယအဆင့်စွမ်းအားနဲ့တောင် ယှဥ်လို့ရတယ်။
“ အခု မင်းငါ့ကို ယုံပြီလား? “ ချောင်ရုံမှ အပြုံးဖြင့် မေးလာခဲ့သည်။
“ အဆင့်မရှိသေးတဲ့ သိုင်းပညာရှင်တွေက အခြေခံ နည်းစနစ်တွေကိုပဲ လေ့ကျင့်လို့ရတယ်၊ အဆင့်မြင့် နည်းစနစ်တွေကို မလေ့ကျင့်နိုင်ကြဘူး “
သူသည် ယုံကြည်မှု ရှိရှိ ပြောလာခဲ့သည် “ ဒါပင်မဲ့ အခု မင်းကို ငါပေးထားတဲ့ တောင်ဖြိုခွဲ ဆေဘာသိုင်းရဲ့ စတုတ္ထအဆင့်ကတော့ အခုချက်ချင်း လေ့ကျင့်လို့ရတယ်။ အဲ့တာရဲ့ စွမ်းအားက တစ်ချို့ အဆင့်မြင့် တိုက်ခိုက်ရေး နည်းစနစ်တွေနဲ့ ယှဥ်လို့ရတယ် “
ရှုကျိုး၏ စိတ်နှလုံးသား တုန်ရင်သွားခဲ့သည်။
သိုင်းပညာရှင် ပထမအဆင့်သို့ ရောက်ရှိလာခဲ့ပြီးသည့်နောက်၌ လေ့ကျင့်သည့် နည်းစနစ်များထံတွင်လည်း အဆင့်များ ရှိလာခဲ့ပြီး၊ အဆင့်မြင့် နည်းစနစ်များသည် အမြင့်ဆုံးသော အရည်အသွေးကို ကိုယ်စားပြုနေခဲ့သည်။
အဆင့်တူထဲတွင် အဆင့်မြင့် နည်းစနစ်များကို လေ့ကျင့်ထားသည့် သိုင်းပညာရှင်က အဆင့်နိမ့် နည်းစနစ်များကို လေ့ကျင့်ထားသည့် သိုင်းပညာရှင်ထပ် ပို၍ အစွမ်းထက်နေမည် ဖြစ်သည်။
သို့သော် ချောင်ရုံ၏ ပြောစကားများအရ တောင်ဖြိုခွဲ ဆေဘာသိုင်း၏ စတုတ္ထအဆင့်သည် တစ်ချို့သော အဆင့်မြင့် တိုက်ခိုက်ရေး နည်းစနစ်များနှင့်ပင် ယှဥ်နေနိုင်ခဲ့သည်။
“ ကျေးဇူးတင်ပါတယ်၊ ဆရာ “ ရှုကျိုးသည် စိတ်ရင်းအမှန်ဖြင့် ကျေးဇူးတင်စကား ပြောလိုက်သည်။
၎င်းသည် နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ရသည့် သူ့ဆရာ၏ ကြိုးစားအားထုတ်မှုတစ်ခု ဖြစ်သည်။
ယနေ့တွင် သူသည် ၎င်းကို သူ့ထံသို့ ပေးအပ်လာခဲ့သည်၊ ၎င်းကား ဆရာ၏ အမွေအနှစ်ဟု သတ်မှတ်လိုက်ရမည် ဖြစ်သည်။
“ ကောင်းပြီလေ၊ ဒီနေ့အတွက်တော့ တော်ပြီ၊ အိမ်ကို စောစောပြန်တော့ “ ချောင်ရုံမှ လက်ဝေ့ယမ်းပြကာ ပြောလာခဲ့သည်။
“ ဟုတ်၊ ဆရာလည်း စောစောနားသင့်တယ်နော် “ ဟုရှုကျိုးမှ ပြန်ပြောလိုက်သည်။
ဆယ်နာရီပင် ထိုးနေခဲ့ကာ နောက်ကျနေခဲ့ပြီ ဖြစ်သည်။
ရှုကျိုးသည် ဆရာဖြစ်သူကို နှုတ်ဆက်ကာ လှည့်ထွက်သွားတော့သည်။
ရှုကျိုးထွက်သွားခဲ့သည့်နောက်တွင်
“ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ …… “ ချောင်ရုံသည် ပြတင်းပေါက်မှ ကျဆင်းလာခဲ့သော လရောင်ကို ကြည့်ကာ ရေရွတ်ပြောဆိုနေတော့သည် “ လူလေး၊ အဲ့မှာ မကျရှုံးစေနဲ့ “
“ ငါက ပညာစုံ မသင်ပေးရသေးဘူး “
…
အိမ်အပြန်လမ်းတွင် ရှုကျိုးသည် အိတ်ဆောင်စာအုပ်လေးကို ဆက်၍ လေ့လာဖတ်ရှုနေခဲ့သည်။
“ ဆေဘာသိုင်းရဲ့ စတုတ္ထအဆင့်က ဒီလောက်တောင် ပညာသားပါနေလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး “
ရှုကျိုးသည် တစ်ကိုယ်တည်း တီးတိုပြောဆိုနေခဲ့သည် “ တကယ်လို့ ငါကသာ စတုတ္ထအဆင့်ကို နားလည်သွားမယ်ဆိုရင်၊ ပထမအဆင့် သိုင်းပညာရှင်နဲ့ ရင်ဆိုင်ဖို့ အခွင့်အရေး ရလာနိုင်တယ် “
သူသည် အလွန် အံ့ဩတုန်လှုပ်သွားခဲ့သည်၊ ဆရာဖြစ်သူမှ ပေးခဲ့သော အရာသည် အလွန် အဖိုးတန်လွန်းလှသည်။
၎င်း၏ တန်ဖိုးသည် ငွေသားနှစ်သန်းထပ်ပင် ပိုများနေနိုင်လေသည်။
“ အိမ်အရင် ပြန်ရမယ် “ ရှုကျိုးသည် ၎င်းကို သိမ်းထားလိုက်တော့သည်၊ သူသည် မည်သည့်အရာကိုမှ မစားရသေးသောကြောင့် အတော်လေး ဆာလောင်နေခဲ့ပြီ ဖြစ်သည်။
…
အိမ်ပြန်ရောက်လာခဲ့ပြီးသည့်နောက်၌
လီရို့ရှီသည် ဧည့်ခန်းထဲတွင် ထိုင်နေခဲ့သည်၊ သူမ၏အသံသည် အေးစက်နေခဲ့သည် “ နောက်ကျမှ အိမ်ပြန်လာတယ်ပေါ့? “
“ ဆရာနဲ့ ခဏလောက် စကားပြောနေလို့ပါ “ ဟု ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။
ပြောနေရင်းဖြင့် သူသည် လီရို့ရှီကို တိတ်တဆိတ် ငေးကြည့်လိုက်သည်။
သူသည် လီရို့ရှိက သူ့နောက်မှ လိုက်လာခဲ့သည်ဆိုသည်ကို သိနေခဲ့သည်။
အိမ်ရောက်ခါနီး အချိန်တွင် သူမသည် အရှိန်တင်ကာ အိမ်အရင် ပြန်သွားခဲ့ခြင်း ဖြစ်သည်။ ထို့နောက်တွင် သူမသည် အိမ်ပြန်ရောက်သည်မှာ ကြာနေသကဲ့သို့ ဟန်ဆောင်နေခဲ့သည်။
“ ဘာလို့ ငါ့ကို ကြည့်နေတာလဲ? “ လီရို့ရှီမှ သိလိုစိတ်ဖြင့် မေးလာခဲ့သည်။
“ ဘာမှ မဟုတ်ပါဘူး “ ရှုကျိုးမှ ပြုံးပြလိုက်သည်။
သူသည် သူမ၏ တည်ရှိမှုကို သတိထားမိနေသည်မှာ ကြာနေခဲ့ပြီဟု ပြောချင်နေခဲ့သော်လည်း၊ တစ်ချို့သော အရာများကို တွေးတောခဲ့ပြီးသည့်နောက်တွင် ၎င်းကို မပြောတော့ရန် ဆုံးဖြတ်လိုက်သည်။
လီရို့ရှီသည် သူပြဿနာနှင့် ကြုံရနိုင်သည်ဟု တွေးတောကာ ထိုကဲ့သို့ လုပ်နေခဲ့ခြင်း ဖြစ်သည်။
“ ဟွမ်ယွင်ရွှယ်က ဒီရက်တွေအတွင်းမှာ နင့်ကို ပြဿနာ လာမရှာဘူးမလား? “ ဟုလီရို့ရှီမှ မေးမြန်းလာခဲ့သည်။
“ မရှာဘူး “ ရှုကျိုးမှ ခေါင်းခါပြလိုက်သည်။
၎င်းကို စကားစပ်မိသွားသောအခါတွင် သူသည် ထူးဆန်းသည့် အရာတစ်ခုကို အမှတ်ရသွားခဲ့သည် “ ဒီရက်ပိုင်းအတွင်းမှာ ဟွမ်ယွင်ရွှယ်က လျူဟီခေါင်းဆောင်တဲ့ အတွင်းမြို့တော်က ကျောင်းသူကျောင်းသားတွေနဲ့ အဖွဲ့ကျနေတယ် “
“ ငါကြားထားတာကတော့ အဲ့နှစ်ကောင်က သီးသန့်တွေ့နေကြတယ်တဲ့၊ သူတို့က တစ်ခုခု ကြံနေကြတာများလား? “
ရှုကျိုးသည် လီရို့ရှီကို ကြည့်နေရင်းဖြင့် မျက်နှာညှိုးသွားခဲ့သည်။
ဟွမ်ယွင်ရွှယ်နှင့် လျူဟီတို့မှာ အဆက်အဆံ မလုပ်ကြသော်လည်း၊ သူသည် ထိုနှစ်ဦးစလုံးနှင့် ပြဿနာ တက်ထားသောကြောင့် ထိုနှစ်ဦးက ရုတ်တရက် ရင်းနှီးသွားသည်ဟု သံသယဖြစ်နေခဲ့သည်။
ထို့အပြင် ရှီလဲ့တို့အဖွဲ့မှာလည်း သူတို့၏ အတွင်းမြို့တော်ကလူဟူသည့် အနေအထားကို အသုံးချကာ ပြဿနာများ ဖန်တီးခဲ့ဖူးသောကြောင့် ဤကာလအတွင်း တိတ်ဆိတ်ငြိမ်သက်နေခဲ့ခြင်းမှာ အလွန်ထူးဆန်းလွန်းလှသည်။
“ သူတို့ကို လျစ်လျူရှုထားလိုက် “
လီရို့ရှီကမူ အတော်လေး တည်ငြိမ်နေခဲ့သည်။
“ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူက သုံးရက်အတွင်း ဖွင့်တော့မယ် “ သူမမှ အလေးအနက်ထားကာ ပြောဆိုလာခဲ့သည် “ နင့်ရဲ့ တိုက်ပွဲဝင် သံချပ်ကာကို သေချာပြင်ဆင်ထား၊ နင့်ကိုယ်နင်ရောပဲ “
“ ကောင်းပြီလေ “ သူမက စိတ်အေးလက်အေး ဖြစ်နေသည်ကို မြင်လိုက်ရသောအခါတွင် ရှုကျိုးသည် မည်သည့်အရာကိုမှ ထပ်ပြောမနေတော့ပေ။
သူသည် ထမင်းစားစားပွဲဆီသို့ လမ်းလျှောက်သွားလိုက်ရာ အလွန်အံ့ဩသွားခဲ့သည်။
ညဆယ့်တစ်နာရီပင် ထိုးပြီးခဲ့ပြီ ဖြစ်သော်လည်း စားပွဲပေါ်ရှိ ဟင်းလျာများသည် အငွေ့တလူလူဖြင့် ပူကျစ်နေစဲဖြစ်ပြီး၊ လီရို့ရှီမှ သူ့အတွက် နွှေးပေးထားခဲ့သည့် ပုံပင်။
ရှုကျိုးသည် သူမက ပြန်လှည့်ကြည့်လိုက်ရာ၊ သူမသည် သူ့ကို လျစ်လျူရှုထားပြီး သူမ၏အခန်းထဲသို့ ဝင်သွားသည်ကိုသာ မြင်တွေ့လိုက်ရသည်။
ညသန်းခေါင်တွင် ရှုကျိုးသည် သူ၏ဗိုက်ကို ဖြည့်ပြီးခဲ့သည့်နောက်တွင် အိပ်ခန်းထဲသို့ ဝင်သွားတော့သည်။
“ ဝူးးးး “
တံခါးကို ဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် သူ့ထံသို့ လေပြင်းတစ်ခု ရိုက်ခတ်လာခဲ့သည်။
၁.၆မီတာမြင့်ကာ ၂.၃မီတာ ရှည်လျားသော သားရဲတစ်ကောင်သည် ကြမ်းပြင်ပေါ်တွင် ဝပ်နေခဲ့ကာ ၎င်းသည် အိပ်ခန်းတစ်ခုလုံးနီးပါး နေရာယူထားခဲ့သည်။
ရှုကျိုးသည် ဆေဘာသွား နဂါးသားရဲကို ကြည့်လိုက်ပြီး သက်ပြင်းတချချ ဖြစ်သွားတော့သည်။
ဒီကောင်က ဒီရက်တွေအတွင်းမှာ ပိုပိုကြီးလာတယ်၊ အခုဆို လူတစ်ရပ်လောက်နီးပါး ဖြစ်နေပြီ။
“ ဒီလိုအရွယ်အစားမျိုးရှိတဲ့ အကောင်ကြီးနဲ့ ငါက နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲကို ဘယ်လိုဝင်သွားရမှာလဲ? “ ရှုကျိုး၏ စိုးရိမ်ပူပန်မှုသည် ပို၍ ကြီးထွားလာခဲ့သည်။
နတ်ဆိုးတစ်ထောင် လှိုဏ်ဂူမှာ သုံးရက်အတွင်း ပွင့်လာတော့မည် ဖြစ်ပြီး၊ အကယ်၍ အဆိုပါ ပြဿနာကို မဖြေရှင်းနိုင်ဘူးဆိုပါက ပြဿနာ တက်သွားရမည် ဖြစ်သည်။
…………………………………………………………………………………………………...
အပိုင်း ( 44 )
နောက်ဆုံးတော့ ချမ်းသာလာပြီ
နောက်တနေ့ နံနက်ခင်း နိုးလာခဲ့သည့် အချိန်တွင် ရှုကျိုးသည် သူ၏ဖုန်းထဲတွင် မဖတ်ရသေးသော စာအများအပြား ရောက်ရှိနေသည်ကို မြင်တွေ့သွားခဲ့သည်။
ရှုကျိုးသည် ၎င်းတို့ကို ဖွင့်ဖတ်လိုက်ရာ ချက်ချင်း အံ့ဩသွားခဲ့သည်။
“ ပိုက်ဆံတွေ ရောက်လာပြီလား?? “
သူ၏ဘဏ်အကောင့်ထဲတွင် အပို ၁.၀၉သန်း ရှိနေခဲ့သည်။
တစ်သန်းသည် လျူချင်းယွမ်၏ ကိုယ်ပိုင် ဘဏ်အကောင့်ထံမှ ရောက်ရှိလာခြင်း ဖြစ်ပြီး၊ တစ်ခြား ယွမ် ၉သောင်းသည် ရှားမိသားစု၏ လမ်းကြောင်းဆီမှ လွှဲပေးလာခဲ့ခြင်း ဖြစ်သည်၊ ၎င်းသည် နှစ်စဥ်ထောက်ပံ့ကြေး၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် လစဥ်ကြေး ဖြစ်သည်။
ထိုအချိန်တွင် ရှုကျိုးသည် အပျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
သူသည် ဤမျှများပြားသော ပိုက်ဆံများကို တစ်ကြိမ်တစ်ခါမှ မမြင်ခဲ့ဖူးချေ။
တစ်သန်းကျော်ဟူသည့် ငွေသားသည် လူအများစု၏ တစ်သက်တာ ဝင်ငွေနှင့်ပင် ညီမျှနေနိုင်လေသည်။
သို့သော် ရှုကျိုးသည် မကြာခင်မှာပင် စိတ်တည်ငြိမ်သွားခဲ့ပြီး၊ လျူချင်းယွမ် ပို့ထားသည့် မက်ဆေ့ကို ကြည့်လိုက်သည်။
“ ငွေတွေကို မင်းအကောင့်ထဲ ထည့်ပေးပြီးသွားပြီ၊ ကျင့်ကြံရေး အရင်းအမြစ်တွေကတော့ နောက်ရက်အနည်းငယ်အတွင်းမှာ ပို့ပေးလိမ့်မယ် “
“ ပြီးတော့ Aအဆင့် အဖွဲ့ဝင် တစ်ယောက်အနေနဲ့၊ မင်းက ရှားမိသားစုရဲ့ အထူးလက်နက်တွေကို တိုက်ရိုက်ဝယ်လို့ရတယ်။ ဒါက ရှားမိသားစုရဲ့ အတွင်းပိုင်း လင့်ပဲ “
“ မင်းမှာလိုက်တာနဲ့ တစ်ပြိုင်နက် အဲ့တာတွေကို တောင်ပိုင်းပြည်နယ်ကနေ မင်းရဲ့နေရာဆီကို ပို့ဖို့အတွက် အချိန်အနည်းငယ် ယူရလိမ့်မယ် “
မက်ဆေ့သည် အလွန်ရိုးရှင်းလွန်းလှသည်။
လျူချင်းယွမ်သည် အင်တာနက် အကောင့်တစ်ခုနှင့် အလွန်ရှုပ်ထွေးလှသည့် အလွှာရှစ်ခုပါ လျှို့ဝှက်နံပတ်များပါဝင်သည့် လျှို့ဝှက်နံပတ်ကိုပါ ပေးပို့လာခဲ့သည်။
၎င်းတို့အားလုံးကို ဖတ်ရှုခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် လင့်ကို ချက်ချင်း နှိပ်လိုက်သည်။
အလွှာရှစ်ခု လျှို့ဝှက်နံပတ်ကို ဖြေရှင်းခဲ့ပြီးသည့်နောက်တွင် တလက်လက် တောက်ပနေသော ပစ္စည်းများသည် သူ၏မျက်လုံးများ ရှေ့တွင် ပေါ်လာခဲ့သည်။
အခြေခံ ကျင့်ကြံရေး ဆေးရည် : မူလအဆင့် ကျင့်ကြံရေး ဆေးရည်၊ အလယ်အလတ်အဆင့် ကျင့်ကြံရေး ဆေးရည်၊ အဆင့်မြင့် ကျင့်ကြံရေး ဆေးရည် ……..
ရှား တိုက်ပွဲဝင် သံချပ်ကာ : Eအဆင့် ၁၀၀အမျိုးအစား သံချပ်ကာ၊ Eအဆင့် ၂၀၀အမျိုးအစား သံချပ်ကာ၊ Eအဆင့် ၃၀၀အမျိုးအစား သံချပ်ကာ ………….
ရှား လက်နက်များ : ……..
…
“ မူလအဆင့် ကျင့်ကြံရေး ဆေးရည်အတွက် ယွမ် ၃ထောင်လား? “ ရှုကျိုးသည် ဈေးနှုန်းကြောင့် အနည်းငယ် အံ့ဩသွားခဲ့သည်။
ကျောင်းမှ ထောက်ပံ့ပေးထားသော မူလအဆင့် ကျင့်ကြံရေး ဆေးရည်များသည် ယွမ်၁ထောင်သာလျှင် ကျသင့်သည်။
ဒါပင်မဲ့ အပြင်ပေါက်ဈေးက သုံးဆတောင် များနေတာလား?
အလယ်အလတ်အဆင့် ကျင့်ကြံရေး ဆေးရည်၏ ဈေးနှုန်းကား ပို၍ကြောက်မက်ဖွယ်ကောင်းလှသည်၊ တစ်ပုလင်းလျှင် ယွမ် ၁သောင်းကျသင့်မည် ဖြစ်သည်။
“ ငွေတစ်သန်းက အလယ်အဆင့် ဆေးပုလင်း ၁၀၀ပဲ ဝယ်လို့ရတာလား? ” ရှုကျိုး အံ့အားသင့်သွားတော့သည်။
တစ်သန်းဟူသည့် ပမာဏသည် လင်းဂျန်မြို့တွင် အိမ်တစ်လုံး ဝယ်နိုင်လေသည်။
သို့ရာတွင် ကျင့်ကြံရေး ဆေးပုလင်းများ ဝယ်ယူရာတွင် အကန့်အသတ်ရှိနေခဲ့ပြီး၊ တစ်လလျှင် အများဆုံး ၁၀ပုလင်းသာ ဝယ်ယူနိုင်မည် ဖြစ်သည်။
တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် ကူရာကယ်ရာမဲ့စွာဖြင့် ခေါင်းခါလိုက်ပြီး၊ တိုက်ပွဲဝင် ချပ်ဝတ်တံဆာ၏ မိတ်ဆက်မှုအပိုင်းကို ကြည့်ရှုနေတော့သည်။
( သံချပ်ကာအစား ချပ်ဝတ်တံဆာလို့ ပြောင်းသုံးသွားပါမယ် )
အဆိုပါ ချပ်ဝတ်တံဆာအားလုံးသည် ရှားမိသားစုမှ စိတ်ကြိုက်ပြင်ဆင် ပြုလုပ်ထားသည့် တိုက်ပွဲဝင် ချပ်ဝတ်တံဆာများဖြစ်ပြီး၊ သာမန်ချပ်ဝတ်တံဆာများထပ် များစွာပိုမို အစွမ်းထက်နေခဲ့ကာ ပြင်ပတွင် မရရှိနိုင်သော ပစ္စည်းများ ဖြစ်သည်။
ချပ်ဝတ်တံဆာများကိုမူ အရည်အသွေးအပေါ်တွင် မူတည်၍ Aမှ Eအဆင့်အထိ ခွဲခြားထားခဲ့သည်။
“ Eအဆင့် ၁၀၀အမျိုးအစား ချပ်ဝတ်တံဆာသည် ပထမတန်းစား ဗီဇပြောင်းသားရဲဆီမှ တိုက်ခိုက်မှု စွမ်းအားကို ၅% လျှော့ချပေးနိုင်သည် “
“ Eအဆင့် ၂၀၀အမျိုးအစား ချပ်ဝတ်တံဆာသည် ပထမတန်းစား ဗီဇပြောင်းသားရဲဆီမှ တိုက်ခိုက်မှု စွမ်းအားကို ၁၅% လျှော့ချပေးနိုင်သည် “
“ Eအဆင့် ၃၀၀အမျိုးအစား ချပ်ဝတ်တံဆာသည် ပထမတန်းစား ဗီဇပြောင်းသားရဲဆီမှ တိုက်ခိုက်မှု စွမ်းအားကို ၄၀% လျှော့ချပေးနိုင်သည် “
မိတ်ဆက်အကြောင်းအရာကို ဖိတ်ခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် တိတ်တဆိတ် အံ့ဩတုန်လှုပ်သွားခဲ့သည်။
Eအဆင့် ၃၀၀အမျိုးအစား ချပ်ဝတ်တံဆာက တိုက်ခိုက်မှု စွမ်းအားကို ၄၀%တောင် လျှော့ချပေးနိုင်တာလား?
၎င်းသည် တစ်ဝက်နီးပါးပင် ဖြစ်နေခဲ့ပြီဖြစ်သည်။
ထို့အပြင် ၎င်းသည် ပထမတန်းစား ဗီဇပြောင်းသားရဲ ဖြစ်သည်။
( အဆင့် ၁၀ဆိုတာက အဆင့်သေးပါ ပထမတန်းစားက အဆင့်မြင့် အကောင်ပါ၊ရှုကျိုးတို့လိုပေါ့ အဆင့်သေး ၁၀ခုကျော်သွားရင် အဆင့်ကြီး ၁ကို ရောက်သွားတာမျိုးပါ )
ရှုကျိုး၏ လက်ရှိ စွမ်းအားက ကြောက်မက်ဖွယ်ကောင်းနေပြီ ဖြစ်သော်လည်း၊ သူသည် ပထမတန်းစား ဗီဇပြောင်းသားရဲနှင့် ရင်ဆိုင်ရမည်ဆိုပါက ၎င်းကို အနိုင်တိုက်မည့် သူ၏အမြင့်ဆုံးသော အခွင့်အရေးမှာ ၁၀% သာလျှင်ရှိနေမည် ဖြစ်သည်။
အကယ်၍ ပထမတန်းစား ဗီဇပြောင်းသားရဲတစ်ကောင်မှ ရုတ်တရက် ချုံခိုတိုက်ခိုက်လာခဲ့မည်ဆိုပါက တုံ့ပြန်ချိန် ရလိမ့်မည် မဟုတ်ပေ။
ထိုကဲ့သို့သော အချိန်မျိုးတွင် အဆိုပါ ချပ်ဝတ်တံဆာများမှာ အသက်ကယ် ရတနာများ ဖြစ်လာလိမ့်မည် ဖြစ်သည်။
သို့သော် ဈေးနှုန်းများကို ကြည့်လိုက်သောအခါတွင် သူပို၍ အံ့ဩတုန်လှုပ်သွားခဲ့သည် “ လေးသိန်းလား? “
ဘယ်လိုလုပ်ပြီးတော့ အဲ့လောက်တောင် ဈေးကြီးနေရတာလဲ?
ချပ်ဝတ်တံဆာတစ်ခုက ဘာလို့ လေးသိန်းတောင် ကုန်ကျနေရတာလဲ?
အဲ့တာက ဓားပြတိုက်နေတာ မဟုတ်ဘူးလား?
ရှုကျိုးသည် အနည်းငယ် မကျေမနပ် ဖြစ်သွားခဲ့သော်လည်း ဖော်ပြချက်ကို တွေ့သွားသည့်နောက်၌ ပြောစရာစကား ပျောက်ရှသွားတော့သည်။
“ ဗီးနပ်စ်ဂြိုဟ်က အထူးပစ္စည်းတွေနဲ့ လုပ်ထားတာလား? “
ရိုးရှင်းသော စာကြောင်းလေးတစ်ခုသာလျှင် ဖြစ်သည်။
ရှုကျိုးသည် ၎င်းက မည်သည့်အတွက်ကြောင့် ဈေးအလွန်မြင့်နေရလဲဆိုသည်ကို ကောင်းစွာနားလည်သွားတော့သည်။
ပြည်တွင်းက ပစ္စည်းမဟုတ်ဘူးပဲ၊ ဂြိုဟ်သားပစ္စည်း ဖြစ်နေတာကိုး !!
“ လေးသိန်း၊ တကယ်ကို ဈေးကြီးတာပဲ “ ရှုကျိုးသည် စိတ်ထဲတွင် ရေရွတ်ပြောဆိုနေခဲ့သည်။
သို့သော် ယမန်နေ့က ဆရာဖြစ်သူမှ ပြောပြခဲ့သည့် အန္တရာယ်များကို အမှတ်ရသွားသောအခါတွင် ………
“ ဝယ်မယ် “ ရှုကျိုးသည် အံကြိတ်ကာ အော်ဒါတင်လိုက်သည်။
ငွေနှင့် အသက်တွင် အသက်ကသာလျှင် ပို၍ အရေးကြီးပေသည်။
အော်ဒါတင်လိုက်သည့်အချိန်တွင် သူသည် အကျဥ်းချုံး၍ စဥ်းစားလိုက်ပြီး Eအဆင့် ၃၀၀အမျိုးအစား ချပ်ဝတ်တံဆာနှစ်ခု ဝယ်ယူရန် ဆုံးဖြတ်လိုက်သည်။
လက်ကျန်ငွေ : ၂၉၀၀၀၀
ထို့နောက်တွင် ရှုကျိုးသည် လက်နက်စာမျက်နှာကို ဆက်၍ ကြည့်ရှုနေခဲ့သည်။
၎င်းတို့သည် ရှား လက်နက်များဖြစ်သည်။
ရှားတို့၏ လက်နက်များသည် သာမန်လက်နက်များထပ် ပို၍ အစွမ်းထက်လှသည်။
၎င်းတို့သည် စွမ်းအားကို တိုးမြှင့်ပေးနိုင်လေသည်။
အချိန်တစ်ချို့ ပေးခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် Eအဆင့် ၃၀၀အမျိုးအစား ထန်ဓားကို ယွမ် ၂၅၀၀၀၀ သုံးကာ ဝယ်ယူလိုက်သည်။
( ထန်မင်းဆက်လက်ထက်က ဓားတစ်မျိုးပါ၊ ဓားရဲ့ ရှေ့ဖျားပိုင်းလေးက နည်းနည်းလေး ကွေးတဲ့ဓားပါ )
အဆိုပါ Eအဆင့် ၃၀၀အမျိုးအစား ထန်ဓားသည် တိုက်ခိုက်ရေး စွမ်းအားကို ၁၀% မြှင့်တင်ပေးနိုင်လေသည်။
၁၀%ကို အထင်မသေးသင့်ပေ။
ဥပမာအားဖြင့် သာမန်ဓားတစ်လက်ကို အသုံးပြုထားသည့် တောင်ဖြိုခွဲ ဆေဘာသိုင်းသည် ပြင်းအား ၁၀၀ထုတ်လုပ်ပေးနိုင်မည်ဆိုပါက ရှားတို့၏ Eအဆင့် ၃၀၀အမျိုးအစား ထန်ဓားကို အသုံးပြုထားသော တောင်ဖြိုခွဲ ဆေဘာသိုင်းကမူ ပြင်းအား ၁၁၀ ထုတ်လုပ်ပေးမည် ဖြစ်သည်။
ရှုကျိုးသည် ကျန်ရှိနေသော ၄သောင်းကို ဆက်မသိမ်းထားဘဲ၊ အလယ်အဆင့် ကျင့်ကြံရေး ဆေးရည် လေးပုလင်း ဝယ်ယူကာ အပြောင်ရှင်းလိုက်သည်။
ငွေအားလုံး ကုန်ဆုံးလုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။
လက်ကျန်ငွေ : 0
တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် ဗလာဖြစ်သွားသည့် လက်ကျန်ငွေကို ကြည့်ကာ အတွေးနက်သွားတော့သည်။
အခုလေးတင်မှ ငွေတစ်သန်း ရထားပြီးတော့ သောက်ရမ်း ချမ်းသာနေပြီလို့ ခံစားနေခဲ့ရတာလေကွာ၊ ဘယ်လိုလုပ်ပြီးတော့ ချက်ချင်းကြီး ပြန်မွဲသွားရတာလဲဟ?
မကြာခင်မှာပင် ရှုကျိုးသည် ထိုကိစ္စအား တွေးပူနေခြင်းကို ရပ်တန့်ပစ်လိုက်သည် ” အဲ့ပစ္စည်းတွေ ရောက်လာတာနဲ့ ငါ့ရဲ့ အစွမ်းတွေက ထပ်တိုးသွားတော့မယ် “
သူသည် အသာအယာ ပြုံးနေတော့သည်။
ပစ္စည်းများသည် ပြင်ပအရာဝတ္ထုများ ဖြစ်သော်လည်း၊ ၎င်းတို့သည် စွမ်းအား၏ တစ်စိတ်တစ်ပိုင်းပင် ဖြစ်သည်။
ကျေနပ်နေသော စိတ်အခြေအနေနှင့်အတူ ရှုကျိုးသည် အခန်းအပြင်ဘက်သို့ ထွက်လာခဲ့ပြီး၊ မနက်စာစားရန် ထွက်သွားတော့သည်။
မနက်စာစားခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် အိမ်နောက်ဘက်တွင် တောင်ဖြိုခွဲ ဆေဘာသိုင်းကို တစ်ခဏခန့် လေ့ကျင့်နေခဲ့သည်။
ယမန်နေ့ညက သူသည် ချောင်ရုံ ပေးခဲ့သည့် တောင်ဖြိုခွဲ ဆေဘာသိုင်း၏ စတုတ္ထအဆင့်ကို နားလည်လုနီးပါးပင် ဖြစ်သွားခဲ့သည်။
သို့သော် သူ၏ တောင်ဖြိုခွဲ ဆေဘာသိုင်းသည် တတိယအဆင့်တွင်သာ ရှိနေသေးစဲဖြစ်သည်။
တတိယအဆင့်ကို ပြီးပြည့်စုံအောင် လေ့ကျင့်ပြီးသည့်နောက်တွင် စတုတ္ထအဆင့်ကို စတင် လေ့ကျင့်နိုင်မည် ဖြစ်သည်။
…
မနက်ခင်း ၉နာရီတွင် ရှုကျိုးသည် သူ၏ကျောဘက်ရှိ ထန်ဓားနှင့်အတူ ကျောင်းသို့ ထွက်ခွာလာခဲ့သည်။
ထို့နောက်တွင် သူသည် ကျောင်းအုပ်ကြီး၏ ရုံးခန်းဆီသို့ တိုက်ရိုက်ဦးတည်သွားပြီး၊ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူအကြောင်းကို ကျောင်းအုပ်ကြီးထံမှ သင်ယူရန် စီစဥ်နေတော့သည်။
သို့သော် ကျောင်းအုပ်ကြီး၏ ရုံးခန်းဆီသို့ ရောက်ရှိသွားသောအခါတွင် အထဲတွင် လူအများအပြား ရှိနေသည်ကို သူမြင်တွေ့သွားခဲ့သည်။
ထိုလူများနှင့် အလွန်တရင်းတနှီးရှိသောကြောင့် ရှုကျိုး အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
“ ရှီလဲ့လား? “
ထိုလူများက အတွင်းမြို့တော်မှ ကျောင်းသားများဖြစ်သည့် ရှီလဲ့တို့ အုပ်စုဖြစ်နေသောကြောင့် ရှုကျိုး အနည်းငယ် အံ့ဩသွားခဲ့သည်။
သူတို့ကို မတွေ့ရတာတောင် ကြာနေပြီ၊ ဒီကောင်တွေက ကျောင်းအုပ်ကြီး ရုံးခန်းထဲမှာ ဘာလာလုပ်နေကြတာလဲ?
“ အစ်မလား? “ ထိုအချိန်တွင် ရှုကျိုးသည် အထဲတွင် လီရို့ရှီပါ ရှိနေသည်ကို ရုတ်တရက် သတိပြုမိသွားခဲ့သည်။
ထိုအခိုက်အတန့်တွင် ရုံးခန်းထဲတွင် ရပ်နေသည့် ရှီလဲ့သည် ကျောင်းအုပ်ကြီးကို စောဒကတက်နေခဲ့သည်။
“ ကျောင်းအုပ်ကြီး ကျွန်တော့် အတန်းဖော်တွေကို ကြည့်ပါဦးဗျာ “
ရှီလဲ့၏ အနောက်ဘက်ရှိ အတွင်းမြို့တော်မှ ကျောင်းသားများသည် မျက်နှာများ ညိုမဲယောင်ကိုင်းနေလျက်ရှိသည်၊ တစ်ချို့သည် ထူးဆန်းသော အနေအထားဖြင့် လက်မောင်းများ ကျိုးကြေနေကြသည်။
“ ကျောင်းအုပ်ကြီး “ ရှီလဲ့မှ တလေးတနက် ပြောဆိုလာခဲ့သည် “ လီရို့ရှီက သူတို့ကို အဲ့ဒီလို ဖြစ်အောင် ရိုက်နှက်ခဲ့ပါတယ်၊ တစ်ခုခု မလုပ်ပေးတော့ဘူးလားဗျ? “
ကျောင်းအုပ်ကြီးသည် လေးလေးနက်နက် မျက်မှောင်ကြုတ်သွားခဲ့သည်။
သူသည် မကောင်းမှုကို ရန်သူကဲ့သို့ မုန်းတီးတတ်သည့် လီရို့ရှီ၏ စရိုက်ကို ကောင်းစွာသိနေခဲ့သည်။
သို့သော် ယနေ့သည် ထိပ်တန်းအယောက် ၁၀၀အတွက် ဆုလဒ်များ ဖြန့်ဝေသည့် နေ့ရက်ဖြစ်နေခဲ့သည်၊ ဒီလိုအရေးကြီးတဲ့ နေ့မျိုးမှာ သူမက အတွင်းမြို့တော်က ကျောင်းသားတစ်စုကို ပြင်းထန်တဲ့ ဒဏ်ရာတွေ ရသွားအောင် ရိုက်ခဲ့တာလား?
သူသည် လီရို့ရှီမှ ထိုမျှလောက် မတုံးအဘူးဟု ယုံကြည်နေခဲ့သည်။
တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် ကျောင်းအုပ်ကြီးမှ ဖြည်းညှင်းစွာ ပြောလာခဲ့သည် “ လီရို့ရှီ၊ မင်းကိုယ်မင်းအတွက် ရှင်းပြလို့ ရမလား? “
လီရို့ရှီထံတွင် မည်သည့်အမူအရာမှ ရှိမနေခဲ့ဘဲ၊ သူမသည် တည်တည်ငြိမ်ငြိမ်သာ ဖြစ်နေခဲ့သည် “ ကျွန်မ မဟုတ်ပါဘူး “
“ နင်မဟုတ်ဘူးလား? “
ရှီလဲ့မှ ရွဲ့စောင်း၍ ပြောလာခဲ့သည် “ ကျောင်းထဲမှာ နင်ကလွဲပြီးတော့ ဘယ်သူက သူတို့ကို အဲ့လိုရိုက်နိုင်လို့လဲ? ဘယ်သူက လုပ်ရဲလို့လဲ? “
“ လွန်ခဲ့တဲ့ ဆယ်ရက်တုန်းက တတိယနှစ် စာသင်ဆောင်အောက်မှာ နင်ငါတို့ကို တိုက်ခိုက်ခဲ့တာကို လူတွေအများကြီး မြင်ခဲ့တယ် “
ကျောင်းအုပ်ကြီးသည်လည်း လီရို့ရှီကို ကြည့်ကာ လေးလေးနက်နက် ပြောလာခဲ့သည် “ တကယ်ပဲ၊ နင်က သူတို့ကို လွန်ခဲ့တဲ့ ဆယ်ရက်တုန်းက ရိုက်ခဲ့တယ်လို့ တစ်ယောက်ယောက်က ငါ့ကို သတင်းပို့ထားတယ် “
လီရို့ရှီသည် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည် “ အဲ့ဒီအချိန်တုန်းက သူတို့က ရှုကျိုးကို အနိုင်ကျင့်နေတာလေ၊ ကျွန်မက သူတို့ကို ဒဏ်ရာအနာတရ ဖြစ်အောင်မလုပ်ဘဲ ခြိမ်းပဲခြိမ်းခြောက်ခဲ့တာပါ “
လွန်ခဲ့သော ဆယ်ရက်ခန့်က သူမ အမှန်တကယ် လှုပ်ရှားခဲ့သည်။
ထိုအချိန်က သူတို့သည် ရှုကျိုးအား ရေတွင်းအောက်မှ ဖားဟု လှောင်ပြောင်ခဲ့ကြသည်။
သူမသည် ၎င်းကို သည်းမခံနိုင်ဘဲ သင်ခန်းပေးရန် သွားခဲ့သည်၊ သို့သော် ခြိမ်းခြောက်ရုံသာ ခြိမ်းခြောက်ခဲ့ခြင်းဖြစ်ပြီး၊ ပြင်းပြင်းထန်ထန် မပြုလုပ်ခဲ့ပေ။
ထိုလူများသည် ခြစ်ရာလေးတစ်ခုပင် မရသွားခဲ့ပေ။
ပြင်းပြင်းထန်ထန် ဒဏ်ရာရခြင်းဆိုသည်ကား ပြောနေရန်ပင် လိုတော့မည် မဟုတ်ပေ။
ယခုတွင် အဆိုပါ အတွင်းမြို့တော်မှ ကျောင်းသားတစ်စု၏ လက်များ ကျိုးကြေနေခဲ့သည်၊ ထိုကဲ့သို့ ပြင်းထန်လွန်းလှသော ဒဏ်ရာများသည် သူမ လုပ်ခဲ့သော အရာများ ဖြစ်သည်။
“ ကျောင်းအုပ်ကြီး၊ သူမက ဝန်မခံသေးဘူး “ ရှီလဲ့မှ လှောင်ပြောင်လာခဲ့သည် “ ကျုပ်တို့ ညီအစ်ကိုတွေ အားလုံးက အတွင်းမြို့တော်က လူတွေချည်းပဲ၊ ကျောင်းထဲက ဘယ်သူကမှ သူတို့ကို ထိရဲမှာ မဟုတ်ဘူး “
“ လီရို့ရှီတစ်ယောက်တည်းကပဲ သူတို့ကို ရင်ဆိုင်ရဲတာ “
ရှီလဲ့မှ အခိုင်အမာ ပြောဆိုလာခဲ့သည် “ ကျွန်တော်ကတော့ ဒီကိစ္စကို ထပ်ပြီးစုံစမ်းစစ်ဆေးနေဖို့ မလိုဘူးလို့ ထင်တယ်။ ဒီလအတွက် သူမရဲ့ ဆုလဒ်တွေကိုသာ နှုတ်လိုက်ပါ “
လီရို့ရှီမှ ရယ်မောနေတော့သည်။
တစ်ဖက်လူ၏ ရည်ရွယ်ချက်မှာ ရိုးရှင်းလွန်းလှသည်။
သူမသည် ရှီလဲ့ကို ကြည့်ကာ ပြောလိုက်သည် “ အရင်လက ငါ့ရဲ့ကျင့်ကြံရေး အရင်းအမြစ်တွေကို လုသွားတယ်၊ အခုကျတော့ ဒီလအတွက် အရင်းအမြစ်တွေကိုပါ ဖြတ်ခုတ်မလို့ ကြိုးစားနေပြန်ပြီပေါ့။ ရှီလဲ့၊ နင်က လျူဟီရဲ့ တကယ့် ခွေးကောင်းတစ်ကောင်ပဲ “
သူမသည် သူတို့၏ ရည်မှန်းချက်ကို ယောင်ဝါးဝါး ခန့်မှန်းမိခဲ့ပြီးပြီ ဖြစ်သည်။
သူမ၏ ကျင့်ကြံရေး အရင်းအမြစ်များကို ဖြတ်တောက်ကာ သူမ၏ အစွမ်းကို လျော့နည်းသွားစေလိုခြင်း ဖြစ်သည်။
ထိုကဲ့သို့ ဖြစ်နေမှသာ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် လျူဟီမှ သူမကို အလွယ်တကူ ကိုယ်တွယ်နိုင်မည် ဖြစ်သည်။
လီရို့ရှီ၏ မျက်နှာထား အေးစက်သွားကာ ပြောလာခဲ့သည် “ ကျောင်းအုပ်ကြီးရှင်၊ အဲ့တာတွေက သူတို့ဘာသာ လုပ်ထားတဲ့ ကိစ္စတွေပါ “
“ နင်က အဓိပ္ပါယ် မရှိတာတွေ လျှောက်ပြောနေတာပဲ “
ရှီလဲ့မှ လှောင်ပြောင်လာခဲ့သည် “ နင့်စကားအရဆိုရင် သူတို့က သူတို့ကိုယ်သူတို့ ရိုက်နှက်ခဲ့တာလား? “
“ အဲ့ဒီဒဏ်ရာတွေက ကိုယ့်ကိုကိုယ် ရိုက်နှက်လို့ ရခဲ့တဲ့ ဒဏ်တွေ မဟုတ်ဘူး၊ တစ်ယောက်ယောက်က ရိုက်ထားတယ်ဆိုတာ အရှင်းကြီးပဲ “
ရှီလဲ့သည် လီရို့ရှီကို ကြည့်ကာ လှောင်ပြောင်လာခဲ့သည် “ ငါတို့ကြားမှာ ပဋိပက္ခတွေရှိတယ်ဆိုတာကို တစ်ကျောင်းလုံးက သိကြတယ်။ ငြင်းခုန်နေတာ ရပ်ပြီးတော့ ဝန်ခံလိုက်ဖို့ နင့်ကိုငါ အကြံပေးလိုက်မယ် “
လီရို့ရှီသည် သူ့ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်၊ သူမ၏ လှပသော မျက်နှာလေးသည် ပိုပို၍ အေးစက်လာခဲ့သော်လည်း မည်သည့်အရာကိုမှ ထပ်မပြောလာတော့ပေ။
အားလုံး၏ အမြင်တွင် သူမသည် သံသယ ဖြစ်စရာ အကောင်းဆုံး လူတစ်ဦး ဖြစ်နေခဲ့သည်။
သူမချောက်ချခံနေရသည်ဆိုသည်ကို သူမတစ်ဦးတည်းကသာလျှင် သိနေခဲ့သည်။
ထို့နောက်တွင် ကျောင်းအုပ်ကြီးမှ ဖြည်းညှင်းစွာ ပြောလာခဲ့သည် “ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူက ဖွင့်တော့မယ်၊ ဒီလိုအရေးကြီးတဲ့ အချိန်မျိုးမှာ လီရို့ရှီက ရူးရူးမိုက်မိုက် လုပ်ခဲ့မှာ မဟုတ်ဘူး “
ရှီလဲ့၏ အမူအရာ ပြောင်းလဲသွားတော့သည်၊ သူသည် ကျောင်းအုပ်ကြီးက လီရို့ရှီဘက်သို့ ယိမ်းနေသည်ဆိုသည်ကို အာရုံခံမိသွားတော့သည်။
သူသည် အံကြိတ်ကာ ပြောလာခဲ့သည် “ တကယ်လို့ သူမ မဟုတ်ဘူးဆိုရင် ကျွန်တော် လုပ်တာလား? “
“ အဲ့တာက ဘယ်သူလုပ်လဲဆိုတာကို ကျွန်တော်သိတယ် “
ထိုအခိုက်အတန့်တွင် အပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ရှုကျိုးသည် ဖြည်းညှင်းစွာ လမ်းလျှောက်ဝင်လာခဲ့ပြီး၊ ရှီလဲ့ကို တစ်ချက်ကြည့်ကာ ထို့နောက်တွင် ရှီလဲ့နောက်ရှိ ယောင်ကိုင်းနေသော မျက်နှာများဖြင့် ခေါင်းငိုက်စိုက်နေကြသည့် အတွင်းမြို့တော်မှ ကျောင်းသားများကို ကြည့်လိုက်သည်။
ရှီလဲ့သည် အနည်းငယ် မျက်မှောင်ကြုတ်သွားကာ ဆူငေါက်လာတော့သည် “ ရှုကျိုး၊ မင်းက ဒီမှာ ဘာလုပ်နေတာလဲ? “
ရှုကျိုးသည် သူ့ကို လျစ်လျူထားလိုက်ကာ အတွင်းမြို့တော်မှ ကျောင်းသားများဆီသို့ ချဥ်းကပ်သွားသည်။
သူသည် မျက်နှာများ ယောင်ကိုင်းနေကြသည့် ကျောင်းသားများကို ကြည့်ကာ လေသံတိုးတိုးလေးဖြင့် ပြောလိုက်သည် “ လျူဟီက မင်းတို့ကို ဒီလိုလုပ်ခဲ့တယ်၊ မင်းတို့က သူ့ရဲ့ ခွေးကောင်း လုပ်နေကြတုန်းပဲလား? “
ထိုစကားများ ထွက်ကျလာခဲ့သည်နှင့်တစ်ပြိုင်နက် ရှီလဲ့၏ အမူအရာ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။
……………………………………………………………………………………………….
အပိုင်း ( 45 )
ဒုက္ခိတ ရှီလဲ့
ရုံးခန်းတစ်ခုလုံးသည် ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
ရှုကျိုးရဲ့ စကားတွေက ဘာကို ဆိုလိုနေတာလဲ?
ဒီဖြစ်ရပ် နောက်ကွယ်မှာ လျူဟီ ရှိနေတာလား?
ဒါပင်မဲ့ ….. ဘယ်လိုလုပ်ပြီးတော့ ဒီလိုဖြစ်နိုင်ရတာလဲ?
သူ့ဘေးနာရှိ လီရို့ရှီ၏ မျက်လုံးများသည် တစ်စုံတစ်ခုကို နားလည်သွားသကဲ့သို့ လှုပ်ခတ်သွားခဲ့သည်။
“ ရှုကျိုး၊ အဲ့တာက ဘာကို ဆိုလိုတာလဲ? “ ဟု ရှီလဲ့မှ အော်ဟစ်လာခဲ့သည်။
ရှုကျိုးသည် တည်တည်ငြိမ်ငြိမ်ဖြင့်သာ ပြန်ပြောလာခဲ့သည် “ ငါပြောတာက လုံလုံလောက်လောက် ရှင်းလင်း မနေဘူးလား? သူတို့ဒဏ်ရာတွေက လျူဟီကြောင့် ရခဲ့တဲ့ ဒဏ်ရာတွေလေ “
“ မင်း ဘာတွေ လျှောက်ပြောနေတာလဲ? “ ရှီလဲ့မှ အေးစက်စွာ အော်ဟစ်လာခဲ့သည် “ ငါတို့ အတွင်းမြို့တော်က ကျောင်းသားတွေက နည်းနည်းလေးပဲ ရှိတာ၊ ပြီးတော့ ငါတို့အားလုံးက အစ်ကိုလျူနဲ့ ဆက်ဆံရေးကောင်းရှိကြတယ်။ သူက သူတို့ကို ဘာလို့ တိုက်ခိုက်ရမှာလဲ? “
“ အဲ့လိုလား? “
ရှုကျိုးသည် သူ့အား လှောင်ပြောင်နေသော အပြုံးတစ်ခုဖြင့် ကြည့်လိုက်သည်။
သူသည် ဤကိစ္စ၏ အနှစ်သာရကို မှန်းဆမိနေခဲ့ပြီ ဖြစ်သည်။
ဒီရက်ပိုင်းမှာ ဒီကောင်တွေ ငြိမ်နေခဲ့တာက အံ့ဩစရာတော့ မဟုတ်ဘူးပဲ။
ဒီနေ့အတွက်ပြင်ဆင်နေကြတာကိုး !
ယနေ့သည် ထိပ်တန်း အယောက် ၁၀၀စာရင်းပေါ်ရှိ ကျောင်းသားကျောင်းသူများထံသို့ ဆုလဒ်များ လွှဲပြောင်းပေးအပ်သည့် နေ့ရက်ဖြစ်သည်။
အတွင်းမြို့တော်မှာ ကျောင်းသားများကို ရိုက်နှက်ခြင်းကား လီရို့ရှီမှတစ်ပါး တစ်ခြားသော မည်သူကမှ လုပ်ရဲကြမည် မဟုတ်ပေ။
အကယ်၍ လီရို့ရှီ၏ အမည်ကို ရှင်းလင်းရန် သက်သေအထောက်အထား မရှိဘူးဆိုပါက ကျောင်းအုပ်ကြီးသည် သူမ၏ ဆုလဒ်များကို တိုက်ရိုက် နှုတ်ယူနိုင်မည် မဟုတ်သော်လည်း ၎င်းက နှောင့်နှေးသွားမည် ဖြစ်သည်။
သာမန်နေ့ရက်များသာ ဖြစ်နေမည်ဆိုပါက နှောင့်နှေးနေခြင်းမှာ အရေးကြီးနေလိမ့်မည် မဟုတ်ပေ။
သို့သော် ယခုတွင်မူ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ ဖွင့်တော့မည် ဖြစ်ပြီး၊ ထိပ်တန်းအယောက် ၁၀၀စာရင်းပေါ်ရှိ ကျောင်းသူကျောင်းသားများသည် နောက်ဆုံး တွန်းအားပေးမှု ပြုလုပ်နေကြပြီ ဖြစ်ပြီး၊ ထို့အတွက် ဆုလဒ်များသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေလျက်ရှိသည်။
ထိပ်ဆုံး ကျောင်းသားကျောင်းသူ ၁၀ဦး၏ ဆုလဒ်များက အလွန်များပြားသည်ဆိုသည်ကို အမှတ်ရကြရမည် ဖြစ်သည်။
အကယ်၍ လီရို့ရှီကသာ အဆိုပါ ဆုလဒ်များကို လက်လွှတ်လိုက်ရပါက၊ လျူဟီနှင့် သူမကြားရှိ စွမ်းအား ကွာဟချက်က ကျယ်ဝန်းလာမည် ဖြစ်သည်။
၎င်းမှာ လျူဟီ အလိုရှိနေသည့် အရာဖြစ်သည်။
ထို့ကြောင့်ပင် ရှုကျိုးသည် ဤကိစ္စ၏နောက်ကွယ်တွင် လျူဟီရှိနေသည်ဆိုသည်ကို သေချာနေခဲ့ခြင်း ဖြစ်သည်။
“ လျူဟီက စိတ်သဘောထား ကြမ်းတမ်းတယ် “ ရှုကျိုးမှ အေးစက်စွာ ပြောလာခဲ့သည် “ ကါ့အစ်မက သူနဲ့ အဖွဲ့မဖွဲ့ချင်ဘူး၊ အဲ့တာကြောင့် သူက ဒေါသနဲ့ မင်းတို့အားလုံးကို ဒီကိစ္စထဲ ဆွဲသွင်းပြီးတော့ ငါ့အစ်မကို ဆွဲချချင်နေတာပဲ “
“ ငါပြောတာ မှားသွားလား? “
အတွင်းမြို့တော်မှ ကျောင်းသားများ၏ အမူအရာများ အနည်းငယ် ပြောင်းလဲသွားခဲ့သည်၊ သို့သော် သူတို့အားလုံးသည် ခေါင်းများငုံ့ထားကြပြီး၊ မည်သည့်စကားမှ မပြောလာခဲ့ပေ။
၎င်းကို မြင်တွေ့လိုက်ရသောအခါတွင် ရှုကျိုးသည် ပို၍ ယုံကြည်ချက် ရှိသွားတော့သည်။
ဒီကိစ္စက အန္တရာယ်များတယ်၊ ရှီလဲ့ပြောသလို ကျောင်းက ဘယ်သူကမှ သူတို့ကို အဲ့လိုမလုပ်ရဲဘူး၊ သူတို့ကိုယ်သူတို့လည်း အဲ့လို မလုပ်ထားဘူးဆိုတော့ လျူဟီပဲဖြစ်ရမယ်။
ရှုကျိုးသည် သူတို့ကို ကြည့်ကာ ဆက်ပြောနေတော့သည် “ မင်းတို့အားလုံးက လျူဟီကို သစ္စာရှိကြတယ်၊ ဒါပင်မဲ့ သူကတော့ မင်းတို့ကို ဒီလိုလုပ်လိုက်တယ်၊ မင်းတို့က သူ့အတွက် ရပ်တည်ပေးချင်နေကြသေးတာလား? “
“ ငါ့အမြင်အရဆိုရင် လျူဟီက မင်းတို့ကို အတွင်းမြို့တော်က လူတွေ အဖြစ် မသတ်မှတ်ထားဘူး၊ ခွေးတွေလို့ပဲ သတ်မှတ်ထားတာ “
၎င်းကို ကြားလိုက်ရသောအခါတွင် လူတိုင်း၏ အမူအရာများ ပြောင်းလဲသွားခဲ့သည်။
“ ရှုကျိုး !! “
ရှီလဲ့မှ အလောတကြီး အော်ပြောလာခဲ့သည် “ မင်းဘာတွေ လျှောက်ပြောနေတာလဲ? “
“ ငါပြောတာ မှားနေလို့လား? “ ရှုကျိုးသည် သူ၏ခေါင်းကို အသာခါရမ်း၍ ထိုလူစုကို ကြည့်လိုက်သည် “ မင်းတို့အားလုံးက အတွင်းမြို့တော်ရဲ့ မိသားစုသေးသေးလေးတွေဆီကနေ လာကြတာ၊ လျူဟီကတော့ မိသားစုကြီးကပေါ့။ သူ့ရဲ့ မျက်လုံးတွေထဲမှာ မင်းတို့နဲ့ သူဆိုတာက အဆင့်အတန်း တူမနေဘူး “
“ အဲ့လိုမှမဟုတ်ဘူးဆိုရင် သူက ဘာလို့ မင်းတို့ကို ဒီလိုတိုက်ခိုက်ခဲ့မှာလဲ? “
ရှုကျိုးသည် ဖြည်းဖြည်းချင်း ပြောနေတော့သည် “ လျူဟီရဲ့ မျက်လုံးတွေထဲမှာတော့၊ မိသားစုသေးသေးလေးတွေက အဖွဲ့ဝင်တွေဖြစ်တဲ့ မင်းတို့တွေက ခွေးတွေနဲ့ မခြားဘူး “
ထိုစကားလုံးများသည် အဆိုပါ ကျောင်းသားများ၏ ခန္ဓာကိုယ်များကို တုန်ရင်သွားစေခဲ့သည်။
သို့သော် လူတိုင်းက ခေါင်းငုံ့ထားကြစဲဖြစ်ပြီး စကား မပြောလာကြသေးပေ။
ဘေးဘက်ရှိ ရှီလဲ့သည် အေးစက်စက် အော်ရယ်လာခဲ့သည် “ ရှုကျိုး၊ မင်းလို ပြင်ပခရိုင်က သာမန်လူတစ်ယောက်က အတွင်းမြို့တော်က ကိစ္စတွေ အကြောင်းကို ပြောဖို့ အဆင့်မှီလို့လား? “
“ အတွင်းမြို့တော်က မိသားစုသေးသေးလေးတွေရဲ့ အဖွဲ့ဝင်တွေဆိုရင်တောင်မှ ပြင်ပခရိုင်က လူတွေက ပေါ့ပေါ့တန်တန် ဆွေးနွေးပြောဆိုနေလို့ မရဘူး “
“ အစ်ကိုလျူလို မိသားစုကြီးတစ်ခုက ဆင်းသက်လာတဲ့ လူတစ်ယောက်အကြောင်းဆိုရင်တော့ ပြောမနေနဲ့တော့ “
သူသည် ရှုကျိုးကို အေးစက်စွာ စိုက်ကြည့်လာခဲ့သည် “ မင်းက အဆင့်မမှီဘူး “
ကျောင်းအုပ်ကြီးသည် အနည်းငယ် မျက်မှောင်ကြုတ်သွားတော့သည်။
ဒါက ငါ့ရုံးခန်းလေ၊ ပြီးတော့ ဒီချာတိတ်က အဲ့လိုစကားတွေကို ငါ့ရှေ့မှာ ပြောရဲနေတာလား?
“ ရှီလဲ့၊ နင်သေချင်နေတာလား? “ လီရို့ရှီမှ ရုတ်တရက် စကားပြောလာခဲ့သည်၊ သူမ၏အသံသည် အလွန်အေးစက်နေခဲ့သည်။
သူမသည် ရှေ့တစ်လှမ်းတိုးလာခဲ့ပြီး၊ သူမ၏လှပသော မျက်နှာလေးသည် နှင်းကဲ့သို့ အေးစက်နေခဲ့သည်။
“ အစ်မ၊ မဆင်မခြင် မလုပ်နဲ့ “ ရှုကျိုးသည် သူ၏လက်ကို မြှောက်ကာ သူမကို ခေါင်းခါပြလိုက်သည်။
လီရို့ရှီသည် သူ့ကို ကြည့်ကာ တင်းတင်းကြပ်ကြပ် အံကြိတ်နေတော့သည်၊ သို့သော် အဆုံးတွင် သူမသည် ရှုကျိုး၏ စကားကို နားထောင်လိုက်ပြီး ရှေ့တက်မလာတော့ပေ။
၎င်းကို မြင်လိုက်ရသောအခါတွင် ရှီလဲ့မှ လှောင်ပြောင်လာခဲ့သည်။
ရှုကျိုးသည် ရှီလဲ့ကို ပြန်ကြည့်လိုက်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည် “ တကယ်လို့ ပြင်ပခရိုင်က အဆင့်မမှီဘူးဆိုရင် ……. တောင်ပိုင်းပြည်နယ် ရှားမိသားစုကရော အဆင့်မှီလား? “
ရှီလဲ့ မျက်မှောင်ကြုတ်သွားတော့သည် “ မင်း ဘာပြောချင်နေတာလဲ? “
ရှုကျိုုးသည် အသာအယာ ပြုံးလိုက်ကာ ကျောင်းအုပ်ကြီးကို ကြည့်လိုက်သည် “ ကျောင်းအုပ်ကြီးခင်ဗျာ၊ အခုဆိုရင် ကျွန်တော်က ရှားမိသားစုရဲ့ အဖွဲ့ဝင်အဖြစ် သတ်မှတ်လို့ရတယ်လေ၊ ဟုတ်တယ်မလား? “
ကျောင်းအုပ်ကြီးမှ ခေါင်းငြိမ့်ပြလာခဲ့သည် “ လက်ရှိအချိန်မှာ ရှုကျိုးက တောင်ပိုင်းပြည်နယ် ရှားမိသားစုရဲ့ Aအဆင့် အဖွဲ့ဝင် ဖြစ်နေပြီ “
ဘွန်း !!
အဆိုပါ စကားလုံးများနှင့်အတူ ရုံးခန်းတစ်ခန်းလုံး ကြောက်မက်ဖွယ်ကောင်းလောက်သည်အထိ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
ထို့နောက်တွင် အတွင်းမြို့တော်မှ ကျောင်းသားများသည် သူတို့၏ အံ့ဩတုန်လှုပ်မှုများကို ပြသလာကြသည်။
“ တောင်ပိုင်းပြည်နယ် ရှားမိသားစုလား? Aအဆင့် အဖွဲ့ဝင်လား? “
“ အဲ့တာက အတွင်းမြို့တော် တောင်ပိုင်းပြည်နယ်က မိသားစုကြီးမလား? “
“ ရှုကျိုးက ရှားမိသားစုရဲ့ Aအဆင့် အဖွဲ့ဝင်လား? “
အတွင်းမြို့တော်မှ ကျောင်းသားများ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
လီရို့ရှီကပင် ရှုကျိုးကို မယုံကြည်နိုင်ဖြစ်နေသော အကြည့်ဖြင့် ကြည့်လာခဲ့သည်။
သူမသည် ယမန်နေ့က ဖြစ်ရပ်များအကြောင်းကို မသိခဲ့ပေ။
ရှီလဲ့၏ အမူအရာမှာလည်း သိသိသာသာ ပြောင်းလဲသွားတော့သည်၊ သူသည် ကျောင်းအုပ်ကြီးကို ရုတ်တရက် ကြည့်လိုက်သည် “ ရှုကျိုးက ဘယ်အချိန်တုန်းက ရှားမိသားစုရဲ့ အဖွဲ့ဝင်ဖြစ်သွားခဲ့တာလဲ? “
သူကိုယ်တိုင်ကပင် အတွင်းမြို့တော်၏ Cအဆင့် အဖွဲ့ဝင်ဖြစ်သည်ဆိုသည်ကို အမှတ်ရကြရမည် ဖြစ်သည်။
၎င်းမှာလည်း သူ၏မိဘနှစ်ပါးစလုံးက အတွင်းမြို့တော်မှ လူများဖြစ်ကာ အိမ်ထောင်စုစာရင်းသွင်းထားသောကြောင့် ဖြစ်သည်၊ ထိုကဲ့သို့ သာမဟုတ်ဘဲ သူ၏အရည်အချင်းဖြင့်ဆိုပါက Cအဆင့် အဖွဲ့ဝင် ဖြစ်နေလိမ့်မည် မဟုတ်ပေ။
ဒါပင်မဲ့ ရှုကျိုးက Aအဆင့် အဖွဲ့ဝင် ဖြစ်နေတာလား?
ရှီလဲ့သည် ၎င်းကို မယုံကြည်နိုင်ဖြစ်နေခဲ့ပြီး၊ လက်မခံနိုင် ဖြစ်နေခဲ့သည်။
သို့သော် ကျောင်းအုပ်ကြီးမှ တည်တည်ငြိမ်ငြိမ် ပြောလာခဲ့သည် “ မနေ့ကပဲ ရှုကျိုးက ရှားမိသားစုက အကြီးတန်း အဖွဲ့ဝင်တစ်ယောက်နဲ့ စာချုပ်ချုပ်ခဲ့တယ်၊ သူက နောက်ဆယ်နှစ်အထိ Aအဆင့် ထောက်ပံ့မှုကို ခံစားရပြီးတော့ အနာဂတ်မှာ Sအဆင့် အဖွဲ့ဝင်အဖြစ်လည်း အဆင့်တက်သွားနိုင်မဲ့ ဖြစ်နိုင်ခြေရှိတယ် “
“ ဘာ !! “
“ Sအဆင့် အဖွဲ့ဝင်လား? ”
လူတိုင်း အံ့ဩတုန်လှုပ်သွားကြသည်။
အဆိုပါ သတင်းသည် ယခင်က အရာထပ်ပင် ပို၍ အံ့ဩတုန်လှုပ်ဖွယ်ကောင်းနေခဲ့သည်။
အတွင်းမြို့တော်မှ မိသားစုကြီးများသည် Sအဆင့် အဖွဲ့ဝင်ကို ခေါ်ခဲလှသည်။
အဆိုပါ မိသားစုကြီးများ အတွင်းမှာပင်၊ သူတို့၏ တိုက်ရိုက်မျိုးဆက်များထံတွင် Sအဆင့် စွမ်းရည်ပိုင်ရှင် မရှိကြပေ။
ရှီလဲ့သည် အံ့အားသင့်ဖွယ်ကောင်းသော သတင်းကြောင့် အကြီးအကျယ် ရှော့ရသွားပြီး၊ တုန်ရင်ကာ ပြိုလဲလုနီးပါးပင် ဖြစ်သွားခဲ့သည်။
Sအဆင့် အဖွဲ့ဝင်များသည် အတွင်းမြို့တော်၏ ဂုဏ်သိက္ခာဖြစ်ပြီး၊ ကောင်းကင်ဘုံ၏ ဂုဏ်ယူဖွယ်ရာဖြစ်သည်။
သာမန်နေ့များအတွင်းတွင် သူသည် ထိုကဲ့သို့သော လူတစ်ဦးဖြင့် စကားပြောရရန် အဆင့်မမှီပေ။
အခု ရှုကျိုးက Sအဆင့် အဖွဲ့ဝင်တောင် ဖြစ်လာနိုင်တာလား? “
ရှုကျိုးသည် သူတို့၏ အတွေးများကို လျစ်လျူရှုထားခဲ့ကာ၊ ရှီလဲ့ကို ကြည့်၍ ပြောလိုက်သည် “ အခု ငါက အဆင့်မှီပြီလား? “
“ မင်း ………… “ ရှီလဲ့၏ မျက်နှာသည် အလွန်သုန်မှုန်သွားခဲ့ပြီး၊ သူ့အား မျက်ထောင့်နီကြီးဖြင့် စိုက်ကြည့်နေတော့သည်၊ သို့သော် ပြန်လည်ချေပနိုင်မည့် စကားလုံးများကို ရှာမတွေ့ခဲ့ပေ။
ရှုကျိုးသည် သူ့ကို လျစ်လျူရှုထားလိုက်ပြီး၊ အတွင်းမြို့တော်မှ ကျောင်းသားအဖွဲ့ကို လှည့်ကြည့်လိုက်သည်။
“ စီနီယာတို့၊ အခုဆိုရင် မေလရောက်နေပါပြီ၊ ကောလိပ်ဝင်ခွင့် စာမေးပွဲလည်း နီးနေပါပြီ “
ရှုကျိုးမှ ဖြည်းဖြည်းချင်း ပြောလာခဲ့သည် “ ခင်ဗျားတို့ အားလုံးက စီနီယာ ကျောင်းသားတွေဆိုတော့၊ ကောလိပ်ဝင်ခွင့်စာမေးပွဲရဲ့ အရေးပါပုံကို နားလည်ကြမှာပါ “
“ ဒါပင်မဲ့ ခင်ဗျားတို့ရဲ့ အခုလက်ရှိ အခြေအနေတွေနဲ့ဆိုရင် စာမေးပွဲကို ဘယ်လို ဖြေကြမှာလဲ? “
“ လျူဟီက ဒေါသတကြီးနဲ့ တိုက်ခိုက်ခဲ့တဲ့အချိန်မှာ ခင်ဗျားတို့ရဲ့ အနာဂတ်တွေကို မစဥ်းစားပေးခဲ့ဘူး “
သူသည် လေးလေးနက်နက် ပြောဆိုနေတော့သည် “ သူက ခင်ဗျားတို့ကို ခွေးတွေလို ဆက်ဆံနေခဲ့တာ၊ ခင်ဗျားတို့က သူ့ကို ထောက်ခံနေကြဦးမှာလား? “
ထိုအခိုက်အတန့်တွင် အတွင်းမြို့တော်မှ ကျောင်းသားတစ်ချို့သည် သွေးများ ဖုံးလွှမ်းနေသော မျက်လုံးများဖြင့် ခေါင်းမော့ကြည့်လာကြသည်။
တစ်ခြားလူများသည် လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ၊ ပခုံးများ တုန်ရင်နေကြသည်။
၎င်းကို မြင်တွေ့လိုက်ရသောအခါတွင် ရှီလဲ့သည် ထိန်းမထားနိုင်တော့ဘဲ အံကြိတ်ကာ ပြောလာခဲ့သည် “ ရှုကျိုး၊ မင်းရဲ့ အတွေးမှားတွေ ဖြန့်နေတာကို ရပ်လိုက်တော့ !! “
“ ကျောင်းအုပ်ကြီးခင်ဗျာ ! “
ရုတ်တရက်ဆိုသလိုပင် အတွင်းမြို့တော်မှ ကျောင်းသားတစ်ဦးသည် အက်ရှရှ အော်ဟစ်လာခဲ့သည် “ အဲ့တာက လျူဟီပါ၊ သူက ကျွန်တော်တို့ကို တိုက်ခိုက်ခဲ့တာပါ “
“ ဝမ်ထိုင် !! “ ရှီလဲ့သည် သူ့အား ဘီလူးသရဲစီးနေသကဲ့သို့ စိုက်ကြည့်လိုက်သည်။
“ လီရို့ရှီကိုတောင် မလိုက်နိုင်တဲ့ အမှိုက်၊ အဲ့တာကြောင့် အဲ့တာတွေကို ငါတို့အပေါ်ကို ဖွင့်ထုတ်လာတာ “
သူစကားပြောလာခဲ့သည်နှင့် တစ်ပြိုင်နက် တစ်ခြားသောကျောင်းသားများမှာလည်း စတင်၍ ခေါင်းမော့လာကြသည်။
ထို့နောက်တွင် သူတို့အားလုံးသည် မကျေနပ်ချက်များကို မအောင့်ထားနိုင်တော့သကဲ့သို့ ကျောင်းအုပ်ကြီးထံသို့ ဖွင့်ထုတ် တိုင်ကြားလာကြသည်။
“ ကျောင်းအုပ်ကြီး၊ ဝမ်ထိုင်ပြောတာ မှန်ပါတယ်၊ လျူဟီ လုပ်ခဲ့တာပါ “
“ ပြီးတော့ လီရို့ရှီကို ချောက်ချမဲ့ အကြံက ဟွမ်ယွင်ရွှယ်ဆီက လာတာပါ၊ အဲ့လိုလုပ်လိုက်ရင် လီရို့ရှီရဲ့ ဆုလဒ်တွေကို လျော့နိုင်မယ်လို့ သူပြောခဲ့တာပါ “
“ အဲ့ခွေးသူတောင်းစား လျူဟီက သူက မိသားစုကြီးတစ်ခုက အဖွဲ့ဝင် ဖြစ်နေတာနဲ့ပဲ ငါတို့ကို ရိုက်နိုင်မယ်လို့ ထင်နေတဲ့ပုံပဲ “
“ သူ့အတွက်တော့ ငါတို့က ခွေးတွေလိုပဲ လိုအပ်ရင် သုံးပြီး မလိုအပ်ရင် စွန့်ပစ်လိုက်မှာ “
ထိုအခိုက်အတန့်တွင် ကျောင်းသားများသည် မကျေနပ်ချက်များကို ဖော်ပြလာကြသည်။
တစ်ချို့သည် ထိန်းမထားနိုင်တော့ဘဲ မျက်ရည်များပင် စီးကျခွင့် ပြုလိုက်ရသည်။
အဆိုပါ မြင်ကွင်းသည် ကျောင်းအုပ်ကြီးကို အံ့အားသင့်သွားစေခဲ့သည်။
မထင်မှတ်ထားစွာဖြင့် ရှုကျိုး၏ စကားအနည်းငယ်သည် သူတို့ကို ဝန်ခံလာစေခဲ့ပြီး ဇာတ်လမ်းတစ်ပုဒ်လုံးကို ရှင်းပြလာရသည်အထိ ဖြစ်သွားစေခဲ့သည်။
ယခုတွင် သူသည် ၎င်းကို နားလည်သွားခဲ့သည်။
ဒီကိစ္စမှာ လျူဟီတစ်ယောက်တည်း မဟုတ်ဘဲ ဟွမ်ယွင်ရွှယ်ပါ ပါနေတာပဲ။
လီရို့ရှီသည် ရှုကျိုးအား ရှုပ်ထွေးသော အကြည့်ဖြင့် ငေးကြည့်နေလျက်ရှိသည်၊ ဤသည်မှာ သူမှ သူမကို ပြဿနာထဲမှ ကူညီဆွဲထုတ်ခဲ့သည့် ဒုတိယအကြိမ် ဖြစ်သည်။
ကလေးဘဝကတည်းက သူမသည် သူမက သူ၏အကူအညီကို ယူရလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမှ မတွေးခဲ့ဖူးချေ။
သို့သော် ရှုကျိုးသည် သူမ စိတ်ညစ်နေခဲ့ရသည့် အချိန်တွင် နှစ်ကြိမ်တိုင်တိုင် ဆက်တိုက်ပေါ်လာခဲ့သည်။
“ ရှုကျိုး၊ ကျေးဇူးတင်ပါတယ် “ သူမသည် တိတ်တဆိတ် တွေးတောလိုက်သည်။
ထိုအချိန်တွင် ရှုကျိုးသည် လီရို့ရှီ၏ အတွေးများကို သတိမပြုမိခဲ့ပေ။
သူသည် ကျောင်းအုပ်ကြီးကို လှည့်ကြည့်ကာ လေးလေးနက်နက် ပြောဆိုလိုက်သည် “ ကျောင်းအုပ်ကြီးခင်ဗျာ၊ ဒီကိစ္စကို ဒီမှာ ပြီးပါစေတော့၊ အပြစ်ပေးသင့်တဲ့လူတွေက ရှင်းရှင်းလင်းလင်း ပေါ်လာပါပြီ “
“ ငါသိတယ် “
ကျောင်းအုပ်ကြီးသည် ခေါင်းငြိမ့်ပြလိုက်ပြီး၊ ရှီလဲ့ကို လှည့်ကြည့်ကာ မာဆတ်ဆတ် ပြောလိုက်သည် “ အမှားနဲ့ အမှန်ကို မခွဲခြားနိုင်ဘဲ ထောက်ချောက်ဆင်ပြီးတော့ အသရေဖျက်တဲ့အတွက် ရှီလဲ့၊ ဒီလအတွက် မင်းရဲ့ ဆုလဒ်တွေကို ပယ်ဖျက်လိုက်ပြီ “
“ လျူဟီနဲ့ ဟွမ်ယွင်ရွှယ်အတွက်ကတော့ …… ဟမ့် !! “
သူသည် လျူဟီနှင့် ဟွမ်ယွင်ရွှယ်တို့၏ ပြစ်ဒဏ်များကို လူသိရှင်ကြား မကြေညာခဲ့ပေ။
သို့သော် သူ၏ အသွင်အပြင်ကို အကဲခတ်ကြည့်ရခြင်းဖြင့်၊ ပြစ်ဒဏ်များက ပြင်းထန်နေမည်ဆိုသည်မှာ သိသာလွန်းလှသည်။
ကျောင်းအုပ်ကြီး၏ စကားများကို ကြားလိုက်ရသောအခါတွင် ရှီလဲ့၏မျက်နှာသည် လုံးဝ မည်းမှောင်သွားခဲ့သည်။
သူသည် လီရို့ရှီ၏ ဆုလဒ်များကို ပယ်ဖျက်ချင်သည့် ရည်ရွယ်ချက်ဖြင့် လူတစ်စုကို ဦးဆောင်လာခဲ့ခြင်း ဖြစ်သည်။
အစီအစဥ် ကျရှုံးသွားရုံတင် မကဘဲ သူ၏ကိုယ်ပိုင် ဆုလဒ်များပင် ရုတ်သိမ်းခံလိုက်ရသည်။
လျူဟီမှာလည်း ပြစ်ဒဏ်နှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။
ရှီလဲ့သည် အံကြိတ်လိုက်ပြီး ရှုကျိုးကို စိုက်ကြည့်ကာ ထွက်သွားရန် ပြင်လိုက်သည်။
“ နေပါဦး “
ထိုအချိန်တွင် ရှုကျိုးမှ နူးညံ့စွာ ပြောလာခဲ့သည် “ ရှီလဲ့၊ လွန်ခဲ့တဲ့ ဆယ်ရက်တုန်းက မင်းက ငါ့ကို ရေတွင်းအောက်က ဖားလို့ ခေါ်ခဲ့တယ်။ ဒီနေ့ မင်းက ငါ့အစ်မကို လိမ်ညာစွပ်စွဲတယ်။ ငါမင်းကို သည်းခံနေခဲ့တာ တော်တော်ကြာနေခဲ့ပြီ “
“ ငါ၊ ပထမနှစ် ကျောင်းသားတစ်ယောက်က မင်းကို တကယ့်တိုက်ပွဲ တိုက်ဖို့အတွက် စိန်ခေါ်တယ် “
ထိုနေရာတွင် ရှိနေကြသည့် လူအားလုံး အံ့အားသင့်သွားကြသည်။
ရှုကျိုးက ရှီလဲ့ကို တကယ်ကြီး စိန်ခေါ်တော့မှာလား?
ဒေါသကြောင့် မဆင်မခြင် လုပ်မိသွားမှာကို သူမကြောက်ဘူးလား?
“ ရှုကျိုး !! “ ကျောင်းအုပ်ကြီး မျက်မှောင်ကြုတ်သွားခဲ့သည် “ ငါ ပေးလိုက်တဲ့ အပြစ်တွေက မလုံလောက်ဘူးလို့ ထင်လို့ မင်းကိုယ်တိုင် ဝင်ပါချင်နေတာလား? ဂရုစိုက်စမ်း !! “
“ ကျောင်းအုပ်ကြီး၊ ကျွန်တော့်ကို ကြိုးစားခွင့်ပေးပါ “
ရှုကျိုးသည် လေးလေးနက်နက် ပြောလိုက်သည်။
မလှမ်းမကမ်းရှိ ရှီလဲ့၏ ခြေလှမ်းများ ရပ်တန့်သွားခဲ့ပြီး၊ ပြန်လှည့်လာခဲ့ကာ သူ၏မျက်နှာပေါ်တွင် ရက်စက်သော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည် “ ရှုကျိုး၊ မင်းက ငါ့ကို စိန်ခေါ်ချင်တယ်ဆိုတာ သေချာပြီလား? “
“ သေချာတယ် “
“ မင်းရဲ့ စိန်ခေါ်မှုကို ငါလက်ခံတယ် “ ရှီလဲ့သည် တွေဝေတုံ့ဆိုင်းမှု မရှိဘဲ သဘောတူလာခဲ့သည်၊ သူ၏မျက်နှာပေါ်ရှိ အကြည့်သည် ပို၍ ရက်စက်ကြမ်းကြုတ်လာခဲ့သည်။
ထိုအခိုက်အတန့်တွင် သူသည် ရင်ခုန်စိတ်လှုပ်ရှားနေခဲ့ပြီ ဖြစ်သည်။
အစပိုင်းတွင် သူသည် ရှုကျိုးနှင့် ပတ်သက်၍ မည်သည့်အရာမှ မလုပ်နိုင်တော့ဘူးဟု ထင်နေခဲ့ခြင်း ဖြစ်သည်၊ သို့သော် မထင်မှတ်ထားစွာဖြင့် ရှုကျိုးမှ သူ့ကိုယ်သူ လက်လွှဲပေးလာခဲ့သည်။
၎င်းသည် တကယ့် တိုက်ပွဲတစ်ခုဖြစ်သည်။
အကယ်၍ သူကသာ ရှုကျိုးကို လုံးဝမဖျက်စီးနိုင်ဘူးဆိုပါက သူ၏ဒေါသများ ပြေပျောက်သွားလိမ့်မည် မဟုတ်ပေ။
ခြောက်ခြားဖွယ်ကောင်းသော အကြည့်တစ်ခုသည် ရှီလဲ့၏ မျက်နှာပေါ်တွင် ပေါ်လာခဲ့သည်။
ရှုကျိုးသည် သူ့ကို လျစ်လျူရှုကာ ကျောင်းအုပ်ကြီးကို လှည့်ကြည့်လိုက်သည် “ ကျောင်းအုပ်ကြီး၊ အဆင်ပြေတယ်မလားဗျ? “
ရုံးခန်းသည် စာသင်ခန်း နှစ်ခန်းစာမျှ ကျယ်ဝန်းသောကြောင့် တိုက်ပွဲတစ်ခု ဆင်နွှဲရန်အတွက် အဆင်ပြေနေခဲ့သည်။
ကျောင်းအုပ်ကြီးသည် အနည်းငယ် မျက်မှောင်ကြုတ်သွားကာ ရှုကျိုးကို ကြည့်နေတော့သည်။
သူသည် ရှုကျိုး၏ သိုင်းပညာ စွမ်းရည်က တတိယအဆင့်သို့ ရောက်ရှိနေပြီဆိုသည်ကို သိနေခဲ့သည်။
သို့သော် နဂါး-ကျားစာရင်းပေါ်တွင် ထိပ်ဆုံး အယောက် ၂၀အဆင့်ဝင်သည့် လူတစ်ဦးကို စိန်ခေါ်ခြင်းမှာ …….
အလွန်ခက်ခဲလွန်းလှသည်။
သို့ရာတွင် တစ်ခဏခန့် တွေးတောနေခဲ့ပြီးသည့်နောက်တွင် ကျောင်းအုပ်ကြီးမှ ခေါင်းငြိမ့်ပြလာခဲ့သည်။
“ အရမ်းတော့ ရှုပ်ပွ မသွားစေနဲ့ “
“ နားလည်ပါပြီ “
ထိုစကားလုံးများနှင့်အတူ ရှုကျိုးသည် သူ၏နောက်ကျောမှ ဓားကို ဆွဲထုတ်လိုက်သည်။
ရွှမ် !
ဓားရှည်ပေါ်ပေါက်လာခဲ့ကာ အရှိန်အဝါတစ်ခု ပေါ်ထွက်လာခဲ့သည်။
စက္ကန့်ပိုင်းမျှအကြာတွင် ဓားအလင်းတန်းတစ်ခု ပေါ်လာခဲ့ပြီး၊ လေပြင်းတစ်ခု တိုက်ခတ်လာခဲ့ကာ ၎င်းနှင့်အတူ ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်များ ပါလာခဲ့ပြီး၊ ရုံးခန်းထဲရှိ လူတိုင်းကို တုန်ရင်သွားစေခဲ့သည်။
ဓားအလင်းတန်း လှုပ်ခတ်လာခဲ့ပြီး ချီ-သွေးများ ဆူပွက်လာခဲ့သည်။
ဓားအလင်းတန်း၊ ချီ-သွေး၊ သတ်ဖြတ်လိုစိတ် …….
ထိုအခိုက်အတန့်တွင် ထိုအရာအားလုံးသည် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားခဲ့သည်။
ချီ-သွေး၏ စွမ်းအားသည် ၁၄၀ကယ်လိုရီနီးပါးအထိ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။
“ တိုက် !! “
အားလုံးသည် ကျယ်လောင်သည့် အော်သံတစ်ခုကိုသာ ကြားလိုက်ရပြီး၊ ဓားအလင်းတန်းတစ်ခုသည် မိုးကြိုးပစ်ချလာသကဲ့သို့ လင်းလက်လာခဲ့ကာ မလှမ်းမကမ်းရှိ ရှီလဲ့ထံသို့ တိုးဝင်သွားခဲ့သည်။
ရှီလဲ့၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
သူတစ်ဦးတည်းသာလျှင် မဟုတ်ဘဲ ကျောင်းအုပ်ကြီးနှင့် အတွင်းမြို့တော်မှ ကျောင်းသားများ၏ အမူအရာများပါ ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။
မြန်ဆန်
တိကျ
ပြင်းထန်
အလွန်မြန်ဆန်သော တိုက်ခိုက်မှု !!
ဓားအလင်းတန်းသည် လျှပ်စစ်အလင်းတန်းကဲ့သို့ ရှီလဲ့၏ ခန္ဓာကိုယ်ကို ချက်ချင်း ထိုးဖောက်သွားခဲ့သည်။
စက္ကန့်ပိုင်းတွင်းမှာပင် ဓားအလင်းတန်း အမြောက်အများ ပေါ်ပေါက်လာခဲ့သည်။
ရှီလဲ့၏ ခန္ဓာကိုယ်သည် နောက်ဘက်သို့ လွင့်ထွက်သွားပြီး၊ သူ့နောက်ရှိ နံရံနှင့် အကြမ်းပတမ်း ဆောင့်မိသွားတော့သည်။
ထို့နောက်တွင် ခြေလက်လေးချောင်းသည် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျလာခဲ့သည်။
“ ဝုန်းးးး ! “
အားလုံးသည် ပြတ်တောက်သွားကာ သွေးများဖြင့် ချယ်မှုန်ထားသည့် ရှီလဲ့၏ ခြေလက်များကို ကြည့်နေကြတော့သည်။
ခြေလက်တွေ ပြတ်သွားပြီ !!
လူသားတုတ်ချောင်းကဲ့သို့ ဖြစ်သွားသော ရှီလဲ့သည် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျလာခဲ့ကာ နေရာမှာပင် မေ့မျောသွားခဲ့သည်။
ရုံးခန်းတစ်ခန်းလုံးသည် ကြောက်မက်ဖွယ်ကောင်းလောက်သည်အထိ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။