အခန်း (၁၉-၂၁)
Vol. 2 Ch. 19-21
အပိုင်း ( 19 )
ထိပ်ဆုံး အယောက် ၁၀၀အဆင့်ကို စိန်ခေါ်ခြင်း !!!
“ သူက ထိပ်ဆုံး အယောက် ၁၀၀အဆင့်ကို တကယ်ကြီး စိန်ခေါ်မလို့လား? “
“ သူ ရူးနေတာလား? “
“ ဟွမ်ဟောင်က အယောက် ၁၀၀အဆင့်ရဲ့ အောက်ခြေမှာတောင် မဟုတ်ဘူး၊ နံပတ် ၂၄လေ “
လေ့ကျင့်ရေး ခန်းမထဲရှိ လူတိုင်း စိတ်ဂဏာမငြိမ်ဖြစ်သွားကြသည်။
တစ်ခြားအတန်းမှ ကျောင်းသူကျောင်းသားများကပင် လာ၍ ဖြောင်းဖြလာကြသည် “ ရှုကျိုး၊ ငါတို့က မင်းရဲ့ဆရာကို ယုံပါတယ်ကွာ၊ မင်းဆီမှာ ထိပ်တန်း Sအဆင့် စွမ်းရည် တကယ်ရှိပါတယ် “
သူတို့သည် ရှုကျိုးကို တားဆီးရန် ကြိုးပမ်းနေကြခြင်း မဟုတ်ပေ။
သို့သော် အကယ်၍ သူတို့သာ သူ့ကို မဖြောင်းဖြဘူးဆိုပါက၊ ချောင်ရုံ သိသွားသည့်အချိန်တွင် သူတို့အားလုံး အပြစ်ပေးခံရနိုင်လေသည်။
ရှုကျိုးမှ သေခြင်းတရားကို မကြောက်ရွံ့သကဲ့သို့ ပြုမူနေရခြင်းမှာလည်း သူတို့နှင့် များစွာ သက်ဆိုင်နေခဲ့သည်။
တစ်ချိန်တည်းမှာပင် ဝမ်ယွဲ့ဟွေမှာလည်း စည်းရုံးလာခဲ့သည် “ ရှုကျိုး၊ မဆင်မခြင် မလုပ်နဲ့ “
“ ဟွမ်ဟောင်က အယောက် ၁၀၀အဆင့်မှာ လူသစ်ဖြစ်နေပင်မဲ့၊ သူ့ရဲ့ ခွန်အားက ဒုတိယနှစ်တွေထပ်တောင် ပိုပြီးတော့ ကြောက်ဖို့ကောင်းတယ် “
“ ဘယ်လောက် ကြောက်ဖို့ကောင်းတာလဲ? “ ဟု ရှုကျိုးမှ မေးမြန်းလိုက်သည်။
ဝမ်ယွဲ့ဟွေကား အလေးအနက်ထား၍ ပြန်ပြောလာခဲ့သည် “ လက်ရှိမှာ ထိပ်ဆုံး ကျောင်းသား အယောက် ၃၀ရဲ့ ချီ-သွေးတွေက ၈၀ကယ်လိုရီ အထက်မှာရှိတယ် “
“ ပြီးတော့ ဟွမ်ဟောင်သည် လွန်ခဲ့တဲ့ သုံးလကတည်းက အဆင့်ဝင်ထားတာ။ အခုဆိုရင် သူက ပိုစွမ်းနေလောက်ပြီ “
ရှုကျိုးကား ခေါင်းခါယမ်းနေတော့သည်၊ ဒီကောင်က ဟွမ်ဟောင်ရဲ့ တကယ့်စွမ်းအားအကြောင်းကို သေချာ မသိဘူးပဲ။
ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုပါက အစပိုင်းတွင် သူသည် အဆင့်မြင့်သော လူများကို စိန်ခေါ်ရန် မရည်ရွယ်ထားခဲ့ပေ။
သို့သော် ယခုတွင်ကား တစ်ဖက်လူသည် သူ့အား စော်ကားလာခဲ့ပြီ ဖြစ်သည်။
မည်သည့်အတွက်ကြောင့် လိပ်တစ်ကောင်လို ပုန်းနေနိုင်မည်နည်း?
ရှုကျိုးသည် လေးစားမှုကို ရရှိရန်အတွက် ပြင်းပြင်းထန်ထန် ကြိုးစားနေခဲ့ခြင်း ဖြစ်သည်၊ ယခုတွင် အနိုင်ကျင့်ခံနေရပြီဖြစ်သောကြောင့် သူ ပြန်တိုက်ခိုက်ရတော့မည် ဖြစ်သည်။
“ ဒါဆိုရင်လည်း မင်းပဲပေါ့ကွာ “ ရှုကျိုးသည် သူ၏မျက်လုံးများကို မှေးညှင်းလိုက်ပြီး စိတ်ပိုင်းဖြတ်လိုက်သည်။
ဤရက်များအတွင်းတွင် သူသည် ပြင်းပြင်ထန်ထန် လေ့ကျင့်နေခဲ့သော်လည်း၊ သူ၏ တိုက်ခိုက်ရေး စွမ်းရည်က မည်ကဲ့သို့ ဖြစ်နေမလဲဆိုသည်ကို မသိသေးပေ။
ထို့ကြောင့် အဖြေရှာရတော့မည် ဖြစ်သည်။
ရှုကျိုးသည် လေ့ကျင့်ရေး ပစ္စည်းများကို ချထားလိုက်ပြီး၊ တံခါးဆီသို့ လှည့်ထွက်သွားတော့သည်။
၎င်းကို မြင်လိုက်ရသောအခါတွင် လူတိုင်း အံ့အားသင့်သွားကြသည်။
ဝမ်ယွဲ့ဟွေသည် တစ်ခြားအတန်းမှ လူများကို ရုတ်တရက် ကြည့်လိုက်ပြီး၊ ကြမ်းကြမ်းတမ်းတမ်း ပြောဆိုလိုက်သည် “ ဒီကိစ္စကို မပြန့်သွားစေနဲ့ “
“ …. ဟုတ်၊ ဟုတ် “
ထိုလူများသည် လျင်မြန်စွာ ခေါင်းငြိမ့်ပြလာခဲ့သည်။
သူတို့သည် ဝမ်ယွဲ့ဟွေ၏ ဆိုလိုရင်းကို နားလည်နေကြသည်။ ရှုကျိုးသည် တစ်ကျောင်းလုံး အာရုံစိုက်ရာ ဗဟိုချက် ဖြစ်လာမည် ဖြစ်သည်။
အကယ်၍ ရှုကျိုးမှ ဟွမ်ဟောင်ကို စိန်ခေါ်သည်ဆိုသည့် စကားများသာ ပြန့်သွားမည်ဆိုပါက၊ တစ်ကျောင်းလုံး ပွက်လောရိုက်သွားမည် ဖြစ်ပြီး၊ အမျိုးအမည် မသိရသော ပြဿနာများပင် ပေါ်လာခဲ့မည် ဖြစ်သည်။
၎င်းကို ပြောလိုက်ပြီးသည့်နောက်တွင် ဝမ်ယွဲ့ဟွေသည် ရှုကျိုးနောက်သို့ ပြေးလိုက်သွားတော့သည်။
မကြာခင်မှာပင် လူအုပ်ကြီးမှာလည်း သူတို့နောက်သို့ လိုက်လာကြသည်။
…
ရှုကျိုးသည် ရင်းနှီးနေသော လမ်းကြောင်းများအတိုင်း သွားနေရင်းဖြင့် ကုဗတုံး ပုံသဏ္ဍာန် အဆောက်အအုံဆီသို့ ရောက်ရှိလာခဲ့သည်။
ထိပ်ဆုံး အယောက် ၁၀၀ကို စိန်ခေါ်ခြင်းသည် ကိုယ်အလိုရှိသလို စိန်ခေါ်နိုင်သော အရာ မဟုတ်ပေ။
ထို့အစား ပုံရိပ်ယောင် ကမ္ဘာထဲသို့ ဝင်၍ သူတို့ ချန်ထားခဲ့သော ကိုယ်ပွားများကို စိန်ခေါ်ရခြင်း ဖြစ်သည်။
အဆိုပါ ကိုယ်ပွားသည် ပိုင်ရှင်က ပုံရိပ်ယောင်ကမ္ဘာထဲသို့ နောက်ဆုံး ဝင်ရောက်သည့်အချိန်ကို မှတ်တမ်းတင်ထားပြီး၊ ထိုအချိန်ကအတိုင်း တူညီသော ချီ-သွေး၊ တိုက်ခိုက်ရေး နည်းစနစ်များနှင့် တိုက်ခိုက်မှုပုံစံများကို အသွင်ယူထားခြင်းဖြစ်သောကြောင့် လူအစစ်နှင့်ပင် တူညီလုနီးပါး ဖြစ်နေခဲ့သည်။
၎င်းသည် ပုံရိပ်ယောင် ကမ္ဘာ၏ အံ့ဖွယ်များထဲမှ တစ်ခုသာလျှင် ဖြစ်သည်။
ပုံရိပ်ယောင် ကမ္ဘာသည် တိုက်ပွဲ အခြေအနေများနှင့် နှစ်ဖက် စစ်တပ်တို့၏ တိုက်ပွဲစစ်မြေပြင်များကိုပင် ပုံဖော်နိုင်သောကြောင့် တိုက်ခိုက်ရေး ပညာရပ်များကို လေ့ကျင့်ရာတွင် များစွာအကူအညီရသည်ဟု ပြောလေ့ရှိကြသည်။
သို့ရာတွင် အဆိုပါ လုပ်ဆောင်မှုများသည် အလွန်အမင်း ဈေးကြီးလှသောကြောင့် အယောက် ၁၀၀စာရင်းဝင်သည့် ကျောင်းသားများသာလျှင် အသုံးပြုနိုင်သည်။
ရှုကျိုးမှာလည်း ၎င်းကို ယခင်က တစ်ခါမှ မကြုံတွေ့ခဲ့ရဖူးချေ။
ဤအခိုက်အတန့်တွင် ရှုကျိုးသည် ပုံရိပ်ယောင် ခန်းမထဲသို့ ဝင်သွားပြီး၊ သိပ္ပံရုပ်ရှင်များထဲက အရာနှင့် တူညီနေသော အခန်း ၁၀ခန်းကို မြင်တွေ့သွားခဲ့သည်။
တွေဝေတုံ့ဆိုင်း မနေဘဲ၊ သူသည် အနီးအနားရှိ ကောင်တာဆီသို့ သွား၍ ပြောလိုက်သည် “ ဆရာ၊ ကျွန်တော်က ထိပ်ဆုံး အယောက် ၁၀၀အဆင့်ကို စိန်ခေါ်ချင်ပါတယ် “
ကောင်တာရှိ ဆရာဖြစ်သူ ဆောင်ချီသည် သူ့ကို မြင်သွားပြီး၊ သူ၏မျက်နှာ အမူအရာမှာလည်း အနည်းငယ် ပြောင်းလဲသွားခဲ့သည် “ ရှုကျိုးလား? “
ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည် “ ဆရာက ကျွန်တော့်နာမည်ကို သိတာလား? “
မင်းကို မသိမှပဲ ထူးဆန်းနေမှာကွ !!!
ဆောင်ချီသည် မျက်မှောင်ကြုတ်၍ ပြောလာခဲ့သည် “ မင်းက ထိပ်ဆုံး အယောက် ၁၀၀အဆင့်ကို စိန်ခေါ်ချင်တာလား? “
ရှုကျိုးသည် ခေါင်းငြိမ့်၍ ပြန်ဖြေလိုက်သည် “ ကျွန်တော်က အဆင့် ၂၄က လူသစ်၊ ဟွမ်ဟောင်ကို စိန်ခေါ်ချင်တာပါ “
၎င်းကို ကြားလိုက်ရသောအခါတွင် ဆောင်ချီ၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
သူသည်လည်း ထိုကိစ္စနှင့် ပတ်သက်၍ တစ်ချို့သော လျှို့ဝှက်ချက်များကို ကြားခဲ့ပြီးပြီ ဖြစ်သည်။
အစပိုင်းတွင် ကျောင်းအုပ်ကြီးနှင့် ဆရာများသည် ရှုကျိုး၏ စွမ်းရည်အကြောင်းကို လျှို့ဝှက်ထားရန် သဘောတူထားခဲ့ကြသည်။
ဟွမ်ဟောင့်ဆီမှ စကားများကြောင့် တစ်ကျောင်းလုံး ဂယက်ထသွားရပြီး ဤအခြေအနေအထိ ဖြစ်လာခဲ့ရခြင်း ဖြစ်သည်။
ဆောင်ချီသည် သူ့အား ငေးကြည့်နေတော့သည်၊ ဒီကလေးက ဟွမ်ဟောင့်ကို လက်စားချေဖို့ စီစဥ်နေတာများလား?
သူ၏ စိတ်သည် အပြေးအလွှား ဖြစ်နေခဲ့ပြီး၊ အရာအားလုံးကို နားလည်သွားသည့်နောက်၌ ချက်ချင်း ပြောလာခဲ့သည် “ စာရင်းပြင်ပက ကျောင်းသားတွေက ပုံရိပ်ယောင်အခန်းထဲ ဝင်ဖို့ တစ်နှစ်မှာ အခွင့်အရေး တစ်ကြိမ်ပဲရှိတယ် “
“ မင်းက ဒီအခွင့်အရေးကို အသုံးမဝင်တဲ့ စိတ်ခံစားချက်တွေကြောင့် ဖြုန်းတော့မယ်ဆိုတာ သေချာပြီလား? “
ရှုကျိုးသည် အံ့ဩသွားခဲ့သော်လည်း၊ အေးအေးဆေးဆေးဖြင့်သာ ပြန်ဖြေလိုက်သည် “ ဆရာ၊ ဒါက စိတ်ခံစားချက်ကြောင့် မဟုတ်ပါဘူး။ ကျွန်တော်က ထိပ်ဆုံး အယောက် ၁၀၀အဆင့်ကို စိန်ခေါ်ချင်တာပါ “
“ တကယ်လို့ မင်းက စိန်ခေါ်ချင်တယ်ဆိုရင်တောင်မှ အောက်ဆုံးကနေ စသင့်တယ် “
ဆောင်ချီမှ သတိပေးပြောကြားလာခဲ့သည် “ မင်းက အဆင့်၂၄က ဟွမ်ဟောင်ကို ချက်ချင်း စိန်ခေါ်လိုက်တာက၊ ဘယ်လို စိန်ခေါ်မှုမျိုးလဲ? “
“ တကယ်လို့ မင်းက မင်းရဲ့ တိုက်ခိုက်ရေး စွမ်းရည်တွေကို မြှင့်တင်ချင်လို့ လာခဲ့တာလို့ ပြောရင်၊ ငါက ကျေကျေနပ်နပ်ကြီး သဘောတူလိုက်မှာ “
ရှုကျိုးကား အနည်းငယ် မျက်မှောင် ကြုတ်သွားခဲ့သည်။ ထို့နောက်တွင် သူသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်း၍ အခိုင်အမာ ပြောဆိုလိုက်သည် “ ဟုတ်ပါတယ်၊ ဆရာ၊ ကျွန်တော်က ဒီကို တိုက်ခိုက်ရေးစွမ်းရည် လေ့ကျင့်ဖို့ လာခဲ့တာပါ၊ ကျွန်တော့်ရဲ့ စိတ်ရှုပ်ထွေးနေမှုကို ဖြေဖျောက်ဖို့အတွက် ဒီအခွင့်အရေးကို လာြဖုန်းတီးတာပါ “
သူသည် ဆရာနှင့် ငြင်းခုန် မနေတော့ပေ။
သူ၏ စကားလုံးများကို ကြားလိုက်ရသောအခါတွင် ဆောင်ချီသည် အချိန်တော်ကြာ မျက်မှောင်ကြုတ်သွားခဲ့သည်၊ သို့သော် ပုံရိပ်ယောင် အခန်းကို ဖြည်းဖြည်းချင်း ဖွင့်ပေးလာခဲ့သည်။
“ အခန်းနံပတ် ၁၊ ဝင်သွားလိုက် “
ဆောင်ချီသည် ရှုကျိုးကိုကြည့်ကာ လေးလေးနက်နက် ပြောလာခဲ့သည် “ မင်းက ဆုံးဖြတ်ပြီးပြီဆိုတော့၊ ဒါကို သေခြင်း၊ ရှင်ခြင်း အတွေ့အကြုံတစ်ခုအဖြစ် သတ်မှတ်လိုက်၊ အခွင့်အရေးကို အလဟာသ မဖြစ်စေနဲ့ “
“ တကယ်လို့ မင်းက ဟွမ်ဟောင်ဆီကနေ တစ်စုံတစ်ခုကို သင်ယူနိုင်ခဲ့မယ်ဆိုရင် အဲ့တာက အချည်းနှီး မဖြစ်တော့ဘူး “
ရှုကျိုးကား ခေါင်းငြိမ့်ပြလိုက်သော်လည်း စကားထပ်မပြောတော့ဘဲ၊ ဘယ်ဘက်အစွန်ဆုံးရှိ အခန်းနံပတ်၁ဆီသို့သာ ဦးတည်သွားလိုက်သည်။
ထိုစဥ် ဝမ်ယွဲ့ဟွေနှင့် တစ်ခြားလူများကလည်း ဤနေရာသို့ ရောက်ရှိလာခဲ့သည်။
ရှုကျိုးက အခန်းနံပတ်၁ဆီသို့ ဝင်သွားသောအခါ၌ သူတို့အားလုံးထံတွင် မျှော်လင့်နေသော အမူအရာများ အလိုအလျောက် ပေါ်ပေါက်လာခဲ့သည်။
ရှုကျိုး၏ အစွမ်းကို မသိသေးသော လူများသည် ၎င်းကို လူကိုယ်တိုင် မြင်တွေ့လာရတော့မည် ဖြစ်သည်။
ထိုအခိုက်အတန့်တွင် သူတို့သည် အလွန်အမင်း သိချင်နေကြသည်၊ ရှုကျိုးက ဟွမ်ဟောင်ကို တကယ်ကြီး ရိုက်နိုင်မှာလား?
အတန်းရှစ်မှ ကျောင်းသူကျောင်းသားများအတွက်မူ အလှည့်အပြောင်းများနှင့် ကြုံတွေ့ခဲ့ရပြီးသည့်နောက်၌ ရှုကျိုးသည် သူတို့၏ မျက်လုံးများထဲတွင် နတ်ဘုရားတစ်ပါးသဖွယ် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
ဤတိုက်ပွဲကို နိုင်သွားမည်ဆိုပါက ကျောင်း၏ အခြေအနေသည် လုံးဝ ပြောင်းလဲသွားမည် ဖြစ်သည်။
သို့သော် ရှုံးသွားမည်ဆိုပါက …………..
…
ထိုအချိန်တွင် ရှုကျိုးသည် အခန်းနံပတ် ၁ထဲသို့ ဝင်သွားခဲ့ပြီ ဖြစ်သည်။
ယခင်ကအတိုင်းပင် သူသည် ရာနှင့်ချီသည့် ကြိုးများတပ်ဆင်ထားသော သတ္တုခေါင်းဆောင်းကို ဝတ်လိုက်သည်။
“ ဗြွီ “
ခေါင်းဆောင်းနှင့် ချိတ်ဆက်ထားသော ကြိုးများသည် တစ်ခုပြီးတစ်ခု လင်းလာခဲ့ပြီး၊ ၎င်း၏မျက်နှာပြင်တစ်ခုလုံးသည် အလင်းတန်းများဖြင့် တောက်ပနေခဲ့ပြီ ဖြစ်သည်။
ထိုစဥ် ရှုကျိုးသည် သူ၏မျက်လုံးများကို မှိတ်လိုက်ပြီး၊ သူ၏ အသိစိတ်သည် ပုံရိပ်ယောင်ကမ္ဘာထဲသို့ ဝင်သွားခဲ့သည်။
“ ဝူးးးးး “
လေပြင်းများ တိုက်ခတ်နေခဲ့ပြီး၊ ကျယ်ပြန့်သော မြက်ခင်းပြင်ကြီးပေါ်၌ မြက်များသည် သမုဒ္ဒရာထဲရှိ လှိုင်းလုံးကြီးများကဲ့သို့ ဟိုဟိုဒီဒီ ယိမ်းနွဲ့နေပြီး၊ တစ်ခါတစ်ရံတွင် ဆယ်မီတာ အမြင့်ထိပင် ရောက်ရှိလာခဲ့ကာ အံ့ဩဖွယ်ကောင်းသော ရှုခင်းတစ်ခုကို ဖန်တီးနေခဲ့သည်။
ဆယ်မီတာ အကွာတွင် သဘော်သားကေဖြင့် ရုပ်သွင်တစ်ခုသည် မျက်လုံးများ ပိတ်လျက်သားဖြင့် မတ်တပ်ရပ်နေခဲ့သည်။
ရှုကျိုးသည် ဤနေရာသို့ ရောက်ရှိလာခဲ့ပြီး၊ ဆယ်မီတာအကွာမှ ရုပ်သွင်ကို မြင်တွေ့သွားကာ အနည်းငယ် အံ့ဩသွားခဲ့သည်။
၎င်းသည် ပုံရိပ်ယောင်ဟုပင် မထင်ရဘဲ၊ ဆံပင်တစ်ချောင်းချင်းစီကပင် အစစ်အမှန်နှင့် တူညီနေခဲ့သည်။
သူသည် ဟွမ်ဟောင်၏ ဓာတ်ပုံများကို မြင်ဖူးထားသောကြောင့် ထိုလူက သူ၏ကိုယ်ပွား ဖြစ်သည်ဆိုသည်ကို သိနေခဲ့သည်။
ထိုအခိုက်အတန့်တွင် ရှုကျိုး၏နားထဲတွင် စက်ပိုင်းဆိုင်ရာ အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။
“ ရာပေါင်းများစွာ ပြိုင်ကွင်းမှ ကြိုဆိုပါတယ် “
“ အတန်းရှစ် ကျောင်းသားသစ်၊ ကျောင်းသား ရှုကျိုး၊ သင့်ရဲ့ လက်နက်ကို ရွေးချယ်ပါ “
ရှုကျိုးသည် ချက်ချင်းဆိုသလိုပင် တစ်ခဏခန့် မှင်သက်သွားခဲ့သည်၊ ထို့နောက်တွင် ချက်ချင်း ရွေးချယ်လိုက်သည် “ Eအဆင့် ၁၀၀မော်ဒယ် ဓား “
Eအဆင့် ၁၀၀မော်ဒယ် ဓားသည် သူပုံမှန် အသုံးပြုနေကျ လေ့ကျင့်ရေး လက်နက်ဖြစ်သည်။
သူသည် ပိုကောင်းသော ပါဝင်ပစ္စည်းများဖြင့် ပြုလုပ်ထားသည့် လက်နက်ကို ရွေးချယ်နိုင်သော်လည်း၊ ၎င်းသည် ဤအရာကဲ့သို့ အဆင်ပြေ အံ့ကိုက်ဖြစ်နေလိမ့်မည် မဟုတ်ပေ။
စက္ကန့်ပိုင်းမျှအကြာတွင် ရှုကျိူး၏ လက်ထဲတွင် ပါးလွှာပြီး ဖြောင့်တန်းနေသော ဓားတစ်လက် ပေါ်လာခဲ့သည်။
“ ရားးးးးးး “
ရှုကျိုး၏ လက်ထဲသို့ လက်နက်ရောက်လာသည်နှင့်တစ်ပြိုင်နက် ဟွမ်ဟောင်သည် ရုတ်တရက် မျက်လုံးဖွင့်လာခဲ့သည်။
နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ဟွမ်ဟောင်သည် နောက်ဘက်ရှိ ဓားရှည်တစ်လက်ကို ဆွဲထုတ်လိုက်ပြီး၊ ရှုကျိုးဆီသို့ အကြမ်းပတမ်း ပြေးတက်လာခဲ့သည်။
အပိုင်း ( 20 )
ဟွမ်ဟောင်ကို သတ်ဖြတ်ခြင်း
ဟွမ်ဟောင်၏ ပုံရိပ်ယောင်ကိုယ်ပွားသည် အံ့ဩဖွယ်ကောင်းသော အမြန်နှုန်းဖြင့် လှုပ်ရှားလာပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် ရှုကျိုးထံသို့ ရောက်ရှိလာခဲ့သည်။
သူ့လက်ထဲရှိ ဓားရှည်သည် ဓားအရိပ်တစ်ခုအဖြစ် အသွင်ပြောင်းသွားကာ ရှုကျိုးကို လှီးဖြတ်လာခဲ့သည်။
ရှုကျိုးကား မျက်နှာ အမူအရာ မပြောင်းလဲသွားဘဲ၊ နောက်ဆုတ်သွားမည့်အစား သူ၏ ဓားကို မြှောက်၍ ဟွမ်ဟောင့်ဆီသို့ လွှဲယမ်းလိုက်သည်။
“ ခလမ် “
ဓားနှင့် ဓားတို့၏ ထိပ်တိုက်ရင်ဆိုင်မှုသည် ရှုကျိုး၏ အမူအရာကို မပြောင်းလဲသွားစေခဲ့သော်လည်း၊ သူ၏လက်များကမူ ကြီးမားသော အားတစ်ခုကို ခံစားလိုက်ရပြီး၊ တုန်ရင်ကာ ထုံကျင်သွားခဲ့သည်။
ဟွမ်ဟောင်သည် သူ၏ ဓားဖြင့် ဆက်၍ လှုပ်ရှားလာခဲ့ပြီး၊ တိုက်ခိုက်မှုတိုင်းတွင် ချီ-သွေး စွမ်းအင်များဖြင့် ပြည့်နှက်နေခဲ့သည်။
၎င်းသည် ပုံရိပ်ယောင် ကိုယ်ပွား၏ အားသာချက်ဖြစ်ပြီး၊ ချီ-သွေးအား အကန့်အသတ်မရှိ ထုတ်လွှင့်နိုင်လေသည်။
ထို့ကြောင့် စိန်ခေါ်သူသည် အနိုင်ရရန်အတွက် လုံလောက်သော အကွာအဝေးတစ်ခုကို ဖန်တီးထားရမည် ဖြစ်သည်။
ရှုကျိုးမှာလည်း ချီ-သွေးကို ထုတ်လွှင့်ကာ သူ၏ဓားဖြင့် ရင်ဆိုင်နေတော့သည်။
“ ခလမ်
ထန်
ထန် “
ကျယ်လောင်သော သတ္တုပွတ်တိုက်မိသံများသည် အဆက်မပြတ် ထွက်ပေါ်နေခဲ့ပြီး မီးပွားလေးများမှာလည်း နေရာအနှံ့ ပျံ့လွင့်နေခဲ့သည်။
ပြင်းထန်သော ဓားချက် ဖလှယ်မှုများအောက်တွင် အနီးအနားရှိ မြက်ပင်များသည် အပိုင်းပိုင်း အစစ ဖြစ်သွားခဲ့သည်။
“ ထန် “
နောက်ထပ် ထိပ်တိုက်ရင်ဆိုင်မှု တစ်ခု ဖြစ်သွားခဲ့ပြီး၊ ရှုကျိုး၏ လက်ထဲရှိ ဓားသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး၊ သူကိုယ်တိုင်မှာလည်း ဆယ်မီတာကျော်အထိ နောက်ဆုတ်သွားခဲ့ရသည်။
“ သူ့ရဲ့ ချီ-သွေးက တကယ်ကို ၈၀ ကယ်လိုရီ ကျော်နေတာပဲ “
ရှုကျိုးကား စဥ်းစားချင့်ချိန်နေတော့သည်။
ငါ့ရဲ့ ချီ-သွေးက ၇၄ကယ်လိုရီရှိပြီး၊ တစ်ခြားလူတွေရဲ့ ၈၀ကယ်လိုရီနဲ့ ယှဥ်နိုင်ပင်မဲ့ ဟွမ်ဟောင်နဲ့ ယှဥ်ရင်တော့ နည်းနည်းလေး လိုနေသေးတယ်။
ငါသူ့ကို ထိပ်တိုက်ရင်ဆိုင်လို့ မဖြစ်ဘူး။
ရှုကျိုး၏ အတွေးများ ပြေးလွှားနေလျက်ရှိပြီး၊ သူ၏ဓားကို လျင်မြန်စွာ ပြန်ရုတ်လိုက်ပြီး၊ ခြေထောက်တွင် အားထည့်လိုက်ကာ လေထဲသို့ ခုန်တက်သွားတော့သည်။
သူ၏ခန္ဓာ တစ်ခုလုံးသည် အာရုံပျံ့လွင့်ခြင်း ကင်းစင်နေလျက်ရှိပြီး၊ ကိုယ်နှင့် စိတ် တစ်သားတည်းဖြစ်နေခဲ့ကာ သူ၏အရှေ့တွင် ဓားတစ်ချောင်းသာလျှင် ကျန်ရှိနေခဲ့သည်။
တောင်ဖြိုခွဲ ဆေဘာသိုင်း !!
ချက်ချင်းဆိုသလိုပင် ရှုကျိုး၏ ဓားထံမှ တောက်ပသော အလင်းတန်းများ ဖြာထွက်လာခဲ့ပြီး၊ ချီ-သွေး အများအပြားသည် ဓားသွားအတွင်းတွင် စုစည်းသွားကာ၊ သိပ်မဝေးသော နေရာမှ ဟွမ်ဟောင့်ကို ခုတ်ပိုင်းလိုက်သည်။
တစ်ဖက်ရှိ ဟွမ်ဟောင်ကမှာလည်း မရေမတွက်နိုင်လောက်သည်အထိ များပြားလှသော ဓားအရိပ်များကို လွှဲရမ်း၊ ဖော်ထုတ်လာခဲ့သည်။
ရှုကျိုး၏ တိုက်ခိုက်မှု ကျရောက်သွားသည့် အခိုက်အတန့်တွင် ဟွမ်ဟောင်၏ ပုံရိပ်သည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
စက္ကန့်ပိုင်းမျှအကြာတွင် သူသည် ရှုကျိုး၏ အရှေ့တွင် ပြန်ပေါ်လာခဲ့ပြီး၊ အလွန်မြန်ဆန်သော အရှိန်ဖြင့် လှုပ်ရှားနေကာ၊ ရှုကျိုးအား လှီးဖြတ်လာခဲ့သည်။
လူနှစ်ဦး ထိပ်တိုင်ရင်ဆိုင်နေကြခြင်း ဖြစ်သော်လည်း၊ တိတိကျကျ ပြောရမည်ဆိုပါက ဓားနှစ်လက်၏ နည်းစနစ်များ ယှဥ်ပြိုင်နေခြင်း ဖြစ်သည်။
ရှုကျိုးက တောင်ဖြိုခွဲ ဆေဘာသိုင်း၏ ပထမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီး၊ ဟွမ်ဟောင်ကမူ ဓားပညာ၏ ပထမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
နည်းစနစ်နှစ်ခု ထိပ်တိုက်ရင်ဆိုင်နေလျက်ရှိပြီး၊ ထို့နောက်တွင် နှစ်ဦးစလုံး အသီးသီး နောက်ဆုတ်သွားခဲ့ရသည်။
“ လေခွင်းဓား ပထမအဆင့်လား? “ ရှုကျိုးသည် သူ့လက်မောင်းပေါ်ရှိ ပြတ်ရှရာကို ကြည့်လိုက်ပြီး၊ သူ့ထံတွင် တိုက်ခိုက်ရေး အတွေ့အကြုံ မရှိသောကြောင့် ဒဏ်ရာရသွားရသည်ဆိုသည်ကို နားလည်သွားခဲ့သည်။
ဤကာလအတွင်း၌ သူသည် တစ်ခြားသော တိုက်ခိုက်ရေး နည်းစနစ်များကိုပါ သင်ယူနေခဲ့သည်၊ ဟွမ်ဟောင် ပြသခဲ့သော ပညာရပ်သည် လေခွင်းဓားသိုင်းပင် ဖြစ်သည်။
လေခွင်းဓားသည် ၎င်း၏ အမည်အတိုင်းပင် ၎င်း၏ မြန်ဆန်မှုကြောင့် ကျော်ကြားသော သိုင်းပညာတစ်ခု ဖြစ်သည်။
ဟွမ်ဟောင်သည် ပထမအဆင့်၏ အထွတ်အထိပ်ကို ရောက်နေခဲ့ပြီ ဖြစ်ပြီး၊ သူ၏ ချီ-သွေးမှာလည်း ရှုကျိုးထပ် သာလွန်နေသောကြောင့် သူပြသလာခဲ့သော စွမ်းအားကို အထင်သေး၍ မရပေ။
ဓားချက်တစ်ချက်သည် လူတစ်ဦး၏ လက်မောင်းကို အလွယ်တကူ ပြတ်တောက်သွားစေနိုင်သည်။
ရှုကျိုးသည် သူ၏ဓားကိုကိုင်ကာ ထပ်မံ၍ ရှေ့တက်သွားပြီး၊ ဆေဘာသိုင်း၏ အဆင့် ၁ အထွတ်အထိပ်စွမ်းအားကို ထုတ်လွှတ်၍ ပုံရိပ်ယောင်ကိုယ်ပွားဖြင့် အံ့ဩဖွယ်ကောင်းသည့် တိုက်ပွဲတစ်ခုကို ဆင်နွှဲနေတော့သည်။
အချိန်များ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
မြက်ခင်းပြင်ပေါ်၌ ဓားသွားနှစ်ခုသည် မြင်ကွင်းတစ်ခုလုံးတွင် ရောင်ပြန်ဟတ်နေခဲ့သည်။
ရှုကျိုးသည် မောပန်းနေသည့်ပုံမပေါ်ဘဲ၊ တောင်ဖြိုခွဲ ဆေဘာသိုင်းကို အဆက်မပြတ် အသုံးပြုကာ ဟွမ်ဟောင်နှင့် အကြမ်းပတမ်း တိုက်ခိုက်နေခဲ့သည်။
ဤဖြစ်စဥ်အတွင်းတွင် နှစ်ဦးစလုံးသည် ဒဏ်ရာ အသီးသီး ရရှိနေကြပြီ ဖြစ်သည်။
ဒဏ်ရာ မည်မျှ များပြားနေပါစေ၊ ရှုကျိုးထံတွင် အရှုံးပေးမည့် ရည်ရွယ်ချက် မရှိပေ။
ဆရာဆောင်ချီ ပြောခဲ့သည့်အတိုင်းပင်၊ သူသည် ဤသည်ကို သေခြင်း၊ ရှင်ခြင်း စမ်းသပ်မှု တစ်ခုအဖြစ် သဘောထားရမည်ဖြစ်သည်၊ မင်းသေမလား၊ ငါသေမလား?
ရှုကျိုး သတိမပြုမိသော အရာကား သေခြင်း၊ ရှင်ခြင်း စမ်းသပ်မှု တိုက်ပွဲအကြားတွင် သူ၏ တောင်ဖြိုခွဲ ဆေဘာသိုင်းတွင် ပျောက်ဆုံးနေသည့် တစ်စုံတစ်ခုက ဖြည်းညှင်းစွာ ဖွဲ့တည်လာနေခြင်း ………
…
ခန်းမထဲ၌
ဤအခိုက်အတန့်တွင် ကောင်တာ ဆရာဆောင်ချီသည် ဖြောင့်တန်းစွာ ထိုင်နေခဲ့ပြီး၊ ရံဖန်ရံခါတွင် သူ၏မျက်လုံးများသည် အခန်းနံပတ် ၁ထံသို့ အံ့ဩမှုများ၊ သံသယများဖြင့် ကြည့်နေတတ်သည်။
“ ဘာတွေ ဖြစ်နေတာလဲ? တစ်နာရီတောင် ထိုးသွားပြီ၊ တိုက်ပွဲက မပြီးသေးဘူးလား? “
အခန်းနံပတ် ၁ကို ကြည့်နေရင်းဖြင့် ဆောင်ချီသည် စိတ်ထဲတွင် တိတ်တဆိတ် မေးခွန်းထုတ်နေခဲ့သည် “ ဒီကလေး၊ ဒါက တစ်ခြားတစ်ယောက်ကို တိုက်ဖူးတဲ့ သူ့ရဲ့ ပထမဦးဆုံးအကြိမ် ဖြစ်သင့်တယ် မဟုတ်ဘူးလား? “
“ သူက ဘယ်လိုလုပ်ပြီးတော့ ဒီလောက်အကြာကြီး တောင့်ခံနေနိုင်ရတာလဲ? “
သူ၏စိတ်ထဲတွင်မူ အံ့ဩတုန်လှုပ်နေခဲ့ပြီ ဖြစ်သည်။
ထိပ်ဆုံး အယောက် ၁၀၀အဆင့်မှ ကျောင်းသားတစ်ဦးနှင့် ရင်ဆိုင်ရသည့်အခါတွင် ရှုကျိုးသည် လျင်မြန်စွာ ရှုံးနိမ့်မသွားဘဲ၊ တစ်နာရီကျော်အထိ တောင့်ခံထားနိုင်ခဲ့လေသည်။
ရှုကျိုးရဲ့ စွမ်းရည်က သားရဲစွမ်းရည် မဟုတ်ဘူးလား?
သူက မကျင့်ကြံနိုင်ဘူး မဟုတ်ဘူးလား?
သူက ဘယ်လိုလုပ်ပြီးတော့ တောင့်ခံနေနိုင်ရတာလဲ?
၎င်းတို့ကို တွေးမိသွားသောအခါတွင် ဆောင်ချီသည် ပို၍ တုန်လှုပ်သွားခဲ့သည်။
ဤနေရာရှိ ကျောင်းသူကျောင်းသားတို့မှာလည်း လွန်စွာ အံ့ဩတုန်လှုပ်နေကြပြီ ဖြစ်သည်။
အထူးသဖြင့် ၁၀တန်း အတန်းရှစ်မှ ကျောင်းသူကျောင်းသားများ ဖြစ်ပြီး၊ သူတို့၏မျက်နှာများ နီရဲနေကာ ရှုကျိုးအတွက် သူတို့၏လက်သီးများကို ဆုပ်ထားကြသည်။
“ ရှုကျိုး၊ မင်းနိုင်ရမယ် “
သူတို့၏ အသံများကို ရှုကျိုးက ကြားနိုင်မည် မဟုတ်သော်လည်း လူအများအပြား အော်ဟစ်လာကြသည်။
ဤစည်းလုံးညီညွတ်မှုသည် ဆောင်ချီကိုပင် နက်နက်ရှိုင်းရှိုင်း ခံစားသွားရစေခဲ့သည်။
တကယ်လို့ ရှုကျိုးသာ ဒီတိုက်ပွဲကို နိုင်သွားမယ်ဆိုရင် သူတို့က သူ့ကို နတ်ဘုရားတစ်ပါးအဖြစ် ဆက်ဆံကြတော့မှာ။
“ မဟုတ်ဘူး၊ ငါဘာတွေ တွေးနေမိတာလဲ၊ အဲ့ကလေး နိုင်ဖို့ဆိုတာက မဖြစ်နိုင်ပါဘူး “ ဆောင်ချီကား ခေါင်းခါနေတော့သည်။
သူသည် သူ၏ကိုယ်ပိုင်အတွေးများကြောင့် အံ့ဩသွားခဲ့ရသည်။
ပုံရိပ်ယောင် ကမ္ဘာထဲတွင် ကိုယ်ပွားများသည် အဆုံးအစမဲ့သော ချီ-သွေး ပိုင်ဆိုင်သည်ဆိုသည်ကို အမှတ်ရကြရမည် ဖြစ်သည်။
စိန်ခေါ်သူသည် အနိုင်ရချင်သည်ဆိုပါက အမှောက်သိပ်နိုင်သည့် ခွန်အား (သို့) စွမ်းအား ရှိနေရမည် ဖြစ်သည်။
“ ဒါပင်မဲ့ ဒီတစ်ကောင်လေးက ခုချိန်ထိ တောင့်ခံထားနိုင်တယ်ဆိုတော့ တစ်ကယ်ကို တစ်ခုခုတော့ တစ်ခုခုပဲ၊ တိုက်ပွဲက ပြီးခါနီးနေပြီ ထင်ပါတယ် “ ဆောင်ချီကား ရေရွတ်ပြောဆိုနေခဲ့သည်။
…
မြက်ခင်းပြင်ပေါ်၌
အံ့အားသင့်ဖွယ်ကောင်းသော တိုက်ခိုက်မှုနှင့်အတူ ရုပ်သွင်နှစ်ခုသည် ထပ်မံ၍ တကွဲတပြား ဖြစ်သွားခဲ့ပြန်သည်။
ရှုကျိုး၏ ဘယ်ဘက် လက်မောင်းမှာ ပြတ်တောက်သွားခဲ့ပြီ ဖြစ်ကာ၊ သွေးများ တားမရ ဆီးမရ စီးကျနေခဲ့သည်။
တစ်ဖက်ရှိ ဟွမ်ဟောင်ကမူ ပြင်းပြင်းထန်ထန် ထိခိုက်ထားပြီး၊ ရင်ဘတ်တစ်လျှောက်လုံးတွင် ပြင်းထန်သော ဓားဒဏ်ရာများ ရှိနေခဲ့ကာ ရင်ဘတ်တစ်ခုလုံးပင် ပေါက်ထွက်လုမတတ် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
သို့ရာတွင် သေစေနိုင်သော ဒဏ်ရာ မဟုတ်ပါက အဆိုပါ ကိုယ်ပွားက ပျောက်ကွယ်သွားမည် မဟုတ်ပေ။
တစ်နည်းဆိုရသော် ပုံရိပ်ယောင် ကမ္ဘာထဲတွင် ကိုယ်ပွားတို့သည် မမောနိုင်မပန်းနိုင်သော တိုက်ခိုက်ရေး စွမ်းအားကို ပိုင်ဆိုင်ထားလေသည်။
“ ငါ့ရဲ့ စိတ်ဝိညာဥ်က နှစ်ဆဖြစ်နေတာ ကံကောင်းတယ်၊ အရင်တုန်းက အတိုင်းသာဆိုရင် ဒီလောက်ထိ တောင့်ခံနိုင်မှာ မဟုတ်ဘူး “ ရှုကျိုးကား တွေးတောစဥ်းစားနေခဲ့သည်။
ဤတိုက်ပွဲမှတစ်ဆင့် သူသည် စိတ်ဝိညာဥ်၏ အံ့အားသင့်ဖွယ်ကောင်းသော အသုံးဝင်မှုကို ထပ်မံ၍ သင်ယူခဲ့ရသည်။
၎င်းက တိုက်ပွဲအတွက် အထောက်အကူ ပြုလေသည်။
စိတ်ဝိညာဥ် မြင့်မား(သို့) အားကောင်းလေလေ၊ လူတစ်ဦးသည် ကြာရှည်စွာ တိုက်ခိုက်နိုင်လေလေ ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ရှုကျိုး၏ စိတ်ဝိညာဥ်သည် ယမန်နေ့ကပင် တိုးတက်သွားခဲ့သည်၊ ထိုကဲ့သို့သာ မဟုတ်ပါက သူသည် မောပန်းပြီး သေဆုံးသွားမည်မှာ ကြာနေခဲ့ပြီ ဖြစ်သည်။
“ ဒါပင်မဲ့ ငါ့ရဲ့ အကန့်အသတ်ကို ရောက်တော့မယ် “ ရှုကျိုးသည် ကျန်ရှိနေသည့်လက်မောင်းကို ကြည့်ကာ စိတ်ထဲတွင် သက်ပြင်းတစ်ချက် ချနေတော့သည်။
တစ်နာရီကျော်ကြာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပြီးသည့်နောက်၌ သာမန်ထပ် သာလွန်သော စိတ်ဝိညာဥ်ရှိသည့် သူ့လိုလူကပင် မောပန်းနေခဲ့ပြီ ဖြစ်သည်။
အကယ်၍ သူသာ ပြိုင်ဘက်ကို အနိုင်မယူနိုင်ဘူးဆိုပါက သေခြင်းသည် သူ၏ အဆုံးသတ် ဖြစ်သွားလိမ့်မည် ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ရှုကျိုး၏ နှလုံးသားထဲ၌ သေခြင်း၊ ရှင်ခြင်းအကြောင်း နားလည်မှုတစ်ခု ပေါက်ဖွားလာခဲ့ပြီ ဖြစ်သည်။
သူသည် မျက်လုံးများကို မှိတ်လိုက်ပြီး၊ ဓားလက်ကိုင်ကို လက်တစ်ဖက်တည်းဖြင့် ဆုပ်ကိုင်ရာ တုန်ရင်မှုသည် ရုတ်တရက် ရပ်တန့်သွားခဲ့သည်၊ ဓားသွားပေါ်မှ သွေးတစ်စက်သည် မြေပြင်ပေါ်သို့ ဆင်းသက်သွားခဲ့သည်။
စက္ကန့်ပိုင်းမျှ အကြာတွင် ရှုကျိုး၏ မျက်လုံးများ ရုတ်တရက် ပွင့်ဟလာခဲ့ပြီး၊ သေခြင်းတရားမှ ရှင်သန်လိုစိတ်ကို ချပြလာခဲ့ကာ ဓားကို လွှဲရမ်းလိုက်သည်။
“ ဒင် “
၎င်းသည် ချည်နှောင်ထားသော သံကြိုးတစ်ချို့ ပြတ်တောက်သွားသကဲ့သို့ပင် ဖြစ်နေခဲ့သည်။
ဓားသွားသည် ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး၊ တုန်လှုပ်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခု လျင်မြန်စွာ စုစည်းလွှမ်းခြုံလာခဲ့သည်။
စုစည်းမှု အရှိန်အဟုန်က အမြင့်ဆုံးသို့ ရောက်ရှိသွားသောအခါတွင် ဆေဘာသိုင်း ပထမအဆင့် အထွတ်အထိပ်၏ အတားအဆီး ကျိုးပျက်သွားခဲ့ပြီး၊ ရှုကျိုးသည် ရှေ့သို့ အကြမ်းပတမ်း တက်သွားတော့သည်။
တောင်ဖြိုခွဲ ဆေဘာသိုင်း၏ အားသည် ကြမ်းတမ်းမှုအဖြစ် ရုတ်တရက် ပြောင်းလဲသွားပြီး၊ စွမ်းအားမှာ အဆင့်ပေါင်းများစွာ မြင့်တက်သွားခဲ့သည့်ပုံပင်။
“ ဝုန်းးးးးးး “
ရှုကျိုး၏ မျက်လုံးများ အေးစက်နေပြီး၊ သူ၏ ခုတ်ချက်သည် တောင်များနှင့် ပင်လယ်များကို ပိုင်းဖြတ်နိုင်သည့် စွမ်းအားကဲ့သို့ တစ်ဖက်ရှိ ရုပ်သွင်တစ်ခုထံသို့ ချီတက်သွားတော့သည်။
ဟွမ်ဟောင်သည် မည်သည့်အမူအရာမှ မပြသော်လည်း၊ လေခွင်းဓားကို ဆက်လက်၍ အသုံးပြုလာခဲ့သည်။
ဤတစ်ကြိမ်တွင် ယခင်ကကဲ့သို့ အရှိန်အဟုန်မျိုး ရှိမနေတော့ပေ။
ရှုကျိုး၏ တောင်ဖြိုခွဲ ဆေဘာသိုင်းအောက်တွင် သူ၏ ဓားသိုင်းသည် တိုက်ရိုက်ပင် ပြိုပျက်သွားပြီး၊ သူ၏ ဓားရှည်မှာလည်း အဝေးသို့ ပျံသန်းသွားခဲ့ရသည်။
နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် တောက်ပသော ဓားသွားတစ်ခုသည် ဟွမ်ဟောင်၏ မျက်လုံးများထဲသို့ တိုးဝင်လာခဲ့ပြီး၊ အနီးနားရှိ လေထုကို ဖြိုခွင်း၍ ဟွမ်ဟောင်၏ဦးခေါင်းကို ဖြတ်တောက်လာခဲ့သည်။
“ ဝုန်းးးးးးးး “
ဓားရှည်တစ်လက်သည် လေပေါ်သို့ လွင့်ပျံသွားခဲ့သည်။
ရှုကျိုးသည် မြက်ခင်းပြင်ပေါ်သို့ ဆင်းသက်လာခဲ့ပြီး၊ ဦးခေါင်းတစ်လုံးသည် သူ့နောက်ရှိ ကောင်းကင်ပေါ်သို့ ပျံတက်သွားခဲ့သည်။
သူသည် ဓားအား လက်တစ်ဖက်ဖြင့် ကိုင်၍ မတ်တပ်ရပ်နေခဲ့ပြီး၊ ဦးခေါင်းမဲ့သော ကိုယ်ခန္ဓာတစ်ခုသည် သူ၏ ခြေရင်းပေါ်သို့ လဲကျပြိုဆင်းလာခဲ့သည်။
အပိုင်း ( 21 )
ထိပ်ဆုံး အယောက် ၁၀၀စာရင်း၏ နံပတ် ၂၄
လေများ ကြမ်းတမ်းစွာ တိုက်ခတ်လျက်ရှိပြီး၊ မြက်ပင်များသည် လှိုင်းများသကဲ့သို့ ယိမ်းနွဲ့နေခဲ့သည်။
ဟွမ်ဟောင်၏ ပုံရိပ်ယောင် ကိုယ်ပွားသည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
သို့သော် ရှုကျိုးသည် ၎င်းကို အရေးစိုက်မနေခဲ့ပေ။
သူသည် သူ့လက်ထဲရှိ ဓားရှည်ကို ကြည့်နေရင်းဖြင့် သူ၏မျက်လုံးထဲတွင် ပျော်ရွှင်မှု အရိပ်အမြွက်များ ထင်ဟပ်နေခဲ့သည်။
“ ဆေဘာသိုင်း ဒုတိယအဆင့် “
ရှုကျိုးသည် စိတ်လှုပ်ရှားစွာဖြင့် မှတ်ချက်ပြုလာခဲ့သည် “ အချိန်အတော်ကြာ ပြင်းပြင်းထန်ထန် ကြိုးစားရလိမ့်မယ်လို့ ငါထင်နေခဲ့ပင်မဲ့၊ တိုက်ပွဲအတွင်းမှာပဲ အဆင့်တက်သွားတယ် “
ယခင်က သူသည် ဆေဘာနည်းစနစ်၏ ဒုတိအဆင့်ကို ရောက်ရှိရန် အတော်လေး အလှမ်းဝေးနေခဲ့သည်။
ယခုလေးတင် ရှုကျိုးသည် ဟွမ်ဟောင်နှင့် နောက်ဆုံး အခိုက်အတန့်အထိ တိုက်ခိုက်ခဲ့ပြီး၊ မောပန်းလုနီးပါး ဖြစ်သွားခဲ့ရသော်လည်း၊ ၎င်းသည် သူ၏ရှင်သန်လိုစိတ်ကို တောက်လောင်သွားခဲ့သည်။
အဆိုပါ သေခြင်း၊ ရှင်ခြင်း အတွေ့အကြုံသည် သူ့အား အတားအဆီးများကို ချိုးဖျက်သွားစေခဲ့ပြီး၊ တောင်ဖြိုခွဲ ဆေဘာသိုင်း၏ ဒုတိယအဆင့်ကို နားလည်သွားစေခဲ့သည်။
“ ဆေဘာသိုင်း ဒုတိယအဆင့်ရဲ့ စွမ်းအားက အရင်ကဟာနဲ့ ယှဥ်လိုက်မယ်ဆိုရင် အဆင့်တွေ အများကြီး တက်သွားတာပဲဟ “
ရှုကျိုးကား ပျော်ရွှင်သွားတော့သည် “ တကယ်လို့ တိုက်ပွဲသာ ထပ်ဖြစ်မယ်ဆိုရင်၊ ငါက ဟွမ်ဟောင်ကို နှစ်ကွက်တည်းနဲ့ အနိုင်ယူနိုင်တယ်လို့ ယုံကြည်ချက် ရှိတယ် “
အဆိုပါ တိုက်ပွဲသည် သူ့အတွက် အလွန်ပြင်းထန်နေခဲ့သည်။
ရှုကျိုး၏ ချီ-သွေးသည် ဟွမ်ဟောင်ထပ် အနည်းငယ် နိမ့်ကျနေခဲ့ပြီး၊ သူတို့၏ တိုက်ပွဲ နည်းစနစ်နယ်ပယ်ကြားတွင်မူ ကွာဟချက် မရှိခဲ့ပေ။
ထို့အပြင် ပုံရိပ်ယောင် ကမ္ဘာကြီးအတွင်း၌ ပုံရိပ်ယောင် ကိုယ်ပွားများသည် ချီ-သွေးထောက်ပံ့မှု အမြဲလိုလို ရရှိနေခဲ့သည်။
အကယ်၍ ရှုကျိုးကသာ တိုက်ပွဲအတွင်းတွင် အဆင့်တက်မသွားခဲ့ဘူးဆိုပါက သူသည် ဤတိုက်ပွဲကို လုံးဝအနိုင်ရမည် မဟုတ်ပေ။
ယခုတွင်ကား ၎င်းတို့အားလုံးသည် အတိတ်များ ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
ယခုတွင် ရှုကျိုးသည် ဆေဘာသိုင်း၏ ဒုတိယအဆင့်ကို နားလည်သွားခဲ့ပြီ ဖြစ်သည်၊ သူသည် လင်းဂျန်ပထမ အထက်တန်းကျောင်းတွင် ထိပ်ဆုံးစာရင်းဝင်ရန် လုံလောက်နေခဲ့ပြီ ဖြစ်သည်။
ထိုစဥ် ကျယ်လောင်သော အသံတစ်သံသည် ပုံရိပ်ယောင်ကမ္ဘာထဲတွင် ပဲ့တင်ထပ်ထွက်ပေါ်လာခဲ့သည်။
“ ရှုကျိုး အနိုင်ရသည် “
“ ထိပ်ဆုံး အယောက်စာရင်း ပြောင်းလဲမည်၊ ဟွမ်ဟောင် အဆင့်တစ်ဆင့် ကျသွားသည် “
“ ပထမနှစ် ထိပ်ဆုံး အယောက် ၁၀၀စာရင်း အဆင့် ၂၄ : ရှုကျိုး “
အဆိုပါ အသံ ပဲ့တင်ထပ်လာသောကြောင့် ရှုကျိုးသည် သတိပြန်ဝင်လာခဲ့ပြီး၊ ထို့နောက်တွင် အသာအယာ ပြုံးနေတော့၏။
ယနေ့မှစ၍ သူသည်လည်း ထိပ်ဆုံး အယောက် ၁၀၀စာရင်း၏ အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်သည်။
နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် သူသည် ရုပ်သွင်သည် ပုံရိပ်ယောင် ကမ္ဘာထဲမှ ဖြည်းညှင်းစွာ ပျောက်ကွယ်သွားခဲ့သည်။
…
ထိုစဥ် ကုဗတုံး ပုံသဏ္ဍာန် အဆောက်အအုံ ခန်းမ၌
ဆောင်ချီ၏ ဖုန်းထံသို့ စာတစ်ခု ရုတ်တရက် ဝင်ရောက်လာခဲ့သည်။
သူသည် သူ၏ဖုန်းကို ဖွင့်ကြည့်လိုက်ရာ ၎င်းသည် ကျောင်းပလက်ဖောင်းထံမှ ဖြစ်သည်ဆိုသည်ကို မြင်သွားခဲ့သည်၊ ထို့ကြောင့် သူသည် ၎င်းကို နှိပ်ကာ ချက်ချင်း စစ်ဆေးကြည့်ရှုလိုက်သည်။
စာ၏ အသေးစိတ်အချက်အလက်များကို မြင်တွေ့လိုက်ရသော အခါတွင် ဆောင်ချီသည် ရုတ်တရက် အံ့ဩတုန်လှုပ်သွားခဲ့ပြီး၊ မယုံကြည်နိုင်ဖြစ်နေသော အကြည့်မျိုးသည် သူမျက်နှာပေါ်တွင် ပေါ်ပေါက်လာခဲ့သည်။
“ ထိပ်ဆုံး အယောက် ၁၀၀စာရင်း အပြောင်းအလဲလား? “
“ ဟွမ်ဟောင်ရဲ့ အဆင့် ကျသွားတာလား? “
“ အဲ့ကလေးက နိုင်သွားတယ်ပေါ့? “
ဒုတ် !!
ဆောင်ချီ၏ ဖုန်းသည် စားပွဲပေါ်သို့ ပြုတ်ကျသွားပြီး၊ သူ၏ပါးစပ်မှာလည်း အိုပုံသဏ္ဍာန်သကဲ့သို့ ပွင့်ဟနေခဲ့ကာ သူသည် ပုံရိပ်ယောင် အခန်းနံပတ်၁အား တအံ့တဩဖြင့် ငေးကြည့်နေတော့သည်။
တစ်ချိန်တည်းမှာပင် ခန်းမထဲရှိ ကျောင်းသားတို့မှာလည်း ကျောင်းမှ ထုတ်ပြန်လာခဲ့သော စာကို မြင်တွေ့သွားကြသည်။
စက္ကန်ပိုင်းမျှ အကြာတွင် လူတိုင်း တအံ့တဩဖြစ်သွားကြသည်။
“ ဘုရားရေ ….. သူက တကယ် နိုင်သွားတာလား? “
“ မင်းမေကလွှား “
တစ်ခြားသော အတန်းမှ ကျောင်းသူကျောင်းသားများ မတုံ့ပြန်နိုင်ခင်မှာပင်
ပထမနှစ် အတန်းရှစ်မှ ကျောင်းသူကျောင်းသားများသည် ကျယ်လောင်စွာ အော်ဟစ်အောင်ပွဲခံလာကြသည်။
“ ရှုကျိုး! ရှုကျိုး! ရှုကျိုး! “
တစ်တန်းလုံးသည် တစ်ညီတစ်ညာတည်း အော်ဟစ်နေကြသည်။
မည်သူကမှ မအံ့သလို၊ မည်သူကမှ သံသယမဝင်သကဲ့သို့ ရှုကျိုး မည်ကဲ့သို့ အနိုင်ရသွားလဲဆိုသည်အား မည်သူမှ ဂရုမစိုက်ကြပေ။
အားလုံးသည် စည်းလုံးညီညွတ်စွာဖြင့် အောင်ပွဲခံနေကြခြင်း ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ရှုကျိုး၏ အမည်သည် ကျယ်ဝန်းလှသော ကုဗတုံး အဆောက်အအုံ၏ ခန်းမတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။
တစ်ခြားသောအတန်းမှ ကျောင်သားကျောင်းသူများသည် အလွန်စိတ်အားထက်သန်နေကြသော အတန်းရှစ်မှ ကျောင်းသားကျောင်းသူများကို ကြည့်ပြီး၊ လုံးဝ အံ့ဩတုန်လှုပ်နေကြသည်။
အများစုသည် သူတို့က မည်သည့်အတွက်ကြောင့် ထိုမျှ စိတ်အားထက်သန်စွာဖြင့် ပျော်ရွှင်နေကြလဲဆိုသည်ကို နားမလည်နိုင် ဖြစ်နေကြသည်။
တစ်စုံတစ်ဦးမှ သူတို့၏ အတန်းနှင့် ဆရာကို စော်ကားနေသည့် အချိန်သည် ပါရမီရှင် တစ်ဦး ရှေ့ထွက်လာခဲ့ပြီး၊ သူတို့အတန်း၏ ဂုဏ်သိက္ခာကို ပြန်၍ ထိန်းသိမ်းပေးလာခဲ့သည်။ သူတို့သည် အရူးအမူး ဖြစ်သွားကြပြီး၊ သူ့အား နတ်ဘုရားတစ်ပါးအဖြစ်ပင် ကိုးကွယ်ကောင်း ကိုးကွယ်လာနိုင်လေသည်။
…
ထိုစဥ် ဆရာများနှင့် အတန်းပေါင်းစုံမှ ကျောင်းသားကျောင်းသူခေါင်းဆောင်းများကလည်း ထိပ်ဆုံး အယောက် ၁၀၀စာရင်း၏ အပြောင်းအလဲနှင့် သက်ဆိုင်သည့် သတင်းကို ရရှိသွားကြသည်။
ကျောင်း၏ အစည်းအဝေးခန်းထဲတွင်
ဆရာများသည် အဖြေကို ဆွေးနွေးနေကြစဲဖြစ်သည်။
ထိုစဥ် ဆရာတစ်ဦးမှ ရုတ်တရက် အော်ပြောလာခဲ့သည် “ ကြည့်ကြဦး၊ ထိပ်ဆုံး အယောက် ၁၀၀စာရင်း ပြောင်းလဲသွားပြီ “
“ မင်း ဘာပြောတာလဲ? “
ထိုအကြောင်းကို ကြားလိုက်ရသောအခါတွင် ကျောင်းအုပ်ကြီး အပါအဝင် ဆရာအားလုံးသည် တစ်ခဏခန့် မှင်သက်သွားကြသည်။
မကြာခင်မှာပင် သူတို့သည် သူတို့၏ ဖုန်းများကို ထုတ်ယူလိုက်ကြပြီး၊ စာ၏ အသေးစိတ် အချက်အလက်များကို မြင်တွေ့လိုက်ရသောအခါတွင် သူတို့အားလုံး အံ့အားသင့်သွားကြသည်။
“ ရှုကျိုးက ထိပ်ဆုံး အယောက် ၁၀၀စာရင်းထဲကို ရောက်လာတာလား? “
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? “
“ သူ့ဆီမှာ ကျင့်ကြံရေး အရှိန် တော်တော်နှေးတဲ့ သားရဲစွမ်းရည် ရှိနေသင့်တာ မဟုတ်ဘူးလား? “
“ ပထမနှစ် ထိပ်ဆုံး အယောက် ၁၀၀စာရင်းရဲ့ နံပတ် ၂၄၊ ဒီအဆင့်က အနည်းဆုံးတော့ ချီ-သွေး ၈၀ကယ်လိုရီကျော် ရှိနေမှာလေ၊ ဟုတ်တယ်မလား? “
ဆရာအားလုံး အံ့ဩတုန်လှုပ်သွားကြသည်။
ဒါပင်မဲ့ ရှုကျိုးဆီမှာက သားရဲစွမ်းရည် ရှိနေတာ မဟုတ်ဘူးလား?
ကျောင်းအုပ်ကြီးမှ ရုတ်တရက် ပြောလာခဲ့သည် “ ချောင်ရုံ၊ နိုးထမလာခင်တုန်းက ရှုကျိုးရဲ့ ခွန်အားကို မင်းသိလား? “
ချောင်ရုံသည် ခေါင်းငြိမ့်ပြကာ လေးနက်နေသော အသံဖြင့် ပြန်ဖြေလာခဲ့သည် “ နိုးထမလာခင်တုန်းက ရှုကျိုးရဲ့ ချီ-သွေးက ၇၀ကယ်လိုရီ ဝန်းကျင်လောက်ပဲ ရှိပါတယ် “
ထိုစကားလုံးများသည် ဆရာများ၏ အမူအရာများကို ပြောင်းလဲသွားစေခဲ့သည်။
လျူကိုင်ချီမှာလည်း မျက်မှောင်ကြုတ်ကာ ရုတ်တရက် စကားပြောလာခဲ့သည် “ အဲ့တာက မဖြစ်နိုင်ဘူး “
“ ပထမနှစ် ထိပ်ဆုံး အယောက် ၁၀၀စာရင်းထဲက ထိပ်တန်း အယောက် ၃၀လုံးဆီမှာ အနည်းဆုံး ချီ-သွေး ၈၀ကယ်လိုရီ ရှိတယ်လေ “
“ ရှုကျိုးရဲ့ ချီ-သွေးက လဝက်အတွင်းမှာပဲ ၁၀ကယ်လိုရီ တိုးလာခဲ့တာများလား? “
“ Sအဆင့် စွမ်းရည်နဲ့ဆိုရင်တောင်မှ ကျင့်ကြံရေး အရှိန်က အဲ့လောက် မမြန်သင့်ဘူးလေ “
၎င်းကို ကြားလိုက်ရသောအခါတွင် ချောင်ရုံ၏ မျက်နှာပေါ်၌ ရှားပါးသော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သူသည် ခေါင်းငြိမ့်ပြ၍ ပြောလိုက်သည် “ အခုဆိုရင် ရှုကျိုးက သူ့ကို သာမန် Sအဆင့် စွမ်းရည်ပိုင်ရှင်တွေက မယှဥ်နိုင်ဘူးဆိုတာကို သက်သေပြခဲ့ပြီလေ “
အဆိုပါ စကားလုံးများသည် ယခင်က သံသယ ဖြစ်နေခဲ့ကြသော ဆရာများကို သတိပြန်ဝင်သွားစေခဲ့သည်။
ချက်ချင်းဆိုသလိုပင် အားလုံးသည် တအံ့တဩဖြစ်နေသော အမူအရာများ ဖြစ်သွားကြသည်။
ချောင်ရုံ ပြောတာ ဟုတ်သားပဲ။
ရှုကျိုးက ဟွမ်ဟောင်ကို တိုက်ပွဲမှာ နိုင်သွားရုံတင်မကဘူး၊ သူက သူ့ရဲ့ စွမ်းရည်ပါ သက်သေပြနိုင်ခဲ့ပြီလေ။
သူ့ရဲ့ စွမ်းအားက ဘယ်ကနေပဲ ရောက်လာရောက်လာ၊ အနည်းဆုံးတော့ ဒီလှုပ်ရှားမှုက ကောလဟာလအားလုံးကို ဖြိုချဖို့ လုံလောက်နေပြီ။
ဆရာအားလုံးသည် ဝမ်းသာပျော်ရွှင်နေသော အမူအရာများကို ပြသလာကြသည်။
ဒါဆိုရင် ကျောင်းရဲ့ အကြပ်အတည်းကို ဖြေရှင်းနိုင်တော့မှာပေါ့?
“ ပုံရိပ်ယောင် ခန်းမကို သွားကြည့်ကြရအောင် “ ဟု ချောင်ရုံမှ ရုတ်တရက် ပြောလာခဲ့သည်။
ကျောင်းအုပ်ကြီးမှာလည်း ခေါင်းငြိမ့်လာခဲ့သည် “ ဟုတ်တယ်၊ သတင်းက မှန်လားဆိုတာကို အရင်အတည်ပြုရမယ် “
“ တကယ်လို့ အဲ့လိုသာ ဖြစ်နေမယ်ဆိုရင် အောင်ပွဲခံဖို့ နောက်မကျသေးပါဘူးကွာ “
အားလုံးသည် ခေါင်းငြိမ့်လာကြပြီး၊ မျှော်လင့်ချက်များနှင့်အတူ အပြင်ဘက်သို့ ထွက်သွားကြသည်။
ထိုင်ခံပေါ်၌ လျူကိုင်ချီ တစ်ဦးတည်းကသာလျှင် မှုန်မှိုင်းနေသော အမူအရာဖြင့် ကျန်နေခဲ့သည်၊ အဘယ့်ကြောင့်ဆိုသော် သူသည် ထိုသတင်းကို ဖြန့်ခဲ့သောကြောင့် ဖြစ်သည်။
ယခုတွင် ရှုကျိုးသည် အံ့ဩဖွယ်ကောင်းသော အစွမ်းကို ချပြလာခဲ့ပြီး၊ ၎င်းသည် သူ၏ပါးကို လူကြားထဲတွင် ဖြတ်ရိုက်လိုက်ခြင်းပင် ဖြစ်သည်။
၎င်းအား သူများစွာ ပူပန်မနေခဲ့ပေ။
အဓိက ပြဿနာကား ကျောင်းတွင် ထိုကဲ့သို့သော ကိစ္စကြီး ဖြစ်ပွားခဲ့ပြီးပြီဖြစ်သောကြောင့်၊ ပြင်ပကမ္ဘာထံသို့ ဖြေရှင်းချက်တစ်ချို့ ပေးရမည် ဖြစ်သည်။
အကယ်၍ ရှုကျိုးကသာ သူ၏စွမ်းရည်က စစ်မှန်သည်ဟု သက်သေပြနိုင်ခဲ့ပါက၊ ကျောင်းသည် အပြစ်အားလုံးကို လျူကိုင်ချီနှင့် တစ်ခြားလူများအပေါ်သို့ တင်ပေးလိုက်ရမည် ဖြစ်သည်။
ထိုကဲ့သို့သာ ဖြစ်လာခဲ့ပါက သူ၏ပြစ်ဒဏ်သည် တံခါးစောင့်ကဲ့သို့ ရိုးရှင်းနေတော့မည် မဟုတ်ပေ။
၎င်းကို တွေးမိသွားသောအခါတွင် လျူကိုင်ချီ၏ အမူအရာသည် ပို၍ပင် ရုပ်ဆိုးသွားခဲ့သည်။
…
ကျောင်းဝင်းအတွင်း၌ သတင်းသည် တောမီးကဲ့သို့ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။
“ ရှုကျိုးက ဟွမ်ဟောင့်ကို အနိုင်ရပြီး၊ ထိပ်ဆုံး အယောက် ၁၀၀စာရင်းရဲ့ နံပတ် ၂၄ဖြစ်သွားပြီတဲ့ “
“ ပထမနှစ် ထိပ်ဆုံး အယောက် ၁၀၀စာရင်းမှာ အပြောင်းအလဲဖြစ်သွားပြီ၊ ရှုကျိုးက စာရင်းထဲကို ရောက်သွားပြီဟေ့ “
ယခုတွင်ကား ရှုကျိုး၏ အမည်သည် လင်းဂျန် ပထမအထက်တန်းကျောင်း၏ ဗဟိုချက် ဖြစ်လာခဲ့ပြီ ဖြစ်သည်။
သူနှင့် သက်ဆိုင်သည့် သတင်းမှန်သမျှသည် အားလုံး၏ အာရုံများကို ဖမ်းစားနိုင်ခဲ့သည်။
ရှုကျိုးမှ ဟွမ်ဟောင့်ကို အနိုင်ယူကာ ထိပ်တန်း အယောက် ၁၀၀စာရင်းထဲသို့ ရောက်သွားသော သတင်းသည် တစ်ကျောင်းလုံးကို ပွက်လောရိုက်သွားစေခဲ့သည်။
ပထမနှစ်မှ တတိယနှစ်အထိ ထောင်နှင့်ချီသော ကျောင်းသားကျောင်းသူများ ရုတ်ရုတ်သဲသဲ ဖြစ်သွားရသည်။
သူ့ဆီမှာ ကျင့်ကြံလို့ မရတဲ့ သားရဲ စွမ်းရည်ရှိနေတာ မဟုတ်ဘူးလား?
သူက ဘယ်လိုလုပ်ပြီးတော့ ထိပ်တန်း အယောက် ၁၀၀စာရင်းထဲကို ရုတ်တရက် ရောက်လာရတာလဲ?
ပြီးတော့ သူ့ရဲ့ အဆင့်က ၂၄တောင်လေ !!
“ ပထမနှစ် ထိပ်တန်း အယောက် ၁၀၀စာရင်းက အဲ့လောက်တောင် လွယ်တာလား? “
“ လျှောက်မပြောနဲ့။ အဲ့စာရင်းထဲက လူအများစုက အလယ်တန်း တတိယနှစ်ကတည်းက လေ့ကျင့်နေကြတဲ့ လူတွေ “
“ ထိပ်ဆုံး အယောက် ၃၀ဆိုရင် ချီ-သွေး ၈၀နီးပါးအထိ ရှိနေကြပြီ၊ ပြီးတော့ သူတို့က တိုက်ခိုက်ရေး နည်းစနစ်တွေလည်း လေ့ကျင့်ထားကြတယ်၊ သူတို့ရဲ့ ခွန်အားက တော်တော်ကြီးကို ကြမ်းတယ် “
“ ဘုရားရေ !! သူတို့က ငါ့ကို တစ်ကွက်တည်းနဲ့ အနိုင်ယူနိုင်တယ်လို့ ဆိုလိုနေတာ မဟုတ်ဘူးလား? “
“ ရှုကျိုးက တကယ်ကြီးကို အဲ့လောက်တောင် စွမ်းတာလား? “
“ ဟွမ်ဟောင်နဲ့ ဟွမ်ယွင်ရွှယ်က လိမ်နေကြတာလား? “
“ ဝိုး၊ တကယ်လို့ အဲ့တာကသာ မှန်နေမယ်ဆိုရင်တော့ အံ့ဩဖို့ ကောင်းသွားပြီ “
“ ငါလည်း သိပ်မသိဘူး၊ တကယ်လို့ ရှုကျိုးဆီမှာ ထိပ်တန်း Sအဆင့် စွမ်းရည် ရှိနေတယ်ဆိုရင်၊ သူက အယောက် ၁၀၀စာရင်းရဲ့ နံပတ်၁နေရာကို ရောက်သွားသင့်တာ မဟုတ်ဘူးလား? ဒါပင်မဲ့ အခုတော့ သူက ၂၄မှာပဲလေ “
“ ဒါက၊ ချောင်ရုံ လိမ်တာ မဟုတ်ရင် ဟွမ်ညီအစ်ကိုက လိမ်နေတာပဲ “
“ ဘယ်တစ်ခုက အမှန်တရားလဲ? “
“ ခက်တယ်၊ တကယ်ကို ပြောဖို့ခက်တယ် “
အတန်းပေါင်းစုံမှ ကျောင်းသားကျောင်းသူများသည် ၎င်းကို စိတ်လှုပ်ရှားစွာဖြင့် ဆွေးနွေးပြောဆိုနေကြသည်။
ပထမနှစ် အတန်း၁၌
ကျောင်းသားကျောင်းသူများသည် တီးတိုးပြောဆိုနေကြသည်၊ သို့သော် အများစုသည် ရံဖန်ရံခါတွင် ဟွမ်ဟောင်၏ နေရာကို ငေးကြည့်လာကြသည်။
ဟွမ်ဟောင်ကမူ သုန်မှုန်နေသော မျက်နှာထားဖြင့် တင်ပျဥ်ခွေထိုင်နေခဲ့သည်။
သူသည် မကြာခင်ကမှ စာသင်ခန်းထဲသို့ ပြန်ရောက်လာခဲ့ခြင်းဖြစ်ပြီး၊ သတင်းဖော်ခြင်း ဖြစ်ရပ်ကြောင့် အတန်းဖော်များသည် သူ့အား တိတ်တဆိတ် ရှောင်ရှားလာကြသည်။
အစတွင် ဟွမ်ဟောင်သည် များစွာ စိုးရိမ်ပူပန်မနေဘဲ၊ ကျောင်းမှ သူ့အား ပြင်းထန်စွာ အပြစ်မပေးဘူးဟုသာ ယုံကြည်နေခဲ့သည်။
သို့သော် ယခုတွင်ကား ရှုကျိုးမှ သူ့အား ပုံရိပ်ယောင် ကမ္ဘာထဲတွင် အနိုင်ယူသွားခဲ့ပြီ ဖြစ်သည်။
၎င်းသည် သူ၏မျက်နှာအား တစ်ချက်ပြီး တစ်ချက် ဖြတ်ရိုက်လာခဲ့ခြင်းပင် ဖြစ်သည်။
“ ဒင် “
ထိုစဥ် သူ၏ ဖုန်းထဲသို့ စာတစ်စောင် ဝင်လာခဲ့သည်။
၎င်းကို ဖွင့်ကြည့်လိုက်ရာ ဟွမ်ယွင်ရွှယ်ဆီမှ ဖြစ်သည်ကို မြင်တွေ့လိုက်ရသည်။
ဟွမ်ယွင်ရွှယ် : “ ရှုကျိုးကို ဒုက္ခိတဖြစ်အောင် လုပ် “
သူ့အစ်ကိုဆီမှ စာကို မြင်လိုက်ရသောအခါတွင် ဟွမ်ဟောင်သည် သူ၏လက်သီးများကို ဆုပ်လိုက်ပြီး၊ သူမျက်နှာမှာလည်း နီရဲသွားခဲ့သည်။
သူသည် ခေါင်းကို မော့လိုက်ရာ သူ၏အတန်းဖော်များသည် သူ့အား လက်ညှိုးထိုး၍ တိုးတိုး တိုးတိုးပြောနေကြသည်ကို မြင်တွေ့သွားခဲ့သည်။
၎င်းကို မြင်လိုက်ရသောအခါတွင် ဟွမ်ဟောင် ငြိမ်မနေနိုင်တော့ပေ။
“ တော်လောက်ပြီ “
ဟွမ်ဟောင်သည် အော်ဟစ်ကာ လေးနက်နေသော အသံဖြင့် ပြောလိုက်သည် “ မင်းတို့အားလုံးက ငါလိမ်ခဲ့တာလို့ တကယ်ကြီး ထင်နေကြတာလား? “
“ အဲ့ဒီစကားတွေက တတိယနှစ် အတန်းနှစ်က အတန်းပိုင်ဆရာ လျူကိုင်ချီကိုယ်တိုင် ပြောပြခဲ့တာကွ “
“ ဆရာလျူက မဆင်မခြင် လျှောက်ပြောမယ်လို့ မင်းတို့ ထင်နေကြတာလား? “
ဟွမ်ဟောင်မှ အေးစက်စွာ ပြောလာခဲ့သည် “ ပြီးတော့ တကယ်လို့ ငါက ကောလဟာလတွေကို ဖြန့်နေတယ်ဆိုရင်၊ ကျောင်းအုပ်ကြီးနဲ့ ဆရာတွေက ရှေ့ထွက်ပြီး ဖြေရှင်းလာပြီးပြီပေါ့ “
ထိုစကားများ ထွက်လာသည်နှင့် တစ်ပြိုင်နက် လူတိုင်းသည် အကြည့်ချင်း ဖလှယ်လိုက်ပြီး၊ မျက်ခုံးများ ပင့်တက်သွားကြသည်။
နားထောင်ရသလောက်ဆိုရင်တော့ အဓိပ္ပါယ်ရှိသားပဲ။
၎င်းကို မြင်တွေ့လိုက်ရသောအခါတွင် ဟွမ်ဟောင်မှ ဆက်ပြောလာခဲ့သည် “ ရှုကျိုးအတွက်ကတော့ သူက လွန်ခဲ့တဲ့ သုံးလကငါ့ကို အနိုင်ယူခဲ့တာပါကွာ “
“ ပြီးတော့ သူက ငါ့ကို ပုံရိပ်ယောင်ကမ္ဘာထဲမှာ တစ်နာရီကျော်ကြာအောင် တိုက်ခဲ့ရတာ၊ နိုင်တယ်ဆိုရုံလေးပါပဲ “
“ သာမန်လူတစ်ယောက်ရဲ့ ခံနိုင်ရည်အားက တစ်နာရီခံဖို့ဆိုတာက မဖြစ်နိုင်ဘူး “
သူ၏ စကားလုံးများ ထွက်ကျလာသောအခါတွင် ကျောင်းသူကျောင်းသားတို့ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
ကျောင်းသားတစ်ဦးက အော်ပြောလာခဲ့သည် “ မင်းဆိုလိုတာက ရှုကျိုးက တားမြစ်နည်းလမ်းတွေ သုံးခဲ့တယ်လို့ ပြောနေတာလား? “
ဟွမ်ဟောင့် သူငယ်ချင်းများထဲမှ တစ်ဦးသည် မတ်တပ်ထရပ်၍ ပြောလာခဲ့သည် “ ငါပြောသားပဲ။ ရှုကျိုးက အစ်ကိုဟောင့်ကို ဘယ်လိုလုပ်ပြီးတော့ ယှဥ်နိုင်မှာလဲ? “
“ တကယ်လို့ ရှုကျိုးက တားမြစ်နည်းလမ်းတွေသုံးထားမယ်ဆိုရင်၊ ဆရာဆောင်ချီက သိသွားမှာ မဟုတ်ဘူးလား? “ ဟ တစ်စုံတစ်ဦးမှ ပြောလာခဲ့သည်။
ဟွမ်ဟောင်သည် သူ့ကို တစ်ချက်ကြည့်ကာ ဆက်ပြောလာခဲ့သည် “ မင်းတို့တွေထဲက လူတစ်ချို့က ငါ့ကို မယုံဘူးဆိုတာကို ငါသိပါတယ်၊ ဒါပင်မဲ့ အချက်အလက်တွေ စကားသံတွေထပ် ပိုကျယ်တာကြောင့် ကိစ္စမရှိပါဘူး “
“ မင်းတို့အားလုံးက မကြာခင်မှာပဲ ငါနဲ့ ရှုကျိုးကြားမှာရှိတဲ့ ကွာခြားချက်ကို သိလာပါလိမ့်မယ် “
ထိုကဲ့သို့ ပြောလိုက်ပြီး၊ ဟွမ်ဟောင်သည် သူ၏ ဓားရှည်ကို ဆွဲကိုင်ကာ အေးစက်နေသော မျက်နှာထားဖြင့် မတ်တပ်ရပ်လာခဲ့သည်။
“ ရှုကျိုး၊ ငါမင်းကို အမှောက်သိပ်ပြမယ် “ဟွမ်ဟောင်ကား တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည် “ ရက်စက်တဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့၊ မင်းကိုယ်တိုင် အဲ့လိုဖြစ်လာအောင် လုပ်ခဲ့တာ “
ထို့နောက်တွင် သူသည် အတန်းထဲမှ ထွက်သွားတော့သည်။
၎င်းကို မြင်တွေ့လိုက်ရသော အတန်း၁မှ ကျောင်းသူကျောင်းသားအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
ဟွမ်ဟောင်က ရှုကျိုးကို လက်စားချေတော့မှာလား?
သူက ပုံရိပ်ယောင် ကမ္ဘာထဲမှာ ရှုံးခဲ့ပြီးပြီ၊ အပြင်မှာထပ်ရှုံးမယ်ဆိုရင် တော်တော်လေးကို ရှက်ဖို့ကောင်းသွားပြီ။
ဒါပင်မဲ့ ဟွမ်ဟောင်ပြောတာ မှန်တယ်၊ ပုံရိပ်ယောင်ကမ္ဘာထဲကသူက လွန်ခဲ့တာ သုံးလက သူလေ။
လက်ရှိ ဟွမ်ဟောင်က လွန်ခဲ့တဲ့ သုံးလကထပ် ပိုပြီးတော့ စွမ်းနေပြီ၊ ရှုကျိုးက အနိုင်ရဦးမှာလား?
ကျောင်းသားကျောင်းသူများသည် အကြည့်ချင်းဖလှယ်လိုက်ပြီး၊ သိလိုစိတ်များ ဖော်ပြလာကြသည်။
ကြည့်ရတာတော့ ပြပွဲကောင်းတစ်ခု ပေါ်လာတော့မဲ့ပုံပဲ။
သူတို့အားလုံး ထရပ်လာကြပြီး၊ ဟွမ်ဟောင်နောက်သို့ ပြေးလိုက်သွားတော့သည်။