← Chapters

အခန်း (၂၈-၃၀)

Vol. 2 Ch. 28-30

အခန်း (၂၈-၃၀)

Vol. 2 Ch. 28-30

အပိုင်း ( 28 )

ဟွမ်ယွင်ရွှယ်ကို ပြင်းပြင်းထန်ထန် ရိုက်နှက်ခြင်း

နောက်တစ်နေ့ကား ပိတ်ရက်ဖြစ်သောကြောင့် ရှုကျိုး ကျောင်းမသွားနိုင်ခဲ့ပေ၊ သို့သော် သူသည် တောင်ဖြိုခွဲ ဆေဘာသိုင်းကို အိမ်တွင်သာ ဆက်လက်၍ လေ့ကျင့်နေတော့သည်။

ဤကာလအတွင်းတွင် ရှုကျိုးနှင့် လီရို့ရှီတို့ကြားရှိ ဆက်ဆံရေးသည် ပို၍ ဝေးကွာသွားခဲ့ပြီး၊ ယခင်ကအတိုင်း ပြန်ဖြစ်သွားခဲ့သည့်ပုံပင်။

ထိုစဥ် အပြင်ဘက်ရှိ လင်းဂျန်မြို့တစ်ခုလုံးတွင် သတင်း အပိုင်းအစများ ပျံ့နှံ့နေခဲ့ပြီ ဖြစ်သည်။

“ Sအဆင့် စွမ်းရည်နဲ့ ပတ်သက်တဲ့ ကောလဟာလေတွေ၊ ပထမ အထက်တန်းကျောင်းရဲ့ ကျောင်းအုပ်ကြီးက ကောလဟာလဖြန့်တဲ့လူကို သူကိုယ်တိုင် အပြစ်ပေးလိုက်တယ်တဲ့ “

“ နဂါး-ကျားစာရင်းပေါ်က ထိပ်ဆုံး ဆယ်ယောက်ထဲက တစ်ယောက်ကို လူသိရှင်ကြား ကြိမ်ဒဏ် အချက်၃၀ အပြစ်ပေးလိုက်တယ်တဲ့ “

“ လင်းဂျန် ပထမအထက်တန်းကျောင်း၊ ထိပ်တန်း Sအဆင့် စွမ်းရည်၊ မသေမျိုး နဂါးခန္ဓာ၊ ရှုကျိုး “

မီဒီယာများမှ အရူးအမူး သတင်းပို့နေကြတော့သည်။

ယခင်က ချောင်ရုံမှ ရှုကျိုး၏ စွမ်းရည်ကို ထုတ်ဖော်ပြောကြားခဲ့သည့် အချိန်တွင် လူအများ၏ အာရုံများကို ဖမ်းစားနိုင်ခဲ့သည်။

သို့ရာတွင် လူအများစုသည် မသေသမျိုး နဂါးခန္ဓာနှင့် ပတ်သက်သည့် အကြောင်းအရာ(သို့) အချက်အလက်များကို ရှာမတွေ့ခဲ့သောကြောင့် သံသယတကြီး ဖြစ်သွားကြသည်။

ဤတစ်ကြိမ်၌ ဟွမ်ယွင်ရွှယ်၏ လူသိရှင်ကြား အပြစ်ပေးခံလိုက်ရခြင်းသည် ကြီးမားသော ဂယက်တစ်ခုကို ဖြစ်ပေါ်သွားခဲ့ပြီး၊ လင်းဂျန်တစ်မြို့လုံး တုန်လှုပ်သွားခဲ့ရသည်။

နဂါး-ကျားစာရင်း၏ ထိပ်ဆုံး ဆယ်ဦးထဲမှ ပါရမီရှင်တစ်ဦးကို လူသိရှင်ကြား အပြစ်ပေးလိုက်ခြင်းသည် တစ်ကြိမ်တစ်ခါမှ မဖြစ်ပွားခဲ့ဖူးသော ကိစ္စတစ်ခု ဖြစ်သည်။

၎င်းသည် လင်းဂျန် ပထမ အထက်တန်းကျောင်း တစ်ကျောင်းလုံးက စည်းစည်းလုံးလုံး ရှိနေကြပြီး၊ ရှုကျိုး၏ စွမ်းရည်နှင့် ပတ်သက်သည့် မည်သည့်ကောလဟာလကိုမှ လက်မခံကြောင်း ပြသလိုက်ခြင်းပင် ဖြစ်သည်။

အကယ်၍ ကောလဟာလဖြန့်ဖြူးသည့်လူက နဂါး-ကျားစာရင်း၏ ထိပ်ဆုံး ပါရမီရှင် ဆယ်ဦးထဲမှ တစ်ဦး ဖြစ်နေမည်ဆိုလျှင်တောင်မှ ဂရုစိုက်နေမည် မဟုတ်ပေ။

လင်းဂျန်တစ်မြို့လုံးသည် ဆွေးနွေးငြင်းခုန်မှုများဖြင့် ပွက်ပွက်ဆူနေတော့သည်။ ထောင်ပေါင်းများစွာသော လူများသည် ရှုကျိုး၏ အကြောင်းကို သီချင်းလုပ်ဆိုကာ သီဆိုချီးမွမ်းလာကြသည်။

ဤကိစ္စသည် အနီးအနားရှိ မြို့များဆီသို့ပင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

ရှုကျိုးကမူ ထိုကိစ္စများကို လုံးဝ မသိပေ။

ဤနှစ်ရက်အတွင်း၌ သူသည် အိမ်တွင် လေ့ကျင့်ရင်းဖြင့်သာ အချိန်ဖြုန်းနေခဲ့ခြင်း ဖြစ်သည်။

…

အချိန်များ ကုန်ဆုံးသွားခဲ့သည်။

တနလ်ာနေ့၌

ရှုကျိုး၏ မျက်လုံးများ ပွင့်ဟလာခဲ့ပြီး၊ သူသည် စနစ်၏မျက်နှာပြင်ကို စစ်ဆေးကြည့်ရှုနေတော့သည်။

အိမ်ရှင် : ရှုကျိုး

ချီ-သွေး : ၇၄.၄ ကယ်လိုရီ

စိတ်ဝိညာဥ် : 2Hz

ကိုယ်ပွား : ငါးမန်းသွား ဗီဇပြောင်းကြက်ဖ

အဆင့် : အဆင့် ၀ အဆင့် ၂ ( ၂၀% )

အသားတင် အလေးချိန် : ၄၈.၅ ကီလိုဂရမ်

စွမ်းရည် : နေ့စဥ် ၁၀ကီလိုဂရမ် ရရှိခြင်း ( အကန့်အသတ် )၊ အရာအားလုံးကို ဝါးမြိုနိုင်ခြင်း

ဆင့်ကဲပြောင်းလဲမှု ဖြစ်စဥ် : အလေးချိန်က မျိုးစိတ် အကန့်အသတ်သို့ ရောက်ရှိသွားသည့် အချိန်တွင် ဆင့်ကဲပြောင်းလဲမည်

…

“ သုံးရက်အတွင်းမှာ ငါ့ရဲ့ ချီ-သွေးက ၀.၃ကယ်လိုရီ တိုးတက်လာခဲ့တာပဲ၊ တစ်ရက်ကို ပျမ်းမျှ ၀.၁ကယ်လိုရီတိုးလာတယ် “

ရှုကျိုးကား တစ်ကိုယ်တည်း တွေးတော စဥ်းစားနေလျက်ရှိ၏ “ ကိုယ်ပွားရဲ့ အဆင့်ကတော့ တစ်ရက်ကို ၅%ပုံမှန် တိုးတက်နေတုန်းပဲ “

အဆိုပါ အမြန်နှုန်းသည် မြန်ဆန်မနေခဲ့ပေ၊ သို့သော် ၎င်းမှာ တည်ငြိမ်နေခဲ့သည်။

တစ်ခြားလူများနှင့် နှိုင်းယှဥ်လိုက်မည်ဆိုပါက နေ့စဥ် ချီ-သွေး ၀.၁ကယ်လိုရီ တိုးတက်ခြင်းဆိုသည်မှာ ကြောက်မက်ဖွယ်ကောင်းလှသော အမြန်နှုန်းဖြစ်သည်။

သို့ရာတွင် ရှုကျိုးကမူ ၎င်းကို မကျေနပ်သေးပေ။

“ နှစ်လအတွင်းမှာပဲ၊ နဂါး-ကျားစာရင်းထဲကို ဝင်ရမယ် “ ရှုကျိုးသည် အသက်အား ပြင်းပြင်းရှရှ ရှူရှိုက်နေတော့သည် “ ကိုယ့်ကိုကိုယ် တိုးတက်အောင် လုပ်ဖို့အတွက် သုံးလို့ရတဲ့ နည်းလမ်းမှန်သမျှ သုံးရမယ် “

ပထမနှစ်နှင့် ဒုတိယနှစ် အဆင့်များကို အယောက် ၁၀၀စာရင်းဟု ခေါ်ဆိုပြီး၊ တတိယနှစ်အတွက် အဆင့်များကိုမူ နဂါး-ကျားအဆင့်များဟု ခေါ်ဆိုလေသည်။

အဘယ့်ကြောင့်ဆိုသော် တတိယနှစ် ကျောင်းသူကျောင်းသားတို့သည် ချီ-သွေးနှင့် တိုက်ခိုက်ရေး နည်းစနစ်တို့အား အဆင့်အတန်းတစ်ခုအထိ နက်နက်နဲနဲ လေ့ကျင့်ခဲ့ပြီးသား ဖြစ်သောကြောင့် ဖြစ်သည်။

နဂါး-ကျားအဆင့်ရှိ အဖွဲ့ဝင်တိုင်းသည် စစ်မှန်သော စွမ်းအားရှင်များ ဖြစ်ကြသည်။

သူတို့၏ အစွမ်းသည် ပထမနှစ်နှင့် ဒုတိယနှစ် ကျောင်းသူကျောင်းသားများထပ် သာလွန်နေခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် ရှုကျိုးမှ နဂါး-ကျားအဆင့်အတွင်းသို့ နှစ်လအတွင်း ဝင်ချင်သည်ဆိုပါက ခက်ခဲမှုကား အလွန်မြင့်မားနေမည် ဖြစ်သည်။

သို့သော် ရှုကျိုးသည် များစွာ ပူပန်မနေခဲ့ပေ။

“ ဒီနေ့ ကျောင်းသွားပြီးတော့၊ အယောက် ၁၀၀စာရင်းဝင်တွေ ရတဲ့ ဆုလဒ်တွေကို သွားယူရမယ် “ ရှုကျိုးမှ ၎င်းကို မျှော်လင့်နေတော့သည်။

အယောက် ၁၀၀စာရင်း၏ ထိပ်ဆုံး ၁၀ဦးအတွက် ဆုလဒ်များသည် အဖွဲ့ချုပ် ဒဂ်ါး တစ်သောင်းတည်းသာလျှင် မဟုတ်ဘဲ တစ်ချို့သော ကျင့်ကြံရေး အရင်းအမြစ်များပင် ပါနေမည် ဖြစ်သည်။

၎င်းတို့အားလုံးသည် သူ့အား ကြီးကြီးမားမား တိုးတက်သွားစေမည် ဖြစ်သည်။

ထို့အပြင် အလေးချိန် တိုးလာသည်နှင့်အမျှ ရှုကျိုးသည် သူ၏ကြက်ဖကိုယ်ပွားက နောက်ထပ်တစ်ကြိမ် ဆင့်ကဲပြောင်းလဲရန် နီးကပ်နေပြီဟု ခံစားလာခဲ့ရသည်။

ထိုအချိန်တွင် သူ၏ တိုးတက်မှု အမြန်နှုန်းသည် ထပ်မံ၍ ထောင်တက်လာဦးမည် ဖြစ်သည်။

…

ပထမနှစ် အတန်းရှစ်၌

ရှုကျိုးသည် သူ၏ထိုင်ခုံတွင် ထိုင်နေခဲ့သည်။

ဝမ်ယွဲ့ဟွေသည် သူ့အား မှီ၍ တီးတိုးပြောဆိုလာခဲ့သည် “ ရှုကျိုး၊ ဟွမ်ယွင်ရွှယ်က မင်းကို လာရှာတယ်မလား? “

ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှုကျိုးမှ ခေါင်းခါပြလိုက်သည်။

ဤတစ်ပတ်တွင် သူသည် အစ်မဖြစ်သူ လီရို့ရှီနှင့်အတူ အိမ်တွင်သာ နေနေခဲ့သောကြောင့် ဟွမ်ယွင်ရွှယ်မှ သူ့ကို လာရှာရန်မှာ ဖြစ်နိုင်မည် မဟုတ်ပေ။

ခေါင်းခါပြလာသည်ကို မြင်တွေ့လိုက်ရသောအခါတွင် ဝမ်ယွဲ့ဟွေသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည် “ ကောင်းတာပေါ့။ ငါလာတဲ့အချိန်တုန်းက ဟွမ်ယွင်ရွှယ်က ငါ့တို့ အဆောက်အဦးထဲက ထွက်လာတာကို ငါတွေ့လိုက်တယ်။ ငါက သူမင်းကို လာရှာတယ်လို့ ထင်နေတာ “

ရှုကျိုးသည် အနည်းငယ် အံ့ဩသွားခဲ့သည်။

ဒါက ပထမနှစ်တွေရဲ့ အဆောက်အဦးလေ၊ ဟွမ်ယွင်ရွှယ်က ဒီမှာ ဘာလာလုပ်တာလဲ?

ရှုကျိုးသည် ထိုအကြောင်းကို များစွာ တွေးတော မနေတော့ဘဲ၊ ခေါင်းခါရမ်းကာ ဖတ်စာအုပ်ကိုသာ ဖတ်ရန်အတွက် အံဆွဲကို ဖွင့်နေတော့သည်။

သိုင်းပညာ လမ်းကြောင်းမှ ကျောင်းသားကျောင်းသူများသည် သူတို့၏ အချိန်အများစုကို လေ့ကျင့်ရင်းဖြင့်သာ သုံးစွဲလေ့ရှိသော်လည်း၊ စာပေစာမေးပွဲများအတွက် လိုအပ်ချက်များ ရှိနေသေးစဲဖြစ်သည်။

ရှုကျိုးသည် များသောအားဖြင့် စာပေတို့အား နှစ်နာရီကြာ လေ့လာဖတ်ရှုလေ့ရှိသည်။

အံဆွဲကို ဖွင့်လိုက်သောအခါတွင် သူသည် အထဲရှိ မှတ်စုတစ်ခုကို မြင်တွေ့သွားခဲ့သည်။

၎င်းကို ဖွင့်ကြည့်လိုက်ရာ သူ၏အမူအရာသည် ချက်ချင်းဆိုသလို အေးခဲသွားတော့သည်။

သူ၏ ထူးဆန်းသော အမူအရာကို မြင်တွေ့လိုက်ရသောအခါတွင် ဝမ်ယွဲ့ဟွေမှ အလောတကြီးမှီ၍ သူ့လက်ထဲရှိ မှတ်စုကို ကြည့်လာခဲ့သည်။

အထဲရှိ အကြောင်းအရာများကို မြင်တွေ့သွားသောအခါတွင် သူ၏ အမူအရာမှာလည်း ချက်ချင်း ပြောင်းလဲသွားခဲ့သည် “ ဒါက ….. ဟွမ်ယွင်ရွှယ်က ဒါကို ဒီမှာ ထားခဲ့တာလား? “

ရှုကျိုးသည် မည်သည့်စကားကိုမှ မပြောခဲ့ပေ၊ သူ၏ အမူအရာသည် ပို၍ အေးစက်သွားခဲ့သည်။

မှတ်စုထဲတွင် စာနှစ်ကြောင်းသာလျှင် ပါရှိသည်။

ပထမစာကြောင်းကား “ မင်းနဲ့ သေခြင်း၊ ရှင်ခြင်းအဆင့်မှာ တွေ့မယ် “

ဒုတိယစာကြောင်းကမူ အမှတ် ၇၇ ချင်းရှန် ကျေးရွာ၊ တောင်ဘက် ကောင်းကင်ဘုံ ၂၃လမ်းဟူသည့် လိပ်စာတစ်ခု ဖြစ်သည်။

၎င်းသည် သူ၏မိဘများ၊ လီရို့ရှီတို့နှင့်အတူ နေထိုင်သော သူ၏အိမ်လိပ်စာပင် ဖြစ်သည်။

အိမ်နံပတ်ကိုပင် ရေးသားထားသောကြောင့် ခြိမ်းခြောက်မှုက သိသာထင်ရှားလှပေသည်။

ရှုကျိုးသည် အဆိုပါ မှတ်စုကို ဘောင်းဘီအိတ်ကပ်ထဲသို့ ထည့်လိုက်ပြီး၊ တိတ်တဆိတ် မတ်တပ်ရပ်ကာ စာသင်ခန်းထဲမှ ထွက်သွားတော့သည်။

…

ချောင်ရုံ၏ ရုံးခန်း၌

“ မင်းက ဒီမှာလား? ရော့ဒါက အယောက် ၁၀၀စာရင်းက ထိပ်ဆုံး ၁၀ယောက် ရတဲ့ ဆုလဒ်တွေ “

ချောင်ရုံသည် ဘဏ်ကဒ်တစ်ကဒ်နှင့် သတ္တုပုလင်း လေးလုံးကို ထုတ်လာခဲ့သည်။

“ ထိပ်ဆုံး ၁၀ယောက်က အဖွဲ့ချုပ် ဒဂ်ါးတစ်သောင်းနဲ့ အလယ်အလတ်အဆင့် ကျင့်ကြံရေး ဆေးရည်တစ်ပုလင်းကို လတိုင်းရတယ် “

“ ပြီးတော့ ဒီပုလင်းသုံးလုံးက ဒီလအတွက် အပိုကျင့်ကြံရေး အရင်းအမြစ်ဖြစ်တဲ့ ကနဦးအဆင့် ကျင့်ကြံရေးဆေးပုလင်းတွေပဲ ငါမင်းကို တစ်ခါတည်းပေးလိုက်မယ် “

သူသည် ၎င်းတို့အားလုံးကို ရှုကျိုး၏လက်ထဲသို့ လွှဲပြောင်းပေးအပ်လာခဲ့သည်။

“ ကျေးဇူးတင်ပါတယ်၊ ဆရာ “

၎င်းတို့ကို လက်ခံလိုက်သော်လည်း ရှုကျိုး၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှု အငွေ့အသက်များ ရှိမနေခဲ့ပေ။

သူသည် မှတ်စုကို ထုတ်ယူကာ အလေးအနက်ထား၍ ပြောဆိုလိုက်သည် “ ဆရာ၊ ကျွန်တော့်ရဲ့ အံဆွဲထဲမှာ ဒါကို ရှာတွေ့ခဲ့ပါတယ် “

ချောင်ရုံသည် ၎င်းကို ယူလိုက်ပြီး မျက်မှောင်ကြုတ်သွားခဲ့သည် “ ဟွမ်ယွင်ရွှယ်ဆီကလား? “

“ အဲ့လိုပဲ ဖြစ်နိုင်ပါတယ် “ ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည် “ အတန်းဖော်တစ်ဦးက သူ့ကို ကျွန်တော်တို့ အဆောက်အဦးထဲမှာ တွေ့ခဲ့တယ်လို့ ပြောပါတယ် “

၎င်းကို ကြားလိုက်ရသောအခါတွင် ချောင်ရုံ၏ အမူအရာသည် အနည်းငယ် အေးစက်သွားခဲ့သည် “ ဒီခွေးသူတောင်းစား၊ တကယ်ကြီးကို သတ္တိကောင်းနေတာပဲ “

၎င်းသည် ဟွမ်ယွင်ရွှယ်မှ ရှုကျိုးကို ခြိမ်းခြောက်နေသည်မှာ သိသာလှပေသည်။

အကယ်၍ ရှုကျိုးကသာ သဘောမတူလိုက်ဘူးဆိုပါက သူ၏မိဘများနှင့် မိသားစုက အန္တရာယ်တွင်းသို့ ကျရောက်ကောင်းကျရောက်သွားမည် ဖြစ်သည်။

“ အဲ့တာက လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက သတင်းတွေကြောင့် ဖြစ်နိုင်တယ် “ ချောင်ရုံမှ မျက်မှောင်ကြုတ်၍ ပြောလာခဲ့သည် “ ဟွမ်ယွင်ရွှယ်က မင်းကို လက်စားချင်နေတာ “

“ သတင်းတွေလား? ” ရှုကျိုးသည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

ချောင်ရုံမှ သူ့အား စိုက်ကြည့်လာခဲ့သည် “ မင်း မသိဘူးလား? တစ်မြို့လုံးက ဟွမ်ယွင်ရွှယ်ကို ကျောင်းက အပြစ်ပေးလိုက်တာကို သိသွားကြပြီလေ “

သူသည် သူ၏ဖုန်းကို ထုတ်၍ ရှုကျိုးအား သတင်းများကို ပြလိုက်သည်။

၎င်းကို တွေ့လိုက်ရပြီးသည့်နောက်တွင် ရှုကျိုး၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

ဒီကောင် ငါ့ကို ခြိမ်းခြောက်လာတာက အံ့ဩစရာ မဟုတ်တော့ဘူးပဲ။

လင်းဂျန်တစ်မြို့လုံးက ရှက်ဖွယ်ကောင်းလှသည့် အဆိုပါဖြစ်ရပ်ကို သိသွားခဲ့ပြီး၊ ယခုတွင်ကား အနီးအနားရှိ မြို့များကပင် သိသွားခဲ့ပြီ ဖြစ်သည်၊ ၎င်းမှာ လုံးဝ အရှက်ကွဲခြင်းပင် ဖြစ်သည်။

ဟွမ်ယွင်ရွှယ်သည် သူ့အား အလွန်မုန်တီးနေလောက်ပြီ ဖြစ်သည်။

“ အဲ့တာက ပြဿနာပဲ “ ရှုကျိုး မျက်မှောင်ကြုတ်သွားခဲ့သည်။

အကယ်၍ သူသာ ငြင်းပယ်လိုက်ပါက ဟွမ်ယွင်ရွှယ်မှ ရူးသွပ်သွားပြီး၊ မည်မျှကြောက်မက်ဖွယ်ကောင်းသော အရာများ ပြုလုပ်လာမလဲဆိုသည်ကို မည်သူမှ‌ သိနိုင်မည် မဟုတ်ပေ။

“ မကြောက်ပါနဲ့၊ ဟွမ်ယွင်ရွှယ်က မင်းရဲ့ မိသားစုကို တိုက်ရိုက်ထိခိုက်အောင် လုပ်လောက်တဲ့အထိ မမိုက်မဲသင့်ဘူး “ ဟု ချောင်ရုံမှ ပြောလာခဲ့သည်။

ရန်ပြည်ထောင်သည် သိုင်းပညာရှင်များက သာမန်လူများကို ထိခိုက်နာကျင်အောင် ပြုလုပ်ခွင့်မရှိဟု ဥပဒေများ ထုတ်ကာ တားမြစ်ထားခဲ့သည်။

အကယ်၍ ဟွမ်ယွင်ရွှယ်မှ ထိုကဲ့သို့ ပြုလုပ်ရဲနေမည်ဆိုလျှင်တောင်မှ သူသည် လီရို့ရှီ၏ အမြက်ဒေါသကို ခံနိုင်ရည် ရှိ၊ မရှိဆိုသည်ကို အရင်ဦးဆုံး စဥ်းစားရမည် ဖြစ်သည်။

ရှုကျိုးမှ လေးလေးနက်နက် ပြောဆိုလာခဲ့သည် “ ကျွန်တော်က သူကြေးစား သိုင်းပညာရှင် ငှားမှာကိုပဲ စိုးရိမ်နေတာ “

ချောင်ရုံလည်း တိတ်ဆိတ်သွားခဲ့သည်။

သူသည်ပင် အဆိုပါ ဖြစ်နိုင်ခြေကို မငြင်းပယ်နိုင်ခဲ့ပေ။

ရှုကျိုးသည် သူ၏ဆရာကို ကြည့်ကာ ဆက်ပြောလာခဲ့သည် “ ဆရာ၊ ကျောင်းကနေ သေခြင်း၊ ရှင်ခြင်းအဆင့်အတွက် ချမှတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းတွေ ရှိလား? “

“ ရှိတယ် “ ချောင်ရုံမှ ခေါင်းငြိမ့်ပြလာခဲ့သည် “ တကယ်လို့ ဖြေရှင်းလို့မရတဲ့ ပဋိပက္ခတွေ ရှိနေမယ်ဆိုရင်၊ နှစ်ဖက်လုံးကသာ သဘောတူနေသရွေ့၊ သူတို့က သေခြင်း၊ ရှင်ခြင်း တိုက်ပွဲလုပ်လို့ရတယ် “

“ ကျောင်းရဲ့ ရည်ရွယ်ချက်က ကျောင်းသူကျောင်းသားတွေကို ပြင်းထန်တဲ့ လှုပ်ရှားမှုတွေ မပြုလုပ်ဖို့ တားဆီးထားတာပဲ “

“ သိုင်းပညာရှင်တွေက သာမန်လူတွေထပ် ပိုပြီးတော့ ရန်လိုတတ်တယ် “

“ တကယ်လို့ ပြန်လမ်း မရှိတော့ဘူးဆိုရင် သေခြင်းတရား စာချုပ်ချုပ်ပြီးတော့ သေခြင်း၊ ရှင်ခြင်းအဆင့်ကို တက်သွားကြတယ် “

ချောင်ရုံသည် သူ၏ခေါင်းကို ခါရမ်း၍ အခိုင်အမာ ပြောဆိုလာခဲ့သည် “ စိတ်မပူပါနဲ့၊ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ငါ ဟွမ်ယွင်ရွှယ်ဆီကနေ ဖြေရှင်းချက် တောင်းပေးမယ် “

ထိုကဲ့သို့ ပြောလိုက်ပြီးသည့်နောက်တွင် သူသည် မှတ်စုကို ယူကာ ရုံးခန်းထဲမှ ထွက်သွားတော့သည်။

ရှုကျိုးသည် အသက်ကို ပြင်းပြင်ရှရှ ရှူသွင်းကာ ရုံးခန်းထဲတွင်သာ စောင့်ဆိုင်းနေခဲ့သည်။

ထိုအခိုက်အတန့်၌ သူ့ထံတွင် လေ့ကျင့်ချင်စိတ် မရှိဘဲ၊ အဆိုပါ ကိစ္စ၏ ရလဒ်ကိုသာလျှင် သိချင်နေခဲ့သည်။

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်၌ ရှုကျိုး မျက်မှောင်ကြုတ်သွားခဲ့ပြီး၊ သူ၏ဖုန်းကို ကောက်ကိုင်၍ လီရို့ရှီကို သတင်းပေးရန် ကြံရွယ်လိုက်သည်။

သို့သော် သူသည် သူ့ထံတွင် လီရို့ရှီကို ဆက်သွယ်နိုင်မည့် အချက်အလက်များ မရှိဘူးဆိုသည်ကို သဘောပေါက်သွားခဲ့သည်။

ရှုကျိုးကား ကြောင်တောင်တောင် ဖြစ်သွားရတော့သည်၊ မောင်နှမတွေကြား ဆက်ဆံရေးက တော်တော်ကို ကောင်းတာပဲ။

သူသည် ကူရာကယ်ရာမဲ့စွာဖြင့် လင်းရှီရှီကိုသာ ဆက်သွယ်လိုက်သည်။

“ စီနီယာအစ်မလင်း၊ ဟွမ်ယွင်ရွှယ်က ကျွန်‌တော့်အတွက် မှတ်စုတစ်ခုထားခဲ့ပြီးတော့၊ သေခြင်းရှင်ခြင်းအဆင့်ကို လာဖို့ ပြောထားတယ် ………. “

ရှုကျိုးသည် အခြေအနေကို အကျဥ်းချုံး၍ ရှင်းပြလိုက်သည်။

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် လင်းရှီရှီမှ စာပြန်လာခဲ့သည် “ ဂျူနီယာမောင်လေး၊ လုံးဝ မသွားနဲ့နော်။ နင့်အစ်မကို ငါပြောပြပြီးသွားပြီ၊ သူမက ဟွမ်ယွင်ရွှယ်ကို ရှာဖို့ ထွက်တောင်ထွက်သွားပြီ “

ရှုကျိုးသည် အနည်းငယ် အံ့ဩသွားခဲ့သည်၊ လီရို့ရှီက ဒီလောက်မြန်မြန်ဆန်ဆန်ကြီး လှုပ်ရှားနေပြီလား?

“ သူမက ဘာလုပ်မလဲဆိုတာကိုတော့ ငါသိချင်မိတယ် “ ရှုကျိုးသည် အသက်ကို ရှူသွင်းကာ အနည်းငယ် သိချင်သွားခဲ့သည်။

…

တတိယနှစ် အတန်း၂ လေ့ကျင့်ရေး အခန်း၌

“ ခွမ် “

လီရို့ရှီသည် ဟွမ်ယွင်ရွှယ်၏ လက်နက်ကို ဓားဖြင့် ရိုက်ချလိုက်ပြီး၊ သူမ၏ ရှည်လျားသော ခြေထောက်လေးကို မြှောက်၍ သူ့အား မြေပြင်ပေါ်ရှိ ကန်ချလိုက်သည်။

“ ဖူးးးးး “

ဟွမ်ယွင်ရွှယ်သည် မြေပြင်နှင့် ပြင်းပြင်းထန်ထန် ဆောင့်မိသွားပြီး၊ သူ၏ရင်ဘတ်ကို ဆုပ်ကိုင်၍ သွေးမည်းများ ပါးစပ်အပြည့် အန်ထုတ်လာခဲ့သည်။

“ လီရို့ရှီ !!! နင် …….. “ သူသည် လီရို့ရှီကို စိုက်ကြည့်လိုက်သည်၊ ဒါက အတန်း၂လေ၊ သူမက အကြမ်းပတမ်း ဝင်လာပြီး၊ တကယ်ကြီး တိုက်ရဲနေတာလား?

လီရို့ရီုသည် သူ့အား စကားဆက်ပြောနိုင်ရန် အခွင့်အရေး လုံးဝမပေးဘဲ၊ သူမ၏ ဓားကို ထုတ်လိုက်ရာ ဓားအလင်းတန်းများ လင်းလက်တောက်ပလာခဲ့သည်၊ စွမ်းအားကား မယုံကြည်နိုင်လောက်သည်အထိ ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။

တတိယနှစ် အတန်း၂မှ ကျောင်းသူကျောင်းသားအားလုံး နောက်ဆုတ်သွားကြပြီး၊ မျက်နှာများ ဖြူဖျော့သွားခဲ့သည်။

“ ဝုန်း “

ဓားသည် ဟွမ်ယွင်ရွှယ်၏ လက်ကို တိုက်ရိုက်ထိမှန်သွားခဲ့သည်။

“ အားးးးးးးးး “

ဟွမ်ယွင်ရွှယ်သည် ဝမ်းခေါင်းသံကြီးဖြင့် မျက်လုံးများ မှိတ်ကာ အော်ဟစ်လာခဲ့သည်၊ မျက်လုံးများ ပြန်ဖွင့်လာခဲ့သည့် အချိန်တွင် သူသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသော သွေးစွန်းကာ ပြင်းပြင်းထန်ထန် ထိခိုက်ထားသည့် လက်ချောင်းတစ်ချောင်းကို မြင်တွေ့သွားခဲ့သည်။

သူ၏ ညာလက်မှ သွေးများ အဆက်မပြတ် စီးကျနေခဲ့သည်။

“ ဟွမ်ယွင်ရွှယ် “ လီရို့ရှီသည် မြေပြင်ပေါ်ရှိ လူငယ်လေးကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး၊ ပြောလိုက်သည် “ တကယ်လို့ နင်က ငါ့မောင်လေးကို တရားနည်းလမ်းကျကျ စိန်ခေါ်ချင်တယ်ဆိုရင် ငါဝင်ပါမှာ မဟုတ်ဘူး “

“ ဒါပင်မဲ့ တကယ်လို့ နင်ကသာ လှည့်ကွက်တွေ ထပ်ပြီးတော့ သုံးရဲနေမယ်ဆိုရင်တော့၊ နင့်ကို ငါသတ်မယ် “

“ လီရို့ရှီ !! “

လျူကိုင်ချီသည် အချိန်မှီ ရောက်ရှိလာပြီး၊ အော်ငေါက်လာတော့သည် “ နင်၊ နဂါး-ကျားစာရင်းပေါ်က နံပတ်၂ ဖြစ်နေမယ်ဆိုရင်တောင်မှ ဟွမ်ယွင်ရွှယ်ကို တိုက်ခိုက်နေတာက၊ ဘွဲ့မရမှာကို မကြောက်ဘူးလား? “

လီရို့ရှီသည် သူ့ကို လျစ်လျူရှုထားခဲ့ပြီး၊ ဟွမ်ယွင်ရွှယ်ကိုသာ စိုက်ကြည့်နေခဲ့သည်။

သူမသည် တည်ငြိမ်နေသော အသံနေအသံထားဖြင့် ပြောလာခဲ့သည် “ ငါပြောတာကို မှတ်ထား။ တကယ်လို့ ကျောင်းပြင်ပမှာ ရှုကျိုးနဲ့ ငါ့မိဘတွေကို ထိခိုက်အောင် လုပ်ရဲနေမယ်ဆိုရင်၊ နင့်ကို ငါသတ်မယ် “

စကားပြောခဲ့ပြီးသည့်နောက်တွင် သူမသည် သူမ၏ဓားရှည်ကို ပြန်ရုတ်ကာ ထွက်သွားရန် နောက်လှည့်သွားခဲ့သည်။

“ ဝုန်း “

သူမသည် ဟွမ်ယွင်ရွှယ်၏ ပြတ်ထွက်သွားသော လက်ချောင်းကို အပိုင်းပိုင်း အစစဖြစ်သွားအောင် နင်းချလိုက်ပြီး ပြန်ထွက်သွားတော့သည်။

အတန်းတံခါးဝ၌ ယခုမှ ရောက်ရှိလာခဲ့သော ချောင်ရုံသည် ထိုမြင်ကွင်းအား အံ့အားသင့်နေသော အမူအရာဖြင့် ငေးကြည့်နေခဲ့သည်။

မြေပြင်ပေါ်ရှိ ဟွမ်ယွင်ရွှယ်သည် လီရို့ရှီ၏ နောက်ကျောအား အမုန်းတရားများ ပြည့်နှက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။

…

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်၌

ချောင်ရုံသည် သူ၏ရုံးခန်းဆီသို့ စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် ပြန်ရောက်လာခဲ့သည်။

သူသည် ရှုကျိုးကို ကြည့်ကာ ယခုလေးတင် ဖြစ်ပွားခဲ့သော အဖြစ်အပျက်များကို ပြန်ပြောပြလိုက်သည်။

“ အခြေအနေကတော့ ……… အဲ့လိုပဲ “ ချောင်ရုံ၏ အသံကား အနည်းငယ် ကူရာကယ်ရာမဲ့နေခဲ့သည်။

၎င်းကို ကြားလိုက်ရသော ရှုကျိုးမှာလည်း လုံးဝ အံ့အားသင့်သွားခဲ့သည်။

တတိယနှစ် အတန်း၂ တစ်တန်းလုံးရှေ့မှာ ဟွမ်ယွင်ရွှယ်ကို ရိုက်နှက်ပြီး၊ သူ့ရဲ့ လက်ချောင်းကိုတောင် ဖြတ်ပစ်လိုက်တာလား?

အစ်မက အဲ့လောက်တောင် ကြီးစိုးတာလား?

ထိုအချိန်တွင် ချောင်ရုံမှ အလေးအနက်ထား၍ ပြောဆိုလာခဲ့သည် “ ဟွမ်ယွင်ရွှယ်က တော်တော်လေး ရက်စက်တယ်၊ အလွယ်တကူ လက်လျှော့သွားမှာ မဟုတ်ဘူး “

ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။

လီရို့ရှီမှ ထို့ကောင့်ကို သင်ခန်းစာတစ်ခု ပေးထားခဲ့ပြီ ဖြစ်သော်လည်း၊ ဟွမ်ယွင်ရွှယ်ကဲ့သို့သော လူမျိုးများသည် ပို၍ အရှက်ကွဲရလေလေ၊ ပို၍ကြမ်းကြမ်းတမ်းတမ်း လက်စားချေလာလေလေပင် ဖြစ်သည်။

သူသည် ရှုကျိုးကိုတင် မဟုတ်ဘဲ၊ သူ၏မိဘများကိုပါ ပစ်မှတ်ထား၍ ခြိမ်းခြောက်ခဲ့ခြင်း ဖြစ်သည်။

“ စိတ်မပူနဲ့၊ ကျောင်းအုပ်ကြီးကို ငါဆက်သွယ်လိုက်မယ် “ ချောင်ရုံမှ ဖြည်းညှင်းစွာ ပြောပြလာခဲ့သည် “ မင်းရဲ့ မိသားစုကို တိတ်တဆိတ် ကာကွယ်ပေးဖို့အတွက် ငါ့ဆီမှာ ဆရာနည်းနည်း ရှိတယ် “

ရှုကျိုးကား အနည်းငယ် အံ့ဩသွားပြီး၊ သူ၏ဆရာကို မော့ကြည့်လိုက်သည်။

မိသားစုကို ကာကွယ်ပေးဖို့အတွက် ဆရာတွေ ရှိတာလား?

ကျောင်းက ငါ့ကို ဒီလောက်တောင် တန်ဖိုးထားတာလား?

“ ကျေးဇူးတင်ပါတယ်၊ ဆရာ ” ရှုကျိုးမှ စိတ်အားထက်သန်စွာ ပြောလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ ချောင်ရုံ၏ စကားများသည် သူ့အား စိတ်ချသွားစေခဲ့သည်။

တကယ်၍ ဆရာများကသာ အမှန်တကယ် ကာကွယ်ပေးမည်ဆိုပါက သူ၏မိဘများက လုံခြုံသွားမည် ဖြစ်သည်။

ရှုကျိုး၏ အကြည့်သည် ပို၍ပင် ပြတ်သားသွားခဲ့သည်။

လီရို့ရှီ၏ လုပ်ရပ်သည် သူ၏ သန္နိဌာန်ကို ပို၍ခိုင်မာသွားစေခဲ့သည်။

အကယ်၍ သူသာ လီရို့ရှီကဲ့သို့ အစွမ်းထက်နေမည်ဆိုပါက ဟွမ်ယွင်ရွှယ်မှ သူ့အား ဤကဲ့သို့ ခြိမ်းခြောက်လာခဲ့မည် မဟုတ်ပေ။

ကျောင်း၏ ကာကွယ်ပေးမှု ရှိနေခဲ့သော်လည်း ရှုကျိုးသည် ၎င်းက လုံလောက်မှု မရှိဘူးဟု ခံစားနေခဲ့ရသည်။

ဟွမ်ယွင်ရွှယ်ကို သတ်လိုက်ခြင်းကသာလျှင် ဒုက္ခများကို လျော့ပါးသွားစေမည် ဖြစ်သည်။

“ ကောင်းပြီလေ၊ ဟွမ်ယွင်ရွှယ်ရဲ့ ခြိမ်းခြောက်မှုက ငါ့ကို ဒီနှစ်လအတွင်းမှာ ပိုပြီးတော့ စွမ်းလာအောင် ကြိုးစားဖို့အတွက် အကောင်းဆုံး တွန်းအားပေးမဲ့ လောင်စာတစ်ခုပေါ့ “ ရှုကျိုးကား တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေတော့သည်။

ဖိအား မရှိပါက စိတ်အားထက်သန်မှု ရှိမည် မဟုတ်ပေ။

ထိုကဲ့သို့သော ဖိအားမျိုးနှင့်သာဆိုပါက သူသည် ဤနှစ်လအတွင်းတွင် မိမိကိုယ်မိမိ နဂါး-ကျားစာရင်းထဲသို့ ရောက်သွားစေရန် တွန်းတင်နိုင်မည် ဖြစ်သည်။

ဟွမ်ယွင်ရွှယ်ဖြစ်စေ၊ လီရို့ရှီဖြစ်စေ၊ သူသတ်လိုသည့်လူကို သတ်မည်ဖြစ်ပြီး၊ အနိုင်ယူရမည့်လူကို အနိုင်ယူမည် ဖြစ်သည်။

ရှုကျိုးသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းလိုက်ပြီး သူ၏ဆရာကို ကြည့်လိုက်သည် “ ဆရာ၊ ကျွန်တော့်ကို ကူညီပြီးတော့ ဒီဆေဘာသိုင်းရဲ့ အားနည်းချက်တွေကို ကြည့်ပေးပါ “

……………………………………………………………………………………………………

အပိုင်း ( 29 )

ကိုယ်ပွား၏ ဒုတိယအကြိမ်မြောက် ဆင့်ကဲပြောင်းလဲမှု

ရှုကျိုးသည် ချောင်ရုံ၏ ရုံးခန်းထဲတွင် တစ်နေ့လုံး နေနေခဲ့ကာ၊ တောင်ဖြိုခွဲ ဆေဘာနည်းစနစ်ကို ပြင်းပြင်းထန်ထန် လေ့ကျင့်နေခဲ့သည်။

ရှုကျိုး၏ ကြိုးစားအားထုတ်မှုကို မြင်တွေ့လိုက်ရသောအခါတွင် ချောင်ရုံ ပို၍ အံ့ဩသွားခဲ့သည်။

“ ကြည့်ရတာတော့ ဒီကလေးက သူ့ရဲ့ ဆေဘာသိုင်းကိုပဲ လေ့ကျင့်ချင်နေတဲ့ပုံပဲ၊ ဘာလို့ သူ့ရဲ့ ချီ-သွေးကိုရော မလေ့ကျင့်ရတာလဲ? “ ချောင်ရုံ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

သူ၏ ဆေဘာနည်းစနစ် လျင်မြန်စွာ တိုးတက်လာခြင်းက ကိစ္စတစ်ခု ဖြစ်သော်လည်း၊ ချီ-သွေး သိပ်သည်းမှု၏ သိသာထင်ရှားသော တိုးတက်မှုကား တကယ်ပင် အံ့ဩဖွယ်ကောင်းလှသည်။

“ ဒီကလေးဆီမှာ ကိုယ်ပွား နည်းစနစ်တစ်ခုခုရှိနေပြီး၊ ဆေဘာသိုင်းနဲ့ ချီ-သွေးကို တစ်ပြိုင်နက် လေ့ကျင့်နေတာများလား? “

၎င်းကို တွေးမိသွားသောအခါတွင် ချောင်ရုံသည် ကူရာကယ်ရာမဲ့စွာဖြင့် ခေါင်းခါယမ်းလိုက်သည်၊ သူသည် သူ၏ အတွေးများက ရယ်စရာကောင်းနေသည်ဟု ခံစားသွားခဲ့ရသည်။

…

ကျောင်းဆင်းသွားသည့်နောက်တွင် ရှုကျိုးသည် ချောင်ရုံအား အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။

သူ ဤနေရာတွင် ဆရာချောင်နှင့် လေ့ကျင့်ခဲ့သည့် အချိန်တိုင်းတွင် သူသည် သိသာသော အကျိုးကျေးဇူးများ ရရှိခဲ့သည်။

ယခုတွင် သူသည် ဒုတိယအဆင့်ရှိသော သူ၏ဆေဘာသိုင်းက အလွန်တိုးတက်လာသည်ဟု ခံစားနေခဲ့ရသည်။

“ ချီ-သွေးကိစ္စကတော့ ကြက်ဖကြီးဆီကိုပဲ လွှဲထားရမယ် “

ရှုကျိုးမှ တွေးတော ဆင်ခြင်နေခဲ့သည် “ ငါ့ရဲ့ တာဝန်က ဆေဘာသိုင်းရဲ့ တတိယအဆင့်ဆီကို မြန်မြန်ရောက်အောင် လုပ်ဖို့ပဲ “

တတိယနှစ် နဂါး-ကျား စာရင်းပေါ်ရှိ လူအများစုသည် တိုက်ခိုက်ရေး နည်းစနစ်များ၏ ဒုတိယအဆင့်ကို နားလည်တတ်မြောက်ထားကြပြီ ဖြစ်သည်။

ထိုလူများထဲမှ အများအပြားသည် တတိယအဆင့်ကိုပင် ရောက်ရှိနေကြပြီ ဖြစ်သည်။

နဂါး-ကျားစာရင်းထဲသို့ ဝင်ရောက်ချင်သည်ဆိုပါက ရှုကျိုးသည် ချီ-သွေးကို တိုးတက်အောင် လုပ်ရမည့်အပြင်၊ ဆေဘာသိုင်း၏ တတိယနယ်ပယ်အထိ ရောက်ရှိထားရမည် ဖြစ်သည်။

“ ဒါပင်မဲ့ ဒီညတော့ ငါ့ရဲ့ ချီ-သွေးက ရှယ်တိုးတက်လာသင့်တယ် “

ရှုကျိုးသည် ဆရာချောင်ပေးထားခဲ့သည့် ဘဏ်ကဒ်နှင့် သတ္တုပုလင်း လေးလုံးကို မျှော်လင့်တကြီးဖြင့် ထုတ်ကြည့်နေတော့သည်။

ရက်ပေါင်းများစွာ စောင့်ခဲ့ရပြီးသည့်နောက်တွင် သူသည် အယောက် ၁၀၀စာရင်းထံမှ ဆုလဒ်များကို ရရှိခဲ့ပြီ ဖြစ်သည်။

ရှုကျိုးသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ၊ ဘဏ်ကဒ်အား သူ၏ဖုန်းနှင့် ချိတ်ဆက်လိုက်ပြီး၊ ဈေးသို့ ထွက်သွားတော့သည်။

ဈေးတွင် ရှုကျိုးသည် ကြက်သား၊ ဝက်သား၊ အမဲသားနှင့် တစ်ခြားသော အရာများကို ပမာဏအမြောက်အမြား ဝယ်ယူခဲ့သည်။

ရှုကျိုးသည် ယွမ်၁သောင်းဖြင့် အာဟာရ အရှိဆုံး အသားများကို ရွေးချယ်ခဲ့ပြီး၊ များသောအားဖြင့် သူဝယ်ရန်မတတ်နိုင်သည့် မွှေးဂဏန်းတစ်ချို့ကိုပင် ဝယ်ယူခဲ့သည်။

( မွှေးဂဏန်းက တရုတ်ရိုးရာ ဂဏန်းပါ၊ ခြေထောက်နဲ့ လက်မတွေမှာ အမွှေးပါတဲ့ ဂဏန်းတစ်မျိုးပါ၊ ပုံကြည့်ချင်ရင်တော့ mitten crabလို့ ရိုက်ရှာကြည့်နိုင်ပါတယ် )

သူသည် ယွမ် ၃၀၀ကျော် သုံးစွဲခဲ့သည်။

ခုနစ်နာရီထိုးခါနီးတွင် ရှုကျိုးသည် ကြီးမားသော အိတ်ကြီးတစ်လုံးနှင့်အတူ အိမ်သို့ ပြန်ရောက်လာခဲ့ပြီး၊ ထို့နောက်တွင် သူ၏ အိပ်ခန်းထဲသို့ တန်းတန်းမတ်မတ် ဝင်သွားတော့သည်။

သူသည် အစားအသောက်အားလုံးကို ကြက်ဖကြီးရှေ့ရှိ ဇလုံကြီးထဲတွင် ထည့်ထားလိုက်သည်။

“ ဒီညမှာ တိုးတက်လာမလားဆိုတာကို ငါသိချင်မိတယ် “ ရှုကျိုးမှ ထင်ကြေးပေး မှန်းဆနေတော့သည်။

ယခုတွင် ငါးမန်းသွား ဗီဇပြောင်းကြက်ဖကြီးသည် ၄၈.၅ကီလိုဂရမ် အထိ ရှိနေပြီဖြစ်သည်။

သူသည် ထိုကောင်လေးက ထပ်မံ၍ တိုးတက်လာတော့မည်ဟု ပိုပို၍ ခံစားနေခဲ့ရသည်။

ရှုကျိုး၏ စိတ်အာရုံသည် ကြက်ဖကြီးဆီသို့ ရောက်ရှိသွားပြီး၊ ၎င်းသည် စတင်၍ စားသောက်လာခဲ့သည်။

၎င်း၏ အလေးချိန်သည် သိသိသာသာ တိုးတက်လာခဲ့ပြီ ဖြစ်သည်။

၄၉ ကီလိုဂရမ်၊ ၄၉.၅ ကီလိုဂရမ်၊ ၅၀ ကီလိုဂရမ် …….

ဤအခိုက်အတန့်တွင် ၅၀ ကီလိုဂရမ်အထိ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

စနစ်၏မျက်နှာပြင်သည် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

ဆင့်ကဲ ပြောင်းလဲမှုဖြစ်စဥ် : မျိုးစိတ်အကန့်အသတ်ကို ရောက်သွားပါသည်၊ ဆင့်ကဲပြောင်းလဲမှုဖြစ်စဥ်ကို ရွေးချယ်နိုင်ပါသည်။

[ ဆင့်ကဲ ပြောင်းလဲမှုဖြစ်စဥ် ၁ : ခြေသည်းများ၊ တောင်ပံများနှင့် သွားများ ပြောင်းလဲသွားမည်၊ ထက်မြိမှုနှင့် ကြံ့ခိုင်သန်စွမ်းမှု တိုးတက်လာပြီး၊ တိုက်ခိုက်ရေး စွမ်းရည်များ သိသိသာသာ တိုးတက်လာမည် ] (သွားပိုထက်လာတာပါ )

[ ဆင့်ကဲ ပြောင်းလဲမှုဖြစ်စဥ် ၂ : အမွှေးများ ပြောင်းလဲမည်၊ sf လုပ်ဆောင်မှုပါ ရရှိလာမည် ဖြစ်ပြီး၊ မျက်လုံးများ ပြောင်းလဲသွားမည်၊ ညဘက် အမြင်အာရုံနှင့် မြင်နိုင်စွမ်းတို့ တိုးတက်လာမည်၊ အမြန်နှုန်းနှင့် အမြင်အာရုံတို့ ကြီးကြီးမားမား တိုးတက်သွားမည် ]

( sfဆိုတာက တောင်ပံ ပုံစံပြောင်းတာပါ တောင်ပံရဲ့ ရှေ့ဖျားပိုင်းပါ ပိုသေးသွားပြီး၊ နောက်ပိုင်းက ပိုကြီးသွားတာပါ၊ အဲ့လိုဖြစ်သွားရင် ရေကူးလို့ရသလို၊ မြန်နှုန်းလည်း ပိုမြင့်သွားပါတယ် )

[ ဆင့်ကဲ ပြောင်းလဲမှုဖြစ်စဥ် ၃ : အမွှေး၊ အသားနှင့် အရိုးများ ပြောင်းလဲမည်၊ မာကျောမှုနှင့် ခိုင်ခံ့မှုတို့ ရရှိလာမည်၊ ခုခံကာကွယ်မှုစွမ်းရည် များစွာ တိုးတက်လာမည်ဖြစ်သည်၊ သို့သော် မြန်နှုန်း လျော့ကျသွားမည် ]

…

ရုတ်တရက် ပေါ်လာသော စနစ်၏ မျက်နှာပြင်ကို ကြည့်ရင်းဖြင့် ရှုကျိုး အံ့အားသင့်သွားခဲ့သည်။

ထို့နောက်တွင် သူသည် အချက်အလက်များကို ကြည့်လိုက်ပြီး တစ်ခဏခန့် ငြိမ်သက်သွားခဲ့သည်။

ဤတစ်ကြိမ် ဆင့်ကဲ ပြောင်းလဲမှုသည် ယခင်တစ်ကြိမ်ကနှင့် ကွဲပြားနေခဲ့သည်။

ပထမဦးဆုံး ဆင့်ကဲ ပြောင်းလဲမှုသည် သူ၏ကိုယ်ပွားအား အသီးအရွက်၊ အသား(သို့) အစုံစား သားရဲအဖြစ် ပြောင်းလဲသွားစေမည် ဖြစ်သည်။

ဤတစ်ကြိမ်တွင် ရွေးချယ်စရာများသည် ပို၍ အသေးစိတ်ပါလာခဲ့သည်။

ပထမတစ်ခုသည် ကြမ်းတမ်းသော အမဲလိုက်မုဆိုးတစ်ကောင် ဖြစ်သွားစေမည် ဖြစ်သည်။

ဒုတိယတစ်ခုသည် ငှက်အဖြစ်သို့ ဦးတည်သွားပြီး၊ အရှိန်နှင့် အမြင်အာရုံတို့ သိသိသာသာ တိုးတက်လာမည် ဖြစ်သည်။

တတိယမြောက် ရွေးချယ်မှုကား ရုပ်ပိုင်းဆိုင်ရာ ခုခံနိုင်မှုကို အမြင့်ဆုံး ဖြစ်သွားစေမည်ဖြစ်ပြီး မြန်နှုန်းကို ပေးဆပ်လိုက်ရမည်ဖြစ်သည်၊ ဒါက ဘာလဲ၊ လိပ်လမ်းကြောင်းလားဟ?

မကြာခင်မှာပင် ရှုကျိုးသည် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

“ ပထမတစ်ခုကို ရွေးမယ် ”

သူ၏ကိုယ်ပွားသည် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူကဲ့သို့ ဗီဇပြောင်း သားရဲများဖြင့် ပြည့်နှက်နေသည့် အန္တရာယ်များသော နေရာတစ်ခုဆီသို့ သွားရတော့မည် ဖြစ်သောကြောင့် အစွမ်းထက် သားရဲတစ်ကောင်ဖြစ်နေမှသာလျှင် အသက်ရှင်သန်ရန် အခွင့်အလမ်း ပိုရမည် ဖြစ်သည်။

အရှိန်နှင့် ခုခံမှုအတွက်ကား၊ ၎င်းတို့သည် တစ်ဖြားသော သားရဲများကို မြန်မြန်ဆန်ဆန် အမဲလိုက်နိုင်မည် မဟုတ်ဘဲ၊ ကြီးထွားမှုနှုန်းမှာလည်း သိသိသာသာ နှေးကွေးနေမည် ဖြစ်သည်။

ထို့ကြောင့် တွေးတော ဆင်ခြင်လိုက်ပြီးသည့်နောက်တွင် ကြမ်းတမ်းသော သားရဲကောင်ကသာလျှင် အသင့်တော်ဆုံးသော ရွေးချယ်မှုတစ်ခုဖြစ်သည်။

ရှုကျိုး၏ ဆုံးဖြတ်ချက်ကြောင့်

“ ဗြွီ !! “

ငါးမန်းသွား ဗီဇပြောင်းကြက်ဖကြီးသည် မြေပြင်ပေါ်သို့ ချက်ချင်းလဲကျသွားပြီး၊ စတင်၍ ဆင့်ကဲပြောင်းလဲနေတော့သည်။

ပထမဦးဆုံးအနေဖြင့် ၎င်း၏ ခြေသည်းများက ပို၍ ထူထဲလာခဲ့ပြီး၊ အရေပြားအလွှာမှာလည်း သိသိသာသာ တိုးတက်လာခဲ့ပြီး၊ ခြေချောင်းနှစ်ခုလုံးအား အပြည့်အဝ ဖုံးလွှမ်းလာခဲ့ပြီး၊ ချွန်မြိသော သံချိတ်များကဲ့သို့ ဖြစ်သွားစေခဲ့သည်။

( အရေပြားအလွှာဆိုတာက တိရစ္ဆာန်တွေရဲ့ ခန္ဓာကိုယ်အပေါ်ယံအလွှာပါ၊ အကြေးခွံတို့ဘာတို့ပါ၊ အဲ့တာတွေက ခုခံကာကွယ်မှုအတွက် အသုံးဝင်ပါတယ် )

တစ်ချိန်တည်းမှာပင် ဗီဇပြောင်း ကြက်ဖကြီး၏ ပေါင်လုံးများသည် ပို၍တုတ်ခိုင်လာခဲ့ပြီး၊ ရှုကျိုး၏ ခြေသလုံးနီးပါးအထိပင် ဖြစ်လာခဲ့ကာ ထူထဲသော အရေပြားအလွှာဖြင့် ဖုံးအုပ်လာခဲ့သည်။

ထို့နောက်တွင် တောင်ပံများမှာလည်း ပို၍ ရှည်လျားလာခဲ့ပြီး၊ ခန္ဓာကိုယ်တစ်ခုလုံးအထိ ဖုံးလွှမ်းလာနိုင်ခဲ့သည်၊ အစွန်းဖက်ရှိ အမွှေးများသည် ဓားသွားကဲ့သို့ ချွန်ထက်လာပြီး၊ အေးစက်သော အလင်းတန်းတစ်ခုဖြင့် တောက်ပလာခဲ့သည်။

အဆုံးတွင်ကား နှုတ်သီးပင် ဖြစ်သည်။

ကျယ်ဝန်းသော မူလနှုတ်သီးသည် ပို၍ ကျယ်ဝန်း၊ ရှည်လျားသွားပြီး၊ ငါးမန်းသွားများမှာလည်း ထက်မြိလာခဲ့ကာ ၁၀စင်တီမီတာ ရှည်လျားသော အစွယ်လေးခုမှာလည်း ၎င်း၏ ပါးစပ်ထဲတွင် စိုက်ထားသည့် ဓားတိုလေးများကဲ့သို့ ရှည်ထွက်လာခဲ့သည်။

“ ဝေါင်းးးးးး “

ဗီဇပြောင်း ကြက်ဖသည် မြေပြင်ပေါ်တွင် ရပ်ကာ မာန်ဖီလာခဲ့သည်။

၎င်းသည် ကြက်တွန်သံ မဟုတ်တော့ဘဲ၊ အမျိုးအမည် မသိရသော သားရဲတစ်ကောင်၏ အော်ဟစ်သံနှင့် တူညီနေခဲ့ပြီး၊ လူတစ်ဦးအား ကြက်သီးများ ထသွားစေသည်အထိ တုန်လှုပ်ခြောက်ခြားဖွယ် ကောင်းနေခဲ့သည်။

သူ့ရှေ့ရှိ ဗီဇပြောင်း ကြက်ဖကြီးကို ကြည့်ရင်းဖြင့် ရှုကျိုးသည် လုံးဝ အံ့ဩသွားခဲ့သည်။

ဒီတစ်ခါတော့ ရှယ်ကြီးကို ပြောင်းလဲသွားတာပဲဟ။

ဒါပင်မဲ့ ဒီကောင့်ကို ကြည့်ရတာက …..

ဒိုင်နိုဆောလို အကောင်တစ်ကောင်ကောင်နဲ့ ပိုတူလာနေသလိုပဲ?

ရှုကျိုးသည် စနစ်၏မျက်နှာပြင်ကို လှမ်းကြည့်လိုက်သည်။

ကိုယ်ပွား ခန္ဓာကိုယ် : ဆေဘာသွား နဂါးသားရဲ

အဆင့် : ၀ အဆင့် အဆင့် ၂ ( ၂၀% )

အသားတင် အလေးချိန် : ၅၀ ကီလိုဂရမ်

စွမ်းရည် : တစ်နေ့လျှင် ၁၀ကီလိုဂရမ် ရရှိမည် ( အမြင့်ဆုံး )၊ အရာအားလုံး ဝါးမြိုနိုင်ခြင်း၊ ကိုက်ဖြတ်ဆုတ်ဖြဲခြင်း ( AC )

…

“ ဆေဘာသွား နဂါးသားရဲလား? “ ရှုကျိုးသည် ကိုယ်ပွား၏ အမည်ကို ကြည့်လိုက်ပြီး အလွန်အံ့အားသင့်သွားခဲ့သည်။

ဒီနာမည်က တော်တော်ကြီးကို အထင်ကြီးဖို့ကောင်းတာပဲ၊ ကြက်ကနေ လုံးဝကြီး အဆင့်တက်သွားပြီပဲ။

ထို့နောက်တွင် ရှုကျိုးသည် စွမ်းရည်ကဏ္ဍကို ကြည့်နေတော့သည်။

တစ်နေ့လျှင် ၁၀ကီလိုဂရမ် ကြီးထွားခြင်းက ကျန်ရှိနေစဲ ဖြစ်သည်။

သို့သော် ကိုက်ဖြတ်ဆုတ်ဖြဲခြင်းဟူသည့် စွမ်းရည်တစ်ခု ထပ်မံ၍ ရရှိလာခဲ့သည်။

[ ကိုက်ဖြတ်ဆုတ်ဖြဲခြင်း : အသက်သွင်းလိုက်သည့် အချိန်တွင် ကိုက်ဖြတ်ဆုတ်ဖြဲခြင်း အကျိုးသက်ရောက်မှုသည် ၁၅၀%အထိ တိုးမြင့်သွားမည်ဖြစ်ပြီး ၊ ရန်သူ၏ ခုခံမှုအား လွယ်ကူစွာ ဆုတ်ဖြဲပစ်နိုင်မည် ဖြစ်သည် ]

“ ac စွမ်းရည်လား? “ ( active skillပါ၊ ဂိမ်းတွေမှာ ပါသလိုမျိုး စွမ်းရည်ပါ၊ အသုံးပြုချင်ရင် ကစားသမား(သို့) လူကိုယ်တိုင် အသက်သွင်းပြီးမှ သုံးလို့ရတဲ့ဟာမျိုးပါ )

၎င်းကို မြင်လိုက်ရသောအခါတွင် ရှုကျိုးသည် အကြမ်းဖျင်း နားလည်သွားပြီး၊ ဝမ်းသာပီတိဖြစ်သွားတော့သည်။

အဆိုပါ acစွမ်းရည်သည် အလွန်စွမ်းလွန်းလှသည်၊ အထူးသဖြင့် ဆေဘာသွား နဂါးသားရဲကဲ့သို့သော အမဲလိုက်မုဆိုးအတွက်ဖြစ်ပြီး၊ ၎င်းသည် လိပ်ခွံကိုပင် ကိုက်ဖြတ်ဆုတ်ဖြဲပစ်နိုင်လေသည်။

“ တကယ် မိုက်တယ်ဟေး “ ရှုကျိုးကား ပြုံးစိစိ ဖြစ်နေတော့၏။

ဤတစ်ကြိမ် ဆင့်ကဲပြောင်းလဲမှုသည် သူ့အား လွန်စွာ စိတ်ကျေနပ်သွားစေခဲ့ပြီး၊ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူသို့ သွားမည့် လာမည့် ခရီးစဥ်အတွက် ပို၍ ယုံကြည်စိတ်ချသွားစေခဲ့သည်။

ထို့နောက်တွင် ရှုကျိုးသည် ယနေ့အတွက် အစားအသောက်များကို ထပ်စားရန်အတွက် ဆေဘာသွား နဂါးသားရဲကို ဆက်လက်၍ ထိန်းချုပ်လိုက်သည်။

ထိုစဥ် ရှုကျိုးသည် သတ္တုပုလင်း လေးလုံးကို ဖွင့်ကာ ဇလုံထဲသို့ လောင်းထည့်လိုက်ပြီးး ၎င်းတို့အား အစားအသောက်များနှင့်အတူ ရောမွှေလိုက်သည်။

“ အလယ်အဆင့် သန့်စင်ဆေးရည် “ ရှုကျိုးမှ တွေးတော စဥ်းစားနေတော့၏ “ အကျိုးသက်ရောက်မှုက ကနဦး သန့်စင်ဆေးရည်ထပ် သုံးဆလောက် ပိုကောင်းတယ် “

“ အလယ်အဆင့် သန့်စင်ဆေးရည် တစ်ပုလင်းနဲ့ ကနဦးအဆင့် သန့်စင်ဆေးရည် သုံးပုလင်းက ငါ့ကို ဘယ်လောက်တောင် တိုးတက်သွားစေမှာလဲ? “

ရှုကျိုးကား မျှောင်လင့်စောင့်စားနေတော့သည်။

သူသည် ယခင်က ကနဦး သန့်စင်ဆေးရည် တစ်ပုလင်းကြောင့် ကိုယ်ပွားက ၄၀% တိုးတက်သွားပြီး၊ မူလကိုယ်၏ ချီ-သွေးမှာလည်း ၁ကယ်လိုရီအပြည့်အဝ အားကောင်းလာခဲ့သည်ကို မှတ်မိနေသေးသည်။

ယခုတွင် ပို၍ ပေါကြွယ်လှသော အရင်းအမြစ်များကြောင့် သူမည်မျှ တိုးတက်လာခဲ့မည်နည်း?

မျှော်လင့်ချက်များနှင့်အတူ ရှုကျိုးသည် ဘေးတစ်ဖက်တွင် ထိုင်ကာ စောင့်ဆိုင်းနေတော့သည်။

နာရီဝက် ကုန်ဆုံးသွားခဲ့ပြီးသည့်နောက်၌

ဆေဘာသွား နဂါးသားရဲသည် ဇလုံထဲရှိ အရာအားလုံးကို စားပြီးသွားခဲ့ပြီဖြစ်ပြီး၊ အမှုန်အမွှားလေးပင် မချန်ထားခဲ့ချေ။

“ ဝေါင်းးးးး “

၎င်းသည် ကျယ်လောင်စွာ ဟစ်ကြွေးလာခဲ့သည်။

ထို့နောက်တွင် ၎င်းသည် လျင်မြန်စွာ ကြီးထွားလာခဲ့သည်။

၎င်း၏ အရပ်အမြင့်သည် ထပ်မံ၍ မြင့်တက်လာခဲ့ကာ၊ ၁.၂မီတာအထိ ရောက်ရှိသွားခဲ့သည်၊ ၎င်း၏ကိုယ်ထည်မှာလည်း ရှုကျိုး၏ ခါးနီးပါးအထိပင် ကျယ်ဝန်းလာခဲ့သည်။

ဆေဘာသွား နဂါးသားရဲသည် မြေပြင်ကို ဆောင့်ချလိုက်ရာ သန်စွမ်းလှသော အားတစ်ခုသည် ၎င်း၏ခန္ဓာကိုယ်အနှံ့သို့ ထိုးဖောက်ရောက်ရှိသွားခဲ့သည်။

“ ဒီစွမ်းအားက …….. “ ရှုကျိုးသည် တအံ့တဩဖြင့် ကြည့်ရှုနေခဲ့ပြီး၊ ယခုတွင် ဆေဘာသွား နဂါးသားရဲထံတွင် အဖျက်အစီးစွမ်းအား အတော်အတန်ရှိနေပြီဟု ခံစားသွားခဲ့ရသည်။

ထိုစဥ် ရှုကျိုး၏ ခန္ဓာကိုယ်ထဲသို့ မမျှော်မှန်းထားသော နွေးထွေးမှု စီးကြောင်းတစ်ခု တိုးဝေ့ဝင်ရောက်လာခဲ့သည်။

ကြည်လင်သော စမ်းချောင်းလေးတစ်ခုသည် သူ၏စိတ်ကို ဆေးကြောသန့်စင်လာခဲ့ကာ သူ့အား ပို၍ လန်းဆန်းသွားစေခဲ့သည်။

ကိုယ်ပွားရဲ့ ထောက်ပံ့မှု !!

ရှုကျိုးသည် လုံးဝ မအံ့ဩသွားဘဲ၊ တိတ်တဆိတ်သာ စောင့်ဆိုင်းနေခဲ့သည်။

ဆယ်မိနစ် ကုန်ဆုံးသွားပြီးသည့်နောက်၌ အရာအားလုံးသည် ငြိမ်သက်သွားခဲ့သည်။

ရှုကျိုးသည် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသော အကြည့်ဖြင့် စနစ်၏ မျက်နှာပြင်ကို လှမ်းကြည့်လိုက်သည်။

[ အဆင့် + ၂၂၀% ]

[ ချီ-သွေး + ၅.၅ ကယ်လိုရီ ]

[ စိတ်ဝိညာဥ် + 2Hz]

အိမ်ရှင် : ရှုကျိုး

ချီ-သွေး : ၇၉.၉ ကယ်လိုရီ

စိတ်ဝိညာဥ် : 4Hz

ကိုယ်ပွား ခန္ဓာကိုယ် : ဆေဘာသွား နဂါးသားရဲ

အဆင့် : ၀ အဆင့် အဆင့် ၄ ( ၄၀% )

အသားတင် အလေးချိန် : ၅၈.၅ ကီလိုဂရမ်

စွမ်းရည် : တစ်နေ့လျှင် ၁၀ကီလိုဂရမ် ရရှိခြင်း ( အမြင့်ဆုံး )၊ အရာအားလုံး ဝါးမြိုနိုင်ခြင်း၊ ကိုက်ဖြတ်ဆုတ်ဖြဲခြင်း ( ac )

ဆင့်ကဲ ပြောင်းလဲမှုဖြစ်စဥ် : အလေးချိန်က မျိုးစိတ်အကန့်သတ်သို့ ရောက်ရှိသွားသောအခါတွင် ဆင့်ကဲပြောင်းလဲမည်

…

မကြုံစဖူး တိုးတက်မှု !!!

ရှုကျိုးမှာ အံ့အားသင့်သွားခဲ့ပြီး၊ ဖော်ပြ၍ မရနိုင်လောက်သည်အထိ ရင်ခုန် စိတ်လှုပ်ရှားသွားခဲ့သည်။

ကိုယ်ပွား၏ အဆင့်သည် အဆင့်နှစ်ခုအထိ ခုန်တက်သွားခဲ့ပြီး၊ အဆင့်၄သို့ပင် ရောက်ရှိသွားခဲ့သည်။

မူလကိုယ်၏ ချီ-သွေးနှင့် စိတ်ဝိညာဥ်တို့မှာလည်း သိသိသာသာ အားကောင်းလာခဲ့သည်။

ရှုကျိုးသည် သူ၏လက်သီးကို ဆုပ်လိုက်ရာ ကြောက်မက်ဖွယ်ကောင်သော စွမ်းအားတစ်ခုသည် သူ၏ခန္ဓာကိုယ် တစ်ခုလုံးမှတစ်ဆင့် သူ၏ခြေလက်များဆီသို့ ရောက်ရှိသွားခဲ့သည်။

ခွန်အား တိုးတက်မှုမှာ အဓိက မဟုတ်ပေ။ အဓိကအရာကား ရှုကျိုး၏ စိတ်ဝိညာဥ် သိသိသာသာ တိုးတက်သွားခြင်းပင် ဖြစ်သည်။

သူ၏ အခန်းထဲမှာပင် ထိုင်နေရင်းဖြင့် အိမ်အပြင် မီတာ ၅၀အကွာရှိ လှုပ်ရှားမှုများကို ကြားနေနိုင်ပြီ ဖြစ်သည်။

သူ၏ အမြင်အာရုံမှာလည်း ယခင်ကထပ် များစွာအားကောင်းလာခဲ့ပြီ ဖြစ်သည်။

“ ဒီခံစားချက်က ….. “ ရှုကျိုး၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့် တောက်ပဝင်းလက်နေခဲ့သည်။

သို့သော် မကြာခင်မှာပင် ရှုကျိုးသည် တစ်ခုခုမှားယွင်းနေသည်ကို သတိပြုမိသွားခဲ့သည်။

“ အရင်တုန်းက ကိုယ်ပွားက ၅% တိုးတက်လာရင် မူလကိုယ်ရဲ့ ချီ-သွေးက ၀.၁ကယ်လိုရီ တိုးတက်လာတာပါ “

“ ဒါပင်မဲ့ အခုတော့ အချိုးအစားက ၄%ဖြစ်သွားသလိုပဲ “

ရှုကျိုး ဇဝေဇဝါဖြစ်သွားခဲ့သည် “ ကိုယ်ပွားက တိုးတက်လာပြီးတဲ့နောက်မှာ အဲ့ကောင်ရဲ့ အဆင့် တိုးတက်မှုကလည်း ပိုပြီးတော့ များသွားတာများလား? “

ထိုအချက်ကို နားလည်သွားသောအခါတွင် ရှုကျိုးသည် ပို၍ ရင်တလှပ်လှပ် ဖြစ်သွားခဲ့သည်။

၎င်းသည် သူ၏ တိုးတက်မှု အရှိန်မှာ ယခင်ကထပ် ပို၍ မြန်ဆန်လာတော့မည်ဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။

…

ထိုနေ့ညတွင် ရှုကျိုးသည် အလွန် ရင်ခုန်စိတ်လှုပ်ရှားနေခဲ့သည်။

သို့သော် သူသည် စွမ်းအားများ တိုးတက်လာခြင်းကြောင့် သူလေ့ကျင့်မှုကို မရပ်တန့်ပစ်ခဲ့ပေ။

ညစာစားခဲ့ပြီးသည့်နောက် ရှုကျိုးသည် အိမ်နောက်ဖေးသို့သွားကာ သူ၏ တောင်ဖြိုခွဲ ဆေဘာသိုင်းကို ဆက်၍ လေ့ကျင့်နေတော့သည်။

ယခုတွင် သူ၏ဆေဘာ နည်းစနစ်မှာလည်း ပို၍ ကျွမ်းကျွမ်းကျင်ကျင် ဖြစ်လာခဲ့သည်။

…

နံနက်ခင် နှစ်နာရီတွင် ရှုကျိုးသည် ရေမိုးချိုးကာ အိပ်ရာပေါ်တွင် လှဲလျောင်းနေတော့သည်။

“ ဒီယွမ် ၁သောင်းနဲ့ဆိုရင်၊ ဆေဘာသွား နဂါးသားရဲက တစ်နေ့ကို ၁၀ကီလိုဂရမ်နဲ့ ပုံမှန်ကြီးထွားလာတော့မှာ “

ရှုကျိုးသည် မျက်နှာကျက်ကို ကြည့်ကာ တွေးတောစဥ်းစားနေခဲသည် “ ချီ-သွေး တိုးတက်မှုကိုလည်း ထပ်ပြီးတော့ စိတ်ပူနေစရာ မလိုတော့ဘူး။ အခုကစပြီးတော့ ငါက ငါ့ရဲ့ လေ့ကျင့်ရေး စည်းမျဥ်းကို လိုက်နာပြီး ငါ့ရဲ့ တိုက်ခိုက်ရေး စွမ်းရည်ကို ပုံမှန်တိုးတက်အောင် လုပ်နေဖို့ပဲ လိုတယ် “

စိတ်ထဲတွင် အစီအစဥ်များ ရေးဆွဲနေရင်းဖြင့် ရှုကျိုးသည် တဖြည်းဖြည်း အိပ်ပျော်သွားခဲ့သည်။

နောက်တစ်နေ့ နံနက်ခင်း ခုနစ်နာရီ ထိုးသွားပြီးသည့်နောက်တွင် ရှုကျိုးသည် အိမ်မှ ထွက်လာခဲ့ပြီး၊ ကျောင်းသွားနေတော့သည်။

…

လူအများစုအတွက် လေ့ကျင့်ခြင်းသည် ငြီးငွေ့ဖွယ်ကောင်းသော အလုပ်တစ်ခုဖြစ်သည်။

သို့သော် ယွမ်၁သောင်း ဆုလဒ်ရထားသော ရှုကျိုးသည် တစ်နေ့လျှင် ယွမ် ၃၀၀ကျော် ပုံမှန်သုံးစွဲ၍ ဆေဘာသွား နဂါးသားရဲကို အစာကျွေးကာ သူ၏ ချီ-သွေးကို လျင်မြန်စွာ မြှင့်တင်နေခဲ့သည်။

သူ၏ ထူးခြားသော နားလည်နိုင်စွမ်းဖြင့် တွဲစပ်လိုက်ပါက သူသည် လေ့ကျင့်ခြင်းအား အလွန်စွဲလမ်းလာခဲ့သည်။

မသိလိုက်ခင်မှာပင် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် လတစ်လ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

………………………………………………………………………………………………….

အပိုင်း ( 30 )

ရှုကျိုး၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား

လင်းဂျန်မြို့တွင် နွေကျလာခဲ့ပြီ ဖြစ်ပြီး၊ သာမန်လူတစ်ဦးကပင် အပူချိန်၏ အရိပ်အမြွက်ကို ခံစားနေခဲ့ရသည်။

ချောင်ရုံ၏ ရုံးခန်း၌

အရပ်ရှည်ရှည် ရုပ်သွင်တစ်ခုသည် ရှည်လျားသော ဆေဘာကို ကိုင်ကာ အကြမ်းပတမ်း လွှဲယမ်းနေခဲ့သည်။

“ ဝုန်းးးးးးးးး “

ရုတ်တရက်ဆိုသလိုပင် သူ၏ ရှည်လျားသော ဆေဘာသည် ရှေ့ဘက်သို့ အင်ပြည့်အားပြည့် ထိုးချလိုက်ရာ ဓားအလင်းတန်းသည် လေထုကို ခုတ်ပိုင်းလိုက်သကဲ့သို့ ကျယ်လောင်သော အသံတစ်ခု ထုတ်လွှင့်လာခဲ့သည်။

ပုန်းကွယ်နေသော စွမ်းအားတစ်ခုသည် ဆေဘာအတွင်းမှ ခုန်ထွက်လာခဲ့သည်။

“ ရွှစ် “

ချက်ချင်းဆိုသလိုပင် မြေပြင်ပေါ်၌ အလျား သုံးမီတာနှင့် အနံ ၂၀စင်တီမီတာ ရှိသော အဖြူရောင် အမှတ်အသားတစ်ခု ပေါ်ထွက်လာခဲ့သည်။

အကယ်၍ အဆိုပါ စွမ်းအားကသာ လူတစ်ဦးအပေါ်သို့ ကျရောက်သွားမည်ဆိုပါက၊ ၎င်းသည် သေးငယ်သော ဒဏ်ရာလေးများကိုသာလျှင် ဖြစ်သွားစေမည် မဟုတ်ချေ။

ရှုကျိုးသည် သူ၏ဆေဘာကို ရုတ်၍ မတ်တပ်ရပ်နေကာ၊ ချောင်ရုံကို ကြည့်၍ မေးမြန်းလိုက်သည် “ ဆရာ၊ ဘယ်လိုနေလဲဗျ? “

“ မဆိုးပါဘူး “ ချောင်ရုံမှ ချီးကျူးလာခဲ့သည် “ မင်းက ဆေဘာနည်းစနစ်ရဲ့ တတိယနယ်ပယ်နဲ့ ခြေတစ်လှမ်းပဲ ကွာတော့တယ် “

ရှုကျိုးမှ ခေါင်းငြိမ့်ပြလာခဲ့သည် “ လွန်ခဲ့တဲ့ နှစ်ရက်တုန်းက ကျွန်တော် တောင်ဖြိုခွဲ ဆေဘာသိုင်းရဲ့ ဒုတိယအဆင့် အထွတ်အထိပ်ကို ရောက်သွားပြီးတော့ တတိယအဆင့်ရဲ့ တံခါးဝနဲ့ ထိမိတော့မယ်လို့ ခံစားနေခဲ့ရတယ် “

“ ဒီကလေး “ ချောင်ရုံသည် ရယ်ရယ်မောမောဖြင့် ခေါင်းခါရမ်းနေတော့သည် “ မင်းရဲ့ တိုးတက်မှုက တကယ်ကြီးကို အံ့ဩဖို့ကောင်းတယ် “

ရှုကျိုးမှ တောင်ဖြိုခွဲ ဆေဘာသိုင်းကို လေ့ကျင့်နေသည်မှာ နှစ်လအောက်သာ ရှိနေသေးသည်။

ယခုတွင်ကား သူသည် ဒုတိယအဆင့် အထွတ်အထိပ်ထိပင် ရောက်ရှိနေခဲ့ပြီး၊ တတိယအဆင့်နှင့် ခြေတစ်လှမ်းအကွာသို့ပင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

သူ့အား ဉာဏ်ကြီးရှင်ဟု မခေါ်သင့်တော့ဘဲ၊ ပါရမီရှင်ဟုပင် ခေါ်ဆိုရတော့မည် ဖြစ်သည်။

သို့သော် ချောင်ရုံသည် ရှုကျိုး၏ တိုးတက်မှုက ဤမျှလောက်သာ မဟုတ်သေးဘူးဟု ခံစားနေခဲ့ရသည်။

သူသည် ရှုကျိုး၏ ချီ-သွေးအတက်အကျကိုလည်း စူးစမ်းလေ့လာနေခဲ့သည်၊ ဒီတစ်လအတွင်းမှာ ဒီကောင်လေးရဲ့ ချီ-သွေးကလည်း သိသိသာသာကြီး တိုးတက်လာတဲ့ပုံပဲ။

“ ဒီလို ပေါက်ကွဲနိုင်စွမ်းနဲ့ဆိုရင် သူ့ရဲ့ ချီ-သွေးက ၉၀ကယ်လိုရီနားကို ရောက်နေလောက်ပြီ “ ချောင်ရုံမှ တွေးတော စဥ်းစားနေခဲ့သည်။

၎င်းကို တွေးမိသွားသောအခါ၌ ချောင်ရုံ ပို၍ အံ့အားသင့်သွားခဲ့သည်။

နိုးထမလာခင် အချိန်တွင် ရှုကျိုး၏ ချီ-သွေးသည် ၇၀ကယ်လိုရီ ဝန်းကျင်တွင်သာ ရှိနေခဲ့သည်၊ ယခုတွင်ကား ၎င်းသည် နှစ်လမပြည့်တပြည့် အချိန်မှာပင် ၂၀ကယ်လိုရီအထိ တိုးမြင့်သွားခဲ့ပြီ ဖြစ်သည်။

ထိုမြန်နှုန်းကား တကယ်ပင် တုန်လှုပ်ဖွယ်ကောင်းလွန်းလှသည်။

သူမသိသော အရာကား ရှုကျိုးမှ သူ၏စွမ်းအားကို အကုန်အစင် ထုတ်မသုံးသေးဘူးဆိုသည်ကိုပင် ဖြစ်သည်။

ရှုကျိုးသည် စနစ်၏ မျက်နှာပြင်ကို တစ်ချက်ကြည့်လိုက်သည်။

အိမ်ရှင် : ရှုကျိုး

ချီ-သွေး : ၉၁.၉ ကဒ် (အခုကစပြီးတော့ ကဒ်လို့ ပြောင်းလဲသုံးစွဲသွားပါ့မယ်)

စိတ်ဝိညာဥ် : 9Hz

ကိုယ်ပွား : ဆေဘာသွား နဂါးသားရဲ

အဆင့် : ၀ အဆင့် အဆင့် ၉ ( ၂၀% )

အသားတင် အလေးချိန် : ၃၅၈.၅ ကီလိုဂရမ်

စွမ်းရည် : နေ့စဥ် ၁၀ကီလိုဂရမ် ရရှိခြင်း ( အကန့်အသတ် )၊ အရာအားလုံး ဝါးမြိုနိုင်ခြင်း၊ ကိုက်ဖြတ်ဆုတ်ဖြဲခြင်း ( ac )

ဆင့်ကဲပြောင်းလဲမှု ဖြစ်စဥ် : အလေးချိန်က မျိုးစိတ်အကန့်အသတ်သို့ ရောက်ရှိသွားသောအခါတွင် ဆင့်ကဲပြောင်းလဲမည်

…

“ တစ်လအတွင်းမှာပဲ ငါ့ရဲ့ ချီ-သွေးက ၁၂ကဒ် တိုးတက်လာခဲ့ပြီး စိတ်ဝိညာဥ်ကလည်း 5Hzတိုးသွားတယ် “

ရှုကျိုးမှ တွေးတော စဥ်းစားနေခဲ့သည် “ ပြီးတော့ ဆေဘာသွား နဂါးသားရဲကိုယ်ပွားက အဆင့်၄ကနေ အဆင့်၉အထိ ရောက်သွားပြီ၊ အဆင့်ကြီး၁ထဲကိုတောင် ခြေချနိုင်တော့မယ် “

သူသည် ယွမ်၁သောင်းကို အသုံးပြုကာ ဤလအတွင်းတွင် မိမိကိုယ်မိမိ အံ့ဖွယ်ကောင်းသော အမြန်နှုန်းဖြင့် မြှင့်တင်ခဲ့သည်။

ယခုတွင် သူ၏ချီ-သွေးသည် ၉၀ကဒ်ဟူသော မှတ်တိုင်ကိုပင် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

သို့သော် ရှုကျိုး၏ ခွန်အားအမှန်သည် သူချပြထားသည်ထပ် များစွာပိုနေခဲ့သည်။

သူ၏ နဂါး အသွင်ပြောင်းခြင်းစွမ်းရည်ကြောင့် သူ၏ ချီ-သွေး အရည်အသွေးက သာမန်လူများထပ် များစွာပိုနေသည်ကို အမှတ်ရကြရမည် ဖြစ်သည်။

သူ၏ ချီ-သွေး ၁ကဒ် တိုးတက်လာခြင်းသည် သာမန်လူတစ်ဦး၏ ချီ-သွေး တိုးတက်လာခြင်းထပ် နှစ်ဆနှစ်နီးပါးပင် အကျိုးသက်ရောက်မှုရှိနေခဲ့သည်။

၎င်းမှာ လက်ရှိတွင် ရှုကျိုး၏ ချီ-သွေးက သာမန်လူတစ်ဦး၏ ချီ-သွေး ၁၃၀ကဒ်ကျော်နှင့် ညီမျှသည်ဟု ဆိုလိုနေခြင်းဖြစ်သည်။

အေအဆင့် စွမ်းရည်ရှိသော ပါရမီရှင်များကပင် ယခုလက်ရှိ သူ၏ ၁၂၀ကဒ်ကျော်ရှိသော ချီ-သွေးစွမ်းအားကို ယှဥ်နိုင်မည် မဟုတ်ပေ။

ချောင်ရုံသည် သာမန်လူတစ်ဦး၏ ၉၀ကဒ်ရှိသော စွမ်းအားဖြင့်သာ တွက်ချက်ထားခဲ့ခြင်း ဖြစ်သည်။

ရှုကျိုး၏ တကယ့်စွမ်းအားသည် ၎င်းထပ် များစွာ ပိုနေပြီဖြစ်သည်။

ထိုအချိန်တွင် ရှုကျိုးသည် သူ၏ ဆေဘာကို ချထားလိုက်ပြီး ချောင်ရုံကို ဦးညွတ်၍ ဂါဝရပြုလိုက်သည်။

“ ဆရာ၊ ကျွန်တော် စာသင်ခန်းထဲ ပြန်သွားတော့မယ် “

“ ခဏနေဦး “

ချောင်ရုံမှ သူ့အား ရုတ်တရက် ပြန်ခေါ်၍ ပြောလာခဲ့သည် “ အရင်လတုန်းက နဂါး-ကျားအဖွဲ့ဝင်ဖြစ်လို့ မင်းအစ်မ ရထားတဲ့ ဆုလဒ်တွေရှိတယ်၊ အဲ့တာတွေကို သူမဆီ ပေးပေးပါဦး “

သူသည် များပြားလှသော ကျင့်ကြံရေး ဆေးရည်များကို ထုတ်ယူနေတော့သည်။

ရှုကျိုးကား အနည်းငယ် အံ့ဩသွားခဲ့သည် “ ကျွန်တော့် အစ်မဟာတွေလား? “

ချောင်ရုံမှ ခေါင်းငြိမ့်ပြလာခဲ့သည် “ ပြီးခဲ့တဲ့လတုန်းက သူမက ကျင့်ကြံရေး အရင်းအမြစ်တွေ မရခဲ့ဘူးလေ၊ အခု ငါက အရင်းအမြစ် လွှဲပြောင်းရေးကို တာဝန်ယူထားရတော့၊ သူမကို ပြန်ပြီးတော့ အစားထိုးပေးရမယ်။ ဘာပဲဖြစ်ဖြစ် သူမက မင်းရဲ့ အစ်မပဲလေ “

ရှုကျိုးသည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည် “ ဘယ်သူက သူမရဲ့ ပစ္စည်းတွေကို လုယူရဲတာလဲ? “

“ ကြည့်ရတာတော့ လီရို့ရှီက အတွင်းမြို့တော်က တစ်ယောက်ယောက်ကို ဆန့်ကျင်ထားမိတဲ့ပုံပဲ၊ ဒီနောက်ပိုင်းမှာ အတွင်းမြို့တော်က ကျောင်းသားတစ်ချို့က သူမကို ပစ်မှတ်ထားလာကြတယ် “ ဟု ချောင်ရုံမှ ပြောပြလိုက်သည်။

“ အတွင်းမြို့တော်လား? “ ရှုကျိုးသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

သူသည် အတွင်းမြို့အကြောင်းကို ကြားဖူးထားခဲ့သည်။

ရန်ပြည်ထောင်ရှိ ပြည်နယ် ဆယ့်နှစ်ခုထဲတွင် ပြည်နယ်တစ်ခုချင်းစီတိုင်းသည် ပွင့်ချပ်တစ်ဖက်ကဲ့သို့ဖြစ်ပြီး၊ ပွင့်ချပ် ဆယ့်နှစ်ခု အတူစုပေါင်း၍ ကြာပန်းဖြစ်သွားခဲ့သည်။

အဆိုပါ ကြာပန်း၏ အလယ်ဗဟိုတည့်တည့်တွင် အတွင်းမြို့တော် တည်ရှိသည်။

အတွင်းမြို့၏ အပြင်ဘက်တွင် လင်းဂျန်မြို့ကဲ့သို့ မရေမတွက်နိုင်လောက်အောင် များပြားလှသည့် မြို့ငယ်လေးများရှိပြီး၊ ပြင်ပခရိုင်(သို့) နယ်မြေဟု ခေါ်ဆိုလေသည်။

သားရဲလှိုင်းအုံကြွမှုများ ပြီးဆုံးသွားခဲ့သည့်နောက်တွင် ပြင်ပခရိုင်အား ကြားခံနယ်မြေအဖြစ် ထူထောင်ထားခဲ့သည်၊ အတွင်းမြို့တော်ကသာလျှင် ရန်ပြည်ထောင်၏ အဓိက နယ်မြေဖြစ်သည်။

အတွင်းမြို့တော်နှင့် ယှဥ်လိုက်ပါက၊ ပြင်ပခရိုင်သည် ခေတ်နောက်ပြန်ဆွဲနေသည့် ကျေးလက်တစ်ခုနှင့်သာ တူနေခဲ့သည်။

“ အတွင်းမြို့တော်က လူတွေက ကျွန်တော်တို့ကျောင်းမှာ မတက်ကြဘူးလေ၊ ဟုတ်တယ်မလား? “ ရှုကျိုးမှ မေးမြန်းလာခဲ့သည်။

“ တကယ်ကို မရှိဘူး၊ ဒါပင်မဲ့ သူတို့ရဲ့ လွှမ်းမိုးမှုက ဖြုံလောက်တယ်လေ “ ချောင်ရုံမှ ပေါ့ပေါ့ပါးပါး ပြန်ဖြေလာခဲ့သည် “ လျူဟီ၊ နဂါး-ကျားစာရင်းပေါ်က နံပတ် ၁က အတွင်းမြို့တော်က မိသားစုကြီးတွေထဲက တစ်ခုဆီကလေ၊ တစ်ခြားလူတွေက သူ့ကို ခေါင်းဆောင်အဖြစ် သတ်မှတ်ထားကြတယ် “

လျူဟီလား?

ရှုကျိုး အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်၊ လီရို့ရှီက သူ့ကို ဆန့်ကျင်မိတာလား?

အဲ့လိုမှ မဟုတ်ဘူးဆိုရင် အတွင်းမြို့တော်က ကျောင်းသားတွေက သူမကို ဘာလို့ ပစ်မှတ်ထားနေကြတာလဲ?

ချောင်ရုံသည် သူ့ကို တစ်ချက်ကြည့်ကာ ပြောလာခဲ့သည် “ အဲ့တာကို စိတ်ထဲထည့်မနေနဲ့၊ အဲ့တာက မင်းကိစ္စ မဟုတ်ဘူး။ မင်းအစ်မဆီကိုသာ ပစ္စည်းတွေ ပို့ပေး “

“ ဟုတ်ကဲ့ “

ရှုကျိုးသည် ခေါင်းငြိမ့်၍ ထွက်သွားကာ တတိယနှစ်များရှိရာ အဆောက်အဦးဆီသို့ ကျင့်ကြံရေး ဆေးရည်များနှင့်အတူ ဦးတည်သွားတော့သည်။

…

တတိယနှစ် အတန်းသုံး၏ လေ့ကျင့်ရေး အခန်းထဲ၌

အေးစက်လှပသော မိန်းကလေးတစ်ဦးသည် ဓားရှည်ကို ကိုင်ကာ၊ ဓားနည်းစနစ်များ ကစားပြီးသွား၍ ဓားကို ရုတ်ကာ သူမ၏နေရာတွင် ပြန်ရပ်နေတော့သည်။

သူမ၏ ရှည်လျားသွယ်လျပြီး၊ အချိုးအဆစ်ကောင်းသော ခန္ဓာကိုယ်ပေါ်တွင် သိုင်းပညာရှင်ဝတ်စုံ ရှိနေခဲ့သော်လည်း၊ ၎င်းသည် အတန်းထဲရှိ များစွာသော မိန်းကလေးတို့ကို မနာလိုဖြစ်သွားစေရန် လုံလောက်ပေသည်။

လီရို့ရှီသည် အနားယူရာ ဧရိယာတစ်ဝိုက်တွင် ထိုင်ချလိုက်ပြီး၊ သူမ၏မျက်လုံးလေးများကို မှိတ်ကာ တိတ်ဆိတ်ငြိမ်ချမ်းနေသည့် အခိုက်အတန့်ကို ခံစားနေတော့သည်။

ထိုအချိန်တွင် ကျစ်ဆံမြှီးကျစ်ထားသော မိန်းကလေးတစ်ဦး လမ်းလျှောက်ဝင်လာခဲ့သည်။

“ အတန်းခေါင်းဆောင်၊ ဒီမှာပါ “ ကောင်မလေးသည် လီရို့ရှီထံသို့ ရေဘူးတစ်ဘူး ကမ်းပေးလာခဲ့သည်။

လီရို့ရှီသည် သူမ၏မျက်လုံးလေးများကို ဖွင့်လိုက်သော်လည်း ၎င်းကို မယူလိုက်ပေ။

သူမသည် ထိုကောင်မလေးကို ကြည့်ကာ အေးဆေးတည်းငြိမ်စွာ ပြောလိုက်သည် “ မင်းပြောချင်နေတဲ့ဟာကို ပြောပါ “

ကျိုးခဲ့ရှင်းသည် သူမ၏လက်ကို ပြန်ရုတ်သွားပြီး၊ နူးညံ့ပျော့ပျောင်းစွာ ပြောလာခဲ့သည် “ အတန်းခေါင်းဆောင်၊ လျူဟီနဲ့ အဖွဲ့ဖွဲ့ဖို့ သဘောတူလိုက်ပါနော်။ လူတွေအများကြီးက နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲကို ဝင်ဖို့အတွက် သူနဲ့အတူအဖွဲ့ဖွဲ့ချင်နေကြတာ၊ ဒါပင်မဲ့ သူက သူတို့ကို ငြင်းလိုက်တယ်လေ “

“ နင်က ဘာလို့ လျူဟီအကြောင်းကို ထပ်ပြောနေရတာလဲ? “ လီရို့ရှီသည် သူမကို ကြည့်လိုက်သည်။

ထိုကောင်မလေးသည် သူမ၏အတန်းဖော် ဖြစ်သော်လည်း၊ သူမတို့သည် မရင်းနှီးကြပေ။

ဤရက်ပိုင်းအတွင်းတွင် ထိုကောင်မလေးသည် သူမအပေါ်တွင် ရုတ်တရက် နွေးထွေးလာခဲ့ပြီး၊ လျူဟီအကြောင်းကို မကြာခဏ ပြောဆိုလာခဲ့သည်။

လီရို့ရှီသည် တစ်ခုခုကို သိနေသော်လည်း၊ အေးဆေးတည်ငြိမ်သော အသံဖြင့်သာ ဆက်ပြောနေခဲ့သည်။

ကျိုးခဲ့ရှင်းသည် ခေါင်းခါ၍ ပြောလာခဲ့သည် “ နင် နားလည်မှုလွဲနေပြီ။ အစ်ကိုလျူက နင့်ကို ခဏခဏ ဖိတ်ခေါ်နေတာကို ငါတွေ့ခဲ့တယ်လေ၊ ဒါပင်မဲ့ နင်က သူ့ကို ငြင်းနေခဲ့တယ်။ အခုဆိုရင် အတန်းတစ်ကလူတွေက ငါ့တို့ကို မကြည်ကြတော့ဘူး “

“ အတန်းတစ်က လူတွေက အရေးကြီးလို့လား? “ လီရို့ရှီ၏ အသံသည် အေးစက်စက် ဖြစ်နေခဲ့သည်။

“ အမ် ……. “

ကျိုးခဲ့ရှင်း၏ အမူအရာသည် မှုန်မှိုင်းသွားခဲ့ပြီး၊ ထို့နောက်တွင် သူမမှ ဆက်လက်၍ ပြောဆိုလာခဲ့သည် “ အတန်းခေါင်းဆောင်၊ ခေါင်းမာမနေပါနဲ့တော့။ အဖွဲ့ဖွဲ့ရုံလေးပါပဲ၊ အစ်ကိုလျူက လူကောင်း ………. “

“ တော်လောက်ပြီ “ လီရို့ရှီသည် ကြားဖြတ်ပြောလာခဲ့ပြီး၊ သူမ၏ အသံသည် အလွန်တရာ အေးစက်နေခဲ့သည် “ လျူဟီက နင့်ကို အကျိုးအမြတ် ဘယ်လောက်ပေးထားလဲဆိုတာကို ငါဂရုမစိုက်ဘူး၊ ငါ့ရှေ့မှာ သူ့အကြောင်း လာမပြောနဲ့ “

ထို့နောက်တွင် သူမသည် ထရပ်၍ ထွက်သွားတော့သည်။

ထိုနေရာတွင် ကျန်နေခဲ့သော ကျိုးခဲ့ရှင်းသည် လီရို့ရှီထွက်သွားသည်ကို ကြည့်နေပြီး၊ သူမ၏ အမူအရာ မည်းမှောင်သွားခဲ့ကာ တီးတိုးပြောဆိုနေတော့သည် “ အစ်ကိုလျူက နင့်ကို စေတနာနဲ့ ဖိတ်ခေါ်နေတာ၊ ကျေးဇူးမသိတတ်တဲ့ ကောင်မ ………… “

သူမသည် လီရို့ရှီ မကြားနိုင်ဖူးဟု ထင်သဖြင့် ရေရွတ်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

သို့သော် လီရို့ရှီ၏ အကြားအာရုံသည် အံ့ဩဖွယ်ကောင်းလောက်အောင် ထက်မြက်နေခဲ့သည်။

ထိုနေရာမှ ထွက်သွားခဲ့သည့်နောက်မှာပင် သူမသည် ၎င်းကို ရှင်းရှင်းလင်းလင်း ကြားနေခဲ့ရသည်။

လီရို့ရှီ၏ ခြေလှမ်းများ ရပ်တန့်သွားခဲ့ပြီး၊ သူမ၏လက်သီးသေးသေးလေးများကို တင်းကြပ်စွာ ဆုတ်ခဲနေတော့သည်။

သို့ရာတွင် အဆုံး၌ သူမသည် မည်သည့်အရာကိုမှ မပြောခဲ့ပေ။

ကျိုးခဲ့ရှင်းသည် သူမ၏အတန်းဖော်တစ်ဦးဖြစ်ပြီး၊ အတန်းခေါင်းဆောင်တစ်ဦးအနေဖြင့် သူမသည် သူမ၏အတန်းဖော်ကို တိုက်ခိုက်၍ ရမည် မဟုတ်ပေ။

အထူးသဖြင့် ကျောင်း၏ စည်းမျဥ်းများကို ဖောက်ဖျက်ကာ၊ ဟွမ်ယွင်ရွှယ်၏ လက်ချောင်းကို ဖြတ်ခဲ့သည့် ယခုကဲ့သို့သော အချိန်မျိုးတွင် ဖြစ်သည်။

အကယ်၍ သူမသာ မဆင်မခြင် ထပ်လုပ်လိုက်မည်ဆိုပါက ဘွဲ့ရရန် ခက်ခဲကောင်း ခက်ခဲသွားလိမ့်မည် ဖြစ်သည်။

သို့သော် လီရို့ရှီမှ သူမ၏ ဒေါသကို မြိုသိပ်ထားရန် ပြင်လိုက်သည့် အချိန်တွင် ….

လေ့ကျင့်ခန်း ဝင်ပေါက်မှ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“ မင်းက ကျေးဇူးကန်းတဲ့လူလို့ ဘယ်သူ့ကို ခေါ်နေတာလဲ? “

ရင်းနှီးနေသော ရုပ်သွင်တစ်ခုသည် တည်တည်ငြိမ်ငြိမ်ဖြင့် လမ်းလျှောက်ဝင်လာခဲ့သည်။

All Chapters