အခန်း (၄၉-၅၁)
Vol. 4 Ch. 49-51
အပိုင်း ( 49 )
စနစ် အဆင့်မြှင့်တင်မှု၊ အစွမ်းများ မိုးထိထောင်တက်သွားခြင်း
[ စနစ် အဆင့်မြှင့်တင်မှု ပြီးဆုံးပါပြီ ]
အိမ်ရှင် : ရှုကျိုး
ချီ-သွေး : ၁၀၆.၃ကယ်လိုရီ
စိတ်ဝိညာဥ် : 15 Hz
ကိုယ်ပွား : ဆေဘာသွား နဂါးသားရဲ
အဆင့် : ပထမအဆင့် အဆင့် ၁ ( ၀% )
အသားတင် အလေးချိန် : ၄၇၁ ကီလိုဂရမ်
စွမ်းရည် : နေ့စဥ် ၁၀ကီလို ရရှိခြင်း ( အကန့်အသတ် )၊ အရာအားလုံး ဝါးမြိုနိုင်ခြင်း၊ ကိုက်ဖြတ်ဆုတ်ဖြဲခြင်း ( ac )
ဆင့်ကဲ ပြောင်းလဲမှုဖြစ်စဥ် : အလေးချိန်က မျိုးစိတ်အကန့်အသတ်သို့ ရောက်ရှိသွားသောအခါတွင် ဆင့်ကဲပြောင်းလဲမည်
ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ် : ၁၀၀၀ ကုဗမီတာ ( အလွယ်ပြောရရင်တော့ နှစ်ထပ်အိမ်လောက်ရှိတဲ့ အရွယ်အစားပါ )
…
“ ဆိုတော့ စနစ်က အဆင့်မြင့်သွားတာပေါ့ ! “ ရှုကျိုးသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည်၊ ထို့နောက်တွင် သူသည် အနည်းငယ် မကျေမနပ် ဖြစ်သွားခဲ့သည်။
စနစ်ကို အဆင့်မြှင့်နေတယ်ဆိုရင်လည်း ငါ့ကို အကြောင်းလေးဘာလေး ကြားသင့်တာပေါ့ကွာ။
ရုတ်တရက်ကြီး အမှောင်ကျသွားတော့၊ အကုန် ဆုံးရှုံးသွားပြီလို့ ထင်နေခဲ့တာကွာ။
မကြာခင်မှာပင် သူသည် စနစ်၏မျက်နှာပြင်ကို ထပ်မံ၍ ကြည့်ရှုနေတော့သည်။
“ ပထမအဆင့်လား? “ ရှုကျိုး အံ့ဩသွားပြီး၊ သူ့ဘေးနားရှိ ဆေဘာသွား နဂါးသားရဲကို လှမ်းကြည့်လိုက်ရာ မည်သည့်အရာမှ မပြောင်းလဲသွားဘူးဟု ခံစားသွားခဲ့ရသည်။
သို့ရာတွင် သူ့ မူလကိုယ်၏ ချီ-သွေးသည် ၉၆.၃မှ ၁၀၆.၃ကယ်လိုရီအထိ တိုးမြင့်သွားခဲ့သည်။
နေစမ်းပါဦး !!
ဘယ်လောက် !!
“ ချီ-သွေးက ၁၀ကယ်လိုရီတောင် တိုးသွားတာလား? “ ရှုကျိုး ရုတ်တရက် နားလည်သွားခဲ့သည်။
“ အဲ့တာတင် မဟုတ်ဘူး၊ စိတ်ဝိညာဥ်ကပါ 5 Hz တိုးသွားခဲ့တာလား? “
ထို့နောက်၌ ရှုကျိုး၏ မျက်နှာပေါ်တွင် အလွန်အံ့အားသင့်နေသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သူ၏ စွမ်းအားမြင့်မားလာသည်နှင့်အမျှ ချီ-သွေး ၁ကယ်လိုရီ တိုးတက်လာရန်အတွက်ပင် အလွန်အားစိုက်ထုတ်ရန် လိုအပ်လာပြီ ဖြစ်သည်။
ချီ-သွေး ၁၀ကယ်လိုရီအထိ ခုန်တက်သွားခြင်းကား အံ့အားသင့်ဖွယ်ကောင်းသော တိုးတက်မှုဖြစ်သည်။
စိတ်ဝိညာဥ်စွမ်းအားမှာလည်း 5Hz တိုးလာခဲ့သဖြင့် သူ၏ အာရုံခံစားမှုများ မြင့်တက်လာပြီး၊ သူ၏ တိုက်ပွဲဝင်နိုင်စွမ်းမှာလည်း ပို၍ ကြာရှည် ကောင်းမွန်သွားတော့မည် ဖြစ်သည်။
( အချိန်အတော်ကြာ တိုက်ခိုက်နိုင်တာပါ )
“ ငါ့အစ်မ ပြောထားတဲ့အတိုင်းပဲ “
“ သိုင်းပညာရှင်တစ်ယောက်က ပထမအဆင့်ကို ထိုးဖောက်နိုင်ခဲ့မယ်ဆိုရင်၊ ချီ-သွေးက ၁၀ကယ်လိုရီအထိ တိုက်ရိုက်တိုးတက်လာမှာ “
“ အခု ကြည့်ရသလောက်ဆိုရင်တော့ ဆေဘာသွား နဂါးသားရဲရဲ့ တိုးတက်မှုက သိုင်းပညာရှင်တစ်ယောက်က ပထမအဆင့်ကို ရောက်သွားတာနဲ့ အတူတူပဲ “
ရှုကျိုး၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုကြောင့် တလက်လက် တောက်ပလာခဲ့သည်။
ဆေဘာသွား နဂါးသားရဲ၏ တိုးတက်မှုသည် သူ၏မူလကိုယ်ထံသို့ သူမျှော်မှန်းထားသည်ထပ်ပင် ပို၍များပြားသောအကျိုးအမြတ်များကို ယူဆောင်ပေးလာခဲ့သည်။
ဆေဘာသွား နဂါးသားရဲ၏ အပြင်ပိုင်း အသွင်အပြင်အရ မည်သည့်အရာမှ မပြောင်းလဲ မတိုးတက်လာသည့်ပုံ ဖြစ်နေခဲ့သော်လည်း၊ စိတ်ကူးနဲ့ပင် မတွေးတောနိုင်သည့် ပြောင်းလဲတိုးတက်မှုတစ်ခုကို ရှိကိုရှိနေမည် ဖြစ်သည်။
ရှကျိုးသည် ကိုယ်ပွား၏ ခန္ဓာကိုယ်ကို စူးစမ်းလေ့လာရန် ပြင်လိုက်သည့် အချိန်တွင် သူအကြည့်သည် စနစ်၏မျက်နှာပြင်ရှိ အကြောင်းအရာတစ်ခုဆီသို့ ရောက်ရှိသွားခဲ့သည်။
“ ဟမ်? ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ်လား? “
အဆုံးတွင် သူသည် စနစ်၏မျက်နှာပြင် အဆုံးတွင် အသစ် ပေါ်လာခဲ့သည့် စာကြောင်းလေးတစ်ခုကို သတိပြုမိသွားခဲ့သည်။
[ ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ် : ဟင်းလင်းပြင်ထဲတွင် တည်ရှိသည့် နေရာလွတ်တစ်ခု၊ မူလကိုယ်နှင့် ပေါင်းစည်းထားပြီး၊ ကိုယ်ပွားမှ ဆန္ဒရှိသည့် အရာများကို လက်ခံထည့်သွင်းထားနိုင်သည် ]
ရှုကျိုး၏ မျက်လုံးများ လှုပ်ခတ်သွားခဲ့သည်၊ ကိုယ်ပွားရဲ့ ဆန္ဒလား?
မကြာခင်မှာပင် သူသည် အနီးတွင် ရှိနေသည့် ဟင်းလင်းပြင်ထဲမှ ကိုယ်ပိုင် နေရာလွတ်တစ်ခုကို အာရုံခံမိသွားခဲ့သည်။
သို့ရာတွင် သူသည် ၎င်းကို ထောက်လှမ်းရုံသာ ထောက်လှမ်းမိခြင်းဖြစ်ပြီး၊ မဆင့်ခေါ်နိုင်ခဲ့ပေ။
“ ကိုယ်ပွားကို လိုအပ်တာများလား? “ ဟုရှုကျိုးမှ မှန်းဆမိသွားခဲ့သည်။
စက္ကန့်ပိုင်းမျှအကြာတွင် သူ၏ စိတ်အာရုံသည် ဆေဘာသွား နဂါးသားရဲဆီသို့ ရောက်ရှိသွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် ရှုကျိုးသည် ရှေးဦး သားရဲတစ်ကောင်ကဲ့သို့ အရာအားလုံးကို ဖျက်စီးနိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို ခံစားသွားခဲ့ရသည်။
“ သောက်ရမ်း စွမ်းတယ် “ ရှုကျိုးသည် မနေနိုင်တော့ဘဲ အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းမိသွားခဲ့သည်။
ယခုတွင် သူ၏မူလကိုယ်ကပင် သူ၏ကိုယ်ပွားကို မယှဥ်နိုင်ဘူးဟု သူခံစားနေရတော့သည်။
သို့ရာတွင် ရှုကျိုးသည် ကြောက်မက်ဖွယ်ကောင်းသော အဆိုပါ စွမ်းအားများကြောင့် စိတ်မလွတ်သွားခဲ့ပေ။
ထိုအခိုက်အတန့်တွင် ဆေဘာသွား နဂါးသားရဲ စိတ်ထဲရှိ ရှုကျိုးသည် ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ်၏ တည်နေရာကို အတိအကျ အာရုံခံမိနေခဲ့သည်။
ထိုထဲသို့ ဝင်ရန် ကြိုးပမ်းလိုက်ရာ ရှုကျိုး၏ မျက်လုံးများသည် လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။
“ ရွှစ် !! “
ဆေဘာသွား နဂါးသားရဲသည် လေထုထဲတွင် ချက်ချင်းဆိုသလို ပျောက်ကွယ်သွားပြီး၊ ရှုပ်ထွေးနေသော နေရာလွတ်တစ်ခုထဲတွင် ချက်ချင်း ပြန်ပေါ်လာခဲ့လေသည်။
ဆေဘာသွား နဂါးသားရဲ၏ မျက်လုံးများမှတစ်ဆင့် ရှုကျိုးသည် မျက်နှာပြင်တစ်ခုလျှင် ဆယ်မီတာစီရှိသော ကုဗတုံး ပုံသဏ္ဍာန်ရှိသည့် ဟင်းလင်းပြင် နေရာလွတ်တစ်ခုကို မြင်တွေ့သွားခဲ့သည်။
“ ဒါက ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ်လား? “ ရှုကျိုး အနည်းငယ် အံ့ဩသွားခဲ့သည်။
စက္ကန့်ပိုင်းမျှ အကြာတွင် သူသည် တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားတော့သည်။
“ တကယ်လို့ ကိုယ်ပွားကသာ ဒီဟင်းလင်းပြင် နေရာလွတ်ထဲကို ဝင်နေမယ်ဆိုရင်၊ အပြင်လောကက လူတွေက အဲ့တာကို မမြင်နိုင်တော့ဘူးမလား? ”
ရှုကျိုး၏ မျက်လုံးများ တောက်ပသွားခဲ့သည်၊ တကယ်လို့ ငါထင်တာသာ မှန်နေမယ်ဆိုရင်တော့ ဒီစွမ်းရည်က ရှယ်ဘဲဟေ့။
နောက်ထပ် စက္ကန့်ပိုင်းမျှ အကြာတွင် ရှုကျိုး၏ စိတ်အာရုံသည် သူ၏မူလကိုယ်ထဲသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
“ ငါထင်နေတဲ့ အတိုင်းပဲဟ !! “
ရှုကျိုးသည် ဆေဘာသွား နဂါးသားရဲက သူ၏အခန်းထဲတွင် မရှိတော့သောကြောင့် ရင်ခုန်စိတ်လှုပ်ရှားသွားတော့သည်။
သူသည် ကိုယ်ပွားက အနီးရှိ ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ်တစ်ခုထဲတွင် ရှိနေသည်ကို ခံစားနေခဲ့ရသည်။
“ ကိစ္စက ဒီလိုဆိုရင်၊ ငါက ငါ့ကောင်ကြီးကို နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲကို အေးအေးဆေးဆေး ခေါ်သွားလို့ရပြီမလား? “ ရှုကျိုးကား ရင်တလှပ်လှပ် ဖြစ်နေတော့လေသည်။
ထိုကဲ့သို့သာ ဖြစ်နေမည်ဆိုပါက အကြီးမားဆုံးသော ပြဿနာကြီးကို ဖြေရှင်းနိုင်သွားမည် ဖြစ်သည်။
၎င်းကို တွေးမိသွားသောအခါတွင် သူသည် ချက်ချင်း လှုပ်ရှားလိုက်သည်။
ရှုကျိုးသည် သူ၏အခန်းထဲမှ ထွက်ကာ အိမ်ပြင်ဘက်သို့ ပြေးထွက်သွားပြီး၊ ရပ်ကွက်ထဲတွင် ပတ်ပြေးနေတော့လေသည်။
သူ၏မျက်လုံးများသည် ပိုပို၍ တောက်ပလာနေခဲ့သည်။
သူသည် ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ်က သူ၏လှုပ်ရှားမှုများနှင့်အတူ တည်နေရာများ လိုက်ပါ၍ ပြောင်းလဲနေသည်ကို အာရုံခံမိနေခဲ့သည်။
ကိုယ်ပွား၊ ဆေဘာသွား နဂါးသားရဲသည် ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ်ထဲတွင် ရှိနေပြီး၊ သူ၏ ဘေးမှ ထပ်ကြပ်မကွာ လိုက်လာနေခဲ့သည်။
“ တကယ်ကြီးကို အလုပ်ဖြစ်နေတာပဲဟ “
သူသည် ဆေဘာသွား နဂါးသားရဲကြီးကို လူမသိအောင် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲသို့ မည်ကဲ့သို့ ခေါ်ဆောင်သွားမလဲဆိုသည့် ကိစ္စနှင့် ပတ်သက်၍ စိုးရိမ်ပူပန်နေရန် လိုတော့မည် မဟုတ်ပေ။
ယခုတွင် အဓိက ပြဿနာကြီးတစ်ခုကို သေသေသပ်သပ် ဖြေရှင်းနိုင်ခဲ့ပြီ ဖြစ်သည်။
“ မိုက်တယ်ဟေ့ “ အိပ်ခန်းထဲသို့ ပြန်ရောက်လာခဲ့ပြီးသည့်နောက်မှာပင် ရှုကျိုး၏ ရင်ထဲတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေစဲဖြစ်သည်။
ကိုယ်ပွား၏ ဤတစ်ကြိမ် တိုးတက်မှုသည် အံ့ဖွယ်ရာများစွာ ယူဆောင်လာခဲ့သည်။
ပထမဦးဆုံးအနေဖြင့် ချီ-သွေးနှင့် စိတ်ဝိညာဥ်တို့ သိသိသာသာ မြင့်တက်သွားခဲ့သည်၊ ထို့နောက်တွင်မူ စနစ် အဆင့်မြင့်သွားသောကြောင့် ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ်တစ်ခုကိုပါ ရရှိလာခဲ့သည်။
ဆေဘာသွား နဂါးသားရဲက ဟင်းလင်းပြင် နေရာလွတ်ထဲတွင် ရှိနေသည်နှင့်အမျှ ၎င်းက သူ၏ဘေးနားတွင် ရှိနေသည်ဆိုသည်ကို သူကိုယ်တိုင်မှလွဲ၍ တစ်ခြား မည်သူကမှ သိနိုင်တော့မည် မဟုတ်ပေ။
“ အစာ အရင်ကျွေးတာပေါ့ကွာ “ ရှုကျိုးမှ တွေးတောနေတော့သည် “ ကျင့်ကြံရေး ဆေးရည်တွေကိုတောင် မတိုက်ရသေးဘူး “
ထိုအတွေးနှင့်အတူ ဆေဘာသွား နဂါးသားရဲသည် လက်တွေ့ဘဝထဲသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး၊ ကြမ်းပြင်ပေါ်သို့ အသာအယာ ဆင်းသက်လာခဲ့သည်။
ထို့နောက်တွင် ရှုကျိုးသည် ၎င်းကို ထိန်းချုပ်လိုက်ကာ ယနေ့အတွက် အစားအသောက်များကို ဆက်လက်၍ စားခိုင်းနေတော့သည်။
တစ်ချိန်တည်းမှာပင် သူသည် ကျင့်ကြံရေး ဆေးရည်ခြောက်ပုလင်းကို အစာပန်းကန်ထဲသို့ လောင်းထည့်လိုက်သည်။
“ အရင်တုန်းကဆိုရင် အလယ်အဆင့် ကျင့်ကြံရေး ဆေးရည်က ကိုယ်ပွားရဲ့ အဆင့်ကို အဆင့်တစ်ဆင့်အထိ တိုးမြှင့်ပေးခဲ့တယ် “
“ အခု ပထမအဆင့်ကို ရောက်သွားပြီဆိုတော့၊ အဲ့လိုမျိုး သိသိသာသာ တိုးတက်နေဦးမှာလား? “
ရှုကျိုးမှ တွေးတော စဥ်းစားနေလျက်ရှိ၏။
ရှုကျိုးသည် မျှော်လင့်ချက်များနှင့်အတူ ဘေးတစ်ဖက်တွင် ထိုင်ကာ စောင့်ဆိုင်းနေတော့သည်။
မိနစ် ၂၀ကုန်ဆုံးသွားသည့်နောက်တွင်
ဆေဘာသွား နဂါးသားရဲ၏ စားသောက်ခြင်း ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပြီး၊ ၎င်းသည် ၎င်း၏ခြေလက်များကို သန့်ရှင်းရေး လုပ်ရန်အတွက် ၎င်း၏ ထူထဲသော လျှာကို အသုံးပြုနေတော့သည်။
“ ဝှား “
ကျေနပ်အားရနေသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ထို့နောက်တွင် ၎င်းသည် ထပ်မံ၍ ကြီးထွားလာတော့ပြန်သည်။
“ ခရက် ခရက် “
၎င်း၏ခန္ဓာကိုယ်ထံမှ ကြည်လင်ပြတ်သားသည့် အသံတစ်သံ ထုတ်လွှတ်လာခဲ့ပြီး၊ အရိုးများ လျင်မြန်စွာ ကြီးထွားလာခဲ့ကာ ကြွက်သားများ များပြားလာခဲ့သည်။
တစ်ခဏလေးအတွင်းမှာပင် ၎င်း၏ အရပ်အမြင့်သည် ၁.၇မီတာအထိ မြင့်တက်သွားခဲ့ပြီး၊ ၎င်း၏ ခန္ဓာကိုယ် အရှည်မှာလည်း ၂.၅မီတာအထိ ရောက်ရှိသွားခဲ့သည်။ ဆေဘာသွား အစွယ်လေးချောင်းသည်လည်း အနည်းငယ်ပို၍ ထူထဲလာခဲ့သည်။
တစ်ပြိုင်နက်ဆိုသလိုပင် ရှုကျိုး၏ မူလကိုယ်ထံသို့ အကျိုးအမြတ်များ ထပ်မံ၍ ရောက်ရှိလာခဲ့ပြန်သည်။
ယခင်ကထပ် ပို၍ ပြင်းထန်သိပ်သည်းနေသော အနွေးစီးကြောင်းများသည် သူ၏ခန္ဓာကိုယ်ထဲသို့ တိုးဝှေ့ဝင်ရောက်လာခဲ့ပြီး၊ သူ၏ ခြေလက်များနှင့် အရိုးများကို အရူးအမူး သန့်စင်ဆေးကြောလာခဲ့သည်။
ဆယ်မိနစ်မျှ ကြာခဲ့ပြီးသည့်နောက်တွင် ရှုကျိုး၏ ကိုယ်တွင်းရှိ အပြောင်းအလဲများ တဖြည်းဖြည်း ငြိမ်ကျသွားခဲ့သည်။
သူသည် မျှော်လင့်ချက်များနှင့်အတူ စနစ်၏ မျက်နှာပြင်ကို လှမ်းကြည့်လိုက်သည်။
[ ချီ-သွေး + ၆ကယ်လိုရီ ]
[ အဆင့် + ၂၀% ]
ချီ-သွေး : ၁၁၂.၃ ကယ်လိုရီ
အဆင့် : ပထမအဆင့် အဆင့် ၁ ( ၂၀% )
…
သိသိသာသာ ပြောင်းလဲသွားသည့် နံပတ်များကို မြင်လိုက်ရသောအခါတွင် ရှုကျိုး အံ့အားသင့်သွားခဲ့သည်။
သူသည် ချီ-သွေး တိုးတက်မှုကြောင့် အံ့အားသင့်သွားခဲ့ခြင်း မဟုတ်ဘဲ၊ ကိုယ်ပွား၏ အဆင့် တိုးတက်သွားမှုကြောင့် အံ့အားသင့်ခဲ့ခြင်း ဖြစ်သည်။
၂၀%လေးပဲ တိုးတက်လာခဲ့တာလား?
အဆင့် မရှိခဲ့သည့် အခြေအနေမျိုးတွင် အဆိုပါ ကျင့်ကြံရေး ဆေးရည်ခြောက်ပုလင်းက ကိုယ်ပွား၏အဆင့်ကို ၄၀၀%အထိ မြှင့်တင်ပေးနိုင်ခဲ့သည်ကို အမှတ်ရကြရမည် ဖြစ်သည်။
“ ပထမအဆင့်ကို ရောက်လာခဲ့ပြီးတဲ့နောက်မှာ ကိုယ်ပွား အဆင့်တက်ဖို့ဆိုတာက ပိုပြီးတော့ စိန်ခေါ်မှု များလာခဲ့တာပဲ “ ရှုကျိုးမှ တွေးတော ဆင်ခြင်နေတော့သည်။
သူသည် ကိုယ်ပွား၏ တိုးတက်မှု နှေးကွေးသွားခြင်းက နောင်အနာဂတ်တွင်လည်း ထိုကဲ့သို့သာ ဆက်ဖြစ်နေဦးမည်ဟု ဆိုလိုနေခြင်း မဟုတ်ဘူးဆိုသည်ကို နားလည်နေသောကြောင့် များစွာမစိုးရိမ် မပူပန်သွားခဲ့ပေ။
“ ကိုယ်ပွားရဲ့ အဆင့်က နည်းနည်းလေးပဲ တက်လာခဲ့တယ်ဆိုပင်မဲ့ ငါ့ရဲ့ ချီ-သွေးကတော့ နောက်ထပ် ၆ကယ်လိုရီတောင် တိုးတက်လာခဲ့တယ် “
ချီ-သွေးသည် ၁၀၆.၃မှ ၁၁၂.၃ကယ်လိုရီအထိ တိုက်ရိုက်ခုန်တက်သွားခဲ့သည်။
ယနေ့တွင် စုစုပေါင်းအနေဖြင့် ချီ-သွေး ၁၆ကယ်လိုရီ ရရှိလာခဲ့ခြင်း ဖြစ်သည်။
သူ၏ထူးခြားသော စွမ်းရည်နှင့် ပေါင်းစပ်လိုက်မည်ဆိုပါက ယခုလက်ရှိ ရှုကျိုး၏ စွမ်းအားသည် ချီ-သွေး ၁၅၀ကယ်လိုရီ ပိုင်ဆိုင်ထားသည့် တစ်ချို့သော သိုင်းပညာရှင်များ၏ အစွမ်းထပ်ပင် သာလွန်နေခဲ့ပြီ ဖြစ်သည်။
Aအဆင့် စွမ်းရည်ရှိသည့် လူများနှင့် ယှဥ်လိုက်မည်ဆိုပါက၊ ရှုကျိုးသည် ချီ-သွေး ၁၄၀ကယ်လိုရီ စွမ်းအားကို ပိုင်ဆိုင်ထားသည့် Aအဆင့် စွမ်းရည်ပိုင်ရှင်များကိုပင် ယှဥ်နိုင်တော့မည် ဖြစ်သည်။
“ မဆိုးပါဘူး “
ရှုကျိုးသည် သူ၏လက်သီးများကို အသာအယာ ဆုပ်လိုက်ပြီး ကိုယ်တွင်းရှိ ပြင်းထန်သော စွမ်းအားကို အာရုံခံနေခဲ့ကာ ပြုံးစိစိ ဖြစ်နေတော့သည်။
နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲသို့ သွားမည့် ဤတစ်ကြိမ် ခရီးစဥ်အတွက် ယုံကြည်ချက် အပြည့်အဝ ရှိသွားခဲ့ပြီ ဖြစ်သည်။
…………………………………………………………………………………………………
အပိုင်း ( 50 )
နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ ဖွင့်ပွဲ
နောက်တစ်နေ့ နံနက်ခင်းတွင် ရှုကျိုးသည် ထုံးစံအတိုင်း ကျောင်းသွားခဲ့သည်။
ထိုအချိန်တွင် ကျောင်းထဲရှိ လေထုသည် ပုံမှန်အတိုင်း ငြိမ်သက်မနေခဲ့ဘဲ၊ အနည်းငယ် ကွဲပြားခြားနားနေခဲ့သည်။
ကျောင်းထဲရှိ လမ်းများပေါ်တွင် ကျောင်းသူကျောင်းသားအားလုံးသည် အကြောင်းအရာ တစ်ခုတည်းကိုသာ ပြောဆိုဆွေးနွေးနေခဲ့ကြသည်။
နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ !!
“ မင်းတို့ကြားပြီးကြပြီလား? ကျောင်းကျိုးက အကြီးဆုံး တားမြစ်နယ်မြေဖြစ်တဲ့ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူက မနက်ဖြန်ဆိုရင် ဖွင့်တော့မှာတဲ့ “
“ အဲ့ဒီနေရာက ငါးနှစ်မှ တစ်ကြိမ်ဖွင့်တာ။ ငါကြားတာတော့ အထဲကို ဝင်သွားပြီးတော့ ပြန်ထွက်လာတဲ့ လူတွေက မိလီယံနာ သူဌေးတွေ ဖြစ်သွားကြတယ်တဲ့။ ငါတော့ သောက်ရမ်းအားကျနေပြီကွာ “
“ အာ၊ ငါတို့က အဲ့ထဲဝင်ဖို့ အကြောင်းကို မေ့ထားလို့ရတယ်။ နဂါး-ကျားစာရင်းပေါ်က ထိပ်ဆုံး ၁၀ယောက်ကပဲ စာရင်းသွင်းခွင့်ရှိတာ “
“ … “
ကျောင်းဝင်းထဲတွင်
ရှုကျိုးသည် သူ့ဘေးနားရှိ ဆွေးနွေးပြောဆိုမှုများကို ကြားနေခဲ့ရပြီး၊ အနည်းငယ် အံ့ဩသွားခဲ့သည်။
နတ်ဆိုးတစ်ထောင် လှိုဏ်ဂူဖွင့်ပွဲက ကျောင်းသူကျောင်းသားအားလုံး၏ အာရုံများကို ဖမ်းစားသွားလိမ့်မည်ဟု သူ မထင်ထားခဲ့မိချေ။
သို့သော် ၎င်းအား နားလည်နိုင်ပေသည်။
ကျောင်းကျိုး၏ နာမည်အကြီးဆုံးသော တားမြစ်နယ်မြေအနေဖြင့် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ၏ ဖွင့်ပွဲတိုင်းသည် ကြီးကျယ်ခမ်းနားလေ့ရှိတတ်သည်။
ထိုအချိန်တွင် ကျောင်းကျိုးမှ ပါရမီရှင်အားလုံးသည် ထိုအထဲသို့ စုပြုံဝင်ရောက်သွားလေ့ရှိပြီး၊ တစ်ခြားသော ပြည်နယ်ကြီးများမှ လူများကပင် ဤနေရာသို့ လာရောက်လေ့ရှိတတ်သည်။
အဆိုပါ ကျောင်းသူကျောင်းသားများတင် မဟုတ်ဘဲ တစ်ချို့သော အဓိက သိုင်းပညာ တက္ကသိုလ်ကြီးများကပင် အာရုံစိုက်လာလေ့ရှိသည်။
အဘယ့်ကြောင့်ဆိုသော် တားမြစ်နယ်မြေထဲရှိ သတ်ဖြတ်မှုများမှာ အလွန်ရက်စက် ကြမ်းတမ်းလှပြီး၊ ပြန်ထွက်လာနိုင်သည့် လူများသည် ကြီးမားသော အလားအလာများ ပိုင်ဆိုင်ထားသည့် စစ်မှန်သော ပါရမီရှင်များ ဖြစ်သောကြောင့် ဖြစ်သည်။
လျူချင်းယွမ်ကို ဥပမာယူပါလေ၊ ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်မှ ပညာရှင်တစ်ဦးသည် ဤပွဲမှတစ်ဆင့် နာမည်ကျော်သွားခဲ့ခြင်း ဖြစ်သည်။
“ ကွမ်ဟန် သိုင်းပညာ တက္ကသိုလ် …… “ ရှုကျိုးသည် ပြန်၍ တွေးတောနေလျက်ရှိပြီး၊ သူ၏မျက်နှာပေါ်တွင် လေးစားမှု အရိပ်အငွေ့လေးများ ဖြစ်ပေါ်လာခဲ့သည် “ အဲ့လို ထိပ်တန်း တက္ကသိုလ်ကြီးကတောင် လူတွေ လွှတ်လိုက်တယ်ဆိုတော့၊ မနက်ဖြန်မှာ ဖွင့်မဲ့ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူက တော်တော်လေးကို သက်ဝင်လှုပ်ရှားနေတော့မှာပဲ “
ရန်ပြည်ထောင်တွင် များစွာသော သိုင်းပညာ တက္ကသိုလ်များရှိသည်၊ သို့သော် အဓိက သိုင်းပညာ တက္ကသိုလ်မှာမူ ဆယ်ခုသာလျှင် ရှိနေခဲ့သည်။
ထိုအဓိက သိုင်းပညာ တက္ကသိုလ်ဆယ်ခုကြားတွင် တော်ဝင် သိုင်းပညာ တက္ကသိုလ်နှင့် ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်နှစ်ခုကသာလျှင် ထိပ်တန်း သိုင်းပညာ တက္ကသိုလ်ကြီးများ ဖြစ်သည်။
တစ်ခြားသော တက္ကသိုလ်ရှစ်ခုနှင့် နှိုင်းယှဥ်လိုက်မည်ဆိုပါက ထိုနှစ်ခုသည် အလွန်မြင့်မားသော တန်ဖိုးများ ပိုင်ဆိုင်ထားကြသည်။
ရန်ပြည်ထောင်ရှိ ပြည်နယ်ဆယ့်နှစ်ခုတွင် နှစ်စဥ် လျှောက်ထားသူ ဘီလီယံနှင့်ချီသည့် လူများကြားမှ ရာဂဏန်း အနည်းငယ်ကသာလျှင် ထိုထိပ်တန်း တက္ကသိုလ်နှစ်ခုထဲသို့ ဝင်ရောက်နိုင်ကြသည်။
“ တက္ကသိုလ်လား? “ ရှုကျိုးသည် ရုတ်တရက် ခေါင်းခါကာ ပြုံးနေတော့သည် “ အဲ့တာက ငါနဲ့ဘာဆိုင်လို့လဲ? “
သူသည်ကား အထက်တန်း ပထမနှစ်ကျောင်းသားတစ်ဦးသာလျှင် ဖြစ်သည်။
တက္ကသိုလ်ဆိုသည်မှာ သူနှင့် ဝေးကွားလွန်းနေသေးသည်။
စိတ်ခံစားချက် အနည်းငယ်နှင့်အတူ ရှုကျိုးသည် လေ့ကျင့်ရေး ခန်းမဆီသို့ လျှောက်သွားတော့သည်။
ယနေ့သည် ကျောင်းတွင် ပြုလုပ်မည့် သူ၏နောက်ဆုံး လေ့ကျင့်ခန်းဖြစ်ပြီး၊ နောက်တစ်နေ့တွင် သူသည် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲသို့ သွားမည် ဖြစ်သည်။
…
နေမင်းကြီးသည် အနောက်ဘက်သို့ ရွှေ့ပြောင်းသွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထပ်မံ၍ ကျောင်းဆင်းသွားခဲ့ပြန်သည်။
တစ်နေ့လုံး လေ့ကျင့်နေခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် ထန်ဓားကို ကိုင်ကာ လေ့ကျင့်ရေးခန်းမထဲမှ ထွက်လာခဲ့သည်။
“ တစ်နေ့လုံး လေ့ကျင့်ပြီးတဲ့နောက်မှာ တောင်ဖြိုခွဲ ဆေဘာသိုင်းက တတိယအဆင့် ပြီးပြည့်စုံခြင်းနှင့် ပိုပိုပြီး နီးလာနေပြီပဲ “ ရှုကျိုးမှ တွေးတော မျှော်လင့်နေလျက်ရှိသည်။
တတိယအဆင့်၏ ပြီးပြည့်စုံခြင်းကို ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက် သူသည် တောင်ဖြိုခွဲ ဆေဘာသိုင်း၏ စတုတ္ထအဆင့်ကို စတင်၍ လေ့ကျင့်နိုင်တော့မည် ဖြစ်သည်။
ချောင်ရုံသည် သူဖန်တီးထားခဲ့သော တောင်ဖြိုခွဲ ဆေဘာသိုင်းက ထိပ်တန်း တိုက်ခိုက်ရေး နည်းစနစ်ဖြစ်သည်ဟု ပြောခဲ့သည်။
တောင်ဖြိုခွဲ ဆေဘာသိုင်း၏ တတိယအဆင့် စွမ်းအားသည် နယ်ပယ်တူထဲတွင် ပြိုင်ဘက်တွေ့ရန် ခဲယဥ်းလွန်းလှသည်။
တတိယအဆင့်ကပင် ထိုကဲ့သို့ ဖြစ်နေမည်ဆိုပါက စတုတ္ထအဆင့်ဆိုလျှင် ……..
ထိုအချိန်တွင် သာမန် ပထမအဆင့် သိုင်းပညာရှင်တစ်ဦးကပင် ရှုကျိုးနှင့် ယှဥ်နိုင်တော့မည် မဟုတ်ပေ။
“ အိမ်အရင်ပြန်တာပေါ့။ ရှားမိသားစုဆီကနေ ငါဝယ်ထားတဲ့ ပစ္စည်းတွေ ရောက်နေသင့်ပြီ “ ဟုရှုကျိုးမှ မှန်းဆ တွေးတောနေခဲ့သည်။
သူသည် သူ၏ဖုန်းကို ထုတ်၍ စစ်ဆေးကြည့်လိုက်ရာ ပစ္စည်းများက လင်းဂျန်မြို့သို့ ရောက်နေပြီဆိုသည်ကို သိရှိသွားခဲ့သည်။
ရှုကျိုးသည် သူ၏ထန်ဓားကို သယ်ဆောင်၍ ကျောင်းဂိတ်ပေါက်ဝမှ ဖြတ်ကာ အိမ်သို့ ဦးတည်နေတော့သည်။
“ ဟမ်? “
ရုတ်တရက်ဆိုသလိုပင် သူသည် တစ်စုံတစ်ခုကို အာရုံခံမိသွားပြီး၊ တစ်ခဏခန့် ရပ်တန့်သွားခဲ့သည်။
“ ကြည့်ရတာတော့ အစ်မက ငါ့နောက်ကို ထပ်ပြီးတော့ လိုက်မနေတော့ဘူးထင်တယ် “ ရှုကျိုး၏ နှုတ်ခမ်းထောင့်များသည် အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။
သူ၏ လက်ရှိ စွမ်းအားကို လီရို့ရှီမှ အမှန်တကယ် အသိအမှတ်ပြုသွားခဲ့ပြီ ဖြစ်သည်။
သူ့အား တိတ်တဆိတ် ကာကွယ်ပေးရန် လိုအပ်တော့မည် မဟုတ်ပေ။
…
အိမ်၏ ဝင်ပေါက်တွင်
ငွေဖြူရောင် စီလီကွန် မိန်းကလေးစက်ရုပ်တစ်ဦးသည် ကြီးမားသော အထုပ်ကြီးကို ကိုင်ကာ မတ်တပ်ရပ်နေလျက်ရှိသည်။
အိမ်သို့ ရောက်လာသည်နှင့်တစ်ပြိုင်နက် ရှုကျိုးသည် အဆိုပါ မြင်ကွင်းကို မြင်တွေ့သွားခဲ့သည်။
“ ဒါက ….. “ ရှုကျိုးသည် အနည်းငယ် အံ့အားသင့်သွားခဲ့သည် “ ရှားမိသားစုရဲ့ ဒလီဗာရီလား? “
စက်ရုပ်တစ်ခုဖြင့် ပစ္စည်းများ ပေးပို့ခြင်းသည် အတွင်းမြို့တော်၏ စွမ်းအားကြီး မိသားစုကြီးတစ်ခုဆိုသည့် ဂုဏ်ပုဒ်နှင့် ထိုက်တန်လွန်းလှသည်။
သူသည် ရှေ့သို့တိုးသွားပြီး၊ စက်ရုပ်မိန်းကလေးလက်ထဲရှိ အထုပ်ကို ယူရန် ပြင်လိုက်သည်။
“ လျှို့ဝှက်စကားဝှက် ရိုက်ထည့်ပါ “ စက်ရုပ်မိန်းကလေးမှ ချိုသာသော အသံဖြင့် ပြောလာခဲ့သည်၊ ထို့နောက်တွင် သူမ၏ ရင်ဘတ်တွင် ဖန်သားပြင်တစ်ခု ပေါ်လာခဲ့သည်။
ရှုကျိုးသည် သူ့အကောင့်၏ အချက်အလက်များကို ရိုက်ထည့်လိုက်သည်။
စကားဝှက် ရှစ်ခု
ပွင့်သွားပြီ !
“ လေးစားရပါသော ရှားမိသားစု၏ Aအဆင့် အဖွဲ့ဝင် ရှုကျိုးရှင် “ စက်ရုပ် မိန်းကလေးမှ တလေးတစားဖြင့် ပြောလာခဲ့သည် “ ရှားမိသားစုရဲ့ ပစ္စည်းတွေကို ဝယ်ယူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီမှာ ရှင့်ရဲ့ အထုပ်ပါ “
ရှုကျိုးမှ အထုပ်ကို ယူလိုက်ပြီးသည့်နောက်တွင် စက်ရုပ်မိန်းကလေးမှ ဆက်လက်၍ စကားပြောလာခဲ့သည် “ ကျွန်မက ရှင့်ရဲ့ အကြံပေး လက်ထောက်ပါ “
“ တကယ်လို့ ရှင်တစ်ခုခု လိုအပ်တယ်ဆိုရင် ကျွန်မကို အချိန်မရွေး ခေါ်လိုက်လို့ရပါတယ်၊ ကျွန်မက ရှင်ပို့လိုက်တဲ့ နေရာဆီကို ငါးမိနစ်အတွင်း ရောက်လာမှာပါ “
“ အကြံပေး လက်ထောက်လား? “ ရှုကျိုး အနည်းငယ် အံ့ဩသွားတော့သည်။
“ ရှင်က ရှားမိသားစုရဲ့ ထူးခြားတဲ့ Aအဆင့် အဖွဲ့ဝင်တစ်ယောက်လေ “ စက်ရုပ်မိန်းကလေးမှ တလေးတစားဖြင့် ပြောလာခဲ့သည် “ ရှင့်ရဲ့ တောင်းဆိုမှုတွေကသာ တရားဥပဒေ ဘောင်အတွင်းမှာ ရှိနေသရွေ့ ကျွန်မက အကောင်းဆုံး ဖြစ်အောင် ကြိုးစားပေးမှာပါ “
ရှုကျိုး အံ့အားသင့်သွားတော့သည်၊ ရှားမိသားစုရဲ့ Aအဆင့် အဖွဲ့ဝင် တစ်ယောက်ဖြစ်ရတာက ဒီလို အကျိုးအမြတ်တွေပါ ရတာလားဟ?
ယခင်က သူသည် ထိုအကြောင်းကို မသိခဲ့ပေ။
“ တကယ်လို့ တစ်ယောက်ယောက်က ငါ့ကို လာတိုက်ခိုက်ရင်ရော၊ သူ့ကို သတ်ဖို့ ကူညီပေးမှာလား? “ ရှုကျိုးသည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီး မေးမြန်းလိုက်သည်။
“ သေချာတာပေါ့ လေးစားရပါသော ဆရာရှင် “
“ အဲ့တာက တရားဝင်လို့လား? လူသတ်တာကလည်း တရားဝင်တာပဲလား? “
“ ရှင်က ရှားမိသားစုရဲ့ ဂုဏ်သိက္ခာရှိတဲ့ Aအဆင့် အဖွဲ့ဝင် တစ်ယောက်ပါ။ တကယ်လို့ တစ်ယောက်ယောက်က ရှင့်ကို တိုက်ခိုက်လာမယ်ဆိုရင် သူက ဥပဒေကို ချိုးဖောက်လိုက်တာ ဖြစ်တဲ့အတွက် သတ်သင့်ပါတယ် “ ဟု စက်ရုပ်မိန်းကလေးမှ အခိုင်အမာ ပြောဆိုလာခဲ့သည်။
ရှုကျိုးသည် သူမကို ကြည့်လိုက်ပြီး မနေနိုင်တော့ဘဲ အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းရှူထုတ် ပြုလုပ်နေတော့သည်။
သူသည် သူမကို ကြည့်နေရင်းဖြင့် ရှားမိသားစု၏ Aအဆင့် အဖွဲ့ဝင်တစ်ယောက်ဖြစ်ခြင်းကြောင့် ရရှိလာသည့် အကျိုးကျေးဇူးများကို စိတ်ကျေနပ်သွားတော့သည်။
“ ဆရာ၊ တောင်းဆိုချင်တာ တစ်ခုခု ရှိပါသလား? “ ဟု စက်ရုပ်မိန်းကလေးမှ မေးမြန်းလာခဲ့သည်။
“ ရှိတယ် “ ရှုကျိုးသည် တစ်ခဏခန့် တွေးတောနေခဲ့ပြီး ပြောလိုက်သည် “ မနက်ဖြန်ကစပြီးတော့ ငါ့မိဘတွေကို တိတ်တဆိတ် ကာကွယ်ပေးထားပါ၊ လုပ်နိုင်တယ်မလား? “
“ ဟုတ်ကဲ့ပါ၊ ဆရာ “
“ အိုကေ၊ အခုလက်ရှိကတော့ ဒီလောက်ပဲ၊ မင်းသွားလို့ရပြီ “ ရှုကျိုးသည် သူမကို လက်ဝေ့ယမ်းပြလိုက်သည်။
“ ဆရာ၊ ရှင် ကျွန်မကို နာမည် မပေးရသေးဘူး “ ဟု စက်ရုပ် မိန်းကလေးမှ ပြောလာခဲ့သည်။
နာမည်လား?
ရှုကျိုးသည် အသာအယာ ခေါင်းငြိမ့်ပြလိုက်သည်။
သူသည် တစ်ခဏခန့် တွေးတော စဥ်းစားနေခဲ့ပြီးသည့်နောက်မှ ပြောလာခဲ့သည် “ ရှောင်ရှီ “
“ ဟုတ် “ စက်ရုပ်မိန်းကလေးသည် အနည်းငယ် ဦးညွတ်၍ ချိုသာစွာ ပြုံးပြလာခဲ့သည် “ ဒီနေ့ကစပြီးတော့ ရှောင်ရှီက ဆရာ့ရဲ့ တရားဝင်တဲ့ တောင်းဆိုမှုတွေ အကုန်လုံးကို ဖြည့်ဆည်းပေးပါ့မယ် “
ရှုကျိုးသည် ပြုံးပြ၍ ရှောင်ရှီကို လက်ဝေ့ယမ်းပြလိုက်သည်။
ထို့နောက်တွင် သူသည် အထုပ်ကို အိမ်ထဲသို့ သယ်သွားတော့သည်။
အိမ်ထဲတွင်
ရှုကျိုးသည် အထုပ်ကို ဖွင့်လိုက်ရာ အထဲရှိ ပစ္စည်းသုံးမျိုး ပေါ်လာခဲ့သည်။
ချပ်ဝတ်တန်ဆာနှစ်ခု၊ ထန်ဓားနှင့် အလယ်အဆင့် ကျင့်ကြံရေး ဆေးပုလင်း လေးလုံး
နှစ်စဥ် ကျင့်ကြံရေး အရင်းအမြစ် ၁.၅သန်းကမူ ဤထဲတွင် မပါလာသေးပေ။
ရှားမိသားစု၏ ကျင့်ကြံရေး အရင်းအမြစ်များသည် လတစ်လ၏ နောက်ဆုံး နေ့ရက်များတွင်သာ ဖြန့်ချီလေ့ရှိတတ်သောကြောင့် ၎င်းတို့ကို ရရှိရန် အချိန်မကျသေးပေ။
မကြာခင်မှာပင် ရှုကျိုးသည် Eအဆင့် ၃၀၀အမျိုးအစား ချပ်ဝတ်တန်ဆာကို ဝတ်ဆင်လိုက်သည်။
အဆိုပါ ချပ်ဝတ်တန်ဆာသည် သူ၏ လည်ပင်းအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်သွားခဲ့သည်။
၎င်းသည် မီးခိုးနက်ရောင်ဖြင့် သတ္တုရောင် တောက်နေခဲ့သည်၊ သို့သော် ၎င်း၏ အထူးပစ္စည်းများကြောင့် ချပ်ဝတ်တန်ဆာသည် အလွန်ပျော့ပျောင်းနေခဲ့ကာ ကျုံ့နိုင်၊ ဆန့်နိုင်သည့် စွမ်းရည်များကို ပိုင်ဆိုင်နေခဲ့သည်။
“ ဒီဟာက ပထမအဆင့် သားရဲတစ်ကောင်ရဲ့ တိုက်ခိုက်မှုကို တစ်ကယ်ကြီး ခံနိုင်တာလား? “ ရှုကျိုးသည် အနည်းငယ် သံသယ ဝင်သွားခဲ့သည်။
သူသည် လီရို့ရှီ၏ အခန်းဆီသို့ သွားကာ သူမကို ခေါ်လိုက်သည်။
“ အစ်မ၊ ငါ့ကို ခပ်ပြင်းပြင်းလေး ထိုးလိုက် “ ရှုကျိုးမှ သူမကို ပြောလိုက်သည်။
“ သေချာလား? “ လီရို့ရှီသည် သူမ၏လှပသော မျက်လုံးလေးများဖြင့် သူ့ကို စိုက်ကြည့်လာခဲ့သည်။
ရှုကျိုးမှ တိုက်တွန်းနှိုးဆော်လိုက်သည် “ ကျွန်တော်က ချပ်ဝတ်တန်ဆာရဲ့ အစွမ်းကို စမ်းသပ်မလို့ပါ၊ လာစမ်းပါ “
လီရို့ရှီမှ ခေါင်းငြိမ့်ပြလာတော့သည်။
“ ဟွမ်းးးးး !! “
အားကောင်းသော ချီ-သွေး လှိုင်းတစ်ခုသည် သူမ၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာခဲ့ပြီး၊ လီရို့ရှီသည် သူမ၏ နူးညံ့သော လက်သီးလေးဖြင့် ရှုကျိုး၏ ရင်ဘတ်ကို ထိုးလာခဲ့သည်။
ဘန်းးးးးး !!
၎င်းသည် ဝါဂွမ်းကို ထိုးလိုက်သကဲ့သို့ ဖြစ်သွားပြီး မည်သည့်အသံမှ မထွက်ပေါ်လာခဲ့ပေ။
“ ဒီချပ်ဝတ်တန်ဆာက ပထမအဆင့်သားရဲရဲ့ အစွမ်း ၄၀%ကို လျှော့ချပေးနိုင်တာလား? လိမ်နေတာများလား? “
ရှုကျိုးသည် လီရို့ရှီ၏ လက်သီးချက်ကို မခံနိုင်သောကြောင့် အလွန်နာကျင်သွားခဲ့ကာ သွေးအန်ချင်နေသကဲ့သို့ ခံစားသွားရတော့သည်။
လီရို့ရှီ၏ လှပသော မျက်နှာလေးပေါ်တွင် သိလိုစိတ်များ ဖြစ်ပေါ်လာခဲ့သည် “ ပထမအဆင့် သားရဲရဲ့ တိုက်ခိုက်မှုကို ၄၀% လျှော့ချပေးနိုင်တာလား? အဲ့တာက မှန်တယ်လို့ထင်တယ် “
ရှုကျိုးသည် သူမကို တအံ့တဩဖြင့် ပြန်ကြည့်လိုက်သည်။
“ အဲ့ဒီလက်သီးချက်က “ လီရို့ရှီမှ တလေးတနက် ပြောပြလာခဲ့သည် “ တကယ်လို့ ဟွမ်ယွင်ရွှယ်သာ အဲ့တာကို ခံလိုက်ရမယ်ဆိုရင်၊ သူ့ရဲ့ နံရိုးတွေ ကျိုးသွားပြီးတော့ မြေကြီးပေါ်မှာပဲ လှဲနေရမှာ “
ရှုကျိုး ထိတ်လန့်တုန်လှုပ်သွားခဲ့သည် “ နင်က ငါ့ကို သတ်မိသွားမှာကို မကြောက်ဘူးလား? “
“ နင်ကပဲ ငါ့ကို ထိုးဖို့ တောင်းဆိုခဲ့တာ မဟုတ်ဘူးလား? “ လီရို့ရှီမှ သူ့ကို မျက်စောင်းထိုးကြည့်လာတော့လေသည်။
ရှုကျိုးသည် ကူရာကယ်ရာမဲ့နေသကဲ့သို့ ခံစားနေခဲ့ရသော်လည်း တစ်ချိန်တည်းမှာပင် စိတ်လှုပ်ရှားသွားခဲ့သည်။
လီရို့ရှီ၏ ချီ-သွေးသည် ၁၆၀ကယ်လိုရီနှင့် နီးနေပြီဖြစ်ပြီး၊ သာမန် ပထမအဆင့် သိုင်းပညာရှင်တစ်ဦးထပ် ပို၍ အစွမ်းထက်နေခဲ့သည်။
သူမ၏လက်သီးချက်သည် သူ့ကို မည်သို့မျှ ဒဏ်ရာမရသွားစေခဲ့ဘဲ နာကျင်ရုံသာ နာကျင်သွားစေခဲ့သည်။
၎င်းမှာ ဤ Eအဆင့် ၃၀၀အမျိုးအစား ချပ်ဝတ်တန်ဆာက အတော်လေး ကောင်းနေသည်ဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။
“ အစ်မ၊ နင်က ဒီဟာကို ဝတ်ထားသင့်တယ် “ ရှုကျိုးသည် ချပ်ဝတ်တန်ဆာ နောက်တစ်ခုကို ထုတ်ပေးလိုက်သည်။
ဤတစ်ကြိမ်တွင် လီရို့ရှီမှ ၎င်းကို မငြင်းပယ်လာတော့ပေ။
ထို့နောက်တွင် ရှုကျိုးသည် ထန်ဓားကို ကောက်ကိုင်လိုက်ရာ ချက်ချင်းဆိုသလိုပင် သူ့လက်ထဲသို့ ရောက်ရှိလာခဲ့သော အလေးချိန်တစ်ခုကို ခံစားသွားခဲ့ရသည်။
“ ဒီစွမ်းအားက ….. “ ရှုကျိုးသည် ၎င်းကို စူးစူးစိုက်စိုက် ကြည့်ရှုနေတော့သည် “ ရှားမိသားစုရဲ့ တကယ့် အထူးပစ္စည်းပဲ၊ စွမ်းအားက တော်တော်ကြီးကို ကြမ်းနေလောက်တယ် “
သို့ရာတွင် ၎င်းကို မည်မျှ အစွမ်းထက်လဲဆိုသည်ကို တိုက်ပွဲအတွင်းတွင်သာ ဆုံးဖြတ်နိုင်မည် ဖြစ်သည်။
ရှုကျိုးသည် ဓားရှည်ကို ကိုင်၍ ချပ်ဝတ်တန်ဆာကို ပုတ်လိုက်ကာ ပြုံးနေတော့သည်။
“ နောက်ဆုံးတော့ လုံးဝ ပြင်ဆင်ပြီးသွားပြီ “ ရှုကျိုးသည် ရင် တလှပ်လှပ် ခုန်နေတော့သည်။
“ ဒီည စောစောနားလိုက် “ လီရို့ရှီသည် သူ့ကို ကြည့်ကာ အနည်းငယ် နူးညံ့သော အသံနေအသံထားဖြင့် ပြောလာခဲ့သည် “ မနက်ဖြန်ကျရင် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူကို အတူတူ သွားကြတာပေါ့ “
“ ဟုတ်ပြီ “ ရှုကျိုး၏ မျက်လုံးများထဲတွင် စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
သူသည် ဤနေ့ရက်ကို စောင့်ဆိုင်းနေခဲ့ရသည်မှာ အလွန်ကြာနေခဲ့ပြီ ဖြစ်သည်။
ယခုတွင် သူ၏ စွမ်းရည်များနှင့် ပစ္စည်းများကို အပြည့်အဝ ပြင်ဆင်ထားခဲ့ပြီးပြီဖြစ်ပြီး၊ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ ဖွင့်လာမည့် အချိန်ကိုသာ စောင့်ဆိုင်းနေရတော့မည် ဖြစ်သည်။
မကြာခင်မှာပင် လီရို့ရှီသည် သူမ၏အခန်းဆီသို့ ချပ်ဝတ်တန်ဆာနှင့်အတူ ပြန်သွားတော့သည်။
ရှုကျိုးသည် ပထမဦးဆုံးအကြိမ်အဖြစ် ညနက်သည်အထိ လေ့ကျင့်မနေတော့ပေ။
ဆေဘာသွား နဂါးသားရဲကို အစာကျွေးခဲ့ပြီးသည့်နောက်တွင် သူသည် ရေမိုးချိုးကာ စောစောအိပ်ရာဝင်သွားခဲ့သည်။
တစ်ညတာသည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
နောက်တစ်နေ့ဆီသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
အပိုင်း ( 51 )
ရှင်သန်ရန်အတွက် သေဆုံးခြင်းကို လက်ခံခြင်း !!!
နံနက်၉နာရီတွင် ရှုကျိုးသည် နေ့စဥ်သုံး လိုအပ်သော ပစ္စည်းတစ်ချို့ကို ထုပ်ပိုး၍ သူ၏ လက်ဆွဲသေတ္တာတစ်လုံးထဲသို့ ထည့်နေခဲ့သည်။
မကြာခင်မှာပင် သူသည် ကြီးမားသော လက်ဆွဲသေတ္တာကြီးနှင့်အတူ အခန်းထဲမှ ထွက်သွားတော့သည်။
ဧည့်ခန်းထဲတွင် လီရို့ရှီသည် သူ့ကို မြင်တွေ့သွားပြီး ပြောစရာ စကားလုံးများ ပျောက်ရှသွားခဲ့သည် “ ဘာလို့ ပစ္စည်းတွေ အများကြီး ယူနေရတာလဲ? ပျော်ပွဲစားထွက်တယ်လို့ ထင်နေတာလား? ”
“ အစားအသောက်နဲ့ ရေကို ယူဖို့မလိုဘူး၊ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲမှာ အများကြီး ရှိတယ်။ ဆေးပစ္စည်းတွေပဲ ပိုယူလာခဲ့ “
လီရို့ရှီမှ သတိပေးလာခဲ့သည် “ တကယ်လို့ နင်က ဒဏ်ရာရသွားမယ်ဆိုရင်၊ ပတ်တီးနဲ့ သွေးအမြန်တိတ်အောင် လုပ်ဖို့လိုတယ်၊ အဲ့လိုမှ မဟုတ်ဘူးဆိုရင် အဲ့တာက စွမ်းအားကြီး သားရဲတွေကို ဆွဲဆောင်သွားလိမ့်မယ် “
ရှုကျိုး ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။
ဒီခရီးက တစ်လ၊ နှစ်လလောက် ကြာမှာလေ။
ဒါပင်မဲ့ အစ်မပြောတာကလည်း မှန်ပါတယ်လေ၊ ဒီခရီးက ပျော်ပွဲစား ခရီးစဥ်မှ မဟုတ်တာ သတ်ဖြတ်မှုတွေနဲ့ ပြည့်နေမှာလေ။
ထို့နောက်တွင် ရှုကျိုးသည် သူ၏အခန်းထဲသို့ ထွက်ကာ ပြန်၍ ပြင်ဆင်နေတော့သည်။
တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် သူသည် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး၊ ကျောပိုးအိတ်တစ်လုံးကို လွယ်၍ ထန်ဓားကို ကျောဘက်တွင် ချိတ်ဆွဲထားကာ ထွက်လာခဲ့သည်။
ဧည့်ခန်းထဲရှိ လီရို့ရှီမှာလည်း ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားခဲ့သည်။
၎င်းသည် ပျော့ပျောင်းသော ချပ်ဝတ်တန်ဆာဖြစ်ပြီး၊ သူမနှင့် ပြီးပြည့်စုံစွာ လိုက်ဖက်နေခဲ့ကာ သူမ၏ အသွင်အပြင်ကို ပို၍ ပေါ်လွင်သွားစေခဲ့ပြီး၊ ရှည်သွယ်သော အချိုးအဆစ်တို့ဖြင့် အမို့အမောက်တိုင်းသည် အံ့ဩဖွယ်ကောင်းသော သူမ၏အလှကို ဖော်ထုတ်ပြသနေလျက်ရှိသည်။
ရှုကျိုးသည် အံ့အားသင့်ဖွယ်ကောင်းသည့် အစ်မကို ငေးကြည့်ကာ ပြောလိုက်သည် “ ငါတို့ သွားကြတော့မလား? “
လီရို့ရှီမှ ခေါင်းငြိမ့်ပြလာခဲ့ပြီး၊ မည်သည့်စကားကိုမှ မပြောဘဲ တံခါးဝဆီသို့ တန်းထွက်သွားတော့သည်။
ရှုကျိုးမှာလည်း ဟင်းလင်းပြင် နေရာလွတ်ထဲရှိ သူ၏ ဆေဘာသွား နဂါးသားရဲနှင့်အတူ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူဆီသို့ ထွက်သွားတော့သည်။
…
ရှုကျိုးနှင့် လီရို့ရှီတို့သည် တက္ကစီတစ်စီးဖြင့် လင်းဂျန်မြို့ထဲမှ ထွက်ခွာလာခဲ့ပြီ ဖြစ်သည်။
“ လူငယ်လေး “ ကားမောင်းနေစဥ်တွင် ကားသမားမှ မေးမြန်းလာခဲ့သည် “ မင်းတို့က နတ်ဆိုးတစ်ထောင် လှိုဏ်ဂူဆီကို သွားနေကြတာမလား? “
“ ဟုတ်ပါတယ် “ ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။
“ အထင်ကြီးစရာပဲ “ ကားသမားမှ ချီးကျူးလာခဲ့သည် “ အဲ့ကို သွားတဲ့ လူတွေက ကျောင်းကျိုးက ပါရမီရှင်တွေချည်းပဲ၊ အကုန်လုံး ကျောင်းကျိုးက ကျောင်းတိုင်းရဲ့ ထိပ်ဆုံး ၁၀ယောက် အဆင့်ဝင်တဲ့ လူတွေချည်းပဲ “
“ အရင်တုန်းကဆိုရင် ငါ့သားကလည်း အဲ့ကိုသွားခဲ့တယ် “
ရှုကျိုး အနည်းငယ် အံ့ဩသွားခဲ့သည် “ ဦးလေးရဲ့သားကလည်း အဲ့ကို သွားခဲ့တာလား? “
“ ဟုတ်တယ်၊ နှစ်တော်တော်ကြာခဲ့ပါပြီကွာ “ ကားသမားသည် သတိတရ ဖြစ်သွားခဲ့သည် “ အဲ့ဒီအချိန်တုန်းကဆိုရင် ငါ့သားက တျန်ဟိုင်အထက်တန်းကျောင်းက ထိပ်ဆုံး ပါရမီရှင် ဆယ်လောက်ထဲက တစ်ယောက်လေ “
“ သူထွက်လာတဲ့ အချိန်ကျရင် ငါ့အတွက် စံအိမ်တစ်လုံး ဝယ်ပေးမယ်လို့ သူပြောနေတတ်တယ်။ အရေးပါတဲ့ လူတွေက သူ့ကို သတိထားမိသွားပြီးတော့ ငါတို့ကို အတွင်းမြို့တော်ထဲ ပြောင်းလို့ရအောင် လုပ်ပေးမယ်တဲ့ “
ကားသမားမှ သက်ပြင်းချလာခဲ့သည် “ ကံမကောင်းစွာနဲ့ သူက အဲ့ထဲကနေ ဘယ်တော့မှ ထွက်မလာနိုင်ခဲ့ဘူး “
အစပိုင်းတွင် ရှုကျိုးသည် စိတ်ဝင်တစားဖြင့် နားထောင်နေခဲ့သည်။
သို့သော် အဆုံးသတ်ကို ကြားလိုက်ရသောအခါတွင် သူနှင့် လီရို့ရှီတို့သည် တစ်ဦးကိုတစ်ဦး အလိုအလျောက် ကြည့်မိသွားကြသည်။
သူ့ရဲ့ သားက နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲမှာ သေသွားခဲ့တာလား?
“ အာ၊ ငါက ဘာလို့ မင်းတို့ကို ဒါတွေအားလုံး ပြောပြနေမိပါလိမ့်? “ ကားသမားသည် ရုတ်တရက် ခေါင်းခါကာ ပြုံးပြလာခဲ့သည်။
သူသည် ရှုကျိုးနှင့် လီရို့ရှီတို့ကို နောက်ကြည့်မှန်မှတစ်ဆင့် ငေးကြည့်လာခဲ့သည်။
“ မင်းတို့ စိတ်ပူနေဖို့ မလိုဘူး၊ အဲ့ဒီ အချိန်တုန်းက နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲမှာ မတော်တဆမှုတစ်ခုဖြစ်ခဲ့လို့ လူတွေ အများကြီး သေသွားခဲ့တာ “
“ အဲ့ဒီအချိန်ကစပြီးတော့ အခုထိ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲမှာ ဘာမတော်တဆမှုမှ မဖြစ်လာတော့ဘူး “
ရှုကျိုသည် အသာခေါင်းငြိမ့်ပြလိုက်သော်လည်း စိတ်ထဲတွင် အနည်းငယ် လေးလံသွားခဲ့သည်။
သူ့ဆရာ၏ ပြောစကားများက မှန်ကန်နေခဲ့လေသည်၊ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲတွင် နဂါး-ကျားစာရင်းပေါ်မှ ထိပ်ဆုံး ကျောင်းသားကျောင်းသူ ၁၀ဦးကပင် သေဆုံးသွားနိုင်လေသည်။
ကားသမားသည် ထိုအချိန်တွင်သာ မတော်တဆမှုတစ်ခု ဖြစ်ခဲ့သည်ဟု ပြောနေခဲ့သော်လည်း၊ ယခုတွင် မဖြစ်ပေါ်လာနိုင်ဘူးဟု မည်သူမှ အာမခံနိုင်မည် မဟုတ်ပေ။
ရှုကျိုးသည် အဆိုးဆုံးအတွက် အမြဲပြင်ဆင်ထားလေ့ရှိသည်။
“ လူငယ်လေး၊ စိတ်လှုပ်ရှားနေဖို့ မလိုပါဘူးကွာ “
ကားသမားသည် သူ၏စိတ်အခြေအနေကို သတိပြုမိနေသည့် ပုံပေါ်ပြီး ပြုံးပြလာခဲ့သည် “ အဲ့ဒီ ဖြစ်ရပ်ပြီးသွားတဲ့နောက်မှာ ငါက အချိန်အတော်ကြာ ဝမ်းနည်းနေခဲ့ရတယ်၊ ဒါပင်မဲ့ ငါ့သားပြောခဲ့တဲ့ စကားတွေက ငါနဲ့အတူတူ ရှိနေခဲ့တယ်လေ၊ အခုတော့ ငါက မင်းကို ပြန်ပြောပြလိုက်မယ် “
“ သိုင်းပညာရှင်တစ်ယောက်က သေခြင်းကို ရင်ဆိုင်ပြီးတော့ အသက်ရှင်ရတယ်တဲ့ “
ကားသမားမှ အပြုံးဖြင့် ဆက်ပြောနေခဲ့သည် “ ဒီနှစ်တွေ တစ်လျှောက်လုံးမှာ ငါက ဘယ်သူ့ကိုမှ အပြစ်မတင်ခဲ့ဖူးဘူး။ ငါလည်း စစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်လေ၊ ဒါ့ကြောင့် ဒီသဘောတရားကို နားလည်နေတယ် “
“ ပြီးတော့ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူက အန္တရာယ်များတယ်ဆိုပင်မဲ့ သိုင်းပညာရှင်တွေ ရင်ဆိုင်ရတဲ့ ဟာနဲ့ ယှဥ်မယ်ဆိုရင်တော့ ဘာမှ မဟုတ်ပါဘူးကွာ ”
ရှုကျိုး၏ စိတ်နှလုံးသား တုန်လှုပ်သွားခဲ့သည်၊ ကားသမားသည် စစ်တပ်နောက်ခံ ရှိခဲ့ဖူးပြီး၊ သေခြင်းတရားအကြောင်းကို အေးအေးဆေးဆေးဖြင့်သာ ပြောပြနေခဲ့သည်။
ကားသမား စကားပြောနေသည်နှင့်အမျှ ကားမှာလည်း ရှေ့ဆက်၍ သွားနေခဲ့သည်။
၎င်းသည် ရပ်ကွက်များ၊ တောအုပ်များ ရေကန်များနှင့် စိမ့်မြေများကို ဖြတ်သန်းကျော်ဖြတ်လာခဲ့သည်။
ခမ်းနားထည်ဝါသော သတ္တု ပုံသဏ္ဍာန်ကြီးတစ်ခုကို မြင်တွေ့လာနေရပြီ ဖြစ်သည်။
မီတာ ၁၀၀၀ကျော်မြင့်သော အနက်ရောင် သံမဏိခံတပ်ကြီးသည် မားမားမတ်မတ် ရပ်တည်နေလျက်ရှိပြီး မြောက်မှ တောင်အထိ အဆုံးမဲ့ ကျယ်ဝန်းနေခဲ့သည်။
…
ကားသည် အနီးအနားတစ်နေရာတွင် ရပ်တန့်သွားခဲ့သည်။
ရှုကျိုးနှင့် လီရို့ရှီတို့သည် ကားပေါ်မှ ဆင်းလာခဲ့ပြီး၊ ကားသမားကို နှုတ်ဆက်လိုက်ကြသည်၊ ထို့နောက်တွင် သူတို့သည် သူတို့နောက်ရှိ မြင့်မားသော နံရံကြီးကို ကြည့်နေကြတော့သည်။
လက်နက်ကိုင် စစ်သားများသည် ဂိတ်ပေါက်ဝတွင် ရုပ်ထုများကဲ့သို့ ရပ်နေကြသော်လည်း သူတို့ဆီမှ ထွက်ပေါ်လာသည့် ဖိအားသည် ပတ်ဝန်းကျင်ရှိ လေထုကို အသက်ရှုကြပ်သွားစေခဲ့သည်။
ဂိတ်ပေါက်ဝ၏ ဘေးတစ်ဖက်တွင် ကြီးမားသော သတိပေး ဆိုင်းဘုတ်ကြီးတစ်ခု ရှိနေခဲ့သည်။
အနီရောင် စာလုံးလေးလုံးကို ထွင်းထုပုံဖော်ထားခဲ့သည်။
“ တပ်ပိုင်တားမြစ်နယ် !! “ ရှုကျိုးသည် ခြေအေးလက်လေး ဖြစ်သွားခဲ့သည်။
“ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ တားမြစ်နယ်မြေ၊ ကျေူးကျော်ခွင့်မရှိ !! “
စစ်သားတစ်ဦးမှ အော်ပြောလာခဲ့သည် “ တကယ်လို့ စာရင်းသွင်းထားတယ်ဆိုရင် မင်းတို့ရဲ့ အထောက်အထားတွေကို ပြပါ “
လီရို့ရှီသည် မည်သည့်စကားမှ မပြောဘဲ သူမနှင့် ရှုကျိုးတို့၏ အထောက်အထားများကို ထုတ်ပြလိုက်သည်။
သူမတို့၏ အထောက်အထားများကို အတည်ပြု စစ်ဆေးခဲ့ပြီးသည့်နောက်တွင် ဂိတ်ပေါက်ဝရှိ အစောင့်များသည် သူတို့ထံသို့ လက်ပတ်နှင့် ဆင်တူသည့် တစ်စုံတစ်ခုကို ပေးလာခဲ့သည်။
“ ရှုကျိုး၊ လီရို့ရှီ၊ ဒီနှစ်ယောက်က နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲကို အဖွဲ့တစ်ဖွဲ့အဖြစ် ဝင်မယ် “
အစောင့်သည် သတင်းပို့လိုက်သည်၊ ထို့နောက်တွင် အကြံပေးစကား ပြောလာခဲ့သည် “ ပို့ပေးတဲ့ကာလအတွင်းမှာ တူညီတဲ့ နေရာတစ်ခုကို ရောက်သွားဖို့အတွက် လက်ပတ်တွေကို သုံးပြီးတော့ ချိန်ညှိလို့ရတယ် “
“ ပြီးတော့ အဲ့ဒီ လက်ပတ်တွေက မင်းတို့သတ်ခဲ့တဲ့ ဗီဇပြောင်းသားရဲ အရေအတွက်ကို မှတ်တမ်းတင်ပေးထားနိုင်တယ်။ အဲ့တာကို မပျက်စီးစေနဲ့၊ အဲ့လိုမှ မဟုတ်ဘူးဆိုရင် မင်းတို့က သတ်ဖြတ်ခြင်း အဆင့်ဇယားထဲကို မရောက်နိုင်တော့ဘူး “
ရှုကျိုးသည် ခြေအေးလက်အေးဖြင့် လျင်မြန်စွာ ခေါင်းငြိမ့်ပြလိုက်သည်။
နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲသို့ လာရသည့် သူ၏ပထမ အကြောင်းပြချက်သည် ဆေဘာသွား နဂါးသားရဲကို လွှတ်ရန် ဖြစ်သည်။
ဒုတိယတစ်ခုကမူ စစ်တပ်၏ သတ်ဖြတ်ခြင်းစာရင်းထဲသို့ ဝင်ရောက်ရန် ဖြစ်သည်။
သူ့ဆရာ၏ ပြောစကားများအရ ဗီဇပြောင်းသားရဲကို လုံလုံလောက်လောက်သတ်ပြီး၊ စာရင်းထဲသို့ ဝင်သွားသရွေ့ သူသည် အနည်းဆုံးအနေဖြင့် ဆုကြေး တစ်သန်းကျော် ရရှိမည် ဖြစ်သည်။
အကယ်၍ သူသာ စာရင်းဇယား၏ အမြင့်ပိုင်းသို့ ရောက်ရှိသွားမည်ဆိုပါက ဆုလဒ်များမှာ အဆမတန် များပြားလာလိမ့်မည် ဖြစ်သည်။
“ ဆက်လုပ်ပါ “
စစ်သားမှ အော်ပြောလာခဲ့သည် “ အလေးးးးးး ပြု “
စစ်သားများသည် သူတို့၏လက်များကို တစ်ညီတစ်ညာတည်း မြှောက်လာခဲ့ပြီး၊ ရှုကျိုးနှင့် လီရို့ရှီတို့ကို လေးလေးစားစား အလေးပြုလာကြသည်။
ရှုကျိုးကား အနည်းငယ် အံ့ဩသွားခဲ့သည်။
“ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲကို ဝင်လာတဲ့ သိုင်းပညာရှင်တိုင်းက လူသားတွေကို အကျိုးပြုတယ် “ လီရို့ ရှီမှ တည်ငြိမ်စွာ ပြောပြလာခဲ့သည် “ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ ဖွင့်လာတဲ့ အကြိမ်တိုင်းမှာ အသက်တွေ အများကြီး ပေးလိုက်ရတယ် “
ရှုကျိုး၏ အမူအရာသည် အနည်းငယ် တင်းကြပ်သွားခဲ့သည်။
သူတို့က ငါတို့ကို လေးလေးစားစား အလေးပြုနေကြတာက အံ့ဩစရာတော့ မဟုတ်တော့ဘူး၊ သူတို့က ငါတို့ကို အလေးပြုရုံတင် ပြုနေကြတာ မဟုတ်ဘူးကိုး။
ရှုကျိုးနှင့် လီရို့ရှီကို နှုတ်ဆက်ခြင်း !!
နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲသို့ ဝင်သွားသည့် စစ်သည်တော်များကို နှုတ်ဆက်ခြင်းပင် !!
ထိုအခိုက်အတန့်တွင် ရှုကျိုး၏ စိတ်ခံစားချက်များ အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။
သူသည် ပထမနှစ်ကျောင်းသား တစ်ယောက်သာ ဖြစ်သော်လည်း လူထုကို အကျိုးပြုနေခဲ့ပြီ ဖြစ်သည်။
“ သွားကြတာပေါ့ ” လီရို့ရှီသည် များများစားစား ပြောမနေဘဲ ဦးဆောင်၍ ဝင်သွားတော့သည်။
ရှုကျိုးသည် ရှည်လျားသော လမ်းကြောင်းထဲသို့ အမြန် လိုက်သွားတော့သည်။
လမ်းကြောင်းထဲမှ ထွက်လာခဲ့ပြီးသည့်နောက်တွင် မြင်ကွင်းသည် ရုတ်တရက် ကျယ်ပြန့်လာခဲ့သည်။
မြို့နံရံ၏ နောက်ဘက်တွင် ဒါဇင်နှင့်ချီသော ခံတပ်များ တည်ရှိနေခဲ့သည်။
ခံတပ်တစ်ခုချင်းစီတိုင်းသည် မီတာဆယ်နှင့်ချီ၍ မြင့်မားပြီး၊ ကျောင်းတစ်ကျောင်း အရွယ်မျှ ကြီးမားကာ အမဲရောင်ဆေးများသုတ်ထားခဲ့ပြီး၊ ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်များကို ထုတ်လွှတ်နေလျက်ရှိသည်။
ရှုကျိုးသည် အနည်းငယ် အံ့ဩသွားပြီး ရေရွတ်ပြောဆိုလာခဲ့သည် “ ဒီခံတပ်တွေရဲ့နောက်မှာ ရှိနေတာက နတ်ဆိုးတစ်ထောင် လှိုဏ်ဂူလား? “
“ မဟုတ်ဘူး လိုသေးတယ် “ လီရို့ရှီသည် သူမ၏ဦးခေါင်းကို အသာအယာ ခါရမ်းပြလာခဲ့သည် “ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူက ဒီနေရာကနေ ကီလိုမီတာ ရာဂဏန်းလောက်ဝေးတဲ့ နေရာမှာ ရှိတာ “
“ ဒါပင်မဲ့ နောက်ကျရင် ငါတို့က စွမ်းအင် ပို့လွှတ်ရေး လမ်းကြောင်းတွေကနေတစ်ဆင့် အဲ့ကို တိုက်ရိုက်သွားလို့ရတယ် “
“ စွမ်းအင် ပို့လွှတ်ရေး လမ်းကြောင်းလား? “
စွမ်းအင် ပို့လွှတ်ရေး လမ်းကြောင်းဟု ခေါ်ဆိုသော အရာများသည် မှော်အစီအရင်များ မဟုတ်ပေ။
၎င်းတို့သည် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ကျော်က ဟင်းလင်းပြင် စွမ်းရည် နိုးထခဲ့သည် စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ဦးမှ အံ့ဩဖွယ်ကောင်းသည့် နည်းလမ်းများကို အသုံးပြုကာ တည်ဆောက်ခဲ့သည့် ကြီးမားသော ပို့ဆောင်ရေး လမ်းကြောင်းဖြစ်သည်။
အဆိုပါ စွမ်းအင် ပို့လွှတ်ရေး လမ်းကြောင်းနှင့်အတူ လူသားသိုင်းပညာရှင်များသည် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ၏ ဗဟိုချက်သို့ ရောက်ရှိသွားကြမည် ဖြစ်သည်။
“ Sအဆင့် စွမ်းရည် …….. “ ရှုကျိုးသည် မအောင့်ထားနိုင်တော့ဘဲ စိတ်ခံစားချက် အတက်အကျများ ဖြစ်ပေါ်သွားခဲ့သည်။
ကျန်းမိသားစုမှ စိတ်စွမ်းအင် စွမ်းရည် အကြီးအကဲဖြစ်စေ၊ ဤဟင်းလင်းပြင် စွမ်းရည် အကြီးအကဲဖြစ်စေ နှစ်ဦးစလုံးသည် Sအဆင့် စွမ်းရည်များ ပိုင်ဆိုင်ထားကြသည်။
သူတို့၏ နည်းလမ်းများသည် အလွန်အံ့ဩတုန်လှုပ်ဖွယ်ကောင်းလှပြီး၊ လူသားမျိုးနွယ်တစ်ခုလုံးကို အကျိုးဖြစ်ထွန်းစေခဲ့သည်။
ထို့နောက်တွင် ရှုကျိုးနှင့် လီရို့ရှီတို့သည် ပင်ပခံတပ်ဆီသို့ ဦးတည်သွားကြသည်။
ခံတပ်အတွင်း၌
ဧရာမ ငွေရောင် ခန်းမကြီးတစ်ခု
ခန်းမ၏ အလယ်တွင် မြင့်မားသော စက်ဝိုင်းပုံသဏ္ဍာန် ပလက်ဖောင်းရှိနေခဲ့ပြီး၊ ၎င်း၏ မျက်နှာပြင်ပေါ်တွင် မှိန်ဖျော့ဖျော့ အလင်းတန်းများ တောက်ပနေလျက်ရှိသည်။
“ လူတွေ အများကြီးပဲ “ ရှုကျိုးသည် ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်နေခဲ့သည်။
ဤအချိန်တွင် များစွာသော ကျောင်းသူကျောင်းသားတို့သည် ခန်းမထဲတွင် စောင့်ဆိုင်းနေလျက်ရှိသည်။
အဆိုပါ ကျောင်းသူကျောင်းသားတို့သည် စိတ်အားထက်သန်စွာဖြင့် ရပ်နေကြပြီး၊ ရှည်ရှည်သွယ်သွယ် အသွင်အပြင် ရှိကာ သူတို့အားလုံး၏ ချီ-သွေး အတက်အကျများသည် အနည်းဆုံး ၁၄၀ကယ်လိုရီအထိ ရှိနေခဲ့သည်။
အများအပြားသည် ၁၅၀ကယ်လိုရီအထိ ရောက်ရှိနေကြပြီဖြစ်ပြီး၊ ပြင်းထန်သော ဖိအားများကို ထုတ်လွှတ်နေလျက်ရှိသည်။
သူတို့သည် အမျိုးမျိုးသော ကျောင်းများမှ ထိပ်ဆုံး ၁၀ဦး စာရင်းဝင် ပါရမီရှင်များ ဖြစ်သည်ဆိုသည်မှာ သိသာလှပေသည်။
“ ပါရမီရှင်တွေ အများကြီးပဲ “ ရှုကျိုး၏ မျက်လုံးများသည် တိုက်ပွဲဝင်လိုစိတ်များဖြင့် တောက်ပလာခဲ့သည်။
ကျောင်းတွင် ချီ-သွေး ၁၅၀ရှိသည့် လူကိုတွေ့ရန်ပင် ခဲယဥ်းလွန်းလှသည်။
သို့သော် ဤနေရာတွင်မူ ၎င်းမှာ သာမန်ဖြစ်နေခဲ့ပြီး၊ ကျောင်းသူကျောင်းသား အများစုသည် လီရို့ရှီနှင့် အဆင့်တူနေလျက်ရှိကာ ဒုတိယ အကြိမ်မြောက် အုတ်မြစ်တည်ဆောက်ခြင်း အဆင့်သို့ပင် ရောက်နေနိုင်သည်ကို ရှုကျိုး နားလည်နေခဲ့သည်။
ကျောင်းသူကျောင်းသားများအပြင် လူ့အဖွဲ့အစည်းများထဲမှ များစွာသော သိုင်းပညာရှင်များလည်း ရှိနေခဲ့သည်။
သူတို့ထံမှ ချီ-သွေး အတက်အကျများကို ရှင်းရှင်းလင်းလင်း မခံစားခဲ့ရပေ။ သို့သော် အကယ်၍ သူတို့ကသာ သူတို့၏ ချီ-သွေးများကို ထုတ်လွှတ်(သို့) နှိုးဆွလာခဲ့မည်ဆိုပါက ဤနေရာရှိ ကျောင်းသူကျောင်းသား အားလုံးထပ် သာလွန်နေမည်ဆိုသည်မှာ သိသာလွန်းလှသည်။
“ ဟမ်? “ ထိုအချိန်တွင် ရှုကျိုးသည် ရင်းနှီးနေသော ရုပ်သွင်တစ်ခုကို ရုတ်တရက် သတိပြုမိသွားခဲ့သည်။
အဖြူရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော မိန်းမငယ်လေးတစ်ဦးသည် ကျက်သရေရှိသော အသွင်အပြင်၊ ပြိုင်ဘက်ကင်းသော အလှတို့ဖြင့် လူအများကြားထဲတွင် ကြယ်ပွင့်တစ်ပွင့်ကဲ့သို့ ထင်းနေခဲ့သည်။
ထိုစဥ် ထိုကောင်မလေးမှာလည်း သူ၏အကြည့်ကို သတိပြုမိသွားသည့်ပုံပေါ်ပြီး၊ သူ့ဘက်သို့ လှည့်ကြည့်လာခဲ့သည်။
ကျန်းလန်သည် တစ်ခဏခန့် ငြိမ်သက်သွားပြီး၊ အမြင်မှားသွားသည်ဟု ထင်သွားကာ သူမ၏မျက်လုံးလေးများကို ပွတ်သပ်နေတော့သည်။
မကြာခင်မှာပင် သူမသည် အံ့ဩတုန်လှုပ်သွားသော အမူအရာတစ်ခုကို ချပြလာခဲ့သည် “ သူလား? “