← Chapters

အခန်း (၅၂-၅၄)

Vol. 4 Ch. 52-54

အခန်း (၅၂-၅၄)

Vol. 4 Ch. 52-54

အပိုင်း ( 52 )

မာန တိုက်ပွဲ၊ နံပတ် ၁နေရာကို ပစ်မှတ်ထားခြင်း

ကျန်းလန်၏ သန့်စင် လှပသော မျက်နှာလေးပေါ်တွင် အံ့အားသင့်သွားသည့် အမူအရာတို့ဖြင့် ပြည့်နှက်သွားခဲ့သည်။

သူမသည် ရှုကျိုးကို ဤနေရာတွင် တွေ့ရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။

“သူက ပထမနှစ် အထက်တန်းကျောင်းသားလေးပဲ မဟုတ်ဘူးလား? “ ကျန်းလန်သည် ရှုကျိုးကို ကြည့်ကာ တွေးတော စဥ်းစားနေတော့သည် “ သူက သေချင်နေလို့ ဒီကို လာခဲ့တာလား? “

“ မမလေးကျန်း၊ သူက မင်းရဲ့ အသိမိတ်ဆွေ တစ်ယောက်လား? “ ဘေးဘက်ရှိ အတွင်းမြို့တော်၏ မိသားစုကြီးတစ်ခုမှ တိုက်ရိုက်မျိုးဆက် အဖွဲ့ဝင်တစ်ဦးသည် သူမက ရှုကျိုးကို စိုက်ကြည့်နေသည်ကို သတိပြုမိသွားကာ မနေနိုင်တော့ဘဲ မေးမြန်းလာခဲ့သည်။

ကျောင်းကျိုးရှိ အကြီးမားဆုံးသော မိသားစုဖြစ်သည့် ကျန်းမိသားစု၏ သမီးဦးဖြစ်သော ကျန်းလန်သည် အတွင်းမြို့တော်မှ တစ်ခြားမိသားစုများ၏ အဖွဲ့ဝင်များကြားတွင် ရှိနေခဲ့ပြီး၊ သူတို့သည် သူမအား လေးစားနှစ်သက်သော မျက်လုံးများဖြင့် ကြည့်နေလျက်ရှိသည်။

အများစုသည် ကျန်းလန်၏အလှကို မက်မောနှစ်သက်ကြသော်လည်း၊ ပေါ်ပေါ်တင်တင် မကြည့်ရဲကြဘဲ တိတ်တဆိတ် ခိုးကြည့်နေရုံသာ တတ်နိုင်ကြသည်။

ကျန်းလန်သည် ကျန်းမိသားစု၏ တိုက်ရိုက်မျိုးဆက်တစ်ယောက်သာလျှင် မဟုတ်ဘဲ၊ Sအဆင့် အဖွဲ့ဝင်တစ်ဦးပါ ဖြစ်နေခဲ့သည်။

သူမ၏ စွမ်းရည်နှင့် စွမ်းအားတို့မှာလည်း အလွန်အားကောင်းလွန်းလှသည်။

သူမကို စော်ကားရဲသည့်လူမှာ အနည်းငယ်မျှသာလျှင် ရှိသည်။

တစ်ခြားလူများ၏ စကားကို ကြားလိုက်ရသောအခါတွင် ကျန်းလန်သည် အနည်းငယ် ပြုံးပြလိုက်သည် “ ဘာမှမဟုတ်ပါဘူး၊ အရေးမကြီးတဲ့ လူတစ်ယောက်ပါပဲ “

သူမဘေးနားရှိ လူတစ်ဦးသည် ရှုကျိုးကို ကြည့်လိုက်ပြီး၊ ခေါင်းခါပြလာခဲ့သည် “ ကျွန်တော်တို့ အတွင်းမြို့တော်က လူမဟုတ်တဲ့ တစ်ယောက်ယောက်က မမလေးကျန်းရဲ့ အာရုံကို ဘယ်လိုလုပ်ပြီးတော့ ဆွဲဆောင်နိုင်မှာလဲ? “

ကျန်းလန်သည် ပြုံးနေခဲ့သော်လည်း မည်သည့်စကားကိုမှ ထပ်မပြောတော့ပေ၊ သို့သော် သူမ၏လှပသော မျက်လုံးလေးများသည် ရှုကျိုးကို ထပ်မံ၍ စိုက်ကြည့်နေခဲ့သည်။

“ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲကို ရောက်ရင် ငါတို့ မတွေ့ကြတာက အကောင်းဆုံး ဖြစ်လိမ့်မယ် “ သူမသည် စိတ်ထဲတွင် တိတ်တဆိတ် ရေရွတ်ပြောဆိုနေခဲ့သည်။

ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက သူမသည် သူ့အား သင်ခန်းစာတစ်ခု သေချာပေါက် ပေးမည် ဖြစ်သည်။

ရှုကျိုးကြောင့် သူမသည် သူ၏အဘိုး၏ ဆူပူခြင်းကို ခံခဲ့ရသည်၊ တစ်ဖက်ရှိ ရှုကျိုးကမူ ကျန်းလန်၏ မျက်လုံးများထဲရှိ တိုက်ခိုက်လိုစိတ်ကို မြင်တွေ့သွားသောအခါတွင် အနည်းငယ် အံ့ဩသွားခဲ့သည်။

“ ငါ သူမကို မဆန့်ကျင်မိခဲ့ဘူးလေ၊ ဟုတ်တယ်မလား? “ ရှုကျိုးသည် တစ်ခဏခန့် တွေးတော စဥ်းစားနေတော့သည်။

ဟုတ်ပါတယ်၊ ငါဘာမှ မလုပ်ခဲ့ပါဘူး။

ကျန်းမိသားစုနဲ့ ပူးပေါင်းဖို့ ငြင်းလိုက်တာလေးပဲ ရှိတာပါ၊ အဲ့တာလေးအတွက်နဲ့ သူမက ငါ့ကို တိုက်ခိုက်ချင်နေတာလား?

တော်တော်လေးကို ကြီးစိုးတာပဲ

ရှုကျိုးသည် သူ၏ခေါင်းကို ခါယမ်းလိုက်ပြီး ကျန်းလန်ကို လျစ်လျူရှုကာ တစ်ခြားတစ်ဖက်သို့ ဆက်ကြည့်နေတော့သည်။

မကြာခင်မှာပင် ဟွမ်ယွင်ရွှယ်နှင့် လျူဟီတို့ ရောက်ရှိလာခဲ့ပြီး၊ သူတို့ကလည်း ရှုကျိုးကို သတိပြုမိသွားကြသည်။

လျူဟီသည် လီရို့ရှီကိုသာ စိုက်ကြည့်နေခဲ့သည်၊ အဘယ့်ကြောင့်ဆိုသော် ယနေ့တွင် လီရို့ရှိသည် တိုက်ပွဲဝင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားကာ သူမ၏အလှအပကို ထုတ်ဖော်ပြသထားသောကြောင့် ဖြစ်သည်။

လျူဟီသည် သူမကို ကြည့်ကာ နှုတ်ခမ်းတသပ်သပ် ဖြစ်နေတော့သည်။

“ ထပ်ကြည့်နေရင် နင့်အောက်ပိုင်းကို ဖြတ်ပြီးတော့ ကုန်းကုန်း ( မိန်းမစိုး ) ဖြစ်အောင် ငါလုပ်ပေးမယ် “ လီရို့ရှီမှ အေးစက်စွာ ပြောလိုက်သည်။

လျူဟီကား တိတ်တဆိတ်သာ ပြုံးနေခဲ့သည်။

တစ်ဖက်ရှိ ဟွမ်ယွင်ရွှယ်ကမူ ရှုကျိုးကို ကြည့်ကာ လည်ပင်းကို လှီးဖြတ်သည့် လက်ဟန် လုပ်ပြလာခဲ့သည်။

ရှုကျိုးမှာလည်း အေးအေးဆေးဆေးသာ ဖြစ်နေခဲ့သည်။

သူ၏မျက်လုံးများထဲတွင် ထိုနှစ်ဦးသည် သေလူနှင့် မခြားသောကြောင့် မည်သို့မျှ အာရုံစိုက်မနေတော့ပေ။

ခန်းမသည် ကျောင်းသူကျောင်းသားများဖြင့် ပို၍ ပြည့်နှက်လာခဲ့သည်။

“ ဝုန်းးးးးးးး ! “

အစွမ်းထက် ချီ-သွေး လှိုင်းတစ်ခုသည် အပြင်ဘက်မှ ရုတ်တရက် ဝင်ရောက်လာခဲ့သည်။

မကြာခင်မှာပင် ကျောင်းသူကျောင်းသား အုပ်စုတစ်ခုသည် ခန်းမထဲသို့ ဝင်ရောက်လာကြသည်။

သို့ရာတွင် သူတို့သည် အထက်တန်း ကျောင်းသူကျောင်းသား မဟုတ်ကြဘဲ၊ တက္ကသိုလ် ကျောင်းသူ ကျောင်းသားများလျှင် ဖြစ်နေခဲ့သည်။

သူတို့၏ ချီ-သွေး အတက်အကျများသည် ပထမအဆင့် သိုင်းပညာရှင်၏ စွမ်းအားအထိပင် ရောက်ရှိနေကြပြီ ဖြစ်သည်။

တစ်ချို့ဆိုလျှင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထုတ်လွှတ်နေကြပြီး၊ သူတို့သည် ဒုတိယအဆင့် သိုင်းပညာရှင်များပင် ဖြစ်ကောင်းဖြစ်နေနိုင်သည်။

“ ဒုတိယအဆင့် သိုင်းပညာရှင်လား? “ ရှုကျိုး အနည်းငယ် အံ့ဩသွားခဲ့သည်။

ဒုတိယအဆင့် သိုင်းပညာရှင်တွေကတောင် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူဆီကို လာကြတာလား?

“ သူတို့ကို လျစ်လျူရှုထားလိုက် “ လီရို့ရှီမှ အေးစက်စွာ ပြောလာခဲ့သည် “ အဲ့ဒီတက္ကသိုလ် ကျောင်းသားကျောင်းသူတွေက တားမြစ်နယ်မြေရဲ့ အတွင်းပိုင်းကို သွားကြမှာ၊ ငါတို့က အပြင်ဇုန်မှာပဲ ရှိနေကြမှာ “

ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။

နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ၏ အပြင်ဘက်နှင့် အတွင်းဘက် နယ်မြေတို့၏ အန္တရာယ် အဆင့်များမှာ မတူညီကြပေ။

အတွင်းပိုင်း နယ်မြေထဲသို့ ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက် ပထမအဆင့် သိုင်းပညာရှင်တစ်ဦးကပင် သေခြင်းတရားနှင့် ရင်ဆိုင်သွားရနိုင်သည်။

အတွင်းပိုင်းနယ်မြေသည် တက္ကသိုလ် ကျောင်းသားကျောင်းသူများနှင့် တစ်ချို့သော တစ်ကိုယ်တော်(သို့) လူမှုအဖွဲ့အစည်းများမှ သိုင်းပညာရှင်များအတွက် ဖြစ်သည်။

အပြင်နယ်မြေကမူ အထက်တန်း ကျောင်းသားကျောင်းသူများအတွက်သာလျှင် ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ရှုကျိုး၏ နားရွက်များသည် အနီးအနားရှိ တစ်ချို့သော လူမှုသိုင်းပညာရှင်တို့၏ တီးတိုးစကားသံများကို ကြားလိုက်ရသောကြောင့် လှုပ်ခတ်သွားခဲ့သည်။

“ တက္ကသိုလ် ကျောင်းသားကျောင်းသူတွေလား? သူတို့က တက္ကသိုလ်ကိုတောင် ရောက်နေကြပြီကို၊ လေ့ကျင့်ဖို့အတွက် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲကို လာကြသေးတယ်ပေါ့။ မရှက်ကြဘူးလား? “

“ တကယ်ကြီးကို ငါတို့နဲ့ လိုက်ပြိုင်နေကြတာပဲ “

“ ဟာဟား၊ သူတို့က လူကြောက်လေးတွေပါကွာ၊ သူတို့က ပိုပြီးတော့ အန္တရာယ်များတဲ့ နေရာတွေဆီ မသွားရဲကြဘူး၊ အဲ့တာကြောင့် ဒီကိုပဲ လာခဲ့ကြတာပေါ့ “

“ … “

သူတို့၏ စကားသံများက အလွန်တိုးညှင်းနေသောကြောင့် သာမန်လူများသည် သူတို့၏ စကားသံများကို ကြားနိုင်မည် မဟုတ်ပေ။

သို့သော် ရှုကျိုး၏ အာရုံများသည် အလွန်စူးရှထက်မြက်နေသောကြောင့် သူသည် ထိုလူများ၏ စကားလုံးများကို ကြားကာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

“ တက္ကသိုလ် ကျောင်းသူကျောင်းသားတွေက လူကြောက်တွေပဲ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲကို ရောက်လာကြတာလား? “

သူ၏အမြင်တွင် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူသည် လုံလုံလောက်လောက် အန္တရာယ် များနေခဲ့ပြီ ဖြစ်သည်။

နဂါး-ကျားစာရင်းပေါ်က ထိပ်ဆုံး ၁၀ယောက်တောင် သေသွားနိုင်တယ်လေ၊ အဲ့လို နေရာမျိုးက လူကြောက်တွေအတွက်ဆိုတော့ သတ္တိရှိတဲ့လူတွေက ဘယ်ကို သွားကြမှာလဲ?

ရှုကျိုး တွေးတော စဥ်းစားနေသည့် အချိန်တွင် သက်လတ်ပိုင်း စစ်သားတစ်ဦးသည် အလယ်ဗဟိုရှိ ပလက်ဖောင်းဆီသို့ လမ်းလျှောက်တက်လာခဲ့သည်။

သူသည် ကျယ်လောင်စွာ အော်ပြောလာခဲ့သည် “ တိတ်စမ်း “

ဤနေရာတွင် ရှိနေကြသည့် လူအားလုံးက သိုင်းပညာရှင်များ ဖြစ်နေကြသော်လည်း အရာရှိတစ်ဦး၏ အမိန့်ကို ကြားလိုက်ရသောအခါတွင် လူတိုင်း တိတ်ဆိတ်သွားခဲ့ပြီး ခန်းမတစ်ခုလုံး ငြိမ်သက်သွားခဲ့သည်။

သက်လတ်ပိုင်း အရာရှိသည် သူ၏ ကျယ်လောင်သော အသံကြီးနှင့်အတူ လေးလေးနက်နက် ပြောဆိုလာခဲ့သည် “ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူရဲ့ တားမြစ်နယ်မြေက ထပ်ဖွင့်လာခဲ့ပြီ။ ဒီတစ်ကြိမ်မှာလည်း တပ်မတော်ကနေ ခင်ဗျားတို့ သိုင်းပညာရှင်တွေအတွက် သတ်ဖြတ်ခြင်း စာရင်းဇယားကို ပြုလုပ်ပေးပါမယ် “

“ ပထမအဆင့် ဗီဇပြောင်း သားရဲ အကောင် ၁၀၀ကျော် သတ်နိုင်တဲ့ လူတိုင်းက စာရင်းထဲကို ဝင်နိုင်ပါလိမ့်မယ် “

“ ပထမအဆင့်ကိုတော့ ဆုငွေ ဆယ်သန်း ပေးပါမယ် “

“ ဒုတိယအဆင့်ကတော့ ဆုငွေ ငါးသန်းပါ၊ တတိယအဆင့်ကိုတော့ ဆုငွေ သုံးသန်းဖြစ်ပြီးတော့ စတုတ္ထအဆင့်ကနေ ဒသမအဆင့်ထိကိုတော့ ဆုငွေ တစ်သန်း ပေးပါမယ် “

“ အဲ့တာတွေအပြင် တစ်ခြား ဆုလဒ်တွေကလည်း ခင်ဗျားတို့အားလုံးကို စောင့်ကြိုနေကြပါတယ် “

ထိုစကားများကိုကြားလိုက်ရပြီးသည့်နောက်၌ လူအများစု၏ အမူအရာများသည် သိသိသာသာ ပြောင်းလဲသွားကြသည်။

တက္ကသိုလ် ကျောင်းသားကျောင်းသူများနှင့် ပြင်ပသိုင်းပညာရှင်များက အေးဆေးတည်ငြိမ်နေခဲ့သော်လည်း၊ အထက်တန်း ကျောင်းသားကျောင်းသူများကမူ ရင်တလှပ်လှပ် ဖြစ်သွားခဲ့ကြသည်။

ရှုကျိုးပင် အနည်းငယ် သွေးဆောင်ခံလိုက်ရသည် “ ဆုငွေဆယ်သန်းဆိုတော့ ကျင့်ကြံရေး အရင်းအမြစ်တွေ ဘယ်လောက်တောင် ဝယ်နိုင်မှာလဲ? “

သို့ရာတွင် မကြာခင်မှာပင် ရှုကျိုးသည် ပြဿနာတစ်ခုကို နားလည်သွားခဲ့သည် “ တက္ကသိုလ် ကျောင်းသားကျောင်းသူတွေနဲ့ ပြင်ပသိုင်းပညာရှင်တွေ အများကြီးရှိနေတယ်၊ ပထမအဆင့် ရဖို့ဆိုတာက မလွယ်လောက်ဘူး “

သူသည် ပတ်ပတ်လည်ကို လှည့်ကြည့်နေတော့သည်။

ဒုတိယအဆင့် သိုင်းပညာရှင်များပင် မနည်းမနော ရှိနေခဲ့သည်။

အဆင့် တစ်နေရာကိုပင် မဆိုထားနှင့် ထိပ်ဆုံး ၁၀ဦးအဆင့်ထဲသို့ ဝင်ရောက်ရန်ကပင် လွယ်ကူနေလိမ့်မည် မဟုတ်ပေ။

ကံကောင်းထောက်မစွာဖြင့် ထိုအချိန်တွင် သက်လတ်ပိုင်းလူကြီးမှ ဆက်လက်၍ ပြောကြားလာခဲ့သည် “ အရင်နှစ်တွေတုန်းကတော့ အထက်တန်း ကျောင်းသူကျောင်းသားတွေအတွက် စာရင်းဇယားလုပ်ပေးဖို့ အခက်အခဲ ရှိခဲ့တယ်၊ ဒါပင်မဲ့ ဒီတစ်ကြိမ်မှာတော့ သူတို့တွေအတွက်ပါ စာရင်းဇယားတစ်ခု ထပ်လုပ်ပေးသွားပါမယ် “

“ အဲ့ဒီစာရင်းက အထက်တန်း ကျောင်းသူကျောင်းသားတွေအတွက် အကျုံးဝင်ပါတယ်၊ ဆုလဒ်တွေကတော့ “

“ ပထမဆု ဆုငွေ တစ်သန်း “

“ ဒုတိယဆု ဆုငွေ ငါးသိန်း “

“ တတိယဆု ဆုငွေ တစ်သိန်း “

အထက်တန်း ကျောင်းသားကျောင်းသူတွေအတွက် သတ်ဖြတ်ခြင်း စာရင်းဇယား တကယ်ကြီး ရှိနေတယ်ပေါ့?

ချက်ချင်းဆိုသလိုပင် ရှုကျိုး၏ မျက်လုံးများ တောက်ပသွားခဲ့သည်။

အတွင်းပိုင်း သတ်ဖြတ်ခြင်း စာရင်းဇယားထဲသို့ ဝင်ရောက်နိုင်ရန် ခဲယဥ်းလှသော်လည်း၊ အထက်တန်းကျောင်း သတ်ဖြတ်ခြင်း စာရင်းကမူ …

ရှုကျိုးသည် နံပတ်တစ်နေရာ ရရန် စိတ်ပိုင်းဖြတ်ထားခဲ့ပြီးပြီ ဖြစ်သည်။

“ ဟွမ်းးးး ! “

ခန်းမထဲတွင် များစွာသော အထက်တန်း ကျောင်းသားကျောင်းသူတို့၏ ၁၅၀ကယ်လိုရီရှိသည့် ချီ-သွေး အတက်အကျများ လျင်မြန်စွာ ပေါ်ပေါက်လာခဲ့သည်။

ရှုကျိုးကဲ့သို့ပင် သူတို့မှာလည်း သူတို့က ပထမနေရာကို အရယူနိုင်သည်ဟု ယုံကြည်ချက်ရှိနေခဲ့ကြသည်။

ဟွမ်းးးး !!

ဟွမ်းးးး !!

ဟွမ်းးးး !!

မကြာခင်မှာပင် အထက်တန်းကျောင်းသားကျောင်းသူသည် ချီ-သွေး ၁၅၀ကယ်လိုရီရှိသော သူတို့၏စွမ်းအားကို ထုတ်ဖော်ပြသလာခဲ့ပြီး၊ ချီ-သွေး စွမ်းအင်လှိုင်းများကို ထုတ်လွှတ်လာကြသည်။

ကောလိပ် စာမေးပွဲ မရောက်ခင် အချိန်တွင် ချီ-သွေး ၁၅၀ကယ်လိုရီသို့ ရောက်ရှိနေကြသည့် ကျောင်းသားကျောင်းသူများသည် ကျောင်းတစ်ခုချင်းစီတိုင်းမှ ထိပ်ဆုံး ပါရမီရှင် သုံးဦးသာလျှင် ဖြစ်သည်။

သူတို့သည် လူအများကြားမှ နဂါးများ ဖြစ်ကြသည်။

မည်သူကမှ တစ်ခြားတစ်ဦးဦး၏ ဖိနှိပ်ခြင်းကို မခံလိုကြပေ။

ထိုအခိုက်အတန့်တွင် အားလုံးသည် တစ်ဦးနှင့်တစ်ဦး စတင်၍ ယှဥ်ပြိုင်လာကြပြီ ဖြစ်သည်။

“ ဝုန်းးးးးး ! “

ထိုအချိန်တွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်တစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့ပြီး၊ လောင်ကျွမ်းနေသော နေမင်းကဲ့သို့ ခန်းမတစ်ခုလုံးကို ဖိနှိပ်လာခဲ့သည်။

“ အဲ့တာက ….. ချီ-သွေး ၁၆၀ကယ်လိုရီလား? “

“ ဒုတိယအကြိမ်မြောက် အုတ်မြစ်တည်ဆောက်ခြင်း !! ”

လူတိုင်း အသက်ရှုကြပ်သွားကြပြီး ထိုလူ့ကို မနာလို၊ အားကျဖြစ်နေသော မျက်လုံးများဖြင့် ကြည့်ရှုနေကြတော့သည်။

နှစ်လိုဖွယ် အသွင်အပြင်ရှိသည့် လှံကိုင်ဆောင်ထားသော လူငယ်လေးတစ်ဦးသည် ထူးခြားသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေခဲ့ပြီး၊ ထင်းရှူးပင်ကဲ့သို့ မားမားမတ်မတ် ရပ်တည်နေခဲ့သည်။

သူ၏ ပြင်းထန်သော ဖိအားအောက်တွင် ချီ-သွေး ၁၅၀ကယ်လိုရီရှိသည့် စွမ်းအင်လှိုင်းများ ပြိုလဲပျက်စီးသွားခဲ့သည်။

သို့သော် မကြာခင်မှာပင် ပြိုင်ဘက်အများအပြား ပေါ်လာတော့လေသည်။

ဟွမ်းးးး !!

ဟွမ်းးးး !!

ဟွမ်းးးး !!

ချီ-သွေး ၁၆၀ကယ်လိုရီရှိသည့် စွမ်းအားများသည် တစ်ခုပြီးတစ်ခု ပေါ်လာခဲ့ပြီး၊ နေထွက်လာသကဲ့သို့ မိုးထိထောင်တက်လာခဲ့ကာ ခန်းမတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။

ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားပြီး၊ လက်နက်များကို ကိုင်ဆောင်ထားသည့် များစွာသော အရပ်ရှည်ရှည် အမျိုးသား အမျိုးသမီးတို့သည် မယိမ်းမယိုင် မတ်တပ်ရပ်နေလျက်ရှိသည်။

သူတို့သည် ဒုတိယ အကြိမ်မြောက် အုတ်မြစ်တည်ဆောက်ခြင်းကို အောင်မြင်ထားကြသည့် ပါရမီရှင်များ ဖြစ်သည်။

ယခင်က ၁၅၀ကယ်လိုရီရှိသော ချီ-သွေး စွမ်းအင်လှိုင်းတို့သည် ပိုးစုန်းကြူးလေးများကဲ့သို့ မှိန်ဖျော့သွားခဲ့သည်။

ဒုတိယအကြိမ်နှင့် ပထမအကြိမ် အုတ်မြစ်တည်ဆောက်ခြင်းတို့ကြားရှိ ကွာဟချက်သည် အပြည့်အဝ အလုပ်လုပ်လာခဲ့ပြီ ဖြစ်သည်။

၎င်းတို့နှစ်ခုသည် တူညီသော အဆင့်များ မဟုတ်ကြပေ။

ထိုအခိုက်အတန့်တွင် ဒုတိယအကြိမ်မြောက် အုတ်မြစ်တည်ဆောက်ခြင်းကို အောင်မြင်ထားပြီး၊ ချီ-သွေး ၁၆၀ ကယ်လိုရီအထိ ရောက်ရှိနေကြသော လူများသည် လင်းလက်စွာ တောက်ပလျက်ရှိပြီး၊ ခန်းမတစ်ခုလုံးကို ဖိနှိပ်ထားခဲ့သည်။

ထိုလူများသည် စစ်မှန်သည့် ပါရမီရှင်များဖြစ်သည်။ အများစုသည် အတွင်းမြို့တော် ကျောင်းကျိုးမှ လူများဖြစ်ကြပြီး၊ ထိုလူများထဲတွင် ကျန်းလန်နှင့် လျူဟီတို့ပါ ပါဝင်နေခဲ့သည်။

“ ဒုတိယအကြိမ်မြောက် အုတ်မြစ်တည်ဆောက်ခြင်းကို အောင်မြင်ထားတဲ့ လူတွေ အများကြီး ရှိနေပါလား? “ ရှုကျိုး အနည်းငယ် အံ့ဩသွားခဲ့သည်။

“ အားလုံး မဟုတ်ဘူး “ သူ့ဘေးနားရှိ လီရို့ရှီမှ အသာခေါင်းခါပြလာခဲ့သည် “ တစ်ချို့တွေက ငါ့လိုပဲ၊ နည်းနည်း လိုနေ‌သေးတယ် “

ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်၊ သူ၏သွေးများက ပွက်ပွက်ဆူနေစဲပင် ဖြစ်သည်။

ထိုအခိုက်အတန့်တွင် သူသည် ထိုလူများ၏ စွမ်းအားကို နားလည်သွားခဲ့ပြီ ဖြစ်သည်။

သူတို့က တော်တော်ကြီးကို သန်မာကြတာပဲ !!

ဒါကမှ တကယ့် သူရဲကောင်း တိုက်ပွဲပဲ !!

ငါးနှစ်တစ်ကြိမ် ဖွင့်တဲ့ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ တားမြစ်နယ်မြေကို ကျောင်းကျိုး ပါရမီရှင် တိုက်ပွဲလို့ ခေါ်နေကြတာက အံ့ဩစရာတော့ မဟုတ်ဘူးပဲ။

အကယ်၍ တစ်ယောက်ယောက်ကသာ ပထမနေရာကို ရသွားခဲ့ပါက ထိုလူသည် ကျောင်းကျိုး၏ နံပတ်၁အဖြစ် သတ်မှတ်ခံလိုက်ရမည် ဖြစ်သည်။

လီရို့ရှီသည် သူ့ကို ကြည့်ကာ အပြုံးဖြင့် မေးလာခဲ့သည် “ ပထမနေရာကို လိုချင်နေတာလား? “

ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။

ဤနေရာသို့ ရောက်ရှိလာခဲ့ပြီဖြစ်သောကြောင့် သူသည် ၎င်းကို လက်လွှတ်ခံလိမ့်မည် မဟုတ်ပေ။

“ ငါလည်း လိုချင်တယ် “ လီရို့ရှီ၏ အကြည့်မှာလည်း ခိုင်မာပြတ်သားနေခဲ့သည်။

ရှုကျိုးသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းလိုက်ပြီး သူ၏လက်သီးဆုပ်ကို ဆန့်ထုတ်လိုက်သည် “ လုပ်လိုက်ကြတာပေါ့ “

“ ဟုတ်တယ်၊ လုပ်လိုက်ကြတာပေါ့ ” လီရို့ရှီမှာလည်း သူမ၏ နူးညံ့သော လက်သီးဆုပ်လေးကို ဆန့်ထုတ်လာခဲ့ကာ သူ၏ လက်သီးဆုပ်နှင့် တိုက်လိုက်သည်။

အပိုင်း ( 53 )

သတ်ဖြတ်မှုများ စတင်ပြီ !!

စင်ပေါ်ရှိ သက်လတ်ပိုင်းလူကြီးသည်

ဆုလဒ်များကို မိတ်ဆက်ပေးခဲ့ပြီးသည့်နောက်တွင် ဆက်လက်၍ ပြောကြားလာခဲ့သည် “ ဒီမှာ ရှိနေတဲ့ လူတွေ အကုန်လုံးက သိုင်းပညာရှင်တွေချည်းပါပဲ၊ ဆိုတော့ စကားကြော ရှည်မနေတော့ပါဘူး “

“ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲကို ရောက်သွားရင်၊ ရည်ရွယ်ချက် တစ်ခုပဲ ရှိတယ် “ သတ် !!! “ “

“ မင်းတို့ တွေ့သမျှ သားရဲတွေ အကုန်လုံးကို သတ် “ သူသည် အားမာန်အပြည့်ဖြင့် အော်ပြောလာခဲ့သည်။

လေထုသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီး၊ အားလုံးသည် တိတ်တဆိတ် ခေါင်းငြိမ့်လာကြသည်။

၎င်းကို မြင်လိုက်ရသောအခါတွင် အရာရှိသည် မည်သည့်အရာကိုမှ ထပ်မပြောတော့ဘဲ သူ့အောက်ရှိ မြင့်မားသော ပလက်ဖောင်းကြီးကို ကြည့်ကာ အော်ပြောလိုက်သည် “ ပို့ဆောင်ရေး လမ်းကြောင်းကို အသက်သွင်းပါ “

သူသည် ပလက်ဖောင်းပေါ်မှ ဆင်းသွားတော့သည်။

ထို့နောက်တွင် အရာရှိ အများအပြားသည် ပို့ဆောင်ရေး လမ်းကြောင်းကို အသက်သွင်းရန်အတွက် အောက်ရှိ ပလက်ဖောင်းဆီသို့ တက်လာခဲ့ကြသည်။

“ ဗြွီ !! “

အလင်းတန်း တစ်ခုသည် ဆလင်ဒါပုံသဏ္ဍာန် ပလက်ဖောင်းဆီမှ ထွက်ပေါ်လာခဲ့သည်။

အထက်တန်း ကျောင်းသူကျောင်းသားများ တုံ့ဆိုင်းနေကြသည့် အချိန်တွင် ပြင်ပပညာရှင်များသည် ပလက်ဖောင်းပေါ်သို့ ခုန်တက်သွားခဲ့ပြီ ဖြစ်သည်။

ထို့နောက် မကြာခင်မှာပင် ပိုပိုများသော လူများသည် ပလက်ဖောင်းပေါ်သို့ ခုန်တက်သွားခဲ့သည်။

“ အတူတူ တက်ကြတာပေါ့ “ ရှုကျိုးသည် သူ၏အစ်မကို ပြောလိုက်သည်။

“ အင်းး “ လီရို့ရှီမှ ငြင်သာစွာ ခေါင်းငြိမ့်ပြလာခဲ့ပြီး၊ ပလက်ဖောင်းပေါ်သို့ ရှုကျိုးနှင့်အတူ တက်သွားတော့သည်။

ရှကျိုးသည် သူမ၏လက်ပတ်နှင့် ချိတ်ဆက်ရန်အတွက် လက်ပတ်ဝတ်ထားသည့် သူ၏လက်ကို ဆန့်ထုတ်လိုက်သည်။

“ ဗြွီ !! “

ချက်ချင်းဆိုသလိုပင် သူတို့၏ လက်ပတ်များသည် သံလိုက်များကဲ့သို့ မြဲမြံစွာ ချိတ်ဆက်သွားခဲ့သည်။

ရှုကျိုးသည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီး၊ တည်နေရာ ကူးပြောင်းနေသည့် ကာလအတွင်းတွင် လူချင်းကွဲသွားမည်ကို စိုးရိမ်နေလျက်ရှိသည်၊ ထို့ကြောင့် သူသည် သူမ၏ သွယ်လျပြီး ဖြူဖွေးနူးညံ့သော လက်ကလေးကို တိုက်ရိုက် ဆုပ်ကိုင်လိုက်သည်။

လီရို့ရှီ၏ လက်ဖဝါးလေးသည် အနည်းငယ် တုန်ရင်သွားခဲ့ပြီး၊ သူမသည် သူ့ကို မော့ကြည့်လာခဲ့သည်။

ပလက်ဖောင်းပေါ်တွင် လူများ ပိုမို စုစည်းရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

အရေအတွက်က လူ၃၀၀အထိ ရောက်ရှိသွားခဲ့သောအခါတွင် အရာရှိတစ်ဦးမှ အော်ပြောလာခဲ့သည် “ ကျန်တဲ့ လူတွေက နောက်တစ်လှည့်ကို စောင့်ပေးပါ “

ထိုစကားသံ ပြီးဆုံးသွားသည့်အချိန်တွင် ပလက်ဖောင်းပေါ်ရှိ အလင်းတန်းသည် ရုတ်တရက် တောက်ပလာခဲ့ပြီး၊ စင်ပေါ်ရှိ လူတိုင်းကို လွှမ်းခြုံသွားခဲ့သည်။

“ ဗြွီ !!! “

နောက်ထပ် စက္ကန့်းပိုင်းမျှအကြာတွင် ရှုကျိုးပါဝင်သည့် လူ၃၀၀ကျော်သည် ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။

တစ်ခြားသော ခံတပ်တစ်ခုအတွင်းရှိ ကြီးမားသော အစည်းအဝေးအခန်းတစ်ခုထဲတွင်

အနက်ဝတ် အမျိုးသား၊ အမျိုးသမီး လူတစ်စုသည် တိတ်တဆိတ် ထိုင်နေကြပြီး၊ သူတို့လက်ထဲရှိ စာရွက်စာတမ်းများ ဖတ်ရှုလေ့လာနေလျက်ရှိသည်။

အကယ်၍ ရှုကျိုးသာ ဤနေရာတွင် ရှိနေမည်ဆိုပါက ထိုလူများကြားထဲတွင် ပညာရှင် လျူချင်းယွမ် ရှိနေသည်ကို သတိပြုမိသွားမည် ဖြစ်သည်။

ထိုလူအားလုံးသည် ရန်ပြည်ထောင်ရှိ ထိပ်တန်း တက္ကသိုလ်များထံမှ ရောက်ရှိလာကြသော လူများဖြစ်သည်။

လူအများစုသည် တက္ကသိုလ်ဆရာ၊ နည်းပြဆရာ စသည်ဖြင့် မြင့်မားသော ရာထူးများကို ပိုင်ဆိုင်ထားကြသည်။

သူတို့သည် သူတို့၏ တက္ကသိုလ်များကို ကိုယ်စားပြုကာ ရောက်လာကြခြင်း ဖြစ်ပြီး၊ ဤတစ်ကြိမ် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူဖွင့်ပွဲတွင် ထူးချွန်ထက်မြက်သော ပါရမီရှင်များ ထွက်ပေါ်လာမလားဆိုသည်ကို စောင့်ကြည့်ကြမည် ဖြစ်သည်။

“ ဆိုတော့ တော်ဝင် သိုင်းပညာ တက္ကသိုလ်က လူတစ်ယောက်မှ ထပ်မပို့လိုက်ပြန်ဘူးပေါ့? ပြီးတော့ ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်ကလည်း လူတစ်ယောက်ပဲ လွှတ်လိုက်တယ်ပေါ့ “

“ ဟက်၊ ထိပ်တန်း တက္ကသိုလ်ကြီးတွေ ဆိုတဲ့အတိုင်း တကယ် မောက်မာတာပဲ၊ ဒီကျောင်းကျိုးကို အထင်သေးနေကြတယ် “

“ မင်းတို့က အဲ့လိုတော့ ပြောလို့ မရဘူးလေ။ ကျောင်းကျိုးမှာက ဘာပါရမီရှင်မှ သိပ်မရှိဘူးလေ “

“ ပြီးတော့ ကျောင်းကျိုးရဲ့ အဆင့်က ပြည်နယ်ဆယ့်နှစ်ခုထဲမှာ တော်တော်နိမ့်တယ်လေ၊ ထိပ်တန်း ပါရမီရှင်တွေကိုလည်း မထုတ်လုပ်ပေးနိုင်ဘူး “

အမျိုးမျိုးသော သိုင်းပညာ တက္ကသိုလ်များမှ နည်းပြဆရာ၊ ဆရာများသည် အချင်းချင်း တီးတိုးပြောဆိုနေကြသည်။

ရံဖန်ရံခါတွင် သူတို့၏ အကြည့်များသည် လျူချင်းယွမ်ရှိရာ အရပ်ဆီသို့ ရောက်ရှိသွားခဲ့သည်။

ယခုလက်ရှိ ဤနေရာတွင် ရှိနေသည့် ဒါဇင်နှင့်ချီသော လူများအတွင်းတွင် လျူချင်းယွမ်သည် ထိပ်တန်း သိုင်းပညာ တက္ကသိုလ်ဖြစ်သည့် ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်မှလာသော လူတစ်ဦး ဖြစ်သည်။

“ ပညာရှင်လျူ “ လျူချင်းယွမ်၏ ဘေးနားတွင် ထိုင်နေသည့် လှပသော အမျိုးတစ်ဦးမှ စကားပြောလာခဲ့သည် “ ဒီတစ်ခေါက် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူဖွင့်ပွဲမှာ ဘယ်ကျောင်းသား ကျောင်းသူတွေကများ ရှင့်ရဲ့ အာရုံကို ဖမ်းစားထားပြီးပြီလဲ? “

စာရွက် စာတမ်းများကို ကြည့်ရှုနေသည့် လျူချင်းယွမ်သည် ထိုစကားကို ကြားလိုက်ရသောအခါတွင် ခေါင်းမမော့လာခဲ့ဘဲ စကားသာ ပြန်ပြောလာခဲ့သည် “ အထင်ကြီးဖို့ကောင်းတဲ့လူကို ရှာမတွေ့သေးပါဘူး “

“ အို့? “ လင်းယောင်မှ သိလိုစိတ်ဖြင့် မေးမြန်းလိုက်သည် “ ဒီတစ်ကြိမ်တော့ ကျန်းမိသားစုက ကောင်မလေးလည်း ရောက်လာခဲ့တယ်တဲ့။ ရှင်က သူမကိုတောင် စိတ်မဝင်စားဘူးလား? “

လျူချင်းယွမ်မှ ငြင်ငြင်သာသာ ရယ်မောလာခဲ့သည် “ ကျန်းလန်လား? သူမရဲ့ စွမ်းရည်က ထူးခြားပါတယ်၊ ဒါပင်မဲ့ ကံမကောင်းစွာနဲ့ပဲ သူမက ကျွန်တော့်နယ်ပယ်နဲ့ မသင့်တော်ဘူး ဖြစ်နေတယ် “

“ မှန်ပါတယ် “ လင်းယောင်မှ ခေါင်းငြိမ့်ပြလိုက်ပြီး၊ သူမ၏ မျက်လုံးများထဲတွင် စိတ်ရှုပ်ထွေးနေသည့် အရိပ်အယောင်များ ရှိနေခဲ့သည်။

“ ရှင့်ရဲ့ ဌာနက တော်တော်လေးကို ထူးခြားတယ် “

သူမသည် ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်မှ မဟုတ်ဘဲ၊ ပေကျင်း သိုင်းပညာ တက္ကသိုလ်မှ ဖြစ်ပြီး၊ ၎င်းမှာလည်း အဓိက သိုင်းပညာ တက္ကသိုလ် တစ်ခုဖြစ်သည်။

တက္ကသိုလ်နှစ်ခုမှာ မိုင်ထောင်နှင့်ချီ၍ ဝေးကွာနေလျက်ရှိသော်လည်း လင်းယောင်သည် လျူချင်းယွမ် ဌာန၏ ကျော်ကြားမှုကို ကြားဖူးနေခဲ့သည်။

ဤတစ်ကြိမ်တွင်မူ လျူချင်းယွမ်သည် မည်သည့်စကားကိုမှ ထပ်မပြောလာတော့ဘဲ သူ့လက်ထဲရှိ စာရွက်စာတမ်းကို ဆက်၍ စစ်ဆေးနေတော့သည်။

ရုတ်တရက် ဆိုသလိုပင် လျူချင်းယွမ်၏ လက်များ ရပ်တန့်သွားခဲ့ပြီး၊ သူ၏ ခန္ဓာကိုယ် တုန်ရင်သွားခဲ့ကာ မျက်နှာတွင်လည်း အံ့အားသင့်နေသည့် အရိပ်အယောင်များ ဖြတ်သန်းဖြစ်ပေါ်လာခဲ့သည် “ ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ၊ ဒီကလေးကရော ဒီကို ရောက်လာခဲ့တာလား? ”

သူ၏ အမူအရာကို မြင်တွေ့လိုက်ရသောအခါတွင် လင်းယောင်၏ လှပသော မျက်နှာလေးပေါ်၌ သိချင်နေသည့် အမူအရာတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။

ဘယ်လူငယ်လေးက အမြဲလိုလို တည်ငြိမ်နေတတ်တဲ့ ပညာရှင်လျူကို ဒီလို တုံ့ပြန်မှုမျိုး ဖြစ်သွားစေခဲ့တာလဲ?

သူမသည် တစ်ဖက်သို့ စောင်းလာခဲ့ပြီး၊ လျူချင်းယွမ်လက်ထဲရှိ စာရွက်စာတမ်းကို လှမ်းကြည့်လာခဲ့သည်။

သူတို့ လက်ထဲရှိ စာရွက်စာတမ်းများသည် တပ်မတော်မှ အချက်အလက်များ စုဆောင်း၍ ပြုလုပ်ပေးထားသော အရာများဖြစ်ပြီး၊ များသောအားဖြင့် အထက်တန်း ကျောင်းသားကျောင်းသူများ၏ အထောက်အထားများ၊ စွမ်းအားများနှင့် တစ်ခြားသော အသေးစိတ်အချက်အလက်များ ပါဝင်နေခဲ့သည်။

၎င်းတို့သည် အဆိုပါ နည်းပြဆရာ ဆရာမများအတွက် ပါရမီရှင်များကို ပိုမိုလွယ်ကူစွာ ရှာတွေ့သွားစေရန် ကူညီပေးလေသည်။

ထိုအချိန်တွင် လျူချင်းယွမ် လက်ထဲရှိ စာရွက်စာတမ်းသည် ရှုကျိုး၏ စာရွက်စာတမ်းဖြစ်သည်။

“ လင်းဂျန် ပထမ အထက်တန်းကျောင်း၊ ရှုကျိုးလား? “ လင်းယောင် အံ့အားသင့်သွားခဲ့သည် “ သူက အတွင်းမြို့တော်က မဟုတ်ဘူးပေါ့ “

၎င်းတို့ကို ကြားခဲ့ရပြီးသည့်နောက်တွင် တစ်ခြားသော နည်းပြ ဆရာ၊ ဆရာမများကလည်း ရှုကျိုး၏ စာရွက်စာတမ်းကို ရှာဖွေကာ စတင်၍ စူးစမ်းလေ့လာနေကြပြီ ဖြစ်သည်။

ပညာရှင်လျူကတောင် တန်ဖိုးထားရတဲ့ ကျောင်းသားဆိုတော့ တော်တော်လေးကို ထူးခြားနေလောက်တယ်။

“ ဒုတိယအဆင့် တိုက်ခိုက်ရေး စွမ်းရည်လား? ချီ-သွေး ၉၅လား? “

မကြာခင်မှာပင် အကြီးအကဲတစ်ဦးသည် အံ့ဩတုန်လှုပ်နေသည့် အမူအရာတစ်ခုကို ချပြလာခဲ့သည် “ ဒါက ဘာမှလည်း ထူးခြားနေတဲ့ပုံ မပေါ်ပါဘူး “

“ သူက ပထမနှစ် ကျောင်းသားတစ်ယောက်ပဲ “ လျူချင်းယွမ်မှ ခေါင်းမော့၍ ပြောလာခဲ့သည် “ ပြီးတော့ ဒီအချက်အလက်တွေက မပြည့်စုံဘူး “

ဤစာရွက်စာတမ်းထဲရှိ အချက်အလက်များသည် လွန်ခဲ့သော တစ်လခွဲမှ အချက်အလက်များ ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူအတွက် လျှောက်လွှာများကို တစ်လခွဲခန့် ကြိုတင် ပိတ်ထားခဲ့သောကြောင့် ဖြစ်သည်။

ထိုအချိန်က ကျန်းလန်သည် လင်းဂျန် ပထမ အထက်တန်းကျောင်းသို့ သွားကာ ရှုကျိုး၏ စွမ်းရည်များကို စမ်းသပ်ဖြစ်သွားခဲ့သည်။

ရှုကျိုး၏ တိုက်ခိုက်ရေး နည်းစနစ်သည် တတိယအဆင့်သို့ မရောက်သေးဘဲ၊ သူ၏ချီ-သွေးမှာလည်း ၉၅ကယ်လိုရီသာလျှင် ရှိနေခဲ့သည်။

“ ပထမနှစ် ကျောင်းသားတစ်ယောက်လား? “

နည်းပြ ဆရာ၊ ဆရာမများသည် အကြည့်များ ဖလှယ်လိုက်ပြီး အံ့အားသင့်သွားသော အမူအရာများကို ဖော်ထုတ်ပြသလာကြသည်။

လျူချင်းယွမ်မှ ဆက်၍ ပြောပြလာခဲ့သည် “ လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက ကျွန်တော်က လင်းဂျန် ပထမအထက်တန်းကျောင်းဆီ အလည်သွားဖြစ်ခဲ့ပြီး၊ အဲ့ဒီကျောင်းသားလေးနဲ့ တွေ့ခဲ့တယ် “

“ အခုဆိုရင်တော့ သူ့ရဲ့ တိုက်ခိုက်ရေး နည်းစနစ်က အဆင့်၃ကို ရောက်နေလောက်ပြီ၊ ဒါပင်မဲ့ အရေးအကြီးဆုံး အပိုင်းက သူ့ရဲ့ စိတ်ဝိညာဥ်စွမ်းရည်က တော်တော်လေးကို ထူးခြားနေတာပဲ “

“ ပုံရိပ်ယောင်ကမ္ဘာထဲမှာ သူက ဆယ့်တစ်နာရီကျော်ကြာ ဆက်တိုက် တိုက်ခိုက်နိုင်ခဲ့တယ် “

၎င်းကို ကြားလိုက်ရသောအခါတွင် လူတိုင်း အံ့ဩတုန်လှုပ်သွားကြသည်။

လင်းယောင်သည် မအောင့်ထားနိုင်တော့ဘဲ သူမ၏ နီရဲရဲ နှုတ်ခမ်းသေးသေးလေးကို ဖွင့်ကာ မေးမြန်းလာခဲ့သည် “ ပထမနှစ် ကျောင်းသားလေးတစ်ယောက်ဆီမှာ ဒီလောက်တောင် အံ့ဩဖို့ကောင်းတဲ့ စိတ်ဝိညာဥ်စွမ်းအင်ရှိနေတာလား? “

လျူချင်းယွမ်သည် လူအုပ်ကြီး၏ အံ့ဩတုန်လှုပ်မှုများကို လျစ်လျူရှုထားခဲ့သည်။

ဒီတစ်ကြိမ်တွင် သူ၏မျက်ခုံးများ အနည်းငယ် လှုပ်ခတ်သွားခဲ့ပြီး၊ စိတ်မသက်မသာ ဖြစ်နေသော အမူအရာတစ်ခုကို ချပြလာခဲ့သည် “ ဒီကလေးက နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲကို ဘာလာလုပ်တာလဲ? မဆင်မခြင်နဲ့ကွာ !! “

၎င်းကို ကြားလိုက်ရသောအခါတွင် တစ်ခြားလူများလည်း သတိပြန်ဝင်သွားကြသည်။

တကယ်ပဲ၊ ရှုကျိုးလို ပထမနှစ် အထက်တန်း ကျောင်းသားလေးတစ်ယောက်က ဘာလို့ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲကို ရောက်လာခဲ့တာလဲ?

သူက သေသွားမှာကို မကြောက်ဘူးလား?

“ တကယ်ကို ပေါ့ပေါ့ဆဆလုပ်လိုက်တာပဲ “ သူ့ဘေးနားရှိ လင်းယောင်မှာလည်း ခေါင်းတခါခါ ဖြစ်နေခဲ့သည် “ ပထမနှစ် ကျောင်းသားတစ်ယောက်က နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲကို ဝင်လာတာက တော်တော်ရှားတယ် “

ပထမနှစ် ကျောင်းသားကျောင်းသူများသည် အကယ်၍ သူတို့၏ စွမ်းရည်များက ထူးချွန်နေမည်ဆိုလျှင်တောင်မှ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲကို ဝင်ရောက်နိုင်မည့် လိုအပ်ချက်များ ပြည့်မှီရန် အလွန်ခဲယဥ်းနေခဲ့သည်။

နတ်ဆိုးတစ်ထောင် လှိုဏ်ဂူသည် တားမြစ်နယ်မြေတစ်ခု ဖြစ်သည်။

ပထမအဆင့် သိုင်းပညာရှင်များကပင် သေရေးရှင်ရေး အန္တရာယ်များနှင့် ရင်ဆိုင်ရတတ်သည်။

လင်းယောင်သည် သူမ၏ဦးခေါင်းကို အသာအယာ ခါယမ်းလိုက်ပြီး၊ ရှုကျိုးကို အာရုံစိုက်မည့် အတွေးများကို စွန့်လွှတ်လိုက်တော့သည်။

သူမသည် တက္ကသိုလ်ထဲသို့ ဝင်ရောက်မည့် ကျောင်းသူကျောင်းသားများကို ခေါ်ယူချင်နေခြင်းဖြစ်ပြီး၊ ရှုကျိုးမှာ ပထမနှစ်ကျောင်းသားလေး တစ်ဦးသာလျှင် ဖြစ်ကာ မည်မျှပင် ထူးခြားနေခဲ့ပါစေ၊ ၎င်းသည် သိုင်းပညာ တက္ကသိုလ်များကို ဆွဲဆောင်နိုင်မည် မဟုတ်သေးပေ။

ထို့အပြင် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲသို့ ရောက်သွားသည့် ပထမနှစ် အထက်တန်း ကျောင်းသားတစ်ဦး၏ အသက်ရှင် ကျန်ရစ်နိုင်သည့် အခွင့်အလမ်းမှာ အလွန်နည်းပါးလွန်းလှသည်။

ထိုအခိုက်အတန့်တွင် လျူချင်းယွမ်မှာလည်း မျက်မှောင်ကြုတ်ကာ စိတ်ရှုပ်ထွေးနေလျက်ရှိသည်။

မကြာသေးခင်ကမှ သူသည် ရှုကျိုး၏ အကြောင်းကို ရှားမိသားစုထံသို့ ပေးပို့တင်ပြခဲ့ပြီး၊ မိသားစုမှလည်း သူ့အား အလွန်အလေးအနက် ထားလာခဲ့သည်။

ဒီကလေးသာ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲမှာ သေသွားမယ်ဆိုရင် ငါက မိသားစုကို ဘယ်လိုရှင်းပြရတော့မှာလဲ?

ထိုကဲ့သို့သာ ဖြစ်ပေါ်လာခဲ့ပါက ရှားမိသားစုသည် အလွန်ထူးခြားလှသော စွမ်းရည်ပိုင်ရှင်ကို ဆုံးရှုံးသွားရလိမ့်မည် ဖြစ်သည်။

“ တစ်ယောက်ယောက်က ဗီဇပြောင်းသားရဲတစ်ကောင်ကို သတ်လိုက်ပြီ “ နည်းပြဆရာတစ်ဦးမှ ရုတ်တရက် ပြောလာခဲ့သည်။

တစ်ခြားသော နည်းပြ ဆရာ၊ ဆရာမများမှာလည်း အစည်းအဝေး အခန်း၏ ရှေ့ဘက်ရှိ ကြီးမားသော ဖန်သားပြင်ကြီးကို ကြည့်လာကြသည်။

ဖန်သားပြင်ပေါ်တွင် အထက်တန်း ကျောင်းသားကျောင်းသူတို့၏ သတ်ဖြတ်မှု စာရင်းဇယားကို ပြသထားခဲ့သည်။

ထိုအခိုက်အတန့်တွင် တစ်စုံတစ်ဦးသည် ဗီဇပြောင်းသားရဲတစ်ကောင်ကို သတ်ဖြတ်ခဲ့ပြီး၊ စာရင်းဇယားကို ဦးဆောင်လာခဲ့သည်။

………………………………………………………………………………………………

အပိုင်း ( 54 )

ရှုကျိုး၏ အလုံးစုံသော စွမ်းအား

ရှုကျိုးကမူ အစည်းအဝေး အခန်းထဲတွင် ဖြစ်ပျက်ခဲ့သည့် အရာများကို မသိပေ။

ထိုအချိန်တွင် ရှုကျိုးနှင့် လီရို့ရှီတို့သည် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

နတ်ဆိုးတစ်ထောင် လှိုဏ်ဂူဟု ခေါ်ဆိုသော အရာသည် ဂူတစ်ထောင်ကို ရည်ညွှန်းခြင်း မဟုတ်ပေ။

နတ်ဆိုးတစ်ထောင် လှိုဏ်ဂူသည် မြေမျက်နှာသွင်ပြင် မျိုးစုံရှိကာ ကျယ်ဝန်းလှပြီး၊ အမျိုးမျိုးသော ရှေးဦးသားရဲများ၊ မိုင်တစ်သောင်းရှိသော တောအုပ်ကြီးနှင့် ရေကန်များပင် ရှိနေခဲ့သည်။

နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ၏ အတွင်းပိုင်းနှင့် အပြင်ပိုင်းနယ်မြေဟု ခေါ်ဆိုသော နေရာများသည် လှိုဏ်ဂူ၏ သေးငယ်သော ဧရိယာလေးတစ်ခုကိုသာလျှင် ရည်ညွှန်းခြင်း ဖြစ်သည်။

တကယ့် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူသည် ထို့ထပ် အဆပေါင်းများစွာ ပို၍ ကျယ်ဝန်းလေသည်။

“ ဘုတ် !! “

ရှုကျိုးသည် မြေပြင်ပေါ်သို့ ဆင်းသက်လာခဲ့သည်။

သူသည် ကြယ်များ ပြောင်းလဲသွားသကဲ့သို့ ခံစားခဲ့ရပြီး၊ ဤနေရာသို့ ရုတ်တရက် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

“ ဝေါ့ “

ရှုကျိုးသည် ပျို့အန်ချင်နေသကဲ့သို့ ခံစားသွားရတော့သည်။

သူသည် ကလေးဘဝကတည်းက ဖျားနာအားနည်းလေ့ရှိကာ မကြာခဏ ကားမူးလေ့ရှိတတ်သည်။

ယခု သူ၏ စွမ်းအားနှင့် အခြေအနေများက ပို၍ အားကောင်းလာခဲ့သည့် အချိန်မှာပင် သူသည် ထိုကဲ့သို့သော အခြေအနေများကို မကျော်လွှားနိုင်သေးပေ။

ပြန်လည် သက်သာလာရန်အတွက် အချိန်များစွာ ယူခဲ့ရသည်။

ဘေးနားရှိ လီရို့ရှီကမူ အေးအေးဆေးဆေးသာ ဖြစ်နေခဲ့ပြီး၊ သူမ၏ ရှည်သွယ်သွယ် လက်ကလေးဖြင့် ရှုကျိုး၏ ကျောကုန်းကို ငြင်သာစွာ ပုတ်ပေးနေခဲ့သည် “ နေလို့ ကောင်းပြီလား? “

“ နည်းနည်းလေး ပိုကောင်းလာပြီ “

ထို့နောက်တွင် လီရို့ရှီသည် သူမ၏ လက်ကိုပြန်ရုတ်လိုက်ပြီး၊ သူမ၏ လှပသော မျက်လုံးလေးများဖြင့် ရှုကျိုးကို စိုက်ကြည့်လာခဲ့သည် “ နင့်ရဲ့ ခန္ဓာကိုယ်က အရင်တုန်းကလိုမျိုး ဖြစ်နေသေးတာလား? “

“ ငါ့ရဲ့ ခန္ဓာကိုယ်က ဘာမှားနေလို့လဲ? “ ရှုကျိုးသည် ကူရာကယ်ရာမဲ့စွာ ရှင်းပြနေတော့သည် “ ငါက ငယ်ငယ်လေးတည်းက ကားမူးတတ်တယ်လေ “

လီရို့ရှီသည် နူးညံ့ငြင်သာစွာ ရယ်မောနေခဲ့ပြီး မည်သည့်စကားကိုမှ ထပ်မပြောလာတော့ပေ။

ရှုကျိုးကမူ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေတော့သည်။

ဆိုတော့ ဒီဟာက နတ်ဆိုးတစ်ထောင် လှိုဏ်ဂူလား?

သူသည် သူတွေးထင်ထားသလောက် အန္တရာယ်ရှိပုံ မရသည့် ရှေးဦးတောအုပ်တစ်ခုထဲတွင် ရှိနေခဲ့သည်။

ချက်ချင်းဆိုသလိုပင် ရှုကျိုးသည် သူ၏ ဘေးဘက်ကို အာရုံခံနေတော့သည်။

မကြာခင်မှာပင် သူသည် သူ၏ ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ်က သူနှင့်အတူ ရှိနေသေးစဲဆိုသည်နှင့် အထဲတွင် ဆေဘာသွား နဂါးသားရဲ ရှိနေသည် ဆိုသည်တို့ကို အာရုံခံမိသွားခဲ့သည်။

ရှုကျိုးသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည်၊ ထို့နောက်တွင် အနည်းငယ် ကျေနပ်ပီတိဖြစ်သွားခဲ့သည် “ ဒီနည်းလမ်းက တကယ်ကြီးကို အလုပ်ဖြစ်တာပဲဟ “

နောက်ဆုံးတွင် သူသည် သူ၏ကိုယ်ပွားကို နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲသို့ အောင်မြင်စွာ ခေါ်ဆောင်လာနိုင်ခဲ့ပြီ ဖြစ်သည်။

သူသည် လီရို့ရှီ အိပ်ပျော်သွားသည့် အချိန်အထိ ‌စောင့်နေပြီးမှ သူ၏ကိုယ်ပွားကို လွှတ်ပေးရန် စီစဥ်နေတော့သည်။

အမှန်တိုင်းပြောရပါက နတ်ဆိုးတစ်ထောင် လှိုဏ်ဂူခရီးစဥ် ပြီးဆုံးသွားသည့် အချိန်မှ ကိုယ်ပွားကို လွှတ်ပေးလိုက်ခြင်းသာလျှင် အလုံခြုံဆုံး နည်းလမ်းတစ်ခု ဖြစ်နေလိမ့်မည် ဖြစ်သည်။

ထိုကဲ့သို့သာ မဟုတ်ဘဲ အကယ်၍ ကိုယ်ပွားသည် ဒုတိယအဆင့် သိုင်းပညာရှင်တစ်ဦးနှင့် ရင်ဆိုင်သွားရမည်ဆိုပါက၊ ပြဿနာ တက်သွားရလိမ့်မည် ဖြစ်သည်။

၎င်းကို တွေးတောစဥ်းစားနေရင်းဖြင့် ရှုကျိုးသည် တစ်စုံတစ်ခုကို ရုတ်တရက် မှတ်မိသွားပြီး၊ သူ၏အစ်မကို ကြည့်လိုက်သည် “ ငါတို့က ဘယ်လိုပြန်ကြမှာလဲ? “

“ နှစ်လအတွင်းမှာပေါ့ “ လီရို့ရှီမှ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလာခဲ့သည် “ ပို့ဆောင်ရေး လမ်းကြောင်းက လူစုမှတ်မှာ ပေါ်လာလိမ့်မယ်။ ထွက်သွားချင်တဲ့ လူတွေက အဲ့ကို သွားရမှာ “

ရှုကျိုး နားလည်သွားခဲ့သည်။

နှစ်လအတွင်းတွင် သူတို့သည် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲမှ ထွက်သွားနိုင်လိမ့်မည် မဟုတ်ပေ။

၎င်းသည် တပ်မတော်၏ ရည်ရွယ်ချက်ဖြစ်သည်။

ပို့ဆောင်ရေး လမ်းကြောင်း ခင်းကျင်းခြင်းကား အလွန်စားရိတ်စားခများလွန်းလှသည်။

စာရင်းသွင်းကာ ဤနေရာသို့ ရောက်ရှိလာခဲ့ပြီးသည့်နောက်တွင် နှစ်လတိတိ ဤနယ်မြေထဲတွင် နေနေရမည် ဖြစ်သည်။

အထက်တန်း ကျောင်းသူကျောင်းသားများ ဖြစ်စေ၊ တက္ကသိုလ် ကျောင်းသားကျောင်းသူများဖြစ်စေ၊ ၎င်းကို လေ့ကျင့်ရေး ခရီးစဥ်တစ်ခုအဖြစ် မှတ်ယူကြရမည် ဖြစ်သည်။

သူတို့သည် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲမှ လမ်းလျှောက်၍ အိမ်ပြန်သွားရန်လည်း ရွေးချယ်နိုင်သေးသည်၊ တပ်မတော်မှ သူတို့ကို တားဆီးမည် မဟုတ်ပေ။ သို့သော် ထိုကဲ့သို့ ပြုလုပ်လိုက်ခြင်းသည် ……..

ဤနေရာသို့ ရောက်လာရသည့် ရည်မှန်းချက်ကို ကျရှုံးသွားစေလိမ့်မည် ဖြစ်သည်။

“ သွားကြစို့ “ လီရို့ရှီသည် သူမ၏နောက်ကျောမှ ဓားရှည်ကို ဆွဲထုတ်လိုက်သည်၊ သူမ၏ အသံသည် ကြည်လင်ကာ နှစ်လိုဖွယ်ကောင်းနေခဲ့သည် “ ဗီဇပြောင်းသားရဲတွေကို သွားရှာကြစို့ “

ရှုကျိုးသည် ခေါင်းငြိမ့်ပြလိုက်ပြီး၊ သူ၏မျက်လုံးများထဲတွင်လည်း စိတ်အားထက်သန်နေသော အရိပ်အငွေ့များ ဖြစ်ပေါ်လာခဲ့သည်။

တကယ့် ဗီဇပြောင်းသားရဲများ ၎င်းတို့၏ အလောင်းများကပင် လွန်စွာ တန်ဖိုးရှိသည်ဟု သူကြားသိခဲ့ရသည်။

အစိတ်အပိုင်းတစ်ခုကိုပင် ယွမ်ထောင်ဈေးဖြင့် ရောင်းချနိုင်သည်ဟု ဆိုကြသည်။

“ ရွှစ် !! “ ရှုကျိုးသည် သူ၏ကျောဘက်မှ Eအဆင့် ၃၀၀အမျိုးအစား ဆေဘာကို ဆွဲထုတ်လိုက်ပြီး၊ လီရို့ရှီနောက်သို့ လျင်မြန်စွာ လိုက်သွားတော့သည်။

“ အခု နင့်ရဲ့ ချီ-သွေးက ဘယ်လောက်လဲ? ၁၂၀လား? “ လီရို့ရှီမှ ရုတ်တရက် မေးမြန်းလာခဲ့သည်။

“ မဟုတ်သေးဘူး “ ရှုကျိုးမှ ခေါင်းခါပြလိုက်သည်၊ သူ၏ ယခုလက်ရှိ ချီ-သွေးသည် ၁၁၂.၃ကယ်လိုရီသာ ရှိသေးသည်။

လီရို့ရှီသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့ပြီး၊ နူးညံ့ငြင်သာစွာ ပြောလာခဲ့သည် “ တကယ်လို့ ငါတို့က ပထမအဆင့် သားရဲနဲ့ တွေ့တယ်ဆိုရင်၊ ဝင်မပါနဲ့၊ နင်ဒဏ်ရာရသွားနိုင်တယ် “

ရှုကျိုး ဆွံ့အသွားတော့သည်၊ အစ်မတော် ငါ့ဆီမှာ Sအဆင့် စွမ်းရည်ရှိတယ်ဆိုတာကို နင်မေ့နေတာလား?

သူသည် ချီ-သွေးမှာ ၁၁၂.၃ကယ်လိုရီသာ ရှိနေသေးသော်လည်း၊ သာမန် ပထမအဆင့် သိုင်းပညာရှင်များကပင် သူ၏ပြိုင်ဘက် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။

ရှုကျိုးမှ စကားပြောရန် ပြင်လိုက်သည့် အချိန်တွင် သူ၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး၊ သူ၏ဓားကို နောက်ဘက်သို့ ရုတ်တရက် လွှဲရမ်းလိုက်သည်။

တစ်ချိန်တည်းမှာပင် လီရို့ရှီမှာလည်း ၎င်းကို အာရုံခံမိသွားခဲ့ပြီး၊ သူမ၏ ချီ-သွေးကို နှိုးဆွလိုက်ပြီး၊ သူမ၏ဓားကို နောက်ဘက်သို့ ပစ်လွှတ်လိုက်သည်။

ဓားနှစ်လက်သည် တစ်ပြိုင်နက်ဆိုသလိုပင် နောက်ဘက်သို့ ချီတက်သွားခဲ့သည်။

“ ဝေါင်း !! “

ထိုအခါမှသာလျှင် သူတို့၏နောက်ဘက်မှ ချောင်းမြောင်းနေသည့် ဗီဇပြောင်း သားရဲကြီးသည် ကမ္ဘာမြေ တုန်လှုပ်သွားစေသည့် ဟိန်းဟောက်သံတစ်ခုကို ထုတ်လွှတ်လာခဲ့သည်။

၎င်းမှာ နှစ်မီတာခန့် ရှည်လျားသည့် ကြောင်နက်ကြီး တစ်ကောင် ဖြစ်ပြီး၊ ၎င်း၏ခန္ဓာကိုယ်ပေါ်တွင် အချွန်အတက်များ ရှိနေခဲ့ကာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေလျက်ရှိသည်။ ၎င်း၏ လက်သည်းများဖြင့် ရှုကျိုးနှင့် လီရို့ရှီတို့ကို ကြမ်းကြမ်းတမ်းတမ်း ကုတ်ချလာခဲ့သည်။

ဘန်းးးး!!

လက်သည်းများသည် ဓားနှစ်လက်ဖြင့် တိုက်မိသွားပြီး၊ ကားသုံးစီး တိုက်မိသွားသကဲ့သို့ ကျယ်လောင်သည့် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ရှုကျိုုးနှင့် လီရို့ရှီတို့သည် နောက်ဘက်သို့ ခုန်ရှောင်လိုက်ကြသည်။

ဆင်းသက်လာခဲ့ပြီးသည့်နောက်တွင် အကြည့်များ ဖလှယ်လိုက်ကြသည်၊ လီရို့ရှီ၏ မျက်နှာလှလှလေးပေါ်တွင် အံ့အားသင့်နေသည့် အရိပ်အယောင်များ ရှိနေခဲ့သည်။

ရှုကျိုးသည် အလွန်လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့ပြီး၊ သူမထပ်ပင် ပို၍ မြန်ဆန်နေခဲ့သည်။

သို့ရာတွင် ရှုကျိုးကမူ အနည်းငယ် စိတ်တင်းကြပ်သွားခဲ့သည်။

သူ၏ စိတ်ဝိညာဥ်စွမ်းအားသည် အလွန်မြင့်မားပြီး၊ အာရုံခံစားမှုများက အလွန်ထက်မြက်နေခဲ့သော်လည်း အဆိုပါ သတ္တဝါသည် သူနှင့် မီတာ ၁၀၀မျှသာရှိသည့် အကွာအ‌ဝေးအတွင်းသို့ တိတ်တဆိတ် ဝင်ရောက်လာနိုင်ခဲ့သည်။

တစ်ခြားလူများသာဆိုပါက ထိုကဲ့သို့သော ချုံခိုတိုက်ခိုက်မှုမျိုးကို ရှောင်ရှားနိုင်ရန် ခဲယဥ်းသွားလိမ့်မည် ဖြစ်သည်။

“ မှောင်နေတဲ့ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူက တော်တော်ကြီးကို အန္တရာယ်များတယ်လို့ ဆရာပြောခဲ့တာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ “ ရှုကျိုးသည် တိတ်တဆိတ် တွေးတောနေလျက်ရှိပြီး၊ အထိတ်တလန့် ဖြစ်သွားခဲ့သည်။

ထိုကဲ့သို့သော ကိုယ်ယောင်ဖျောက်နိုင်စွမ်းသည် ညအချိန်တွင် တကယ်ပင် အန္တရာယ်များလွန်းလှသည်။

စောင့်ကြည့်ပေးမည့် အဖော်သာ မရှိဘူးဆိုပါက သေဒဏ်ကျခံသွားရလိမ့်မည် ဖြစ်သည်။

ထိုအခိုက်အတန့်တွင် လီရို့ရှီသည် ကြောင်နက်ကြီးကို အာရုံစိုက်နေလျက်ရှိပြီး၊ သူမ၏ အမူအရာသည် လုံးဝ လေးနက်ခဲ့သည်။

“ ပထမအဆင့် ဗီဇပြောင်းသားရဲ “ လီရို့ရှီမှ နူးညံ့ငြင်သာစွာ ပြောလာခဲ့သည် “ အခြေခံ ပထမအဆင့်တောင် မဟုတ်ဘူး “

၎င်းကို ကြားလိုက်ရသောအခါတွင် ရှုကျိုးမှာလည်း ပို၍ သတိရှိသွားခဲ့သည်။

သူတို့သည် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲကို ရောက်လာခါစသာ ရှိနေသေးသော်လည်း၊ ပထမအဆင့် ဗီဇပြောင်း သားရဲနှင့် ရင်ဆိုင်နေခဲ့ရပြီ ဖြစ်သည်။

၎င်း၏ ကြမ်းတမ်းသော အသွင်အပြင်ကို အကဲခတ်ကြည့်ရခြင်းဖြင့် ၎င်းသည် အခြေခံ ပထမအဆင့်ထပ်ပင် ပိုနေခဲ့သည်။

အဆင့် သုည ဗီဇပြောင်းသားရဲများကို ၁မှ ၁၀အထိ အဆင့်ခွဲထားခဲ့ပြီး၊ ပထမအဆင့် ဗီဇပြောင်းသားရဲများကိုလည်း အဆင့် ၁မှ ၁၀အထိ ပိုင်းခြားထားခဲ့သည်။

လီရို့ရှီ၏ အစွမ်းသည် ပထမအဆင့်သို့ ရောက်ရှိလုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။

သူမတို့ အရှေ့ရှိ ဗီဇပြောင်းသားရဲကမူ ပထမအဆင့် အဆင့် ၂သို့ပင် ရောက်ရှိနေနိုင်လေသည်။

ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက ရှုကျိုးနှင့် လီရို့ရှီတို့ နှစ်ဦးစလုံးထံမှ တိုက်ခိုက်မှုကို ခံလိုက်ရပြီးသည့်နောက်မှာပင် မထိမခိုက် ရှိနေခဲ့လိမ့်မည် မဟုတ်ပေ။

“ ဝေါင်း ဝေါင်း “

ထိုအချိန်တွင် သားရဲများ၏ ဟိန်းဟောက်သံများ ဆက်တိုက်ပေါ်ထွက်လာခဲ့သည်။

မကြာခင်မှာပင် ခြေသံများ ကြားလာခဲ့ရပြီး၊ သားရဲအရိပ် အများအပြားသည် ပတ်ပတ်လည်ရှိ တောအုပ်ထဲမှ ပေါ်ထွက်လာခဲ့သည်။

၎င်းတို့သည် ရှုကျိုးနှင့် လီရို့ရှီတို့ကို စိုက်ကြည့်လာကြပြီး၊ ရက်စက်ကြမ်းကြုတ်သောအမူအရာများဖြင့် မာန်ဖီပြလာကြသည်။

ရှုကျိုး၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး၊ အသစ်ပေါ်လာသည့် ဗီဇပြောင်းသားရဲများကို ကြည့်လိုက်သည်။

“ တစ်၊ သုံး၊ ခြောက် ………. “

“ နောက်ထပ် ဆယ်ကောင် ထပ်ရောက်လာပြီ “ ရှုကျိုး၏ အမူအရာသည် ပို၍ လေးနက်သွားခဲ့သည် “ ဒါပင်မဲ့ အဲ့ကောင်တွေ အကုန်လုံးက အဆင့်သုညတွေချည်းပဲ “

ပထမအဆင့် သားရဲတစ်ကောင်နှင့် အဆင့်သုည သားရဲဆယ်ကောင် !!

သူတို့သည် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲသို့ ခြေချလာခါစသာရှိသေးသော်လည်း ဗီဇပြောင်း သားရဲတစ်အုပ်နှင့် ရင်ဆိုင်နေခဲ့ရပြီ ဖြစ်သည်။

အန္တရာယ်အဆင့်ကြောင့် ရှုကျိုးပင် အနည်းငယ် ထိတ်လန့်သွားခဲ့ပြီ ဖြစ်သည်။

အဆင့် သုည သားရဲဆယ်ကောင်မှာ သိပ်မဆိုးလှပေ၊ ရှုကျိုးသည် ပုံရိပ်ယောင် ကမ္ဘာထဲတွင် အများအပြား သတ်ခဲ့ပြီးပြီ ဖြစ်သည်။

တကယ့် ပြဿနာကမူ ပထမအဆင့် အဆင့်၂သားရဲ တစ်ကောင်ပင် ဖြစ်သည်၊ ၎င်းသည် ပထမအဆင့်သို့ ရောက်လာခါစ သိုင်းပညာရှင် အများစုထပ် များစွာ အားကောင်းနေခဲ့ပြီ ဖြစ်သည်။

“ သူတို့ကို မြန်မြန်ရှင်းလိုက် “ လီရို့ရှီမှ အေးစက်စွာ ပြောလာခဲ့သည် “ တကယ်လို့ နောက်ထပ် ပထမအဆင့် သားရဲတွေကို ထပ်ပြီးတော့ ဆွဲဆောင်မိသွားမယ်ဆိုရင် ပိုပြီးတော့ ပြဿနာ တက်သွားလိမ့်မယ် “

သူမမှ လျင်မြန်စွာ ပြောလာခဲ့သည် “ ငါက ပထမအဆင့် သားရဲကို ကိုင်တွယ်လိုက်မယ်၊ နောက်မှ နင်လာသတ်လိုက်၊ ဂရုစိုက်နော် ဒဏ်ရာမရစေနဲ့ “

ရှုကျိုးသည် စကားမပြောဘဲ၊ သူ၏ထန်ဓားကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။

လီရို့ရှီသည် သူက ပထမအဆင့် သားရဲကို မကိုင်တွယ်နိုင်ဘူးဟု ထင်နေခဲ့သောကြောင့် နောက်ဆုံးထွက်သက်ကို သူ့အတွက် ချန်ပေးထားခဲ့မည်ဆိုသည်ကို သူနားလည်နေခဲ့သည်။

သို့သော် ရှုကျိုး၏ အတွေးကား …….

ထိုကဲ့သို့ ဖြစ်လာလိမ့်မည် မဟုတ်ပေ။

သူ၏ အစွမ်းများ အတော်အတန် မြင့်တက်လာခဲ့ပြီ ဖြစ်သော်လည်း သူသည် ၎င်းကို တစ်ခါမှ အကုန်အစင် မထုတ်သုံးခဲ့ဖူးပေ။

ဤတစ်ကြိမ်တွင် ရှုကျိုးသည် သူက သူ၏ စွမ်းအားအကုန်လုံးကို ထုတ်လွှတ်နိုင်လိမ့်မည်ဟု ယုံကြည်နေလျက်ရှိသည်။

“ ဝေါင်း !! “

ထိုအခိုက်အတန့်တွင် ပထမအဆင့် သားရဲသည် ဒေါသအပြည့်ဖြင့် ကျယ်လောင်စွာ ဟိန်းဟောက်လာခဲ့ပြီး၊ ၎င်း၏ဟိန်းဟောက်သံသည် ကျားတစ်ကောင်ထပ်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။

၎င်းသည် မြေပြင်ပေါ်မှ အင်ပြည့်အားပြည့်ဖြင့် ခုန်တက်လာခဲ့ပြီး၊ ၎င်း၏ကြီးမားသော ခန္ဓာကိုယ်ကြီးသည် ဒုံးကျည်တစ်စင်းကို ပစ်လွှတ်လိုက်သကဲ့သို့ လီရို့ရှီကို ခုန်အုပ်လာခဲ့သည်။

သူမ ဓားမဆွဲထုတ်နိုင်ခင် အချိန်မှာပင်၊ သူမထပ် ပိုမို မြန်ဆန်နေသည့် ရုပ်သွင်တစ်ခုသည် သူမ၏အရှေ့သို့ ရုတ်တရက် ရောက်ရှိလာခဲ့သည်။

All Chapters