အခန်း (၅၅-၅၇)
Vol. 4 Ch. 55-57
အပိုင်း ( 55 )
သတ်ဖြတ်သူစာရင်း၏ နံပတ် ၁၊ ကျန်းလန်၏ အံ့ဩတုန်လှုပ်မှု
“ ဝှစ် !! “
ချွန်ထက်သော မြှားတစ်စင်းကဲ့သို့ပင်
ရှုကျိုးသည် သူ၏ဓားဖြင့် ရုတ်တရက် တိုက်ခိုက်လိုက်သည်၊ သူ၏ချီ-သွေး စွမ်းအင်များသည် ပြင်းပြင်းထန်ထန် ပေါက်ကွဲထွက်လာခဲ့ပြီး၊ ၎င်းတို့အားလုံးသည် Eအဆင့် ၃၀၀အမျိုးအစား ထန်ဓားဆီသို့ ရောက်ရှိသွားခဲ့သည်။
ရှားမိသားစု၏ အထူးထုတ် လက်နက်သည် ၎င်း၏အစွမ်းကို ထုတ်ဖော်ပြသလာခဲ့ပြီ ဖြစ်သည်။
ချီ-သွေး စွမ်းအင်များနှင့် ပေါင်းစပ်သည့် အချိန်တွင် လက်နက်တိုင်းသည် ငြင်းပယ်မှု(သို့) ခုခံမှု တစ်ချို့ ထုတ်လွှတ်လာကြမည် ဖြစ်သည်။
( စွမ်းအင်ကို ဓားက ခုခံတာပါ၊ မပေါင်းစပ်ချင်တဲ့ သဘောမျိုးပါ )
သို့သော် ဤအခိုက်အတန့်တွင် ရှုကျိုးသည် မည်သည့်ခုခံငြင်းပယ်မှုကိုမှ မခံစားခဲ့ရပေ။
သူ၏ ချီ-သွေး စွမ်းအင်များသည် ထန်ဓားထဲသို့ ဒလဟော ဝင်ရောက်သွားခဲ့သည်။
“ ဟွမ်းးး !! “
နှင်းဖြူကဲ့သို့သော ဓားသွားသည် အနီရောင် ခပ်ဖျော့ဖျော့ သမ်းလာခဲ့သည်။
“ သတ် !! “ ရှုကျိုးသည် ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး၊ ကြီးမားသော ကြောင်နက်ကြီးကို သူ၏ဓားဖြင့် တိုက်ခိုက်သည်။
ဝုန်းးးးး !!
ခုတ်ချလာသည့် ကြက်သွေးရောင် ဓားအလင်းတန်းက ကြောင်နက်ကြီးနှင့် ထိတွေ့သွားသည့် အခိုက်အတန့်တွင် ပုန်းကွယ်နေသည့် စွမ်းအင်များသည် ဗုံးတစ်လုံးကဲ့သို့ ပေါက်ကွဲထွက်လာခဲ့သည်။
“ ဝူးးးး !! “
ကြောင်နက်ကြီးသည် ဝမ်းခေါင်းသံကြီးဖြင့် ကျယ်လောင်စွာ အော်ဟစ်လာခဲ့ပြီး၊ ၎င်း၏ကြီးမားသော ခန္ဓာကိုယ်ကြီးသည် နောက်ဘက်သို့ ပြန်၍ ရိုက်ချခံလိုက်ရသည်။
၎င်း၏ ပခုံးပေါ်တွင် မြင်မကောင်းသော ဒဏ်ရာတစ်ခု ပွင့်ထွက်သွားခဲ့ပြီး၊ သွေးများ ပန်းထွက်လာခဲ့သည်။
၎င်း၏ အမွှေးများပင် ထောင်ထသွားတော့သောကြောင့် ၎င်းက မည်မျှ နာကျင်ကိုက်ခဲနေလဲဆိုသည်ကို တွေးကြည့်နိုင်ပေသည်။
အနောက်ဘက်ရှိ အဆိုပါ မြင်ကွင်းကို မြင်တွေ့သွားသော လီရို့ရှီ၏ လှပသော မျက်နှာလေးပေါ်တွင် အံ့အားသင့်သွားသော အရိပ်အယောင်များ ထင်ဟပ်နေခဲ့သည်။
၎င်းမှာ ပထမအဆင့် အဆင့်၂ ဗီဇပြောင်းသားရဲ ဖြစ်သည်။
ရှုကျိုးက အဲ့ကောင်ကြီးကို တစ်ချက်တည်းနဲ့ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားအောင် လုပ်လိုက်တာလား?
သူက ချီ-သွေး ၁၂၀ကယ်လိုရီကိုတောင် မရောက်သေးတဲ့ လူမဟုတ်ဘူးလား?
ဝေဝေဝါးဝါး ဖြစ်နေသည့် အစွမ်းထက် ရုပ်သွင်တစ်ခုကို ကြည့်ကာ လီရို့ရှီ၏ လှပသော မျက်လုံးလေးများသည် အနည်းငယ် မိန်းမောသွားခဲ့ပြီး အံ့ဩမှုနှင့် စိတ်ရှုပ်ထွေးမှုများ ရောထွေးနေခဲ့သည်။
မကြာခင်မှာပင် သူမသည် ရင်သပ်ရှုမောဖွယ်ကောင်းသော အပြုံးတစ်ခုကို ထုတ်ဖော်ပြသလာခဲ့သည်။
အကယ်၍ တစ်နေ့နေ့တွင် ရှုကျိုးက သူမထပ် ပို၍ စွမ်းလာခဲ့ပါက၊ သူမသည် ကျေနပ် ပျော်ရွှင်ခြင်းကိုသာ ခံစားသွားရမည် ဖြစ်သည်။
“ ဝေါင်း !! “
ထိုအခိုက်အတန့်တွင် သူမတို့ ပတ်ပတ်လည်ရှိ အဆင့်သုည သားရဲဆယ်ကောင်ကလည်း စတင်၍ တိုက်ခိုက်လာကြသည်။
ရက်စက်ကြမ်းကြုတ်သော သားရဲ အရိပ်ဆယ်ခုသည် ရှုကျိုးနှင့် လီရို့ရှီကို ခုန်အုပ်လာခဲ့သည်။
“ ဟွမ်းးး !!! “
လီရို့ရှီသည် ရှေ့ဘက်သို့ ပျံသွားကာ ရှုကျိုး၏ နောက်ဘက်တွင် မတ်တပ်ရပ်လိုက်ပြီး၊ သူ့အား သားရဲကောင်များက ချုံခိုတိုက်ခိုက်မည်ကို ကာကွယ်ပေးနေတော့သည်။
တောက်ပသော ဓားအလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ ဘက်ပေါင်းစုံသို့ ပျံလွင့်သွားခဲ့သည်။
ရှုကျိုးသည် ထိန်းထားမနေတော့ဘဲ၊ သူ၏ဓားဖြင့် ကြောင်နက်ကြီးနှင့် အဆင့်သုည သားရဲဆယ်ကောင်ကို ခုတ်ပိုင်းလိုက်သည်။
သူသည် ဓားအလင်းတန်းတစ်ခုနှင့် ပေါင်းစပ်သွားသည့်ပုံပေါ်ပြီး၊ ဓားနှင့်အတူ ချီတက်သွားကာ တိုက်ပွဲကွင်းပြင်ကို ဆက်တိုက် ရှင်းလင်းနေတော့သည်။
လူနှစ်ဦးသည် ပြီးပြည့်စုံစွာ ပူးပေါင်းဆောင်ရွက်နေကြပြီး၊ သူတို့၏ ဓားချက်များမှာ အလွန်မြန်ဆန်နေခဲ့ကာ ဓားစွမ်းအင်မှာလည်း အားကောင်းပြင်းထန်နေခဲ့သည်။
ဒဏ်ရာရသွားသော ဗီဇပြောင်းသားရဲများ၏ အော်ဟစ်သံများ ပဲ့တင်ထပ် ထွက်ပေါ်လာခဲ့သည်။
မိနစ် ၂၀ကုန်ဆုံးသွားသည့်နောက်တွင်
လီရို့ရှီသည် ရုတ်တရက် နောက်ဆုတ်သွားခဲ့သည်။
“ ဝုန်းးးးးးး ! “
ကြက်သွေးရောင် ဓားအလင်းတန်းတစ်ခုပေါ်ထွက်လာပြီး၊ ဓားရှည်ကြီးဖြင့် ခုတ်ပိုင်းချလိုက်သည်။
ရက်စက်ကြမ်းကြုတ်သော ဧရာမ ကြောင်နက်ကြီးသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
ကျန်ရှိနေသော အဆင့်သုည ဗီဇပြောင်း သားရဲအားလုံးမှာလည်း ခုတ်ပိုင်းခံလိုက်ရပြီး၊ နေရာမှာပင် သေဆုံးသွားကြသည်။
“ ဘုန်း ဘုန်းး !! “
ကြီးမားသော အလောင်းကြီးများသည် မြေပြင်ပေါ်သို့ တစ်ခုပြီးတစ်ခု ကျဆင်းလာခဲ့သည်။
ရှုကျိုးသည် မြေပြင်ပေါ်သို့ ပြန်လည် ဆင်းသက်လာခဲ့ပြီး၊ လီရို့ရှီကို ကူရာကယ်ရာမဲ့စွာဖြင့် ကြည့်လိုက်သည် “ အမှတ်တွေအကုန်လုံး ငါ့ကို ပေးစရာ မလိုဘူးလေ “
နောက်ဆုံးတိုက်ချက်အတွင်းတွင် လီရို့ရှီသည် သူ့ကို သတ်ခွင့်ပေးခဲ့ပြီး၊ သတ်ဖြတ်မှုအားလုံးကို သူ့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
၎င်းမှာ ဗီဇပြောင်းသားရဲ ဆယ့်တစ်ကောင် ဖြစ်သည်။
“ ငါကနင့်ကို ပေးလိုက်တာ မဟုတ်ပါဘူး “ လီရီု့ရှီမှ ပြောလာခဲ့ပြီး၊ သူမ၏ ဗာဒံစေ့ကဲ့သို့သော မျက်လုံးလေးများသည် သူ့ထံတွင်သာ ရှိနေခဲ့သည် “ အဲ့တာက နင်ရထားတဲ့ဟာတွေလေ “
သူမသည် တိုက်ပွဲတွင် ကူညီပေးခဲ့သော်လည်း ရှုကျိုး၏ ပြသခဲ့သော စွမ်းအားသည် အဆိုပါ သားရဲအားလုံးကို သတ်ဖြတ်နိုင်စွမ်း ရှိနေခဲ့သည်။
ရှုကျိုးသည် ခေါင်းခါ၍ ပြုံးလိုက်ပြီး၊ မည်သည့်အရာကိုမှ ဆက်မပြောတော့ပေ။
“ ဝှစ် !! “
ထိုအခိုက်အတန့်၌ သူ့လက်ထဲရှိ လက်ပတ်သည် အလင်းရောင်တစ်ခုဖြင့် တောက်ပလာခဲ့သည်။
ထို့နောက်တွင် ၎င်းသည် အလင်းတန်းတစ်ခု ထုတ်လွှတ်လာခဲ့ပြီး၊ ၎င်းသည် ဖန်သားပြင်တစ်ခုကဲ့သို့ ဖွဲ့စည်းသွားခဲ့ကာ ရှုကျိုး၏ အရှေ့တွင် ပေါ်လာခဲ့သည်။
“ ဟမ်? “ ရှုကျိုး အနည်းငယ် မှင်သက်သွားခဲ့သည်။
အဆိုပါ အလင်းတန်း မျက်နှာပြင်ပေါ်တွင် သတ်ဖြတ်ခြင်း စာရင်းဇယားကို ထင်ထင်ရှားရှား ပြသထားခဲ့သည်။
“ အထက်တန်းကျောင်း သတ်ဖြတ်ခြင်း စာရင်းလား? “ ရှုကျိုး၏ မျက်လုံးများ တောက်ပသွားခဲ့သည်။
လီရို့ရှီမှာလည်း ငုံ့ကြည့်လာခဲ့သည်။
[ အဆင့် ၁ : ရှုကျိုး : ပထမအဆင့် ဗီဇပြောင်းသားရဲ တစ်ကောင် သတ်ဖြတ်ခဲ့သည်၊ အဆင့်သုည ဗီဇပြောင်းသားရဲ ဆယ်ကောင် သတ်ဖြတ်ခဲ့သည် ]
သူတို့ မြင်တွေ့လိုက်ရသော အရာသည် အနီရောင် အလင်းတန်းဖြင့် ထင်ထင်ရှားရှားဖြစ်နေသည့် ရှုကျိုး၏ အမည်ပင် ဖြစ်သည်။
“ ပထမနေရာလား? “ ရှုကျိုး အနည်းငယ် အံ့ဩသွားခဲ့သည်။
သူသည် သူက စာရင်းထဲသို့ ဝင်သွားလိမ့်မည်ဟု မှန်းဆမိခဲ့သော်လည်း ပထမနေရာဆီသို့ တိုက်ရိုက်ရောက်ရှိသွားလိမ့်မည်ဟု မမျှော်မှန်းထားခဲ့ချေ။
ဘေးနားရှိ လီရို့ရှီမှာလည်း ပြုံးစိစိ ဖြစ်နေတော့သည်။
“ ကြည့်ရတာတော့ ငါတို့က ကံကောင်းနေတဲ့ပုံပဲ၊ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲကို ရောက်လာတဲ့အချိန်မှာပဲ သားရဲအုပ်လေးတစ်အုပ်နဲ့ တွေ့ခဲ့ရတယ် “ ဟု သူမမှ ပြောဆိုလာခဲ့သည်။
ရှုကျိုးမှာ ခေါင်းငြိမ့်ပြလိုက်သည်။
သူတို့သည် ယခုလေးတင်မှ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲသို့ ရောက်လာခဲ့သော်လည်း ပထမအဆင့် သားရဲတစ်ကောင်နှင့် ရင်ဆိုင်ခဲ့ရပြီးပြီ ဖြစ်သည်။
တစ်ခြားသော အဖွဲ့များထံတွင် ထိုကဲ့သို့သော ကံတရားမျိုး ရှိနေလိမ့်မည် မဟုတ်ပေ။
နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ၏ အပြင်ဘက်အပိုင်းတွင် အဆင့်သုည ဗီဇပြောင်းသားရဲများသာ ပေါများနေခဲ့ပြီး၊ ပထမအဆင့် သားရဲများ အတော်လေး ရှားပါးနေခဲ့သည်။
ထို့အပြင် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူမှာ အလွန်ကျယ်ဝန်းလှသောကြောင့် ပထမအဆင့် သားရဲကောင်နှင့် ဆုံတွေ့နိုင်မည့် အခွင့်အလမ်းမှာလည်း နည်းပါးနေလျက်ရှိသည်။
ဥပမာအားဖြင့် ဒုတိယနေရာရှိ ဖန်ထင်းဟု အမည်ရသော ကောင်မလေးပင် ဖြစ်သည်။ သူမသည် သားရဲရှစ်ကောင် သတ်ဖြတ်ထားခဲ့ပြီး၊ ၎င်းတို့အားလုံးသည် အဆင့် သုည ဗီဇပြောင်းသားရဲများသာလျှင် ဖြစ်သည်။
“ အစ်မ၊ ဆက်လုပ်ကြတာပေါ့ “ ရှုကျိုး၏မျက်လုံးများထဲတွင် စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
သူသည် ပထမနေရာကို တစ်ခြားလူများလက်ထဲသို့ အပါခံမည် မဟုတ်ပေ။
၎င်းကို ရရှိထားခဲ့ပြီ ဖြစ်သောကြောင့် ဆက်လက်၍ ထိန်းသိမ်းထားရမည် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူ၏ ဓားစွမ်းရည်မှာလည်း ပြီးပြည့်စုံခြင်း အဆင့်နှင့် နီးကပ်နေခဲ့ပြီ ဖြစ်သည်။
သူလိုအပ်နေသော အရာကား တကယ့် တိုက်ပွဲများသာလျှင် ဖြစ်သည်။
ရှုကျိုးကား အဆင်သင့်ဖြစ်နေခဲ့ပြီ ဖြစ်သည်။
လာမည့်ရက်များအတွင်းတွင် သူသည် မိမိကိုယ်မိမိ သတ်ဖြတ်ခြင်းထဲတွင် နှစ်မြုပ်ထားပြီး၊ မဆုတ်မနစ်သော တိုက်ပွဲတို့ဖြင့် ကိုယ့်ကိုကိုယ် လျင်မြန်စွာ တိုးတက်သွားစေမည် ဖြစ်သည်။
“ ခဏနေဦး “ လီရို့ရှီမှ ပြောလာခဲ့ပြီး၊ ထို့နောက်တွင် သူမသည် ကြောင်နက်ကြီး၏ အလောင်းထံသို့ လမ်းလျှောက်သွားလိုက်သည်။
“ ဇွီ … ရွှပ် …. “
သူမသည် ကြောင်နက်ကြီး၏ ရင်ဘတ်ကို ဓားဖြင့် လှီးဖြတ်လိုက်ပြီး၊ ရဲရဲနီနေသော နှလုံးကို ထုတ်ယူလိုက်သည်။
“ ဗီဇပြောင်းသားရဲရဲ့ ကိုယ်ပေါ်မှာ တန်ဖိုးအရှိဆုံး အရာက “ လီရို့ရှီမှ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလာခဲ့သည် “ ဒီဟာပဲ “
ရှုကျိုး ဇဝေဇဝါ ဖြစ်နေသည်ကို မြင်လိုက်ရသောအခါတွင် သူမမှ ရှင်းပြပေးနေတော့သည် “ သားရဲတွေရဲ့ နှလုံးတွေဆီမှာ တော်တော်ကြီးကို သန့်စင်တဲ့ ချီ-သွေး စွမ်းအားတွေ ပါတယ်၊ ကျင့်ကြံရေး ဆေးရည်တော်တော်များများကို သားရဲတွေရဲ့ နှလုံးတွေကနေ သန့်စင်ထားတာ “
ရှုကျိုး ရုတ်တရက် နားလည်သွားခဲ့သည်။
အဲ့တာတွေက သွေးလိုအရသာမျိုး ဖြစ်နေခဲ့တာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ။
လီရို့ရှီမှ ဆက်ပြောပြလာခဲ့သည် “ တစ်ချို့ ဗီဇပြောင်းသားရဲတွေရဲ့ နှလုံးတွေထဲမှာတော့ တော်တော်လေး တန်ဖိုးရှိတဲ့ သားရဲအူတိုင်တွေ ပါတတ်တယ်၊ အဲ့တာတွေကို ယွမ်သောင်းဂဏန်းနဲ့ ရောင်းလို့ရတယ် “
“ သားရဲအူတိုင်လား? “ ရှုကျိုး အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
“ တစ်ကောင်ကောင်နဲ့ တွေ့တဲ့အချိန်ကျရင် နင်သိလာပါလိမ့်မယ် “ လီရို့ရှီသည် အသေးစိတ် မပြောပြလာခဲ့ဘဲ၊ တစ်ခြားသော သားရဲများ၏ နှလုံးများကို ဆက်လက်၍ ထုတ်ယူနေတော့သည်။
“ ပထမအဆင့် သားရဲနှလုံးနဲ့ အဆင့်သုည သားရဲဆယ်ကောင်ရဲ့နှလုံးတွေ၊ အကုန်လုံးဆိုရင် ယွမ်သောင်းဂဏန်းလောက် တန်တယ် “
သူမသည် သားရဲနှလုံးများကို သူမ၏ ကျောပိုးအိတ်ထဲသို့ ထည့်ကာ ထုပ်ပိုးလိုက်သည်၊ သူမ၏ လှပသော မျက်နှာလေးပေါ်တွင် စွဲမက်ဖွယ်ကောင်းသော အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။
ရှုကျိုးမှာလည်း ပြုံးစိစိ ဖြစ်သွားခဲ့သည်။
သူတို့ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲသို့ ရောက်လာသည်မှာ တစ်နာရီပင် မပြည့်သေးသော်လည်း ယွမ်သောင်းနှင့်ချီ၍ ရှာနိုင်ခဲ့ပြီ ဖြစ်သည်။
သူတို့သည် ဤနေရာတွင် နှစ်လတိတိ နေရမည် ဖြစ်သောကြောင့် အဆုံးတွင် မည်မျှ ပမာဏအထိ ရှာနိုင်လိမ့်မည်နည်း??
“ သွားကြစို့ “ လီရို့ရှီမှ ဦးဆောင်ကာ ရှေ့သို့ လျှောက်သွားတော့သည်။
ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်ပြီး၊ လျင်မြန်စွာ လိုက်သွားသည်။
…
ရှုကျိုးနှင့် လီရို့ရှီတို့ ဆက်လက်၍ ခရီးနှင်နေစဥ် အချိန်တွင်
နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲရှိ တစ်ခြားသော တောအုပ်တစ်ခုအတွင်းတွင်
“ ဝုန်းးးးးးးး !! “
သွေးနီရောင် လှံတစ်ချောင်းသည် နေမင်းကြီးကဲ့သို့ တောက်ပလာခဲ့ပြီး၊ ပတ်ဝန်းကျင်ကိုပင် လင်းထိန်သွားစေခဲ့သည်။
အဖြူရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ကာ လှံရှည်တစ်ချောင်း ကိုင်ထားသည့် ကျန်းလန်သည် ဗီဇပြောင်းသားရဲနှစ်ကောင်၏ဦးခေါင်းကို တိုက်ခိုက်မှုတစ်ခုဖြင့် ထိုးဖောက်လိုက်သည်။
ကြီးမားသော သားရဲအလောင်းကြီးများသည် မြေပြင်ပေါ်သို့ ပြိုကျသွားခဲ့သည်။
“ အားနည်းလွန်းတယ် “ ကျန်းလန်သည် သူမ၏ လှံရှည်ကို ပြန်ထုတ်လိုက်သည်၊ သူမ၏ သန့်စင်သော မျက်နှာလေးပေါ်တွင် မည်သည့်စိတ်ခံစားမှုမျိုးမှ ရှိမနေခဲ့ပေ။
သူမသည် သူမလှံရှည်ကို ပခုံးပေါ်တွင် တင်ထားကာ လှပကျက်သရေ ရှိစွာ မတ်တပ်ရပ်နေခဲ့သည်။
ဤဧရိယာတစ်ဝိုက်ရှိ သားရဲများကို သူမ ရှင်းလင်းပြီးသွားခဲ့ပြီ ဖြစ်သည်။
ကျန်းလန်သည် တစ်ခြားတစ်ဖက်သို့ ကြည့်လိုက်သည်၊ ထိုနေရာတွင် အနီရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော ကောင်မလေးတစ်ဦးသည် သူမ၏တိုက်ပွဲကို လက်စသတ်ပြီးသွားခဲ့ပြီ ဖြစ်သည်။
၎င်းမှာ သူမ၏ တွဲဖက်၊ အတွင်းမြို့တော်၏ တရားဝင် သမီးပျို ကျောက်ဟုန်ရင်ဖြစ်သည်။
“ ဟုန်ရင်၊ နင် ဘယ်နှကောင် သတ်ပြီးပြီလဲ? “ ကျန်းလန်မှ မေးလိုက်သည်။
“ သုံးကောင် “ ကျောက်ဟုန်ရင်သည် လမ်းလျှောက်လာခဲ့ပြီး၊ သူမ၏မျက်နှာလေးပေါ်တွင် ကူရာကယ်မဲ့သကဲ့သို့ ဖြစ်နေသည့် အမူအရာတစ်ခု ရှိနေခဲ့သည် “ ငါက နင့်နဲ့ မယှဥ်နိုင်ဘူး၊ နင်က ခြောက်ကောင်တောင် သတ်ပြီးသွားပြီလေ “
ကျောက်ဟုန်ရင်၏ အသွင်အပြင်သည် ကျန်းလန်၏ လက်ရာမြောက် သေသပ်သော အလှနှင့် မယှဥ်နိုင်သော်လည်း သူမထံတွင် အံ့ဩဖွယ်ကောင်းသည့် ရုပ်ရည် ရှိနေခဲ့သည်။
ရှည်လျားသော ပန်းဖွားကို ကိုင်ထားသည့် သူမ၏ အသွင်အပြင်သည် ပြေပြစ် သန့်စင်လျက်ရှိသည်၊ အထူးသဖြင့် ပြည့်တင်းနေသော သူမ၏ ရင်ဘတ်ပင် ဖြစ်သည်။
သူမ၏ ရှည်လျားပြီး ဆွဲဆောင်မှုရှိသော ခြေတံရှည်ရှည်လေးများသည် အနီရောင် ချပ်ဝတ်တန်ဆာအောက်မှ အနည်းငယ် တိုးထွက်နေခဲ့ပြီး၊ ဖြူဖွေး သွယ်လျလျက်ရှိသည်။
ကျန်းလန်မှ ခေါင်းခါပြလာခဲ့သည် “ သူတို့က အဆင့်သုည အကောင်လေးတွေပါပဲ၊ ကြွားဖို့တောင် မတန်ပါဘူး “
“သွားကြစို့၊ နောက်တစ်နေရာကို သွားကြမယ်၊ ပထမအဆင့် သားရဲတစ်ကောင်ကို တွေ့ရလိမ့်မယ်လို့ မျှော်လင့်ပါတယ် “
သူမသည် ကျောက်ဟုန်ရင်ကို ကြည့်ကာ ပြုံးပြလိုက်သည် “ ဒီတစ်ခါ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲမှာတော့ ဒုတိယနေရာကိုပဲ မျှော်မှန်းထားလိုက်နော် “
ပထမနေရာကား သူမအတွက်ပင် ဖြစ်သည်။
ကျန်းလန်ထံတွင် ထိုကဲ့သို့သော ယုံကြည်မှု ရှိသည်။
ထိုစကားကို ကြားလိုက်ရသောအခါတွင် ကျောက်ဟုန်ရင်မှ ခေါင်းခါပြလိုက်သည် “ ဒီတစ်ခါတော့ တော်တော်လေး ကြမ်းတဲ့ လူတွေ အများကြီးပဲ၊ ဒုတိယနေရာ ရဖို့ကတောင် တော်တော်လေးခက်တယ် “
“ စိတ်ပူစရာ မလိုပါဘူး၊ ငါရှိရင် နင်လုပ်နိုင်ပါတယ် “ ကျန်းလန်မှ ပြုံးနေတော့သည်၊ သူမသည် သူမ၏လုပ်နိုင်စွမ်းကို ယုံကြည်နေလျက်ရှိသည်။
သူမ၏ဘေးနားတွင် နေနေခြင်းဖြင့် အကြွင်းအကျန်များကို ကောက်ယူနိုင်ပြီး၊ ဒုတိယနေရာကို သိမ်းပိုက်သွားစေနိုင်မည် ဖြစ်သည်။
“ အဲ့အကြောင်းကို မပြောပဲ နေကြစို့ “
ကျောက်ဟုန်ရင်မှ တခစ်ခစ် ရယ်မောလာခဲ့သည် “ လန်လန်၊ ငါကြားတာတော့ နင်က ဒီကိုလာခဲ့တဲ့လမ်းမှာ အဲ့ဒီအထူး Sအဆင့် စွမ်းရည်ကို သွားတွေ့ခဲ့တယ်ဆို? “
“ နင်က သူ့ကို Dအဆင့် ထောက်ပံ့မှုကိုပဲ ဘာလို့ ပေးလိုက်ရတာလဲ? “
ကျောက်ဟုန်ရင်၏ မျက်နှာလေးပေါ်တွင် သံသယဖြစ်နေသော အရိပ်အယောင်လေးများ ရှိနေခဲ့သည်။
သူမသည် ရှုကျိုးအကြောင်းကို ပြောနေခြင်း ဖြစ်သည်။
၎င်းသည် လူအများစု၏ အတွေးထဲတွင် ရှိနေသည့် ဘုံမေးခွန်းတစ်ခု ဖြစ်သည်။
Sအဆင့် စွမ်းရည်သည် အတွင်းမြို့တော်ထဲမှာပင် အလွန်ရှားပါးလျက်ရှိသည်။
သို့သော် ကျန်းလန်သည် Dအဆင့် ထောက်ပံ့မှုကိုသာ ပေးခဲ့သောကြောင့် လူတော်တော်များများသည် ပုန်းကွယ်နေသည့် အကြောင်းအရင်းများကို အမျိုးမျိုး မှန်းဆနေခဲ့ကြသည်။
သို့သော် ၎င်းမှာ ကျန်းမိသားစု၏ အရေးကိစ္စဖြစ်ပြီး၊ ကျန်းလန်၏ မြင့်မားသော ဂုဏ်သတင်းသည် လူအများကို နောက်တွန့်သွားစေခဲ့သည်၊ ထို့ကြောင့် တစ်ခြားလူများသည် ထိုကဲ့သို့ ကိုယ်ရေးကိုယ်တာဆန်သည့် ကိစ္စမျိုးကို မမေးရဲကြပေ။
ကျန်းလန်၏ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်သည့် ကျောက်ဟုန်ရင်ကသာလျှင် ထိုကဲ့သို့သော မေးခွန်းမျိုးကို မေးရဲသည်။
၎င်းကို ကြားလိုက်ရသော်လည်း ကျန်းလန်၏ မျက်နှာလေးသည် တည်ငြိမ်မြဲတည်ငြိမ်နေစဲဖြစ်သည် “ အဲ့လူဆီမှာ တော်တော်လေး ကောင်းတဲ့ စွမ်းရည်တစ်ခု တကယ်ရှိပါတယ်၊ ဒါပင်မဲ့ အဲ့အချိန်တုန်းက သူက Dအဆင့် ထောက်ပံ့မှုနဲ့ပဲ တန်တယ်လို့ ငါခံစားခဲ့ရတယ် “
“ ဘာလို့လဲ? “ ကျောက်ဟုန်ရင်သည် ပို၍ သိချင်သွားခဲ့သည်။
“ ဘာကြောင့်ရယ်လို့မှ မဟုတ်ဘူး “ ကျန်းလန်မှ တည်ငြိမ်စွာ ပြောလာခဲ့သည် “ ငါသူ့ကို ပေးလိုက်တဲ့ ထောက်ပံ့မှုက မျှတတယ်ဆိုတာကို နောက်ကျရင် နင်နားလည်လာပါလိမ့်မယ် “
သူမသည် ရှုကျိုး၏ စွမ်းရည်က သားရဲစွမ်းရည်ဖြစ်ကြောင်းကို မပြောပြခဲ့ပေ။
၎င်းမှာ သူ၏ ကိုယ်ရေးကိုယ်တာဖြစ်သည်၊ အကယ်၍ ကျန်းမိသားစုကသာ တစ်ခြားလူများ၏ ကိုယ်ရေးကိုယ်တာ ကိစ္စများကို ပေါ့ပေါ့တန်တန် ထုတ်ပြောတတ်မည်ဆိုပါက ဤနေ့ဤအချိန်တွင် ဤနေရာအထိ ရောက်နေခဲ့လိမ့်မည် မဟုတ်ပေ။
ကျန်းလန်သည် ၎င်းကို ကောင်းစွာ နားလည်နေခဲ့သည်။
ထို့ကြောင့် သူမသည် ရှုကျိုး၏စွမ်းရည် အကြောင်းကို ဖုံးပေးထားခဲ့သည်။
အတွင်းမြို့တော်မှ မိသားစု တော်တော်များများသည် မှန်းဆချက်များ ပြုလုပ်ခဲ့ကြသော်လည်း တစ်ကြိမ်တစ်ခါမှ မမှန်ကန်ခဲ့ကြပေ။
စွမ်းရည်နှင့် ပတ်သက်၍ လင်းဂျန် ပထမအထက်တန်းကျောင်းမှ လူသိရှင်ကြား ကြေညာချက် ပြုလုပ်ခဲ့ပြီးပြီ ဖြစ်သည်။
ရှုကျိုး၏ စွမ်းရည်အား မည်သူကမှ သံသယ မဝင်ကြတော့ပေ။
ထိုအချိန်က ရှုကျိုး၏ စွမ်းရည်နှင့် ပတ်သက်သည့် ကောလဟာလသတင်းများစွာ ပေါ်ထွက်လာခဲ့ပြီး သူ၏ စွမ်းဆောင်ရည်က Sအဆင့် စွမ်းရည်နှင့် မကိုက်ညီကြောင်း သတင်းပျံ့လာခဲ့သည်။
ဥပမာအားဖြင့် တစ်ချို့သော ရောဂါများကြောင့် သူ၏ချီ-သွေး တိုးတက်မှုက နှေးကွေးနေခဲ့သည်။
သမိုင်းတွင် ထိုကဲ့သို့သော ဖြစ်ရပ်မျိုးများ အမှန်တကယ် ဖြစ်ပွားခဲ့ဖူးသည်။
လူတစ်ချို့သည် Sအဆင့် စွမ်းရည် နိုးထခဲ့ကြသော်လည်း ကုသ၍ မရသော ရောဂါများ ခံစားခဲ့ရပြီး၊ ချီ-သွေးကို အားနည်းသွားစေခဲ့သည်။
Sအဆင့် စွမ်းရည် ပိုင်ဆိုင်ထားခဲ့သော်လည်း ကျင့်ကြံရေးမှာ များစွာ ခက်ခဲသွားခဲ့သည်။
သူတို့သည် တတိယအဆင့်သို့ပင် မရောက်သွားခဲ့ဘဲ၊ ဖျားနာမှုများကြောင့် ဆုံးပါးသွားခဲ့သည်။
ဤအခိုက်အတန့်၌ ကျောက်ဟုန်ရင်ထံတွင်လည်း ထိုကဲ့သို့သော ယုံကြည်မှုမျိုး ရှိနေခဲ့သည် “ နင်က မွေးရာပါ ချို့ယွင်းချက်တစ်ခုခုကြောင့်များ အထင်သေးခဲ့တာလား၊ လျန်လျန်? “
ကျန်းလန်သည် သူမကို ကြည့်လိုက်သော်လည်း မည်သည့်စကားကိုမှ မပြောခဲ့ပေ။
ရှုကျိုးထံတွင် မွေးရာပါ ချို့ယွင်းချက် မရှိပေ၊ သို့သော် သူမသည် သူ့ကို အမှန်တကယ် အထင်သေးနေခဲ့သည်။
ထို့အပြင် သူသည် အထက်တန်း ပထမနှစ်မှာပင် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲသို့ ရောက်လာခဲ့သောကြောင့် သူမမှ သူ့အား ဦးနှောက်မရှိသူဟု ထင်မှတ်သွားစေခဲ့သည်။
“ အဲ့လူက ဒီနေရာမှာ မသေသွားဖို့ မျှော်လင့်ပါတယ် “ ကျန်းလန်မှ ရေရွတ်ပြောဆိုနေခဲ့သည် “ နောင်နှစ်နှစ်မှာ နင်က ဘယ်နေရာမှာ ရပ်နေမလဲဆိုတာကို ငါမြင်ချင်သေးတယ် “
သူမသည် သူမအဘိုး၏ ဆူပူမှုကြောင့် အညှိုးအတေး ထားနေသေးစဲဖြစ်သည်။
“ လန်လန်ရေ “ ကျောက်ဟုန်ရင်မှ ရုတ်တရက် အော်ပြောလာခဲ့သည် “ အထက်တန်းကျောင်း သတ်ဖြတ်ခြင်း စာရင်းကို ကြည့်ကြည့်လိုက်ဦး၊ ရှုကျိုးလို့ခေါ်တဲ့လူက ထိပ်ဆုံးကို ရောက်နေတယ် “
“ ဘာ !! “
ကျန်းလန် အံ့ဩသွားပြီး၊ သူမ၏လက်ပတ်ကို အမြန်ဖွင့်၍ အဆင့်ဇယားကို ကြည့်လိုက်သည်။
မကြာခင်မှာပင် ချစ်စဖွယ်ကောင်းသော သူမ၏မျက်နှာလေးပေါ်တွင် အံ့အားသင့်နေသည့် အရိပ်အယောင်တစ်ခု ဖြစ်တည်လာခဲ့သည်။
အပိုင်း ( 56 )
ထူးခြားသော
“ ပထမနေရာက ရှုကျိုးလား? “
“ ပထမအဆင့် သားရဲတစ်ကောင်နဲ့ အဆင့်သုည သားရဲဆယ်ကောင်ကို သတ်ခဲ့တာလား? “
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? သူက ပထမနှစ် အထက်တန်းကျောင်းသားလေးတစ်လောက်ပဲလေ “
ကျန်းလန်သည် သူမရှေ့ရှိ အထက်တန်းကျောင်း သတ်ဖြတ်ခြင်း စာရင်းကိုစိုက်ကြည့်နေပြီး၊ သူမ၏မျက်နှာလေးပေါ်တွင် စိတ်ရှုပ်ထွေးနေသော အမူအရာတစ်ခု ရှိနေခဲ့သည်။
ငါတောင် အဆင့်သုည သားရဲခြောက်ကောင်ပဲ သတ်ရသေးတာလေ၊ ရှုကျိုးက သားရဲ ဆယ့်တစ်ကောင် သတ်ပြီးသွားပြီလား?
သူတို့တွေထဲက တစ်ကောင်ဆိုရင် ပထမအဆင့် သားရဲတောင် ဖြစ်နေသေးတယ်ပေါ့၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?
သူမဘေးနားရှိ ကျောက်ဟုန်ရင်မှ တအံ့တဩဖြင့် ပြောလာခဲ့သည် “ အဲ့ဒီရှုကျိုးက တကယ်ကို နင်သိတဲ့တစ်ယောက် ဖြစ်နေတာလား? “
အစပိုင်းတွင် သူမသည် ၎င်းက အမည်တူ ဖြစ်နေခြင်းသာ ဖြစ်သည်ဟု ထင်နေခဲ့ခြင်း ဖြစ်သည်။
“ အဲ့တာက သူပဲ “ ကျန်းလန်မှ ခေါင်းငြိမ့်ပြလာခဲ့ပြီး၊ ပို၍ စိတ်ရှုပ်ထွေးသွားခဲ့သည်။
ကျောက်ဟုန်ရင်၏ မျက်နှာလေးပေါ်တွင် အံ့အားသင့်သွားသော အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည်။
ပထမနှစ်ကျောင်းသားတစ်ယောက်က ပထမအဆင့် ဗီဇပြောင်းသားရဲတစ်ကောင်ကို သတ်နိုင်တာလား?
၎င်းမှာ မွေးကင်းစ ကလေးတစ်ဦးက အရွယ်ရောက်လူတစ်ဦးကို အနိုင်ယူလိုက်ခြင်းနှင့် တူညီနေခဲ့သည်။
…
တစ်ချိန်တည်းမှာပင်
ခံတပ်အတွင်းရှိ ကြီးမားသော အစည်းအဝေး အခန်းကြီးအထဲတွင်လည်း ပွက်လောရိုက်နေလျက်ရှိသည်။
အဓိက သိုင်းပညာ တက္ကသိုလ်များမှ နည်းပြ ဆရာ၊ ဆရာမအားလုံးသည် ကြီးမားသော ဖန်သားပြင်ကြီးကို တအံ့တဩဖြင့် စိုက်ကြည့်နေကြသည်။
[ ပထမ : ရှုကျိုး : ပထမအဆင့် အဆင့်၂ ဗီဇပြောင်းသားရဲတစ်ကောင်ကို သတ်ဖြတ်ခဲ့သည်၊ အဆင့်သုည ဗီဇပြောင်း သားရဲဆယ်ကောင်ကို သတ်ဖြတ်ခဲ့သည် ]
“ အထက်တန်းကျောင်း သတ်ဖြတ်သူစာရင်းရဲ့ နံပတ်၁က ရှုကျိုးလား? “
“ ပထမအဆင့် အဆင့်၂ ….. အဲ့ကောင်က ပထမအဆင့် သိုင်းပညာရှင် အသစ်လေးတွေထပ်တောင် ပိုပြီးတော့ အားကောင်းတယ်လေ “
“ ပထမအဆင့် အဆင့်၂သားရဲကို ပထမနှစ်ကျောင်းသားလေးတစ်ယောက်က သတ်နိုင်ခဲ့တာလား? ရယ်ချင်စရာကြီးကွာ !! “
နည်းပြ ဆရာ၊ ဆရာမအားလုံး အံ့ဩတုန်လှုပ်နေကြသည်။
သူတို့သည် အဓိက တက္ကသိုလ်များမှ အလွန် အဆင့်အတန်းမြင့်မားသည့် နည်းပြ ဆရာ၊ ဆရာမများ ဖြစ်ကြသော်လည်း၊ ပထမအဆင့် သားရဲတစ်ကောင်ကို သတ်နိုင်သည့် ပထမနှစ် ကျောင်းသား(သို့) ကျောင်းသူတစ်ဦးကို တစ်ကြိမ်တစ်ခါမှ မတွေ့ခဲ့ဖူးကြချေ။
အထက်တန်း ပထမနှစ်တွင် ကျောင်းသူကျောင်းသားများသည် စွမ်းရည်များ နိုးထခါစသာ ရှိသေးပြီး၊ တစ်နှစ်ပြည့်အောင်ပင် မလေ့ကျင့်ရသေးပေ။
မည်သို့ပင်ဆိုစေကာမူ ပထမနှစ် ကျောင်းသားကျောင်းသူများသည် ပထမအဆင့် ဗီဇပြောင်းသားရဲ၏ ပြိုင်ဘက်ဖြစ်နိုင်လိမ့်မည်ဟု မဟုတ်ပေ။
လက်ရှိ ဖြစ်ပေါ်လာသော အခြေအနေသည် လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။
အမြဲလိုလို အေးဆေး တည်ငြိမ်နေတတ်သည့် လျူချင်းယွမ်၏ မျက်နှာပေါ်မှာပင် အံ့အားသင့်နေသော အရိပ်အယောင်များ ရှိနေခဲ့သည်။
ထိုအခိုက်အတန့်တွင် လင်းယောင်မှ ရုတ်တရက် မေးမြန်းလာခဲ့သည် “ ကျွန်မက အခုလေးတင်ပဲ ရှုကျိုးရဲ့ အဖော်အကြောင်းကို စစ်ဆေးကြည့်ခဲ့တယ်၊ သူမက လီရို့ရှီလို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်ပဲ၊ ပြီးတော့ သူမက ဒုတိယအကြိမ်မြောက် အုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကိုတောင် ရောက်ခါနီးနီး ဖြစ်နေပြီတဲ့ “
“ သူမက သူ့ကို ကူညီပေးလိုက်တာများလား? “ လင်းယောင်မှ ထင်ကြေးပေး ခန့်မှန်းလာခဲ့သည်။
ထို့အတူ နည်းပညာ ဆရာ၊ ဆရာများ အံ့ဩသွားကြပြီး၊ အများစုသည် လီရို့ရှီ၏ အချက်အလက်များကို လျင်မြန်စွာ ကြည့်ရှုစစ်ဆေးနေကြတော့သည်။
“ ဒုတိယအကြိမ်မြောက် အုတ်မြစ်တည်ဆောက်ခြင်းလား? တကယ်ကြီးဟ !! “
“ ချီ-သွေးက ၁၅၉ကယ်လိုရီကိုရောက်နေပြီ၊ ဓားနည်းစနစ် တတိယအဆင့် ပြီးပြည့်စုံခြင်း၊ လှုပ်ရှားမှုနည်းစနစ် တတိယအဆင့် ပြီးပြည့်စုံခြင်း၊ လက်ဝှေ့နည်းစနစ် တတိယအဆင့် ပြီးပြည့်စုံခြင်းလား? လီရို့ရှီလို့ခေါ်တဲ့ ကောင်မလေးက အဲ့လောက်တောင် တော်တာလား? “
တစ်ချို့သော နည်းပြ ဆရာ၊ ဆရာမများ အံ့အားသင့်သွားကြသည်၊ သူတို့သည် အတွင်းမြို့တော်မှ ကျောင်းသူကျောင်းသားများ၏ အချက်အလက်များကို ကြည့်ရှုနေခဲ့သောကြောင့် ပြင်ပခရိုင်မှ ကျောင်းသားကျောင်းသူတို့၏ အချက်အလက်များကို မကြည့်ခဲ့ရပေ။
သို့သော် လီရို့ရှီ၏ အချက်အလက်များသည် အတွင်းမြို့တော်မှ ကျောင်းသူကျောင်းသား အများအပြားထပ် ပို၍ ကောင်းမွန်နေခဲ့သည်။
“ အထက်တန်း တတိယနှစ်မှာ တိုက်ခိုက်ရေး နည်းစနစ်သုံးခုကို ကျွမ်းကျင်ထားပြီးတော့ အကုန်လုံးက တတိယအဆင့် ပြီးပြည့်စုံခြင်းကို ရောက်နေတာလား? “
“ ဒီကောင်မလေးရဲ့ စွမ်းရည်က အတွင်းမြို့တော်က ပါရမီရှင်တွေနဲ့တောင် သိပ်မကွာတော့ဘူး “
နည်းပြ ဆရာ၊ ဆရာမများ၏ မျက်လုံးများ တောက်ပသွားခဲ့ပြီး၊ မှတ်စုများ အမြန်ချရေးနေကြတော့သည်။
အဲ့ဒီကောင်မလေးကို သေသေချာချာ စောင့်ကြည့်ထားရမယ် !!
ထိုစဥ် နည်းပြ ဆရာ၊ ဆရာမ အများအပြားသည် ရှုကျိုး၏ ကိစ္စကို ပြန်၍ အမှတ်ရသွားကြသည်။
“ ဆိုတော့ ရှုကျိုးရဲ့ အောင်မြင်မှုတွေက အဲ့ဒီကောင်မလေးရဲ့ အကူအညီတွေကြောင့် ရလာခဲ့တာလား? “
“ ဟုတ်တယ်၊ အဲ့လိုပဲ ဖြစ်ဖို့များတယ် “
နည်းပြ ဆရာ၊ ဆရာမ အားလုံး ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားကြသည်၊ ယခင်က မယုံကြည်နိုင် ဖြစ်နေခဲ့ကြသော်လည်း ယခုတွင် ၎င်းက ထူးဆန်းသော အရာတစ်ခု မဟုတ်တော့သကဲ့သို့ ထင်မှတ်သွားကြသည်။
ထိုကဲ့သို့ အစွမ်းထက်လှသော အဖော်ကို ပိုင်ဆိုင်ထားသည့်အတွက် ပထမအဆင့် အဆင့်၂ သားရဲကို သတ်နိုင်ခြင်းကား အံ့ဩစရာ မဟုတ်တော့ပေ။
သူတို့ဘေးနားရှိ လျူချင်းယွမ်ကမူ မျက်မှောင်ကြုတ်နေလျက်ရှိသည် “ တကယ်လို့ သူမက သတ်လိုက်တယ်ဆိုရင်၊ အမှတ်တွေ အကုန်လုံးကို ရှုကျိုးဆီ ဘာလို့ ပေးလိုက်ရတာလဲ? တကယ်လို့ အဲ့ကလေးကသာ သိသိသာသာ မကူညီပေးခဲ့ဘူးဆိုရင်ပေါ့ “
လျူချင်းယွမ်၏ အကြည့်များသည် တလေးတနက် ဖြစ်နေခဲ့သည်၊ သူသည် ရှုကျိုးက အဆင့်သုညသားရဲများကို အလွယ်တကူ သတ်နိုင်သည်ဆိုသည်ကို သိနေခဲ့သည်။
သို့သော် ပထမအဆင့် အဆင့်၂ သားရဲကိုမူ?
၎င်းသည် ပထမနှစ် ကျောင်းသူကျောင်းသားတို့ ကိုင်တွယ်နိုင်သော အရာ မဟုတ်ပေ။
ပထမအဆင့်ထဲသို့ ရောက်ရှိလာသည့် ကျောင်းသူကျောင်းသားတို့ကပင် ၎င်းတို့ကို ကိုင်တွယ်နိုင်လိမ့်မည် မဟုတ်ပေ။
“ ထားလိုက်ပါလေ “ လျူချင်းယွမ်သည် တစ်ကိုယ်တည်း တီးတိုးပြောဆိုနေခဲ့သည် “ အဲ့လို အစွမ်းထက်တဲ့ အဖော်နဲ့ဆိုရင် အဲ့ကလေးက နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲမှာ သေမှာ မဟုတ်တော့ဘူး “
အဆိုပါ ဗီဇပြောင်းသားရဲများကို မည်သူက သတ်လဲဆိုသည့် အဖြေကား ……
အချိန်က ပြောပြလာလိမ့်မည် ဖြစ်သည်။
နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲတွင် ဗီဇပြောင်းသားရဲများသည် နေရာအနှံ့ တည်ရှိနေပြီး၊ အကယ်၍ ရှုကျိုး၏ အောင်မြင်မှုများကသာ မှန်ကန်နေခဲ့မည်ဆိုပါက သူ၏ သတ်ဖြတ်မှု အရေအတွက်မှာ မြင့်တက်လာခဲ့မည် ဖြစ်သည်။
လျူချင်းယွမ်သည် မျှော်လင့်ချက်များနှင့်အတူ တိတ်တဆိတ် စောင့်ဆိုင်းနေတော့သည်။
သူသာလျှင် မဟုတ်ဘဲ တစ်ခြားသော နည်းပြ ဆရာ၊ ဆရာမများကပါ စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။
အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ စစ်မှန်သော ပါရမီရှင်များ ပေါ်ထွက်လာလိမ့်မည် ဖြစ်သည်။
ကြမ်းတမ်းသော ဤတိုက်ပွဲ ကွင်းပြင်တွင် အတိတ်က အောင်မြင်မှုများကို မှီခိုနေကြသည့် လူများသည် မြောင်းထဲရောက်သွားကြမည် ဖြစ်သည်။
ကျားလား၊ နွားလားဆိုသည်ကို အချိန်က ဖော်ထုတ်ပေးလာမည် ဖြစ်သည်။
…
တစ်ခြားတစ်နေရာတွင်
“ အဖွဲ့သားကြောင့်လား? “ ကျန်းလန်သည် တစ်ကိုယ်တည်း တီးတိုးပြောဆိုနေလျက်ရှိသည်။
သူမတို့မှာလည်း ရှုကျိုးထံတွင် အစွမ်းထက် အဖွဲ့ဝင်တစ်ဦး ရှိနေသည်ဟု မှန်းဆမိခဲ့သည်။
သူမဘေးနားရှိ ကျောက်ဟုန်ရင်မှ အခြေအနေကို ခွဲခြမ်းစိတ်ဖြာ ပြလာခဲ့သည် “ ဘယ်အထက်တန်းကျောင်းကမှ ပထမနှစ် ကျောင်းသားကျောင်းသူတွေကို နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲ ဝင်ခွင့်ပေးမှာ မဟုတ်ဘူး “
“ ရှုကျိုးက အဲ့နေရာမှာ ရှိနေတယ်ဆိုတာက အစွမ်းထက် အသင်းဖော်ရှိပြီးတော့ သူနဲ့ ဆက်ဆံရေး ကောင်းနေလို့ပဲ ဖြစ်မယ် “
သူမမှ ထင်ကြေးပေးပြောဆိုလာခဲ့သည် “ သူက သူ့အဖော်ကြောင့် ထိပ်ဆုံးကို ရောက်လာတာ ဖြစ်နိုင်တယ် “
“ ဖြစ်နိုင်ပါတယ် “ ကျန်းလန်မှ တွေးတွေးဆဆဖြင့် ခေါင်းငြိမ့်ပြလာခဲ့ပြီး၊ အဆိုပါ ဖြစ်နိုင်ခြေကို အသိအမှတ် ပြုလာခဲ့သည်။
“ ကြည့်ရတာတော့ သူတို့က တော်တော်လေးကို ကံကောင်းနေတဲ့ပုံပဲ “ ကျောက်ဟုန်ရင်မှ ရယ်ရယ်မောမောဖြင့် ပြောလာခဲ့သည် “ ရောက်လာပြီး မကြာခင် အချိန်မှာပဲ ဗီဇပြောင်းသားရဲ အများကြီးကို တွေ့သွားတယ် “
“ ငါတို့နဲ့ မတူဘူး၊ ငါတို့က နေရာအနှံ့ လိုက်ရှာနေတာတောင်မှ နည်းနည်းလေးပဲ တွေ့ခဲ့တယ် “
သူမသည် သက်ပြင်းတချချ ဖြစ်သွားတော့သည်။
“ သူတို့အကြောင်းကို မေ့ထားလိုက်ပါ “ ကျန်းလန်သည် သူမ၏စိတ်တည်ငြိမ်မှုကို ပြန်လည် ရရှိသွားခဲ့ပြီး၊ ပြောလာခဲ့သည် “ ပထမအဆင့် သားရဲတွေပိုရှိမဲ့ အတွင်းပိုင်း ဧရိယာဆီကို သွားကြတာပေါ့ “
သတ်ဖြတ်ခြင်းမှာ စတင်ရုံသာလျှင် ရှိသေးသောကြောင့် သူမသည် ပထမနေရာနှင့် ပတ်သက်၍ များစွာ စိုးရိမ်ပူပန်မနေခဲ့ချေ။
၎င်းကို မည်သူက ရရှိ၊ ရရှိ သူမသည် ၎င်းကို ဂရုစိုက်နေမည် မဟုတ်ပေ၊ သို့သော် ရှုကျိုးသည် သူမ၏ တိုက်ပွဲဝင်လိုစိတ်ကို ပို၍ တောက်လောင်သွားစေခဲ့သည်။
…
ထိုအချိန်တွင် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲရှိ လူတိုင်းသည် စာရင်းဇယား၏ နံပတ်၁ နေရာရှိ လူစိမ်းတစ်ဦး၏ အမည်ကို မြင်တွေ့သွားခဲ့ကြသည်။
အများစုသည် ၎င်းကို လျစ်လျူရှုထားပြီး၊ အရူးအမူး သတ်ဖြတ်ခြင်းကိုသာ ဆက်လက်၍ ပြုလုပ်နေကြသည်။
ကျယ်ပြောလှသော လွင်ပြင်ကြီးထဲတွင်
“ ဝုန်းးးးးးး ! “
ဟွမ်ယွင်ရွှယ်သည် အထင်သေးနေသော အမူအရာဖြင့် အဆင့်သုည ဗီဇပြောင်းသားရဲတစ်ကောင်၏ ကိုယ်ကို ဖွင့်ထုတ် ဖြတ်တောက်နေလျက်ရှိသည်။
“ ဒီနတ်ဆိုးတစ်ထောင် လှိုဏ်ဂူက ကောလဟာလတွေထဲကလောက် အန္တရာယ်မရှိတဲ့ပုံပဲ “ ဟု ရေရွတ်ပြောဆိုနေတော့သည်။
မလှမ်းမကမ်းတွင် လျူဟီသည် သားရဲတစ်ကောင်ကို သတ်ဖြတ်လိုက်ပြီး၊ ထို့နောက်တွင် ဟွမ်ယွင်ရွှယ်ဆီသို့ လမ်းလျှောက်လာခဲ့သည်။
“ အပြင်ပိုင်း နယ်မြေမှာ သားရဲ နည်းနည်းလေးကပဲ ငါတို့ကို ခြိမ်းခြောက်နိုင်တယ် “ လျူဟီမှ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလာခဲ့သည် “ ပထမအဆင့် အဆင့်၅ ဒါမှမဟုတ် အဲ့အထက်က ကောင်တွေ မဟုတ်ဘူးဆိုရင်ပေါ့ “
ထိုအခိုက်အတန့်တွင် သူ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
သူသည် သူ၏လက်ပတ်ကို ဖွင့်လိုက်သည်။
“ ရှုကျိုးလား? “ လျူဟီသည် အဆင့်ဇယားကို ကြည့်ကာ အနည်းငယ် အံ့ဩသွားခဲ့သည် “ သူသည် ထိပ်ဆုံးကို ရောက်သွားတယ်ပေါ့ “
ဟွမ်ယွင်ရွှယ်၏ အမူအရာမှာလည်း ပြောင်းလဲသွားခဲ့ပြီး၊ သူသည် လက်ပတ်ကို ဖွင့်ကာ သတ်ဖြတ်သူ စာရင်းဇယားကို အမြန်ကြည့်လိုက်သည်။
“ ပထမအဆင့် ဗီဇပြောင်းသားရဲလား? “ ဟွမ်ယွင်ရွှယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
“ လီရို့ရှီက ကူညီပေးလိုက်တဲ့ပုံပဲ “ လျူဟီမှ တည်ငြိမ်စွာ ပြောလာခဲ့သည်။
ဟွမ်ယွင်ရွှယ်မှ ခေါင်းငြိမ့်ပြလိုက်သည်၊ အဲ့လို ဖြစ်နေမှာပါ၊ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ရှုကျိုးရဲ့ အစွမ်းက တော်တော်ကြီးကို ကြောက်ဖို့ ကောင်းသွားလိမ့်မယ်။
လျူဟီမှ သူ့ကို လှည့်ကြည့်လာခဲ့သည် “ မင်းရဲ့ ချီ-သွေးက ဘယ်အချိန်မှာ ၁၅၀ကယ်လိုရီကို ထိုးဖောက်နိုင်မှာလဲ? “
“ သိပ်မကြာခင် နှစ်ရက်အတွင်းမှာပေါ့ “ ဟွမ်ယွင်ရွှယ်မှ တလေးတနက်ဖြင့် ပြန်ဖြေလာခဲ့သည်။
လျူဟီမှ ခေါင်းငြိမ့်ပြကာ ဆက်ပြောလာခဲ့သည် “ ဒါဆိုရင်လည်း လီရို့ရှီကို ရှာထားတော့၊ တကယ်လို့ သိပ်မဝေးဘူးဆိုရင် ငါတို့က ချက်ချင်းသွားလို့ရတယ် “
“ ကောင်းပြီလေ “ ဟွမ်ယွင်ရွှယ်မှ ခေါင်းငြိမ့်ပြလိုက်သည်။
သူသည် မည်သည့်စကားကိုမှ ထပ်မပြောတော့ဘဲ ခြေချိတ်ထိုင်ကာ မျက်လုံးများ မှိတ်လိုက်သည်။
“ ရွှပ် !! “
ဖျော့တော့သော စိတ်စွမ်းအင် လှိုင်းတစ်ခု ပျံ့နှံ့သွားခဲ့သည်။
သူသည် သူ၏ Bအဆင့် ရှာဖွေရေး စွမ်းရည်ကို ပြသလာခဲ့သည်၊ တိတိကျကျပြောရမည်ဆိုပါက စိတ်ဝိညာဥ်စွမ်းအင် အမျိုးအစားတစ်ခုခု ဖြစ်လေသည်။
ပုံမှန်အားဖြင့် ဟွမ်ယွင်ရွှယ်သည် သူ၏ပစ်မှတ်ကို မိနစ်အနည်းငယ်အတွင်း ရှာဖွေနိုင်လေသည်။
သို့သော် ဤတစ်ကြိမ်တွင် နာရီဝက်မျှ အချိန်ယူလိုက်ရသည်။
နာရီဝက် ကျော်လွန်သွားသည့်နောက်တွင်
“ ဖူးးးး “
ဟွမ်ယွင်ရွှယ်သည် ပါးစပ်အပြည့် သွေးတစ်လုပ် အန်လာခဲ့ကာ သူ၏ မျက်နှာ ဖြူဖျော့သွားခဲ့ပြီး၊ မျက်လုံးများ ဖွင့်လာခဲ့သည်။
“ ရှာတွေ့ပြီ “ သူသည် လျူဟီကို ကြည့်ကာ လေသံတိုးတိုးလေးဖြင့် အော်လိုက်သည်။
လျူဟီ၏ မျက်လုံးများ တောက်ပသွားခဲ့သည် “ ဘယ်မှာလဲ? “
ဟွမ်ယွင်ရွှယ်၏ အမူအရာသည် အနည်းငယ် မှုန်မှိုင်းသွားခဲ့သည် “ တော်တော်ဝေးတယ်၊ ငါ့ရဲ့ ထောက်လှမ်းမှု နယ်မြေကိုတောင် ကျော် …… အနောက်မြောက်ဘက်မှာ ငါတို့နဲ့ အနည်းဆုံး ကီလိုမီတာ ၂ရာလောက် ဝေးတယ် “
“ အနောက်မြောက်ဘက် ကီလိုမီတာ ၂၀၀လား? “ လျူဟီ မျက်မှောင်ကြုတ်သွားတော့သည်။
“ အဲ့တာက အကြမ်းဖျင်း ခန့်မှန်းချက်ပဲ ရှိသေးတယ်၊ ငါ့ရဲ့ စွမ်းရည်နဲ့ ဒီလောက်ပဲ သိနိုင်တယ် “ ဟွမ်ယွင်ရွှယ် အံကြိတ်နေတော့သည် “ တကယ်တော့ ကီလိုမီတာ ၅၀၀လောက် ကျော်နေလောက်တယ် “
လျူဟီသည် အနောက်မြောက်ဘက်သို့ လှည့်ကြည့်လိုက်ပြီး၊ ရေရွတ်ပြောဆိုနေတော့သည် “ အဲ့တာက နတ်ဆိုးတစ်ထောင် လှိုဏ်ဂူရဲ့ အတွင်းပိုင်းနယ်မြေ အနားမှာပဲ။ မိန်းမတစ်ယောက်ကို ရှာဖို့အတွက် ကီလိုမီတာ ၅၀၀ကျော်အထိ သွားရမှာလား? “
သာမန်လူတစ်ဦးသာ ဆိုပါက ထိုကဲ့သို့ လုပ်လိမ့်မည် မဟုတ်ပေ။
သို့သော် ……
လျူဟီမှာ ပုံမှန် မဟုတ်ပေ။
အတွင်း မြို့တော်မှ မိသားစုကြီးတစ်ခု၏ မျိုးဆက်ခွဲ အဖွဲ့ဝင်တစ်ဦး အနေဖြင့် သူသည် ကလေးဘဝကတည်းက တိုက်ရိုက်မျိုးဆက်များ၏ အရိပ်အောက်တွင် နေနေခဲ့ရပြီး၊ သူမတတ်နိုင်သော အရာများကို စွဲလမ်းတတ်သည့် အလေ့အထတစ်ခု ပိုင်ဆိုင်သွားခဲ့သည်။
အဆိုပါ စိတ်ဆန္ဒမျိုးကပင် သူ့အား ကြောက်မက်ဖွယ်ကောင်းသော စိတ်သဘောထားကို ရရှိသွားစေခဲ့သည်။
သူသည် သူမရနိုင်သော အရာများနောက်လို့ အရူးအမူးလိုက်ခဲ့ပြီး၊ ရရှိသွားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို ကြမ်းကြမ်းတမ်းတမ်း ဆော့ကစားလေ့ရှိသည်။ အထူးသဖြင့် အမျိုးသမီးများပင် ဖြစ်သည်။
လျူဟီ၏ မျက်လုံးများထဲတွင် ရူးသွပ်မှု အရိပ်အမြွက်များ ထင်ဟပ်လာခဲ့သည်။
ထို့နောက်တွင် သူသည် ဟွမ်ယွင်ရွှယ်ကို ကြည့်လာခဲ့သည် “ ခဏလောက် နားလိုက်၊ ပြီးရင် ငါတို့က ချက်ချင်း ထွက်သွားမယ် “
ဟွမ်ယွင်ရွှယ်သည် သူ့ကို တအံ့တဩဖြင့် ပြန်ကြည့်လာခဲ့သည်။
သူသည် လျူဟီမှ လက်လျှော့သွားလိမ့်မည်ဟု ထင်နေခဲ့ခြင်း ဖြစ်သည်။
“ ကောင်းပြီလေ “ ဟွမ်ယွင်ရွှယ်သည် များစွာ တွေးတောမနေတော့ဘဲ ခေါင်းငြိမ့်ပြလိုက်သည်။
အမှန်တိုင်း ပြောရမည်ဆိုပါက သူသည် လျူဟီထပ်ပင် ထိုနေရာသို့ ပို၍ မြန်မြန်ဆန်ဆန် အရောက်သွားချင်နေခဲ့သည်။
ဤနတ်ဆိုးတစ်ထောင် လှိုဏ်ဂူခရီးစဥ်သည် ရှုကျိုးနှင့် စာရင်းရှင်းနိုင်မည့် သူ၏ တစ်ခုတည်းသော အခွင့်အရေး ဖြစ်သည်။
မည်သည့်အရာကိုပင် ပေးဆပ်ရပါစေ၊ သူသည် ရှုကျိုးကို ရှင်းလင်းမည် ဖြစ်သည်။
သူနှင့် ရှုကျိုးကြားရှိ ပဋိပက္ခကြောင့်သာလျှင် မဟုတ်ဘဲ၊ ရှုကျိုး၏ လျင်မြန်စွာ ကြီးပျင်းလာမှုကြောင့်ပင် ဖြစ်သည်။
ဟွမ်ယွင်ရွှယ်၏ အမူအရာသည် အလွန်အေးစက်နေခဲ့ပြီး၊ သူသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းကာ သူ၏မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်သည်။
…
နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲရှိ နေရာအနှံ့တွင် ပြင်းထန်သော တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားနေခဲ့သည်။
အချိန်မှာ ဆက်လက်၍ စီးဆင်းနေခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ၈နာရီ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
သတ်ဖြတ်ခြင်း စာရင်းပေါ်ရှိ အဆင့်များသည် အဆက်မပြတ် ပြောင်းလဲနေလျက်ရှိသည်၊ အမည်အသစ်များ ပေါ်လာခဲ့ပြီး၊ ရှိရင်းစွဲလူများ အောက်ပြုတ်ကျသွားခဲ့သည်။
တိုက်ပွဲများသည် ပို၍ ပြင်းထန်လာခဲ့ပြီ ဖြစ်သည်။
ထိုစဥ် အစည်းအဝေးအခန်း အပြင်ဘက်ရှိ လျူချင်းယွမ်၏ အမူအရာသည် ပိုပို၍ ဆိုးရွားလာခဲ့သည်။
ရှုကျိုး၏ ရလဒ်မှာ မပြောင်းလဲလာခဲ့ပေ။
သတ်ဖြတ်မှု အရေအတွက်သည် လွန်ခဲ့သော ၈နာရီကနှင့် တူညီနေခဲ့သည်။
သို့သော် ရှုကျိုးတင် မဟုတ်ဘဲ၊ လီရို့ရှီ၏ သတ်ဖြတ်မှု အရေအတွက်ကပါ မပြောင်းမလဲ တည်ငြိမ်နေခဲ့သည်။
ထို့ကြောင့် လျူချင်းယွမ်နှင့် တစ်ခြားသော နည်းပြ ဆရာ၊ ဆရာမများသည် ရလဒ်များကို ထပ်မံ၍ အာရုံစိုက် မနေကြတော့ပေ။
သူတို့သည် တစ်ခြားအရာ တစ်ခုခုကိုသာ ပို၍ စိုးရိမ်ပူပန်နေကြသည်။
“ ၈နာရီအတွင်းမှာ သားရဲတစ်ကောင်မှ မတွေ့ဘူးဆိုတာက မဖြစ်နိုင်ဘူး “
လျူချင်းယွမ်၏ အမူအရာသည် ပိုပို၍ ဆိုးရွားလာခဲ့သည် “ တစ်ခုခုသာ ဖြစ်မနေဘူးဆိုရင်ပေါ့ “
အဆုံးတွင် သူသည် သည်းမခံနိုင်တော့ဘဲ လေးလေးနက်နက် ပြောဆိုလာခဲ့သည် “ ရှုကျိုးရဲ့ နေရာကို ရှာပေးဖို့ စစ်တပ်ကို တောင်းဆိုလိုက်ပါ။ တကယ်လို့ ခွင့်မပြုဘူးဆိုရင် ငါ့ရဲ့ အမိန့်လို့သာ ပြောလိုက် “
နည်းပြဆရာတစ်ဦးသည် ခေါင်းငြိမ့်ပြလာခဲ့ပြီး စစ်တပ်ကို လျင်မြန်စွာ ဆက်သွယ်လိုက်သည်။
မကြာခင်မှာပင် ဖန်သားပြင် တုန်ခါသွားခဲ့ပြီး၊ မြေပုံတစ်ခု ပေါ်လာခဲ့သည်။
လူတိုင်းသည် ၎င်းကို အာရုံစိုက်လာကြသည်။
မြေပုံသည် ကျယ်ပြန့်နေခဲ့ပြီး၊ မြေပြင်အနေအထား၊ ကိန်းဂဏန်းများနှင့် တစ်ခြားသော အရာများ ပါဝင်နေခဲ့ကာ ကီလိုမီတာ ငါးဆယ်မျှ ဖုံးလွှမ်းထားခဲ့သည်။
အနီရောင် အစက်တစ်စက်သည် မြေပုံ၏ အလယ်ဗဟိုတည့်တည့်တွင် တည်ရှိနေခဲ့သည်။
၎င်းကား ရှုကျိုးရှိနေသည့် တည်နေရာပင် ဖြစ်သည်။
အားလုံးသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေကြတော့သည်၊ အနီရောင် အစက်တစ်စက်ရှိနေခြင်းသည် ရှုကျိုးက အသက်ရှင်နေသည်ဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။
သို့သော် မကြာခင်မှာပင် အားလုံးသည် တစ်စုံတစ်ခုကို နားလည်သွားခဲ့ပြီး ရင်တလှပ်လှပ် ဖြစ်သွားကြသည်။
အနီစက် တစ်ခုတည်းလား?
ရှုကျိုးက တစ်ယောက်တည်း ရှိနေတာလား?
လျူချင်းယွမ်၏ အမူအရာ ပြောင်းလဲသွားခဲ့သည် “ ဘာတွေ ဖြစ်နေတာလဲ? ရှုကျိုးက သူ့အဖော်နဲ့ လမ်းကွဲသွားတာလား? “
“ ဟမ်? ဒီကလေးက အတွင်းပိုင်း နယ်မြေထဲကို ဘာလို့ ပြေးသွားနေရတာလဲ? “
လျူချင်းယွမ်သည် မြေပုံကိုကြည့်လိုက်ပြီး၊ သူ၏ အမူအရာသည် အလွန်ရုပ်ဆိုးသွားခဲ့သည်။
တစ်ပြိုင်နက်ဆိုသလိုပင် တစ်ခြားသော နည်းပြ ဆရာ၊ ဆရာမများ၏ မျက်လုံးများ ပြူးကျယ်သွားကြပြီး၊ မယုံကြည်နိုင်ဖြစ်နေသော အမူအရာများကို ပြသလာကြသည်။
မြေပုံသည် ကီလိုမီတာ ၅၀အတွင်းရှိ နယ်မြေထဲတွင် ရှုကျိုးတစ်ဦးတည်းသာ ရှိနေသည်ကို ပြသထားခဲ့သည်။
ထို့အပြင် သူသည် အပြင်ပိုင်းနယ်မြေတွင် မရှိဘဲ၊ ပို၍အန္တရာယ်များသောအတွင်းပိုင်း နယ်မြေထဲသို့ စွန့်စားသွားလာနေခဲ့သည်။
“ သူက အတွင်းပိုင်းနယ်မြေထဲကို ဘာလို့ တစ်ယောက်တည်း သွားနေရတာလဲ? “ လင်းယောင်၏လှပသော မျက်နှာလေးပေါ်တွင် အံ့အားသင့်နေသော အမူအရာတစ်ခု ရှိနေခဲ့သည်။
ပထမနှစ် ကျောင်းသားလေးတစ်ယောက်က အတွင်းပိုင်းနယ်မြေထဲကို တစ်ယောက်တည်း သွားနေတာလား?
သူက သတ္တိရှိတာလား၊ မိုက်မဲလွန်းတာလား?
နည်းပြ ဆရာ၊ ဆရာမများသည် အကြည့်များ ဖလှယ်နေကြပြီး၊ သက်ပြင်းတချချ ဖြစ်သွားကြသည်။
ဒီကောင်လေးကတော့ ပြဿနာ တက်တော့မှာပဲ။
လျူချင်းယွမ် တစ်ဦးတည်းကသာလျှင် ဖန်သားပြင်ကို စိုက်ကြည့်နေခဲ့ပြီး၊ မျက်မှောင်ကြုတ်နေလျက်ရှိသည်၊ သူ၏မျက်လုံးများထဲတွင်မူ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
အပိုင်း ( 57 )
တစ်ကိုယ်တော် လမ်းလျှောက်မှု
လွန်ခဲ့သော ခြောက်နာရီခန့်က
ရှုကျိုးနှင့် လီရို့ရှီတို့သည် စိတ်ရှုပ်ထွေးနေသော အမူအရာများဖြင့် ဘေးချင်းကပ် လမ်းလျှောက်နေကြသည်။
သူတို့သည် နှစ်နာရီကျော်သည်အထိ လမ်းလျှောက်လာခဲ့ပြီးပြီ ဖြစ်သော်လည်း မည်သည့် ဗီဇပြောင်းသားရဲကိုမှ မတွေ့ခဲ့ရပေ။
အစပိုင်းတွင် ရှုကျိုးသည် ပထမနေရာတွင် ရှိနေခဲ့သည်၊ သို့သော် ယခုတွင်မူ သူ၏အဆင့်သည် သိသိသာသာ ကျဆင်းသွားခဲ့ပြီ ဖြစ်သည်။
“ အခု ငါတို့က ဘယ်နေရာမှာလဲ? “ ရှုကျိုးသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေတော့သည်။
သူတို့သည် ယခင်က တောအုပ်ထဲမှ ထွက်လာခဲ့ပြီး၊ တောင်ကုန်းနယ်မြေထဲသို့ ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။
လီရို့ရှီသည် မြေပုံကို ထုတ်ယူ၍ ၎င်းကို ဖြန့်ကာ တစ်ခဏခန့် လေ့လာကြည့်ရှုနေတော့သည်။
မကြာခင်မှာပင် သူမသည် တည်နေရာကို တစ်ခုကို ညွှန်ပြကာ ပြောလာခဲ့သည် “ ငါတို့က ကုန်းမြင့်ပိုင်းမှာ “
“ ကုန်းမြင့်ပိုင်းလား? “ ရှုကျိုး အနည်းငယ် အံ့ဩသွားခဲ့သည် “ ဒီနေရာက နတ်ဆိုးတစ်ထောင် လှိုဏ်ဂူရဲ့ အတွင်းပိုင်းနယ်မြေနဲ့ ကီလိုမီတာ ၅၀လောက်ပဲ ဝေးတာကို ငါမှတ်မိပါတယ် “
“ ထူးဆန်းတယ် “ လီရို့ရှီ၏ လှပသော မျက်နှာလေးပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ရှိနေခဲ့သည်။
“ ယုတ္တိရှိရှိ ပြောရမယ်ဆိုရင် ဒီနေရာမှာ ပထမအဆင့် သားရဲအများကြီး ရှိနေသင့်တယ်လေ “
ကုန်းမြင့်ပိုင်းသည် ကျယ်ပြန့်လှပြီး၊ ရာနှင့်ချီသော တောင်တန်းများ၏ ဝိုင်းရံခြင်းကို ခံထားရကာ၊ မိုင်ရာနှင့်ချီ၍ ရှည်လျားနေခဲ့သည်။
ကုန်းမြင့်ပိုင်းမှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ၏ အတွင်းပိုင်းနယ်မြေထဲသို့ ရောက်သွားမည် ဖြစ်သည်။
ဤကဲ့သို့သော ကြားနယ်နိမိတ်အတွင်းတွင် များသောအားဖြင့် ပထမအဆင့် ဗီဇပြောင်းသားရဲ တော်တော်များများ ရှိနေလေ့ရှိသည်။
သို့သော် ယခုတွင် သူမတို့သည် မည်သည့်အကောင်ကိုမှ မမြင်တွေ့ခဲ့ရပေ။
ထိုအချိန်တွင် လီရို့ရှီသည် တစ်စုံတစ်ခုကို မှတ်မိသွားသည့်ပုံပေါ်ပြီး၊ သူမ၏ လှပသော မျက်နှာလေးသည် အနည်းငယ် အမူအရာ ပြောင်းလဲသွားခဲ့သည် “ ဒီနေရာမှာ ဒုတိယအဆင့် သားရဲတစ်ကောင် ရှိလို့ထင်တယ် “
“ ငါတို့ ပြန်ဆုတ်သင့်တယ် “
ထို့အတူ သူမသည် သူမတို့ ထွက်လာခဲ့သော ဦးတည်ချက်ဘက်သို့ ချက်ချင်း ပြန်လှည့်သွားခဲ့သည်။
ရှုကျိုးမှာလည်း လျင်မြန်စွာ လိုက်သွားခဲ့သည်။
သူမတို့သည် ပထမအဆင့် အဆင့်၄အောက်ရှိ သားရဲများကို ကိုင်တွယ်ရန်အတွက် ယုံကြည်ချက် ရှိသည်။
ဒုတိယအဆင့် သားရဲကား နယ်ပယ်ကြီးတစ်ခု ကွာခြားနေခြင်း ဖြစ်သည်။
အကယ်၍ ၎င်းနှင့် ကြုံတွေ့ရမည်ဆိုပါက တစ်ခုတည်းသော ရွေးချယ်မှုသည် ပြေးရန်သာ ဖြစ်သည်။
“ ဒုတိယအဆင့် သားရဲက နတ်ဆိုးတစ်ထောင် လှိုဏ်ဂူရဲ့ အတွင်းပိုင်းမှာပဲ ရှိနေသင့်တာလား? “ ရှုကျိုးသည် သူမကို လိုက်မှီသွားသည့် အချိန်တွင် ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည်။
“ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူက ငါးနှစ်တစ်ကြိမ်မှဖွင့်တော့ တစ်ချို့ ပထမအဆင့် သားရဲတွေက အဆင့်တက်သွားတာ ဖြစ်သွားနိုင်တယ် “ လီရို့ရှီမှ ရှင်းပြလာခဲ့သည်။
“ သားရဲတစ်ကောင်က ဒုတိယအဆင့် ဒါမှမဟုတ် အဲ့ထပ်မြင့်တဲ့ အဆင့်ကို ရောက်သွားတာနဲ့ အဲ့ကောင်က ပိုင်နက် ဗီဇနိုးထလာပြီးတော့ တစ်ခြားသားရဲတွေကို မောင်းထုတ်တတ်တယ် “
ရှုကျိုးသည် ရုတ်တရက် နားလည်သွားခဲ့ပြီး၊ လေးလေးနက်နက် ဖြစ်သွားခဲ့သည်။
ဒါဆိုရင် ဒီအနီးတစ်ဝိုက်မှာ ဒုတိယအဆင့် သားရဲတစ်ကောင် ရှိနေတာများလား?
“ ဝှစ် !!! “
ရုတ်တရက်ဆိုသလိုပင် လေတိုးသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ သတိထား !! “ လီရို့ရှီမှ အော်ပြောလာခဲ့ပြီး၊ သူမ၏ဓားဖြင့် နောက်ဘက်သို့ လွှဲရမ်းလိုက်သည်။
“ ဝုန်းးး !! “
ထင်သာ မြင်သာ ရှိသော အလင်းတန်းတစ်ခုသည် လီရို့ရှီနှင့် တိုက်မိသွားခဲ့ပြီး၊ နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် သူမ၏ ခန္ဓာကိုယ်လေး လွင့်ထွက်သွားကာ အနီးရှိ သစ်ပင်ကြီးတစ်ပင်နှင့် တိုက်မိသွားခဲ့သည်။
ရှုကျိုး၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။
ပြိုင်ဘက်သည် သူ့ဆီသို့ ရောက်မလာခဲ့ဘဲ၊ အစတည်းကပင် လီရို့ရှီကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လာခဲ့သည်။
၎င်းမှာ ၃မီတာ မြင့်ကာ ၇မီတာ ရှည်လျားသည့် ရွှေရောင်ခြသေ့်ကြီး တစ်ကောင် ဖြစ်သည်။
၎င်း၏ ရွှေရောင် အမွှေးအမျှင်များသည် လောင်ကျွမ်းနေသော မီးတောက်များကဲ့သို့ လေယူရာ ယိမ်းနေခဲ့ပြီး၊ ရင်သပ်ရှုမောဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခုကို ထုတ်လွှင့်ကာ ပြိုင်ဘက်ကင်း ဘုရင်တစ်ပါးကဲ့သို့ ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေလျက်ရှိသည်။
ဒုတိယအဆင့် ဗီဇပြောင်းသားရဲ ရွှေရောင် ခြသေ့်ကြီး !!
ထိုအခိုက်အတန့်တွင် ရွှေရောင်ခြသေ့်ကြီးသည် ရှုကျိုးကို အထင်သေးနေသော အမူအရာဖြင့် စိုက်ကြည့်လာခဲ့သည်။
“ ဝှစ် !! “
စက္ကန့်ပိုင်းမျှအကြာတွင် ၎င်းသည် ရွှေရောင် မိုးကြိုးတစ်ခုကဲ့သို့ အလွန်မြန်ဆန်သော အရှိန်နှုန်းဖြင့် ထပ်မံ၍ တိုက်ခိုက်လာခဲ့သည်။
ရှုကျိုးမှာလည်း လျင်မြန်စွာ နောက်ဆုတ်သွားခဲ့သည်၊ သို့သော် သူအမြန်နှုန်းသည် အတော်လေး နှေးကွေးနေခဲ့သဖြင့် လျင်မြန်စွာ အဖမ်းခံလိုက်ရသည်။
“ သတ် !! “ ရှုကျိုးသည် ကြုံးဝါး၍ သူ၏ဆေဘာကို လွှဲယမ်းလိုက်သည်။
ဆေဘာရှည်တစ်လက်သည် ရွှေရောင် ခြသေ့်နှင့် တိုက်မိသွားခဲ့သည်။
ခလမ် !!
ရှုကျိုးသည် ထရပ်ကားတစ်စီးဖြင့် အတိုက်ခံလိုက်ရသကဲ့သို့ ခံစားသွားခဲ့ရပြီး၊ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ အရိုးများသည် ပြင်းထန်စွာ အော်မြည်လာခဲ့ပြီး၊ ကျိုးကြေလုနီးပါး ဖြစ်သွားခဲ့သည်။
သူသည် နောက်ဘက်သို့ လွင့်ထွက်သွားခဲ့သည်။
“ ရွှမ် !! “
အနောက်ဘက်မှ တောက်ပသော ဓားအလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။
အဆိုပါ ဓားအလင်းတန်းသည် ကြီးမားသော လှိုင်းလုံးကြီးတစ်ခုကဲ့သို့ ဖြစ်နေခဲ့ပြီး၊ အပြင်းထန်ဆုံးသော ချီ-သွေး စွမ်းအင်များကို သယ်ဆောင်ထားခဲ့ကာ ရွှေရောင်ခြသေ့်ကြီးဆီသို့ ပြေးတက်သွားခဲ့သည်။
၎င်းမှာ လီရို့ရှီ၏ ဧရာမ ဓားလှိုင်းနည်းစနစ် ဖြစ်သည်။
သူမသည် ရှေ့သို့တက်ကာ အော်ပြောလာခဲ့သည် “ လူခွဲပြီးပြေးမယ်၊ ကုန်းမြင့်ပိုင်း ဝင်ပေါက်မှာ ပြန်စုံကြမယ် “
ရှုကျိုးသည် ခေါင်းငြိမ့်ပြလိုက်ပြီး၊ တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ ရွှေရောင်ခြသေ့်ကြီးကို ထပ်မံ၍ ခုတ်ချလိုက်သည်။
ရွှေရောင်ခြသေ့်ကြီး၏ လမ်းကြောင်းကို ပိတ်ဆို့ရန်အတွက် သူသည် သူ၏ ချီ-သွေးစွမ်းအားကို အကုန်အစင် အသုံးပြုလိုက်ပြီး၊ တောင်ဖြိုခွဲ ဆေဘာသိုင်း၏ တတိယအဆင့်ကို ထုတ်လွှတ်လိုက်သည်။
ထို့နောက်တွင် ရှုကျိုးသည် နောက်ပြန်လှည့်မကြည့်ဘဲ အမြန်ဆုံးသော အရှိန်ဖြင့် သုတ်ခြေတင် ပြေးသွားတော့သည်။
သူဖြစ်စေ၊ လီရို့ရှီဖြစ်စေ၊ အပြင်ပိုင်းနယ်မြေထဲမှ လူများဖြစ်စေ၊ မည်သူကမှ ၎င်းကို ကိုင်တွယ်နိုင်လိမ့်မည် မဟုတ်ပေ။
ဒုတိယအဆင့် ဗီဇပြောင်းသားရဲကောင်၏ စွမ်းအားသည် အထက်တန်း ကျောင်းသားကျောင်းသူများ ကိုင်တွယ်နိုင်သည့် အတိုင်းအတာထပ် ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။
…
ရှုကျိုးသည် သူ၏တိမ်ခြေလှမ်းကို အကန့်အသတ်အထိ တွန်းပို့လိုက်ရာ၊ သူ၏ခြေလှမ်းများသည် တစ္ဆေတစ်ကောင်ကဲ့သို့ ဖြစ်သွားကာ ကုန်းမြင့်ဒေသ၏ အောက်ဘက်သို့ လျင်မြန်စွာ ပြေးသွားတော့သည်။
သို့ရာတွင် ရွှေရောင်ခြသေ့်ကြီးသည် သူ့နောက်သို့ လိုက်မလာခဲ့တော့ဘဲ၊ ထို့အစား လီရို့ရှီနောက်သို့သာ လိုက်သွားခဲ့သည်။
၎င်းအတွက် လီရို့ရှီက ပို၍ အရသာရှိနေသည့် ပစ်မှတ်တစ်ခု ဖြစ်နေသည့်ပုံပင်။
ရှုကျိုး၏ မြန်နှုန်းသည် တဖြည်းဖြည်း နှေးကျသွားခဲ့ပြီး၊ သူ့ထံတွင် စိုးရိမ်စိတ်များ ဖြစ်တည်လာခဲ့သည် “ အစ်မက ပြဿနာ တက်သွားမှာတော့ မဟုတ်ဘူးမလား? “
မကြာခင်မှာပင် သူသည် သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
လီရို့ရှီ၏ လှုပ်ရှားမှု နည်းစနစ်သည် တတိယအဆင့် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိနေခဲ့ပြီဖြစ်ပြီး၊ ဒုတိယအဆင့် သားရဲတစ်ကောင် ဖြစ်နေမည်ဆိုလျှင်တောင်မှ သူမကို လိုက်မှီရန်အတွက် များစွာ အားစိုက်ထုတ်ရမည် ဖြစ်သည်။
“ ငါအရင် ထွက်သွားသင့်တယ် “ ရှုကျိုးသည် တွေးတောဆင်ခြင်နေခဲ့သည်။
ဤသည်မှာ ဒုတိယအဆင့် ဗီဇပြောင်းသားရဲကို တွေ့ဖူးသည့် သူ၏ပထမဦးဆုံး အကြိမ်ဖြစ်ပြီး၊ ၎င်းသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်လွန်းနေခဲ့သည်။
ထို့အပြင် ဒုတိယအဆင့် သားရဲ၏ ဉာဏ်ရည်ဉာဏ်သွေးသည် ပို၍ မြင့်မားကောင်းမွန်နေလျက်ရှိပြီး၊ ပစ်မှတ်များကို ရှင်းလင်းခြင်းနှင့် တစ်ခါတစ်ရံတွင် လူသားကဲ့သို့သော အမူအရာများကိုပင် ဖော်ထုတ်ပြသလေ့ရှိတတ်သည်။
ပထမအဆင့် သားရဲများနှင့် ယှဥ်လိုက်မည်ဆိုပါက၊ ၎င်းတို့မှာ လုံးဝ ကွဲပြားခြားနားသော မျိုးစိတ်တစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။
“ တကယ်လို့ ငါကသာ ဒုတိယအဆင့် သားရဲကို သတ်နိုင်မယ်ဆိုရင် …. “ ရှုကျိုးမှ တွေးတောစဥ်းနေတော့သည် “ ငါက သတ်ဖြတ်ခြင်း စာရင်းဇယားရဲ့ ပထမနေရာကို ပြန်သိမ်းနိုင်လောက်မလားပဲ? “
သူသည် အနည်းငယ် မနာလိုအားကျဖြစ်နေလျက်ရှိသည်။
ဒုတိယအဆင့်ဟူသည့် ဂုဏ်အရှိန်အဝါမှာ တကယ်ပင် မြင့်မားလွန်းလှသည်။
သို့ရာတွင် ယခုလက်ရှိ သူ၏ စွမ်းအားဖြင့်သာဆိုပါက ဒုတိယအဆင့် သားရဲကို သတ်နိုင်မည် မဟုတ်ပေ။
“ ငါက ဆေဘာသွား နဂါးသားရဲကို လွှတ်ပေးနိုင်မဲ့ အခွင့်အရေးကို အမြန်ရှာရမယ် “ ရှုကျိုးသည် မျှော်လင့်တကြီးဖြင့် တွေးတောနေတော့သည်။
သူသည် သူ၏ ဆေဘာသွား နဂါးသားရဲ ကိုယ်ပွားက ဤနတ်ဆိုးတစ်ထောင် လှိုဏ်ဂူ ခရီးစဥ်ကာလအတွင်းတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာလိမ့်မည်ဟု ယုံကြည်နေလျက်ရှိသည်။
ထို့နောက်တွင် သူ၏စွမ်းအားသည် အမှန်တကယ် ခုန်ပျံတိုးတက်လာလိမ့်မည် ဖြစ်သည်။
သို့သော် ယခုတွင်ကား သူသည် ရွှေရောင်ခြသေ့်ကြီး၏ ပိုင်နက်ထဲမှ အရင်ဦးဆုံး ထွက်သွားရမည် ဖြစ်သည်။
ယောက်ယက်ခတ်နေသော အတွေးများနှင့်အတူ ရှုကျိုးသည် ရှေ့သို့ ဆက်လက်၍ ပြေးသွားနေခဲ့သည်။
ကုန်းမြင့်ပိုင်း နယ်မြေသည် ထူးဆန်းသော ပုံသဏ္ဍာန်ရှိသည့် တောင်ကုန်းများစွာဖြင့် အလွန်ကျယ်ပြန့် ရှည်လျားလွန်းလှသည်၊ ရှုကျိုးပြေးနေသည်နှင့်အမျှ သူ့ဘေးနားရှိ ပုံရိပ်များမှာလည်း အဆက်မပြတ် ပြောင်းလဲနေလျက်ရှိသည်။
ရုတ်တရက်ဆိုသလိုပင် ရှုကျိုးသည် သူ၏မြန်နှုန်းကို လျှော့ချလိုက်သည်။
“ တစ်ခုခုတော့ မှားနေပြီ၊ ဒီလမ်းက ငါတို့လာခဲ့တဲ့ လမ်းမဟုတ်ဘူးဆိုတာကို ငါမှတ်မိပါတယ်၊ ဟုတ်တယ်မလား? “
ရှုကျိုးသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေပြီး၊ ဇဝေဇဝါ ဖြစ်သွားတော့သည်။
သူသည် ကလေးဘဝတည်းက ဦးတည်ချက် လမ်းကြောင်း ရှာရာတွင် ညံ့ဖျင်းနေလေ့ရှိသည်။ ငါ့ရဲ့ လမ်းကြောင်းက တကယ်ကြီးကို မှားသွားတာများလား?
ရှုကျိုးသည် ဦးတည်ချက် လမ်းကြောင်းကို စစ်ဆေးရန်အတွက် သူ၏ကျောပိုးအိတ်ထဲမှ သံလိုက်အိမ်မြှောင်ကို အမြန် ထုတ်ယူနေတော့သည်။
ကောင်းကင်ကြီးမှာလည်း မည်းမှောင် အုံ့မှိုင်းနေသောကြောင့် နေမင်းကြီးကို ကြည့်ကာ လမ်းကြောင်း ရှာနိုင်လိမ့်မည် မဟုတ်ပေ။
“ မမှားဘူး၊ လမ်းကြောင်းမှန်တယ်ဟ “ ရှုကျိုးသည် သံလိုက်အိမ်မြှောင်ကို ကြည့်ကာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည်။
သူသည် ရှေ့သို့ ဆက်၍ ပြေးလွှားနေတော့သည်။
တစ်နာရီ၊ နှစ်နာရီ၊ သုံးနာရီ ……….
သုံးနာရီကျော် ကုန်ဆုံးသွားခဲ့ပြီဖြစ်သော်လည်း အဆုံးမရှိသော တောင်တန်းတောင်ကုန်းများက ရှေ့တွင် တည်ရှိနေသေးစဲဖြစ်သည်။
ရှုကျိုးသည် မျက်မှောင်ကြီးကြုတ်ကာ ရပ်တန့်သွားတော့သည်။
ကုန်းမြင့်ပိုင်း နယ်မြေထဲသို့ ရောက်ရှိရန်အတွက် နှစ်နာရီခန့်သာ အချိန်ယူခဲ့ရသည် ဆိုသည်ကို သူမှတ်မိနေခဲ့သည်။
သုံးနာရီကျော်တောင် ပြေးလာခဲ့ပြီးပြီလေ၊ ဘာလို့ အပြင်မရောက်ရသေးတာလဲဟ?
ရှုကျိုးသည် သံလိုက်အိမ်မြှောင်ကို ထပ်မံ၍ ကြည့်ရှုလိုက်ရာ မည်သည့်ပြဿနာမှ ရှိမနေသည်ကို မြင်တွေ့သွားခဲ့သည်။
နေစမ်းပါဦး !!
ရှုကျိုး၏ အမူအရာသည် ချက်ချင်းဆိုသလိုပင် ရှုံ့မဲ့သွားခဲ့သည်။
သူသည် သံလိုက်အိမ်မြှောင်ထဲရှိ လက်တံကို မြောက်ဘက်သို့ လှည့်ရန်အတွက် သူ၏ ခန္ဓာကိုယ်ကိုပင် လှည့်ကာ ကြိုးစားနေတော့သည်။
သို့သော် ရလဒ်မှာ …..
လက်တံသည် မည်သို့မျှ မလှုပ်ရှားသွားခဲ့ပေ။
သူသည် အရှေ့ဘက်သို့ ထပ်လှည့်လိုက်သော်လည်း၊ လက်တံမှာ ငြိမ်သက်မြဲငြိမ်သက်နေစဲသာ ဖြစ်နေခဲ့သည်။
“ သံလိုက်အိမ်မြှောင်က ပျက်နေတာလား? “ ရှုကျိုး၏ အမူအရာသည် ရုပ်ဆိုးသွားခဲ့ပြီး၊ မနေနိုင်တော့ဘဲ ကျိန်ဆဲနေတော့သည် “ လူလိမ် ပွဲစားကောင်ကွာ “
ဤသံလိုက်အိမ်မြှောင်သည် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ မဖွင့်ခင် တစ်ရက်အလိုက ဝယ်ယူခဲ့သော အရာဖြစ်ပြီး၊ ရောင်းသူသည် ၎င်းက ဆယ်နှစ်ကျော်ကြာ တာရှည်ခံလိမ့်မည်ဟုပင် အာမခံခဲ့သေးသည်။
သို့သော် ၎င်းမှာ တစ်ရက်မပြည့်ခင်မှာပင် ပျက်သွားခဲ့ပြီ ဖြစ်သည်။
ရှကျိုးသည် ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာနေကာ မျက်မှောင်ကြုတ်နေလျက်ရှိသည်။
သူသည် သူ၏ လမ်းကြောင်းနှင့် ပတ်သက်၍ တစ်ခုခု မှားယွင်းနေသည်ဟု ခံစားနေခဲ့ရသည်။
“ ငါက ဘယ်ကို ရောက်နေတာလဲ? “ ရှုကျိုး၏ အမူအရာသည် တလေးတနက် ဖြစ်သွားခဲ့သည်။
သူသည် သုံးနာရီကျော်ကြာ ပြေးလာခဲ့ပြီးပြီ ဖြစ်ပြီး၊ သူ၏မြန်နှုန်းနှင့်ဆိုပါက ကုန်းမြင့်ပိုင်းနယ်မြေ အပြင်ဘက်သို့ ရောက်သွားသင့်ပြီ ဖြစ်သည်။
ငါက နတ်ဆိုးတစ်ထောင် လှိုဏ်ဂူနယ်မြေရဲ့ အတွင်းပိုင်းကို ရောက်လာခဲ့တာများလား?
ရှုကျိုး ရင်တလှပ်လှပ် ဖြစ်သွားတော့သည်။
နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ၏ အပြင်ပိုင်း နယ်မြေအတွင်းတွင် အစွမ်းဆုံးသော သားရဲမှာ ပထမအဆင့် ဗီဇပြောင်းသားရဲဖြစ်ပြီး၊ ဒုတိယအဆင့် သားရဲကို မြင်တွေ့လာရခြင်းမှာ ပုံမှန် မဟုတ်ပေ။
သို့သော် အတွင်းပိုင်းနယ်မြေတွင်မူ ဒုတိယအဆင့် သားရဲများ မြင်တွေ့ရခြင်းမှာ ပုံမှန်သာလျှင် ဖြစ်သည်။
သူသည် တတိယအဆင့် (သို့) စတုတ္ထအဆင့် သားရဲများကိုပင် မြင်တွေ့ရလာနိုင်သည်။
“ ငါက အဲ့လောက်ကြီးတော့ ကံမဆိုး …….. “ ရှုကျိုးမှ ရေရွတ်ပြောဆိုနေတော့သည်။
သူသည် အထက်တန်း ပထမနှစ်ကျောင်းသားလေးတစ်ဦးသာလျှင် ဖြစ်သည်။
အကယ်၍ သူကသာ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ၏ အတွင်းပိုင်းနယ်မြေထဲတွင် လျှောက်သွားနေမည်ဆိုပါက အသက်ရှင်ရန်မှာ မဖြစ်နိုင်လုနီးပါး နည်းပါးနေလိမ့်မည် ဖြစ်သည်။
အထူးသဖြင့် သူတစ်ဦးတည်း ရှိနေသည့် ယခုကဲ့သို့သော အချိန်မျိုးပင် ဖြစ်သည်။ ညအမှောင်ကျရောက်လာသည်နှင့်အမျှ သူ၏ အခြေအနေက ပို၍ ဆိုးရွားလာလိမ့်မည် ဖြစ်သည်။
ထို့နောက် ရှုကျိုးသည် နောက်ဘက်သို့ ပြန်ကြည့်လိုက်ရာ မျက်လုံးများ ပေကလပ် ပေကလပ် ဖြစ်သွားတော့သည်။
အကယ်၍ ယခုတွင် သူသာ နောက်ပြန်လှည့်သွားမည်ဆိုပါက ရွှေရောင်ခြသေ့်ကြီးနှင့် ထပ်မံ၍ တွေ့ဆုံသွားရနိုင်သည်။
“ ချီးပဲကွာ၊ ရှေ့ပဲ ဆက်သွားမယ် “ ရှုကျိုးသည် အံကြိတ်လိုက်ပြီး၊ ရှေ့သို့သာ ဆက်သွားနေတော့သည်။
သူသည် သူ၏ကံတရားက ကောင်းမွန်နေပြီး၊ တတိယအဆင့် (သို့) စတုတ္ထအဆင့် ဗီဇပြောင်း သားရဲများနှင့် တွေ့ရလောက်သည်အထိ ဆိုးရွားမနေဘူးဟု ယုံကြည်နေလျက်ရှိသည်။