ဆေးလုံးသန့်စင်၊ မိစ္ဆာ ခြုံခိုတိုက်ခြင်း
Vol. 9 Ch. 81
ချန်ယွီ့က စိတ်ကျန်းမာရေး ဆရာဝန်တစ်ယောက် မဟုတ်ဘူးဆိုတာကို လူအိုကြီး ၁၀၀ ရာခိုင်နှုန်း သေချာနေခဲ့သည်။
ဆေးလုံး သန့်စင်ဖို့အတွက် တန်ဖိုးကြီး ရတနာဆေးပင်များကို ထုတ်ပြောလာနေပြီးဖြစ်ရာ အဘယ်ကြောင့် သူ့ကိုယ်ပိုင် အထောက်အထားကို ဖုံးကွယ်ထားနေရသနည်း။
ဤ တစ္ဆေဈေးရှိ ဈေးဆိုင်ပိုင်ရှင် တစ်ယောက်ကမျှ ရိုးရှင်းသူများ မဟုတ်ကြ။
အစောပိုင်းတုန်းက ချန်ယွီ့နှင့် ပြောဆိုဆက်ဆံခဲ့သည့် ဈေးဆိုင်ပိုင်ရှင်က ဝဖိုင့်ဖိုင့်နှင့် ဘာကိုမျှ ထိခိုက်အောင် မလုပ်နိုင်သည့်ဟန် တူသော်လည်းပဲ တကယ့်တကယ်တော့ ကျွမ်းကျင်လှသည့် သင်္ချိုင်းဖောက်သမားပင်။
အိမ်ထောင်ကျပြီး မိန်းမနှင့် ကလေး ရှိလာသည့် အချိန်ကျတော့မှသာ အနားယူသွားခဲ့ခြင်းပင်။
ယခု အဘိုးကြီးကလည်း ဆေးပင်များ ရောင်းချသည့် လုပ်ငန်းကို ဆယ်စုနှစ် တစ်ခုကျော်ကြာအောင် လုပ်ကိုင်လာခဲ့ပြီး ဆေးပင်အစဉ်ဇယားကို တစ်ချက်ကြည့်ရုံမျှနှင့် ဤဆေးပင်များကို အသုံးချပြီး မည်သည့်အရာတို့ ပြုလုပ်မလဲဆိုတာကို ဒက်ခနဲ တန်းသိသည်။
“ ဆိုတော့ အဘိုးမှာ ကျွန်တော် လိုချင်တဲ့ ဆေးပင်တွေ ရှိလားမသိဘူး …”
ချန်ယွီ့ မေးမြန်းလိုက်သည်။
“ ရှိတယ် …”
ချန်ယွီ့က သူ၏ အထောက်အထားကို ဖုံးကွယ်လိုသဖြင့် အဘိုးကြီးလည်း မသိချင်ယောင်ဆောင်ပေးလိုက်သည်။
ဤ စိတ်ကျန်းမာရေး ဆရာဝန်ဆိုသူက နောက်ထပ် ဘာတွေ ဆက်လုပ်မလဲဆိုတာကို သူ ကြည့်ချင်နေသည်။
“ ငါ့မှာ မင်းပြောတဲ့ဆေးပင်တွေ ရှိတယ် … ဒါပေမယ့် မင်း လိုချင်တဲ့ဟာတွေ အားလုံးက ရှားပါးပြီး တန်ဖိုးကြီး ဆေးပင်တွေချည်းပဲ …”
“ မင်းလိုချင်တဲ့ ဆေးပင်သက်တမ်း အတိအကျတော့ ငါလည်း မပေးနိုင်ဘူးကွ …”
“ ငါ့မှာ အခု နှစ်တစ်ရာ ဂျင်ဆင်းက ရှိပြီးသားဆိုတော့ … ငါမင်းကို နှစ် ခြောက်ဆယ် သက်တမ်းရှိတဲ့ မီးလင်ဇီးပဲ ပေးနိုင်မယ် ….”
“ သွေးလေ နွယ်ပင်ကလည်း ပြီးပြည့်စုံတဲ့ အနေအထားမှာ ရှိနေမှာတော့ မဟုတ်ဘူး …”
“ အဖိုအမ ဝတ်ဆံမြစ်ဆို ပိုပြီးတောင် ငယ်ဦးမယ် … သုံးဆယ့်ငါးနှစ် သက်တမ်းပဲ ရှိမယ် …”
“ ရတယ်လေ …”
ချန်ယွီ့က သူ၏ ကံကောင်းခြင်းကြယ်လေးများအား တွက်ချက်ပြီး သူလိုချင်သည့် ဆေးပင်များ အားလုံးရှိနေသည့်လူနှင့် လာဆုံခြင်းပင်။
တင်းကြပ်သည့် လိုအပ်ချက်များကြောင့် ၎င်းပစ္စည်းများအား မရရှိတာထက် စာလျှင်တော့ တော်သေး၏။ အရာအားလုံးကို ကံကြမ္မာလိုရာအတိုင်း သွားတာကပဲ ကောင်းသည်။
ချန်ယွီ့ သဘောတူလာသည်ကို မြင်တော့ လူအိုကြီးက ခေတ္တ စောင့်ပေးဖို့ ပြော၏။
သူ့ဆိုင်တွင် တည်ခင်းထားသည့် ဆေးပင်များကို ချန်ယွီ့ လုယူပြီး ထွက်ပြေးသွားမှာကို သူ မကြောက်။ သူ့ဆိုင်ကို ကြည့်ထားပေးဖို့လည်း အခြားသူများကို သူ မတောင်းဆိုခဲ့ပေ။
ချန်ယွီ့ လိုအပ်သည့် ဆေးပင်များက တကယ်လည်း ဆေးလုံးသန့်စင်ဖို့အတွက် အသုံးပြုလိုခြင်းပင်။
ကောင်းကင်လျှို့ဝှက် နည်းဗျူဟာထဲ ပါဝင်သည့် မှတ်တမ်းတို့အရ သူ့အနာဂတ် ကျင့်ကြံဆင့် ချိုးဖျက်မှုများသည် တစ်ဆင့်ထက် တစ်ဆင့် ပိုပြီး အန္တရာယ်များလာလိမ့်မည်။
သူ၏ လိုက်စထွင်းများမှ တစ်ဆင့် ချန်ယွီ့က အခြားသူများ၏ ပြဿနာကို ဖြေရှင်းပေးပြီး ၎င်းတို့ကို မှန်ကန်သည့် လမ်းကြောင်းပေါ်သို့ ရောက်အောင် ညွှန်ပြပေးကာ ကံကောင်းမှုနှင့် ကုသိုလ်များကို ဆက်တိုက် ရရှိနိုင်သည်။
အနှီ ကံကောင်းမှုများနှင့် ကုသိုလ်အမျှင်တန်းများကို သူ၏ ကိုယ်ပိုင် ခွန်အားအဖြစ်သို့ ပြောင်းလဲ၍ ဤအခွင့်အရေးကို အသုံးပြုပြီး သူ၏ အကန့်အသတ်ကို ထိုးဖောက်ဖို့က ချန်ယွီ့၏ အစွမ်းအစပေါ်တွင်သာ မူတည်သည်။
ယခင်တစ်ကြိမ်တုန်းက ငွေရောင် အခွင့်အရေး တစ်ခုကို ရရှိပြီးနောက် ကောင်းကင်သံသရာ ဝိဉာဏ်စွမ်းအင် အစီအရင်ကို ဖန်တီး တည်ဆောက်ပြီး အရှိန်အဝါ သန့်စင်ခြင်း နယ်ပယ်မှ အုတ်မြစ်တည်ထောင်ခြင်း နယ်ပယ်သို့ တက်ရောက်နိုင်ခဲ့သည်။
၎င်းအစီအရင်ကြောင့်ပဲ သူ့ခန္ဓာကိုယ်ထဲရှိ ဝိဉာဏ်ချီစွမ်းအင်တို့ကို အချည်းနှီး မပျံ့လွင့်စေပဲ သူ၏ အကန့်အသတ်ကို တစ်ကြိမ်တည်းနှင့် တိုက်ခိုက်ထိုးဖောက်နိုင်ခဲ့ခြင်း ဖြစ်၏။
ယခု … ချန်ယွီ့က အုတ်မြစ်တည်ထောင်ခြင်း အလယ်အလတ်အဆင့်သို့ ချိုးဖောက်ရန် ရည်ရွယ်နေသည်။
အကယ်၍ သူသာ ဂရုမစိုက်ဘူးဆိုပါက အားလုံး အချည်းနှီး ဖြစ်ကုန်လိမ့်မည်။
ဤတစ္ဆေလမ်းက တကယ့်ကို ထူးခြားသည့် နေရာတစ်ခုဟု ဆိုထိုက်သည်။
ချန်ယွီ့ စောင့်ဆိုင်းနေသည်မှာ မိနစ် ၂၀ ကျော်ကြာပြီး ဖြစ်သော်လည်းပဲ မည်သည့် ပစ္စည်းသူခိုးကိုမျှ မမြင်တွေ့ရသေးချေ။
နောက်ထပ် ဆယ်မိနစ်ကျော် ကြာပြီးသည့်နောက် လူအိုကြီးမှာ သူ့လက်ထဲတွင် အနက်ရောင် ခရီးဆောင်အိတ်ကို ကိုင်ထားလျက် ပြန်ရောက်လာသည်။
ဇစ်ကို ဆွဲဖွင့်ပြီး ချန်ယွီ့ လိုအပ်နေသည့် အမျိုးမျိုးသော ဆေးပင်များကို လှစ်ဟာပြလိုက်သည်။
“ ဒီလူအိုကြီးက စီးပွားရေး လုပ်ရန် အမြဲတမ်း ရိုးရိုးသားသားပဲ လုပ်တယ် …”
“ သူတို့ရဲ့ သက်တမ်းတွေက ငါ စောနက ပြောခဲ့တဲ့အတိုင်း အတိအကျပဲ …”
“ ဒီရဲ့ နှစ်တစ်ရာ ဂျင်းဆင်းအပါအဝင် ဒီ ဆေးပင် အားလုံး ယွမ် ၈၈၀,၀၀၀ ကျမယ် …”
ချန်ယွီ့ နှုတ်ခမ်းကိုက်လိုက်သည်။
ဆေးပင်များ ကုန်သွယ်သည့် လုပ်ငန်းက တကယ့်ကို အမြတ်အစွန်း ကြီးမားသည့် လုပ်ငန်းကြီး ဖြစ်၏။
ဆေးဆိုင် အကြီးစားများပင် တစ်လကို ယွမ် ရှစ်သိန်းကျော် ရနိုင်မှာ မဟုတ်ချေ။
ချန်ယွီ့က ချောချောချူချူနှင့် ငွေချေပေးလိုက်၍လားတော့ မသိ။ လူအိုကြီးက သူ့ကို မေတ္တာလက်ဆောင်တစ်ခု ပေးလာသည်။
ယင်းကတော့ ဆေးပင်များ သယ်ဆောင်သည့် အနက်ရောင် သားရေ ခရီးဆောင်အိတ်ပင်။
ကောင်းကင်လျှို့ဝှက် နည်းဗျူဟာက သိမ်မွေ့နက်နဲပြီး မရေမတွက်နိုင်သည့် ဆန်းကြယ်နည်းစနစ်တို့ ပါဝင်သည်။
ထို့ကြောင့်လည်း ဆေးလုံးသန့်စင်သည့် နည်းစနစ်တို့ သူ့တွင် ရှားပါးပြတ်လပ်မနေခဲ့ချေ။
ဆိုင်သို့ ပြန်ရောက်လာခဲ့ပြီးနောက် ချန်ယွီ့ တံခါးသော့ခတ်ထားလိုက်၏။
သူ့ပစ္စည်းများကို သယ်ဆောင်ကာ ဒုတိယထပ်သို့ ရောက်လာခဲ့သည်။
ဒုတိယထပ် ထောင့်တစ်နေရာတွင် ဝမ်တဲ့ချွမ်ဆီမှ ရထားသည့် ဆေးဒယ်အိုးတစ်လုံး ရှိနေသည်။
နယ်နယ်ရရ ပစ္စည်းတစ်ခုတော့ မဟုတ်။ ဝိဉာဏ်စွမ်းအင် ပစ္စည်းဖြစ်သည့် သုံးချောင်းထောက် ဆေးဒယ်အိုးပင်။
ဆေးလုံးများ သန့်စင်သည့် ဆေးမီးဖိုကဲ့သို့ အဆင်ပြေလှခြင်း မရှိသော်လည်း ၎င်းဒယ်အိုးနှင့် အတူယှဉ်တွဲရှိနေသည့် သန္ဓေတည် ဝိဉာဏ်ချီစွမ်းအင်ကိုက ၎င်း၏ သာလွန်ထူးခြားချက် ဖြစ်၏။
ဤ ဒယ်အိုးကို အသုံးပြုပြီး ဆေးပင်များ၏ ဂုဏ်သတ္တိများကို အချိန်ကြာမြင့်စွာ ထိန်းသိမ်းထားနိုင်သည်။
သူ အလျင်အမြန်ပဲ အဆင်သင့်ဖြစ်အောင် ပြုလုပ်လိုက်ပြီး ဆေးဒယ်အိုးကို သူ့ဆိုင် ဒုတိယထပ်၏ အလယ်တည့်တည့်တွင် ထားလိုက်သည်။
သားရေအိတ်ထဲက ဆေးပင်များကို ဂရုတစိုက်နှင့် ထုတ်ယူလိုက်ပြီး ဆေးဒယ်အိုးထဲ ထည့်လိုက်၏။
ကောင်းကင်လျှို့ဝှက် နည်းဗျူဟာက အမျိုးမျိုးသော ဆေးလုံးသန့်စင်သည့် နည်းလမ်းများကို ထောက်ပံ့ပေးထားသည့်အတွက် ချန်ယွီ့က အမြန်ဆုံးနှင့် အဆင်ပြေမှု အရှိဆုံး တစ်ခုကို ရွေးချယ်လိုက်သည်။
ဆေးမီးနှင့် ဒယ်အိုးကို အပူပေးပြီး ဆေးလုံးသန့်စင်ခြင်းက လိုအပ်သည့်ရေများ ထည့်ရသည့် အပိုင်းကို ဖယ်ရှားစေပြီး ဒယ်အိုးကို အလျင်အမြန်နှင့် ပူလာစေသည်။
ဤ ဆန်းကြယ်နည်းလမ်းက ဒယ်အိုးထဲရှိ အတွင်းပိုင်း အပူချိန်ကို လျင်မြန်စွာ မြင့်တက်လာစေပြီး ဆေးသန့်စင်သူကို ၎င်းတို့၏ ဆေးပင်များအားလုံး အပူရှိန်ဖြင့် အပြည့်အဝ ခြောက်ကပ်မာကျောသွားစေသည်။
နောက်ပိုင်းတွင် အတွင်းရှိ ဆေးပင်များက ဝိဉာဏ်ချီစွမ်းအင်များ ဆက်တိုက်ဖြည့်သွင်းမှုအောက်တွင် ဖြည်းဖြည်းချင်း အရည်ပျော်လာစေမည်။
ပြီးသည့်နောက်တွင်တော့ အနှစ်သာရကို စစ်ထုတ်ပြီး ဆေးပင်များ၏ အညစ်အကြေးကို ဖယ်ရှားသည်။ ဝိုင်ချက်လုပ်သည်နှင့် အတော်လေး ဆင်သည်။
နောက်ဆုံး၌ ၎င်းကို ဆေးလုံးတစ်ခုအဖြစ်သို့ သိပ်သည်းနိုင်မှာ ဖြစ်၏။
ကြည့်ရသည်မှာတော့ ရိုးရှင်းသည်။ သို့သော် အမှားပြုလုပ်မိနိုင်ချေကလည်း များပြား၏။ တစ်ဆင့် မှားယွင်းသည်နှင့် ဆေးပင်များအားလုံး အချည်းနှီး ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် ဆေးဒယ်အိုး ပေါက်ကွဲသွားလိမ့်မည်။
ဂရုတစိုက်နှင့် ချန်ယွီ့ အညွှန်းကို ထပ်ခါတလဲလဲ သေချာအောင် ဖတ်လိုက်သည်။
ကြမ်းပြင်တွင် ခြေတင်ပလ္လင်ခွေ၍ ထိုင်ပြီး သူ့လက်နှစ်ဖက်ကို ဆေးဒယ်အိုး၏ အောက်သို့ ပို့လိုက်၏။
ဝိဉာဏ်ချီစွမ်းအင် ဖြည်းဖြည်းချင်း ထည့်သွင်းနေရင်း မိနစ် နှစ်ဆယ်လောက် ကြာပြီးသည့်နောက် သူ့ ဝိဉာဏ်စွမ်းအင်တို့က ဒယ်အိုးကို ကိုယ်ထည်တစ်ခုလုံး ရဲရဲနီလာသည်အထိ အပူမြင့်တက်လာစေသည်။
ထို့နောက်တွင်မှ ချန်ယွီ့ လက်နှစ်ဖက်ကိုဖယ်ရှား၍ စိတ်ကို ဗလာကျင်းပြီး ဆေးလုံးသန့်စင်သည့် နောက်တစ်ဆင့်ကို သွားသည်။
များမကြာမီ သူ၏ အသိစိတ်ပင်လယ်က ဗလာအခြေအနေသို့ ဝင်ရောက်သွားခဲ့ပြီး သူ့နှလုံးသားသည်လည်း ခံစားချက် အတက်အကျတို့ ကင်းမဲ့သွားခဲ့သည်။
ဆေးသန့်စင်ခြင်း တစ်ခုတည်းအပေါ်တွင်သာ အာရုံစိုက်ထားခဲ့၏။
“ ဘယ်ကောင် ငါ့ကို အလစ်တိုက်ရဲတာလဲ …”
ဆေးသန့်စင်မှု နောက်ဆုံးအဆင့်ကိုရောက်တော့ ချန်ယွီ့ ရုတ်တရက် ထခုန်လိုက်သည်။
သူ့ဝိဉာဏ်စွမ်းအင်များကို ဖြည်းဖြည်းချင်း ပြန်ရုတ်သိမ်းရင်း ချန်ယွီ့၏ မျက်လုံးတို့က ပတ်ဝန်းကျင်ကို အလျင်အမြန် ဝေ့ကြည့်လိုက်၏။
ဒုတိယထပ်က ဗလာကျင်းနေပြီး အနားတွင် မည်သူတစ်ဦးတစ်ယောက်မျှလည်း ရှိမနေချေ။
လွန်ခဲ့သည့် တဒင်္ဂလောက်တုန်းက ထူးဆန်းပြီး အေးစက်စက်ရှိသည့် စွမ်းအင်တစ်ခုက ချန်ယွီ့ကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လာခဲ့သည်။
အချိန်မီ တုံ့ပြန်လိုက်နိုင်သောကြောင့်သာ မဟုတ်ပါက သူ ထိခိုက်သွားနိုင်သည်။
သူ သုံးလေးကြိမ်ခန့် အော်ဟစ်လိုက်သော်လည်းပဲ ခြုံခိုတိုက်ခိုက်သည့်လူက ထွက်ပေါ်မလာခဲ့ချေ။
ချန်ယွီ့ ဝိဉာဏ်အသိကို အသက်သွင်း၍ လျင်မြန်စွာ ဖြန့်ကျက်လိုက်ပြီး သူ့ဆိုင်တစ်ခုလုံးကို လွှမ်းခြုံလိုက်သည်။
ဝိဉာဏ်စွမ်းအင်က ပထမထပ်နှင့် ဒုတိယထပ်၏ နေရာတိုင်းသို့ ပျံ့နှံ့သွားခဲ့လေသည်။
“ လူသား အရှိန်အဝါလည်း မရှိပါဘူး … ဘာတုန်းဟ …”
ချန်ယွီ့ ရှုပ်ထွေးသွားခဲ့၏။
သူ့ဆိုင်၏ ပထမထပ်နှင့် ဒုတိယထပ်တွင် မည်သူတစ်ဦးတစ်ယောက်မျှ မရှိ။ သို့ဆိုလျှင် အနှီ ဆိုးယုတ်သည့် စွမ်းအင်က မည်သည့်နေရာကနေ ပေါ်ထွက်လာခဲ့သနည်း။
ဧကန္တ ဟိုအရာများ ဖြစ်နေမလား …
နောက်တစ်ခဏ၌ ချန်ယွီ့၏ လက်က ဝှစ်ခနဲ သူ့အိတ်ထောင်ထဲသို့ ရောက်သွားခဲ့သည်။
အထဲတွင် သိမ်းထားသည့် မိစ္ဆာဖိနှိပ် ပုလဲကို ထုတ်ယူလိုက်၏။
အနက်ရောင် အရှိန်အဝါတစ်ခုက ငြိမ်သက်နေသည့် မိစ္ဆာပုလဲ၏ ဝန်းကျင်တွင် ရစ်ဝဲနေသည်။
ချန်ယွီ့ သူ၏ ဝိဉာဏ်အသိကို ထပ်မံ ထုတ်လွှတ်လိုက်ပြီး ဆိုးယုတ်သည့် အရှိန်အဝါများအား ထိုးဖောက်၍ ဝိဉာဏ်ပုလဲအတွင်းသို့ ဝင်ရောက်လိုက်သည်။
“ ဘယ်လိုတောင် အင်အားပြင်းထန်လိုက်တဲ့ နာကျည်းချက်တွေလဲ …”
အသက်သုံးရှိုက်စာလောက် ကြာပြီးသည့်နောက် ချန်ယွီ့ လုံးဝ ကြက်သေသေသွားခဲ့သည်။
မိစ္ဆာဖိနှိပ်ပုလဲထဲတွင် ဝိဉာဏ်အပိုင်းအစ တစ်ခု ရှိနေသည်။
ထို့ပြင် … ယင်းက အလွန်အမင်း ကြမ်းကြတ်ပြီး နတ်ဆိုးဆန်သည့် ဝိဉာဏ်ဖြစ်၏။
ချန်ယွီ့ ချက်ချင်းပဲ သဘောပေါက်သွားခဲ့သည်။ အေးစက်ပြီး ထူးဆန်းသည့် စွမ်းအင်က သူ့ကို တိုက်ခိုက်ချင်ခဲ့တာ မဟုတ်ဘဲ ဤနတ်ဆိုးဝိဉာဏ်က ချန်ယွီ့၏ ဗလာစိတ်အခြေအနေကို အခွင့်ကောင်းယူ၍ သူ၏ ခန္ဓာကိုယ်ကို အပိုင်စီးချင်နေသည့်ဟန်ပင်။
ဤသည်ကို စဉ်းစားမိတော့ ချန်ယွီ့၏ မျက်နှာအမူအရာမှာ မည်းမှောင်သွားခဲ့သည်။
ကောင်းကင်လျှို့ဝှက် နည်းဗျူဟာကို အမွေဆက်ခံပြီးကတည်းက ချန်ယွီ့၏ ကျင့်ကြံမှု အမြန်နှုန်းမှာ ဂိမ်းခိုးဆော့သည့်အလား မြန်ဆန်နေခဲ့သည်။
ဝိဉာဏ်ချီစွမ်းအင်တို့ နည်းပါးသည့် မျက်မှောက်ခေတ်တွင် လူအနည်းကသာလျှင် သူ၏ ပြိုင်ဘက်ဖြစ်နိုင်သည်ကို ချန်ယွီ့ တထစ်ချ ယုံကြသည်။
ဒီရဲ့ မိစ္ဆာဖိနှိပ် ပုလဲထဲ ပုန်းအောင်းနေတဲ့ အထီးကျန် ဝိဉာဏ်က ဘယ်လို တည်ရှိမှုမျိုးလဲ။ သူ့ရဲ့ ဝိဉာဏ်အသိစိတ်ကနေ ဘယ်လိုလုပ်ပြီး ဖုံးကွယ်ထားနိုင်နေခဲ့တာလဲ။
ချန်ယွီ့၏ ဝိဉာဏ်အသိစိတ်က မိစ္ဆာဖိနှိပ် ပုလဲအတွင်းသို့ ဝင်ရောက်ချိန်တွင် သူ့ကိုယ်သူ ငရဲလောကထဲသို့ ဝင်ရောက်မိသည့်နှယ် ခံစားလိုက်ရသည်။
အေးစက်မှုအပြင် အကန့်အသတ်မဲ့သည့် မကျေမချမ်းဖြစ်မှုနှင့် နာကျည်းမှုများကိုလည်း ခံစားလိုက်ရ၏။
“ ငါ့ခန္ဓာကိုယ်ကို အပိုင်စီးဖို့ စိတ်ကူးယဉ်မနေနဲ့ … မင်းကိုပဲ အရင်သန့်စင်ပစ်မှာ …”
ချန်ယွီ့စိတ်ထဲ အကြံတစ်ခု ရှိနေသည်။
သူ မိစ္ဆာဖိနှိပ်ပုလဲကို အနီရောင်ကြိုးနှင့် ပြန်သီလိုက်ပြီး နံရံတွင် သံမှိုရိုက်ထားလိုက်သည်။
ထို့နောက် သူ၏ စတိုခန်းက ခေါက်စားပွဲ တစ်လုံးကို သွားယူလာလိုက်၏။
အဝါရောင် စက္ကူအနည်းငယ် ၊ ပြဒါးရိုင်း၊ စုတ်တံတစ်ခုနှင့် တစ်စုံတစ်ရာကို စပြီး ရေးဆွဲသည်။
နှုတ်ကလည်း မန္တန်တစ်ခုကို တောက်လျှောက် ရွတ်ဆိုနေသည်။
မကြာခင် အဆောင် ပြီးမြောက်သွားခဲ့သည်။
အန္တရာယ်ကို အာရုံခံမိတော့ မိစ္ဆာဖိနှိပ်ပုလဲက ရုတ်တရက် စတင်လှုပ်ခါလာပြီး လေထဲ ဝေ့ဝဲနေခဲ့၏။
“ အခုမှ ကြောက်နေလို့ နောက်ကျသွားပြီ…”
ချန်ယွီ့ ညစ်ကျယ်ကျယ် အပြုံးတစ်ခုဖြင့် ပြောလိုက်၏။