အင်နိုးစန့်ဂိုက် မဖမ်းနဲ့
Vol. 9 Ch. 85
“ ခင်များ ကျုပ်ကို တိုက်ခိုက်ဖို့ မလုပ်ခင် ဘာကြောင့် ခင်များ ထပ်ခါတလဲလဲ ကျရှုံးနေရလဲဆိုတာကို မသိချင်ဘူးလား…”
ချန်ယွီ့က အပြုံးမမည်သည့် အပြုံးတစ်ခုဖြင့် မေးလိုက်သည်။
“ မင်း တကယ်ပဲ ဘယ်သူလဲ ….”
ဆိုင်ရှင်၏ နဖူးထက်တွင် ချွေးစေးတို့ အနည်းငယ် စို့လာသည်။
သူ အင်မတန် တုန်လှုပ်နေခဲ့၏။
ဒီ လူဘယ်ကနေ ရောက်လာခဲ့တာလဲ …
သူပြောတဲ့ စကားတွေအကုန်လုံးက တစ်ခုချင်းစီ ကြည့်ရင် အဓိပ္ပာယ် မရှိဘူးဆိုပေမယ့် ပေါင်းစပ်ကြည့်လိုက်ရင် တစ်ခုခုကို ရည်ညွှန်းနေသလိုလို …..
“ ကျုပ် ဘယ်သူလဲ အရေးမကြီးဘူး … အရေးကြိးတာက ….”
“ ဒီလောကကြီးထဲ … ငရဲငါးထပ်ကို စတေးပြီး ခန္ဓာ အချုပ်အနှောင်ကင်းလွတ်ရင်းနဲ့ အင်မော်တယ် ဘယ်လိုဖြစ်နိုင်လာလဲဆိုတာကို သိတဲ့လူ ကျုပ် တစ်ယောက်တည်း ရှိတယ် …” ချန်ယွီ့ ပြောဆိုပြီးနောက် စကားကို ခေတ္တရပ်နားလိုက်သည်။
သူ ထိုသို့ ပြောလိုက်သည်နှင့်တစ်ပြိုင်နက် စုတ်ချာချာရုပ်နှင့် ဆိုင်ရှင်မှာ ပင့်သက်ရှိုက်မိသွားခဲ့သည်။
ဒီလူက အဲ့တာအတွက် ရောက်လာခဲ့တာပဲ …
ချန်ယွီ့ကတော့ ဆိုင်ရှင်၏ တဖြည်းဖြည်းချင်း ထိတ်လန့်တုန်လှုပ်လာသည့် ပုံစံကို သတိမပြုမိဟန်ဖြင့် စကားကို ဆက်သည်။
“ ခင်များက နတ်ဆိုးဆန်တဲ့ စရိုက်နဲ့လူ ဆိုပေမယ့် ကျင့်ကြံတဲ့ နေရာမှာ ပါရမီ အတော်ပါတာကိုတော့ ချီးကျူးရမယ် …”
“ ဆယ်နှစ်သား အရွယ်မှာ ခင်များက ခင်များရဲ့ မိသားစုဝင်တွေနဲ့ အသက်မွေးဝမ်းကျောင်းအတွက် အုတ်ဂူတွေ စတူးနေပြီ …. ခင်များ အသက် ဆယ့်သုံးနှစ်ရောက်တော့ အုတ်ဂူထဲကနေ မပြီးပြည့်စုံတဲ့ ကျင့်ကြံရေးနည်းလမ်းတစ်ခုကို ကောက်ရခဲ့တယ် ….”
“ ပြီးပြည့်စုံမှု မရှိတဲ့ လမ်းညွှန်မှုအပေါ် မှီခိုပြီး စွမ်းရည်တွေ အများကြီးကို လေ့ကျင့်နိုင်ခဲ့တယ် ….”
“ ကံဆိုးချင်တော့ ခင်များက သိပ်လောဘကြီးလွန်းတာပဲ …”
“ ခင်များမှာ သာမန်လူတွေထက် သာလွန်တဲ့ အစွမ်းအစ ရှိနေပြီဆိုတာကို ရှင်းရှင်းလင်းလင်းကြီး သိနေလျက်နဲ့ ခင်များက မကျေနပ်နိုင်ဘူး …”
“ ကျင့်ကြံရေးကျမ်းရဲ့ နောက်ဆုံးစာမျက်နှာမှာ ပြီးပြည့်စုံမှု မရှိတဲ့ ရှေးခေတ် ကျင့်ကြံရေး နည်းလမ်းတစ်ခုပါတယ် … ခင်များ နှစ်ပေါင်းများစွာ ဝှက်စာဖော်ခဲ့တဲ့ အဲ့ဒီကျမ်း ….”
“ ခင်များက ကျမ်းစာမှာ ညွှန်ပြတဲ့အတိုင်း ခန္ဓာကိုယ် အချုပ်အနှောင်ကင်းလွတ်ပြီး အင်မော်တယ် ဖြစ်လာဖို့ ကြိုးစားခဲ့တယ် ….”
ချန်ယွီ့ စကားတစ်ခွန်း ပြောလိုက်သည်နှင့် ဆိုင်ရှင်၏ အမူအရာမှာ တုန်လှုပ်သထက် တုန်လှုပ်လာသည်။
အဆုံး၌ သူ နောက်ကျောတစ်ပြင်လုံး ချွေးစေးတို့ဖြင့် ရွှဲနစ်သွားခဲ့သည်။
“ မင်း ဒါတွေ ဘယ်လိုလုပ်ပြီး သိနေတာလဲ …”
ချန်ယွီ့၏ စကားလုံးတို့က အသေးစိတ် ကျလွန်းနေသည်။
အသေးစိတ်ကျလွန်း၍ ဆိုင်ရှင်ပင် မေ့တေ့တေ့ ဖြစ်နေသည့် တစ်ချို့သော အကြောင်းအရာများပင် ပါဝင်နေခဲ့သည်။
“ ကျုပ်ကိုယ်ကျုပ် မိတ်ဆက်ပေးဖို့ မေ့သွားခဲ့တာပဲ …” ချန်ယွီ့က ညင်သာစွာ ပြုံးလိုက်ပြီး “ မင်္ဂလာပါ … ကျုပ်နာမည်က ချန်ယွီ့ … ကျုပ်က စိတ်ကျန်းမာရေး ဆရာဝန်တစ်ယောက်ပါ ….”
“ ခင်များ အင်တာနက် သုံးတယ်ဆိုရင် ကျုပ်နာမည်ကို သေချာပေါက် ကြားဖူးမှာပေါ့ …”
ဆိုင်ရှင်မှာ ထပ်မံ၍ နက်နက်ရှိုင်းရှိုင်း ရှော့ခ်ရသွားခဲ့ပြန်သည်။
ချန်ယွီ့ လိုက်စထွင်းများကို သူတစ်ခါမျှ မကြည့်ဖူးသော်လည်းပဲ ချန်ယွီ့၏ နာမည်ကိုတော့ မစိမ်းပေ။
သူ့ဆိုင်က ကျောင်းနှင့် နီးပြီး သူ့ အဓိက စီးပွားရေးကလည်း ကျောင်းသားများထံမှ လာသည်။ တစ်ခါတစ်ရံ မူလတန်း ကျောင်းသားလေးများက ချန်ယွီ့ အမည်တွင်သည့် စထွင်မာ တစ်ယောက်အကြောင်း လမ်းသွားရင်း ပြောဆိုဆွေးနွေးလေ့ ရှိကြသည်။
၎င်းတို့ ပြောကြသည်မှာ ဤကမ္ဘာကြီးထဲ ချန်ယွီ့ မသိသည့် အရာ မရှိဟူ၍ပင်။ သူ့ကို ပြန်လည်မွေးဖွားလာသည့် အင်မော်တယ် တစ်ပါးလို့တောင် တင်စားနေခဲ့ကြသည်။
ထိုစကားကြားတော့ ဆိုင်ပိုင်ရှင် ကြိတ်ပြီး နှာခေါင်းရှုံ့လိုက်၏။
ချန်ယွီ့က ဆန်းကြယ်သည့် ပညာရပ်တစ်ချို့ကို တတ်ကျွမ်းထားပြီး ကံကြမ္မာဖတ်သည့် နည်းလမ်းများဖြင့် လူပြိန်းများကို အရူးလုပ်နေသည်ဟု သူ ထင်သည်။ သို့သော် ချန်ယွီ့က တစ်နေ့ သူ့ရှေ့တွင် ထွက်ပေါ်လာလိမ့်မည်လို့တော့ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ချေ။
“ ကျုပ်ကိုယ်ကျုပ် ဒဏ္ဍာရီဆန်တဲ့ လူလို့တော့ မခံယူဝံ့ပါဘူး …. ကျုပ်က ဒီတိုင်း သာမန် စိတ်ကျန်းမာရေး ဆရာဝန်လေးပါပဲ ….”
“ စိတ်ပညာရှင် တစ်ယောက်အနေနဲ့ လူတစ်ယောက်ရဲ့ အတွင်းစိတ် အတွေးတွေကို ဖောက်ထွင်းပြီး သိနေတာ ဆန်းသလား …”
ချန်ယွီ့ မေးလိုက်သည်။
ဆိုင်ပိုင်ရှင်မှာ သုံးလေးကြိမ်ခန့် မျက်မှောင်ကြုတ်သွားခဲ့ပြီး
“ တာအိုရောင်းရင်း … မင်း …..”
“ ရပ် … “
ချန်ယွီ့ စကားဖြတ်ပြောလိုက်ပြီး “ ကျုပ် ပြောပြီးပြီ … ကျုပ်က စိတ်ကျန်းမာရေး ဆရာဝန် … တာအို ပညာရှင် မဟုတ်ဘူး ….”
ချန်ယွီ့က ဆိုင်ရှင်၏ စကားကို အမှန်ပြင်ပေးလိုက်သည်။
ဆိုင်ရှင် စိတ်အတွင်း၌ ကြိတ် ကျိန်ဆဲလိုက်၏။
ဒီငနဲ ရူးနှမ်းနေလား …
ချန်ယွီ့က ဆန်းကြယ်ပညာရပ်ရဲ့ လျှို့ဝှက်ချက်တွေ အများကြီးကို ထုတ်ပြောသွားခဲ့တာတောင် သူ့ကိုယ်သူ ဝန်မခံဘဲ သာမန် စိတ်ကျန်းမာရေး ဆရာဝန် တစ်ယောက်ဆိုပြီး ပြောနေတယ် …
ဒီကောင့် ခေါင်းထဲ ဟောင်းလောင်းဖြစ်နေတာ သေချာတယ် …
နှစ်ယောက်လုံးက မြေခွေးအိုကြီးတွေကိုပဲ …
ပြီးတော့ သူတို့နှစ်ယောက်ပဲ ရှိပြီး ဘေးမှာ ဘယ်သူမှလည်း မရှိတာကို အင်နိုးစန့်လိုလို ဘာလိုလိုနဲ့ ဂိုက်ဖမ်းနေတာ အဲ့တာ ဘာအထာလဲ ….
“ ဒေါက်တာချန် … မင်း ဘာကိစ္စနဲ့ ငါ့ဆီ ရောက်လာတာလဲ ….”
ဆိုင်ရှင်က သူ အသိချင်ဆုံး မေးခွန်းကို မေးမြန်းလိုက်သည်။
အကယ်၍ ချန်ယွီ့ကသာ ဤနေရာသို့ ပြဿနာရှာရန် ရောက်လာသည်ဆိုပါက သူ့ကို မြင်သည်နှင့် ချက်ချင်း တိုက်ခိုက်လာသင့်သည်။
ဤမျှ စကားတွေ အများကြီး ပြောနေစရာ အကြောင်း မရှိပေ။
သို့သော် တိုက်ခိုက်ရမည့်အစား ချန်ယွီ့က သူ၏ လျှို့ဝှက်ချက် ဖြစ်သည့် အတိတ်ဖြစ်ရပ်များကိုသာ ဖော်ထုတ်ပြောဆိုခဲ့၏။
ဆိုင်ရှင်ကတော့ ချန်ယွီ့ သူ့ထံကနေ တစ်ခုခု လိုချင်နေသည်ဟု စိတ်ထဲ တွေးနေမိသည်။
“ ကျုပ် ခင်များကို ကုသပေးဖို့ လာခဲ့တာ ….”
ချန်ယွီ့က ကျိုးကြောင်းဆီလျော်သည့် လေသံဖြင့် ဆိုင်ရှင်၏ အမေးကို ခွန်းတုံ့ပြန်လိုက်သည်။
ဒေါက်တာတစ်ယောက်အနေနဲ့ သူ့တွင် မေတ္တာကြီးမားသည့် နှလုံးသားတစ်စုံ ရှိသင့်သည်။
ဆိုင်ရှင်၏ ရောဂါက အတော်လေး ပြင်းထန်နေတာကို သိလိုက်ရတော့ သူလည်း သဘာဝအလျောက် လာရောက်ကုသပေးခြင်း ဖြစ်၏။
ဤသည်ကို ကြားတော့ ဆိုင်ရှင်မှာ ဆွံ့အသွားခဲ့ရတော့သည်။
အစောပိုင်းတုန်းက ပြောခဲ့သည့် ချန်ယွီ့၏ ဆန်းကြယ်သည့် စကားလုံးတို့ကြောင့် မဟုတ်ပါက ယခုအချိန်လောက်ဆို သကောင့်သားကို အမှုန့်ကြိတ်မိနေလောက်ပြီ။
“ ခင်များရဲ့ ရောဂါ အရင်းအမြစ်က ကျင့်ကြံရေး နည်းလမ်းထဲပါတဲ့ နောက်ဆုံးစာလုံး အနည်းငယ်က လာတာ …”
“ ပြီးတော့ ခင်များရဲ့ ရောဂါ ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားတာကလည်း တခြား ရှေးဟောင်း အုတ်ဂူတစ်ခုဆီကနေ လာတယ် …”
ချန်ယွီ့က သူ့ ဝမ်းဗိုက်ထဲ ပုဏ္ဏားလေး ရှိနေသကဲ့သို့ သူ့ဘဝတွင် ကြုံတွေ့ခဲ့ရသည်များကို တစ်ခုပြီး တစ်ခု ပြောသွားသည်။
ကျင့်ကြံရေး နည်းလမ်း၏ နောက်ဆုံးစာမျက်နှာတွင် အဆုံးထိမပါဝင်သည့် စာလုံးတို့ ဒါဇင်အနည်းငယ်ခန့် ရှိသည်။ ယင်းက ကျင့်ကြံသူများ သူတို့ကိုယ်သူတို့ မည်သို့မည်ပုံဖိနှိပ်ပြီး အင်မော်တယ် ဖြစ်လာလဲဆိုသည့် အကြောင်းအရာများ ပါဝင်သည်။
စာကြောင်း တော်တော်များများက ပြီးပြည့်စုံမှု မရှိသဖြင့် ဆိုင်ရှင်လည်း ဘာလုပ်လို့ လုပ်ရမှန်း မသိ အကြံအိုက်နေခဲ့သည်။
တွေးတောကြည့်ပြီးနောက် သူ အကြံတစ်ခုရလာသည်။
ရှေးဟောင်းအုတ်ဂူတွေကို ဆက်ပြီး ဖောက်ထွင်းရုံသာ ရှိသည်။
အကယ်၍ သူသာ ရှေးခေတ် ကျင့်ကြံသူများ၏ အုတ်ဂူများကို ဆက်ပြီး ဖောက်ထွင်းနေဦးမည်ဆိုပါက တစ်နေ့တွင် သင့်တင့်လျောက်ပတ်သည့် မှတ်တမ်းတစ်ချို့ ရှာတွေ့ကောင်း ရှာတွေ့နိုင်ပေသည်။
ကျင့်ကြံသူ ဆယ်ဦး၏ အုတ်ဂူများကို ဖောက်ထွင်းပြီးနောက်တွင် သူ၏ ကြိုးပမ်းမှုက အရာထင်လာခဲ့သည်။
နံရံဆေးရေးပန်းချီ အနည်းငယ်၏ ရှေ့တွင် မတ်တပ်ရပ်ရင်း မြင်ကွင်းများက ကျင့်ကြံရေး နည်းလမ်း၏ စာမျက်နှာတွင် ဖော်ပြထားသည့် စာကြောင်း တော်တော်များများနှင့် သွားပြီး ကိုက်ညီနေသည်။
ဆိုင်ရှင်မှာ သူတော့ အချီကြီး ပွပြီဟု တွေးတောရင်း ကွင်းဆက်လူသတ်မှုများကို စတင် ကျူးလွန်တော့သည်။
ဆိုင်ရှင်က ဩရှသည့် အသံနက်ဖြင့် လေးနက်စွာ မေးလိုက်သည်။ “ ဒေါက်တာချန် … ငါဘာလို့ ဒီလောက်ထိ အကြိမ်ကြိမ် ကျရှုံးနေရလဲဆိုတာ မင်း တကယ်ပဲ သိတာလား …”
“ ဒါပေါ့ …”
ချန်ယွီ့ ပြုံးလိုက်သည်။
“ ဆန်းကြယ်ပညာရပ်တွေထဲမှာ ခန္ဓာကိုယ်အချုပ်အနှောင် ကင်းလွတ်ပြီး အင်မော်တယ် ဖြစ်လာနိုင်မယ့် နည်းလမ်းတွေမှ အများကြီးပဲ ….”
ခန္ဓာကိုယ် အချုပ်အနှောင်ကင်းလွတ်ခြင်းဆိုသည်မှာ ကျင့်ကြံသူများက ပြီးပြည့်စုံမှုကို ရရှိပြီး အဆင့်တစ်ခုထိတိုင်အောင် ကျင့်ကြံပြီးနောက် အခြား နယ်ပယ်တစ်ခုသို့ တက်ရောက်သွားခြင်းကို ဆိုလိုသည်။
( ထုံကူးတာနဲ့ ဆင်တယ်နော် )
ဤသို့ ပြုလုပ်ရန်အတွက် ကျင့်ကြံသူများက သူတို့ ခန္ဓာကိုယ်၏ အနှစ်သာရ ၊ စွမ်းအင်နှင့် ဝိဉာဏ်ကို အားဖြည့်ပေးဖို့ လိုအပ်သည်။
တစ်ချိန်တည်းတွင် သူတို့က ကောင်းမှုတစ်ချို့ ပြုလုပ်၍ ကံကောင်းမှုများ စုဆောင်းထားရန်လည်း လိုအပ်သေးသည်။
အဆုံးတွင်မှ ကောင်းကင်နှင့် လူသား တစ်သားတည်း ဖြစ်သည့် အခြေအနေသို့ ရောက်ရှိနိုင်မည်။
ဆိုင်ရှင်က ခေါင်းညိတ်လိုက်သည်။
ချန်ယွီ့ ပြောတာ မှန်သည်။
လွယ်ကူသယောင် ထင်ရသော်လည်း အတိတ်နှင့် ပစ္စုပ္ပန်ကို ပြန်လှန်လောကြည့်မည်ဆိုပါက ဤနည်းလမ်းကို အောင်မြင်နိုင်သူက တကယ့်ကို နည်းပါးခဲ့သည်။
ရှေးခေတ်အခါ ဝိဉာဏ်စွမ်းအင်ချီတို့ ပေါကြွယ်ဝစဉ်ကာလကပင် လူတစ်ဆုပ်စာ ကျင့်ကြံသူ ဦးရေကသာလျှင် ခန္ဓာကိုယ် အချုပ်အနှောင်များမှ လွတ်မြောက်ပြီး အင်မော်တယ်များ ဖြစ်လာခဲ့ကြသည်။
အကယ်၍ သူက တစ်သက်လုံး ကောင်းမှုများ ပြုလုပ်ပြီး လက်ကျန် သက်တမ်းတစ်ခုလုံးကို ကျင့်ကြံရင်း အချိန်ကုန်ဆုံးနေခဲ့လျှင်ပင် အဆုံး၌ သူသည် လက်ရှိ မျက်မှောက်ခေတ်တွင် ခြောက်ပေမြေကွက်ထဲက အရိုးစု တစ်ခုသာ ဖြစ်ရပေလိမ့်မည်။
ထိုသို့ ပျောက်ကွယ်သွားမှာကို ဆိုင်ရှင်က အလိုမရှိ။
အင်မော်တယ် ဖြစ်လာပြီး ထာဝရ အသက်ရှည်ရမည့် ဘဝကို လိုလားတောင့်တမိသည်။
“ ခင်များက လမ်းညွှန်ချက် အတိုင်း လိုက်နာပြီး အပြစ်သား ငါးယောက်ကို ရှာဖွေခဲ့တယ် …”
“ နံရံဆေးရေးပန်းချီမှာ ပြောပြထားတဲ့အတိုင်း ခင်များက သူတို့ကို ငရဲကြီးငါးထပ်ရဲ့ အပြစ်ပေးနည်းလမ်း အတိုင်း ရက်ရက်စက်စက် အပြစ်ပေးခဲ့တယ် ….”
“ အဲ့လို လုပ်ပြီးတဲ့နောက်မှာ နောက်ဆုံး နံရံဆေးရေးပန်းချီထဲကလို သူတို့အားလုံးကို တွင်းတစ်ခုထဲ ထည့်ပြီး ငရဲကို သွားနိုင်မယ့် ဂိတ်တံခါးဝတစ်ခုအနေနဲ့ သုံးတယ် …”
“ ခင်များက အပြစ်သား ငါးယောက်ကို ငရဲ တိုက်ရိုက်ပို့ပြီး အင်မော်တယ်ဘဝကို တက်လှမ်းဖို့ အတွက် လုံလောက်တဲ့ ကောင်းမှုတွေ စုဆောင်းချင်တာ …”
“ ဒါပေမယ့် ဘယ်သူက ထင်ထားခဲ့မှာ … ခင်များ အဲ့လို လုပ်ပြီးတဲ့နောက်မှာ ခင်များက ဘာကုသိုလ်မှ မရတဲ့အပြင် နတ်ဆိုးဝိဉာဏ် ငါးခုရဲ့ တွယ်ကပ်တာကိုတောင် ခံလိုက်ရသေးတယ် ….”
“ အဲ့ဒီ ဝိဉာဏ်ငါးခုကို ဖျက်စီးဖို့အတွက် ခင်များ အတော်လေး ကြိုးပမ်းလိုက်ရတယ် ….”
အမူအရာများ ဆက်တိုက် ပြောင်းလဲနေသည့် ဆိုင်ရှင်ကို ချန်ယွီ့ ကြည့်လိုက်သည်။
ဆိုင်ရှင်ကလည်း သူ့ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။
“ ခင်များ လုပ်တာ မမှားဘူးလို့ ယုံကြည်တယ် … ဒီတိုင်း အဆင့်တစ်ခုမှာ ပြဿနာ ရှိသွားတယ်ပဲ ထင်တာ …”
“ အဲ့ဒီအချိန်ကစပြီး ခင်များက နတ်ဆိုးဆန်တဲ့လူတွေကို သတ်ဖို့ လိုက်ရှာနေတော့တာပဲ ….”
“ ဒီနှစ်တွေ တစ်လျှောက်လုံး ခင်များ သတ်ခဲ့တဲ့ အပြစ်သား အရေအတွက်က တစ်ရာကျော်တယ် ….”
“ ဒါပေမယ့် ဒီရဲ့ ‘ လေ့လာစမ်းသပ်မှု’ တွေ အကုန်လုံးက ဘာလို့ အဆုံးမှာ ကျရှုံးသွားလဲ …”
“ ဘာကြောင့် ခင်များ မအောင်မြင်နိုင်ရတာလဲဆိုတာ သိလား ….”
ချန်ယွီ့ မေးလိုက်သည်။
“ ဘာလို့လဲ ….”
ဆိုင်ရှင်က အလောတကြီး သိချင်ဇောဖြင့် မေးလိုက်သည်။
“ ဘာလို့ဆို ခင်များရူးနေလို့ပေါ့ ….”
ချန်ယွီ့ လေးနက်သည့် မျက်နှာအမူအရာဖြင့် ခွန်းတုံ့ပြန်လိုက်သည်။
ထိုစကားကြားတော့ ဆိုင်ရှင်မှာ အဆုတ်ပေါက်ကွဲလုမတတ် ဒေါပွသွားခဲ့သည်။
“ ကျုပ်နောက်နေတာ မဟုတ်ဘူး … ခင်များရဲ့ ကျရှုံးမှုက ခင်များရဲ့ရောဂါနဲ့ ဆက်စပ်နေတာ ….”
“ ခင်များမှာ ပြင်းထန်တဲ့ ဟိုင်ပိုကွန်ဒရီးယား ( စိတ်အားငယ်တဲ့ ရောဂါ ) ရှိနေတယ်…”
ချန်ယွီ့ တည်ငြိမ်သည့် အမူရာဖြင့် စကားဆက်လိုက်သည်။