ခေါင်းမာမှု
Vol. 9 Ch. 86
“ ဘာကြီးလဲ ဟိုက်ပိုကွန်ဒရီးယားက ….”
သူ့ အကြိမ်ကြိမ် အခါခါ ရှုံးနိမ့်မှု၏ အကြောင်းအရင်းကို ရှာတွေ့ဖို့အတွက် ဆိုင်ရှင်သည် ရင်ထဲရှိ ဒေါသများကို ဖိနှိပ်ပြီး အံကြိတ်လျက် မေးလိုက်သည်။
“ ဟိုက်ပိုကွန်ဒရီးယား ရောဂါကို ကျန်းလျက်နာ ရောဂါ၊ တစ်နည်း စိတ်အားငယ်တတ်တဲ့ ရောဂါလို့ လူသိများတယ် … “ ချန်ယွီ့ ခွန်းတုံ့ပြန်လိုက်သည်။
“ ခင်များက ခင်များကိုယ်ခင်များ အလွန်အကျွံ တွေးပူပြီး ဆတ်ဆတ်ထိမခံ ဖြစ်လာတယ် … အမြဲတမ်း ခင်များကိုယ်ခင်များအတွက်ပဲ ကြည့်တယ် …”
“ ခေါင်းမာမှုနဲ့ အများနဲ့မတူဘဲ ကွက်ပြီး ထူးခြားလိုစိတ်က ခင်များရဲ့ ရောဂါဖြစ်ရင်း အကြောင်းတရားခံပဲ ….”
“ ခင်များက ထူးကဲသာလွန်တဲ့ ကျင့်ကြံရေး နည်းစနစ်ကို နှစ်ပေါင်း ၃၀ ကျော် ကျင့်ကြံခဲ့တယ် ….”
“ ကိုယ့်ကိုယ်ကို သာမန်နဲ့ မတူဘဲ ခင်များ ဘေး ပတ်ဝန်းကျင်က လူတွေထက် တမူထူးနေတယ်လို့ ကိုယ့်ကိုယ်ကို ထင်တယ် ….”
“ ဒီတော့ တခြားလူတွေလို နှစ်တစ်ရာကြာပြီးရင် ဖုန်မှုန့် မဖြစ်သွားချင်ဘူး ….”
“ တစ်ချိန်တည်းမှာ ခင်များရဲ့ အလွန်အကျွံ ဆတ်ဆတ်ထိမခံတဲ့ စိတ်အခြေအနေကြောင့် ခင်များ အကြိမ်ကြိမ် ကျရှုံးနေတာက အဆင့်နည်းလမ်း အစဉ်ဇယား မှားယွင်းနေတာကြောင့်လို့ ယုံကြည်တယ် … အဲ့ဒီ လမ်းညွှန်ကိုယ်တိုင်က ပြဿနာ ရှိနေတာလားဆိုပြီး ကိုယ့်ကိုယ်ကို တစ်ခါလေးမှ သံသယ မဝင်ခဲ့ဖူးဘူး ….”
“ တခြားလူသာဆိုရင် နံရံပိတ်ကြီး တစ်ခု တွေ့တာနဲ့ ချက်ချင်း ပြန်လှည့်ပြီးနေလောက်ပြီ … ဒါပေမယ့် ခင်များကတော့ အဲ့လို မဟုတ်ဘူး … ပိတ်နေတဲ့ နံရံနဲ့ ခင်များခေါင်းကို မကွဲ ကွဲတဲ့အထိ တဖုန်းဖုန်း တိုက်တယ် … ဒါပေမယ့် အဲ့ဒါက ဘယ်တော့မှ မချိုးဖျက်နိုင်မယ့် နံရံလို့တော့ ခင်များ မထင်မိဘူး ….”
ချန်ယွီ့၏ လေသံထဲတွင် လှောင်ပြောင်သည့် အငွေ့အသက်တို့ ရောစွက်နေခဲ့သည်။
“ အင်မော်တယ်ဖြစ်ဖို့ ကျင့်ကြံတဲ့နေရာမှာ ဖြတ်လမ်းနည်းဆိုတာ ဘယ်လိုလုပ်ပြီး ရှိနိုင်မှာ … တကယ်လို့ ဒီ နည်းလမ်းက တကယ်ပဲ အလုပ်ဖြစ်ခဲ့တယ်ဆိုရင် အဲ့ဒီကျမ်းပိုင်ရှင်ကရော ဘာလို့ အုတ်ဂူထဲ ရောက်နေခဲ့လဲ …”
ဆိုင်ရှင် ငူငူငိုင်ငိုင်ကြီး ဖြစ်သွားပြီး ကြက်သေသေသွားခဲ့သည်။
“ ဒီနည်းလမ်းက တကယ်ပဲ အလုပ်မဖြစ်တာလား …”
“ အလုပ်ဖြစ်တယ် ….”
ဆိုင်ရှင်မှာ ဒယီးဒယိုင်ဖြစ်ပြီး လဲကျလုနီးပါး ဖြစ်သွားခဲ့၏။
ဒီဂေါက်တောက်တောက်နဲ့ ဆရာဝန်က သူ့ကို လာကစားနေတာလား ….
သူ နှစ်တွေ အများကြီး ကြိုးပမ်းလာခဲ့တာတွေ အကုန်လုံးက သဲထဲရေသွန်ချည်းပဲလို့ တွေးမိတော့မယ့် အချိန်မှာပဲ အလုပ်ဖြစ်တယ်လို့ လာပြောနေတယ်….
“ ကျုပ်ကို အဲ့ဒီ အကြည့်မျိုး လာမကြည့်နဲ့ … ကျုပ်မရူးဘူး … ရူးနေတာက ခင်များ ….”
“ အလုပ်ဖြစ်တယ် ဆိုပေမယ့် ….” ချန်ယွီ့ ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး “ ဒီ နည်းလမ်းက လူတစ်ယောက်ကို တကယ်ပဲ အင်မော်တယ် ဖြစ်စေနိုင်တယ်လို့တော့ ကျုပ်မပြောဘူး … ကျုပ်က ဒီနည်းလမ်း ဘာကို အမှန်တကယ် ကိုယ်စားပြုလဲဆိုတာကို ညွှန်ပြနေရုံသပ်သပ်ပဲ …”
“ မင်း ဘာပြောချင်နေတာ …”
ဆိုင်ရှင် တစ်ဖန်ပြန်ပြီး နားဝေတိမ်တောင် ဖြစ်သွားရသည်။
“ အရင်ဆုံး ပထမတစ်ချက် … ဒီရဲ့ နည်းလမ်းက ဆန်းကြယ်ပညာရပ် မဟုတ်ဘူး … ရှေးခေတ် အောက်လမ်းပညာပဲ ….”
“ ဒုတိယ တစ်ချက် … အပြစ်ရှိတဲ့ အပြစ်သား တစ်ယောက်ကို သတ်လိုက်လို့ ခင်များ ဘာကုသိုလ်မှ ရမသွားဘူး ….”
“ အပြစ်သား ငါးယောက်ကို ငရဲငါးထပ်ရဲ့ အပြစ်ပေးနည်းလမ်းနဲ့ စတေးတယ်ဆိုတာ ခင်များရဲ့ အပြစ်တွေ အကုန်လုံးကို သူတို့ဆီ လွှဲပြောင်းဖို့ပဲ ….”
“ လူတစ်ယောက်ရဲ့ ခန္ဓာမှာ အပြစ်တွေ ကင်းစင်မှပဲ သံသရာစက်ဝန်းကနေ လွတ်မြောက်နိုင်မယ် … ဒီလိုမှပဲ ကိုယ်က တခြားလူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို အပိုင်စီးပြီး ဆက်ကျင့်ကြံနိုင်မယ်လေ …”
“ ဘာပြောတယ်… တခြား လူတစ်ယောက်ရဲ့ ခန္ဓာကို အပိုင်စီးရမယ် ဟုတ်လား ….”
ဆိုင်ရှင်မှာ ရှော့ခ်ရသွားခဲ့သည်။
ချန်ယွီ့ ခေါင်းညိတ်ပြီး ဆက်ပြော၏။
“ လူသားတွေမှာ ကန့်သတ်ချက်တွေ ရှိတယ် …. ကောင်းကင်ရဲ့ အလိုကို တွန်းလှန်နိုင်ဖို့က အင်မတန် ခက်တယ် …”
“ ဆက်တိုက် စတေးပြီး ခန္ဓာတွေ တစ်ခုပြီးတစ်ခုပြောင်းပြီး ကျင့်ကြံရင်းနဲ့မှ ကိုယ်က အတိုင်းအတာ တစ်ခုအထိ ထာဝရ အသက်ရှင်နိုင်လိမ့်မယ် …”
“ ခင်များ ပိုပြီး အသက်ရှည်ရှည် နေနိုင်လေလေ ၊ ကျင့်ကြံမှု အပေါ် နားလည်မှုတွေက ပိုပြီး နက်ရှိုင်းလာလေလေပဲ …”
“ အိုး ဟုတ်သား ….”
“ ခင်များ အဆင့်တစ်ခုကိုလည်း ကျော်ခဲ့သေးတယ် ….” ချန်ယွီ့ ပြောပြီးနောက် စကားကို ခေတ္တရပ်လိုက်သည်။ “ နံရံဆေးရေး ပန်းချီမှာပဲ ဖြစ်ဖြစ်၊ ကျင့်ကြံရေး နည်းလမ်းမှာ ဖော်ပြထားတာပဲ ဖြစ်ဖြစ် … အဲ့နှစ်ခုလုံးမှာ တစ်ဆင့်လိုနေတယ် ….”
“ ဘယ် အဆင့်လဲ ….”
“ ခုနစ်ယောက်မြောက်လူ ….”
“ ခင်များက အစဉ်အလာကို ပြီးမြောက်ချင်တယ်ဆိုရင် အပြစ်ငါးယောက်ရယ် ၊ မန္တန် ရွတ်မယ့် ခင်များရယ် …”
“ ပြီးတော့ ခုနစ်ယောက်မြောက်လူကို လိုတယ် …”
“ နေနဲ့လကို ကိုင်ဆောင်ထားတဲ့လူ … ခင်များ အပိုင်စီးမယ့်လူပေါ့ …”
( တရားမျှတတဲ့ စိတ်ဓာတ်ရှိပြီး တမူထူးခြားတဲ့ ကြမ္မာပိုင်ရှင်ကို ဆိုလိုပါတယ် )
ရှော့ခ်ရနေသည့် ဆိုင်ရှင်၏ မျက်နှာကို ကြည့်ရင်း ချန်ယွီ့ ရှင်းပြလိုက်သည်။ “ နေနဲ့လကို ကိုင်ဆောင်ထားတဲ့လူဆိုတာ စွမ်းအင်နှစ်ခုရဲ့ ပံ့ပိုးထောက်ပံ့ပေးထားမှုကို ရရှိထားတဲ့လူ … နေရဲ့ ထောက်ပံ့ပေးမှု … တစ်နည်း ယန်စွမ်းအင်ကို ဆိုလိုတယ် .. တက်ကြွတယ် ၊ ထက်မြက်တယ် ၊ သန်မာတယ် ၊ အသက်ရှည်တယ် …. လရဲ့ ထောက်ပံ့ပေးမှုက တည်ငြိမ်တယ်၊ ဇွဲသန်တယ် ၊ ဆင်ခြင်သုံးသပ်နိုင်စွမ်း ကြီးတယ် ၊ စိတ်ဝိဉာဏ်အားကောင်းတယ် …. “
“ ယင်နဲ့ယန် … အဲ့လိုမှပဲ အစဉ်အလာရဲ့ နောက်ဆုံး အဆင့်ကို အောင်မြင်နိုင်မှာ ….”
ဆိုင်ပိုင်ရှင်မှာ ဉာဏ်အလင်းပွင့်သွားခဲ့သည်။
သူ ကြိမ်ဖန် များစွာ ကြိုးစားခဲ့သည့်တိုင်အောင် တစ်ကြိမ်ပြီးတစ်ကြိမ် ကျရှုံးနေခဲ့သည်မှာ မထူးဆန်းတော့ချေ။
လက်စသတ်တော့ အရေးကြီးသည့် အဆင့်တစ်ခုက ကျန်ရစ်နေခဲ့လေသည်။
အလျင်အမြန်ပဲ သူ့ ခေါင်းထဲ မေးခွန်း နောက်တစ်ခု ပေါ်လာခဲ့သည်။
ချန်ယွီ့ ပြောသည့် အတိုင်းဆိုပါက ဤအဆင့် ၊ ဒါမှမဟုတ် ဤလူပုဂ္ဂိုလ်က အင်မတန် အရေးကြီးသည်။
အစဉ်အလာ တစ်ခုလုံး ပြီးမြောက်အောင်မြင်နိုင်ခြင်း ရှိမရှိက ထိုလူနှင့် ဆက်စပ်နေသည်။
ထိုသို့ဆိုပါက ကျင့်ကြံရေးနည်းလမ်းကို ရေးသားခဲ့သည့်လူနှင့် နံရံဆေးရေး ပန်းချီပိုင်ရှင်က အဘယ်ကြောင့် ဤအဆင့်ကို မှတ်တမ်းမတင်ထားခဲ့ရသနည်း။
“ ဘာလို့ဆို သူတို့တွေက ခင်များကို လုံးဝ မအောင်မြင်စေချင်လို့ပဲ ….”
ချန်ယွီ့ တစ်ချက်ကြည့်လိုက်သည်နှင့် ဆိုင်ရှင်၏ အတွေးများကို ထွင်းဖောက် မြင်နေရသည်။
“ သူတို့က ငါ့ကို မအောင်မြင်စေချင်လို့ ဟုတ်လား …”
ဆိုင်ရှင်မှာ မယုံကြည်နိုင် ဖြစ်သွားခဲ့ရ၏။
“ ဒီနည်းလမ်းက ကောင်းကင်ကို ဆန့်ကျင်နေတယ် … ပြီးတော့ သူ့သဘာဝကလည်း နတ်ဆိုးဆန်တယ် … သာမန် နှလုံးသားနဲ့ ဘယ်ကျင့်ကြံသူမဆို ဒါကို ဖတ်ပြီး ယုံကြည်ကြမှာ မဟုတ်ဘူး ….”
“ ဘယ် သာမန်လူကမှ သူတို့ရဲ့ ကျင့်ကြံမှု အဆင့် တိုးတက်ဖို့ တခြားလူတွေကို သတ်ချင်မှာ မဟုတ်ဘူး ….”
“ အစွန်းရောက်တဲ့ အကျင့်စရိုက်ရှိတဲ့ ခင်များလိုလူနဲ့ ကိုယ့်တစ်ဘို့တည်းကြည့်တဲ့ တစ်ကိုယ်ကောင်း အတ္တသမားတွေပဲ သဘာဝတရားကြီးရဲ့ စည်းမျဉ်းတွေကို ဆန့်ကျင်တဲ့ ကိစ္စတွေ လုပ်လိမ့်မယ် …..”
“ ခင်များရဲ့ ရည်မှန်းချက် ပြည့်ဝဖို့ အတွက်ဆိုပြီး ခင်များက လူသားတွေရဲ့ အသက်တန်ဖိုးကို လျစ်လျူရှုထားခဲ့တယ် … ဒီတော့ … ခင်များရဲ့ ‘ စီနီယာ ‘တွေကလည်း ဘယ်လိုလုပ်ပြီး အဆင့်အတန်းရှိ မြင့်မြတ်တဲ့လူတွေ ဖြစ်နိုင်မှာ …”
ချန်ယွီ့ နှာမှုတ်လိုက်သည်။
“ ခင်များက လူတွေကို ခင်များရဲ့ လမ်းကြောင်း ဆက်ပြီး လျှောက်လှမ်းနိုင်ဖို့အတွက် အာဟာရဖြစ်မယ့် အသားတုံးတွေ အဖြစ် သဘောထားတယ် … ဒါပေမယ့် ကောက်ကျစ်စဉ်းလဲ ယုတ်မာတဲ့ လူတစ်ယောက်က သူတို့ သေသွားခဲ့တယ်ဆိုရင်တောင် တခြားလူတွေကို ဒုက္ခရောက်အောင် လုပ်နိုင်သေးတယ်ဆိုတာ ခင်များသိလား …”
“ ခင်များ အရူးတစ်ယောက်လို လှည့်စားခံခဲ့ရတာကို မသိတာတော့ သနားစရာပဲ ….”
ဆိုင်ရှင်က နတ်ဆိုးဆန်သည့် လူတစ်ယောက်ပင်။ လူ့အဖွဲ့အစည်းကြီး ကောင်းမွန်ဖို့အတွက် ဤသို့သော လူစားမျိုးကို နေရာတွင် မဆိုင်းမတွ သတ်ဖြတ်လိုက်သင့်ဖို့ ကောင်းသည်ဟု ပြောဆိုသည်က လုံးဝ ချဲ့ကားရာ မကျပေ။
သို့သော် ထပ်ပြီး …
သူက မြေပြင်တွင် တွားသွားနေသည့် သနားစရာကောင်းသည့် တီကောင် ကပ်ပါးကောင် တစ်ကောင်မျှသာ ဖြစ်သည်။
စွန့်ပစ်ပစ္စည်းများကို ကောင်းကောင်းမွန်မွန်နှင့် ပြန်လည် အသုံးချသင့်သည်ဟူသော အကြံဉာဏ်ဖြင့် ချန်ယွီ့ သူ့ကို လေ့လာစမ်းသပ်မှုပစ္စည်းတစ်ခုအနေနှင့် အသုံးချဖို့ ရည်ရွယ်ထားသည်။
သူ့ရင်ဘက်ထဲရှိ အပြစ်ရှိစိတ်များကို ချန်ယွီ့ လှုံ့ဆော်ပေးနေသည်။ သို့မှပဲ ဆိုင်ပိုင်ရှင်က ရဲတွေဆီ ကိုယ်တိုင်ကိုယ်ကျ သွားပြီး လက်မြှောက် အရှုံးပေးမှာ ဖြစ်သည်။
အကယ်၍ တစ်စုံတစ်ယောက်ကို သူတို့အမှား သူတို့သိပြီး ဘဝ၏ နောက်ဆုံးအချိန်တွင် နောင်တရသွားခဲ့မည်ဆိုပါက ကံကောင်းမှုနှင့် ကုသိုလ်အမျှင်တန်းတို့ ရရှိနိုင်မလား ချန်ယွီ့ သိချင်နေသည်။
လူသေ နှစ်ယောက်က သူ့ကို လှည့်စားသွားကြောင်း သိလိုက်ရတော့ ဆိုင်ပိုင်ရှင်၏ မျက်နှာအမူအရာမှာ အကျည်းတန်သွားခဲ့သည်။
“ တကယ်လို့ ငါသာ နေနဲ့လကို ကိုင်ဆောင်ထားတဲ့လူကို ရှာတွေ့နိုင်မယ်ဆိုရင် တခြားလူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ယူနိုင်မှာလား …”
ဆိုင်ရှင်က ရုတ်တရက် မေးမြန်းလာခဲ့၏။
ချန်ယွီ့ ခေါင်းညိတ်လိုက်သည်။
ကြည့်ရသည်မှာတော့ သူ့စမ်းသပ်မှု ကျရှုံးသွားသည့်ပုံပင်။
“ ကျေးဇူးအများကြီးတင်တယ် …”
နောက်တစ်စက္ကန့်၌ ဆိုင်ရှင်၏ ဘက်လက်က ထပ်ပြီး ဓားသဏ္ဍာန် ဖြစ်တည်လာသည်။
လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် သူ ချန်ယွီ့ထံသို့ ညွှန်လိုက်သည်။
“ ဟင် ….”
ဘာမှ ဖြစ်မသွားတာကို မြင်တော့ ဆိုင်ရှင် ကြောင်အမ်းပြီး သူ့လက်သူ ပြန်ကြည့်မိသည်။
“ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …”
အရှုံးမပေးလိုဘဲ ဆိုင်ရှင်က ချန်ယွီ့ကို တစ်ဖန်ထပ်ပြီး ညွှန်လိုက်သည်။
“ ခင်များရဲ့ ဝိဉာဏ်စွမ်းအင်ကို အရင်ဆုံး စစ်ဆေးကြည့်ဦး ….”
ဤသည်ကို ကြားတော့ ဆိုင်ပိုင်ရှင်မှာ ချက်ချင်းပဲ သူ့ခန္ဓာကိုယ်ထဲရှိ ဝိဉာဏ်ချီစွမ်းအင်များကို စစ်ဆေးကြည့်လိုက်သည်။
ထိုသို့ ပြုလုပ်ပြီးနောက် ဆိုင်ရှင်မှာ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားခဲ့၏။
ဆန်းကြယ်သည့် အင်အားတစ်ရပ်က သူ့ခန္ဓာကိုယ်ထဲရှိ ဝိဉာဏ်စွမ်းအင်များကို ထိန်းသိမ်းကန့်သတ်ထားသည်။
“ စီနီယာ … ကျေးဇူးပြုပြီး အသက်ကို ချမ်းသာပေးပါ ….”
ဆိုင်ရှင်က မဆိုင်းမတွ ဒူးထောက်၍ အသက်ကို ချမ်းသာပေးဖို့ တောင်းပန်လိုက်သည်။
ဤနေရာတွင် သူနှင့် ချန်ယွီ့ နှစ်ဦးတည်းသာ ရှိသည်။
ထို့ကြောင့် သူ၏ ဝိဉာဏ်စွမ်းအင်များကို ချိပ်ပိတ်လိုက်သည့်လူက ချန်ယွီ့ပဲ ဖြစ်ရမည်။
သူ့ခန္ဓာကိုယ်ထဲရှိ ဝိဉာဏ်စွမ်းအင်များကို သူပင် မသိလိုက်ပါဘဲ ချိပ်ပိတ်လိုက်နိုင်သည်က ….
ဆိုလိုသည်မှာ ချန်ယွီ့၏ ကျင့်ကြံမှု အဆင့်က သူ့ထက် အများကြီး သာလွန်နေသည်ဆိုသည့် သဘောပင်။
“ ထပါ ..” ချန်ယွီ့ လက်ဝှေ့ယမ်းပြီး ပြောလိုက်သည်။
“ဟုတ်ကဲ့ ….”
ဆိုင်ရှင်မှာ မနာမခံ မပြုဝံ့ဘဲ ဂရုတစိုက်နှင့် မတ်တပ်ရပ်လိုက်သည်။
“ တစ္ဆေဘုရင် မျက်နှာ ကြေးဝါမှန်ကို ခင်များ ဘယ်ကနေ ရခဲ့တာလဲ ….”
ချန်ယွီ့ မေးလိုက်သည်။
“ ငါ တာအိုရောင်းရင်း တစ်ယောက်ဆီကနေ ဝယ်ခဲ့တာ ….”
သူ ကျရှုံးသည့် အချိန်တိုင်း နတ်ဆိုးဝိဉာဏ်များက သူ့ကို တိုက်ခိုက်ကြသည်။
အနှီဝိဉာဏ်တို့က သူ့ကို ခြိမ်းခြောက်နိုင်စွမ်း မရှိသော်လည်းပဲ အတော်လေး စိတ်ရှုပ်ဖို့ ကောင်းလှ၏။
အနည်းငယ် စုံစမ်းပြီးနောက်တွင် ဝိဉာဏ်လက်မှု ပစ္စည်းများ ပြုလုပ်တာကျွမ်းကျင်သည့် တာအိုရောင်းရင်း တစ်ဦးကို သူ သွားတွေ့သည်။
သူ့ အစီအစဉ် ကျရှုံးသည့် အခါတိုင်း နတ်ဆိုးဝိဉာဏ်များကို ဖိနှိပ်ရန်အတွက် ဝိဉာဏ်ပစ္စည်းကို အသုံးပြု၏။ ထို့ပြင် အင်ပါရီယာ မြို့တော် ကလပ်က အံ့မခန်း ဖုန်းရွှေရှိပြီး အဆိုပါ နတ်ဆိုးဝိဉာဏ်များအား ဖိနှိပ်လို့ အကောင်းဆုံး နေရာပင်။
“ ကလပ်ရဲ့ အရင်ပိုင်ရှင်နဲ့ အဲ့ဒီ လူမိုက်က ခင်များလူတွေ … မှန်တယ်မလား ….”
ချန်ယွီ့ ထပ်ပြီး မေးလိုက်သည်။
“ သူတို့အကုန်လုံးက ငါ့တပည့်တွေပါ ..”
“ ထင်ထားတဲ့အတိုင်း … မျိုးမစစ်က အဆင့်အတန်းရှိတဲ့ တပည့်မျိုး မွေးမှာ မဟုတ်ဘူး …”
ချန်ယွီ့ လက်ညှိုးတစ်ချောင်း ဆန့်လိုက်သည်။
ဝိဉာဏ်စွမ်းအင်တို့က သူ့လက်ချောင်းထိပ်တည့်တည့်တွင် စုဝေးလာသည်။
ချက်ချင်းပဲ ဝိဉာဏ်စွမ်းအင် အလင်းတန်းက သေနတ်မှ ပစ်လွှတ်လိုက်သည့် ကျည်ဆံတစ်ခုနှယ် ဆိုင်ရှင်၏ ဝိဉာဏ်စွမ်းအင်သိုလှောင်ရာ တန်းထျန်သို့ ဝင်ရောက်သွားခဲ့သည်။
ဘုတ် …
ဆိုင်ရှင်၏ ခန္ဓာကိုယ်မှာ အနောက်သို့ ယိမ်းယိုင်သွားခဲ့သည်။
သူ၏ ကျင့်ကြံမှု ပျက်စီးသွားခဲ့ပြီ ဖြစ်၏။
“ အခု .. လောကကြီးရဲ့ နိယာမက ခင်များကို အပြစ်ပေးဖို့ အချိန်ကျပြီ …”
ချန်ယွီ့ လက်ခုပ်တီးလိုက်ပြီး ခြေရာလက်ရာ မကျန်ရစ်ဘဲ ထွက်ခွာသွားခဲ့သည်။