← Chapters

စိတ်ကစဉ့်ကလျား ရောဂါကို တစ်မိနစ်အတွင်း ကုသခြင်း

Vol. 9 Ch. 89

စိတ်ကစဉ့်ကလျား ရောဂါကို တစ်မိနစ်အတွင်း ကုသခြင်း

Vol. 9 Ch. 89

ကျိုးမုန့်မုန့် မျက်ရည်စက်တို့ တတောက်တောက် စီးကျလာခဲ့သည်။

သူမ မှားယွင်းခဲ့ပြီဟု ခံစားနေမိ၏။

ဒါက ဘာတွေလဲ …

သူမက လတ်တလော စိတ်အခြေအနေ အဆင်မပြေလို့ အဆိပ်မိထားတာ ဟုတ်မဟုတ် သိချင်လို့ လာမေးရုံလေးပဲလေ ….

အဲ့တာကို ဒေါက်တာချန်က သူ့မှာ စိတ်ကစဉ့်ကလျား ရောဂါရှိနေတယ်လို့ ပြောပြီး နောက်သုံးရက်နေရင် သေမယ်လို့ ပြောနေတယ် …

“ ငါတော့ ဒေါက်တာချန်က အခုတလော သေမှုသေခင်း ကိစ္စတွေမှာ အထူးပြုတဲ့ စထွင်မာ တစ်ယောက် ဖြစ်လာတယ်လို့ ခံစားနေရသလိုပဲ …”

“ ရှေ့နှစ်ရက်တုန်းက ဒေါက်တာချန်ဆီ လာခဲ့တဲ့ ဦးလေးကြီးဆိုလည်း သေခါနီး အခြေအနေ ရောက်လုမတတ်ပဲလေ ….”

“ တော်ကြပါတော့ … မင်းတို့အကုန်လုံး အဓိက အချက်ကိုပဲ အာရုံစိုက်ထားကြစမ်းပါ … မုန့်မုန်က အခု အန္တရာယ်ရှိနေပြီ …”

“ ညီကိုတို့ … ဒေါက်တာချန်က သုံးရက်အတွင်း မုန့်မုန့် ခေါင်းမိုးပေါ်က ခုန်ချမယ်လို့ ပြောနေတာမလား …”

“ အေး … ငါ ဒီနှစ်တစ်လျှောက်လုံး တတ်မြောက်ခဲ့တဲ့ မိခင်ဘာသာစကားအပေါ် နားလည်ကျွမ်းကျင်မှုအရ ဆိုရင် သူ အဲ့လို ပြောသွားတာပဲ ….”

ယခင် လိုက်စထွင်းများနှင့် မတူပါဘဲ ဤတစ်ကြိမ်တွင်တော့ ကြည့်ရှုသူများမှာ မုန့်မုန့်၏ သေခြင်းရှင်ခြင်းအပေါ် လုံးလုံးလျားလျား အာရုံစိုက်နေခဲ့ကြသည်။

တစ်ချို့သော စိတ်ပညာကျောင်းသားများနှင့် ဆက်စပ်နေသည့်‌ မေဂျာမှ ဆေးကျောင်သားများကလည်း ရှေ့သို့ ထွက်လာပြီး ကွန်းမန့်ဝင်ရေးကြသည်။

စိတ်ကစဉ့်ကလျား ရောဂါက ပြင်းထန်သည့် စိတ်ရောဂါ တစ်ရပ် ဆိုသော်လည်း စိတ်ကျရောဂါနှင့် နှိုင်းယှဉ်လိုက်ပါက အဆုံးစီရင်မှုနှုန်းပါ အင်မတန် နည်းပါးသည်။

လူနာ၏ စိတ်ကစဉ့်ကလျား ရောဂါက ထင်ယောင်ထင်မှား လိုက်လံနှောင့်ယှက်သည့် အခြေအနေသို့ ရောက်ရှိမှသာ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုက ဖြစ်ပေါ်လာနိုင်သည်။

ယခုအခိုက်အတန့်၌ လူတော်တော်များမှာ ခေါင်းရှုပ်နေခဲ့ကြသည်။

မုန့်မုန့်ရဲ့ အကျင့်စရိုက်က နေမင်းကြီးလို တောက်ပနွေးထွေးပြီး တခြားကလေးကြယ်ပွင့်များနှင့် ဆယ်ကျော်သက် အိုင်ဒေါများကဲ့သို့ မတူညီပါဘဲ နာမည်လေး အနည်းငယ် ရလာသည်နှင့် မောက်မာတတ်သည့် လူစားမျိုး မဟုတ်ပေ။

ကျိုးမုန့်မုန့်က အသက် ၁၉ နှစ်သာလျှင် ရှိသေးပြီး နိုင်ငံတကာ ဂိုပြိုင်ပွဲဝင် ကစားသမား ဖြစ်ရုံမျှမက ၊ နိုင်ငံအသင်း၏ အသင်း ခေါင်းဆောင်နှင့် လူတော်တော်များများ၏ မျက်လုံးထဲက အနာဂတ် ဂိုစစ်တုရင် သူတော်စင် တစ်ပါးလည်း ဖြစ်သည်။

သူမကို ကမ္ဘာသိ ဆယ်လီ တစ်ယောက်အဖြစ် သတ်မှတ်နိုင်သည်။

သို့တိုင်အောင် မုန့်မုန့်မှာ အမြဲတစေ သိုသိုသိပ်သိပ်သာနေပြီး ကြင်နာတတ်သည်။

ပြိုင်ပွဲ မရှိသည့် နေ့ရက်များဆိုလျှင် မုန့်မုန့်က နေ့တိုင်း လိုက်စထွင်း လွှင့်ပေးတတ်၏။

အခြားသော ဂိုကစားသမားများကို အခကြေးမဲ့ သင်ပြပေးသည့်အပြင် ကစားပွဲအတွင်း လူတစ်ယောက်၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို မည်သို့ ထိန်းညှိပေးသင့်ကြောင်းလည်း ပြောပြတတ်သည်။

လူတစ်ယောက်က တည်တည်ငြိမ်ငြိမ်နှင့် စဉ်းစားတွေးခေါ်၍ အရေးမသာသည့် အနေအထားများတွင် အခြေအနေကို မည်သို့ ပြောင်းပြန်လှန်သင့်ကြောင်းလည်း ဝေမျှပေးတတ်၏။

ဆိုရလျှင် … မုန့်မုန့်က စိတ်ကစဉ့်ကလျား ရောဂါ ဝေဒနာသည်တစ်ယောက် လုံးဝ မဖြစ်သင့်ပေ။

ကံမကောင်းချင်တော့လည်း ထိုစကားလုံးများက ချန်ယွီ့ နှုတ်ကနေ ထွက်လာသည့် စကားများ ဖြစ်နေသည်။

အကယ်၍ အခြားလူသာ ဆိုပါက သူတို့တွေ ဝိုင်းဝန်းတိုက်ခိုက် အရှက်ခွဲပြီး အင်တာပေါ် ပြန်မပေါ်လာရဲအောင် လုပ်ပစ်လိုက်မည်။

သို့သော် ချန်ယွီ့၏ အခြအနေက ထူးခြားနေခဲ့၏။

“ အဟင့် .. ဒေါက်တာချန် … ငါ အသက်ရှင်နိုင်ဦးမှာလားဟင် ….”

ကျိုးမုန့်မုန့်က သနားဖွယ်ရာ မျက်ဝန်းတို့ဖြင့် မေးမြန်းလာခဲ့သည်။

“ ဒါပေါ့ … မင်း အသက်ရှင်နိုင်တာပေါ့ …”

ချန်ယွီ့၏ ခွန်းတုံ့ပြန်စကားက လိုက်စထွင်းတစ်ခွင်တွင် အုံ့ဆိုင်းနေသည့် အမည်းရောင် တိမ်စိုင်တို့အား ဖယ်ရှားပေးလိုက်သည့် နွေးထွေးသည့် နေခြည် အလင်းတန်းလေးကဲ့သို့ပင်။

“ ဟင်း … ငါ့ လက်ရှိ စိတ်အခြေအနေကို ဘယ်လို ဖော်ပြရမှန်းတောင် မသိတော့ဘူး … ဒေါက်တာချန် ဆိုတဲ့အတိုင်းပဲ လူကို အချိုးအကွေ့တိုင်းမှာ အံ့အားသင့်အောင် လုပ်နိုင်လွန်းတယ် ….”

“ မုန့်မုန့် … မငိုနဲ့တော့ … ဒေါက်တာချန်မှာ မင်းကို ကယ်တင်ပေးနိုင်တဲ့ နည်းလမ်းရှိတယ် ….”

“ ဒေါက်တာချန်က မုန့်မုန့်ကို တမင်အကြိုက်လိုက်ပြီး ပြောပေးနေတယ်လို့ ဘာကြောင့် ခံစားနေရတာပါလိမ့် …. သူ သဘောတူလိုက်တာကြီးက မမြန်လွန်းဘူးလား …”

“ မြန်တာ မမြန်တာ အရေးမကြီးဘူး … ငါ့မုန့်မုန့်လေး လုံခြုံနေရင် ရပြီ ….”

ကြည့်ရှုသူများမှာ ကာယကံရှင် မုန့်မုန့်ထက်ပင် အပျော်လွန်နေခဲ့ကြသည်။

ကျိုးမုန့်မုန့်၏ ရှိုက်တငင်ငင် ငိုနေသည့် အမူအရာကလည်း ချက်ချင်း ရပ်တန့်သွားခဲ့ပြီး နက်နက်ရှိုင်းရှိုင်း ရှုပ်ထွေးသွားခဲ့၏။

ကြည့်ရှုသူတစ်ဦး ပြောသည့် အတိုင်းပဲ ချန်ယွီ့ သဘောတူလိုက်သည်က လျင်မြန်လွန်းနေသည်။

“ ငါ … ငါ တကယ်ပဲ သေစရာ မလိုဘူးလား ….”

ကျိုးမုန့်မုန့်က သေချာလေး ဂရုတစိုက်နှင့် စူးစမ်းလိုက်၏။

“ ဒါပေါ့ …. မင်း သေစရာ မလိုဘူး ….”

“ ဆရာဝန် တစ်ယောက်ရဲ့ တာဝန်က လူနာရဲ့ အခြေအနေ အစစ်အမှန်ကို သိအောင် ပြောပြပြီး ရောဂါက ဘာကြောင့် ဖြစ်လာတယ်ဆိုတာ ပြောပြဖို့ပဲ …” ချန်ယွီ့က ညင်သာစွာ ပြုံးလျက် ပြောလိုက်သည်။

“ အဲ့တာပြီးရင် လူနာရဲ့ အခြေအနေအတိုင်း ငါတို့က သင့်တင့်လျောက်ပတ်တဲ့ ကုသရေး နည်းလမ်းတွေနဲ့ ဝေဒနာကို ပျောက်ကင်းအောင် ကုသပေးတယ် …”

ကျိုးမုန့်မုန့် ခေါင်းညိတ်လိုက်၏။

ယုတ္တိကတော့ ရှိသည်။ သို့ပေမယ့် တစ်ခုခု မှားယွင်းနေဆဲပဲဟု ခံစားနေရသေး၏။

ချန်ယွီ့က ဆရာဝန် တစ်ယောက်မဟုတ်ဘူးဆိုတာကို လူတိုင်းက သိသည်။

သူက ဆရာဝန် တစ်ယောက် အဖြစ် ရုပ်ဖျက်ထားသည့် မာစတာ တစ်ယောက် ဖြစ်၏။

အဘယ်ကြောင့်ဆိုသည့် အကြောင်းအရင်းအတွက်တော့ … အထင်အမြင်တို့က အင်မတန် များပြားလွန်းနေသည်။

ခေတ္တစဉ်းစားပြီးနောက်တွင် ကျိုးမုန့်မုန့် ထိုကိစ္စများအား ခေါင်းခြောက်ခံပြီး တွေးတောမနေဖို့ ဆုံးဖြတ်လိုက်သည်။

သူမ ကိုယ့်အသက်ကိုယ် အရင်ကယ်တင်ဖို့လိုသည်။

“ ဒေါက်တာချန် … ကျေးဇူးပြုပြီး ခဏလေး စောင့်ပေးနော်… ငါ အသင်းကို ဆက်သွယ်ပြီး နင့်ရဲ့ ကုသမှုကို ခံယူမယ့်အကြောင်း အသိပေးလိုက်ဦးမယ် …”

ကျိုးမုန့်မုန့်က သူမဖုန်းကို ထုတ်၍ သူမ၏ မန်နေဂျာထံ ဆက်သွယ်ဖို့ အဆင်သင့်ဖြစ်နေခဲ့သည်။

နောက်လတွင် ကျရောက်လာမည့် နိုင်ငံတကာ ဂိုပြိုင်ပွဲတွင် သူမ၏ ကျန်းမာရေး အခြေအနေကြောင့် နုတ်ထွက်မည်ဖြစ်ကြောင်း အသိပေးလိုနေသည်။

စိတ်ရောဂါ ကုသမှုကို တစ်ခါမျှ မပြုလုပ်ဖူးသော်လည်း လုပ်ရိုးလုပ်စဉ်များကိုတော့ သူမ သိသည်။

တခြားသော ရုပ်ပိုင်းဆိုင်ရာ နာမကျန်း ဖြစ်မှုများကဲ့သို့ ကုသရန် အချိန်တော်တော်ကြာကြာ ပေးရလိမ့်မည်။

လာမည့် ပြိုင်ပွဲကို မဝင်ပြိုင်နိုင်တော့ကြောင်း သူမကိုယ်သူမ သေချာနေသည်။

ကြည့်ရှုသူများမှာ ကျိုးမုန့်မုန့်အတွက် စိတ်မကောင်း ဖြစ်နေမိကြသည်။

သူမက သုံးကြိမ်ဆက်တိုက် ချန်ပီယံ ဖြစ်ထားပြီးသား ဖြစ်၏။

အကယ်၍ သူမကသာ နောက်ထပ် ခုနစ်ကြိမ် ဆက်တိုက် အနိုင်ယူနိုင်မည်ဆိုပါက ယခင် ရှိပြီးသား စံချိန်မှတ်တမ်းကို ချိုးဖျက်နိုင်ပေမည်။

ယခုတော့ သူမ အစကနေ တစ်ဖန်ပြန်စတင်ရပေတော့မည်။

ဂို ကစားသမားများသည်လည်း အခြားသော အားကစားသမားများကဲ့သို့ အချိန် အကန့်အသတ် တစ်ခု ကြာပြီးသည့်နောက် အနားယူရသည်။

မည်သည့် ဂိုပြိုင်ပွဲတွင်မဆို ကစားသမား၏ သက်လုံနှင့် ခွန်အားကို အလွန်အကျွံ သုံးစွဲရသည်။

ထို့ကြောင့် ဂိုကစားသမား အများစုက အသက် ၃၀ ဝန်းကျင်တွင် အနားယူဖို့ ရွေးချယ်ကြသည်။

အကယ်၍ ကျိုးမုန့်မုန့်ကသာ သူမ၏ ဆက်တိုက် အနိုင်ပွဲများကို အစက ပြန်လည် စတင်မည်ဆိုပါက ၁၁ နှစ် ကြာပြီးမှပဲ ၁၀ ပွဲဆက်တိုက် ချန်ပီယံဆုကို သိမ်းပိုက်နိုင်လိမ့်မည်။

“ မင်း အဲ့လို လုပ်ဖို့ မလိုပါဘူး …” ချန်ယွီ့ ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်ပြီး “ ဒီရဲ့ ကုသမှုက အချိန်အများကြီး မပေးရဘူး …”

“ မင်းရဲ့ နောက်လာမယ့် ပြိုင်ပွဲအပေါ် သက်ရောက်မှု ရှိမှာ မဟုတ်ဘူး …”

“ ငါ့ပြိုင်ပွဲကို မကြန့်ကြာစေဘူးပေါ့ ဟုတ်လား ….”

ကျိုးမုန့်မုန့် တစ်ဖန်ပြန်ပြီး ရှော့ခ်ရသွားခဲ့သည်။

ချန်ယွီ့ ပြုံးလျက် ထပ်ဖြည့်ပြောလိုက်၏။ “ မင်းငါ့ရဲ့ ကုသမှု အစီအစဉ်ကို လိုက်နာနေသရွေ့ မင်း တစ်မိနစ်အတွင်း ပျောက်ကင်းစေရမယ်လို့ အာမခံတယ် ….”

“ တစ်မိနစ် ….”

ကျိုးမုန့်မုန့်၏ မျက်လုံးတို့ အလွန်အမင်း ချဲ့ကားသည့် အမူအရာဖြင့် ပြူးကျယ်သွားခဲ့သည်။

ဘာကြီးလဲ …

စိတ်ကစဉ့်ကလျား ရောဂါကို ကုသဖို့က တစ်မိနစ်ပဲ လိုတာလား …

ချန်ယွီ့ ကုဖို့ လုပ်နေတာက ခက်ခဲပြီး ရှုပ်ထွေးတဲ့ စိတ်ရောဂါ တစ်မျိုးဖြစ်တဲ့ စိတ်ကစဉ့်ကလျား ရောဂါနော်…

ရှိုးပွဲ၏ တမ်ပိုအမြင့်ဆုံး အခိုက်အတန့်သို့ ရောက်ခါနီးပြီကို သိတော့ ကြည့်ရှုသူများမှာ အသက်အောင့်ထားကြသည်။ သူတို့ မျက်လုံးများကို ကျယ်ကျယ်ဖွင့်ထားကြပြီး ချန်ယွီ့၏ နတ်ဘုရားဆန်သည့် အစွမ်းအစတို့ ဖော်ထုတ်လာမှာကို စောင့်မျှော်နေခဲ့ကြ၏။ သူ့စကားနှင့် လုပ်ရပ်ကို လူတိုင်း ယုံကြည်သည်။ ဤသည်ကလည်း ချန်ယွီ့၏ ပထမဦးဆုံး လိုက်စထွင်း မဟုတ်ချေ။

ကျိုးမုန့်မုန့်က ချန်ယွီ့ကို အံ့အားသင့် ၊ ရှော့ခ်ရနေသည့် အမူအရာဖြင့် ကြည့်လိုက်၏။

“ ဒေါက်တာချန် … ကျေးဇူးပြုပြီး ငါ့ကို မြန်မြန်လေး ကုသပေးပါဦး …”

“ ကောင်းပြီလေ …”

ချန်ယွီ့ သာမန်လျှံကာ ခွန်းတုံ့ပြန်၍ ကျိုးမုန့်မုန့်ကို သူမ၏ ညာဘက်လက် မြှောက်ပြဖို့ လက်ဟန်ပြလိုက်သည်။

ကျိုးမုန့်မုန့်လည်း နာနာခံခံနှင့် ညာလက်မောင်းကို မြှောက်ပြလိုက်၏။

“ မင်းလက်ကောက်ဝတ်မှာ ဝတ်ထားတဲ့ လက်ကောက်ကို ချွတ်လိုက် …”

ထိုအခါမှပဲ ကြည့်ရှုသူများမှာ ကျိုးမုန့်မုန့်၏ ညာဘက်လက်ကောက်ဝတ်တွင် အမျိုးအမည်မသိသည့် ပစ္စည်းများဖြင့် ပြုလုပ်ထားသည့် လက်ကောက်အဆင်တန်ဆာ တစ်ခု ရှိနေသည်ကို သတိပြုမိသွားကြသည်။

“ နောက်တော့ရော …” ကျိုးမုန့်မုန့်က လက်ကောက်ကို ချွတ်ပြီး မေးလိုက်၏။

“ မင်းရဲ့ စိတ်ကစဉ်ကလျား ရောဂါက ဒီလက်ကောက်ကြောင့်ပဲ ….”

“ အခု မင်း ချွတ်လိုက်ပြီဆိုတော့ မင်းဘာမင်း လွင့်ပစ်တာပဲ ဖြစ်ဖြစ် ၊ ဒါမှမဟုတ် ငါ့ဆီပို့လိုက်မယ်ဆိုလည်း အဆင်ပြေတယ် …”

“ မင်း ထပ်မဝတ်တော့သရွေ့ မင်းရဲ့ စိတ်ကစဉ့်ကလျားရောဂါလည်း ဘယ်တော့မှ ပြန်ထလာမှာ မဟုတ်တော့ဘူး …”

ချန်ယွီ့ ထိုစကားလုံးများ ပြောလိုက်သည်နှင့် ကျိုးမုန့်မုန့်မှာ အံ့အားသင့်သွားခဲ့သည်။ လက်ကောက်က လူတစ်ယောက်ကို စိတ်ကစဉ့်ကလျား ရောဂါ ဖြစ်စေနိုင်သည်ဟူသော စကားမျိုး သူမ ပထမဆုံးအကြိမ် ကြားဖူးတာဖြစ်၏။

ချန်ယွီ့ရဲ့ အစွမ်းအစတွေက နတ်ဘုရားဆန်နေတယ်ဆိုရင်တောင် ဒါကြီးက အစစ်အမှန်တော့ မဖြစ်နိုင်လောက်ပါဘူး ဟုတ်တယ်မလား … ဘာပဲဆိုဆို သုံးနှစ်သားလေး သွားပြောရင်တောင် ယုံမှာ မဟုတ်လို့လေ …

“ ဘာလဲ … ငါ့ကို မယုံဘူးလား ..”

ချန်ယွီ့ အပြုံးလေးဖြင့် မေးလိုက်၏။

“ မယုံလို့ မဟုတ်ပါဘူး … ဒီတိုင်း ဒါက … နည်းနည်းလေး မယုံချင်စရာ ကောင်းနေလို့ ….”

“ လက်ကောက်တစ်ခုက ငါ့ကို ဘယ်လိုလုပ်ပြီး စိတ်ကစဉ့်ကလျား ရောဂါ ဖြစ်စေနိုင်မှာလဲလို့လေ …”

ကျိုးမုန့်မုန့် ဘာပြောလို့ပြောရမှန်း မသိ ဖြစ်နေခဲ့သည်။

မည်သို့ပင်ဆိုစေ ဤသည်က မယုံကြည်နိုင်စရာ ကောင်းလွန်းလှ၏။

“ ဘာလို့ဆို ဒါက သာမန် လက်ကောက်မဟုတ်ဘဲ လူသားအရိုးနဲ့ လုပ်ထားတဲ့ လက်ကောက်ဖြစ်နေလို့ပဲ …”

ချန်ယွီ့က ဩရှသံနက်နက်ဖြင့် ရှင်းပြလိုက်သည်။

All Chapters