← Chapters

မဟာတာအိုလမ်းကြောင်းနောက်တစ်ခု

Vol. 19 Ch. 253

မဟာတာအိုလမ်းကြောင်းနောက်တစ်ခု

Vol. 19 Ch. 253

အခန်း (၂၅၃) မဟာတာအိုလမ်းကြောင်းနောက်တစ်ခု

ဤပုံရိပ်ယောင်များ ပေါ်မလာသည်မှာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်ပြီး ယခုမှ ပြန်ပေါ်လာခြင်း ဖြစ်သည်။

ကျန်းလန် လေထဲတွင် မတ်တတ်ရပ်နေလေသည်။ သူက တုန်လှုပ်သွားခြင်း အလျဉ်းမရှိဘဲ နောက်ထပ်ဘာဖြစ်လာမည်ကို ဆက်လက်စောင့်ကြည့်နေသည်။

ပုံရိပ်ယောင်များထဲမှ သဲလွန်စတစ်ခုခုများ ရှာတွေ့နိုင်မည်လားဟု သူ စောင့်ကြည့်နေသည်။

မကြာမီ မြူခိုးတိမ်တိုက်များထဲတွင် နန်းတော်အဆောက်အဦများစွာ ထွက်ပေါ်လာသည်ကို တွေ့မြင်လိုက်ရသည်။ ထို့နောက် ကျန်းလန်ရှေ့တွင် ကြီးမားသည့် တံခါးကြီးတစ်ချပ် ပေါ်လာ၏။

တံခါးထိပ်တွင် စာလုံးများ ရေးသားထားသည်ကို တွေ့ရှိရသော်လည်း ကျန်းလန် သေသေချာချာကြည့်လိုက်သည့်အခါ စာလုံးများက မှုံဝါးနေပြီး ထင်ထင်ရှားရှားတွေ့မြင်ရခြင်း မရှိပေ။

ကျန်းလန်က စာလုံးများကိုတွေ့မြင်ရရန် ထပ်မံကြိုးစားလိုက်စဉ်မှာပင် မြင်ကွင်းများက ရုတ်တရက် ပြောင်းလဲသွားသည်။

တောင်များအလယ်တွင် အလောင်းများပျံ့ကျဲနေပြီး ပတ်ဝန်းကျင်တစ်ခုလုံး အနက်ရောင်အခိုးအငွေ့များ လွင့်ပျံနေကာ သွေးများကလည်း နေရာတိုင်းတွင် အိုင်ထွန်းလျှက် ရှိသည်။

အော်ဟစ်သံများလိုလို ယောင်ဝါးဝါးအသံများကိုလည်း ကြားရသလို ခံစားလိုက်ရ၏။

ကြည့်ရသည်မှာ အလောင်းကောင်များက အော်ဟစ်နေကြသည်လား ၊ အကူအညီတောင်းခံနေကြသည်လား မသဲကွဲပေ။

သို့ရာတွင် ကျန်းလန်က သေသေချာချာ နားထောင်ရန် ကြိုးစားလိုက်ပြန်တော့လည်း မည်သည့်အသံမှ မကြားရပြန်ပေ။

ခဏအကြာတွင်တော့ မြင်ကွင်းများအားလုံး ပျောက်ကွယ်သွားလေသည်။

ကျန်းလန် နေရာတွင်ပင် ရပ်နေလေသည်။

"ဒါ… ပြင်ပလွှမ်းမိုးမှု ဖြစ်ရမယ်"

ဟုတ်ပေ၏။

ယခု မရဏဂူထဲတွင်လည်း မဟုတ်လေရာ ကိုယ်တွင်းမိစ္ဆာဝင်ရောက်ခြင်း လုံး၀ မဖြစ်နိုင်ပေ။

ဤသည်က ပြင်ပလွှမ်းမိုးမှုတစ်ခု ဖြစ်ရပေမည်။ တစ်စုံတစ်ခုက သူ၏ စိတ်အာရုံကို လွှမ်းမိုးရန် ကြိုးစားနေခြင်း ဖြစ်သည်။ သို့သော် မည်သည့်အရာမှန်း ကျန်းလန် မသိရှိနိုင်သေးပေ။

တစ်စုံတစ်ယောက်က သူ့ကို စောင့်ကြည့်နေခြင်းတော့ ဟုတ်ဟန်မတူပေ။ အဘယ်ကြောင့်ဆိုသော် သစ်ရွက်အမြင်တန်ခိုးစွမ်းအားမှ သတိပေးချက် ထွက်ပေါ်မလာသောကြောင့် ဖြစ်သည်။

တစ်စုံတစ်ယောက်က သူ့ကို စောင့်ကြည့်နေသည်ဆိုလျှင် သစ်ရွက်အမြင်တန်ခိုးစွမ်းအားက တုံ့ပြန်မည်ဖြစ်ပြီး ထိုသူ၏တည်နေရာကိုပင် လမ်းပြပေးမည် ဖြစ်သည်။

သို့သော် ယခုတော့ သစ်ရွက်အမြင်တန်ခိုးစွမ်းအားရော ကောင်းကင်လွှမ်းသစ်ရွက်တန်ခိုးစွမ်းအားတွင်ရော မည်သည့်ပြောင်းလဲမှုမှ မဖြစ်ပေါ်ခဲ့ပေ။

"ဒီပုံရိပ်ယောင်တွေကို ဖျတ်ခနဲပဲ မြင်လိုက်ရတယ် ၊ ဒါတွေကို မမြင်ခင်က ငါ တန်ခိုးစွမ်းအားမြင့်မားတဲ့ လူ (၂)ယောက်နဲ့ တွေ့ခဲ့ရတယ် ၊ တစ်ယောက်က တစ္ဆေတံခါးထဲက ပုဂ္ဂိုလ် ၊ နောက်တစ်ယောက်ကတော့ ဧကရာဇ်ရှီးဟယ်ပဲ ၊ သူတို့နဲ့ တွေ့ပြီးနောက်ပိုင်းမှ ငါ ဒီပုံရိပ်ယောင်တွေကို တွေ့မြင်ရတာပဲ"

ဤပုံရိပ်ယောင်များက သူတို့ (၂)ယောက်အနက် တစ်ယောက်ယောက်နှင့် ပတ်သက်နေနိုင်သည်။

သူ ဆက်ပြီး စောင့်ကြည့်ရမည် ဖြစ်သည်။ တိုက်ဆိုင်မှုများကို သေသေချာချာစစ်ဆေးပြီးလျှင်တော့ သဲလွန်စ တစ်စုံတစ်ခုကို အစဆွဲထုတ်နိုင်မည်လား မပြောတတ်ပေ။

ဤကာလအတွင်းတွင်တော့ မတော်တဆတိုက်ဆိုင်မှုများနှင့် အန္တရယ်များအတွက် သူ သတိရှိနေရမည် ဖြစ်သည်။

ကျန်းလန် ပြဿနာကိုဖြေရှင်းရန် နည်းလမ်းများကို စဉ်းစားရင်း ခွန်လွန်တောင် အဓိကခန်းမဆောင်သို့ ဆက်လက်ထွက်ခွာလာခဲ့သည်။

ခွန်လွန်ဝတ်ကျောင်းတော်သို့ မဝင်ရောက်ခင် တပည့်များအားလုံး ထိုနေရာတွင် စုရပ်လုပ်ကြရမည် ဖြစ်သည်။

ဧကရာဇ်ရှီးဟယ်နှင့်ပတ်သက်ပြီး ကျန်းလန်က အနည်းငယ်စိတ်ပူပန်မိသော်လည်း မမျှော်လင့်ထားသည့် အဖြစ်အပျက်များ မဖြစ်သရွေ့ သူ့အကြောင်း ပေါ်သွားမည်ကို စိုးရိမ်စရာမလိုပေ။

သို့ပေသိ သူ စိတ်အေးလက်အေးတော့ နေနိုင်မည် မဟုတ်ပေ။ အချိန်တိုင်း သတိထားနေတတ်သည်မှာ သူ့အတွက် အကျင့်ပါနေပြီ ဖြစ်သည်။

ထိုသို့ သတိထားနေခြင်းက မတော်တဆ အန္တရယ်မကျရောက်စေရန်အတွက် ကာကွယ်ရာလည်း ရောက်သည်။

***

"ဘုန်း..."

ခွန်လွန်တောင် အဓိကခန်းမဆောင်သို့ရောက်သည်နှင့် ကျယ်လောင်သည့် ပေါက်ကွဲသံကြီးတစ်သံ ကြားလိုက်ရသည်။

ရင်ပြင်ထက်သို့ လှမ်းကြည့်လိုက်တော့ အုပ်စု (၂) စု အပြင်းအထန် တိုက်ခိုက်နေသည်ကို တွေ့လိုက်ရ၏။

တိုက်ခိုက်မှုမှ ထွက်ပေါ်လာသည့် စွမ်းအားပေါက်ကွဲမှုများကို တန်ခိုးစွမ်းအားအသုံးပြုကာ ထိန်းချုပ်ပေးထားသည့်အတွက် ရင်ပြင်ကတော့ ပျက်စီးသွားခြင်း မရှိပေ။

သို့သော် သူ့လို မူလဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက် အနားကပ်နိုင်မည့် တိုက်ပွဲမျိုးတော့ မဟုတ်ပေ။

ကျန်းလန်က ခန်းမဆောင် ထောင့်တစ်ထောင့်တွင်ကပ်နေရင်း တိုက်ပွဲကို လှမ်းကြည့်နေသည်။

တိုက်ခိုက်နေကြသူများမှာ စောစောက သူ့ကိုနှုတ်ဆက်သွားသည့် ဂိုဏ်းတူအစ်ကိုလုကျန်းနှင့်အဖွဲ့ဖြစ်၏။

ဆိုတော့...

သူတို့က ပထမတောင်ထွတ်မှ တပည့်များနှင့် တိုက်ခိုက်နေကြခြင်းပင်။ ဤတပည့်များက တကယ်ပင် တိုက်ချင်ခိုက်ချင်စိတ် ရှိကြသည်။

တိုက်ပွဲကိုတစ်ချက်ကြည့်လိုက်သည်နှင့် ကျင်းထင်နှင့် ကုချီလည်း ဝင်ရောက်တိုက်ခိုက်နေကြောင်း တွေ့ရသည်။ ကျင်းထင်က မရှိမှုအာကာသ ၊ ကနဦးအဆင့်ဖြစ်ပြီး ကုချီက မရှိမှုအာကာသ ၊ အလယ်ဆင့် ဖြစ်သည်။

သူတို့ (၂)ယောက်လွန်းက အမှန်တကယ် တန်ခိုးစွမ်းအား မြင့်မားသူများဖြစ်ကြသော်လည်း တိုက်ပွဲထဲတွင်တော့ သူတို့ (၂)ယောက်က တန်ခိုးစွမ်းအား အနည်းပါးဆုံး ဖြစ်နေကြသည်။ တိုက်ပွဲတွင်တွင် ပါဝင်သူအများစုက အင်မော်တယ်များ ဖြစ်နေသည် မဟုတ်ပါလား။

"ဟာ... ဂိုဏ်းတူညီလေးကျန်းလန် မဟုတ်လား"

ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာသည်။

အသံက ဘေးဘက်မှ ထွက်ပေါ်လာခြင်း ဖြစ်သောကြောင့် ကျန်းလန် လှည့်ကြည့်လိုက်ရာ သူ့နံဘေးတွင် လူငယ်တစ်ယောက် မတ်တတ်ရပ်နေသည်ကို တွေ့လိုက်ရ၏။

"ဂိုဏ်းတူအစ်ကို ကျိချိုး..."

ကျန်းလန်က သိမ်မွေ့စွာပင် နှုတ်ဆက်စကားဆိုလိုက်သည်။

ကျိချိုးက အလွန်တရာ တန်ခိုးစွမ်းအား မြင့်မားနေပြီ ဖြစ်ပြီး အင်မော်တယ်တစ်ပါးလည်း ဖြစ်နေပြီ ဖြစ်သည်။

သူတို့ ပထမဆုံးတွေ့ဆုံစဉ်က ကျိချိုးက ပေဖန်း၏ ခွန်လွန်တောင်မိစ္ဆာလိုက်အဖွဲ့ထဲတွင် သူလျှိုများကို သုတ်သင်နေခြင်း ဖြစ်သည်။

စေ့စပ်ပွဲမှ ပြန်လာသည့်နေ့ ၊ တောအုပ်ထဲမှ ဖြတ်သန်းသွားစဉ် ပေဖန်းတို့အဖွဲ့နှင့် အမှတ်မထင် ဆုံတွေ့ခဲ့ရပြီး ကျိချိုးက သူ့ကို နဝမတောင်ထွတ်သို့ လိုက်ပို့ပေးခဲ့ဖူးလေသည်။

ထိုစဉ်က ကျိချိုးက မရှိမှုအာကာသ ၊ အလယ်ဆင့်မျှသာ ရှိသေးသည်။ ယခုတော့ နှစ်ပေါင်း (၁၅၀) အတွင်းမှာပင် အင်မော်တယ် ဖြစ်လာတော့မည် ဖြစ်၏။

"ဒီလိုချောင်ကပ်နေရင် မင်း နောက်ကျကျန်ခဲ့လိမ့်မယ်ဗျ... ဂိုဏ်းတူညီလေးရေ ၊ ကျုပ်တို့ အခု ခွန်လွန်ဝတ်ကျောင်းတော်ထဲ ဝင်ရတော့မှာ ၊ အသင့်ပြင်ထားတော့"

ကျိချိုးက ကျန်းလန်ကို စေတနာဖြင့် သတိပေးစကားဆိုသည်။

ကျန်းလန်က ကျိချိုးကို ဦးညွှတ်လိုက်ရင်း ကျေးဇူးတင်စကားဆိုသည်။

"ကျေးဇူးအများကြီးပါ ဂိုဏ်းတူအစ်ကို"

ထို့နောက် ကျိချိုးက ကျန်းလန်ကို နှုတ်ဆက်ပြီး ထွက်ခွာသွားသည်။

ကျန်းလန်လည်း လူအများစုရုံးနေသည့်နေရာသို့ ထွက်ခွာလာခဲ့၏။ သူ့ကို မည်သူမှ သတိမထားမိခဲ့ကြပေ။

ကျိချိုးနှင့် အဋ္ဌမတောင်ထွတ်မှ တပည့်များကဲ့သို့ မျက်မှန်းတန်မိနေသူများစွာကို ကျန်းလန် တွေ့ရှိရသည်။

သူက အဌမတောင်ထွတ်သို့ မကြာခဏသွားရောက်လေ့ရှိသဖြင့် ထိုတောင်ထွတ်မှ တပည့်များနှင့် မျက်မှန်းတန်းမိနေသည်မှာ မဆန်းလှပေ။

ခဏမျှကြာပြီးနောက်...

ခန်းမဆောင်ရှေ့သို့ အဘိုးအိုတစ်ယောက် ထွက်လာ၏။

အဘိုးအိုက ကျယ်လောင်သည့်အသံဖြင့်…

"အားလုံးပဲ... ခွန်လွန်ဝတ်ကျောင်းတော် ဖွင့်လှစ်ပါတော့မယ် ၊ ဝတ်ကျောင်းတော်တံခါးဖွင့်လှစ်ချိန်က ကန့်သတ်ထားပါတယ်"

ထိုအသံကိုကြားသည်နှင့် ပထမတောင်ထွတ်မှ တပည့်များနှင့် အဋ္ဌမတောင်ထွတ်မှတပည့်များက တိုက်ပွဲကို ချက်ချင်းရပ်လိုက်ကြပြီး လူအုပ်ကြီးရှိရာသို့ အပြေးအလွှားရောက်လာကြသည်။

ဒဏ်ရာရကာ ရင်ပြင်ထက်လဲကျနေသည့် တပည့်များကိုလည်း အခြားတပည့်များက တွဲထူလာကြသည်။ သူတို့ကိုကြည့်ရသည်မှာ ဒဏ်ရာအပြင်းအထန်ရထားကြဟန်ပင်။

ဤတပည့်များက တိုက်ခိုက်ရာတွင် ညှာတာမှုမရှိဘဲ အတော်လေး ကြမ်းတမ်းလှသည်။

ကျန်းလန်က သူတို့ကိုအရေးမစိုက်တော့ပဲ ခွန်လွန်ဝတ်ကျောင်းတော်ဖွင့်မည့်အချိန်ကို စောင့်နေလိုက်သည်။

ထိုအချိန်…

ကောင်းကင်ထက်မှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး မိုးကုတ်စက်ဝိုင်းဆီမှ နားအူစေလောက်အောင် ကျယ်လောင်သော အသံကြီးတစ်သံထွက်ပေါ်လာသည်။

ကြီးမားသည့် တံခါးကြီးတစ်ချပ် ပွင့်သွားသည့် အသံပင် ဖြစ်၏။

ခန်းမဆောင်ရှေ့မှ အဘိုးအိုက ကျယ်လောင်သည့်အသံဖြင့်…

"အားလုံးပဲ... ခွန်လွန်ဝတ်ကျောင်းတော်ထဲမှာ ဘားစည်းကမ်းမှ တင်းကြပ်မထားဘူး ၊ မင်းတို့သွားနိုင်သလောက် လျှောက်သွားလို့ရတယ် ၊ အခုချိန်ကစပြီး ကောင်းကင်အလင်းတန်းထဲ ဝင်ရောက်ကြပါ ၊ ခွန်လွန်ဝတ်ကျောင်းတော်ထဲ ဝင်လို့ရပါပြီ"

မကြာမီ တပည့်တစ်ယောက်က ဓားကိုစီးနှင်ပျံသန်းပြီး ကောင်းကင်ထက်မှ ထွက်ပေါ်နေသည့် အလင်းတန်းရှိရာသို့ ဝင်ရောက်သွားသည်။

ထိုအလင်းတန်းက ကောင်းကင်အလင်းတန်း ဖြစ်၏။

ထိုအလင်းတန်းအထက်တွင် ဘာရှိသည်ကို မည်သူမှ မသိရှိနိုင်သလို အာရုံခံ၍လည်း မရနိုင်ပေ။ ကိုယ်တိုင်တက်သွားပြီး စုံစမ်းစစ်ဆေးမှသာ သိနိုင်မည် ဖြစ်သည်။

တပည့်တစ်ယောက်က ကောင်းကင်အလင်းတန်းဆီ စတင်ပျံသန်းသွားသည်နှင့် ကျန်တပည့်များကလည်း တစ်ယောက်ပြီးတစ်ယောက် ကောင်းကင်အလင်းတန်းဆီ တိုးဝင်သွားကြသည်။

ကျန်းလန်လည်း ထိုသူများနောက်မှလိုက်သွားပြီး ကောင်းကင်အလင်းတန်း ဆီသို့ ပျံသန်းသွားသည်။

ကောင်းကင်အလင်းတန်းကို ဖြတ်ကျော်ပြီးသွားသည်နှင့် ကျန်းလန် ကောင်းကင်ထက်သို့ ရောက်ရှိသွားသည်။ သူက ဓားကိုစီးနှင်ရင်း လေထဲတွင် မတ်တတ်ရပ်လျှက် ရှိသည်။

သူ့ရှေ့တွင် မတ်ဆောက်သည့် တောင်ထွတ်ကြီးတစ်ခုကို တွေ့မြင်ရသည်။ တောင်ထတ်ကြီးပတ်ပတ်လည်တွင် မြူခိုးတိမ်တိုက်များက ဝန်းရံနေပြီး တောက်ပသည့် နေရောင်ခြည်က ဖြာကျနေသည်။

သူတွေ့မြင်ရသည့်အရာ ကြီးမြတ်ခမ်းနားသည့် ခွန်လွန်တောင်ထွတ်ဖြစ်ကြောင်း ကျန်းလန် သိလိုက်သည်။

တောင်ထွတ်အစွန်းတွင်တော့ အလွန်တရာ ခမ်းနားထည်ဝါသည့် နန်းတော်ကြီးတစ်ခု ရှိနေ၏။ ကြီးမားလွန်းသည့် နန်းတော်တံခါးကြီးက တပည့်များဝင်လာနိုင်ရန် ဖွင့်ဟပေးထားသည်။

တံခါးထိပ်တွင် "ခွန်လွန်ဝတ်ကျောင်းတော်" ဟု ရေးထိုးထားသည်။

တပည့်များက တအံ့တသြအော်ဟစ်ကြရင်း ခွန်လွန်ဝတ်ကျောင်းတော်အတွင်းသို့ ဝင်ရောက်သွားကြသည်။ ကျန်းလန်လည်း သူတို့နှင့်ရောပြီး လိုက်ပါသွား၏။

ဝတ်ကျောင်းတော်အတွင်းသို့ နောက်ဆုံးမှ ဝင်ရောက်သူ မဖြစ်စေရန် သတိထားရမည် ဖြစ်သည်။

နောက်ဆုံးမှ ဝင်ရောက်မိပါက အနည်းနှင့်အများ အာရုံစိုက်ခံရနိုင်လေရာ အလယ်ခေါင်လူအုပ်နှင့်အတူ ရောနှောဝင်ရောက်သွားသည်က အကောင်းဆုံး ဖြစ်သည်။

အားလုံးထဲတွင် ကျန်းလန်က ကျင့်ကြံခြင်းအဆင့်အနိမ့်ဆုံး ဖြစ်သော်လည်း မည်သူမှ သူ့ကိုအာရုံမစိုက်ကြပေ။  မူလဝိညာဉ်အဆင့် အောင်မြင်ထားသူဖြစ်လေရာ သိပ်တော့မဆိုးလှဟု ဆိုနိုင်သည်။

ရွှေပြဒါးအမြုတေအဆင့်ဆိုလျှင်တော့ ကျင့်ကြံခြင်းအဆင့် နိမ့်လွန်းသောကြောင့် သူ့ကို အာရုံစိုက်ကောင်းစိုက်ကြပေလိမ့်မည်။

[ ဒင် ! ]

ကျန်းလန် စဉ်းစားနေစဉ်မှာပင် မကြားရသည်မှာ ကြာပြီဖြစ်သည့် အသံတစ်သံကို စိတ်အာရုံထဲတွင် ကြားလိုက်ရသည်။

[ မဟာတာအိုလမ်းကြောင်းတစ်ခုကို ရှာဖွေတွေ့ရှိပါတယ် ၊ စနစ်ပိုင်ရှင်အနေနဲ့ ဒီနေရာမှာ တရားဝင် စနစ်မှတ်ပုံတင်နိုင်ပါတယ်]

[ စနစ်မှတ်ပုံတင်လိုပါသလား]

"ဒီနေရာမှာ တကယ်ပဲ မဟာတာအိုလမ်းကြောင်း ရှိနေတာပဲ"

ကျန်းလန်တွေးလိုက်သည်။

အစကတည်းက မျှော်လင့်ထားပြီးဖြစ်သဖြင့် သိပ်တော့ မအံ့သြခဲ့ပေ။

ခွန်လွန်တောင်ထွတ်တွင် မဟာတာအိုလမ်းကြောင်းရှိသင့်သည်မှာ ပုံမှန်ပင် ဖြစ်သည်။ မရှိလျှင်သာ အံ့သြစရာ ဖြစ်နေပေလိမ့်မည်။

သို့သော် သူ စနစ်တွင် အလောတကြီး မှတ်ပုံတင်ရန် မလိုအပ်သေးပေ။ ခွန်လွန်ကျောင်းတော်အတွင်း ဝင်ရောက်ပြီးမှ စနစ်မှတ်ပုံတင်မည်ဆိုလျှင်လည်း နောက်မကျသေးပေ။

ဝတ်ကျောင်းတော်ထဲတွင်ဆိုလျှင် ပို၍ပင်ကောင်းမွန်သောပစ္စည်းများ ရှိနိုင်ပေဦးမည်။ ပြီးတော့ သူ ဤခရီးကိုလာရသည့် အဓိကအကြောင်းရင်းမှာလည်း စနစ်တွင်မှတ်ပုံတင်ရန်သာ ဖြစ်၏။

ကျန်းလန်က အခြားမည်သည့်ကိစ္စကိုမှ ပြုလုပ်မည် မဟုတ်ပေ။ မဟုတ်ပါက အချိန်မရွေး ပြဿနာတက်သွားနိုင်သည်။

လူအုပ်ကြီးက တဝုန်းဝုန်းဖြင့် ခွန်လွန်ဝတ်ကျောင်းတော်အတွင်း ဝင်ရောက်သွားကြသည်။ တပည့်အများစုက ခွန်လွန်ဝတ်ကျောင်းတော်သို့ တစ်ခါမှ မရောက်ဖူးကြပေ။

ထိုစဉ် လုကျန်းက ဓားပေါ်တွင် စီးနှင်ပျံသန်းရင်း ကျန်းလန်အနားသို့ ရောက်လာသည်။

"ဂိုဏ်းတူညီလေး… မလောနဲ့ ၊ ခွန်လွန်ဝတ်ကျောင်းတော်က အခုမြင်နေရတာထက် အထဲမှာ အများကြီး ပိုကျယ်တယ် ၊ အထဲမှာ အခွင့်အရေးကောင်းတွေလည်း ဘယ်လောက်ရှိမလဲဆိုတာ မသိနိုင်ဘူး"

ခဏနားပြီးမှ လုကျန်းက ဆက်ပြောသည်။

"ဒါပေမဲ့ အခွင့်အရေးကောင်းကို ဆုပ်ကိုင်နိုင်တဲ့သူ အနည်းငယ်ပဲ ရှိတယ် ၊ အများစုက ဟိုသွားဒီသွားနဲ့ ဘာထူးခြားတာမှ မတွေ့ကြဘူး ၊ ဒီတော့ အထဲကို စောပြီးဝင်တဲ့သူနဲ့ နောက်ကျဝင်တဲ့သူ ဘာမှမထူးခြားဘူး"

လုကျန်း၏ ပခုံးထက်တွင် သွေးစများစွန်းထင်းနေပြီး ဒဏ်ရာရထားဟန်ရှိသည်။ သို့သော် သူက အရေးစိုက်ဟန် မရှိပေ။

ကျန်းလန်က သိမ်မွေ့စွာဖြင့်…

"ဂိုဏ်းတူအစ်ကို အထဲကို ရောက်ဖူးတာလား"

လုကျန်းက ပြုံးလိုက်ရင်း…

"အင်မော်တယ်မဖြစ်ခင်က တစ်ခေါက်ရောက်ဖူးတယ်လေ"

သူက ဆက်ပြောသည်။

"ကျင့်ကြံခြင်းအဆင့် သိပ်မမြင့်မားရင်တော့ ဝတ်ကျောင်းတော်ထဲမှာ မျက်စိလည်သွားတတ်တယ် ၊ ဒီတော့ ဂိုဏ်းတူညီလေး ထူးခြားတဲ့အရာတစ်ခုခု တွေ့တာနဲ့ အဲဒါကိုပဲ လေ့လာနေလိုက် ၊ လျှောက်မသွားနဲ့တော့"

ထို့နောက် သူတို့ အတူတူ ခွန်လွန်ဝတ်ကျောင်းတော်တံခါးဝသို့ ရောက်ရှိလာကြသည်။

လုကျန်းက…

"ရောက်ပြီကွ… ၊ ကျုပ် ဂိုဏ်းတူညီလေးကို အဖော်လုပ်မပေးတော့ဘူးနော်"

ပြောပြီးသည်နှင့် လုကျန်းက ခွန်လွန်ဝတ်ကျောင်းတော်အတွင်းသို့ ဝင်ရောက်သွားတော့သည်။

ကျန်းလန်က ဂိုဏ်းတူအစ်ကိုကို ဦးညွှတ်နှုတ်ဆက်လိုက်ပြီးနောက် ခွန်လွန်ဝတ်ကျောင်းတော်အတွင်းသို့ လိုက်ဝင်သွားသည်။

အထဲရောက်သည်နှင့် စနစ်တွင် မှတ်ပုံတင်ရမည် ဖြစ်လေသည်။

All Chapters