အခန်း (၂၈၀၁-၂၈၀၅)
Vol. 120 Ch. 2801-2805
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၈၀၁)
ဘာသာပြန်သူ_တိမ်တိုက်
တစ်ချက်မျှရပ်ပြီးသည့်နောက်တွင် အားဟွာက အေးစက်စက်အမူအယာဖြင့် ထပ်ပြောလိုက်လေသည်။ “နင့်ကိုယ်နင် အဖိုးတန်ကြောင်း မပြနိုင်ရင် ဒီနံရံပေါ်ကနေသာ ခုန်ဆင်းသွားလိုက်ပေတော့…”
ထိုသို့ပြောပြီးသည့်နောက် နောက်ထပ်မြားတစ်စင်းကို ပစ်လွှတ်လိုက်လေသည်။ ထိုမြားသည် သူတို့ဆီသို့ ခုန်ဝင်ရန် ကြံနေသည့် သားရဲကြီး၏ မျက်လုံးကို ဖောက်ထွက်ကာ သားရဲကြီး၏ အသက်ကို နှုတ်ယူသွားခဲ့လေသည်။ သို့သော် မြားကို ပစ်လိုက်စဉ်အတွင်း အမျိုးသမီး၏အကြည့်သည် ရန်ကိုင်ပေါ်သို့သာ တစ်ချိန်လုံး ရောက်ရှိနေခဲ့လေသည်။ တစ်နည်းဆိုရသော် အမျိုးသမီးသည် သားရဲကြီးဘက်သို့ လှည့်မကြည့်ဘဲနှင့်ပင် ပစ်လိုက်ခြင်းဖြစ်သည်။
“ဆန်ကုန်မြေလေး…” ထိုသို့ရေရွတ်ပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့ခန္ဓာကိုယ်ကို ပြန်ငုံ့ကြည့်လိုက်သည်။ ထို့နောက် အခြားသော ရွာသားများ၏ ခန္ဓာကိုယ်များကို လှမ်းကြည့်လိုက်လေသည်။ (အင်း… ဒီခေတ်မှာ ဒီခန္ဓာကိုယ်နဲ့က တကယ်ကို အသုံးမဝင်တာပါလား…)
ခန္ဓာကိုယ် အားကောင်းမှ အသုံးဝင်သည့် ခေတ်မျိုးတွင် ခါးကုန်းကုန်းနှင့်လူအိုကြီးမှ ရွာခေါင်းဆောင်ဖြစ်နေသည်ဟူသော အချက်သည် ရန်ကိုင်အား အတော်လေး အံ့အားသင့်နေစေလေသည်။
လူအိုကြီးသည် မည်ကဲ့သို့သော မှော်ပညာရပ်ကို သုံးလိုက်သည့်အတွက်ကြောင့်များ သားရဲများ သူ့အား မျက်ကွယ်ပြုထားရသလဲ ဆိုသည်ကို ရန်ကိုင်မသိပါသော်ငြား သားရဲများ လူအိုကြီးအား မျက်ကွယ်ပြုထားရခြင်းမှာ ကံကြောင့်သက်သက် မဟုတ်သည်မှာတော့ သေချာပေသည်။
(မှော်အတတ်သင်… နာမည်ကိုကြည့်ရတာတော့ အနိမ့်ဆုံးအဆင့်နဲ့တူတယ်… ကြည့်ရတာ ဒီရှေးခေတ်မှာတောင် မှော်ဆရာအရေအတွက်က အရမ်းကိုရှားတဲ့ပုံပဲ…)
ရန်ကိုင်နှင့် အားဟွာသည် နံရံပေါ်တွင် ရပ်လျက် အတူပူးပေါင်းကာ သားရဲများကို သတ်ပစ်နေခဲ့ကြသည်။ အစပိုင်း၌ ဤကမ္ဘာထဲသို့ ရောက်လာလာခြင်း အဆင်မပြေ ဖြစ်ခဲ့ပါသော်ငြား ယခုမူ ရန်ကိုင်၏စိတ်သည် အတော်လေးကိုမှ တည်ငြိမ်နေခဲ့လေပြီ။ မည်သို့ပင်ဖြစ်နေစေကာမူ ယနေ့ သူကြုံနေရသည့်တိုက်ပွဲသည် ဤကမ္ဘာငယ်လေးမှ သူ့အား ပေးအပ်ထားသည့် စမ်းသပ်ချက်တစ်ခု ဖြစ်သည့်ပုံပင်။
မြားများကို အားဟွာဆီသို့ တစ်ချောင်းပြီးတစ်ချောင်း ပေးပြီးလိုက်သည့်နောက် ရန်ကိုင်ခြေထောက်နားတွင် ရှိနေသော မြားပုံကြီးမှာ တဖြည်းဖြည်း နည်းသည်ထက် နည်းလာခဲ့သည်။ သို့သော်ငြား မကြာမီတွင် လူရိုင်းမျိုးနွယ်စု၏ လူငယ်လေးတစ်ဦးမှ သူတို့ဆီသို့ မြှားအသစ်များ ယူလာပေးလေ၏။
ထိုလူငယ်လေးသည် အသက်ဆယ့်သုံးနှစ်လောက်သာ ရှိသေးသည့်အတွက်ကြောင့် သားရဲများအား တိုက်ခိုက်သည့်နေရာတွင် ဝင်မကူညီပေးနိုင်ခဲ့ဘဲ ယခုကဲ့သို့ မြှားလိုအပ်သည့် နေရာများဆီသို့ မြှားများ လိုက်ပို့ပေးခြင်းဖြင့်သာ ကူညီပေးနိုင်ပေသည်။ သို့သော်ငြား ဆယ့်သုံးနှစ်ဆိုသည့်တိုင် ထိုလူငယ်လေး၏ခန္ဓာကိုယ်သည် ရန်ကိုင်မြင်ခဲ့ဖူးသော လူအများစုထက် ပို၍ ထွားကျိုင်းပေသည်။ တုတ်ခိုင်ကျစ်လျစ်လှသည့် ကြွက်သားများသည် ဆယ့်သုံးနှစ်အရွယ် လူငယ်လေး ပိုင်ဆိုင်ထားသင့်သည့် ကြွက်သားမျိုး မဟုတ်ပေ။
လူရိုင်းမျိုးနွယ်စု၏ အရွယ်မရောက်သေးသော အခြားသောကလေးများမှာလည်း ဤကောင်လေးကဲ့သို့ပင် သူတို့တတ်နိုင်သည့်ဘက်မှ ရွာသားများကို ဝင်ရောက်ကူညီပေးနေလေ၏။ အချိန်ကြာလာသည့်နောက် ရွာခေါင်းဆောင်မှ အသုံးပြုလိုက်သော သွေးလောင်ကျွမ်းခြင်းပညာရပ်၏ လွှမ်းမိုးမှုအောက်တွင် သားရဲအုပ်ကြီး၏ တိုက်ခိုက်မှုများမှာ အကြီးအကျယ် ဖိနှိပ်ခံလိုက်ရလေသည်။ တန်ရာတန်ကြေးအနည်းငယ် ပေးဆပ်ပြီးသည့်နောက် မရေမတွက်နိုင်သော ကျူးကျော်လာသည့် သားရဲများအား သတ်ပစ်နိုင်ခဲ့လေရာ ရှေးဟောင်းလူရိုင်းမျိုးနွယ်စုဝင်များမှာ တိုက်ပွဲရေချိန်ကို တစ်ဆစ်ချိုးပြောင်းလဲလိုက်သည်ဟု ပြော၍ရပေသည်။
ထို့အတွက်ကြောင့် ရွာသူရွာသားများမှာ အတော်လေးကိုမှ ဝမ်းသာနေကြလေသည်။ အားဟွာကိုယ်တိုင်မှာလည်း မျှော်လင့်ချက်အလင်းရောင်ကို မြင်တွေ့လိုက်ရသည့်ပမာ ဝင်းပနေသည့် အမူအယာဖြင့် မြားများကို တစ်စင်းပြီးတစ်စင်း ပစ်လွှတ်နေခဲ့လေသည်။ သို့သော်ငြား ရန်ကိုင်ကမူ မျက်မှောင်ကြီးသာ ကြုတ်နေခဲ့သည်။ ထိုရွာသားများကဲ့သို့မဟုတ်ဘဲ လက်ရှိအခြေအနေမှာ သူတို့အတွက် အလေးမသာမှန်း ရန်ကိုင် ပြောနိုင်ပေသည်။ သားရဲအုပ်ကြီးမှာ အပေါ်ယံအားဖြင့် ဖိနှိပ်ခံလိုက်ရသည့်ပုံ ပေါက်သော်ငြား တကယ့်တကယ်တွင်တော့ ရွာသားများအဖို့ သားရဲများကို ဖိနှိပ်ဖို့ရာ အတော်လေးကိုမှ အဆုံးအရှုံး များခဲ့ရသည်။ ဤနှုန်းအတိုင်းသာ ဆက်သွားနေမည်ဆိုပါက ရွာသားများအတွက် အခြေအနေ ဟန်တော့လိမ့်မည် မဟုတ်ချေ။
အားဟွာကို ကြည့်ရုံဖြင့်ပင်လျှင် သိနိုင်ပေသည်။ အစပိုင်းတွင် အားဟွာသည် မြားများကို လေအလျင်အလား တစ်စင်းပြီးတစ်စင်း ပစ်လွှတ်နေပါသော်ငြား ယခုအချိန်တွင်တော့ မြားတစ်စင်း တစ်စင်း ပစ်ဖို့ရာ အတော်လေးကိုမှ အချိန်ယူနေခဲ့ရလေသည်။ ထို့အပြင် လေးကိုင်းအား ကွေးတက်အောင်ကိုပင် မဆွဲနိုင်တော့ဘဲ လေးကိုင်းကိုကိုင်ထားခဲ့သည့် သူမ၏လက်များမှာလည်း အနည်းငယ် တုန်တုန်ရီရီ ဖြစ်နေခဲ့သည်။ အားဟွာသည်ပင် ထိုကဲ့သို့ ဖြစ်နေလေရာ အခြားသော မြားသမားများမှာလည်း ထိုနည်းတူသာ ဖြစ်နေရပေလိမ့်မည်။
ထို့အပြင် ရွာပြင်ဘက်ရှိ အခြားသောရွာသားများ၏ အခြေအနေမှာ ပို၍ပင် စိုးရိမ်စရာ ကောင်းနေပေသေးသည်။ ရွာခေါင်းဆောင်မှ ထိုလူများအပေါ် သွေးလောင်ကျွမ်းခြင်းပညာရပ်ကို အသုံးပြုပေးလိုက်သည့်နောက်တွင် ထိုလူများမှာ သူတို့၏သွေးအဆီအနှစ်ကို လောင်ကျွမ်းကာ မြင့်မားသောခွန်အားကို ပိုင်ဆိုင်လာနိုင်ခဲ့သည်။ သို့သော်ငြား သွေးလောင်ကျွမ်းခြင်းပညာရပ် ထုတ်သုံးထားသည့်အချိန် ပြည့်သွားပြီဆိုသည်နှင့် ဘေးထွက်ဆိုးကျိုးမှာ ထွက်ပေါ်လာတော့မည်ဖြစ်လေရာ ထိုရွာအပြင်ဘက်တွင် တိုက်ခိုက်နေကြသော ရာနှင့်ချီသည့် ရွာသားများမှာ သားရဲများ၏သားကောင်များ ဖြစ်လာရပေလိမ့်မည်။ သူတို့အနေဖြင့် မည်သို့မှ ပြန်လည်တိုက်ခိုက်နိုင်ကြတော့လိမ့်မည် မဟုတ်ချေ။
အခြားတစ်ဖက်တွင်မူ သားရဲအုပ်ကြီးမှာ ဖိနှိပ်ခံရသည့်ပုံ ပေါက်သော်ငြား အနည်းငယ်မျှပင် ရပ်တန့်သွားခြင်းမရှိဘဲ ဖိအားပေး၍ တိုက်ခိုက်နေသေးကြောင်းကို ရန်ကိုင် မြင်တွေ့နေခဲ့ရသည်။ ကြည့်ရသလောက် သားရဲအုပ်ကြီးထဲ အသိဉာဏ်ရည်မြင့်မားသည့် သားရဲတစ်ကောင်ကောင် ရှိနေသည့်ပုံပင်။ ထိုသားရဲသည် နောက်ကွယ်မှနေ၍ သားရဲအုပ်ကြီးကို အမိန့်ပေး စေခိုင်းနေခြင်းသာ ဖြစ်ရပေလိမ့်မည်။ သားရဲအုပ်ကြီးမှာ တိုက်ပွဲအား တစ်ချက်တည်းနှင့် အပြတ်ဖြတ်နိုင်မည့်အချိန်ကို စိတ်ရှည်ရှည်နှင့် ထိုင်စောင့်နေခြင်းသာ ဖြစ်လေသည်။
(ကြည့်ရတာ ငါ ဝင်ပါမှရတော့မယ်နဲ့တူတယ်…)
ဤနေရာသို့ ရောက်ရောက်ခြင်း ရန်ကိုင်အနေဖြင့် အလျင်စလို ဝင်မပါခဲ့ရခြင်းမှာ သူကြုံနေရသည့်အခြေအနေနှင့် ပတ်သက်၍ ဘာဆိုဘာမှ သေချာမသိသေးသည့်အတွက်ကြောင့်သာ ဖြစ်လေသည်။ သူဝင်ပါလိုက်၍ မည်ကဲ့သို့သော ပြောင်းလဲမှုမျိုး ဖြစ်လာမလဲ ဆိုသည်ကိုလည်း သူမသိ။ သို့သော်ငြား အချိန်ကြာလာသည့်နောက် သွေးဆူလွယ်သော ရှေးဟောင်းမျိုးနွယ်စုဝင်များကိုကြည့်ရင်း ရန်ကိုင်ကိုယ်တိုင်လည်း ဝင်ပါမိချင်လာခဲ့လေသည်။ ဘာကြောင့်မှန်းမသိ သူသည် အားညိုဟူသောနာမည်ကို ရရှိခဲ့သည်။ ထိုနာမည်သည် သူ့ကိုယ်ထဲ အမြစ်တွယ်ဝင်နေသည့်အလား။ ရန်ကိုင်ကိုယ်တိုင်သည်လည်း ဘာကြောင့်မှန်းမသိ ဤထူးဆန်းသော ကမ္ဘာကြီးအပေါ် တွယ်တာစိတ် ဖြစ်မိလာရသည်။
ရှေးဟောင်းလူရိုင်းမျိုးနွယ်စုဝင်များမှာ အမှန်တကယ်ကို လေးစားထိုက်ပေသည်။ သူတို့၏ မလျှော့သောဇွဲ၊ အန္တရာယ်အမျိုးမျိုးနှင့် ရင်ဆိုင်နေရသည့်တိုင် နောက်မတွန့်သည့် စိတ်ဓာတ်တို့ကြောင့်သာ ယနေ့ခေတ်လူသားမျိုးနွယ်စုမှာ အရေအတွက်များပြားလာခဲ့ပြီး ကြယ်တာရာအစုအဝေးထဲ အားအကောင်းဆုံးသောမျိုးနွယ်စုတစ်ခု ဖြစ်လာခဲ့ရခြင်း ဖြစ်လေသည်။ ဘိုးဘေးများမှတစ်ဆင့် လက်ဆင့်ကမ်းလာပေးခဲ့သော ခွန်အားကြောင့်သည်သာ လူသားမျိုးနွယ် ယနေ့ခေတ်တွင် တိုးတက်အားကောင်းနေရခြင်း ဖြစ်လေသည်။
(ငါ ဒီမြေကို ကာကွယ်ရမယ်… အားညိုဆိုတဲ့လူတစ်ယောက်အနေနဲ့ ဒီရွာကို ကာကွယ်ပေးရမယ်…) ရုတ်တရက်ဆိုသလို ရန်ကိုင်၏ကိုယ်ထဲရှိသွေးများ ဆူပွက်လာခဲ့ရသည်။ ချက်ချင်းပဲ ကုန်း၍ သူ့ခြေထောက်နားတွင်ရှိနေသော လေးတစ်ခုကို ကောက်ယူလိုက်သည်။ ဤလေးပိုင်ရှင်မှာ ကျားသစ်ကြီး၏ ကိုက်ခဲခြင်း ခံရကာ ခေါင်းပြတ်ထွက်သွားခဲ့သည့် ရွာသားပင် ဖြစ်လေသည်။
ရန်ကိုင်မှာ လေးကြိုးအား တဖြည်းဖြည်းချင်း ဆွဲတင်လိုက်သည်။ လေးကြိုးကိုဆွဲတင်ရင်း ထွက်ပေါ်လာသည့်အသံသည် တိုက်ပွဲဗုံကို တီးခတ်ရာမှ ထွက်ပေါ်လာသည့် မြည်သံအလား ရန်ကိုင်၏သွေးများကို ပိုပို၍ ဆူပွက်လာစေခဲ့သည်။
“မြား…” အားဟွာသည် ရန်ကိုင်ဘက်သို့ လှည့်မကြည့်ဘဲ ရှေ့တည့်တည်သို့ မုန်းမုန်းတီးတီးဖြင့် စိုက်ကြည့်နေရင်းမှသာ ရန်ကိုင်ဆီသို့ လက်ဆန့်တန်းလာခဲ့လေသည်။ သို့သော်ငြား မည်သည့်မြားမှ သူမလက်ထဲသို့ ရောက်မလာသည့်အတွက်ကြောင့် ရန်ကိုင်အား ဒေါမာန်တကြီးဖြင့် ဆဲရန်အလို့ငှာ ရန်ကိုင်ဘက်သို့ လှည့်လာသည့်အခိုက် ပြောရန် ကြံနေသည့် စကားများ လည်ချောင်းဝတွင် တစ်သွားခဲ့ရလေသည်။ ရန်ကိုင်မှ လေးကိုင်းအား ကိုင်ဆွဲထားသည်ကို အံ့ဩတကြီးဖြင့် ကြည့်ရင်းမှ ပြောလိုက်လေ၏။ “နင် ဘာလုပ်နေတာလဲ…”
ရန်ကိုင်သည် အားဟွာအား ပြန်ပြုံးပြလျက် ပြောလိုက်လေသည်။ “ခင်ဗျား ပင်ပန်းနေပြီ… နားလိုက်ပေတော့”
ရန်ကိုင်ဆီသို့ ဆန့်ပေးထားသော အားဟွာ၏လက်မှာ တုန်တုန်ရီရီဖြစ်နေကာ သူမ၏လက်ချောင်းလေးများဆိုလျှင် ပြတ်ရှရာများကြောင့် သွေးများပင် စို့နေခဲ့သည်။ အကြည့်ချင်းဆုံသွားသည့်အခိုက် အားဟွာက ဒေါသတကြီးဖြင့် ထအော်လေသည်။ “နားရဖို့… ငါ့မှာဘယ်လိုလုပ်ပြီး နားဖို့ အချိန်ရှိမှာလဲ… ငါတို့မြားသမားတွေသာ နားလိုက်မယ်ဆိုရင် အောက်မှာရှိနေတဲ့လူတွေ ဘယ်လိုဖြစ်သွားမလဲ နင်မသိတာလား…”
“သိတယ်…” ရန်ကိုင်က ပြုံးမြဲပြုံးရင်း မြားတစ်ချောင်းကိုကောက်ယူလျက် လေးကိုင်းပေါ် တင်လိုက်သည်။ ထို့နောက် အားဟွာဘက်သို့လှည့်၍ ပြောလိုက်လေသည်။ “ကျုပ်တာဝန်သာ ထားလိုက်…”
“နင်…” အားဟွာမှာ တစ်ခုခုပြောတော့မည်အပြု ရုတ်တရက် မျက်လုံးများ ပြူးကျယ်သွားခဲ့လေသည်။
(ငါ… ငါ ဘာတွေများမြင်နေတာလဲ… ဒီဆန်ကုန်မြေလေးအားညိုက တကယ်ကြီး လေးကိုင်းကိုဆွဲနေတာလား… ရိုးရိုးတောင်မဟုတ်ဘူး… သူဆွဲလိုက်တာ လုံးဝအပြည့်ကြီး… ဒီလိုလေးကိုင်းကိုဆွဲဖို့ သူဘယ်ကနေ ခွန်အားတွေ ရလာတာလဲ…)
အားဟွာစိတ်ထဲ သူမများ ထင်ယောင်ထင်မှား မြင်မိနေခြင်းပေလားဟုပင် အတွေးဝင်သွားခဲ့ရလေသည်။ တကယ်တော့ နောက်ဆုံးအကြိမ် လေ့ကျင့်ရေးဆင်းစဉ်က အားညိုသည် လေးကိုင်းအား ယခုကဲ့သို့ ကွေးညွှတ်သွားအောင် ဆွဲဖို့ရာမဆိုထားနှင့် လေးကိုင်းနှင့်မြားကို မြှောက်ဖို့ရာပင် သူ့ခဗျာ အနိုင်နိုင် ဖြစ်နေခဲ့ရလေသည်။ ထို့အတွက်ကြောင့် သူမရှေ့ရှိ အဖြစ်အပျက်ကိုကြည့်ရင်း အားဟွာမှာ အမှန်တကယ်ကို အံ့ဩတကြီး ဖြစ်နေရတော့လေသည်။
လက်ရှိ သူမရှေ့တွင်ရှိနေသည့် အားညိုသည် လေးကိုင်းအား ဆွဲရာတွင် သူ့ခွန်အားများများစားစားကိုပင် ထုတ်သုံးထားသည့်ပုံမပေါ်။ ထို့အပြင် သူ့ခန္ဓာပေါ်ရှိ ကြွက်သွားတစ်ခုချင်းစီတိုင်းမှ မက်လောက်စရာမည်သည့်ခွန်အားကိုမှ သူမ မခံစားမိ။ သို့တိုင် ဤအားညိုဆိုသည့်ကောင်လေးသည် လေးကိုင်းအား ကွေးတက်သွားအောင်ကို အသာအယာလေး ဆွဲပြနေခဲ့လေသည်။
လေးကိုင်းအား ကွေးတက်သွားအောင် ဆွဲပြီးသည့်နောက် ရန်ကိုင်၏အမူအယာ လေးနက်သွားခဲ့ပြီး မြားကြိုးကို လွှတ်လိုက်လေ၏။
အားဟွာလည်း တဟုန်ထိုး တိုးထွက်သွားသည့် မြား၏ လမ်းကြောင်းကို လိုက်ကြည့်မိလိုက်လေသည်။
သူမအတွေ့အကြုံအရ မြှားပြေးထွက်သွားသည့် အဟုန်ကို ခံစားမိရုံဖြင့် မြှားထဲတွင် ကိန်းအောင်းနေသည့် စွမ်းအားကို အကြမ်းဖျင်းတော့ ခန့်မှန်းနိုင်ပေသည်။ ရန်ကိုင်ပစ်လွှတ်လိုက်သည့်မြားထဲတွင် အလွန်တရာကိုမှ များပြားလှသည့် စွမ်းအားတို့ ကိန်းအောင်းနေသည့်ပုံပင်။ ရန်ကိုင်၏မြားသည် သူမပစ်လွှတ်လိုက်သည့်မြားအောက် နိမ့်ကျခြင်းမရှိပေ။ ပို၍ အရေးကြီးသည့်အချက်မှာ ရန်ကိုင်၏မြားချက်သည် သားရဲကြီးများ၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားနိုင်လောက်အောင် အားကောင်းနေခြင်းပင်။
ထိုအချင်းအရာကိုမြင်ပြီးသည့်နောက် ဘာကြောင့်မှန်းမသိ အားဟွာ၏စိတ်ထဲ ဤဆန်ကုန်မြေလေးကောင်အပေါ် အနည်းငယ် မျှော်လင့်ချက် ရှိလာခဲ့လေသည်။
စွပ်…
ရန်ကိုင်ပစ်လွှတ်လိုက်သည့်မြားချက်သည် သားရဲကြီးတစ်ကောင်၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားခဲ့လေသည်။ တစ်ချိန်တည်းတွင် ထိုသားရဲကြီးနှင့်တိုက်ခိုက်နေသည့် ရွာသားမှာတော့ အထိတ်တလန့် ဖြစ်သွားခဲ့ရလေသည်။ ထိုမြား၏လမ်းကြောင်းသည်သာ အနည်းငယ်လေး တိမ်းစောင်းသွားခဲ့လျှင် မြားမှာ သားရဲကြီးအားမထိဘဲ သူ့ကိုသာ လာထိသွားပေလိမ့်မည်။
အားဟူသည် သားရဲများနှင့်တိုက်ခိုက်နေရာမှ နံရံပေါ်တွင်ရှိနေသော အားဟွာဘက်သို့လှည့်၍ လှမ်းအော်ပြောလိုက်လေသည်။ “အားဟွာ… နင် ဘယ်တွေလျှောက်ပစ်နေတာလဲ…”
“ငါ…” အားဟွာမှာ မကျေမနပ်အမူအယာဖြင့် တစ်ခုခုပြန်ပြောရန် လုပ်လိုက်လေသည်။ (ငါ ဒီလိုမျိုး မြားကိုပစ်စရာလား… မျက်လုံးမှိတ်ပြီးပစ်ရင်တောင် အခုလိုအမှားမျိုး လုပ်စရာအကြောင်းမရှိဘူး… အားညိုပစ်လိုက်တာ အသိသာကြီးကို ငါ့ကိုလာ အပြစ်ပြောနေသေးတယ်…)
အားဟူ၏ အော်ငေါက်ခြင်း ခံလိုက်ရပြီးသည့်နောက်တွင် အားဟွာသည် ချက်ချင်းပဲ ရန်ကိုင်ဘက်သို့ စူးရဲစွာ စိုက်ကြည့်လာခဲ့လေသည်။ ထိုဆန်ကုန်မြေလေးကောင်အပေါ် ယုံကြည်မိလိုက်သည့်အပေါ် သူမကိုယ်သူမလည်း မယုံကြည်နိုင် ဖြစ်နေမိသည်။ ထိုကောင်ကို ယုံကြည်မိလိုက်သည်မှာ သူမသည် အမှန်တကယ်ကို စုံလုံးကန်းနေသည့် အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။
“အဟမ်း… နည်းနည်းတော့ အသားကျသွားပြီ…” ထိုသို့ပြောရင်းမှ ရန်ကိုင်သည် နောက်ထပ်မြားတစ်ချောင်းကိုကောက်၍ လေးကိုင်းပေါ် တင်လိုက်လေသည်။
“ဒါ နင် ဝင်ရှုပ်စရာနေရာမဟုတ်ဘူးနော်… နင် ငါ့ကို မကူညီရင်နေ လာပြီးတော့ ရှုပ်မနေနဲ့…” အားဟွာက ဒေါသတကြီးဖြင့် ထအော်တော့လေသည်။ (လေးကိုင်းကို ကွေးတက်သွားအောင် တင်နိုင်လို့ အထင်ကြီးမိလိုက်ပါတယ်… မြားကို ပစ်ချင်တိုင်း လာပစ်သွားတယ်… အဲ့အစား အောက်ဆင်းပြီးတော့ပဲ ဟိုရွာသားတွေကို သွားကူပေးလိုက်ပါလား… အဲ့ဒါတောင် ပိုပြီးတော့ အသုံးဝင်ရင်ဝင်ဦးမယ်… မြားပစ်ဖို့ဆိုတာ ဒီလောက်လွယ်တာမှတ်နေလား… သေသေချာချာ လေ့ကျင့်ပြီးမှ ပစ်နိုင်တာ…)
“ကျုပ်ကိုသာယုံလိုက်စမ်းပါ…” အားဟွာဘက်သို့လှည့်၍ ထိုကဲ့သို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် လေးကြိုးအား ဆွဲတင်လိုက်လေသည်။
ရန်ကိုင်၏လုပ်ရပ်ကြောင့် အားဟွာလည်း ဘာမှမတတ်နိုင်တော့ဘဲ သက်ပြင်းချ၍သာ ပြောလိုက်လေ၏။ “လူမရှိတဲ့ဘက်ကိုပစ်…”
အစောပိုင်းက ရန်ကိုင်၏ ဘာမှမလုပ်ဘဲ ရပ်နေသည့် ပုံစံနှင့်ယှဉ်လိုက်သော် ယခုကဲ့သို့ မြားတစ်ချောင်းဖြင့် ကူညီပေးနေသည်မှာ သူမတို့ရွာသားများ ကြုံနေရသည့် ဖိအားကို အနည်းအကျဉ်းတော့ လျှော့ချပေးနိုင်ပေသည်။
ရန်ကိုင်ကပြုံး၍ “အဲ့လို ထပ်ဖြစ်တော့မှာမဟုတ်ဘူး…”
ယခုတစ်ကြိမ် ရန်ကိုင်ချိန်ရွယ်ထားသည့်ပစ်မှတ်မှာ အားဟူနှင့်တိုက်ခိုက်နေသော သားရဲကြီးသာ ဖြစ်လေသည်။ မြား လေးကိုင်းမှ လွတ်ထွက်သွားသည့်အခိုက် အားဟွာမှာ အားဟူထိခိုက်သွားမည်ကို မမြင်ရက်သည့်အတွက်ကြောင့် မြားလမ်းကြောင်းကိုပင် မကြည့်ရဲတော့ချေ။ အားဟူနှင့် တိုက်ခိုက်နေသော သားရဲကြီးမှာ ရုတ်တရက် လေပေါ်သို့ ခုန်အုပ်လိုက်သည့်အခိုက် ရန်ကိုင်ပစ်လွှတ်လိုက်သည့်မြားမှာ သားရဲကြီး၏ ပါးစပ်တည့်တည့်ထဲသို့ ဖောက်ဝင်သွားခဲ့လေသည်။ သုံးမီတာခန့်အရှည်ရှိသောမြားသည် သားရဲကြီး၏ပါးစပ်ကို ဖောက်ဝင်၍ ကျောဘက်မှ ပြန်ထွက်လာခဲ့လေသည်။ သားရဲကြီးမှာလည်း မြားတံထိမှန်ခြင်း ခံလိုက်ရပြီးသည့်နောက်တွင် မြေပြင်ပေါ်သို့ ခွေးကျဝက်ကျ ပြုတ်ကျကာ အသံတစာစာ ပြုနေတော့သည်။ သွေးများမှာတော့ ရေတံခွန်အလား မြားဒဏ်ရာဆီမှ တရဟော စီးကျနေလေ၏။
“သူ တကယ်ကြီး လုပ်လိုက်နိုင်တာပဲ…” အားဟွာမှာတော့ လုံးဝကို မင်သက်နေရတော့လေသည်။ သူမမှတ်မိသလောက်ဆိုလျှင် အားညိုသည် လေးကိုင်းအား တစ်ကြိမ်တစ်ခါမျှပင်လျှင် ဆွဲတင်ခဲ့ဖူးခြင်းမရှိချေ။ မြားတစ်ချောင်းကို ပစ်ဖို့ရာဆိုလျှင်တော့ ဝေလာဝေး။ တစ်နည်းဆိုရသော် ယခုအကြိမ်သည် အားညိုမှ ပထမဦးဆုံးအကြိမ် မြားပစ်ဖူးခြင်း ဖြစ်လေသည်။ ပထမဦးဆုံးပစ်လိုက်သည့်မြားမှာ လားရာလမ်းကြောင်းမှ အနည်းငယ် သွေဖီသွားသဖြင့် အားဟူကိုပါ ထိတ်လန့်သွားစေသည့်တိုင် ဒုတိယပစ်လိုက်သည့်မြားမှာတော့ ပစ်မှတ်အား တည့်တည့်မတ်မတ် သွားရောက်ထိမှန်လေသည်။ ဤဆန်ကုန်မြေလေးကောင်နှင့်ပတ်သက်၍ ဘာတွေများ ဖြစ်နေလေသနည်း။
အားဟွာ အတွေးထဲ နစ်မြောနေစဉ်မှာပင် ရန်ကိုင်သည် နောက်ထပ်မြားတစ်ချောင်းကို ကောက်ယူပြီးနေလေပြီ။ ထို့နောက် မြားကို လေးကိုင်းပေါ်တင်၍ လေးကြိုးကိုဆွဲတင်ပြီး ပစ်လိုက်ရာ မကြာမီတွင် နောက်ထပ်သားရဲကြီးတစ်ကောင် သေဆုံးသွားခဲ့လေသည်။
ဤကမ္ဘာငယ်လေးထဲတွင် မည်သည့်ဧကရာဇ်ချီကိုမှ အာရုံမခံမိပါသော်ငြား ရန်ကိုင်မှ ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေသေးသည်ဟူသော အချက်မှာတော့ ပျောက်ဆုံးသွားခြင်း မရှိသေးချေ။ ဤလေးကိုင်းနှင့် မြားကိုသုံး၍ မြားပစ်ဖို့ရာ သာမန်လူအဖို့ အလွန်တရာကိုမှ ခက်ခဲပေလိမ့်မည်။ သို့သော်ငြား ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးဖြစ်သော ရန်ကိုင်အတွက်မူ ဘာမှမဟုတ်ပေ။ ပထမဦးဆုံးပစ်လိုက်သည့်မြား လားရာလမ်းကြောင်းမှ အနည်းငယ်သွေဖီသွားရခြင်းမှာ ရန်ကိုင်သည် ဤလေးကိုင်းမြားနှင့်ပတ်သက်၍ သူ့ကိုယ်သူ အသားကျသွားအောင် စမ်းကြည့်နေသည့် အတွက်ကြောင့်သာ ဖြစ်လေသည်။ တကယ်တမ်းအသားကျသွားသည့်နောက်တွင် ရန်ကိုင်ပစ်လိုက်သည့် မြားအားလုံးမှာ ပစ်မှတ်တည့်တည့်အား သွားရောက်ထိမှန်ကုန်လေ၏။
ခဏလေးအတွင်းမှာပင် မြားဆယ်ချောင်းတိတိကို ရန်ကိုင် ပစ်လွှတ်နိုင်ခဲ့သည်။ ပစ်မှတ်အား အနည်းငယ်လွဲချော်သွားသည့် ပထမမြားတစ်ချောင်းမှလွဲ၍ ကျန်ကိုးချောင်းစလုံးမှာ ပစ်မှတ်တိတိကို ထိမှန်သွားခဲ့သည်။
“အစ်ကိုအားညိုက မိုက်လိုက်တာ…” ကုန်သွားသည့်မြားများကို လိုက်ဖြည့်ပေးနေရသည့် လူငယ်လေးမှာ ရန်ကိုင်၏မြားစွမ်းရည်ကို မြင်ပြီးသည့်နောက် လေးစားတကြီးဖြင့် ချီးကျူးလိုက်လေသည်။
ရွာထဲရှိ လူကြီးများမှာ အစ်ကိုအားညိုမှာ အမြဲလိုလို အပြစ်တင်ကြသည်။ အစ်ကိုအားညိုသည် ဘာဆိုဘာမှ အသုံးမဝင်သည့် ဆန်ကုန်မြေလေးတစ်ကောင်၊ သူတို့၏အစားအစာကို အလကားသက်သက် လာဖြုန်းတီးနေသည့်လူတစ်ယောက် ဖြစ်သည်ဟူ၍သာ။ လူကြီးအချို့ဆိုလျှင် အားညိုအား ရွာထဲမှနှင်ထုတ်ကာ သူ့ဘာသာသူ နေပါစေဟူ၍ပင် ပြောကြသည်။ ရွာခေါင်းဆောင်၏ကြင်နာမှု၊ အားဟူမှ သူ့စားစရာများကို အားညိုအား အဆက်မပြတ် ခွဲဝေကျွေးနေမှုကြောင့်သာ မဟုတ်လျှင် အားညို ဆာလွန်းသဖြင့် သေသွားသည်မှာ ကြာလောက်ပေပြီ။ သို့သော်ငြား လူကြီးများပြောနေသည့် ဤဆန်ကုန်မြေလေးအားညိုမှာ တကယ့်တကယ်တွင်တော့ အလွန်ကိုမှ အံ့ဩဖွယ်ရာကောင်းလှသည့် မြားသမားတစ်ဦး ဖြစ်နေခဲ့လေသည်။ အားညို၏မြားစွမ်းရည်မှာ တစ်ရွာလုံးတွင် အတော်ဆုံးမြားသမားဖြစ်သော အားဟွာနှင့်ပင် ယှဉ်ပြိုင်နိုင်လေသည်။ ထို့အတွက်ကြောင့် လူငယ်လေးမှာ ဤမျှတော်သည့် မြှားသမားတစ်ဦးကို ရွာသားများမှ ဘာကြောင့် ဆန်ကုန်မြေလေးဟု ပြောနေသလဲ ဆိုသည်ကို နားမလည်နိုင် ဖြစ်သွားခဲ့ရလေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၈၀၂)
ဘာသာပြန်သူ_တိမ်တိုက်
တစ်ခုသောအချိန်သို့ရောက်သော် နှင်းများ သည်းထန်စွာ ကျဆင်းလာခဲ့သဖြင့် လူတိုင်း၏ မြင်ကွင်းအဖုံဖုံမှာ အဖြူရောင် ဖြစ်သွားကုန်ကြရသည်။ နှင်းများကြောင့်ပင်လျှင် မြေပြင်ပေါ်၌ စွန်းထင်းပေကျန်ရစ်နေသော သွေးကွက်များမှာလည်း ပိုမို သိသာထင်ရှားလာရသည်။ အလွန်တရာကိုမှ အေးစက်နေသည့်တိုင် ရွာသူရွာသားများမှာတော့ အေးလို့အေးမှန်းပင် မသိကြဘဲ တဖွဲဖွဲ ကြွေကျနေသည့် နှင်းပွင့်များအောက်ဝယ် ကိုယ်လုံးပြောင်ပြောင် အသားပြောင်ပြောင်ဖြင့် ရှိနေကြလေသည်။
ရွာပြင်ဘက်တွင် ရာနှင့်ချီသော ရွာသားများမှာ ကျောက်ခေတ်ဦးလက်နက်များဖြစ်ကြသော ကျောက်ပုဆိန်များ၊ ကျောက်လှံများကို ကိုင်စွဲ၍ သားရဲကြီးများဖြင့် တိုက်ခိုက်နေကြသည်။ မြားသမားများမှာလည်း နံရံပေါ်တွင်ရပ်၍ သူတို့၏မြားစွမ်းရည်ဖြင့် သားရဲများနှင့် တိုက်ခိုက်နေကြသော ရွာသားများကို အကူအညီပေးနေကြလေသည်။ ထိုအချိန်အတောအတွင်း ခါးကိုင်းကိုင်းဖြင့် ရွာသူကြီးမှာတော့ စစ်မြေပြင်ထဲ ကူးလူးသွားလာနေခဲ့လေသည်။ သူကိုင်စွဲထားသော အနက်ရောင်တုတ်ကောက်မှာ တစ်ခါတစ်ရံ အရောင်မှိတ်တုတ်မှိတ်တုတ် ဖြစ်နေခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ ရွာသားများ၏ခန္ဓာကိုယ်ဆီမှ ဖြာထွက်နေသည့် သွေးအရောင်မှာ တဖြည်းဖြည်းနှင့် မှိန်ကျလာခဲ့လေသည်။ ပြောစရာမလိုအောင်ပင် ထိုသို့ဖြစ်ရခြင်းမှာ သွေးလောင်ကျွမ်းခြင်းပညာရပ်၏ အကျိုးအာနိသင်များ ပျောက်ကွယ်တော့မည်ဟု အရိပ်အယောင်ပြနေခြင်းသာ ဖြစ်လေသည်။ ထိုသို့သာဖြစ်သွားမည်ဆိုပါက ရွာသားများမှာ ရုတ်ချည်းဆိုသလို အားနည်းသွားကြမည်ဖြစ်ကာ သားရဲများကို ပြန်လည်တိုက်ခိုက်နိုင်ကြတော့လိမ့်မည်မဟုတ်ချေ။ ထို့အပြင် တစ်ရွာလုံးမှာလည်း ကပ်ဘေးဆိုက်ရောက်လာမည်ကို ထိုင်စောင့်နေကြရုံသာ ရှိတော့ပေလိမ့်မည်။
ရာနှင့်ချီသော ရွာသားများမှာ သားရဲကြီးများ၏ အစာများ ဖြစ်ကုန်ကြရပေလိမ့်မည်။ အိုမင်းနေပြီဖြစ်သော လူအိုကြီးများ၊ အားနည်းလှသည့်ကလေးများ၊ အမျိုးသမီးများမှာလည်း အလားတူကံကြမ္မာနှင့် ကြုံတွေ့ရပေလိမ့်မည်။
တစ်ချိန်တည်းတွင် သူတို့၏နေထိုင်ရာနေရာလေးမှာလည်း သားရဲများ၏ ဖျက်ဆီးမှုအောက်တွင် စိစိညက်ညက် ကြေသွားကြရပေလိမ့်မည်။
ထိုအကြောင်းကြောင့်ပင်လျှင် ရွာသူရွာသားများမှာ နောက်ဆုံးထွက်သက်ထိ အားမလျှော့တမ်း သားရဲများကို ပြန်လည်တွန်းလှန်တိုက်ခိုက်နေကြသည်။ နောက်သို့ထပ်ဆုတ်လျှင် အိမ်ဟူသည့် နေရာသာ ရှိတော့သည့်အတွက်ကြောင့် မည်သူမျှ ပြန်မဆုတ်နိုင်ကြချေ။
“ရွှစ်… ရွှစ်… ရွှစ်…”
ရန်ကိုင်မှ မြားသုံးစင်းကို တရစပ် ပစ်လွှတ်လိုက်ရာ သားရဲကြီးသုံးကောင် တမုဟုတ်ချည်း သေသွားခဲ့ရသည်။ ရန်ကိုင်၏မြားစွမ်းရည်ကိုကြည့်ရင်း အားဟွာမှာ ပါးစပ်အဟောင်းသား ဖြစ်နေခဲ့ရလေသည်။ အစောပိုင်းက ရန်ကိုင်မှ လေးကြိုးကိုဆွဲတင်ကာ ပစ်မှတ်အား ထိမှန်အောင် ပစ်ပြသွားသည်ကို မြင်ပြီးသည့်နောက် အားဟွာ ကြောင်သွားခဲ့ရသည်ဆိုလျှင် ယခုအချိန်တွင်တော့ ရန်ကိုင်ပြသွားသည့် စွမ်းရည်ကို မြင်ပြီးသည့်နောက် လုံးဝကို ဉာဏ်မမှီတော့နိုင် ဖြစ်နေရသည်ဟု ပြော၍ရပေသည်။
(လေးကို ဒီလိုမျိုးလည်း ပစ်လို့ရတာလား…) အားဟွာတွင် တစ်ရွာလုံး၏ အတော်ဆုံး မြားသမားဟူသော မာန ရှိပေသည်။ ဤရွာထဲ မည်သူမှ သူမနှင့် မြားပြိုင်မပစ်နိုင်ကြပေ။ သို့သော်ငြား လက်ရှိ အားညိုမှ ပစ်ပြနေသကဲ့သို့ မြားသုံးချောင်းအား တစ်ပြိုင်တည်း ပစ်လို့ရမှန်းတော့ အားဟွာမသိခဲ့ချေ။
(ဒီပုံစံနဲ့ဆိုရင်တော့ ငါတို့ ကျိန်းသေ နိုင်နိုင်တယ်…)
အားညို၏ ရုတ်တရက် အစွမ်းပြမှုသည် သူမအား မျှော်လင့်ချက်အလင်းရောင်ကို မြင်သွားစေခဲ့လေသည်။ အားညိုသည်သာ ဤနှုန်းအတိုင်း ဆက်သွားနိုင်မည်ဆိုပါက သားရဲအုပ်မှာ ဘာမှ စိတ်ပူစရာ လိုတော့လိမ့်မည်မဟုတ်ချေ။
“အစ်မဟွာ… အစ်ကိုအားညို… ကျွန်တော်တို့မှာ မြားတွေ သိပ်မကျန်တော့ဘူး… မြားပုံးက နောက်ထပ် ငါးပုံးလောက်ပဲ ကျန်တော့တယ်… ကျန်တဲ့မြားတွေကို ချွေချွေတာတာနဲ့သုံးဖို့ ဒေါ်လေးလီက ပြောလိုက်တယ်…” ရန်ကိုင်တို့အား မြားများ လာပို့ပေးနေသည့် လူငယ်လေးက မြားပုံးအချို့ကို ကိုင်လာရင်းမှ အော်ပြောလိုက်လေသည်။
ထိုလူငယ်လေး၏စကားလုံးများသည် အားဟွာကိုယ်ပေါ်သို့ ရေအေးဖြင့် လောင်းချလိုက်သလို ဖြစ်သွားခဲ့လေသည်။ မြားပုံးတစ်ပုံးတွင် မြားဆယ်ချောင်းသာပါသဖြင့် မြားပုံးငါးပုံးသာဆိုပါက မြားငါးဆယ်သာ ရှိပေလိမ့်မည်။ တစ်နည်းဆိုရသော် လက်ရှိမြားငါးဆယ်ဖြင့် နောက်ထပ် သားရဲ အကောင်ငါးဆယ်သာ သတ်နိုင်ပေလိမ့်မည်။ သို့သော်ငြား သားရဲအုပ်သည် အကောင်ငါးဆယ်လောက်သေသွားရုံဖြင့် ပြန်ဆုတ်သွားမည့် သားရဲအုပ်မဟုတ်ပေ။
အားဟွာ၏အမူအယာ ရုတ်ချည်း ဖြူလျော်သွားခဲ့လေသည်။ မြားသမားများ၏ အကူအညီသာ မရှိတော့ပါက အားဟူနှင့် အခြားသူများ ကျိန်းသေ သေကုန်ကြရပေလိမ့်မည်။ ထိုသို့ဖြင့် အားဟွာမှာ ချက်ချင်းပဲ လူငယ်လေးဘက်သို့လှည့်၍ အော်ပြောလိုက်လေသည်။ “ဘယ်လိုလုပ်ပြီး ဒီလောက်နည်းနည်းလေးပဲ ရှိတော့တာလဲ… ဂိုထောင်ထဲကမြားတွေကရော… အဲ့ဒါတွေကိုပါ နင် သွားထုတ်မလာခဲ့ဘူးလား…”
လူငယ်လေးက ပြန်ပြောလိုက်လေသည်။ “ထုတ်လာတာပဲ… ဒါပေမယ့် အစ်မဟွာတို့သုံးတဲ့နှုန်းက အရမ်းမြန်လွန်းနေတာကြီးကို… ဒေါ်လေးလီနဲ့ အခြားသူတွေ မြားတွေ မြန်မြန်လုပ်ပေးနေတာတောင် ဘယ်လိုမှ အမှီမလိုက်နိုင်ဘူး…”
(မြားတွေ မြန်မြန်သုံးနေတာမဟုတ်ဘူး ကောင်စုတ်ရဲ့… အချိန်ဘယ်လောက်ကုန်သွားပြီလဲဆိုတာကိုလည်း ပြန်ကြည့်ဦး… သားရဲအုပ်တစ်အုပ် ဒီလောက်ကြာတာ နင်ဘယ်တုန်းက မြင်ဖူးလို့လဲ… ငါတို့ဘက်က ဒီလောက် အသည်းအသန် ပြန်တိုက်နေတာတောင် ဒီသားရဲအုပ် ခုထိ ဆုတ်မသွားသေးတာကို နင်မတွေ့ဘူးလား… ဒီနေ့ကျမှပဲ ဒီသားရဲအုပ်က ဘာလို့ အရင်သားရဲအုပ်တွေနဲ့မတူဘဲ ထူးထူးဆန်းဆန်း ဖြစ်နေရတာလဲမသိဘူး…)
အားဟွာသည် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။ နှင်းပွင့်များမှာ ပြင်းထန်စွာ ကျဆင်းနေခဲ့ပြီး အေးစက်စက် လေညင်းတို့မှာလည်း တဝှီးဝှီးနှင့် တိုက်ခတ်နေခဲ့လေသည်။ ဤအချိန်မှာ ဆောင်းရာသီတို့ ရောက်နေခဲ့လေပြီ။ ဆောင်းဖြစ်သည့်အတွက်ကြောင့် သားရဲကြီးများမှာ ဆောင်းခိုရန်အတွက် သားကောင်များကို အလုံအလောက် စုဆောင်းနေခြင်း ဖြစ်သည့်ပုံပင်။ သို့မှသာ ဆောင်းခိုသည့်အခါ အစားအစာ လုံလောက်နေပေလိမ့်မည်။
(ငါတို့ ဘာလုပ်ရမလဲ… ငါတို့ ဘာလုပ်ရမလဲ…) မြားမလုံလောက်တော့ဟု ပြောလာသည့်သတင်းကြောင့် အားဟွာ အတော်လေးကိုမှ စိတ်ဓာတ်ကျသွားခဲ့ရသည်။ နှုတ်ခမ်းလေးများကို တင်းတင်း ကိုက်ထားခဲ့လေရာ သူမနှုတ်ခမ်းမှ သွေးများ စီးကျနေသည်ကိုပင်လျှင် အားဟွာ သတိမထားမိခဲ့ပေ။ ထို့နောက် ရွာပြင်ဘက်သို့လှမ်းကြည့်လိုက်ရာ သူမတို့ကို ကျောပေး၍ သားရဲများနှင့် ရင်ဆိုင်တိုက်ခိုက်နေသော ရွာသားများကို မြင်ပြီးသည့်နောက် အားဟွာစိတ်ထဲ ပို၍ နာကျင်လာခဲ့ရသည်။
“ကျုပ် ဒီနေရာကို ခင်ဗျားဆီ အပ်ထားလိုက်မယ်နော်…”
ရုတ်တရက် ထွက်ပေါ်လာသည့်စကားကြောင့် အားဟွာကြောင်သွားခဲ့ပြီး အားညိုဘက်သို့ လှည့်ကြည့်ရင်းမှ မသိလိုက်မသိဘာသာဖြင့် ပြန်မေးလိုက်မိလေ၏။ “ဘာပြောလိုက်တာ…”
ရန်ကိုင်သည် အသက်ပြင်းပြင်း ရှူသွင်း၍ သူ့လက်ထဲရှိလေးကိုင်းကို ချကာ လည်ဆစ်ချိုးရင်းမှ အားဟွာဘက်သို့လှည့်၍ ပြုံးကာ ပြောလိုက်လေ၏။ “ကျုပ် အောက်ဆင်းတော့မယ်…”
ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် နံရံပေါ်မှ ခုန်ဆင်း၍ သွေးသံတရဲရဲ တိုက်ပွဲထဲသို့ ပြေးဝင်သွားလေ၏။ ထိုမြင်ကွင်းကိုကြည့်ရင်း အားဟွာ၏မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး ရုတ်တရက် သူမပါးစပ်ကို ဟ၍ အော်ဟစ်သတိပေးလိုက်ပါသော်ငြား သူမ၏အသံသည် တဝှီးဝှီးတိုက်ခတ်နေသည့် ဆောင်းလေပြင်းထဲ တိုးဝင်ပျောက်ကွယ်သွားခဲ့ရလေသည်။ ရန်ကိုင် သူမပြောသည်ကို ကြားလား မကြားဘူးလား ဆိုသည်ကိုပင် အားဟွာမသိလေတော့။
အားညို၏လုပ်ရပ်သည် ကိုယ့်သေတွင်းကိုယ်တူးခြင်းသာ ဖြစ်လေသည်။ အားညိုသည် လေးကိုသုံး၍ သားရဲများကို အဝေးမှ သတ်နေနိုင်ပါသော်ငြား အနီးစွမ်းရည်နှင့် အဝေးစွမ်းရည်မှာ တူမှမတူလေပင်။ သားရဲများနှင့် အနီးကပ် ရင်ဆိုင်တိုက်ခိုက်ရမည်ဆိုလျှင် အားကောင်းလှသည့် ရုပ်ခန္ဓာစွမ်းရည်ကို ပိုင်ဆိုင်ထားရန်ပင်မက လျင်မြန်သွက်လက်စွာ လှုပ်ရှားနိုင်ရန်လည်း လိုအပ်ပေသည်။ တစ်ချိန်တည်းတွင် သေရမည်ကိုလည်း ကြောက်မနေရန် လိုသေး၏။ အားညို မည်မျှပင် သတ္တိရှိနေစေကာမူ သူ့ရုပ်ခွန်အားမှာ အကန့်အသတ်နှင့်သာ ရှိပေသည်။ သူ့ခန္ဓာကိုယ်မှာ ရွာထဲရှိ အရွယ်မရောက်သေးသော ကလေးအများစုထက်ပင် ပိုသေးနေသေးလေရာ သူ့ခန္ဓာကိုယ်လေးဖြင့် သားရဲကြီးများကို မည်ကဲ့သို့များ ထိပ်တိုက် သွားရောက်ရင်ဆိုင်ပါမည်နည်း။ အားညိုသည် ထိုသားရဲကြီးများအတွက် သွားကြားပင် မညပ်လောက်။
နံရံပေါ်မှ ခုန်ဆင်းလာပြီးသည့်နောက်တွင် ရန်ကိုင်သည် တွေ့ကရာ ကျောက်ပုဆိန်တစ်လက်ကို ကောက်ယူ၍ သွေးများ နှင်းများဖြင့် ရောယှက်စွန်းထင်းနေသော မြေပြင်ကို ဖြတ်လျှောက်ကာ သားရဲအုပ်ကြီးဆီသို့ မျက်တောင်တစ်ခတ်အတွင်း ပြေးဝင်သွားလေ၏။ ရန်ကိုင်ပုံစံမှာ မွေးခါစကလေးတစ်ဦး ကျားအုပ်ကြီးတစ်အုပ်ဆီသို့ ပြေးဝင်သွားနေသည့် ပုံစံနှင့်ပင် တူနေပေသေးသည်။
အားဟွာမှာ ထိုမြင်ကွင်းကို မကြည့်ရက်တော့သည့်အဆုံး လေးကိုင်းကို ကောက်ယူ၍ ရန်ကိုင်အတွက် လက်စားချေပေးရန်သာ စဉ်းစားလိုက်လေသည်။
“အစ်မဟွာ… ကြည့် ကြည့်…” မြားများကို သယ်လာပေးသည့် ကောင်လေးမှာတော့ ထွက်မသွားသေးဘဲ ရန်ကိုင်ပြေးထွက်သွားသည့်ဘက်ဆီသို့ ညွှန်ပြရင်းမှ စိတ်လှုပ်ရှားစွာဖြင့် ထအော်လိုက်လေသည်။
အားဟွာလည်း ကောင်လေးညွှန်ပြနေသည့်ဘက်ဆီသို့ လှမ်းကြည့်လိုက်ရာ ဘာကြောင့်မှန်းမသိ ထိုနေရာဆီမှ တဖုန်းဖုန်း တဒိုင်းဒိုင်းအသံများ ထွက်ပေါ်လာနေကြောင်း တွေ့လိုက်ရလေသည်။ ဧရာမသားရဲကြီးများမှာ လေပေါ်သို့ တစ်ကောင်ပြီးတစ်ကောင် မြောက်တက်လာနေခဲ့သည်။ အချို့သောသားရဲများမှာ လေပေါ်သို့မြောက်တတ်ပြီး တိုက်ရိုက်သေမသွားပါသော်ငြား အချို့သောသားရဲများမှာတော့ လေပေါ်မှာတွင်ပင် တစ်စစီပေါက်ကွဲထွက်ကာ သေဆုံးကုန်ကြလေသည်။ အချို့မှာတော့ နှစ်ပိုင်းတိတိကို ပြတ်ထွက်နေကုန်ကြလေ၏။
မျက်တောင်တစ်ခတ်အတွင်း ထိုနေရာတစ်ဝိုက်တွင် စုဝေးနေကြသော သားရဲကြီးများမှာ တမုဟုတ်ချည်း အသတ်ခံရကုန်ကြလေသည်။ သို့သော်ငြား ထိုနေရာ၌ တုတ်ခိုင်ထွားကျိုင်းသည့် မည်သည့်ရှေးဟောင်းလူရိုင်းမျိုးနွယ်စုဝင်မှ ရှိမနေခဲ့ဘဲ ကျောက်ပုဆိန်တစ်လက်ကို ကိုင်ဆွဲထားသည့် သေးသွယ်သွယ် လူတစ်ယောက်သာ ရှိနေခဲ့သည်။
“ဘယ်လိုလုပ်ပြီးတော့လဲ…” အားဟွာ လုံးဝကို မှင်တက်နေတော့သည်။
အားဟွာနည်းတူ နံရံပေါ်မှနေ၍ ကူညီပေးနေကြသော မြားသမားများမှာလည်း ထိုမြင်ကွင်းကိုကြည့်ရင်း မှင်တက်နေကုန်ကြလေသည်။ သူတို့ခဗျာ အံ့ဩလွန်းသဖြင့် သားရဲများအား မြှားများဖြင့် ပစ်သတ်၍ အောက်ဘက်ရှိ လူများအား အကူအညီပေးရမည်ကိုပင် မေ့လျော့နေကာ သေးသွယ်သွယ် လူလေးကိုသာ ကြောင်ကြည့်နေမိကြလေသည်။ ထိုကောင်လေးသည် သူတို့ တစ်ချိန်က ဆန်ကုန်မြေလေးဟု လှောင်ပြောင်ခဲ့သော လူဖြစ်သလို ရွာထဲမှ နှင်ထုတ်ရန် ကြိုးစားခဲ့ကြသည့် လူငယ်လေးလည်း ဖြစ်ပေသည်။ သို့သော်ငြား လက်ရှိအချိန်တွင်တော့ ထိုလူငယ်လေးမှာ ရှေးဟောင်း စစ်နတ်ဘုရားတစ်ပါးပမာ စစ်မြေပြင်ထဲတွင် သားရဲများကို တစ်ကောင်ပြီးတစ်ကောင် လျင်မြန်စွာ သတ်ဖြတ်ပစ်နေခဲ့သည်။
ထိုလူငယ်လေးကိုကြည့်ရင်း သူတို့စိတ်ထဲ မျှော်လင့်ချက်အလင်းရောင်ကို မြင်တွေ့လာရသလို ရပ်သူရွာသားများ ခံစားလိုက်ကြရလေသည်။ ထို့အပြင် ထိုအရပ်ဆီမှ ကျယ်လောင်သည့် ရယ်မောသံတစ်သံလည်း ထွက်ပေါ်လာနေခဲ့သည်။ ဆောင်းလေပြင်းများမှာ တဝီဝီမြည်ဟီးနေအောင် တိုက်ခတ်နေသည့်တိုင် ထိုရယ်သံကိုတော့ အကုန်လုံး ရှင်းရှင်းလင်းလင်း ကြားနေရပေသေးသည်။ အမြင်စူးရှသည့် မည်သူမဆို ဝိုးတဝါးတားဖြစ်နေသည့် နှင်းထုများကြား အော်ရယ်မောလျက် အလွန်တရာကိုမှ စိတ်လှုပ်ရှားဟန်ဖြင့် ပြုံးကာ ရှိနေသည့် လူငယ်လေး၏မျက်နှာကို မြင်နိုင်ပေလိမ့်မည်။
သားရဲပေါင်းများစွာ ရုတ်တရက်ကြီး သေသွားသည့်အဖြစ်သည် အခြားသော သားရဲကြီးများကို နိုးနိုးကြားကြား ဖြစ်သွားစေခဲ့ကာ မရေမတွက်နိုင်သော သွေးနီရောင်မျက်လုံးများမှာ လူငယ်လေးဆီသို့ စုပြုံ၍ စိုက်ကြည့်လာကုန်ကြလေသည်။ တစ်ချိန်တည်းတွင် သားရဲဟိန်းသံတစ်သံမှာလည်း မသိမသာလေး ထွက်ပေါ်လာခဲ့လေ၏။ ထိုသားရဲဟိန်းသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အခြားသောရွာသားများနှင့် တိုက်ခိုက်နေကြသော သားရဲကြီးများမှာ ရန်ကိုင်ရှိနေရာဆီသို့ စုပြုံတိုးဝင်လာကြလေသည်။
ရန်ကိုင်သည် ကျောက်ပုဆိန်ကို ကိုင်စွဲရင်းမှ တိုးဝင်လာနေသည့် သားရဲများကို မကြောက်မရွံ့တန်း ပြန်၍ စိုက်ကြည့်လိုက်သည်။ ရန်ကိုင်၏အကြည့်စူးစူး ၎င်းတို့အပေါ်သို့ ရောက်ရှိလာသည့်အခိုက် သားရဲများ၏ခြေလှမ်းများ တုံ့ခနဲ ရပ်သွားကြသည်။ လက်ရှိ သူတို့ရှေ့တွင် ရပ်နေသည့်လူမှာ လူမဟုတ်တော့ဘဲ သူတို့ သွားပြဿနာရှာ၍မရသည့် ကြောက်မက်ဖွယ်ရာ သားရဲကြီးတစ်ကောင် ဖြစ်နေသည့်အလား။
သို့သော်ငြား လေတိုးသံများကြားဝယ် အစောပိုင်းက ထွက်ပေါ်လာခဲ့သော သားရဲဟိန်းသံသဲ့သဲ့မှာ ထပ်မံ၍ ထွက်ပေါ်လာခဲ့ပြန်လေသည်။ ထိုအခါမှသာလျှင် သားရဲများမှာ ရန်ကိုင်ဆီသို့ ဆက်တိုးလာရဲကြလေ၏။
ရန်ကိုင်၏ဘေးနားတွင် ခန္ဓာကိုယ်အစိတ်အပိုင်း မပြည့်စုံတော့သော ရွာသားတစ်ယောက်၏အလောင်း ရှိနေခဲ့လေသည်။ သေသွားသည့်တိုင် ထိုရွာသားမှာတော့ သူ့ကျောက်လှံတံကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ရင်း သားရဲကြီးတစ်ကောင်၏ဝမ်းဗိုက်ထဲ ထိုးစိုက်ထားခဲ့သည်။ ဤရွာသားသည် သူနှင့်အတူ သားရဲကိုပါ အပါဆွဲခေါ်သွားသည့်ပုံပင်။ သို့သော်ငြား အကျိုးဆက်အနေဖြင့် သူ့ခေါင်းတစ်ခြမ်းမှာတော့ သားရဲ၏ ကိုက်ခဲခြင်း ခံလိုက်ရလေသည်။ ရွာသားသေသွားသည်မှာ အတော်လေးကိုမှ ကြာနေပြီ ဖြစ်သည့်အလား သွေးများပင်လျှင် ခဲနေခဲ့လေသည်။
ရန်ကိုင်သည် ချက်ချင်းပဲ ထိုကျောက်လှံကို ကောက်ယူလိုက်လေသည်။ ပုဆိန်ကို လက်တစ်ဖက်တွင်ကိုင်စွဲရင်း လှံတံကို အခြားလက်တစ်ဖက်တွင် ကိုင်စွဲကာ အသားကျသွားအောင် အနည်းငယ်မျှ ဝှေ့ယမ်းကြည့်လိုက်သည်။ ထို့နောက် အသက်ကို ပြင်းပြင်းရှူသွင်းလျက် မြေပြင်ကိုကန်ကျောက်ကာ တိုးဝင်လာနေသည့် သားရဲအုပ်ကြီးဆီသို့ လျှပ်စီးတန်းတစ်ခုပမာ ခုန်ဝင်သွားလေ၏။
ကျင့်ကြံခြင်းလမ်းစဉ်အား တစ်ကြိမ်တစ်ခါမျှပင်လျှင် လျှောက်လှမ်းဖူးခြင်းမရှိသော သာမန်သေမျိုးတစ်ဦးပမာ ရန်ကိုင်၏ လှုပ်ရှားမှုများသည် ရိုးရှင်းကာ အကြမ်းထည်ဆန်လှသည်။ သူ၏လှုပ်ရှားမှုများထဲ နက်နဲဆန်းကြယ်သည့် မည်သည့်အကွက်မှ ပါဝင်မနေခဲ့။ ထိုးချက်၊ ခုတ်ချက်၊ ရိုးရှင်းလှသည့် ထိုကဲ့သို့သော အကွက်များသည်သာ ပါဝင်နေခဲ့လေသည်။ ထို့အပြင် ရန်ကိုင်အသုံးပြုနေသည်မှာလည်း အရိုးရှင်းဆုံးနှင့် ရှေးအကျဆုံးသော ကျောက်လှံနှင့် ကျောက်ပုဆိန်သာ ဖြစ်လေသည်။ ထိုသို့ပင်ဖြစ်လင့်ကစား ဤ အလွန်တရာကိုမှ ရိုးရှင်းလှသော လက်နက်နှစ်ခုသည် ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး၏ လက်ထဲတွင်မူ မှော်ဆန်ဆန် အားကောင်းလွန်းနေခဲ့ကာ သားရဲများ၏ အသက်ကို သေမင်းတံစဉ်နှယ် ချွေယူနေခဲ့သည်။
ရန်ကိုင်သည် သစ်ဆွေးတုံးများကို နင်းချေ ဖျက်ဆီးပစ်နေသည့်အလား သားရဲများကို အလွယ်တကူ အနိုင်ယူရန်း တိုက်ပွဲမြေပြင်ထဲ လူးလွန့်လှုပ်ရှားနေခဲ့လေသည်။ မည်သည့်သားရဲမှ ရန်ကိုင်အား ရပ်တန့်နိုင်ခဲ့ခြင်းမရှိဘဲ တစ်ကောင်ပြီးတစ်ကောင်သာ ရန်ကိုင်၏ ပိုင်းဖြတ် ခုတ်ထစ်ခြင်း ခံခဲ့ရသည်။ သားရဲများ၏ တအီအီတစာစာ အော်ဟစ်သံများနှင့်အတူ သားရဲကြီးများမှာ တဖြည်းဖြည်းနှင့် နောက်သို့ ပြန်ဆုတ်ကုန်ကြလေသည်။ ထိန်းမနိုင်သိမ်းမရသည့် ရန်ကိုင်၏တိုက်ခိုက်မှုများကြောင့် ရန်ကိုင်အား ဝိုင်းရံထားသော ရာနှင့်ချီသည့် သားရဲအုပ်ကြီးမှာ ထင်းစည်းပြေသလို ဖြစ်ကုန်ကြလေသည်။ ရန်ကိုင်မှ ထိုသားရဲအုပ်ကြီးထဲမှ ထွက်လာချိန် သားရဲအုပ်ကြီး၏ သုံးပုံတစ်ပုံလောက်မှာ ရန်ကိုင်၏တိုက်ခိုက်မှုကြောင့် မြေပြင်ပေါ်တွင် မလှုပ်မယှက် လှဲလျောင်း နေကုန်ကြရလေသည်။
တိုက်ပွဲမြေပြင်ထဲ မှော်ဆန်ဆန်ပညာရပ်ကို အသုံးပြု၍ အရှိန်အဝါကို ဖုံးကွယ်ရင်းမှ လျှောက်သွားနေသည့် ခါးကုန်းကုန်း လူအိုကြီးမှာလည်း ထိုအဖြစ်အပျက်ကြောင့် ထိတ်လန့်တုန်လှုပ်နေခဲ့ရလေသည်။ ထိုလူအိုကြီးမှာ ယခုမှသာလျှင် ရန်ကိုင်အား ပထမဦးဆုံးအကြိမ် မြင်ဖူးသည့်အလား ရန်ကိုင်အား မမှိတ်မသုန် စိုက်ကြည့်နေခဲ့လေသည်။ ကံမကောင်းစွာဖြင့် ရန်ကိုင်အပေါ် အလွန်အကျွံ အာရုံစိုက်မိသွားလေရာ သူထုတ်သုံးထားသည့် ပညာရပ်မှာ ယာယီမျှ အသက်မဝင် ဖြစ်သွားခဲ့ရလေသည်။ ယာယီလေးသာလျှင် အသက်မဝင် ဖြစ်သွားလင့်ကစား အနီးအနားတွင် ရှိနေသော သားရဲကြီးတစ်ကောင်မှာတော့ ထိုလူအိုကြီးအား သတိပြုမိသွားခဲ့ပြီး ချက်ချင်း သူ့ဆီသို့ ဒုန်းစိုင်း ပြေးဝင်လာလေသည်။ တစ်ယောက်ယောက်သာ သူ့အား လာမကူညီလျှင် ထိုလူအိုကြီးမှာ နေရာတွင်ပင် သေသွားရပေလိမ့်မည်။
လေခွင်းသံနှင့်အတူ မြားတစ်စင်း ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး လူအိုကြီးဆီသို့ ပြေးဝင်လာနေသည့် သားရဲကြီး၏ဦးခေါင်းကို ဖောက်ထွက်သွားခဲ့လေသည်။ လူအိုကြီးလည်း မြားတံထွက်ပေါ်လာရာ လမ်းကြောင်းဆီသို့ လှမ်းကြည့်လိုက်ရာ အားဟွာမှ နံရံပေါ်တွင်ရပ်၍ သူ့အား ခေါင်းညိတ်ပြနေကြောင်း တွေ့လိုက်ရလေသည်။
“ရွာသူကြီး… ကျုပ်ကိုကူပေး…” ရန်ကိုင်တစ်ကိုယ်လုံး သွေးများဖြင့် နီရဲနေခဲ့ပြီး သားရဲကြီးများ၏ ကိုယ်တွင်းအင်္ဂါများမှာလည်း သူ့ကိုယ်ထက် ပေကျန်စွန်းထင်းနေခဲ့လေသည်။ သတ်ဖြတ်လိုစိတ်အပြည့်ကို ထုတ်လွှတ်ထားရင်းမှ ရန်ကိုင်သည် လူအိုကြီးဘက်သို့ လှည့်၍ ပြုံးဖြီးကာ ပြောလိုက်သည်။
ရန်ကိုင်ကိုမြင်လိုက်သည့်အခိုက် ဘာကြောင့်မှန်းမသိ လူအိုကြီးစိတ်ထဲ ကြောက်ရွံ့မှုဖြင့် တုန်ရီသွားခဲ့ရသည်။ သို့တိုင် ရန်ကိုင်ပြောသည့်အတိုင်း သူ့တုတ်ကောက်ကိုမြှောက်၍ ရန်ကိုင်အား ကူညီပေးလိုက်လေသည်။ ဘာမှန်းမသိသော စကားလုံးများကို ရေရွတ်ပြီးသည့်နောက် သူ့တုတ်ကောက်ကို ဝှေ့ယမ်းလိုက်ရာ အလင်းတန်းတစ်ခု ရန်ကိုင်၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာခဲ့လေ၏။
ချက်ချင်းဆိုသလို သူ့ကိုယ်ထဲရှိ သွေးများသည် ငရဲမီးတောက်သဖွယ် တဝုန်းဝုန်းလောင်ကျွမ်းလာကြောင်း ရန်ကိုင် ခံစားလိုက်ရသည်။ ထိုသို့ဖြစ်ပြီးသည့်နောက်တွင် ရန်ကိုင်၏ခန္ဓာကိုယ်ထက် ရွှေရောင်အလင်းလွှာတစ်ရံ ထွက်ပေါ်လာခဲ့လေသည်။
ထိုအဖြစ်အပျက်ကြောင့် လူအိုကြီးမှာ ပို၍ပင် ထိတ်လန့်သွားခဲ့ရလေသည်။ သို့သော်ငြား တစ်ချိန်တည်းတွင်လည်း ရန်ကိုင်အား စိုက်ကြည့်နေသည့် သူ့မျက်လုံးများမှာ အရောင်တလက်လက်ကို တောက်ပလာတော့သည်။
“ဒီတော့ ဒါက သွေးလောင်ကျွမ်းခြင်းပညာရပ်ပေါ့…” ရန်ကိုင် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ သူ့ကိုယ်ထဲ ခွန်အားများ တရိပ်ရိပ် တက်လာနေသည်ကို အတိုင်းသား ခံစားနေရလေသည်။ ကံမကောင်းစွာဖြင့် သွေးလောင်ကျွမ်းခြင်းပညာရပ်၌ အားနည်းချက်ကြီးကြီးမားမား ရှိသည့်ပုံပင်။ သွေးလောင်ကျွမ်းခြင်းပညာရပ်မှာ လူတစ်ဦး၏ခွန်အားကို အကြီးအကျယ် မြှင့်တင်ပေးနိုင်ပါသော်ငြား တစ်ချိန်တည်းတွင်လည်း ထိုလူ၏ အာရုံငါးပါးခံစားနိုင်စွမ်းကို လျော့ကျသွားစေနိုင်ပေသည်။ သို့သော်ငြား ဧကရာဇ်အဆင့်သို့ရောက်အောင် ကျင့်ကြံလာနိုင်ခဲ့သော ရန်ကိုင်မှာတော့ အားနည်းချက်ကို လျစ်လျူရှုထားနိုင်ခဲ့ပေသည်။ အားဟူကဲ့သို့သော သာမန်လူများသာဆိုလျှင် ထိုအားနည်းချက်ကို မည်သို့မှ ကျော်လွှားနိုင်လိမ့်မည် မဟုတ်ချေ။
သွေးလောင်ကျွမ်းခြင်းပညာရပ်ကို အသုံးပြုပြီးသည့်နောက်တွင် ရွာသားများမှာ အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိတော့ဘဲ တိုက်ခိုက်ရဲကြသည်မှာ အထူးအဆန်းမဟုတ်တော့။ သွေးလောင်ကျွမ်းခြင်းပညာရပ်သည် သူတို့ကိုယ်ထဲရှိ သတ္တိကဲ့သို့သော အရိုင်းဆန်သည့် ခံစားချက်များကို နှိုးဆွလိုက်ပေးသည့် အတွက်ကြောင့်ပေကိုး။ အာရုံခံစားနိုင်စွမ်းမှာ သိသိသာသာကို လျော့ကျသွားသည့်အတွက်ကြောင့် နာကျင်မှုကို မသိတော့သလို ကြောက်ရွံ့မှုကိုလည်း မသိတော့ပေ။ ထိုအကြောင်းကြောင့်ပင်လျှင် သားရဲများအား အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်းမရှိတော့ဘဲ သူတစ်ပြန် ကိုယ်တစ်ပြန် ပြန်လည်တိုက်ခိုက်နိုင်ကြခြင်း ဖြစ်လေသည်။
မည်သို့ပင် ဖြစ်နေစေကာမူ ရွှေရောင်အလင်း တလက်လက်တောက်ပနေသည့် ရန်ကိုင်၏ခန္ဓာကိုယ်သည် သူ့အား အခြားသူများနှင့်မတူ တမူထူးခြားနေစေခဲ့လေသည်။ လူတိုင်း၏ ခန္ဓာကိုယ်မှာ သွေးလောင်ကျွမ်းခြင်းပညာရပ်ကို အသုံးပြုပြီးသည့်နောက် အနီရောင်တောက်နေခဲ့ပါသော်ငြား ရန်ကိုင်တစ်ဦးတည်းသည်သာ ရွှေရောင်တောက်နေခဲ့သည်။ ထိုသို့ဖြစ်သည်မှာလည်း ထူးတော့မထူးဆန်း။ သွေးလောင်ကျွမ်းခြင်းပညာရပ်သည် သွေးအဆီအနှစ်ကို လောင်ကျွမ်းလိုက်ခြင်း မဟုတ်ပေလော။ ရန်ကိုင်၏သွေးများမှာ ရွှေရောင်ဖြစ်လေရာ သွေးလောင်ကျွမ်းခြင်းပညာရပ် သူ့အပေါ်သို့ သုံးပြီးသည့်နောက် သူ့ဆီမှ ထွက်ပေါ်လာသည့်အရောင်သည် ရွှေရောင်ဖြစ်နေသည်မှာ သဘာဝသာ ဖြစ်လေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၈၀၃)
ဘာသာပြန်သူ_တိမ်တိုက်
“ခင်ဗျားကိုယ်ခင်ဗျား ဂရုစိုက်ဦး ရွာသူကြီး… အသက်က ငယ်တော့တာမဟုတ်ဘူး… ဘာဖြစ်လို့ လျှောက်သွားနေတာလဲ… အေးအေးဆေးဆေး ပြန်နားနေလိုက်ပါလား…” ရန်ကိုင်က လူအိုကြီးကို ပြုံးပြရင်းမှ ပြောလိုက်သည်။ ထို့နောက် သားရဲအုပ်ထဲသို့ ပြေးဝင်သွားလေသည်။
ရန်ကိုင်၏ပြောစကားကို ကြားပြီးသည့်နောက် လူအိုကြီး၏ပါးစပ် တွန့်ကွေးသွားခဲ့လေသည်။ သူ့စိတ်ထဲ အတော်လေးကိုမှ ထိတ်လန့်တုန်လှုပ်နေလင့်ကစား ကိုယ်ပျောက်ပညာရပ် ပြန်သုံးရန်တော့ မေ့မသွားခဲ့ပေ။ သူသည် ရွာသူကြီးဖြစ်ကာ လူတိုင်းလေးစားရသည့် မှော်ဆရာတစ်ဦးလည်း ဖြစ်ပေသည်။ ထိုအကြောင်းကြောင့် ရွာထဲတွင်ရှိနေသည့်လူတိုင်းမှာ သူ့အပေါ် အလွန်ကိုမှ လေးစားကြသည်။ ယခင်ကဆိုလျှင် အားညိုသည် သူ့အား ယခုကဲ့သို့ ပြောဖို့ရာမဆိုထားနှင့် သူနှင့် မျက်လုံးချင်းပင် မဆိုင်ရဲပေ။ ထို့အပြင် အားညိုသည် ရွာအတွက် တစ်ခါတစ်လေပင် အကျိုးဆောင်ပေးခဲ့ခြင်း မရှိဘဲ ရွာ၏ အစားအသောက်များကို စားသုံးကာ ရွာထဲတွင် မှီခိုနေထိုင်ပေသည်။ ထို့အတွက်ကြောင့်ပင်လျှင် ရွာသားများ၏ ဆန္ဒအတိုင်း အားညိုအား ရွာထဲမှ မောင်းထုတ်ရန်ပင် ရွာသူကြီး စဉ်းစားခဲ့ဖူးသည်။
သို့သော်ငြား အားညို မည်သို့ပင်ဖြစ်နေစေကာမူ သူသည် ရွာသားများအနက် တစ်ဦးဖြစ်နေဆဲ။ ထို့အပြင် အားညိုသည် တစ်နေ့နေ့တွင် အရွယ်ရောက်လာပြီး ရွာသားတစ်ယောက် ထမ်းဆောင်ရမည့် တာဝန်ကို ထမ်းဆောင်နိုင်လိမ့်မည်ဟု ရွာသူကြီး ယုံကြည်နေမိပေသည်။ သို့သော်ငြား လွန်ခဲ့သည့်နှစ်များအတွင်း အားညိုမှာ သူထင်ထားသလို ဖြစ်မလာခဲ့ပေ။ သို့သော်ငြား ယနေ့တွင်တော့ အားညိုသည် ရုတ်တရက်ကြီး အခြားသူအားလုံး မှင်တက်သွားရလောက်အောင်ကို ပြောင်းလဲသွားတော့လေသည်။
“ကြည့်ရတာ လူရိုင်းနတ်ဘုရားက ငါတို့ကို ကောင်းချီးပေးလိုက်ပြီနဲ့တူတယ်…” သားရဲအုပ်ထဲသို့ ပြေးဝင်သွားသည့် ရန်ကိုင်ကိုကြည့်ရင်း ရွာသူကြီးသည် ထိုကဲ့သို့ရေရွတ်လျက် အော်ရယ်မောနေခဲ့လေသည်။ ရန်ကိုင်သည် စစ်ပွဲတွင် သူတို့အတွက် နိုင်ပွဲကို ဆောင်ကျဉ်းပေးမည့် လူရိုင်းနတ်ဘုရား၏ ထက်ရှသော ဓါးသွားတစ်ချောင်းသဖွယ် ထွက်ပေါ်လာခဲ့သည်။
ရန်ကိုင်ဆီမှ ဖြာထွက်နေသော ရွှေရောင်အလင်းမှာ အလွန်ကိုမှ တောက်ပနေလေရာ သိပ်သည်းလှသည့် နှင်းထုသည်ပင်လျှင် ဖုံးကွယ်နိုင်ခဲ့ခြင်း မရှိပေ။ ရွှေရောင်အလင်းသည် စစ်မြေပြင်ထဲ ဟိုမှသည်သို့ ရွေ့လျားနေခဲ့ပြီး ရွှေရောင်အလင်း ဖြတ်သန်းသွားရာလမ်းတစ်လျှောက်၌ သွေးသံတရဲရဲနှင့် သားရဲများ၏ အလောင်းများ ကျန်ရစ်ခဲ့ရလေသည်။
သားရဲများမှာ အထိတ်တလန့် အော်ဟစ်ရင်း တိုက်ပွဲမှ တဖြည်းဖြည်း ဆုတ်ခွာကုန်ကြလေသည်။ သားရဲများနှင့်မတူညီစွာ ရွာသားများမှာတော့ ပို၍ စိတ်အားတက်ကြွ လာခဲ့ရလေသည်။ ရွာသားများသည် အတူတကွ ပူးပေါင်းလျက် လူသားနံရံတစ်ခုကို ဖန်တီးရင်းမှ အရိုးရှင်းဆုံးနည်းလမ်းကို သုံးကာ သားရဲအုပ်ကြီးအား သူတို့၏ ပိုင်နက်နယ်မြေ အပြင်ဘက်သို့ အကြောက်အရွံ့ကင်းစွာ မောင်းထုတ်နေကြလေသည်။
သားရဲများနှင့် တိုက်ခိုက်နေစဉ်အတောအတွင်း ရန်ကိုင်၏ ကျောက်ပုဆိန်နှင့် ကျောက်လှံမှာ တစ်ကြိမ်ပြီးတစ်ကြိမ် ကျိုးသွားသည့်အတွက်ကြောင့် ရန်ကိုင်မှာ အသစ်အသစ်များနှင့် မကြာခဏ လဲလှယ်ခဲ့ရလေသည်။ ယခု သားရဲများ ဆုတ်ခွာသွားကြသည့်နောက် ကျန်ရစ်ခဲ့သည့်အသံဆို၍ လေတဟူးဟူး တိုက်ခတ်နေသည့် အသံများနှင့် နှင်းပွင့်များ အရှိန်အဟုန်ဖြင့် ကြွေဆင်းလာနေသည့် အသံများသာ ရှိတော့လေသည်။
သားရဲများကို ရွာမှ မိုင်ထောင်ပေါင်းများစွာအကွာသို့ လိုက်လံမောင်းထုတ်ပြီးသည့်နောက်တွင် ရွာသားများမှာ သံပြိုင် အော်ဟစ်လိုက်ကြလေသည်။ ရွာသားများ၏ ဝမ်းသာအားရ အော်ဟစ်မြည်ကြွေးသံသည် မိုးခြိမ်းသံတမျှ ကျယ်လောင်စွာ မြည်ဟီးထွက်လာခဲ့လေသည်။
“ငါတို့နိုင်သွားပြီ… ငါတို့နိုင်သွားပြီကွ…” ရွာသားများမှာ ဝမ်းသာအားရ ပျော်မြူးနေကြသည်။ သားရဲအုပ်ကြီးကို အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့သည့်အတွက်ကြောင့် အကုန်လုံးမှာ ဝမ်းသာရွှင်မြူးစွာ ကခုန်နေခဲ့ကြသည်။
“အားညို… တကယ်ကြီးမင်းလား…” အားဟူသည် ဘယ်ကမှန်းမသိ ရန်ကိုင်အနားတွင် ရုတ်တရက်ကြီး ပေါ်လာခဲ့သည်။ သူ့တစ်ကိုယ်လုံး သွေးချင်းနီနေခဲ့ပါသော်ငြား ဒဏ်ရာရထားသည့်အတွက်ကြောင့်မဟုတ်ဘဲ သားရဲများ၏ သွေးများ သူ့ကိုယ်ထက် ပေကျံနေခြင်းသာ ဖြစ်လေသည်။ ဒဏ်ရာဆို၍ သူ့ဝမ်းဗိုက်နေရာ၌ ကိုက်ခံထားရသည့် ဒဏ်ရာတစ်ချက်သာ ရှိလေသည်။ အားဟူသည် ရန်ကိုင်ရှေ့တွင်ရပ်လျက် ရန်ကိုင်အား မျက်လုံးအပြူးသားဖြင့် တစ်ခဏမျှကြာအောင် စိုက်ကြည့်နေပြီးသည့်နောက် သူ့ပုခုံးကိုပုတ်လျက် အော်ပြောလိုက်လေ၏။ “ငါအမြင်မှားတယ်မှတ်နေတာ…”
သို့သော်ငြား သူ့အနေဖြင့် မည်သို့များ အမြင်မှားစရာအကြောင်း ရှိပါမည်နည်း။ ရန်ကိုင်ကဲ့သို့ သေးသေးသွယ်သွယ်ကိုယ်လုံးကိုယ်ပေါက်ကို ပိုင်ဆိုင်ထားသည့်လူဆို၍ တစ်ရွာလုံးတွင် အားညိုတစ်ယောက်သာ ရှိပေသည်။ သို့သော်ငြား အားညို တိုက်ပွဲအတွင်း လုပ်ပြသွားသည့်ပုံကို မြင်ပြီးသည့်နောက် အားဟူမှာ သူ့မျက်လုံးပင် သူမယုံကြည်နိုင် ဖြစ်သွားခဲ့ရကာ ယခုကဲ့သို့ သေချာ အနီးကပ် လာစစ်ဆေးကြည့်ခြင်း ဖြစ်လေသည်။
အသက်ရှင်ကျန်ရစ်ကြသော ရွာသားများမှာလည်း ရန်ကိုင်အား စိတ်ဝင်တစားဖြင့် ကြည့်နေကြလေသည်။ အကုန်လုံးမှာ ရန်ကိုင်အား လေးလည်းလေးစား ကျေးဇူးလည်းတင်သည့် အကြည့်များဖြင့် ကြည့်နေကြသည်။ ရန်ကိုင် တစ်ကိုယ်တော်လက်စွမ်းပြပြီး သားရဲအုပ်ကြီးကို တွန်းလှန်ပေးသွားသည့် အတွက်ကြောင့်သာ မဟုတ်ပါက ရွာသားများ၏ ကံတရားမှာ မတွေးရဲစရာပင်။ ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်တွင် ရိုးရှင်းသည့် စည်းမျဉ်းစည်းကမ်းများသာ ရှိကြလေသည်။ အားအကောင်းဆုံးလူကိုသာ လေးစားတန်ဖိုးထားကြသည်ဟူ၍ပင်။ တကယ့်တကယ်ဆိုရသော် ထိုစည်းမျဉ်းသည် ယနေ့ထိတိုင် အသက်ဝင်နေပေသေးသည်။ ရှေးဟောင်းလူရိုင်းမျိုးနွယ်စုတွင်သာ မဟုတ်။ ကြယ်တာရာအစုအဝေးထဲတွင်လည်း လူများသည် အားကြီး အားကောင်းသည့် လူကိုသာ လေးစားကြလေသည်။
“ဒါ ငါတို့လူရိုင်းနတ်ဘုရားတွေက ပေးတဲ့ ဆုပဲ…” ရွာသူကြီးသည် တုတ်ကောက်ကို ကိုင်ရင်းမှ ရန်ကိုင်ဆီသို့ တုန်တုန်ရီရီဖြင့် လမ်းလျှောက်လာလျက် ပြောလိုက်လေသည်။
ရွာသူကြီးပြောသည်ကို ကြားပြီးသည့်နောက် ရန်ကိုင်က သူ့ဘာသာသူ တွေးလိုက်လေ၏။ (ငါ့ဘာသာငါ အားကောင်းနေလို့ အခုလိုမျိုး လုပ်နိုင်ခဲ့တာလေ… လူရိုင်းနတ်ဘုရားတွေနဲ့ ဘာဆိုင်လို့လဲ…) ကံမကောင်းစွာဖြင့် ရန်ကိုင်အနေဖြင့် ထိုစကားကို အပြင်သို့ ထုတ်ပြော၍မရပေ။ ထိုသို့သာပြောလိုက်မည်ဆိုပါက သူ ရွာအတွက် မည်သို့ပင် အကျိုးဆောင်ခဲ့စေကာမူ တစ်ရွာလုံး၏ရန်သူ ဖြစ်သွားရပေလိမ့်မည်။ တကယ်တော့ လူရိုင်းနတ်ဘုရားကို ဆန့်ကျင်ခြင်းသည် လူရိုင်းမျိုးနွယ်စု၏ရန်သူ လုပ်လိုက်ခြင်းပင် မဟုတ်လေလော။
“ရွာသူကြီး… ဒီတစ်ကြိမ် ကျုပ်တို့ သားရဲတွေအများကြီးသတ်လိုက်တာ ဘာဖြစ်လို့ ပျော်ပွဲရွှင်ပွဲ မကျင်းပရမှာလဲ…” အားဟူသည် ရွာသူကြီးအား စိတ်အားထက်သန်စွာဖြင့် ကြည့်လိုက်လေသည်။ အခြားသော ရွာသားများမှာလည်း အလားတူအကြည့်မျိုးဖြင့် ရွာသူကြီးအား ကြည့်နေကြလေသည်။
ရွာထဲတွင် အစားအစာမှာ အတော်လေးကိုမှ ရှားပါးလှသည်။ သို့သော်ငြား ယခုတစ်ကြိမ်တွင် သားရဲပေါင်း ရာနှင့်ချီကို သတ်ပစ်နိုင်ခဲ့သည့်အတွက်ကြောင့် သူတို့အဖို့ အတန်ကြာအောင် အစားအသောက် ဖူလုံသွားခဲ့လေပြီ။ ရွာသူကြီးကိုယ်တိုင်မှာလည်း ဆောင်းဥတု ဝင်လာပြီ ဖြစ်သည့်အတွက်ကြောင့် အစားအသောက် ရှားပါးမည်ကို စိုးရိမ်နေခြင်း ဖြစ်လေသည်။ ဆောင်းဝင်လာသည်နှင့် နှစ်စဉ်နှစ်တိုင်း အစာငတ်ကာ သေသွားခဲ့ကြရသည့် ရွာသားများမှာ မနည်းလှပေ။ ယခုနှစ်သည်လည်း ခြွင်းချက်မဟုတ်။ သို့သော်ငြား ရုတ်တရက်ဆိုသလို ယခုကဲ့သို့ ကံကောင်းထောက်မမှုကြီးဖြင့် ကြုံရလိမ့်မည်ဟု မထင်ထားခဲ့ချေ။ သားရဲပေါင်းမြောက်မြားစွာ၏ အလောင်းများ ရှိနေပြီဖြစ်လေရာ သူတို့အနေဖြင့် ယခုတစ်ကြိမ်ဆောင်းရာသီတွင် အစာရေစာ ရှားပါးမှုနှင့် ကြုံရတော့လိမ့်မည် မဟုတ်ချေ။
ရွာသူကြီးက ပြုံး၍ ပြန်ပြောတော့မည်အပြု ရန်ကိုင်က ရှေ့သို့တက်၍ ပြောလိုက်လေသည်။ “ရွာသူကြီး… အခုတစ်ကြိမ် သားရဲအုပ်နဲ့ပတ်သက်ပြီး တစ်ခုခုထူးဆန်းနေတယ်မထင်ဘူးလား…”
ရွာသူကြီးမျက်မှောင်ကြုတ်သွားခဲ့ပြီး ရန်ကိုင်ကိုကြည့်၍ ပြောလိုက်လေသည်။ “မင်းလည်း သတိထားမိတယ်လား…”
ရန်ကိုင်က အံ့အားသင့်သွားဟန်ဖြင့် “ခင်ဗျားသိနေတာလား ရွာသူကြီး…”
တစ်ခဏကြာမျှ တိတ်ဆိတ်သွားပြီးသည့်နောက်တွင် ရွာသူကြီးက ပြန်၍ပြောလိုက်လေသည်။ “အဲ့ဒါ သားရဲရိုင်းပဲ… သားရဲရိုင်းတစ်ကောင်ကပဲ သားရဲအုပ်ကို အမိန့်ပေးနိုင်တာ…”
ရွာသူကြီး၏စကားကို ကြားသော် ရွာသားများ၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားကုန်ကြလေသည်။ အကြောင်းမှာ မှော်ဆရာများသည်သာ သားရဲရိုင်းများနှင့် ရင်ဆိုင်နိုင်သည့်အတွက်ကြောင့်ပင်။ သူတို့ အလွန်ကိုမှ ဂုဏ်ယူရသော ရုပ်ခွန်အားသည် သားရဲရိုင်းတစ်ကောင်ရှေ့တွင် ဘာဆိုဘာမှ အသုံးမဝင်တော့ချေ။
“ကျုပ်သိပြီ… ဒီတော့ အဲ့ကောင်ကို သားရဲရိုင်းလို့ခေါ်တာပေါ့…” ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။ ရန်ကိုင်အမြင်တွင်တော့ ထို သားရဲရိုင်းဆိုသည့်အကောင်မှာ အသိဉာဏ်လေးနည်းနည်းပါးပါးရှိပြီး သားရဲအုပ်တစ်အုပ်ကို အမိန့်ပေးခိုင်းစေနိုင်သည့် စွမ်းရည်ရှိနေသည့် သားရဲတစ်ကောင်သာ ဖြစ်လေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ယခုတစ်ကြိမ် သူတို့ရင်ဆိုင်ရသည့် သားရဲအုပ်မှာ အတော်လေးကိုမှ ခက်ခဲနေရခြင်းလည်း ဖြစ်၏။
“ဆောင်းကဝင်လာပြီဆိုတော့ ဒီသားရဲတွေ သားကောင်တွေ ရှာနေကြတာနေမှာ… အခုတစ်ကြိမ် သူတို့ကို မောင်းထုတ်လိုက်နိုင်ပေမယ့် ငါတို့တွေသာ သူတို့ကို အမြစ်ကနေ မရှင်းထုတ်ပစ်ရင် နောက်တစ်ကြိမ် ပြန်လာဦးမှာပဲ…”
ရန်ကိုင်ပြောသည်မှာ မှန်နေသဖြင့် ရွာသားများ၏အမူအယာ ပြောင်းလဲသွားကုန်ကြလေသည်။ သားရဲရိုင်းသာမရှိလျှင် ထိုသားရဲများကို အရေးစိုက်စရာ မလိုပါသော်ငြား သားရဲရိုင်းတစ်ကောင်မှ ဦးဆောင်နေသည့်အတွက်ကြောင့် အခြေအနေမှာ မတူတော့ပေ။
သားရဲအုပ်သည်သာ နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်လာမည်ဆိုပါက တစ်ရွာလုံး ပြဿနာတက်ပေလိမ့်မည်။ ယခုတစ်ကြိမ်တွင် ရွာသားများစွာကို ဆုံးရှုံးလိုက်ရသလို အတော်များများမှာလည်း သွေးလောင်ကျွမ်းခြင်းပညာရပ်ကို အသုံးပြုထားလေရာ နောက်တစ်ကြိမ်သားရဲအုပ်ကို မည်သည့်နည်းနှင့်မျှ ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ပေ။
“ရွာသူကြီး… ကလန်ကနေ အကူအညီတောင်းကြည့်ပါလား…” အားဟူက အကြံပေးလိုက်လေသည်။
ရွာသူကြီးက ခေါင်းခါလျက် ပြန်ပြောလိုက်သည်။ “သွားအကူအညီတောင်းမယ်ဆိုလို့ရှိရင် အခု ငါတို့ရလိုက်တဲ့ဟာတွေ အကုန်လုံးနီးပါးကို သူတို့ကိုပေးရမှာ… မင်းတို့ ပေးချင်လို့လား…”
ထိုစကားကိုကြားသော် ရွာသားအားလုံး ခေါင်းခါပြလိုက်ကြသည်။ ယခုကဲ့သို့သော အသားများကို ရရန်အတွက် ရွာသားများစွာ သေဆုံးခဲ့ရသည်။ ထို့အတွက်ကြောင့် မည်သူမျှ သူတို့ ကြိုးကြိုးစားစား ရယူထားရသော အသားများကို အလွယ်တကူ ပေးမပစ်ချင်ပေ။ ဤကဲ့သို့သော နေရာမျိုးတွင် အစားအသောက်သည် အသက်ရှင်နိုင်ရန်အတွက် အဓိက အထောက်အပံ့တစ်ခု ဖြစ်လေသည်။
“ဒါဆို ဘာလုပ်ကြမလဲ…” အားဟူ မျက်မှောင်ကြုတ်သွားခဲ့သည်။
ရန်ကိုင်က ပြောလိုက်လေသည်။ “ကျုပ် အဲ့ကောင်တွေကို သွားသတ်လိုက်မယ်လေ…”
ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် သားရဲအုပ် ပြန်ဆုတ်သွားသည့်ဘက်ဆီသို့ ဦးတည်သွားလေ၏။
အားဟူမှာ ထိတ်လန့်သွားခဲ့ပြီး ရန်ကိုင်လက်ကို အလျင်စလို လှမ်းဆွဲ၍ ပြန်ပြောလိုက်သည်။ “အားညို… အလျင်စလို မလုပ်နဲ့လေ… အဲ့သားရဲရိုင်းက မင်းရင်ဆိုင်နိုင်တဲ့ ကောင်မျိုးမဟုတ်ဘူးနော်…”
ရန်ကိုင်သည် အားဟူ၏လက်ကိုဖယ်၍ ပြုံးကာ ပြောလိုက်သည်။ “သားရဲရိုင်းလေးတစ်ကောင်ပဲကို ဘာဖြစ်မှာမို့လို့လဲ… ဒီမှာသာ အေးဆေး စောင့်နေလိုက်စမ်းပါ…”
အားဟူမှာတော့ ရန်ကိုင်ပြောသည့်စကားကိုကြားပြီး ကြောင်သွားခဲ့လေသည်။ ရန်ကိုင်မှ သူ့လက်အား ဖယ်ထုတ်လိုက်စဉ် သူ့ကိုပင်လျှင် ထိတ်လန့်သွားစေသည့် စွမ်းအားကို ရန်ကိုင်၏လက်ဆီမှ ခံစားလိုက်ရလေသည်။ (ဒါ ငါသိတဲ့အားညိုရော ဟုတ်ရဲ့လား…)
“ငါ မင်းနဲ့လိုက်ခဲ့မယ်…” အားဟူသည် ရန်ကိုင်နောက်သို့ ပြေးလိုက်ရန် ပြင်လိုက်ပါသော်ငြား သူ့ခေါင်းတစ်ခုလုံး မူးဝေလာခဲ့ပြီး တစ်ကိုယ်လုံးမှာ နုံးချိသွားသလို ခံစားလိုက်ရလေသည်။ သွေးလောင်ကျွမ်းခြင်းပညာရပ်၏ ဘေးထွက်ဆိုးကျိုးမှာ စတင်ခဲ့လေပြီ။ ယခုကဲ့သို့အချိန်မျိုးတွင် သူ့အနေဖြင့် ရန်ကိုင်နောက်သို့ လိုက်သွားမည်ဆိုလျှင်ပင် ရန်ကိုင်အား ကူညီပေးနိုင်မည်မဟုတ်ဘဲ ရန်ကိုင်အတွက်ပင် ဝန်ထုပ်ဝန်ပိုး ဖြစ်နေပေလိမ့်မည်။ ထို့အတွက်ကြောင့် တဖြူးဖြူး ကျဆင်းနေသော နှင်းထုကြီးထဲ ရန်ကိုင်ပျောက်ကွယ်သွားသည်ကိုသာ ရပ်ကြည့်နေခဲ့ရလေသည်။ ထို့နောက်တွင် အားဟူသည် ရွာသူကြီးဘက်သို့လှည့်၍ မေးလိုက်လေ၏။ “ရွာသူကြီး… အားညို ဘာဖြစ်သွားမှာလဲ….”
ရွာသားများမှာလည်း သိချင်နေမိလေသည်။ ယနေ့ သူတို့မြင်လိုက်ရသည့် အားညိုသည် သူတို့ ယခင်က သိခဲ့ရသော အားညိုနှင့် လားလားမျှ မဆိုင်ချေ။
ရွာသူကြီးသည် အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးသည့်နောက် ပြန်ပြောလိုက်လေသည်။ “လူရိုင်းနတ်ဘုရားတွေက သူ့ကို ခွန်အားပေးပြီးသွားပြီပဲ… အားညိုက အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာပြီလို့တောင် ပြောလို့ရတယ်…”
ရွာသားများမှာ ယခုမှသာလျှင် နားလည်သွားသည့်ပုံစံမျိုး လုပ်လိုက်ကြလေသည်။ မည်သူမျှ ရွာသူကြီးရှင်းပြသည်ကို သံသယမဝင်ခဲ့သလို အားညို၏ကံကောင်းမှုကိုလည်း မနာလိုဝန်တိုကြခြင်း မရှိချေ။
ထိုအချိန်အတောအတွင်း ရန်ကိုင်သည် ကျောက်တုံးပုဆိန်ကို လက်ထဲတွင် ကိုင်စွဲရင်း နှင်းထုထဲ တစ်ဦးတည်း သွားနေခဲ့လေသည်။ ဤသည်မှာ သူ တစ်ကြိမ်တစ်ခါကမျှ ကြုံတွေ့ခဲ့ရဖူးခြင်းမရှိသော အတွေ့အကြုံသစ်တစ်ခု ဖြစ်လေသည်။ ရန်ကိုင်သည် အသက်ရှင်နေသေးသည့် လူတစ်ဦး ဖြစ်သလို သူတိုက်ခိုက်ခဲ့သည့် တိုက်ပွဲမှာလည်း လုံးဝကို အစစ်အမှန် ဖြစ်လေသည်။ မသိလျှင် အချိန်အတားအဆီးများကို ချိုးဖြတ်၍ ရှေးခေတ်အခါသို့ ပြန်ရောက်သွားသလိုပင် သူ့ကိုယ်သူ ခံစားနေခဲ့ရသည်။ ရန်ကိုင်သည် လူရိုင်းမျိုးနွယ်စုဝင်တစ်ဦး ဖြစ်လာခဲ့ပြီး လူရိုင်းမျိုးနွယ်များ ရှင်သန်နေထိုင်ခဲ့ရသည့်ပုံကို လက်တွေ့ကြုံနေခဲ့ရလေသည်။
ယခုတစ်ကြိမ်အတွေ့အကြုံမှာ သူ ဘာတွေရနိုင်မလဲဆိုသည်ကို ရန်ကိုင်မသိပါသော်ငြား သူ၏ ရုတ်တရက် ပေါ်လာမှုသည်ကို ရွာသူရွာသားများအတွက်တော့ သော့ချက်တစ်ခုဖြစ်နေမှန်း ရန်ကိုင်သိပေသည်။ ရွာသားများ သူ့အပေါ် အကောင်းမြင်လာခြင်းသည် သူ့အတွက် မမျှော်လင့်ထားသော အကျိုးကျေးဇူးများကို ရလာစေနိုင်ပေသည်။ ထို့အတွက်ကြောင့်ပင်လျှင် ရန်ကိုင်သည် တစ်ကိုယ်တည်းထွက်ကာ ထိုမုန်းစရာကောင်းသည့် သားရဲရိုင်းကို အမဲလိုက်ရန် ဆုံးဖြတ်လိုက်ခြင်းပင်။
သားရဲအုပ်ကြီး ပြန်ဆုတ်သွားရာ လမ်းကြောင်းတစ်လျှောက်တွင် ခြေရာပေါင်းများစွာ ကျန်ရစ်ခဲ့လေသည်။ နှင်းများမှာ သည်းထန်စွာ ကျဆင်းနေသည့်တိုင် မြောက်မြားလှစွာသော သားရဲများ၏ ခြေရာများကို အချိန်တိုအတွင်း မဖုံးအုပ်နိုင်ခဲ့ပေ။ သဲလွန်စကျန်ခဲ့သည့်အတိုင်း လိုက်လာခဲ့ရာ နောက်ဆုံးတွင် သားရဲအုပ်ကြီး၏ အရိပ်အယောင်ကို ရန်ကိုင် မြင်တွေ့လိုက်ရလေသည်။ သို့သော်ငြား သားရဲအုပ်ကြီးသွားနေသည့်နှုန်းမှာ အတော်လေးကို မြန်သည့်အတွက်ကြောင့် ရန်ကိုင်မှာ သားရဲအုပ်နောက်သို့ ချက်ချင်း လိုက်မမီနိုင်ခဲ့သေး။ ညနေစောင်းလောက် ရောက်သည့်အခါမှသာ တစ်ခုသော လျှိုမြောက်သို့အရောက် သားရဲများကို တွေ့သွားခဲ့ရသည်။ တဖွဲဖွဲကျဆင်းနေသည့် နှင်းများမှာ ရပ်တန့်သွားခဲ့လေပြီ။ ထို့အတွက်ကြောင့် နှင်းဖုန်းနေသော မြေပြင်ထက် မရေမတွက်နိုင်သော ခြေရာများနှင့် သွေးကွက်များမှာ အထင်းသား ကျန်ရစ်နေခဲ့လေသည်။
အပြင်ဘက်မှ လှမ်းကြည့်လိုက်မည်ဆိုလျှင် ဤလျှိုမြောင်ကြီးသည် ဘူးသီးခြောက်ကြီးနှင့်ပင် တူနေပေသည်။ လျှိုမြောင်၏ဝင်ပေါက်မှာ သေးငယ်ပါသော်ငြား အတွင်းပိုင်းမှာတော့ အတော်လေးကိုမှ ကျယ်ဝန်းလှသည်။ ထို့အပြင် လျှိုမြောင်၏ ဘေးတစ်ဖက်တစ်ချက်စီကို မတ်စောက်လှသော ချောက်ကမ်းပါးများမှ ဝန်းရံထားခဲ့လေသည်။ ညအချိန်ဖြစ်နေသည့်တိုင် ရန်ကိုင်မှာတော့ မီတာထောင်ပေါင်းများစွာအကွာအား လှမ်းမြင်နေခဲ့ရလေသည်။ လျှိုမြောင်၏အဆုံးပိုင်းဆီသို့ လှမ်းကြည့်လိုက်ရာ မည်သည့်အပေါက်မှ မတွေ့ရကြောင်း တွေ့လိုက်ရလေသည်။
(ဒါဆိုရင်တော့ လွယ်သွားပြီ…) ရန်ကိုင် ပြုံးဖြီးလိုက်လေသည်။ ရန်ကိုင်အနေဖြင့် ဘာမှ သိပ်၍ အလုပ်ရှုပ်ခံနေစရာမလို။ သူ၏ပစ်မှတ်မှာ အသိဉာဏ်နည်းနည်းပါးပါး ရရှိထားသည့် မွန်းစတားသားရဲတစ်ကောင်ပင် မဟုတ်ပေလော။ သွေးလောင်ကျွမ်းခြင်းပညာရပ်ကြောင့် ရန်ကိုင်၏ခန္ဓာကိုယ်မှာ ရွှေရောင်တောက်နေပေသေးသည်။ ဝင်ပေါက်တွင်ရပ်ရင်း ရန်ကိုင်သည် ကျောက်ပုဆိန်ကို ခါးကြားထိုးထည့်လျက် သူ့လက်သီးဖြင့် ချောက်ကမ်းပါးနံရံနှစ်ဖက်အား ထိုးချလိုက်လေသည်။
တဝုန်းဝုန်းမြည်သံများကြောင့် ယခုလေးတွင် ဤနေရာသို့ ပြန်လာခဲ့သော သားရဲအုပ်ကြီးသည် နိုးနိုးကြားကြား ဖြစ်သွားခဲ့ရလေသည်။ သားရဲများမှာ အော်ဟစ်ဟိန်းဟောက်ရင်း ချက်ချင်း ပုန်းအောင်းနေရာမှ ပြေးထွက်လာကုန်ကြလေ၏။
အသိုက်ထဲမှ ပြေးထွက်လာကြသော သားရဲများသည် ရုတ်တရက်ဆိုသလို တလက်လက်တောက်ပနေသည့် ရွှေရောင်အလင်းကို မြင်လိုက်ရပြီး ချက်ချင်း တုံ့ခနဲ ရပ်သွားကုန်ကြလေသည်။ အကုန်လုံးမှာ ကျောက်တုံးများဖြင့် ပိတ်ဆို့နေသော လျှိုမြောင်၏ ထွက်ပေါက်ရှိရာဆီသို့ ကြောက်လန့်တကြား စိုက်ကြည့်နေကြလေသည်။ ယနေ့တွင် သူတို့၏အပေါင်းအပါများမှာ ရွှေရောင်တောက်နေသည့်လူသားကြောင့် သေဆုံးခဲ့ရသည်။ ထို့အတွက်ကြောင့် ရွှေရောင်တောက်နေသည့်လူသား သူတို့ရှေ့သို့ ရောက်နေသည်ကိုမြင်သော် သားရဲများ ကြောက်ရွံ့သွားကုန်ကြလေသည်။
ထွက်သာပြေးနိုင်မည်ဆိုလျှင် ထိုသားရဲများမှာ ဤနေရာမှ ဝေးရာသို့ ချက်ချင်း ထွက်ပြေးမိကြပေလိမ့်မည်။ ဤရွှေရောင်လူသားနှင့် နောက်တစ်ကြိမ် ဘယ်တော့မှ ထပ်မတွေ့ချင်တော့ချေ။ ကံမကောင်းစွာဖြင့် လျှိုမြောင်၏ တစ်ခုတည်းသောဝင်ပေါက်မှာ ပိတ်နေပြီ ဖြစ်သည့်အတွက်ကြောင့် သူတို့အဖို့ ထွက်ပြေးဖို့ရာ လမ်းကြောင်း ရှိမနေတော့ချေ။
ယခုအချိန်မတိုင်ခင်အထိ လူရိုင်းမျိုးနွယ်စုဝင်များ နေထိုင်သည့် ကျေးရွာများကို တိုက်ခိုက်ခဲ့ကြသူများမှာ သူတို့သာ ဖြစ်ခဲ့ကြသည်။ တစ်နေ့နေ့တွင် လူရိုင်းမျိုးနွယ်စုဝင်များ၏ အမဲလိုက်ခြင်း ခံရလိမ့်မည်ဟု သားရဲများ တစ်ကြိမ်တစ်ခါမျှပင် စဉ်းစားခဲ့ဖူးခြင်း မရှိချေ။ ထိုအကြောင်းကြောင့် သားရဲများမှာ လူရိုင်းမျိုးနွယ်စုဝင် သူတို့အိမ်တံခါးအား လာခေါက်နေသည်ကိုမြင်သော် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်ကုန်ကြလေသည်။
ထိုအခိုက်အတန့်တွင် လျှိုမြောင်၏အတွင်းပိုင်းဆီမှ ဟိန်းသံသဲ့သဲ့ ထွက်ပေါ်လာခဲ့သည်။ ထိုဟိန်းသံထွက်ပေါ်လာသည်နှင့် သားရဲများမှာ အမိန့်ရလိုက်သည့်အလား ရှေ့သို့ မတိုးချင်တိုးချင်ဖြင့် တိုးလာပြီး ရန်ကိုင်အား ဝိုင်းလိုက်ကြလေသည်။ ထိုအချင်းအရာကိုမြင်သည့်အခါ ရန်ကိုင်သည် နားရွက်တက်ချိတ်လုမတတ် ပြုံးဖြီးလိုက်လေ၏။ ထို့နောက် ခါးကြားတွင် ထိုးထည့်ထားသော ကျောက်ပုဆိန်ကိုထုတ်၍ သားရဲများဆီသို့ ဖြည်းဖြည်းချင်း တိုးတက်သွားလေသည်။
သားရဲသတ်ပွဲကြီးမှာ နောက်တစ်ကြိမ် စတင်ခဲ့ပြန်လေသည်။ ရွှေရောင်အလင်း ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် ရှိနေသော သားရဲများ တစ်ကောင်ပြီးတစ်ကောင် မြေပြင်ပေါ်သို့ အတုံးအရုန်း လဲကျကုန်ကြရသည်။ ရန်ကိုင်မှာ မနှေးမမြန်လွန်းသည့်နှုန်းဖြင့် လျှိုမြောင်အတွင်းပိုင်းဆီသို့ တဖြည်းဖြည်းချင်း ဦးတည်သွားနေခဲ့လေသည်။ ရန်ကိုင်၏သတ်ဖြတ်မှုများကြားဝယ် သားရဲများ၏ ဟိန်းဟောက်သံများနှင့် အော်ငြီးသံတို့မှာ ရောယှက်သွားကုန်ကြလေသည်။ လျှိုမြောင်တစ်ခုလုံးမှာလည်း သွေးညှီနံ့တို့ဖြင့် ထောင်းထောင်းထနေလေ၏။
ထိုအချိန်အတောအတွင်း တစ်ကောင်ပြီးတစ်ကောင်ကို ခုတ်ပစ်ခဲ့ရသည့်အတွက်ကြောင့် ရန်ကိုင်လက်ထဲရှိ ကျောက်ပုဆိန်ကြီးမှာတော့ တစ်စစီ ပျက်စီးနေခဲ့လေပြီ။ ထို့အတွက်ကြောင့် ရန်ကိုင်သည် ကျောက်ပုဆိန်ကို လွှင့်ပစ်၍ လက်ချည်းသက်သက်ဖြင့်သာ ထိုးနှက်ရတော့သည်။ ရန်ကိုင်၏ လက်သီးချက် တစ်ချက်ချင်းစီတိုင်းသည် သားရဲများ၏ အရိုးများကို သွင်သွင် ကျိုးသွားစေခဲ့လေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၈၀၄)
ဘာသာပြန်သူ_တိမ်တိုက်
အာရုဏ်တက်ချိန်တွင် အားဟူသည် ရွာပြင်ဘက်၌ ဖြူဖတ်ဖြူလျော်မျက်နှာဖြင့် ပေါ်လာခဲ့လေသည်။ ယမန်နေ့တိုက်ပွဲမှ ရထားသည့် ဒဏ်ရာများမှာ ယခုထိတိုင် မသက်သာသေး။ အထူးသဖြင့် သွေးလောင်ကျွမ်းခြင်းပညာရပ်၏ ဘေးထွက်ဆိုးကျိုးများပင်။ သူသည် ရွာထဲရှိ အတော်ဆုံးသော စစ်သည်တော်များအနက် တစ်ဦးဖြစ်မည်ဆိုလျှင်ပင် သွေးလောင်ကျွမ်းခြင်းပညာရပ်ကို အသုံးပြုပြီးသည့်နောက် အနည်းဆုံး ရက်ပေါင်းများစွာ အားနည်းသွားရပေလိမ့်မည်။ ထို့ကြောင့် နောက်လာမည့်တိုက်ပွဲများတွင် ထပ်မံ ပါဝင် တိုက်ခိုက်နိုင်တော့လိမ့်မည် မဟုတ်ပေ။
သို့သော်ငြား ရွာဝင်ပေါက်တွင်ရှိနေသော ဧရာမသစ်ပင်ကြီးကို လှမ်းမော့ကြည့်၍ အော်မေးလိုက်လေသည်။ “မင်း တစ်ခုခုတွေ့လား…”
သစ်ပင်ကြီး၏ သစ်ရွက်များကြားဆီမှ ခေါင်းတစ်ခေါင်း ပြူထွက်လာခဲ့သည်။ ထိုလူမှာ ယမန်နေ့ကတိုက်ပွဲတွင် နံရံပေါ်ဆီသို့ မြားများကို သယ်ယူပို့ဆောင်ပေးရသည့်အလုပ်ကို တာဝန်ယူခဲ့သည့် လူငယ်လေးသာ ဖြစ်လေသည်။ လူငယ်လေးက ပြုံး၍ ပြောလိုက်လေ၏။ “ဘာမှမတွေ့ဘူး အစ်ကိုအားဟူ…”
ထိုစကားကိုကြားသော် အားဟူသည် စိုးရိမ်တကြီးအမူအယာဖြင့် မျက်မှောင်ကျုံ့သွားခဲ့သည်။ အားညိုသည် ယမန်နေ့က သားရဲရိုင်းကို အမဲလိုက်ရန် လိုက်သွားခဲ့ပါသော်ငြား တစ်ညလုံး ပြန်မလာခဲ့ပေ။ ထို့ကြောင့် ရွာသားများမှာ သူ့အား အလွန်ကိုမှ စိတ်ပူနေကြလေသည်။ ဤလူငယ်လေး သစ်ပင်ပေါ်တွင် ပုန်းအောင်းနေရခြင်းမှာ အကြောင်းအရင်းနှစ်ချက်ရှိသည်။ တစ်ချက်မှာ ကင်းစောင့်ရန်ဖြစ်ပြီး အခြားတစ်ချက်မှာတော့ အားညိုပြန်လာပါက ရွာသားများကို အကြောင်းကြားနိုင်ရန် ဖြစ်ပေသည်။ ကံမကောင်းစွာဖြင့် လူငယ်လေး၏စကားသည် အားဟူအား အကြီးအကျယ် စိတ်ပျက်သွားစေခဲ့လေသည်။
“အားညိုကို လူရိုင်းနတ်ဘုရားတွေက ကောင်းချီးပေးထားတယ်လို့ ရွာသူကြီးက ပြောထားတယ်မဟုတ်ဘူးလား… နင် ဘာတွေ ဒီလောက်စိတ်ပူနေတာလဲ…” အားဟွာသည် လေးတစ်ခုကို ကျောပေါ်တွင်တင်လျက် အားဟူနောက်တွင် ပေါ်လာခဲ့လေသည်။
“အားညိုက သွေးလောင်ကျွမ်းခြင်းပညာရပ် သုံးခံထားရသေးတယ်… အခု တစ်ညကုန်သွားပြီ… သွေးလောင်ကျွမ်းခြင်းပညာရပ်ရဲ့ ဘေးထွက်ဆိုးကျိုးက ပေါ်လာတော့မှာ… အဲ့ဘေးထွက်ဆိုးကျိုးပေါ်လာရင် ဘယ်လိုမျိုးဖြစ်သွားမလဲ နင်လည်းသိတာပဲ…”
အားညိုသည် လူရိုင်းနတ်ဘုရား၏ ကောင်းချီးပေးခြင်း ခံရသည့်အတွက်ကြောင့် အသစ်တဖန် ပြန်လည်မွေးဖွားလာနိုင်ခဲ့ပါသော်ငြား သွေးလောင်ကျွမ်းခြင်းပညာရပ်၏ ဘေးထွက်ဆိုးကျိုးသည် မည်သည့် ရှေးဟောင်းလူရိုင်းမျိုးနွယ်စုဝင်မှ လျစ်လျူရှု၍ရသည့် အရာမျိုးမဟုတ်ပေ။ သူတို့သည်သာ အားနည်းနေသည့်အချိန်အတွင်း သားရဲအုပ်ကြီး၏ ဝိုင်းရံခြင်း ခံလိုက်ရမည်ဆိုပါက မည်သို့မျှ ပြန်တိုက်ခိုက်နိုင်လိမ့်မည်မဟုတ်ပေ။
“အခုမှစိတ်ပူနေလည်း ဘာမှမထူးဘူး… လူရိုင်းနတ်ဘုရားတွေနဲ့ အားညိုကို ယုံဖို့ပဲရှိတယ်…” အားဟွာသည် အားဟူ၏ပုခုံးကို ပုတ်လျက် ရွာထဲသို့ ပြန်ဝင်သွားလေသည်။ ယမန်နေ့ကတိုက်ပွဲသည် သူတို့ရွာအား ထိခိုက်သွားစေခြင်း မရှိပါသော်ငြား ထိုတိုက်ပွဲကြောင့်ပင် ရွာထဲ၌ လုပ်စရာကိစ္စများစွာ ပေါ်လာရလေသည်။
“အစ်ကိုအားဟူ… တစ်ယောက်ယောက် လာနေသလိုပဲ…” သစ်ပင်ပေါ်တွင်ရှိနေသော လူငယ်လေးက ရုတ်တရက် အော်ပြောလိုက်သည်။
“ဘယ်သူလဲ…” အားဟူ ခေါင်းမော့၍ စိုးရိမ်တကြီးဖြင့် လှမ်းမေးလိုက်သည်။
“သေသေချာချာ မမြင်ရဘူး…” လူငယ်လေးက ပြန်ပြောလေ၏။
“အဲ့ဒါဆို မင်းမျက်လုံးကို သေချာပြူးပြီးတော့ကြည့်ကွာ…” အားဟူက ထအော်လေသည်။
လူငယ်လေး ဆွံ့အသွားခဲ့ပြီး သူ့ဘာသာသူ တွေးလိုက်လေ၏။ (မျက်လုံးကို ပြူးပြီးကြည့်လည်း ဘာမှ ထူးလာမှာမှမဟုတ်တာ…) သို့သော်ငြား မကြာမီ အလန့်တကြား ထအော်လေ၏။ “အဲ့ဒါ သားရဲရိုင်းကြီး…”
သားရဲရိုင်းကြီး၏ ခန္ဓာကိုယ်ကြီး သူတို့ဆီသို့ အလွန်တရာကိုမှ မြန်ဆန်သည့်နှုန်းဖြင့် တိုးကပ်လာနေသည်ကို လူငယ်လေး သေသေချာချာ မြင်လိုက်ရလေသည်။
“ဘာ…” အားဟူနှင့် အားဟွာတို့၏ မျက်နှာများ ကြောက်ရွံ့မှုကြောင့် ဖြူလျော်သွားကုန်ကြလေသည်။ နှစ်ဦးစလုံး အကြည့်ချင်းဖလှယ်လိုက်ကြရာ နှစ်ဦးစလုံး၏မျက်ဝန်းထဲ ထိတ်လန့်ကြောက်ရွံ့နေသည့် အရိပ်အယောင်များကို အတိုင်းသား မြင်နေရလေသည်။
(ငါတို့ရွာတော့ သွားပြီ…)
သားရဲရိုင်းမှာ သူတို့ရွာအား နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်လာခဲ့ပြန်လေသည်။ ထိုသို့ဖြစ်လေရာ အားညို မည်ကဲ့သို့ဖြစ်သွားသလဲ အသိသာကြီးပင်။ ယမန်နေ့ကတိုက်ပွဲတွင် သူတို့ ရွာသွားအချို့ကို ဆုံးရှုံးခဲ့ရရုံမက သွေးလောင်ကျွမ်းခြင်းပညာရပ်ကြောင့် ရွာသားတော်တော်များများမှာ ဆက်၍ မတိုက်ခိုက်တော့နိုင် ဖြစ်သွားရလေသည်။ ယခု သားရဲရိုင်းမှ သူတို့အား နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်လာသည့်အခါတွင် မည်သူကမျှ သူတို့အား ကာကွယ်ပေးပါဦးမည်နည်း။
“မဟုတ်သေးဘူး…” လူငယ်လေးက ထပ်မံ၍ ပြောလိုက်ပြန်လေသည်။ ထို့နောက်တွင် ဝမ်းသာအားရဖြင့် ကတုန်ကယင်ဖြစ်နေသည့်သူ့အသံ ထပ်မံထွက်ပေါ်လာခဲ့သည်။ “အဲ့ဒါ အစ်ကိုအားညိုပဲ… အစ်ကိုအားညိုပဲ…”
လူငယ်လေးမှ ဟိုတစ်မျိုး ဒီတစ်မျိုး ပြောနေသည့်အတွက်ကြောင့် အားဟူမှာ စိတ်မရှည်နိုင်တော့ဘဲ ဒေါသတကြီးဖြင့် ထအော်တော့လေသည်။ “အားညိုလား… သားရဲရိုင်းလား… သေသေချာချာ ကြည့်ပြီးမှ ပြောစမ်းကွာ…”
တစ်ယောက်သည် လူဖြစ်ကာ အခြားတစ်ကောင်သည် သားရဲတစ်ကောင်ဖြစ်လေရာ ထိုနှစ်ဦးကို မည်ကဲ့သို့များ အထင်မှားစရာအကြောင်း ရှိပါမည်နည်း။ ထိုနှစ်ဦးကို အထင်မှားရလေအောင် ထိုလူငယ်လေး၏အမြင်အာရုံ မည်မျှပင် ဆိုးရွားနေလေသနည်း။
အားဟွာကမူ ဘာမှပြောမနေခဲ့ဘဲ သစ်ပင်ပေါ်သို့ အမြန်ပြေးတက်ကာ သူမကိုယ်တိုင် သွားကြည့်လေသည်။ မြားသမားတစ်ဦးဖြစ်သည့်အတွက်ကြောင့် သူမ၏အမြင်အာရုံမှာ အလွန်ကိုမှ စူးရှလှသည်။ လူငယ်လေးမမြင်နိုင်သည့်အရာကို သူမအနေဖြင့် သေချာမြင်နိုင်ပေသည်။
အားဟူကမူ သစ်ပင်အောက်တွင်သာ စိုးရိမ်တကြီးဖြင့် ရပ်စောင့်နေခဲ့လေသည်။ တစ်ခဏအကြာ၌ အောက်သို့ ပြန်ငုံ့လာလျက် ပြုံး၍ ပြောလိုက်လေ၏။ “အားညိုပဲ… အားညို သားရဲရိုင်းကို ပြန်သယ်လာတာ…”
အားဟူ ကြောင်သွားခဲ့လေသည်။ ထို့နောက် မယုံကြည်နိုင်ဟန်ဖြင့် မေးလိုက်လေသည်။ “အားညို သားရဲရိုင်းကို သတ်လိုက်တာလား…”
အားဟွာသည် သစ်ပင်ပေါ်မှ ပြန်ဆင်းလာပြီး ကျစ်ဆံမြီးကို နောက်သို့ သပ်တင်ရင်းမှ ခေါင်းညိတ်၍ ပြောလိုက်သည်။ “ဟုတ်တယ်… အားညို သားရဲရိုင်းကို သတ်ပြီး ပြန်သယ်လာတာ…”
ထိုအခါမှသာလျှင် အားဟူ သက်ပြင်းချလိုက်နိုင်ပြီး အကျယ်ကြီး အော်ရယ်မောလိုက်လေ၏။ ထို့နောက် ရွာဘက်သို့လှည့်၍ အော်ပြောလိုက်လေသည်။ “အားလုံး… ထွက်လာကြပေတော့… အားညို သားရဲရိုင်းကိုသတ်ပြီး ပြန်လာနေပြီ…”
အလုပ်များနေသည့် ရွာသားများမှာ အားဟူ၏ အော်ပြောသံကို ကြားပြီးသည့်နောက် အံ့အားသင့်သွားကုန်ကြလေသည်။ ထို့နောက်တွင် အကုန်လုံးသည် လုပ်လက်စအလုပ်များကို ပစ်ထားလျက် ရွာဝင်ပေါက်တွင် စုဝေးလာကုန်ကြလေ၏။
“အားညို တကယ်ကြီး သားရဲရိုင်းကို သတ်လိုက်တာလား…”
“ဘယ်သူတွေ့လိုက်လဲ…”
“အားဟူ… မင်း ငါတို့ကို လိမ်နေတာတော့ မဟုတ်ဘူးလား…”
“အဲ့ ဆန်ကုန်မြေလေးကောင်အားညို တကယ်ကြီး သားရဲရိုင်းကို သတ်နိုင်တာလား…”
“ဟေ့ကောင်… အားညိုက ဆန်ကုန်မြေလေးမဟုတ်တော့ဘူးကွ… သူ့ကြောင့်ပဲ မနေ့က သားရဲအုပ်ကို ပြန်မောင်းထုတ်နိုင်ခဲ့တာ…”
“အရင်ကဆို သူ့ခမျာ လေးကြိုးကိုဆွဲဖို့တောင် မတတ်နိုင်တာ မဟုတ်ဘူးလား… ဘယ်လိုလုပ်ပြီး အခုလိုမျိုး ရုတ်တရက်ကြီး ပြောင်းလဲသွားရတာလဲ…”
“သူ့ကို လူရိုင်းနတ်ဘုရားတွေက ကောင်းချီးပေးထားတယ်လို့ ရွာသူကြီးက ပြောတယ်လေ…”
ရန်ကိုင်သည် သေဆုံးနေသည့် မွန်းစတားသားရဲအလောင်းကို ပုခုံးထက်တွင်တင်လျက် ရွာဆီသို့ ပြန်လာခဲ့။ ရွာသို့ မရောက်သေးခင်မှာပင် ရွာဝင်ပေါက်၌ လူပေါင်းများစွာ စုဝေးနေရင်း သူ့ဆီသို့ လက်ညှိုးတထိုးထိုးဖြင့် ဘာမှန်းမသိသောစကားများကို ရေရွတ်ပြောဆိုနေကြောင်း တွေ့လိုက်ရလေသည်။
အားဟူသည် လူအုပ်ကြီးရှေ့တွင်ရပ်လျက် ရန်ကိုင်အား အပြုံးကြီးပြုံးရင်း လှမ်းအော်ခေါ်နေခဲ့လေသည်။
(အားဟွာပြောတဲ့ပုံအရဆိုရင်တော့ အားဟူက သူစားရမယ့်အစာတွေကို ငါ့ဆီ လာလာ ခွဲပေးတယ်… အဲ့ဒါကြောင့်ပဲ ငါ ဆာပြီး မသေခဲ့တာ…) ရန်ကိုင်ကိုယ်တိုင်မှာ ထိုအဖြစ်အပျက်နှင့် ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ရခြင်း မရှိပါသော်ငြား သူ့အနေဖြင့် ယနေ့ခေတ်တွင် အသက်ရှင်နေနိုင်သော အားညို၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ခဲ့ရခြင်းမှာ အားဟူ၏ ကြင်နာမှုကြောင့်သာ ဖြစ်လေသည်။ ထို့အတွက်ကြောင့် ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်လူငယ်လေး သူ့အပေါ် မည်မျှစိုးရိမ်ကြောင်းကိုလည်း ရန်ကိုင်သိပေသည်။
ရန်ကိုင်သည် အားဟူ သူ့အား လှမ်းခေါ်နေသည်ကိုမြင်သော် သူ့ပုခုံးတွင် ထမ်းထားသည့် သားရဲရိုင်းကြီးကို မြင့်မြင့် မြှောက်ပြလိုက်လေသည်။ သားရဲရိုင်းကြီးကို မြင်သည့်အခိုက် ရွာသားများမှာ ဝမ်းသာအားရ ထအော်ခုန်ကြပြီး အကုန်လုံး သူ့ဆီသို့ ပြေးလာကြလေသည်။
မျက်တောင်တစ်ခတ်အတွင်း ရန်ကိုင်အား ရာနှင့်ချီသော ရွာသားများမှ ဝိုင်းရံသွားကြသည်။ ထို့နောက်တွင် ရွာသားများသည် ရန်ကိုင်၏ပုခုံးအား စိတ်အားထက်သန်၊ လေးစားအားကျသည့် အမူအယာများဖြင့် တစ်ယောက်ပြီးတစ်ယောက် လာပုတ်ကြလေသည်။ ထို့နောက်တွင် ရန်ကိုင်အတွက် လမ်းဖယ်ပေးလိုက်ပြီး ရန်ကိုင်အား ရှေ့သို့ ဆက်သွားစေလေ၏။
ရွာသားများ ဘာကြောင့် သူ့ပုခုံးအား ယခုကဲ့သို့ လာပုတ်ရသလဲဆိုသည်ကို နားမလည်ပါသော်ငြား ရန်ကိုင်ကမူ ထိုလူများ၏ သူ့အပေါ်ထားသည့် လေးစားအားကျမှုတို့ကို အတိုင်းသား ခံစားမိပေသည်။
ရွာသူကြီးလည်း တုတ်ကောက်တစ်ချောင်းနှင့် ရွာဝင်ပေါက်တွင် ရပ်စောင့်နေခဲ့သည်။ သူ့ခန္ဓာကိုယ်မှာ အလွန်တရာကိုမှ အားနည်းနေလား မသိလေရာ ရွာသူကြီး၏ခန္ဓာကိုယ်မှာ တုန်တုန်ရီရီ ဖြစ်နေခဲ့လေသည်။
ရန်ကိုင်သည် ရွာသားပေါင်းများစွာကို ဦးဆောင်လျက် ရွာသူကြီးရှေ့သို့ လျှောက်သွားလိုက်ပြီး သူထမ်းသယ်လာသည့် သားရဲရိုင်းကို မြေပေါ်သို့ချကာ ပြုံးဖြီး၍ ပြောလိုက်သည်။ “ရွာသူကြီး… ကျုပ် သားရဲရိုင်းကို သတ်လာခဲ့ပြီးပြီ…”
ရွာသူကြီးသည် သားရဲရိုင်းကို သေသေချာချာ စူးစမ်းလေ့လာကြည့်ပြီးသည့်နောက် ခေါင်းညိတ်လိုက်လေ၏။ “ကောင်းတယ်…”
ရွာသူကြီးသည် အခြားသောရွာသားများကဲ့သို့ ရန်ကိုင်အား ချီးကျူးစကား များများစားစားမပြောခဲ့။ ရိုးရိုးရှင်းရှင်းသာ ပြန်ပြောလိုက်လေသည်။ ရန်ကိုင်ကမူ ပြုံးမြဲပြုံးနေလေ၏။
ယခုဆိုလျှင် ရှေးဟောင်းလူရိုင်းမျိုးနွယ်စုဝင်ထဲရှိ ကောင်လေးများ ကောင်မလေးများသည် သားရဲရိုင်းအနားတွင် စုဝေး၍ သားရဲရိုင်းကို စိတ်ဝင်တစားဖြင့် ကြည့်နေကြလေသည်။ ဤကဲ့သို့သော သားရဲရိုင်းကို သူတို့ဘဝတွင် ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်လေရာ အကုန်လုံးမှာ အလွန်ကိုမှ သိချင်စိတ် ပြင်းပြနေမိကြလေသည်။ အချို့ဆိုလျှင် သားရဲရိုင်းကို သွားရောက်ပင် ထိကိုင်နေကြလေသည်။ သို့သော်ငြား သူတို့မိဘများ၏ စူးရဲသည့်အကြည့်များကို ခံစားမိလိုက်သည့်အခိုက် ချက်ချင်း လက်ကို ပြန်ရုတ်သိမ်းလိုက်ကြလေသည်။
ထိုစဉ် ကောင်မလေးတစ်ဦးသည် ရွှေရောင် မှိုင်းထိုင်းထိုင်းအရည်များ ထည့်ထားသည့် ခွက်တစ်လုံးကို ကိုင်၍ လူအုပ်ကြီး၏နောက်ဘက်ဆီမှ လမ်းလျှောက် ထွက်လာခဲ့သည်။ ထိုခွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် သင်းပျံ့သည့် အရက်နံ့တို့မှာလည်း လေထဲ ပျံ့လွင့်လာခဲ့လေသည်။ ကောင်မလေးသည် ရန်ကိုင်ဆီသို့ လျှောက်လာပြီး ရန်ကိုင်အား ရှက်ကိုးရှက်ကန်းဖြင့် ကြည့်လိုက်သည်။ သူမမျက်နှာတစ်ပြင်လုံး ရဲတက်နေခဲ့ပါသော်ငြား ကောင်မလေးသည် ရန်ကိုင်ဆီမှ အကြည့်လွှဲသွားခြင်း မရှိခဲ့။ သူမ၏ မီးတောက်ပမာ ပြင်းပြသည့်အကြည့်သည် ရန်ကိုင်ကိုပင်လျှင် မသက်မသာ ဖြစ်စေခဲ့သည်။
ရှင်းရှင်းပြောရရလျှင် ရှေးဟောင်းလူမျိုးနွယ်စုဝင်များမှ အမျိုးသမီးများ၏ပုံစံသည် ရန်ကိုင်၏အကြိုက်နှင့် သိပ်မကိုက်လှပေ။ သို့သော်ငြား ဤကောင်မလေးမှာတော့ ဤနေရာတွင်ရှိနေသော ကျန်အမျိုးသမီးများနှင့် အနည်းငယ် ကွဲပြားနေသည်ဟု ပြော၍ရသည်။ သူမ၏အရပ်သည် အတော်လေးကိုမှ ရှည်ပါသော်ငြား ရုပ်ရည်ရူပကာနှင့် ကိုယ်လုံးကိုယ်ပေါက်မှာတော့ အတော်လေးကိုမှ ချောမောလှပပေသေးသည်။
ထိုအရက်ခွက်ကိုမြင်ပြီးသည့်နောက်တွင် ရန်ကိုင်သည် ရွာသူကြီးဘက်သို့လှည့်၍ ကြည့်လိုက်လေသည်။
ရွာသူကြီးက ပြန်၍ ရှင်းပြလိုက်သည်။ “ရွာထဲမှာ အတော်ဆုံးစစ်သည်တော်တွေပဲ ဒီ ထွဋ်မြတ်ဝိုင်ကို သောက်ခွင့်ရှိတယ်… ကဲ… သွားသောက်လိုက်…”
(တကယ်ကြီး အရက်ပဲ…) အရက်နံ့ကို ရလိုက်သည့်တိုင် အရက်ခွက်ဟုတ်မဟုတ် မသေချာသေးသည့်အတွက်ကြောင့် ရွာသူကြီးကို လှမ်းမေးလိုက်ခြင်း ဖြစ်လေသည်။
ရန်ကိုင်သည် ကောင်မလေးဆီမှ ကျောက်တုံးခွက်ကို လှမ်းယူ၍ တစ်ကျိုက်တည်း မော့သောက်လိုက်လေသည်။ သူ့ပါးစပ်ထဲသို့ အရက်များ စီးဝင်လာသည်နှင့်တစ်ပြိုင်နက် လည်ချောင်းတစ်လျှောက် ပူဆင်းသွားခဲ့လေသည်။ ပူလွလွစွမ်းအားသည် သူ့ဝမ်းဗိုက်တစ်လျှောက် စီးဆင်းသွားခဲ့ပြီးသည့်နောက် ထူးဆန်းသည့် စွမ်းအားတစ်ရပ်မှာ သူ့ဝမ်းဗိုက်မှနေ၍ သွေးကြောများထဲသို့ စိမ့်ဝင် ပျံ့နှံ့လာခဲ့လေ၏။ ထို့အတွက်ကြောင့် ရန်ကိုင် မျက်ခုံးတစ်ချက် ပင့်မိသွားခဲ့လေသည်။ ထိုစွမ်းအားကို သေသေချာချာ မစစ်ဆေးနိုင်သေးခင်မှာပင် ရွာသားများသည် ရန်ကိုင်ကို မြှောက်၍ လေပေါ်သို့ ပစ်တင်လိုက်လေ၏။ ထို့နောက်တွင် အားညိုဟူသည့် နာမည်ကို အော်ဟစ်ကြရင်း ရန်ကိုင်အား ပြန်ဖမ်းလိုက် လေပေါ်သို့ပစ်တင်လိုက် ပြန်ဖမ်းလိုက် လေပေါ်သို့ပစ်တင်လိုက် လုပ်နေကြလေသည်။
ထိုအချိန်အတောအတွင်း ရွာထဲ၌ရှိနေသော ကောင်မလေးများသည် ရန်ကိုင် ဘာမှ မလုပ်နိုင်သည်ကို အခွင့်ကောင်းယူလျက် ရန်ကိုင်၏ခန္ဓာကိုယ်အား အားပါးတရ ပွတ်သပ်ကြလေသည်။ ရန်ကိုင်၏ ကြွက်သားများ၊ သီးသန့်နေရာများကို လာရောက် ထိတွေ့ကြသည်။ ရှေးဟောင်းလူရိုင်းမျိုးနွယ်စုဝင်အမျိုးသမီးများမှာ တကယ်ကို စည်းမရှိကမ်းမရှိ နိုင်လွန်းလှကာ အလွန်ကိုမှလည်း တည့်တိုးဆန်လှလေသည်။ ထို့အတွက်ကြောင့်ပင်လျှင် ရန်ကိုင်မှာ အတော်လေးကိုမှ ရှက်သွားရလေသည်။ မိန်းမငယ်လေးများသာဆိုလျှင်တော့ တော်ပေသေးသည်။ အသက်ကြီးကြီးအမျိုးသမီးမှာလည်း ထိုမိန်းကလေးများနည်းတူ သူ့ခန္ဓာကိုယ်အား လာရောက်ပွတ်သပ်ကိုင်တွယ်နေကြသည်မှာ ရန်ကိုင်မကြိုက်သည့် အချက်တစ်ချက် ဖြစ်ပေသည်။
အထူးပွဲတော်ကို ဆင်နွှဲနေကြသည့်အလား တစ်ရွာလုံးမှာ အလွန်ကိုမှ ဝမ်းသာအားရ ဖြစ်နေကြလေသည်။ အချိန်အတော်ကြာပြီးသည့်နောက်မှသာ ရွာသားများသည် ရန်ကိုင်အား ပြန်ချပေးလိုက်ကြလေသည်။ ရန်ကိုင်မှာတော့ မြေပြင်ပေါ်သို့ရောက်ရောက်ချင်း အရက်ကွက်နင်းသလို ဒယီးဒယိုင် ဖြစ်သွားခဲ့လေသည်။ သူ့တစ်ခေါင်းလုံးမှာ မူးနောက်နေခဲ့လေရာ သွေးလောင်ကျွမ်းခြင်းပညာရပ်ကို သုံးပြီးသည့်နောက် ကြုံရသည့် ဘေးထွက်ဆိုးကျိုးထက်ပင် ပိုမိုဆိုးရွားသည့် ခံစားချက်ကို ခံစားနေခဲ့ရသည်။
ရွာသူကြီးသည် ပြုံးရင်းမှ သူ့လက်ကို ဆန့်ထုတ်လာလေသည်။ သစ်ပင်ပေါ်တွင်ရပ်စောင့်၍ ရန်ကိုင်ပြန်လာမည်ကို စောင့်ကြည့်နေခဲ့သော လူငယ်လေးသည် ချက်ချင်းပဲ သူ့ခါးကြားတွင် ထိုးထားသော ကျောက်တုံးဓါးမြှောင်ကိုထုတ်၍ ရွာသူကြီးဆီသို့ ပေးလိုက်လေ၏။ ထို့နောက်တွင် ရွာသူကြီးသည် သားရဲရိုင်းကို စတင် ဖြတ်တောက်တော့လေသည်။ တစ်ခဏလေးအတွင်း ရွာသူကြီးသည် သားရဲရိုင်းကိုပိုင်းဖြတ်၍ လက်သည်းခွံအရွယ် ပစ္စည်းလေးတစ်ခုကို ထုတ်ယူလာပြီး ရန်ကိုင်ဆီသို့ပေးကာ ပြောလိုက်လေသည်။ “ဒါကို အရက်ထဲစိမ်ပြီးတော့ သောက်လိုက်… အဲ့ဒါဆို မင်း ပိုပြီးတော့ အားကောင်းလာလိမ့်မယ်…”
ရွာသားများသည် ထိုလက်သည်းခွံအရွယ် သွေးဖြင့်ရောယှက်နေသော အနီရောင်အလုံးလေးကို မနာလိုအားကျသည့် အကြည့်များဖြင့် စိုက်ကြည့်နေကြလေသည်။
(ဒါ မွန်းစတားအမြုတေမဟုတ်ဘူးလား… ပြီးတော့ အရမ်းကို အဆင့်နိမ့်လွန်းတဲ့ မွန်းစတားအမြုတေတစ်ခုပဲ…) ယခုမှသာ ရှေးဟောင်းလူမျိုးနွယ်စုဝင်များသည် မွန်းစတားအမြုတေများကို တိုက်ရိုက်စားသုံးမှန်း ရန်ကိုင်နားလည်သွားတော့လေသည်။ ဤသို့ဖြစ်သည်မှာလည်း အထူးအဆန်းတော့မဟုတ်။ ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင် တည်ရှိစဉ်အချိန်၌ သိုင်းတာအိုမှာ ဖြစ်ထွန်းခြင်း မရှိသေးလေရာ ဆေးပညာဆိုသည်မှာ ထိုလူများမကြားဖူးသည့် အရာတစ်ခု ဖြစ်ပေသည်။ ထိုသို့ဖြစ်လေရာ သူတို့အနေဖြင့် ဆေးလုံးများကို မည်ကဲ့သို့များ ဖော်စပ်နိုင်ပါမည်နည်း။
မွန်းစတားအမြုတေများကို တိုက်ရိုက်စားသုံးခြင်းသည် ကျင့်ကြံသူတစ်ဦး၏ ခွန်အားကို တိုးတက်လာစေနိုင်ပါသော်ငြား ဘေးထွက်ဆိုးကျိုးများလည်း ရှိပေသေးသည်။ တကယ်တော့ မွန်းစတားအမြုတေထဲတွင် မွန်းစတားသားရဲများ၏ စွမ်းအားတို့ ကိန်းအောင်းနေရုံမက သူတို့၏ အရိုင်းဆန်သည့်သဘာဝများလည်း ကိန်းအောင်းနေပေသေးသည်။ ထို့အတွက်ကြောင့် မွန်းစတားအမြုတေများကိုသာ တိုက်ရိုက်စားသုံးလိုက်မည်ဆိုပါက မွန်းစတားသားရဲများ၏ အရိုင်းဆန်သည့် သဘာဝများ၏ လွှမ်းမိုးခြင်း ခံရကာ လူတစ်ဦး၏စိတ်မှာ ပုံမှန်မဟုတ်ဘဲ ဂယောက်ခြောက်ခြား ဖြစ်လာနိုင်ပေသည်။
“ဒီသားရဲရိုင်းကတော့ မင်းအပိုင်ပဲ… မင်းနဲ့ပြန်ယူသွားလိုက်… ဒါကို ရေရှည်စွဲပြီးတော့ စားမယ်ဆိုလို့ရှိရင် မင်း ပိုပြီး အားကောင်းလာလိမ့်မယ်…” ရွာသူကြီးသည် ရန်ကိုင်ပြန်သယ်လာသည့် သားရဲရိုင်းကို ညွှန်ပြရင်းမှ ပြောလိုက်သည်။
“အင်း…” ရန်ကိုင်လည်း ငြင်းမနေခဲ့ချေ။ ဤနေရာကိုရောက်သည်မှာ တစ်ရက်သာ ရှိပါသေးသော်ငြား ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်များ၏ စည်းမျဉ်းစည်းကမ်းများအကြောင်းကို အတော်လေး နားလည်နေခဲ့လေပြီ။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤရွာသားများမှာ အတော်လေးကိုမှ ရိုးစင်းပွင့်လင်းကာ စိတ်ထားဖြောင့်မတ်သည့်လူများမှန်း ရန်ကိုင်ပြောနိုင်ပေသည်။
ရန်ကိုင်သည် တစ်ချက်မျှ ရပ်နေပြီးသည့်နောက် ပြန်၍ ပြောလိုက်လေသည်။ “ဒါနဲ့ ရွာသူကြီး… ကျုပ် ဒီသားရဲရိုင်းကို သတ်ခဲ့တဲ့နေရာမှာ သားရဲအသေကောင် အကောင်သုံးရာကျော်လောက် ရှိသေးတယ်နော်… အဲ့ဒါတွေကို သွားပြန်သယ်ချင်သေးလား… သယ်ချင်ရင် ကျုပ် ခေါ်သွားပေးလို့ရတယ်…”
ရန်ကိုင်ပါးစပ်မှ ထိုစကားများ ထွက်လာသည်နှင့်တစ်ပြိုင်နက် ရွာသားများ ဝမ်းသာအားရ ဖြစ်သွားကုန်ကြသည်။ ရွာသူကြီးက ပြန်၍ ပြောလိုက်လေသည်။ “ဒီလောက်အဖိုးတန်တဲ့အစာတွေကို ဒီတိုင်းတော့ လက်လွတ်ခံလို့ ဘယ်ဖြစ်ပါ့မလဲ… ဒါပေမယ့် နောက်ရက်နည်းနည်းလောက်ကြာမှ သွားပြန်သယ်ကြတာပေါ့ကွာ… အခုလောလောဆယ် အကုန်လုံးက အားနည်းနေကြတာဆိုတော့ သွားလို့ အဆင်မပြေသေးဘူး…”
အားဟူက ပြုံး၍ ပြန်ပြောလိုက်သည်။ “ရွာသူကြီး… အားညိုလည်း ပြန်ရောက်လာပြီ… ဆောင်းအတွက်လည်း အစာတွေလုံလောက်နေပြီဆိုတော့ ကျုပ်တို့ စားသောက်ပွဲတွေကျင်းပကြမယ်…”
ထိုသို့ပြောနေရင်း အားဟူ၏ပါးစပ်မှ သွားရည်များ စီးကျလာခဲ့လေသည်။ အခြားသောရွာသားများမှာလည်း ရွာသူကြီးအား မျှော်လင့်တကြီးအမူအယာများဖြင့် ကြည့်နေကြသည်။
“မင်း စားဖို့ပဲသိတာလား…” ရွာသူကြီးသည် သူ၏တုတ်ကောက်ဖြင့် အားဟူ၏ခေါင်းကို ကောက်ခေါက်လိုက်လေသည်။
အားဟူမှာတော့ သူ့ခေါင်းကို ရှက်ကိုးရှက်ကန်းအမူအယာဖြင့် ကုတ်ရင်းမှ ရယ်သွမ်းသွေးလိုက်လေသည်။
အကုန်လုံး၏အမူအယာကိုမြင်သော် ရွာသူကြီးလည်း လက်လျှော့လိုက်လေ၏။ “ကောင်းပြီလေ… အဲ့ဒါဆို ဒီနေ့ စားသောက်ပွဲ ကျင်းပကြတာပေါ့…”
ရွာသားအားလုံး ဝမ်းသာအားရ ထအော်ကုန်ကြလေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၈၀၅)
ဘာသာပြန်သူ_တိမ်တိုက်
‘အစားအစာသည် လူဘဝတွင် အရေးအကြီးဆုံးအရာတစ်ခု ဖြစ်သည်’ ဟူသောစကားမှာ တကယ် မှန်ပေသည်။ ရှေးခေတ်အချိန်မှစ၍ ယနေ့အချိန်တွင် သာမန်လူများအဖို့ မြိန်ရေရှက်ရေ စားသောက်နိုင်ခြင်းသည် လူဖြစ်ရခြင်း၏ သုခများအနက် တစ်ပါး ဖြစ်ပေသည်။
ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်များ၏ ချက်ပြုတ်သည့် နည်းလမ်းမှာ အလွန်ကိုမှ ရိုးရှင်းပေသည်။ အသားများကို ကင်ခြင်းပင်။ အသားတုံးကြီးများကို သစ်ချောင်းဖြင့်ထိုးကာ မီးပုံပေါ်တွင် တင်၍ ကင်ကြသည်။ ရွှေရောင်တောက်တောက်နှင့် အဆီတရွှမ်းရွှမ်း အသားတုံးသည် သူတို့အတွက် အလွန်ကိုမှ အရသာရှိလှသည့် အစားအစာ တစ်ခု ဖြစ်ပေသည်။
သားရဲအုပ်ကျူးကျော်လာသည့် မနေ့က ရွာသားများသည် သားရဲများကို သတ်နိုင်ခဲ့ပြီး အသားများစွာကို ရရှိခဲ့သော်ငြား ရွာသားများမှာ ထိုအသားများကို တစ်ချက်ကလေးပင် သွားမထိခဲ့ချေ။ အကုန်လုံးမှာ အားညို ပြန်လာသည့် အချိန်ကိုသာ စောင့်နေခဲ့သည်။ ယခု အားညို ပြန်ရောက်လာပြီ ဖြစ်သည့်အတွက်ကြောင့် ထိုအသားများကို သုံးဆောင်ရမည့် အချိန်သို့ ရောက်လာလေပြီ။
အသားကင်နံ့သည့် တစ်ရွာလုံးအနှံ့ ပျံ့နေခဲ့သည်။ ရွာသားများသည် ဇွန်း၊ခရင်းများကို အသုံးပြုခြင်းမရှိ။ လက်နှင့်သာ အသားကင်များကိုကိုင်ပါ အားပါးတရ ပလုပ်ပလောင်း စားကြသည်။ အချို့အသားများမှာ မကျက်သေးဘဲ သွေးများစို့နေပါသော်ငြား ရွားသားများကတော့ ဂရုမစိုက်၊ မြိန်ရေရှက်ရေဖြင့်သာ စားသောက်နေကြသည်။
အသားများအနက် အဆီတရွှဲရွှဲနှင့် သားရေယိုစရာအသားများကိုတော့ ရန်ကိုင်အတွက် ချန်ထားပေလေသည်။ ပုံမှန်အားဖြင့် တစ်ရွာလုံးတွင် အလေးစားခံရဆုံးသူပင်လျှင် ဤကဲ့သို့ မဆက်ဆံခံရ။ ရန်ကိုင်သည် သားရဲအုပ်ကို မောင်းထုတ်ပေးပြီး သားရဲရိုင်းကို သတ်ဖြတ်ပေးခဲ့သည့် အတွက်ကြောင့်သာ သူ့အပေါ် ယခုကဲ့သို့ ဆက်ဆံနေကြခြင်း ဖြစ်သည်။
ရန်ကိုင်ကိုယ်တိုင်ကမူ သူ့ရှေ့တွင် လာချပေးထားသည့် အသားကင်များကို ဤမျှ ဂရုမစိုက်။ ဝတ်ကျေတမ်းကျေလေး စားပေးရန်သာ ဆုံးဖြတ်ထားခဲ့သည်။ သို့သော်ငြား အသားကင်နံ့ နှာခေါင်းဝသို့ ရောက်လာသည့်အခိုက် သူ့ဝမ်းဗိုက်ဆီမှ ထွက်ပေါ်လာသည့် တဂွီဂွီ မြည်သံများကြောင့် ရန်ကိုင် ကြောင်သွားခဲ့လေသည်။
(ငါကတယ်ကြီး… ဗိုက်ဆာနေတာလား။ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... ငါက ဧကရာဇ်အဆင့် ပညာရှင်တစ်ယောက်လေ၊ ဘယ်လိုလုပ်ပြီး ဗိုက်ဆာရတာလဲ) ပုံမှန်အားဖြင့် ရန်ကိုင်အဖို့ ဘာကိုမှ စားသောက်စရာမလို၊ မိုးမြေစွမ်းအင်များကို စုပ်ယူနေရုံဖြင့် သူ့ဗိုက်မှာ အလိုလို ပြည့်နေခဲ့ရသည်။ သို့သော်ငြား ဤနေရာသို့ ရောက်လာပြီးနောက်တွင် ထူးထူးဆန်းဆန်း ဗိုက်ဆာလာခဲ့ရလေသည်။ ဗိုက်ဆာလွန်းသဖြင့် ခေါင်းပင် နောက်တောက်တောက် ဖြစ်လာခဲ့ရ၏။
(ဒီကမ္ဘာကြီးက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ယုတ္တိဆန်နေရတာလဲ) ရန်ကိုင် အတွေးနက်သွားခဲ့သည်။ နောက်ဆုံး သည်းမခံနိုင်တော့သည့် အဆုံး၌ ဘာကိုမှ တွေးမနေတော့ဘဲ သူ့ရှေ့တွင် လာချထားသော အသားကင်ကို အားပါးတရ ကောက်ဝါးမြိုပစ်လိုက်လေသည်။
အမျိုးသမီးများသည် သိုလှောင်ထားသော အရွက်ခြောက်များကို ထုတ်လာခဲ့ပြီး ရွာသူကြီးကလည်း အချဉ်ဖောက်ထားသော အရက်ကို ထုတ်လာရန် အမိန့်ပေးခဲ့သည်။ တစ်ရွာလုံးမှာ အလွန်ကိုမှ စည်ကားသိုက်မြိုက်နေခဲ့လေသည်။ သို့သော် အသားကင်နံ့ကြောင့် သားရဲများ ရောက်လာမည်ကို စိုးရိမ်ရသည့်အတွက်၊ အလွန်ကို ပျော်ရွှင်နေလင့်ကစား ရွာသားများမှာ ဘေးပတ်ဝန်းကျင်ကို သတိထားနေခဲ့ရသည်။
ဤသို့ဖြင့် ရွာသားများမှာ တစ်ရက်တိုင်တိုင် စားသောက်ပွဲကြီးကို ဆင်နွှဲခဲ့လေသည်။
ရန်ကိုင်ကိုယ်တိုင်မှာလည်း ဘယ်လောက်တောင် မြိုခဲ့၊ သောက်ခဲ့မှန်း မမှတ်မိတော့ဘဲ မူးတူးတူးယိုင်တိုင်တိုင်နဲ့ သူ့အိမ်လေးဆီသို့ ပြန်လာခဲ့ပြီး အိမ်သို့ ရောက်သည်နှင့် ကုတင်ပေါ်သို့ တစ်ခါတည်း တန်းပြေးလှဲတော့လေသည်။
သို့သော်ငြား ကုတင်ပေါ်တွင် လှဲနေပြီး မကြာခင်မှာပင် တစ်ယောက်ယောက် သူ့အိမ်ထဲသို့ ဝင်လာသည်ကို သတိထားမိခဲ့သည်။
သူ့ဘာသာ မည်မျှပင် မူးနေစေကာမူ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်သည်နှင့်အညီ၊ ရန်ကိုင်မှာ ချက်ချင်းပဲ မျက်လုံးပွင့်လာခဲ့ပြီး အော်မေးလိုက်လေ၏ “ဘယ်သူလဲ”
သူ့ပါးစပ်မှ ထိုစကား ထွက်သွားသည်နှင့် တစ်ပြိုင်နက် ပူနွေးနွေး ခန္ဓာကိုယ်တစ်ခု တိရစ္ဆာန်အရေပြားဖြင့် လုပ်ထားသည့် သူ့စောင်အောက် တိုးဝင်လာသည်ကို ခံစာမိလိုက်သည်။ ထို့နောက်တွင် လက်တစ်ဖက်သည် သူ့ခါးကို လာဖက်ပြီး ခေါင်းတစ်ခေါင်းသည် သူ့ရင်ဘတ်ထဲသို့ တိုးဝင်လာခဲ့လေသည်။ ထို့အပြင် သူ့မျက်နှာပေါ် ဆံသားအချို့ လာတင်နေပြီး ထူးခြားသည့် သင်းရနံ့တစ်ခုဟာလည်း သူ့နှာခေါင်းဝသို့ ရောက်လာခဲ့လေသည်။ တစ်ဖက်လူသည် သူ့အပေါ် မည်သည့် မကောင်းကြံလိုစိတ်မှ မရှိဘဲ သူ့စောင်အောက်ထဲသို့ ဝင်လာပြီး သူ့အား လာဖက်ထားခြင်းသာ။
ရန်ကိုင် ချက်ချင်း နိုးလာပြီး လှည့်ကြည့်လိုက်ရာ ပြတင်းပေါက်မှ တိုးဝင်လာနေသော မှိန်ဖျဖျ လရောက်၏ အကူအညီဖြင့် သူ့ရင်ဘတ်ထဲ တိုးဝင်လာသည့်လူကို မြင်လိုက်ရလေသည်။
“နင်ဒီမှာ ဘာလာလုပ်နေတာလဲ” ရန်ကိုင်သည် မိန်းမငယ်လေးအား အံ့ဩတကြီး ကြည့်လိုက်သည်။ ဤကောင်မလေးမှာ အခြားမဟုတ်၊ မနေ့က သူ့ဆီသို့ ထွတ်မြတ်အရက် ယူလာပေးခဲ့သည့် ကောင်မလေးသာ ဖြစ်လေသည်။ လက်ရှိ စောင်အောက်တွင် ရှိနေသော သူမဆီမှ ပျော့အိအိ အထိအတွေ့ကို ရန်ကိုင် အတိုင်းသား ခံစားမိနေခဲ့သည်။
“အစ်ကိုအားညို...” ကောင်မလေး ရန်ကိုင်အား မော့ကြည့်လာခဲ့သည်။ သူမကိုယ်တိုင်သည်လည်း ရှက်နေလင့်ကစား ရန်ကိုင်ဆီမှ အကြည့်ရှောင်ဖယ်သွားခြင်း မရှိဘဲ ရန်ကိုင်အား ပြန်ကြည့်ရင်းမှ နှုတ်ခမ်းလေး ဆူပြလိုက်လေသည်။
ရန်ကိုင်က ကြောင်အမ်းအမ်း အမူအရာဖြင့် “နင်ဘာလုပ်ချင်နေတာလဲ”
ထိုသို့ မေးပြီးနောက် ဘာကြောင့်များ ဤမျှ တုံးအသည့် မေးခွန်းအား မေးလိုက်ရသလဲဟု သူ့ကိုယ်သူ ပြန်အပြစ်တင်လိုက်မိသည်။ ကောင်မလေးဘက်က ဤမျှ သိသာစွာ အချက်ပြနေပြီ ဖြစ်ရာ သူမ ဘာလုပ်ချင်နေလဲဆိုသည်ကို ရန်ကိုင် မသိဘဲ ဘယ်နေပါတော့မည်နည်း။ ကောင်မလေးက တိုးတိုးလေး ပြန်ပြောလိုက်၏ “အစ်ကိုအားညို၊ အားနီ ဒီနေ့ (၁၅)နှစ် ပြည့်ပြီ”
ကောင်မလေးမှာ ဘာကိုမှ သေချာရှင်းမပြခဲ့။ သို့သော် (၁၅) ပြည့်သွားပြီဟူသော စကားမှာ ဘာကို ဆိုလိုမှန်းတော့ ရန်ကိုင် သိပေသည်။ (၁၅) နှစ်ပြည့်သွားပြီဟု ပြောလိုက်ခြင်းမှာ အရွယ်ရောက်ပြီဟု ပြောလိုက်ခြင်း ဖြစ်လေသည်။ တစ်နည်းဆိုရသော် သူမ၏အနာဂတ်ကို သူမဘာသာသူမ ဆုံးဖြတ်ခွင့် ရှိလာခဲ့လေပြီ။ ထို့အပြင် တစ်ရွာလုံး၏ အတော်ဆုံး စစ်သည်တော်အား အလုပ်အကျွေး ပြုလိုသည့် ဆန္ဒမှာ သူမ၏ ကိုယ်ပိုင် ဆုံးဖြတ်ချက် တစ်ခုသာ ဖြစ်လေသည်။
သူမ၏ ရည်ရွယ်ချက်ကို နားလည်လိုက်သော် ရန်ကိုင် အကြပ်ရိုက်သွားလေ၏။ ပြင်ပလောကကြီးတွင်သာ ဆိုပါက သူမ၏ တောင်းဆိုချက်မှာ လက်ခံနိုင်သည့် ဘောင်အတွင်းတွင် ရှိနေပါသော်ငြား ရန်ကိုင် လက်ရှိ ရောက်နေသည့် နေရာမှာ ကမ္ဘာငယ်လေး တစ်ခု ဖြစ်သည်။ ဤကမ္ဘာငယ်လေးထဲရှိ အရာများသည် အစစ်အမှန်လား၊ ပုံရိပ်ယောင်များလား ဆိုသည်ကိုပင် မသိသေး၊ ပုံရိပ်ယောင်သာ ဆိုပါက သူမနှင့် ချစ်ပွဲဝင်ခြင်းသည် ကိုယ့်ဘာသာ အာသာဖြေသည်နှင့် ဘာခြားတော့ပါမည်နည်း။
ရန်ကိုင်စိတ်ထဲ ထိုင်စဉ်းစားနေစဉ်မှာပင် ကောင်မလေးသည် သူမ၏ ခန္ဓာကိုယ်အား ရန်ကိုင်ကိုယ်ပေါ် ဖိကပ်၍ ရန်ကိုင် နားနားသို့ကပ်ကာ တိုးတိုးလေး မေးလိုက်လေ၏ “အစ်ကိုအားညို၊ အားနီကို ကြိုက်လား”
ရန်ကိုင်က ပြန်ပြောလိုက်၏ “ကြိုက်တာပေါ့”
မိန်းမလှလေးများကို ချစ်ကြိုက်ကြသည်မှာ ယောကျာ်းသဘာဝ ဖြစ်သည်။ ရန်ကိုင်၏ စကားကိုကြားသော် အားနီ ပြုံးသွားပြီး ရန်ကိုင်ကိုယ်ပေါ်တွင် ထထိုင်လိုက်၏။ ထို့နောက် သူမကိုယ်ပေါ်တွင် ဝတ်ထားသော တိရိစ္ဆာန် အရေခွံကို ချွတ်ချပစ်လိုက်လေသည်။ မှိန်ဖျဖျ လရောက်အောက်ဝယ်၊ ပုရိသယောကျာ်းများ ရင်ဖိုဖွယ်ရာ အမို့အမောက်၊ အရှိုက်အဝှမ်းတို့ ထွက်ပေါ်လာခဲ့လေသည်။ ရင်သက်ရှုမောဖွယ်ရာ အလှတရားကို ရှုစားရင်း ရန်ကိုင်မှာ နှားခေါင်းသွေးယိုခါနီးပင် ဖြစ်သွားခဲ့ရသည်။
မိန်းမတစ်ယောက်နှင့် အသားချင်းထိ၍ ပူးပူးကပ်ကပ် မနေခဲ့ရသည်မှာ နှစ်ပေါင်း ဘယ်လောက်ပင် ကြာသွားခဲ့လေပြီနည်း။ ဟုန်းလော့ကြယ်စီရင်စုကြီးထဲမှ ထွက်လာပြီးသည့် အချိန်မှစ၍ ရန်ကိုင်သည် တစ်ကိုယ်လုံး လေလွင့်နေခဲ့ရခြင်း ဖြစ်သည်။ ယခု ရင်ဖိုဖွယ်ရာ ခန္ဓာကိုယ်လေးကို မြင်လိုက်ရသော် သူ့စိတ်ဓါတ်မှာ အလွန်ကိုမှ ကြံ့ခိုင်သည့်တိုင် ရမ္မက်စိတ်ရိုင်းတို့မှာ နိုးကြွလာရသည်။
“နေပါဦး... နေပါဦး...” ရန်ကိုင်က အလျင်စလို ကောက်ပြောလိုက်သည်။
“ဘာဖြစ်လို့လဲ...” အားနီက ရန်ကိုင်အား မေးခွန်းထုတ်လိုသည့် အကြည့်ဖြင့် ပြန်ကြည့်လာခဲ့သည်။ ရန်ကိုင်က တံတွေးတစ်လုမျိုချလျက် ပြန်ပြောလိုက်၏ “ငါဒဏ်ရာရထားတယ်၊ တော်တော် ဆိုးဆိုးရွားရွား ရထားတာ”
အားနီသည် သူမပါးစပ်လေးကို အလန့်တကြားအုပ်လျက် ချက်ချင်းပဲ စိုးရိမ်တကြီးဖြင့် မေးလိုက်လေ၏ “ဒဏ်ရာက အရမ်းပြင်းတာလား”
ရန်ကိုင်က ကသိကအောက် အမူအရာဖြင့် အကြည့်လွှဲလျက် ပြန်ပြောလိုက်၏ “အရမ်းတော့ မပြင်းဘူး”
“အဲ့ဒါဆို ကိစ္စမရှိဘူး” ထိုသို့ ပြောပြီးနောက် အားနီသည် ရန်ကိုင်၏ အဝတ်များကို ချွတ်ရန် လုပ်လေသည်။ ရန်ကိုင်သည် သူ့အဝတ်ကို လက်ဖြင့် ဖမ်းဆွဲထားလျက် ပြန်ပြောလိုက်၏ “အားနီ၊ မလောနဲ့လေ”
အားနီက ရန်ကိုင်အား မယုံကြည်နိုင်ဟန်ဖြင့် ကြည့်လျက် “အစ်ကိုအားညိုက ညီမကို မုန်းနေတာလား”
“ဘယ်လိုလုပ်ပြီး မုန်းရမှာလဲ...” ရန်ကိုင်က အလျင်စလို ငြင်းဆိုလိုက်လေသည်။
“ဒါဆို ဘာလို့...” အားနီ မျက်ရည်ဝိုင်းသွားလေ၏။
“ဒီလို ကိစ္စတွေက သတိထားဖို့လိုတယ် အားနီရဲ့” ရန်ကိုင်က အလေးအနက် အမူအရာဖြင့် ပြန်ပြောလိုက်သည်။
အားနီသည် ရန်ကိုင်အား အတန်ကြာအောင် စိုက်ကြည့်နေခဲ့သည်။ ထို့နောက်တွင် ရန်ကိုင်ကိုယ်ပေါ်မှ ကုန်းထ၍ ချွတ်ထားသော အဝတ်များကို ပြန်ဝတ်ကာ မျက်ရည်ရွဲလဲဖြင့် အခန်းထဲမှ ပြေးထွက်သွားလေ၏။
“အားနီ...” ရန်ကိုင်က လှမ်းအော်ခေါ်လိုက်ပါသော်ငြား အားနီကမူ ပြန်မထူးခဲ့။
အားနီကိစ္စကြောင့် ရန်ကိုင်မှာ အမူးပင် ပြယ်သွားခဲ့လေသည်။ ချက်ချင်းပဲ လှဲနေရာမှ ထထိုင်၍ ဤကမ္ဘာငယ်လေးထဲ မည်ကဲ့သို့ ရှေ့ဆက်ရမလဲ ဆိုသည်ကို သေချာ စဉ်းစားတော့သည်။
ဤထူးဆန်းသော နေရာတွင် သူ၏ ဧကရာဇ်ချီကို လုံးဝ သုံးမရချေ။ သားရဲရိုင်းကို အမဲလိုက်စဉ်က စိတ်စွမ်းအင်ကို ထုတ်သုံးရန် ကြိုးစားလိုက်ပါသော်ငြား လုံးဝ သုံးမရခဲ့။ ထိုသို့ဖြင့် သူ့စိတ်စွမ်းအင်နှင့် ဧကရာဇ်ချီ နှစ်ခုစလုံးကို ဤနေရာ၌ သုံးမရကြောင်း ရန်ကိုင် ရှာတွေ့သွားတော့သည်။
(ငါးရောင်ခြယ်ရတနာဘုရား ပိတ်ဖို့က သုံးရက်ပဲ ကျန်တော့တယ်။ အဲ့သုံးရက်အတွင်း ဒီရွာကနေ ငါဘာရနိုင်မှာလဲ။ ဘယ်လိုပဲကြည့်ကြည့် ဒီလိုရွာကနေ ဘာမှရနိုင်စရာမရှိဘူး။ ငါ့ဧကရာဇ်အဆင့် ခွန်အားနဲ့သာဆို ဒီလို ရွာမျိုးတွေကို လက်ဖျောက် တစ်ချက်နဲ့တောင် ဖျက်စီးပစ်လို့ရတယ်)
ထိုကဲ့သို့ စိတ်ပျက်ပျက်နှင့် ထိုင်ငြီးတွားနေရင်းမှ ရန်ကိုင်သည် မသိလိုက်မသိဘာနဲ့ ကျင့်စဉ်အား လှည့်ပတ်မိသွားခဲ့သည်။ ထိုသို့ လှည့်ပတ်လိုက်သည့်အခိုက် သူ့သွေးကြောများထဲ စွမ်းအင်တစ်မျိုး စီးဆင်းနေကြောင်း တွေ့ရှိလိုက်ရသည့် အတွက်ကြောင့် ရန်ကိုင် လုံးဝ ကြောင်သွားခဲ့လေသည်။ ထိုစွမ်းအားမှာ အလွန်ကိုမှ အားနည်းပါသော်ငြား သူ၏ ပျောက်ဆုံးနေသည့် ဧကရာဇ်ချီ ဖြစ်သည်မှာတော့ လုံးဝ သံသယဝင်စရာ မလိုချေ။
(ဘယ်လိုလုပ်ပြီး ဧကရာဇ်ချီက ရုတ်တရက် ပေါ်လာရတာလဲ) ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ သေချာ ပြန်စဉ်းစားကြည့်လိုက်သည့်နောက်တွင် သားရဲရိုင်းကို သတ်ပြီးနောက် ရွာသို့ ပြန်လာသည့်အခါ ရွာသူကြီးမှ သူ့အား ထွတ်မြတ်အရက်ဟူသည့် အရက်တစ်ခွက် တိုက်ခဲ့ကြောင်း ပြန်သတိရသွား၏။ ထိုအရက်ခွက်ကို သောက်ပြီးနောက် သူ့ဝမ်းဗိုက်ထဲ တစ်ခုခု ဖြစ်သွားသလို ခံစားခဲ့ရသည်။ သို့သော် ထိုစဉ်က ရွာသားများ၏ ဂုဏ်ပြုကြိုဆိုမှုကြောင့် သူ့ခဗျာ ထိုကိစ္စကို စစ်ဆေးဖို့ရာ အချိန်မရှိခဲ့ချေ။
(အဲ့အရက်ခွက်ကြောင့်လား) စားသောက်ပွဲအတွင်း ရန်ကိုင် အရက်အတော် သောက်ခဲ့ပေသည်။ သို့သော် ထိုအရက်များသည် အားနီ ယူလာပေးသည့် အရက်ခွက်ကဲ့သို့ အာနိသင်မပြ (အာနီယူလာပေးတဲ့ အရက်ခွက်က ရွာသူကြီး ပြင်ဆင်ပေးထားတာ ဖြစ်ရမယ်)
ထိုသို့ စဉ်းစားမိလိုက်သည့်နောက် ရန်ကိုင် ပျော်သွားလေသည် (အဲ့အရက်ခွက်က ငါ့ဧကရာဇ်ချီကို ပြန်ရအောင် လုပ်ပေးနိုင်တယ်ဆိုတော့ ငါသာ အဲ့အရက်ကို ထပ်သောက်လို့ရမယ်ဆို ငါ့ခွန်အားအကုန်လုံးကိုတောင် ပြန်ရနိုင်တယ်)
ထိုသို့ တွေးမိလိုက်သည့်အခါ ရန်ကိုင်မှာ ရွာသူကြီးနှင့် ချက်ချင်း သွားတွေ့ချင်စိတ်တို့ပင် ဖြစ်သွားခဲ့ရလေသည်။ ဤကမ္ဘာငယ်လေးထဲသို့ ရောက်လာပြီးနောက် အန္တရာယ် ကြီးကြီးမားမားနှင့် မကြုံရသေးပါသော်ငြား ရန်ကိုင်ကမူ လိုရမယ်ရ ကြိုတင် ပြင်ဆင်ထားချင်ပေသည်။ တကယ်တော့ ယနေ့ခေတ်သည် မှော်ဆရာများ ပေါများသည့် ခေတ်တစ်ခေတ် ဖြစ်ပေသည်။ ရွာသူကြီးမှာ အတော်ကိုမှ အားနည်းသော်ငြား အားကောင်းလှသည့် မှော်ဆရာများမှာတော့ အပြင်ဘက်တွင် ရှိနေသော ကျင့်ကြံသူများကဲ့သို့ အားကောင်းကြပေသည်။
ရန်ကိုင် ပြတင်းပေါက် အပြင်ဘက်ဆီ လှမ်းကြည့်လိုက်ရာ ကောင်းကင်ထက်တွင် လသာနေမှန်း တွေ့လိုက်သော် သက်ပြင်းချလိုက်လေ၏ (မိုးမလင်သေးပါလား၊ ကြည့်ရတာ မနက်ရောက်တဲ့အထိ စောင့်ရဦးမယ်နဲ့တူယ်)
နောက်တစ်နေ့ အာရုဏ်တက်ချိန်သို့ရောက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်သည် သူ့အိမ်ထဲမှ ထွက်လာခဲ့လေသည်။ ရွာသားများမှာလည်း စောစောထ၍ အလုပ်လုပ်နေကြသည်။ ရန်ကိုင်ကို မြင်သည့်အခါ အကုန်လုံးမှာ သူ့အား တလေးတစားဖြင့် ခေါင်းညိတ်ပြကြသည်။ သို့သော်ငြား ရန်ကိုင်မှ သူတို့အား ကျောပေးလိုက်သည်နှင့် တစ်ပြိုင်နက် အကုန်လုံးမှာ တခစ်ခစ်နဲ့ ရယ်ကြတော့သည်။ အချို့ဆိုလျှင် အုပ်ဖွဲ့ရင်း ရန်ကိုင်အား မသိမသာလေး လက်ညိုးထိုး၍ ပွစိပွစိလုပ်ကာ ရယ်မောနေကြသဖြင့် ရန်ကိုင်မှာ မည်သူ့ကို ရွာသူကြီးအိမ် မည်သည့်နေရာ၌ ရှိသလဲ သွားမေးဖို့ရာ အကြပ်ရိုက်သွားရတော့လေသည်။
(ဘာတွေဖြစ်နေတာလဲ) ရန်ကိုင် နားမလည်နိုင် ဖြစ်နေခဲ့သည်။
“မနေ့ညတုန်းက အားနီ မင်းအိမ်ထဲဝင်သွားပြီး ခဏလေးနဲ့ ပြန်ထွက်လာတယ်ဆို” အားဟူက ဘယ်ကမှန်းမသိ ပေါ်လာပြီး ရန်ကိုင်၏ ပခုံးပေါ်လက်တင်၍ ပြုံးဖြီးဖြီးနှင့် မေးလိုက်သည်။
ရန်ကိုင်က အံ့အားသင့်တကြီးဖြင့် ပြန်မေးလိုက်၏ “မင်းဘယ်လိုသိတာလဲ”
အားဟူသည် ရယ်မောရင်းမှ “တစ်ရွာလုံး သိနေတာလေ”
ယခုမှသာလျှင် ရွာသားများဘာကြောင့် ထူးထူးဆန်းဆန်း ပြုမူနေရလဲ ဆိုသည်ကို ရန်ကိုင် နားလည်သွားရတော့သည်။ ထိုကိစ္စကြောင့် ဖြစ်နေသည်ကိုး...
“သူတို့တွေ ဘယ်လိုသိသွားတာလဲ” ရန်ကိုင် ရှက်နေခဲ့သည်။
အားဟူက ပြန်ပြောလိုက်သည် “ညစောင့် မြင်တာလေ” ထိုသို့ ပြောပြီးနောက်တွင် အားဟူသည် ရန်ကိုင်နားသို့ကပ်ကာ တိုးတိုးလေး မေးလိုက်လေ၏ “မင်းပန်းသေနေတာလား”
“မင်းသာ ပန်းသေ” ရန်ကိုင်က မှုန်ကုတ်ကုတ် အမူအရာဖြင့် ပြန်ပြောလေ၏။ ရန်ကိုင် အပြောကြောင့် အားဟူ ပွဲကျသွားခဲ့ရလေသည်။