အခန် (၂၈၀၆-၂၈၁၀)
Vol. 120 Ch. 2806-2810
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၈၀၆)
ဘာသာပြန်သူ_တိမ်တိုက်
“ရွာသူကြီး… ဘယ်လိုတွေနေလဲ…” ရန်ကိုင်သည် ရွာထဲရှိ တစ်ဦးတည်းသော မှော်ဆရာနှင့် သွားတွေ့လေသည်။ ရွာသူကြီးမှာ အသက်ကြီးနေပြီဖြစ်သည့်တိုင် မနက်အစောကြီးနိုးနေသည်။ ရန်ကိုင် ရွာသူကြီး အိမ်တံခါးကို ဖွင့်လိုက်ချိန်တွင် ရွာသူကြီးမှာ ဆန်ပြုတ်ခွက်ကိုကိုင်ရင်း အေးအေးဆေးဆေး ဆန်ပြုတ်သောက်နေခဲ့သည်။
ရန်ကိုင်၏အသံကိုကြားသော် ရန်ကိုင်ဆီသို့ လှည့်ကြည့်လာခဲ့လေသည်။ သို့သော်ငြား သောက်လက်စဆန်ပြုတ်အားလုံးကို ကုန်အောင်သောက်ပြီးမှသာ ပန်းကန်ကိုချ၍ ပြောလိုက်လေသည်။ “အိုး… အားညိုပါလား… ဘာကိစ္စလဲ…”
“ရွာသူကြီးဆီကနေ ထွတ်မြတ်အရက်လေး နည်းနည်းလောက် တောင်းချင်လို့…” ရန်ကိုင်က လိုရင်းကို တန်းပြောလိုက်သည်။
“ထွတ်မြတ်အရက်…” ရွာသူကြီး ကြောင်သွားခဲ့ပြီးသည့်နောက် တုတ်ကောက်အကူအညီဖြင့် ထရပ်၍ ပြောလိုက်လေ၏။ “မင်းဘာဖြစ်လို့ ထွတ်မြတ်အရက်ကို လိုချင်တာလဲ…”
“အရသာရှိလို့လေ… အဲ့ဒါကြောင့်မလို့ ထပ်သောက်ချင်တာ…” ရန်ကိုင်က ပြန်ပြောလိုက်သည်။
ရွာသူကြီး၏နှုတ်ခမ်း ကွေးတက်သွားခဲ့ပြီး တစ်ခုခုအား သတိထားမိသွားဟန်ဖြင့် ရန်ကိုင်အား အစုံအဆန် စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် သူ့မျက်လုံးထဲ အံ့အားသင့်နေသည့်အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ပြီး ကတုန်ကယင်လေသံဖြင့် ပြန်မေးလိုက်လေသည်။ “မင်း… မင်း မှော်စွမ်းအား နိုးထလာတာလား…”
“ဘယ်လို…” ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။ ရွာသူကြီးမှ ရုတ်တရက်ကြီး ခေါင်းစဉ်ပြောင်းလိုက်သည့်အတွက်ကြောင့် ရန်ကိုင်မှာ ရွာသူကြီးဘာပြောချင်နေသလဲဆိုသည်ကို နားမလည်နိုင် ဖြစ်သွားခဲ့ရလေသည်။
“ငါ့ကို မင်းလက်ပေး…” ရွာသူကြီးက စိတ်လှုပ်ရှားစွာဖြင့် သူ့လက်ကိုဆန့်ထုတ်၍ ရန်ကိုင်လက်ကို ဖမ်းကိုင်လိုက်လေသည်။
သူ့စိတ်ထဲ မယုံသင်္ကာ ဖြစ်နေခဲ့ပါသော်ငြား ရန်ကိုင်ကတော့ ငြင်းဆန်ခြင်းမရှိခဲ့။ ရွာသူကြီးမှ သူ့လက်အား လာကိုင်နေသည်ကိုသာ ခွင့်ပြုထားလိုက်သည်။ ချက်ချင်းဆိုသလို သူ့သွေးကြောများထဲသို့ အားနည်းသည့်စွမ်းအားတစ်ရပ် စီးဝင်လာသည်ကို ခံစားမိလိုက်လေသည်။
ထို့နောက်တွင် ရွာသူကြီး၏ခန္ဓာကိုယ်မှာ စတင်၍ တုန်ရီလာခဲ့လေသည်။ အိုမင်းနေသော သူ့မျက်နှာမှာ နှစ်ပေါင်းများစွာ ပိုမိုငယ်ရွယ်သွားသည့်အလား ရုတ်ချည်း နီမြန်းလာခဲ့ပြီး အံ့အားသင့်နေသည့်လေသံဖြင့် “တကယ်ကြီး မှော်စွမ်းအားပဲ… နောက်ဆုံးတော့ ငါတို့တောင်ပြာကျေးရွာမှာ မှော်စွမ်းအားကို ဆက်ခံမယ့်လူတစ်ယောက် ရှိလာခဲ့ပြီကွ…”
“ရွာသူကြီး ဒါကို ပြောနေတာလား…” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့ပြီး ဧကရာဇ်ချီကို လှည့်ပတ်၍ သူ့လက်ချောင်းထိပ် မီးပွားလေးတစ်ခုကို ဖန်တီးပြလိုက်လေသည်။
ရွာသူကြီးသည် ရန်ကိုင်၏လက်ချောင်းထိပ်ရှိ မီးပွားကို မမှိတ်မသုန်စိုက်ကြည့်၍ ခေါင်းညိတ်ပြလိုက်သည်။ “ဟုတ်တယ်… ဒါ မှော်စွမ်းအားပဲ…” ထိုသို့ပြောနေရင်းမှ ရွာသူကြီးသည် အိမ်ပြင်ဘက်သို့ထွက်သွားပြီး ဒူးထောက်ချလိုက်လေသည်။ ထို့နောက် ရိုကျိုးသည့်အမူအယာဖြင့် လက်အုပ်ချီလျက် ဆုတောင်းလိုက်လေ၏။ “အခုလိုဆောင်မပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် အို လူရိုင်းနတ်ဘုရားတို့… အခုလိုကာကွယ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်…”
ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။ ရန်ကိုင်သည် ချက်ချင်းပဲ ရွာသူကြီးအား သွားထူမပေးလိုက်လေသည်။ ထို့နောက်တွင် ရွာသူကြီးသည် အသက်ပြင်းပြင်းရှူသွင်းလျက် ရန်ကိုင်၏ပုခုံးကိုပုတ်ကာ ပြောလိုက်လေသည်။ “အားညို… အခုကစပြီး မင်းလည်း မှော်ဆရာတစ်ယောက် ဖြစ်သွားပြီ… ငါ တကယ်ကို ဝမ်းသာလို့မဆုံးဘူး…”
ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ဟုတ်တယ်… ဒါပေမယ့် ကျုပ် သိပ်နားမလည်ဘူးဖြစ်နေတယ်…”
ရွာသူကြီးက ရယ်သွမ်းသွေးလျက် “ဘာမှနားမလည်မဖြစ်နဲ့… လူရိုင်းနတ်ဘုရားက မင်းကို လမ်းညွှန်ပေးလိမ့်မယ်… မင်းငါ့ကိုလာရှာတာ အဲ့စွမ်းအားကို ခံစားမိလို့ ဟုတ်တယ်မလား… ဒါကြောင့်ပဲ နောက်ထပ်ထွတ်မြတ်အရက်တွေ ထပ်သောက်ချင်နေတာ…”
“ဟုတ်တယ်…” ရန်ကိုင်ခေါင်းညိတ်လိုက်လေသည်။ ရန်ကိုင်သည် ရွာသူကြီး၏အိမ်ထဲသို့ ခေါင်းပြူဝင်၍ လှည့်ပတ်စစ်ဆေးကြည့်သည်။ ရွာသူကြီးပင်ဖြစ်လင့်ကစား ရွာသူကြီးနေသည့်အိမ်လေးမှာတော့ ဘာဆိုဘာမှမရှိလှ။ တစ်ချက်ကြည့်လိုက်ရုံဖြင့် အိမ်ကလေးတစ်ခုလုံးမှာ ပြောင်သလင်းကို ခါနေလေသည်။ ထွတ်မြတ်အရက်၏ အရိပ်အယောင်ကိုလည်း မည်သည့်နေရာတွင်မှ မတွေ့ရပေ။
“ငါ့မှာ ထွတ်မြတ်အရက်တွေ ထပ်မရှိတော့ဘူး… မနေ့တုန်းက မင်းသောက်လိုက်တဲ့ပန်းကန်က နောက်ဆုံးကျန်တာပဲ…” ရွာသူကြီးသည် ရန်ကိုင်ဘာလိုချင်နေသလဲ ဆိုသည်ကို ကြိုမြင်နေသည့်အလား ရှင်းပြလိုက်လေသည်။ “ထွတ်မြတ်အရက်ဆိုတာ ငါတို့ရှေးဟောင်းမျိုးနွယ်စုဝင်တွေထဲမှာရှိတဲ့ မှော်စွမ်းအားကို အသက်သွင်းဖို့ သုံးတာပဲ… အဲ့ဒါကိုဖော်စပ်ဖို့က ပစ္စည်းအမယ်တွေ အများကြီးလိုတယ်… ဖော်စပ်တဲ့နည်းလမ်းကလည်း အရမ်းရှုပ်တယ်… မင်းသောက်လိုက်တဲ့နောက်ဆုံးပန်းကန်က လွန်ခဲ့တဲ့နှစ်နှစ်တုန်းက အခမ်းအနားပွဲပြီးထဲကနေ ကျန်တဲ့ နောက်ဆုံးခွက်ပဲ…”
“အခမ်းအနား…” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။
ရွာသူကြီးက ဆက်ပြောလိုက်သည်။ “မင်းမေ့နေတာလား… လွန်ခဲ့တဲ့နှစ်နှစ်တုန်းက မင်းရယ် အားဟူရယ် ရွာထဲက အခြားလူငယ်လေးတွေအကုန်လုံး အဲ့အခမ်းအနားပွဲမှာ ဆင်နွှဲကြတယ်လေ… အဲ့အခမ်းအနားပွဲက မင်းတို့မှာ မှော်ဆရာတစ်ယောက် ဖြစ်လာနိုင်တဲ့ အရည်အချင်း ရှိမရှိကို စစ်ဆေးတာပဲ… ဒါပေမယ့် အဲ့အချိန်တုန်းက မင်းတို့ထဲကဘယ်သူမှ စမ်းသပ်ချက်ကို မကျော်ဖြတ်နိုင်ဘူး…
ရွာသူကြီး ဘာကိုပြောချင်နေသလဲဆိုသည်ကို ရန်ကိုင် အကြမ်းဖျင်း နားလည်သွားခဲ့လေသည်။
“ဒါပေမယ့် မင်း ရုတ်တရက်ကြီး မှော်စွမ်းအားတွေ ရလာတာကိုတော့ ငါတကယ် မယုံကြည်နိုင်သေးဘူး…” ရွာသူကြီးမှာ အလွန်ကိုမှ စိတ်သက်သာရာ ရနေသည့်အလား ယခုနေသေသွားရမည်ဆိုလျှင်ပင် နောင်တမရမည့်ပုံစံမျိုး ပေါက်နေခဲ့လေသည်။
“တကယ်ကြီး ထွတ်မြတ်အရက် ထပ်မရှိတော့တာလား…” ရန်ကိုင်က ထပ်မေးလိုက်လေသည်။ ရန်ကိုင်မှာ ထွတ်မြတ်အရက်ကိုသုံး၍ သူ့ခွန်အားတစ်စိတ်တစ်ပိုင်းကို ပြန်လည်ရယူနိုင်မလား စမ်းကြည့်လိုခြင်းဖြစ်လေသည်။ သို့သော်ငြား ယခုမူ ပထမခြေတစ်လှမ်းနှင့်ပင် ဒုက္ခတွေ့နေရလေပြီ။
ရန်ကိုင်ကိုယ်တိုင်သည်လည်း ယခင်က စမ်းကြည့်ခဲ့ဖူးပေသည်။ သူ့ကျင့်စဉ်ကို လှည့်ပတ်လိုက်၍ သူ့ခွန်အားကို တိုးတက်လာစေခြင်းမရှိခဲ့။ ကြည့်ရသလောက် ဤခေတ်၏ မိုးမြေစွမ်းအင်သည် သူနေထိုင်သည့်ခေတ်က မိုးမြေစွမ်းအင်နှင့် လုံးဝကို ကွာခြားသည့်ပုံပင်။ ထို့အတွက်ကြောင့် သူတတ်မြောက်ထားသော ပညာရပ်များမှာ ယခုသူရောက်နေသည့် နေရာတွင် အသုံးမဝင်တော့သလို ဖြစ်ကုန်ရလေသည်။
ရွာသူကြီးက ခေါင်းခါ၍ ပြန်ပြောလိုက်သည်။ “မရှိတော့ဘူး… ရှိလည်း မင်းအတွက် ဘာမှမထူးဘူး။ ထွတ်မြတ်အရက်က မှော်စွမ်းအား မနိုးထလာခင်အထိပဲ အသုံးဝင်တာ။ အခု မင်းရဲ့ မှော်စွမ်းအား နိုးထလာပြီဆိုတော့ ထွတ်မြတ်အရက်ကို ထပ်သောက်လည်း မင်းရဲ့ မှော်စွမ်းအားက တိုးလာမှာ မဟုတ်တော့ဘူး”
(စမ်းကြည့်မှပဲ သိမှာပေါ့…) ရန်ကိုင် သူ့စိတ်ထဲ ရေရွတ်လိုက်လေသည်။
ရုတ်တရက်ဆိုသလို ရွာသူကြီးသည် တောက်ပစွာပြုံးလျက် ရန်ကိုင်အား စိုက်ကြည့်ရင်းမှ မေးလိုက်သည်။ “အားညို… မင်း ပိုပြီးအားကောင်းတဲ့ မှော်ဆရာတစ်ယောက် ဖြစ်ချင်တယ်မလား…”
ရန်ကိုင်သည် ကြက်အစာကောက်နေသည့်အလား ခေါင်းကို တဆတ်ဆတ် ညိတ်ပြလိုက်လေသည်။
ထိုအချင်းအရာကိုမြင်သော် ရွာသူကြီးက ရယ်သွမ်းသွေးလျက် စိတ်ထဲမှနေ၍ တွေးလိုက်လေ၏။ (ဒီကောင်လေးက တကယ်ကို အလားအလာရှိတာပဲ… သူ့ကိုသင်ပေးဖို့ ထိုက်တန်တယ်…) ထိုသို့တွေးပြီးသည့်နောက် ရန်ကိုင်အား အထဲသို့ ဖိတ်ခေါ်လိုက်လေ၏။ “လာခဲ့… အထဲဝင်လာခဲ့…”
ရွာသူကြီး အိမ်ထဲသို့ ဝင်သွားပြီးသည့်နောက် ရန်ကိုင်လည်း နောက်မှ လိုက်ဝင်သွားခဲ့လေသည်။ အိမ်ထဲသို့ရောက်လာပြီးသည့်နောက်တွင် ရွာသူကြီးသည် သူ့ဗီဒိုကိုဖွင့်၍ ထိုထဲမှ လိပ်ခွံနှင့်တူသည် အရာတစ်ခုကို ထုတ်ယူလိုက်လေသည်။ ထို့နောက် ရန်ကိုင်အား ထိုလိပ်ခွံကိုပေး၍ ပြောလိုက်လေသည်။ “ဒီမှာရေးထားတဲ့အတိုင်း ကျင့်ကြံလိုက်မယ်ဆိုရင် အနှေးနဲ့အမြန်ဆိုသလို မင်း မှော်စစ်သည်တော် မဟုတ်ရင် မှော်သခင်တစ်ပါး ဖြစ်လာနိုင်တယ်။ မှော်ဝိဇ္ဇာတစ်ယောက်တောင် ဖြစ်နိုင်သေးတယ်… ငါက အသက်ကြီးနေပြီ… မင်းက ငယ်ငယ်လေးပဲ ရှိသေးတယ်… ဒီတော့ နောက်ပိုင်းကျ ဒီရွာကို မင်းလက်ထဲပဲ အပ်ထားလိုက်ရတော့မှာ…”
ရန်ကိုင်သည် ရွာသူကြီးမှပေးလာသည့် လိပ်ခွံကို အလေးအနက်အမူအယာဖြင့် သေချာစစ်ဆေးကြည့်နေလေသည်။ ရွာသူကြီးသည် သူ့အား လိပ်ခွံကိုသာ ပေးခြင်းမဟုတ် တစ်ရွာလုံး၏ အနာဂတ်ကိုလည်း သူ့ပခုံးထက်သို့ လွှဲပြောင်းပေးနေသည့်ပုံပင်။
လိပ်ခွံအား ကြည့်နေရင်းမှ ရန်ကိုင်သည် ခေါင်းကိုကုတ်၍ ပြန်မေးလိုက်လေသည်။ “ရွာသူကြီး… ဒါ ဘာကြီးလဲ…”
ရွာသူကြီးသည် ရန်ကိုင်အား ပါးစပ်အဟောင်းသားဖြင့် ကြည့်လျက် ပြောလိုက်လေသည်။ “ဒါက မှော်ပညာရပ်လေ…”
“ဘယ်လို…” ရန်ကိုင် ထိတ်လန့်သွားခဲ့လေသည်။ ထို့နောက် သူ့လက်ထဲရှိ လိပ်ခွံကိုကြည့်၍ အံ့အားသင့်တကြီးဖြင့် ပြန်ပြောလိုက်လေသည်။ “ဒါက ရှေးခေတ်လူရိုင်းမှော်ပညာရပ်တွေလား…”
“မင်း အဲ့ရှေးခေတ် ရှေးခေတ် ဆိုတဲ့စကားလုံးကို ဘာလို့ ဒီလောက် ထည့်သုံးနေရတာလဲ…” ရွာသူကြီးက ခေါင်းတခါခါဖြင့် “မင်းသာ ဒီမှာရေးထားတဲ့အတိုင်း ကျင့်ကြံသွားမယ်ဆိုရင် အနှေးနဲ့အမြန်ဆိုသလို ပိုပိုပြီး အားကောင်းလာလိမ့်မယ်…”
“ဒါပေမယ့် ကျုပ် မဖတ်တတ်ဘူး…” ရန်ကိုင်က ရွာသူကြီးအား ကူကယ်ရာမဲ့စွာဖြင့် ကြည့်လိုက်လေသည်။
လိပ်ခွံပေါ်တွင် ပြွတ်သိပ်ကြပ်နေအောင် ရေးထားသော စကားလုံး သေးသေးလေးများစွာ ရှိနေခဲ့သည်။ ကံမကောင်းစွာဖြင့် ထိုစကားလုံးများမှာ သူသိထားခဲ့သော စကားလုံးများနှင့် လုံးဝကို ကွဲပြားနေသည့်အတွက်ကြောင့် တစ်လုံးကိုပင် ရန်ကိုင် မဖတ်တတ်ချေ။
ရွာသူကြီး ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့လေသည်။ အချိန်အတော်ကြာပြီးသည့်နောက်တွင် သက်ပြင်းချ၍ ပြန်ပြောလိုက်လေ၏။ “ကြည့်ရတာ ငါ မင်းကို စာဘယ်လိုဖတ်ရမလဲ စသင်ပေးရဦးမယ်နဲ့တူတယ်…”
ရန်ကိုင်သည် ရွာသူကြီးအိမ်တွင် တစ်နေကုန် နေနေခဲ့လေသည်။ ညနေပိုင်းလောက်ရောက်မှသာ ရွာသူကြီးအိမ်မှ ပြန်ထွက်လာခဲ့သည်။
ရွာသူကြီးသည် တစ်ရက်အတွင်း လိပ်ခွံပေါ်တွင် မှတ်တမ်းတင်ထားသော ရှေးဟောင်းလူရိုင်းမှော်ကျင့်စဉ်ပညာရပ်များကို သင်ကြားပေးခဲ့သည်။ ထို့နောက်တွင် ရန်ကိုင်အား ရှေးဟောင်းစကားလုံးပေါင်းများစွာကို သင်ကြားပေးခဲ့လေသည်။ အစကတော့ ရန်ကိုင်သည် ထိုစကားလုံးများအား မည်ကဲ့သို့ ဖတ်ရမလဲဆိုသည်ကို စိတ်မဝင်စားပေ။ ရွာသူကြီးမှ လိပ်ခွံပေါ်တွင်ရှိနေသော ရှေးဟောင်းပညာရပ်များအား သူ့အား သင်ပေးနေသည်ကပင်လျှင် လုံလောက်နေပြီ ဖြစ်သည့်အတွက်ကြောင့်ပင်။ သို့သော်ငြား ရွာသူကြီးပြောလိုက်သည့် စကားတစ်ခွန်းကြောင့် ရန်ကိုင်မှာ ချက်ချင်း စိတ်ပြောင်းသွားခဲ့ရသည်။ “မင်းပိုပြီးအားကောင်းလာတဲ့တစ်နေ့ မှော်ပညာရပ် အသစ်တွေကို ထပ်ထပ်ပြီး သိလာလိမ့်မယ်… အဲ့အချိန်ကျရင် စာမဖတ်တတ်ဘဲနဲ့ မင်း အဲ့ပညာရပ်တွေကို ဘယ်လိုလုပ်ပြီးတော့ လေ့ကျင့်မှာလဲ…”
ရွာသူကြီးပြောသည်မှာ ယုတ္တိရှိသည်ဟု ရန်ကိုင်ခံစားမိပေသည်။ ထို့အတွက်ကြောင့် နည်းနည်းပါးပါးလောက် စာဖတ်တတ်အောင် သင်ထားလိုက်၍လည်း သူ့အတွက် အကျိုးမယုတ်ဟု စဉ်းစားမိသွား၏။ ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်သည် ရှေးဟောင်းစကားလုံးများအား မည်ကဲ့သို့ဖတ်ရမလဲ ဆိုသည်ကို သင်ကြားနေခြင်း ဖြစ်လေသည်။
ရန်ကိုင်၏နားလည်နိုင်စွမ်းမှာ အလွန်ကိုမှ မြင့်မားသည့်အတွက်ကြောင့် သူ့အား သင်ကြားပေးနေသော ရွာသူကြီးမှာ နှစ်ထောင်းအားရ ဝမ်းသာနေခဲ့လေသည်။ ရွာသူကြီးကိုယ်တိုင်သည် လိပ်ခွံပေါ်တွင် မှတ်တမ်းတင်ထားသော မှော်ပညာရပ်များကို နားလည်နိုင်ရန်အတွက် သုံးနှစ်သုံးမိုးခန့် အချိန်ယူခဲ့ရပါသော်ငြား ရန်ကိုင်ကမူ တစ်ရက်အတွင်း အကြမ်းဖျင်းလောက်ကို နားလည်သွားနိုင်ခဲ့သည်။ ထိုသို့ဖြစ်ရခြင်းမှာ ရွာသူကြီးကိုယ်တိုင်မှ သင်ကြားပေးနေသည့် အတွက်ကြောင့် ဖြစ်ပါသော်ငြား အားညိုဟုခေါ်သည့် ကောင်လေး၏ နားလည်နိုင်စွမ်းမှာလည်း လုံးဝကို မြင့်မားလွန်းနေသည့် အတွက်ကြောင့်လည်း ပါပေသည်။
ထိုသို့ဖြစ်သည်မှာလည်း အထူးအဆန်းတော့မဟုတ်။ ရန်ကိုင်သည် ယခင်က ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး ဖြစ်ခဲ့သည် မဟုတ်ပေလော။ သူကိုယ်တိုင်သည် အမျိုးမျိုးသော သိုင်းပညာရပ်များ၊ ကျင့်စဉ်များကို လေ့လာခဲ့ဖူးလေရာ လိပ်ခွံပေါ်တွင် မှတ်တမ်းတင်ထားသည့် မှော်ပညာရပ်များကို တစ်ချက်လောက် ဖတ်ပြီးသွားသည်နှင့် အကြမ်းဖျင်း နားလည်သွားသည်မှာ အထူးအဆန်းတော့မဟုတ်ချေ။ ရှင်းရှင်းပြောရလျှင် ရှေးခေတ်လူရိုင်းမှော်ပညာရပ်များသည် အရမ်းကြီးမခက်သလို နားလည်ရလည်း လွယ်ကူပေသည်။ ရွာသူကြီး၏ သင်ကြားမှု မပါလျှင်ပင် ရန်ကိုင်ဘာသာ ထိုအရာများကို အလွယ်တကူ သင်ကြားတတ်မြောက်နိုင်ပေသည်။ ရန်ကိုင်ကြုံနေရသည့်ပြဿနာဆို၍ ရှေးဟောင်းစကားလုံးများကို မဖတ်တတ်ခြင်းသာ ရှိလေသည်။
သူ့အိမ်သို့ ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် ရန်ကိုင်၏ဝမ်းဗိုက်မှာ တဂွီဂွီ မြည်လာခဲ့ရလေသည်။ ဤကဲ့သို့ ဗိုက်ဆာသည့် ခံစားချက်ကို မခံစားခဲ့ရသည်မှာ ရန်ကိုင်အဖို့ အတော်လေးကိုမှ ကြာနေခဲ့လေပြီ။ ထို့အတွက်ကြောင့် ရန်ကိုင်လည်း ရွေးချယ်စရာမရှိတော့ဘဲ အသားအချို့ကိုပြုတ်၍ တစ်ထိုင်တည်း မျိုချစားသောက်ပစ်လိုက်လေသည်။
ဗိုက်ကို ဖြည့်ပြီးနောက်တွင် ရန်ကိုင်သည် ရှေးခေတ်လူရိုင်းမှော်ကျင့်စဉ်ကိုသုံး၍ စတင် ကျင့်ကြံတော့လေသည်။ ယခင်က သူ့ကျင့်ကြံထားခဲ့ဖူးသော ကျင့်စဉ်ကို မည်သို့ပင် လှည့်ပတ်နေစေကာမူ တစ်ချက်ကလေးမှပင် တုံ့ပြန်ခြင်းမရှိသည့် မိုးမြေစွမ်းအင်တို့သည် ရှေးဟောင်းလူရိုင်းမှော်ကျင့်စဉ်၏အကူအညီဖြင့် သူကိုယ်ထဲသို့ စတင် စီးဝင်လာကုန်ကြလေသည်။ ရန်ကိုင်သည် ထိုမိုးမြေစွမ်းအားများကို သူ့ကိုယ်ပိုင်စွမ်းအားအဖြစ်သို့ တစ်စတစ်စ ပြောင်းလဲနေခဲ့လေသည်။
တစ်ချိန်တည်းတွင် သူ့ဝမ်းဗိုက်နေရာ၌ စွမ်းအင်အစုအဝေးတစ်ခု ဖြစ်တည်လာသည်ကို ရန်ကိုင် အသေအချာ ခံစားမိနေခဲ့လေသည်။ ရှင်းပြမရသော စွမ်းအားတစ်မျိုးသည် သူ့ဝမ်းဗိုက်မှနေ၍ သူ့သွေးကြောများအနှံ့ ပျံ့နှံ့လာ၏။ ထိုစွမ်းအားသည် ရန်ကိုင်ရင်းနှီးနေကျ စွမ်းအားမျိုးမဟုတ်။
(ဒီတော့ ဒါက မွန်းစတားသားရဲရဲ့ သွေးနဲ့အသားကနေ ဖြစ်တည်လာတဲ့ စွမ်းအင် အဆီအနှစ်တွေပေါ့…) ရန်ကိုင် ချက်ချင်း နားလည်သွားခဲ့လေသည်။ အစောပိုင်းက ရန်ကိုင်သည် မွန်းစတားသားရဲ၏ အသားကို စားခဲ့သည်။ ယခု ရှေးဟောင်းလူရိုင်းမှော်ကျင့်စဉ်၏ အကူအညီဖြင့် ထိုအသားမှာ စွမ်းအင်အဆီအနှစ်အဖြစ်သို့ စတင် ပြောင်းလဲလာခဲ့လေသည်။
မွန်းစတားသားရဲ၏ အသွေးနှင့်အသားကို သန့်စင်၍ ကျင့်ကြံခြင်းသည် မိုးမြေစွမ်းအင်ကို ဤအတိုင်း ထိုင်စုပ်ယူ၍ ကျင့်ကြံနေခြင်းထက် ပိုပြီး အကျိုးသက်ရောက်မှု ရှိပေသည်။ ဆယ့်ငါးမိနစ်ခန့်အတွင်းမှာပင် ရန်ကိုင်၏ဝမ်းဗိုက် တဂွီဂွီ ပြန်မြည်လာတော့သည်။
(ထပ်ပြီး ဗိုက်ဆာလာပြန်တာလား…) ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။ ချက်ချင်းပဲ မတ်တပ်ရပ်၍ နောက်ထပ်အသားများကို ထပ်ပြုတ်ကာ စားသောက်၍ ပြန်လည်ကျင့်ကြံလေ၏။
ညသန်းခေါင်လောက်သို့ရောက်သော် ရွာသူကြီးပေး၍ ယူလာခဲ့သော သားရဲရိုင်းတစ်ကောင်လုံး အရိုးများသာ ကျန်ရစ်တော့လေသည်။ အခြားရွာသားများသည်သာ ရန်ကိုင်စားသောက်သည့်နှုန်းကို ကြားလိုက်မည်ဆိုပါက အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်သွားပေလိမ့်မည်။ မွန်းစတားသားရဲတစ်ကောင်၏အသားသည် အလွယ်တကူ စားသောက်၍ ရသည့် အရာမျိုးမဟုတ်။ မွန်းစတားသားရဲများကို သေသေချာချာ မသန့်စင်ဘဲ စားသောက်လိုက်မည်ဆိုပါက ထိုအသားများထဲတွင် ကိန်းအောင်းနေသော မွန်းစတားချီသည် လူတစ်ဦး၏စိတ်အပေါ် လွှမ်းမိုးနိုင်စွမ်း ရှိပေသည်။ ကံကောင်းစွာဖြင့် ရန်ကိုင်သည် ရှေးခေတ်လူရိုင်းမှော်ကျင့်စဉ်ကို ကျင့်ကြံထားခြင်း ဖြစ်သည့်အတွက်ကြောင့် ဤမျှ အားနည်းလှသော မွန်းစတားသားရဲမဆိုထားနှင့် အဆင့်ဆယ့်နှစ် မွန်းစတားသားရဲတစ်ကောင်လုံးကို စားပစ်လိုက်မည်ဆိုလျှင်ပင် ဘာပြဿနာမှ ရှိလိမ့်မည် မဟုတ်ချေ။
ထိုကျင့်စဉ်ကို အတန်ကြာအောင် လေ့ကျင့်ပြီးသည့်နောက်တွင် ဤရှေးခေတ်လူရိုင်းမှော်ကျင့်စဉ် မည်မျှ အကြမ်းထည်ဆန်ကြောင်း၊ ရိုးရှင်းလှကြောင်း ရန်ကိုင်နားလည်သွားခဲ့ရသည်။ ရှေးဟောင်းလူရိုင်းမှော်ကျင့်စဉ်မှာ မွန်းစတားသားရဲတစ်ကောင်ကျင့်ကြံသည့် ပုံစံနှင့်ဆင်တူပေသည်။ မွန်းစတားသားရဲများတွင် မည်သည့်ကျင့်စဉ်မှမရှိ။ မွန်းစတားသားရဲများသည် စားရင်းသောက်ရင်းဖြင့်သာ တဖြည်းဖြည်း အားကောင်းလာနေကြသည့် သက်ရှိများ ဖြစ်ကြလေသည်။ မွန်းစတားသားရဲများအတွက် ပိုစားလေ ပိုအားကောင်းလေပင်။
ရှေးဟောင်းလူရိုင်းမှော်ကျင့်စဉ်မှာလည်း မွန်းစတားသားရဲများ ကျင့်ကြံသည့် ပုံစံနှင့် သွားဆင်နေလေသည်။ ဤကဲ့သို့သော ကျင့်စဉ်များကို မျိုးဆက်အဆက်ဆက် စဉ်ဆက်မပြတ် ပြုပြင်လာပြီးသည့် အခါမှသာလျှင် ယနေ့ ရန်ကိုင်တို့ ကျင့်ကြံနေသော ကျင့်စဉ်များ ထွက်ပေါ်လာရခြင်း ဖြစ်သည်။ မွန်းစတားသားရဲ၏ အသားကို စားကာ ကျင့်ကြံပြီးသည့်နောက် ရန်ကိုင် အကြံသစ်တစ်ခု ရသွားခဲ့လေသည်။ ထို့နောက် သူ့ခေါင်းအုံးအောက်မှ မွန်းစတားအမြုတေတစ်ခုကို ထုတ်ယူလိုက်သည်။ (အသားနဲ့သွေးတောင် စားလို့ရမှာတော့… မွန်းစတားအမြုတေလည်း စားလို့ရမှာပေါ့…)
ရန်ကိုင်၏ လက်ရှိခန္ဓာကိုယ်သည် အလွန်ကိုမှ အားနည်းလှသည့် မွန်းစတားအမြုတေတစ်ခုကိုတော့ အလွယ်တကူလေး ချေဖျက်ပေးနိုင်ပေသည်။ သို့သော်ငြား အခြားတစ်ဦးဦးသာ ဆိုလျှင်တော့ ထိုသို့လုပ်သင့်မလုပ်သင့် သေချာ ချင့်ချိန် စဉ်းစားရပေလိမ့်မည်။ ထို့ကြောင့်သာမဟုတ်ပါက ရွာသူကြီးသည် ရန်ကိုင်အား မွန်းစတားအမြုတေကို အရက်ထဲတွင်စိမ်သောက်ရန် ပြောခဲ့လိမ့်မည်မဟုတ်ချေ။ သို့တိုင် ရန်ကိုင်ကမူ မွန်းစတားအမြုတေကို ပါးစပ်ထဲသို့ပစ်ထည့်၍ တဂျွတ်ဂျွတ်မြည်အောင် ဝါးစားချလိုက်လေသည်။
ထို့နောက် ကျင့်စဉ်ကို လှည့်ပတ်လိုက်ရာ သူ့ဝမ်းဗိုက်နေရာဆီမှ စွမ်းအင်များ ပေါက်ကွဲထွက်လာသည်ကို ခံစားမိလိုက်သည်။ ယခုတစ်ကြိမ်စွမ်းအင်သည် မွန်းစတားသားရဲ၏ အသားကို စားစဉ်ကထက် အဆတစ်ရာမက ပိုမိုပြင်းထန်ပေသည်။ မွန်းစတားအမြုတေမှာ မွန်းစတားသားရဲတစ်ကောင်၏ စွမ်းအင်များ စုပုံနေသည့် နေရာတစ်ခုဖြစ်ကာ အဖိုးအတန်ဆုံး အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည့်အတွက်ကြောင့် မှော်အတတ်သင်ပညာရှင်တစ်ဦးသည်သာ မွန်းစတားအမြုတေကို တိုက်ရိုက်စားသုံးလိုက်မည်ဆိုပါက စွမ်းအင်များ ပေါက်ကွဲထွက်လာသည့်ဒဏ်ကို မခံနိုင်ဘဲ တစ်ခါတည်း တန်းသေသွားနိုင်ပေသည်။
ရန်ကိုင်ကမူ သူ့ဝမ်းဗိုက် အနည်းငယ် ပူလာသလိုကို ခံစားရရုံမှအပ အခြား မည်သည်ကိုမှ မခံစားခဲ့ရပေ။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၈၀၇)
ဘာသာပြန်သူ_တိမ်တိုက်
“မင်း… မင်း…” ရွာသူကြီးသည် သူ၏သစ်သားအိမ်လေးရှေ့တွင်ရပ်၍ ရန်ကိုင်အား ပါးစပ်အဟောင်းသားဖြင့် စိုက်ကြည့်နေခဲ့သည်။ အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်လွန်းသဖြင့် ရွာသူကြီးမှာ စကားတစ်ခွန်းကိုပင်လျှင် ကောင်းကောင်းမပြောနိုင်တော့ချေ။
တစ်ညသာ ရှိသေးပါသော်ငြား အားညိုမှာတော့ မှော်အတတ်သင် တစ်ဦး ဖြစ်နေကြောင်း ရွာသူကြီး ရုတ်တရက် တွေ့ရှိလိုက်ရသည်။
(မှော်အတတ်သင်… ငါ့မှာတော့ အဲ့အဆင့်ရောက်ဖို့ကို တစ်ဘဝလုံး ကြိုးစားလိုက်ရတာ… အားညိုကတော့ တစ်ညတည်းနဲ့ရောက်သွားတယ်… သူနဲ့ယှဉ်လိုက်လို့ရှိရင် ငါ တစ်ဘဝလုံးအသက်ရှင်လာခဲ့ရတာ အကုန်အလကားချည်းပါပဲလား…)
ရန်ကိုင်ကိုယ်ထဲရှိ အသက်စွမ်းအင်မှာ အလွန်တရာကိုမှ အားကောင်းလာပြီး ရန်ကိုင်၏ခန္ဓာကိုယ်တစ်ဝိုက်တွင် ရစ်သိုင်းနေသော မှော်စွမ်းအားမှာလည်း သူ့ထက် အဆပေါင်းများစွာ ပိုအားကောင်းကြောင်း ရွာသူကြီး တွေ့ရှိလိုက်ရသည်။ နှစ်ဦးလုံးမှာ မှော်အတတ်သင်များပင် ဖြစ်လင့်ကစား ရန်ကိုင်သည် သူ့ထက်အများကြီး ပိုအားကောင်းနေခဲ့လေသည်။
“ရွာသူကြီး… အချိန်က သိပ်ရှိတာမဟုတ်ဘူး… အချိန်မဖြုန်းဘဲ မြန်မြန် အလုပ်စကြရအောင်…” ရန်ကိုင်သည် ရွာသူကြီး၏ အိမ်လေးထဲသို့ တန်းဝင်သွားခဲ့လေသည်။ ရန်ကိုင် ဤရွာသို့ရောက်သည်မှာ သုံးရက်ရှိသွားပြီ ဖြစ်သည့်အတွက်ကြောင့် သူ့တွင် နှစ်ရက်သာ အချိန်ရှိတော့လေရာ ရန်ကိုင်စိတ်စောနေသည်မှာလည်း အထူးအဆန်းတော့မဟုတ်။
ရွာသူကြီးမှာလည်း အံ့အားသင့်တကြီးအမူအယာဖြင့် ရန်ကိုင်နောက်သို့သာ လိုက်သွားလေသည်။
ရန်ကိုင်တို့နှစ်ဦး တစ်မနက်လုံး မှော်ပညာရပ်များကိုလေ့လာရင်း အချိန်ဖြုန်းခဲ့လေသည်။ ရွာသူကြီးသည် ရန်ကိုင်အား မှော်ပညာရပ်များကိုသာလျှင်မဟုတ် မှော်ပညာရှင်များကြား မည်ကဲ့သို့ အဆင့်ခွဲခြားထားသလဲ ဆိုသည်ကိုလည်း ပြောပြခဲ့လေသည်။
ယမန်နေ့က ရန်ကိုင်သည် မှော်စွမ်းအားကို အသက်သွင်းနိုင်ခဲ့ပြီး လူရိုင်းနတ်ဘုရားများ၏ အသိအမှတ်ပြုခြင်း ခံခဲ့ရသည်။ ရှင်းရှင်းပြောရလျှင် ထိုနေ့က ရန်ကိုင်သည် မှော်အတတ်သင်ဖြစ်သည်ဟု ဆို၍မရသေး။ သို့သော်ငြား ယနေ့တွင်တော့ အစစ်အမှန်မှော်အတတ်သင် ပညာရှင်တစ်ဦး ဖြစ်လာခဲ့လေပြီ။
မှော်အတတ်သင်၏ အထက်တွင်တော့ မှော်စစ်သည်တော်ရှိနေပြီး မှော်စစ်သည်တော်အထက်တွင် မှော်သခင်ရှိနေလေသည်။ ထို့နောက် မှော်ဝိဇ္ဇာ၊ မှော်ဘုရင်၊ သူတော်စင်နှင့် မှော်နတ်ဘုရားတို့ ရှိနေကြသည်။ ထို့အပြင် အဆင့်တစ်ဆင့်ကို နောက်ထပ် အဆင့်သုံးဆင့် ထပ်မံခွဲခြားထားလေသည်။
ဥပမာပြောရသော် ရွာသူကြီးသည် အလယ်အလတ်အဆင့် မှော်အတတ်သင်တစ်ဦး ဖြစ်ပါသော်ငြား ရန်ကိုင်ကမူ အဆင့်မြင့်မှော်အတတ်သင်တစ်ဦး ဖြစ်လေသည်။ ရန်ကိုင်သည် မှော်စစ်သည်တော်တစ်ဦး ဖြစ်ဖို့ရာ ခြေတစ်လှမ်းသာ ဝေးကွာတော့သည့် လူတစ်ဦးလည်း ဖြစ်သည်။ ရန်ကိုင်အနေဖြင့် ပိုမိုအားကောင်းသည့် မှော်ပညာရပ်များကို မှော်စစ်သည်တော်တစ်ဦး ဖြစ်လာပြီးသည့်နောက် သင်ကြားနိုင်ပေသည်။ သို့သော်ငြား ရွာသူကြီးကမူ ထိုကဲ့သို့သော မှော်ပညာရပ်များကို တစ်ခုတစ်လေပင် တတ်ထားခြင်းမရှိချေ။
ရွာသူကြီးပြောပုံအရ အားအကောင်းဆုံးဖြစ်ကြသော မှော်နတ်ဘုရားများသည် ဒဏ္ဍာရီသက်သက်များသာ ဖြစ်ကြသည်ဟူ၍ပင်။ ဤခေတ်၌ မည်သည့်မှော်နတ်ဘုရားမှ ပေါ်လာခဲ့ဖူးခြင်းမရှိ။ မှော်သူတော်စင်ပေါင်းများစွာ ရှိပါသော်ငြား ထိုသူတော်စင်များသည် ပို၍အားကောင်းကြသော ကလန်များတွင်သာ ရှိနေကြလေသည်။
လက်ရှိ ရွာသူကြီးတို့ရှိနေသော တောင်ပြာရွာသည် တောင်ပိုင်းလူရိုင်းကလန်၏ လက်အောက်တွင်ရှိပေသည်။ တောင်ပိုင်းလူရိုင်းကလန်ထဲတွင်ပင် အားအကောင်းဆုံး ပညာရှင်မှာ မှော်ဘုရင်သာဖြစ်ပြီး ဤကမ္ဘာထဲတွင် အဆင့်အမြင့်ဆုံးဖြစ်သော မှော်သူတော်စင်အောက် အဆင့်ကြီးတစ်ဆင့် နိမ့်ပေသည်။
မနက်ပိုင်းသင်ကြားချိန်အတောအတွင်း ရန်ကိုင်သည် ရှေးဟောင်းစကားလုံးပေါင်းများစွာကို သင်ကြားခဲ့ရုံမက ဤလောကကြီးအကြောင်းကိုလည်း ပိုမိုသိနားလည်လာခဲ့ရသည်။ ရန်ကိုင် ထပ်မံသင်ကြားခဲ့သည့် ဒုတိယအရေးကြီးဆုံးအရာမှာ သွေးလောင်ကျွမ်းခြင်းပညာရပ်ဖြစ်ပေသည်။ သွေးလောင်ကျွမ်းခြင်းပညာရပ်သည် ဤကမ္ဘာငယ်လေးအတွင်း ရန်ကိုင် ပထမဦးဆုံး စတင်ရရှိခဲ့သည့် အကျိုးအမြတ် ဖြစ်သည်ဟု ပြော၍ရသည်။ ရှေးဟောင်းလူရိုင်းမှော်ကျင့်စဉ်မှာ ဤလောကထဲရှိနေစဉ် အတောအတွင်းသာ အသုံးဝင်ပြီး ရန်ကိုင်သည်သာ ဤလောကကြီးထဲမှ ထွက်သွားမည်ဆိုပါက သူ့အတွက် အသုံးဝင်တော့လိမ့်မည် မဟုတ်ချေ။ သို့သော်ငြား သွေးလောင်ကျွမ်းခြင်းပညာရပ်ကိုမူ ရန်ကိုင်အနေဖြင့် အသုံးပြုနိုင်ပေသည်။
သွေးလောင်ကျွမ်းခြင်းပညာရပ်တွင်လည်း အဆင့်အမျိုးအစား ထပ်မံခွဲခြားထားပြီး ရွာသူကြီးတတ်မြောက်ထားသည့် သွေးလောင်ကျွမ်းခြင်းပညာရပ်မှာ အဆင့်အနိမ့်ဆုံးဖြစ်ကြောင်း ရန်ကိုင် ထပ်မံကြားသိခဲ့ရသည်။ ရွာသူကြီးတတ်မြောက်ထားသည့် သွေးလောင်ကျွမ်းခြင်းပညာရပ်၏ ကြာချိန်မှာ အလွန်အမင်းတိုတောင်းရုံမက ဘေးထွက်ဆိုးကျိုးမှာလည်း အလွန်ကိုမှ ပြင်းထန်ပေသည်။ အင်အားကြီးကလန်များမှ မှော်ဝိဇ္ဇာများ တတ်မြောက်ထားသည့် သွေးလောင်ကျွမ်းခြင်းပညာရပ်များမှာတော့ ရွာသူကြီးတတ်မြောက်ထားသော သွေးလောင်ကျွမ်းခြင်းပညာရပ်ထက် ပို၍အားကောင်းကြပေသည်။ မှော်ဝိဇ္ဇာများ တတ်မြောက်ထားသည့် သွေးလောင်ကျွမ်းခြင်းပညာရပ်များတွင် ဘေးထွက်ဆိုးကျိုးများ ရှိနေကြသေးပါသော်ငြား ထိုဘေးထွက်ဆိုးကျိုးသည် အသုံးပြုလိုက်သည့်လူအား ရက်ပေါင်းများစွာကြာအောင် အားနည်းသွားစေခြင်း မရှိပေ။ သို့သော်ငြား ထိုကဲ့သို့သော အားကောင်းလှသည့် သွေးလောင်ကျွမ်းခြင်းပညာရပ်ကို အသုံးပြုရန်အတွက် အသုံးပြုသူသည်လည်း အားကောင်းနေရန် လိုအပ်ပေသည်။
နေ့လယ်ပိုင်းလောက်တွင် ရန်ကိုင်သည် ရွာသူကြီးအိမ်မှ ထွက်လာခဲ့သည်။ ရွာသူကြီးဆီမှ ထပ်မံ မသင်ကြားလိုတော့သည့်အတွက်ကြောင့်တော့မဟုတ်။ ရွာသူကြီးတွင် သူ့အား သင်ကြားပေးနိုင်မည့် ဘာမှ ရှိမနေတော့သည့် အတွက်ကြောင့်သာ ဖြစ်လေသည်။ ရှေးခေတ်စကားလုံးများမှလွဲ၍ ရွာသူကြီးသည် ရန်ကိုင်အား သူတတ်မြောက်ထားသည့် အကြောင်းအရာမှန်သမျှကို သင်ကြားပေးခဲ့ပြီ ဖြစ်လေသည်။
“အခုကနေစပြီးတော့ တစ်နေ့တစ်နာရီ ငါ့ဆီမှာ စာဖတ်တတ်ဖို့လာသင်…. နောက်ပိုင်းကျရင် ကျင့်ကြံခြင်းကို တိုးတက်အောင်လုပ်ဖို့ မင်းကိုယ်မင်းပဲ အားကိုးရတော့မှာ… ငါ့မှာ မင်းကို ဘာမှသင်ပေးစရာ မရှိတော့ဘူး…” ရွာသူကြီး၏လေသံမှာ အနည်းငယ် အထီးကျန်နေသလို အနည်းငယ်လည်း စိတ်သက်သာရာ ရနေသည့်ပုံပင်။
ယနေ့ခေတ်တွင်ဖြစ်စေ နောင်ခေတ်တွင်ဖြစ်စေ မျိုးဆက်အသစ်များသည် မျိုးဆက်အဟောင်းကို ကျော်လွန်သွားလေ့ရှိကြသည်။ ယနေ့ ရန်ကိုင်၏စွမ်းဆောင်ရည်သည် ရွာသူကြီးအား သူမည်မျှ ကူကယ်ရာမဲ့ရကြောင်းကို သတိပြုမိသွားစေခဲ့လေသည်။
ရုတ်တရက်ဆိုသလို နာကျင်စွာအော်ဟစ်သံတို့ ရန်ကိုင်၏နားထဲ ပျံ့လွင့်လာခဲ့သည်။ ရွာ တိုက်ခိုက်ခံရပြီဟု အထင်ရောက်လျက် ရန်ကိုင်မှာ အထိတ်တလန့်ဖြင့် ခေါင်းမော့ကြည့်လိုက်ရာ သူထင်ထားသလို ဖြစ်မနေကြောင်း တွေ့ရှိလိုက်ရလေသည်။ ရွာသားများသည် ရွာအလယ်ရှိ ကျယ်ဝန်းသော နေရာကျယ်တွင် စုဝေးနေကြပြီး လူသားတစ်ဦး မလုပ်နိုင်သည့် ပုံစံမျိုးဖြင့် ကာယလေ့ကျင့်ခန်းများကို လုပ်ဆောင်နေကြလေသည်။
ရွာသားများ၏ ကြွက်သားများကို အဆက်မပြတ်ကို တုန်ရီနေခဲ့ပြီး ချွေးသီးချွေးပေါက်များမှာလည်း ခန္ဓာကိုယ်အနှံ့ စီးကျနေခဲ့လေသည်။ တစ်ခါတစ်ရံ ထိုကဲ့သို့ ခက်ခက်ခဲခဲ ကိုယ်နေဟန်ထားများကို လုပ်ဆောင်နေရင်းမှ ရွာသားများမှာ နာကျင်လာသည့်အခါ သည်းမခံနိုင်တော့သည့်အဆုံး၌ ထထအော်ကြလေသည်။
ရန်ကိုင်ကိုယ်တိုင်သည်လည်း ထိုကဲ့သို့သော လေ့ကျင့်ရေးမျိုးကို လုပ်ဖူးသည့်အတွက်ကြောင့် ရွာသားများ လေ့ကျင့်နေသည်မှာ ခန္ဓာသန့်စင်ခြင်းပညာရပ်တစ်ခုမှန်း ချက်ချင်း နားလည်သွားခဲ့သည်။ ရန်ကိုင်လည်း စိတ်ဝင်တစားဖြင့် သွားရောက် လေ့လာကြည့်မိလေ၏။ ရွာသားများလေ့ကျင့်နေသည့် ခန္ဓာသန့်စင်ခြင်းပညာရပ် မည်မျှအစွမ်းထက်သလဲဆိုသည်ကို သူမသိပါသော်ငြား ရွာသားများ၏ ခန္ဓာကိုယ်အနေအထားကို ကြည့်ရသလောက်တော့ သူတို့လေ့ကျင့်နေသည့် ခန္ဓာသန့်စင်ခြင်းပညာရပ်မှာ အတော်လေးကိုမှ အထင်ကြီးဖွယ် ကောင်းရပေလိမ့်မည်။
“အားညို…” အားဟူသည် ခေါင်းကို ပက်လက်လှန် မော့ထားရင်းမှ လက်နှစ်ဖက်ကို မြေပေါ်ထောက်ကာ ခါးအား လေးကိုင်းသဖွယ် ကွေးတက်ထားခဲ့သည်။ ရန်ကိုင် လမ်းလျှောက်လာနေသည်ကိုမြင်သော် ရန်ကိုင်အား လှမ်းအော်ခေါ်လိုက်လေသည်။ ကံမကောင်းစွာဖြင့် ထိုကဲ့သို့အော်ခေါ်ပြီးသည်နှင့်တစ်ပြိုင်နက် သူ့အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့သည်။ ပြင်းထန်သည့်ရိုက်ချက်တစ်ချက်ကို ခံစားလိုက်ရသည့်အလား ကွေးထားသည့် သူ့ခန္ဓာကိုယ်မှာ ရုတ်တရက် ပြန်ကန်ထွက်သလို ဖြစ်သွားကာ မီတာပေါင်းများစွာအကွာသို့ လွင့်စင်ထွက်သွားခဲ့ပြီး သစ်ပင်တစ်ပင်နှင့် သွားဆောင့်ကာ သွေးအပွက်ပွက် အန်ထုတ်လိုက်ရလေသည်။
ရန်ကိုင်လည်း ထိုမြင်ကွင်းကိုကြည့်ရင်း အထိတ်တလန့် ဖြစ်သွားခဲ့ပြီး အားဟူအား အလျင်စလို ပြေးထူပေးလိုက်ကာ မေးလိုက်လေ၏။ “မင်းအဆင်ပြေရဲ့လား…”
“ပြေတယ် ပြေတယ်…” အားဟူသည် ပါးစပ် နားရွက်တက်ချိတ်လုမတတ် ပြုံးဖြီးနေခဲ့လေသည်။ ယခုကဲ့သို့အဖြစ်မျိုးကို အသားကျနေသည့်အလား ပါးစပ်ထောင့်မှ စီးကျနေသော သွေးများကို သုတ်၍ ပြောလိုက်လေသည်။ “မင်းအတွက် ဂုဏ်ယူပါတယ်ကွာ… မင်း မှော်စွမ်းအားကို အသက်သွင်းလိုက်နိုင်တယ်လို့ ရွာသူကြီးပြောတာ ငါကြားတယ်…”
“ဒီတိုင်း ကံကောင်းသွားရုံပါပဲ…” ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်လေသည်။
အားဟူက ခေါင်းခါလျက် “ကံကောင်းတာမဟုတ်ဘူးကွ.. လူရိုင်းနတ်ဘုရားက လက်ဆောင်ပေးတာကွ…” ထို့နောက်တွင် ရန်ကိုင်၏ပုခုံးကိုပုတ်၍ အားတက်သရောဖြင့် ပြောလိုက်သည်။ “အားညို… မင်းက အခု မှော်ဆရာတစ်ယောက်ဖြစ်သွားပြီဆိုတော့ နောက်ထပ် ရွာခေါင်းဆောင်အသစ် ဖြစ်လာမယ်လို့ ပြောလိုက်တာနဲ့ အတူတူပဲ… ကြိုးစားကျင့်ကြံဟေ့… ဒီရွာရဲ့အနာဂတ်က မင်းပေါ်မှာ မူတည်နေတာ…”
ရန်ကိုင်ကမူ မဲ့ပြုံးသာ ပြုံးလိုက်လေသည်။ နောက်နှစ်ရက်အတွင်း ထွက်သွားရတော့မည်ဖြစ်လေရာ သူ့အနေဖြင့် နောက်ထပ်ရွာသူကြီး မည်သို့များ ဖြစ်နိုင်ပါမည်နည်း။ သို့သော်ငြား ဘာမှများများစားစားတော့ ပြန်မပြောခဲ့ပေ။ လက်ရှိ သူ့ရှေ့တွင်ရှိနေသည့် လူအားလုံးမှာ ပုံရိပ်ယောင်များသာ ဖြစ်နေနိုင်သည် မဟုတ်ပေလော။ ထို့အတွက်ကြောင့် ရန်ကိုင်က ခေါင်းစဉ်ပြောင်း၍သာ ပြန်ပြောလိုက်လေသည်။ “မင်းကိုကြည့်ရတာ တစ်ခုခုကို ကျင့်ကြံနေတဲ့ပုံပဲနော်…”
အားဟူက ပြန်ပြောလိုက်သည်။ “ဟုတ်တယ်… မင်းရောဝင်ပါချင်လား…”
ရန်ကိုင်က ခေါင်းညိတ်လိုက်လေသည်။ “ပါချင်တာပေါ့… ဒါပေမယ့် ဘယ်လိုလုပ်ရမလဲ ငါမသိဘူး…”
“လာခဲ့ လာခဲ့… ငါမင်းကိုသင်ပေးမယ်…” အားဟူသည် အလွန်ကိုမှ စိတ်အားတက်ကြွနေဟန်ဖြင့် ရန်ကိုင်အား သူလေ့ကျင့်ခန်းလုပ်နေသည့်နေရာဆီသို့ ဆွဲခေါ်သွားခဲ့လေသည်။
(အားညိုက အရင်ကနဲ့ လုံးဝမတူတော့ဘူးပဲ… လူရိုင်းနတ်ဘုရားရဲ့ ကောင်းချီးပေးခံလိုက်ရတဲ့နောက်ပိုင်း လူသစ်တစ်ယောက်လို လုံးဝပြောင်းလဲသွားတာ… ငါတောင် မမှတ်မိချင်သလို ဖြစ်သွားတယ်… အရင်ကဆို ငါ သူ့ကို လေ့ကျင့်ဖို့ခေါ်လိုက်တာနဲ့ ပြေးတာမှ လှစ်ခနဲပဲ… အခုကျတော့များ ငါကတောင်ခေါ်နေစရာမလိုဘူး… သူ့ဘာသာသူ လေ့ကျင့်ချင်လို့ လာပူးပေါင်းနေတယ်…) ထိုအကြောင်းကိုတွေးရင်း အားဟူမှာ တပြုံးပြုံး ဖြစ်နေခဲ့လေသည်။
အားညိုသည် မှော်ဆရာတစ်ယောက် ဖြစ်မည်ဆိုလျှင်ပင် အားကောင်းသောခန္ဓာကိုယ်မှာ အရေးပါပေသေးသည်။ ထို့အတွက်ကြောင့် အားဟူမှာ ရန်ကိုင်အား ချက်ချင်း စသင်ပေးတော့လေသည်။ ဤရှေးခေတ်လူရိုင်းများမှာ မှော်ဆရာများ မဟုတ်ကြသည့်အတွက်ကြောင့် မှော်စွမ်းအားကို အသုံးမပြုနိုင်ကြချေ။ ထို့အတွက်ကြောင့် သူတို့၏ခန္ဓာကိုယ်ကိုသာ လေ့ကျင့်ရလေသည်။
အားဟူသည် ခန္ဓာကိုယ်အား မည်ကဲ့သို့ ပိုမိုအားကောင်းလာအောင် လေ့ကျင့်ရမလဲဆိုသည့် နည်းလမ်းအမျိုးမျိုးကို ရန်ကိုင်အား သေချာရှင်းပြလေသည်။ ရန်ကိုင်လည်း သေသေချာချာကို မှတ်ထားလေ၏။
အားကောင်းသောခန္ဓာကိုယ်သည် ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်များအတွက်သာ အရေးကြီးခြင်းမဟုတ်။ ယနေ့ခေတ်တွင်လည်း အရေးကြီးပေသေးသည်။ ကံမကောင်းစွာဖြင့် ယနေ့ခေတ်တွင် ကျင့်ကြံသူအများစုမှာ ကျင့်ကြံခြင်းအဆင့်ကိုသာ အာရုံစိုက်နေသည့်အတွက်ကြောင့် ခန္ဓာသန့်စင်ရမည်ကို လျစ်လျူရှုထားကြသည်။ သူတို့ အဆက်မပြတ် ကျင့်ကြံနေသည့် စွမ်းအားအားလုံးကို သိုလှောင်ထားသည့်အရာမှာ သူတို့၏ခန္ဓာကိုယ်ဖြစ်သည်ဟူသော အချက်ကို မေ့လျော့နေကြသည်။ အားကောင်းသောခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားမှသာလျှင် သူတို့၏ခွန်အား အပြည့်အဝကို ထုတ်ဖော်နိုင်ပေလိမ့်မည်။ ရန်ကိုင်ကိုယ်တိုင်သည်လည်း အားကောင်းသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့်အတွက်ကြောင့် အကျိုးအမြတ်များစွာ ရရှိခဲ့လေရာ ထိုအချက်ကို ကောင်းကောင်းနားလည်ထားပေသည်။
ရန်ကိုင်မှာ လူရိုင်းမျိုးနွယ်စု၏ ခန္ဓာသန့်စင်ခြင်းပညာရပ်များကို ကျွမ်းကျင်သွားရန် တစ်နာရီခန့် အချိန်ယူလိုက်ရလေသည်။ ထိုခန္ဓာသန့်စင်ခြင်းပညာရပ်များကို တတ်ကျွမ်းသွားပြီးသည့်နောက် ရန်ကိုင်မှာ ကြိတ်၍ အံ့အားသင့်သွားခဲ့ရသည်။ ခန္ဓာသန့်စင်ခြင်းပညာရပ်များကို ရန်ကိုင်အနေဖြင့် လက်တွေ့မလေ့ကျင့်ဖူးသေးသလို လေ့ကျင့်လျှင် မည်ကဲ့သို့ ဖြစ်လာမလဲဆိုသည်ကို မသိရသေးပါသော်ငြား ထိုပညာရပ်များကို လေ့လာကြည့်ရုံဖြင့်ပင်လျှင် ရန်ကိုင်မှာ အတော်လေးကိုမှ အထင်ကြီးသွားခဲ့ရတော့သည်။ (ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်တွေက ဒီလို ခန္ဓာသန့်စင်ခြင်းပညာရပ်ကို ကျင့်ကြံကြတာကိုး… ဒါကြောင့်ပဲ အကုန်လုံးက ဒီလောက်တောင် အားကောင်းနေကြတာ…)
ဤနေရာတစ်ခုလုံးသည် ပုံရိပ်ယောင်ပင် ဖြစ်နေလင့်ကစား ရန်ကိုင် ယခု တတ်ကျွမ်းလိုက်ရသည့် ခန္ဓာသန့်စင်ခြင်းပညာရပ်တစ်ခုတည်းနှင့်ပင်လျှင် ဤနေရာသို့ လာရကျိုးနပ်သွားပြီဟု ပြော၍ရပေသည်။
ရန်ကိုင်၏ခန္ဓာကိုယ်မှာ အလွန်ကိုမှ အားကောင်းနေပြီ ဖြစ်သည့်အတွက်ကြောင့် လက်ရှိ လူရိုင်းမျိုးနွယ်စုဝင်များ ကျင့်ကြံနေသည့် ခန္ဓာသန့်စင်ခြင်းပညာရပ်မှာ သူတို့အတွက် သိပ်၍ အကျိုးမရှိတော့ချေ။ သို့သော်ငြား ထက်ကောင်းကင်နန်းတော်၏ တပည့်များ၊ ဟုန်းလော့ကြယ်စီရင်စုကြီးမှ ကြယ်တာရာအစုအဝေးသို့ သူခေါ်လာရန် ကြံရွယ်ထားသည့် သူ့မိတ်ဆွေများနှင့် ဆွေမျိုးများအတွက်မူ ထိုသို့မဟုတ်တော့ချေ။ ထိုလူများသည်သာ လူရိုင်းမျိုးနွယ်စုဝင်များ၏ ခန္ဓာသန့်စင်ခြင်းပညာရပ်ကို ကျင့်ကြံမည်ဆိုပါက သူတို့၏ခန္ဓာကိုယ်များမှာ ကျိန်းသေကို ပိုမိုအားကောင်းလာပေလိမ့်မည်။ ထိုသို့ဖြစ်လာသည့်အခါ ကျင့်ကြံခြင်း၌ နောက်တစ်ဆင့်တက်ဖို့ရာလည်း ပိုမိုလွယ်ကူလာပေလိမ့်မည်။
ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်လေ့ကျင့်ပြီးသည့်နောက် ရန်ကိုင်မှာ သူ့ခန့်မှန်းချက် မှန်ကန်ကြောင်း အတည်ပြုနိုင်သွားခဲ့လေသည်။ ဤလူရိုင်းခန္ဓာသန့်စင်ခြင်းပညာရပ်မှာ အလွန်ကိုမှ အထင်ကြီးဖွယ်ကောင်းလှသည်။ ဤပညာရပ်အား သူ့လက်ရှိခန္ဓာကိုယ်ဖြင့်ပင်လျှင် ကျင့်ကြံဖို့ရာ အတော်လေး အားစိုက်ရသည်။
ရန်ကိုင်သည် တစ်နေ့ခင်းလုံးကို ခန္ဓာသန့်စင်ခြင်းပညာရပ်များအား ကျင့်ကြံခြင်းဖြင့် အချိန်ဖြုန်းနေလိုက်လေသည်။ ညအချိန်သို့ရောက်လာသော် ရွာသားများအားလုံး အိမ်သို့ ပြန်ကုန်ကြလေ၏။ ထိုအချိန်အတောအတွင်း အားဟူမှာ ရန်ကိုင်အား သူ့အိမ်သို့ ဝမ်းပန်းတသာဖြင့် ဖိတ်ခေါ်လေသည်။
သူ့အိမ်တွင် စားစရာမရှိတော့ကြောင်း စဉ်းစားမိလိုက်သော် ရန်ကိုင်လည်း ယနေ့ညတွင် အားဟူအိမ်၌ သွားစားရန် ဆုံးဖြတ်လိုက်လေသည်။
နောက်နှစ်ရက်အတွင်း ရန်ကိုင်သည် ထိုနည်းဖြင့်သာ အချိန်ဖြုန်းနေခဲ့လေသည်။ မနက်ပိုင်းတွင် ရွာသူကြီးအိမ်သို့ သွားကာ ရှေးဟောင်းစကားလုံးများကို မှတ်သားလေ့လာသည်။ ထို့နောက်တွင် အားဟူနှင့်အတူ ခန္ဓာသန့်စင်ခြင်းပညာရပ်များကို လေ့ကျင့်လေသည်။ ညသို့ရောက်သော် သူအိမ်သို့ပြန်လာပြီး တင်ပလင်ခွေထိုင်ကာ ကျင့်ကြံလေ၏။
မွန်းစတားသားရဲ၏ အသားနှင့် မွန်းစတားအမြုတေများ မရှိတော့သည့်အတွက်ကြောင့် ရန်ကိုင်၏ကျင့်ကြံနှုန်းမှာ သိသိသာသာကို နှေးကျသွားခဲ့ရသည်။ နှစ်ရက်ကြာသွားသည့်တိုင် ရန်ကိုင်မှာ မှော်စစ်သည်တော်အဆင့်သို့ မရောက်နိုင်သေးပေ။
သို့သော်ငြား အရေးမကြီးတော့။ ယနေ့သည် ငါးရက်မြောက်နေ့ ဖြစ်လေသည်။ ကြယ်ဝိဉာဉ်နန်းတော်မှ ပေးထားသည့် တစ်လအချိန်မှာ ပြည့်ခါနီး ဖြစ်သွားပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်အဖို့ ဤလောကကြီးအား နှုတ်ဆက်ထွက်ခွာရမည့် အချိန်သို့ ရောက်လာခဲ့လေပြီ။ ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်သည် သူ့အိမ်လေးထဲတွင်သာ နေနေခဲ့ပြီး အခြားမည်သူ့ကိုမျှ သွားမရှာတော့ဘဲ ဤကမ္ဘာငယ်လေးထဲမှ မောင်းထုတ်ခံရမည့် အချိန်ကိုသာ အေးအေးဆေးဆေးလေး ထိုင်စောင့်နေခဲ့လေသည်။
သုံးရက်ကြာပြီးသည့်နောက်တွင် အားဟူသည် ရန်ကိုင်၏ အခန်းတံခါးကို လာခေါက်လေ၏။ မကြာမီ တံခါးပွင့်သွားခဲ့ပြီး သွေးနီရောင်ရဲနေသည့် မျက်လုံးများဖြင့် ရန်ကိုင် အပြင်သို့ ထွက်လာခဲ့လေသည်။
“အားညို… ဒီရက်ပိုင်း ဘာဖြစ်လို့ မင်းကို မတွေ့ရတာလဲ… ရွာသူကြီးက စိတ်ပူလို့ မင်းကို လာစစ်ဆေးခိုင်းလိုက်တာ… အခြားလူတွေအကုန်လုံးကလည်း မင်းကို စိတ်ပူနေကြတယ်…”
ရွာနှင့်ချီသော ရွာသားများမှာ အားဟူနောက်တွင် ရှိနေကြလေသည်။ ရန်ကိုင်ကြောင့် လွန်ခဲ့သောညက မျက်ရည်ရွဲလဲ ဖြစ်သွားခဲ့ရသော အားနီသည်ပင်လျှင် လူအုပ်ကြီးထဲ၌ ရှိနေခဲ့လေ၏။ သူမ၏မျက်လုံးလေးများထဲ စိုးရိမ်မှုတို့ ပြည့်နေခဲ့လေသည်။
“တစ်ခုခု ဖြစ်သွားတာလား…” အားဟူက စိုးရိမ်တကြီးဖြင့် မေးလိုက်လေသည်။
“ဘာမှမဖြစ်ဘူး… ငါ ရွာသူကြီး သင်ပေးထားတဲ့ ပညာရပ်ကို လေ့ကျင့်ရင်းနဲ့ အချိန်ကုန်လို့ ကုန်မှန်းမသိ ဖြစ်သွားတာ… မင်းတို့အားလုံးကို စိတ်ပူအောင်လုပ်မိလို့ တောင်းပန်ပါတယ်ကွာ…” ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်လေသည်။
ထိုစကားကိုကြားသည့်အခါမှသာ အားဟူ သက်ပြင်းချနိုင်ခဲ့သည်။ “အဲ့ဒါဆိုရင်တော့ အဆင်ပြေပါတယ်ကွာ… ငါတို့ကတော့ အိုး ဟုတ်သားပဲ… ဟိုတစ်ခါတုန်းက ပြောလိုက်တဲ့ လျှိုမြောင်ထဲမှာ မင်းသတ်ခဲ့တဲ့ သားရဲတွေရဲ့ အလောင်းတွေကိုလေ… ရွာသူကြီးက အဲ့ဒါတွေကို သွားပြန်ယူစေချင်နေတယ်ကွ… ဒါပေမယ့် မင်း ဦးဆောင်သွားမှပဲရမှာ… ငါတို့က လမ်းမသိတော့… မကြာခင်လည်း နှင်းတွေက ကျလာတော့မှာဆိုတော့ မြန်မြန်မသွားလို့ရှိရင် ငါတို့ ရွာထဲကနေ ထွက်လို့ရတော့မှာမဟုတ်ဘူး…”
“ကောင်းပြီလေ… မင်းတို့အဆင်သင့်ပြင်ထားလိုက်… ငါ ခဏနေရင်လာခဲ့မယ်…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင် အခန်းတံခါးကို ပြန်ပိတ်လိုက်လေသည်။ ထို့နောက် သူ့စိတ်ထဲတွင်တော့ ကြိတ်၍ အော်ဟစ်နေမိလေ၏။ (ဘာတွေဖြစ်နေတာလဲ…)
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၈၀၈)
ဘာသာပြန်သူ_တိမ်တိုက်
တစ်လဟူသောအချိန်မှာ ပြည့်သွားခဲ့ပြီ ဖြစ်ပါသော်ငြား ရန်ကိုင်ကမူ ဤကမ္ဘာငယ်လေးထဲမှ ပြန်မထွက်နိုင်သေးချေ။
(လုံးဝမဖြစ်နိုင်ဘူး… ငါးရောင်ခြယ်ရတနာဘုရားက တစ်လပဲဖွင့်မယ်လို့ လန်ရွှင်းပြောထားပြီးသား… ဝင်ပေါက်ကလည်း အဲ့အချိန်ကျရင် ပိတ်သွားမှာ… ဝင်ပေါက်ပိတ်သွားပြီဆိုတာနဲ့ ငါးရောင်ခြယ်ရတနာဘုရားက သူ့ဘာသာသူ အထဲမှာရှိနေတဲ့ ကျင့်ကြံသူတွေအကုန်လုံးကို ပြန်မောင်းထုတ်မှာ…)
တစ်နည်းဆိုရသော် အချိန်ပြည့်သွားသည်နှင့်တစ်ပြိုင်နက် ရန်ကိုင်နှင့် အခြားသူများမှာ မည်သည့်နေရာသို့ ရောက်နေပါစေ ကြယ်ဝိဉာဉ်နန်းတော်သို့ ပြန်ရောက်သွားကြရပေလိမ့်မည်။ သို့သော်ငြား သတ်မှတ်ရက်မှာ ပြည့်သွားပြီဖြစ်သည့်တိုင် ရန်ကိုင်မှာမူ ယခုအချိန်အထိ သူ့အား အပြင်သို့ ဆွဲထုတ်ရန် ကြိုးစားနေသည့် မည်သည့်စွမ်းအားကိုမှ မခံစားခဲ့ရပေ။
လွန်ခဲ့သည့်သုံးရက်လုံးလုံး ရန်ကိုင်မှာ အိမ်ထဲတွင်နေ၍ နည်းမျိုးစုံကို ထုတ်သုံးခဲ့ပါသော်ငြား ဤနေရာမှထွက်သွားနိုင်မည့် နည်းလမ်းကို ရှာမတွေ့နိုင်ခဲ့ပေ။ ထိုကိစ္စနှင့်ပတ်သက်၍ ထိုင်စဉ်းစားကြည့်ပြီးသည့်နောက် ယခုကဲ့သို့ဖြစ်ရခြင်းမှာ ငါးရောင်ခြယ်ရတနာဘုရားနှင့်ပတ်သက်၍ ပြဿနာတစ်ခုခု ဖြစ်သွားလျှင်ဖြစ် မဖြစ်လျှင် သူ အပြင်သို့ မသွားနိုင်အောင် ဤကမ္ဘာငယ်လေးမှ ပိတ်ဆို့ထားသည့် အတွက်ကြောင့်သာ ဖြစ်ရလိမ့်မည်ဟု တွေးမိသွားလေသည်။
ငါးရောင်ခြယ်ရတနာဘုရားသည် ကြယ်ဝိဉာဉ်နန်းတော်၏ အလွန်တရာကိုမှ အရေးကြီးလှသော အဖိုးတန်ရတနာတစ်ခု ဖြစ်ကာ နှစ်ပေါင်း ထောင်နှင့်ချီတိုင်အောင် လက်ဆင့်ကမ်းလာခဲ့သော အဖိုးတန်မှော်ရတနာတစ်ခုလည်း ဖြစ်ပေသည်။ ငါးရောင်ခြယ်ရတနာဘုရား တစ်ခုခုဖြစ်သွားမည်ဆိုလျှင် အစောကြီးကတည်းက ဖြစ်သွားပေလိမ့်မည်။ ယခုမှ တိုက်တိုက်ဆိုင်ဆိုင် လာဖြစ်စရာ အကြောင်းမရှိ။ ထို့အတွက်ကြောင့် ဒုတိယတစ်ခုမှာ ပို၍ ဖြစ်နိုင်ချေ များသွားတော့လေသည်။
(ဒီကမ္ဘာငယ်လေးနဲ့ပတ်သက်ပြီး တစ်ခုခုထူးခြားနေတာလား… ငါ ဘာဖြစ်လို့ ဒီမှာပဲ ပိတ်မိနေရတာလဲ…) ကံမကောင်းစွာဖြင့် ထိုကိစ္စအား သုံးရက်သုံးညတိုင်တိုင် ထိုင်စဉ်းစားပြီးသည့်နောက် ရန်ကိုင်မှာ အတော်လေးကိုမှ စိတ်ငြိမ်သွားခဲ့ရလေသည်။ (ငါးရောင်ခြယ်ရတနာဘုရားက ကြယ်ဝိဉာဉ်နန်းတော်ရဲ့ ရတနာတစ်ခုပဲ… ငါ အခု ဒီထဲမှာ ပိတ်မိနေတာဆိုတော့ ကြယ်ဝိဉာဉ်နန်းတော်က ကျိန်းသေ ငါ့ကို ဒီထဲကနေ ထုတ်ပေးဖို့ ကြိုးစားမှာ… အကြီးအကဲတွေ ဘာမှမတတ်နိုင်ရင်တောင် မဟာဧကရာဇ်ရှိသေးတယ်… ဘာပဲဖြစ်ဖြစ် ငါ့အခုအခြေအနေကို စိတ်ပူနေလည်း အပိုပဲ… ဒီကနေထွက်သွားနိုင်မယ့်နည်းလမ်းကို ငါ့ဘာသာငါ ရှာရင်းနဲ့ အပြင်ကနေ အကူအညီရောက်လာမယ့်အချိန်ကို စောင့်ရမယ်…)
ရန်ကိုင်သည် အနည်းငယ် သပ်သပ်ရပ်ရပ် ပြင်ဆင်ပြီးသည့်နောက်တွင် အားဟူနှင့် အခြားသူများကို သွားတွေ့ကာ ရွာထဲမှ ထွက်သွားလေသည်။ ရန်ကိုင်ပြောသည့်လျှိုမြောင်သည် ရွာနှင့် ဆယ်မိုင်ကျော်အကွာခန့်တွင် ရှိနေခြင်း ဖြစ်လေသည်။ သားရဲအုပ်ကြီးနောက်သို့ သူတစ်ယောက်တည်း လိုက်သွားစဉ်က ထိုသားရဲအုပ်နောက်သို့ အမီလိုက်နိုင်ရန် တစ်ရက်တိတိ အချိန်ယူခဲ့ရသည်။ သို့သော်ငြား ယခုတစ်ကြိမ်တွင်တော့ ရန်ကိုင်အနေဖြင့် အလျင်မလိုပါသော်ငြား အချိန်ဆွဲနေ၍လည်း မဖြစ်ပေ။ တကယ်တော့ နှင်းမုန်တိုင်းများ ကျရောက်လာမည်ဆိုလျှင် သူတို့အဖို့ နှင်းထုကြီးထဲ ဖြတ်သန်းသွားနိုင်ဖို့ရာ လွယ်တော့လိမ့်မည်မဟုတ်ချေ။
ရန်ကိုင်၏ဦးဆောင်မှုဖြင့် ရာနှင့်ချီသော ရွာသားများ ပါဝင်သည့် အဖွဲ့တစ်ဖွဲ့သည် လျှိုမြောင်ရှေ့သို့ ရောက်လာကြလေသည်။ ရန်ကိုင်တို့ လျှိုမြောင်နားသို့ ရောက်လာချိန် ညနေစောင်းနေခဲ့လေပြီ။ ရုတ်တရက်ဆိုသလို ရန်ကိုင်၏ခြေလှမ်းများ ရပ်တန့်သွားခဲ့ပြီး သူ့လက်ကို မြှောက်ပြလိုက်လေသည်။ ရန်ကိုင်နောက်မှ လိုက်ပါလာခဲ့ကြသော ရာနှင့်ချီသော ရွာသားများမှာလည်း သေသေချာချာ လေ့ကျင့်ထားသည့် စစ်တပ်တစ်ခုပမာ ချက်ချင်း ရပ်လိုက်ကြသည်။
အားဟူသည် ရန်ကိုင်ဆီသို့ ပြေးလာပြီး တိုးတိုးလေး မေးလိုက်လေ၏။ “ဘာဖြစ်လို့လဲ…”
“ဒီမှာ တစ်ယောက်ယောက်ရှိနေတယ်…” ရန်ကိုင်က ပြန်ပြောလိုက်သည်။
အားဟူ၏အမူအယာ ပြောင်းလဲသွားခဲ့လေသည်။ “မင်းသေချာလား…”
ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်တစ်ဦးချင်းစီတိုင်းသည် ဤကဲ့သို့သော ခက်ခဲကြမ်းတမ်းသည့် နေရာမျိုးတွင် ရှင်သန်လာရသည့်အတွက်ကြောင့် အလွန်ကိုမှ ထက်ရှသည့် အာရုံခံနိုင်စွမ်းကို ပိုင်ဆိုင်ထားပေသည်။ ရှင်းရှင်းပြောရလျှင် ဤရှေးဟောင်းမျိုးနွယ်စုဝင်များ၏ အာရုံခံစားနိုင်စွမ်းမှာ သားရဲများ၏ အာရုံခံစားနိုင်စွမ်းနှင့် အတူတူလောက်ရှိပေသည်။ ထို့အတွက်ကြောင့် သူကိုယ်တိုင် ဤနေရာနှင့်ပတ်သက်၍ တစ်ခုခုမှားယွင်းနေသည်ဟု မခံစားမိပါသော်ငြား ရန်ကိုင်မှ ယခုကဲ့သို့ ပြောလာသည့်အတွက်ကြောင့် အားဟူစိတ်ထဲ အနည်းငယ် အံ့အားသင့်မိသွားသည့်တိုင် ရန်ကိုင်ကို ယုံကြည်ရန်သာ ဆုံးဖြတ်လိုက်လေသည်။ လက်ရှိ နှင်းထုထဲတွင် မည်သည့်ခြေရာကိုမှ မတွေ့ရပါသော်ငြား ကျန်ရစ်ခဲ့သည့်ခြေရာများမှာ နှင်းများဖုံးသွားသည့်အတွက်ကြောင့် ပျောက်ကွယ်သွားရခြင်း ဖြစ်လောက်ပေသည်။
ရန်ကိုင်သည် လူအုပ်ထဲတွင်ရှိနေသော အမျိုးသမီးတစ်ဦးအား လှမ်းအချက်ပြလိုက်သည်။ အားဟွာသည် ချက်ချင်းပဲ လေးနှင့်မြားကိုယူကာ လျှိုမြောင်၏ နံရံများဆီသို့ လျင်မြန်စွာ ပြေးသွားလေ၏။ မကြာမီ အားလုံး၏မြင်ကွင်းမှ အားဟွာ ပျောက်ကွယ်သွားခဲ့လေသည်။
ရန်ကိုင်တို့အဖွဲ့မှာတော့ ထိုနေရာတွင်သာ အတန်ကြာအောင် ရပ်နေခဲ့လေသည်။ မကြာမီ အားဟွာပြန်ရောက်လာခဲ့ပြီး အလေးအနက်အမူအယာဖြင့် ပြောလိုက်လေ၏။ “ဟုတ်တယ်… အထဲမှာ လူတွေရှိနေတယ်… လျှိုမြောင်ထဲမှာ မီးပုံဖိုထားတာကို ငါတွေ့လိုက်တယ်… ဒါပေမယ့် အရမ်းမှောင်လွန်းနေတော့ လူဘယ်လောက်ရှိလဲဆိုတာကို ပြောရခက်တယ်…”
အားဟူက ဒေါမာန်တကြီးဖြင့် ချက်ချင်း ပြန်ပြောလိုက်လေသည်။ “ကြည့်ရတာ အခြားမျိုးနွယ်စုကလူတွေ သားရဲတွေရဲ့အလောင်းတွေကို ရှာတွေ့သွားတာ ဖြစ်ရလိမ့်မယ်… ငါတို့သာ စောစောရောက်လာလိုက်ရင်ကွာ…”
ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်များသည် တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ ကလန်တစ်ခုနှင့်တစ်ခု ငြိမ်းငြိမ်းချမ်းချမ်း တည်ရှိနေကြသည်မဟုတ်။ ထို့အစား ကလန်များကြား၊ မျိုးနွယ်စုများကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိပေသည်။ အထူးသဖြင့် အစားအစာနှင့်ပတ်သက်လာသည့် အခါမျိုးတွင်ပင်။ ရန်ကိုင်သတ်ပစ်ထားခဲ့သော လျှိုမြောင်ထဲရှိ သုံးရာမကသော သားရဲများသည် ရွာတစ်ရွာလုံးအား ဆောင်းတွင်းတစ်တွင်းလုံး လောက်ငှအောင် ကျွေးနိုင်လောက်သည်အထိကို များပြားလှပေသည်။
“သူတို့ တောင်ပိုင်းလူရိုင်းကလန်က ဖြစ်ပါစေလို့ မျှော်လင့်ရမှာပဲ… အဲ့ဒါဆိုရင်တော့ အနည်းဆုံးတော့ ဆွေးနွေးလို့ရဦးမယ်… ဒီမှာခဏစောင့်နေ… ငါ တစ်ချက် သွားစစ်ဆေးကြည့်လိုက်ဦးမယ်…” ထိုသို့ပြောပြီးသည့်နောက်တွင် အားဟူသည် လျှိုမြောင်ဆီသို့ လျှောက်သွားရန် ပြင်လိုက်လေသည်။
တောင်ပြာရွာသည် တောင်ပိုင်းလူရိုင်းကလန်၏ လက်အောက်တွင် ရှိနေသည့်အတွက်ကြောင့် သူတို့အနေဖြင့် အနည်းဆုံးတော့ ဆွေးနွေး၍ ရလောက်ပေသည်။ နောက်ဆုံး မတတ်နိုင်လျှင်ပင် ဝေစုကို တစ်ယောက်တစ်ဝက် ခွဲယူ၍ ရသေးသည်။
“နေဦး…” ရန်ကိုင်က အားဟူကို လှမ်းတားလိုက်သည်။ “မင်းကိုယ်တိုင် သွားနေစရာ မလိုဘူး…”
အားဟူသည် ရန်ကိုင်ဆီသို့ ပြန်လှည့်ကြည်လာခဲ့လေသည်။
ထို့နောက်တွင် ရန်ကိုင်သည် အသက်ကို ပြင်းပြင်းရှူသွင်း၍ သူ့လက်ကိုမြှောက်လိုက်သည်။ သူ့ပါးစပ်ထဲမှ ရှေးကျသည့် အသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး သူ့ကိုယ်တွင်းရှိ စွမ်းအားများမှာ စတင်၍ လည်ပတ်လာတော့သည်။ ချက်ချင်းဆိုသလို ရန်ကိုင်ရှေ့တည့်တည့်ရှိ ဟင်းလင်းပြင်ထဲတွင် တည်ငြိမ်နေသည့် ကန်တစ်ကန်ထဲသို့ ကျောက်တုံးတစ်တုံး ကျသွားသည့်ပမာ လှိုင်းတွန့်လေးများ ထွက်ပေါ်လာခဲ့လေသည်။ ထိုလှိုင်းတွန့်လေးများ ပြန့်ထွက်လာသည်နှင့်အမျှ ထွင်းဖောက်မြင်နိုင်သည့် ပုံရိပ်တစ်ခု လူတိုင်းရှေ့တွင် ထွက်ပေါ်လာခဲ့သည်။ လက်ရှိ ထိုပုံရိပ်တွင် ပြသနေသည့်အရာမှာ လျှိုမြောင်၏ဝင်ပေါက်ဖြစ်ပေသည်။ ရန်ကိုင်၏ထိန်းချုပ်မှုအောက်တွင် ထိုပုံရိပ်သည် လျှိုမြောင်အတွင်းပိုင်းသို့ ဆက်လက်တိုးဝင်သွားလေသည်။
“အဲ့ဒါ သိမ်းငှက်မျက်လုံးပညာရပ်ပဲ…” အားဟူ၏မျက်လုံးများ တောက်ပသွားခဲ့သည်။ (ဒါ ရွာသူကြီးရဲ့ သိမ်းငှက်မျက်လုံးပညာရပ်ပဲ…) ဤပုံမှန်မဟုတ်သည့် မှော်ပညာရပ်မှာ အသုံးပြုသူအား သိမ်းငှက်ကဲ့သို့သော အမြင်အာရုံကို ပေးစွမ်းနိုင်ပြီး ကင်းထောက်များအတွက် အလွန်ကိုမှ အသုံးဝင်သည့် ပညာရပ်တစ်ခုလည်း ဖြစ်ပေသည်။ (လွန်ခဲ့တဲ့ရက်ပိုင်းလောက်ကမှ အားညို မှော်အတတ်သင်တစ်ယောက် ဖြစ်လာတာမဟုတ်ဘူးလား… အဲ့ဒါကို ဘယ်လိုလုပ်ပြီး ဒီလိုပညာရပ်မျိုးကို အချိန်ခဏလေးနဲ့ သင်လိုက်နိုင်ရတာလဲ… ရွာသူကြီး အားညိုကို သူ့ဆက်ခံသူလို့ပြောပြီးတော့ တစ်ရွာလုံးရဲ့ အနာဂတ်က အားညိုပေါ်မှာ မူတည်လိမ့်မယ်လို့ ပြောသွားတာ အထူးအဆန်း မဟုတ်တော့ပါဘူးလေ…)
အလားတူပင် ရန်ကိုင်၏နောက်တွင် ရပ်နေကြသော ရွာသားများအားလုံးမှာလည်း ရန်ကိုင်အား လေးစားတကြီးဖြင့် ကြည့်နေကြလေသည်။
ထိုအချိန်အတောအတွင်း သိမ်းငှက်မျက်လုံးပညာရပ်သည် လျှိုမြောင်ထဲသို့ တိုးတိုးတိတ်တိတ် ဆက်လက်တိုးဝင်သွားလေသည်။
သိမ်းငှက်မျက်လုံးပညာရပ် ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်တွင် ရှိနေသော မြင်ကွင်းအဖုံဖုံကို ရန်ကိုင်တို့အဖွဲ့သားအားလုံး မြင်တွေ့နေခဲ့ရလေသည်။ နောက်ဆုံးတွင် သိမ်းငှက်မျက်လုံးပညာရပ်၏ မြင်ကွင်းထဲ မီးပုံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့လေ၏။ မီးပုံတစ်ခုချင်းစီတိုင်းတွင် အားကောင်းလှသော အားကောင်းလှသည့် ရှေးဟောင်းလူရိုင်းမျိုးနွယ်စုဝင်ယောက်ျားကြီး ခုနှစ်ဦးရှစ်ဦးခန့် ဝိုင်းကာ ထိုင်နေကြလေသည်။ အမျိုးမျိုးသော သားရဲများ၏ အသားများကိုတော့ မီးပုံများပေါ်တွင် ကင်ထားကြကာ အကုန်လုံးမှာ ရယ်ရယ်မောမောဖြင့် စကားလက်ဆုံကျနေကြလေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း အားဟူနှင့် အခြားသောရွာသားများ၏မျက်လုံးများ နီရဲလာခဲ့လေသည်။ ထိုသားရဲများသည် သူတို့တောင်ပြာရွာ၏အပိုင်ဖြစ်လေရာ ထိုလူအုပ်ကြီးသည် မည်ကဲ့သို့များ သူတို့၏ဝေစုကို လာရောက် ဖြတ်ယူရဲရလေသနည်း။ သူတို့၏အစားအသောက်ကို ခိုးယူခြင်းသည် လုံးဝ ခွင့်လွှတ်၍မရသည့် ကိစ္စတစ်ရပ် ဖြစ်ပေသည်။
ထို့နောက်တွင် အားဟွာ၏အမူအယာ မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့ပြီး တိုးတိုးလေး ပြောလိုက်လေ၏။ “သူတို့တွေက မီးတောက်ကလန်ကပဲ…”
ထိုရှေးဟောင်းလူမျိုးနွယ်စုဝင်ယောကျ်ားများ၏ မျက်နှာထက်တွင် ရေးထိုးထားသော ကနုတ်များကို အားဟွာ သတိပြုမိသွားခဲ့သည်။
“မီးတောက်ကလန်က ဖြစ်နေမယ်လို့ မထင်ထားခဲ့ဘူး…” အားဟူ၏အမူအယာမှာလည်း သုန်မှုန်သွားခဲ့လေသည်။ “အဲ့လူရိုင်းကောင်တွေ ဘာဖြစ်လို့ ဒီကို ရောက်နေရတာလဲ…”
ရန်ကိုင်သည် အားဟူကိုလှမ်းကြည့်လိုက်ပြီး တွေးလိုက်လေ၏။ (ငါ့အမြင်အရဆိုရင် မင်းတို့လည်း အဲ့ကောင်တွေနဲ့ ဘာမှ ခြားတာမဟုတ်ဘူးလေ… အဲ့ဒါကိုများ သူတို့တွေကို လူရိုင်းလို့ သွားခေါ်နေသေးတယ်… တကယ်ပါပဲကွာ…)
တစ်ချိန်တည်းတွင် မီးပုံဘေး၌ ထိုင်နေသည့် လူထွားကြီးတစ်ဦးမှာ ရုတ်တရက် ထရပ်လာခဲ့သည်။ ထို့နောက်တွင် မီးတောက်သဖွယ် တဝုန်းဝုန်းလောင်မြိုက်နေသည့် ထက်ရှလှသော သူ၏မျက်ဝန်းအစုံမှာ ရန်ကိုင်ထုတ်သုံးထားသည့် သိမ်းငှက်မျက်လုံးပညာရပ်တည့်တည့်သို့ စိုက်ကြည့်လာခဲ့လေသည်။ ကြည့်ရသလောက် ထိုလူသည် ရန်ကိုင်သုံးထားသည့် ပညာရပ်ကို သတိပြုမိသွားသည့်အလား။
“ဟမ့်…” လူထွားကြီးမှာ ရုတ်တရက် နှာခေါင်းရှုံ့၍ သူ့လက်ထဲတွင် ကိုင်ထားသည့် တုတ်ကောက်အား သူ့ရှေ့တည့်တည့်သို့ ညွှန်လိုက်လေသည်။ ချက်ချင်းဆိုသလို သိမ်းငှက်မျက်လုံးပညာရပ် ပျက်စီးသွားခဲ့ပြီး ရန်ကိုင်ရှေ့တည့်တည့်ရှိ ပုံရိပ်ယောင်မှာလည်း မီးတောက်များအဖြစ် တစ်စစီ ပေါက်ကွဲထွက်သွားခဲ့ရလေသည်။
“ဟူး… ငါ့ကိုရှာတွေ့သွားပြီပဲ…” ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့သည်။
“အဲ့လူက သူတို့ရဲ့မှော်ဆရာ ဖြစ်ရလိမ့်မယ်…” အားဟူမျက်နှာ ဖြူလျော်နေခဲ့လေသည်။
မီးတောက်ကလန်အား ဤနေရာ၌ လာတွေ့ရသည်ကပင်လျှင် ကံဆိုးနေပြီဖြစ်လေရာ ထိုမီးတောက်ကလန်ထဲ အားကောင်းသည့် မှော်ဆရာတစ်ဦးပါ ပါနေခဲ့ပေသေးသည်။ ဤသည်မှာတော့ သူတို့ရွာသားများအတွက် တကယ်ကို မကောင်းသည့် သတင်းတစ်ခုပင်။ ရက်စက်ကြမ်းကြုတ်မှုနှင့် တိုက်ပွဲစွမ်းရည်အရ အဆင့်ခွဲလိုက်မည်ဆိုလျှင် မီးတောက်ကလန်သည် ရှေးဟောင်းလူရိုင်းမျိုးနွယ်စုဝင်ကလန်များကြား ထိပ်ဆုံးကလန်သုံးခုအတွင်း ပါဝင်ပေသည်။ မီးတောက်ကလန်သည် အရိုးဝါးမျိုခြင်းကလန်နှင့် သွေးမုန်တိုင်းကလန်တို့အောက်သာ နိမ့်ကျပေသည်။
“မြန်မြန်ပြန်ဆုတ်ကြရအောင် အားညို…” အားဟူက အလျင်စလို ပြောလိုက်လေသည်။
တောင်ပြာရွာရှိ ရွာသားများမှာ တိုက်ခိုက်ရာတွင် ထူးချွန်ကြပါသော်ငြား အားဟူနှင့် အခြားသူများမှာ မီးတောက်ကလန်မှလူများနှင့် ယှဉ်တိုက်ခိုက်နိုင်လိမ့်မည်ဟု သူတို့ကိုယ်သူတို့ ယုံကြည်ချက်မရှိကြချေ။ ထို့အပြင် သူတို့တစ်ဖွဲ့လုံးမှာ တနေကုန် လမ်းလျှောက်လာခဲ့ကြရပါသော်ငြား မီးတောက်ကလန်မှလူများမှာတော့ လျှိုမြောင်ထဲတွင် အေးအေးလူလူ အနားယူနေခဲ့ကြခြင်း ဖြစ်လေသည်။ ထို့အတွက်ကြောင့် ယခုနေသာ တိုက်ခိုက်ကြမည်ဆိုလျှင် သူတို့အတွက် အရေးမသာနိုင်ပေ။
အရေးအကြီးဆုံးမှာ သူတို့အဖွဲ့ထဲ အားညိုပါ ပါနေခြင်းပင်။ အားညိုသည် တစ်ရွာလုံး၏ မျှော်လင့်ချက် ဖြစ်သည့်အတွက်ကြောင့် သူ တစ်ခုခုဖြစ်သွား၍ မရပေ။ ထိုအကြောင်းကြောင့်ပင်လျှင် ယခုအချိန်၌ အလုပ်သင့်အလုပ်ထိုက်ဆုံးမှာ ပြန်ဆုတ်ရန်သာ ဖြစ်လေသည်။ အားညိုကိုသာ ကာကွယ်နိုင်မည်ဆိုပါက အစာအချို့ကို လက်လွှတ်လိုက်ရမည်ဆိုလျှင်ရော ဘာအရေးနည်း။
“မရတော့ဘူး… နောက်ကျသွားပြီ…” ရန်ကိုင်က ပုခုံးတွန့်ပြလိုက်ပြီး လျှိုမြောင်ရှိရာဆီသို့ လှမ်းကြည့်လိုက်လေသည်။
ရွာသားများလည်း ရန်ကိုင်ကြည့်နေရာဆီသို့ လှမ်းကြည့်လိုက်ရာ ရင်ထိတ်သွားကုန်ကြရလေသည်။
လျှိုမြောင်၏နံရံတစ်ဖက်တစ်ချက်စီပေါ်တွင် လေးအသီးသီးကို ကိုင်စွဲထားသည့်လူများ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြသည်။ ထို့အပြင် ထိုလူများ၏ မြားများမှာ ရန်ကိုင်တို့အဖွဲ့အား ချိန်ရွယ်ထားခဲ့လေသည်။
ကံကောင်းစွာဖြင့် တစ်ဖက်အဖွဲ့သည် သူတို့အား ချက်ချင်း တိုက်ခိုက်ခဲ့ခြင်းမရှိ။ ရန်ကိုင်တို့အဖွဲ့အား ပြန်ဆုတ်ရန် သတိပေးနေသည့်အလား။ မီးတောက်ကလန်မှာ တိုက်ပွဲကို ဆာလောင်ပါသော်ငြား အရိုးဝါးမျိုခြင်းကလန်လောက်တော့ ရက်စက်ကြမ်းကြုတ်ခြင်း မရှိချေ။
ယခုနေ ရန်ကိုင်တို့ကြုံတွေ့ရသည့် ကလန်သည်သာ မီးတောက်ကလန်မဟုတ်ဘဲ အရိုးဝါးမျိုခြင်းကလန် ဖြစ်မည်ဆိုပါက မြားများမှာ လျှိုမြောင်နံရံများပေါ်တွင်သာ ရပ်နေလိမ့်မည်မဟုတ်ဘဲ သူတို့ဆီသို့ မိုးသီးမိုးပေါက်များသဖွယ် ကျဆင်းလာပြီး ဖြစ်ပေလိမ့်မည်။ တကယ်တော့ အရိုးဝါးမျိုခြင်းကလန်သည် အခြားသော ရှေးခေတ်လူရိုင်းကလန်များကို အစားအသောက်အဖြစ် သဘောထားကြသည့် ကလန်တစ်ခု မဟုတ်လေလော။ ထိုလုပ်ရပ်သည် အခြားသော ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်များအတွက် လက်သင့်မခံနိုင်စရာပင်။ အရိုးဝါးမျိုခြင်းကလန်အား ကာကွယ်ပေးထားသည့် အားကောင်းလှသော မှော်သူတော်စင်ကြောင့်သာ မဟုတ်ပါက အရိုးဝါးမျိုခြင်းကလန်မှာ အခြားသော ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်များ အတူပူးပေါင်း၍ သုတ်သင်ရှင်းလင်းပစ်ခြင်း ခံရပြီးနေလောက်ပေပြီ။
အားဟွာနှင့် အခြားသောမြားသမားများမှာလည်း အလွန်ကိုမှ တုံ့ပြန်နှုန်း မြန်ကြပေသည်။ အခြားအဖွဲ့မှ သူမတို့အား မြားများဖြင့် ချိန်ရွယ်ထားသည်ကို သတိပြုမိလိုက်သည်နှင့်တစ်ပြိုင်နက် ချက်ချင်းလူခွဲ၍ တန်ပြန်တိုက်ခိုက်နိုင်ရန် သူတို့၏ လေးမြားများကို အသင့်ပြင်ထားလိုက်ကြသည်။ ကံမကောင်းစွာဖြင့် နေရာအနေအထားအရရော လူအရေအတွက်အရပါ တစ်ဖက်အဖွဲ့က အရေးသာနေခဲ့လေသည်။တကယ်တမ်းသာ တိုက်ခိုက်ကြမည်ဆိုလျှင် တောင်ပြာရွာအတွက် အခြေအနေဟန်လိမ့်မည် မဟုတ်ချေ။
“ကြည့်ရတာ ဟိုဘက်အဖွဲ့က တော်တော်လေး ဖော်ရွေကြတယ်နဲ့တူတယ်… ကဲ… သွားတွေ့ကြရအောင်…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ပြုံးဖြီးလျက် လက်ညှိုးတစ်ချောင်းကိုထောင်ကာ သူ့လက်ညှိုးထက် မီးတောက်လေးတစ်ခုကို ထုတ်ဖော်ပြလိုက်လေသည်။
“မှော်ဆရာပဲ…” ချောက်ကမ်းပါးပေါ်တွင် ရှိနေသည့် လူများအနက် တစ်ယောက်က အံ့အားသင့်တကြီးဖြင့် ပြောလိုက်လေသည်။
ရှေးခေတ်အချိန်များတွင် မှော်ဆရာများ၏ အရေအတွက်မှာ အလွန်ကိုမှ နိမ့်ကျလှကာ မည်သည့်မှော်ဆရာမဆို ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်များအတွက် အဖိုးတန်သည့် အဖွဲ့သားများ ဖြစ်ကြသည်။ ထို့အတွက်ကြောင့် ရန်ကိုင်မှ မှော်စွမ်းအားအား ထုတ်ပြလာသည်ကိုမြင်သော် မီးတောက်ကလန်မှ မြားသမားများ မျက်မှောင်ကြုတ်သွားကုန်ကြလေသည်။ ပြဿနာဖြစ်၍ သာမန်ရွာသားများ အသတ်ခံရလျှင် ကိစ္စမရှိချေ။ ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်များ အချင်းချင်းတိုက်ခိုက်ကြရင်း သေသွားခဲ့ကြသည့် ကလန်သားအရေအတွက်မှာ မနည်းလှချေ။ သို့သော်ငြား မှော်ဆရာတစ်ဦးသည်သာ သူတို့လက်ချက်ကြောင့် သေသွားခဲ့ရမည်ဆိုပါက အခြေအနေမှာ ထိုကဲ့သို့ ဟုတ်တော့လိမ့်မည် မဟုတ်ချေ။ မှော်ဆရာတစ်ဦးအား သတ်ပစ်ခြင်းသည် မှော်ဘုရင်များနှင့် မှော်သူတော်စင်များကို ဒေါသထွက်သွားစေနိုင်ပေသည်။ မှော်ဆရာတစ်ဦးသည်သာ အခြားသောမှော်ဆရာတစ်ဦးကို သတ်ပစ်နိုင်သည်။ သာမန်အဖွဲ့သားများမှာမူ မှော်ဆရာများကို သွားရောက်ထိပါးခွင့် မရှိပေ။
“ငါ မင်းတို့ခေါင်းဆောင်နဲ့တွေ့ချင်တယ်…” ရန်ကိုင်က အော်ပြောလိုက်လေသည်။ သူ့အသံသည် လျှိုမြောင်ကြားထဲ ပဲ့တင်ထပ်သွားခဲ့သည်။
မီးတောက်ကလန်မှ လူများမှာ မှော်ဆရာတစ်ဦး၏ တောင်းဆိုချက်ကို မငြင်းဆန်ရဲသည့်အတွက်ကြောင့် ချက်ချင်းပဲ တစ်ဦးသည် နံရံပေါ်မှ ပြေးဆင်းကာ လျှိုမြောင်ထဲသို့ ဝင်သွားလေသည်။
လျှိုမြောင်၏ နံရံဘေးတစ်ဖက်တစ်ချက်စီပေါ်တွင် ရှိနေကြသော မြားသမားများမှာလည်း တစ်ယောက်ပြီးတစ်ယောက် ပြန်ဆုတ်သွားကြပြီး မကြာခင်တွင် လျှိုမြောင်ဝင်ပေါက်ဆီမှ ထွားထွားကျိုင်းကျိုင်းလူတစ်ဦး ထွက်လာခဲ့လေသည်။ ထိုလူသည် တစ်ယောက်တည်းထွက်လာခြင်းသာ ဖြစ်ပါသော်ငြား ရန်ကိုင်တို့အဖွဲ့အား အနည်းငယ်မျှပင် ကြောက်ရွံ့နေခြင်းမရှိ။ တစ်ချိန်တည်းတွင် ထက်ရှသည့် အရှိန်အဝါတစ်ရပ်မှာ ရန်ကိုင်တို့အဖွဲ့ပေါ်သို့ စီးမိုးကျဆင်းလာခဲ့လေသည်။
အားဟူသည် အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် ရန်ကိုင်ဘေးနားတွင် မတ်တပ်ရပ်ရင်း မီးတောက်ကလန်မှလူကို စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။ ရန်ကိုင်ကမူ အားဟူအား တည်တည်ငြိမ်ငြိမ်ဖြင့် နေရန် သူ့ပုခုံးကို ပုတ်ပေးလိုက်သည်။ ထို့နောက် ရန်ကိုင်သည် မီးတောက်ကလန်မှလူကို ပြုံးကြည့်၍ ပြောလိုက်လေသည်။ “တွေ့ရတာ ဝမ်းသာပါတယ် ရောင်းရင်း… မင်းက မီးတောက်ကလန်ကမလား… ငါ မင်းတို့ခေါင်းဆောင်နဲ့တွေ့ချင်တယ်…”
ထိုအခါမှသာလျှင် မီးတောက်ကလန်အဖွဲ့သားသည် အားဟူဆီမှ အကြည့်လွှဲ၍ ရန်ကိုင်ဆီသို့ ပြန်စိုက်ကြည့်လာခဲ့လေသည်။ ထို့နောက် အံ့အားသင့်နေသည့်လေသံဖြင့် “မင်းက သူတို့ရဲ့မှော်ဆရာလား…”
“ဟုတ်တယ်…”
မီးတောက်ကလန်မှအဖွဲ့သားက မျက်မှောင်ကြုတ်လျက် “မင်း ဘာဖြစ်လို့ ဒီလောက်တောင် အားနည်းရတာလဲ…”
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၈၀၉)
ဘာသာပြန်သူ_တိမ်တိုက်
မှော်ဆရာတစ်ဦးဆိုပင်လျှင် ဤမျှအားမနည်းသင့်ပေ။ သို့သော်ငြား သူ့ရှေ့ရှိလူငယ်လေးမှာတော့ အရွယ်မရောက်သေးသည့် ကလေးငယ်တစ်ဦးပမာ အလွန်ကိုမှ လူကောင်သေးလှသည်။ သူ့လက်ညှိုးတစ်ချက်စာနှင့်ပင် အသက်ထွက်တော့မလောက်အောင်ကို အားနည်းနေသည့်ပုံမျိုး။
“အားညိုရဲ့ခွန်အားက မင်းဝေဖန်နိုင်တဲ့အရာမျိုး မဟုတ်ဘူးကွ…” အားဟူက ဝင်ပြောလိုက်လေသည်။ အလားတူပင် အခြားသောရွာသားများမှာလည်း မီးတောက်ကလန်မှလူအား လှောင်ပြောင်လိုဟန်ဖြင့် ကြည့်နေကြလေသည်။
ယခင်က သူတို့သည်လည်း အားညိုအား အလွန်တရာကိုမှ အားနည်းလှသည်ဟု ထင်ခဲ့ဖူးပေသည်။ သို့သော်ငြား လွန်ခဲ့သောရက်အနည်းငယ်ခန့်က သူတို့ကြုံခဲ့ရသည့် သားရဲအုပ်အဖြစ်အပျက်သည် အားညိုအပေါ် သူတို့၏အထင်အမြင်များကို အကြီးအကျယ် ပြောင်းလဲသွားစေခဲ့လေသည်။ ထိုသားရဲအုပ်ကြီးနှင့်တိုက်ပွဲတွင် အားညိုထုတ်ပြသွားခဲ့သော စွမ်းအားမှာ သူတို့လုံးဝမမျှော်လင့်ထားသည့် အရာမျိုး ဖြစ်သည်။ ကိုယ်တိုင်မြင်တွေ့ခဲ့ရသည့် အတွက်ကြောင့်သာ မဟုတ်ပါက သူတို့အနေဖြင့် ဤသေးသွယ်သွယ်ခန္ဓာကိုယ်လေးထဲ ထိုမျှကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအားများ ကိန်းအောင်းနေသည့်အပေါ် လုံးဝကို ယုံကြည်နိုင်ကြလိမ့်မည် မဟုတ်ချေ။
မီးတောက်ကလန်မှလူမှာတော့ ရွာသားများ၏ အပြောကို ဂရုပင်မစိုက်ဘဲ လှောင်ပြုံးသာ ပြုံးနေခဲ့လေသည်။ အားဟူပြောသည်ကို သူလုံးဝမယုံသည်မှာ အသိသာကြီးပင်။ ထို့အတွက်ကြောင့် ရန်ကိုင်ဘက်သို့လှည့်၍ ပြောလိုက်လေ၏။ “မှော်ဆရာရက အထဲမှာ မင်းကို စောင့်နေတယ်… ကျေးဇူးပြုပြီး ငါ့နောက်လိုက်ခဲ့…”
ထိုသို့ပြောပြီးသည့်နောက် ရှေ့မှဦးဆောင်ဝင်သွားလေသည်။
ရန်ကိုင်လည်း ထိုလူနောက်သို့ လိုက်သွားလေ၏။ အလားတူပင် အခြားသောရွာသားများမှာလည်း ရန်ကိုင်နောက်မှ လိုက်လာကြလေသည်။
လျှိုမြောင်ထဲသို့ ဝင်လာသည့်တိုင် ချောက်ကမ်းပါးနံရံပေါ်တွင် ရပ်နေကြသော မီးတောက်ကလန်မှ မြားသမားများမှာတော့ သူတို့၏လေးများကို ပြန်ရုတ်သိမ်းခြင်း မရှိသေးချေ။ အကုန်လုံးသည် လေးနှင့်မြားများကို အဆင်သင့် ကိုင်စွဲထားကြသည်။ ရန်ကိုင်တို့ဘက်မှသာ တစ်ခုခု မဆင်မခြင် လုပ်လိုက်သည်နှင့် ချက်ချင်း ပစ်မည့်ပုံပင်။
မကြာမီတွင် ရန်ကိုင်တို့အဖွဲ့သည် ရာနှင့်ချီသော မီးတောက်ကလန်သားများ ရှိနေသည့် လျှိုမြောင်၏ အတွင်းပိုင်းဆီသို့ ရောက်လာကြသည်။
မီးတောက်ကလန်သားသည် တစ်ခုသော မီးပုံဆီသို့ လျှောက်သွားပြီး ထိုနေရာတွင်ထိုင်နေသော လူထွားကြီးအား တိုးတိုးလေးပြောလိုက်လေသည်။ လူထွားကြီးသည် ခေါင်းမော့၍ ရန်ကိုင်ဘက်သို့ လှည့်ကြည့်လာခဲ့လေသည်။
(ဒီတော့ သူက ဒီလူတွေရဲ့မှော်ဆရာပေါ့…) ရန်ကိုင်သည် ထိုလူအား သိမ်းငှက်မျက်လုံးပညာရပ်မှ တစ်ကြိမ်မြင်ခဲ့ဖူးသည့်အတွက်ကြောင့် နောက်တစ်ကြိမ်မြင်လိုက်သော် ချက်ချင်း မှတ်မိသွားလေသည်။
ရသည်လည်း ရန်ကိုင်အား အံ့အားသင့်နေသည့်အမူအယာဖြင့် လေ့လာဆန်းစစ်ကြည့်နေသည်။ ယေဘုယျအားဖြင့် မှော်ဆရာများသည် ရုပ်ခန္ဓာကိုယ်ကို ကျင့်ကြံလေ့ မရှိကြပါသော်ငြား ရန်ကိုင်၏ခန္ဓာကိုယ်မှာ အလွန်တရာကိုမှ သေးလွန်းနေသည့်အတွက်ကြောင့် မီးတောက်ကလန်မှ မှော်ဆရာသည်ပင်လျှင် ရန်ကိုင်အား အလွန်ကိုမှ အားနည်းသည်ဟု ထင်မြင်မိနေလေသည်။ မှော်ဆရာအများစုသည် သူတို့၏အချိန်အများစုကို တင်ပျဉ်ခွေထိုင် ကျင့်ကြံရင်းဖြင့်သာ ကုန်ဆုံးလေ့ရှိကြသည်။ ရုပ်ခန္ဓာကိုယ်ကို လေ့ကျင့်လေ့ သိပ်မရှိကြ။ ထို့အတွက်ကြောင့် ပုံမှန်အားဖြင့် သူတို့၏ရုပ်ခွန်အားမှာ အခြားသောကလန်သားများနှင့် ယှဉ်လိုက်သော် ပို၍အားနည်းနေလေ့ရှိပေသည်။ သို့တိုင် ရန်ကိုင်၏ခန္ဓာကိုယ်မှာ မှော်ဆရာတစ်ဦး ရှိသင့်ရှိထိုက်သည့် ခန္ဓာကိုယ်ထက်ပင်လျှင် ပို၍ သေးငယ်နေခဲ့လေသည်။
“ငါ မင်းကို ဘယ်လိုခေါ်ရမလဲ…” ရသည် ရန်ကိုင်အား ခဏမျှကြာအောင် လေ့လာဆန်းစစ်ကြည့်နေပြီးသည့်နောက် မေးလိုက်လေသည်။
“အားညို…” ရန်ကိုင်က ယဲ့ယဲ့လေးပြုံး၍ ပြန်ပြောလိုက်လေသည်။ သူ့အမူအယာမှာ နှိမ့်ချခြင်းမရှိသလို မောက်မာခြင်းလည်းမရှိ။
“ကောင်းပြီ… မှော်ဆရာညို… မင်း ဒီကို ဘာဖြစ်လို့ရောက်လာတာလဲ…”
ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ငါ့ပစ္စည်းတွေ ငါ ပြန်လာယူတာ…”
ရ မျက်မှောင်ကြုတ်သွားခဲ့လေသည်။ “မင်းပစ္စည်းတွေ…”
ရန်ကိုင်က ဘေးပတ်ဝန်းကျင်ကို လက်ညှိုးထိုးပြရင်းမှ “မင်းတို့ အခု ကင်နေတဲ့အသားတွေ၊ ဟိုမှာရှိနေတဲ့ အလောင်းတွေအကုန်လုံးက ငါ့ပစ္စည်းတွေပဲ…”
ထိုစကားကိုကြားသော် မီးတောက်ကလန်အဖွဲ့သားများအားလုံး ရန်ကိုင်အား လှောင်ပြောင်လိုဟန်ဖြင့် ကြည့်နေကြလေသည်။ ထို့နောက်တွင် အကုန်လုံး ထရပ်၍ အချိန်မရွေး ထတိုက်ခိုက်ကြတော့မည့်အလား ရန်ကိုင်တို့အဖွဲ့အား စိုက်ကြည့်လာကြသည်။
ရန်ကိုင်စကားကို ကြားပြီးသည့်နောက်တွင် ရ ယာယီမျှ မျက်မှောင်ကျုံ့သွားခဲ့သည်။ ထို့နောက် ဝါးလုံးကွဲအော်ရယ်မောလျက် “ဒီသားရဲအလောင်းတွေက မင်းပစ္စည်းတွေ ဟုတ်လား… မင်းမှာ သက်သေရှိလား…”
ရန်ကိုင်က ပုခုံးတွန့်ပြလျက် “သက်သေတော့မရှိဘူး…” တစ်ချက်မျှရပ်ပြီးသည့်နောက် ဆက်ပြောလိုက်၏။ “ဒါပေမယ့် လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက ငါတို့ရွာ သားရဲအုပ်တိုက်တာ ခံခဲ့ရတယ်… အဆုံံးမှာတော့ သားရဲအုပ်ကို ပြန်ပြီး မောင်းထုတ်နိုင်ခဲ့တယ်… ပြီးတော့ ငါကိုယ်တိုင် အဲ့သားရဲအုပ်နောက်လိုက်လာပြီး သားရဲတွေအကုန်လုံးကို သတ်ပစ်လိုက်တယ်။ ဒါပေမယ့် အဲ့တုန်းက ငါတစ်ယောက်တည်းဆိုတော့ သားရဲအလောင်းတွေကို ပြန်သယ်သွားလို့ အဆင်မပြေလို့ ရွာဆီပြန်ပြီး လူသွားခေါ်တာ။ မင်းတို့က ငါ့ထက် စောပြီး ရောက်နေမယ်လို့ မထင်ထားဘူး”
ရသည် ရန်ကိုင်အား အံ့အားသင့်နေသည့်အမူအယာဖြင့် ကြည့်လျက် “မင်းပြောလိုက်တာက မင်း ဒီသားရဲအုပ်ကြီးနောက်ကို တစ်ယောက်တည်းလိုက်လာပြီး အကုန်လုံးကို သတ်ပစ်လိုက်တာပေါ့ ဟုတ်လား…”
“ဟုတ်တယ်…” ရန်ကိုင်က ခေါင်းညိတ်၍ ထပ်ပြောလိုက်သည်။ “ပြီးတော့ အဲ့သားရဲအုပ်ထဲမှာ သားရဲရိုင်းတစ်ကောင်ပါ ပါသေးတယ်…”
“သားရဲရိုင်းလည်း ပါသေးတယ်…” ရ၏အမူအယာ ပိုပို၍ အံ့အားသင့်သွားခဲ့လေသည်။
“ဟား ဟား ဟား…” မီးတောက်ကလန်သားများမှာတော့ ဝါးလုံးကွဲကို အော်ရယ်မောနေကြလေသည်။ သူတို့ဘဝတွင် အရယ်ရဆုံးသော ပြက်လုံးတစ်ခုကို ကြားလိုက်ရသည့်ပမာ။ ထိုလူများရယ်မောလိုက်သည့်နောက်တွင် ရကိုယ်တိုင်မှာလည်း မအောင့်အည်းနိုင်တော့ဘဲ ခေါင်းတခါခါဖြင့် ထရယ်တော့လေသည်။
ရန်ကိုင်သည်သာ ရွာသားများနှင့် အတူပူးပေါင်း၍ ဤလျှိုမြောင်ထဲတွင်ရှိနေသော သားရဲများကို သတ်ပစ်ခဲ့သည်ဆိုပါက သူပြောသည်မှာ ယုံချင်စရာ ကောင်းပေလိမ့်ဦးမည်။ သို့သော်ငြား သူတစ်ယောက်တည်း ဤ အကောင်သုံးရာမကသော သားရဲများနှင့် သားရဲရိုင်းတစ်ကောင်ကိုပါ သတ်ပစ်ခဲ့သည်ဟူသော အချက်မှာတော သိပ်၍ ယုံကြည်စရာမကောင်းတော့ချေ။ မည်သူမျှလည်း ထိုစကားကို ယုံလိမ့်မည်မဟုတ်။
အစောပိုင်းက ရန်ကိုင်အား လျှိုမြောင်ထဲသို့ ဦးဆောင်ခေါ်လာသည့် မီးတောက်ကလန်သားသည် အားဟူအား အထင်အမြင်တသေးဖြင့် ကြည့်၍ “ဒါ မင်းတို့ရဲ့မှော်ဆရာအရူးလား…”
“မင်း ဘာပြောလိုက်တာလဲကွ… မင်း ထပ်ပြောရဲရင်ပြောလိုက်စမ်း…” အားဟူ ဒေါသူပုန်ထသွားခဲ့လေသည်။
မှော်ဆရာများသည် သူတို့ရွာအသီးသီး၏ ခေါင်းဆောင်များ ဖြစ်ကြသည်။ ထို့အတွက်ကြောင့် မှော်ဆရာများမှာ တစ်ရွာလုံးကို ကိုယ်စားပြုသည်ဟု ပြော၍ရသည်။ မှော်ဆရာတစ်ပါးကို စော်ကားလိုက်ခြင်းသည် ထိုမှော်ဆရာနေထိုင်နေသည့်ရွာကို စော်ကားလိုက်ခြင်းသာ ဖြစ်လေသည်။ ထိုသို့ဖြစ်လေရာ အားဟူနှင့် အခြားရွာသားများမှာ သူတို့အား လာရောက်စော်ကားနေသည်ကို မည်ကဲ့သို့များ ငြိမ်ခံနိုင်ပါမည်နည်း။
“အားဟူ…” ရန်ကိုင်က အော်ပြောလိုက်ပြီးသည့်နောက် အားဟူအား ခေါင်းခါပြလိုက်လေသည်။
ထိုအခါမှသာလျှင် အားဟူသည် အံကိုတင်းတင်းကြိတ်၍ ဘာမှမပြောဘဲ ငြိမ်နေလိုက်တော့သည်။
“ကဲ… ကောင်းပြီလေ… မင်း ဒီကိုလာရတဲ့ အကြမ်းဖျင်းအကြောင်းအရင်းကို ငါနားလည်သွားပြီ…” ရက ယဲ့ယဲ့လေးပြုံးလျက် ပြောလိုက်လေသည်။ “ငါတို့နှစ်ယောက်စလုံးက လူရိုင်းမျိုးနွယ်စုဝင်တွေ… ပြီးတော့ မင်းက ဒီကိုရောက်ဖို့ အဝေးကြီးကနေလည်း လာခဲ့ရတာဆိုတော့ ငါမင်းကို အခက်တွေ့အောင် မလုပ်ချင်ဘူး…” ထိုသို့ပြောပြီးသည့်နောက်တွင် မီးတောက်ကလန်မှ မီးတောက်ကလန်သားတစ်ဦးဘက်သို့လှည့်၍ ပြောလိုက်လေ၏။ “သူတို့ကို အလောင်းဆယ်လောင်းပေးပြီးတော့ ထွက်သွားခိုင်းလိုက်တော့…”
မီးတောက်ကလန်သားမှာ ထိုစကားကိုကြားသည့်အခါ အနည်းငယ် တုံ့ဆိုင်းသွားခဲ့လေသည်။ သို့သော်ငြား မှော်ဆရာကိုယ်တိုင်မှ အမိန့်ပေးနေသည့်အတွက်ကြောင့် သူ့၌ ငြင်းဆိုခွင့်မရှိချေ။
“အလောင်းဆယ်လောင်း… မှော်ဆရာရ… ခင်ဗျားက တကယ်ကို ရက်ရောတာပဲ…” ရန်ကိုင်က လှောင်ပြုံးပြုံး၍ ပြန်ပြောလိုက်လေသည်။
“လူငယ်လေး… ငါ့သည်းခံနိုင်စွမ်းကို လာမစမ်းနဲ့နော်…” ရ၏အမူအယာ ရုတ်ချည်း တည်ကြည်သွားခဲ့လေသည်။ “မင်း ငါတို့မီးတောက်ကလန်အကြောင်း မသိသေးဘူးနဲ့တူတယ်… ငါ အသက်ကြီးလာလို့ပေါ့… ငယ်ငယ်တုန်းက ပုံစံမျိုးနဲ့သာဆိုရင်တော့ မင်း အခုချိန် မြေကြီးပေါ်မှာ မှောက်နေလောက်ပြီ… သိပ်ပြီးတော့ ကံမစမ်းချင်နဲ့…”
ရန်ကိုင်က ခေါင်းညိတ်၍ “မှော်ဆရာရစကားကို ကျုပ်အားညို သေချာမှတ်ထားပါ့မယ်… ဒါပေမယ့် ကျုပ်ကတော့ ကျုပ်ပစ္စည်းတွေကို ပြန်လိုချင်နေတုန်းပဲ… ကျုပ်ပစ္စည်းတွေက ခင်ဗျားတို့အပိုင်မှမဟုတ်တာ…”
ရန်ကိုင်မှ ထိုကဲ့သို့ ပြောပြီးသည်နှင့်တစ်ပြိုင်နက် ရဆိုသည့်လူအား မီးတောက်မတတ်အကြည့်ဖြင့် စိုက်ကြည့်လိုက်လေသည်။
ရသည်လည်း ထိုင်ရာမှ ထလိုက်သည်။ သူ၏ ထွားကျိုင်းလှသော ခန္ဓာကိုယ်ကြီးဆီမှ ထွက်ပေါ်လာသည့် အရိပ်သည် ရန်ကိုင်တစ်ကိုယ်လုံးကို အပြည့်အဝ ဖုံးသွားခဲ့လေ၏။ ထို့နောက် ရန်ကိုင်အား ငုံ့ကြည့်၍ ပြောလိုက်လေသည်။ “မင်းက ကိုယ့်သေတွင်းကိုယ် တူးချင်နေတာပဲ…”
မှော်ဆရာနှစ်ဦးမှာ စတင်၍ ရန်စောင်လာကြတော့လေသည်။ ထို့နည်းတူစွာပင် ကလန်နှစ်ခုမှ ရွာသားများမှာလည်း အချင်းချင်း စူးရဲစွာ စိုက်ကြည့်လာကြတော့သည်။
လက်နက်အသီးသီးကို ထုတ်ယူလိုက်သည့်အသံများမှာလည်း တစ်ပြိုင်တည်း ထွက်ပေါ်လာခဲ့ကြလေသည်။ နှစ်ဖက်စလုံးတွင်ရှိနေသော မြားသမားများသည် သူတို့၏လေးများကို အချိန်မရွေးပစ်နိုင်ရန်အတွက် တစ်ပြိုင်တည်း လေးတင်လိုက်ကြသလို ကျန်သည့်လူများမှာလည်း အချိန်မရွေး တိုက်ခိုက်နိုင်ရန် ပြင်ဆင်ထားကြလေသည်။ အားဟူနှင့် အခြားသူများမှာ သူတို့၏ ကျောက်ပုဆိန်နှင့် ကျောက်လှံအသီးသီးကို ကိုင်စွဲလိုက်ကြသည်။
“မင်းသေလိမ့်မယ်…” ရက သတိပေးလိုက်သည်။
“ခင်ဗျားလည်း သက်သာမှာမဟုတ်ဘူး…” ရန်ကိုင်သည် မည်သူသေမလဲရှင်မလဲဆိုသည်ကို ဂရုမစိုက်သည့်အလား ပြန်ပြောလိုက်လေသည်။
“မင်းတကယ် စစ်ဖြစ်ချင်နေတာလား…”
“ကျုပ်ပစ္စည်းတွေကို လာယူတာလို့ ပြောပြီးသွားပြီလေ… ခင်ဗျားကမှ မယုံတာ… ဘာဖြစ်လို့ ဆယ်ကောင်ပဲ လာပေးနေရတာလဲ… ပြီးတော့ ခင်ဗျားကိုယ်တိုင်လည်း အမှန်တရားကိုသိတာပဲ… ဒီသားရဲတွေသေနေတာ တော်တော်ကြာနေပြီ… ခင်ဗျားတို့ရောက်လာတဲ့အချိန် ဒီသားရဲတွေအကုန်လုံးက အခြားတစ်ယောက်သတ်ထားပြီးသားဆိုတာလည်း ခင်ဗျားတို့သိမှာပေါ့… အဲ့ဒါကို ဘာဖြစ်လို့ ခင်ဗျားအပိုင် လုပ်ချင်နေရတာလဲ…”
ရ ဒေါသူပုန်ထသွားခဲ့လေသည်။ “ပိုင်ရှင်မရှိတဲ့ပစ္စည်းတွေကို တွေ့တဲ့လူယူပဲ…”
“ဒါပေမယ့် အခု ပိုင်ရှင်က ပြန်လာတောင်းနေပြီလေ…”
“သက်သေပြလေ…”
ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ဘာသက်သေမှတော့မရှိဘူး..”
ရက လှောင်ပြုံးပြုံးလျက် ပြန်ပြောတော့မည်အပြု ရန်ကိုင်က ဆက်ပြောလိုက်လေသည်။ “ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး အဖြေတစ်ခုရှိတယ်… လူရိုင်းနတ်ဘုရားကို သက်သေထားပြီးတော့ မှော်ဆရာနည်းလမ်းအတိုင်း ဒီကိစ္စကို ဖြေရှင်းကြရအောင်…”
ရ၏မျက်လုံးများ မှေးစင်းသွားခဲ့ပြီး ရန်ကိုင်အား မယုံကြည်နိုင်ဟန်ဖြင့် စိုက်ကြည့်လျက် “မင်း ငါ့ကို စိန်ခေါ်နေတာလား…”
ရန်ကိုင်က ပြုံးလျက် “ဒီတစ်ခုပဲရှိတော့တာလေ… မဟုတ်ရင် နှစ်ဖက်လုံးက ကလန်သားတွေ သေကြေကုန်ကြမှာ… ဆောင်းကလည်းနီးလာနေပြီ… လူတွေသာ ဒီမှာ ဒဏ်ရာရသွားလို့ရှိရင် ဒီဆောင်းမှာ အသက်ရှင်ဖို့ ခက်လိမ့်မယ်…”
ရက ခေါင်းညိတ်လျက် ပြန်ပြောလိုက်သည်။ “အဲ့ဒါတော့အမှန်ပဲ… ဒါပေမယ့်…” ရုတ်တရက် ယသည် ခက်ထန်ကြမ်းကြုတ်စွာ ပြုံးဖြီးလျက် “မင်းနိုင်မယ်လို့ ထင်နေတာလား…”
“ဘယ်သူသိမှာလဲ… တိုက်မှမတိုက်ရသေးတာ…” ရန်ကိုင်က ရယ်သွမ်းသွေးလျက် ပြန်ပြောလိုက်သည်။
“ကောင်းပြီလေ… မင်းက ဒီလောက် ခေါင်းမာနေမှတော့လည်း ငါ မှော်ဆရာရက လူရိုင်းနတ်ဘုရားရဲ့နာမည်ကို တိုင်တည်ပြီးတော့ မင်းစိန်ခေါ်တာကို လက်ခံရတာပေါ့…” ထိုသို့ပြောပြီးသည့်နောက် ရက သူ့လူများကို အမိန့်ပေးလိုက်လေသည်။ “မင်းတို့အားလုံး ပြန်ဆုတ်နေကြ…”
မီးတောက်ကလန်များသားအားလုံး သူတို့၏လက်နက်အသီးသီးကို ပြန်သိမ်းလိုက်ကြပြီး နောက်သို့ဆုတ်သွားကြလေသည်။
ထို့နည်းတူစွာပင် ရန်ကိုင်သည်လည်း သူ့လူများဘက်သို့လှည့်၍ အမိန့်ပေးလိုက်သည်။ “မင်းတို့အားလုံးလည်း ပြန်ဆုတ်နေကြ…”
အားဟူနှင့် အခြားသူများမှာ ရန်ကိုင်အား စိုးရိမ်တကြီးဖြင့် ကြည့်လိုက်ကြလေသည်။ ရန်ကိုင်တို့ပြောသွားသည့်စကားများကို သူတို့ သေသေချာချာ ကြားလိုက်ရသည်။ သူတို့သည် မှော်ဆရာများ မဟုတ်ကြပါသော်ငြား မှော်ဆရာများလမ်းစဉ်အတိုင်း ဖြေရှင်းသည့်ကိစ္စများကို မကြားဖူးကြသည်တော့မဟုတ်။ လူရိုင်းနတ်ဘုရားကို သက်သေထူ၍ တိုက်ခိုက်ကြသည့် ပွဲမျိုးတွင် အောင်နိုင်သူသည် အရာမှန်သမျှကို ရရှိသွားကြပြီး ရှုံးနိမ့်သူမှာတော့ ဆိုးရွားသည့်ကံကြမ္မာနှင့်သာ ကြုံတွေ့ရလေ့ရှိပေသည်။
“အားညို…” အားဟူသည် တစ်ခုခုပြောရန် လုပ်လိုက်လေသည်။ ရန်ကိုင်အား ထိုသို့မလုပ်ရန် ပြောချင်ပါသော်ငြား နောက်ကျလွန်းနေခဲ့လေပြီ။ မှော်ဆရာရမှာ ရန်ကိုင်၏စိန်ခေါ်မှုကို လက်ခံပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် ဤတိုက်ပွဲမှာ ရှောင်လွှဲ၍ မရတော့ချေ။ ယခုနေမှ ကိုယ့်စကားကိုယ် ပြန်ရုတ်သိမ်းခြင်းသည် လူရိုင်းနတ်ဘုရားကို စော်ကားလိုက်ခြင်းဖြစ်ပေသည်။ မည်သူမှ ထိုကဲ့သို့ လုပ်ရပ်မျိုးကို သည်းခံနိုင်လိမ့်မည်မဟုတ်။ ထို့အတွက်ကြောင့် သူပြောချင်နေသည့် စကားအားလုံးမှာ အခြားသောစကားတစ်ခွန်းအဖြစ်သို့သာ ပြောင်းလဲသွားရလေသည်။ “သတိထား…”
ရန်ကိုင်ကမူ ခေါင်းညိတ်၍ “စိတ်မပူနဲ့”ဟူသော ပုံစံမျိုး လုပ်ပြလိုက်လေသည်။
သို့တိုင် အားဟူနှင့် အခြားသူများမှာတော့ စိတ်ပူနေကြသေးသည်။ သူတို့အနေဖြင့် စိတ်မပူဘဲ ဘယ်နေပါမည်နည်း။ အားညို မှော်ဆရာဖြစ်လာသည်မှာ ကြာမှ မကြာသေးလေကိုး။ သို့သော်ငြား သူရင်ဆိုင်ရမည့်လူမှာတော့ မှော်ဆရာဖြစ်သည်မှာ အတန်ကြာနေသည့်လူတစ်ဦး ဖြစ်လေသည်။ မှော်ဆရာရသည် သူတို့၏ ရွာသူကြီးလောက် အသက်မကြီးပါသော်ငြား မှော်ဆရာရဆီမှ ဖြာထွက်နေသည့် အရှိန်အဝါသည် ရွာသူကြီးဆီမှ ဖြာထွက်နေသည့် အရှိန်အဝါထက် အဆပေါင်းများစွာ ပိုမိုအားကောင်းနေသည်။ ထိုကဲ့သို့သောမှော်ဆရာတစ်ဦးကို အားညို အနိုင်တိုက်မည်လား။
တောင်ပြာရွာမှရွာသားများမှာ စိုးရိမ်နေကြပါသော်ငြား မီးတောက်ကလန်အဖွဲ့သားများမှာတော့ အလွန်ကိုမှ စိတ်လက်ပေါ့ပါးနေကြလေသည်။ ပွဲကြီးပွဲကောင်းတစ်ခုကို စောင့်ကြည့်ရတော့မည့်အလား ဝမ်းသာအားရဖြင့် တိုက်ပွဲကို စောင့်မျှော်နေကြသည်။ အကုန်လုံးသည် အဖွဲ့လိုက်အဖွဲ့လိုက်စုရင်း ရန်ကိုင်အား လက်ညှိုးထိုး၍ လှောင်ပြောင်ပြောဆိုနေခဲ့ကြလေသည်။
မြင်တတ်သည့်မည်သူမဆို မှော်ဆရာညိုသည် မှော်ဆရာရ၏ ပြိုင်ဘက်မဟုတ်မှန်း ပြောနိုင်ပေလိမ့်မည်။ မှော်ဆရာရကို ထိုခွန်အားလေးဖြင့် သွားစိန်ခေါ်ခြင်းမှာ မှော်ဆရာညို ကိုယ့်သေတွင်းကိုယ် တူးနေခြင်းသာ ဖြစ်လေသည်။
မကြာမီ ရန်ကိုင်နှင့် မှော်ဆရာရတို့ ရှိနေသည့် မြေကွက်လပ်ကြီးမှာ ရှင်းလင်းသွားခဲ့လေသည်။ ရန်ကိုင်နှင့် မှော်ဆရာရတို့သည်သာ ကျယ်ပြောလှသော လျှိုမြောင်ကြီးထဲ တစ်ဦးကိုတစ်ဦး မတ်တပ်ရပ်ကာ ရင်ဆိုင်နေကြတော့လေ၏။ နှစ်ဦးစလုံးသည် တစ်ယောက်နှင့်တစ်ယောက်ဆီမှ မီတာသုံးဆယ်ခန့်အကွာတွင် ရပ်နေကြလေသည်။
ဤသည်မှာ မှော်ဆရာများ အချင်းချင်း ယှဉ်ပြိုင်ရာတွင် တစ်ဦးနှင့်တစ်ဦး ခြားလေ့ရှိသည့် အကွာအဝေးလည်း ဖြစ်ပေသည်။
ရက ပြုံးလျက် မေးလိုက်လေသည်။ “မှော်ဆရာညို… ငါက အလယ်အလတ်အဆင့် မှော်စစ်သည်တော်ပဲ… မင်းအရှိန်အဝါကတော့ အဲ့လောက်မသိပ်သည်းဘူး… မင်း အမှော်တတ်သင်ပဲ ရှိသေးတာမလား…”
ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “မှော်ဆရာရက အမြင်စူးရှတာပဲ… ဟုတ်တယ်… ရွာသူကြီးကတော့ ကျုပ်က အဆင့်မြင့်မှော်အတတ်သင် ဖြစ်နေပြီလို့ ပြောတယ်…”
ရက ခေါင်းညိတ်လျက် “မင်းသတ္တိက မသေးပါလား… မင်းအသက်က ငယ်ငယ်လေးပဲရှိသေးတယ်… မင်းသာ ကြိုးစားမယ်ဆိုရင် တောက်ပတဲ့အနာဂတ်ကို ပိုင်ဆိုင်ရမှာ… ဆိုးတာက မင်းက ကိုယ့်အကြောင်းကိုယ် မသိတာပဲ…”
ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “မှော်ဆရာရ… ခင်ဗျားမှာ နောင်ကျရင် စကားပြောဖို့ အချိန်အများကြီးရှိသေးတယ်… အခုနေမလှုပ်ရှားရင် ကျုပ် အရင်စတိုက်တော့မှာနော်…”
ရကမူ လှောင်ပြုံးသာ ပြုံးလိုက်လေသည်။ ကြီးနိုင်ငယ်ညှင်း မလုပ်လိုသည့်အတွက်ကြောင့် ရန်ကိုင်အား အရင်ဆုံးစတိုက်ရန် အချက်ပြလိုက်လေသည်။ ထိုအချင်းအရာကိုမြင်သော် ရန်ကိုင်လည်း အချိန်ဖြုန်းမနေတော့ဘဲ မြေကြီးကို ခြေဆောင့်၍ မှော်ဆရာရဆီသို့ လေအလျင်အလား ပြေးဝင်သွားခဲ့သည်။ ရန်ကိုင်၏လုပ်ပုံကိုမြင်သော် မှော်ဆရာရမျက်နှာထက်ရှိ လှောင်ပြောင်လိုသည့်အမူအယာ တောင့်တောင့်ကြီး ဖြစ်သွားခဲ့လေသည်။ (ဘာကြီးလဲဟ… ဒီကောင် ဘာဖြစ်လို့ ငါ့ဆီ ရုတ်တရက်ကြီး ပြေးဝင်လာရတာလဲ…)
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၈၁၀)
ဘာသာပြန်သူ_တိမ်တိုက်
ရှေးဟောင်းလူရိုင်းမျိုးနွယ်စုဝင်များကြားမှ တိုက်ပွဲသည် အလွန်ကိုမှ ရိုးစင်းကာ ကြမ်းလည်း ကြမ်းတမ်းကြပေသည်။ ထို့အတွက်ကြောင့် တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ကြသည့်အခါ ဆူမိုနပန်းသမားများနှယ် တစ်ဦးဆီသို့တစ်ဦး ပြေးဝင်သွားကြပြီး နပန်းသတ်ကြသည်။ သို့သော်ငြား ထိုကဲ့သို့သော တိုက်ခိုက်သည့်ပုံမှာ သာမန်စစ်သည်တော်များအတွက်သာ ဖြစ်ကြလေသည်။ မှော်ဆရာများကြား တိုက်ပွဲမှာမူ ထိုကဲ့သို့မဟုတ်။ ထို့အစား သူတို့၏ကျင့်ကြံခြင်းနှင့် တတ်ကျွမ်းထားသော မှော်ပညာရပ်များကို ပြိုင်ဆိုင်သည့် တိုက်ပွဲမျိုး ဖြစ်ကြပေသည်။
ထိုအကြောင်းကြောင့်ပင်လျှင် မှော်ဆရာရမှာ တိုက်ပွဲစသည်နှင့်တစ်ပြိုင်နက် မှော်ဆရာညိုအား မည်ကဲ့သို့ အနိုင်ယူရမလဲ ဆိုသည်ကိုပင် ကြိုတင်စဉ်းစားထားခဲ့လေသည်။ တကယ်တော့ အဆင့်မြင့်မှော်အတတ်သင်လေးသာ ရှိသေးသော မှော်ဆရာညိုသည် သူ့အတွက် မည်ကဲ့သို့သော အခက်အခဲမျိုးကို ဖန်တီးပေးနိုင်ပါမည်နည်း။ အရေးကြီးဆုံးအချက်မှာ သူသည် မှော်ဆရာညိုထက် အဘက်ဘက်တွင် သာလွန်နေခြင်းပင်။ ကျင့်ကြံခြင်းဖြစ်စေ တိုက်ပွဲအတွေ့အကြုံဖြစ်စေ သူ့ဘက်မှ အကုန်အသာကြီးပင်။
ထို့အတွက်ကြောင့် ရန်ကိုင်မှ သူ့ဆီသို့ တဟုန်ထိုးပြေးဝင်လာနေသည်ကို မြင်သော် မှော်ဆရာရ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့လေသည်။ (ဒီကောင် မှော်ဆရာတစ်ယောက်မဟုတ်ဘူးလား… ဘာဖြစ်လို့ ဘာမှော်ပညာရပ်မှ မသုံးတာလဲ…)
ရန်ကိုင်၏လုပ်ပုံမှာ မှော်ဆရာရအား ယာယီမျှ မှင်တက်သွားစေခဲ့ပါသော်ငြား အဆုံးတွင်တော့ အတွေ့အကြုံရှိသည့် အလယ်အလတ်အဆင့် မှော်စစ်သည်တော်တစ်ဦးပီပီ အလျင်အမြန် အသိပြန်ဝင်လာခဲ့ပြီး ဘာမှန်းမသိရသော ရှေးဟောင်းမန္တန်တစ်ခုကို စတင် ရေရွတ်တော့လေသည်။ ထို့နောက်တွင် သူ့လက်ထဲ၌ ကိုင်စွဲထားသည့် သစ်သားတောင်ဝှေးအား ဝှေ့ယမ်းချလိုက်ရာ မှော်ဆရာရ၏ ရှေ့တည့်တည့်တွင် ထွင်းဖောက်မြင်နိုင်သည့် ဒိုင်းကာတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။ ထို့နောက်တွင် ရန်ကိုင်အား သစ်သားတောင်ဝှေးဖြင့် ချိန်ရွယ်၍ လက်ဆေးဇလုံအရွယ်အစားရှိသော မီးဘောလုံးတစ်လုံးကို ပစ်လွှတ်လိုက်လေသည်။
(ငါနိုင်ပြီကွ…) ဤသည်မှာ မှော်ဆရာများကြား အလွန်ကိုမှ ရေပန်းစားသည့် အခြေခံအကျဆုံးသော မှော်ပညာရပ်များ ဖြစ်ကြပေသည်။ တစ်ခုသည် အကာအကွယ်အတွက်ဖြစ်ပြီး တစ်ခုသည် တိုက်ခိုက်ဖို့ရာဖြစ်သည်။ ထိုသို့ဆိုလျှင်ပင် ထိုအခြေခံအကျဆုံးသော ပညာရပ်နှစ်ခုမှာ မှော်ဆရာရ၏ စွမ်းရည်ကို ကောင်းစွာ ထင်ဟပ်ပြသနေခဲ့လေသည်။ အဆင့်နိမ့်မှော်စစ်သည်တော်တစ်ဦးသည်ပင်လျှင် ထိုမီးဘောလုံးကို မည်သည့်နည်းနှင့်မျှ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။ (ကိုယ့်အကြောင်းကိုယ်မသိဘဲနဲ့ ငါ့ကို လာစိန်ခေါ်တာကိုး…)
မှော်ဆရာရသည် အောင်နိုင်သူအပြုံးကို ဆင်မြန်းရင်း မူလရပ်နေသည့် နေရာတွင်သာ တည်တည်ငြိမ်ငြိမ်ဖြင့် အေးအေးဆေးဆေး ရပ်နေခဲ့လေသည်။ ဤတိုက်ပွဲကို သူနိုင်ပြီဟု တစ်ထစ်ချ ယုံကြည်နေသည့်အလား။
မီးဘောလုံးထွက်ပေါ်လာသည့်အခါ တောင်ပြာရွာမှရွာသားများ ကြောက်လန့်တကြား ထအော်ကြလေသည်။ အကုန်လုံး၏မျက်နှာထက် စိုးရိမ်မှု၊ ကြောက်ရွံ့မှုတို့ ပြည့်နေကြလေသည်။ အားဟူမှာ ပါးစပ်ဟ၍ ရန်ကိုင်အား လှမ်းအော်ဟစ်သတိပေးလိုက်ပါသော်ငြား ရန်ကိုင်ကမူ မကြားချင်ယောင်ဆောင်လျက် မီးဘောလုံးတည့်တည့်သို့သာ ပြေးဝင်သွားလေသည်။
“ဘုန်း…”
မီးဘောလုံးပေါက်ကွဲသွားရာမှ ထွက်ပေါ်လာသည့် အလင်းရောင်ကြောင့် လျှိုမြောင်တစ်ခုလုံး လင်းထိန်သွားခဲ့သည်။ အလင်းမှာ အလွန်ကိုမှ စူးရှလွန်းလေရာ လူတိုင်းမှာ ကိုယ့်မျက်လုံးကိုယ် မဖွင့်နိုင်အောင်ကိုပင် ဖြစ်နေကြလေသည်။ တစ်ချိန်တည်းတွင် ရာနှင့်ချီသော တောင်ပြာရွာမှ ရွာသားများမှာလည်း အလွန်ကိုမှ ထိတ်လန့်ကြောက်ရွံ့သွားကုန်ကြလေသည်။
(သွားပြီ… သွားပြီ… အားညိုတော့သွားပြီ… ဒီလိုမီးဘောလုံးကြီးကို သူဘယ်လိုလုပ်ပြီး ရင်ဆိုင်နိုင်မှာလဲ… ငါတို့တောင်ပြာရွာရဲ့ အနာဂတ်ကတော့ သွားပါပြီကွာ…) အားဟူမှာ လက်သီးကို တင်းတင်းဆုပ်ထားခဲ့လေသည်။ သူ့ကိုယ်သူလည်း ပြန်အပြစ်တင်နေမိလေသည်။ အားညိုကိုသာ တိုက်ပွဲမစခင်တည်းက အချိန်မီတားလိုက်နိုင်ခဲ့လျှင် ယခုကဲ့သို့ ဖြစ်လာလိမ့်မည်မဟုတ်ချေ။ သို့သော်ငြား နောင်တအတွက် ဆေးရှိမနေခဲ့။
သူတို့၏မြင်ကွင်းများ ပြန်လည်ကြည်လင်လာချိန် အားဟူနှင့် အခြားသောရွာသားများမှာ မှော်ဆရာရရှိနေသည့်ဘက်သို့ စူးရဲစွာ စိုက်ကြည့်လိုက်ကြလေသည်။ ထို့နောက် နေ့ခင်းကြောင်တောင် တစ္ဆေသရဲတစ်ကောင်ကို မြင်လိုက်ရသည့်အလား အကုန်လုံး မျက်လုံးအပြူးသား ဖြစ်သွားခဲ့ကြသည်။ အချို့သောရွာသားများဆိုလျှင် သူတို့များ ထင်ယောင်ထင်မှား ဖြစ်နေသလားဟု အထင်ရောက်လျက် မျက်လုံးများကိုပွတ်ကာ နောင်တစ်ကြိမ် သေချာပြန်စိုက်ကြည့်ကြလေသည်။
ရန်ကိုင်ဒုက္ခရောက်နေသည့်အပေါ် ဝမ်းသာအားရဖြစ်နေကြသော မီးတောက်ကလန်မှ အဖွဲ့သားများမှာလည်း တောင်ပြာရွာမှ ရွာသားများနည်းတူ အထိတ်တလန့် ဖြစ်နေကုန်ကြလေသည်။ အကုန်လုံးမှာ သူတို့ရှေ့ရှိမြင်ကွင်းကိုကြည့်ရင်း မင်သက်လွန်းသဖြင့် တောင့်တောင့်ကြီး ဖြစ်နေကုန်ကြလေသည်။
မှော်ဆရာသည် သူရပ်နေသည့်နေရာတွင် တောင့်တောင့်ကြီးရပ်နေခဲ့ပြီး မီးဘောလုံးကြောင့် ရှုံးနိမ့်သွားသင့်သော အားညိုမှာတော့ မှော်ဆရာရရှေ့တွင် ဘယ်အချိန်တည်းကမှန်းမသိ ရပ်နေခဲ့လေသည်။ လက်ရှိအချိန်တွင် အားညိုသည် မည်သည့်ဒဏ်ရာမှ ရထားခဲ့ခြင်းမရှိဘဲ ဆံပင်အချို့သာ မီးကျွမ်းထားခဲ့လေသည်။
“မှော်ဆရာရ… ဒီတိုက်ပွဲကို ကျုပ်နိုင်သွားပြီလို့ထင်တယ်…” ရန်ကိုင်သည် ယဲ့ယဲ့လေးပြုံးလျက် မှော်ဆရာရကိုကြည့်ကာ ပြောလိုက်လေသည်။
ရ၏အမူအယာ ရှုံ့မဲ့သွားခဲ့သည်။ သူမည်သို့ပင် စဉ်းစားနေစေကာမူ တိုက်ပွဲ၏အခြေအနေမှာ ဘာကြောင့် ဤကဲ့သို့ ဖြစ်သွားရမှန်းကို လုံးဝနားမလည်နိုင်အောင် ဖြစ်နေခဲ့လေသည်။ သူ့မီးဘောလုံးမှာ မှော်ဆရာညိုအား တည့်တည့်ထိမှန်သွားလေသည်။ ထိုသို့ဖြစ်လေရာ ထိုကောင်လေးမှာ ဘာကြောင့်များ မည်သည့်ဒဏ်ရာမှ ရမထားရလေသနည်း။ (မဟုတ်သေးဘူး… ငါ ဒီတိုင်းရှုံးသွားလို့ မဖြစ်သေးဘူး…)
“တိုက်ပွဲက အခုမှစတာကွ…” မှော်ဆရာရသည် ဒေါမာန်တကြီး ထအော်လျက် ရှေးဟောင်းဘာသာစကားကို နောက်တစ်ကြိမ် ရေရွတ်လိုက်သည်။ ထို့နောက် ရန်ကိုင်အား တောင်ဝှေးဖြင့် ချိန်ရွယ်၍ နောက်ထပ် မှော်ပညာရပ်တစ်ခုကို ထုတ်လွှတ်တော့မည်အပြု သူ့အနေဖြင့် ထိုပညာရပ်အား မထုတ်လွှတ်နိုင်သေးခင်မှာပင် ရန်ကိုင်သည် မှော်ဆရာရအား ပင့်လက်သီးတစ်လုံး ကျွေးလိုက်လေသည်။
ရန်ကိုင်၏လက်သီးချက်အောက်ဝယ် မှော်ဆရာရဖန်တီးထားသည့် အကာအကွယ်မှာ လက်သီးချက်နှင့်အတူ ချိုင့်ဝင်သွားခဲ့သည်။ အဆုံးတွင် ရန်ကိုင်၏လက်သီးဒဏ်ကို မတောင့်ခံနိုင်တော့သည့်အလား တစ်စစီ ပျက်စီးသွားခဲ့လေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း မှော်ဆရာရ၏မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး တစ်ချိန်တည်းတွင်လည်း ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ရလေသည်။ ရန်ကိုင် သူ့ရှေ့တည့်တည့်သို့ ရောက်လာသည့်တိုင် မှော်ဆရာရအနေဖြင့် နောက်သို့ ခုန်မဆုတ်သွားခဲ့ခြင်းမှာ သူဖန်တီးထားသည့် အကာအကွယ်အပေါ် အပြည့်အဝ ယုံကြည်သည့် အတွက်ကြောင့်သာ ဖြစ်လေသည်။ အားညိုသည် သူဖန်တီးထားသည့် ဒိုင်းကာကို မည်သည့်နည်းနှင့်မှ ဖျက်ဆီးနိုင်လိမ့်မည်မဟုတ်ဟု ယုံကြည်နေခဲ့သည်။ သို့သော်ငြား သူအလွန်ကိုမှ ဂုဏ်ယူရသော ဒိုင်းကာသည် ရန်ကိုင်၏ လက်သီးချက်တစ်ချက်ကြောင့် ပျက်စီးသွားရလိမ့်မည်ဟု မည်ကဲ့သို့များ ထင်ထားခဲ့ပါမည်နည်း။
(ငါ ဒီဒိုင်းကာကို ဖန်တီးလိုက်တုန်းက ဘာအမှားမှ မလုပ်လိုက်ပါဘူး… ဘယ်လိုလုပ်ပြီး ဒိုင်းကာက ဒီလောက်တောင် အားနည်းသွားရတာလဲ…)
“ဘုန်း…”
လက်သီးချက်မှာ မှော်ဆရာမျက်နှာတည့်တည့်အား လာရောက် ထိမှန်သဖြင့် မှော်ဆရာရ၏ သွားများ အချောင်းလိုက် ကျွတ်ထွက်ကုန်ရလေသည်။ ထို့နောက်တွင် ရန်ကိုင်၏ ခန္ဓာကိုယ်ထက် နှစ်ဆနီးပါးမျှရှိသော မှော်ဆရာရ၏ ခန္ဓာကိုယ်ကြီးသည် ကြိုးပြတ်သွားသည့် စွန်တစ်စင်းပမာ တစ်ဟုန်ထိုး လွင့်စင် ထွက်သွားခဲ့လေသည်။
မှော်ဆရာရ ပြန်မထနိုင်သေးခင်မှာပင် ရန်ကိုင်သည် မှော်ဆရာရဆီသို့ ခုန်ဝင်လာပြီး မှော်ဆရာရ၏လည်ပင်းကို လက်တစ်ဖက်ဖြင့် ဆွဲညှစ်လျက် ကျန်လက်တစ်ဖက်ကို လက်သီးတင်းတင်းဆုပ်လိုက်သည်။
ထို့နောက် ပြုံးဖြီးလျက် “မှော်ဆရာရ… ခင်ဗျား အရှုံးပေးပြီလား… ဒါမှမဟုတ် ခင်ဗျားအရှုံးပေးတဲ့ထိ ကျုပ် ခင်ဗျားကို ထိုးပေးရမှာလား…”
အလွန်တရာကိုမှ အားနည်းလှသော ခန္ဓာကိုယ်လေးသည် လက်ရှိအချိန်တွင်တော့ မှော်ဆရာရ၏မြင်ကွင်းထဲ ကြီးကျယ်ခမ်းနားလှသော တောင်ကြီးတစ်လုံးပမာ ဖြစ်နေခဲ့လေသည်။
“အရှက်… အရှက်… အရှက်မရှိလိုက်တာ…” မှော်ဆရာရ ဒေါမာန်တကြီး ထအော်တော့လေသည်။ သူ့ခမျာ အရှုံးကို ဝန်မခံချင်သေးသည့်ပုံပင်။ (မင်း မဟုတ်တရုတ်တွေနည်းလမ်းတွေ သုံးပြီးတော့ ငါ့ကို အလစ်အငိုက် ချောင်းတိုက်တာကြောင့်သာမဟုတ်ရင် ဒီတိုက်ပွဲကို ငါရှုံးမှာမဟုတ်ဘူး… ငါက အလယ်အလတ်အဆင့် မှော်စစ်သည်တော်ပဲ… သူ့လိုမှော်အတတ်သင်ကောင်ကို ရှုံးစရာလား… ငါတို့ကြားမှာ အဆင့်ကြီးတစ်ဆင့် ခြားနေတဲ့ဟာကို…)
ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “ခင်ဗျားသာ ကျုပ်တွေ့ခဲ့တဲ့ သားရဲရိုင်းနဲ့ တွေ့မယ်ဆိုလို့ရှိရင် အဲ့သားရဲရိုင်းက ခင်ဗျားကို မှော်ပညာချင်း ပြိုင်နေမယ်လို့ ခင်ဗျားမျှော်လင့်ထားတာလား… သားရဲရိုင်းကရော ခင်ဗျား အဲ့မန္တန်တွေရွတ်ပြီးတဲ့အချိန်ထိ ရပ်စောင့်နေမယ်လို့ ထင်လား…”
မှော်ဆရာရ မှင်တက်သွားခဲ့လေသည်။ ရန်ကိုင်၏အပြောအပေါ် သူ့အနေဖြင့် မည်သို့မှ ပြန်လည်ခွန်းတုံ့ပြန်မပြောဆိုနိုင်ခဲ့ပေ။
“မှော်ဆရာရကို လွှတ်လိုက်စမ်း….”
“ဟုတ်တယ်… မှော်ဆရာရကို မြန်မြန်လွှတ်ပေးလိုက်…”
မီးတောက်ကလန်သားများမှာ ချက်ချင်းဆိုသလို ရန်ကိုင်အား ဘက်ပေါင်းစုံမှ ဝိုင်းအုံလာကြလေသည်။ အကုန်လုံးမှာ ရန်ကိုင်အား ဒေါမာန်တကြီးဖြင့် စိုက်ကြည့်နေကြသည်။ သူတို့လေးစားအားထားရသည့် မှော်ဆရာတစ်ဦးအား ထိခိုက်အောင် လုပ်ခြင်းသည် မည်သည့်လူရိုင်းမျိုးနွယ်စုဝင်မှ သည်းမခံနိုင်သည့် လုပ်ရပ်မျိုး ဖြစ်ပေသည်။ ထို့အတွက်ကြောင့် သူတို့၏မှော်ဆရာ လည်ပင်းမှချုပ်ကိုင်ခံထားရသည်ကို မြင်သည့်အခါ မီးတောက်ကလန်သားများမှာ ရပ်ကြည့်မနေနိုင်ကြတော့ချေ။
ရန်ကိုင်သည် သူ့အား ဝိုင်းထားသည့် မီးတောက်ကလန်များသားဘက်သို့လှည့်၍ သွားပေါ်အောင် ပြုံးဖြီးပြလိုက်လေသည်။
“ပြန်ဆုတ်နေ…” မှော်ဆရာရက သူ့လူများကို အမိန့်ပေးလိုက်သည်။
မှော်ဆရာရမှ အမိန့်ပေးနေသည်ကို ကြားသော် မီးတောက်ကလန်သားများလည်း မဆုတ်ချင်ဆုတ်ချင်ဖြင့် ပြန်ဆုတ်သွားကြသည်။ သို့တိုင် သူတို့၏လက်နက်များကို ပြန်ရုတ်သိမ်းထားခြင်း မရှိချေ။ ရန်ကိုင်သည်သာ မှော်ဆရာရအား သတ်ပစ်လိုက်မည်ဆိုပါက သူတို့သည် မှော်ဆရာရအတွက် ကျိန်းသေ လက်စားချေပေလိမ့်မည်။
မှော်ဆရာရကိုယ်တိုင်မှာတော့ ယခင်ကထက် အများကြီး ပိုမိုတည်ငြိမ်နေခဲ့လေသည်။ နောက်ဆုံးတွင် သက်ပြင်းချ၍ ဝန်ခံလိုက်လေ၏။ “မင်းမှန်တယ်… ငါသတိလက်လွတ်ဖြစ်သွားတယ်…”
သူ့ခွန်အားသည် ရန်ကိုင်ထက် နိမ့်ကျသည်ဟုတော့ ဝန်မခဲ့ပေ။ ယခုကဲ့သို့ ရှုံးနိမ့်ရခြင်းမှာ သူ့ဘက်မှ သတိလက်လွတ် ဖြစ်သွားသည့် အတွက်ကြောင့်သာ ဖြစ်သည်ဟု ယူဆနေခဲ့လေသည်။
ရန်ကိုင်လည်း မှော်ဆရာရ မည်ကဲ့သို့ ခံစားနေရသလဲ ဆိုသည်ကို နားလည်ပေသည်။ သို့သော်ငြား ပြန်၍တော့ ငြင်းမနေခဲ့ပေ။ ထို့အစား မှော်ဆရာရကိုကြည့်၍သာ ပြန်မေးလိုက်လေသည်။ “ဒီတော့ ဒီတိုက်ပွဲက…”
မှော်ဆရာရက သက်ပြင်းချလျက် “မင်းနိုင်တယ်… မင်းပစ္စည်းတွေ မင်းပြန်ယူသွားလို့ရပြီ…”
သူ့အနေဖြင့် အနည်းငယ်မျှလည်း ဆက်၍ ရုန်းကန်မနေတော့ချေ။ ယခုကဲ့သို့ လည်ပင်းမှ ဆွဲညှစ်ထားခံရပြီးသည့်နောက် ဆက်၍ရုန်းနေရမည်မှာ အတော်လေးကိုမှ ရှက်စရာကောင်းလှပေသည်။
“ခင်ဗျားကိုတော့ ကျုပ် လေးစားသွားပြီ…” ရန်ကိုင်လည်း ပြုံးဖြီး၍ မှော်ဆရာရလည်ပင်းအား ညှစ်ထားသည်ကို ပြန်လွှတ်ပေးလိုက်လေသည်။ ထို့နောက် မတ်တပ်ရပ်၍ မှော်ဆရာရအား ထနိုင်အောင် ကူညီပေးလိုက်သည်။
မတ်တပ်ရပ်ပြီးသည်နှင့် တစ်ပြိုင်နက် မှော်ဆရာရမှာ သွေးတစ်ပွက်ကို ထိုးအန်တော့လေသည်။ သူ့မေးရိုးတစ်ခုလုံးမှာလည်း အနည်းငယ် ချောင်ကျိကျိ ဖြစ်နေသလို ခံစားလိုက်ရလေသည်။ ရန်ကိုင်၏လက်သီးချက်ကြောင့် သူ့သွားနှစ်ချောင်း ကျွတ်ထွက်သွားခဲ့သလို သူ့ပါးပြင်တစ်ခုလုံးမှာလည်း ထုံသလိုလို ဖြစ်နေခဲ့ရသည်။ သို့သော်ငြား ယခု ထိုထုံကျင်သည့်ခံစားချက် ပျောက်ကွယ်သွားချိန် နာကျင်မှုက စတင်၍ အစားထိုး ဝင်ရောက်လာတော့လေသည်။
မှော်ဆရာရသည် မည်သည့်အပိုစကားမှ ပြောမနေခဲ့။ အရှုံးသမားတို့တွင် အထွန့်တက်ခွင့်မရှိချေ။ ရန်ကိုင်အား ရှုပ်ထွေးသည့်အမူအယာဖြင့် တစ်ချက်ကြည့်ပြီးသည့်နောက် သူ့လူများဘက်သို့လှည့်၍ အမိန့်ပေးလိုက်လေ၏။ “သွားကြရအောင်…”
မီးတောက်ကလန်သားများမှာလည်း မည်သည့်အပိုစကားမှ ပြောမနေခဲ့ပဲ သူတို့ရွာဆီသို့ ပြန်ရန်အတွက် မှော်ဆရာရနောက်တွင် သွားရပ်နေလိုက်ကြလေသည်။
“မှော်ဆရာရ… နေပါဦး…” ရန်ကိုင်က လှမ်းအော်ခေါ်လိုက်လေသည်။
“ဘာကိစ္စလဲ…” မှော်ဆရာရက ဇဝေါဇဝါအမူအယာဖြင့် ရန်ကိုင်ဘက်သို့လှည့်ကြည့်လာခဲ့လေသည်။
“မှော်ဆရာရ… ခင်ဗျား ဒီသားရဲတွေကို မလိုချင်ဘူးလား…” ရန်ကိုင်သည် တောင်နှယ် ပုံထပ်နေသော အေးခဲနေသည့် သားရဲအလောင်းများကို ညွှန်ပြရင်းမှ ပြောလိုက်သည်။
ထိုစကားကိုကြားသော် မှော်ဆရာရ၏အမူအယာ ရှုံ့မဲ့သွားခဲ့ပြီး ဒေါမာန်တကြီးဖြင့် ပြန်ပြောလိုက်လေသည်။ “မှော်ဆရာညို… မင်း ငါ့ကို လာအရှက်ခွဲချင်နေတာလား…”
မှော်ဆရာချင်းယှဉ်ပြိုင်သည့် တိုက်ပွဲကို ရှုံးနိမ့်သွားပြီ ဖြစ်သည့်အတွက်ကြောင့် မှော်ဆရာရတွင် ထိုသားရဲများကို ရယူခွင့် မရှိတော့ချေ။ ထို့အတွက်ကြောင့် ရန်ကိုင်မှ သူ့အား ယခုကဲ့သို့ မေးလာခြင်းသည် သူ့အား တမင်သက်သက် အရှက်ခွဲနေခြင်း ဖြစ်သည်ဟု မှော်ဆရာရ ထင်သွားခဲ့လေသည်။
ရန်ကိုင်က ခေါင်းခါလျက် “အဲ့လိုလုပ်ချင်တာမဟုတ်ဘူး… ခင်ဗျားကလန်သားတွေအကုန်လုံးကို ခေါ်ပြီး ဒီအထိ အဝေးကြီးလာခဲ့ရတာ… ဒီတော့ ခင်ဗျားတို့လည်း ဆောင်းအတွက် အစာရှာနေတာဖြစ်မှာပေါ့… ဟုတ်တယ်မလား မှော်ဆရာရ…”
မှော်ဆရာရသည် အသက်ကိုပြင်းပြင်းရှူသွင်းလျက် သက်ပြင်းမောကြီးချကာ ပြောလိုက်လေသည်။ “မင်းတို့လည်း အတူတူပဲမဟုတ်ဘူးလား…”
ရန်ကိုင်က ပြုံးလျက် “အဲ့လိုဆိုလို့ရှိရင် ဒီထဲကအချို့ကို ခင်ဗျားတို့ဆီပေးမယ်လေ…”
“ဘယ်လို…” မှော်ဆရာရ ကြောင်သွားခဲ့လေသည်။ မီးတောက်ကလန်သားများသည်လည်း ရန်ကိုင်အား အံ့ဩတကြီးဖြင့် ကြည့်နေကြသည်။
“အရင်တစ်ခေါက်လာတုန်းကတော့ သေသေချာချာတော့ မရေလိုက်ရဘူး… ဒါပေမယ့် အနည်းဆုံးတော့ သားရဲအလောင်းက သုံးလေးရာလောက်ရှိနေမှာ… ဒါပေမယ့် ခင်ဗျားမြင်တဲ့အတိုင်းပဲ မှော်ဆရာရ… ကျုပ်တို့ရွာသားတွေက စုစုပေါင်းမှ လူတစ်ရာဝန်းကျင်လောက်ပဲရှိတာ… တစ်ယောက်ကို သားရဲအလောင်းနှစ်ခုဆီ ပြန်သယ်သွားမယ်ဆိုလို့ရှိရင်တောင် အများကြီး ကျန်နေဦးမှာ… ပြီးတော့ မကြာခင် နှင်းမုန်တိုင်းက လာတော့မှာ… နှင်းမုန်တိုင်းလာလို့ရှိရင် ကျန်နေတဲ့သားရဲအလောင်းတွေကို ပြန်လာယူလို့ ရတော့မှာမဟုတ်ဘူး… အလောင်းတွေက ဒီတိုင်း ခဲပြီး အလဟဿ ဖြစ်သွားမှာ… အဲ့ဒါကြောင့် မှော်ဆရာရ အဆင်ပြေတယ်ဆိုလို့ရှိရင် ကျန်နေတဲ့အလောင်းတွေကို ခင်ဗျားတို့ရွာဆီ ပြန်ယူသွားလို့ရတယ်… အများကြီးတော့ ကျန်မှာမဟုတ်ပေမယ့် ကျန်တဲ့ပမာဏက ခင်ဗျားတို့တစ်ရွာလုံးအတွက် ဆောင်းတွင်းကို အဆင်ပြေပြေဖြတ်ကျော်နိုင်အောင်တော့ ကူညီပေးနိုင်လောက်မှာပါ…”
“မင်း… မင်း တကယ်ပြောနေတာလား…” မှော်ဆရာရမှာ သူကြားလိုက်သည့်စကားအပေါ် မယုံကြည်နိုင် ဖြစ်နေခဲ့လေသည်။ မှော်ဆရာညိုသည် သူ့ပစ္စည်းများကို သူတို့အား တကယ်ကြီး ခွဲဝေပေးချင်သည်လား။ ရန်ကိုင်ပြောသွားသည်မှာလည်း အမှန်တကယ်ကို မှန်ပေသည်။ သားရဲအလောင်းမှာ သုံးရာလေးရာလောက် ရှိနေသည်။ ရန်ကိုင်တို့တွင် ထိုသားရဲအလောင်းများကို အကုန်ပြန်ယူသွားရန် လူအင်အား အလုံအလောက် ရှိမနေခဲ့ချေ။
(လက်ကျန်သားရဲတွေကို ယူသွားရမယ်ဆိုရင်တောင် လက်ကျန်သားရဲတွေက အနည်းဆုံး တစ်ရာလောက် ရှိနေမှာ… သားရဲတွေက တစ်ကောင် တစ်ကောင်ကို နည်းတာကြီးမဟုတ်ဘူး… တစ်ယောက်ကို တစ်ကောင်နှုန်းနဲ့သာဆိုရင် တစ်လလောက်ကတော့ အေးအေးဆေးဆေးပဲ… ငါတို့သာ ငါတို့မှာရှိတဲ့ ရိက္ခာတွေကို သေသေချာချာ ခွဲပေးလိုက်မယ်ဆိုရင် ဒီဆောင်းတွင်းကို ကျိန်းသေ ဖြတ်ကျော်နိုင်မှာ… ဒါပေမယ့် ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ… သူတို့ရဲ့ဟာတွေကို ငါတို့ဆီ တကယ်ကြီး ခွဲဝေပေးချင်နေတယ်… ဟုတ်ရောဟုတ်ရဲ့လား…) မှော်ဆရာရ သူ့ဘာသာသူ တွေးနေခဲ့လေသည်။
“ဟုတ်တာပေါ့… လူရိုင်းနတ်ဘုရားတွေရဲ့ နာမည်ကို တိုင်တည်ပြီးတော့ ကျုပ် မှော်ဆရာညို လက်ကျန်သားရဲတွေကို ခင်ဗျားတို့ကို ပေးမယ်လို့ ကျိန်ပြောတယ်…” ရန်ကိုင်က အလေးအနက်အမူအယာဖြင့် ပြောလိုက်လေသည်။
ထိုစကားကိုကြားသော် မှော်ဆရာရ ရန်ကိုင်အား ဆက်၍ သံသယမဝင်တော့ချေ။ လူရိုင်းနတ်ဘုရား၏ အမည်နာမ ပါဝင်လာပြီ ဖြစ်သည့်အတွက်ကြောင့် မှော်ဆရာညို လိမ်ညာနေစရာအကြောင်း မရှိတော့ချေ။ မှော်ဆရာရသည် ရန်ကိုင်အား အတန်ကြာအောင် စိုက်ကြည့်နေပြီးသည့်နောက် ရင်ဘတ်ပေါ်တွင် လက်တင်၍ ရုတ်တရက် ရန်ကိုင်အား ဦးညွှတ်လိုက်လေသည်။ “မှော်ဆရာညို… ကျေးဇူးပြုပြီး ငါဘက်က ရိုင်းပျသလို ဖြစ်သွားခဲ့ရင် ခွင့်လွှတ်ပေးပါ... အခုလိုမျိုး သဘောကြီးကြီးနဲ့ ငါတို့ကို ကူညီပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်… ငါတို့မီးတောက်ကလန်ရဲ့ မီးတံစဉ်ရွာက မှော်ဆရာညိုရဲ့ အကူအညီကို ကျိန်းသေ မှတ်မိနေပါမယ်…”
ထို့နည်းတူစွာပင် မီးတံစဉ်ရွာမှ အခြားသောရွာသားများမှာလည်း သူတို့ရင်ဘတ်ပေါ် လက်တင်၍ ရန်ကိုင်အား ဦးညွှတ်လိုက်ကြလေသည်။ ဤသည်မှာ ရှေးဟောင်းလူရိုင်းမျိုးနွယ်စုဝင်များ တစ်ဖက်လူအပေါ် ပြသသည့် အရိုကျိုးဆုံးသော လေးစားမှုတစ်ရပ်ပင် ဖြစ်လေသည်။
ထိုအချိန်အတောအတွင်း ရန်ကိုင်နောက်တွင်ရပ်နေသော အားဟူနှင့် အခြားသူများမှာတော့ ဂုဏ်ယူဝံ့ကြွားသည့် အမူအယာဖြင့် ရှိနေကြလေသည်။