← Chapters

အခန်း (၂၈၁၁-၂၈၁၅)

Vol. 120 Ch. 2811-2815

အခန်း (၂၈၁၁-၂၈၁၅)

Vol. 120 Ch. 2811-2815

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၈၁၁)

ဘာသာပြန်သူ_တိမ်တိုက်

မီးတောက်များသည် ညအမှောင်ထုထဲ တလူလူ လွင့်ပျံကခုန်နေကြပြီး အသားကင်နံ့များမှာတော့ လျှိုမြောင်တစ်ခုလုံးအနှံ့ ပြည့်နေခဲ့လေသည်။ မီးတံစဉ်ကျေးရွာမှ ရွာသားများနှင့် တောင်ပြာကျေးရွာမှ ရွာသားများသည် အချင်းချင်း စကားစမြည်ပြောရင်း ပျော်ရွှင်စွာ ရယ်မောနေခဲ့ကြသည်။ ရွာနှစ်ရွာ၏ ခေါင်းဆောင်များဖြစ်ကြသော မှော်ဆရာနှစ်ဦးသည်ပင်လျှင် မာနတရားကို ခဝါချလျက် ငြိမ်းချမ်းရေးကို ဦးတည်ဆောင်ရွက်ခဲ့သောကြောင့် သူတို့လက်အောက်တွင် ရှိနေကြသော ရွာသားများမှာလည်း ရန်ငြိုးရန်စများကို မေ့ကာ အချင်းချင်း သင့်တင့်မျှတစွာ အတူရှိနေကြလေသည်။

မီးတံစဉ်ရွာမှ ရွာသားများသည် သူတို့သယ်လာသည့် အသီးဝိုင်ကို တောင်ပြာကျေးရွာမှ ရွာသားများထံသို့ ပေးကာ အသားကင်ရင်း အတူတကွ ဝိုင်းဖွဲ့စားသောက်နေကြလေသည်။ တစ်ရွာမှရွာသားများမှာလည်း အခြားတစ်ရွာမှ အမျိုးသမီးများအနား ပိုးကြေးပန်းကြေး သွားရောက်စုပြုံနေကြလေ၏။

အခြားတစ်ဖက်တွင်မူ အားဟူနှင့် မီးတံစဉ်ရွာမှ ရွာသားတစ်ဦးမှာတော့ လျှိုမြောင်အလယ်တွင် နပန်းလုံးနေကြလေသည်။

ဤသည်မှာ ရှေးခတ်လူရိုင်းမျိုးနွယ်စုဝင်များကြား အလွန်ကိုမှ ရေပန်းစားသည့် ပွဲတစ်မျိုးလည်း ဖြစ်လေ၏။ ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်များသည် ဤကဲ့သို့ လက်ရည်ဖလှယ်သည့် ပွဲတော်များကို ကျင်းပရင်းမှ တစ်ဦးနှင့်တစ်ဦး မိတ်ဆွေဖွဲ့ကြလေသည်။ အားဟူနှင့် နပန်းသတ်နေသော မီးတံစဉ်ရွာမှရွာသားသည် ပို၍အားကောင်းပါသော်ငြား အားဟူသည် ပို၍ငယ်ရွယ်ကာ သက်လုံကောင်းလေသည်။ ထို့အတွက်ကြောင့် နှစ်ဦးစလုံးမှာ တစ်ဦးအပေါ်တစ်ဦး အလွန်အမင်း အလေးသာခြင်းမရှိဘဲ လက်ရည်ညီနေခဲ့လေသည်။

ရန်ကိုင်မှ ထိုနပန်းသတ်ပွဲကို လှမ်းကြည့်လိုက်သည့်အခိုက် အားဟူသည် တစ်ဖက်လူ၏လက်သီးစာမိကာ သူ့ခန္ဓာကိုယ်လုံးမှာ ပုစွန်တစ်ကောင်နှယ် ကွေးတက်သွားသည်ကို တွေ့လိုက်ရလေသည်။ သို့သော်ငြား တစ်ဖက်လူမှ တိုက်ပွဲကို အဆုံးသတ်ရန်အတွက် သူ့ဆီသို့ မဆင်မခြင် ပြေးဝင်လာသည်ကို အခွင့်ကောင်းယူလျက် တစ်ဖက်လူ၏ဒူးကို ကန်ကျောက်လိုက်လေသည်။ ထို့အတွက်ကြောင့် မီးတံစဉ်ရွာမှ ရွာသားမှာ အလစ်အငိုက်မိကာ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားခဲ့လေသည်။

ထိုအခါ ရန်ကိုင်သည် မှော်ဆရာရဘက်သို့လှည့်၍ မေးလိုက်လေသည်။ “မှော်ဆရာရ… ဒါ ခင်ဗျားပြောခဲ့တဲ့ မှော်ဒိုင်းကာလား…”

ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် သူ့လက်ကို ဆန့်ထုတ်၍ ဧကရာဇ်ချီကို အသက်သွင်းလိုက်လေရာ သူ့ရှေ့ရှိ ဟင်းလင်းပြင်ထက် လှိုင်းတွန့်လေးများ ထွက်ပေါ်လာခဲ့ပြီး ထွင်းဖောက်မြင်နိုင်သော ဒိုင်းကာတစ်ခုအဖြစ်သို့ အသွင်ပြောင်းလဲသွားခဲ့လေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း မှော်ဆရာရဆိုသူမှာတော့ ပါးစပ်အဟောင်းသား ဖြစ်နေခဲ့လေသည်။ အချိန်အတော်ကြာသွားသည့်အခါမှသာလျှင် ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။ “ဟုတ်တယ်… အဲ့ဒါပဲ…”

“ကျုပ်သိသွားပြီ… ခင်ဗျားက အဲ့လိုလုပ်တာကိုး… ဒါပေမယ့် ဒီမှော်ဒိုင်းကာက ခင်ဗျားရဲ့ ကျင့်ကြံခြင်းထက်တစ်ဆင့်နိမ့်တဲ့ မှော်ဆရာရဲ့ မှော်ပညာရပ်တွေကိုပဲ ကာကွယ်နိုင်တာနော်… ဟုတ်တယ်မလား… ခင်ဗျားနဲ့အဆင့်တူ ဒါမှမဟုတ် ပိုအဆင့်မြင့်တဲ့ တစ်ယောက်ယောက်ကသာ မှော်ပညာရပ်တစ်မျိုးမျိုးကို ထုတ်သုံးလာမယ်ဆိုလို့ရှိရင် ဒီမှော်ဒိုင်းကာက အသုံးမဝင်တော့ဘူးပေါ့…”

မှော်ဆရာရက ပြန်ပြောလိုက်လေသည်။ “အနည်းဆုံးတော့ ရှောင်ဖို့ရှားဖို့ အချိန်လေးရတာပေါ့… တကယ်အရေးကြုံလာပြီဆိုရင် ဒီလိုပညာရပ်မျိုးက ကိုယ့်အသက်ကို ကယ်ပေးနိုင်တယ်လေ….”

ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ “အဲ့ဒါတော့ဟုတ်တယ်… ဒါပေမယ့် မှော်ဒိုင်းကာကို ဒီလိုနည်းနဲ့သုံးရင် ပိုမကောင်းဘူးလား….”

ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင် လက်တွေ့ပြလိုက်လေသည်။

ထိုအချိန်အတောအတွင်း မှော်ဆရာရမှာတော့ ရူးတော့မတတ် ဖြစ်နေခဲ့လေသည်။ အားညိုနှင့် စကားပြောပြီးသည့်နောက်တွင် တစ်ဖက်လူ၏ မှော်ပညာရပ်များနှင့် မှော်စွမ်းအားအပေါ် နားလည်မှုမှာ အလွန်ကိုမှ နိမ့်ကျလှကြောင်း တွေ့ရှိလိုက်ရသည်။ ထို့အပြင် ရန်ကိုင်သည် မှော်ဆရာအများစု တတ်ကျွမ်းထားကြသော မှော်ပညာရပ်များကိုလည်း အသုံးမပြုနိုင်ပေ။ မသိလျှင် ရန်ကိုင်သည် မကြာသေးခင်ကမှ မှော်ဆရာတစ်ဦး ဖြစ်လာသည့်အလား။ သို့သော်ငြား ထိုကောင်လေး၏ နားလည်နိုင်စွမ်းနှင့် ဖန်တီးနိုင်စွမ်းမှာတော့ အလွန်ကိုမှ ထိတ်လန့်ဖွယ်ရာ ကောင်းလှသည်။

မှော်ဆရာရသည် မှော်ဆရာအများစု သုံးလေ့ရှိသည့် မှော်ပညာရပ်များကို ရန်ကိုင်အား ရှင်းပြကာ လက်တွေ့ပြခဲ့လေသည်။ ရန်ကိုင်သည် မှော်ဆရာရပြောပြသည်ကို နားထောင်ပြီးသည့်နောက် တစ်ကြိမ်တည်းဖြင့် မှော်ပညာရပ်များကို ပြန်သုံးပြနိုင်ခဲ့သည်။ ရန်ကိုင်မှ သူ့အပေါ် မကောင်းကြံလိုခြင်း မရှိသလို ရန်ကိုင်၏ရိုးသားသည့်ပုံစံကြောင့်သာမဟုတ်ပါက ရန်ကိုင် တုံးအချင်ယောင်ဆောင်နေခြင်း ဖြစ်သည်ဟုသာ မှော်ဆရာရ ယုံကြည်မိပေလိမ့်မည်။

ထို့အပြင် ရန်ကိုင်သည် ထိုမှော်ပညာရပ်များကို မြန်မြန်ဆန်ဆန် တတ်ကျွမ်းနိုင်ရုံမက သူ့ဘာသာသူ ပြန်လည်၍ပင် ပြုပြင်မွမ်းမံလိုက်ပေသေးသည်။ ထို့အပြင် သူပြုပြင်မွမ်းမံလိုက်သည့် မှော်ပညာရပ်များမှာ ရှိရင်းစွဲမှော်ပညာရပ်များထက်ပင် ပိုမိုကောင်းမွန်နေသေးသည်။ ဥပမာပြရသော် မှော်ဆရာရအနေဖြင့် သာမန်မှော်ပညာရပ်တစ်ခုကို ထုတ်သုံးရန်အတွက် အတော်လေးကိုမှ အချိန်ယူရပါသော်ငြား ရန်ကိုင်မှ သူ့ဘာသာသူ ပြုပြင်မွမ်းမံထားသော မှော်ပညာရပ်ကိုမူ ထုတ်သုံးရန် အချိန် ထိုမျှမကြာတော့ချေ။ အားညိုဆိုသည့်ကောင်လေးမှာ မည်ကဲ့သို့များ အဆင့်မြင့်မှော်အတတ်သင်တစ်ဦး ဖြစ်ရပါမည်နည်း။ မှော်ဝိဇ္ဇာများသည်သာ ယခုကဲ့သို့ လုပ်နိုင်လောက်ပေသည်။

အလယ်အလတ်အဆင့် မှော်စစ်သည်တော်တစ်ဦးဖြစ်သော မှော်ဆရာရသည် အခြားလူများ အသုံးပြုသွားသည့် မှော်ပညာရပ်များကို လေ့လာကာ ပြန်လည်အသုံးချနိုင်ပေသည်။ သို့သော်ငြား ထိုမှော်ပညာရပ်များကို ပိုမိုကောင်းမွန်လာအောင် ပြုပြင်မွမ်းမံနိုင်စွမ်း သူ့တွင် မရှိချေ။ ယနေ့တွင်တော့ သူ့ခမျာ ဤမှော်ဆရာညိုဟူသည့် ကောင်လေးဆီမှ အံ့ဩဖွယ်ရာများကို တစ်ခုပြီးတစ်ခု မြင်တွေ့ခဲ့ရလေသည်။

ရန်ကိုင်နှင့် မှော်ဆရာရတို့မှာ တစ်ညလုံး မှော်ပညာရပ်များအကြောင်းကို ထိုင်ဆွေးနွေးခဲ့ကြလေသည်။ မှော်ဆရာရဆီမှတစ်ဆင့် ရန်ကိုင်သည် အမျိုးမျိုးသော မှော်ပညာရပ်အသစ်များကို သိခဲ့ရသလို မှော်ဆရာရကိုယ်တိုင်မှာလည်း ရန်ကိုင်၏ပြုပြင်မွမ်းမံမှုများနှင့် သရုပ်ဖော်မှုများမှတစ်ဆင့် ထိုမှော်ပညာရပ်များအကြောင်းကို ပိုမိုနားလည်လာခဲ့ရသည်။ သူ့အဆင့်မှာ တိုးတက်လာခြင်း မရှိပါသော်ငြား မှော်ဆရာရ၏ခွန်အားမှာတော့ သိသိသာသာကို တိုးတက်လာခဲ့ရပေသည်။ အကြောင်းမှာ ရန်ကိုင် သရုပ်ဖော်ပြသွားသည့် အရာများကို မြင်တွေ့ပြီးသည့်နောက်တွင် သူ့အနေဖြင့် ထိုမှော်ပညာရပ်များကို ယခင်ကထက် ပို၍လျင်လျင်မြန်မြန် ပိုမိုကောင်းမွန်စွာ ထုတ်ဖော်လာနိုင်သည့် အတွက်ကြောင့်ပင်။ သူ့ဘာသာသူ အချိန်ယူ၍ သေချာပြန်လေ့ကျင့်လိုက်မည်ဆိုပါက မှော်ဆရာရအနေဖြင့် သူ့ထက်တစ်ဆင့်ပိုမြင့်သော အဆင့်မြင့် မှော်စစ်သည်တော်များကိုပင်လျှင် ယှဉ်ပြိုင်တိုက်ခိုက်လာနိုင်ပေလိမ့်မည်။

မနက်နေထွက်ချိန်သို့ရောက်သော် ရွာနှစ်ရွာမှ ရွာသားများမှာ ကိုယ့်ရွာအသီးသီးဆီသို့ ပြန်လည်ထွက်ခွာရန် ပြင်ဆင်ကြလေသည်။

မှော်ဆရာရသည် ရန်ကိုင်အားကြည့်ရင်းမှ ပြောလိုက်လေသည်။ “မှော်ဆရာညို… နောက်ပိုင်း အားလို့ရှိရင် မီးတံစဉ်ရွာကို လာလည်နော်… ငါတို့ မင်းနဲ့ မင်းကလန်သားတွေကို ကျိန်းသေ အကောင်းဆုံးဧည့်ခံမယ်…”

ရန်ကိုင်က ရယ်သွမ်းသွေး၍ “ဒါပေါ့… ခင်ဗျားလည်း အားရင် တောင်ပြာကျွေးရွာကို လာလည်လေ မှော်ဆရာရ…”

မှော်ဆရာရ၏မျက်လုံးများ တောက်ပသွားခဲ့လေသည်။ “ဒါပေါ့… နှင်းတွေအရည်ပျော်ပြီး နွေဦးရောက်ရင် မင်းတို့ဆီ ကျိန်းသေ လာလည်မယ်…”

“အဲ့ကြရင် ထပ်တွေ့ကြတာပေါ့…” ရန်ကိုင်က လက်သီးဆုပ်၍ နှုတ်ဆက်လိုက်လေသည်။

မှော်ဆရာရ ကြောင်သွားခဲ့လေသည်။ လက်သီးဆုပ်၍ စကားပြောခြင်းသည် မည်သည့်အရာကိုရည်ညွှန်းမှန်း သူမသိပါသော်ငြား ရန်ကိုင်လုပ်သည့်အတိုင်း ပြန်လုပ်ပြလိုက်လေသည်။

ထို့နောက်တွင် ရန်ကိုင်သည် သားရဲအလောင်းနှစ်ကောင်၏ ခြေထောက်များကို ဆွဲကာ နှင်းဖုံးနေသည့် မြေပြင်ကိုဖြတ်၍ တောင်ပြာကျေးရွာဆီသို့ ပြန်လည်ထွက်ခွာလာခဲ့လေသည်။

တဖြည်းဖြည်း ပျောက်ကွယ်သွားသော ရန်ကိုင်၏ကျောပြင်ကို ကြည့်ရင်းမှ မှော်ဆရာရက ရေရွတ်လိုက်လေသည်။ “ကြည့်ရတာ ကြယ်သစ်တစ်ပွင့် ပေါ်ပေါက်လာတာကို မြင်ရတော့မယ်နဲ့တူတယ်…”

“ဘာဖြစ်လို့လဲ…” သူ့ဘေးနားတွင်ရှိနေသော ကလန်သားတစ်ဦးက မေးလိုက်လေသည်။

“ဘာမှမဖြစ်ဘူး… အိမ်ပြန်ကြရအောင်…” မှော်ဆရာရက သူ့လက်ကို ဝှေ့ယမ်းလိုက်လေသည်။ ထိုသို့ဖြင့် မီးတံစဉ်ကျေးရွာမှ ရွာသားများသည် သားရဲအလောင်းတစ်ကောင်ချင်းစီကို ဆွဲ၍ သူတို့အိမ်သို့ ပြန်လာခဲ့ကြလေသည်။

သားရဲနှစ်ကောင်ကို နှင်းဖုံးနေသည့် မြေပြင်ပေါ် ဆွဲသယ်၍ သွားဖို့ရာမှ မလွယ်ကူလှပေ။ ထိုအကြောင်းကြောင့်ပင်လျှင် တောင်ပြာကျေးရွာမှလူများသည် နှစ်ရက်ကြာမှသာ ရွာဆီသို့ ပြန်ရောက်လာနိုင်ခဲ့သည်။ ရာနှင့်ချီသောရွာသားများမှာ ပြန်လာကြသည့်လူများအား နွေးထွေးစွာ ကြိုဆိုကြပြီး သားရဲအလောင်းကောင်များကို စတင် ခုတ်ထစ် ကိုင်တွယ်ကြတော့လေသည်။

ထိုအချိန်အတောအတွင်း ရွာသူကြီးလည်း ရောက်ရှိလာခဲ့ပြီး သားရဲအလောင်းကောင်များကို သွားယူနေစဉ်အတောအတွင်း ကြုံခဲ့ရသည့်အခြေအနေကို မေးမြန်းလေသည်။ အားဟူသည် မီးတံစဉ်ကျေးရွာမှ လူများနှင့် တွေ့ခဲ့ကြောင်းကို ပြန်ပြောပြလိုက်သည်။

အကြောင်းစုံကို ကြားပြီးသည့်နောက်တွင် ရွာသူကြီးသည် ရန်ကိုင်ကိုကြည့်၍ ခေါင်းညိတ်ပြလိုက်လေ၏။ “မင်းတော်တယ် အားညို… ငါတို့တွေက ကလန်မတူကြပေမယ့်… မျိုးနွယ်စုတစ်ခုတည်းပဲ… ဒီတော့ အခြားသူတွေ အကူအညီလိုနေတယ်ဆိုရင် ငါတို့ဘက်က တွန့်တိုမနေသင့်ဘူး…”

“ကျုပ်လည်း အဲ့လိုပဲထင်တယ်…” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်လေသည်။

“ကဲ… မင်းတို့လည်း ခရီးအဝေးက လာခဲ့ရတာဆိုတော့ ပင်ပန်းနေကြရောပေါ့… အေးအေးဆေးဆေး သွားပြန်အနားယူလိုက်ဦး… မနက်ဖြန်ကြမှပဲ စကားထပ်ပြောတော့မယ်…”

နောက်တစ်နေ့တွင် ရန်ကိုင်သည် ရွာသူကြီးနှင့် သွားတွေ့လေသည်။

“အားညို… ငါ မင်းကို တောင်ပြာရဲ့ ရွာသူကြီးလုပ်စေချင်တယ်… မင်းရော ဘယ်လိုထင်လဲ…” ရွာသူကြီးသည် ရန်ကိုင်နှင့်တွေ့သည်နှင့်တစ်ပြိုင်နက် လိုရင်းကို တန်းပြောလိုက်လေသည်။

ထိုစကားကိုကြားကြားချင်း ရန်ကိုင်ကြောင်သွားခဲ့ပြီး ချက်ချင်းပဲ ပြန်၍ ငြင်းဆိုလိုက်လေသည်။ “အဆင်မပြေဘူးလားလို့ ရွာသူကြီးရဲ့…”

“အဲ့လောက် အလျင်စလိုကြီးလည်း မငြင်းနဲ့ဦးလေ…” ရွာသူကြီးက ရန်ကိုင် ယခုကဲ့သို့ တုံ့ပြန်လာမည်ကို ကြိုသိထားသည့်အလား ယဲ့ယဲ့လေးပြုံးလျက် သက်ပြင်းချကာ ပြောလိုက်လေသည်။ “ငါပြောတာကို ဆုံးအောင် အရင်နားထောင်ဦး…”

ရန်ကိုင် ခေါင်းညိတ်ပြလိုက်လေသည်။

ထိုအခါမှသာ ရွာသူကြီးက ဆက်၍ ပြောလိုက်သည်။ “ငါက အိုနေပြီ… အသက်ရှင်ဖို့ အချိန်သိပ်မကျန်တော့ဘူး… ဒီတော့ ရွာသူကြီးသေသွားတာနဲ့ မင်းက ထုံးတမ်းစဉ်လာတွေအတိုင်း နောက်ထပ် ရွာသူကြီးအသစ် လုပ်လို့ရတယ်… အစကတော့ ဒီရွာမှာ မှော်ဆရာတစ်ယောက်မှမရှိတော့ ငါသေသွားတာနဲ့ ငါတို့ရွာကို အခြားရွာတွေက သိမ်းပိုက်သွားမှာကို စိုးရိမ်နေသေးတယ်… မင်းလည်းသိတဲ့အတိုင်းပဲ… မှော်ဆရာတစ်ယောက်ရဲ့ ကာကွယ်မှု မရှိလို့ရှိရင် အဲ့ရွာက ဘယ်လိုအကျိုးဆက်မျိုးနဲ့ ရင်ဆိုင်ရမလဲဆိုတာကို… ဒါပေမယ့် မင်းကို လူရိုင်းနတ်ဘုရားတွေက ကောင်းချီးပေးပြီး မင်းရဲ့မှော်စွမ်းအားတွေ နိုးထလာနိုင်ခဲ့တာ ကံကောင်းသွားတယ်… အခု မင်းက အဆင့်မြင့်မှော်အတတ်သင်တစ်ယောက် ဖြစ်နေပြီ… ငါ့ထက်တောင် တစ်ဆင့်ပိုမြင့်သေးတယ်… ဒီတော့ မင်း ရွာသူကြီးလုပ်တယ်ဆိုတာ ဘာပြဿနာမှမရှိဘူး… ဒါပေမယ့် မင်းက ငယ်ငယ်လေးပဲ ရှိနေသေးတော့ အစကတော့ မင်းလက်ထဲကို ရွာသူကြီးရာထူး ထည့်ပေးခဲ့ရမှာ စိတ်ပူသေးတယ်… ဒါပေမယ့် အခု မင်း မီးတံစဉ်ကျေးရွာကိစ္စနဲ့ပတ်သက်ပြီး ကိုင်တွယ်ခဲ့တဲ့ပုံကို မြင်လည်းမြင်ရော မင်းရွာသူကြီးလုပ်လည်း ဘာပြဿနာမှရှိမှမဟုတ်မှန်း ငါသိသွားတယ်… မင်းက ရိုးသားတယ်… ကြင်နာတယ်… သေချာစဉ်းစားတွေးတောတတ်တယ်… အဲ့တစ်ချက်ကို ငါ သတိမထားမိခဲ့တာ အားတော့နားပါတယ်ကွာ… အဲ့ဒါကြောင့်ပဲ မင်းက ငါ့ထက်ပိုကောင်းတဲ့ ရွာသူကြီး ဖြစ်လိမ့်မယ်လို့ ငါယုံကြည်နေတာ… တကယ်အရေးကြီးတဲ့အချက်ကတော့ ရွာသားတွေအားလုံးကလည်း မင်းကို ယုံကြည်နေကြတယ်လေ… ဒီတော့ မင်းခေါင်းဆောင်လုပ်မယ်ဆိုရင် သူတို့အကုန်လုံးကလည်း လက်ခံကြမှာ…”

ကျူးကျော်လာသည့် သားရဲအုပ်ကြီးကို မောင်းထုတ်ပြီး မှော်ဆရာရနှင့် တွေ့ဆုံပြီးသည့်နောက်ပိုင်းတွင် ရွာသားများမှာ ရန်ကိုင်အား ပို၍ လေးစားလာကြသည်။ ထို့အတွက်ကြောင့် ရန်ကိုင်သည်သာ ရွာသူကြီးလုပ်မည်ဆိုပါက မည်သူမှ ကန့်ကွက်နေလိမ့်မည်မဟုတ်ချေ။

ရန်ကိုင်က ခေါင်းခါ၍ “ရွာသူကြီး… ကျုပ် ဒီကိစ္စကိုတော့ သဘောမတူနိုင်ဘူး…”

“ဘာလို့လဲ…” ရွာသူကြီး စိတ်ပျက်သွားခဲ့လေပြီ။

ရန်ကိုင်က သက်ပြင်းချလိုက်၏။ (ငါ ဒီကမ္ဘာငယ်လေးထဲကို ကျင့်ကြံဖို့ လာတယ်လို့မှ ပြောလို့မရတာ… ရွာသူကြီးနဲ့ အခြားရွာသားတွေက တကယ်ပဲလား ပုံရိပ်ယောင်တွေပဲလား ဆိုတာကိုတောင် ငါသိသေးတာ မဟုတ်ဘူး… ဘာပဲဖြစ်ဖြစ် တစ်နေ့နေ့တော့ ငါ ဒီနေရာကနေ ကျိန်းသေထွက်သွားရလိမ့်မယ်…)

“အသက်ငယ်တုန်းလေး ကျုပ် ဒီလောကကြီးထဲ လျှောက်သွားကြည့်ချင်သေးတယ်… ပြီးတော့ ကျုပ် ရွာထဲမှာ အကြာကြီး နေဖြစ်မှာမဟုတ်ဘူး…” ရန်ကိုင်က ချက်ချင်းပဲ အကြောင်းပြချက် ပေးလိုက်လေသည်။

“မင်း ရွာထဲက ထွက်သွားချင်တာလား…” ရွာသူကြီးသည် ရန်ကိုင်အား အံ့အားသင့်တကြီးအမူအယာဖြင့် ကြည့်လိုက်လေသည်။ သို့သော်ငြား ချက်ချင်းပဲ နားလည်သွားခဲ့လေသည်။ “ဟုတ်တာပဲ… မင်းအရည်အချင်းက ထူးချွန်တာဟာကြီးကို… ဒီတော့ ဒီရွာထဲမှာပဲ တွယ်ကပ်နေတာ မင်းအတွက် ဘာမှ အကျိုးမရှိဘူး…. မင်းလိုလူတစ်ယောက်အတွက်တော့ အပြင်ထွက်ကြည့်တာကတော့ တကယ်ကောင်းပါတယ်…. အဲ့ဒါမှလည်း မင်းအတွက်အကျိုးရှိမှာ…”

“တောင်းပန်ပါတယ် ရွာသူကြီး…”

ရွာသူကြီးက ယဲ့ယဲ့လေးပြုံးလျက် “တောင်းပန်မနေစမ်းပါနဲ့… မင်းရဲ့အိမ်က တောင်ပြာကျေးရွာ အမြဲဖြစ်နေမှာ… မင်းဘယ်ကိုပဲသွားသွား ဒီနေရာက မင်းရဲ့အိမ်ပဲ… ကဲ အဲ့အကြောင်း ဆက်မပြောကြတော့ရအောင်… စာသင်ကြတာပေါ့…”

ထိုသို့ပြောပြီးသည့်နောက်တွင် ရွာသူကြီးသည် ရန်ကိုင်အား ရှေးဟောင်းစကားလုံးများအကြောင်းကို သင်ပေးတော့လေသည်။

နှစ်ရက်ကြာပြီးသည့်နောက် နှင်းများ စတင် ကျဆင်းလာခဲ့လေသည်။ ကမ္ဘာကြီးတစ်ခုလုံးမှာ နှင်းဖုံးနေသည့် အဖြူရောင်ကမ္ဘာကြီးတစ်ခုအဖြစ်သို့ အပြည့်အဝ ပြောင်းလဲသွားတော့လေသည်။ ထိုကဲ့သို့သောအခြေအနေမျိုးတွင် သားရဲများသည်ပင်လျှင် ၎င်းတို့ခိုအောင်းနေရာ‌ နေရာများမှ အလွယ်တကူ ထွက်မလာချင်ကြပေ။ လူများဆိုလျှင်တော့ ပြောနေစရာပင်မလိုတော့။ ရွာသားအားလုံးသည် တစ်ချိန်လုံးလိုလို အိမ်တွင်းအောင်းနေသည်သာရှိပြီး အပြင်သို့ ထွက်လာလေ့မရှိကြပေ။

ထိုအချိန်အတောအတွင်း ရန်ကိုင်သည် မနက်တိုင်း ရွာသူကြီးဆီ၌ ရှေးဟောင်းစကားလုံးများကို သွားသင်ကြားပြီး နေ့လည်လောက်တွင် သူ့အိမ်သို့ ပြန်လာကာ ခန္ဓာကိုယ်ကို ကျင့်ကြံလေသည်။ ထို့နောက် ညနေပိုင်းသို့ရောက်လာသော် မှော်စွမ်းအားကို ကျင့်ကြံလေ၏။

ဆယ်ရက်ကြာပြီးသည့်နောက် သူ့ကိုယ်ထဲရှိ အတားအဆီးတစ်ခု ပျက်စီးသွားသလို ရန်ကိုင် ခံစားလိုက်ရသည်။ သူ့သွေးကြောများထဲ စွမ်းအားများ တဟုန်ထိုး စီးဆင်းလာခဲ့ပြီး သူ့ခွန်အားမှာလည်း မြင့်တက်လာခဲ့ရလေသည်။ ယနေ့တွင်တော့ ရန်ကိုင်သည် မှော်စစ်သည်တော်တစ်ဦး ဖြစ်လာခဲ့လေပြီ။

ရန်ကိုင်သည် သူ၏မှော်စွမ်းအားကို နိုးထနိုင်ခဲ့စဉ်က ညတွင်းချင်း အဆင့်မြင့်မှော်အတတ်သင်တစ်ဦး ဖြစ်ခဲ့လေသည်။ သို့သော်ငြား အဆင်မြင့်မှော်အတတ်သင်မှ အဆင့်နိမ့်မှော်စစ်သည်တော်တစ်ဦး ဖြစ်လာနိုင်ရန်အတွက်မူ လဝက်ခန့်အချိန်ယူလိုက်ရသည်။

လွန်ခဲ့သည့်ဆယ်ရက်လုံးလုံး ရန်ကိုင်သည် ကမ္ဘာငယ်လေးမှ သူ့အား အပြင်သို့ မောင်းထုတ်မည်ကို စောင့်ဆိုင်းနေခြင်း ဖြစ်လေသည်။ သို့သော်ငြား အကြောင်းအရင်းအချို့ကြောင့် ထိုသို့ဖြစ်မလာခဲ့ပေ။ ထို့အတွက်ကြောင့်ပင်လျှင် ကမ္ဘာငယ်လေး တစ်ခုခုဖြစ်သွားခဲ့ပြီး သူကိုယ်တိုင် ဤနေရာမှ ထွက်မသွားနိုင်တော့ဘူးလားဟုပင် ရန်ကိုင် စတင်တွေးတောမိလာရသည်။ မည်သို့ပင်ဖြစ်နေစေကာမူ ရေရှည်အတွက် အစီအစဉ် ကြိုဆွဲရပေလိမ့်မည်။

(ဒီလောကကြီးက အရမ်းထူးဆန်းလွန်းတယ်… ငါ့ဧကရာဇ်ချီကို ဘယ်လိုမှ သုံးလို့မရဘူး… ကောင်းကင်စိတ်အာရုံကိုလည်း သုံးလို့မရဘူး… ဒီတော့ ငါ့ဆီမှာရှိနေတဲ့ သိုလှောင်လက်စွပ်တွေပါ အကုန် အလကားဖြစ်ကုန်ရော…)

ရွာသူကြီးပြောပုံအရ ရန်ကိုင်သည် မှော်သခင်အဆင့်သို့ရောက်သော် ကောင်းကင်စိတ်အာရုံနှင့်ဆင်တူသည့် စွမ်းအားတစ်မျိုးကို ရရှိပေလိမ့်မည်။ ထို့အတွက်ကြောင့် ရန်ကိုင်၏ လက်ရှိပစ်မှတ်မှာ မှော်သခင်တစ်ပါး ဖြစ်လာရန် ဖြစ်လေသည်။ ထို့နောက်တွင် သူ့သိုလှောင်လက်စွပ်ကို ဖွင့်၍ သိုလှောင်လက်စွပ်ထဲတွင်ရှိနေသော သန်းနှင့်ချီသည့် မွန်းစတားအမြုတေများကို ထုတ်ယူပေမည်။ ထိုမွန်းစတားအမြုတေများကိုသာ ရမည်ဆိုပါက ရန်ကိုင်အနေဖြင့် သူ၏ကျင့်ကြံနှုန်းကို လျင်မြန်စွာ မြှင့်တင်နိုင်ပေလိမ့်မည်။ ထိုသို့ဖြစ်လာသည့်နောက် ရန်ကိုင်အတွက် မှော်ဘုရင် သို့မဟုတ် မှော်သူတော်စင်တစ်ပါး ဖြစ်လာဖို့ရာ ထိုမျှ ခက်ခဲတော့လိမ့်မည် မဟုတ်ချေ။ သူ၏မှော်စွမ်းအားကို အတိုင်းအတာတစ်ခုအထိ ကျင့်ကြံပြီးသည့်နောက်တွင် ဤလောကကြီးထဲမှ ထွက်သွားနိုင်သည့် နည်းလမ်းတစ်ခုကိုပင်လျှင် ရှာနိုင်ကောင်း ရှာနိုင်ပေလိမ့်မည်။

ကံမကောင်းစွာဖြင့် ရန်ကိုင်အဖို့ မှော်သခင်အဆင့်သို့ရောက်ရန် အဆင့်ကြီးတစ်ဆင့် ထပ်တက်ရန် လိုပေသေးသည်။ လက်ရှိကျင့်ကြံနှုန်းအရသာဆိုလျှင် ထိုသို့လုပ်နိုင်ရန်အတွက် နောက်ထပ်တစ်နှစ်ခန့် အချိန်ယူရပေလိမ့်မည်။ ရန်ကိုင်အနေဖြင့် ထိုမျှအကြာကြီး စောင့်မနေနိုင်ပေ။

ရှင်းပြမရသော ကမ္ဘာငယ်လေးထဲ၌ ရှင်သန်နိုင်ရန်အတွက် သူ့ခွန်အားမှာ အုတ်မြစ်ဖြစ်ကြောင်းကို ရန်ကိုင် ကောင်းကောင်း သိနားလည်ထားသည်။ ထို့အတွက်ကြောင့် သူ့ခွန်အားကို မြန်နိုင်သမျှမြန်မြန် တိုးတက်အောင် လုပ်ချင်မိပေသည်။

သူ့ခွန်အားကို တိုးတက်အောင်လုပ်နိုင်မည့် အကောင်းဆုံးသောနည်းလမ်းမှာ မွန်းစတားသားရဲများရှာ၍ အသွေးအသားကိုစားကာ အမြုတေများကို သန့်စင်သည့် နည်းလမ်းသာ ရှိပေသည်။ မွန်းစတားအမြုတေသည် မွန်းစတားသားရဲတစ်ကောင်၏ အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်ပေသည်။ ရန်ကိုင်မှာ မွန်းစတားအမြုတေကို တိုက်ရိုက်စားသုံး၍ သူ့ခွန်အားကို လျင်မြန်စွာ မြှင့်တင်နိုင်သည့်အတွက်ကြောင့် သူ့တွင်သာ မွန်းစတားအမြုတေအလုံအလောက် ရှိနေပါက မှော်သခင်တစ်ပါး ဖြစ်လာဖို့ရာမှာ လက်ဖျောက်တီးသကဲ့သို့ လွယ်ကူနေပေလိမ့်မည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၈၁၂)

ဘာသာပြန်သူ_တိမ်တိုက်

“မရဘူး… မင်း အဲ့လိုလုပ်လို့မရဘူး… အဲ့လို လုံးဝ လုပ်လို့မရဘူး…” ရွာသူကြီး၏အိမ်ထဲ၌ ရွာသူကြီးသည် ခေါင်းကို အဆက်မပြတ်ခါယမ်းရင်း ရန်ကိုင်ကိုကြည့်ကာ ပြောလိုက်လေသည်။ “အားညို… မင်း ဘာပြောနေလဲဆိုတာကိုရော မင်းသိရဲ့လား…”

ရန်ကိုင်က သက်ပြင်းချလျက် “ကျုပ် ဒီတိုင်းပဲ အပြင်ထွက်ပြီး သွားလေ့ကျင့်ချင်ရုံလေးတင်လေ… နွေဦးရောက်ရင် ပြန်လာမှာပါ…”

ရွာသူကြီးက ပြန်ပြောလိုက်သည်။ “ဒီဆောင်းက အဆိုးဆုံးပဲကွ… တောင်တွေ လမ်းတွေ အကုန်လုံးကို နှင်းတွေဖုံးနေတာ… မင်း အဆင့်မြင့်မှော်အတတ်သင်တစ်ယောက် ဖြစ်မယ်ဆိုရင်တောင်… ဟမ်… မင်း ဘယ်တုန်းက မှော်စစ်သည်တော်တစ်ယောက် ဖြစ်သွားတာလဲ….”

ရန်ကိုင် ဤနေရာသို့ ရောက်လာစဉ်က ရွာသူကြီးမှ ရန်ကိုင်အား သေချာမစစ်ဆေးဖြစ်ခဲ့။ ယခုစစ်ဆေးကြည့်လိုက်သည့်အခါမှသာ တွေ့ရှိလိုက်ရသည့်အရာကြောင့် ထိတ်လန့်သွားခဲ့ရလေသည်။ (အားညို ဘယ်တုန်းက မှော်စစ်သည်တော်တစ်ယောက် ဖြစ်လာတာလဲ…)

မှော်စစ်သည်တော်တစ်ယောက်၏ အရှိန်အဝါ မည်ကဲ့သို့ ရှိသလဲ ဆိုသည်ကို ရွာသူကြီးမသိပေ။ သို့သော်ငြား ယခု ရန်ကိုင်၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ရစ်သိုင်းနေသော အရှိန်အဝါသည် မှော်အတတ်သင်တစ်ယောက် ရှိသင့်သည့် အရှိန်အဝါမျိုးမဟုတ်မှန်း ရွာသူကြီး သတိထားမိလိုက်သည်။ (ဘယ်လိုတောင်လားဟ… အားညို သူ့မှော်စွမ်းအားကို နိုးထတာ လဝက်လောက်ပဲ ရှိသေးတယ်လေ… ညတွင်းချင်း အဆင့်မြင့်မှော်အတတ်သင်တစ်ယောက် ဖြစ်လာတာတောင် တော်တော်လေး အံ့အားသင့်စရာကောင်းနေတာကို ဘယ်လိုလုပ်ပြီး လဝက်အတွင်း မှော်စစ်သည်တော်တစ်ယောက် ထပ်ဖြစ်သွားရတာလဲ… သူနဲ့ယှဉ်လိုက်ရင် ငါက တကယ်ကို ဘာမှမဟုတ်တော့ပါလား… ငါ့မှာတော့ တစ်ဘဝလုံး ကျင့်ကြံနေခဲ့တာတောင် အဲ့အဆင့်ကိုမရောက်နိုင်ဘူး…)

ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “ရွာသူကြီး… မှော်စစ်သည်တော်တစ်ယောက်ရဲ့စွမ်းအားနဲ့ဆိုရင် အပြင်သွားရင် ကျုပ်ကိုယ်ကျုပ် ကာကွယ်နိုင်မယ်လို့ ထင်လား…”

ရွာသူကြီးက ပြန်ပြောလိုက်သည်။ “မင်း မှော်စစ်သည်တော်တစ်ယောက် ဖြစ်နေတယ်ဆိုရင်တောင် မှော်ပညာရပ် ဘယ်လောက်လောက်ကို သိထားလို့လဲ… ငါသိထားတဲ့ မှော်ပညာရပ်တွေအကုန်လုံးကို မင်းကို သင်ပေးထားတာပဲ… ဒါပေမယ့်…”

သူ့စကားအား ဆုံးအောင်မပြောနိုင်သေးခင်မှာပင် ရန်ကိုင်ရှေ့၌ ပေါ်လာသည့် မှော်ဒိုင်းကာနှင့် ရန်ကိုင်၏ လက်ဝါးပေါ်တွင် ပေါ်လာသည့် မီးဘောလုံးပညာရပ်ကြောင့် ရွာသူကြီး ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရလေသည်။ ထိုအချက်ကို တွေ့ရှိလိုက်ရပြီးသည့်နောက်တွင် သူ့၌ အားညို အပြင်ထွက်သွားချင်နေသည်ကို ပိတ်ပင်ခွင့် မရှိတော့ကြောင်း ရွာသူကြီး နားလည်လိုက်လေသည်။

ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ရွာသူကြီး… ကျုပ် ဒီကို ကျုပ် အစီအစဉ်အကြောင်း ပြောပြဖို့လာခဲ့တာ… ဒီတော့ ရွာသူကြီး သဘောမတူဘူးဆိုရင်တောင် ကျုပ်ကတော့ အခွင့်အရေးရှာပြီး လစ်ထွက်ဦးမှာပဲ…”

ရွာသူကြီး သက်ပြင်းအမောကြီး ချလိုက်လေသည်။ နောက်ဆုံးတွင် ပြန်၍ပြောလိုက်လေ၏။ “သုံးရက်… ငါ့ကို သုံးရက်အချိန်ပေး… အဲ့သုံးရက်အတွင်း မင်းသိသင့်တာတွေကို ငါ သင်ပေးမယ်…

“ကောင်းပြီလေ…”

နောက်သုံးရက်အတွင်း ရန်ကိုင်သည် ရွာသူကြီး၏အိမ်တွင်သာ အချိန်ဖြုန်းခဲ့လေသည်။

ထိုသုံးရက်အတောအတွင်း ရွာသူကြီးသည် ရန်ကိုင်အား မည်သည့်မှော်ပညာရပ်ကိုမှ မသင်ပေးခဲ့သလို မှော်စွမ်းအားများအကြောင်းလည်း ရှင်းပြခဲ့ခြင်းမရှိချေ။ သူ့အနေဖြင့် ထိုအပိုင်းများတွင် ရန်ကိုင်အား မည်သို့မှ မကူညီပေးနိုင်တော့။ သို့သော်ငြား အားညိုသည် ယခင်က သူ့ဘာသာသူ တစ်ကိုယ်တည်းနေလေ့ရှိပြီး ရွာသားများနှင့် အဆက်အသွယ် လုပ်လေ့မရှိသလို အပြင်လောကကြီးအကြောင်းကိုလည်း ဘာဆိုဘာမှမသိကြောင်းတော့ ရွာသူကြီး သတိထားမိသည်။

အပြင်သို့သွားမည်ဆိုပါက ခွန်အားရှိရုံဖြင့် မလုံလောက်။ ထို့အတွက်ကြောင့် ရွာသူကြီးမှာ အားညိုအား အပြင်လောကအကြောင်း၊ အမျိုးမျိုးသော ဓလေ့ထုံးစံများနှင့် အလေ့အထများအကြောင်းကို သင်ပေးလေသည်။ အန္တရာယ်များနှင့် ရင်ဆိုင်တွေ့ရသည့်အခါ မည်ကဲ့သို့ တုံ့ပြန်ရန်လည်း ပြောပြသေး၏။ တကယ်တော့ ရွာသူကြီးကိုယ်တိုင်သည်လည်း ငယ်ရွယ်စဉ်အခါက ဤလောကကြီးထဲ လျှောက်ပတ်သွားဖူးသည် မဟုတ်ပေလော။

သုံးရက်ကြာပြီးသည့်နောက်တွင် ရွာသူကြီး၌ ရန်ကိုင်အား ဘာမှ သင်ပေးစရာ မရှိတော့ချေ။ ရန်ကိုင်အား စာ မည်ကဲ့သို့ ဖတ်ရမလဲ ဆိုသည်ကိုပင်လျှင် သင်ပေးလို့ ပြီးသွားခဲ့သည်။

“မင်းတံခါးပိတ်ကျင့်ကြံနေလို့ မင်းကို ဘယ်သူမှ လာမနှောင့်ယှက်ဖို့ ငါ ရွာသွားတွေကို ပြောထားလိုက်မယ်… မနက်ဖြန် နေမထွက်ခင် ကိုယ့်ဘာသာကိုယ် တိုးတိုးတိတ်တိတ်လေး ထွက်သွားလိုက်… အိမ်ကို မြန်မြန်ပြန်လာဖို့ မမေ့နဲ့နော်…” မိဘတစ်ဦးမှ လောကကြီးထဲ လျှောက်ပတ်သွားလာမည့် ကလေးတစ်ဦးအား ညွှန်ကြားသင်ပြနေသကဲ့သို့ ရွာသူကြီးမှာ စိုးရိမ်နေသည့်အမူအယာဖြင့် ရန်ကိုင်အား သတိပေးနေခဲ့လေသည်။

“ကျုပ်သိတယ်…”

“ကဲ… သွားနားပေတော့… နက်ဖြန်မနက်ကြရင် မင်းကို ခရီးသစ်တစ်ခုက စောင့်ကြိုနေမှာ…”

နောက်တစ်နေ့ နေမထွက်ခင် ရန်ကိုင်သည် ရွာထဲမှ ထွက်လာခဲ့သည်။ ထိုအချိန်တွင် ရွာသားအများစုမှာ အိပ်လို့ကောင်းနေဆဲ။ ရုတ်တရက် တစ်ခုခုခံစားမိလိုက်သည့်အတွက်ကြောင့် ရွာပေါက်ဝဆီသို့ လှမ်းကြည့်လိုက်ရာ အားဟွာသည် နံရံပေါ်တွင် တိတ်တိတ်လေး ရပ်နေကြောင်း တွေ့လိုက်ရလေသည်။ အားဟွာသည် ညစောင့်တစ်ဦး ဖြစ်သည့်အတွက်ကြောင့် ထိုနေရာတွင် ရပ်နေသည်မှာ မထူးဆန်း။ အကြည့်ချင်းဆုံသွားသည့်အခိုက် အားဟွာရော ရန်ကိုင်ရော နှစ်ဦးစလုံး တစ်ဦးကိုတစ်ဦး ခေါင်းညိတ်ပြလိုက်ကြသည်။ ခေါင်းတစ်ချက်ညိတ်ပြလိုက်ရုံဖြင့်ပင်လျှင် နှစ်ဦးစလုံးမှာ တစ်ဦးဘာပြောချင်နေသလဲ ဆိုသည်ကို တစ်ဦး နားလည်နေခဲ့လေပြီ။ ထို့နောက် ရန်ကိုင်သည် အားဟွာ၏မြင်ကွင်းမှ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့လေသည်။

ငါးရက်ကြာပြီးသည့်နောက်တွင် တောင်ပြာကျေးရွာမှ မိုင်ပေါင်းထောင်နှင့်ချီကာ ဝေးကွာသော တောင်ခြေတစ်ခုအောက်သို့ ရန်ကိုင် ရောက်လာခဲ့လေသည်။ ထိုနေရာသို့ ရောက်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် ဝါကျင့်ကျင့် တိရစ္ဆာန်အရေပြားတစ်ခုကို ထုတ်ယူလိုက်သည်။ မြေပုံပေါ်ရှိနေရာကို စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် ရန်ကိုင်သည် သူ့ရှေ့တောင်ကို ကြည့်ကာ ပြောလိုက်လေသည်။ “ဒီနေရာဖြစ်လောက်တယ်…”

ဤနေရာကား တောင်ဖြူပင် ဖြစ်လေသည်။ ရန်ကိုင် ယခုတစ်ကြိမ် အပြင်သို့ ထွက်လာရခြင်းမှာလည်း ဤတောင်သို့ လာရန်သာ ဖြစ်လေသည်။

ရွာသူကြီးသည် သူငယ်ရွယ်စဉ်က အပြင်ဘက်သို့ လျှောက်ပတ်သွားဖူးပါသော်ငြား ဝေးဝေးလံလံတော့ သွားခဲ့ဖူးခြင်း မရှိခဲ့။ သို့သော်ငြား တောင်ဖြူမှာ သူသွားခဲ့ဖူးသည့် နေရာများအနက် တစ်ခုဖြစ်ပေသည်။ လက်ရှိ ရန်ကိုင်လက်ထဲတွင် ကိုင်စွဲထားသော ဝါကျင့်ကျင့် တိရစ္ဆာန်အရေပြားမှာလည်း ရွာသူကြီးမှ သူထွက်မလာခင် သူ့ဆီပေးခဲ့သော မြေပုံတစ်ခုဖြစ်လေ၏။

ရွာသူကြီးပြောပုံအရ ဤတောင်ဖြူတွင် သားရဲရိုင်းများစွာရှိကာ အချို့သောသားရဲရိုင်းများသည် မှော်ဝိဇ္ဇာများနှင့် ယှဉ်ပြိုင်နိုင်သည့် ခွန်အားကိုပင် ပိုင်ဆိုင်ထားကြပေသည်။ ရွာသူကြီးမှာ ရန်ကိုင်အား အတန်တန် သတိပေးထားခဲ့ပါသော်ငြား ရန်ကိုင်ကမူ ထိုသတိပေးချက်များကို ဂရုစိုက်မနေခဲ့ပေ။ ရန်ကိုင် ယခုတစ်ကြိမ် အပြင်သို့ ထွက်လာရခြင်းမှာ သားရဲရိုင်းများကိုရှာရန်သာ မဟုတ်ပေလော။

တစ်ခဏကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် တောင်ဖြူထဲသို့ ဝင်လာခဲ့လေသည်။ နေ့ဝက်ခန့် ကြာပြီးသည့်နောက် ရန်ကိုင်သည် တောင်ဖြူပေါ်ရှိ ဂူတစ်လုံးထဲတွင် ရပ်၍ ခြေထောက်အောက်တွင်ရှိနေသော မွန်းစတားသားရဲကို ကြည့်ရင်းမှ သက်ပြင်းချကာ ပြောလိုက်လေသည်။ “အားနည်းလိုက်တာကွာ…”

သူ့အမြင်အရ ဤမွန်းစတားသားရဲသည် အကြမ်းဖျင်း အဆင့်သုံး သို့မဟုတ် အဆင့်လေးမွန်းစတားသားရဲတစ်ကောင်နှင့်သာ ယှဉ်နိုင်ပေသည်။ ရန်ကိုင်၏လက်ရှိခွန်အားအရ သူ့ရုပ်ခွန်အားသက်သက်နှင့်ပင်လျှင် ဤကဲ့သို့သော မွန်းစတားသားရဲမျိုးကို သတ်နိုင်ပေသည်။

ရန်ကိုင်သည် ထိုမွန်းစတားသားရဲ၏ ခန္ဓာကိုယ်ထဲမှ မွန်းစတားအမြုတေကို ထုတ်ယူပြီး နည်းနည်းပါးပါး သန့်ရှင်းလိုက်ပြီးသည့်နောက် ပါးစပ်ထဲကိုပစ်ထည့်ကာ ဝါးစားလိုက်လေသည်။ ထို့နောက် တင်ပလင်ခွေထိုင်ချကာ ကျင့်စဉ်ကိုလှည့်ပတ်၍ မွန်းစတားအမြုတေကို သန့်စင်လေ၏။

ထူးဆန်းသည့်အသံဗလံများ ရန်ကိုင်၏ဝမ်းဗိုက်ဆီမှ ထွက်ပေါ်လာခဲ့လေသည်။ ရန်ကိုင်အနေဖြင့် ထိုမွန်းစတားအမြုတေကို သန့်စင်နိုင်ရန်အတွက် ဆယ့်ငါးမိနစ်ရှိတတ်မရှိတတ် အချိန်ယူလိုက်ရသည်။ မွန်းစတားအမြုတေကို သန့်စင်ပြီးသည့်နောက် သူမည်မျှတိုးတက်လာသလဲ စစ်ဆေးကြည့်လိုက်ရာ ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့ရလေသည်။

(ဘာမှလည်း သိပ်မတိုးတက်ပါလား… မွန်းစတားအမြုတေကို သန့်စင်လိုက်တာတောင် တိုးတက်တဲ့နှုန်းက ဘာမှမသိသာဘူး…) ဤမွန်းစတားသားရဲသည် လျှိုမြောင်ထဲတွင် ရန်ကိုင်သတ်ခဲ့သည့် မွန်းစတားသားရဲထက် ပို၍အားနည်းပေသည်။ ထိုအကြောင်းကြောင့် ၎င်း၏မွန်းစတားအမြုတေထဲတွင် သိုလှောင်ထားသည့် စွမ်းအားမှာလည်း များပြားခြင်းမရှိသည်မှာ သဘာဝသာ ဖြစ်လေသည်။

(ဒီနှုန်းနဲ့ဆိုရင်တော့ မွန်းစတားအမြုတေအခုတစ်ထောင်ကို သန့်စင်ရင်တောင် မှော်သခင်ဖြစ်လာမှာမဟုတ်ဘူး…) ရန်ကိုင်၏ပန်းတိုင်မှာ များများစားစားမဟုတ်။ ကောင်းကင်စိတ်အာရုံကို အသုံးပြုနိုင်ရန်အတွက် မှော်သခင်တစ်ပါး ဖြစ်လာလိုခြင်းသာ။ မည်သို့ပင် ဖြစ်နေစေကာမူ ရန်ကိုင်အနေဖြင့် သူ၏လက်ရှိတိုးတက်နှုန်းနှင့်ပတ်သက်၍ မကျေနပ်လျှင်ပင် သူ့၌ ရွေးချယ်စရာမရှိချေ။ ထိုအကြောင်းကြောင့် အားကောင်းသည့်မွန်းစတားသားရဲများကို ရှာဖွေရင်းမှ သူ့ခွန်အားကို တတိတိနှင့် တိုးတက်အောင် လုပ်ရန်သာ ကြိုးစားနေခဲ့ရသည်။

နောက်ရက်များအတွင်း ရန်ကိုင်သည် တောင်ဖြူထဲတွင် လျှောက်ပတ်သွားလာရင်းမှ တောင်၏ အတွင်းပိုင်းထဲသို့ တဖြည်းဖြည်း ရောက်လာခဲ့လေသည်။

အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးနေခဲ့လေရာ မကြာမီ တစ်လကြာသွားခဲ့သည်။ ထိုအချိန်အတောအတွင်း ရန်ကိုင်သည် မွန်းစတားသားရဲပေါင်းများစွာကို သတ်ပစ်ခဲ့ပြီး မွန်းစတားအမြုတေများစွာကို ရရှိခဲ့သည်။ ကံမကောင်းစွာဖြင့် မွန်းစတားအမြုတေများစွာကို စားသုံးခဲ့သည့်တိုင် သူ့ကျင့်ကြံခြင်းမှာတော့ အနည်းငယ်သာ တိုးတက်လာခဲ့ရသည်။ လက်ရှိအချိန်ထိတိုင် ရန်ကိုင်သည် မှော်စစ်သည်တော်တစ်ဦးသာ ဖြစ်နေဆဲ။

(အားနည်းလွန်းတယ်… အရမ်းကိုအားနည်းလွန်းတယ်… တောင်ဖြူကမွန်းစတားသားရဲတွေက အရမ်းအားနည်းလွန်းတယ်…) ရန်ကိုင်မှာ တစ်လအတွင်း မှော်သခင်ဖြစ်အောင်လုပ်ကာ သူ့သိုလှောင်လက်စွပ်ထဲရှိ ပစ္စည်းများကို ထုတ်ယူချင်ပေသည်။ ထို့နောက်တွင် သိုလှောင်လက်စွပ်ထဲ၌ ရှိနေသော မွန်းစတားအမြုတေများကိုသုံး၍ နှစ်လလောက် တံခါးပိတ်ကျင့်စဉ်ဝင်ကာ မှော်ဘုရင် သို့မဟုတ် မှော်သူတော်စင်တစ်ဦး ဖြစ်လာပြီးသည့်နောက် ရွာသို့ပြန်သွားပေမည်။ သို့သော်ငြား လက်ရှိအခြေအနေကို ကြည့်ရသလောက် သူထင်ထားသည့်အတိုင်း ဖြစ်လာတော့မည့်ပုံမပေါ်။ သို့တိုင် ရန်ကိုင်မှာတော့ မျှော်လင့်ချက်ကြီးကြီးထားရင်း တောင်အတွင်းပိုင်းဆီသို့ တဖြည်းဖြည်း တိုးဝင်လာခဲ့လေသည်။

တစ်ရက်သောနေ့၌ ရန်ကိုင်မှာ သူ ယခုလေးတင် ရရှိထားသော မွန်းစတားအမြုတေကို သန့်စင်နေရင်း တစ်ခုခုအား သတိထားမိသွားခဲ့လေသည်။ မျက်မှောင်ကြုတ်၍ သေချာနားထောင်ကြည့်လိုက်ရာ သူပုန်းအောင်းနေသည့် လိုဏ်ဂူဆီသို့ တရွေ့ရွေ့တိုးကပ်လာနေသည့် ခြေသံများကို ကြားလိုက်ရလေသည်။ ထို့အပြင် ထွက်ပေါ်လာသည့် ခြေသံများအရ သူ့ဆီသို့လာနေသည်မှာ လူတစ်ဦးတည်းဟုတ်သည့်ပုံမပေါ်။

(ဒီလိုအချိန်ကြီး ဒီနေရာကို ဘယ်လိုလုပ်ပြီး လူတွေရောက်လာရတာလဲ… ဆောင်းရာသီမှာ သူတို့ ဆောင်းခိုနေသင့်တာမဟုတ်ဘူးလား… အပြင်ထွက်ပြီး ခဲသေသွားမှာကို မကြောက်ကြတာလား…) ရန်ကိုင်မှာ သူ့စိတ်ထဲ ထိုကဲ့သို့ အတွေးများနေစဉ်မှာပင် ထိုလူများသည် သူနေသည့်လိုဏ်ဂူဆီသို့ ရောက်လာခဲ့လေသည်။

ရန်ကိုင်နေသည့်လိုဏ်ဂူအနားသို့ရောက်သော် ထိုလူအုပ်ကြီးအနက်မှ တစ်ဦးက ပြောလိုက်လေ၏။ “သတိထား… ငါ သွေးနံ့ရတယ်…”

ခြေသံများ ရုတ်ချည်း တိုးကျသွားခဲ့လေသည်။ အကုန်လုံးမှာ သူတို့၏ အသက်ရှူသံကို ထိန်းထားလိုက်ကြသည်။ သို့တိုင် ထိုလူများမှာတော့ သူ့ဆီသို့ ဖြည်းဖြည်းချင်း တိုးကပ်လာနေသည်ကို ရန်ကိုင် ခံစားမိနေဆဲ။ မကြာမီ ရန်ကိုင်နှင့် ဆယ့်ငါးမီတာခန့်အကွာ၌ ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်တစ်ဦး ပေါ်လာခဲ့လေသည်။ ရန်ကိုင်ကို သတိပြုမိသွားသည့်အခိုက် ထိုလူ အံ့အားသင့်သွားခဲ့ရသည်။ ဤနေရာတွင် လူရိုင်းမျိုးနွယ်စုဝင်လူတစ်ဦးကို လာတွေ့ရလိမ့်မည်ဟု လုံးဝမထင်ထားသည့်ပုံပင်။

ထိုလူနောက်တွင် လူများစွာ လိုက်လာကြလေသည်။ အကုန်လုံးမှာတော့ တိုက်ပွဲကြီးတစ်ပွဲကို ဆင်နွှဲထားရသည့်အလား အတော်လေးကိုမှ ရုပ်ပျက်ဆင်းပျက် ဖြစ်နေကြသည်။ အဆိုးဆုံးလူဆိုလျှင် လက်တစ်ဖက်ပြတ်နေခဲ့ပြီး ပြတ်နေသည့်လက်ဆီမှ သွေးများလည်း စီးကျနေပေသေးသည်။ ကြည့်ရသလောက် ထိုလူ၏လက်ကို မွန်းစတားသားရဲတစ်ကောင်မှ ကိုက်ပစ်လိုက်သည့်ပုံပင်။ ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်မှာ ထိုအချက်နှင့်ပတ်သက်လာသော် အတော်လေးကိုမှ အံ့ဩဖွယ်ရာကောင်းသည်ဟု ပြော၍ရလေသည်။ ဤမျှဆိုးသည့် ဒဏ်ရာကို ရထားသည့်တိုင် အသံတစ်ချက်ပင်မထွက်ဘဲ ကျန်လက်တစ်ဖက်ဖြင့် သူ့လက်ထဲရှိ ကျောက်လှံကိုပင်လျှင် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပေသေးသည်။

“မင်းဘယ်သူလဲ…” ထိုလူများ၏ခေါင်းဆောင်ဖြစ်ဟန်တူသူက ရန်ကိုင်ကိုကြည့်၍ အော်မေးလိုက်လေသည်။ (ဒီကောင့်ကြည့်ရတာ အကောင်သေးသေးလေးပဲ… တော်တော်အားနည်းမယ့်ပုံပဲ… ဒါပေမယ့် ဒီကောင် ဒီနေရာကြီးကို ဘယ်လိုရောက်လာနိုင်ရတာလဲ…)

ရန်ကိုင်သည် ကျန်လူများဆီမှ အကြည့်လွှဲဖယ်လျက် ထိုလူအား စိုက်ကြည့်လိုက်လေသည်။ သို့သော် တစ်ဖက်လူ၏အမေးကိုတော့ ပြန်မဖြေခဲ့။

ရန်ကိုင်၏လုပ်ပုံကြောင့် ရန်ကိုင်အား မေးခွန်းမေးလိုက်သည့်လူမှာ ဒေါသထွက်သွားခဲ့ပြီး ပြန်ပြောတော့မည်အပြု ထိုလူ၏နောက်ဆီမှ အရပ်ရှည်ရှည်အမျိုးသမီးတစ်ဦး ထွက်လာခဲ့လေသည်။ ထိုအမျိုးသမီးသည် အစောပိုင်းက စကားပြောလိုက်သည့်လူအား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်၍ ပြောလိုက်သည်။ “သူ့ကို သွားမနှောင့်ယှက်နဲ့… သူက ကျင့်ကြံနေတာ…”

အမျိုးသမီးမှာ သူတို့အဖွဲ့ထဲ အတော်လေးကိုမှ အဆင့်အတန်းမြင့်သည့်ပုံပင်။ အမျိုးသမီးမှ ထိုကဲ့သို့ပြောလိုက်သည်နှင့်တစ်ပြိုင်နက် အစောပိုင်းက စကားပြောလိုက်သည့်လူကြီးမှာ ဒေါသထွက်နေသည့်တိုင် ဘာမှဆက်မပြောရဲတော့ပေ။ ထို့အစား ရန်ကိုင်ကို မယုံသင်္ကာဖြင့်ကြည့်လျက် မျက်မှောင်ကြုတ်ကာ တိုးတိုးလေး ပြောလိုက်လေ၏။ “ကျင့်ကြံနေတာ… သူကလည်းမှော်ဆရာလား…”

အမျိုးသမီးသည်လည်း ရန်ကိုင်အား အံ့အားသင့်တကြီးဖြင့် ကြည့်နေရင်းမှ ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်… မှော်ဆရာပဲ… အနိမ့်ဆုံးမှော်ဆရာတောင်မဟုတ်ဘူး… မှော်စစ်သည်တော်တစ်ယောက်ပဲ…”

“မှော်စစ်သည်တော်…” အခြားသော ရှေးခတ်လူရိုင်းမျိုးနွယ်စုဝင်များ အလန့်တကြား ထခုန်လိုက်ကြလေသည်။ အမျိုးသမီးပြောလိုက်သည့်စကားကို သူတို့အားလုံး မယုံကြည်နိုင် ဖြစ်နေကြလေသည်။ သို့သော်ငြား ထိုစကားကို သူတို့၏မှော်ဆရာကိုယ်တိုင် ပြောလိုက်ခြင်း ဖြစ်သည့်အတွက်ကြောင့် မယုံချင်လျှင်ပင် ယုံရပေလိမ့်မည်။ သို့သော်ငြား ရန်ကိုင်ကဲ့သို့သော အလွန်တရာကိုမှ အားနည်းသည့်လူသည် မှော်ဆရာတစ်ဦး ဖြစ်နိုင်ပါ့လေမလား။

အမျိုးသမီးသည် ရန်ကိုင်အနားသို့ အနည်းငယ် တိုးကပ်သွားခဲ့ပြီး ပြောလိုက်လေ၏။ “ခုနတုန်းကတိုက်ပွဲမှာ ငါ့အဖွဲ့သားတွေ ဒဏ်ရာရသွားလို့ ဒီနေရာမှာ တစ်ချက်လောက် လာနားတာ… ဒီပြင့်နေရာတွေက နားဖို့အဆင်မပြေလို့… အဲ့ဒါကြောင့် ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့… ငါတို့ နင့်ကိုလည်း နှောင့်ယှက်မှာမဟုတ်ပါဘူး…”

ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး သူ့စိတ်ထဲ ကြိတ်၍တွေးလိုက်လေသည်။ (ငါကျင့်ကြံနေတုန်းလို့ ထင်ပြီးတော့ ငါ့ကို လာမနှောင့်ယှက်တာ နေလိမ့်မယ်… ငါ့ဘာသာငါ ပျင်းလွန်းလို့ သူတို့ကို စကားပြန်မပြောတာကိုတော့မသိကြဘူး…)

“ကျေးဇူးအများကြီးတင်ပါတယ်…” ထိုသို့ပြောပြီးသည့်နောက်တွင် အမျိုးသမီးသည် သူမ၏အဖွဲ့သားများကို အဝေးတစ်နေရာဆီသို့ ခေါ်သွားလျက် ဒဏ်ရာရထားသည့်လူအား ထိုင်ချစေကာ သူ့ဒဏ်ရာများကို စကုလေသည်။

သိသာထင်ရှားလှသည့် စွမ်းအင်လှိုင်းတစ်ရပ် ဖြာထွက်လာခဲ့လေသည်။ ထိုအမျိုးသမီး၏ စွမ်းအားအတိအကျကို ရန်ကိုင်မသိပါသော်ငြား ထိုအမျိုးသမီးမှာလည်း သူ့ကဲ့သို့ပင် မှော်စစ်သည်တော်တစ်ဦး ဖြစ်ကြောင်းကိုတော့ ရန်ကိုင်သိပေသည်။ ထို့အပြင် ထိုအမျိုးသမီးမှာ သာမန်မှော်စစ်သည်တော်ပင်မဟုတ်ဘဲ အဆင့်မြင့်မှော်စစ်သည်တော်ပင် ဖြစ်နေလောက်သည်။ သူမ၏ကျင့်ကြံခြင်းမှာ ရန်ကိုင်ထက် နှစ်ဆင့်ပင် ပိုမြင့်နေလေသည်။

သို့သော်ငြား အမျိုးသမီးမှာ လူကောင်းတစ်ယောက် ဖြစ်သည့်ပုံပင်။ ရန်ကိုင်အပေါ် အနည်းငယ်မျှပင် ရန်လိုခြင်းမရှိခဲ့။ ရန်ကိုင် ကျင့်ကြံနေမှန်း သိလိုက်သည့်နောက်တွင် ရန်ကိုင်အား တစ်ချက်ကလေးပင် လာ၍ မနှောင့်ယှက်ခဲ့ပေ။ သူမသည်သာ မကောင်းသည့်လူတစ်ယောက် ဖြစ်မည်ဆိုပါက ဤအခိုက်အတန့်ကို အခွင့်ကောင်းယူလျက် ရန်ကိုင်အား တိုက်ခိုက်ပြီးနေလောက်ပေပြီ။

ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်များ၏ အခြားသောအဖွဲ့သားများမှာ သူတို့၏မှော်ဆရာမှ ဒဏ်ရာရထားသည့်လူ၏ ဒဏ်ရာများကို ကုသပေးနေသည်ကို ကြည့်နေကြလေသည်။ အမျိုးသမီးအသုံးပြုနေသည့် မှော်ပညာရပ်မှာ အလွန်ကိုမှ အေးစက်လှသည်။ ကြည့်ရသလောက် သူမအသုံးပြုနေသည့် မှော်ပညာရပ်ထဲ အအေးဓာတ်သဘာဝတို့ ပါဝင်နေသည့်ပုံပင်။ ဒဏ်ရာကို အေးခဲပစ်လိုက်ပြီးသည့်နောက်တွင် အမျိုးသမီးသည် တိရစ္ဆာန်အရေပြားဖြင့် ပြုလုပ်ထားသော အိတ်ထဲမှ ဆေးပင်အချို့ကိုထုတ်ကာ ဒဏ်ရာရထားသည့်လူအား စားစေလိုက်လေသည်။

မကြာမီတွင် ဒဏ်ရာရထားသည့်လူမှာ ယခင်ကထက် ပို၍ အဆင်ပြေလာခဲ့လေသည်။ ယခင်ကလောက် နာကျင်နေခြင်းမရှိတော့။ ထိုအခါမှသာလျှင် အမျိုးသမီးလည်း သက်ပြင်းချလိုက်နိုင်လေသည်။

ထိုအခိုက်အတန့်တွင် သူတို့နောက်ဘက်ဆီမှ မရင်းနှီးနေသည့် အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ “သူအဆိပ်မိထားတယ်… အဆိပ်ကိုသာ မဖြေလို့ရှိရင် ကြာကြာ အသက်ရှင်နိုင်မှာမဟုတ်ဘူး…”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၈၁၃)

ဘာသာပြန်သူ_တိမ်တိုက်

ရန်ကိုင်ပါးစပ်မှ ထိုစကား ထွက်သွားသည်နှင့် တစ်ပြိုင်နက်၊ ရှေးခေတ်လူရိုင်း မျိုးနွယ်စုဝင်အားလုံး ရန်ကိုင်ဘက်သို့ နိုးနိုးကြားကြားဖြင့် လှည့်ကြည့်လာကြလေသည်။ တစ်ချိန်တည်းတွင်လည်း သူတို့စိတ်ထဲ အတော်လေး လန့်သွားကြရသည်။

အကုန်လုံးမှာ သူတို့အပေါင်းအပါ၏ ဒဏ်ရာနှင့် ပက်သက်၍ စိတ်ပူနေမိသော်ငြား ပတ်ဝန်းကျင်ကိုလည်း အဆက်မပြတ် သတိထားခဲ့သည်။ သို့တိုင် ရန်ကိုင် သူတို့နားသို့ ချဉ်းကပ်လာသည်ကို မည်သူမှ သတိမထားမိခဲ့ချေ။ ဤလူငယ်လေးသည်သာ သူတို့အပေါ် မကောင်းသည့် ရည်ရွယ်ချက် တစ်ခုခု ရှိနေမည်ဆိုပါက သူတို့အားလုံး သေနေလောက်ပေပြီ။ တကယ်တော့ ဤလူငယ်လေးသည် မှော်စစ်သည်တော် တစ်ဦးပင် မဟုတ်လေလော။

မှော်ဆရာမဖြစ်သည့် အမျိုးသမီးမှာလည်း အနည်းငယ် တုန်ရီသွားခဲ့သည်။ သို့သော်ငြား အခြားသော လူရိုင်းမျိုးနွယ်စုဝင်များလောက်တော့ တုန်လှုပ်နေခြင်းမရှိ။ သူအဖော်များကို ထိုမျှ စိတ်မပူရန် အချက်ပြလိုက်ပြီးနောက်တွင် ပြောလိုက်လေ၏ “သူအဆိပ်မိထားမှန်း ကျွန်မသိတယ်။ ဒါကြောင့်ပဲ အဆိပ်ဖြေပညာရပ်ကို သုံးနေတာ”

“အလုပ်ဖြစ်မှာမဟုတ်ဘူး” ရန်ကိုင်က သူမအား ကြည့်၍ ပြောလိုက်သည်။ တစ်ခဏမျှ စဉ်းစားနေပြီးနောက်တွင် ပြန်မေးလိုက်လေသည် “ကျုပ်ကူညီပေးရမလား”

“ရှင်က” အမျိုးသမီး၏ မျက်လုံးထဲ ရန်ကိုင်အပေါ် မယုံသည့် အရိပ်အယောင်တို့ကို အထင်းသား မြင်နေရသည်။ သူမရှေ့တွင် ရှိနေသည့် မှော်စစ်တော်သည် သူစိမ်းတစ်ဦးပင် မဟုတ်လေလော။ သူသည် လူကောင်းဟုတ်မဟုတ် ဆိုသည်ကိုပင် သူမ မသိရသေးချေ။ ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်များကြားတွင် ပဋိပက္ခများ ရှိကြသည်မှာ သဘာဝသာ ဖြစ်သည်။ ထို့အပြင် ဤကောင်လေးသည် အဆင့်နိမ့် မှော်စစ်သည်တော် တစ်ဦးသာ ဖြစ်လေရာ သူမကဲ့သို့ အဆင့်မြင့် မှော်စစ်သည်တော် တစ်ဦးပင် မတတ်နိုင်သည့် အရာ တစ်ခုကို တတ်နိုင်မည်လား။

ရန်ကိုင်က ပခုံးတွန့်လျက် ပြန်မေးလိုက်သည် “မေးကြည့်ရုံလေးပဲ”

“ရှင်က ဘယ်ကလန်ကလဲ” အမျိုးသမီးက မေးလိုက်သည်။

ရန်ကိုင်က ပြန်ပြောလိုက်လေ၏ “တောင်ပိုင်းကလန်ကပဲ” တစ်ချက်မျှ ရပ်ပြီးနောက် ရန်ကိုင်က ထပ်ပြောလိုက်သည် “ခင်ဗျားတို့က နှင်းရေခဲကလန်က လာတာမလား”

ရွာသူကြီးမှ ပြောပြထားသည့် အတွက်ကြောင့်သာလျှင် ရန်ကိုင်မှာ ထိုလူများ မည်သည့်ကလန်မှ လာသလဲဆိုသည်ကို ခန့်မှန်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ဤကမ္ဘာကြီးထဲတွင် အချို့သော ရှေးခေတ်လူရိုင်းမျိုးနွယ်ကလန်များသည် ထူးခြားသော လက္ခဏာများကို ပိုင်ဆိုင်ထားကြသည်။ ဥပမာပြောရသော် မီးတောက်ကလန်သည် သူတို့မျက်နှာထက် မီးလောင်ကျွမ်းနေသည့် ပန်းပွင့်ပုံစံ တက်တူးကို ပိုင်ဆိုင်ထားကြ၏။ ထိုကြာပန်းမှာ မီးတောက်ကလန်၏ အမှတ်အသားဖြစ်သော ကြာပန်းစိမ်းမီးတောက် ဖြစ်လေသည်။

နှင်းရေကလန်သားများ၏ မျက်နှာထက်တွင်မူ မည်သည့် အမှတ်အသားမှ ရှိမနေသော်ငြား အမျိုးသမီး အသုံးပြုသွားသည့် မှော်ပညာရပ်ထဲတွင် ရေခဲဓါတ်သဘာဝတို့ ပါဝင်နေခဲ့သည်။ ထို့ကြောင့်ပင် ထိုအမျိုးသမီး မည်သည့် ကလန်မှ လာသလဲဆိုသည်ကို ရန်ကိုင် ခန့်မှန်းနိုင်ခဲ့ခြင်း ဖြစ်သည်။

ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်တိုင်းတွင်တော့ ထိုကဲ့သို့သော သိသာထင်ရှားသည့် အမှတ်သင်္ကေတများ ရှိကြသည်တော့မဟုတ်။ ဥပမာပြရသော် တောင်ပိုင်းလူရိုင်း ကလန်၏ လက်အောက်တွင် ရှိနေသော တောင်ပြာကျေးရွာသည် မည်သည့် ထူးခြားသည့် အမှတ်သင်္ကေတကိုမှ ပိုင်ဆိုင်ထားခြင်းမရှိချေ။ ထို့ကြောင့်ပင် အမျိုးသမီးမှာ ရန်ကိုင် မည်သည့်နေရာမှ လာသလဲဆိုသည်ကို မပြောနိုင်ခဲ့ခြင်း ဖြစ်သည်။

ရန်ကိုင်ကိုယ်တိုင်က သိနေပြီ ဖြစ်သည့်အတွက်ကြောင့် အမျိုးသမီးလည်း ညာမနေဘဲ ခေါင်းညိတ်၍ ပြန်ပြောလိုက်သည် “ဟုတ်တယ်။ ကျွန်မတို့က နှင်းရေခဲကလန်ကပဲ။ ရှင်သူ့ကို အဆိပ်ဖြေပေးနိုင်လား”

“ကျုပ် ကြိုးစားကြည့်ပေးလို့ရတယ်”

အမျိုးသမီး မျက်မှောင်ကြုတ်သွားခဲ့သည်။ ရန်ကိုင် သူမလူအား ကုပေးနိုင်လိမ့်မည်ဟု မယုံပါသော်ငြား ရန်ကိုင်အား ကြိုးစားကြည့်ခိုင်းလိုက်၍ သူမအတွက် အကျိုး မယုတ်ချေ။ သူမကိုယ်တိုင်သည်လည်း ထိုဒဏ်ရာအား ကုနိုင်သည်မှ မဟုတ်လေဘဲ။ ဒဏ်ရာကို သွေးတိတ်အောင်လုပ်၍ အဆိပ်ဖြေပညာရပ်ကို သုံးကာ အဆိပ်ဖြေကြည့်ခဲ့ပါသော်ငြား အဆိပ်အား အပြည့်အဝ မဖြေနိုင်ခဲ့ချေ။ အရိုးပျော်အဆိပ်သည် အလွန်ကိုမှ အားကောင်းလှကာ အားကောင်းလှသည့် ရှေးခေတ်လူရိုင်းမျိုးနွယ်စုတစ်ဦးကိုပင် တစ်ခဏအတွင်း အဆိပ်ရည်ဖြစ်သွားအောင် လုပ်ပစ်နိုင်သည့် အဆိပ်တစ်မျိုး ဖြစ်သည်။ အဆိပ်ကို မဖြေဘဲ ဤအတိုင်းထားလိုက်မည်ဆိုပါက သူမလူသည် သုံးရက်အတွင်း ကျိန်းသေ သေသွားရပေလိမ့်မည်။ ကလန်သို့ပြန်၍ သူမလူအား အဆိပ်ဖြေဖို့ရာ ဆိုပြန်လျှင်လည်း ကလန်ကိုပြန်ဖို့ အချိန်သုံးရက်နှင့် မလောက်ချေ။

“ဒါဆို ကျေးဇူးပြုပြီး တစ်ချက်လောက် ကြိုးစားကြည့်ပေးပါလား” အမျိုးသမီးက ပြောလိုက်သည်။

ရန်ကိုင်လည်း ရှေ့တက်ပြီး သွားစမ်းကြည့်တော့မည်အပြု နှင်းရေခဲကလန်မှ အဖွဲ့သားတစ်ဦးက လှမ်းတားလိုက်လေ၏ “သခင်မ...”

အမျိုးသမီးက လက်မြှောက်၍ တားလိုက်သဖြင့် ထိုလူမှာ ပြောချင်နေသည့် စကားများကို ဆက်မပြောဘဲ ရပ်လိုက်ရလေသည်။ သို့သော်ငြား ရန်ကိုင်ကိုတော့ အနည်းငယ်မျှပင် မယုံသည့်အကြည့်ဖြင့် ကြည့်နေခဲ့လေသည်။

ရန်ကိုင်ကမူ ထိုလူများ၏ အကြည့်ကို အနည်းငယ်မျှပင် ဂရုစိုက်မနေခဲ့ဘဲ ဒဏ်ရာရနေသည့် နှင်းရေခဲကလန်းသာဆီသို့ လျှောက်သွားလိုက်ပြီး ဆောင့်ကြောင့် ထိုင်ချလိုက်သည်။ ထိုလူမှာ လက်တစ်ဖြတ်ပြတ်နေပြီး အဆိပ်မိနေလင့်ကစား သူ့ကိုယ်သူ သတိမလစ်အောင် ထိန်းထားနိုင်ခဲ့ခြင်းမှာ အားကောင်းလှသည့် သူ့ခန္ဓာကိုယ်ကြောင့် ဖြစ်ပေသည်။ ထို့သို့သာမဟုတ်ပါက ဤဒဏ်ရာအခြေအနေအရ ဆယ်ခါပြန်သေရန် လုံလောက်နေလေပြီ။ လက်ရှိအချိန်တွင် သူ့မျက်နှာမှာ ဖြူလျော်နေပြီး နာကျင်မှုကြောင့် ရှုံ့မဲ့နေခဲ့သည်။

ရန်ကိုင်သည် ဒဏ်ရာရနေသည့်လူအား စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် ထိုလူ၏ ခန္ဓာကိုယ်အား ဟိုနေရာတစ်ချက်၊ ဒီနေရာတစ်ချက် လိုက်ပုတ်လိုက်၏။ အချက်ပေါင်းများစွာ ပုတ်ပြီးနောက်တွင် ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်၏မျက်နှာ နီတက်လာပြီး ရုတ်တရက် သွေးနက်တစ်ပွက်ကို ထိုးအန်လေသည်။

ရန်ကိုင်မှာ ထိုကဲ့သို့ ဖြစ်မည်မှန်း ကြိုသိထားသည့်အလား ချက်ချင်း ကောက်ရှောင်လိုက်သည်။ ထို့နောက်တွင် ဒဏ်ရာအား သွေးမထွက်အောင် လုပ်ထားသည့် ရေခဲကို ဖျက်စီးပစ်လိုက်ပြီး ထိုလူ၏ ပခုံးရင်းကို သူ့လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်၍ ဧကရာဇ်ချီကို ထိုလူ၏ ကိုယ်ထဲသို့ ထည့်သွင်းလိုက်လေသည်။

အကုန်လုံး၏ အကြည့်အောက်တွင် ထိုလူ၏ ခန္ဓာကိုယ် ပြင်းပြင်းထန်ထန် တုန်ခါလာပြီး ဒဏ်ရာရနေသည့် သားရဲတစ်ကောင်နှယ် ထအော်လေသည်။ ထို့နောက်တွင် ပြတ်နေသည့် ထိုလူ၏ လက်ဆီမှ သွေးများ ပန်းထွက်လာလေ၏။ သွေးများ မြေပြင်ပေါ်သို့ ကျသွားသည့်အခိုက် တရှဲရှဲ မြည်သံများနှင့်အတူ မြေပြင်ထက် အပေါက်ပေါင်းများစွာ ပေါ်လာခဲ့လေသည်။

သွေးများသည် အသက်သုံးရှိုက်စာတိုင်တိုင် ပန်းထွက်နေခဲ့သည်။ ထိုသို့ဖြစ်နေစဉ်အတွင်း ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်များသည် ရန်ကိုင်အား တားရန် ရှေးသို့ ပြေးတက်သွားရန် လုပ်လိုက်ပါသော်ငြား သူတို့၏ မှော်ဆရာမမှ တားထားခဲ့လေသည်။

အသက်သုံးရှိုက်စာ ကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် အမျိုးသမီးဘက်သို့ လှည့်၍ ပြောလိုက်လေ၏ “သူ့ဒဏ်ရာကို သွေးတိတ်အောင် လုပ်လိုက်တော့”

ရန်ကိုင်၏ စကားကိုကြားသည်နှင့် အမျိုးသမီးသည် ထိုလူ၏ ပြတ်နေသည့် လက်ဆီသို့ ရေခဲငွေ့များ ပို့လွှတ်လိုက်ရာ ဒဏ်ရာမှာ တမုဟုတ်ချည်း အေးခဲသွားခဲ့လေသည်။

ဒဏ်ရာရနေသည့် လူမှာတော့ သွေးအလွန်အကျွံ ဆုံးရှုံးသွားရသည့်အတွက်ကြောင့် မျက်နှာတစ်ပြင်လုံး စက္ကူဖြူတစ်ရွက်ပမာ ဖြူလျော်နေသည်။ သူ့ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါမှာလည်း မရှိသလောက်ကို အားနည်းနေခဲ့သည်။

တစ်ဖက်လူအား အဆိပ်ဖြေပြီးသည့်နောက်တွင် ရန်ကိုင်လည်း ထိုလူရှေ့မှ နေရာ ဖယ်ပေးလိုက်လေ၏။ ရန်ကိုင် မရှိတော့သည်နှင့် ကျန်လူများမှာ သူတို့လူ၏ အခြေအနေကို အပြေး သွားစစ်ဆေးကြည့်ကြလေသည်။ ခဏအကြာ၌ ကလန်သား တစ်ဦးက ခေါင်းမော့၍ ပြောလိုက်၏ “သူ့အခြေအနေ အများကြီး ပိုကောင်းသွားပြီ။ သွေးထွက်များသွားတာပဲရှိတာ”

ထိုအခါမှသာလျှင် မှော်ဆရာမသည် ရန်ကိုင်ဘက်သို့လှည့်၍ ခေါင်းညိတ်ပြလိုက်လေ၏ “ကျွန်မနာမည်က ယုပါ။ ရှင့်နာမည်ကော ဘယ်လိုခေါ်လဲ”

“အားညို” ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်သည်။

“ဒီတော့ မှော်ဆရာညိုပေါ့။ ကျွန်မတို့ကို ဒီမှာ တွေ့ဆုံခွင့်ပေးတဲ့အတွက် လူရိုင်းနတ်ဘုရားတွေကို တကယ် ကျေးဇူးတင်သွားပြီ” တစ်ချိန်လုံး အေးစက်စက် အမူအရာဖြင့် ရှိနေခဲ့သော မှော်ဆရာမယု၏ မျက်နှာထက် အပြုံးတစ်ပွင့် ပွင့်လန်းလာခဲ့သည်။

ရန်ကိုင်က လက်ဝှေ့ရမ်းလျက် ပြန်ပြောလိုက်၏ “အဆိပ်ကို ဖယ်ပေးပြီးသွားပြီ ဆိုပေမယ့် သူ့ကို ဒီအတိုင်း ထားလိုက်ဖို့က အဆင်မပြေသေးဘူး။ သူ့ကို ခင်ဗျားတို့ ကလန်ဆီ ပြန်ခေါ်သွားပေးပြီး ကုပေးလိုက်ရင် ပိုကောင်းလိမ့်မယ်”

“ကျွန်မ နားလည်ပါပြီ။ ခဏလောက် စောင့်ပါဦး မှော်ဆရာညို” ထိုသို့ ပြောပြီးနောက်တွင် မော်ဆရာမသည် သူမ အဖွဲ့သားများဆီသို့သွားကာ တိုးတိုးလေး ပြောလိုက်လေသည်။ ထို့နောက်တွင် အဖွဲ့သားတစ်ဦးသည် ဒဏ်ရာရနေသည့်လူကို လိုဏ်ဂူထဲမှ ခေါ်ထုတ်သွားလေ၏။ ကြည့်ရသလောက် ထိုလူကို ရွာဆီသို့ ပြန်ခေါ်သွားမည့်ပုံပင်။

ထို့နောက်တွင် ယုသည် အခြားလူတစ်ယောက်ဆီမှ အသားခြောက်နှင့် ရေအချို့ကို သွားတောင်းပြီး ရန်ကိုင်ဆီသို့ ယူလာပေးကာ ပြောလိုက်လေသည် “ဒါ ကျွန်မတို့ ကလန်သားကို ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်လက်ဆောင်ပါ”

“ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်တွေ အကုန်လုံးက တစ်မိသားစုတည်းတွေပါပဲ။ မှော်ဆရာမယု အခုလို လုပ်နေစရာ မလိုပါဘူး” ရန်ကိုင်က ပြုံးဖြီးလျက် ပြောလိုက်သည်။ သို့သော် သူမ၏ ပေးလာသည့် ပစ္စည်းများကို ငြင်းမလာခဲ့ဘဲ တစ်ခါတည်း စားလိုက်လေ၏။

ရန်ကိုင်၏ ရိုးသားဖြောင့်မတ်သည့် ပုံစံကြောင့် ရန်ကိုင်အပေါ် ယု၏ အထင်အမြင် တဆစ်ချိုး ပြောင်းလဲသွားခဲ့ရလေသည်။

(ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်တွေက တစ်မိသားစုတည်း၊ စိတ်ဝင်စားစရာပဲ)

“ကျွန်မလည်း အဆိပ်ဖြေပညာရပ်ကို သုံးတာပဲ။ ဒါပေမယ့် ရှင့်လို ဘာလို့ အဆိပ်မဖြေနိုင်တာလဲ” ယုက မေးလိုက်သည်။ ဤလိုဏ်ဂူထဲသို့ မလာစဉ်က သူမလူအား အရေးပြု ကုသပေးခဲ့သည်။ သို့သော်ငြား အဆိပ်ကိုတော့ မဖြေနိုင်ခဲ့သဖြင့် ဒဏ်ရာကို ခဲထားရုံသာ တတ်နိုင်ခဲ့လေသည်။

“ခင်ဗျားရဲ့ အဆင့်က ကျုပ်ထက် ပိုမြင့်နေတာတောင် ကျုပ်ရဲ့ အဆိပ်ဖြေပညာရပ်က ဘာလို့ ပိုအစွမ်းထက်လဲ ဆိုတာကို မေးချင်တာမလား” ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်၏ “တစ်ခါတစ်လေ ကိုယ့်စွမ်းအင်ကို ကောင်းကောင်း ထိန်းချုပ်တတ်ဖို့က အရမ်း အရေးကြီးတယ်”

ရန်ကိုင်၏ စကားကိုကြားပြီးနောက် ယု အတွေးနက်သွားခဲ့လေသည်။ ထို့နောက် ခေါင်းညိတ်၍ “ကျေးဇူးအများကြီးတင်ပါတယ်”

အသားခြောက်နှင့်ရေ ကုန်သွားသည့်နောက်တွင် ရန်ကိုင်က မေးလိုက်လေသည် “ဒီလောက် အေးတဲ့ ဆောင်ရာသီကြီးမှာ ခင်ဗျားတို့ ဘာတွေ အပြင်ထွက်လုပ်နေကြတာလဲ”

“ရှင်ကော မှော်ဆရာညို” ယုသည် ရန်ကိုင်၏ အမေးကို ချက်ချင်း ပြန်မဖြေဘဲ ရန်ကိုင်ကိုသာ ပြန်မေးလိုက်သည်။

“ကျုပ်က လေ့ကျင့်ဖို့ ထွက်လာတာ” ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်သည်။

ရန်ကိုင်၏ စကားကြောင့် ယု အံ့အားသင့်သွားခဲ့လေသည်။ ထို့နောက် လေးစားအားကျသည့် အမူအရာဖြင့် ရှင်းပြလိုက်လေ၏ “ကျွန်မတို့က နွေဦးကျရင် ကျင်းပမယ့် ပူဇော်ပွဲမှာ သုံးဖို့ ဆေးပင်တွေ လာရှာတာ”

“ပူဇော်ပွဲ...” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့သည်။ တောင်ပြာရွာသည် အလွန်သေးသည့် ရွာတစ်ရွာ ဖြစ်သည့်အတွက်ကြောင့် သူတို့ရွာတွင် ပူဇော်ပွဲ ကျင်းပမပ ရန်ကိုင် မသိ။ သို့သော်ငြား ပူဇော်ပွဲများမှာ ယနေ့ခေတ်အခါမျိုးတွင် လူပေါင်းများစွာ ကျင်းပသည့် ပွဲတော်တစ်ခုမှန်းတော့ ရန်ကိုင် သိပေသည်။ အချို့သည် မိုးကောင်းကင်ကို ပူဇော်ကြသလို အချို့မှာတော့ နတ်ရုပ်များကို ပူဇော်ကြပေသည်။ အများအားဖြင့် နတ်ရုပ်များကိုသာ ပူဇော်လေ့ ရှိကြသည်။

ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလျက် ပြောလိုက်၏ “ကြည့်ရတာ ခင်ဗျားတို့ ဆေးပင် လာခူးတာ အဆင်မပြေဘူးနဲ့တူတယ်”

ယု က ခေါင်းညိတ်၍ ဝမ်းနည်းနေသည့် အမူအရာဖြင့် “ဟုတ်တယ်။ ကျွန်မတို့ ရှာနေတဲ့ ဆေးပင်တွေကို အရိုးပျော်မြေခွေးတွေက စောင့်နေကြတယ်လေ။ အဲ့ကောင်တွေ ချောင်းတိုက်တာ ခံရလို့ ကျွန်မတို့ အခုလိုတွေ ဖြစ်ကုန်တာ”

“အရိုးပျော်မြေခွေးတွေ” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့ပြီး စပ်စုကြည့်လိုက်၏ “ဘယ်လောက်တောင် ရှိတာမို့လို့လဲ”

“ခြောက်ကောင်၊ အဲ့လောက်များလို့၊ မဟုတ်ရင် ကျွန်မတို့တွေ အခုလို ဒုက္ခရောက်မှာ မဟုတ်ဘူး”

ရန်ကိုင်၏ မျက်လုံးများ တဖျတ်ဖျတ် တောက်ပသွားခဲ့လေသည်။ ထို့နောက် ထိုင်ချ၍ မေးလိုက်လေ၏ “မှော်ဆရာမယု၊ ကျုပ် ခင်ဗျားတို့ကို ကူညီပေးဖို့လိုလား”

ရန်ကိုင်၏စကားကြောင့် ယု၏ မျက်လုံးများ တောက်ပသွားခဲ့လေသည်။ သူမ ကိုယ်တိုင်သည်လည်း ရန်ကိုင်ဆီမှ အကူအညီ တောင်းချင်မိသည်။ သို့သော် ရန်ကိုင်နှင့် သူမသည် သူစိမ်းများဖြစ်ကြသည်။ ထို့အပြင် ရန်ကိုင်အား ပေးရန် သူမ၌ ဘာအဖိုးတန် ပစ္စည်းမှ ရှိမနေချေ။ ထို့အတွက်ကြောင့် ရန်ကိုင်ဆီမှ အကူအညီတောင်းမည့် ကိစ္စကို လုံးဝ ပြောမထွက်ခဲ့ခြင်း ဖြစ်သည်။

“မှော်ဆရာညို၊ ကျွန်မတို့ဘက်က ဘာပြန်ပေးရမှာလဲ” ယုက ပြန်မေးလိုက်သည်။ ရန်ကိုင်က သူမတို့ကို ကူညီပေးမည်ဟု ပြောလာပါသော်ငြား သူမတို့နှင် ယခု မတိုင်ခင်အထိ တစ်ခါမှ မတွေ့ခဲ့ဖူးသော လူတစ်ဦးသည် အကြောင်းအရင်းမရှိ သူမတို့အား ကူညီပေးလိမ့်မည် မဟုတ်မှန်း ယု သိနေခဲ့သည်။

“ကျုပ် သားရဲရိုင်းတွေကို လိုချင်တယ်” ရန်ကိုင်က ပြုံး၍ ပြောလိုက်သည်။

ပုံမှန်ဆိုလျှင်တော့ သူမအနေဖြင့် ရန်ကိုင်၏ တောင်းဆိုချက်ကို သဘောတူရန် မဖြစ်နိုင်ချေ။ ဆေးပင်များမှာ အဖိုးတန်ပါသော်ငြား သားရဲရိုင်းများမျာလည်း အဖိုး တန်ပေသည်။ ထို့အပြင် သူမတို့ဘက်မှ လူများစွာ ရင်းထားရသည်။ ရန်ကိုင်သည် မှော်စစ်သည်တော်တစ်ဦး ဖြစ်သော်ငြား သူမသည်လည်း မှော်စစ်သည်တော်တစ်ဦး ဖြစ်သည်။ ထို့ကြောင့် တကယ်တမ်း ဝေစုခွဲရလျှင် သူမတို့ဘက်ကမှ ပိုရသင့်ပေသည်။ သို့ရာတွင် ရန်ကိုင်မှ သူမတို့ကလန်သားတစ်ဦးကို ကယ်ထားပေးသည့်အတွက်ကြောင့် ယုသည် သေချာ စဉ်းစားမနေတော့ဘဲ တန်းသဘောတူလိုက်လေ၏ “ရတယ်လေ။ သားရဲရိုင်းတွေကို ရှင်ယူ။ ဆေးပင်တွေကို ကျွန်မတို့ ယူမယ်”

ယု ကိုယ်တိုင်က သဘောတူနေသည့် အတွက်ကြောင့် သူမလူများမှာလည်း ငြင်းမနေခဲ့ကြပေ။

ရန်ကိုင်က ထရပ်၍ ပြောလိုက်လေ၏ “အဲ့လိုဆို သွားကြမယ်လေ”

ယုက မျက်မှောင်ကြုတ်လျက် “ကျွန်မတို့ ကလန်သားလေ တိုက်ခိုက်ထားရတာ မကြာသေးဘူး။ တစ်ရက်လောက် နားဖို့ လိုသေးတယ်...”

ရှေးခေတ်လူရိုင်းများ၏ ခန္ဓာကိုယ်မှာ အားကောင်းပါသော်ငြား အရိုးပျော်ဝံပုလွေများနှင့် တိုက်ခိုက်ရာတွင် သူမလူများပေါ်သို့ သွေးလောင်ကျွမ်းခြင်းပညာရပ် ထုတ်သုံးခဲ့သည်။ ထို့အတွက်ကြောင့် လက်ရှိအချိန်တွင် သူမလူများမှာ မူလကထက် ပို၍ အားနည်းနေ၏။ ဤပုံစံဖြင့် အရိုးပျော်ဝံပုလွေအုပ်ကို သွားရင်ဆိုင်ခြင်းသည် ကိုယ့်သေတွင်း ကိုယ်တူးခြင်းသာ ဖြစ်လေသည်။

“မလိုဘူး။ ခင်ဗျား ကျုပ်နောက်လိုက်ခဲ့ဖို့ပဲလိုတယ်” ထိုသို့ ပြောပြီးနောက်တွင် ရန်ကိုင်သည် လိုက်ဂူထဲမှ လမ်းလျှောက်ထွက်သွားလေသည်။

ယု၏ အဖွဲ့သားများမှာ သူမအား တုန့်ဆိုင်းနေသည့် အမူအရာများဖြင့် လှမ်းကြည့်လိုက်ကြသည်။ ယု ကိုယ်တိုင်သည်လည်း အကြပ်ရိုက်နေလေ၏ (မှော်ဆရာညိုက ဘာလို့ ဒီလောက်တောင် စိတ်လောနေတာလဲ)

သို့သော်ငြား သူမလုပ်နိုင်သည့်အရာ ဘာမှ ရှိမနေသည့်အတွက်ကြောင့် သူမ လူများကို ခေါ်၍သာ ရန်ကိုင်နောက်သို့ လိုက်သွားရတော့သည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၈၁၄)

ဘာသာပြန်သူ_တိမ်တိုက်

ရန်ကိုင်၊ ယုနှင့် သူမအဖွဲ့သားများသည် တောင်ပေါ်ရှိ ချုံတစ်ခုထဲတွင် ပုန်းနေကြသည်။

ယုသည် ရှေ့သို့လက်ညိုးထိုးရင်းမှ ပြောလိုက်သည် “ကျွန်မတို့ ရှာနေတဲ့ နှင်းပန်းက ရှေ့နားလေးမှာရှိတာ။ အရိုးပျော်ဝံပုလွေတွေလည်း အတူတူပဲ”

ရန်ကိုင်လည်း သူမ ညွှန်ပြရာဆီသို့ လှမ်းကြည့်လုက်ရာ တိုက်ပွဲ ဖြစ်ထားသည့် အရိပ်အယောင်တို့ကို တွေ့လိုက်ရလေသည်။ သွေးကွက်များမှာ မြေပြင်ပေါ်တွင် ပြန့်ကျဲနေပြီး နှင်းထုကြီးထက် ဖရိုဖရဲဖြစ်နေသော ခြေရာများလည်း ရှိနေခဲ့၏။

“မှော်ဆရာညို၊ ကျွန်မတို့အဖွဲ့က ညာခြမ်းကို တာဝန်ယူမယ်။ ရှင်က ဘယ်ခြမ်းကို တာဝန်ယူ။ အရိုးပျော်ဝံပုလွေက ခြောက်ကောင်တောင် ရှိတာဆိုပေမယ့် ရင်ဆိုင်ဖို့က ဒီလောက်ခက်တာမဟုတ်ဘူး။ အဓိကက အဲ့ကောင်တွေ ကိုက်တာ မခံရဖို့ပဲ။ ကျွန်မတို့ အရင်တစ်ခေါက်က...” ပြောနေရင်းမှ ယခုသည် ရန်ကိုင်ဘက်သို့ လှည့်ကြည့်လိုက်ရာ ရန်ကိုင်ကို မည်သည့်နေရာတွင်မှ မတွေ့တော့ကြောင်း တွေ့လိုက်ရလေသည်။

“သူဘယ်ရောက်သွားတာလဲ” ယု ကြောင်တောင်တောင် ဖြစ်သွားခဲ့ပြီး သူမ အဖွဲ့သားများဘက်သို့ လှည့်မေးလိုက်လေသည်။ သို့သော်ငြား ထိုလူများလည်း ရန်ကိုင် ဘယ်ရောက်သွားလို့ ရောက်သွားမှန်းမသိကြ။ အကုန်လုံး ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် တစ်ယောက်က ရှေ့တည့်တည့်သို့ လက်ညိုးထိုးရင်း မျက်လုံးအပြူးသားဖြင့် ထအော်လေသည် “သူ... သူ... သူ...”

ယုလည်း ထိုလူ ညွှန်ပြနေသည့် ဘက်ဆီသို့ လှမ်းကြည့်လိုက်ရာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အထိတ်တလန့် ဖြစ်သွားရသလို ဒေါသလည်း ထွက်မိသွားခဲ့သည် “အဲ့အရူးကောင်ကတော့”

(မှော်ဆရာညို ဒီလောက် တဇွတ်ထိုးနိုင်မယ်လို့ မထင်ထားဘူး။ ဘာမှ မပြင်ဆင်ဘဲနဲ့ စွတ်ပြီး ပြေးဝင်သွားမှတော့ ဒုက္ခရောက်ရမှာပေါ့ အရူးကောင်ရဲ့) အစကတော့ ရန်ကိုင်နှင့် အတူ ပူးပေါင်း၍ အရိုးပျော်ဝံပုလွေများကို အလစ်ချောင်းတိုက်ခိုက်ရန် စဉ်းစားထားခဲ့သည်။ သို့သော်ငြား ယခုမူ ရန်ကိုင်၏ ဖြစ်ကတတ်ဆန်း လုပ်ရပ်ကြောင့် သူမ၏ အစီအစဉ်မှာ အလုပ် မဖြစ်တော့ချေ။

ရန်ကိုင်အား လှမ်းခေါ်တော့မည်အပြု၊ ရန်ကိုင်သည် ရုတ်တရက် တောင်ကြားအလယ်၌ ရပ်လျက် လက်နှစ်ဖက်ကို ဖြန့်ကာ အကျယ်ကြီး အော်ပြောလိုက်လေ၏ “ရောင်းရင်းတို့၊ မင်းတို့ရဲ့ မိတ်ဆွေကြီး ရောက်နေပြီကွ”

ရောက်နေပြီကွ... ရောက်နေပြီ... ရောက်နေပြီကွ...

ရန်ကိုင်၏အသံသည် တောင်နံရံများကြား ပဲ့တင်ထပ်သွားခဲ့လေသည်။ ရန်ကိုင်၏ အသံမှာ အလွန်ကိုမှ ကျယ်လောင်သည့်အတွက် သစ်ပင်များပေါ် ကပ်တင်နေသော နှင်းများပင် အောက်သို့ ပြုတ်ကျကုန်လေသည်။

ရန်ကိုင်၏ အသံကြောင့် အရိုးပျော်ဝံပုလွေများစွာ ခိုအောင်းနေရာမှ ထွက်လာကုန်ကြလေသည်။ အကုန်လုံးသည် သရေတမြောင်းမြောင်းနှင့် ရန်ကိုင်အား စိုက်ကြည့်နေကုန်ကြလေသည်။

ယခင်က အမြဲလိုလို တည်တည်ငြိမ်ငြိမ်နှင့် ရှိခဲ့သော ယုမှာတော့ ထိုမြင်ကွင်းကိုကြည့်ရင်း မျက်နှာကြီးကို ရှုံ့မဲ့နေတော့သည်။

“သခင်မယု၊ ကျုပ်တို့ ဘာလုပ်ကြမလဲ” ကလန်သားတစ်ဦးက မေးလိုက်သည်။

“ပြန်ဆုတ်ရမှာပေါ့”

(မှော်ဆရာညိုက တကယ် ရူးနေတာပဲ၊ သူရူးနေတာကို ငါဘာလို့ အစောကြီး ကတည်းက သတိမထားမိလိုက်တာလဲ၊ ဒီလိုမှန်းသာ သိခဲ့ရင် သူ့နောက် လိုက်မလာခဲ့ပါဘူး။ အခုတော့ ဒုက္ခတွေရောက်ကုန်ပြီ။ သူ့လို အဆင့်လေးနဲ့ အရိုးပျော်ဝံပုလွေခြောက်ကောင်ကို သွားရင်ဆိုင်တာ ကိုယ့်သေတွင်း ကိုယ်တူးသလိုပဲ) သူမတို့ ကလန်သားတစ်ဦးကို ကယ်ပေးခဲ့သည့်အပေါ် ရန်ကိုင်အား ကျေးဇူးတင်သော်ငြား သူမကလန်သားများ၏ အရေးကို ငှဲ့ကြည့်ရပေဦးမည်။ ထို့ကြောင့် လက်ရှိ အခြေအနေအရ သူမအဖို့ ပြန်ဆုတ်ရန်သာ ရှိတော့သည်။ ကျေးဇူးကြွေးကိုတော့ နောက်မှသာ ရန်ကိုင်အတွက် ပြန်လက်စားချေပေးခြင်းဖြင့် သူ့ကျေးဇူးကို ပြန်ဆပ်ပေးပေမည်။

ယုတို့ အဖွဲ့သားများသည် ချက်ချင်း ပြန်ဆုတ်ရန် ကြိုးစားလိုက်ကြလေသည်။ သေချာ ပြင်ဆင်ပြီးသည့် နောက်မှသာ ဤဝံပုလွေကို နောက်တစ်ကြိမ် လာရင်ဆိုင်ရမည်။

မသွားခင်လေး ဂရုဏာသက်နေသည့် အကြည့်ဖြင့် ရန်ကိုင်အား လှမ်းကြည့်လိုက်သည့် အခိုက် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ယု လုံးဝကို မှင်တက်သွားခဲ့လေသည်။

အရိုးပျော်ဝံပုလွေများသည် မာန်ဖီရင်း ရန်ကိုင်ဆီသို့ ခုန်ဝင်လာကြသည်။ ရန်ကိုင်ကမူ အနည်းငယ်မျှပင် ကြောက်ရွံ့နေခြင်းမရှိဘဲ အော်ရယ်မော၍ပင် သူ့ဆီသို့ ခုန်ဝင်လာသည့် အရိုးပျော်ဝံပုလွေများဆီသို့ လက်သီးတစ်လုံးပြီးတစ်လုံး ပစ်သွင်းလိုက်၏။ အရိုးကျိုးသံများနှင့်အတူ သွေးများ ပန်းထွက်လာကုန်ကြလေသည်။ မျက်တောင် တစ်ခတ်အတွင်း ရန်ကိုင်၏ လက်သီးချက်ကြောင့် အရိုးပျော်ဝံပုလွေလေးကောင်၏ ခေါင်းများ ပေါက်ကွဲထွက်သွားကုန်ကြရလေသည်။

ယုမှာတော့ ထိုမြင်ကွင်းကိုကြည့်ရင်း အာစေးမိနေသည့်နှယ် လုံးဝကို တောင့်တောင့်ကြီး ဖြစ်နေခဲ့သည်။

“သခင်မယု...” ပြန်ဆုတ်နေကြသော ကလန်သားများမှာ သူတို့ခေါင်းဆောင် သူတို့နောက်သို့ လိုက်မလာကြသဖြင့် နောက်သို့ ပြန်လှည့်ခေါ်လိုက်သည့်အခိုက်၊ တိုက်ပွဲ အခြေအနေကို မြင်ပြီး အကုန်လုံး မျက်လုံးအပြူးသား ဖြစ်ကုန်ကြလေသည် (ဘာလဲဟ၊ ဘယ်လိုလုပ်ပြီး အရိုးပျော်ဝံပုလွေလေးကောင် ခေါင်းမရှိ ဖြစ်ကုန်ရတာလဲ)

သူတို့ အဖွဲ့သားလေးဦး သေသွားသည့်အတွက်ကြောင့် ကြောက်ရွံ့သွားရမည့်အစား၊ ကျန်အရိုးပျော်ဝံပုလွေနှစ်ကောင်မှာ ပို၍ ရက်စက်ကြမ်းကြုတ်လာကြလေသည်။ ချက်ချင်းပဲ နှစ်ကောင်စလုံးမှာ ရန်ကိုင်ဆီသို့ ဘယ်နှင့်ညာဘက်ဆီမှ ခုန်ဝင်လာကြလေ၏။

ရန်ကိုင်မှာ ဘယ်ဘက်မှ ပြေးဝင်လာသည့် ဝံပုလွေအား ဘယ်ဝိုက်လက်သီး ကျွေးလိုက်သဖြင့် ဝံပုလွေခေါင်း တစ်စစီ ဖြစ်သွားခဲ့ရပါသော်ငြား သူညာဘက်လက်မှာတော့ ဝံပုလွေကိုက်ခြင်း ခံလိုက်ရလေသည်။

ခရက်...

ထိုစဉ် ရေခဲဓါးသွားတစ်ချောင်း ထွက်ပေါ်လာပြီး ရန်ကိုင်၏ ညာဘက်လက်ကို ကိုက်လိုက်သည့် ဝံပုလွေမျက်လုံးထဲကို ဖောက်ဝင်သွားခဲ့လေသည်။

ယခုမှသာလျှင် ယုလည်း အသိပြန်ဝင်လာပြီး ရန်ကိုင်အား ကူညီရမယ်မှန်း သိတော့လေသည်။ သူမ၏ တိုက်ကွက်မှာ ရိုးရှင်းပါသော်ငြား ရေခဲဓါးသွားအား ဝံပုလွေ မျက်လုံး တည့်တည့်ထဲသို့ စိုက်ဝင်သွားအောင် ပစ်နိုင်သည်ကို ကြည့်လျှင် သူမ၏ တိုက်ပွဲအတွေ့အကြုံကို မြင်တွေ့နိုင်ပေသည်။

ဓါးချက်ကြောင့် အရိုးပျော်ဝံပုလွေမှာ တအီအီ တစာစာ အော်နေပြီးနောက် ရန်ကိုင်၏လက်ကို လွှတ်ကာ မြေပြင်ပေါ်သို့ ဘုတ်ခနဲ ပြုတ်ကျသွားခဲ့လေသည်။ ထို့နောက်တွင် ရန်ကိုင်သည် ထိုဝံပုလွေအား လက်သီးနှစ်ချက် ထပ်ထိုးကား တစ်ခါတည်း အသက်ဖျောက်ပေးလိုက်လေသည်။

“ရှင်အကိုက်ခံလိုက်ရပြီ။ မြန်မြန် အဆိပ်ကိုဖယ်” ယုသည် ရန်ကိုင်ဆီသို့ စိုးရိမ်တကြီးဖြင့် ပြေးလာပြီး သတိပေးလိုက်လေသည်။ ရန်ကိုင် မည်ကဲ့သို့များ အရိုးပျော်ဝံပုလွေအားလုံးကို သတ်ပစ်လိုက်နိုင်လဲ သူမ တကယ်ကို မစဉ်းစားတတ်တော့ချေ။ သို့သော်ငြား ထိုကဲ့သို့ ပြောပြီးသွးသည်နှင့် တစ်ပြိုင်နက် အကိုက်ခံထားရသည့် ရန်ကိုင်၏ လက်မှာ အကောင်းအတိုင်းသာ ရှိနေသေးသည့် အတွက်ကြောင့် ယု ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ရလေသည်။

(ဘယ်လိုလုပ်ပြီး သူဘာဒဏ်ရာမှ ရမသွားတာလဲ။ သူအကိုက်ခံလိုက်ရတာကို ငါသေချာ မြင်လိုက်ပါတယ်) ထို့နောက် သေချာ ပြန်စဉ်းစားလိုက်သည့်အခါ ရန်ကိုင် အကိုက်ခံလိုက်ရစဉ် အက်ကွဲသံတစ်ခုခု ကြားလိုက်ရကြောင်း ပြန်သတိရသွားခဲ့သည်။ ထိုအက်သံသည် အရိုးအက်သံမဟုတ်ဘဲ ရန်ကိုင်မှ ဖန်တီးထားသည့် အကာအကွယ် တစ်ခုခု အက်သွားသည့် အသံမျိုး ဖြစ်ပေသည်။

(ဒီတော့ အကိုက်မခံရခင် မှော်ဒိုင်းကာကို ကြိုသုံးထားတာပေါ့။ တကယ်ကို တော်တာပဲ)

“မလာနဲ့” ရန်ကိုင်က ရုတ်တရက် ကောက်အော်လိုက်သည်။ တောင်ကြား အတွင်းပိုင်ဆီသို့ လှမ်းကြည့်နေရင်းမှ လျှာကိုသပ်လျက် ပြောလိုက်၏ “အဲ့မှာ နောက်ထပ် အကောင်းကြီးကြီး တစ်ကောင် ရှိသေးတယ်”

“ဘာ” ရန်ကိုင် ပြောသည်ကို ကြားကြားချင်း သူဘာပြောချင်လို့ ပြောချင်နေမှန်း သူမ နားမလည်။ သို့သော် ရန်ကိုင် ကြည့်နေသည့်ဘက်သို့ လှမ်းကြည့်လိုက်ရာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ကြောက်သွေးငယ်ထိပ်ဆောင့်တက်ကာ ခြေဖျားလက်ဖျားများ အေးစက်သွားကုန်ကြရလေသည် “အရိုးပျော်ဝံပုလွေဘုရင်”

လက်ရှိအချိန်၌ သူတို့ ရှေ့တည့်တည့်တွင် ပုံမှန် အရိုးပျော်ဝံပုလွေများထက် အဆပေါင်းများစွာ ပိုအကောင်ကြီးသည့် အရိုးပျော်ဝံပုလွေကြီးတစ်ကောင် ရှိနေခဲ့သည်။ ထို့အပြင် ထိုဝံပုလွေကြီးဆီမှ ဖြာထွက်နေသည့် ဖိအားကြောင့် ယုမှာ အသက်ပင် ကောင်းကောင်း မရှူနိုင် ဖြစ်နေခဲ့လေသည်။

(ဘယ်လိုလုပ်ပြီး ဒီမှာ အရိုးပျော်ဝံပုလွေဘုရင် ရှိနေရတာလဲ) ဝံပုလွေများသည် အုပ်ဖွဲ့၍ နေတတ်လေ့ရှိသည်။ သာမန်ဝံပုလွေများဖြစ်စေ၊ သားရဲရိုင်းဖြစ်သည့် ဝံပုလွေများဖြစ်စေ၊ ထိုဗီဇမှာ ပြောင်းလဲသွားခြင်းမရှိ။ သို့ရာတွင် ဤနေရာ၌ အရိုးပျော်ဝံပုလွေ ခြောက်ကောင်သာ ရှိနေလေရာ မည်သို့များ ထိုဝံပုလွေများနှင့်အတူ ဝံပုလွေဘုရင် တစ်ကောင်ပါ ထပ်ရှိနေရလေသနည်း။

သေချာကြည့်ကြည့်လိုက်မှ ဤအရိုးပျော်ဝံပုလွေဘုရင် ဒဏ်ရာရထားကြောင်း ယု တွေ့ရှိသွားခဲ့ရသည်။ ဝံပုလွေဘုရင်၏ ခန္ဓာကိုယ်တစ်ခုလုံး အမျိုးမျိုးသော ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နေခဲ့သည်။ ရထားသည့် ဒဏ်ရာများမှာလည်း သိပ်ကြာသေးသည့်ပုံမပေါ်။

ကြည့်ရသလောက် ဤဝံပုလွေဘုရင် ဝံပုလွေအုပ်ထဲတွင် အခြားသော ဝံပုလွေတစ်ကောင်၏ အနိုင်ယူခြင်းခံရပြီး အုပ်ထဲမှ မောင်းထုတ်ခံလိုက်ရသည့်ပုံပင်။

သို့တိုင် ဤကဲ့သို့သော ဝံပုလွေဘုရင်မျိုးသည် မှော်စစ်သည်တော်တစ်ဦး ရင်ဆိုင်နိုင်သည့် အကောင်မျိုး မဟုတ်ချေ။ မှော်သခင်များသည်သာ အရိုးပျော်ဝံပုလွေဘုရင်များကို ရင်ဆိုင်နိင်ပေသည်။

“ပြေးပေတော့” ယုသည် ရန်ကိုင်ဘက်သို့လှည့်၍ အော်ပြောလိုက်သည်။ အစောကြီးကတည်းက တစ်ခါတည်း ထွက်မသွားခဲ့ဘဲ ရန်ကိုင်၏ စွမ်းဆောင်ရည်ကို မြင်ပြီး ဤနေရာသို့ ပြန်လာခဲ့မိသည်ကိုပင် ယု နောင်တရနေခဲ့လေသည်။ အစောကြီး ကတည်းကသာ ထွက်သွားခဲ့မည်ဆိုပါက ယခုကဲသို့ ဝံပုလွေဘုရင်နှင့် လာတိုးစရာ အကြောင်းမရှိချေ။

(ငါတို့တွေတော့ သေကုန်ကြတော့မှာပဲ...) ယခုကိစ္စနှင့် ပက်သက်၍ ရန်ကိုင်ကိုလည်း သွားအပြစ်တင်၍မရ။ ဝံပုလွေအရေအတွက်ကို သေချာ မစစ်ဆေးနိုင်ခဲ့သော သူမကိုယ်သူမသာ အပြစ်တင်ရပေလိမ့်မည် (ဒီမှာ ဝံပုလွေဘုရင်တစ်ကောင် ရှိတယ် ဆိုတာကို ဘယ်လိုလုပ်ပြီး ငါလုံးဝ သတိမထားမိလိုက်ရတာလဲ)

အရိုးပျော်ဝံပုလွေဘုရင်ဆီမှ ထွက်ပေါ်နေသည့် ဖိအားမှာ အလွန်ကိုမှ ကြောက်မက်ဖွယ်ကောင်းလှသည်။ ထိုဖိအားအောက်တွင် ယု တစ်ကိုယ်လုံး တုန်တုန်ရီရီ ဖြစ်နေခဲ့ပါသော်ငြား ရန်ကိုင်မှာတော့ ထိုကဲ့သို့သော သားရဲကြီးနှင့် ရင်ဆိုင်နေရသည့်တိုင် အနည်းငယ်မျှ ထိတ်လန့်နေခြင်းမရှိဘဲ လှောင်ပြုံးပင် ပြုံးနေခဲ့သေးသည်။ ရန်ကိုင်၏ လုပ်ရပ်ကြောင့် အရိုးပျော်ဝံပုလွေဘုရင် ဒေါသထွက်သွားပြီး ရန်ကိုင်ဆီသို့ အဆိပ်ရည် ဘောလုံးတစ်လုံးကို မှုတ်ထုတ်လိုက်လေ၏။

ရန်ကိုင်လည်း သူ့လက်ကိုမြှောက်၍ မီးဘောလုံးတစ်လုံးကို ပြန်၍ ပစ်လွှတ်လိုက်သည်။

ဘုန်းဟူသော မြည်သံနှင့်အတူ မီးဘောလုံးနှင့် အဆိပ်ရည်ဘောလုံးတို့ လေထဲတွင် ထိပ်တိုက်တွေ့သွားခဲ့ကြသည်။ ပေါက်ကွဲသံအကျယ်ကြီးနှင့်အတူ အဆိပ်ငွေ့များ ဘက်ပေါင်းစုံသို့ ပျံ့ထွက်လာကုန်ကြလေသည်။ အငွေ့များ ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်တွင် ရှိနေသော နှင်းထုများမှာ တရှဲရှဲ အသံများနှင့်အတူ အရည်ပျော်ကုန်ကြလေသည်။

ယုနှင့် အခြားသူများမှာတော့ ထိုမြင်ကွင်းကိုကြည့်ရင်း ငေးကြောင်ကြောင် ဖြစ်နေကြသည်။ ရန်ကိုင်သည် ဝံပုလွေဘုရင် မထင်မှတ်ထားသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူလျက် ဝံပုလွေဘုရင်ဆီသို့ ပြေးဝင်သွားလေသည်။ ရန်ကိုင်၏ လုပ်ရပ်ကြောင့် နှင်းရေခဲကလန်သားများ လုံးဝကို ကြက်သေသေသွားရတော့သည်။

(ဒီကောင် မှော်ဆရာကော ဟုတ်ရဲ့လား။ မှော်ဆရာတစ်ယောက်က ဘယ်လိုလုပ်ပြီး မှော်ပညာရပ်တွေ မသုံးဘဲ အနီးကပ်ချည်းပဲ တိုက်ခိုက်နေရတာလဲ။ ဝံပုလွေခြောက်ကောင်တုန်းကလည်း အနီးကပ်ပဲ။ အခု ဝံပုလွေဘုရင်ကျပြန်လည်း အနီးကပ်ပဲ)

(သူတို့ မှော်ဆရာမျိုး တကယ်ကြီး ရှိတာလား) ယု မှင်တက်နေခဲ့သည်။ သူမ သိထားသည့် အကြောင်းအရာအားလုံး ထက်အောက်ပြောင်ပြန်လှန်သွားသလို ခံစားလိုက်ရလေသည်။ ရန်ကိုင်၏ တိုက်ခိုက်ပုံသည် မှော်ဆရာများ တိုက်ခိုက်သည့်ပုံစံနှင့် မတူရုံမက ရုပ်ခွန်အားကို အားပြုသည့် လူရိုင်းစစ်သည်တော်များ တိုက်ခိုက်သည့် ပုံစံထက်ပင် ပို၍ ကြမ်းတမ်းနေခဲ့သည်။

ရန်ကိုင်၏ တိုက်ခိုက်ပုံကို ကြည့်လိုက်ရုံဖြင့် ရန်ကိုင်သည် အနီးကပ်တိုက်ပွဲကို အလွန် အားသန်သူဖြစ်ကြောင်း အကုန်လုံး နားလည်လိုက်ကြလေသည်။ ရန်ကိုင်သည် မှော်ဆရာ တစ်ဦး ဖြစ်ရုံသာလျှင်မဟုတ်ဘဲ အနီးကပ် တိုက်ခိုက်ရာတွင်လည်း မှော်ပညာရပ်များကို ကျွမ်းကျွမ်းကျင်ကျင် အသုံးချနိုင်သည့် မှော်ဆရာတစ်ဦးလည်း ဖြစ်သည်။

လက်ရှိအချိန်တွင် ရန်ကိုင်သည် ဝံပုလွေဘုရင်နှင့် သူတစ်ပြန်ကိုယ်တစ်ပြန် လုံးထွေး သတ်ပုတ်နေခဲ့လေရာ မည်သူက အသားစီးရလို့ရမှန်း မည်သူမှ မပြောနိုင်ကြတော့။ သို့သော်ငြား မှော်သခင်တစ်ပါးနှင့် ယှဉ်ပြိုင်နိုင်သည့် ဝံပုလွေဘုရင်တစ်ကောင်ကို အဆင့်နိမ့် မှော်စစ်သည်တော် အဆင့်လေးဖြင့် ယှဉ်တိုက်နိုင်သည်မှာတော့ တကယ်ကို အထင်ကြီးစရာ ကောင်းလှပေသည်။

“သခင်မယု... ကျုပ်... ကျုပ်တို့ ဘာလုပ်ကြမလဲ” နှင်းရေခဲကလန်သားတစ်ဦးက မေးလိုက်သည်။ လက်ရှိ သူတို့ရှေ့ရှိ မြင်ကွင်းကိုကြည့်ရင်း အကုန်လုံးမှာ ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်ကုန်ကြလေသည်။

ယုမှာ တစ်ခဏမျှ တုန့်ဆိုင်းနေပြီးနောက် ပြန်ပြောလိုက်လေ၏ “သူ့ကို ကူညီပေးရမယ်”

ထိုသို့ ပြောပြီးသည်နှင့် တစ်ပြိုင်နက် မန္တန်တစ်ခုကို ရွတ်ဆိုလိုက်လေ၏။ ထို့နောက် သွေးလောင်ကျွမ်းခြင်းပညာရပ်၊ အလင်းခန္ဓာကိုယ် ပညာရပ်၊ ကျောက်ချပ်ကာ ပညာရပ်များ အပါအဝင် အမျိုးမျိုးသော မှော်ပညာရပ်များကို သူမ အဖွဲ့သားများအပေါ် တရစပ် ထုတ်သုံးလိုက်လေသည်။ ထိုပညာရပ်များ အသုံးပြုခြင်း ခံလိုက်ရပြီးနောက် ကလန်သားများ၏ အရှိန်အဝါမှာ ရုတ်တရက် မြင့်တက်လာခဲ့ပြီး မျက်လုံးများမှာလည်း နီရဲလာခဲ့လေသည်။ အကြည့်ချင်း တစ်ချက်မျှ ဖလှယ်ကြပြီးနောက်တွင် တိုက်ပွဲဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားကြလေ၏။

ထိုအချိန်တွင် ယုသည် အသက်ပြင်းပြင်း ရှူသွင်းလျက် ရေခဲဓါးသွားကြီးတစ်ချောင်းကို ဖန်တီးလိုက်သည်။ ဤကဲ့သို့သော အေးစက်စက် ရာသီဥတု၊ ပတ်ဝန်းကျင်မျိုးတွင် သူမ အသုံးပြုသည့် ပညာရပ်များမှာ ယခင်ထက် ပိုမို အားကောင်းနေခဲ့ရလေသည်။

ရွှစ်...

ရေခဲဓါးသွားသည် ယာယီမျှ တုန်ခါနေပြီးနောက်တွင် ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေ၏။ ဓါး ပြန်ပေါ်လာသည့် အချိန်တွင် ရန်ကိုင်နှင့် တိုက်ခိုက်နေသော အရိုးပျော်ဝံပုလွေဘုရင် ကိုယ်ပေါ်ရှိ ဒဏ်ရာထဲသို့ စိုက်ဝင်နေခဲ့သည်။

အရိုးပျော်ဝံပုလွေဘုရင်မှာ နာကျင်မှုကြောင့် အော်မြည်လိုက်ပြီး ၎င်း၏ ခန္ဓာကိုယ်ကို ခါယမ်းချလိုက်ရာ ရေခဲဓါးသွားမှာ တစ်စစီ ဖြစ်သွားခဲ့ရလေသည်။

ထို့နောက်တွင် နှင်းရေခဲကလန်သားများသည် လက်နက်အသီးသီးကို ကိုင်ဆွဲ၍ အရိုးပျော်ဝံပုလွေဘုရင်အား ဘက်ပေါင်းစုံမှ ဝိုင်းကာ တိုက်ခိုက်ကြလေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၈၁၅)

ဘာသာပြန်သူ_တိမ်တိုက်

နေ့ဝက်ကြာပြီးနောက်တွင် တိုက်ပွဲ ပြီးဆုံးသွားခဲ့လေည်။

သူမရှေ့ရှိ အလောင်းကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်ရင်း ယုမှာ အမောတကော အသက်ရှူနေခဲ့သည်။

ဝံပုလွေဘုရင်နှင့် တိုက်ပွဲတွင် သူမတို့ဘက်၌ အကျအဆုံးမရှိ၊ ကလန်သားအချို့ နည်းနည်းပါးပါး ဒဏ်ရာရသွားသည်လောက်သာ ရှိသည်။ ဤတိုက်ပွဲကို အနိုင်ရနိုင်ခဲ့ရခြင်း၏ အဓိက အကြောင်းအရင်းမှာ မှော်ဆရာညိုကြောင့် ဖြစ်ပေသည်။

ရန်ကိုင်သည် ဝံပုလွေဘုရင် အခြားမည်သူ့ကိုမှ တိုက်ခိုက်၍မရအောင် လုပ်ထားခဲ့သည်။ ထို့အတွက်ကြောင့် ကလန်သားများမှာ အရိုးပျော်ဝံပုလွေဘုရင်အား အထိအခိုက် အကျအဆုံးမရှိဘဲ ဘက်ပေါင်းစုံမှ ဝိုင်းဝန်းတိုက်ခိုက်နိုင်ခဲ့သည်။ ဝံပုလွေဘုရင်အား တဖြည်းဖြည်း ခြေကုန်လက်ပမ်း ကျလာအောင် လုပ်ပြီးနောက်တွင် အကုန်လုံးမှာ အဆုံးတွင် ဝံပုလွေဘုရင်အား သတ်ပစ်နိုင်ခဲ့လေသည်။

ဝံပုလွေဘုရင်၏ကိုယ်ထဲ လက်နှိုက်ရှာဖွေနေသည့် မှော်ဆရာညိုကိုကြည့်ရင်း ယုစိတ်ထဲ ခံစားချက်မျိုးစုံ ထွက်ပေါ်လာခဲ့သည်။ ယခုအချိန်ထိတိုင် ဤလူခွန်အားလေးဖြင့် ဝံပုလွေ ဘုရင်အား အနိုင်ယူနိုင်ခဲ့သည့်အပေါ် မယုံကြည်နိုင် ဖြစ်နေမိသည်။ တကယ်တော့ ဝံပုလွေဘုရင်သည် မှော်သခင်တစ်ပါးနှင့် ယှဉ်ပြိုင်နိုင်သည့် သားရဲရိုင်းတစ်ကောင် မဟုတ်ပေလော။ ဒဏ်ရာရထားသည့် ဝံပုလွေဘုရင်တစ်ကောင် ဆိုလျှင်ပင် သူတို့ကဲ့သို့ လူအုပ်လေးတစ်အုပ်ကိုတော့ အနိုင်မယူနိုင်စရာအကြောင်း မရှိချေ။ သို့သော်ငြား မှော်ဆရာညို၏ အဆုံးမဲ့ခွန်အားအောက်တွင် ဝံပုလွေဘုရင်မှာ ဘာမှမတတ်နိုင်ဘဲ လက်လျှော့ အရှုံးပေးလိုက်ရ၏။

(သူဘယ်လိုလုပ်လိုက်နိုင်တာလဲ) တိုက်ပွဲအစမှအဆုံးထိ မှော်ဆရာညိုသည် အားကောင်းလှသည့် မည်သည့် မှော်ပညာရပ်ကိုမှ ထုတ်သုံးသွားခဲ့ခြင်း မရှိချေ။ သူ အသုံးပြုသွားသည့် မှော်ပညာရပ်အားလုံးကို သူမလည်း သုံးနိုင်ပေသည်။ သို့သော် သူမသာ သုံးမည်ဆိုလျှင်တော့ သူသုံးသလောက် အစွမ်းထက်လိမ့်မည် မဟုတ်ချေ။

“တွေ့ပြီကွ” ရန်ကိုင်သည် ပျော်ရွှင်စွာ အော်ရယ်မောရင်း ဝံပုလွေဘုရင်၏ ကိုယ်ထဲမှ သွေးပေနေသည့် မွန်းစတားအမြူတေတစ်ခုကို ဆွဲထုတ်လိုက်သည်။ ထို့နောက် သွေးများကို သေချာသုတ်၍ အဖိုးတန်ရတနာတစ်ခုပမာ သိမ်းဆည်းလိုက်၏။ ဝံပုလွေဘုရင် ပြီးနောက်တွင်၊ အခြားသော အရိုးပျော်ဝံပုလွေခြောက်ကောင်ဆီသို့ သွားကာ မွန်းစတားအမြူတေများကို လိုက်ရှာလေသည်။

ယုသည် သူမကိုယ်သူ အတတ်နိုင်ဆုံး တည်ငြိမ်အောင်ထားရင်း သူမ၏ ကလန်သားများဆီ တစ်ချက်လှမ်းကြည့်လိုက်သည်။ ချက်ချင်းပဲ ကလန်သားတစ်ဦးသည် နှင်းပန်းအား သွားခူးလေသည်။ ထိုအခါမှ ယုသည် ရန်ကိုင်ဆီသို့ သွား၍ ပြောလိုက်၏ “မှော်ဆရာညို၊ ရှင်မွန်းစတားအမြူတေတွေ လိုအပ်နေတာလား”

ရန်ကိုင်သည် သူ၏ အိတ်ဖောင်းဖောင်ကို ကိုင်ရင်းမှ ယုဘက်သို့လှည့်၍ ပြန်ပြောလိုက်သည် “ဟုတ်တယ်”

သူ့ခွန်အားကို မြန်မြန် တိုးတက်လာအောင် လုပ်ဖို့ရာ မွန်းစတားအမြူတေများစွာကို လိုအပ်ပေသည်။

ယုက ပြန်ပြောလိုက်သည် “မှော်ဆရာညို မွန်းစတားတေတွေ အများကြီး ဘာလို့ လိုနေမှန်း ကျွန်မ မသိပေမယ့် မှော်ဆရာညို စိတ်ဝင်စားလောက်မယ့် နေရာတစ်ခု ရှိတယ်”

“ဘယ်နေရာလဲ”

“နှင်းရေခဲမြို့တော်ပဲ”

ရန်ကိုင် မျက်မှောင်ကြုတ်သွားပြီး ပြန်မေးလိုက်လေသည် “နှင်းရေခဲကလန်ရှိတဲ့ မြို့ကို ပြောတာလား”

“ဟုတ်တယ်”

“အဲ့မှာ မွန်းစတားအမြူတေတွေ အများကြီး ရှိတာလား”

ယုက ပြုံးလျက် “နှင်းရေခဲကလန်က နှင်းရေခဲကလန်ရဲ့ မြို့ပဲ။ အဲ့မှာ နှင်းရေခဲကလန်က မှော်ဆရာ ရှစ်ဆယ်ရာခိုင်းနှုန်းကျော်လောက် နေကြတယ်။ အခြားကလန်က မှော်ဆရာတွေကလည်း နှင်းရေခဲမြို့ကို မကြာခဏ လာလည်ပတ်လေ့ရှိတယ်၊ အထူးသဖြင့် ဆောင်းဥတုမှာပေါ့။ နှင်းရေခဲမြို့က ဆောင်းရာသီကြောင့် ပိတ်မသွားရတဲ့ အမြဲတမ်း ဖွင့်တဲ့ တစ်ခုတည်းသော မြို့ပဲ။ ပြီးတော့ အဲ့မြို့ထဲမှာ အရောင်းအဝယ် လုပ်ကြတာလည်း အတုံးအရုံးပဲ။ မှော်ဆရာညို ရှာနေတဲ့ သားရဲရိုင်းအမြူတေတွေကို အဲ့မှာ အလွယ်လေး ရှာလို့ရတယ်။ မှော်ဆရာညိုဘက်ကနေ ပစ္စည်းကောင်းကောင်းလေးတွေ ပြန်ပေးဖို့တော့ လိုမှာပေါ့”

“အို” ရန်ကိုင် သူ့မေးစေ့က စိတ်ဝင်တစားဖြင့် ပွတ်လိုက်သည်။ နှင်းရေခဲမြို့သည်သာ မှော်ဆရာမ ယုပြောသကဲ့သို့ တကယ်ကောင်းမည်ဆိုပါက ရန်ကိုင်လည်း တစ်ချက်လောက် သွားကြည့်ချင်မိပေသည်။ အနည်းဆုံးတော့ ထိုနေရာသို့ သွားခြင်းသည် သူ့ဘာသာ တောင်ဖြူတွင်နေ၍ မွန်းစတားသားရဲများကိုသတ်သာ မွန်းစတားအမြူတေများကို လိုက်ရှာခြင်းထက် ပိုမြန်ပေလိမ့်မည်။ သို့သော်ငြား ပြဿနာမှာကား ရန်ကိုင်တွင် ကုန်ရောင်းကုန်ဝယ်လုပ်စရာ မည်သည့် အဖိုးတန် ပစ္စည်းမှ ရှိမနေခြင်းပင်။

“ရှင်ဘယ်လိုထင်လဲ၊ သွားကြည့်ချင်လား” ယုက ထပ်မေးလိုက်သည်။

“ကျုပ်ဘက်က ငြင်းရင် မယဉ်ကျေးရာကျနေမှာပေါ့” ရန်ကိုင်က အဓိပ္ပါယ်ပါပါ ပြုံးလျက် ပြန်ပြောလိုက်သည်။

ယုက ပျော်ရွှင်စွာ ပြန်ပြောလိုက်လေ၏ “ဒါဆို ခဏနေရင် သွားကြတာပေါ့”

ထိုစဉ် နှင်းပန်းသွားခူသည့် ကလန်သား ပြန်ရောက်လာပြီး ယုနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်လေသည်။ ထိုအခါ ယုသည် ရန်ကိုင်ဘက်သို့ လှည့်၍ “မှော်ဆရာညို... ဒီသားရဲရိုင်းတွေက...”

“ခင်ဗျားတို့ လုပ်ချင်သလိုသာလုပ်”

“ကျေးဇူးအများကြီးတင်ပါတယ်” ယု ရန်ကိုင်အား ကျေးဇူးတင်စကား ဆိုလိုက်၏။ ထို့နောက် သားရဲအလောင်းများကို သွားရောက်ခုတ်ထစ်ရန် သူမ ကလန်သားများကို အမိန့်ပေးလိုက်လေသည်။

မှော်ဆရတစ်ဦးသည်သာ သားရဲရိုင်း၏အသားကို ရေရှည်စွဲစားမည်ဆိုပါက သူတို့၏ ခန္ဓာကိုယ် ပိုမို အားကောင်းလာနိုင်ပေလိမ့်မည်။ ထို့အတွက်ကြောင့် သားရဲရိုင်းများကို ဤအတိုင်း ထားပစ်ဖို့ရာ နှမြောဖို့ ကောင်းလှသည်။ အထူးသဖြင့် အရိုးပျော်ဝံပုလွေ ဘုရင်၏ အလောင်းကိုပင်။

မှော်ဆရာညိုကမူ မွန်းစတားအမြူတေများကိုသာ လိုချင်ပြီး အသားများကို မလိုချင်ချေ။ မွန်းစတားအမြူတေများမှာ အဖိုးတန်ပါသော်ငြား မွန်းစတားအမြူတေကို သုံးလေ့ရှိသည့် လူသုံးအများဆုံးနည်းလမ်းမှာ အရက်ထဲ စိမ်သောက်ခြင်း ဖြစ်ပေသည်။ အချို့သော သမားတော်များသည် မွန်းစတားအမြူတေများကို ဆေးပုလင်းများ ဖော်စပ်ရာတွင် အသုံးပြုကြပါသော်ငြား မှော်ဆရာညိုသည် သမားတော်တစ်ဦး ဖြစ်သည့်ပုံမပေါ်။

ပြောစရာမလိုအောင်ပင် နှင်းရေခဲကလန်သားများအဖို့ ယခုမှသာလျှင် မွန်းစတားသားရဲ၏ အလောင်းကို ပထမဆုံးအကြိမ် ခုတ်ထစ်ဖူးခြင်းမဟုတ်၊ အလောင်းများကို သူတို့ ကိုင်တွယ်ပုံစံသည် အလွန်ကိုမှ ချောမွေ့မြန်ဆန်လွန်းလှသည်။ နာရီဝက်ခန့် ကြာပြီးနောက် အလောင်းခုနှစ်လောင်းစလုံးကို ကိုင်တွယ်လို့ ပြီးသွားခဲ့လေ၏။

နှင်းရေခဲကလန်သားများသည် အရေခွံခုနှစ်ခုနှင့် မွန်းစတားသားများ၏ အရသာအရှိဆုံး အစိတ်အပိုင်းများကို ခုတ်ထစ်ခဲ့ကြသည်။ အကုန်လုံး ပြင်ဆင်ပြီးနောက်တွင် လူတိုင်း စထွက်ကြလေသည်။

နှင်းရေခဲမြို့သည် တောင်ဖြူဆီမှ အတော်လေး ဝေးကွာပေသည်။ ထို့ကြောင့် အရှိန်ကုန်တင်ကာ သွားမည်ဆိုလျှင်ပင် နှင်းရေခဲမြို့သို့ရောက်ရန် အနည်းဆုံး သုံးရက်ခန့် အချိန်ယူရပေလိမ့်မည်။ ဤသည်မှာ မှော်ဆရာမယုမှ လူတိုင်းအား လေအရိပ်ပညာရပ် သုံးပေးထားသည့် အချက်ကိုပါ ထည့်တွက်ထားခြင်း ဖြစ်လေသည်။ လေအရိပ် ပညာရပ်သာ မပါပါက သူတို့၏ အမြန်နှုန်းမှာ ယခုထက် ပိုနှေးပေလိမ့်မည်။

လမ်းတစ်ဝက်သို့ အရောက်တွင် ရန်ကိုင်သည် ယုအား သူ့ကို လေအရိပ်ပညာရပ် သင်ပေးရန် သွားပြောလေသည်။ ယုလည်း သင်ပေးလိုက်ရာ ရန်ကိုင်မှာ ချက်ချင်ကို ထိုပညာရပ်အား နားလည်သွားခဲ့သဖြင့် ယုမှာ ရန်ကိုင်အား အတော်လေး အထင်ကြီးသွားခဲ့ရသည်။

သုံးရက်ကြာပြီးနောက်တွင် ဧရာမပုံရိပ်ကြီးတစ်ခု ရန်ကိုင်တို့ရှေ့ ပေါ်လာခဲ့သည်။ ထိုပုံရိပ်ကြီးကို မြင်သည့်အခါ ယုနှင့် သူမကလန်သားများ ပြုံးသွားကြလေ၏။

“မှော်ဆရာညို၊ အဲ့ဒါ နှင်းရေခဲမြို့တော်ပဲ” ယုက ရှေ့သို့ ညွှန်ပြရင်းမှ ပြောလိုက်သည်။

ရန်ကိုင်မှာလည်း သူ့ရှေ့ရှိ မြင်ကွင်းကိုကြည့်ရင်း အံ့အားသင့်နေခဲ့ရသည်။ ဤကမ္ဘာသို့ ရောက်လာပြီးနောက် ရှေးခေတ်လူရိုင်းမြို့တော်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သော်ငြား သူမြင်နေရသည့် မြင်ကွင်းသည် သူထင်ထားသည်နှင့် လုံးဝကို ကွဲပြားနေခဲ့သည်။

မြို့ဖြစ်သည့်အတွက်ကြောင့် အနည်းဆုံးတော့ မြို့တစ်မြို့နှင့် ဆင်တူလိမ့်မည်ဟု ထင်ထားခဲ့သည်။ သို့သော် ဤနေရာတစ်ခုလုံးမှာ မြို့နှင့် လားလားမျှမတူချေ။ ထိုနေရာတွင် တိမ်ယံများကိုထိုးဖောက်ကာ တည်ရှိနေသည့် အလွန်တရာကိုမှ ကြီးမားလွန်းလှသော ဧရာမ သစ်ပင်ကြီးတစ်ပင် ရှိနေခဲ့သည်။

ထိုသစ်ပင်ကြီး၏ အရိပ်အောက်တွင်မူ အဆောက်အဦများစွာ ပြန့်ကျဲ တည်ရှိနေလေသည်။ ထိုအဆောက်အဦများကြား ကျပန်းခတ်မျှ သွားလာလှုပ်ရှားနေကြသော လူပေါင်းများစွာကို ရန်ကိုင် မြင်တွေ့နေရသည်။

“ဒါက နှင်းရေခဲမြို့လား” ရန်ကိုင်က ယုဘက်သို့လှည့်၍ မေးလိုက်သည်။

ယုက ပြုံးလျက် “ဟုတ်တယ်။ နှင်းရေခဲမြို့ပဲ။ နှင်းရေခဲကလန်ရဲ့ ဠာနချုပ်လည်း ဟုတ်တယ်။ အဲ့အမြဲစိမ်းနတ်သစ်ပင်ကြီးကို တွေ့လား၊ အဲ့ဒါကျွန်မတို့ နှင်းရေခဲကလန်ကို ကာကွယ်ပေးနေတဲ့ စီနီယာချင်ပဲ”

“စီနီယာချင်...” ရန်ကိုင်၏ နှုတ်ခမ်း တွန့်ကွေးသွားခဲ့လေသည် “ခင်ဗျားပြောချင်တာက အဲ့သစ်ပင်က အသက်ရှိတယ်ပေါ့”

ယုက အလေးအနက် အမူအရာဖြင့် ပြန်ပြောလိုက်သည် “ဟုတ်တယ်။ စီနီယာချင်က နှစ်ပေါင်းထောင်နဲ့ချီပြီး အသက်ရှင်လာတာ။ မှော်ဆရာညို၊ ရှင်မြို့ထဲကို ရောက်သွားရင် စီနီယာချင်ကို လုံးဝ မကောင်းမပြောမိစေဖို့ သတိထားနော်”

ယုက လုံးဝကို အတည်ပေါက်ဖြင့် ပြောနေသည့်အတွက်ကြောင့် ဤအမြဲစိမ်း နတ်သစ်ပင်ကို နှင်းရေခဲကလန်သားများ အလွန်ကိုမှ တန်ဖိုးထားမှန်း ရန်ကိုင် သိသွားခဲ့လေသည်။ ထို့ကြောင့် ခေါင်းညိတ်၍ ပြန်ပြောလိုက်၏ “ကောင်းပါပြီ”

ယုက ပြုံး၍ ဆက်ပြောလိုက်သည် “ရှင်အဲ့လောက်ကြီး စိတ်ပူနေစရာ မလိုပါဘူး၊ မှော်ဆရာညို။ စီနီယာချင်က အရမ်း သည်းခံတတ်တာ။ ရှင်သာ သူ့ကို တမင်သက်သက် သွားပြဿနာမရှာသရွေ့ ကျွန်မတို့ ကလန်သားတွေလည်း ရှင့်ကို ပြဿနာရှာမှာ မဟုတ်ဘူး”

စကားပြောရင်းဖြင့် ရန်ကိုင်တို့သည် နှင်းရေခဲမြို့နားသို့ ရောက်လာခဲ့လေသည်။ သေချာ အနီးကပ်ကြည့်လိုက်သည့်နောက်တွင် အမြဲစိမ်းနတ်သစ်ပင်ကြီးမှာ သူထင်ထားသည်ထက် ပို၍ ကြီးမားကြောင်း တွေ့ရှိလိုက်ရသည်။ နှင်းရေခဲမြို့၌ မည်သည့် မြို့နံရံမှမရှိသလို၊ မြို့အား အစီအရင်ကဲ့သို့သော အကာအရံမျိုးနှင့်လည်း ကာကွယ်ထားခြင်းမရှိချေ။ သို့သော် အမြဲစိမ်းနတ်သစ်ပင်၏ သစ်ပင်ရိပ်ကြီးသည် မိုင်ပေါင်းရာနင့်ချီကို လွှမ်းခြုံထားခဲ့လေသည်။ နှင်းရေခဲကလန်မှာ ထိုသစ်ပင်ရိပ်အောက်၌ နေထိုင်ရင်းဖြင့် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ရှင်သန်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဆောင်းဥတုသို့ ရောက်နေပါသော်ငြား နှင်းရေခဲမြို့မှာတော့ နွေဦး ရောက်နေသည့်အလား မြို့ထဲ၌ မည်သည့်နှင်းမှ ကျဆင်းနေခြင်း မရှိချေ။

တစ်နာရီခန့်ကြာပြီးနောက်တွင် ရန်ကိုင်သည် ယုတို့နှင့်အတူ နှင်းရေခဲမြို့ထဲသို့ ဝင်လာသည့်အခိုက်၊ အားကောင်းသည့် ကောင်းကင်စိတ်အာရုံတစ်ခုမှ သူ့အား လွှမ်းခြုံသွားခဲ့လေသည်။ ထိုကောင်းကင်စိတ်အာရုံကြောင့် ရန်ကိုင် ကိုယ်ပေါ်ရှိ အမွှေးအမျှင်များ ထောင်တက်သွားခဲ့ပြီး ဘေးပတ်ဝန်းကျင်အား သတိကြီးကြီးဖြင့် လှည့်ပတ် စစ်ဆေးကြည့်လိုက်လေသည်။

ရန်ကိုင်၏ ပုံစံကိုမြင်သော် ယုက ရှင်းပြလိုက်လေသည် “ရှင်ဒီလောက် စိတ်ပူနေစရာ မလိုဘူး မှော်ဆရာညို၊ မြို့ထဲကို ဝင်လာတဲ့လူတိုင်းကို စီနီယာချင်က စစ်ဆေးလေ့ရှိတယ်။ ကလန်အပေါ် မကောင်းကြံချင်တဲ့လူဆို စီနီယာချင်က အဝင်မခံဘူး”

ရန်ကိုင်က အံ့ဩတကြီးဖြင့် “စီနီယာချင်က တကယ်ကို အံ့ဩဖို့ကောင်းတာပဲ”

ရန်ကိုင် မြှောက်ပြောနေခြင်းမဟုတ်၊ ဤစီနီယာချင်၏ ကောင်းကင်စိတ်အာရုံသည် ရန်ကိုင် ဧကရာဇ်အဆင့်တွင် ရှိစဉ်က ကောင်းကင်စိတ်အာရုံထက်ပင် ပိုအားကောင်းသေးသည်။ ဤမွန်းစတားသစ်ပင်ကြီးသည် အလွန်ကိုမှ အားကောင်းသည့် ပညာရှင်ကြီးတစ်ဦး ဖြစ်ပေသည်။

ယခုက ပြုံးလျက် “ဒါပေါ့၊ စီနီယာချင်က ကျွန်မတို့ကို နှင်းရေခဲကလန်ကို နှစ်ပေါင်း ထောင်နဲ့ချီတိုင်အောင် ကာကွယ်ပေးလာခဲ့တဲ့ ကာကွယ်သူပဲလေ။ ဒါပေမယ့် ဆိုးတာက...”

“ဘာဆိုးတာပဲ”

ယုက ဝမ်းနည်းတကြီးဖြင့် “လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်တုန်းက စီနီယာချင် အိပ်ပျော်သွားတယ်လို့ ပြောကြတယ်။ အဲ့အချိန်ကတည်းက သူ့ကို ဘယ်သူမှ မနှိုးနိုင်ကြတော့ဘူးတဲ့”

“အဲ့ဒါဆို...” ရန်ကိုင် ဇဝေဇဝါ ဖြစ်သွားခဲ့လေသည်။ စီနီယာချင်သာ အိပ်ပျော်နေသည် ဆိုပါက အစောပိုင်းက သူ့အား စစ်ဆေးသွားသည့် ကောင်းကင်စိတ်အာရုံသည် မည်သည့် နေရာမှ ရောက်လာလေသနည်း။

ရန်ကိုင် ဘာတွေးနေသလဲဆိုသည်ကို သိသည့်အလား ယုက ပြုံးလျက် ရှင်းပြလိုက်လေသည် “အိပ်ပျော်နေတယ်ဆိုရင်တောင် စီနီယာချင်က မိတ်ဆွေနဲ့ ရန်သူကို ခွဲနိုင်သေးတယ်”

(ဘာကြီးလဲဟ... ငါသာ တံခါးပိတ်ကျင့်စဉ်ဝင်နေရင်း အရမ်းကြီးတဲ့ ပြဿနာတစ်ခုခု မဟုတ်ရင် ဘယ်လိုမှ သတိထားမိမှာ မဟုတ်ဘူး။ ဒီအမြဲစိမ်းနတ်သစ်ပင်ကျတော့ တယ်ဟုတ်ပါလား) ရန်ကိုင်စိတ်ထဲတွင်တော့ ယုပြောသည်ကို သိပ်မယုံချင်ခဲ့။ သို့သော်ငြား တစ်ဖက်လူက ထိုကဲ့သို့ ယုံကြည်ထားသည့် အတွက်ကြောင့် ရန်ကိုင်လည်း ဘာမှ သွားမပြောခဲ့ချေ။

စကားတပြောပြောနှင့် ရန်ကိုင်တို့ မြို့ထဲသို့ ဝင်လာခဲ့လေသည်။ ခရီးရှည်ကြီး သွားခဲ့ရပြီး ယခု မြို့သို့ ပြန်ရောက်လာသော နှင်းရေခဲကလန်သားများမှာ အတော်လေးကိုမှ စိတ်လှုပ်ရှားနေကြလေသည်။

ရန်ကိုင်ကိုယ်တိုင်သည်လည်း နှင်းရေခဲမြို့ထဲသို့ရောက်လာသည့် အတိတ်ကိုပင်လျှင် လွမ်းဆွတ်မိချင်သွားခဲ့သည်။ ဈေးသည်များ၏ အော်ဟစ်သံများမှာ သူ့အား ကြယ်တာရာစုအဝေးသို့ ပြန်ရောက်သွားသလို ခံစားရစေသည်။

“မှော်ဆရာညို၊ ကျွန်မတို့ကို တောင်ဖြူမှာ ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးပါပဲနော်။ ကျွန်မတို့ ဒီမှာပဲ လမ်းခွဲကြတာပေါ့။ ကျွန်မတို့ ခူးလာတဲ့ နှင်းပန်ကို ကလန်က မှော်သခင်ဆီ သွားပြန်ပေးရဦးမယ်” ယုက ရန်ကိုင်ဘက်သို့လှည့်၍ ပြောလိုက်သည်။

“လုပ်စရာရှိရင် သွားလုပ်ကြလေ။ ကျုပ်ကို စိတ်ပူစရာမလိုပါဘူး” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်သည်။

ယုသည် သူမဘေးနားတွင် ရပ်နေသော နှင်းရေခဲကလန်သားဆီသို့ လက်ဖြန့်ပြလိုက်သည်။ ထိုကလန်သားသည် ချက်ချင်းပဲ ရေအိတ်တစ်လုံးကို သူမ လက်ထဲသို့ ထည့်ပေးလိုက်လေသည်။ ယုသည် ရေအိတ်ကို ရန်ကိုင်လက်ထဲသို့ ထည့်ပေးလျက် “ဒါကိုယူပြီး စီနီယာချင်ရဲ့ အမြစ်တွေကို ရေသွားလောင်းလိုက်။ အဲ့ဒါဆို နေစရာနေရာတစ်နေရာ ရလိမ့်မယ်”

ဤရေအိတ်ကို ရန်ကိုင် မှတ်မိပေသည်။ နှင်းရေခဲကလန်သားများသည် ဤရေအိတ်ထဲသို့ အရိုးပျော်ဝံပုလွေများ၏ သွေးကို ထည့်ထားခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ယုတို့အဖွဲ့ မွန်းစတားသားရဲ၏ သွေးကိုယူပြီး ဘာလုပ်ချင်နေလဲ ရန်ကိုင်မသိခဲ့၊ ယခုမှသာလျှင် နားလည်သွားရတော့လေသည်။

All Chapters