← Chapters

အခန်း (၂၈၁၆-၂၈၂၀)

Vol. 120 Ch. 2816-2820

အခန်း (၂၈၁၆-၂၈၂၀)

Vol. 120 Ch. 2816-2820

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၈၁၆)

ဘာသာပြန်သူ_တိမ်တိုက်

ယုသည် သူမလူများကိုခေါ်၍ အဆောက်အဦတစ်ခုဆီသို့ ဦးတည်သွားလေ၏။ ရန်ကိုင်ကမူ မြို့ထဲတွင်သာ ရပ်ကျန်နေခဲ့လျက် အတွေးနက်နေခဲ့သည်။ ယုပြောသည့် အတိုင်း လုပ်ရန် အလျင်မလိုချေ။ ထို့အစား မြို့ထဲကိုသာ အရင် လျှောက်ပတ်ကြည့်ရန် ရန်ကိုင် ဆုံးဖြတ်လိုက်လေသည်။

သူ့အနေဖြင့် နှင်းရေခဲမြို့သို့ လာခဲ့ရခြင်းမှာ ကျင့်ကြံရန်အတွက် လိုအပ်သည့် မွန်းစတားအမြူတေများကို မြန်မြန် ရလိုသည့်အတွက်ကြောင့် ဖြစ်ပေသည်။ သို့သော် သူ့တွင် အရိုးပျော်ဝံပုလွေများ၏ မွန်းစတားအမြူတေများမှလွဲ၍ အခြားဘာမှမရှိ။ ထို့ကြောင့် မြို့ထဲရှိ ဈေးကွက်အခြေအနေကို အရင်လှည့်ပတ် စူးစမ်းကြည့်ရမည်။ ပြီးမှသာ နောက်ဘာဆက်လုပ်ရမလဲဆိုသည်ကို အစီအစဉ် ချရပေလိမ့်မည်။ သူ၏ စဦး အခြေအနေမှာ မည်မျှပင် နိမ့်ကျနေစေကာမူ၊ သူ့စွမ်းရည်အရ၊ သူလိုအပ်နေသည့် အရာများကို လျင်မြန်စွာ စုဆောင်းနိုင်လိမ့်မည်ဟု ရန်ကိုင် ယုံကြည်နေခဲ့လေသည်။

မြို့ထဲသို့ လျှောက်ပတ်သွားရာတွင် ရန်ကိုင်သည် လူတိုင်းအတွက် မျက်စိစပါးမွှေးစူးစရာ ဖြစ်ခဲ့ရသည်။ ထိုသို့ဖြစ်ရသည်မှာလည်း အထူးအဆန်း မဟုတ်။ သူ့ခန္ဓာကိုယ်မှာ ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်များနှင့်မတူ၊ အလွန်ကိုမှ သေးလှသည်ကိုး။ ထို့ကြောင့် လူတိုင်းမှ သူ့အား အထင်အမြင်တသေးဖြင့် ကြည့်ကြသည်။ သို့သော်ငြား ရန်ကိုင်ကမူ ထိုကဲ့သို့သော အကြည့်မျိုးဖြင့် နေသားကျနေပြီ ဖြစ်သည့်အတွက်ကြောင့် ထိုမျှ ဂရုစိုက်မနေခဲ့။ သူ့အား ပထမဆုံး စတွေ့သည့် လူရိုင်းမျိုးနွယ်စုဝင်တိုင်း ဤကဲ့သို့ ကြည့်ကြသည်ချည်းသာ။

နှင်းရေခဲမြို့သည် အလွန်ကိုမှ စည်ပင်သာယာဝပြောလှကာ ပြင်ပလောကကြီးမှ မြို့များအောက် နိမ့်ကျခြင်းမရှိ။ ပြန့်ကျဲတည်ရှိနေ အဆောက်အဦးများကြား ဆိုင်ခန်းများ၊ ဈေးဆိုင်များနှင့် ကလန်ပေါင်းစုံမှ မှော်ဆရာများ ရှိနေကြသည်။ ထို့ကြောင့် ရန်ကိုင်ကဲ့သို့ အဆင့်နိမ့် မှော်စစ်သည်တော်တစ်ဦးသည် လူကြားထဲ ထင်ပေါ်နေခြင်း မရှိချေ။

ရွာသူကြီးမှ ပြောပြထားခဲ့သည့်အတွက်ကြောင့် ရန်ကိုင်သည် သူတွေ့ခဲ့သည့် လူများ မည်သည့်ကလန်မှ လာသလဲဆိုသည်ကို ခွဲခြားသိမြင်နိုင်ခဲ့သည်။ ကလန်ပေါင်းစုံမှ မှော်ဆရာများ တစ်နေရာတည်းတွင် စုဝေးနေသည်ကို အတော့်ကိုမှ မြင်ရခဲလှသည်။ ဆောင်းရာသီ၌ ပုံမှန်အတိုင်း လည်ပတ်နေသည့် မြို့ဆိုလျှင်တော့ နှင်းရေခဲမြို့သာ ရှိပေလိမ့်မည်။ အခြားမြို့များတွင် နှင်းရေခဲကလန်ကဲ့သို့ အမြဲစိမ်းနတ်သစ်ပင်၏ အကာအကွယ်မှ မရှိလေဘဲ။ ထို့အတွက်ကြောင့် ဆောင်းရာသီသို့ရောက်သော် ထို့မြို့များမှာ ယခင်ကကဲ့သို့ မလည်ပတ်နိုင်ကြတော့ခြင်း ဖြစ်သည်။

ထိုအကြောင်းကြောင့်ပင် ဆောင်ရာသီမတိုင်ခင် ဝယ်စရာချမ်းစရာများရှိသော် အခြားသောကလန်မှ မှော်ဆရာများသည် နှင်းရေခဲမြို့သို့ လာကြသည်။ ဆောင်းကုန်၍ နှင်းများအရည်ပျော်သော် သူတို့နေထိုင်ရာ ကလန်အသီးသီးဆီသို့ ပြန်ကြလေ၏။ ထိုအကြောင်းကြောင့် နှင်းရေခဲမြို့သည် ဆောင်းရာသီအတွင်းတွင် လူများစွာဖြင့် အလွန်ကိုမှ စည်ကားပေသည်။

ရန်ကိုင်သည် ဈေးဆိုင်များကို လျှောက်ပတ်ကြည့်ပြီး ဆိုင်ပိုင်ရှင်များကို ဈေးပတ်စစ်ကြည့်သည်။ ရှေးခေတ် ဖြစ်သည့်အတွက်ကြောင့် ရှေးခေတ်ပုံစံအတိုင်း ကုန်ပစ္စည်းများကို လဲလှယ်ခြင်းဖြင့် ကိုယ်လိုချင်သည့် ပစ္စည်းများကို ရယူရသည်ဟု ရန်ကိုင် ထင်ခဲ့လေသည်။ သို့သော်ငြား ကိုယ်ကိုယ်တိုင် လိုက်ပတ်ကြည့်ပြီးမှသာ ထိုသို့ မဟုတ်ကြောင်း နားလည်သွားရတော့သည်။ နှင်းရေခဲမြို့တွင် သစ်စိမ်းပြားဟုခေါ်သော အစိမ်းရောင်သစ်ရွက်များကို ငွေကြေးအဖြစ် အသုံးပြုကြကြောင်း တွေ့ရှိလိုက်ရသည်။

ရွာသူကြီးသည် ရန်ကိုင်အား သစ်စိမ်းပြာများအကြောင်းကို တစ်ခါမှ မပြောပြဖူးသည့်အတွက်ကြောင့် နှင်းရေခဲမြို့သို့ ရွာသူကြီး မရောက်ဘူးလောက်ဟု ရန်ကိုင် တွေးမိလိုက်သည်။ နှင်းရေခဲမြို့ထဲ ငွေကြေးအဖြစ် အသုံးပြုသည် သစ်စိမ်းပြားများသည် အမြဲစိမ်းနတ်သစ်ပင်မှ ကြွေကျလာသော မည်သည့်အခါမှ ခြောက်သွေ့သွားခြင်းမရှိသည့် သစ်ရွက်များ ဖြစ်သည်ဟု ပြောကြသည်။ သို့သော်ငြား သစ်စိမ်းပြားများကို ငွေကြေးအဖြစ် နှင်းရေခဲမြို့ထဲတွင်သာ သုံး၍ရပေသည်။ သို့တိုင် ထိုကဲ့သို့သော ငွေကြေးတစ်မျိုး ရှိနေသည့်အတွက် ကုန်ပစ္စည်းရောင်းဝယ်ရေးမှာ အတော်လေးကိုမှ လွယ်ကူ အဆင်ပြေသွားရသည်။

နှင်းရေခဲမြို့ထဲ၌ ဆိုင်များသည် တစ်နေကုန် ဖွင့်ကြပေသည်။ ရန်ကိုင်သည် သုံးရက်ဆက်တိုက် ဈေးကွက်အခြေအနေကို လိုက်စူးစမ်းကြည့်သည်။ ပြီးနောက်တွင် နောက်ဘာဆက်လုပ်ရမလဲ အကြမ်းဖျင်း စဉ်းစားမိသွားလေသည်။

သုံးရက်ကြာပြီးနောက်တွင် ရန်ကိုင်သည် အမြဲစိမ်းနတ်သစ်ပင် အောက်ခြေသို့ ရောက်လာပြီး ယုမှ ပေးခဲ့သည့် ရေအိတ်ကိုထုတ်ကာ အရိုးပျော်ဝံပုလွေ၏ သွေးများကို အမြဲစိမ်းနတ်သစ်ပင်၏ အမြစ်များပေါ်သို့ လောင်းချပေးလိုက်သည်။

သွေးများ မြေပြင်ပေါ်သို့ ကျသွားသည်နှင့် အမြစ်များ၏ စုပ်ယူခြင်း ခံလိုက်ရသည့် အလား ရန်ကိုင်၏ မြင်ကွင်းမှ သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက်တွင် သစ်ပင်ကြီးသည် အစိမ်းရောင်တလက်လက် တောက်ပလာပြီး ထူးဆန်းသည့် စွမ်းအား တစ်ရပ်သည် ရန်ကိုင်အား အပေါ်သို့ ဆွဲခေါ်သွားလေသည်။

မီတာများစွာအမြင့်သို့ ပျံတက်လာပြီးနောက်တွင် ရန်ကိုင်ရှေ့၌ ကြီးလည်းမကြီး၊ သေးလည်းမသေးသည့် သန့်ရှင်းသော သစ်လိုဏ်ဂူတစ်လုံး ပေါ်လာခဲ့လေသည်။ ဤနေရာသည် နောက်တစ်လလုံးလုံး သူနေရမည့်နေရာ ဖြစ်ပေသည်။

အပြင်လူများအဖို့ နှင်းရေခဲမြို့တွင် နေနိုင်သည့် နည်းလမ်းနှစ်ခုရှိသည်။ တစ်နည်းမှာ တည်းခိုဆောင်များတွင် အခန်းငှားနေခြင်းပင်။ ထိုနည်းလမ်းသည် ပိုက်ဆံ ကုန်သည်။ အခြားတစ်နည်းမှာတော့ ယခု ရန်ကိုင်အသုံးပြုသည့် နည်းသာ ဖြစ်ပေသည်။ အမြဲစိမ်းနတ်သစ်ပင်၏ မွန်းစတားသားရဲများ၏ သွေးဖြင့် လောင်းပေးမည်ဆိုပါက အမြဲစိမ်းနတ်သစ်ပင်သည် နေစရာ သစ်လိုဏ်ဂူတစ်ခုကို စီစဉ်ပေးပေလိမ့်မည်။

အမြဲစိမ်းနတ်သစ်ပင်ပေါ်တွင် ထိုကဲ့သို့သော သစ်လိုဏ်ဂူပေါင်းများစွာ ရှိပြီး သစ်လိုဏ်ဂူ တစ်ခုချင်းစီသည် သဘာဝအတိုင်း ဖြစ်လာသည့် လိုဏ်ဂူများ ဖြစ်ကြသည်။ ထို့အပြင် အမြဲစိမ်းနတ်သစ်ပင်၏ ကာကွယ်မှုပါ ရရှိထားသည့်အတွက်ကြောင့် သစ်လိုဏ်ဂူထဲ နေနေမည်ဆိုပါက မည်သူမှ ကိုယ့်အား လာနှောင့်ယှတ်နိုင်လိမ့်မည် မဟုတ်ချေ။

သစ်လိုဏ်ဂူမှာ သိပ်မကြီးလှ၊ လူသုံးယောက် နေနိုင်ရုံလောက်သာ ကျယ်သည်။ သို့သော် ထိုအကျယ်အဝန်းသည် ရန်ကိုင်အတွက် ကိစ္စမရှိချေ။ ထို့အပြင် သစ်လိုဏ်ဂူ အတွင်းပိုင်းမှာလည်း အလွန်ကိုမှ နေရထိုင်ရ သက်သောင့်သက်သာ ရှိလှသည်။ ရန်ကိုင်သည် သစ်လိုဏ်ဂူထဲ တင်ပျဉ်ခွေထိုင်၍ နောက်ဆက်လုပ်ရမည့် အစီအစဉ်များကို သေချာစတင် စဉ်းစားတော့သည်။

နောက်တစ်နေ့တွင် ရန်ကိုင်သည် သစ်လိုဏ်ဂူထဲမှ ထွက်၍ အမြဲစိမ်း နတ်သစ်ပင်၏ အကူအညီဖြင့် သစ်ပင်အောက်သို့ ဆင်းလာခဲ့သည်။ ထို့နောက် မြို့ထဲရှိ မွန်းစတားအမြူတေများ အရောင်းအဝယ်လုပ်သည့် ဆိုင်တစ်ဆိုင်ဆီသို့ တန်းသွားလေ၏။ ဆိုင်ထဲသို့ရောက်သော် သူ့တွင် ရှိနေသော မွန်းစတားအမြူတေများကို ရောင်းချပြီး သစ်စိမ်းပြားများ ထည့်ထားသည့် အိတ်တစ်အိတ်နှင့် ဆိုင်ထဲမှ ပြန်ထွက်လာခဲ့သည်။

ဆယ့်ငါးမိနစ်ခန့်ကြာသော် ရန်ကိုင်သည် ဆေးဆိုင်တစ်ဆိုင်ဆီသို့ ရောက်လာခဲ့သည်။ ဆိုင်ပိုင်ရှင်ဆီမှ သစ်စိမ်းပြားငါးဆယ်ဖိုး တန်ကြေးရှိသည့် ဆေးပင်များကို တစ်ထိုင်တည်း ဝယ်လိုက်သဖြင့် ဆိုင်ရှင်မှာ ဝမ်းသာအားရ ဖြစ်ကာ ရန်ကိုင် ဝယ်ယူသွားသည့် ပစ္စည်းများကို သေချာ ထုပ်ပိုးပေးလိုက်လေသည်။

တစ်ခဏအကြာတွင် ရန်ကိုင်သည် အခြားသော ဆေးဆိုင်တစ်ဆိုင်သို့ ထပ်ရောက်လာပြီး ဆေးပင်များကို ထပ်ဝယ်လေသည်။ ထိုနည်းဖြင့် ရန်ကိုင်သည် ဆေးပင်များကို လိုက်ဝယ်နေလိုက်ရာ မကြာမီ မွန်းစတားအမြူတေများကို ရောင်းချရာမှ ရလာသည့် သစ်စိမ်းပြားအားလုံး ကုန်သွားခဲ့လေ၏။ ထို့နောက်တွင် ရန်ကိုင်သည် သူနေထိုင်ရာ သစ်လိုဏ်ဂူဆီသို့ ပြန်လာခဲ့လေသည်။

သစ်လိုဏ်ဂူထဲသို့ ရောက်သည်နှင့် ရန်ကိုင်သည် သူဝယ်လာသည့် ဆေးပင်များကို သူ့ရှေ့၌ ပုံချလိုက်သည်။ ထို့နောက် လက်ထဲတွင် မီးတောက်တစ်ခု ဖန်တီးကာ ထိုဆေးပင်များကို စတင် သန့်စင်တော့လေသည်။ လက်ရှိခေတ်တွင် ဆေးပညာရှင်များ အလွန်ကိုမှ ရှားပါးလှပြီး လူလေးစားခံရသလို ဤရှေးခေတ်ရှိ သမားတော်များလည်း ထိုနည်းအတိုင်းသာ ဖြစ်ကြသည်။

နေ့ဝက်ခန့်ကြာပြီးနောက်တွင် ရန်ကိုင်ရှေ့၌ အိုးများ အစီအရီ ရှိနေခဲ့လေသည်။ လက်ရှိခေတ်တွင် အသုံးပြုနေကြသည့် ဆေးလုံးများထည့်သည့် ဆေးပုလင်းများကို ဤရှေးခေတ်၌ မည်သည့်နေရာတွင်မှ မတွေ့ကြချေ။ ထို့အပြင် ရန်ကိုင် ဖော်စပ်ထားသည်မှာ ဆေးလုံးများ မဟုတ်ဘဲ၊ ဆေးအဆီများ ဖြစ်သည့်အတွက်ကြောင့် ပုလင်းထဲထည့်၍ အဆင်မပြေသဖြင့် အိုးထဲသာ ထည့်ထားရလေသည်။

သူ့ကိုယ်သူ သန့်ရှင်းသပ်ရပ်သွားအောင် လုပ်ပြီးနောက်တွင် ရန်ကိုင်သည် သစ်လိုဏ်ဂူထဲမှ ပြန်ထွက်လာခဲ့လေသည်။

လူများ ရှုပ်ယှတ်ခတ်နေသည့် မြို့ထဲရှိ တစ်နေရာဆီသို့ ရောက်လာပြီးနောက် ရန်ကိုင်သည် သူသယ်လာသည့် ဆေးအိုးများကို သူ့ရှေ့တွင် ချလိုက်သည်။ ထို့နောက် ဆိုင်းဘုတ်တစ်ခုကိုထုတ်၍ သူ့ရှေ့တွင် စိုက်ထားလိုက်ပြီးနောက် မျက်လုံးပိတ်ကာ တင်ပျဉ်ခွေ ထိုင်နေလိုက်တော့သည်။

ရန်ကိုင် ဘေးနားတွင် ရှိနေသော ဆိုင်ပိုင်ရှင်သည် ရန်ကိုင်၏ ဆိုင်းဘုတ်ပေါ်ရှိ ‘ဆေး’ ဟူသည့် စကားလုံးကိုမြင်သော် အထင်အမြင်တသေးဖြင့် နှာခေါင်းရှုံ့လိုက်၏ (အဲ့မည်းမည်းညစ်ညစ်၊ စေးစေပျစ်ပျစ်ကြီးတွေက ဆေးလား... ဒီကောင့် သူ့ကိုယ်သူ သမားတော်များ မှတ်နေတာလား)

သမားတော်များသည် ဤရှေးခေတ်တွင် အမှန်တကယ်ကို လူလေးစားခံရသည်။ ထိုသို့ဖြစ်လေရာ သမားတော်တစ်ဦးသည် လမ်းဘေးတွင် ဘာကြောင့်များ ဆိုင်းဘုတ်ထောင်၍ ဆိုင်လာဖွင့်ပါမည်နည်း။ ရန်ကိုင်ဆီမှ မှော်ဆရာတစ်ဦး၏ အရှိန်အဝါကို ခံစားမိနေသည့် အတွက်ကြောင့်သာ မဟုတ်ပါက ရန်ကိုင်သည် ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင် မဟုတ်ဟုပင် ဆိုင်ပိုင်ရှင် ထင်သွားမိပေလိမ့်မည်။ (ဒီပုံစံနဲ့ကတော့ ဒီကောင် ဘာမှရောင်းရမှာမဟုတ်ဘူး)

ဆိုင်ပိုင်ရှင် ထင်ထားသကဲ့သို့ပင် နောက်နှစ်ရက်လုံးလုံး ရန်ကိုင် အနေဖြင့် ဆေးတစ်အိုးပင် မရောင်းခဲ့ရပေ။ ရန်ကိုင်သည် လူအရှုပ်ဆုံးနေရာတွင် ဆိုင်လာဖွင့်ပါသော်ငြား သူ့ရှေ့မှဖြတ်လျှောက်သွားသည့် ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်များသည် ရန်ကိုင်အား တစ်ချက်သာကြည့်သွားပြီး မည်းညစ်ညစ် အဆီများကိုမြင်သော် ချက်ချင်း လှည့်ထွက်သွားလေ၏။

သို့တိုင် ရန်ကိုင်မှာတော့ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေဆဲ။ အနည်းငယ်မျှပင် စိုးရိမ်နေခြင်းမရှိဘဲ အေးအေးဆေးဆေးသာ တင်ပျဉ်ခွေ ထိုင်နေသည့်အတွက်ကြောင့် သူ့ဘေးနားရှိ ဆိုင်ပိုင်ရှင်ပင်လျှင် ရန်ကိုင်၏ ဇွဲနပဲကြီးပုံကို ဩချမိသွားရသည်။

နှစ်ရက်ကြာပြီးနောက်တွင် ရန်ကိုင်ဘေးနားရှိ ဆိုင်ပိုင်ရှင်၏ ပစ္စည်းအားလုံး ရောင်းကုန်သွားခဲ့သဖြင့် ဆိုင်ပိုင်ရှင်လည်း ဆိုင်ပိတ်ရန် ပြင်တော့လေသည်။ ရန်ကိုင်အပေါ် ဂရုဏာသက်သည့် အတွက်ကြောင့်လားမသိ၊ ရန်ကိုင်အား ကြည့်၍ ပြောလိုက်လေ၏ “ဒီအတိုင်း ရောင်းနေရင် ဘာမှရောင်းရမှာ မဟုတ်ဘူးနော်”

ရန်ကိုင်က မျက်လုံးဖွင့်လျက် ဆိုင်ပိုင်ရှင်ကိုကြည့်ကာ ပြန်မေးလိုက်သည် “ဒါဆို ကျုပ်ဘယ်လို ရောင်းသင့်တယ်လို့ ခင်ဗျားထင်လဲ”

ဆိုင်ပိုင်ရှင်က ပြန်ပြောလိုက်၏ “နည်းနည်းပါးပါးလေတော့ အော်ရောင်းပေါ့ကွ။ မင်းသာ သေချာလေး အော်ရောင်းမယ်ဆိုရင် မင်းဆေးတွေကို တစ်ယောက်ယောက်ကတော့ ကျိန်းသေ စိတ်ဝင်စားလာမှာ”

“ပစ္စည်းမှန်၊ အရည်အသွေးမှန်ရင် ဘာမှ ကြော်ညာနေစရာ မလိုဘူး။ ကျုပ်ဆေးတွေက အရည်အသွေးမှာ ထိပ်တန်းပဲ။ ဒီတော့ ကျုပ်ဘက်က အော်မရောင်းရင်တောင် တစ်ယောက်ယောက်ကတော့ သူ့ဘာသာ လာဝယ်လိမ့်မယ်”

ထိုစကားကိုကြားသော် ဆိုင်ပိုင်ရှင်သည် အထင်အမြင်တသေးဖြင့် နှုတ်ခမ်းကြီး မဲ့လိုက်လေသည်။ ရန်ကိုင်၏ ဝံ့ကြွားပုံကိုကြည့်ရင်း ခေါင်းတခါခါဖြင့်သာ ပြန်ပြောလိုက်သည် “မှော်ဆန်ဆန် တစ်ခုခုသာ ဖြစ်မလာရင် မင်းပစ္စည်းတွေကို ဘယ်လိုမှ ရောင်းထွက်မှာမဟုတ်ဘူး”

ရန်ကိုင်ကပြုံးလျက် “မှော်ဆန်ဖို့မလိုဘူး... အခွင့်အရေးပဲ လိုတာ။ ဟောကြည့်၊ ကျုပ်ရဲ့ အခွင့်အရေးလေး ရောက်လာပြီ”

ဆိုင်ပိုင်ရှင်လည်း ရန်ကိုင်စကားကြောင့် အံ့အားသင့်သွားခဲ့ပြီး ရန်ကိုင် ကြည့်နေသည့် ဘက်ဆီသို့ လှမ်းကြည့်လိုက်ရာ နှင်းရေခဲကလန်သား အဖွဲ့တစ်ဖွဲ့သည် တစ်ဦးကိုတစ်ဦး ထူမရင်း သူတို့ရှိနေသည့် ဘက်ဆီသို့ လမ်းလျှောက်လာနေကြသည်ကို တွေ့လိုက်ရလေသည်။ ထိုလူများမှာ တိုက်ပွဲကြီးတစ်ခုကို ဆင်နွှဲထားရသည့်အလား တစ်ကိုယ်လုံး သွေးများဖြင့် ပေကျံနေပြီး အမျိုးမျိုးသော ဒဏ်ရာဒဏ်ချက်များကို ရထားခဲ့သည်။ သူတို့ထဲမှ တစ်ဦးဆိုလျှင် ဝမ်းဗိုက်နေရာ၌ အသားထဲထိနက်သည့် ဒဏ်ရာကြီးတစ်ခုပင် ရထားခဲ့လေသည်။

(ဒါက အခွင့်အရေး...) ဆိုင်ပိုင်ရှင် ကြောင်နေခဲ့လေသည်။ သူ့စိတ်ထဲ ထိုလူများကိုကြည့်ရင်း ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် နှင်းရေခဲကလန်သားအဖွဲ့ သူတို့ရှေ့သို့ ရောက်လာခဲ့လေသည်။

ထိုလူများ ရောက်လာသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်က ထရပ်၍ ပြောလိုက်လေ၏ “ကျေးဇူးပြုပြီး နေကြပါဦး စစ်သည်တော်ကြီးတို့၊ ကျုပ်တို အခုလိုမျိုး တွေ့ဆုံခွင့်ရတယ်ဆိုတာ ကံကြမ္မာရေစက်ပါလို့ပဲ။ ခင်ဗျားတို့ မြင်လိုက်တည်းက ကျုပ်စိတ်ထဲ ရင်းနှီးနေတယ်လို့ ခံစားတယ်။ ဒါကြောင့် ခင်ဗျားတို့ကို လက်ဆောင်လေး တစ်ခုပေးချင်လို့ပါ။ ကျေးဇူးပြုပြီး မငြင်းဖို့ မျှော်လင့်ပါတယ်”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၈၁၇)

ဘာသာပြန်သူ_တိမ်တိုက်

ဆေးဖော်စပ်ခြင်းသည် ရန်ကိုင်အားသန်သည့် အရာတစ်ခုဖြစ်သည်။ ထို့အတွက်ကြောင့် မရင်းနှီးသည့် ပတ်ဝန်းကျင်၌ ငွေရေးကြေးရေး ခက်ခဲနေချိန် ဆေးဖော်စပ်၍ ပိုက်ဆံရှာခြင်းမှာ ရန်ကိုင်အတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခု ဖြစ်ပေသည်။

နှင်းရေခဲမြို့တော်ထဲ၌… ဒဏ်ရာရထားသည့် ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်များ၏ ခြေလှမ်းများ ရပ်တန့်သွားခဲ့ကြသည်။ ခေါင်းဆောင်ဖြစ်သူသည် ရန်ကိုင်ဘက်သို့ လှည့်ကြည့်လာလျက် ခက်ထန်သည့်အမူအယာဖြင့် မေးလိုက်လေသည်။ “မင်း ငါတို့ကို ပြောနေတာလား…”

ရန်ကိုင်က နွေးထွေးစွာ ပြုံးရင်းမှ ပြန်ပြောလိုက်သည်။ “ဟုတ်တယ်…”

ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင် မျက်မှောင်ကြုတ်သွားခဲ့သည်။ ရန်ကိုင်ဘာပြောချင်နေသလဲ ဆိုသည်ကို သူသိပေသည်။ (ဒီကောင် ငါ့ကို ပစ္စည်းတစ်ခုခု ပေးချင်နေတာလား…)

တစ်ဖက်လူမှ သူ့အား အလကားပေးလာနေရာ သူ့အနေဖြင့် ဘာကြောင့်များ ငြင်းနေရပါဦးမည်နည်း။ သို့သော်ငြား ဤသေးသွယ်သွယ်ကောင်လေး၏ ပုံစံကိုမြင်သော် တစ်ဖက်လူအား သိပ်၍ မယုံကြည်ချင်တော့ပေ။ ထို့အတွက်ကြောင့် ခေါင်းခါ၍ လှည့်ထွက်သွားရန် လုပ်လိုက်လေသည်။

ရန်ကိုင်က အလျင်စလို ပြောလိုက်လေသည်။ “နေပါဦး စစ်သည်တော်ကြီး…”

“မင်း ဘာလိုချင်နေတာလဲ…” ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်မှာ စတင်၍ စိတ်မရှည် ဖြစ်လာတော့လေသည်။

ရန်ကိုင်က ဆက်ပြောလိုက်သည်။ “ခင်ဗျားဒဏ်ရာတွေက တော်တော်လေးပြင်းတာနော်… ဒါပေမယ့် တိုက်ဆိုင်ပြီးတော့ ကျုပ်မှာလည်း ကုသရေးဆေးတွေ ရှိနေတော့ ခင်ဗျားကို ပေးချင်လို့… ဒါကိုသုံးပြီး ခင်ဗျားဒဏ်ရာတွေကို ပြန်ကုလိုက်ရင် ကောင်းသွားလိမ့်မယ်…” ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် လက်ညှိုးထိုးရင်း ညွှန်ပြလိုက်လေသည်။

ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်သည် ရန်ကိုင်ညွှန်ပြနေသည့် ကျောက်တုံးအိုးများကို လှမ်းကြည့်ရင်းမှ ပြန်မေးလိုက်လေသည်။ “မင်းက ဒါကို ဆေးလို့ ခေါ်တာလား…”

“ဟုတ်တယ်…”

ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်က အထင်အမြင်တသေးဖြင့် နှာခေါင်းရှုံ့လိုက်သည်။ ထိုအချိန်အတောအတွင်း ရန်ကိုင်ဘေးနားရှိ ဆိုင်ပိုင်ရှင်မှာလည်း ရန်ကိုင်လုပ်ရပ်ကို ဆက်၍ မကြည့်နိုင်တော့ချေ။ အခန့်မသင့်လျှင် သူပါ အမှုပတ်မည်ကို စိုးရိမ်သည့်အတွက်ကြောင့် ပစ္စည်းများကို ထုပ်ပိုးကာ ထွက်သွားရန် ပြင်လိုက်လေသည်။

“စမ်းကြည့်လိုက်စမ်းပါ… စမ်းကြည့်လိုက်လို့လည်း ခင်ဗျားအတွက် အရှုံးမှမရှိတာ… ပြီးတော့ ခင်ဗျားဘက်က ဘာမှပေးရတာလည်း မဟုတ်ဘူးလေ… အလုပ်ဖြစ်သွားရင် တကယ်မကောင်းဘူးလား… အလုပ်မဖြစ်ရင်လည်း ခင်ဗျား ကျုပ်ဆိုင်ကို ဖျက်ဆီးပစ်လိုက်ပေါ့…” ရန်ကိုင်က ပြုံး၍ ပြောလိုက်လေသည်။

“ဒါ တကယ်ကြီး ဆေးလား…” ရန်ကိုင်သည် အတည်ပေါက်ကြီးပြောနေမှန်း သိလိုက်သော် ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်မှာ အနည်းငယ် သိချင်စိတ် ပြင်းပြမိသွားခဲ့လေသည်။

“ဟုတ်တယ်… အဆင့်မြင့် ထိပ်တန်းဆေးတစ်မျိုးနော်…”

“အလုပ်မဖြစ်ရင် ငါ မင်းဆိုင်ကို တကယ်ကြီး ဖျက်ဆီးပစ်မှာနော်…” ဆေးရောင်းနေသည့်လူမှာ မှော်ဆရာတစ်ဦး ဖြစ်ပါသော်ငြား ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်မှာမူ သိပ်၍ အရေးစိုက်မနေခဲ့ပေ။ ဤနေရာသည် နှင်းရေခဲမြို့တော်ဖြစ်သည်။ ထို့အပြင် ဤနေရာ၌ နှင်းရေခဲကလန်မှ သူတို့၏ကလန်သားများလည်း ရှိနေကြသည်။ ထို့အတွက်ကြောင့် ပြင်ပမှလာသည့် မှော်ဆရာတစ်ဦးသည်သာ ဤနေရာရှိ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်၍ သူတို့အား လာရန်စနေမည်ဆိုပါက သူတို့အနေဖြင့် ထိုလူအပေါ် အလွယ်လေး သက်ညာပေးနေမည်မဟုတ်ချေ။

“အဲ့ဒါဆို ဘာတွေတုံ့ဆိုင်းနေသေးတာလဲ… မြန်မြန်စမ်းကြည့်လိုက်လေ…” ရန်ကိုင်က စိတ်အားထက်သန်စွာဖြင့် တိုက်တွန်းလိုက်လေသည်။

ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင် ခေါင်းညိတ်လိုက်သည်။ ရန်ကိုင်ဆိုင်ရှေ့၌ ဆောင့်ကြောင့်ထိုင်၍ ဆေးကို စမ်းတော့မည်အပြု ရုတ်တရက် သူ့နှာခေါင်းထဲ တိုးဝင်လာသည့် အောက်သိုးသိုးအနံ့ကြောင့် လူရိုင်းမျိုးနွယ်စုဝင် တုံ့ဆိုင်းသွားခဲ့လေသည်။ ရန်ကိုင်၏ ကျောက်တုံးအိုးများထဲရှိ အရာသည် တကယ်ကို ဆေးမှ ဟုတ်ပါလေရဲ့လား သူ့စိတ်ထဲ သံသယဝင်နေမိသည်။

ရန်ကိုင်သည် သူ၏ကျောင်းသားတစ်ယောက်ကို သင်ကြားပေးနေသည့်အလား ရှင်းပြလိုက်လေသည်။ “ဆေးကောင်းဆိုတာ အရသာဆိုးတယ်… ကျုပ်ရဲ့ဆေးက အနံ့မကောင်းပေမယ့် အာနိသင်ကတော့ မေးနေစရာတောင်မလိုဘူး…”

“မင်းပြောသလို ဖြစ်ပါစေပေါ့ကွာ… မဟုတ်ရင်တော့… ဟမ့်…” ထိုသို့ပြောပြီးသည့်နောက်တွင် ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်မှာ ဆုံးဖြတ်ချက်ချလိုက်သည့်အလား ရန်ကိုင်၏ ဆေးအိုးထဲရှိ ဆေးအဆီအနှစ်အချို့ကို ဖဲ့ယူ၍ ရန်ကိုင်ညွှန်ကြားသည့်အတိုင်း သူ့ဒဏ်ရာအပေါ် သေသေချာချာ သုတ်လိမ်းလိုက်လေသည်။

သူ့ဒဏ်ရာမှာ တစ်တောင်ခန့် အရှည်ရှိပြီး အသားထဲသို့ အတော်လေး နက်ဝင်နေသည်။ ဤကဲ့သို့သော ဒဏ်ရာမျိုးသည် ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်တစ်ဦးအတွက် ဘာမှမပြောပလောက်ပါသော်ငြား မကုဘဲ ဤအတိုင်း ထားလိုက်မည်ဆိုလျှင်တော့ ပြဿနာတော့ ရှိနိုင်ပေသည်။

စေးပျစ်ပျစ် အဆီအနှစ်များကို သူ့ဒဏ်ရာပေါ်သို့ သုတ်လိမ်းလိုက်ပြီးသည့်နောက် ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင် မျက်ခုံးပင့်သွားခဲ့သည်။ တစ်ချိန်တည်းတွင်လည်း သူ့မျက်နှာထက် အံ့အားသင့်ရိပ်တို့ ထွက်ပေါ်လာခဲ့လေသည်။ သူ့အပေါင်းအပါများမှာတော့ ရန်ကိုင်၏ဆေး အမှန်တကယ် အလုပ်ဖြစ်မလားဆိုသည်ကို သိချင်ဟန်ဖြင့် သေသေချာချာကို ကြည့်နေခဲ့သည်။

ဆေးကို ဒဏ်ရာပေါ် လိမ်းလိုက်ပြီးသည့်နောက် လိမ်းထားသည့် နေရာတစ်ဝိုက် အေးစိမ့်စိမ့် ဖြစ်သွားသလို ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင် ခံစားလိုက်ရလေသည်။ ထို့နောက်တွင် သူခံစားနေရသည့် နာကျင်မှုမှာ သိသိသာသာကို လျော့ကျသွားခဲ့ပြီး သူ့ဝမ်းဗိုက်နေရာဆီမှ ထူးဆန်းသည့် ခံစားချက်တစ်မျိုး ရလာသဖြင့် ငုံ့ကြည့်လိုက်လေရာ သူ့မျက်လုံးများ ပြူးကျယ်သွားခဲ့ရလေသည်။

အသားထဲသို့ အတော်လေးနက်ဝင်နေသည့် သူ့ဒဏ်ရာကြီးမှာ ရုတ်တရက်ဆိုသလို ရွစိရွစိ ဖြစ်လာပြီး အသားသစ်များ ထွက်ပေါ်လာခဲ့လေသည်။ အတော်လေးကိုမှနက်သော ဒဏ်ရာကြီးမှာ အလွန်တရာကိုမှ မြန်ဆန်လှသည့်နှုန်းဖြင့် ပြန်ကောင်းလာနေခဲ့လေရာ မကြာမီတွင် အမာရွတ်သာ ကျန်တော့လေသည်။

ထိုလူ၏ဒဏ်ရာကို စိုက်ကြည့်နေသည့် သူ့အပေါင်းအပါများမှာလည်း ထိုအဖြစ်အပျက်ကြောင့် မျက်လုံးအပြူးသား ဖြစ်သွားကုန်ကြလေသည်။

ထွက်သွားရန်ပြင်နေသော ရန်ကိုင်ဘေးနားရှိ ဆိုင်ရှင်ပင်လျှင် ထိုမြင်ကွင်းအား မျက်လုံးအပြူးသားဖြင့် ကြောင်ကြည့်နေလေသည်။ သူမြင်နေရသည့်အရာကို မယုံကြည်နိုင် ဖြစ်နေသည့်အလား မျက်လုံးများကို သေသေချာချာထပ်ပွတ်၍ နောက်တစ်ကြိမ် ထပ်ကြည့်ပြန်လေသည်။ သို့သော်ငြား ဘာမှပြောင်းလဲသွားခြင်းမရှိ။ ထိုထူးဆန်းသည့် အဖြစ်အပျက်သည် လမ်းသွားလမ်းလာများ၏ အာရုံကိုလည်း ဆွဲဆောင်သွားခဲ့သည်။ ထို့‌ကြောင့် တဖြည်းဖြည်းနှင့် ဒဏ်ရာရထားသည့် ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်အနားတွင် လူများ စုပြုံလာခဲ့ကြကာ အကုန်လုံးသည် သူ့ဒဏ်ရာအား စိတ်ဝင်တစားဖြင့် ကြည့်နေကြလေသည်။

တစ်နာရီခန့်ကြာပြီးသည့်နောက်တွင် ဒဏ်ရာရထားသည့် ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်မှာ သူ့ဝမ်းဗိုက်ရှိ ဒဏ်ရာအား ငေးကြောင်ကြောင်ဖြင့် ပွတ်သပ်ကြည့်မိလိုက်သည်။ သူ့လက်ဖြင့် သွားထိမိလိုက်သည့်အခိုက် ခြောက်ကပ်နေသော ဆေးကြွင်းဆေးကျန်အချို့နှင့် သွေးခြောက်များ ပဲ့ကျလာခဲ့ပြီး တစ်တောင်ခန့်အလျားရှိသော အမာရွတ်ကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဒဏ်ရာမှာ လုံးဝကြီး ပြန်ကောင်းသွားခဲ့ခြင်း မရှိပါသော်ငြား ဒဏ်ရာတစ်ခုလုံးအား ယခုကဲ့သို့ မှော်ဆန်ဆန် ပျောက်ကင်းသွားအောင် လုပ်နိုင်သည့် အချက်ကပင်လျှင် လူတိုင်းအား အံ့ဩတကြီး ဖြစ်သွားစေခဲ့လေသည်။ တကယ်တော့ ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်ရထားသည့် ဒဏ်ရာမှာ ပုံမှန်အတိုင်းသာဆိုပါက ပျောက်ကင်းရန် အတော်လေးကိုမှ အချိန်ယူရလိမ့်မည် မဟုတ်ပေလော။

“တကယ်ကြီး အလုပ်ဖြစ်တာပဲကွ…” ရန်ကိုင်၏ဆေးကို လာရောက်စမ်းသပ်ကြည့်သော ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်မှာ ရန်ကိုင်အား မီးတောက်မတတ်အကြည့်ဖြင့် စိုက်ကြည့်လိုက်လေသည်။ သူ့မျက်လုံးထဲ ကျေးဇူးတင်သည့်အရိပ်အယောင်၊ လေးစားအားကျသည့်အရိပ်အယောင်တို့ ထွက်ပေါ်နေခဲ့သည်။

ရန်ကိုင်ကမူ ဘာမှပြန်မပြောခဲ့ဘဲ ပြုံးသာ ပြုံးပြလိုက်လေသည်။ (အလုပ်ဖြစ်ရမှာပေါ့… ငါဖန်တီးထားတဲ့ ဆေးပဲဟာကို…)

ကံမကောင်းစွာဖြင့် ရန်ကိုင်ဖန်တီးလိုက်သည့်ဆေးမှာ အားကောင်းလှသည့် အသက်စွမ်းအင်နှင့် မြောက်မြားလှသော သွေးချီကို ပိုင်ဆိုင်ထားသော ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်များအတွက်သာ အသုံးဝင်ပေသည်။ အပြင်လောကကြီးထဲရှိ ကျင့်ကြံသူများသည်သာ ထိုဆေးအား အသုံးပြုမည်ဆိုပါက ဤမျှ အစွမ်းထက်လိမ့်မည် မဟုတ်ချေ။ အကြောင်းမှာ ထိုဆေးသည် သွေးချီကို လှုံ့ဆော်၍ ဒဏ်ရာကျက်သည့်နှုန်းကို မြှင့်တင်လိုက်သည့် အတွက်ကြောင့်သာ ဖြစ်ပေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် မြောက်မြားလှစွာသော သွေးချီအား ပိုင်ဆိုင်ထားသည့် ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်များသာ ဤဆေးအား အကျိုးရှိရှိ အသုံးချနိုင်ခြင်းပင်။

“မင်းက သမားတော်တစ်ယောက်လား…” ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်က မေးလိုက်လေသည်။

“ဟုတ်တယ်ထင်တာပဲ…”

ထိုစကားကိုကြားသည့်အခါ မည်သူမျှ ရန်ကိုင်အား အထင်အမြင်တသေးဖြင့် မကြည့်ကြတော့ချေ။ ရန်ကိုင် မည်သို့ပင် ဖြစ်နေစေကာမူ သမားတော်တစ်ဦးသည် လေးစားထိုက်သည့်ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားပေသည်။ ထို့နောက်တွင် ရန်ကိုင်သည် သူ့ဘေးနား၌ စုပြုံနေသော လူအုပ်ကြီးကို ပြုံးကာ ကြည့်လျက် ပြောလိုက်လေသည်။ “စစ်သည်တော်တွေဆိုတာ အမြဲတမ်း တိုက်ပွဲတွေ တိုက်ခိုက်နေရတာ… မင်းတို့သာ လွင်တီးခေါင်ပြင်တစ်ခုမှာ ဒဏ်ရာရသွားမယ်ဆိုရင် မင်းတို့ရဲ့တိုက်ပွဲစွမ်းရည်က သိသိသာသာကို လျော့ကျသွားမှာပဲ… ဒါပေမယ့် မင်းတို့သာ ဒီဆေးကို ဆောင်ထားမယ်ဆိုရင် ဒဏ်ရာရသွားရင်တောင် မင်းတို့ရဲ့ တိုက်ပွဲဝင်စွမ်းရည် လျော့ကျသွားမှာကို စိတ်ပူနေစရာမလိုတော့ဘူး… ဒီဆေးကို မင်းတို့ဒဏ်ရာပေါ် လိမ်းလိုက်တာနဲ့ ဒဏ်ရာက ချက်ချင်း ပျောက်ကွယ်သွားပြီးတော့ မင်းတို့ရဲ့ တိုက်ပွဲစွမ်းရည်တွေကို ချက်ချင်း ပြန်ရလာမှာ… ငါ နှင်းရေခဲမြို့ကို ပထမဦးဆုံးအကြိမ် ရောက်ဖူးတာဆိုတော့ ပထမဦးဆုံးအကြိမ်အနေနဲ့ မင်းတို့ကို ဈေးလျော့လျော့ပေါ့ပေါ့လေးနဲ့ ရောင်းပေးမယ်…”

ရန်ကိုင်၏ဆေးစွမ်းရည်ကို မစမ်းသပ်ရသေးခင်က မည်သူမျှ ရန်ကိုင်၏ဆေးကို အလိုမရှိကြ။ သို့သော်ငြား ရန်ကိုင်၏ဆေးစွမ်းရည်ကို မြင်ပြီးသည့်နောက် မည်သူမျှ ရန်ကိုင်၏ဆေးအာနိသင်အပေါ် မယုံသင်္ကာ မဖြစ်ကြတော့ချေ။

ထို့အပြင် ဤသမားတော်ပြောသည်မှာလည်း မှန်ပေသည်။ သူတို့ကဲ့သို့ ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်များ လွင်ထီးခေါင်ပြင်ကြီးထဲ ဒဏ်ရာရသည့်အခါ အတော်လေးကိုမှ ပြဿနာရကြသည်။ ရှေးဦးပြုစုသည့် နည်းလမ်းများကို သိထားကြပါသော်ငြား ထိုရှေးဦးပြုစုသည့် နည်းလမ်းများမှာ ရန်ကိုင်၏ လက်ရှိဆေးနှင့် မည်ကဲ့သို့များ ယှဉ်နိုင်ပါမည်နည်း။ သူတို့တွင်သာ ဤကဲ့သို့သော ဆေးမျိုး ရှိနေပါက သူတို့၏ဒဏ်ရာကို အချိန်မရွေး ကုသနိုင်ပေသည်။ ထို့အပြင် ဒဏ်ရာကျက်သည့်နှုန်းမှာလည်း အလွန်ကိုမှ မြန်ဆန်လှသည်။

“ဒါကို ဘယ်လောက်နဲ့ရောင်းမှာလဲ…” တစ်ယောက်ယောက်က ချက်ချင်း ကောက်မေးလိုက်လေသည်။

“အိုးတစ်အိုးကို သစ်စိမ်းဆယ်ပြား…” ရန်ကိုင်သည် ဈေးနှုန်းအား ယခင်ကတည်းက ကြိုစဉ်းစားထားပြီးသားပင်။

သစ်စိမ်းဆယ်ပြား ဈေးလည်းမနည်းသလို ဈေးလည်းမများပေ။ မည်သည့် အရွယ်ရောက်ပြီးသား ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်မဆို ထို‌ဈေးနှုန်းကို တတ်နိုင်ပေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်အနေဖြင့် ဤနှုန်းဖြင့်သာ ရောင်းချမည်ဆိုပါက အကျိုးအမြတ်များစွာ ရနိုင်ပေသည်။

ရန်ကိုင်ထင်ထားသည့်အတိုင်းပင် ရန်ကိုင်မှ ဈေးနှုန်းကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် လူပေါင်းများစွာမှာ ‘ငါတစ်အိုးယူမယ် ငါတစ်အိုးယူမယ်’ ဟု အလုအယက် အော်ဟစ်ကြတော့လေသည်။

သူ့ရှေ့ရှိလူများကို ကြည့်ရင်း ရန်ကိုင် အပြုံးကြီး ပြုံးလိုက်လေသည်။

ရန်ကိုင်ယူဆောင်လာသည့် ဆေးအိုးများမှာ ဆယ့်ငါးမိနစ်အတွင်း ရောင်းလို့ကုန်သွားခဲ့သည်။ ဆေးအိုးကို ရလိုက်သည့်လူများမှာ ဝမ်းသာနေကြပြီး မရလိုက်သည့်လူများမှာတော့ အတော်လေးကိုမှ စိတ်ဓာတ်ကျနေကြလေသည်။

ရန်ကိုင်သည် သူ့ပစ္စည်းများကို သိမ်းဆည်း၍ ပြုံးကာ ပြောလိုက်လေသည်။ “ဒီနေ့အတွက် ဆေးကတော့ ရောင်းလို့ကုန်သွားပြီ… ထပ်ဝယ်ချင်သေးတယ့်လူတွေ ရှိလို့ရှိရင် မနက်ဖြန်ကြရင် စောစောလာခဲ့ကြနော်…”

ရန်ကိုင် လှည့်ထွက်သွားသည်ကို သူ့ဘေးနားမှ ဆိုင်ပိုင်ရှင်မှာ မနာလိုအားကျစွာဖြင့် ကြည့်နေခဲ့လေသည်။

ဆေးတစ်ကြိမ် ရောင်းချရငွေသည် ရန်ကိုင်၏ ပိုင်ဆိုင်မှုများကို ဆယ်ဆမက မြင့်တက်သွားစေခဲ့လေသည်။

ရန်ကိုင်သည် ယခင်နည်းအတိုင်း သစ်စိမ်းပြားများကိုသုံး၍ ဆေးပင်များကို ဆိုင်ပေါင်းများစွာတွင် လိုက်လံဝယ်ယူကာ သူ၏ သစ်လိုဏ်ဂူကို ပြန်လာပြီး ဆေးများကို ပြန်လည်ဖော်စပ်လေသည်။

နောက်တစ်နေ့ ဆေးဆိုင်ပြန်လာဖွင့်သော် သူ့ဆိုင်ရှေ့၌ လူပေါင်းများစွာ စုဝေးနေကြောင်း တွေ့လိုက်ရသည်။ ထိုလူများမှာ မနေ့က ဆေးအိုးများ မဝယ်လိုက်နိုင်သည့် လူများ ဖြစ်ကြသလို ကောလဟာလများကြားပြီး ရောက်လာကြသည့် လူများလည်း ရှိပေသည်။

နှင်းရေခဲမြို့တွင် ထူးဆန်းသည့် သမားတောင်တစ်ဦး ပေါ်လာခဲ့သည်။ သမားတော်ပြုလုပ်သည့် ဆေးသည် ပြင်ပဒဏ်ရာများကို လျင်မြန်စွာ ပျောက်ကင်းစေနိုင်ပေသည်။ တစ်ယောက်စကား တစ်ယောက်နားမှတစ်ဆင့် ပျံ့သွားခဲ့ရာ မကြာမီ ထိုအကြောင်းကို တစ်မြို့လုံး သိသွားကုန်ကြလေသည်။ ထို့အပြင် ရန်ကိုင်၏ ဆေးစွမ်းရည် မှန်မမှန်ကို နှင်းရေခဲကလန်မှ ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်များကလည်း ထောက်ခံပေးထားကြသည့်အတွက်ကြောင့် အကုန်လုံးမှာ ရန်ကိုင်အား ယုံကြည်သွားကြတော့သည်။

ယနေ့ခေတ်လူများသည် အတော်လေးကိုမှ စိတ်ထားဖြောင့်မတ်ကြကာ အကွက်ချကြံစည်မှုမျိုး လုပ်လေ့မရှိကြပေ။ ထိုအကြောင်းကြောင့်ပင်လျှင် ဤသတင်းမှာ အတုဖြစ်သည်ဟု မည်သူမျှ ယုံကြည်ခြင်းမရှိ။ ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်သည် မနေ့ကပြင်ဆင်လာခဲ့သည့် ဆေးအိုးထက် ဆယ်ဆမက ပိုမိုများပြားလှသည့် ဆေးအိုးများကို ပြင်ဆင်လာခဲ့လေသည်။ ဆေးအိုးများမှာ နေ့ဝက်အတွင်း ရောင်းလို့ကုန်သွားခဲ့သည်။ ထိုသို့ဖြင့် ရန်ကိုင်မျှော်လင့်ထားသည့်အတိုင်း ရန်ကိုင်၏ ပိုင်ဆိုင်မှုများမှာ စတင်၍ တိုးပွားလာရတော့သည်။

ဤသို့ဖြင့် ငါးရက် ကုန်ဆုံးသွားခဲ့သည်။ ထိုငါးရက်အတွင်း ရန်ကိုင်မှာ ဆေးအိုးပေါင်းများစွာကို ရောင်းချနိုင်ခဲ့လေသည်။

ရန်ကိုင်သည် သူရရှိထားသည့် ငွေကြေးပမာကို တွက်ချက်ကြည့်လိုက်သည်။ ဤနှုန်းအတိုင်းသာဆိုပါက နောက်ထပ် လဝက်လောက်သာ ဆေးအိုးများကို ထပ်ရောင်းစရာ လိုတော့ပေလိမ့်မည်။ ထိုသို့ဖြစ်လာသည့်အခါ သူ့တွင် သူလိုအပ်သည့် မွန်းစတားအမြုတေများကို ဝယ်ယူနိုင်မည့် သစ်စိမ်းပြား အလုံအလောက် ရှိလာပေလိမ့်မည်။ သူသည်သာ သူ့အဆင့်အား မှော်သခင်အဆင့်သို့ တိုးမြှင့်နိုင်မည်ဆိုပါက လုံးဝကို အဆင်ပြေသွားခဲ့လေပြီ။ မူလက ရှိနေခဲ့သော ပစ္စည်းများကို အသုံးချ၍ သူ့ကျင့်ကြံခြင်းကို တစ်ဆင့်ခြင်း မြှင့်တင်နိုင်ပေသည်။

တစ်နေ့၌ ရန်ကိုင်မှ သူ့ဆေးများကို ရောင်းပြီး၍ ဆေးအမယ်များ ဝယ်ရန်အတွက် နှင်းရေခဲမြို့ထဲ လှည့်ပတ်ကြည့်နေရင်း ရုတ်တရက် မျက်မှောင်ကျုံ့သွားခဲ့လေသည်။ ထို့နောက် သူ့ခါးကို လှမ်းစမ်းကြည့်လိုက်ရာ သူ၏ သစ်စိမ်းပြားများကို ထည့်ထားသည့် အိတ်ကို မတွေ့ရတော့ကြောင်း တွေ့ရှိသွားရသဖြင့် ရန်ကိုင်မျက်နှာ သုန်မှုန်သွားခဲ့လေသည်။

ထိုအိတ်ကလေးထဲတွင် သူ ယနေ့ ဆေးများကို ရောင်းရသည့် သစ်စိမ်းပြားများ ထောင်နှင့်ချီကာ ထည့်ထားခဲ့သည်။ ကံကောင်းစွာဖြင့် သူပိုင်ဆိုင်မှုအများစုကို သူ၏ သစ်လိုဏ်ဂူထဲတွင်သာ သိမ်းထားခဲ့ပေသည်။ သစ်လိုဏ်ဂူ၏ လုံခြုံရေးနှင့်ပတ်သက်၍ ဘာမှ စိတ်ပူစရာမလို။ သို့သော်ငြား ယနေ့ ရောင်းရသမျှ ပစ္စည်းအားလုံးကို ဆုံးရှုံးလိုက်ရသည့်အတွက်ကြောင့် ရန်ကိုင် အတော်လေး ဒေါသထွက်သွားခဲ့ရသည်။

(သူခိုးလား… ဒီခေတ်မှာလည်း သူခိုးတွေရှိတာလား…) သူ့အိတ်ကလေးအား လုံးဝ ရှာမတွေ့တော့သည့် အတွက်ကြောင့်သာ မဟုတ်ပါက ဤခေတ်တွင် သူခိုးရှိလိမ့်မည်ဟု ရန်ကိုင် ယုံကြည်နိုင်လိမ့်မည် မဟုတ်ချေ။ ဤကမ္ဘာငယ်လေးထဲသို့ စရောက်ပြီးသည့်အချိန်မှစ၍ ရန်ကိုင်တွေ့ခဲ့ဖူးသည့် ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်အားလုံးမှာ ဖော်ရွေလျင်ဖော်ရွေ မဖော်ရွေပါကလည်း ရိုးသားဖြောင့်မတ်သည့်လူများချည်းသာ ဖြစ်ကြသည်။ ထို့အတွက်ကြောင့် ယခုကဲ့သို့သော နေရာမျိုးတွင် သူခိုးတစ်ယောက်ကို လာတွေ့ရလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ချေ။

တစ်ခဏလောက် သတိလက်လွတ် ဖြစ်သွားသည့် အခိုက်တွင်ပင် ရန်ကိုင်သည် သူ ယနေ့ရောင်းရသမျှ အဖိုးတန်ငွေကြေးအားလုံးကို ဆုံးရှုံးလိုက်ရလေသည်။ (ကျက်သရေတုံးလိုက်တာကွာ… ငါ့လို ဧကရာဇ်အဆင့်ပညာရှင်တစ်ယောက်က ပိုက်ဆံအခိုးခံရတယ်လို့… တကယ်ကို ကျက်သရေတုံးလိုက်တာ…)

ထို့နောက်တွင် ရန်ကိုင်သည် လူအုပ်ကြီးအား ဝေ့ကြည့်လိုက်သည်။ ချက်ချင်းဆိုသလို ရန်ကိုင်၏အကြည့်သည် လူအုပ်ကြီးထဲ တိုးဝင်ကာ သွားလာနေသော ထွားကျိုင်းသည့် ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်တစ်ဦးဆီသို့ ရောက်သွားခဲ့သည်။ ထိုလူမှာ တစ်ကိုယ်လုံးကို လုံခြုံအောင် ဝတ်ထားလေရာ အဝေးမှလှမ်းကြည့်မည်ဆိုပါက ယောကျ်ားလား မိန်းမလား ဆိုသည်ကိုပင် ခွဲတတ်လိမ့်မည်မဟုတ်ပေ။ ထိုလူ၏ပုံစံသည် အလွန်ကိုမှ သံသယဝင်ဖွယ်ရာ ကောင်းလှသည်။ ထို့အတွက်ကြောင့် ရန်ကိုင်လည်း ထိုလူနောက်သို့ မသိမသာလေး လိုက်သွားခဲ့လေသည်။ ထိုလူကိုယ်တိုင်မှာလည်း အတော်လေးကိုမှ သတိထားလှသည်။ လူအုပ်ကြီးထဲ တိုးဝှေ့သွားရင်း ဟိုမှသည်သို့ တစ်နာရီခန့်ကြာအောင် လျှောက်ပတ်သွားနေခဲ့လေသည်။ နောက်ဆုံး တစ်နာရီခန့် ကြာသွားသည့် အခါမှသာ လူသူမရှိသည့် ချောင်ကျသည့် နေရာတစ်ခုဆီသို့ ထွက်လာခဲ့လေ၏။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၈၁၈)

ဘာသာပြန်သူ_တိမ်တိုက်

ထို ထွားထွားကျိုင်းကျိုင်း အရပ်ရှည်ရှည် ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်သည် လူသူအရောက်အပေါက်မရှိသည့် နေရာတစ်ခုတွင် ပုန်းပြီးသည့်နောက် သူ၏ အင်္ကျီထဲမှ အိတ်တစ်လုံးကို ထုတ်လိုက်သည်။ ထို့နောက် အိတ်ကို ဖွင့်ကြည့်လိုက်ရာ အထဲရှိ ပစ္စည်းများကို မြင်ပြီးသည့်နောက် ရုတ်တရက် ရယ်သွမ်းသွေးလိုက်လေသည်။ အိတ်ထဲတွင် သစ်စိမ်းပြားများ ထောင်နှင့်ချီကာ ရှိနေလေသည်။ ထိုပမာဏသည် သူ၏ တစ်နှစ်စာ အသုံးစရိတ်ကို အလွယ်လေး ဖာထေးပေးနိုင်ပေသည်။

“မဆိုးဘူးမလား…” ရုတ်တရက်ဆိုသလို အသံတစ်သံ သူ့နောက်ဘက်မှ ထွက်ပေါ်လာသည့်အတွက်ကြောင့် လူထွားကြီးမှာ အလန့်တကြား ထခုန်လိုက်ပြီး အလျင်စလို နောက်သို့ လှည့်ကြည့်လိုက်လေသည်။ စကားပြောလိုက်သည့်လူကို မြင်ပြီးသည့်နောက် သူ့စိတ်ထဲ လိပ်ပြာမလုံချင်သလို ဖြစ်သွားခဲ့သည်။ အကြောင်းမှာ ထိုလူသည် ဤအိတ်ပိုင်ရှင် ဖြစ်နေသည့်အတွက်ကြောင့်ပင်။

ရန်ကိုင်ကဲ့သို့သော အလွန်တရာကိုမှ အားနည်းလှပြီး အကောင်သေးသည့် ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်မှာ ဤနှင်းရေခဲမြို့တော်ထဲ အလွန်ကိုမှ ရှားပါးလှပေသည်။ မည်မျှရှားပါးသလဲဆိုလျှင် ရန်ကိုင်သည် ဤနေရာရှိ မည်သူနှင့်မှ မတူဘဲ တစ်ကိုယ်တည်း ထိုးထွက်နေသည့်လူ ဖြစ်သည်ဟူ၍ပင် ပြော၍ရသည်။

ရန်ကိုင်ကိုမှတ်မိသည့်တိုင် လူထွားကြီးမှာတော့ ဝန်မခံဘဲ ခက်ထန်ကြမ်းကြုတ်သည့် အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “မင်း ဘာလိုချင်နေတာလဲ…”

ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင်မှာ ရယ်ချင်ပတ်ကျိဖြစ်သွားခဲ့ပြီး ပြန်ပြောလိုက်လေသည်။ “ကျုပ်ဆီကနေ ခိုးသွားပြီးတော့များ မသိချင်ယောင် လာဆောင်နေသေးတယ် ဟုတ်လား… တကယ် သိလား… ခင်ဗျားကိုမြင်ပြီးတဲ့နောက်ပိုင်း ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်တွေအပေါ် ထားထားတဲ့ ကျုပ်ရဲ့အထင်အမြင် လုံးဝကို ပြောင်းလဲသွားတယ်…”

“ဘာ… မင်း ဘာတွေ ခိုးတယ်ဆိုပြီး လာပြောနေတာလဲ…”

“ခင်ဗျား အခုလေးတင် အင်္ကျီထဲက ထုတ်လိုက်တဲ့အိတ်လေ…” ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် ပြောလိုက်သည်။

“မင်းဘာပြောနေလဲ ငါ နားမလည်ဘူး…” လူထွားကြီးသည် အိတ်ကို ပြန်သိမ်းလိုက်ပြီး စိတ်မရှည်ဟန်ဖြင့် ပြောလိုက်လေသည်။ “အခြား ဘာမှမရှိရင် ငါသွားတော့မယ်… ငါ့နောက် ဆက်ပြီး လိုက်မနေနဲ့…”

ရန်ကိုင်က ဒေါမာန်တကြီးဖြင့် အော်ရယ်မောလျက် ထပ်ပြောလိုက်လေသည်။ “ခင်ဗျားက တကယ်ကို အရှက်မရှိတဲ့သူခိုးပဲ… သူများပစ္စည်းကို ခိုးပြီးတော့တောင် အထက်စီးလေသံနဲ့ ပြောချင်နေသေးတယ်… ကျုပ် နှင်းရေခဲမြို့က အစောင့်တွေကိုခေါ်ပြီး ခင်ဗျားကို ချက်ချင်း ဖမ်းခိုင်းလိုက်နိုင်တယ်ဆိုတာကို မယုံမရှိနဲ့နော်…”

လူထွားကြီးသည် ရန်ကိုင်အား အထင်အမြင်တသေးဖြင့် ကြည့်လျက် လှောင်ပြုံးပြုံးလိုက်လေသည်။ “အဲ့ဒါဆို သွားခေါ်လိုက်လေ…”

ထိုလူပုံစံကိုကြည့်ရင်း ရန်ကိုင် မင်သက်သွားခဲ့သည်။ သို့သော်ငြား နှင်းရေခဲကလန်၏ အစောင့်များကို ခေါ်ဖို့ရာ လုံးဝမဖြစ်နိုင်ပေ။

ရန်ကိုင်မှာ သူ့အိတ်အား ခိုးသွားသည့်လူသည် ဤလူမှန်း အတည်ပြုနိုင်ခဲ့ပါသော်ငြား သူ့တွင် တစ်ဖက်လူသည် သူ့ပိုက်ဆံများကို ခိုးသွားကြောင်း သက်သေပြနိုင်သည့် အထောက်အထား ရှိမနေခဲ့ပေ။ ထိုအကြောင်းကြောင့် အစောင့်များကို သွားခေါ်နေ၍လည်း အချိန်ကုန်ရုံသာ ရှိပေလိမ့်မည်။ ထို့အပြင် ရန်ကိုင်သည် သူ့ပြဿနာထဲ အခြားလူများကို ဆွဲမသွင်းချင်ပေ။ ထို့အတွက်ကြောင့် ပြန်၍ ပြောလိုက်လေသည်။ “ခင်ဗျားက ရန်မစသင့်တဲ့လူကို လာရန်စလိုက်တာပဲ…”

ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်သည် အေးစက်စက်အမူအယာဖြင့် ပြုံးလျက် “အပိုတွေ လာပြောမနေတော့နဲ့… ဆက်ပြီး ငါ့အချိန်ကို လာဖြုန်းနေမယ်ဆိုရင် ငါ မင်းကို တီးတော့မှာနော်…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်အား ခြိမ်းခြောက်သည့်ဟန်ဖြင့် သူ့လက်သီးကို ဆုပ်ပြလိုက်လေသည်။

သို့သော်ငြား ထိုစကားကို ပြောပြီးသွားသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်မှာ သူ့ဆီသို့ ပြေးဝင်လာနေသည်ကို မြင်လိုက်သည့်အတွက်ကြောင့် လူထွားကြီး၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။

တစ်ချိန်တည်းတွင် တင်းတင်းဆုပ်ထားသည့် လက်သီးတစ်လုံး သူ့မျက်နှာရှေ့တည့်တည့်၌ ပေါ်လာလေ၏။

“သေချင်နေတာပဲ…” ထိုကောင်လေးသည် သူ့ကိုပင် တိုက်ခိုက်ရဲလိမ့်မည်ဟု မထင်ထားသဖြင့် ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင် ဒေါသူပုန်ထသွားခဲ့လေသည်။ သို့တိုင် သူ၏တုံ့ပြန်မှုမှာလည်း နှေးမနေခဲ့။ ချက်ချင်းပဲ လက်သီးတစ်လုံး ပစ်သွင်းလိုက်လေသည်။

လက်သီးချင်း ထိသွားသည့်အခိုက် ရန်ကိုင်မှာ အံ့အားသင့်သွားခဲ့ရလေသည်။ အကြောင်းမှာ ထိုလူထွားကြီး၏ လက်သီးချက်ထဲတွင် မည်သည့် ကြောက်မက်ဖွယ်ရာစွမ်းအင်မှ ကိန်းအောင်းနေခြင်း မရှိသည့် အတွက်ကြောင့်ပင်။ ထို့အစား တစ်ဖက်လူ၏ အကောင်ကြီးကြီး ခန္ဓာကိုယ်ကြီးနှင့် တုတ်တုတ်ခိုင်ခိုင် လက်သီးကြီးမှာ ဟန်ပြတစ်ခုသာ ဖြစ်သည့်အလား။

လူထွားကြီး၏ မျက်နှာထက်တွင်လည်း ကြောက်ရွံ့ရိပ်တို့ ဖြတ်ပြေးသွားခဲ့လေသည်။ ရန်ကိုင်၏လက်သီးချက်ကြောင့် သူ၏ခန္ဓာကိုယ်ကြီးမှာ နောက်သို့ လွင့်စင်ထွက်သွားခဲ့ရသည်။ ရုတ်တရက်ဆိုသလို သူ၏ကြီးမားလှသော ခန္ဓာကိုယ်ကြီးမှာ တွန့်လိမ်လာခဲ့ပြီး သေးသွယ်သွယ် ခန္ဓာကိုယ်လေးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။

“ဘုတ်…”

သေးသွယ်သွယ်ပုံရိပ်လေးတစ်ခုမှာ မြေပြင်ပေါ်သို့ ငါးသေတစ်ကောင်နှယ် ပြုတ်ကျလာခဲ့သည်။ တစ်ချိန်တည်းတွင် သစ်ရွက်စိမ်းတစ်ရွက်မှာလည်း ကောင်းကင်ပေါ်မှ ပြုတ်ကျလာခဲ့လေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင်မှာ မျက်လုံးအပြူးသား ဖြစ်သွားခဲ့ကာ အချိန်အတော်ကြာမှသာ အသိပြန်ဝင်လာနိုင်ခဲ့လေသည်။ သူ့အနေဖြင့် ထိုကဲ့သို့ အံ့အားသင့်သည်မှာလည်း အထူးအဆန်းတော့မဟုတ်။ သူ၏လက်သီးချက်ကြောင့် လူထွားကြီးမှာ မိန်းမငယ်လေးတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည် မဟုတ်ပေလော။ မည်ကဲ့သို့များ ထိုသို့ဖြစ်ရလေသနည်း။ သူ၏လက်သီးချက်သည် မည်သည့်ယောကျ်ားကြီးကိုမှ မိန်းကလေးတစ်ယောက်အဖြစ်သို့ အသွင်မပြောင်းနိုင်ချေ။

ရန်ကိုင်မင်သက်နေစဉ် အတောအတွင်း ကောင်မလေးမှာ မြေပြင်ပေါ်မှ ခက်ခက်ခဲခဲဖြင့် ကုန်းထလာခဲ့လေသည်။ ထို့နောက် ရန်ကိုင်အား ကြောက်ကြောက်လန့်လန့်ဖြင့် ကြည့်လိုက်လေသည်။

ယု သေသေချာချာ ကြည့်လိုက်သည့်အခါမှသာ ဤကောင်မလေးမှာ အသက် ဆယ့်ခြောက် ဆယ့်ခုနှစ်လောက်သာ ရှိသေးမှန်း ရန်ကိုင် သဘောပေါက်သွားခဲ့ရသည်။ ထို့အပြင် သူမ၏ခန္ဓာကိုယ်ဆီမှ မှော်ပညာရှင်တစ်ဦး၏ အရှိန်အဝါတို့လည်း ထွက်ပေါ်နေခဲ့သည်။ သူမ မည်သည့်အဆင့်သို့ ရောက်နေသလဲ ဆိုသည်ကိုတော့ ရန်ကိုင်မသိပေ။ ရန်ကိုင် ဤလောကကြီးထဲသို့ ရောက်လာသည်မှာ ခဏလေးသာ ရှိပေသေးသည်။ ထို့အပြင် မှော်ဆရာများများစားစားနှင့်လည်း မတွေ့ခဲ့ရသေးသည့်အတွက်ကြောင့် မှော်ဆရာများ၏ ကျင့်ကြံခြင်းကို သေသေချာချာ နားမလည်သေးချေ။

လူထွားကြီးမှ ကောင်မလေးသေးသေးလေး အဖြစ်သို့ ပြောင်းလဲသွားသည့်အတွက်ကြောင့် သူမဝတ်စားထားသည့် အဝတ်အစားမှာလည်း လျော့လျော့ရဲရဲ ဖြစ်ကုန်လေသည်။

ကောင်မလေးကိုယ်တိုင်မှာတော့ သူမ၏ ရုပ်ရည်အစစ်အမှန် ရုတ်တရက်ကြီး ပေါ်သွားသည့်အတွက်ကြောင့် အလွန်ကိုမှ ပျာယာခတ်နေခဲ့သည်။ ဘေးပတ်ဝန်းကျင်သို့ အထိတ်တလန့်ဖြင့် လှည့်ပတ်ကြည့်လိုက်ပြီးသည့်နောက် မြေပြင်ပေါ်တွင် ကျနေသော သစ်ရွက်စိမ်းကိုမြင်သော် အမြန်ပြေးကောက်၍ သူမနဖူးပေါ် ကောက်တင်လိုက်လေသည်။ ချက်ချင်းဆိုသလို သူမ၏ သေးသွယ်သွယ်ခန္ဓာကိုယ်လေးမှာ တွန့်လိမ်လာခဲ့ပြီး မူလလူထွားကြီးအသွင်သို့ ပြန်ပြောင်းသွားခဲ့လေ၏။

“ခင်ဗျားက နိုမက်ကလန်ကလား…” ရန်ကိုင် တစ်ခုခုအား ရုတ်တရက် နားလည်သွားခဲ့လေသည်။

“မင်း… မင်း ဘာအပိုတွေပြောနေတာလဲ…” ကောင်မလေးမှ အယောင်ဆောင်ထားသော လူထွားကြီးမှာ ရုတ်တရက် ခေါင်းမာမာဖြင့် ပြန်ပြောလိုက်လေသည်။

“အဲ့လိုကိုး…” ရန်ကိုင်သည် တစ်ဖက်လူအား ပြုံးကာ ကြည့်ရင်းမှ ပြောလိုက်လေသည်။ “ကျုပ် အပိုတွေပြောနေတာ ဟုတ်လား…”

“ဟုတ်တယ်လေ… ဘာနိုမက်ကလန်လဲ… ငါက တိမ်ပျံကလန်ကပဲ…”

“ဟဲ ဟဲ ဟဲ…” ရန်ကိုင် ရုတ်တရက် ရယ်သွမ်းသွေးလိုက်သည်။ ထို့‌နောက် အခြားတစ်ဖက်သို့လှည့်၍ ချက်ချင်း အော်ပြောလိုက်လေ၏။ “ဟေး… ဒီမှာ နိုမက်ကလန်က သူခိုးတစ်ယောက် ရောက်နေတယ်… အားလုံး…”

“ရှင့်ပါးစပ်ကို ပိတ်ထားလိုက်စမ်း…” ကောင်မလေး၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး ချက်ချင်း အင်္ကျီထဲမှ အိတ်တစ်လုံးကို ထုတ်၍ ရန်ကိုင်ဆီသို့ ပစ်ပေးလိုက်လေသည်။ “ကျွန်မ အခု ရှင့်ကို ပြန်ပေးလိုက်ပြီ… အော်နေတာ ရပ်လိုက်ပေတော့…”

ရန်ကိုင်သည် သူ့လက်ထဲရှိ လေပေါ်ပစ်လိုက် ပြန်ဖမ်းလိုက်လုပ်ရင်းမှ ကောင်မလေးကိုကြည့်၍ “ခင်ဗျားက နိုမက်ကလန်သားတစ်ယောက်မဟုတ်ရင် ဘာဖြစ်လို့ ဒီလောက်တောင် စိုးရိမ်နေရတာလဲ…”

ကောင်မလေးက ခေါင်းမာမာဖြင့် ပြန်၍သာ ပြောလိုက်လေသည်။ “ကျွန်မ ဘယ်မှာ စိုးရိမ်လို့လဲ…”

ရွာသူကြီးသည် ကလန်အမျိုးမျိုးအကြောင်း ရန်ကိုင်အား ပြောပြထားခဲ့လေသည်။ ဤခေတ်တွင် ရှိကြသော ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်အားလုံးသည် အားကောင်းလှသော ထွားထွားကျိုင်းကျိုင်းခန္ဓာကိုယ်အား ပိုင်ဆိုင်ထားကြသည့်လူများ ဖြစ်ကြပေသည်။ သို့သော်ငြား ကလန်တစ်ခုမှာတော့ အခြားသောကလန်များနှင့်မတူ။ ထိုကလန်မှလူများသည် တစ်နေရာမှ တစ်နေရာသို့ ခြေဦးတည့်ရာ လျှောက်သွားကြပြီး ကိုယ်ပိုင် အတည်တကျ အိမ်မရှိကြပေ။ ထို့အပြင် ကလန်သားအရေအတွက်မှာလည်း အလွန်ကိုမှ နည်းပါးလှသည်။ ထို့အတွက်ကြောင့် သာမန်လူများအဖို့ ထိုကလန်သားများကို တွေ့ရရန် အတော်ကိုမှ ခဲယဉ်းလှပေသည်။ ထိုမျှလောက်သာဆိုလျှင်တော့ ကိစ္စမရှိ။ အဓိကအချက်မှာ နိုမက်ကလန်သားများသည် လိမ်ညာလှည့်စားတတ်သည့်လူများ ဖြစ်ကြခြင်းပင်။ ထိုအကြောင်းကြောင့်ပင်လျှင် ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်များကြား နိုမက်ကလန်သားများသည် နာမည်ဆိုးဖြင့် ကျော်ကြားသူများ ဖြစ်ကြသည်ဟု ပြော၍ရပေသည်။

ရန်ကိုင်မှာ မြို့ထဲသို့ သွားလေရာတိုင်း အခြားသူများမှ သူ့အား မုန်းမုန်းတီးတီး အထင်အမြင်တသေးဖြင့် ကြည့်ကြသည်မှာ အကြောင်းအရင်းနှစ်ချက်ကြောင့် ဖြစ်လေသည်။ ပထမဦးဆုံးသော အကြောင်းပြချက်မှာ သူ့ခန္ဓာကိုယ်သည် အလွန်ကိုမှ သေးသည့် အတွက်ကြောင့်ပင်။ ထို့အတွက်ကြောင့် သူ့အပေါ် လေးစားစရာမလိုဟု လူတိုင်းက ထင်ကြသည်။ ဒုတိယအကြောင်းအရင်းမှာ လူတချို့သည် ရန်ကိုင်အား နိုမက်ကလန်နှင့် အထင်မှားသွားသည့်အတွက်ကြောင့်ပင်။ လက်ရှိ အခြားလူများမှ ရန်ကိုင်အပေါ် ဆက်ဆံပုံမှာ နိုမက်ကလန်သားများအပေါ် ဆက်ဆံသည့် ပုံစံမျိုး ဖြစ်လေသည်။

ရန်ကိုင်သည် ကောင်မလေးအား ဝိုင်းကြီးပတ်ပတ် လှည့်ပတ်ကြည့်ရင်းမှ စိတ်ဝင်တစားဖြင့် ပြောလိုက်လေသည်။ “နိုမက်ကလန် ဘယ်လောက်ထူးခြားကြောင်းတော့ ကျုပ်ကြားဖူးတယ်… ဒါပေမယ့် အခုမှပဲ အပြင်မှာ တွေ့ဖူးတော့တယ်… ကျုပ်ကို ခင်ဗျားပုံစံလေး နောက်တစ်ကြိမ်လောက် ထပ်ပြပေးပါလား…”

ရန်ကိုင်၏အကြည့်ကြောင့် ကောင်မလေးမှာ ကြက်သီးမွေးညင်းထလာပြီး တုန်တုန်ရီရီလေသံဖြင့် ပြန်ပြောလိုက်လေသည်။ “ရှင်ဘာလိုချင်နေတာလဲ…”

ရန်ကိုင်က ပုခုံးတွန့်လျက် “ခင်ဗျားပုံစံလေး တစ်ချက်လောက် ကြည့်ချင်ရုံပဲ… ကျုပ်ခင်ဗျားကို ဘာမှလုပ်မှာမဟုတ်ဘူး”

“အိပ်မက်သာ မက်နေလိုက်…”

ရန်ကိုင်သည် အသက်ကို ပြင်းပြင်းရှူသွင်းလျက် ထပ်မံ၍ အော်ဟစ်တော့မည်အပြု ကောင်မလေးက ချက်ချင်း ပြန်ပြောလိုက်သည်။ “တော်လောက်ပြီ…”

ကောင်မလေးမှာ ရန်ကိုင်အား ခက်ထန်စွာ စိုက်ကြည့်လိုက်လေသည်။ ရန်ကိုင်ကတော့ ကောင်မလေးအား တပြုံးပြုံးဖြင့်သာ ကြည့်နေခဲ့သည်။ နောက်ဆုံးတွင် ကောင်မလေးလည်း မတတ်သာတော့ဘဲ သူမနဖူးထက်မှ အစိမ်းရောင်သစ်ရွက်ကို ဖယ်လိုက်လေသည်။ ထိုသို့လုပ်လိုက်သည်နှင့်တစ်ပြိုင်နက် ထွားကျိုင်းလှသော သူမ၏ ခန္ဓာကိုယ်မှာ ရုတ်ချည်းဆိုသလို မိန်းမငယ်လေးတစ်ဦးအဖြစ်သို့ ပြန်ပြောင်းသွားခဲ့လေသည်။

“ရှင် ဒီကိစ္စနဲ့ပတ်သက်ပြီး နောင်တရလိမ့်မယ်…” ကောင်မလေးမှာ နှုတ်ခမ်းကို တင်းတင်း ကိုက်ထားခဲ့သည်။ သူမနှင့် ရန်ကိုင်ကြား ကမ္ဘာမကြေ ရန်ငြိုးရန်စတို့ ရှိနေသည့်အလား သူမ၏မျက်လုံးများမှာ အမျက်မီးတောက်တို့ဖြင့် တောက်လောင်နေခဲ့သည်။

“အင်း… အခုမှပဲ ကြည့်ရရှုရ ပိုအဆင်ပြေသွားတော့တယ်… မိန်းကလေးဆို မိန်းကလေးပေါ့… ဘာလို့ ယောကျ်ားပုံစံကြီး အယောင်ဆောင်နေရတာလဲ…” ရန်ကိုင်က ရယ်ရယ်မောမောဖြင့် ပြောလိုက်လေသည်။

ထွားထွားကျိုင်းကျိုင်း လူရိုင်းအမျိုးသမီးများကို မြင်တွေ့ရဖန် များလာလတ်သော ယခုကဲ့သို့ သာမန်မိန်းကလေးတစ်ဦးအား မြင်တွေ့လိုက်ရခြင်းမှာ ရန်ကိုင်အား အတော်လေးကိုမှ သက်တောင့်သက်သာ ဖြစ်သွားစေခဲ့လေသည်။

“ရှင်ကြည့်လို့ဝပြီလား…” ကောင်မလေးက စိတ်မရှည်ဟန်ဖြင့် ပြောလိုက်လေသည်။ ထို့နောက် အစိမ်းရောင်သစ်ရွက်ကို သူမနဖူးပေါ်သို့ ပြန်တင်လိုက်ရာ လူထွားကြီးအဖြစ်သို့ ပြန်လည်ပြောင်းလဲသွားလေ၏။

ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင်ကမူ ခေါင်းတခါခါဖြင့် သက်ပြင်းသာ ချနေခဲ့လေသည်။ ထို့နောက် စိတ်ဝင်တစားဖြင့် မေးလိုက်လေသည်။ “ဒါ ပုံရိပ်ယောင်ပညာရပ်လား… ခင်ဗျားရဲ့မှော်ပညာရပ်ကိုသုံးတုန်းက ဘာဖြစ်လို့ ဘာမှော်စွမ်းအင်မှ ကျုပ်မခံစားမိတာလဲ…”

ကောင်မလေးအနေဖြင့် သူမ၏ပုံစံကို ပြောင်းလဲနိုင်ရခြင်းမှာ ထိုအစိမ်းရောင်သစ်ရွက်ကြောင့် ဖြစ်ပေသည်။ အစိမ်းရောင်သစ်ရွက်ကို သူမနဖူးပေါ်သို့ တင်လိုက်သည်နှင့်တစ်ပြိုင်နက် သူမ၏ခန္ဓာကိုယ်မှာ လူထွားကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ အစိမ်းရောင်သစ်ရွက်ကို ပြန်ဖယ်လိုက်သည်နှင့် တစ်ပြိုင်နက် မိန်းမငယ်လေးအဖြစ်သို့ ပြန်ပြောင်းသွားပြန်လေ၏။ အစကတော့ အစိမ်းရောင်သစ်ရွက်သည် ကောင်မလေးမှ မှော်ပညာရပ်ကို အသုံးပြုရန်အတွက် သုံးထားသော ကြားခံပစ္စည်းတစ်ခု ဖြစ်လိမ့်မည်ဟု ထင်ထားခဲ့ပါသော်ငြား သေသေချာချာ ဆန်းစစ်လေ့လာကြည့်ပြီးသည့်နောက် ထိုသို့မဟုတ်ကြောင်း တွေ့ရှိသွားခဲ့ရလေသည်။

ရှင်းရှင်းပြောရလျှင် ဤအစိမ်းရောင်သစ်ရွက်သည် သစ်စိမ်းပြားတစ်ပြားနှင့် အတူတူသာ ဖြစ်လေသည်။ ဤအစိမ်းရောင်သစ်ရွက်မှာ အမြဲစိမ်းနတ်သစ်ပင်၏ အရွက်တစ်ရွက်သာ ဖြစ်လေသည်။ သို့သော်ငြား အမြဲစိမ်းနတ်သစ်ရွက်ကို ကြားခံအဖြစ် အသုံးချရသည့် မည်သည့်မှော်ပညာရပ်ကိုမှ ရန်ကိုင်မကြားဖူးချေ။

“ရှင်ဘာတွေ ဒီလောက်တောင် စပ်စုနေတာလဲ… ရှင့်ပိုက်ဆံကို ရှင့်ဆီ ပြန်ပေးပြီးသွားပြီ… အခြား ဘာတွေ ထပ်လိုချင်နေသေးတာလဲ…” ကောင်မလေးမှာ အလွန်ကိုမှ စိတ်ညစ်နေခဲ့သည်။ ရန်ကိုင်အား သူမ၏ ရုပ်ရည်အစစ်အမှန်ကို မြင်တွေ့ခွင့် ပြုလိုက်ရခြင်းမှာ သူမ၏ အကြီးဆုံး အမှားတစ်ခု ဖြစ်လေသည်။ ယခုဆိုလျှင် ရန်ကိုင်သည် သူမ၏အားနည်းချက်ကို သိသွားခဲ့ရလေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်မှ တစ်ခုခုအား ပြဿနာရှာလာသည့်အခါ သူမအနေဖြင့် မည်သို့မှ တုံ့ပြန်နိုင်တော့လိမ့်မည် မဟုတ်ချေ။

ကံကောင်းစွာဖြင့် ရန်ကိုင်မှာ သူမထင်ထားသကဲ့သို့ ယုတ်ညံ့စက်ဆုပ်ခြင်းမရှိ။ ခဏမျှ စဉ်းစားနေပြီးသည့်နောက် ရန်ကိုင်က ပြောလိုက်လေသည်။ “ခင်ဗျားနာမည် ဘယ်လိုခေါ်လဲ…”

ကောင်မလေးမှာ တစ်ခဏ တိတ်ဆိတ်သွားပြီးသည့်နောက် ပြန်ပြောလိုက်သည်။ “တီယာ…”

“ကျုပ်နာမည်က အားညိုပဲ…” ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်သည်။

“မှော်ဆရာညို… ကျွန်မ ရှင့်ကိုမှတ်ထားမယ်… ဘာမှမရှိတော့ရင် ကျွန်မ သွားပြီ…” ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်ကလည်း ဘာမှပြန်မပြောသည်ကိုမြင်သော် ကောင်မလေး ချက်ချင်း လှည့်ထွက်သွားလေ၏။

ရန်ကိုင်သည် ကောင်မလေး သူ့မြင်ကွင်းမှ ပျောက်ကွယ်သွားသည်အထိ ထိုကောင်မလေးအား ရပ်ကြည့်နေမိလေသည်။ နောက်ဆုံးတွင် ယဲ့ယဲ့လေးရယ်သွမ်းသွေးလျက် ဆေးဖော်စပ်ရန်အတွက် လိုအပ်သော ဆေးပင်များကို သွားဝယ်လေသည်။

နောက်တစ်နေ့တွင် ရန်ကိုင်သည် ဖော်စပ်ထားပြီးသော ဆေးအိုးများကို သယ်ရင်းမှ သစ်လိုဏ်ဂူထဲမှ ထွက်လာခဲ့သည်။ သို့သော်ငြား ဆိုင်ဖွင့်မည့်နေရာဆီသို့ တည့်တည့်မသွားဘဲ လှည့်ပတ်သွားရင်း အခြားသော သစ်လိုဏ်ဂူတစ်ခုရှေ့သို့ ထွက်လာခဲ့လိုက်သည်။ ထို့နောက် သစ်လိုဏ်ဂူ၏ တံခါးကို ခေါက်လိုက်လေ၏။

မကြာမီ ထိုသစ်လိုဏ်ဂူထဲမှ ခေါင်းတစ်ခေါင်း ပြူထွက်လာခဲ့သည်။ ထိုလူသည် ရန်ကိုင်ကိုမြင်ပြီးသည့်နောက် အထစ်ထစ် အငေါ့ငေါ့ဖြင့် “ရှင်… ရှင် ဘယ်လိုလုပ်ပြီး ကျွန်မ ဒီမှာနေမှန်း သိတာလဲ…”

ဤသစ်လိုဏ်ဂူပိုင်ရှင်မှာ ရန်ကိုင် မနေ့ကတွေ့ခဲ့သော တီယာဆိုသည့်ကောင်မလေးမှလွဲ၍ အခြားမဟုတ်ချေ။

ရန်ကိုင်ကို သူမအိမ်တံခါးဝရှေ့၌ မြင်လိုက်သည့်အခိုက်တွင် ကောင်မလေးမှာ အလွန်ကိုမှ ထိတ်လန့်သွားခဲ့သည်။

“ခင်ဗျား မနေ့တုန်းက ပြန်လာတာကို ကျုပ် မတော်တဆ တွေ့လိုက်တယ်လေ…”

“ရှင် ဘာလိုချင်နေတာလဲ…” တီယာစိတ်ထဲတွင်တော့ သေသာ သေလိုက်ချင်စိတ်များ ပေါက်လာရတော့သည်။ ရန်ကိုင်မှ သူမအား သူခိုးမှန်း သိသွားချိန်မှာပင် ကောင်မလေးမှာ ကြောက်ရွံ့နေခြင်းမရှိခဲ့။ သို့သော်ငြား ရန်ကိုင်မှ သူမသည် နိုမက်ကလန်သားတစ်ဦး ဖြစ်သည်ဟူသော အချက်အား သိထားသည့်အပေါ်တွင်တော့ ကောင်မလေး အလွန်ကိုမှ ကူကယ်ရာမဲ့နေရလေသည်။ သူမအနေဖြင့် ဤနေရာတွင် နေနေသည်မှာ ဆယ်နှစ်ကျော် ရှိနေပြီဖြစ်သည့်တိုင် ယခုမှသာလျှင် အခြားသူတစ်ဦးမှ သူမသည် နိုမက်ကလန်သားတစ်ဦး ဖြစ်ကြောင်းကို သိသွားခဲ့ရခြင်းပင်။

“အဲ့လောက်ကြီးလည်း စိုးရိမ်မနေစမ်းပါနဲ့…” ရန်ကိုင်က ယဲ့ယဲ့လေးပြုံး၍ “ကျုပ် ခင်ဗျားဆီက အကူအညီတစ်ခုလောက် တောင်းချင်လို့…”

“ဘာအကူအညီတောင်းမလို့လဲ…” ကောင်မလေး မျက်မှောင်ကြုတ်သွားခဲ့လေသည်။

“ဒီရက်ပိုင်း ကျုပ် ဆေးတွေရောင်းနေတယ်ဆိုတာကို ခင်ဗျား သိမှာပေါ့ ဟုတ်တယ်မလား… အဲ့ဒါကြောင့်ပဲ ခင်ဗျား ကျုပ်ဆီကနေပြီးတော့ ခါးပိုက်နှိုက်သွားတာလေ…”

ထိုစကားကိုကြားသော် ကောင်မလေး မျက်မှောင်ကြုတ်သွားခဲ့ပြီး တိတ်နေလိုက်လေသည်။

“ဘာပဲဖြစ်ဖြစ် ကျုပ်တောင်းမယ့်အကူအညီက ဒီလောက် မခက်ပါဘူး… ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် သူဖန်တီးထားသော ဆေးများ ထည့်ထားသည့် ကျောက်အိုးများကို ကောင်မလေးလက်ထဲသို့ ထည့်ပေးလိုက်လေ၏။

ကောင်မလေးမှာမူ အိုးများကို မယူဘဲ ရန်ကိုင်ကိုသာ မယုံသင်္ကာဖြင့် စိုက်ကြည့်လျက် ပြန်မေးလိုက်လေသည်။ “ရှင်ဘာလုပ်ချင်နေတာလဲ…”

“ကျုပ်အစား ဒီဆေးတွေကို သွားရောင်းပေး… ဈေးကို ခင်ဗျားသိတယ်မလား… ရောင်းလို့ရတဲ့ငွေရဲ့ တစ်ဆယ်ရာခိုင်နှုန်းကို ခင်ဗျားကိုပေးမယ်…”

ထိုစကားကိုကြားသော် တီယာ၏မျက်လုံးများ တောက်ပသွားခဲ့ပြီး ချက်ချင်း ပြန်မေးလိုက်လေ၏။ “ရှင်တကယ်ပြောနေတာလား…”

“ကျုပ်ပစ္စည်းတွေကို ခင်ဗျားဆီတောင် ပေးပြီးသွားပြီလေ… ဘယ်လိုလုပ်ပြီး တကယ်မဖြစ်ရမှာလဲ…”

ရန်ကိုင်မှ ထိုကဲ့သို့ ပြောလာသည့်အခါ တီယာသည် ရန်ကိုင်ပေးလာသည့် ကျောက်အိုးများကို အလျင်စလို လှမ်းယူလိုက်လေသည်။ သူမစိတ်ထဲတွင်တော့ အလွန်ကိုမှ ဝမ်းသာမြူထူးနေခဲ့လေသည်။ တကယ်တော့ သူမရှေ့ရှိလူသည် ဤဆေးအိုးများကို ရောင်းလိုက်ရုံဖြင့် တစ်နေ့လျှင် သစ်စိမ်းပြားများ ထောင်နှင့်ချီကာ ရှာဖွေနိုင်သည် မဟုတ်ပေလော။ ရောင်းရငွေ၏ တစ်ဆယ်ရာခိုင်နှုန်းမှာ သစ်စိမ်းပြားပေါင်း ရာနှင့်ချီပေသည်။ သစ်စိမ်းပြား ရာနှင့်ချီသည့် ပမာဏမှာ များများစားစားကြီး မဟုတ်ပါသော်ငြား အခြားသူများဆီမှ ခိုးယူပြီး ရှာဖွေနေရခြင်းထက်တော့ ပိုသာပေသေးသည်။

“ဘာဖြစ်လို့လဲ…” တီယာ နားမလည်နိုင် ဖြစ်နေခဲ့သည်။ ရှင်းရှင်းပြောရလျှင် သူမ မည်သူမည်ဝါမှန်း သိသွားပြီးသည့်နောက် ရန်ကိုင်မှ သူမအား ပြဿနာ လာမရှာသည်ကပင်လျှင် သူမအတွက် ကံကောင်းနေပြီဟု ပြော၍ရလေသည်။ ထိုသို့ဖြစ်လေရာ ရန်ကိုင်သည် ဘာကြောင့်များ သူ၏ဝင်ငွေတစ်စိတ်တစ်ပိုင်းကို သူမဆီသို့ ပေးချင်နေရလေသနည်း။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၈၁၉)

ဘာသာပြန်သူ_တိမ်တိုက်

“ရှင် အခြားလူတွေကိုလည်း အခုလိုမျိုး သွားရောင်းခိုင်းလို့ရတာပဲ… ဘာဖြစ်လို့ ကျွန်မကိုမှ လာရောင်းခိုင်းတာလဲ…”

“ဘာဖြစ်လို့လဲဆိုတော့ ဒီမှာ ခင်ဗျားကလွဲပြီး အခြားဘယ်သူ့ကိုမှ ကျုပ်မသိဘူးလေ…” ရန်ကိုင်က ပုခုံးတွန့်ပြလျက် ပြုံးကာ ဆက်ပြောလိုက်လေသည်။ “ပြီးတော့ ခင်ဗျားရဲ့အားနည်းချက်ကို ကျုပ်သိထားတယ်လေ… ဒီတော့ ကျုပ်ငွေတွေကိုယူပြီး ခင်ဗျားလစ်ပြေးသွားမှာကို ကျုပ် စိတ်မပူဘူး…”

တီယာ၏နှုတ်ခမ်း တွန့်ကွေးသွားခဲ့သည်။

ရန်ကိုင်ပြောသည်မှာလည်း အမှန်ပင်။ ရန်ကိုင်မှ သူမ၏အားနည်းချက်ကို သိနေပြီ ဖြစ်သည့်အတွက်ကြောင့် သူမအနေဖြင့် ရန်ကိုင်အား မလှိမ့်တပတ်သွားလုပ်၍ အဆင်မပြေပေ။ သို့‌သော်ငြား ဝင်ငွေ၏ တစ်ဆယ်ရာခိုင်နှုန်းဟူသော ရှေ့မှောက်တွင်တော့ အခြားဘာမှ အရေးမပါတော့ချေ။

တီယာအား ဈေးသွားရောင်းခိုင်းပြီးသည့်နောက်တွင် ရန်ကိုင်သည် နှင်းရေခဲမြို့အလယ်သို့ သွားကာ သူရှာထားသည့် ဆိုင်ကြီးအား ပြန်လိုက်ရှာလေသည်။ ထိုဆိုင်သို့ ရောက်သော် အသင့်ပြင်ဆင်ထားသည့် သစ်စိမ်းပြားပေါင်းများစွာကိုသုံး၍ မွန်းစတားအမြုတေများစွာကို ဝယ်ယူလိုက်လေ၏။

လတ်တလောအတွင်း သူရှာထားသည့် ငွေပမာဏသည် မွန်းစတားအမြုတေများစွာကို ဝယ်ယူဖို့ရာ လုံလောက်ပေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်မှာ တီယာအား သူ့အစား ဈေးရောင်းသွားခိုင်းခြင်း ဖြစ်လေသည်။ တစ်နေကုန်ထိုင်၍ ဈေးဆိုင်ဖွင့်ရသည်မှာ အလွန်ကိုမှ အချိန်ကုန်လှပေသည်။

သစ်လိုဏ်ဂူဆီသို့ ပြန်ရောက်သည့်အခါ ရန်ကိုင်သည် တောကြက်မောက်အရွယ်အစားရှိသော မွန်းစတားအမြုတေကို လက်ထဲတွင် ကိုင်၍ အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။

သူကိုယ်တိုင် တကူးတက ပိုက်ဆံရှာရမည့်အချိန်မှာ ပြီးဆုံးသွားခဲ့လေပြီ။ ယခုအချိန်မှစ၍ တီယာကို ဈေးသွားရောင်းခိုင်းကာ သူကိုယ်တိုင်ကမူ မွန်းစတားအမြုတေများကို ဝယ်ယူ၍ သန့်စင်ဖို့သာ ရှိတော့သည်။ ဤနည်းအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် ဆောင်းကုန်သည်နှင့်တစ်ပြိုင်နက် ရန်ကိုင်သည် မှော်သခင်တစ်ဦး ဖြစ်လာပေလိမ့်မည်။

ရန်ကိုင်သည် မွန်းစတားအမြုတေကို မျိုချ၍ ကျင့်စဉ်ကို လှည့်ပတ်လိုက်လေသည်။ မွန်းစတားအမြုတေ သူ့ဗိုက်ထဲသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် ဝမ်းဗိုက်နေရာဆီမှ မိုးခြိမ်းသံတမျှ ကျယ်လောင်သည့် အသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး သူ့အရှိန်အဝါမှာလည်း အလွန်ကိုမှ မြန်ဆန်သည့်နှုန်းဖြင့် မြင့်တက်လာခဲ့လေသည်။

နေ့လည်ပိုင်းသို့ရောက်သော် ဈေးသွားရောင်းသောတီယာ ပြန်ရောက်လာခဲ့သည်။ ပြောထားသည့်အတိုင်း ဝင်ငွေ၏ တစ်ဆယ်ရာခိုင်နှုန်းကို ယူထားခဲ့ပြီး ကျန်ကိုးဆယ်ရာခိုင်နှုန်းကို ရန်ကိုင်ဆီသို့ ပြန်ပေးလေ၏။ ထို့နောက်တွင် ရန်ကိုင်သည် သူအသင့်ပြင်ထားသော ဆေးအိုးများကို တီယာဆီသို့ ပြန်ပေးလိုက်လေသည်။ သို့သော်ငြား ရန်ကိုင်နှင့် ပြန်တွေ့ချိန် ရန်ကိုင်မှာ အလယ်အလတ်အဆင့် မှော်စစ်သည်တော်တစ်ဦး ဖြစ်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည့်အခိုက် တီယာ အတော်လေးကိုမှ ထိတ်လန့်သွားခဲ့လေသည်။ သူတို့နောက်ဆုံးတွေ့ခဲ့သည်မှာ နေ့တစ်ဝက်သာလျှင် ရှိပေသေးသည်။

(ငါ မနက်တုန်းက သူ့ကိုတွေ့တုန်းက အဆင့်နိမ့်မှော်စစ်သည်တော်တစ်ဦးပါ… ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး အလယ်အလတ်အဆင့် မှော်စစ်သည်တော်တစ်ဦး ဖြစ်သွားရတာလဲ… ငါတို့တွေ့ခဲ့တာမှ နေ့ဝက်လောက်တောင် မရှိသေးဘူး…) သူမစိတ်ထဲ မေးချင်နေသည့် မေးခွန်းပေါင်းများစွာ ရှိနေသည့်တိုင် တီယာကမူ သွားမမေးခဲ့ပေ။ လူတိုင်းလူတိုင်းတွင် လျှို့ဝှက်ချက်ကိုယ်စီ ရှိကြသည်။ ထို့အတွက်ကြောင့် တစ်ဖက်လူ၏ ကိုယ်ရေးကိုယ်တာများကို အရမ်းစပ်စုလွန်း၍ မဖြစ်ပေ။ အထူးသဖြင့် ရန်ကိုင်သည် သူမ၏အားနည်းချက်ကို သိထားသည့် အချိန်မျိုးတွင်ပင်။

ထိုသို့ဖြင့် ရန်ကိုင်တို့နှစ်ဦးမှာ အတိုင်အဖောက်ညီညီဖြင့် ပူးပေါင်း အလုပ်လုပ်နေကြလေသည်။

ရန်ကိုင်သည် ဆေးများကို ဖော်စပ်ရန်အတွက် တစ်နေ့လျှင် အချိန်အနည်းငယ်ပေးကာ ဆေးများကို ဖော်စပ်ပြီးသည့်နောက် မွန်းစတားအမြုတေများကို သွားဝယ်လေသည်။ တီယာကမူ ရန်ကိုင်ပေးလာသည့် ဆေးအိုးများကို သွားရောက်ရောင်းချပေးပြီး ပြန်လာရင်း လိုအပ်သည့် ဆေးအမယ်များကိုပါ တစ်ခါတည်း ဝယ်ယူခဲ့သည်။

အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးနေခဲ့ရာ မကြာမီ တစ်လပြည့်သွားခဲ့လေသည်။

ထိုအချိန်အတောအတွင်း ရန်ကိုင်၏ကျင့်ကြံခြင်းမှာ နောက်တစ်ဆင့်သို့ ထပ်မံဝင်ရောက်နိုင်ခဲ့သည်။ တစ်နေ့လျှင် မွန်းစတားအမြုတေဆယ်ခုနှုန်းဖြင့် သန့်စင်နေခဲ့လေရာ ရန်ကိုင်၏ခွန်အားမှာ လျင်မြန်စွာ တိုးတက်လာနေခဲ့ရလေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ယခုဆိုလျှင် ရန်ကိုင်သည် အဆင့်မြင့်မှော်စစ်သည်တော်တစ်ဦးပင် ဖြစ်နေခဲ့လေပြီ။ မှော်သခင်တစ်ပါး ဖြစ်ဖို့ရာ မဝေးတော့ချေ။ သူ့တွင် လုံလောက်သည့် မွန်းစတားအမြုတေများသာ ရှိနေမည်ဆိုပါက ရန်ကိုင်အနေဖြင့် မှော်သခင်အဆင့်သို့ အလွယ်လေး တက်ရောက်နိုင်ပေသည်။ ထိုသို့ဖြစ်လာသည့်အခါ ကောင်းကင်စိတ်အာရုံကို အသုံးပြုနိုင်ပြီး လက်ရှိကြုံနေရသည့် အခက်အခဲအသွယ်သွယ်ဆီမှ လွတ်မြောက်နိုင်ပေလိမ့်မည်။

ကံမကောင်းစွာဖြင့် နေ့ရက်ကောင်းများမှာ စိန်ခေါ်မှုများနှင့် ပြည့်နေလေ့ရှိသည်မှာ သဘာဝသာဖြစ်လေသည်။ ထိုနေ့တွင် တီယာမှာ ဈေးသွားရောင်း၍ ညနေထိတိုင် ပြန်မလာခဲ့ချေ။ နောက်ဆုံး ညနေစောင်းလောက်မှသာ ရန်ကိုင်ဆီသို့ ပြန်ရောက်လာခဲ့ပြီး ဆေးအိုးများကို သူ့ရှေ့တွင် လာချပေးလိုက်လေ၏။

ရန်ကိုင် အံ့အားသင့်သွားခဲ့ပြီး ပြန်မေးလိုက်လေသည်။ “ဘာဖြစ်လို့ ကုန်အောင်မရောင်းတာလဲ…”

ယခင်နေ့များတွင် ရန်ကိုင်ဖော်စပ်ထားသည့် ဆေးအိုးအားလုံးကို ကုန်စင်အောင် ရောင်းချနိုင်ခဲ့လေသည်။ ယခုမှသာလျှင် တီယာမှာ ရောင်းလို့မကုန်သည့် ဆေးအိုးများကို ပထမဦးဆုံးအကြိမ် ပြန်သယ်လာရခြင်း ဖြစ်သည်။

တီယာက စိတ်ပျက်နေသည့် လေသံဖြင့် “ရှင့်ဆေးကို လိုချင်တဲ့လူတွေက ထပ်မလိုချင်တော့လို့ နေမှာပေါ့… အခုနောက်ပိုင်း ကျွန်မပြန်လာတာ ပိုပိုပြီး နောက်ကျလာတာကို ရှင်သတိမထားမိဘူးလား…”

သူမ၏စကားကြောင့် ရန်ကိုင် အံ့အားသင့်သွားခဲ့သည်။ သို့သော်ငြား သေသေချာချာ စဉ်းစားကြည့်လိုက်သည့်နောက် ထိုကဲ့သို့ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။ ရန်ကိုင်မှာ တစ်ချိန်လုံး ကျင့်ကြံရင်းဖြင့်သာ အချိန်ကုန်နေသည့်အတွက်ကြောင့် တီယာအခြေအနေအပေါ် သေချာအာရုံမစိုက်မိခဲ့ပေ။ ယခု တီယာကိုယ်တိုင် ပြောလာသည့်အခါ သူမပြောသည်မှာ အမှန်ဖြစ်နေကြောင်း သဘောပေါက်သွားခဲ့ရသည်။ မူလကဆိုလျှင် တီယာမှာ ရန်ကိုင်ပေးလိုက်သည့်ဆေးအိုးများကို ကုန်စင်အောင် ရောင်းချရန်အတွက် နေ့တစ်ဝက်သာ အချိန်ယူရလေသည်။ သို့သော်ငြား အချိန်ကြာလာသည်နှင့်အမျှ ထိုဆေးအိုးများကို ကုန်စင်အောင် ရောင်းချရန်အတွက် ပိုပို၍ အချိန်ယူလာရသည်။ ယနေ့ဆိုလျှင် ညနေစောင်းမှသာ ပြန်ရောက်လာခဲ့လေသည်။ သို့တိုင် ဆေးအိုးများကို ကုန်စင်အောင် မရောင်းနိုင်ခဲ့ပေ။

“ကြည့်ရတာ ဝယ်လိုအား သိပ်မရှိတော့ဘူးနဲ့ တူတယ်…” ရန်ကိုင် သူ့မေးစေ့ကို ပွတ်သပ်လိုက်လေသည်။

နှင်းရေခဲမြို့မှာ မသေးလှသလို ဤမြို့ထဲတွင်ရှိနေသော ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်များမှာ အတော်လေးကိုမှ များပြားလှပါသော်ငြား တစ်လအတွင်း ဆေးတစ်မျိုးတည်းကိုသာ ထပ်တလဲလဲ ရောင်းချနေပြီးသည့်နောက် ထိုဆေးအပေါ် ဝယ်လိုအားမှာ လျော့ကျလာခဲ့ရလေသည်။ ထို့အပြင် ‌ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်များအတွက် သစ်စိမ်းပြားများကို ရှာဖို့ရာမှာ မလွယ်ကူချေ။ ထို့အတွက်ကြောင့် ရန်ကိုင်၏ ဆေးအိုးမှာ တစ်အိုးလျှင် သစ်စိမ်းပြားဆယ်ပြားသာ ကျသင့်ပါသော်ငြား လူတိုင်းမှာ သူ့ဆေးအိုးများကို အထိန်းအကွပ်မရှိ ဝယ်ယူလိမ့်မည်မဟုတ်ပေ။

ပုံမှန်အားဖြင့် ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်များမှာ ရန်ကိုင်၏ဆေးအိုးများကို လိုရမယ်ရ သုံးနိုင်ရန်အတွက် သိမ်းဆည်းထားကြပေလိမ့်မည်။ ထိုဆေးအိုးကုန်သွားသည့်အခါမှသာ အသစ်တစ်အိုး ပြန်ဝယ်ပေလိမ့်မည်။ ထိုအကြောင်းကြောင့်ပင်လျှင် အချိန်ကြာလာသည်နှင့်အမျှ ရန်ကိုင်၏ဆေးအိုးများ ဝယ်လိုအား ကျဆင်းလာရခြင်း ဖြစ်လေသည်။

ထိုကိစ္စကို ထိုင်တွေးနေပြီးသည့်နောက် ရန်ကိုင် ခေါင်းညိတ်၍ ပြောလိုက်လေသည်။ “အဲ့ဒါဆို ခဏလောက်နားပြီးတော့ မနက်ကြမှပဲ သွားပြန်ရောင်းလိုက်ပေါ့…”

တီယာမှာ ရန်ကိုင်၏ပြောစကားနှင့် ပတ်သက်၍ ဘာမှ ငြင်းဆန်မနေခဲ့ပေ။ တစ်လလောက် ရန်ကိုင်နှင့်အတူတူ ပူးပေါင်း အလုပ်လုပ်လာပြီးသည့်နောက်တွင် တီယာမှာ ရန်ကိုင်နှင့် ပိုပို၍ ရင်းနှီးလာခဲ့ကာ ရန်ကိုင်အပေါ်လည်း ယခင်ကကဲ့သို့ ကြောက်ရွံ့နေခြင်း မရှိတော့ချေ။ ထို့အတွက်ကြောင့် ချက်ချင်းပဲ ပြန်လှည့်ထွက်သွားလေ၏။

ရန်ကိုင်ကမူ သူ့သစ်လိုဏ်ဂူထဲတွင်သာ မျက်မှောင်ကြုတ်၍ ကျန်ခဲ့လေသည်။ ဝယ်လိုအားမှာ ကျဆင်းလာပြီ ဖြစ်သည့်အတွက်ကြောင့် သူ့ဆေးအိုးများကို ကုန်အောင်ရောင်းဖို့ရာ ပိုပို၍ ခက်လာပေတော့မည်။ ဆေးများကို မရောင်းရပါက ရန်ကိုင်အနေဖြင့် မွန်းစတားအမြုတေများကိုဝယ်ရန် သူ့၌ သစ်စိမ်းပြားအလုံအလောက် ရှိတော့လိမ့်မည်မဟုတ်ချေ။ ထိုအခါ သူမျှော်မှန်းထားသည့် အစီအစဉ်မှာလည်း ဖြစ်မြောက်လာနိုင်တော့လိမ့်မည် မဟုတ်။

သို့တိုင် ရန်ကိုင်တွင် အခုကိစ္စအား မည်ကဲ့သို့ ဖြေရှင်းရမလဲ ဆိုသည်နှင့် ပတ်သက်၍ မည်သည့်အစီအစဉ်မှ ရှိမနေခဲ့ပေ။ နည်းလမ်းတစ်ခုမှာတော့ အခြားမြို့တစ်မြို့ဆီသို့ သွားကာ ရောင်းချရုံပင်။ သို့သော်ငြား ယခုကဲ့သို့ ဆောင်းရာသီထဲ ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်များဖြင့် စည်ကားနေသည့် နှင်းရေခဲမြို့ကဲ့သို့သော မြို့တစ်မြို့ကို မည်သည့်နေရာတွင်များ သွားရှာရပါမည်နည်း။

ရန်ကိုင် မျှော်လင့်ထားသကဲ့သို့ပင် သူ၏ဆေးအိုးများမှာ အချိန်ကြာလာသည်နှင့်အမျှ ပိုပို၍ ရောင်းရခက်လာတော့သည်။ အချို့သောနေ့များတွင်ဆိုလျှင် တီယာမှ အတတ်နိုင်ဆုံး ကြိုးစားသည့်တိုင် ရန်ကိုင်ဖော်စပ်ထားသည့်ဆေးအိုး၏ သုံးပုံတစ်ပုံလောက်ကိုပင် မရောင်းနိုင်ခဲ့ပေ။

ထို့အတွက်ကြောင့် ရန်ကိုင်ဝယ်ယူနိုင်သည့် မွန်းစတားအမြုတေအရေအတွက်မှာလည်း တစ်နေ့ထက်တစ်နေ့ ပိုပို၍ လျော့နည်းလာခဲ့ရသည်။ မှော်သခင်အဆင့်သည် သူနှင့် လက်တစ်ကမ်းတွင်သာ ရှိနေပါသော်ငြား မွန်းစတားအမြုတေအလုံအလောက် မရရှိခြင်းကြောင့် ရန်ကိုင်မှာ သက်ပြင်းအခါခါ ချနေခဲ့ရသည်။

သို့သော်ငြား အခြေအနေမှာ ဤကဲ့သို့ ဖြစ်နေပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်မှာ တစ်ကြိမ်တွင် ခြေတစ်လှမ်းလှမ်းရုံသာ တတ်နိုင်ခဲ့လေသည်။ လတ်တလောတွင် သူဝယ်ယူထားသည့် မွန်းစတားအမြုတေများကို ကုန်စင်အောင် အသုံးပြုပြီးသည့်နောက်မှသာ နောက် ဘာဆက်လုပ်ရမလဲ စဉ်းစားရပေလိမ့်မည်။

တစ်နေ့ ရန်ကိုင်မှာ သူ့သစ်လိုဏ်ဂူထဲနေ၍ ကျင့်ကြံနေစဉ် အကြည့်တစ်စုံမှ သူ့အား စိုက်ကြည့်နေသည်ကို ရုတ်တရက် ခံစားမိလိုက်သည်။ ထိုအကြည့်ကြောင့် ရန်ကိုင်မှာ အလွန်ကိုမှ စိတ်မသက်မသာ ဖြစ်ရ၏။ သို့သော်ငြား ကျင့်ကြံရင်းတန်းလန်း ဖြစ်နေသည့်အတွက်ကြောင့် သူ့အား မည်သူကြည့်နေသလဲ ဆိုသည်ကို လိုက်ရှာမနေခဲ့ပေ။ အစပိုင်းတွင်တော့ သူ့အား တစ်ယောက်ယောက်မှ စိုက်ကြည့်နေသည့်ခံစားချက်မှာ သိပ်၍ မသိသာလှပါသော်ငြား အချိန်ကြာလာသည်နှင့်အမျှ ပိုပို၍ သိသာလာခဲ့သည်။

နောက်ဆုံးတွင် ရန်ကိုင် မျက်လုံးဖွင့်ကြည့်လိုက်လေရာ သူနှင့် မလှမ်းမကမ်းတွင် ရပ်နေသည့် လူတစ်ဦးကို မြင်လိုက်ရပြီး မျက်လုံးမှေးစင်းသွားခဲ့ရသည်။ ထိုလူမှာ ရန်ကိုင်မြင်တွေ့နေကြ ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်များကဲ့သို့ လူကောင်ထွားထွားကြီးမဟုတ်ဘဲ လူအိုကြီးတစ်ဦး ဖြစ်လေသည်။ အိုလွန်းသဖြင့် သင်္ချိုင်းကုန်း ခြေတစ်ဖက်လှမ်းနေသည်ဟုပင် ထင်ရပြီး ထိုလူကြီး၏ ဆံပင်နှင့် မုတ်ဆိတ်မွေးများမှာလည်း ဖြူဖွေးဆွတ်နေခဲ့သည်။ လက်ရှိအချိန်တွင် လူအိုကြီးမှာ ထိုနေရာတွင် ပြုံးကာ ရပ်နေရင်းမှ ရန်ကိုင်အား စိတ်ဝင်တစားဖြင့် ကြည့်နေခဲ့လေသည်။

ရန်ကိုင်ကိုယ်တိုင်သည် အပေါ်ယံတွင် တည်ငြိမ်ချင်ယောင် ဆောင်နေပါသော်ငြား သူ့စိတ်ထဲတွင်တော့ မုန်တိုင်းဝင်နေခဲ့လေသည်။ (ငါ အမြဲစိမ်းနတ်သစ်ပင်ရဲ့ သစ်လိုဏ်ဂူထဲမှာ နေနေတာလေ… အမြဲစိမ်းနတ်သစ်ပင်ရဲ့ ကာကွယ်မှု ရရှိထားတဲ့နေရာမှာ နေနေတာကို ဘယ်လိုလုပ်ပြီး အခြားတစ်ယောက်က ကျူးကျော်လာရတာလဲ… ငါ့ခွင့်ပြုချက်သာမရှိရင် မှော်ဘုရင်၊ မှော်သူတော်စင်တွေတောင် ဒီထဲကို မဝင်လာနိုင်တာ မဟုတ်ဘူးလား… ဘယ်လိုလုပ်ပြီး ဒီလူအိုကြီးက ငါ့ရှေ့မှာ အသံတစ်ချက်တောင် မထွက်ဘဲနဲ့ ပေါ်လာရတာလဲ… သူဘယ်လိုပေါ်လာတာလဲ…)

ကံကောင်းစွာဖြင့် တစ်ဖက်လူသည် သူ့အပေါ် မည်သည့်မကောင်းကြံလိုသည့် ရည်ရွယ်ချက်မှ ရှိမနေခဲ့ပေ။ ထို့အတွက်ကြောင့် ရန်ကိုင်လည်း အပိုတွေလုပ်မနေခဲ့ပဲ လူအိုကြီးကိုသာ မသိမသာလေး ပြန်လေ့လာကြည့်နေလိုက်သည်။

နှစ်ဦးသား အကြည့်ချင်း ဆုံသွားကြလေသည်။ သို့သော်ငြား လူအိုကြီးမှာတော့ ဘာမှမပြောခဲ့ဘဲ ရန်ကိုင်ကို ကြည့်နေရင်းဖြင့်သာ သူ့ဘာသာသူ ခေါင်းတညိတ်ညိတ် လုပ်နေလေ၏။

ရန်ကိုင်မှာမူ လူအိုကြီး၏အကြည့်ကြောင့် အလွန်ကိုမှ စိတ်မသက်မသာ ဖြစ်နေရကာ အဆုံးတွင် မနေနိုင်တော့သည့်အဆုံး၌ မေးလိုက်လေသည်။ “လူအိုကြီး… ဘာဖြစ်လို့ ကျုပ်ခွင့်ပြုချက်မတောင်းပဲနဲ့ ကျုပ်နေတဲ့နေရာထဲကို ဝင်လာရတာလဲ…”

“မင်းနေတဲ့နေရာထဲ ဝင်လာတယ်…” ထိုစကားကိုကြားသော် လူအိုကြီး မျက်ခုံးပင့်သွားခဲ့လေသည်။ “အင်း… မင်းပြောတာတော့ စိတ်ဝင်စားစရာပုံစံမျိုးပဲ… ဒါပေမယ့် ငါဒီမှာရှိနေတယ်ဆိုတာက မင်းနေတဲ့နေရာကို ကျူးကျော်လာတာမျိုးမဟုတ်ဘူးလေ…”

ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် ပြုံးလျက် “ဒီသစ်ပင်လိုဏ်ဂူက ကျုပ်နေတဲ့နေရာပဲ… အခု ခင်ဗျားက ကျုပ်ခွင့်ပြုချက်မတောင်းဘဲ ဒီနေရာထဲကို ဝင်လာတာ… အဲ့ဒါက အခြားလူတစ်ယောက်ပိုင်တဲ့ နေရာထဲ ကျူးကျော်ဝင်ရောက်တာမဟုတ်လို့ ဘာဖြစ်ရမှာလဲ… လူအိုကြီး ခင်ဗျားကြည့်ရတာ သူငယ်ပြန်ချင်နေပြီနဲ့တူတယ်… ကျုပ် အကောင်းပြောနေတုန်း ခင်ဗျား ထွက်သွားလိုက်ရင် ကောင်းလိမ့်မယ်နော်… ကျုပ် ဒေါသထွက်လာတော့မှ အကြီးကို အကြီးမှန်းမသိဘူးဆိုပြီးတော့ အပြစ်မတင်နဲ့…”

“ဘာဖြစ်လို့လဲ… မင်း ငါ့ကို တိုက်ခိုက်ချင်တာလား…”

ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “တစ်ခါတစ်လေကြရင်တော့လည်း အားသုံးဖို့ကလိုတယ်လေ… အကြမ်းနည်းဆိုတာ ပြဿနာတွေကိုဖြေရှင်းတဲ့ နည်းလမ်းတွေထဲက တစ်မျိုးပဲ…”

လူအိုကြီးသည် ယာယီမျှ တိတ်ဆိတ်သွားပြီးသည့်နောက် ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။ “မင်းပြောတာ ယုတ္တိရှိတယ်… အစကတော့ မပြောနိုင်ပေမယ့် အခု မင်းပြောတဲ့ပုံကို ကြည့်ရသလောက်တော့ မင်းက အသက်ကသာငယ်တာ လောကကြီးအကြောင်း တော်တော်လေး အတွေ့အကြုံရှိတဲ့ပုံပဲနော်…”

“လေကြောတွေရှည်မနေတော့နဲ့…” ရန်ကိုင်က သူ့လက်ကို ဝှေ့ယမ်း၍ “မြန်မြန်ထွက်သွားလိုက်ပေတော့… အကောင်းပြောနေတုန်း ထွက်မသွားသေးဘူးဆိုရင် ကျုပ်ကို ရိုင်းလို့ဆိုပြီး လာအပြစ်မတင်နဲ့နော်…”

လူအိုကြီးက ချက်ချင်းပဲ ပြန်ပြောလိုက်လေသည်။ “အိုက်ယား… မင်း ဘာတွေ အဲ့လောက်တောင် ဒေါသထွက်နေရတာလဲ… ငါနိုးလာတုန်းလေး ရင်းနှီးတဲ့အရှိန်အဝါတစ်ခုကို ခံစားမိလိုက်လို့ ဒီတိုင်း တစ်ချက် လာစစ်ဆေးကြည့်တာ… ငါ မင်းအပေါ် ဘာမကောင်းတဲ့ရည်ရွယ်ချက်မှ မရှိဘူး…”

ရန်ကိုင်က အထင်အမြင်တသေးဖြင့် “ခင်ဗျားက တကယ်ကို အပိုစကားတွေ ပြောတတ်တာပဲနော်…”

လူအိုကြီးမှာ မည်ကဲ့သို့ ပြန်ပြောလို့ ပြောရမှန်းမသိ ဖြစ်သွားခဲ့လေသည်။

ထိုအခိုက်အတန့်တွင် သစ်လိုဏ်ဂူအပြင်ဘက်ဆီမှ တံခါးခေါက်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ရန်ကိုင် လှမ်းကြည့်လိုက်ရာ တံခါးအပြင်ဘက်၌ တီယာ မတ်တပ်ရပ်နေကြောင်း တွေ့လိုက်ရလေသည်။ ရန်ကိုင်လည်း ဝမ်းသာသွားခဲ့ပြီး တီယာအား သူ့အခန်းထဲသို့ ချက်ချင်းပဲ ဖိတ်ခေါ်လိုက်သည်။ ရန်ကိုင်သည် တီယာနှင့် အမှန်တကယ် တိုက်ခိုက်ခဲ့ဖူးခြင်း မရှိပါသော်ငြား သူမနှင့် အတူရှိနေစဉ်အတောအတွင်း တီယာသည် အားကောင်းသည့် မှော်ဆရာတစ်ပါး ဖြစ်ကြောင်း သိခဲ့ရသည်။ အနည်းဆုံး တီယာသည် သူ့ထက် အဆင့်များစွာ ပိုမြင့်မားပေသည်။ ယခင်တစ်ကြိမ်က လက်သီးတစ်ချက်ဖြင့် တီယာအား လဲကျသွားအောင် လုပ်နိုင်ခဲ့ရခြင်းမှာ တီယာမှ သူ့အား အထင်သေးခဲ့သည့် အတွက်ကြောင့် ဖြစ်ပေသည်။ တီယာသည်သာ မှော်ပညာရပ်တစ်ခုခုကို ထုတ်သုံးလိုက်မည်ဆိုပါက လက်ရှိ ရန်ကိုင်သည်ပင်လျှင် တီယာ၏ပြိုင်ဘက် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။

(ဒီလောက်အသက်ငယ်ငယ်လေးနဲ့ ဒီအဆင့်ကိုရောက်အောင် သူဘယ်လိုကျင့်ကြံထားလဲမသိဘူး…)

လူအိုကြီး မည်သူပင် ဖြစ်နေစေကာမူ လူအိုကြီးသည် ဘာမှန်းမသိရသော အကြောင်းအရင်းတစ်ခုကြောင့် ရန်ကိုင်၏ သစ်လိုဏ်ဂူထဲတွင် ပေါ်လာခဲ့သည်။ ထိုအတွက်ကြောင့် ရန်ကိုင်မှာ လူအိုကြီးအား ရန်သူအဖြစ် မှတ်ယူထားခဲ့လေသည်။ သို့သော်ငြား သူတစ်ယောက်တည်းနှင့် လူအိုကြီး၏ပြိုင်ဘက် မဖြစ်မည်ကို စိုးရိမ်နေခဲ့ရသည်။ ထို့အတွက်ကြောင့် တီယာရောက်လာသည့်အခါ ရန်ကိုင် အတော်လေး ဝမ်းသာသွားခဲ့ရခြင်းပင်။ နှစ်ယောက်တစ်ယောက်သာဆိုလျှင် အနည်းဆုံးတော့ လူအိုကြီး၏ပြိုင်ဘက် မဖြစ်နိုင်သည့်တိုင် ပြန်လည်၍ ခံတိုက်နိုင်ပေလိမ့်မည်။ သူတို့နှစ်ယောက်ဖြင့်ပင် လူအိုကြီးအား အနိုင်မယူနိုင်လျှင်ပင် ကိစ္စမရှိ။ သူတို့သုံးဦး တိုက်ခိုက်ရာမှ ထွက်ပေါ်လာသည့် အသံများသည် နှင်းရေခဲကလန်သားများကို နိုးနိုးကြားကြား ဖြစ်သွားစေပေလိမ့်မည်။

ကံမကောင်းစွာဖြင့် တီယာမှာတော့ ရန်ကိုင်၏လက်ရှိအခြေအနေကို မသိခဲ့ဘဲ ရန်ကိုင်နေသည့် သစ်လိုဏ်ဂူထဲသို့ ခေါင်းလေးပြူဝင်ကြည့်လိုက်သည်။ ထို့နောက် ဝမ်းနည်းတကြီးဖြင့် ပြောလိုက်လေ၏။ “ဒီနေ့လည်း ရောင်းလို့မကုန်ပြန်ဘူး…”

ထိုသို့ပြောပြီးသည့်နောက် ဆေးအိုးများကို ချပေးလိုက်လေ၏။ သို့သော်ငြား ချက်ချင်းဆိုသလို ရန်ကိုင်၏သစ်လိုဏ်ဂူထဲတွင် ရှိနေသော လူအိုကြီးအား ကြည့်ရင်း မျက်လုံးအပြူးသား ဖြစ်သွားခဲ့လေသည်။

ရန်ကိုင်လည်း တီယာဘက်သို့ လှည့်ကြည့်လိုက်သည်။ တီယာမှာမူ ရန်ကိုင်အား တစ်ချက်မျှပင် လှည့်မကြည့်နေဘဲ လူအိုကြီးကိုသာ ငေးကြောင်ကြောင်ဖြင့် ကြည့်နေလေ၏။ ထို့နောက် အံ့အားသင့်သွားသည့်အမူအယာဖြင့် ပျော်ရွှင်စွာ မေးလိုက်လေသည်။ “အဖိုးချင်… အဖိုး ဘာလို့ ဒီကို ရောက်နေရတာလဲ… ကျွန်မကို လာရှာတာလား…”

ထိုသို့ပြောပြီးသည့်နောက်တွင် လူအိုကြီးဆီသို့ ပြေးသွားပြီး ချိုသာစွာ ပြုံးရင်းမှ လူအိုကြီး၏လက်မောင်းအား တမြတ်တနိုး ပွေ့ဖက်လိုက်လေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင်မှာတော့ လုံးဝကို ကြက်သေသေနေမိသည်။ ထို့နောက် တစ်ကိုယ်လုံး ကြက်သီးမွေးညင်း ထသွားလေ၏။

တီယာသည်သာ မိန်းကလေးပုံစံဖြင့် ထိုစကားများကို ပြောမည်ဆိုပါက ကိစ္စမရှိပါသော်ငြား ယခု သူမလုပ်နေသည့်ပုံစံမှာတော့ အလွန်ကိုမှ ကြက်သီးထစရာ ကောင်းလွန်းလှပေသည်။ ရန်ကိုင်မှာ သူ့မျက်လုံးအား နတ်ရေစင်ဖြင့် ဆေးပစ်ချင်စိတ်များပင် ဖြစ်ပေါ်လာရတော့သည်။ လူထွားကြီးတစ်ဦးမှ အဖိုးကြီးတစ်ဦးအား တယုတယဖြင့် ပွေ့ဖက်နေသည်မှာ အလွန်ကိုမှ ရင်ထဲအသည်းထဲ ယားဖွယ်ရာကောင်းလှသည်။

လူအိုကြီးကမူ ပြုံး၍သာ ပြန်မေးလိုက်လေသည်။ “နင်ရော ဘာလို့ ဒီကိုရောက်နေတာလဲ… နင်တို့ တစ်ယောက်နဲ့တစ်ယောက် သိကြတာလား…”

သူမတို့ ပထမဦးဆုံးအကြိမ် တွေ့ဆုံခဲ့သည့် အဖြစ်အပျက်ကို ပြန်စဉ်းစားမိလိုက်သည့်အလား တီယာ၏မျက်နှာထက် ပုံမှန်မဟုတ်သည့် အမူအယာတစ်ခု ထွက်ပေါ်လာခဲ့သည်။ သို့သော်ငြား ခေါင်းညိတ်၍သာ အမှန်အတိုင်း ပြန်ပြောလိုက်လေသည်။ “ဟုတ်တယ်… ကျွန်မတို့သိကြတာ… သူဖော်စပ်ထားတဲ့ဆေးတွေကိုရောင်းဖို့ ကျွန်မတို့ အတူတူ ပူးပေါင်းထားကြတာလေ… ဒီနည်းနဲ့ ပိုက်ဆံရှာလိုက်တာ သစ်စိမ်းပြား တော်တော်ရလာလိုက်တယ်…”

“ဆေးရောင်းတယ်…” ထိုစကားကိုကြားသော် လူအိုကြီး၏အကြည့်သည် ဆေးအိုးများဆီသို့ ရောက်ရှိသွားခဲ့လေသည်။ ထို့နောက် သူ့လက်ကို ဆန့်ထုတ်လိုက်ရာ ဆေးအိုးတစ်အိုး သူ့လက်ထဲဆီသို့ ပျံသန်းလာခဲ့လေ၏။ သို့တိုင် လူအိုကြီးဆီမှ မည်သည့်စွမ်းအင်အရှိန်အဝါမှ ဖြာထွက်နေခြင်း မရှိချေ။ ထို့နောက်တွင် လူအိုကြီးသည် ဆေးအိုးထဲရှိ ဆေးများကို သေသေချာချာ အနီးကပ်ကြည့်ကြည့်လိုက်သည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၈၂၀)

ဘာသာပြန်သူ_တိမ်တိုက်

ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင်၏အမူအယာ လေးနက်တည်ကြည်သွားခဲ့လေသည်။ လူအိုကြီးမှ ဆေးအိုးအား သူ့ဆီသို့ ဆွဲယူလိုက်ခြင်းသာ ဖြစ်ပါသော်ငြား ထိုကဲ့သို့ ဆွဲယူလိုက်သည်ကို ကြည့်ခြင်းအားဖြင့် မှော်စွမ်းအားအပေါ် လူအိုကြီး မည်မျှ ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်ကြောင်းကို ရန်ကိုင်မြင်တွေ့ခဲ့ရသည်။

အစကတော့ တီယာနှင့်သာ အတူပူးပေါင်းလိုက်မည်ဆိုလျှင် ဤလူငယ်ကြီးအား အနည်းငယ်တော့ ပြဿနာပေးနိုင်မည်ဟု ထင်ခဲ့လေသည်။ သို့သော်ငြား လက်ရှိအခြေအနေကို ကြည့်ရသလောက် သူအလွန်ကိုမှ တုံးအလွန်းခဲ့မှန်း ရန်ကိုင် နားလည်သွားခဲ့ရသည်။

ဤလူအိုကြီးမှာ ပြောမပြနိုင်လောက်အောင်ကို အားကောင်းလွန်းလှပေသည်။

ဤလူအိုကြီးသည် ရန်ကိုင်အား ဒုက္ခပေးချင်သည်ဆိုပါက ရန်ကိုင်အနေဖြင့် လူအိုကြီး၏ တိုက်ကွက်တစ်ကွက်ကိုပင်လျှင် ခုခံနိုင်လိမ့်မည်မဟုတ်ချေ။ တီယာနှင့် ပူးပေါင်းလိုက်မည်ဆိုပါကလည်း ဘာမှ ထူးခြားနေလိမ့်မည်မဟုတ်။

သို့သော်ငြား ဤလူအိုကြီးသည် ရန်ကိုင်ဖော်စပ်ထားသည့် ဆေးအပေါ် အမှန်တကယ်ကို စိတ်ဝင်စားနေခဲ့လေသည်။ ပထမဦးစွာ ဆေးအိုးအဖုံးကို ဖွင့်ကြည့်၍ အနံ့ကို ရှူကြည့်လိုက်သည်။ သို့သော်ငြား ထိုမျှနှင့်ပင် မကျေနပ်နိုင်သေးဘဲ ဆေးအဆီအနှစ်အချို့ကို လက်ဖြင့်သုတ်၍ လျှာနှင့်တို့ကြည့်လိုက်သည်။ ချက်ချင်းဆိုသလို လူအိုကြီးက မျက်ခုံးပင့်လျက် ရန်ကိုင်ကြည့်ကာ ပြောလိုက်လေသည်။ “ဒီဆေးတွေကို မင်းဖော်စပ်ထားတာမလား…”

ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်…”

“တကယ်ကိုမဆိုးဘူးပဲ…” လူအိုကြီးက ချီးကျူးလိုက်လေသည်။ “ဒါပေမယ့် ဒါကို ထပ်တလဲလဲ သုံးလို့ အဆင်မပြေဘူး… မဟုတ်ရင် ဘေးထွက်ဆိုးကျိုးတွေ ကြုံရနိုင်တယ်…”

တစ်ချက်ကြည့်လိုက်ရုံဖြင့် လူအိုကြီးသည် ဤကုသရေးဆေး၏ အားနည်းချက်များကို ရှာတွေ့သွားခဲ့သည်။ သို့သော်ငြား ဤဆေးတွင် ထိုကဲ့သို့သော အားနည်းချက်များ ရှိနေသည်မှာလည်း အထူးအဆန်းမဟုတ်။ ရန်ကိုင်သည် သာမန်ဆေးပင်များကိုသုံး၍သာ ဤဆေးပင်များကို ဖော်စပ်ထားခဲ့ခြင်း မဟုတ်လေလော။ ပုံမှန်အားဖြင့် ဤဆေးသည် ကုသရေးဆေးတစ်မျိုး ဖြစ်ပါသော်ငြား ဆေးကိုယ်တိုင်တွင်တော့ မည်သည့်ကုသရေးစွမ်းအားမှ မယ်မယ်ရရ မရှိချေ။ သို့သော်ငြား ဤဆေးသည် ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်များ၏ ကိုယ်ထဲတွင် ရှိနေသော သွေးချီကို လှုံ့ဆော်ကာ အနာကျက်သည့်နှုန်းကို မြှင့်တင်ပေးနိုင်ပေသည်။ တစ်နည်းဆိုရသော် ဤဆေးသည် သွေးလောင်ကျွမ်းခြင်းပညာရပ်နှင့် တူသည်ဟု ပြော၍ရသည်။ တစ်ကြိမ်နှစ်ကြိမ် အသုံးပြုလျှင် ကိစ္စမရှိပါသော်ငြား ထပ်တလဲလဲအသုံးပြုခြင်းသည် မိမိကိုယ်ကို ပြန်လည်၍ ထိခိုက်စေနိုင်ပေသည်။

သို့သော်ငြား ဤဆေးမှာ အရေးပေါ် အသုံးချရမည့် ဆေးတစ်မျိုး ဖြစ်သည့်အတွက်ကြောင့် ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်များအတွက်တော့ အရမ်းကြီး ပြဿနာမရှိချေ။ မည်သူကမျှ ဤဆေးအား ထပ်တလဲလဲ အသုံးပြုနေလိမ့်မည်မှ မဟုတ်လေပဲ။

“ဒီနေ့ခေတ်သမားတော်တွေ ဒီလောက်ထိတော်လိမ့်မယ်လို့ ငါတကယ် မထင်ထားခဲ့ဘူး…” လူအိုကြီးမှာ ဤကုသရေးဆေးအား အတော်လေးကိုမှ စိတ်ဝင်စားနေသည့်အလား ဆေးအမယ်များကို စတင် ခွဲခြမ်းစိတ်ဖြာတော့သည်။

ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူလျက် ရန်ကိုင်သည် တီယာကို သူ့အနားသို့ဆွဲခေါ်ပြီး တိုးတိုးလေး မေးလိုက်လေသည်။ “ဒီလူအိုကြီးက ဘယ်သူလဲ…”

တီယာက ပြုံး၍ ပြန်ပြောလိုက်သည်။ “အဖိုးချင် ရှင့်ကို မပြောပြဘူးလား…”

ရန်ကိုင် ခေါင်းခါပြလိုက်သည်။

တီယာက ပြန်ပြောလိုက်သည်။ “အဖိုးချင် မပြောပြမှတော့ ကျွန်မလည်း ပြောလို့မရဘူး…”

ရန်ကိုင်က ချက်ချင်းပဲ သူ့လက်ကို ဆန့်ထုတ်ပြလိုက်သည်။ “ဒါဆို ခင်ဗျားရှာထားတဲ့ သစ်စိမ်းပြားတွေ ကျုပ်ဆီပြန်ပေး…”

တီယာမှာ ချက်ချင်းပဲ နောက်သို့ ခုန်ဆုတ်သွားလေ၏။ “မရဘူး… အဲ့ဒါတွေက ကျွန်မအပိုင်…” တီယာသည် ရန်ကိုင်ကိုစိုက်ကြည့်၍ ပြန်ပြောလိုက်သည်။

ရန်ကိုင်က ပြုံးဖြီးလျက် “ကြည့်ရတာ အခြားလူတွေကို ခင်ဗျားရဲ့လျှို့ဝှက်ချက်ကို သိသွားစေချင်တယ်နဲ့တူတယ်…”

ထိုစကားကိုကြားသော် တီယာမှာ အံကိုတင်းတင်းကြိတ်၍ ရန်ကိုင်အား အထင်အမြင်တသေးဖြင့် ကြည့်လျက် “အရှက်မရှိတဲ့ကောင်… အကျင့်မကောင်းတဲ့ကောင်… အရှက်မရှိတဲ့ကောင်…”

ရန်ကိုင်က ရယ်သွမ်းသွေးလျက် “ခင်ဗျား ဒီထက်ပိုပြီး စကားကြွယ်လို့မရတော့ဘူးလား… ဘာလို့ ဒီစကားတွေပဲ ထပ်တလဲလဲ ပြောနေတာလဲ…”

“ကောင်လေးရာ… မင်း ခန့်မှန်းမိနေပြီပဲဟာကို ဘာဖြစ်လို့ တီယာကို သွားစနေသေးတာလဲ…” လူအိုကြီးသည် ဆေးအိုးကိုပြန်ချ၍ ရန်ကိုင်ဘက်သို့လှည့်ကာ ပြုံး၍ ပြောလိုက်လေသည်။

ထိုစကားကိုကြားသော် ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့ပြီး အသက်ကိုပြင်းပြင်းရှူသွင်းလိုက်လေသည်။ သူ့စိတ်ထဲတွင်တော့ အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်နေမိလေသည်။ ထို့နောက်တွင် ဖြည်းဖြည်းချင်း ပြောလိုက်လေ၏။ “ခန့်မှန်းမိပေမယ့် မသေချာသေးဘူး…”

လူအိုကြီးက ပြုံးလျက် “မင်းစိတ်ထဲထင်နေတဲ့ဟာက အမှန်ပဲ…”

ထိုစကားကိုကြားသော် ရန်ကိုင်သည် လူအိုကြီးအား အံ့ဩတကြီးဖြင့် ကြည့်၍ မေးလိုက်လေသည်။ “ခင်ဗျားက တကယ်ကြီး အမြဲစိမ်းနတ်သစ်ပင်လား…”

လူအိုကြီးသည် သူ့သစ်လိုဏ်ဂူထဲ ဆန်းကြယ်စွာ ပေါ်လာနိုင်သလို တီယာကိုယ်တိုင်ကလည်း သူ့အား အဖိုးချင်ဟု ခေါ်ဝေါ်နေသည်ကို ထောက်ရှုချင့်ချိန်ကြည့်မည်ဆိုပါက ရန်ကိုင်အနေဖြင့် ဤလူအိုကြီး မည်သူဖြစ်သလဲ ဆိုသည်ကို မခန့်မှန်းနိုင်မှသာလျှင် အထူးအဆန်း ဖြစ်နေပေလိမ့်မည်။ သို့သော်ငြား သူ့စိတ်ထဲတွင်တော့ သိပ်မယုံကြည်နိုင်သေးပေ။

လူအိုကြီးက သူ့လက်ကို ဝှေ့ယမ်းလျက် “နတ်သစ်ပင်ဆိုတာက နှင်းရေခဲကလန်သားတွေ ချဲ့ကားပြီး ပြောနေကြတာ… ဟိုးနှစ်တွေတုန်းက ငါက သာမန်အမြဲစိမ်းသစ်ပင်လေးတစ်ပင်ပဲ…”

(ဟိုးနှစ်တွေတုန်းကဆိုတော့ နှစ်ပေါင်းသောင်းနဲ့ချီသွားပြီပေါ့…)

လူအိုကြီးကိုယ်တိုင်မှ ဝန်ခံလာသည့်အတွက်ကြောင့် ရန်ကိုင် စိတ်သက်သာရာ ရသွားခဲ့သည်။ သို့သော်ငြား သေသေချာချာ ပြန်စဉ်းစားကြည့်လိုက်သည့်အခိုက် လူအိုကြီးကိုယ်တိုင်က အမြဲစိမ်းနတ်သစ်ပင်ဖြစ်နေသည်မှာ အထူးအဆန်းမဟုတ်မှန်း သိရှိသွားရတော့သည်။ အကြောင်းမှာ ကောလဟာလများအရ အမြဲစိမ်းနတ်သစ်ပင် သစ်လိုဏ်ဂူများထဲသို့ မှော်ဘုရင် သို့မဟုတ် မှော်သူတော်စင်များပင်လျှင် ကျူးကျော်ဝင်ရောက်နိုင်ခြင်း မရှိသည့် အတွက်ကြောင့်ဟူ၍ပင်။ ယခု ဤလူအိုကြီးမှ ဤလိုဏ်ဂူထဲ သူ့စိတ်ကြိုက် ဝင်လာနိုင်သည်ကိုမြင်သော် ဤလူအိုကြီးသည် အမြဲစိမ်းနတ်သစ်ပင် ဖြစ်သည့်အတွက်ကြောင့်သာ ဖြစ်နေရပေလိမ့်မည်။

ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်လည်း ဘာကိုမှ စိတ်ပူမနေခြင်းပင်။ နှင်းရေခဲမြို့တော်တွင် ရှိနေစဉ်အတောအတွင်း ရန်ကိုင်သည် လူများများစားစားနှင့် မဆက်ဆံခဲ့ဖူးပါသော်ငြား အမြဲစိမ်းနတ်သစ်ပင်နှင့် ပတ်သက်သည့် ကောလဟာလများကိုတော့ ကြားခဲ့ဖူးပေသည်။ အမြဲစိမ်းနတ်သစ်ပင်သည် ငြိမ်းချမ်းခြင်းကို ဆောင်ကျဉ်းပေးသည့် ကာကွယ်သူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်အပေါ် ဘာကိုမှ မကောင်းကြံလိမ့်မည်မဟုတ်ချေ။

ချင်က ရယ်မောလျက် ပြန်ပြောလိုက်သည်။ “စိတ်မပူနဲ့… မင်းက တီယာကိုတောင် ဂရုစိုက်ပေးထားတာ… ငါက မင်းကို ဘယ်လိုလုပ်ပြီး အပြစ်တင်နိုင်မှာလဲ…”

ရန်ကိုင်က ပြန်မေးလိုက်လေသည်။ “စီနီယာနဲ့ တီယာက…”

တစ်ဦးသည် အမြဲစိမ်းနတ်သစ်ပင်ဖြစ်ပြီး အခြားတစ်ဦးမှာတော့ နိုမက်ကလန်မှ ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်တစ်ဦး ဖြစ်လေသည်။ ရှင်းရှင်းပြောရလျှင် နှစ်ယောက်စလုံးမှာ ဘာဆိုဘာမှ မပတ်သက်ကြချေ။ သို့သော်ငြား လက်ရှိအခြေအနေကို ကြည့်ရသလောက် တီယာနှင့် စီနီယာချင်ဆိုသည့်လူမှာ အလွန်ကိုမှ ရင်းနှီးသည့်ပုံပင်။ တီယာသည် စီနီယာချင်အား အဖိုးဟုပင် ခေါ်ဝေါ်နေခဲ့သည်။

“လွန်ခဲ့တဲ့ ဆယ့်ခြောက်နှစ်လောက်တုန်းက တစ်ယောက်ယောက်က ငါ့အမြစ်တွေနားမှာ ကလေးလေးတစ်ယောက်ကို လာစွန့်ပစ်သွားတယ်လေ…” စီနီယာချင်သည် တီယာ၏ခေါင်းကို ပွတ်ပေးရင်းမှ ရှင်းပြလိုက်သည်။

တီယာကမူ စိတ်ထဲမထားခဲ့ဘဲ လူအိုကြီးမှ သူ့အား ထိုင်ပွတ်နေသည်ကို ပျော်ရွှင်စွာပြုံးကာ ငြိမ်ခံနေလေသည်။

ထိုအခါမှသာလျှင် ရန်ကိုင် နားလည်သွားခဲ့သည်။ လက်စသတ်တော့ တီယာကို စီနီယာချင်ကိုယ်တိုင်မှ ပျိုးထောင်ပေးခဲ့ခြင်းပေကိုး။ ထိုအကြောင်းကြောင့်ပင်လျှင် တီယာကိုယ်တိုင်မှလည်း စီနီယာချင်အား အဖိုးဟု ခေါ်နေခြင်း ဖြစ်လေသည်။ သူမအသုံးပြုနေသည့် ပုံရိပ်ယောင်ပညာရပ်သည်ပင်လျှင် စီနီယာချင်မှ ပေးထားသည့် ကောင်းချီးတစ်ခု ဖြစ်ရပေလိမ့်မည်။

အစကတော့ တီယာသည် သေးသွယ်သွယ်ကောင်မလေးမှ လူထွားကြီးအဖြစ်သို့ ပြောင်းရန် မည်ကဲ့သို့သော မှော်ပညာရပ်အား အသုံးပြုသလဲဆိုသည်ကို ရန်ကိုင် စိတ်ဝင်စားမိခဲ့ပေသေးသည်။ တကယ်တော့ သူမအနေဖြင့် ထိုကဲ့သို့ပြောင်းလိုက်ရန်အတွက် သူမနဖူးထက် အစိမ်းရောင်သစ်ရွက်လေးတစ်ရွက်ကို တင်လိုက်ရုံသာ လိုအပ်သည် မဟုတ်ပေလော။ သို့သော်ငြား ယခုကြည့်ရသလောက် ထိုအရာသည် တီယာကိုယ်တိုင်မှ အသုံးပြုထားသည့် မှော်ပညာရပ်တစ်ခုမဟုတ်ဘဲ စီနီယာချင်မှ ကူညီပေးထားခြင်းဖြစ်မှန်း ရန်ကိုင် နားလည်သွားတော့လေသည်။

အမြဲစိမ်းနတ်သစ်ပင်၏ အပင်ရိပ်အောက်တွင် ရှိနေသည့်အရာမှန်သမျှကို စီနီယာချင် ထိန်းချုပ်နိုင်ပေသည်။ ထို့အတွက်ကြောင့် တီယာအား ဆန်းကြယ်သည့်စွမ်းအားတို့ ကိန်းအောင်းနေသည့် သစ်ရွက်တစ်ရွက်ကို ပေးဖို့ရာ သူ့အနေဖြင့် ဘာမှမခက်လှချေ။

“အဖိုးချင်… အဖိုးချင် လွန်ခဲ့တဲ့နှစ်ကပဲ နိုးလာတာမဟုတ်ဘူးလား… ဘာဖြစ်လို့ အစောကြီး ပြန်ထလာတာလဲ…” တီယာကမေးလိုက်လေသည်။

ထိုအမေးကိုကြားသော် လူအိုကြီးချင်သည် ရန်ကိုင်အား စိုက်ကြည့်ရင်း ပြောလိုက်လေ၏။ “ငါရင်းနှီးနေတဲ့အရှိန်အဝါတစ်ခုကို ခံစားမိလိုက်လို့…”

အစကမူ လူအိုကြီးပြောနေသည်ကို ရန်ကိုင်မယုံခဲ့။ သို့သော်ငြား ယခုတွင်တော့ ယုံသွားခဲ့လေပြီ။

“ရင်းနှီးနေတဲ့အရှိန်အဝါ… တီယာ ရန်ကိုင်ဘက်သို့ လှည့်ကြည့်လာခဲ့လေသည်။

ရန်ကိုင်လည်း တွေဝေသွားခဲ့ပြီး သူ့ဘာသာသူ တွေးလိုက်လေသည်။ (ဒီလူအိုကြီးက အင်မော်တယ်သစ်ပင်ရဲ့ အရှိန်အဝါကို ခံစားမိလိုက်တာလား…)

စီနီယာချင်နှင့် ရင်းနှီးနေသည့် အရှိန်အဝါဆို၍ ရန်ကိုင်ကိုယ်ထက်၌ အင်မော်တယ်သစ်ပင်၏ အရှိန်အဝါသာ ရှိပေလိမ့်မည်။ အင်မော်တယ်သစ်ပင်သည် အမြဲစိမ်းနတ်သစ်ပင်နှင့် မတူသည့် အပင်တစ်ပင် ဖြစ်ပါသော်ငြား သစ်ပင်တစ်ပင်တော့ ဖြစ်နေသေးဆဲ။

သို့ရာတွင် အင်မော်တယ်သစ်ပင်မှာ ကမ္ဘာငယ်လေးထဲ၌ ရှိနေခြင်း ဖြစ်သည့်အတွက်ကြောင့် ၎င်း၏အရှိန်အဝါမှာ အပြင်သို့ ထွက်မလာသင့်ချေ။

ရန်ကိုင်စိတ်ထဲ သံသယရိပ်တို့ ရှိနေသေးပါသော်ငြား သွား၍ ရှင်းပြမနေခဲ့ပေ။ အကြောင်းမှာ အင်မော်တယ်သစ်ပင်သည် အခြားသူများကို ပေးသိလို့ကောင်းသည့် လျှို့ဝှက်ချက်တစ်ခု မဟုတ်သည့် အတွက်ကြောင့်ပင်။

စီနီယာချင်သည် ရန်ကိုင်အား မမှိတ်မသုန် စိုက်ကြည့်နေပြီးသည့်နောက်တွင် ခေါင်းခါ၍ “ထူးဆန်းတယ်… အဲ့အရှိန်အဝါက ငါ့အရှိန်အဝါနဲ့ ဆင်ပေမယ့် ဆင်လည်းမဆင်ပြန်ဘူး…” ထိုသို့ပြောနေရင်းမှ စီနီယာချင်သည် တစ်ခုခုအား စဉ်းစားမိသွားသည့်အလား အတွေးနက်သွားခဲ့လေသည်။

ရန်ကိုင်နှင့် တီယာတို့ကမူ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သို့သော်ငြား မည်သူမျှ လူအိုကြီးအား သွားမနှောင့်ယှက်ကြဘဲ လူအိုကြီး စဉ်းစားလို့ ပြီးသွားမည့် အချိန်ကိုသာ ထိုင်စောင့်နေလေသည်။

နေ့ဝက်ကြာပြီးသည့်နောက် စီနီယာချင် ရုတ်တရက် အသိပြန်ဝင်လာခဲ့ပြီး‌ အော်ရယ်မောလျက် “ကြည့်ရတာ ငါ အသက်တွေ ကြီးလာတဲ့ပုံပဲ… နောက်တစ်ကြိမ်တောင် ထပ်အိပ်ပျော်ခါနီး ဖြစ်သွားတယ်…”

စီနီယာချင်သည် ရှေးကျပြီး အားကောင်းသည့် သက်ရှိတစ်ပါး ဖြစ်ပါသော်ငြား သူ့အချိန်အများစုကို အိပ်စက်ရင်းဖြင့်သာ ကုန်ဆုံးနေခဲ့ခြင်း ဖြစ်လေသည်။ ယခုတစ်ကြိမ် နိုးလာရခြင်းမှာလည်း တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်လေ၏။

တီယာက ပြန်ပြောလိုက်သည်။ “အဖိုးချင်က မအိုသေးပါဘူး…”

စီနီယာချင်ကပြုံး၍ ဆက်ပြောလိုက်သည်။ “နိုးလာပြီဆိုမှတော့ တီယာလေး… အဖိုးကို ကျောကုန်းလေး ကုတ်ပေးပါဦး… သိပ်ပြီးတော့ နေလို့မကောင်းပြန်ဘူး…”

“ရတယ် အဖိုး…” မြေပြင်ပေါ်၌ ပိုက်ဆံများ ကျနေသည်ကို တွေ့လိုက်ရသည့်အလား တီယာ၏မျက်လုံးများ တောက်ပသွားခဲ့သည်။ ထို့နောက်တွင် ရန်ကိုင်ဘက်သို့လှည့်၍ “မှော်ဆရာညို… ရှင်ရော ကူညီချင်သေးလား…”

ရန်ကိုင် ဇဝေဇဝါ ဖြစ်သွားခဲ့လေသည်။ ကျောကုန်းကုတ်ရန် ဘာကြောင့်များ အကူအညီလိုရသလဲဆိုသည်ကို သူ နားမလည်နိုင် ဖြစ်နေခဲ့သည်။ သို့သော်ငြား စီနီယာချင်ကဲ့သို့သော အကြီးအကဲတစ်ဦးအား ငြင်းရန် မသင့်တော်သည့်အတွက်ကြောင့် ရန်ကိုင်လည်း လုပ်ရိုးလုပ်စဉ်အတိုင်း တစ်ဖက်လူကို လေးစားသမှုပြု၍ သဘောတူလိုက်ရန်သာ ဆုံးဖြတ်လိုက်လေသည်။ ထိုသို့ဖြင့် ရန်ကိုင်လည်း ထိုင်ရာမှထ၍ စီနီယာချင်ဆီသို့ လျှောက်သွားလိုက်ပြီး သူ့ကျောကုန်းအား စတင်ကုတ်ပေးတော့လေ၏။

ထိုမြင်ကွင်းကိုကြည့်ရင်း တီယာ ကြောင်သွားခဲ့လေသည်။ ထို့နောက် ဝါးလုံးကွဲအော်ရယ်မောတော့လေ၏။

စီနီယာချင်သည်ပင်လျှင် မရယ်ဘဲ မနေနိုင်အောင် ဖြစ်နေခဲ့သည်။

“ခင်ဗျား ဘာရယ်နေတာလဲ…” ရန်ကိုင်သည် တီယာအား ဒေါမာန်တကြီးဖြင့် ကြည့်လိုက်လေသည်။ သူ့ဘက်မှ စေတနာဖြင့် ကူညီပေးခဲ့ပါသော်ငြား ယခုကဲ့သို့ လှောင်ပြောင်ရယ်မောြခင်းသာ ခံခဲ့ရသည်။ ထို့အပြင် တီယာ၏ သူ့အား လှောင်ပြောင်နေသည့် မျက်နှာကိုကြည့်ရင်း ရန်ကိုင်မှာ အတော်လေးကိုမှ ဒေါသထွက်လာရသည်။

ရန်ကိုင်၏စကားကိုကြားပြီးသည့်နောက် တီယာမှာ ပို၍ကို အူနှိပ်ကာ ရယ်တော့လေသည်။ ခဏကြာမှသာ ပြန်၍ ရှင်းပြလိုက်လေ၏။ “ဒါ အဖိုးချင်ရဲ့ ခန္ဓာကိုယ်ကို ကုတ်ပေးရမယ့် ပုံစံမျိုးမဟုတ်ဘူး… အခုလိုမျိုး ကုတ်ပေးရတာမဟုတ်ဘူး…”

“အဲ့ဒါဆို ငါ့ကို သင်ပေးလေ…” ရန်ကိုင်က နောက်သို့ တစ်လှမ်းဆုတ်၍ တီယာကို အချက်ပြလိုက်လေသည်။

တီယာမှာ မရယ်တော့ဘဲ အပြုံးကြီးပြုံး၍ စီနီယာချင်ကိုကြည့်ကာ ပြောလိုက်လေသည်။ “အဖိုး… စကြမယ်…”

စီနီယာချင်လည်း ခေါင်းညိတ်၍ သူ့လက်ကို ဝှေ့ယမ်းလိုက်ကာ ရှေ့တည့်တည့်သို့ ညွှန်လိုက်လေသည်။ သေးသွယ်သွယ် သစ်လိုဏ်ဂူလေးမှာ ရုတ်တရက် နှစ်ခြမ်းကွဲထွက်သွားခဲ့ပြီး ဟိုးအတွင်းပိုင်းဆီသို့ ဦးတည်နေသည့် လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

တီယာက ရန်ကိုင်အား အချက်ပြလိုက်သည်။ “ကျွန်မနောက်လိုက်ခဲ့…” ထိုသို့ပြောပြီးသည့်နောက် လမ်းကြောင်းလေးထဲသို့ ရှေ့မှ ဦးဆောင်ဝင်သွားလေသည်။ မျက်တောင်တစ်ခတ်အတွင်း တီယာမှာ ရန်ကိုင်၏မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေ၏။

ရန်ကိုင်လည်း တီယာအပေါ် မယုံသံသယမဖြစ်ဘဲ သူမနောက်မှ လိုက်သွားခဲ့လေသည်။

ထိုလမ်းကြောင်းလေးထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်မှာ ရုတ်တရက်ဆိုသလို အောက်သို့ လျှောကျသွားတော့လေသည်။

တစ်ခဏကြာပြီးသည့်နောက်တွင် မြေပြင်ပေါ်သို့ ရန်ကိုင် ရောက်လာခဲ့သည်။ စော၍ရောက်နေသော တီယာသည် အလင်းပညာရပ်တစ်ခုကို ထုတ်သုံးကာ မှောင်မိုက်နေသည့် ပတ်ဝန်းကျင်ကို အလင်းရောင်ရအောင် လုပ်ထားခဲ့သည်။ ထို့နောက် ဘေးပတ်ဝန်းကျင်ကို ညွှန်ပြရင်းမှ “အဖိုးချင် ယားတယ်ဆိုတာ သူတို့တွေကြောင့်ပဲ… ကျွန်မတို့တာဝန်က အဲ့ကောင်တွေကို ရှင်းပစ်ရမှာ…”

တီယာ၏စကား ဆုံးသွားသည်နှင့်တစ်ပြိုင်နက် မျက်လုံးပေါင်းမြောက်မြားစွာ ရန်ကိုင်ဘေးပတ်ပတ်လည်အနှံ့ ထွက်ပေါ်လာခဲ့သည်။

ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။ “မွန်းစတားသားရဲတွေ အများကြီးပါလား…”

တီယာက ပြန်ပြောလိုက်သည်။ “အဲ့ကောင်တွေက အဖိုးချင်ရဲ့ကိုယ်ထဲက ကပ်ပါးကောင်တွေပဲ… ဒီကောင်တွေ မျိုးပွားတာ အရမ်းမြန်တယ်… အရင်က ကျွန်မ အဖိုးချင်ကို နှစ်တိုင်းကူညီပြီး ဒီကောင်တွေကို ရှင်းပေးရတယ်… အခု ရှင်ရောက်လာပြီဆိုတော့ ကျွန်မ ရှင့်ကို စေတနာနဲ့ လက်ဆောင်ပေးတယ်လို့ သဘောထားလိုက်…”

ရန်ကိုင်က ဇဝေဇဝါ ဖြစ်သွားခဲ့လေသည်။ “ခင်ဗျားက ကျုပ်ကို အကူအညီတောင်းဖို့ ခေါ်တာလေ… အဲ့ဒါကို ဘယ်လိုလုပ်ပြီး စေတနာနဲ့ ကျုပ်ကို လက်ဆောင်ပေးတယ်လို့ သဘောထားရမှာလဲ…”

တီယာက ယဲ့ယဲ့လေးပြုံးလျက် “ရှင် သားရဲရိုင်းအမြုတေတွေ အများကြီးဝယ်နေတာ ကျွန်မတွေ့တယ်… ရှင် အဲ့ဒါတွေကို ကျင့်ကြံဖို့အတွက် သုံးတာမလား… ဒီမှာ သားရဲရိုင်းတွေ အများကြီးပဲ… ရှင်ဘယ်လိုထင်လဲ…”

ထိုစကားကိုကြားသော် ရန်ကိုင်၏မျက်လုံးများ တောက်ပသွားခဲ့လေသည်။ အစကတော့ လုံလောက်သည့် မွန်းစတားအမြုတေများ ဝယ်နိုင်လောက်သည့် သစ်စိမ်းပြားများ မရမည်ကို စိုးရိမ်နေခဲ့ရသည်။ သို့သော်ငြား ယခုကဲ့သို့ အခွင့်အရေးတစ်ခုသည် သူ့ရှေ့တည့်တည့်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

လက်ရှိ စီနီယာချင်၏ ခန္ဓာကိုယ်အတွင်းပိုင်းမှာ ကမ္ဘာငယ်လေးတစ်ခုအလား ထင်မှတ်ရသည်။ ဤကမ္ဘာငယ်ထဲတွင် မရေမတွက်နိုင်သော ကပ်ပါးအောင် မွန်းစတားအင်းစက်များ ရှိနေကြလေသည်။ ထိုအင်းစက်များသည် စီနီယာချင်၏ စွမ်းအားကို စုပ်ယူရင်း ကြီးထွားကြကာ အလွန်ကိုမှလည်း မျိုးပွားနှုန်း မြန်ကြသည်။ ရှင်းရှင်းပြောရလျှင် ရန်ကိုင်အမြင်၌မူ ဤမွန်းစတားအင်းစက်များသည် အမျိုးမျိုးသော မွန်းစတားအမြုတေများသာ ဖြစ်ကြလေသည်။

ရန်ကိုင်တို့နှစ်ဦး စကားပြောနေစဉ်အတောအတွင်း ဘေးပတ်ဝန်းကျင်တွင်ရှိနေသော မွန်းစတားအင်းစက်များမှာ သူတို့ကိုယ်သူတို့ မထိန်းနိုင်ကြတော့ဘဲ ရန်ကိုင်တို့ဆီသို့ ပြေးဝင်လာကုန်ကြလေသည်။

ရုတ်ချည်းဆိုသလို ရန်ကိုင်နှင့် တီယာတို့မှာ မွန်းစတားအင်းစက်အုပ်ကြီးအောက်သို့ တိုးဝင်ပျောက်ကွယ်သွားခဲ့ရလေသည်။

“ကျွန်မ အခုထဲက ပြောထားလိုက်မယ်… ကိုယ်သတ်တဲ့အကောင် ကိုယ်ယူနော်…ကျွန်မအကောင်တွေကို လာမလုနဲ့…” တီယာက ရန်ကိုင်အား သတိပေးလိုက်လေသည်။ ထို့နောက် သူမလက်ကို မြှောက်လိုက်ရာ စွမ်းအင်လှိုင်းသုံးလှိုင်း ထွက်ပေါ်လာခဲ့လေ၏။

တီယာလှုပ်ရှားလိုက်သည်နှင့်တစ်ပြိုင်နက် သူမ၏စွမ်းအားကို ရန်ကိုင် ခံစားမိသွားခဲ့လေသည်။

(ဒီတော့ သူက မှော်ဝိဇ္ဇာပေါ့…) ရန်ကိုင် မျက်ခုံးပင့်သွားခဲ့သည်။ ရန်ကိုင်မှ ဆေးခိုင်းရောင်းသည့်အပေါ် တစ်ချက်မျှပင် အထွန့်မတက်ပဲ ကူရောင်းပေးခဲ့သော တီယာသည် မှော်ဝိဇ္ဇာတစ်ဦး ဖြစ်နေလိမ့်မည်ဟု ရန်ကိုင် လုံးဝ မထင်ထားခဲ့ချေ။ မည်သည့်အဆင့်မှော်ဝိဇ္ဇာ ဖြစ်သလဲဆိုသည်ကို သူမသိပါသော်ငြား တီယာ၏စွမ်းအားမှာ မှော်သခင်တစ်ပါး ရှိသင့်သည့် စွမ်းအားမျိုး မဟုတ်ချေ။

All Chapters