အခန်း (၄၈၁-၄၈၅)
Vol. 33 Ch. 481-485
Chapter 481
မိုးမြေဂိုဏ်း၌...
စုယွင်ယွင်၏ဆင့်ခေါ်ခြင်းကို ခံရပြီးနောက် တပည့်အမြောက်အများ စုဝေးရောက်ရှိလာသည်။
ဖြောင့်မတ်မှန်ကန်ပုံရကာ ဓားရှည်တစ်လက်ကိုကိုင်ထားသော လီကျင်း...
မဟာနဖူးပြင်ရှိကာ ပခုံးထက်တွင် ဝတ်ရုံရှည်ကိုခြုံလွှမ်းထားသော ပိုင်ချီယု...
"ဂိုဏ်းတူတပည့်ရှောင်က ငါတို့ရှေ့ကနေကြိုပြီး အရင်ပြန်သွားပြီ...နံပါတ်ဆယ့်ရှစ်ရောက်လာရင် ငါတို့ ခရီးစထွက်မယ်"
စုယွင်ယွင်က ညွှန်ကြားလိုက်၏။
"ဘာ...ဂိုဏ်းတူတပည့်ဆယ့်ရှစ်လား"
"ပဉ္စမစီနီယာအမ...ဆယ့်ရှစ်ကို တကယ်ကြီးခေါ်ထားတာလား"
လီကျင်းက မျက်မှောင်တင်းတင်းကြပ်ကြပ်ကြုတ်ကာ အလေးအနက်ထားသော မျက်နှာအမူအယာဖြင့် မေးမြန်းသည်။
"အင်းလေ...ငါတို့ ဂိုဏ်းတူမောင်နှမတွေက တစ်စိတ်တစ်ဝမ်းတည်းရှိနေရမယ်"
စုယွင်ယွင်က တည်ကြည်လေးနက်စွာ ခေါင်းညိတ်ပြလေ၏။
ထိုစကားကိုကြားချိန်တွင်....
လီကျင်း၏နဖူးပေါ်တွင် ဇောချွေးများပြန်လာသည်။
"ပဉ္စမစီနီယာအမ...ငါ့အထင်တော့ ဒီလိုလုပ်ဖို့ မလိုအပ်ပါဘူး"
လီကျင်းက တုန်ရီနေသောအသံဖြင့် ပြောဆိုသည်။
"ဂိုဏ်းတူတပည့်ဆယ့်ရှစ် စပြီးတိုက်ခိုက်ပြီဆိုတာနဲ့ သူက အရမ်းကြောက်ဖို့ကောင်းတယ်...သူက ရန်စခံရတာနဲ့ ကိုယ့်ဘက်ကလူတွေကိုတောင် ဂရုမစိုက်ဘဲနဲ့ အသေခံဗုံးခွဲမှုကို အသုံးပြုပြီး ဖြေရှင်းတော့တာပဲ"
ထိုစကားကိုကြားချိန်တွင်....
စုယွင်ယွင်က မျက်မှောင်ကြုတ်လိုက်သည်။
ကြည့်ရသည်မှာ သူမသည် တစ်စုံတစ်ခုကို အမှတ်ရသွားပုံဖြင့် သူမ၏ခန္ဓာကိုယ် တဆတ်ဆတ်တုန်ရီသွားသည်။
ဆယ့်ရှစ်သည် ဤကဲ့သို့ပြုလုပ်လေ့ရှိသည်မှာ အမှန်ပင်။
သူ ရူးသွပ်လာသည်နှင့် သူ့၏စီနီယာအမဖြစ်သော သူမအပါအဝင် မည်သူကမျှ သူ့ကို မထိန်းချုပ်နိုင်တော့ချေ။
ထို့ကြောင့် သူမသည် ဆယ့်ရှစ်ကို ခေါ်သွားသင့်မခေါ်သွားသင့် စတင်၍တွေဝေတုံ့ဆိုင်းစပြုလာသည်။
သို့ရာတွင်...
သူမ ဆုံးဖြတ်ချက်မချရသေးမီမှာပင် ခန္ဓာကိုယ်တစ်ခုလုံးကို ပတ်တီးများရစ်ပတ်ထားသော ပုံရိပ်တစ်ခုသည် အဝေးတစ်နေရာမှနေ၍ ရုတ်တရက် ထွက်ပေါ်လာပေ၏။
ထိုပုံရိပ်သည် နံပါတ်ဆယ့်ရှစ် ဟုန်ဖုန်ခွမ်းမှတပါး တခြားလူမဟုတ်ချေ။
သူလမ်းလျှောက်လာစဉ်တွင် သူ့၏လည်ပင်းအဆက်မပြတ်တွန့်လိမ်နေကာ သူ့၏မျက်နှာပေါ်တွင် ဆိုးညစ်သောအပြုံးတစ်ခုလွှမ်းခြုံနေသည်
"အဲ့ဒီနေရာမှာ တိုက်ပွဲတစ်ပွဲရှိနေတယ်လို့ငါကြားထားတယ်
"ဒီတကြိမ်မှာ ရန်သူဘယ်လောက်များများ ရှိနေလဲဆိုတာ ငါ သိချင်မိတယ်"
"တကယ်လို့ အဲဒီနေရာမှာ လူအလုံအလောက်ရှိနေရင် အလယ်ဗဟိုကနေ အသေခံဗုံးခွဲတာက အရမ်းကောင်းမှာပဲ...ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့အလောင်းတွေ ခြေပြတ်လက်ပြတ်တွေနဲ့ သွေးတွေ နေရာအနှံ့အပြားမှာရှိနေတဲ့ မြင်ကွင်းက ငါ့အတွက် မျက်စိပသာဒဖြစ်စေတဲ့ ပွဲတော်ကြီးတစ်ခုဖြစ်လာမှာ သေချာပေါက်ပဲ"
"ဒီအနုပညာလှုပ်ရှားမှုကို ငါ တကယ်မျှော်လင့်နေမိတယ်"
သူ့၏နှုတ်ခမ်းထောင့် အထက်သို့မြင့်တက်သွားကာ တီးတိုးရေရွတ်လိုက်၏။
ဟုန်ဖုန်ခွမ်း၏စကားကြောင့် လက်ရှိနေရာတွင်ရှိနေသူများအားလုံး ကျောစိမ့်သည်အထိ ထိတ်လန့်ကြောက်ရွံသွားသည်။
သူတို့သည် ဆွဲဆောင်စည်းရုံးမှုများစွာကိုပြုလုပ်ပြီးနောက် ဟုန်ခုန်ခွမ်းသည် အသေခံဗုံးခွဲမှုမပြုဟု ထပ်ခါတလဲလဲ ကတိပေးပြီးမှသာ လူတိုင်းသည် စိတ်သက်သာရာရသွားပြီး ခရီးထွက်ရန် ပြင်ဆင်ခဲ့ကြတော့သည်။
သူတို့၏ရည်မှန်းချက်ပန်းတိုင်သည် ပကတိနယ်မြေပင်။
ဤအချိန်အခိုက်အတန့်တွင် ပကတိနယ်မြေအတွင်း၌....
ချန်ချုံးအင်ပါယာ၏ ထျန်ရှင်းမြို့အတွင်းရှိ...
ခမ်းနားထည်ဝါသော စားသောက်ဆိုင်တစ်ဆိုင်အတွင်းတွင်....
ဤနေရာတွင် လူများဖြင့်ပြည့်နှက်နေကာ သူတို့အားလုံးသည် ထျန်ရှင်းမြို့တွင်းနှင့်ပတ်ဝန်းကျင်ဒေသများတွင် သြဇာအာဏာကြီးမားသော တည်ရှိမှုများပင်။
သို့ရာတွင်...
ယခုလက်ရှိချိန်၌ ထိုလူများအားလုံးသည် ပင်မစားပွဲတွင်ထိုင်နေသောလူနှစ်ယောက်ကို ဝိုင်အရက်ခွက်များမြှောက်၍ ဆုတောင်းပေးနေကာသူတို့၏မျက်နှာများပေါ်တွင် မျက်နှာချိုသွေးသောအမူအယာများဖြင့် ပြည့်နှက်နေသည်။
ပင်မထိုင်ခုံပေါ်တွင်...
အေးစက်ပြီးမြင့်မြတ်သော အလှပိုင်ရှင်မိန်းကလေးတစ်ယောက်ရှိနေသည်။ထိုလူများထံမှ ဝိုင်အရက်ခွက်များတိုက်ခြင်းနှင့် ရင်ဆိုင်ရချိန်တွင် သူမသည် သူတို့ကို အာရုံစိုက်ခြင်းမပြုချေ။သူမအစား သူမ၏နံဘေးရှိ လူအိုကြီးတစ်ယောက်ကသာ သူတို့အား သာမာန်ကာလျှံကာ အသိအမှတ်ပြုနေခဲ့သည်။
သူမ၏အကြည့်သည် ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ လူအများကြားတွင် တိတ်ဆိတ်ငြိမ်သက်နေသော ရှောင်မိသားစုခေါင်းဆောင် ရှောင်ယွင်ထံတွင်သာ ကျရောက်နေသည်။
ထိုမိန်းကလေး၏အကြည့်ကြောင့် ရှောင်ယွင်သည် မျက်မှောင်ကြုတ်လိုက်၏။
သူ့ရှေ့ရှိမိန်းကလေးသည် လျှူနန်ယန်းဟုခေါ်ကာ သူနှင့်မိတ်ဆွေဟောင်းများဖြစ်သော လျှူမိသားစုမှပင်။
လွန်ခဲ့သောနှစ်ရာအနည်းငယ်ခန့်က လျှူမိသားစုသည် ရှောင်မိသားစု၏ကူညီထောက်ပံ့မှုကိုမှီခို၍ အလွန်လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ထို့ကြောင့် လွန်ခဲ့သောနှစ်နှစ်ဆယ်ခန့်အကြာက ယခင်လျှူမိသားစုမျိုးဆက်မှနေ၍ ကျေးဇူးပြန်ဆပ်ရန်အတွက် လျှူနန်ယန်းကို သူ့၏သားရှောင်ကျန်းအတွက် သတို့သမီးလောင်းအဖြစ် စေ့စပ်ပေးခဲ့သည်။
သို့ရာတွင် ယခုလက်ရှိ လျှူနန်ယန်းသည် ယခင်နှင့်မတူညီတော့ချေ။သူမထံတွင် ထိပ်တန်းအဆင့် ပါရမီအရည်အချင်းရှိနေသည်ကို ရှာဖွေတွေ့ရှိပြီးနောက် သူမသည် ချန်ချုံးအင်ပါယာမှဂိုဏ်းများအားလုံး၏အချစ်တော်ဖြစ်လာကာ နောက်ဆုံး၌ ထျန်းလင်ဂိုဏ်းမှခေါ်ဆောင်သွားခြင်းခံလိုက်ရသည်။
ထျန်းလင်ဂိုဏ်း၏ ဂရုတစိုက်မြေတောင်မြှောက်ပေးမှုအောက်တွင် လျှူနန်ယန်းသည် စိတ်ပျက်စေခဲ့ခြင်းမရှိချေ။သုံးနှစ်အတွင်းတွင် သူမသည် လူသားအင်မော်တယ်နယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့လေ၏။
လူသားအင်မော်တယ်....
ဤအဆင့်ကျင့်ကြံသူများသည် ပကတိနယ်မြေ၌ ရှားပါးခြင်းမရှိပေ။
သို့ရာတွင် သူမသည် ယခုလက်ရှိချိန်၌ အသက်နှစ်ဆယ်သာရှိသေးသည်။
အသက်နှစ်ဆယ်အရွယ် လူသားအင်မော်တယ်တစ်ယောက်၏ အနာဂတ်အောင်မြင်မှုများသည် အကန့်အသတ်မရှိချေ။ထို့ကြောင့် သူမသည် ထျန်းလင်ဂိုဏ်း၏သူတော်စင်မိန်းမပျိုဖြစ်လာကာ နောင်အနာဂတ်ဆက်ခံသူအဖြစ် သတ်မှတ်ခြင်းခံထားရသည်။
ဤအဆင့်အတန်းမှနေ၍ အခွင့်အာဏာအမြောက်အများကို သယ်ဆောင်နေခဲ့သည်။
ရှောင်မိသားစုသည် ထျန်ရှင်းမြို့၏သြဇာအာဏာရှိသောမိသားစုများအနက်မှ တစ်စုဟု ယူဆနိုင်ရုံသာရှိသည်။ထျန်းလင်ဂိုဏ်းကမူ တောင်ပိုင်းနယ်မြေတခွင်လုံး၏အာဏာရှင်ဖြစ်ကာ တော်ဝင်မြို့တော်နှင့်နီးစပ်သောဆက်ဆံရေးရှိသည်။
သူတို့၏အင်အားများကြားမှ ကွာဟချက်များသည် မိုးနှင့်မြေအလားပင်။
ထို့ကြောင့် လွန်ခဲ့သောရက်အနည်းငယ်ခန့်က လျှူနန်ယန်းနှင့်ထျန်းလင်ဂိုဏ်းမှအကြီးအကဲများသည် ရှောင်မိသားစုသို့ ရောက်ရှိလာခဲ့သည်။
စေ့စပ်ပွဲကိုဖျက်သိမ်းရန် သူတို့၏စိတ်ဆန္ဒများကို တိုက်ရိုက်ဖော်ပြခဲ့ခြင်း...
စေ့စပ်ပွဲဖျက်သိမ်းခြင်းဟူသောကိစ္စသည် ပကတိနယ်မြေအတွင်း၌ ကြီးမားသောအရှက်ရစေမှုပင်။ရှောင်မိသားစု၏နာမည်ဂုဏ်သတင်းကို အောက်ခြေထိနိမ့်ပါးသွားစေသောကိစ္စ ဖြစ်ပေ၏။ရှောင်ယွင်သည် လျှူနန်ယန်း၏လက်ရှိအဆင့်အတန်းနှင့် သူ့သား၏အဆင့်အတန်းကို သူ့၏စိတ်နှလုံးသားအတွင်းမှ နားလည်သဘောပေါက်ထားသည်။
ကိစ္စများ ပြောင်းလဲသွားလေပြီ။
ထို့ကြောင့် သူ၏စိတ်နှလုံးသားအတွင်း၌ ရှောင်ယွင်သည် ဤသံလွင်ခက်ကို တွယ်ဖက်ထားလိုစိတ်မရှိချေ။
အကြောင်းအရင်းမှာ သူ့၏သားဖြစ်သူသည် စိတ်ပျက်လက်ပျက်ဘဝမျိုးနှင့် နေထိုင်ခဲ့ရသောကြောင့်ပင်။သူ့ထံတွင် လျှူနန်ယန်းထက် နိမ့်ပါးခြင်းမရှိသော ပါရမီအရည်အချင်းမျိုးရှိခဲ့သော်လည်း တရားမျှတမှုမရှိသောကောင်းကင်ဘုံသည် သူ့အား ကံခေမှုကိုခံစားရစေကာ သူ့၏ကျင့်ကြံဆင့်စွမ်းအားများအားလုံးကို ပျောက်ကွယ်သွားစေခဲ့သည်။ထို့ပြင် ယခုလက်ရှိအချိန်၌ စေ့စပ်ပွဲဖျက်သိမ်းခြင်းကဲ့သို့ကိစ္စမျိုး ဖြစ်ပေါ်လာခဲ့လေ၏။သူသည်မည်သည်ကြောင့် ဤကဲ့သို့ထိုးနှက်ချက်တစ်ခုကို ခံယူနိုင်မည်နည်း။
ထို့ကြောင့် မူလက ရှောင်ယွင်သည် လျှုနန်ယန်း၏တောင်းဆိုမှုကို သဘောမတူညီခဲ့ချေ။ရှောင်ကျန်းသည် ပြင်ပတွင်အတွေ့အကြုံရရှိစေရန် လေ့ကျင့်နေရာမှ ပြန်ရောက်လာမှသာ ဆုံးဖြတ်ချက်ချမည်ဟု သူ တုံ့ပြန်ခဲ့သည်။
သူသည် အသုံးမကျသောဖခင်တစ်ယောက်ဖြစ်ခဲ့ကာ သူ့၏သားကို ဤဝန်ထုပ်ဝန်ပိုးကြီးအားထမ်းစေခဲ့သည်။ထိုကြောင့် သူ၏အမြင်အရ စေ့စပ်ပွဲဖျက်သိမ်းခြင်းကို သဘောတူညီသော်လည်း သူ့သားဖြစ်သူ၏သဘောဆန္ဒကို ရရှိရန် လိုအပ်သည်ကို ဖြည့်စွက်ပြောကြားခဲ့သည်။
ဤနည်းလမ်းဖြင့်....
ကံကြမ္မာ၏အလှည့်အပြောင်းများစွာကို ခံစားခဲ့ရသော သူ့၏သားအတွက် ဂုဏ်သိက္ခာတချို့ကို ထိန်းသိမ်းပေးထားနိုင်ခဲ့သည်။
ဤသည်မှာ ဖခင်တစ်ယောက်အနေဖြင့် သူလုပ်ဆောင်နိုင်သော တစ်ခုတည်းသောအရာပင်။
သို့ရာတွင် ယနေ့တွင် လျှူနန်ယန်းသည် ဤစားသောက်ပွဲကို အကျယ်တဝင့်ကျင်းပပြီး ထျန်ရှင်းမြို့ရှိ တခြားအင်အားစုများကို ဧည့်သည်များအဖြစ် ဖိတ်ကြားခဲ့မည်ဟု သူ မျှော်လင့်မထားမိခဲ့ချေ။
ရှောင်ယွင်သည် တစ်စုံတစ်ခုလွဲချော်နေသည်ကို ခံစားမိလေ၏။
သူ့ထံတွင် ဤကိစ္စနှင့်ပတ်သက်ပြီး အရိပ်အမြွက်တစ်ခု ရှိနေခဲ့သည်။
ဤသည်မှာ သူ့၏ရှောင်မိသားစုကိုပစ်မှတ်ထားနေခြင်းပင်။
မည်သို့ပင်ဆိုစေကာမူ ထျန်ရှင်းဂိုဏ်းနှင့်လျှူနန်ယန်းတို့သည် ဤလူများကိုဖိတ်ကြားရန် အနည်းငယ်မျှမလိုအပ်ချေ။
"ကောင်းပြီလေ...အခု စားသောက်နေတာကို ရပ်လိုက်ကြရအောင်"
လျှူနန်ယန်းသည် ပတ်ဝန်းကျင်၌ စားသောက်နေသူများကိုကြည့်ကာ သူမ၏မျက်လုံးအတွင်း၌ စိတ်မရှည်သောအရိပ်အယောင်များထင်ဟပ်လာပြီး အော်ဟစ်လိုက်သည်။
သူမ၏စကားကြောင့်...
ယခင်က ဆူညံပွက်လောရိုက်နေသောလူအုပ်ကြီးသည် ချက်ချင်းတိတ်ဆိတ်ငြိမ်သက်သွားကာ ထိတ်လန်ကြောက်ရွံစွာဖြင့် သူတို့၏နေရာများတွင် ပြန်ထိုင်လိုက်ကြသည်။တိတ်ဆိတ်ငြိမ်သက်သောအငွေ့အသက်များက အဆောက်အအုံအတွင်း၌ ပြည့်နှက်သွားတော့သည်။
လျှူနန်ယန်းသည် သူမ၏နံဘေးရှိ လူအိုကြီးနှင့်အကြည့်ချင်းဖလှယ်လိုက်၏။
ထိုလူအိုကြီးသည် ခေါင်းညိတ်ပြပြီးနောက် သူ့၏အကြည့်သည် ရှောင်ယွင်ပေါ်သို့ ကျရောက်သွားသည်။
"ရှောင်မိသားစုခေါင်းဆောင်...သူတော်စင်မိန်းမပျိုနဲ့မင်းရဲ့သားအကြားက စေ့စပ်ပွဲဖျက်သိမ်းမယ့်ကိစ္စကို မင်း ဘယ်လိုသဘောရလဲ"
ထိုလူအိုကြီးက မေးမြန်းသည်။
ရှောင်ယွင်သည် မျက်မှောင်တင်းတင်းကြပ်ကြပ်ကြုတ်ထားကာ သူ၏နဖူးပေါ်ရှိသွေးကြောများ ပြင်းထန်စွာ တဆတ်ဆတ်တုန်ရီနေသည်။
သူ့၏လက်အတွင်းရှိခွက်သည် ဘုန်းခနဲမြည်သံနှင့်အတူ ပေါက်ကွဲသွားလေ၏။
မျှော်လင့်ထားသကဲ့သို့ပင်....
သူတို့သည် သူ့၏ရှောင်မိသားစုကို ပစ်မှတ်ထားနေခြင်းဖြစ်သည်။
"ဘာလဲ..."
"စေ့စပ်ပွဲကို ဖျက်သိမ်းတာလား"
ထိုမြင်ကွင်းကိုကြည့်ပြီး ထျန်ရှင်းမြို့အတွင်းရှိတခြားအင်အားစုများသည် ရှောင်ယွင်ကို ထူးဆန်းသောအကြည့်များဖြင့်ကြည့်လိုက်ကြသည်။သူတို့၏မျက်နှာများပေါ်တွင် သူဒုက္ခရောက်သည့်အတွက် ကျေနပ်အားရဖြစ်နေသောအမူအယာများ ထင်ဟပ်နေပေ၏။
အကယ်၍ ဤစေ့စပ်ပွဲကို ဖျက်သိမ်းခံရပါက ရှောင်မိသားစုသည် ထျန်ရှင်းမြို့အတွင်း၌ မျက်နှာပြစရာနေရာ ရှိတော့မည်မဟုတ်ချေ။
သူတို့သည် ယခင်က ရှောင်မိသားစုအပေါ်လှုပ်ရှားမှုမလုပ်ဝံ့ခြင်းမှာ ရှောင်မိသားစုနှင့်လျှူမိသားစုအကြားမှ ဆက်ဆံရေးကြောင့်ပင်။ သို့ရာတွင် ယခုလက်ရှိအချိန်၌ ရှောင်မိသားစုသည် လျှူမိသားစု၏စွန့်ပစ်ခံရသော တည်ရှိမှုတစ်ခုဖြစ်သွားလေပြီ။
လူအုပ်ကြားမှနေ၍ သရော်တော်တော်အသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။
သူ့၏နံဘေးပတ်ဝန်းကျင်မှ ရန်လိုသောမျက်လုံးအကြည့်များကို မြင်တွေ့ချိန်တွင် ရှောင်ယွင်သည် သူ့၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်ကာ သူ့၏စိတ်နှလုံးသားအတွင်း၌ ဒေါသများဖြင့် ပြည့်နှက်နေသည်။သို့ရာတွင်သူသည် လည်ပင်းအထက်သို့ပျို့တက်လာသောသွေးတစ်လုတ်ကို အတင်းအကြပ်ပြန်မျိုချလိုက်၏။
သူသည် ရှောင်ကျန်း ပြန်လာမည့်အချိန်ကိုစောင့်ဆိုင်းရုံသက်သက်မဟုတ်လော...
သူသည် ဤစေ့စပ်ပွဲဖျက်သိမ်းခြင်းကို သဘောမတူဟု တကြိမ်တခါမျှ ပြောဆိုခဲ့ခြင်းမရှိချေ။
သို့ရာတွင် လျှူနန်ယန်းသည် တခြားအင်အားသူများကိုအသုံးပြု၍ သူ့ကို ဖိအားပေးခဲ့သည်။
သူမသည် အမှန်တကယ်ကို ရက်စက်ကြမ်းကြုတ်သူတစ်ယောက်ပင်။
"အဆင်ပြေရဲ့လား"
ထိုအချိန်မှာပင် လူငယ်တယောက်သည် စိုးရိမ်ပူပန်နေသောအမူအယာဖြင့် အတွင်းသို့ပြေးဝင်လာကာ ရှောင်ယွင်ကို တွဲထူပေးလေ၏။ထိုလူငယ်သည် မိုးမြေဂိုဏ်းမှ အပြေးပြန်လာခဲ့သော ရှောင်ကျန်းပင်။
Chapter 482
"ဟေး ကြည့်လိုက်ကြအုံး"
"အမှိုက်ကောင် ပြန်ရောက်လာပြီ"
"ဟား ဟား...တကယ့်ကို အဲ့ဒီအမှိုက်ကောင်ဖြစ်နေတာပဲ"
ရှောင်ကျန်းထွက်ပေါ်လာသည်ကိုကြည့်ပြီး လူအများထံမှနေ၍ အထင်အမြင်သေးသောအသံများ ထွက်ပေါ်လာကာ သူတို့သည် ပြပွဲတစ်ခုကိုစောင့်ကြည့်ရန် စောင့်ဆိုင်းနေကြသည်။
လျှူနန်ယန်းသည် ထိုလူငယ် ထွက်ပေါ်လာသည်ကို မြင်တွေ့ချိန်တွင် သူမ၏ခေါင်းကို မော့ကြည့်လိုက်၏။
သူမ၏ခင်ပွန်းလောင်းနှင့်သူမသည် ယခင်က တစ်ကြိမ်တစ်ခါမျှ ဆုံတွေ့ခဲ့ဖူးခြင်းမရှိချေ။
သို့ရာတွင်...
သူမသည် သူ့အား အချိန်တခဏသာကြည့်ပြီးနောက် ထပ်မံ၍အာရုံစူးစိုက်ခြင်းမရှိတော့ချေ။ထိုအစား သူမက လေသံပြတ်ပြတ်နှင့် ပြောဆိုလိုက်သည်။
"အခု နင် ပြန်ရောက်လာပြီဆိုမှတော့...ကျေးဇူးပြုပြီး ဆုံးဖြတ်ချက်မြန်မြန်ချပေးပါ"
ထိုစကားကိုကြားချိန်တွင် ရှောင်ကျန်းသည် အံ့တင်းတင်းကြိတ်ကာ လျှူနန်ယန်းကိုကြည့်ပြီး အသံနက်ကြီးဖြင့် မေးမြန်းသည်။
"မိန်းကလေးလျှူ ငါတို့က ကလေးဘဝကတည်းက စေ့စပ်ထားကြပေမယ့်...ငါ မင်းကိုအရင်က တစ်ခါမှမမြင်တွေ့ဖူးဘူး....တကယ်လို့မင်းက နောက်တစ်ချိန်မှာ ကြီးမားတဲ့အောင်မြင်မှုတွေရမယ်ဆိုရင်တောင် ငါ ရှောင်ကျန်းက မင်းကို မက်မောနေမှာမဟုတ်ဘူး....ငါ မင်းအပေါ်မှာ ဘာခံစားချက်မှလဲမရှိဘူး...ဒါကြောင့် မင်းကစေ့စပ်ပွဲကိုဖျက်သိမ်းချင်တယ်ဆိုရင်တောင် ငါက ဝန်လေးနေမှာမဟုတ်ဘူး"
"ဒါပေမယ့်...."
"စေ့စပ်ပွဲဖျက်သိမ်းတာက ကိစ္စတစ်ခုပဲ...ဒါပေမဲ့မင်းက ဘာလို့ ဒီနေ့ ဒီလောက်ထိလူတွေအများကြီးကို စုဝေးခဲ့တာလဲ...မင်းက ငါတို့ရှောင်မိသားစုကို အရှက်ခွဲဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာမဟုတ်လား...ပြီးတော့ မင်းက ငါ့ရဲ့အဖေကို အရှက်ခွဲဖို့ တမင်သက်သက်ကြိုးစားခဲ့တာ မဟုတ်လား"
လျှူနန်ယန်းသည် သူမ၏ခေါင်းကိုမော့ကာ ရှောင်ယွင်ကို မသိမသာကြည့်လိုက်၏။
"သခင်လေးရှောင် နင် နားလည်မှုလွဲနေပြီ...ငါက နင့်ကိုအရှက်ခွဲဖို့ ရည်ရွယ်မထားဘူး... ငါ သူတို့ကိုဖိတ်ကြားခဲ့တာက မျက်မြင်သက်သေတွေ ရှိစေချင်ရုံသက်သက်ပဲ...ဘယ်လိုပဲဖြစ်ဖြစ် အခုလက်ရှိနေရာမှာရှိနေတဲ့ လူတွေအားလုံးက ထျန်ရှင်းမြို့ရဲ့အင်အားစုတွေက လူတွေပဲ...သူတို့က ငါတို့လျှူမိသားစုနဲ့ရှောင်မိသားစုအကြောင်းကို သိထားကြတယ်"
လျှူနန်ယန်းက ပေါ့ပေါ့ပါးပါးပြောဆိုသည်။
"မျက်မြင်သက်သေ...မျက်မြင်သက်သေတွေက ဘာအတွက်လဲ"
"ငါတို့ရှောင်မိသားစုကို မင်းတို့ကစွန့်ပစ်လိုက်တယ်ဆိုတာကိုပြဖို့ မျက်မြင်သက်သေတွေလား"
ရှောင်ကျန်းက နီမြန်းနေသောမျက်လုံးတစ်စုံဖြင့် ပြောဆိုလိုက်၏။
"ဘယ်လိုပဲဖြစ်ဖြစ် ငါတို့မိသားစုနှစ်စုက ရင်းနှီးတဲ့မိတ်ဆွေတွေ ဖြစ်ခဲ့တယ်...အတိအကျပြောရမယ်ဆိုရင် ငါတို့ရှောင်မိသားစုက မင်းတို့ရဲ့လျှူမိသားစုကို ထောက်ပံ့ကူညီမှုတွေ အများကြီးပေးခဲ့တယ်...ဒါပေမယ့် အခုမင်းရဲ့လုပ်ရပ်က ငါတို့ရှောင်မိသားစုကို ဘယ်အဆင့်အတန်းထိ ပို့လိုက်တာလဲ..ငါ့ရဲ့အဖေကို ဘယ်အဆင့်အတန်းမှာ ထားလိုက်တာလဲ"
"ငါ ပြောခဲ့ပြီးပြီ...နင်က နားလည်မှုလွဲနေတာပဲ... ပြီးတော့ ငါ နင့်ကို ပြောရအုံးမယ်...ကျေးဇူးပြုပြီးတော့ အတိတ်တုန်းက ကျေးဇူးတရားတွေကို ထပ်ပြီးမပြောပါနဲ့တော့"
လျှူနန်ယန်းက အမူအယာကင်းမဲ့စွာဖြင့် ရှင်းပြသည်။
ထိုသို့ပြောဆိုပြီးနောက် သူမသည် လက်ရာမြောက်သော ကျောက်စိမ်းသေတ္တာတစ်လုံးနှင့် တောက်ပနေသော ဓားရှည်တစ်လက်ကို ထုတ်ယူလိုက်၏။
"ဒီသေတ္တာထဲမှာ အလယ်အလတ်အဆင့် အင်မော်တယ်ဆေးလုံးတွေပါတယ်"
"ဒီဓားရှည်က အလယ်အလတ်အဆင့် အင်မော်တယ်လက်နက်ဖြစ်တဲ့ ရှကွမ်းဓားပဲ"
"ပြီးတော့ အရင်းအမြစ်တွေအများကြီးပါတဲ့သိုလှောင်လက်စွပ်တစ်ကွင်းလည်း ရှိသေးတယ်"
"နင်က စေ့စပ်ပွဲကိုဖျက်သိမ်းဖို့ သဘောတူလိုက်တာနဲ့...နင် ဒီပစ္စည်းတွေအားလုံးကို ယူလို့ရတယ်"
"ဒါကြောင့် ငါဆိုလိုချင်တာက....မျက်မြင်သက်သေတွေဆိုတာ ငါတို့မိသားစုက ခံစားချက်မရှိဘဲနဲ့ အောင်မြင်ပြီးတဲ့နောက်မှာ မိတ်ဆွေဟောင်းတွေကို မေ့လျော့သွားတတ်တဲ့ လူစားမျိုးတွေ မဟုတ်ဘူးဆိုတာ သိစေချင်တာပဲ...တကယ်လို့ ငါက စေ့စပ်ပွဲကိုဖျက်သိမ်းလိုက်တယ်ဆိုရင်တောင် ငါက နင့်ရဲ့ရှောင်မိသားစုအတွက် သင့်တော်တဲ့လျော်ကြေးကိုပေးခဲ့မယ်"
လျှူနန်ယန်းက ပေါ့ပေါ့ပါးပါးပြောဆိုသည်။
လျှူနန်ယန်း၏စကားများ ထွက်ပေါ်လာပြီးနောက် လူအုပ်အကြားမှနေ၍ အံ့အားတသင့်ရေရွတ်သံများ ချက်ချင်းထွက်ပေါ်လာသည်။
"ဒါက တကယ့်ကို အလယ်အလတ်အဆင့် အင်မော်တယ်ဆေးလုံးတွေပါလား"
"ဒါက အမှန်ပဲ....ပြီးတော့ အလယ်အလတ်အဆင့် အင်မော်တယ်လက်နက်ဖြစ်တဲ့ ရှကွမ်းဓားလည်း ပါသေးတယ်...ထျန်းလင်ဂိုဏ်းလို့ မပြောရဘူး...ဒါက အရမ်းရက်ရောတာပဲ"
လူတိုင်း၏မျက်လုံးများအတွင်း၌ လောဘအရိပ်အယောင်များ ထင်ဟပ်နေသည်။
သူတို့အနက်မှ တစ်ဦးတစ်ယောက်ထံတွင်မျှ အဆင့်နိမ့်အင်မော်တယ်ရတနာများ မရှိလေရာ အလယ်အလတ်အဆင့် အင်မော်တယ်ရတနာများကိုမူ ဆိုဖွယ်ရာပင်မရှိချေ။
အကယ်၍ သူတို့သည် ဤကဲ့သို့ ရတနာတစ်ခုကိုပိုင်ဆိုင်နိုင်ပါက သူတို့ထက် ကျင့်ကြံဆင့်နယ်ပယ်မြင့်မားသူများနှင့် တိုက်ခိုက်နိုင်ပေမည်။
ဤသည်မှာ အလယ်အလတ်အဆင့် အင်မော်တယ်ရတနာတစ်ခု၏ လွှမ်းမိုးနိုင်မှုကိုပြသရန် လုံလောက်သည်။
"ရှောင်ကျန်း...မင်းတို့ရှောင်မိသားစုက စိတ်ကျေနပ်သင့်တယ်...လွန်ကဲတဲ့တောင်းဆိုမှုတွေကို မလုပ်သင့်ဘူး...မိန်းကလေးလျှူက မင်းကို အလယ်အလတ်အဆင့် အင်မော်တယ်ဆေးလုံးတွေနဲ့ရတနာကိုတောင် ပေးခဲ့တယ်... မင်းက ဘာတွေထပ်ပြီး လိုချင်နေသေးတာလဲ"
"ဒါကအမှန်ပဲ...ရှောင်ကျန်းက ဘယ်လိုအမှိုက်ကောင်မျိုးဆိုတာ လူတွေအားလုံး သိကြတာပဲမဟုတ်လား....သူက မိန်းကလေးလျှူနဲ့ ထိုက်တန်လို့လား...မိန်းကလေးလျှူရဲ့ နာမည်ဂုဏ်သတင်းကို အရှက်မရှိပျက်ပြားအောင်လုပ်နေတဲ့ကိစ္စကို ရပ်လိုက်စမ်း"
"ဟုတ်တယ်....မိန်းကလေးလျှူရဲ့တောင်းဆိုချက်ကို မြန်မြန်သဘောတူညီလိုက်စမ်း...သူက မင်းတို့မိသားစုအပေါ် အရမ်းကြီးမားတဲ့ရက်ရောမှုကို ပြသပြီးပြီ"
လူအုပ်ကြီးထံမှနေ၍ အော်ဟစ်သံများထွက်ပေါ်လာသည်။
"အရမ်းကောင်းတယ်....အရမ်းကောင်းတဲ့ အကွက်ချကြံစည်မှုပဲ"
ဤအချိန်အခိုက်အတန့်တွင် ရှောင်ကျန်းသည် သူ့၏လက်သည်းများ အသားအတွင်းသို့နစ်ဝင်နေသည်အထိ သူ့၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ထားသည်။သူ့၏မျက်လုံးအတွင်းတွင် ပြင်းထန်သော နာကျည်းမုန်းတီးမှုများ မလိုလားမှုများဖြင့် ပြည့်နှက်နေပေ၏။
သူ နာကျည်းမုန်းတီးမိသည်။
သူ့ထံ၌ စွမ်းအားကင်းမဲ့နေမှုအတွက် သူ နာကျည်းမုန်းတီးသည်။
အကယ်၍ ယနေ့တွင် သူ့ထံ၌ စွမ်းအားအလုံအလောက်ရှိနေပါက မည်သည်ကြောင့် သူနှင့်သူ၏ဖခင်သည် အရှက်ခွဲခံရမည်နည်း။
ဤသို့ဖြစ်ပျက်စေရန် လျှူနန်ယန်း လုပ်ဆောင်ခဲ့ခြင်းပင်။
သူမသည် မိန်းမပျက်တစ်ယောက်ကဲ့သို့လုပ်ဆောင်ပြီးနောက် သူမကိုယ်သူမ ကိုယ်ကျင့်တရားကောင်းသူ တစ်ယောက်ကဲ့သို့ ဟန်ဆောင်နေသည်မှာ သံသယဖြစ်ဖွယ်မရှိချေ။
အစပထမ၌ သူ၏ရှောင်မိသားစုသည် စေ့စပ်ပွဲဖျက်သိမ်းခြင်းကို သဘောမတူခဲ့ခြင်းမျိုးမရှိဘဲ မည်သည့်လျော်ကြေးကိုမျှလည်း မလိုအပ်ခဲ့ချေ။
သို့ရာတွင် ကိစ္စများသည် ယခုကဲ့သို့ပြောင်းလဲသွားခဲ့လေပြီ။လျှူနန်ယန်းသည် သူ့၏ရှောင်မိသားစုကိုနင်းချေကာ သူမ၏လျှူမိသားစုကို လူကောင်းများအဖြစ်မြင်စေရန် ပြုလုပ်လိုခြင်းဖြစ်သည်။
"ဒီစေ့စပ်ပွဲကို ငါ ဖျက်သိမ်းမပေးနိုင်ဘူး"
ရှောင်ကျန်းသည် အံ့တင်းတင်းကြိတ်ကာ စကားတစ်လုံးချင်းပြောဆိုလိုက်သည်။
ဤသည်မှာ ယခုလက်ရှိချိန်၌ သူလုပ်ဆောင်နိုင်သည့် တစ်ခုတည်းသောအရာပင်။
အကယ်၍ သူ သေဆုံးသွားလျှင်ပင်...
အကယ်၍ စေ့စပ်ပွဲဖျက်သိမ်းခံလိုက်ရပါက သူ့၏ရှောင်မိသားစုသည် ပကတိနယ်မြေအတွင်း၌ အနည်းငယ်မျှခေါင်းမော့နိုင်တော့မည်မဟုတ်ချေ။သူ့၏ဖခင်အပါအဝင် ရှောင်မိသားစုဝင်များအားလုံးသည် တခြားလူများ၏လှောင်ပြောင်သရော်မှုအောက်၌ ဘဝတလျှောက်လုံး နေသွားရပေမည်။
လျှူနန်ယန်း၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
"ငါ နင့်ကို ပေးတဲ့ပစ္စည်းတွေကို နင် စိတ်မကျေနပ်လို့လား"
သူမက အလေးနက်ထား၍မေးမြန်းလိုက်ခြင်းနှင့်အတူ ပြင်းထန်သော ဖိအားအရှိန်အဝါတစ်ရပ်က ရှောင်ကျန်းထံသို့ ရိုက်ခတ်လာသည်။
"ငါ မင်းရဲ့ပစ္စည်းတွေကို မလိုအပ်ဘူး...ဒါပေမယ့် ငါက ဒီစေ့စပ်ပွဲကိုဖျက်သိမ်းဖို့ ငြင်းဆန်တယ်"
လျှူနန်ယန်း၏ဖိအားအရှိန်အဝါနှင့် ရင်ဆိုင်ရချိန်တွင် ရှောင်ကျန်း၏အားနည်းနေသောပုံရိပ်မှနေ၍ ခိုင်မာပြတ်သားသောအသံတစ်သံထွက်ပေါ်လာသည်။
"ဟမ့်..."
လျှူနန်ယန်းက အေးစက်စက်နှာတစ်ချက် မှုတ်လိုက်သည်။
"နင် အရမ်းမကျေမနပ်ခံစားနေရတာကို ငါ သိတယ်....ဒီကိစ္စက တကယ့်ကို နင်တို့ရှောင်မိသားစုအတွက် အရှက်ရစရာ ဖြစ်နေမှာပဲ....ဒါပေမယ့် ဒီလောကကြီးက အားကောင်းသူတွေ ရိုသေလေးစားခံရပြီးတော့ အစကတည်းက မမျှတဘူးဆိုတာ နင် နားလည်သဘောပေါက်သင့်တယ်"
"တကယ်လို့ ဒီနေ့ ငါတို့နေရာခြင်းပြောင်းနေပြီးတော့ နင့်ရဲ့ပါရမီအရည်အချင်းက ငါ့ထက်သာလွန်နေတယ်ဆိုရင်...နင်က ငါတို့ ထျန်းလင်ဂိုဏ်းကိုလာပြီး စေ့စပ်ပွဲကို ဖျက်သိမ်းမယ်ဆိုရင် ငါ လျှူနန်ယန်းက ဘာမှပြောမှာမဟုတ်ဘူး"
"နင်က အခုထိဆုံးဖြတ်ချက်ချဖို့ကို တွေဝေနေတုန်းပဲလား"
ထိုစကားကိုကြားချိန်တွင်....
ရှောင်ကျန်းသည် ခါးသည်းစွာဖြင့် အံ့ကြိတ်လိုက်ကာ သူ့၏စွမ်းအားကင်းမဲ့မှုအပေါ် နာကျည်းမုန်းတီးမှုများ မလိုလားမှုများကို ခံစားနေရသည်။
ယခုအချိန်တွင် သူသည် နေရာခြင်းပြောင်းကာ သူ့၏ခြေထောက်အောက်၌ လျှူနန်ယန်းကို နင်းချေနိုင်ရန် ဆုတောင်းနေမိသည်။
"နင်က နင့်ကိုယ်နင် သက်သေပြချင်တာလား"
ရှောင်ကျန်း၏ပုံပန်းသွင်ပြင်ကိုကြည့်ပြီး လျှူနန်ယန်းက အမူအယာကင်းမဲ့စွာဖြင့် ပြောဆိုလိုက်၏
"နင့်ကိုယ်နင်သက်သေပြဖို့ ငါ နင့်ကို အခွင့်အရေးတစ်ခုပေးမယ်"
"တကယ်တော့ ဒီအခွင့်အရေးကိုပေးတာက ငါတို့မိသားစုနှစ်စုကြားမှာ အရင်ကရှိခဲ့တဲ့ ပတ်သက်မှုတွေကြောင့်ပဲ...နင်တို့ အရမ်းအရှက်ရသွားတာမျိုး ငါ မဖြစ်စေချင်ဘူး"
"ဒါကြောင့် ငါ နင့်ကို အချိန်သုံးနှစ်ပေးမယ်...ငါက ထျန်းလင်ဂိုဏ်းမှာ နင့်ကိုသုံးနှစ်စောင့်ဆိုင်းနေမယ်...တကယ်လို့ နင်က ငါ့ထက်ပိုပြီး သန်မာအားကောင်းလာမယ်ဆိုရင် ငါ လျှူနန်ယန်းက စေ့စပ်ပွဲကိုမဖျက်သိမ်းတဲ့အပြင် နင် ဆန္ဒရှိတဲ့အတိုင်း ငါ လုပ်ကျွေးပြုစုမယ်"
"ဒါပေမယ့် တကယ်လို့ နင်က ငါ့ကိုရှုံးနိမ့်သွားတယ်ဆိုရင်တော့ ငါတို့ရဲ့စေ့စပ်ပွဲကို လူသိရှင်ကြား ဖျက်သိမ်းရလိမ့်မယ်"
"နင် ဘယ်လိုသဘောရလဲ"
လျှူနန်ယန်းသည် ရှောင်ကျန်းကို သာမန်ကာလျှံကာတချက်ကြည့်ကာ သူ့၏တုံ့ပြန်မှုကို စောင့်ဆိုင်းလိုက်သည်။
ရှောင်ကျန်း၏ခန္ဓာကိုယ် တုန်ရီနေကာ သူ့၏မျက်နှာပေါ်တွင် ခါးသည်းသောသရော်တော်တော်အမူအယာများဖြင့် ပြည့်နှက်နေသည်။
ဤမိန်းကလေးသည် သူ့အား ဤသုံးနှစ်အတွင်း၌ မည်သည့်အောင်မြင်မှုမျှမရနိုင်ဟု အတိအကျတွက်ချက်ထားသည်ကို သူ မည်သည်ကြောင့် မသိဘဲနေမည်နည်း။အကယ်၍ သူ အောင်မြင်မှုများရလာလျှင်ပင် သူမထက်ကျော်လွန်ရန်ဆိုသည်မှာ ဖြစ်နိုင်ချေရှိသလော။
မည်သို့ပင်ဆိုစေကာမူ....
တစ်ယောက်သည် မိသားစုငယ်လေးတစ်စု၏ အမှိုက်ကောင်သခင်လေးတစ်ယောက်ပင်။
တခြားတစ်ယောက်ကမူ ထျန်းလင်ဂိုဏ်း၏ ဂုဏ်ယူဝံ့ကြွားရသော သူတော်စင်မိန်းမပျိုဖြစ်ပေ၏။
မည်သည့်နည်းဖြင့် သူတို့နှစ်ယောက်ကို နှိုင်းယှဉ်၍ရမည်နည်း။
အချိန်သုံးနှစ်စေ့သွားချိန်တွင် သူမသည် စေ့စပ်ပွဲကိုဖျက်သိမ်းကာ နှလုံးသားမဲ့ပုံမရဘဲ သူမ၏နာမည်ဂုဏ်သတင်းကို ထိန်းသိမ်းထားနိုင်ပေမည်။
သူဟူသော ရှောင်ကျန်းအတွက်ကမှု လှောင်ပြောင်သရော်မူများ၏အောက်တွင် အရှက်ရစွာဖြင့် ထာဝရနေထိုင်သွားရပေမည်။
ဤကဲ့သို့ အကြံအစည်....
ရှောင်ကျန်းသည် အစွမ်းအစကင်းမဲ့သကဲ့သို့ ခံစားလိုက်ရကာ မည်ကဲ့သို့ ပြုလုပ်ရမည်ကို မသိတော့ချေ။ထိုအချိန်မှာပင် အေးစက်စက်အသံတသံက ရုတ်တရက် ပြင်ပမှထွက်ပေါ်လာသည်။
"နင့်ကိုယ်နင် ဘယ်သူလို့ ထင်နေတာလဲ"
"နင်က သုံးနှစ်လို့တောင် ပြောရဲသေးတယ်...နင့်ကိုယ်နင် တော်တော်မြင့်မြင့်မားမား တွေးထားတာပဲ"
"ငါ့ရဲ့ဒီဂျူနီယာမောင်လေးရှေ့မှာ နင် ဒူးထောက်ပြီးတော့ သူ့ရဲ့ နွားလို မြင်းလိုမျိုးဖြစ်လာအောင်လုပ်ဖို့က အချိန်သုံးရက်ဆိုရင် လုံလောက်ပြီ"
ထိုအသံကျရောက်လာသည်နှင့်အတူ လူတစ်စု ဖြည်းညှင်းစွာလမ်းလျှောက်လာသည်။ထိုလူစုကို အေးစက်ပြီးမောက်မာဝံ့ကြွားသော အမူအယာရှိသည့် အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီးတစ်ယောက်က ဦးဆောင်လာပေ၏။
Chapter 483
လူအမြောက်အများ ရုတ်တရက် ထွက်ပေါ်လာမှုသည် ချက်ချင်းဆိုသလိုပင် လက်ရှိနေရာတွင် ရှိနေသူများအားလုံး၏စိတ်အာရုံကို ဆွဲဆောင်သွားနိုင်ခဲ့သည်။
လျှူနန်ယန်းဖြစ်စေ ထိုက်ရှင်းမြို့မှလူများ သို့မဟုတ် ရှောင်ကျန်း၏ဖခင် ရှောင်ယွင်ဖြစ်စေ မည်သူတစ်ဦးတစ်ယောက်မျှ ချွင်းချက်မရှိချေ။
ဤမျှထိ အတင့်ရဲသောလူများသည် မည်သူများဖြစ်သနည်း....
သူတို့သည် မည်သည့်သတ္တိမျိုးနှင့် လျှူနန်ယန်းကို ဤကဲ့သို့ပုံစံဖြင့် စကားပြောဆိုဝံ့သနည်း....
သို့ရာတွင်....
လူအများ၏အကြည့်နှင့် ရင်ဆိုင်ရသည့်တိုင် ထိုလူစုကိုဦးဆောင်လာသော စုယွင်ယွင်သည် တည်ငြိမ်အေးဆေးနေဆဲပင်။သူမသည် ဧကရီတစ်ပါးအဖြစ်မွေးဖွားလာသည့်အလား သူမကိုယ်သူမ ယုံကြည်ချက်ရှိသောအရှိန်အဝါတစ်ရပ်ဖြင့် လူအများ၏ရှေ့တွင် မောက်မာဝံ့ကြွားစွာ မတ်တတ်ရပ်နေသည်။
လျှူနန်ယန်းက မျက်မှောင်တင်းတင်းကြပ်ကြပ် ကြုတ်လိုက်၏။
အကြောင်းအရင်းမှာ သူမသည် စုယွင်ယွင်ထံမှနေ၍ ကြီးမားသောခြိမ်းခြောက်နိုင်မှု အငွေ့အသက်ကို ခံစားမိသောကြောင့်ပင်။စုယွင်ယွင် ထွက်ပေါ်လာသော အချိန်အခိုက်အတန့်တွင် မူလကတောက်ပနေသော လျှူနန်ယန်း၏အရောင်အဝါများ မှေးမှိန်သွားသည်။
အမှန်အားဖြင့်....
စုယွင်ယွင်၏နောက်ရှိ တခြားလူများသည်လည်း သူမ၏စိတ်အာရုံကို ဆွဲဆောင်သွားနိုင်ခဲ့သည်။
ဓားရှည်ကိုင်ထားသောလူသည် တည်ကြည်ဖြောင့်မတ်သော မျက်နှာအမူအယာမျိုးရှိကာ သူ့ထံတွင် တရားမျှတပြီး သမာဓိရှိသော အရှိန်အဝါတစ်ရပ်ရှိကာ အလင်းတန်းတစ်တန်းကဲ့သို့ တောက်ပနေသည်။
တခြားလူတစ်ယောက်သည် သူ့၏ခန္ဓာကိုယ်တစ်ခုလုံးကို ပတ်တီးများဖြင့် ရစ်ပတ်ထားပေ၏။သူ့၏မျက်နှာပေါ်တွင် လှောင်ပြုံးတစ်ခုရှိနေကာ မောက်မာဝံ့ကြွားသောအမူအယာဖြင့် ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်နေသည်။ဤလူထံမှနေ၍ သူမသည် အန္တရာယ်အငွေ့အသက်ကို ခံစားမိသည်။
"နင်တို့က ဘယ်သူတွေလဲ"
နောက်ဆုံး၌ လျှူနန်ယန်းက တိုးညှင်းသောလေသံဖြင့် မေးမြန်းလိုက်သည်။
"ငါတို့က ရှောင်ကျန်းရဲ့ စီနီယာအစ်ကိုအစ်မတွေပဲ"
စုယွင်ယွင်က ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။
စုယွင်ယွင်၏စကားလုံးများ ကျရောက်လာချိန်တွင် လက်ရှိနေရာ၌ရှိနေသူများထံမှ အံ့အားတသင့်ရေရွတ်သံများ ထွက်ပေါ်လာသည်။
ရှောင်ကျန်း၏ဖခင် ရှောင်ယွင်အပါအဝင် လူများအားလုံး၏မျက်နှာများထက်တွင် ဇဝေဇဝါဖြစ်နေသောအမူအယာများ ထင်ဟပ်လာပေ၏။
ရှောင်ကျန်းသည် ငယ်ရွယ်စဥ်ကတည်းက အသုံးမကျသော အမှိုက်ကောင်တစ်ကောင်ဖြစ်သောကြောင့် ဂိုဏ်းတစ်ဂိုဏ်းသို့ တစ်ကြိမ်တခါမျှ ဝင်ရောက်ခဲ့ဖူးခြင်းမရှိချေ။ဤစီနီယာအစ်ကိုအစ်မများဟူသော လူတစ်စုသည် မည်သည့်နေရာမှ ထွက်ပေါ်လာသနည်း။
"မင်း စကားပြောတာ အရမ်းမောက်မာထောင်လွှားတာကြောင့်...ငါက မင်းကို အရေးပါတဲ့လူတစ်ယောက်လို့ ထင်ခဲ့တာ"
လျှူနန်ယန်းသည် ထိုအဖြေကိုကြားချိန်တွင် ချက်ချင်းစိတ်သက်သာရာရသွားကာ သူမ၏နှုတ်ခမ်းထောင့် မြင့်တက်သွားပြီး သရော်တော်တော် ပြောဆိုလိုက်သည်။
"အခုကြည့်ကြည့်တော့မှ နင်တို့က သူ့ရဲ့စီနီယာအစ်ကိုအစ်မတွေ ဖြစ်နေတာပါလား"
လျှူနန်ယန်း၏မျက်လုံးအတွင်းရှိ အထင်အမြင်သေးသောအရိပ်အယောင်များကို ကွယ်ဝှက်ထားနိုင်ခြင်းမရှိချေ။
ရှောင်ကျန်းသည် မည်ကဲ့သို့လူစားမျိုးဖြစ်သည်ကို သူမ ကောင်းစွာသိရှိထားပေ၏။
မည်သည့်ကြီးမားသောဂိုဏ်းမျိုးက ရှောင်ကျန်းကို လက်ခံမည်နည်း....
ထို့ပြင် အစောပိုင်းက သူမသည် စုယွင်ယွင်တို့လူစုကို ကြည့်လိုက်ချိန်တွင် သူတို့သည် ထူးခြားသည်ဟု အာရုံခံမိသော်လည်း သူတို့ထံတွင်အလွန်အစွမ်းထက်သော ကျင့်ကြံဆင့်စွမ်းအားရှိသည်ကို သူမ ရှာမတွေ့ခဲ့ချေ။
ဤကဲ့သို့ကိစ္စမျိုးရှိနေသောကြောင့် ဤလူများထံတွင် မည်ကဲ့သို့ အဆင့်အတန်းနှင့်စွမ်းအားမျိုးရှိသည်မှာ သိသာထင်ရှားသည်။
"ရှောင်မိသားစုရဲ့မျက်နှာနဲ့ ငါ ဒီကိစ္စကို နင်တို့နဲ့ဆက်ပြီးအငြင်းမပွားတော့ဘူး"
"ဒါပေမယ့် နင် ခုဏကပြောခဲ့တဲ့ သုံးရက်ဆိုတဲ့စကားက သေချာလား"
လျှူနန်ယန်းက သူမ၏မေးကိုမော့ကာ မေးမြန်းသည်။
သုံးရက်အကြာတွင် သူမအား စိန်ခေါ်မည်ဟူသည့်ကိစ္စကို သူမသည် ဟာသပြက်လုံးတစ်ခုအဖြစ်သာ ယူဆထားသည်။
သို့ရာတွင် အကယ်၍ သူမသည် ဤကိစ္စကို အချိန်ချုံ၍ သုံးရက်အတွင်းဖြေရှင်းဖြေရှင်းနိုင်မည်ဆိုပါက မည်သည်ကြောင့် သူမ သဘောမတူရမည်နည်း။
"သေချာတာပေါ့"
စုယွင်ယွင်က သာမန်ကာလျှံကာခေါင်းညိတ်ပြလိုက်၏။
"အရမ်းကောင်းတယ်"
လျှူနန်ယန်း၏နှုတ်ခမ်းထောင့် မြင့်တက်သွားကာ သူမက ရှောင်ကျန်းထံသို့ တစ်ချက်ကြည့်လိုက်သည်။
ရှောင်ကျန်းထံတွင် ရုန်းကန်နေသောမျက်နှာအမူအယာတစ်ရပ်ရှိနေသည်။
သူသည် အံ့တင်းတင်းကြိတ်ကာ အချိန်တခဏကြာခန့် စဉ်းစားတွေးသောပြီးနောက် လျှူနန်ယန်းကိုကြည့်ပြီး ခိုင်မာပြတ်သားစွာ ခေါင်းညိတ်ပြလိုက်၏။
"နင် သေချာသွားပြီလား"
"နောက်ပိုင်းကျမှ နင့်ရဲ့စကားတွေကို ပြန်ရုတ်သိမ်းလို့ မရဘူးနော်....ပြောရမယ်ဆိုရင် ငါ လျှူနန်ယန်းက နင့်ကိုဖိအားပေးထားတာလည်းမဟုတ်ဘူး....ဒါမှမဟုတ် ငါက ရှောင်မိသားစုကိုအခွင့်အရေးမပေးထားတာလည်း မဟုတ်ဘူး"
လျှူနန်ယန်းက သူမ၏ခေါင်းကိုမော့ကာ ပြောဆိုသည်။
ရှောင်ကျန်း စကားပြောဆိုရန် ဟန်ပြင်လိုက်သောအချိန်မှာပင် ရှောင်ယွင်က ရုတ်တရက် သူ့၏သားကိုဟန့်တားကာ မေးမြန်းလေသည်။
"ကျန်းအာ....မင်း သေချာလား"
"အဖေ သူတို့က ကျွန်တော်ရဲ့စီနီယာအစ်ကိုအစ်မတွေပဲ....ကျွန်တော်က သူတို့ကို ယုံကြည်တယ်"
ရှောင်ကျန်းသည် နူးညံညင်သာသောလေသံဖြင့် ရှောင်ယွင်ကိုရှင်းပြကာ မိုးမြေဂိုဏ်းနှင့်ပတ်သက်သောအကြောင်းအရာများကို အကြမ်းဖျဥ်းပြောပြလိုက်သည်။
"အဖေ....ကျွန်တော်က မိုးမြေဂိုဏ်းထဲကိုဝင်ထားတာ အချိန်မကြာသေးတာကြောင့် သူတို့ရဲ့အစွမ်းအစတွေကို မမြင်ဖူးပေမယ့် သူတို့က သာမန်မဟုတ်ဘူးဆိုတာ ကျွန်တော် ခံစားမိတယ်...ပြီးတော့ အဲဒီနေ့တုန်းက ရလာတဲ့ လက်ကမ်းကြော်ငြာ...."
ရှောင်ကျန်းသည် ထိုမှော်လက်ကမ်းကြော်ငြာအကြောင်းကို အသေးစိတ်ဓာတ်ကျကျ ဖော်ပြလိုက်၏။
"ဒါကြောင့် ဘာကိစ္စပဲရှိနေနေ သူတို့က ဒီနေရာကိုလာပြီးတော့ ကျွန်တော်ကို ကူညီပေးတာနဲ့တင် အရမ်းကျေးဇူးတင်နေမိပြီ....တကယ်လို့ ကျွန်တော်က သူ့ကိုမနိုင်ဘူးဆိုရင်တောင် သုံးနှစ်နဲ့သုံးရက်ကြားမှာ ဘာကွာခြားချက်ရှိလာမှာမလို့လဲ"
ထိုစကားကိုကြားချိန်တွင်....
ရှောင်ယွင်သည် မည်ကဲ့သို့ပြောဆိုရမည်ကို မသိတော့ချေ။
သူသည် သက်ပြင်းတစ်ချက်ရှိုက်ကာ ဤစီနီယာအစ်ကိုအစ်မဆိုသူများသည် ရှောင်ကျန်း ခံစားမိသကဲ့သို့ သာလွန်ထူးကဲသူများ အမှန်တကယ်ဖြစ်ရန်ကို မျှော်လင့်ရုံသာသူ တတ်နိုင်တော့သည်။
"ငါ ဒီကိစ္စကို အတည်ပြုလိုက်ပြီ...သုံးရက်ကြာရင် ငါတို့ ထျန်းလင်ဂိုဏ်းမှာ ပြန်တွေ့ကြမယ်...တကယ်လို့ ငါက မင်းကို ရှုံးနိမ့်သွားတယ်ဆိုရင် စေ့စပ်ပွဲကို နေရာမှာတင် ဖျက်သိမ်းပေးမယ်"
ရှောင်ကျန်းသည် ခိုင်မာပြတ်သားသောအကြည့်ဖြင့် လျှူနန်ယန်းကိုကြည့်ကာ ပြောဆိုလိုက်၏။
"ဟား...ဟား...ဟား...."
သို့ရာတွင်....
ရှောင်ကျန်း အတည်ပြုပြီးသည်နှင့် သူ့၏အရှေ့မှာနေ၍ ကျယ်လောင်သောလှောင်ပြောင်ရယ်မောသံများ ပွင့်အံ့ထွက်လာသည်။
"ရှောင်ကျန်း...အိုး....ရှောင်ကျန်း....မင်းက ဘာကောင်မလို့လဲ...မင်းက ဘယ်လိုမောက်မာထောင်လွှားမှုမျိုးနဲ့ သုံးရက်ကြာရင်တွေ့မယ်လို့ မိန်းကလေးလျှူကို စိန်ခေါ်ဝံ့တာလဲ"
"မင်းရဲ့စီနီယာအစ်ကိုအစ်မတွေဆိုတဲ့ လူတွေက မင်းကိုချောက်ချဖို့ ကြိုးစားနေတယ်ဆိုတာ အသိသာကြီးလေ...မင်းက သူတို့ရဲ့ပေါက်ကရစကားတွေကို တကယ်ကြီးယုံကြည်နေတာလား"
"အမှန်ပဲ...အရင်အတိုင်းဆိုရင် မင်းက သုံးနှစ်လောက်ပိုပြီး မင်းရဲ့အရှက်သိက္ခာကို ထိန်းသိမ်းထားနိုင်လိမ့်မယ်...အခုကတော့ မင်းက ချက်ချင်းကိုပဲ လူတွေရဲ့ရယ်စရာပြက်လုံးကြီးတစ်ခု ဖြစ်လာတော့မယ်""
"သုံးနှစ်တွေ သုံးရက်တွေမပြောစမ်းပါနဲ့...ဘယ်လိုပဲဖြစ်ဖြစ် ရလဒ်က အတူတူပဲထွက်လာမှာ...သူက ရုန်းကန်ဖို့ လက်လျှော့အရှုံးပေးလိုက်တာလည်း ဖြစ်နိုင်တာပဲ"
"ဟား...ဟား..ဟား..."
ဤလှောင်ပြောင်သရော်သံများသည် ရှောင်ကျန်းအတွက် အလွန်အမင်း နားမခံသာဖွယ်ရာပင်။
သို့ရာတွင် ရှောင်ကျန်းသည် အခိုင်အမာစိတ်ပိုင်းဖြတ်ထားပြီးဖြစ်ကာ သုံးရက်ဟူသောအချိန်ကာလကို အတည်ပြုလိုက်၏။
သူသည် မိုးမြေဂိုဏ်းအတွင်းသို့ ရောက်ရှိခဲ့သည်မှာ မကြာသေးသည့်အပြင် နားလည်ရခက်စွာ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။သူသည် လက်ကမ်းကြေငြာကို ရရှိခဲ့သည့်နေ့တွင် မိုးမြေဂိုဏ်းသို့ ရောက်ရှိလာခဲ့သည်။မိုးမြေဂိုဏ်းသည် သူ့ဘဝအတွက် အလှည့်အပြောင်းတစ်ခု ဖြစ်လာမည်ဟု သူ ဝိုးတဝါးခံစားမိလေ၏။
ထို့ပြင် သူ့၏စီနီယာအစ်ကိုအစ်မများသည် သာမာန်အားဖြင့် မည်သည့်စွမ်းရည်ကိုမျှ ထုတ်ဖော်ပြသခြင်းမရှိသော်လည်း သူတို့သည် သာမာန်လူများမဟုတ်ဟု ရှောင်ကျန်းက အစဥ်အမြဲခံစားမိသည်။
ထို့ပြင် မိုးမြေဂိုဏ်းအတွင်း၌ မကြုံစဖူးနွေးထွေးမှုကို သူ ခံစားမိလေ၏။ထိုနေရာတွင် သူ့အား အမှိုက်ကောင်ဖြစ်နေသည့်အတွက် မည်သူကမျှ အထင်အမြင်သေးခြင်းမရှိချေ။ဆန့်ကျင်ဘက်အနေဖြင့် သူ့၏စီနီယာများအားလုံး သူ့အပေါ်တွင် ဂရုစိုက်ကြသည်။
သူ ဤတစ်ကြိမ် အိမ်သို့ပြန်လာချိန်၌ ဆရာသခင်သည် သူ့အားကူညီထောက်ပံ့ပေးရန် စီနီယာများကိုပင် စေလွှတ်ခဲ့လေ၏။
ထို့ကြောင့်....
ရှောင်ကျန်းသည် သူတို့အား ယုံကြည်ရန် ရွေးချယ်ခဲ့သည်။
အကယ်၍ မမျှော်လင့်ထားသော ကိစ္စတစ်ခုရှိမနေပါက နောက်သုံးရက်အကြာတွင် သူ ရှုံးနိမ့်ရပေမည်။
ဤကိစ္စအတွက် သူ့ထံတွင် မည်သည့်နောင်တမျိုးမျှ ရှိနေမည်မဟုတ်ချေ။
"အရမ်းကောင်းတယ်...သုံးရက်အချိန်ကာလကို သတ်မှတ်လိုက်ပြီ...ခုလက်ရှိနေရာမှာရှိနေတဲ့လူတိုင်း သက်သေလုပ်ပေးမယ်လို့ ငါ မျှော်လင့်မိတယ်"
လျှူနန်ယန်းက ပေါ့ပေါ့ပါးပါး ပြောဆိုသည်။
"မိန်းကလေးလျှူ ဘာမှစိတ်မပူပါနဲ့...ငါတို့အားလုံးက မျက်မြင်သက်သေတွေပဲ....ရှောင်ကျန်းက မောက်မာထောင်လွှားပြီးတော့ ခေါင်းမာမာနဲ့ သုံးနှစ်အချိန်ကာလကို သုံးရက်လို့ ပြောင်းလဲခဲ့တာပဲ...မင်းက သူ့ကို ဖိအားပေးခဲ့တာမဟုတ်ဘူး"
"အမှန်ပဲ...ဒီနေ့ မိန်းကလေးလျှူရဲ့လုပ်ရပ်က ဖြောင့်မတ်မှန်ကန်ပြီးတော့ သနားကြင်နာမှုနဲ့ပြည့်ဝတယ်....ဒီကြင်နာမှုကို တန်ဖိုးမထားတာက သူတို့တွေပဲ"
"သုံးရက်ကြာရင်...သူက မိန်းကလေးလျှူကို ရှုံးနိမ့်ရတာနဲ့ စေ့စပ်ပွဲက ဖျက်သိမ်းရလိမ့်မယ်...သူက သူ့ကိုယ်သူ အပြစ်တင်ရုံပဲရှိတယ်"
"ရှင်တို့အားလုံးကို ကျေးဇူးတင်ပါတယ်"
လျှူနန်ယန်းက ခပ်ဖျော့ဖျော့ပြုံးကာ စုယွင်ယွင်တို့လူစုကို တစ်ချက်ကြည့်ပြီးနောက် သူမ၏ဂိုဏ်းမှ လူအိုကြီးနှင့်အတူ ထွက်ခွာသွားတော့သည်။
ထို့နောက် ထျန်ရှင်းမြို့ရှိ အင်အားစုများမှလူများသည်လည်း သရော်တော်တော်အမူအယာများဖြင့် ထွက်ခွာသွားလေ၏။
သူတို့ ထွက်ခွာသွားပြီးနောက် ရှောင်မိသားစု၏အမှိုက်ကောင် ရှောင်ကျန်းသည် သုံးရက်ကြာပြီးနောက် လျှူနန်ယန်းနှင့်တိုက်ခိုက်ရန် စိန်ခေါ်ခဲ့သည့် သတင်းသည် ထျန်ရှင်းတစ်မြို့လုံးအနှံ့ ပျံ့နှံ့သွားသည်။ထို့အပြင် ထိုသတင်းသည် အတောင်ပံများပေါက်လာသည့်အလား တခြားနေရာများထိ ပျံ့နှံ့သွားပေ၏။
အချိန်တခဏအကြာမှာပင် ထိုသတင်းကို တောင်ပိုင်းနယ်မြေတခွင်လုံး သိရှိသွားတော့သည်။
ဤသည်မှာ လူအများအကြားတွင် ဟာသပြက်လုံးတစ်ခုဖြစ်လာသည်။
ဤကဲ့သို့ ပြပွဲကောင်းတစ်ခုရှိနေသဖြင့် စိတ်လှုပ်ရှားမှုကိုစောင့်ကြည့်ရန် နှစ်ခြိုက်သဘောကျသော လူများသည် လွဲချော်မခံလိုသည်မှာ သိသာထင်ရှားလှ၏။ထျန်းလင်ဂိုဏ်းသို့ လူအမြောက်အများ အပြေးအလွှားသွားကာ သုံးရက်အကြာတွင်ကျင်းပမည့် ပြပွဲကောင်းကြီးကို ကြည့်ရှုလိုကြသည်။
ရှောင်မိသားစု...
"ပဉ္စမစီနီယာအမ....မင်းက ဘာလို့အဲဒီလိုအမှိုက်တွေနဲ့ စကားတွေအများကြီးပြောပြီး အချိန်ဖြုန်းနေတာလဲ...ငါတို့က သူတို့ကို တိုက်ရိုက်ဆုတ်ဖြဲလိုက်တာ ပိုမကောင်းဘူးလား"
ဟုန်ဖုန်ခွမ်းက သုန်မှုန်နေသောမျက်နှာအမူအယာဖြင့် မေးမြန်းသည်။
"ဘယ်လိုပဲဖြစ်ဖြစ် ဒါက ဂျူနီယာမောင်လေးရဲ့ကိစ္စပဲလေ....သူကိုယ်တိုင် ဖြေရှင်းဖို့လိုအပ်တယ်"
စုယွင်ယွင်က နူးညံညင်သာစွာပြောဆိုသည်။
အကြောင်းအရင်းမှာ အကယ်၍ ဤကိစ္စကို ရှောင်ကျန်းကိုယ်တိုင် ဖြေရှင်းခြင်းမဟုတ်ပါက သူ့၏စိတ်နှလုံးသားအတွင်းတွင် အဖုအထုံးများရှိလာပြီး သူ့၏အနာဂတ်ကျင့်ကြံခြင်းကို သက်ရောက်လာမည်မှာ မလွဲမသွေပင်။
"ဒါက မတိုက်ခိုက်ဘူးလို့ ဆိုလိုတာတော့ မဟုတ်ဘူးမလား"
ဟုန်ဖုန်ခွမ်းက ထပ်မံ၍မေးမြန်းသည်။
"မလိုအပ်ရင် မတိုက်ခိုက်ဘူး...ဒါက သုံးရက်ကြာရင် သူတို့ရဲ့စကားကို စောင့်ထိန်းဖို့ ဆန္ဒရှိမရှိဆိုတာပေါ် မူတည်တယ်...လျှူနန်ယန်းကို ငါတို့ဂျူနီယာမောင်လေးရဲ့ နွားတစ်ကောင်မြင်းတစ်ကောင်လို လုပ်ကျွေးပြုစုစေရမယ်"
စုယွင်ယွင်က ပြောဆိုသည်။
"တကယ်လို့ အဲ့ဒီလိုမဟုတ်ဘူးဆိုရင်တော့ ငါတို့က ထျန်းလင်ဂိုဏ်းကို ဖျက်ဆီးပစ်မယ်"
"အော်"
ဂိုဏ်းတစ်ဂိုဏ်းလုံးကို ဖျက်ဆီးမည်ဟူသော စကားကိုကြားချိန်တွင် ဟုန်ဖုန်ခွမ်း၏မျက်လုံးများတောက်ပလာကာ မျှော်လင့်စောင့်စားသောအရိပ်အယောင်များ ထင်ဟပ်လာသည်။
"တကယ်တော့ ငါ သိချင်တာက...စီနီယာအစ်မ ဘာလို့ သုံးရက်အထိ စိတ်အနှောင့်အယှက်ဖြစ်ခံရတာလဲ....လေးဆယ့်ငါးမိနစ်လောက်ဆိုရင် လုံလောက်နေပြီလေ.... ငါ အဲ့ဒီနေရာကိုသွားချင်တာ တရွရွဖြစ်နေပြီ"
စုယွင်ယွင်သည် ကူကယ်ရာမဲ့စွာဖြင့် မျက်ဖြူလန်သွားကာ ဟုန်ဖုန်ခွမ်းကိုကြည့်လိုက်၏။
"အဲ့ဒီသုံးရက်အချိန်ကာလက ဂျူနီယာမောင်လေးရှောင်ကျန်းကြောင့် မဟုတ်ဘူး...ဒါက ဂျူနီယာမောင်လေးပိုင်ချီယု အတွက်ပဲ"
စုယွင်ယွင်က ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုသည်။
"သူက ကတုံးတုံးလိုက်တာကြောင့် သူ မပျံသန်းနိုင်တော့ဘူး"
"အော် ကောင်းပြီလေ"
ဟုန်ဖုန်ခွမ်းသည် ကြက်သေသေသွားကာ ခေါင်းညိတ်လိုက်သည်။
ယခုအချိန်၌ သူ ထိုကိစ္စကို စဉ်းစားတွေးသောကြည့်ချိန်တွင် သူတို့၏ ဒဿမစီနီယာအစ်ကိုကြီးပိုင်ချီယုသည် လမ်းတစ်ဝက်တွင်သာ ရှိနေသေးသည်။အကယ်၍ သူတို့သည် ပိုင်ချီယုကို စောင့်ဆိုင်းပြီးမှ ထျန်းလင်ဂိုဏ်းသို့ အပြေးသွားပါက အချိန်သုံးရက်ကြာမြင့်ပေမည်။
သို့ရာတွင် ဤဂိုဏ်းတူတပည့်အကြားရှိ စကားပြောဆိုဆွေးနွေးနေမှုကို ကြားချိန်တွင် နံဘေးတစ်ဖက်တွင်ရှိနေသော ရှောင်ယွင်သည် မျက်မှောင်ကြုတ်လိုက်ကာ သူ့၏မျက်နှာပေါ်တွင် ဇဝေဇဝါဖြစ်နေသောအမူအယာရှိနေသည်။
သူသည် သူ့သားဖြစ်သူ၏အတွေးများကိုယုံကြည်ရန် ဆန္ဒရှိကာ ဤလူများတွင်အရည်အချင်းများနှင့်ဝှက်ဖဲများ အမှန်တကယ်ရှိနေပြီး နောက်ထပ်သုံးရက်အကြာတွင် မတော်တဆကိစ္စတစ်ခုကို ဖန်တီးနိုင်မည်ဟု မျှော်လင့်ခဲ့သည်။
သို့ရာတွင် ယခုလက်ရှိအချိန်၌ သူတို့၏စကားများကို သူ ပို၍နားထောင်နေလေ မှားယွင်းနေသည်ဟု ပို၍ခံစားရလေလေပင်။
လေးဆယ့်ငါးမိနစ်ကြာမြင့်ချိန်အတွင်းတွင် ဂိုဏ်းတစ်ဂိုဏ်းကို ဖျက်ဆီးမည်ဆိုသည်မှာ အဓိပ္ပါယ်မရှိချေ။
ထို့ကြောင့် သူသည် ရှောင်ကျန်းကို နံဘေးသို့အလျှင်အမြန်ဆွဲခေါ်လိုက်၏။
"ကျန်းအာ...မင်းရဲ့စီနီယာအစ်ကိုအစ်မတွေက လူလိမ်တွေမဟုတ်တာ သေချာလား"
"သူတို့စကားပြောနေတဲ့အချိန်မှာ ငါက နွားတွေကောင်းကင်ယံမှာ ပျံသန်းနေတာကို မြင်နေရသလိုမျိုး ခံစားနေရတယ်"
ရှောင်ယွင်က စိုးရိမ်ပူပန်နေသောမျက်နှာအမူအယာဖြင့် မေးမြန်းလိုက်သည်။
Chapter 484
ရှောင်ကျန်းသည် သူ့၏ခေါင်းကိုငုံထားကာ သူ့၏မျက်နှာပေါ်တွင် အကျပ်ရိုက်နေသော အမူအယာတစ်ရပ်ရှိနေသည်။
သူ့ထံတွင် ဤစီနီယာအစ်ကိုအစ်မများသည် အလွန်အစွမ်းထက်သည်ဟူသော ပြင်းထန်သည့်ခံစားချက်မျိုးရှိနေသည်။
သို့ရာတွင် မည်သို့ပင်ဆိုစေကာမူ သူသည် ထိုကိစ္စကို ယခင်ကမြင်တွေ့ခဲ့ဖူးခြင်းမရှိချေ။
ရိုးရိုးသားသားဝန်ခံရလျှင် သူ့ကိုယ်သူလည်း ယုံကြည်ချက်ရှိမနေပေ။
မည်သို့ပင်ဆိုစေကာမူ...
ကျင့်ကြံ၍မရသော အမှိုက်ကောင်တစ်ကောင်ဖြစ်သည့် သူသည် အင်မော်တယ်နယ်ပယ်၌ရှိနေသော လျှူနန်ယန်းကို သုံးရက်အတွင်းတွင် မည်သည့်နည်းဖြင့် အနိုင်ယူနိုင်မည်နည်း။
ဤကွာဟချက်သည် အလွန်ကြီးမားပေ၏။
ထိုကြောင့် သူ့၏စိတ်တည်ငြိမ်လာချိန်တွင် သူသည် ထိုကိစ္စကို စိတ်ကူးယဉ်တွေးသောကြည့်ဝံ့ခြင်းပင် မရှိတော့ချေ။
သူသည် ကူကယ်ရာမဲ့စွာဖြင့် စုယွင်ယွင်ကိုတစ်ချက်ကြည့်ကာ တွန့်ဆုတ်စွာဖြင့် မေးမြန်းလိုက်သည်။
"စီနီယာအစ်မ...မင်းဆီမှာ ငါ လျှူနန်ယန်းကို သုံးရက်အတွင်း အနိုင်ယူနိုင်အောင် လုပ်ပေးနိုင်မယ့် နည်းလမ်းတစ်ခုရှိလားလို့ ငါ မေးပါရစေ"
"ဂျူနီယာမောင်လေး...နင် ဘာတွေစိုးရိမ်ပူပန်နေတာလဲ....ဆရာကြီးက နင့်အတွက် အစီအစဉ်တွေအားလုံး ဆွဲထားပြီးပြီ"
စုယွင်ယွင်က နူးညံ့ညင်သာစွာ ပြောဆိုသည်။
"ငါတို့ ဂိုဏ်းကနေ ထွက်မလာခင်...ဆရာကြီးက ငါ့ကို ဒီစာအုပ်ပေးပြီးတော့.... နင် ဒီစာအုပ်ကို များများဖတ်ပြီး စာအုပ်ထဲကဇာတ်ကောင်နေရာကို ခံစားရမယ်လို့ သူက အထူးမှာကြားခဲ့တယ်"
ထိုစကားကိုပြောဆိုရင်း စုယွင်ယွင်က သူမ၏သိုလှောင်လက်စွပ်ကို ဖွင့်လိုက်သည်။
'မြင်းထိုင်ထိုင်ခြင်းမှ တိုက်ခိုက်ခြင်းချီသို့ပြောင်းလဲခြင်း' စာအုပ်၏ မိတ္တူတစ်စောင်ကသူမ၏လက်အတွင်း၌ ထွက်ပေါ်လာသည်။
"ဆရာက ဒီစာအုပ်ကို ပေးလိုက်တာလား"
ထိုစာအုပ်ကိုကြည့်ပြီးနောက် ရှောင်ကျန်းသည် မမေးမြန်းဘဲမနေနိုင်တော့ချေ။
'ဒါဆိုရင် ငါက ဒီစာအုပ်ကိုကျွမ်းကျင်အောင် ဘယ်လိုလေ့လာရမှာလဲ...ဒါမှမဟုတ် ဒီစာအုပ်ထဲမှာ အစွမ်းထက်တဲ့ ကျင့်ကြံနည်းစနစ်တစ်ခုပါဝင်နေတာလား"
"ဒါပေမယ့် အခုချိန်မှာ တကယ်လို့ ဒီစာအုပ်က အစွမ်းထက်တဲ့ သိုင်းပညာနည်းစနစ်တစ်ခုဆိုရင်တောင်...ငါက ဒါကို သုံးရက်အတွင်းမှာ ဘယ်လိုမှ သင်ယူနိုင်မှာမဟုတ်ဘူး"
"ဂျူနီယာမောင်လေး...နင် ဒီစာအုပ်ကို တစ်ချက်ကြည့်လိုက်တာနဲ့ ဘယ်လိုအသုံးပြုရမယ်ဆိုတာ နင် သိသွားပါလိမ့်မယ်"
စုယွင်ယွင်က ပေါ့ပေါ့ပါးပါးပြောဆိုသည်။
"ကောင်းပြီ....ကောင်းပြီလေ"
ရှောင်ကျန်းသည် သူ့၏လက်အတွင်းရှိစာအုပ်ကို မယုံတစ်ဝက်ယုံတစ်ဝက်ဖြင့် ကောက်ကိုင်ကာ အဖုံးပေါ်တွင်ရှိသော 'မြင်းထိုင်ထိုင်ခြင်းမှ တိုက်ခိုက်ခြင်းချီသို့ပြောင်းလဲခြင်း' ဟူသောစာလုံးများကိုကြည့်ကာ စတင်၍လှန်ကြည့်လိုက်သည်။
နံဘေးဘက်တွင်ရှိနေသော ရှောင်ယွင်သည်မျှော်လင့်ချက်များအားလုံးကို လက်လျှော့အရှုံးပေးလိုက်ကာ စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းရှိုက်ပြီး သူ့၏မျက်နှာအမူအယာပျက်ယွင်းနေသည်။
စာအုပ်တစ်အုပ်....
ဤစာအုပ်တစ်အုပ်မျှဖြင့် မည်သည့်ကျင့်ကြံခြင်းမျှမရှိသော သူ့၏သားကို သုံးရက်အတွင်းတွင် အင်မော်တယ်နယ်ပယ်၌ရှိနေသည့် လျှူနန်ယန်းကို အနိုင်ယူနိုင်အောင် ပြုလုပ်နိုင်ရန်မှာ မည်သည့်ကြောင့် ဖြစ်နိုင်မည်နည်း။
သူသည် ယခုလက်ရှိအချိန်၌ သုံးရက်အချိန်ကာလပြည့်ပြီးချိန်တွင် သူ့၏သားဖြစ်သူသည် တိုက်ခိုက်မှုကိုခုခံနိုင်ကာ အသက်ရှင်သန်နေရန်ကို မျှော်လင့်ရုံသာ တတ်နိုင်တော့သည်။
"ဟား ဟား ဟား ဟား"
သို့ရာတွင် စိတ်ပျက်လက်ပျက်ဖြစ်နေသောသူ့၏နံဘေးမှနေ၍ မိုးခြိမ်းသံကဲ့သို့ကျယ်လောင်သောရယ်မောသံကြီး ရုတ်တရက်ထွက်ပေါ်လာသည်။
သူ နံဘေးဘက်သို့ စောင်းငဲ့၍ကြည့်လိုက်ချိန်တွင် စာအုပ်ဖတ်နေသော သူ့၏သားသည် ကျယ်လောင်စွာအော်ဟစ်ရယ်မောကာ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေကြောင်း သူ မြင်တွေ့လိုက်ရသည်။
"ဟား ဟား ဟား...."
"ဘယ်လောက်တောင် ကောင်းလိုက်လဲ...မြစ်ကြီးရဲ့အရှေ့ဘက် နှစ်ငါးဆယ်...မြစ်ကြီးရဲ့အနောက်ဘက် နှစ်ငါးဆယ်....ငယ်ရွယ်သူတွေနဲ့ဆင်းရဲနွမ်းပါးသူတွေကို အနိုင်မကျင့်ရဘူး...ငါနားလည်ပြီ...ငါ ဒါကို အပြည့်အဝနားလည်သွားပြီ"
ထိုမြင်ကွင်းကိုကြည့်ပြီး ရှောင်ယွင်၏နှလုံးခုန်ရပ်တန့်လုမတတ် ခံစားလိုက်ရသည်။
ဖြစ်နိုင်သည်မှာ သူ့၏သားဖြစ်သူသည် ကြီးမားသောဖိအားကို တောင့်မခံနိုင်တော့သဖြင့် ရူးသွပ်သွားသလော...
သို့ရာတွင် သူ ထိုအကြောင်းကို တွေးတောနေစဉ်မှာပင် ပြင်းထန်သောဖိအားအရှိန်အဝါတစ်ရပ်က ရုတ်တရက် ရှောင်ကျန်း၏ခန္ဓာကိုယ်မှ ပွင့်အံ့ထွက်လာသည်။
သူသည် ထိုမြင်ကွင်းကို နံဘေးတဖက်မှနေ၍ ပြူးကျယ်နေသောမျက်လုံးတစ်စုံဖြင့် စူးစိုက်၍ကြည့်လိုက်၏။
ထို့နောက် မည်သည့်စွမ်းအားမျှမရှိသည့်သူ့၏အသုံးမကျသောသားဖြစ်သူသည် လှေပျံတစ်စင်းကိုစီးနင်းလိုက်သည့်အလား ကျင့်ကြံဆင့်နယ်ပယ်များ မြင့်တက်လာသည်ကို သူ တွေ့မြင်မိသည်။
သိုင်းပညာရှင်...
သိုင်းဘုရင်...
သိုင်းဘိုးဘေး...
သိုင်းသူတော်စင်...
လူသားအင်မော်တယ်...
"ဂေ့..."
ထိုမြင်ကွင်းကိုကြည့်ပြီး ရှောင်ယွမ်၏ခြေထောက်များ အချင်းချင်းရိုက်ခတ်မိသွားကာ သူ့၏ပါးစပ်ပွင့်ဟသွားပြီး ဘဲအော်သံနှင့်တူသောအသံတစ်သံ ထွက်ပေါ်လာသည်။
ချက်ချင်း တက်လှမ်းသွားခြင်း ဖြစ်သလော...
သူ့၏သားဖြစ်သူ အမှိုက်ကောင်သည် အမှန်တကယ်ကိုပင် ချက်ချင်းတက်လှမ်းသွားခဲ့သလော....
သူရှေ့ရှိမြင်ကွင်းသည် ရှောင်ယွင်၏စိတ်ကို လွှမ်းခြုံသွားကာ မိုးကြိုးတစ်စင်းအလား သူ့၏စိတ်အတွင်း၌ ဖြတ်သန်းသွားသည်။
သို့ရာတွင်
ရှောင်ကျန်း၏နယ်ပယ်သည် လူသားအင်မော်တယ်နယ်ပယ်သို့ ရောက်ရှိသည့်တိုင် ရပ်တန့်သွားခြင်းမရှိဘဲ ဆက်လက်၍ အရူးအမူးမြင့်တက်နေပေ၏။
လူသား အင်မော်တယ်....
မြေကမ္ဘာ အင်မော်တယ်...
ကောင်းကင် အင်မော်တယ် ....
နောက်ဆုံး၌ ဤဖြစ်စဥ်သည် ရွှေအင်မော်တယ်နယ်ပယ်သို့အရောက်တွင် ရပ်တန့်သွားခဲ့သည်။
ဤတက်လှမ်းနေစဉ်အတောအတွင်းတွင် ရှောင်ကျန်း၏ခန္ဓာကိုယ်မှနေ၍ ပြင်းထန်သောစွမ်းအားအမျိုးမျိုး တလိမ့်လိမ့်ထွက်ပေါ်လာသဖြင့် အခန်းအတွင်းရှိအရာရာတိုင်းကို အစိပ်စိပ်အမွှာမွှာ ကြေမွှပျက်စီးသွားစေသည်။
မိုးကောင်းကင်ယံအတွင်း၌...
တိမ်မည်းများစုဝေးလာကာ ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးတိမ်တိုက်များ စတင်၍ဖွဲ့စည်းစပြုလာသည်။
ကံကောင်းထောက်မစွာဖြင့် ဤကဲ့သို့အရေးကြီးအချိန်အခိုက်အတန့်တွင် စုယွင်ယွင်သည် သူမ၏နူးညံ့သေးသွယ်သောလက်ကို ဝှေ့ယမ်းကာ ရှောင်ကျန်းကို လေဟာနယ်တစ်ခုအတွင်းသို့ထည့်သွင်းပြီး ကာရံထားကာ ပြင်ပလောကနှင့်ပိုင်းခြားလိုက်သည်။ထို့နောက် မိုးကောင်းကင်ယံအတွင်းရှိ မိုးကြိုးတိမ်တိုက်များသည် မည်သည့်ကြီးမားသောရုန်းရင်းဆန်ခတ်မှုမျှ ဖြစ်ပွားသွားခြင်းမရှိဘဲပျက်ပြယ်သွားတော့သည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ရှောင်ယွင်၏ပါးစပ်သည် ကြက်ဥတစ်လုံးဝင်စာပမာဏထိ ပွင့်ဟသွားကာ သူ့၏စိတ်နှလုံးသားအတွင်းတွင်ကြီးမားသောလှိုင်းများ မြင့်တတ်လာသည်။
သူ့၏ခံစားချက်များကို စကားလုံးများဖြင့်ပင် ဖော်ပြနိုင်စွမ်းမရှိတော့ချေ။
"ဟူး...."
"စိတ်ပျက်ဖို့ကောင်းတာတစ်ခုက ဂျူနီယာညီလေးနှစ်ဆယ့်ရှစ်က မကျင့်ကြံတာ အချိန်အတော်ကြာနေတာကြောင့် ရွှေအင်မော်တယ်နယ်ပယ်ထိပဲ တက်လှမ်းနိုင်ခဲ့တယ်"
လီကျင်းသည် ရှောင်ကျန်း၏အရှိန်အဝါ ရပ်တန့်သွားသည်ကို မြင်တွေ့ချိန်၌ ကြေကွဲဝမ်းနည်းသောအမူအယာဖြင့် ကူကယ်ရာမဲ့စွာ သက်ပြင်းရှိုက်လိုက်၏။
သို့ရာတွင်....
လီကျင်း သာမာန်ကာလျှံကာပြောဆိုလိုက်သော စကားတစ်ခွန်းသည် အစောပိုင်းကမှ အသက်ရှုနိုင်ခဲ့သော ရှောင်ယွင်ကို လေဖြတ်သွားစေလုနီးပါးပင်။
ရွှေအင်မော်တယ်နယ်ပယ်ထိသာ တက်လှမ်းနိုင်သည်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုခြင်းဖြစ်သနည်း။
ဤဖော်ပြချက်သည် အလွန်လေလုံးထွားသည် မဟုတ်လော...
ရှောင်ကျန်း၏မျက်နှာပေါ်မှ စိတ်ပျက်လက်ပျက်အရိပ်အယောင်များ လွင့်ပြယ်သွားကာ သူ့၏ခန္ဓာကိုယ်အတွင်းရှိ မကြုံစဖူးအစွမ်းထက်သော စွမ်းအားများကိုခံစားလိုက်သည်။သူ့၏မျက်နှာပေါ်တွင် ယုံကြည်ချက်အခိုင်အမာရှိသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေပေ၏။
"ရှောင်ကျန်းက စီနီယာအစ်ကိုအစ်မတို့ကို အရိုအသေပြုပါတယ်"
ရှောင်ကျန်းသည် အလျှင်အမြန်ဒူးထောက်ကာ ကျေးဇူးတင်မှုအပြည့်ဖြင့် စုယွင်ယွင်တို့ကိုကြည့်လိုက်သည်။
"ဂျူနီယာမောင်လေး...ဒီလိုလုပ်ဖို့ မလိုအပ်ပါဘူး"
"မိုးမြေဂိုဏ်းထဲကို နင် ဝင်လာတဲ့အချိန်ကစပြီးတော့ ငါတို့က မိသားစုတစ်စုတည်းဖြစ်သွားပြီ"
စုယွင်ယွင်သည် နူးညံ့ညင်သာစွာဖြင့် ရှောင်ကျန်းကိုတွဲထူပေးကာ တည်ကြည်လေးနက်စွာ ပြောဆိုလိုက်၏။
"ပြီးတော့ ဒါတွေအားလုံးက ဆရာကြီးရဲ့အမိန့်အရပဲ"
"အမှန်ပဲ....ဒါတွေအားလုံးက ဆရာကြီးကြောင့်ပဲ"
ရှောင်ကျန်းသည် 'မြင်းထိုင်ထိုင်ခြင်းမှ တိုက်ခိုက်ခြင်းချီသို့ပြောင်းလဲခြင်း' စာအုပ်မှအမျိုးသားဇာတ်ဆောင်၏အကြောင်းကို မတွေးတောဘဲမနေနိုင်ချေ။
ဤသည်မှာ သူနှင့် အခြေအနေချင်းတူညီသည်မဟုတ်လော....
ကြည့်ရသည်မှာ ဆရာကြီးသည် သူ့၏အခက်အခဲကို ကြိုသိနေသောကြောင့် သူ့အား ဤစာအုပ်ပေးအပ်ခြင်း ဖြစ်ပေမည်။
"ငါ ရှောင်ကျန်းက မိုးမြေဂိုဏ်းကိုဝင်ခွင့်ရတာ အတိတ်က ကောင်းမှုကုသိုလ်တွေရဲ့ကောင်းချီးပေးမှုကြောင့်ပဲ ဖြစ်မယ်"
"ငါက ငါ့ရဲဘဝတစ်လျှောက်လုံး မိုးမြေဂိုဏ်းကိုသစ္စာစောင့်သိပြီးတော့...ဆရာကြီးအပေါ်မှာလည်း ထာဝရသစ္စာစောင့်သိမယ်လို့ ကျိန်ဆိုတယ်"
ထိုစကားကိုပြောဆိုရင်း ရှောင်ကျန်းသည် နောက်မှီကုလားထိုင်ပေါ်၌ လဲလျောင်းနေကာ နေ့စဉ်နေ့တိုင်း ဇာတ်လမ်းတွဲများကို ကြည့်နေသောလူငယ်ကို မြင်ယောင်မိသည်။သူ၏မျက်လုံးအတွင်းတွင် နက်ရှိုင်းသော ရိုသေလေးစားမှုများနှင့် ပြည့်နှက်နေပေ၏။
ထိုအချိန်မှာပင်....
ယခုမှ အသိစိတ်ပြန်ဝင်လာသော ရှောင်ယွင်၏အိုမင်းနေသောမျက်နှာပေါ်တွင် မျက်ရည်များ ယိုစီးကျလာသည်။
"ဒါက တကယ့်ကို ဘိုးဘေးတွေရဲ့ကောင်းချီးပေးမှုကို ရရှိတာပဲ"
ရှောင်ယွင်၏ အချိန်အတော်ကြာသိမ်းဆည်းထားခဲ့သောမျက်ရည်များ ဒရဟောယိုစီးကျလာသည်။သူ့၏သားဖြစ်သူသည် အလှည့်အပြောင်းတစ်ခုနှင့် အမှန်တကယ်ကြုံတွေ့ခဲ့ရကာ လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်သောဂိုဏ်းတစ်ဂိုဏ်းအတွင်းသို့ ဝင်ရောက်နိုင်မည်ဟု သူတစ်ကြိမ်တစ်ခါမျှ မျှော်လင့်မထားမိချေ။
အထူးသဖြင့် သူတို့၏လျှို့ဝှက်ဆန်းကြယ်သောဆရာကြီးဆိုသူသည် မကျင့်ကြံနိုင်သောသူ့၏အမှိုက်ကောင်သားကို စာအုပ်တစ်အုပ်တည်းဖြင့် ရွှေအင်မော်တယ်နယ်ပယ်သို့ ရောက်ရှိသွားစေခဲ့သည်။ထိုပုဂ္ဂိုလ်ထံတွင် မည်မျှထိကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံဆင့်အခြေခံမျိုး ရှိနေသနည်း။
အံ့အားသင့်ဖွယ် မရှိတော့ချေ။
သူတို့သည် ထျန်းလင်ဂိုဏ်းကို အနည်းငယ်မျှ အလေးအနက်မထားဘဲ ချက်ချင်း အမြစ်ပြတ်သုတ်သင်မည်ဟု ပြောဆိုနေကြသည်မှာ အံ့အားသင့်ဖွယ်မရှိတော့ချေ။
အစပထမ၌ သူသည် သူတို့ကို ယုံကြည်ခြင်းမရှိဘဲ လူလိမ်များဟုပင် တွေးတောခဲ့သည်မှာ မည်မျှထိ ရယ်ရွှင်ဖွယ်ကောင်းသနည်း....
ယခုကြည့်ရသလောက် ဤကိစ္စတစ်ခုလုံးတွင် သူ အမြင်ကျဉ်းမြောင်းခဲ့ခြင်းဖြစ်ပုံရသည်။
ထို့ပြင် ယခုလက်ရှိအချိန်၌ သူ့၏သားဖြစ်သူသည် ရွှေအင်မော်တယ်တစ်ယောက် ဖြစ်နေလေရာ မည်သည်ကြောင့် လျှူနန်ယန်းကိုအာရုံစိုက်ရန် ထိုက်တန်မည်နည်း။
"သား...နောက်ထပ်သုံးရက်ကြာရင် မင်းနဲ့အတူ ငါက ထျန်းလင်ဂိုဏ်းဆီ လိုက်ခဲ့မယ်....လျှူမိသားစုနဲ့ထျန်းလင်ဂိုဏ်းရဲ့ အသက်နှစ်ဆယ်အရွယ် လူသားအင်မော်တယ်တစ်ယောက်က ဘယ်လောက်ထိ အစွမ်းထက်လဲဆိုတာ သွားကြည့်ကြရအောင်"
"ငါ့ရဲ့သား ရှောင်ကျန်းက မဟာဧကရာဇ်တယောက်ဖြစ်ဖို့ ကံကြမ္မာပါပြီးသားပဲ"
"သူ စေ့စပ်ကြောင်းလမ်းတာကို ဖျက်သိမ်းချင်တဲ့ လူတယောက်က အသက်နှစ်ဆယ်အရွယ် ရွှေအင်မော်တယ်တစ်ယောက် ဖြစ်နေတယ်ဆိုတာ အဲ့ဒီမိန်းကလေးသိသွားရင် ဘယ်လိုတုံ့ပြန်မလဲဆိုတာ ငါ တကယ်ကို စောင့်မျှော်နေမိတယ်"
ရှောင်ယွင်က စိတ်အားထက်သန်စွာဖြင့် ပြင်းပြင်းထန်ထန်ပြောဆိုသည်။
Chapter 485
မျက်စိတစ်မှိတ်စာအချိန်အတွင်းမှာပင် အချိန်သုံးရက် ကုန်ဆုံးသွားလေပြီ။
ချန်ချုံးအင်ပါယာ တောင်ပိုင်းနယ်မြေ၏ ဒေသခံအာဏာရှင်ဖြစ်သော ထျန်ရှင်းဂိုဏ်းသည် အင်အားကြီးမားကာ အခြေခံအုတ်မြစ် နက်နဲသောဂိုဏ်းတစ်ဂိုဏ်းဖြစ်သည်။
ဂိုဏ်းတစ်ဂိုဏ်းလုံးကို မြူခိုးများဖုံးလွှမ်းနေသောတောင်တန်းများ ဝိုင်းရံထားသည်။ထိုမြူခိုးများအကြားတွင် တပည့်များက ဓားပျံများကို မကြာခဏစီးနင်းနေကြကာ အင်မော်တယ်များ၏နေရာဟူသော အရှိန်အဝါကို ပေးစွမ်းနိုင်သည်။
ယနေ့တင်မူ ဤနေရာသည် အလွန်အမင်းလှုပ်ရှားသက်ဝင်နေပေ၏။
ရှောင်ကျန်းနှင့် ထျန်းလင်ဂိုဏ်း၏သူတော်စင်မိန်းမပျိုလျှူနန်ယန်းတို့အကြားမှ တိုက်ပွဲသတင်းသည် တောင်ပိုင်းနယ်မြေတခွင်လုံးကို ပျံ့နှံ့သွားခဲ့သည်။ဤသတင်းကိုကြားသည်နှင့် လူအမြောက်အများသည် ထျန်းလင်ဂိုဏ်းသို့ အပြေးရောက်ရှိလာကြကာ ရပ်နားသွားခြင်းမရှိချေ။
ရှောင်ကျန်းသည် သူ့ကိုယ်သူ အရူးလုပ်သည်အား စောင့်ကြည့်လိုကြခြင်းအပြင် သူတို့သည် ထျန်းလင်ဂိုဏ်းမှ သူတော်စင်မိန်းမပျိုလျှူနန်ယန်း၏ တင့်တယ်ကျက်သရေရှိပုံကိုလည်း မြင်တွေ့လိုကြသည်။
ထျန်းလင်ဂိုဏ်းအတွင်း၌ လျှူနန်ယန်းသည် ကြမ်းခင်းမွေ့ယာတစ်ခုပေါ်တွင် ပလ္လင်ခွေထိုင်နေကာ သူမထံတွင် တည်ငြိမ်အေးဆေးသောအရှိန်အဝါမျိုးရှိနေသည်။ယနေ့စိန်ခေါ် တိုက်ခိုက်ပွဲနှင့်ပတ်သက်ပြီး သူမသည် အနည်းငယ်မျှ ဂရုစိုက်ပုံမရချေ။
ထိုအချိန်မှာပင်လူလတ်ပိုင်းကြီးတစ်ယောက် ရောက်ရှိလာသည်။
"နန်ယန်း...မင်း အခြေအနေဘယ်လိုရှိလဲ..ဒီနေ့တိုက်ပွဲအတွက် မင်းမှာယုံကြည်ချက်ရှိလား"
ထိုလူလတ်ပိုင်းကြီးက မေးမြန်းလိုက်၏။သူသည် လျှူနန်ယန်း၏ဆရာသခင်ဖြစ်ကာ ထျန်းလင်ဂိုဏ်း၏ဂိုဏ်းချုပ်လည်းဖြစ်သော ယင်ထျန်းရှုံးပင်။
"ဆရာ..ဒါက ရလဒ်ကိုကြိုသိနေတဲ့ တိုက်ပွဲတစ်ပွဲပဲလေ....အဲ့ဒီကိစ္စအတွက် ယုံကြည်ချက်ရှိဖို့ လိုလို့လား"
လျှူနန်ယန်းက သရော်တော်တော် ပြောဆိုသည်။
"မင်း ပြောတာမှန်တယ်....ငါ့ရဲ့မေးခွန်းက တော်တော်လေး အဓိပ္ပါယ်မရှိဘူး"
ယင်ထျန်းရှုံးက ရှက်ကိုးရှက်ကန်းရယ်မောကာ နူးညံညင်သာစွာ ပြောဆိုသည်။
"နန်ယန်း...မင်းတို့ လျှူမိသားစုနဲ့ရှောင်မိသားစုကို မီးနဲ့ရေလိုဖြစ်အောင် လုပ်လိုက်တဲ့အတွက် မင်း ငါ့ကို အပြစ်မတင်ဘူးမလား"
"ဆရာက ရယ်စရာပြောနေပြန်ပြီ...ဆရာ့ရဲ့ပါဝင်ပတ်သက်မှု မရှိဘူးဆိုရင်တောင် ရှောင်ကျန်းနဲ့ကျွန်မက တူညီတဲ့လမ်းကြောင်းမှာ ရှိနေတဲ့လူတွေမဟုတ်ဘူး"
"ပြီးတော့ ရှောင်မိသားစုက လျှူမိသားစုရဲ့ အရင်မျိုးဆက်တွေကို ကူညီထောက်ပံ့ပေးခဲ့တာ...ဒါက ကျွန်မတို့မိသားစုက ဘိုးဘေးတွေရဲ့ကိစ္စပဲ....ကျွန်မနဲ့ ဘာမှမဆိုင်ဘူး"
လျှူနန်ယန်းက အမူအယာကင်းမဲ့စွာဖြင့် ပြောဆိုသည်။
"မင်းက ဆရာ့ကို အပြစ်မတင်သရွေ့...ဒါက အဆင်ပြေတယ်"
ယင်ထျန်းရှုံးက သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုသည်။
"ဘယ်လိုပဲဖြစ်ဖြစ် မင်းရဲ့စေ့စပ်ထားမှုက တတိယမင်းသားကို အရမ်းစိတ်မပျော်မရွှင်ဖြစ်စေတယ်....မင်းက လုံလောက်တဲ့အပြုအမူမျိုး ပြသမှပဲ တတိယမင်းသားက စိတ်ကျေနပ်လိမ့်မယ်"
"ဒီနေ့ပြပွဲကို သေချာပြသနိုင်ဖို့အတွက် ငါက မီးလောင်ရာလေပင့်မယ့်လူတွေကို တိတ်တဆိတ်စီစဥ်ထားတယ်...ပြီးတော့ ဒီတိုက်ပွဲကိုကြည့်ချင်တဲ့ လူတိုင်းကို လွတ်လွတ်လပ်လပ် ကြည့်ခွင့်ပေးထားတယ်"
"ဆရာက ကျွန်မအပေါ်မှာ ကျေးဇူးရှိတဲ့လူပါ"
လျှူနန်ယန်းက ကျေးဇူးတင်စွာဖြင့် ပြောဆိုသည်။
"ဒါက ဘာမှမဟုတ်ဘူး...ငါတို့ရဲ့ဂိုဏ်းတွေ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ...တော်ဝင်မိသားစုတွေရဲ့ရှေ့ကိုရောက်ရင် ငါတို့ဦးညွှတ်ရတာပဲ...တကယ်လို့ မင်းက တတိယမင်းသားနဲ့ ပေါင်းဖက်နိုင်မယ်ဆိုရင် မင်းရဲ့အနာဂတ်အောင်မြင်မှုတွေက ဂိုဏ်းမှာထက်ပိုပြီး မြင့်မားသွားလိမ့်မယ်...နောင်အနာဂတ်မှာ ထျန်းလင်ဂိုဏ်းရဲ့အခြေခံအုတ်မြစ်က မင်းကြောင့် ပိုပြီးကျစ်လစ်ခိုင်မာလာလိမ့်မယ်"
ယင်ထျန်းရှုံးက စိတ်ခံစားချက်အပြည့်ဖြင့် ပြောဆိုလိုက်၏။
"ဆရာ စိတ်အေးအေးထားပါ...ကျွန်မ လျှူနန်ယန်းကို ထမ်းလျှင်ဂိုဏ်းကသုစုပျိုးထောင်ခဲ့တယ်ဆိုတာကျွန်မဘယ်တော့မှမမေ့ပါဘူး။
လျှူနန်ယန်းက တည်ကြည်လေးနက်စွာပြောဆိုသည်။
"ဒီစကားကိုကြားရတာ ငါ အရမ်းဝမ်းသာတာပဲ"
ယင်ထျန်းရှုံးက စိတ်ကျေနပ်မှုရရှိသွားကာခေါင်းညိတ်လိုက်သည်။ထို့နောက် သူသည် တစ်စုံတစ်ခုကို အမှတ်ရသွားပုံဖြင့် တည်ကြည်လေးနက်စွာ သတိပေးလိုက်၏။
"ပြီးတော့ မင်း ရှောင်ကျန်းကို အလွယ်တကူ အလွတ်မပေးသင့်ဘူး....တကယ်လို့ မင်းက သူ့ကို သေတဲ့အထိရိုက်နှက်လိုက်ရင်တောင် ဒါက ကိစ္စကြီးတစ်ရပ်မဟုတ်ဘူး...တတိယမင်းသားက ဒီနေရာကို ကိုယ်တိုင်ကိုယ်ကျ ရောက်မလာပေမယ့် စောင့်ကြည့်နေတဲ့လူတွေအကြားမှာ သူ့ရဲ့လူတွေကို စေလွှတ်ထားမှာ သေချာပေါက်ပဲ.... တကယ်လို့ မင်းရဲ့ပြိုင်ဘက်ကို အလွယ်တကူ လွှတ်ပေးလိုက်မယ်ဆိုရင် တတိယမင်းသား စိတ်မကျေမနပ်ဖြစ်သွားပြီးတော့ ကိစ္စတွေပိုပြီးခက်ခဲသွားနိုင်တယ်"
"ဆရာ ဘာမှမစိုးရိမ်ပါနဲ့...ကျွန်မ ဘာလုပ်ရမယ်ဆိုတာကို သိပါတယ်"
လျှူနန်ယန်းက ညင်သာပေါ့ပါးစွာ ခေါင်းညိတ်ပြလေသည်။
"ကောင်းပြီလေ...အခု အချိန်ကျတော့မယ်...ငါတို့ သွားကြရအောင်"
ယင်ထျန်းရှုံးက ပြောဆိုသည်။
ထို့နောက် သူတို့နှစ်ယောက်သည် ပြင်ပသို့ ထွက်ခဲ့ကြတော့သည်။
ထျန်းလင်ဂိုဏ်း၏တောင်ခြေတွင် စုယွင်ယွင်ဦးဆောင်သော မိုးမြေဂိုဏ်းသားတစ်စု ရောက်ရှိနေလေပြီ။
"စီနီယာတို့...ဒီစိန်ခေါ်ပွဲကို ဆက်လုပ်ဖို့ ကျွန်တော်အတွက် မလိုအပ်ဘူး"
ထျန်းလင်ဂိုဏ်း၏ကြီးကျယ်ခမ်းနားမှုနှင့် တိုက်ပွဲကိုကြည့်ရန် တောင်ပေါ်သို့ ပြေးတက်နေသော လူများကိုကြည့်ပြီး ရှောင်ကျန်းက တည်ငြိမ်စွာပြောဆိုသည်။
သူသည် အင်မော်တယ်တစ်ယောက်ဖြစ်လာသော အချိန်မှစတင်၍ ဘဝအပေါ် သူ့၏အတွေးအမြင်နဲ့ရှုမြင်သုံးသပ်ချက်များ အလွန်ကြီးမားစွာပြောင်းလဲသွားခဲ့သည်။
အတွင်းစိတ်နတ်ဆိုးဟုခေါ်ဆိုသော အရာများလည်း သူ့ထံ၌ မရှိတော့ချေ။
"မရဘူး"
သို့ရာတွင် သူ၏အသံ ကျရောက်သွားသောအချိန်မှာပင် ဟုန်ဖုန်ခွမ်းနှင့်ရှောင်ယွင်တို့က တပြိုင်နက်တည်း ငြင်းဆန်လိုက်ကြ၏။
သူတို့နှစ်ယောက်သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ဟုန်ဖုန်ခွမ်းက အလျှင်အမြန်ပြောဆိုသည်။
"တကယ်လို့ မင်း မတိုက်ခိုက်ခိုက်ချင်ဘူးဆိုရင် မင်းရဲ့စီနီယာတွေဒီနေရာကိုလာတာ အလဟဿဖြစ်သွားမှာ မဟုတ်ဘူးလား...ငါက အဲ့ဒီဂိုဏ်းကို ခြေမွှဖျက်ဆီးဖို့ လာခဲ့တာပဲ"
"အမှန်ပဲ ငါက မင်းအပေါ်မှာ အများကြီးလောင်းကြေးထပ်ထားတယ်...ဒီအလောင်းအစားသာနိုင်ရင် မင်းရဲ့အဖေက အရမ်းချမ်းသာကြွယ်ဝသွားလိမ့်မယ်....တကယ်လို့ မင်း မတိုက်ခိုက်ဘူးဆိုရင် ငါ့ရဲ့လောင်းကြေးတွေ အလကားဖြစ်သွားမှာမဟုတ်ဘူးလား"
ရှောင်ယွင်ကလည်း ရှောင်ကျန်းကိုစူးစိုက်ကြည့်ကာ ပြောဆိုလေ၏။
ဤလူနှစ်ယောက်၏အကြောင်းပြချက်များကြောင့် ရှောင်ကျန်း အလွန်ဆွံ့အသွားတော့သည်။ထို့နောက် သူက စုယွင်ယွင်ကို ကြည့်လိုက်သည်။
"စီနီယာအစ်မ...မင်း ဘယ်လိုသဘောရလဲ"
သူက မေးမြန်းသည်။
"ဂျူနီယာမောင်လေး...ငါက နင့်ရဲ့အတွေးတွေကိုသိပေမယ့် နင့်ရဲ့လုပ်ရပ်ကို တခြားလူတွေကသရဲဘောကြောင်တယ်လို့ မြင်သွားကြမှာ မဟုတ်ဘူးလား"
စုယွင်ယွင်က ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းလိုက်၏။
"ဒါက ငါတို့မိုးမြေဂိုဏ်းရဲ့ပုံစံ မဟုတ်ဘူး"
"စီနီယာအစ်မ..ငါ သိပါပြီ"
ရှောင်ကျန်းသည် ရုတ်တရက်နားလည်သဘောပေါက်သွားကာ စိတ်ပိုင်းဖြတ်ထားသောအမူအယာဖြင့် ထျန်းလင်ဂိုဏ်းထံသို့ကြည့်လိုက်သည်။
ဤအချိန်အခိုက်အတန့်တွင် ထျန်းလင်ဂိုဏ်း၏ ရင်ပြင်အတွင်း၌ ကြီးမားသောတိုက်ပွဲစင်မြင့်တစ်ခုကို ခင်းကျင်းထားသည်။
ဤတိုက်ပွဲစင်မြင့်၏နံဘေးပတ်ဝန်းကျင်၌ ထောင်သောင်းချီသော စောင့်ကြည့်သူများစုဝေးနေသည်။
ထျန်းလင်၏သူတော်စင်မိန်းမပျို လျှူနန်ယန်းသည် အစောကတည်းက ရောက်ရှိနေကာ တိုက်ပွဲစင်မြင့်ပေါ်၌ စောင့်ဆိုင်းနေသည်။
ယနေ့တွင် သူမသည်အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားကာ သူမ၏အလှအပသည် အပြည့်အဝပွင့်လန်းနေသော နှင်းကြာပွင့်တစ်ပွင့်နှင့်တူညီနေကာ တိုက်ပွဲကျင်းပရာနေရာတစ်ခုလုံး၏ စိတ်အာရုံစူးစိုက်ရာဗဟိုချက် ဖြစ်နေသည်။
"သူတော်စင်မိန်းမပျိုကတော့ တကယ့်ကို သူတော်စင်မတစ်ယောက်ပဲ"
"အမှန်ပဲ....ခုလိုမျိုး ငယ်ရွယ်တဲ့အသက်အရွယ်မှာ သူက ကြီးမားတဲ့အောင်မြင်မှုတွေရထားပြီးပြီ...သူ့ရဲ့ပုံပန်းသွင်ပြင်အရကြည့်ရင်လည်း သူက တခြားလူတွေ မနာလိုအားကျဖြစ်စေရလောက်တဲ့အထိ လှပချောမောတယ်"
ရှောင်မိသားစုရဲ့အမှိုက်ကောင်က မိန်းကလေးလျှူကို တကယ်ပဲစိန်ခေါ်ဝံ့တယ်...သူက မိုးကောင်းကင်ယံ ဘယ်လောက်မြင့်တယ်ဆိုတာ တကယ့်ကို မသိတဲ့ကောင်ပဲ"
သူမ၏တည်ရှိမှုကြောင့် လက်ရှိနေရာတွင်ရှိနေသော လူအမြောက်အများထံမှ ရူးသွပ်စွဲလမ်းစွာချီးမွမ်းသံများ မြင့်တက်လာသည်။
နောက်ဆုံး၌ အချိန်ကျရောက်လာလေပြီ။
မြောက်များစွာသောမျက်လုံးအကြည့်များ၏အောက်တွင် ရှောင်ကျန်းသည် တိုက်ပွဲကွင်းပြင်အတွင်းသို့ ဖြည်းညှင်းစွာဝင်ရောက်လာခဲ့သည်။