← Chapters

အခန်း (၄၉၁-၄၉၅)

Vol. 33 Ch. 491-495

အခန်း (၄၉၁-၄၉၅)

Vol. 33 Ch. 491-495

Chapter 491

အဝေးတစ်နေရာမှကြည့်ပါက ယင်ကျန်းသည် ထိုစွတ်ကြောင်းရာကြီး၏အဆုံးသတ်၌ လဲကျနေသည်။ထိုလက်သီးချက်ကြောင့် သူ့၏ခန္ဓာကိုယ်တစ်ဝက်နီးပါး ပြတ်တောက်သွားကာ သူ့၏အသက်ကို တိုက်ရိုက်နှုတ်ယူသွားခဲ့သည်။

ဤအချိန်အခိုက်အတန့်တွင်....

ပတ်ဝန်းကျင်ရှိလေထု အေးခဲသွားကာ....

ဤနေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

ယန်ကျန်း...

ယခင်မျိုးဆက်၏ပါရမီရှင်...တိုက်ခိုက်ရေးစွမ်းအားမြင့်မားသော အားအကောင်းဆုံးဓားကျင့်ကြံသူ...

သူကဲ့သို့ လူစားမျိုးသည် ကြောင်စီစီမျက်လုံးရှိသော ကတုံးကောင်၏လက်သီးတစ်ချက်ဖြင့် ချက်ချင်းသေဆုံးသွားခဲ့သလော....

လူတိုင်းသည် လေအေးတစ်ချက် ရှိုက်သွင်းလိုက်ကြကာ ယခုဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို သူတို့ ဥာဏ်မမှီသကဲ့သို့ ခံစားမိသည်။

သို့ရာတွင် ထိုကတုံးကောင်ထံသို့ ကြည့်လိုက်ကြချိန်တွင်....

သူသည် အိမ်သာအိုးပေါ်၌ထိုင်ပြီး အလေးစွန့်နေဆဲပင်။

ကတုံးကောင်သည် သူ့၏လက်အတွင်းမှ ရုပ်ပြကာတွန်းစာအုပ်ကို အောက်သို့ချထားသော်လည်း သူ့၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ထားကာ သူ့၏နဖူးပြင်ပေါ်မှသွေးကြောများ ထောင်ထနေသည်။

ကြည့်ရသည်မှာ သူ့၏ဝမ်းချုပ်ခြင်းသည် အမှန်တကယ်ပြင်းထန်နေပုံပင်။

ယင်ကျန်း ချက်ချင်းသတ်ဖြတ်ခံရပြီးနောက် ထျန်းလင်ဂိုဏ်းမှ ကြွင်းကျန်သောလူများအားလုံး ထိတ်လန့်တကြားဖြစ်သွားသည်။

ယင်ထျန်းရှုံးဦးဆောင်သော လူများအားလုံးသည် သူတို့၏တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများ ဆုံးရှုံးသွားပေ၏။

သူတို့သည် လူဆယ်ယောက်ကျော်ဖြင့် စုယွင်ယွင်ကို ဝိုင်းရံတိုက်ခိုက်နေသည့်တိုင် သူမကို အနိုင်ယူနိုင်ခြင်းမရှိချေ။ယခုအချိန်၌ နောက်ထပ်ထူးဆန်းသောကတုံးကောင်တစ်ကောင် ထပ်မံ၍ ထွက်ပေါ်လာခဲ့သည်။

ထိုကတုံးကောင်သည် လူကြောင်ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သူသည် အမှန်တကယ်ကို သန်မာအားကောင်းပေ၏။

ပြင်းထန်စွာဒဏ်ရာရရှိထားသဖြင့် တိုက်ပွဲ၏နံဘေးတစ်ဖက်သို့ ဆုတ်ခွာ၍နေသော လျှူနန်ယန်းသည် ပြူးကျယ်နေသောမျက်လုံးတစ်စုံဖြင့် ရှေ့သို့စူးစိုက်ကြည့်နေသည်။သူမ၏မျက်လုံးရှေ့၌ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကိုကြည့်ပြီး သူမထံတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

ရှောင်ကျန်း...

သူ မည်သည့်အရာများကို ကြုံတွေ့ခဲ့ရသနည်း....

မည်သည်ကြောင့် သူသည် ရုတ်တရက်ကြီး ရွှေအင်မော်တယ်တစ်ယောက် ဖြစ်လာသနည်း။

ထို့ပြင် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော သူ့၏စီနီယာအစ်ကိုအစ်မများ.....

လူတစ်ယောက်သည် သူ့ကိုယ်သူဖောက်ခွဲကာ စည်းမျဉ်းဥပဒေခန်းမတစ်ခုလုံးကို အမြစ်ပြတ်​ချေမှုန်းခဲ့သည်။တခြားတယောက်သည် တစ်ယောက်တည်းဖြင့် သူမ၏ဆရာသခင်နှင့်ထျန်းလင်ဂိုဏ်းမှ အကြီးအကဲအမြောက်အများကို အရေးနိမ့်ခြင်းမရှိဘဲ ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည်။တခြားတစ်ယောက်သည် လက်သီးတစ်ချက်တည်းဖြင့် သူမ၏ဆရာဦးလေးကို ချက်ချင်းသတ်ဖြတ်နိုင်ပေ၏။

သူတို့သည် မည်သည့်နေရာမှ ရောက်လာခဲ့ခြင်းဖြစ်သနည်း...

လျှူနန်ယန်းက သူမ၏နှုတ်ခမ်းကို တင်းတင်းကြပ်ကြပ်ကိုက်လိုက်သည်။

ရှောင်ကျန်းနှင့်သူ့၏စီနီယာများသည် ထျန်းလင်ဂိုဏ်းတစ်ဂိုဏ်းလုံးကို စတင်၍အမြစ်ပြတ်သုတ်သင်နေသဖြင့် လူတိုင်း ထိတ်လန့်တုန်လှုပ်သွားသည်။ယင်ထျန်းရှုံး လျှူနန်ယန်းနှင့်တခြားလူများ ယုံကြည်ချက်များ ပျောက်ကွယ်နေချိန်တွင် ရုတ်တရက် ထျန်းလင်ဂိုဏ်း၏နက်ရှိုင်းသောနေရာမှနေ၍ အသံနက်ကြီးတစ်သံ ထွက်ပေါ်လာသည်။

"ဒီလူအိုကြီးက အိပ်မောကျနေခဲ့တာ နှစ်ထောင်နဲ့ချီကြာနေခဲ့ပြီ....ဒါပေမယ့် ငါ့ရဲ့ထျန်းလင်ဂိုဏ်းကို တိုက်ခိုက်တဲ့လူတွေ ရှိလာမယ်လို့ ငါ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့မိဘူး"

"ငါက သေသွားပြီးတော့ ပြန်မထနိုင်တော့ဘူးလို့ မင်းတို့ တကယ်ကြီး ထင်နေကြတာလား"

ထိုအသံကျရောက်လာသည်နှင့်အတူ ကြီးမားကျယ်ပြန့်သော အရှိန်အဝါတစ်ရပ်က တလိမ့်လိမ့်ပွင့်အံ့ထွက်လာသည်။

ဤအရှိန်အဝါသည် အလွန်အားကောင်းပြီး နှစ်ပေါင်းများစွာကြာအောင် အိပ်မောကျနေသော မှော်သားရဲကြီးတစ်ကောင် ရုတ်တရက်နိုးထလာသည့်အလားပင်။ဤအရှိန်အဝါနိုးထလာခြင်းကြောင့် လက်ရှိနေရာတွင် ရှိနေသောလူတိုင်းသည် အလွန်အမင်းဖိနှိပ်ခံရခြင်းကို ခံစားမိသည်။

တချို့လူများသည် တစ်စုံတစ်ခုကိုအမှတ်ရသွားပုံဖြင့် ရုတ်တရက် ထိတ်လန့်တကြားအော်ဟစ်လိုက်ကြသည်။

"ဒါက ထျန်းလင်ဘိုးဘေးပဲ"

"ဘာ ထျန်းလင်ဘိုးဘေးလား"

"အိုး ဘုရားရေ...ထျန်းလင်ဘိုးဘေးက အသက်ရှင်နေတုန်းပဲလား"

လူအများ၏ ထိတ်လန့်တကြား အော်ဟစ်သံများအကြားတွင်...

နောက်ဆုံး၌....

အစွမ်းထက်သောအရှိန်အဝါများ ရစ်သိုင်းလွှမ်းခြုံနေကာ ရိုးရှင်းသောအဝတ်အစားများကို ဝတ်ဆင်ထားသည့် လူအိုကြီးတယောက် ထွက်ပေါ်လာသည်။

သူ့၏အရှိန်အဝါသည် ပတ်ဝန်းကျင်နေရာတဝိုက်လုံးကို လွှမ်းမိုးသွားလေ၏။

"ဒါက တကယ့်ကို ထျန်းလင်ဘိုးဘေးပဲ...သူက တကယ်ကြီး အသက်ရှင်သန်နေအုံးမယ်လို့ ငါ မျှော်လင့်မထားမိဘူး...ထျန်းလင်ဂိုဏ်းရဲ့အခြေခံအုတ်မြစ်က အရမ်းအစွမ်းထက်တာပါလား"

"သူ့ရဲ့စွမ်းအားက ပထမအဆင့် နက်နဲသိမ်မွေ့အင်မော်တယ်နယ်ပယ်ကို ရောက်နေလောက်ပြီ"

"ပထမအဆင့် နက်နဲသိမ်မွေ့အင်မော်တယ်လား....ဒီလိုဒဏ္ဍာရီလာပုံရိပ်ကြီးတစ်ခုကို တွေ့ခွင့်ရတာ ဂုဏ်ယူစရာတစ်ခုပဲ"

ဤအချိန်အခိုက်အတန့်တွင်...

လက်ရှိနေရာတွင်ရှိနေသော လူများအားလုံး၏မျက်နှာများထက်တွင် ကြည်ညိုလေးစားသောအရိပ်အယောင်များ ထင်ဟပ်လာသည်။

နက်နဲသိမ်မွေ့အင်မော်တယ်နှင့် ပထမအဆင့်နက်နဲသိမ်မွေ့အင်မော်တယ်အကြားတွင် စာလုံးနှစ်လုံးသာ ကွာခြားသော်လည်း အမှန်တကယ်ကွာဟချက်သည် ကမ္ဘာလောကများကဲ့သို့ ကြီးမားသည်။

ဤကိစ္စကို ကောင်းမွန်စွာဖော်ပြနိုင်သည့် ဆိုရိုးစကားတစ်ခွန်းရှိသည်။

ပထမအဆင့် နက်နဲသိမ်မွေ့အင်မော်တယ်....

ပထမအဆင့်သည် တခြားကောင်းကင်ဘုံတစ်ခုဖြစ်ကာ နဝမအဆင့်သည် ကောင်းကင်ဘုံကိုကျော်လွန်နေသောအဆင့်ပင်။

နဝမအဆင့်နက်နဲသိမ်မွေ့အင်မော်တယ်နယ်ပယ်၏ အဆင့်ကိုးဆင့်မှတစ်ခုစီတိုင်းတွင် အလွန်သိသာထင်ရှားသည့် ကြီးမားသောကွာဟချက်များရှိသည်။ထို့ပြင် နဝမအဆင့်၏နောက် ရောက်ရှိသွားသောအဆင့်သည် တခြားကမ္ဘာလောကအသစ်တစ်ခုဖြစ်သွားလေပြီ။

ဤဆိုရိုးစကားသည် အဆင့်ကိုးဆင့်အကြားမှ ကွဲပြားခြားနားချက်များကို ရည်ညွှန်းခြင်းဖြစ်သော်လည်း သာမန်နက်နဲသိမ်မွေ့အင်မော်တယ်တစ်ယောက်နှင့် ပထမအဆင့်နက်နဲသိမ်မွေ့အင်မော်တယ်အကြားမှ ကြီးမားသောကွာဟချက်များကို ကိုယ်စားပြုသည်မှာ သံသယဖြစ်ဖွယ်မရှိချေ။

"ဘိုးဘေး..."

"ဘိုးဘေးက တကယ်ကြီး မသေသေးတာပါလား"

"ငါတို့ထျန်းလင်ဂိုဏ်းက ပြန်ပြီးခေါင်းမော့နိုင်တော့မယ်"

ထျန်းလင်ဘိုးဘေး၏ထွက်ပေါ်လာမှုကြောင့် ယင်ထျန်းရှုံး လျှူနန်ယန်းနှင့် တခြားလူများ၏မျှော်လင့်ချက်များ တစ်ဖန်ပြန်၍တောက်ပလာသည်။သူတို့သည် မြေပြင်ပေါ်၌ ဒူးထောက်နေကြကာ စိတ်လှုပ်ရှားမှုကြောင့် သူတို့၏မျက်လုံးများအတွင်း၌ မျက်ရည်များဖြင့် ပြည့်နှက်နေသည်။

"ငါ အပြင်ကို ထွက်မလာတာ နှစ်တစ်သောင်းလောက်ကြာနေပြီ...ထျန်းလင်ဂိုဏ်းက တကယ့်ကို ယိုယွင်းပျက်စီးနေတာပါလား....ဒီလိုဂျူနီယာလေးတွေရဲ့ အနိုင်ကျင့်မှုကိုတောင် မင်းတို့က ခံနေရတယ်...မင်းတို့အားလုံး အသုံးကိုမကျဘူး"

ထျန်လင်ဘိုးဘေးသည် သုန်မှုန်နေသောမျက်နှာအမူအယာဖြင့် ထျန်းလင်ဂိုဏ်းမှလူများကိုကြည့်ပြီး ဆူပူကြိမ်းမောင်းလိုက်သည်။

"ဘိုးဘေး...ဒါက ဒီမြေးတပည့် အကောင်းဆုံးမကြိုးစားခဲ့တာကြောင့် မဟုတ်ပါဘူး...ဒီလူတွေက အရမ်းထူးဆန်းပြီးတော့ စိတ်အနှောက်အယှက်ပေးနိုင်လွန်းတယ်"

ယင်ထျန်းရှုံးသည် မြေပြင်ပေါ်၌ဒူးထောက်ကာ သူ့၏ခါးသည်းမှုများကို ဖွင့်ဟပြောဆိုလိုက်၏။

ထို့နောက် သူသည် ကိစ္စများကို ထျန်းလင်ဘိုးဘေး နားလည်သဘောပေါက်စေရန် ရှင်းပြလိုက်သည်။

သူ့၏မူလအစီအစဉ်သည် ထျန်းလင်ဂိုဏ်းကို ချဲ့ထွင်နိုင်ရန်အလို့ငှာ လျှူနန်ယန်းကိုအသုံးပြု၍ ဟန်ရေးပြလိုခြင်းပင်။

သို့ရာတွင် ရှောင်ကျန်းထံတွင် မတော်တဆကိစ္စတစ်ခု ရှိသွားရုံသာမက သူနှင့်အတူလိုက်ပါလာသော စီနီယာများသည်လည်း တစ်ယောက်ထက်တစ်ယောက် ပို၍နတ်ဆိုးဆန်နေသည်။ ထို့ပြင် သောက်ရေးမပါလှစွာဖြင့် ထိုလူများ၏စွမ်းအားနှင့်နည်းစနစ်များသည် သူတို့နှင့် တူညီသောအဆင့်အတန်းတွင် ရှိမနေချေ။

အဆုံးသတ်၌ သူ့၏အစီအစဉ်တစ်ခုလုံး လုံးလုံးလျားလျား ကျရှုံးသွားခဲ့သည်။ထျန်းလင်ဂိုဏ်းတစ်ဂိုဏ်းလုံး အမြစ်ပြတ်ချေမှုန်းခံရတော့မည့်ဘေးနှင့် နီးစပ်နေရုံသာမက သူ့၏အသက်ပင် ဆုံးရှုံးလုဆဲဆဲ အခြေအနေသို့ ရောက်ရှိနေလေပြီ။

"ဟမ့်...."

"ငါ ဒီခွေးမသားလေးတွေကို အရင်ဆုံးဖြေရှင်းပြီးမှ မင်းတို့အားလုံးကို သွန်သင်ဆုံးမမယ်"

ထျန်းလင်ဘိုးဘေးက အေးစက်စက်နှာတစ်ချက်မှုတ်လိုက်သည်။

သူ့၏နက်ရှိုင်းသောအကြည့်သည် စုယွင်ယွင် လီကျင်းနှင့်တခြားလူများထံသို့ အခိုင်အမာကျရောက်သွားကာ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။

"ကောင်စုတ်လေးတွေ...မင်းတို့ရဲ့အကြီးအကဲတွေက မင်းတို့ကို ကောင်းကောင်းမွန်မွန်သွန်သင်ဆုံးမထားမှတော့...ငါ နင်ထျန်းလင်က သူတို့အစား နေရာဝင်ယူပြီး မင်းတို့ရဲ့အသက်တွေကိုယူမယ်"

ထျန်းလင်ဘိုးဘေး၏အသံသည် မိုးခြိမ်းသံအလား ​မြည်ဟီးသွားကာ ပတ်ဝန်းကျင်နေရာတဝိုက်လုံးကို တုန်ခါသွားစေသည်။သူ့၏လက်ကို တချက်ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ အကန့်အသတ်မရှိသောစွမ်းအားများ ထွက်ပေါ်လာပေ၏။

သို့ရာတွင် သူ့၏လက်ဝါးကျရောက်သွားတော့မည်အချိန်မှာပင် နံဘေးမှနေ၍ အသံတစ်သံ ရုတ်တရက်ထွက်ပေါ်လာသည်။

"ထွီ အိုမင်းရွတ်တွနေတဲ့အရူးကောင်ကြီး ...သောက်ရေးမပါတဲ့ မင်းရဲ့မျက်နှာကို ငါတို့ရဲ့အကြီးအကဲတွေနေရာမှာ အစားထိုးမယ်လို့ ပြောဝံ့တဲ့သတ္တိမျိုး မင်းကို ဘယ်သူကပေးခဲ့တာလဲ...မင်းက အရည်အချင်းပြည့်မီလို့လား"

"ငါ လီကျင်းရဲ့ဓားကို အရင်ဆုံးစားလိုက်စမ်း"

လီကျင်းက ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

ထျန်းလင်ဘိုးဘေးသည် အထင်အမြင်သေးစွာဖြင့် သူ့၏ခေါင်းကို နံဘေးဘက်သို့တိမ်းစောင်းကာရှောင်တိမ်းလိုက်၏။

သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင်....

သူ့၏မျက်နှာအမူအယာ သိသိသာသာပျက်ယွင်းသွားသည်။

မြင့်မားသောလေထုအတွင်း၌ မောက်မာဝံ့ကြွားစွာ မတ်တတ်ရပ်နေသော သူ့၏ခန္ဓာကိုယ်သည် ဓားဆွဲထုတ်လိုက်သော လီကျင်းထံဦးတည်၍ အရှိန်ပြင်းပြင်းဖြင့် တိုးဝင်သွားမိသည်။ သူ့၏ခန္ဓာကိုယ်သည် သူ၏ထိန်းချုပ်မှုအောက်မှ အပြည့်အဝလွတ်ကင်းသွားလေပြီ။

ဘုန်းခနဲ အသံတစ်သံနဲ့အတူ....

သူသည် မြေပြင်ပေါ်၌ဒူးထောက်ကာ သူ့၏လက်နှစ်ဖက်ဖြင့် လီကျင်း၏ခုတ်ပိုင်းလိုက်သောဓားချက်ကို ခံယူလိုက်သည်။

ထျန်းလင်ဘိုးဘေး ဒူးထောက်လိုက်သည်ကို မြင်တွေ့ချိန်၌.....

လက်ရှိနေရာတွင်ရှိနေသူများအားလုံး၏ မျက်လုံးအိမ်များ ကျွတ်ထွက်တော့လုမတတ်ပင်။

ပတ်ဝန်းကျင်နေရာတဝိုက်လုံး ဆူညံပွက်လောရိုက်သွားသည်။

အစောပိုင်းကမှ မျှော်လင့်ချက်အလင်းရောင် ပြန်လည်ရရှိလာသော ယင်ထျန်းရှုံးသည် သူ့၏နဖူးမှသွေးကြောများ ထောင်ထလာကာ သူသည် မြေပြင်ပေါ်သို့ ဖင်ထိုင်ရက်သား လဲကျသွားတော့သည်။

ဤအချိန်အခိုက်အတန့်တွင် လျှူနန်ယန်းအပါအဝင် ထျန်းလင်ဂိုဏ်းမှ ကြွင်းကျန်သောလူများအားလုံး၏ မျက်နှာများသည်လည်း ဖြူရောသွားပေ၏။

သူတို့အားလုံး အံ့အားသင့်တုန်လှုပ်နေကြသည်။

ပထမအဆင့်နက်နဲသိမ်မွေ့အင်မော်တယ်ဖြစ်သော ထျန်းလင်ဘိုးဘေးသည် မည်သည်ကြောင့် သူ ထွက်ပေါ်လာသည့်အချိန်မှာပင် ဒူးထောက်လိုက်သနည်း။

လူတိုင်းသည် ဤကိစ္စကို အနည်းငယ်မျှ ဥာဏ်မမီတော့ချေ။

"မင်း....မင်း...ဒါက ဘယ်လိုနတ်ဆိုးနည်းစနစ်မျိုးလဲ"

ယခုအချိန်တွင် ထိတ်လန့်တုန်လှုပ်နေဆုံးလူမှာ ထျန်းလင်ဘိုးဘေးမှလွဲ၍ တခြားလူမရှိနိုင်တော့ချေ။သူသည် ပြူးကျယ်နေသောမျက်လုံးတစ်စုံဖြင့် လီကျင်းကို စူးစိုက်ကြည့်ပြီး အော်ဟစ်လိုက်ကာ သူ့၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေသည်။ယခင်က လောကကြီးတစ်ခုလုံးကိုလွှမ်းမိုးချုပ်ကိုင်နိုင်ပုံရသည့် သူ့၏အရှိန်အဝါသည်လည်း ယခုအချိန်၌ လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့သည်။သူ့၏မျက်လုံးများအတွင်းတွင် ပြင်းထန်သော တုန်လှုပ်​ချောက်ချားမှုများဖြင့်သာ ပြည့်နှက်နေပေ၏။

အစောပိုင်းက ဖြစ်ပျက်ခဲ့သည့်ကိစ္စကို သူမှတစ်ပါး တခြားမည်သူမည်ဝါမျှ နားလည်နိုင်မည်မဟုတ်ချေ။

ဤသည်မှာ လျှို့ဝှက်ဆန်းကြယ်သောအားလှိုင်းတစ်ရပ်သည် သူ့၏ခန္ဓာကိုယ်ကို ထိန်းချုပ်လိုက်သည့်အလားပင် ။ထိုစွမ်းအားသည် သူ့အား အတင်းအကြပ် ဒူးထောက်စေကာ မည်သည့်ဝေးကွာသောနေရာတွင် ရှိနေသည်ဖြစ်စေ ထိုဓားချက်ကို ပိတ်ဆို့ဟန့်တားစေသည်။

"ဟမ့်...ဒါက လက်နက်နဲ့တိုက်ခိုက်မှုကို လက်ဗလာနဲ့ ရာနှုန်းပြည့်ပိတ်ဆို့ဟန့်တားခိုင်းတာပဲ"

လီကျင်းက သူ့၏ခေါင်းကို မောက်မာထောင်လွှားစွာမော့လိုက်သည်။

Chapter 492

လက်နက်နှင့်တိုက်ခိုက်မှုကို လက်ဗလာနှင့်ရာနှုန်းပြည့်ပိတ်ဆို့ဟန့်တားခိုင်းခြင်းနည်းစနစ်...

ဤသည်မှာ အလွန်ထူးဆန်းသော နာမည်တစ်ခုပင်။

ဤသည်မှာ အင်မော်တယ်နည်းစနစ်တစ်ခု မဟုတ်လော....

ထိုသို့မဟုတ်ပါက တခြားမည်သည့်အရာဖြစ်သနည်း....

သို့ရာတွင် ထျန်းလင်ဘိုးဘေးသည် အဖြေမရရှိသေးမီမှာပင် ဓားပျံတစ်လက်က သူ့၏ရင်ဘတ်ကို အခိုင်အမာချိတ်ပိတ်ထားကာ တန်းတန်းမတ်မတ်တိုးဝင်လာသည်။

လက်နက်နှင့်တိုက်ခိုက်မှုကို လက်ဗလာနှင့်ရာနှုန်းပြည့်ပိတ်ဆို့ဟန့်တားခိုင်းခြင်းနည်းစနစ်မှ ထိန်းချုပ်မှုအောက်တွင် ထျန်းလင်ဘိုးဘေးသည် သူ့၏မျက်လုံးအတွင်း၌ တစတစကြီးထွားလာသောဓားပျံကို ကူကယ်ရာမဲ့စွာဖြင့် စောင့်ကြည့်ရုံသာ တက်နိုင်တော့သည်။

အဆုံးသတ်၌ ထိုဓားပျံသည် သူ့၏ရင်ဘတ်ကို ထွင်းဖောက်သွားပေ၏။

ထျန်းလင်ဘိုးဘေး၏မျက်လုံးများ ပြူးကျယ်သွားကာ ဘုန်းခနဲမြည်သံနှင့်အတူ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

ပတ်ဝန်းကျင်မှနေ၍ မကျေမနပ်အော်ဟစ်လိုက်သံများ ထွက်ပေါ်လာသည်။

သူတို့ထံတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

ထျန်းလင်ဘိုးဘေး ထွက်ပေါ်လာသောအချိန်မှစ၍ သူ ဒူးထောက်လိုက်သောအချိန်အထိ စကားအနည်းငယ်သာ သူ ပြောဆိုခဲ့ရသည်။

"ဘိုးဘေး..."

"ဘိုးဘေး..."

"အား...ကောင်းကင်ဘုံက ငါတို့ထျန်းလင်ဂိုဏ်းကို ပျက်စီးစေချင်တာလား"

ယင်ထျန်းရှုံးတို့လူစု၏မျှော်လင့်ချက်များ တဖန်ထပ်၍ ကြေမွှပျက်စီးသွားကာ မြေပြင်ပေါ်၌ဒူးထောက်ပြီး စတင်၍ငိုကြွေးမြည်တမ်းလိုက်ကြသည်။

"ငိုနေတာကို ရပ်လိုက်ကြစမ်း....ခဏနေကျရင် နင်တို့လည်း သူ့ကိုအဖော်ပြုပြီး လိုက်သွားရတော့မယ်"

စုယွင်ယွင်သည် သူမ၏ဓားရှည်ကိုဆွဲထုတ်ကာ ထျန်းလင်ဘိုးဘေး၏ခန္ဓာကိုယ်အတွင်းသို့ ထိုးစိုက်လိုက်၏။ထို့နောက် သူမ၏အေးစက်စက်အကြည့်သည် ယင်ထျန်းရှုံးတို့လူစုထံသို့ စူးစိုက်၍ ကျရောက်သွားပေ၏။

ထျန်းလင်ဂိုဏ်းသည် ရှောင်ကျန်းကို သတ်ဖြတ်လိုသော အချိန်အခိုက်အတန့်မှစတင်၍ သူမသည် ထျန်းလင်ဂိုဏ်းမှလူများအားလုံးကို သေမိန့်စီရင်ပြီးဖြစ်သည်။

ထျန်းလင်ဘိုးဘေးသည် ရီဖုန်း၏ကိုယ်စား သူတို့၏အသက်များကို နှုတ်ယူမည်ဟု ပြောဆိုခဲ့သည့်စကားကို ထည့်ပြောရန်ပင် မလိုအပ်တော့ချေ။

ဆရာ့၏နေရာတွင် အစားထိုးမည်ဟု ဆိုသလော....

သူကဲ့သို့အမှိုက်ကောင်သည် ဆရာကြီး၏ကိုယ်စားဟု ပြောဆိုဝံ့သလော....

ဤသည်မှာ မလေးမစားပြုသော အပြစ်ဒဏ်....

အစုလိုက်အပြုံလိုက် သေသင့်သောပြစ်ဒဏ်ပင်။

တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများ ပျောက်ကွယ်နေသည့်လူများသည် ပြန့်ကျဲသွားသောသဲများနှင့်တူညီနေသည်။စုယွင်ယွင်၏အဆက်မပြတ်တိုက်ခိုက်မှုများအောက်တွင် သူတို့သည် အနည်းငယ်မျှ ထိရောက်စွာခုခံကာကွယ်နိုင်စွမ်းမရှိတော့ချေ။

သူမ၏ဓားကို မြှောက်လိုက်ချလိုက်လုပ်လိုက်ခြင်းနှင့်အတူ စုယွင်ယွင်သည် ယင်ထျန်းရှုံးတို့လူစု၏အသက်များကို ရိတ်သိမ်းလိုက်၏။

လေဟာနယ်တစ်ခုလုံး သွေးညှီနံများဖြင့် ပြည့်နှက်နေသည်။

အချိန်တခဏအကြာမှာပင် ယင်ထျန်းရှုံးအပါအဝင် ထျန်းလင်ဂိုဏ်းသားများအားလုံးသည် အလောင်းများအဖြစ်သို့ ရောက်ရှိသွားလေပြီ။

တစ်ယောက်တည်းသော အသက်ရှင်ကျန်ရစ်သူမှ ထျန်းလင်ဂိုဏ်း၏သာမန်တပည့်တစ်ယောက်ဖြစ်သော လျှူနန်ယန်းမှတပါး တခြားသူမရှိချေ။

သို့သော် ဤအချိန်အခိုက်အတန့်၌ သူမထံတွင် ယခင်ကဲ့သို့ လှပတင့်တယ်မှုမျိုးမရှိတော့ဘဲမြေပြင်ပေါ်၌ ကွေးကောက်နေကာ သူမ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေသည်။

သူမ ဂုဏ်ယူဝင့်ကြွားစွာ ဝင်ရောက်ခဲ့သော ထျန်းလင်ဂိုဏ်းပျက်စီးသွားကာ သူမ၏အစွမ်းထွက်သောဆရာသခင် အစွမ်းထက်သောဘိုးဘေး သူတို့အားလုံး သေဆုံးသွားကြလေပြီ။

ဤကဲ့သို့ ဖြစ်ခဲ့ရခြင်းမှာ သူတို့သည် ရှောင်ကျန်းကို အနိုင်ကျင့်ခဲ့သောကြောင့်ပင်။

သူမသည် ဤအကြောင်းကို ပို၍စဉ်းစားတွေးတောမိလေလေ ပို၍ကူကယ်ရာမဲ့ဖြစ်လာသကဲ့သို့ ခံစားရလေလေပင်။

တစ်ချိန်က အလွန်မောက်မာထောင်လွှားခဲ့သော သူမသည် မည်သည်ကြောင့် ဤကဲ့သို့ကိစ္စများ သူမထံတွင် ဖြစ်လာရသည်ကို နားလည်သဘောပေါက်နိုင်ခြင်းမရှိချေ။

သူမ အထင်အမြင်သေးခဲ့ကာ စေ့စပ်ခြင်းကိုပင် ဖျက်သိမ်းလိုခဲ့သော ရှောင်ကျန်းသည် မည်သည်ကြောင့် ရုတ်တရက်ကြီး သူမ လက်လှမ်းမမီနိုင်သည့် အဆင့်သို့ရောက်ရှိသွားသနည်း....

မည်သည်ကြောင့် ရှောင်ကျန်းကိုယ်တိုင် အစွမ်းထက်လာရုံသာမက သူ့ထံတွင် အစွမ်းထက်သောနောက်ခံလည်း ရှိသွားရသနည်း....

ဤအချိန်အခိုက်အတန့်တွင် သူမသည် လူပြက်တစ်ယောက်အလားပင်။

သူမထံတွင် အသက်ရှင်သန်လိုသော မျှော်လင့်ချက် ပျက်သုဥ်းသွားကာ သေလမ်းကိုသာ ရှာဖွေလိုတော့သည်။

သို့ရာတွင် သေခြင်းတရား ရောက်ရှိလာမည်ကို သူမ စောင့်ဆိုင်းနေသော်လည်း အချိန်အတော်ကြာသည့်တိုင် စုယွင်ယွင်သည် သူမကို လှည့်ကြည့်ခြင်းပင်မပြုဘဲ ထွက်ခွာသွားသည်ကို သူမ မြင်တွေ့လိုက်ရသည်။

စုယွင်ယွင်၏ထွက်ခွာသွားသောပုံရိပ်ကိုကြည့်ရင်း လျှူနန်ယန်းသည် ကျယ်လောင်စွာအော်ဟစ်လိုက်၏။

"ဘာလို့လဲ....ဘာလို့ နင် ငါ့ကို မသတ်တာလဲ"

"ဂျူနီယာမောင်လေးရှောင်ကျန်းက နင့်ရဲ့တန်ဖိုးမရှိတဲ့အသက်ကို ချမ်းသာပေးထားပြီးပြီ...ငါက နင်ရဲ့အသက်ကိုယူဖို့ စိတ်မဝင်စားဘူး"

စုယွင်ယွင်က အေးစက်တင်းမာစွာ ပြောဆိုသည်။

"ဒါပေမယ့်....ဒါပေမယ့် တကယ်လို့ နင်က ငါ့ကို အသက်ရှင်ရက် ချန်ထားမယ်ဆိုရင် နောင်တစ်ချိန်မှာ ငါက လက်စားချေဖို့လာရှာမှာကို မကြောက်ဘူးလား"

လျှူနန်ယန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ထိုသို့ပြောဆိုပြီးနောက်သူမသည်ဆုယွင်ယွင်ကိုစူးစိုက်၍ကြည့်လိုက်၏။

စုရည်ရင်းထံတွင် သူမကိုဓားချက်တစ်ချက်ထဲဖြင့် သတ်ဖြတ်လိုသောစိတ်ဆန္ဒမျိုး ရှိစေရန် သူမ မျှော်လင့်စောင့်စားနေမိသည်။

ဤနည်းလမ်းဖြင့် သေခြင်းတရားကို ရင်ဆိုင်ရချိန်တွင် သူမသည် ဂုဏ်သိက္ခာတချို့ ကျန်ရှိနေမည်ဖြစ်သောကြောင့် သူမ အနည်းငယ် စိတ်ဖြေသိမ့်နိုင်ပေမည်။

သို့ရာတွင် စုယွင်ယွင်သည် သူမကို တစ်ချက်သာ စောင်းငဲ့ကြည့်လေ၏။

"နင်က ထိုက်တန်တယ်လို့ နင် ထင်လား"

စုယွင်ယွင်သည် ပေါ့ပေါ့ပါးပါးပြောဆိုကာ သူမသည် လျှူနန်ယန်းကို ထပ်မံ၍ အာရုံစူးစိုက်ခြင်းမရှိတော့ချေ။

လျှူနန်ယန်းသည် အစွမ်းအစမဲ့စွာဖြင့် မြေပြင်ပေါ်သို့ ပြိုလဲကျသွားတော့သည်။

သူမ၏စိတ်နှလုံးသားအတွင်းတွင် စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေသည်။

ဤလျစ်လျှူရှုသောအကြည့်သည် သူမအတွက် အလွန်အရှက်ရစရာပင်။

စုယွင်ယွင်၏မျက်လုံးအတွင်း၌ လျှူနန်ယန်းသည် သူမကို အနည်းငယ်သော စိုးရိမ်ပူပန်မှုကို ခံစားရစေရန်ပင် အရည်အချင်းမပြည့်မီချေ။

စုယွင်ယွင်သည် လျှူနန်ယန်းနှင့် ငြင်းခုံနေရန် အချိန်မရှိတော့သောကြောင့် ရှောင်ကျန်းကို ကြည့်လိုက်၏။

"ဂျူနီယာမောင်လေးရှောင်ကျန်း....ဂျူနီယာမောင်လေးဆယ့်ရှစ်ရဲ့ ခန္ဓာကိုယ်အကြွင်းအကျန်တွေကိုစုဆောင်းတာ အခြေအနေဘယ်လိုရှိလဲ"

"စီနီယာအစ်မကို သတင်းပို့ပါတယ်...အကုန်လုံးကို စုဆောင်းပြီးပါပြီ"

ရှောင်ကျန်းက ပြောဆိုသည်။

စုယွင်ယွင်က ခေါင်းညိတ်ပြပြီးနောက် သူမ၏နှာခေါင်းကိုပိတ်ကာ တခြားနေရာတစ်နေရာသို့ကြည့်ပြီး မေးမြန်းလိုက်၏။

"ဂျူနီယာမောင်လေးပိုင်ချီယု...နင် ပြီးပြီလား"

"အခု သွားတော့မလို့လား"

ပိုင်ချီယုသည် သူ့၏ရုပ်ပြကာတွန်းစာအုပ်ကို အောက်သို့ချကာ စုယွင်ယွင်ကိုမော့ကြည့်ပြီး တုံ့ပြန်မေးမြန်းလေ၏။

"အင်း....အခုသွားတော့မယ်"

စုယွင်ယွင်သည် သူမ၏ဓားရှည်ကို ဓားအိမ်အတွင်းသို့ပြန်ထည့်ကာ အော်ပြောလိုက်သည်။

"အော်....ခဏလေးစောင့်ပါအုံး...ငါက ခဏနေရင် ပြီးတော့မယ်"

ပိုင်ချီယုသည် သူ့၏တင်ပါးကိုသုတ်ကာ မတ်တတ်ထရပ်ရင်း ပြောဆိုသည်။

ထိုမြင်ကွင်းကိုကြည့်ပြီး စုယွင်ယွင်သည် ကူကယ်ရာမဲ့စွာဖြင့် သူမ၏ခေါင်းကိုခါယမ်းကာ မေးမြန်းလိုက်၏။

"နင် ဘာဖြစ်နေတာလဲ....လမ်းတစ်လမ်းလုံး နင် ချေးတစ်ခါတောင် မပါခဲ့ဘူးလား...ဘာလို့ ဒီလိုအခြေအနေထိ ရောက်နေတာလဲ"

"အင်း..."

"ကြည့်ရတာတော့ ငါ မေ့သွားတဲ့ပုံပဲ"

ပိုင်ချီယုသည် အချိန်တခဏကြာခန့် ကြက်သေသေသွားပြီးနောက် စုယွင်ယွင်ကိုမော့ကြည့်ကာ မေးမြန်းလေ၏။

"စီနီယာအစ်မ....ငါ နောက်ဆိုရင် ဘာလုပ်သင့်လဲ"

"ထားလိုက်တော့...အခု ပြန်ကြရအောင်"

စုယွင်ယွင်သည် အလွန်ဆို့နင့်သွားကာ ပြောဆိုလိုက်သည်။

နားဝေတိမ်တောင်ဖြစ်နေသော ပိုင်ချီယုကိုကြည့်ပြီး စုယွင်ယွင်က သက်ပြင်းရှိုက်လိုက်သည်။

သူမ၏ဂျူနီယာမောင်လေးပိုင်ချီယုသည်....

ထိုရုပ်ပြကာတွန်းများကိုဖတ်ပြီး ကတုံးဖြစ်သွားချိန်မှစ၍ သူသည် ပို၍သန်မာအားကောင်းလာသော်လည်း ပို၍ထုံထိုင်းလာကာ ကြောင်စီစီအမူအယာမျိုး အစဥ်အမြဲရှိနေသည်။

ထို့နောက် မိုးမြေဂိုဏ်းသားတစ်စုသည် သွေးစွန်းနေသော အိတ်ကြီးတစ်အိတ်ကိုသယ်ဆောင်၍ တောင်အောက်သို့ဆင်းခဲ့ကြတော့သည်။

နောက်၌ကျန်ရစ်ခဲ့သည်မှာ....

ထျန်းလင်ဂိုဏ်းအတွင်း၌ နေရာအနှံ့ပြန့်ကျဲနေသော အလောင်းများနှင့် ထိတ်လန့်တုန်လှုပ်ကာ မှင်တက်နေသော ပွဲကြည့်ပရိသတ်များပင်။

ယနေ့သည် ထျန်းလင်ဂိုဏ်း၏ဝမ်းနည်းပူဆွေးဖွယ်နေ့တစ်နေ့ဖြစ်မည်ဟု မည်သူက တွေးထင်မိမည်နည်း။

စုယွင်ယွင်ဦးဆောင်သောလူစု ထွက်ခွာသွားပြီးနောက် ထိုသတင်းသည် ချန်ချုံးအင်ပါယာတစ်ခုလုံးအနှံ့ ပျံ့နှံ့သွားတော့သည်။

မိုးမြေဂိုဏ်းဟုခေါ်သော လျှို့ဝှက်ဆန်းကြယ်သောဂိုဏ်းတစ်ဂိုဏ်းသည် လူတိုင်း၏ပါးစပ်ဖျားတွင် မီးတောက်အလား မြင့်တက်လာသည်။

လျှို့ဝှက်အင်အားစုတချို့သည်ပင် မိုးမြေဂိုဏ်းသည် မည်ကဲ့သို့အင်အားစုမျိုးဖြစ်သည်ကို စတင်၍စုံစမ်းထောက်လှမ်းနေကြသည်။

မူတောင်ပရဝုဏ်အတွင်းရှိ ရေအိုင်နံဘေးတွင် ကြီးမားသောအနက်ရောင်ထီးကြီးတစ်လက်ကို ချထားသည်မှာ မျက်စိအမြင်စူးရှဖွယ်ရာပင်။

ထိုထီးနက်ကြီး၏အောက်တွင် နောက်မှီကုလားထိုင်တစ်လုံးရှိနေသည်။

ရီဖုန်းသည် ငါးမျှားတံတစ်ချောင်းကိုကိုင်ထားကာ နောက်မှီကုလားထိုင်ပေါ်တွင် စိတ်အေးလက်အေးနှင့်လွတ်လပ်ပေါ့ပါးစွာ လဲလျောင်းနေလေ၏။

သို့ရာတွင် ဤနေရာသည် ကျွန်းငယ်လေးနှင့် အတန်ငယ်အလှမ်းကွာဝေးသည်။

ကျွန်းပေါ်ရှိ သေမျိုးဘဝသည် လွန်စွာပျင်းရိဖွယ်ကောင်းသဖြင့် ရွေးချယ်စရာမရှိတော့သော ရီဖုန်းသည် ငါးမျှားခြင်းကို စွဲလမ်းလာခဲ့သည်။

သို့ရာတွင် သောက်ရေးမပါလှစွာပင် ကျွန်းငယ်လေး၏နံဘေးပတ်ဝန်းကျင်ရှိ ငါးများသည် ရီဖုန်းမှ သူတို့ကိုစားလိုသည်အား သိရှိနေသည့်အလား လိမ္မာပါးနပ်စွာရှောင်တိမ်းသွားကြသည်။

ထို့ကြောင့် ငါးမျှားရန်အကွက်အကွင်းကို ရှာဖွေရန်အလို့ငှာ ရီဖုန်းသည် ဤနေရာသို့ ရောက်ရှိလာခဲ့လေ၏။

ငါးမျှားတံမှပေါ့ ငုတ်ချည်ပေါ်ချည်ဖြစ်လာချိန်တွင် နောက်မှီကုလားထိုင်ပေါ်တွင် လဲလျောင်းနေသော ရီဖုန်း၏မျက်လုံးများ တောက်ပသွားသည်။သူသည် ပျင်းရိငြီးငွေ့စွာဖြင့် သူ့၏ဗိုက်ကိုပုတ်ကာ မတ်တတ်ထရပ်လိုက်၏။

ငါးမျှားတံကို ဆောင့်ဆွဲလိုက်ခြင်းနှင့်အတူ....

တိကျသေချာစွာပင် ပေါင်ဝက်ခန့်အရွယ်အစားရှိသော ငါးကြင်းတစ်ကောင်က ငါးစာတွင်ဟပ်နေသည်။

ထိုအချိန်မှာပင် ရင်းနှီးကျွမ်းဝင်သော အသံတစ်သံက ရီဖုန်း၏စိတ်အတွင်း၌ မြည်ဟီးလာသည်။

"ဒင်...."

"လက်ခံသူကို ဂုဏ်ပြုပါတယ်....မိုးမြေဂိုဏ်းရဲ့နာမည်ဂုဏ်သတင်း မြင့်တက်လာတာကြောင့်...လက်ကမ်းကြော်ငြာအစောင်ငါးဆယ်ကို ဆုချီးမြှင့်ပါတယ်"

"အမ်....."

ရီဖုန်းသည် အနည်းငယ်အံ့အားသင့်သွားလေ၏။

မိုးမြေဂိုဏ်း၏နာမည်ဂုဏ်သတင်းသည် အမှန်တကယ် မြင့်တက်လာခဲ့သလော....

ဖြစ်နိုင်သည်မှာ ပင်ကျင်းမြို့အတွင်း၌နေထိုင်သော လူအိုကြီးများနှင့်မိန်းမကြီးများ​မှ စည်းရုံးပြောဆိုခြင်းကြောင့် သူ့၏မိုးမြေဂိုဏ်း နာမည်ဂုဏ်သတင်း မြင့်တက်လာသလော.....

ဤသို့သာ ဖြစ်နိုင်ချေများသည်။

မည်သို့ပင်ဆိုစေကာမူ သူ့၏မိုးမြေဂိုဏ်းတွင် ဂိုဏ်းချုပ်ဖြစ်သောသူအပါအဝင် လူများအားလုံးသည် တနေကုန် မည်သည့်အရာမျှလုပ်ဆောင်ခြင်းမရှိသော ငပျင်းများဖြစ်သည်။ထိုသက်ကျားအိုကြီးများမှလွဲ၍ ဂိုဏ်း၏နာမည်ဂုဏ်သတင်း မြင့်တက်အောင် လုပ်ဆောင်ပေးမည့်သူ တစ်ဦးတစ်ယောက်မျှရှိမနေချေ။

"ကိစ္စတွေက အခုလတ်တလောမှာ တကယ့်ကို အဆင်ပြေချောမွေ့နေတာပါလား"

ရီဖုန်း၏မျက်နှာပေါ်တွင် စိတ်ကျေနပ်မှုရသွားသော အပြုံးတစ်ခု ထင်ဟပ်လာသည်။

ယခင်ရက်အနည်းငယ်အတွင်းတွင် သူသည် တပည့်သစ်အနည်းငယ်ကို ခေါ်ယူနိုင်ခဲ့ကာ သူ့၏တပည့်အရေအတွက်ကို သုံးဆယ့်ငါးယောက်ထိ ချဲ့ထွင်နိုင်ခဲ့သည်။ဤလက်ကမ်းကြော်ငြာအစောင်ငါးဆယ်ကို ထုတ်ပြန်လိုက်ပါက ထိုအရာကိုရရှိသူတိုင်း သူ့၏ဂိုဏ်းအတွင်းသို့ ဝင်မလာလျှင်ပင် တပည့်အရေအတွက်ခုနစ်ဆယ်ထိ တိုးလာနိုင်သည်။

တပည့်အယောက်တစ်ရာပြည့်ရန်ဟူသော ရည်မှန်းချက်ပန်းတိုင်သည် နီးကပ်သည်ထက် ပို၍နီးကပ်လာလေပြီ။

ထို့ပြင် သူ ကျင့်ကြံခြင်းလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနိုင်ရန်မှာလည်း ပို၍နီးကပ်လာခဲ့သည်။

Chapter 493

မိုးကောင်းကင်ယံအတွင်း၌...

ယွင်ယောင်ယောင်သည် မိုးကောင်းကင်ယံကိုဖြတ်သား၍ ညင်သာပေါ့ပါးစွာ လမ်းလျှောက်လာကာ ဤတစ်ကြိမ်တွင် သူမ၏ရည်မှန်းချက်ပန်းတိုင်သည် ရီဖုန်းကိုရှာဖွေရန်အတွက် ပင်ကျင်းမြို့သို့ သွားရန်ပင်။

သူတို့နှစ်ယောက်သည် တောင်ပေါင်းတစ်သိန်းနယ်မြေတွင် လမ်းခွဲခဲ့စဥ်အချိန်မှစ၍ တစ်ယောက်နှင့်တစ်ယောက် ထပ်မံတွေ့ဆုံခြင်းမရှိတော့ချေ။

ပင်ကျင်းမြို့နှင့်နီးကပ်လာချိန်တွင် ယွင်ယောင်ယောင်သည် တောင်ပေါင်းတစ်သိန်းနယ်မြေ၌ သူမနှင့် နေ့ရောညပါ အတူနေထိုင်ခဲ့ကာ စိတ်တိုဖွယ်ကောင်းသော်လည်း နှစ်လိုစွဲမက်ဖွယ်ဖြစ်သည့် သေမျိုးယောက်ျားအကြောင်းကို မတွေးတောဘဲ မနေနိုင်တော့ပေ။

ထိုအကြောင်းကိုတွေးတောရင်း ယွင်ယောင်ယောင်၏လှပသောမျက်နှာလေးပေါ်တွင် အလိုအလျှောက် အပြုံးတစ်ခု ထွက်ပေါ်လာသည်။

တောင်ပေါင်းတစ်သိန်းနယ်မြေမှ မြင်ကွင်းများကို ပြန်တွေးမိချိန်တွင် သူမသည် အိမ်မက်တစ်ခုမက်ခဲ့သည့်အလား မယုံကြည်နိုင်ဖြစ်နေဆဲပင်။

အတိတ်တွင် သူမသည် မြင့်မြတ်သောသိုင်းအင်ပါယာတစ်ယောက်ဖြစ်သည့်တိုင် သာမာန်သေမျိုးတစ်ယောက်၏ကျေးဇူးကြောင့် သူမ၏အသက်ကို ထိန်းသိမ်းထားနိုင်ခဲ့သည်။အင်မော်တယ်အပျက်အယွင်းနယ်မြေ၌ သူမသည် အန္တရာယ်တွင်းမှ လွတ်မြောက်လာခဲ့ရသည်မှာ ထိုသေမျိုး၏အမဲသားပြားကို ကျေးဇူးတင်ရပေမည်။

သို့ရာတွင် ထိုအကြောင်းအရင်းကြောင့်....

သူမသည် ရွှေပြားခုနစ်သန်း အကြွေးတင်ခဲ့သည်။

"အမ်..."

သူမသည် အလင်းတန်းတစ်တန်းအလား မိုးကောင်းကင်ယံ၌ ဖြတ်သန်းလာချိန်တွင် အောက်ရှိ ရေအိုင်နံဘေးတွင်ရှိနေသော ထီးနက်ကြီးတစ်လက်က သူမ၏စိတ်အာရုံကို ဖမ်းစားသွားနိုင်ခဲ့သည်။

"သူတော်စင်အဆင့် ပစ္စည်းတစ်ခုလား"

သူမက ထိုအရာကို သာမာန်ကာလျှံကာ တစ်ချက်ကြည့်လိုက်၏။

ဤအဆင့်ရတနာတစ်ခုသည် မဆိုးလှချေ။

သို့ရာတွင် သူမအတွက်မူ....ဤှရတနာသည် သာမာန်ကာလျှံကာ တစ်ချက်သာကြည့်ရမည့် တစ်စုံတစ်ခုပင်။

သူမ ထိုနေရာကိုဖြတ်၍ ပျံသန်းသွားတော့မည့်အချိန်မှာပင် သူမသည် ရုတ်တရက် ထီးနက်ကြီး၏အောက်မှ ညည်းတွားသံတစ်သံကို ကြားလိုက်ရသည်။

"ဟူး....ဒီရက်တွေမှာ ကျွေးမွေးရတဲ့လူတွေ ပိုပြီးများလာပြီ....တကယ့်ကိုပဲ ငွေမလုံလောက်တော့ဘူး...ဝင်ငွေက အသုံးစရိတ်ကို မကာမိဘူး"

"တောင်ပေါင်းတစ်သိန်းနယ်မြေမှာတွေ့ခဲ့တဲ့ အမျိုးသမီးက ငါ့ကို ငွေတွေလာပို့မယ်လို့ ပြောခဲ့ပေမယ့်...ငါက အခုထိ သူ့ရဲ့အရိပ်အယောင်ကိုတောင် မမြင်ရသေးဘူး"

"မျှော်လင့်ထားသလိုပဲ...."

"မိန်းမတစ်ယောက်ရဲ့ပါးစပ်က အလိမ်အညာတွေကိုပဲ ပြောတတ်တယ်"

"အဲ့ဒီတုန်းက လျှို့ဝှက်လမ်းကြောင်းမှာ ငါက သူ့ကို အစာငတ်သေအောင် ထားခဲ့သင့်တယ်"

တပည့်များ ပို၍ပို၍များပြားလာခြင်းသည် သူ ကျင့်ကြံခြင်းလမ်းကြောင်းပေါ်၌ မြန်မြန်လျှောက်လှမ်းနိုင်မည်ဟု ဆိုလိုသော်လည်း ဂိုဏ်း၏အသုံးစရိတ်သည် ပို၍ကြီးမားလာပေ၏။ဆယ်နှင့်ချီသော ပါးစပ်ပေါက်များကို ကျွေးမွေးရန် တွေးတောမိရုံဖြင့် ရီဖုန်းသည် အလွန်အမင်းပင်ပန်းနွမ်းနယ်လာသကဲ့သို့ ခံစားမိသည်။

ရီဖုန်း၏အသံကိုကြားချိန်တွင် ယွင်ယောင်ယောင်သည် လေထုအတွင်း၌ ရပ်တန့်လိုက်သည်။

"အဲ့ဒီကောင်စုတ်ကို လမ်းတစ်ဝက်မှာတင် ပက်ပင်းတွေ့ရမယ်လို့ ငါ မျှော်လင့်မထားမိဘူး"

"ပြီးတော့ သူက အခုထိ အဲ့ဒီရွှေပြားသန်းအနည်းငယ်ကို မေ့သေးပုံမရဘူး...ဒီကိစ္စကို သူ့ရဲ့စိတ်ထဲမှာ တနုံနုံတွေးနေတဲ့ပုံပဲ"

ယွင်ယောင်ယောင်၏မျက်နှာ မည်းမှောင်သွားကာ သူမက မကျေမနပ်ဖြင့် အော်ဟစ်လိုက်၏။

"ဟေး....နင်က ဘယ့်သူကို ငတ်သေအောင်ထားခဲ့သင့်တယ်လို့ ပြောနေတာလဲ"

ထိုအသံကိုကြားချိန်တွင် ရီဖုန်းသည် သူ့၏ခေါင်းကို မော့ကြည့်လိုက်ပြီးနောက် သူ့၏မျက်လုံးများ တောက်ပသွားသည်။

ယခု အဆင်ပြေသွားလေပြီ...

သူမအကြောင်း သူ ပြောဆိုနေစဥ်မှာပင် သူမ ရောက်ရှိလာခဲ့သည်။

"အစ်မကြီး...မင်းက အကြွေးပြန်ဆပ်ချင်လို့ ငါ့ဆီကို ရောက်လာတာလား"

ရီဖုန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

'အစ်မကြီး'ဟု ခေါ်ဆိုခံရသဖြင့် ယွင်ယောင်ယောင်၏မျက်နှာကို ဒေါသကြောင့် ရှုံမဲ့သွားစေသည်။သူမ၏အကြည့်သည် ရေခဲတမျှ အေးစက်တင်းမာသွားကာ သူမက စကားတစ်လုံးချင်း အသံထွက်၍ပြောဆိုလိုက်၏။

"နင်က ဘယ့်သူကို အစ်မကြီးလို့ ခေါ်နေတာလဲ"

"အမ်...."

"ဒါက ဘာမှားနေလို့လဲ"

ရီဖုန်းသည် အချိန်တခဏခန့် ကြက်သေသေသွားပြီးနောက် ကြောင်စီစီအမူအယာဖြင့် မေးမြန်းလိုက်သည်။

"မင်းက အရမ်းအစွမ်းထက်တယ်လေ...အနည်းဆုံးတော့ မင်းက နှစ်ရာနဲ့ချီ ဒါမှမဟုတ် နှစ်ထောင်နဲ့ချီပြီးကျင့်ကြံခဲ့မှာပဲ...ဒါဆိုရင်...ငါက အဘွားလို့ ခေါ်ရမလား"

ယွင်ယောင်ယောင်သည် ပြင်းပြင်းထန်ထန် အသက်ရှုကြပ်သွားကာ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးမှ ကျင့်ကြံဆင့်စွမ်းအားများ ဆူပွက်လာပြီး ရေအိုင်အတွင်းသို့ ဦးစိုက်၍ထိုးဆင်းကျသွားလုနီးပါးပင်။

မျှော်လင့်ထားသကဲ့သို့ပင်...

ဤကောင်စုတ်သည် ရွံရှာစက်ဆုပ်ဖွယ် ကောင်းနေဆဲပင်။

သို့ရာတွင် သူမသည် မည်သည်ကြောင့် ချော်ကျခံနိုင်မည်နည်း။သူမ၏ပုံရိပ် ဖျတ်ခနဲလှုပ်ရှားသွားခြင်းနှင့်အတူ နောက်ထပ်အချိန်အခိုက်အတန့်မှာပင် ရီဖုန်း၏ရှေ့သို့ ရောက်ရှိသွားသည်။ထို့နောက် သူမ၏ဓားကိုဆွဲထုတ်ကာ သူ့၏လည်ပင်းပေါ်သို့ တင်လိုက်၏။

"ငါ နင့်ကိုသတ်လိုက်မှာကို နင် မကြောက်ဘူးလား"

ယွင်ယောင်ယောင်၏မျက်နှာပေါ်တွင် အေးစက်မှုများလွှမ်းခြုံနေကာ သူမက စကားတစ်လုံးချင်းပြောဆိုလိုက်သည်။

အမှန်အားဖြင့် သူမထံတွင် ရီဖုန်းကိုသတ်ဖြတ်ရန် ရည်ရွယ်ချက်မရှိချေ။

ဤကောင်စုတ်လေး၏ မခံချိမခံသာဖြစ်စေသောပါးစပ်သည် သူ့အား ​ခြောက်လှန့်သည့်အနေဖြင့် အပြစ်ဒဏ်တချို့ပေးရန် ထိုက်တန်သည်။

ထို့နောက် သူ့ကို တောင်းပန်စေပြီး သူမထံ၌ အရှုံးကိုဝန်ခံခိုင်းရပေမည်။

သို့ရာတွင် ရီဖုန်းသည် သူမအား တိတ်တဆိတ်မျက်လုံးလှန်ကြည့်မည်ဟု မည်သူက သိမည်နည်း။

ထို့နောက် ရီဖုန်းသည် သူ့၏လက်ကို ပေါ့ပေါ့ပါးပါးမြှောက်ကာ သူ့၏လည်ပင်းမှဓားကိုတွန်းဖယ်ပြီး တည်ငြိမ်စွာပြောဆိုသည်။

"တကယ် လုပ်လိုက်စမ်းပါ"

ယွင်ယောင်ယောင်က မျက်မှောင်ကြုတ်လိုက်၏။

သူသည် မည်သည်ကြောင့် ထိတ်လန့်ကြောက်ရွံမှု မရှိရသနည်း....

"ငါက နင့်ကို တကယ်မသတ်ရဲဘူးလို့ နင် တကယ်ကြီး ထင်နေတာလား"

သူမ၏အသံ ပို၍အေးစက်တင်းမာသွားသည်။

"ဟမ့်....အပိုစကားတွေပြောနေတာ ရပ်လိုက်စမ်းပါ....တကယ်လို့ မင်းကသာ ငါ့ကိုသတ်ချင်ရင် ငါ သေနေတာ အချိန်ကြာနေလောက်ပြီ"

ရီဖုန်းက စိတ်မရှည်စွာ ပြောဆိုသည်။

"ပြီးတော့ အရင်တုန်းက မင်း ပြန်ကောင်းလာရင် ငါ့ကို ထိခိုက်နာကျင်အောင်မလုပ်ဘူးလို့ မင်း ကျိန်ဆိုထားတယ်...ဒါကြောင့် အခု မင်း ငါ့ကိုသတ်မယ်ဆိုရင် မင်းရဲ့ကျင့်ကြံဆင့် ထိခိုက်ပြီး တာအိုနှလုံးသား ကြေမွှပျက်စီးသွားရုံတင်မကဘူး....မင်းရဲ့မိသားစုတစ်စုလုံးလည်း သေရလိမ့်မယ်...ဒါက မထိုက်တန်ဘူးလေ...ဟုတ်တယ်မလား"

ယွင်ယောင်ယောင်၏နှုတ်ခမ်း မဲ့ရွဲ့သွားကာ သူမ၏ခန္ဓာကိုယ် ပြင်းပြင်းထန်ထန် တုန်ရီသွားသည်။

ပြင်းထန်သောဒေါသများက သူမ၏စိတ်နှလုံးသားအတွင်း၌ မြင့်တက်လာသည်။

သူမသည် ရီဖုန်း၏ရွံရှာစက်ဆုပ်ဖွယ်ကောင်းသော ပုံပန်းသွင်ပြင်ကို အမှန်တကယ် မုန်းတီးမိကာ သူမ၏ဓားဖြင့် သူ့ကို အမှန်တကယ် ခုတ်ပိုင်းလိုခဲ့သည်။

"ငါတို့ နောက်ဆုံးတွေ့ခဲ့တာ အချိန်အတော်ကြာနေပြီ...မင်းကိုကြည့်ရတာ ပိုပြီးလှလာပုံပဲ"

ထိုအချိန်မှာပင် ရီဖုန်းသည် သူမကို တစ်ချက်စောင်းငဲ့ကြည့်ပြီးနောက် မချီးမွမ်းဘဲ မနေနိုင်တော့ချေ။

ဤစကားလုံးများသည် ယွင်ယောင်ယောင်ပေါ်သို့ ရေအေးတစ်ပုံး လောင်းချလိုက်သည့်အလားပင်။သူမထံတွင် တဟုန်းဟုန်းတောက်လောင်နေသော ဒေါသမီးတောက်များ အဆင့်များစွာလျော့ကျပြီး ချက်ချင်းအေးမြသွားသည်။

ဤကောင်စုတ်သည်....

နောက်ဆုံး၌ စကားကောင်းတစ်ခွန်း ပြောထွက်လာလေပြီ။

အိုး...ကောင်းပြီလေ...

သူမသည် ဤသေမျိုးနှင့်ငြင်းခုံနေရန် မလိုအပ်တော့ချေ။

"ဒါနဲ့ နင် ငါ့ကို ဒီနေရာမှာ မတ်တတ်ပဲရပ်ခိုင်းတော့မှာလား"

သူမက မေးမြန်းသည်။

"ဘယ်ဟုတ်ပါ့မလဲ...ကျေးဇူးပြုပြီးတော့ ဒီနေရာမှာ ထိုင်ပါအုံး"

ရီဖုန်းက ပြုံးလိုက်ကာ သူ၏နောက်မှီကုလားထိုင်ပေါ်တွင် ယွင်ယောင်ယောင်ကိုထိုင်ခိုင်းပြီး သူကိုယ်တိုင်ကမူ အနီးရှိကျောက်တုံးတစ်တုံးပေါ်တွင် ထိုင်လိုက်၏။

ရီဖုန်း၏တောက်ပသောအပြုံးနှင့် သူမ မထိုင်မီ နောက်မှီကုလားထိုင်ပေါ်ရှိ ရေစက်များကို ဂရုတစိုက်သုတ်ပေးသည်ပုံစံကို မြင်တွေ့ချိန်တွင် ယွင်ယောင်ယောင်၏အကြည့် အနည်းငယ်ပြောင်းလဲသွားသည်။

ဤကောင်စုတ်လေးသည်....

ရွံရှာစက်ဆုပ်ဖွယ်ကောင်းသည့်အချိန်၌ အမှန်တကယ်ကို ရွံရှာစက်ဆုပ်ဖွယ်ဖြစ်သော်လည်း တခြားအချိန်များတွင် လွန်စွာချစ်စဖွယ်ကောင်းပေ၏။

"ဒီမှာ လတ်လတ်ဆတ်ဆတ်ခူးထားတဲ့ တောသခွားသီး...ဒါကို မြည်းကြည့်ပါအုံး...အရသာ အရမ်းကောင်းတယ်"

ရီဖုန်းသည် အဝါရောင်သခွားသီးတစ်လုံးကို ထုတ်ယူပြီးနောက် ဆေးကြောသန့်စင်ပြီး ခြောက်သွေ့အောင်ပြုလုပ်ကာ ယွင်ယောင်ယောင်ထံ လက်ကမ်းပေးလိုက်သည်။

"ဘယ်သူက နင့်ရဲ့သခွားသီးကို စားချင်လို့လဲ"

ယွင်ယောင်ယောင်သည် ရီဖုန်းကို မျက်လုံးလှန်၍ကြည့်လိုက်သော်လည်း သူမသည် သူ့အားငြင်းဆန်နိုင်ခြင်းမရှိကြောင်း သူမကိုယ်သူမ ထူးဆန်းစွာရှာဖွေတွေ့ရှိလိုက်ရသည်။

'သောက်ချေးပဲ'

'ယွင်ယောင်ယောင်...အိုး...ယွင်ယောင်ယောင်...'

'နင်က ကောင်းကင်အဆင့်ပစ္စည်းတွေနဲ့ အံ့အားသင့်ဖွယ်ကောင်းတဲ့ ဆေးလုံးတွေကိုတောင် ဂရုမစိုက်ဘဲနဲ့ ဒီသခွားသီးကိုကျမှ မငြင်းဆန်နိုင်ဘူးလား'

"ဟွန့်..."

ယွင်ယောင်ယောင်သည် ရှက်ရွံခြင်းနှင့်ဒေါသထွက်ခြင်းတို့ကို ရောယှက်၍ခံစားနေရသဖြင့် မကျေမချမ်း နှာတချက်မှုတ်ကာ သခွားသီးကိုဆွဲယူလိုက်၏။ထို့နောက် သူမသည် ခေါင်းပေါ်ရှိ ထီးနက်ကြီးကိုကြည့်ကာ ပြင်းပြင်းထန်ထန်မေးမြန်းလိုက်သည်။

"ငါ နင့်ကို မေးပါရစေ..ဒီထီးကို ဘယ်နေရာကနေ နင် ရလာတာလဲ"

"ဒီထီးလား....."

ရီဖုန်းသည် သူ့၏ခေါင်းကိုကုတ်ပြီးနောက် စိတ်အားထက်သန်စွာ ပြောဆိုသည်။

"ငါ မေ့သွားပြီ"

"နင် မေ့သွားပြီလား"

ယွင်ယောင်ယောင်က မျက်မှောင်တင်းတင်းကြပ်ကြပ်ကြုတ်လိုက်သည်။

"ငါ့အထင်တော့ ဒါကို တစ်ယောက်ယောက်က ငါ့ကို ပေးခဲ့တာပဲ"

ရီဖုန်းသည် အနည်းငယ်ခန့်စဉ်းစားတွေးတောပြီးနောက် ထပ်မံ၍ပြောဆိုသည်။

သူသည် ဤထီးကို မည်သည့်နေရာကရရှိခဲ့ကြောင်း အမှန်တကယ်ကို မေ့လျော့နေလေပြီ။ သူ့၏အိမ်တွင် ဤကဲ့သို့ ထူးဆန်းသောအရာများနှင့် တိုလီမိုလီပစ္စည်းအမြောက်အများရှိနေပေ၏။

"တစ်ယောက်ယောက်က နင့်ကို ပေးခဲ့တာလား"

ယွင်ယောင်ယောင်၏မျက်နှာ မည်းမှောင်သွားသည်။

'တယောက်ယောက်က နင့်ကိုပေးခဲ့တယ်ဆိုတာ အသိသာကြီးလေ...နင့်လိုမျိုး သာမန်သေမျိုးတစ်ယောက်က ဒီလိုသူတော်စင်အဆင့်ထီးတစ်လက်ကို တစ်ယောက်ယောက်ကသာ မပေးရင် နင် တစ်ခြားဘယ်နေရာကနေ ရနိုင်လို့လဲ'

Chapter 494

"နင့်ကို ဒီထီး ဘယ်သူပေးခဲ့တာလဲလို့ ငါ မေးနေတာလေ"

ယွင်ယောင်ယောင်သည် မဆုတ်မနစ်မေးမြန်းကာ အဖြေရရန်အတွက် တူးဆွလိုက်၏။

"အမ်..."

"ကြည့်ရတာတော့ ဒါကို မိန်းကလေးမိတ်ဆွေတစ်ယောက် ပေးခဲ့ပုံပဲ...သူကလည်း ကျင့်ကြံသူတစ်ယောက်ပဲ"

ရီဖုန်းသည် ခက်ခက်ခဲခဲ စဥ်းစားတွေးတောပြီးနောက် ဤထီးသည် ပိုင်ဖျောင်ဖျောင်ထံမှ လက်ဆောင်ရခြင်းဟုတ်မဟုတ် မသေချာသဖြင့် တုံ့ဆိုင်းစွာပြောဆိုလိုက်သည်။

"မိန်းကလေးမိတ်ဆွေလား"

ယွင်ယောင်ယောင်၏မနာလိုစိတ်များ ပြင်းထန်သွားသည်။

ဤစိတ်အနှောင့်အယှက်ဖြစ်ဖွယ်ကောင်းသောကောင်သည် မိန်းကလေးများနှင့် ဆက်ဆံရေးကောင်းများ ရှိနေသလော....

ထိုသို့မဟုတ်ပါက သူတော်စင်အဆင့်ထီးတစ်လက်ကဲ့သို့ တန်ဖိုးမဖြတ်နိုင်သောရတနာတစ်ခုကို သာမန်သေမျိုးတစ်ယောက်ဖြစ်သည့် သူအား မည်သည်ကြောင့် ပေးအပ်မည်နည်း။

ယွင်ယောင်ယောင်၏စူးစမ်းသော မျက်နှာအမူအယာကိုကြည့်ပြီး ရီဖုန်းကပြုံးဖြဲဖြဲဖြင့် တုံ့ပြန်မေးမြန်းလိုက်သည်။

"ဘာမှားနေလို့လဲ...ဒီထီးက ကောင်းမွန်ပြီးတော့လှပတယ်လို့ မင်း ထင်လို့လား"

"ငါ့ခြေထောက်ကိုပဲ ကောင်းမွန်ပြီးလှပနေလိုက် ...နင် ဒီထီးကို အခုချက်ချင်း အဝေးကိုလွှင့်ပစ်လိုက်စမ်း"

ယွင်ယောင်ယောင်၏မျက်နှာပေါ်တွင် ဒေါသများဖြင့်ပြည့်နှက်နေကာ သူမသည် ရီဖုန်းပေါ်သို့ခုန်အုပ်၍ရိုက်နှက်လိုသည့်အလားပင်။

"ဘာလို့လဲ..."

"တကယ်လို့ မင်း ပြောသလို ဒီထီးကို ငါ လွှတ်ပစ်လိုက်ရင်...ငါ ငါးမျှားတဲ့အချိန်မှာ ဘာကိုသုံးရမှာလဲ....ငါက အရူးတစ်ယောက်လိုမျိုး နေပူထဲမှာထိုင်ပြီး ငါးမျှားရမှာလား"

ရီဖုန်းက မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်၏။

"ငါ နင့်ကို တခြားထီးတစ်လက်ပေးမယ်...ဒါပေမယ့် အခုချက်ချင်း နင် ဒီထီးကို လွှင့်ပစ်​ရမယ်"

ယွင်ယောင်ယောင်၏အသံတွင် ငြင်းဆန်၍မရသော စိတ်ပိုင်းဖြတ်ထားခြင်းနှင့်ပြည့်နှက်နေသည်။ထို့နောက် သူမသည် သိုလှောင်လက်စွပ်ကိုဖွင့်ကာ ကြီးမားသောအနီရောင်ထီးတစ်လက်ကို ထုတ်ယူလိုက်၏။

အကယ်၍ တခြားလူများသာ ဤနေရာတွင်ရှိနေပါက ဤအနီရောင်ထီးသည် ယခင်ထီးနက်ကြီးထက် သာလွန်ပြီး အတုအယောင်အင်မော်တယ်အဆင့်ရတနာအဖြစ်သို့ပင် ရောက်ရှိနေကြောင်း သိရှိကြပေမည်။

"အနီရောင်လား"

ရီဖုန်း၏မျက်နှာ မည်းမှောင်သွားသော်လည်း ယွင်ယောင်ယောင်၏ မယိမ်းယိုင်သောအမူအယာကိုကြည့်ပြီး သူသည် ဝန်လေးစွာဖြင့် ထိုအရာကို လက်ခံလိုက်၏။

အကယ်၍ ဤထီးသည် အနီရောင်ဆိုလျှင်လည်း ပြဿနာမရှိချေ။

မည်သို့ပင်ဆိုစေကာမူ သူသည် ငါးမျှားရာ၌အသုံးပြုမည်ဖြစ်ရာ မည်သည့်အရောင်မဆိုအဆင်ပြေပေသည်။

သို့ရာတွင် မိန်းမများသည် သောက်ရေးမပါလှစွာပင် ပြဿနာရှာတတ်ပေ၏။

သူမတို့သည် ရေရာသောအကြောင်းပြချက်မရှိဘဲ အလဟဿအပြစ်ရှာတတ်ကြသည်။

ရီဖုန်း သဘောတူညီလိုက်သည်ကိုကြည့်ပြီး ယွင်ယောင်ယောင်၏မျက်နှာပေါ်တွင် အနိုင်ရသွားသကဲ့သို့အပြုံးတစ်ခု ထင်ဟပ်လာသည်။သူမသည် နူးညံသေးသွယ်သောလက်‌ကောင်ဝတ်ကို ဆတ်ခနဲမြှောက်ကာ သူမ၏လက်အတွင်းရှိ သခွားသီးကို သာမန်ကာလျှံကာ တစ်ကိုက်ကိုက်လိုက်၏။

ဤသခွားသီးသည် ကျွတ်ဆက်ပြီးအရသာရှိလှသည်။

ထို့ပြင် ဤအရသာသည် အမှန်တကယ်ကိုကောင်းမွန်သည်။

"ဟေး မင်း ဘာလို့ဒီလောက်သေးသေးလေးပဲကိုက်တာလဲ...ဘာတွေများ ဟန်လုပ်နေစရာရှိလို့လဲ....ငါက အရင်တုန်းက မင်းအမဲသားပြား ဘယ်လိုစားလဲဆိုတာကို မမြင်ဖူးတာ ကြနေတာပဲ"

ရီဖုန်းသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ကျီစယ်ခြင်းမပြုဘဲ မနေနိုင်တော့ချေ။

ယွင်ယောင်ယောင်၏ဒေါသများ ပေါက်ကွဲသွားတော့သည်။

"ရီဖုန်း...ငါ နင့်ကို ခြေထောက်တဖက်တည်းနဲ့ ရေကန်ထဲကို ကန်ချနိုင်တယ်ဆိုတာ နင် ယုံလား"

"ငါ တောင်းပန်ပါတယ်...ငါ တောင်းပန်ပါတယ်"

ရီဖုန်းသည် အပြုံးနှင့် အလျှင်အမြန်တောင်းပန်ပြီးနောက် အလေးအနက်ထားသောလေသံဖြင့် ပြောဆိုလိုက်သည်။

"စနောက်နေတာကို ရပ်လိုက်ကြရအောင်...မင်း ဒီနေရာမှာ ရက်နည်းနည်းလောက် ပိုပြီးနေပါအုံးလား...ငါက ဒီနေရာပတ်ဝန်းကျင်ကို မင်းကို လိုက်ပြမယ်လေ...ပြီးတော့ ငါက ပင်ကျင်းမြို့ရဲ့ဒေသခံဓလေ့ထုံးတမ်းတွေ မင်းကို တွေ့ကြုံခံစားစေရမယ်"

သို့ရာတွင် ရီဖုန်း ထိုစကားကိုပြောဆိုလိုက်ချိန်တွင် ယွင်ယောင်ယောင်၏မျက်နှာ မှိန်ဖျော့သွားသည်။

"ငါက ခဏလောက်ကြာရင် ထွက်သွားရမှာကို ငါ စိုးရိမ်မိတယ်"

သူမ၏အသံ တိုးညှင်းသွားပေ၏။

ဤအချိန်အတောအတွင်းတွင် ကိစ္စများစွာ ဖြစ်ပျက်သွားခဲ့သည်။

သူမသည် အင်မော်တယ်မြစ်ကုန်းမြေ၏ လျှို့ဝှက်ချက်များကို သိရှိခဲ့ရပြီး သူမသည် ပြန်လည်ဝင်စားလာသူတစ်ယောက်ဖြစ်ကြောင်း သိရှိခဲ့ရသည်။

အကယ်၍ အတိတ်တွင်ဆိုပါက သူမသည် ရီဖုန်း၏တောင်းဆိုမှုကို သဘောတူညီမိမည်ဖြစ်ကာ ပင်ကျင်းမြို့၏ဒေသခံဓလေ့ထုံးတမ်းများကို ကြည့်ရှုမိပေမည်။

သို့ရာတွင် ယခုလက်ရှိချိန်၌...

.

သူမသည် ဤကိစ္စများကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ချေ။

"မင်းမှာ ဘာပြဿနာရှိနေလို့လဲ"

ယွင်ယောင်ယောင်၏စိတ်အခြေအနေ ပြောင်းလဲသွားသည်ကိုကြည့်ပြီး ရီဖုန်းက နူးညံညင်သာစွာ မေးမြန်းလိုက်သည်။

"ဒါက ဘာမှမဟုတ်ပါဘူး"

သူမသည် ဖွင့်ဟပြောရန်အတွက် ဝန်လေးနေသည်။

မည်သို့ပင်ဆိုစေကာမူ ဤကဲ့သို့ကိစ္စများသည် သူမ၏ ယခုလက်ရှိသိုင်းအင်ပါယာအဆင့်ဖြင့်ပင် လက်လှမ်းမမီနိုင်သောကိစ္စများဖြစ်သည်။ရီဖုန်းကို သူမ ပြောပြလျှင်ပင် မည်သို့ဖြစ်လာနိုင်မည်နည်း။ဤသည်မှာ သူ့အတွက် မလိုအပ်ဘဲ ဝန်ထုပ်ဝန်ပိုးသာ ဖြစ်သွားပေမည်။

"ဒီတစ်ကြိမ်က ငါ နင့်ကို ငွေပေးဖို့လာခဲ့တာပဲ...ဒီမှာ ရွှေပြားငါးသန်း....ဒါက ငါ့မှာရှိတာ အကုန်ပဲ"

သူမသည် သိုလှောင်လက်စွပ်တစ်ကွင်းကို ထုတ်ယူကာ ရီဖုန်းထံ လက်ကမ်းပေးလိုက်၏။

ထိုသိုလှောင်လက်စွပ်ကို ဖွင့်လိုက်ချိန်တွင် အတွင်း၌ ရွှေပြားများဖြင့် ပြည့်နှက်နေသည်။

ရီဖုန်း၏မျက်လုံးများ တောက်ပသွားကာ ထိုလက်စွပ်ကို သူ့၏လက်နှစ်ဖက်ဖြင့်ယူပြီး သူ့၏လက်မောင်းကြားတွင် ပွေ့ဖက်လိုက်သည်။

"ပြီးတော့...ငါက နင့်အတွက် ဆေးလုံးတစ်လုံး ယူလာတယ်....ဒီဆေးကိုသောက်ပြီးတာနဲ့ နင်ကို သေမျိုးအဖြစ်ကနေ သိုင်းဝိညာဥ်နယ်ပယ်ကို တိုက်ရိုက်တွန်းပို့နိုင်လိမ့်မယ်"

ယွင်ယောင်ယောင်က ပြောဆိုသည်။

ထိုသို့ပြောဆိုပြီးနောက် ယွင်ယောင်ယောင်သည် ကျောက်စိမ်းသေတ္တာတစ်လုံးကိုထုတ်ယူကာ ရီဖုန်းထံသို့ လက်ကမ်းပေးလိုက်သည်။

"ဒါက ဘာလဲ"

"မင်းက သိုင်းဝိညာဉ်နယ်ပယ်ကို ငါ ချိုးဖျက်ဝင်ရောက်နိုင်မယ့် ဆေးလုံးတစ်လုံး ငါ့အတွက်ယူလာပေးတာလား"

"မင်းက တကယ့်ကို ငါ့ရဲ့မိတ်ဆွေကောင်းပဲ"

ရီဖုန်းသည် အလွန်ပျော်ရွှင်သွားလေ၏။

သူသည် စိတ်အားထက်သန်စွာဖြင့် ကျောက်စိမ်းသေတ္တာကိုဖွင့်ကာ သူ့၏စိတ်နှလုံးသားအတွင်းတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။

သိုင်းဝိညာဉ်နယ်ပယ်...

ဤသည်မှာ ဒဏ္ဍာရီလာသိုင်းဝိညာဥ်နယ်ပယ်ပင်။

ထိုနေ့တုန်းက နန်ရှားနယ်မြေတွင် ထိုအံ့အားသင့်ဖွယ်ကောင်းသော တည်ရှိမှုကြီး၏စွမ်းအားကို သူ မြင်တွေ့ခဲ့ရသည်ကို ကွက်ကွက်ကွင်းကွင်းအမှတ်ရနေဆဲပင်။

ထို့ပြင် ယခုလက်ရှိချိန်၌....

သူကိုယ်တိုင်သည်လည်း ထိုကဲ့သို့ နက်နဲသိမ်မွေ့သည့်စွမ်းအားရှိသူတစ်ယောက် ဖြစ်လာတော့မည်လော....

နံဘေးတွင်ရှိနေသော ယွင်ယောင်ယောင်သည်လည်း ရီဖုန်း၏ပျော်ရွှင်နေသော အမူအယာကိုကြည့်ကာ သူမ၏စိတ်နှလုံးသားအတွင်းရှိ ခံစားချက်များကို ဖော်ပြရန်မစွမ်းတော့ချေ။

ယနေ့အဆုံးသတ်သွားချိန်တွင် သူမတို့နှစ်ယောက်သည် ထပ်မံ၍ ဆုံတွေ့နိုင်တော့မည်မဟုတ်ချေ။

ဤသည်ကြောင့် သူမသည် သေမျိုးတစ်ယောက်ကို မည်သည့်ဘေးထွက်ဆိုးကျိုးမရှိဘဲ သိုင်းဝိညာဥ်နယ်ပယ်သို့ မြှင့်တင်ပေးနိုင်သည့်ဆေးလုံးကို တန်ကြေးကြီးကြီးပေး၍ ရယူခဲ့ခြင်းဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ အနာဂတ်တွင် ဗြောင်းဆန်နေသော အခြေအနေများအကြား၌ သိုင်းဝိညာဥ်တစ်ယောက် အသက်ရှင်သန်နိုင်မည့်အခွင့်အရေးသည် သေမျိုးတစ်ယောက်ထက် ပို၍မြင့်မားသည်မဟုတ်လော....

သို့ရာတွင် သူမသည် အချိန်အတော်ကြာတွေဝေတုံ့ဆိုင်းနေပြီးနောက် ယနေ့သည် သူမတို့နှစ်ယောက် နောက်ဆုံးတွေ့ဆုံခြင်းဖြစ်ကြောင်း ရီဖုန်းကို မပြောဆိုရန် သူမ ဆုံးဖြတ်ခဲ့သည်။

ဤကိစ္စကိုပြောရန် မလိုအပ်ဟု သူမ ခံစားမိလေ၏။

ထို့ပြင် သူမသည် ရီဖုန်းကို မလိုအပ်သောစိုးရိမ်သောကများဖြင့် ဝန်ထုပ်ဝန်ပိုးမဖြစ်စေလိုချေ။

သူ ပျော်ရွှင်သည်ဟု ခံစားရသရွေ့ အနာဂတ်တွင် သူ အသက်ရှင်သန်နိုင်သရွေ့ ဤသည်မှာ လုံလောက်လေပြီ။

ထို့ပြင်.....

လူအများသည် ပျော်ရွှင်မှု ဝမ်း​နည်းကြေကွဲမှု ခွဲခွာမှုနှင့် ပြန်လည်ပေါင်းစည်းမှုတို့ကို အစဉ်အမြဲ ကြုံတွေ့ရပေမည်။

အကယ်၍ သူမတို့သည် ခြေတစ်လှမ်းနောက်ဆုတ်လိုက်လျှင်ပင် သူမတို့နှစ်ယောက်ကြားတွင် မိတ်ဆွေများအဖြစ် ဆက်ရှိနေနိုင်သည်မဟုတ်လော....

"ဒါဆိုရင် ငါ အခုဘာလုပ်သင့်လဲ"

ရီဖုန်းသည် မစောင့်ဆိုင်းနိုင်တော့ဘဲ မေးမြန်းလိုက်၏။

"ငါ ဒါကို အခုချက်ချင်းသောက်သင့်လား ဒါမှမဟုတ် နောက်မှသောက်ရမလား"

"နင် အခုချက်ချင်း သောက်လိုက်ပါ"

ယွင်ယောင်ယောင်က နူးညံညင်သာစွာ ပြောဆိုသည်။

"ဒီဆေးလုံးမှာ ဘာဘေးထွက်ဆိုးကျိုးမှမရှိပေမယ့်....ဆေးအာနိသင်က ပြင်းထန်တယ်...နင် ဒါကို တောင့်ခံနိုင်မှာမဟုတ်ဘူး....ငါက ဒီနေရာမှာနေပြီးတော့ နင် မမျှော်လင့်ထားတဲ့အခြေအနေတွေကို ရင်ဆိုင်နိုင်အောင် ငါ ကာကွယ်ပေးမယ်"

"ကောင်းပြီလေ...မင်းကို ကျေးဇူးတင်ပါတယ်"

ယွင်ယောင်ယောင်၏ညွှန်ကြားချက်အတိုင်း ရီဖုန်းသည် ပလ္လင်ခွေထိုင်ကာ သူ့၏လက်အတွင်း၌ သလင်းကျောက်ကဲ့သို့ကြည်လင်သောဆေးလုံးကိုကိုင်ပြီး သောက်သုံးရန်ပြင်ဆင်လိုက်သည်။

"ငါ နင့်ကို ထပ်ပြီးသတိပေးရအုံးမယ်...ဒီဆေးလုံးမှာ ပြင်းထန်တဲ့ဆေးအာနိသင်တွေပါဝင်တယ်...ဒါကြောင့် ဆေးလုံးကိုဝါးမြိုပြီးရင်နင့်ရဲ့ခန္ဓာကိုယ်မှာ နာကျင်မှုတချို့ကို ခံစားရလိမ့်မယ်...နင် အဆင်သင့်ဖြစ်ပြီလား"

ယွင်ယောင်ယောင်က တည်ကြည်လေးနက်စွာဖြင့် ရီဖုန်းကို ထပ်မံ၍သတိပေးလေသည်။

"အင်း....ငါ အဆင်သင့်ဖြစ်ပြီ"

ရီဖုန်းက အံ့တင်းတင်းကြိတ်ကာ စိတ်အားထက်သန်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

အစွမ်းထက်သောသိုင်းဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်လာစေရန် သူသည် နာကျင်မှုကိုခံစားရလျှင်ပင် ပြဿနာမရှိချေ။

"နင် ဆေးသောက်လိုက်တော့"

ယွင်ယောင်ယောင်က ပြောဆိုသည်။

"ကောင်းပြီ"

ရီဖုန်းသည် အံ့တင်းတင်းကြိတ်ကာ ဆေးလုံးကိုသူ့၏ပါးစပ်အတွင်းသို့ ဂရုတစိုက်ထည့်ပြီး ဝါးမြိုလိုက်၏။

အချိန်တခဏကြာပြီးနောက်....

ရီဖုန်းသည် သူ့၏မေးရိုးကိုတောင့်ထားကာ ဆေးလုံး၏အကျိုးသက်ရောက်မှုနှင့် စွမ်းအားများရရှိလာမည်ကို စောင့်ဆိုင်းနေလိုက်သည်။

ယွင်ယောင်ယောင်သည်လည်း ပို၍အလေးအနက်ထားကာ သူမ၏နက်နဲသိမ်မွေ့သောကျင့်ကြံဆင့်စွမ်းအားများကို သူမ၏ခန္ဓာကိုယ်မှ ထုတ်လွှတ်ထားသည်။ရီဖုန်းကို မည်သူတစ်ဦးတစ်ယောက်ကမျှ မနှောင့်ယှက်စေရန် သူမသည် သတိကြီးစွာထား၍ ကာကွယ်ပေးနေလေသည်။သူမ၏အကြည့်သည် ရီဖုန်း၏အခြေအနေကိုသာ အဆက်မပြတ်အာရုံစူးစိုက်နေပေ၏။

အချိန်လေးဆယ့်ငါးမိနစ်ခန့် ကြာမြင့်ပြီးနောက်....

ရီဖုန်း၏အမူအယာကင်းမဲ့နေသောမျက်နှာကိုကြည့်ကာ တောင့်ခံနိုင်ခြင်းမရှိသည့်အရိပ်အယောင်မျိုး မရှိသည်ကို မြင်တွေ့ချိန်တွင် ယွင်ယောင်ယောင်က စိတ်ကျေနပ်မှုရရှိသွားပြီး ခေါင်းညိတ်လိုက်သည်။

ဤကောင်စုတ်....

သူ့၏ဇွဲလုံလသည် အမှန်တကယ်ကိုခိုင်မာပေ၏။

ဤကဲ့သို့ပြင်းထန်သောနာကျင်မှုမျိုးကို တစ်ချက်မျှ အော်ဟစ်ခြင်းမရှိဘဲ သူ တောင့်ခံနိုင်သည်။

သို့ရာတွင် ရီဖုန်းသည် ရုတ်တရက် သူ့၏ခေါင်းကိုမော့ကာ အေးစက်စက်မေးမြန်းလေသည်။

"ဒီဆေးလုံးက ဆေးအာနိသင်ပြဖို့ အရမ်းကြာတာလား...ငါ့ရဲ့ခြေထောက်တွေ ကျိန်းလာတာကလွဲလို့ ငါက တခြားဘာတုံ့ပြန်မှုကိုမှ မခံစားရဘူး"

Chapter 495

ယွင်ယောင်ယောင်သည် အချိန်တခဏခန့် ကြက်သေသေသွားလေ၏။

"နင်....နင် ဒီဆေးလုံးကို သောက်ပြီးတဲ့နောက်မှာ ဘာတုံ့ပြန်မှုမျိုးကိုမှ မခံစားရဘူးလား"

သူမက ပြူးကျယ်နေသောမျက်လုံးတစ်စုံဖြင့် ရီဖုန်းကို စူးစိုက်ကြည့်ကာ မေးမြန်းလိုက်သည်။

"အင်း....ငါ ဆီးသွားချင်နေတာကို ထည့်တွက်လို့ရလား"

ရီဖုန်းသည် စိတ်အားထက်သန်စွာဖြင့် ယွင်ယောင်ယောင်ကိုကြည့်ကာ တုံ့ပြန်မေးမြန်းလေသည်။

ယွင်ယောင်ယောင်၏နဖူးပြင်ပေါ်တွင် အနက်ရောင်အစင်းကြောင်းများ လွှမ်းခြုံသွားသည်။

သို့ရာတွင် ရီဖုန်းသည် ဆေးလုံးကိုသောက်သုံးပြီးနောက် မည်သည်ကြောင့် တုံ့ပြန်မှုအနည်းငယ်မျှမရှိသည်ကို သူမ အလွန်အမင်း ဝေခွဲရခက်နေခဲ့သည်။

တစ်ခုသိထားရမည်မှာ သူမ၏ဆေးလုံးသည်အင်မတယ်တစ်ယောက်၏လက်အတွင်းမှ ဆင်းသက်လာခြင်းဖြစ်သဖြင့် မည်သို့ပင်ဆိုစေကာမူ ပြဿနာမရှိနိုင်​ချေ။

"နင့်ရဲ့မျက်လုံးတွေကို တစ်ခါထပ်မှိတ်ပြီးတော့ တစ်ခုခုအာရုံခံမိတာ ဒါမှမဟုတ် နင့်ရဲ့ခန္ဓာကိုယ်ထဲမှာ အပြောင်းအလဲတခုခုရှိမရှိဆိုတာကို ခံစားဖို့ကြိုးစားကြည့်အုံး"

ယွင်ယောင်ယောင်က ပြောဆိုသည်။

"ကောင်းပြီလေ"

ရီဖုန်းက သူ့၏မျက်လုံးများကို စုံမှိတ်လိုက်၏။

အချိန်တခဏကြာပြီးနောက် သူ့၏မျက်လုံးများကို ပြန်ဖွင့်လိုက်သည်။

ယွင်ယောင်ယောင်၏မျှော်လင့်စောင့်စားနေသောအကြည့်ကို မြင်တွေ့ချင်တွင် သူက ရှက်ကိုးရှက်ကန်းဖြင့် မေးမြန်းလေသည်။

"ငါ့ရဲ့ဗိုက်နာလာသလိုမျိုး ခံစားရတယ်..ဒါကပုတ်သိုးနေတဲ့အစားအစာတစ်ခုကို စားမိလို့ဖြစ်တဲ့ပုံစံမျိုးပဲ....ဒါကို ထည့်တွက်လို့ရလား"

ယွင်ယောင်ယောင်၏နှုတ်ခမ်း မဲ့ရွဲ့သွားသည်။

ထို့နောက် သူမ၏နူးညံသေးသွယ်သောလက်ဝါးကိုမြှောက်ကာ ရီဖုန်း၏ပခုံးပေါ်သို့ ညင်သာစွာတင်ပြီး သူ၏ခန္ဓာကိုယ်အတွင်းပိုင်းကို စူးစမ်းလေ့လာလိုက်သည်။

အချိန်တစ်ခဏကြာခန့် စူးစမ်းလေ့လာပြီးနောက် သူမ၏မျက်နှာအမူအယာ အလွန်အမင်း ပျက်ယွင်းသွားသည်။

ရီဖုန်းသည် လိမ်လည်ပြောဆိုနေခြင်းမဟုတ်ချေ။

ထိုဆေးလုံးသည် ရီဖုန်းကို စွမ်းအားတစိုးတစိမျှ ဖြည့်တင်းပေးနိုင်ခြင်းမရှိခဲ့ချေ။ရီဖုန်းသည် သာမန်သေမျိုးတစ်ယောက် ဖြစ်နေဆဲပင်။

"ဒီဆေးလုံးက တကယ့်ကိုပဲ နင့်အပေါ်မှာ အသုံးမဝင်ဘူး...ဆေးအာနိသင်အားလုံး လုံးဝပျောက်ကွယ်သွားပြီ"

ယွင်ယောင်ယောင်က ဖြူရော်နေသောမျက်နှာဖြင့် ပြောဆိုသည်။

"အမ်...."

ရီဖုန်းသည် လုံးလုံးလျားလျား ဝမ်းနည်းပက်လက်ဖြစ်သွားလေ၏။

သူ ခေါင်းငိုက်စိုက်ကျသွားသည်။

ဤကဲ့သို့ အစွမ်းထွက်သော ဆေးလုံးတစ်လုံးပင်လျှင် သူ့အပေါ် မည်သည့်အကျိုးသက်ရောက်မှုမျိုးမျှ မရှိသည်အထိ အသုံးမကျသူတစ်ယောက်ဖြစ်နေမည်ဟု သူ မျှော်လင့်မထားမိချေ။

သူသည် ချေးထုပ်စနစ်ကိုထပ်မံ၍မှီခိုခြင်းမပြုသောဟု သူ တွေးတောခဲ့သည်။

ယခုကြည့်ရသည်မှာ သူသည် စနစ်မှချမှတ်သော စည်းမျဉ်းများကိုသာ နာခံရတော့မည့်ပုံပင်။

"နင့်ကို မျှော်လင့်ချက်ပေးသလိုမျိုး ဖြစ်သွားတဲ့အတွက် ငါ တောင်းပန်ပါတယ်"

ယွင်ယောင်ယောင်က အပြစ်ရှိသည်ဟု ခံစားရသောစိတ်ဖြင့် ပြောဆိုလိုက်၏။

"ဒါက ဘာမှမဖြစ်ပါဘူး...ငါက ဘာလို့ မင်းကိုအပြစ်တင်ရမှာလဲ"

ရီဖုန်းသည် သူ့အတွက်ဖြင့် ယွင်ယောင်ယောင် စိုးရိမ်ပူပန်မှုမရှိစေရန် နှစ်သိမ့်ပေးလေသည်။

"ပြီးတော့ ဒါက ကျင့်ကြံတဲ့ကိစ္စလေးပဲလေ....ဘယ်လိုလုပ်ပြီး ငါက ဒါကို မလုပ်ဆောင်နိုင်ဘဲ နေမှာလဲ"

"အမ်...."

ယွင်ယောင်ယောင်သည် ဇဝေဇဝါဖြင့် ရီဖုန်းကို ကြည့်လိုက်သည်။

"ငါက သာမန်သေမျိုးတစ်ယောက်ဆိုပေမယ့် မင်း တွေးထားသလိုမျိုး ငါက သာမန်လူမဟုတ်ဘူး"

ရီဖုန်းက လျှို့ဝှက်ဆန်းကြယ်သောအပြုံးနှင့် ပြောဆိုသည်။

"အတိုချုပ်ပြောရမယ်ဆိုရင် နောက်အနာဂတ်မှာ မင်း ငါ့ကို ပြန်တွေ့တဲ့အချိန်ကျရင် အရင်နဲ့ကွဲပြားခြားနားနေတဲ့ ငါ့ကိုကြည့်ပြီး မင်းအံ့အားသင့်တုန်လှုပ်သွားမှာ သေချာတယ်"

ရီဖုန်း၏စကားများကြောင့် ယွင်ယောင်ယောင်သည် အလွန်ဒေါသထွက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

သူမအား အလွန်အံ့အားသင့်တုန်လှုပ်သွားစေမည်ဟု ဆိုလိုက်သလော....

သူမသည် ထိုကိစ္စကို ဖွင့်ဟပြောဆိုခြင်းမရှိသော်လည်း သူသည် မည်ကဲ့သို့အသုံးမကျသော အခြေအနေမျိုး၌ ရှိနေသည်ကို သူမတို့နှစ်ယောက်လုံး ရှင်းရှင်းလင်းလင်းသိနားလည်ထားသည်။

သို့ရာတွင် ဤသည်မှာ ယွင်ယောင်ယောင်ကို အလွန်စိတ်လှုပ်ရှားမှုလည်း ဖြစ်သွားစေခဲ့သည်။

ဤကောင်စုတ်သည် တစ်စုံတစ်ယောက်ကိုတစ်ဖက်တွင်ချစ်အောင်လုပ်နိုင်သကဲ့သို့ တခြားတစ်ဖက်တွင် မုန်းတီးအောင်လည်း လုပ်ဆောင်နိုင်စွမ်းရှိသည်။

သူမသည် သူ့အား နှစ်သိမ့်ပေးရမည်မှာ သိသာထင်ရှားနေသော်လည်း မမျှော်လင့်ဘဲ ထိုအစား ရီဖုန်းသည် သူမအား နှစ်သိမ့်ပေးနေခဲ့သည်။

"ကောင်းပြီလေ....ငါတို့ထပ်တွေ့တဲ့အချိန်ကျရင် နင် ငါ့ကို အံ့အားသင့်တုန်လှုပ်စရာတွေ ပေးနိုင်မယ်လို့ ငါ မျှော်လင့်ပါတယ်"

ယွင်ယောင်ယောင်က အမှုအယာကင်းမဲ့စွာဖြင့် ပြောဆိုသည်။

သူမသည် အလွန်အံ့အားသင့်တုန်လှုပ်သွားမည့်ကိစ္စကို မျှော်လင့်ထားခြင်းမရှိဘဲ နောက်အနာဂတ်တွင် ရီဖုန်းသည် ကောင်းမွန်စွာအသက်ရှင်သန်နိုင်ရန်ကိုသာ သူမ မျှော်လင့်ထားသည်။

ယွင်ယောင်ယောင် ထွက်ခွာသွားပြီးနောက်...

သူမ ထွက်ခွာသွားသည်ဟု ပြောမည့်အစား ရီဖုန်းသည် သူ့၏ငါးများတံကို ပြန်လည်သိမ်းဆည်းကာ အိမ်သို့ပြန်သွားသောညနေစောင်းအချိန်ထိ တိမ်တိုက်များထိပ်တွင် မတ်တတ်ရပ်ကာ သူမ စောင့်ကြည့်နေခဲ့သည်ဟုပြောလျှင် ပို၍တိကျမှန်ကန်ပေမည်။ထိုနောက်မှသာ သူမသည် အမှန်တကယ်ထွက်ခွာခဲ့လေ၏။

ယွင်ယောင်ယောင်သည် ထွက်ခွာခဲ့ပြီးနောကက် လေဟာနယ် နယ်မြေတစ်နေရာသို့ ဦးတည်၍ပျံသန်းလေသည်။

ထို့နောက် သူမသည် လေဟာနယ်ကိုဆုတ်ဖြဲကာ မူလဘူတဖရိုဖရဲနယ်မြေအတွင်းသို့ ဝင်ရောက်လိုက်သည်။

ဤဖရိုဖရဲနယ်မြေသည် တခြားကမ္ဘာလောကတစ်ခုပင်။

သူမ၏ခေါင်းထက်တွင် မရေမတွက်နိုင်သော အဆောင်လက်ဖွဲ့များ ထူထပ်သိပ်သည်းစွာ မျောလွင့်နေသည်။ထိုအဆောင်လက်ဖွဲ့များအတွင်းတွင် လေ မီး လျှပ်စီးနှင့်မိုးကြိုးကဲ့သို့ သဘာဝစွမ်းအားများ ရောယှက်နေပေ၏။

ဖရိုဖရဲနယ်မြေ၏ အရှေ့ တောင် အနောက်နှင့် မြောက်အရပ်တို့တွင် နွေဦးတွင်ပူနွေးကာ ပန်းများပွင့်လန်းပြီး နွေ၌ပူပြင်းခြင်း ဆောင်းဦး၌အေးစိမ့်သောလေ ဆောင်းတွင်း၌နှင်းထူထပ်သောမြင်ကွင်းများကို အစဥ်အလိုက် တွေ့မြင်နိုင်သည်။

ဤအချိန်တွင် ဖရိုဖရဲနယ်မြေအတွင်း၌ လူတစ်ရာထက်မနည်း စုဝေးနေပြီး အရေအတွက်မှာ လွယ်လင့်တကူ တစ်ရာကျော်နိုင်သည်။

လူတချို့ထံတွင် အရပ်မြင့်ပြီး ခံ့ညားထည်ဝါသောပုံပန်းသွင်ပြင်ရှိပြီး တချို့ထံတွင် အင်မော်တယ်အငွေ့အသက်တစ်ခုရှိကာ တချို့သည် စိတ်အားတက်ကြွပြီး တောက်ပနေပေ၏။

ဤနေရာတွင် ဆေဘာဓားဆရာသခင်များနှင့် ဓားအင်မော်တယ်များရှိနေသည်။

ထို့ပြင် ဝင်္ကပါပညာရပ်ဆိုင်ရာမဟာဆရာသခင်များ အပါအဝင် ဆေးပညာရှင်များလည်း ပါဝင်သည်။

ဤအချိန်အခိုက်အတန့်တွင် သူတို့သည် မူလဘူတဖရိုဖရဲနယ်မြေ၏ရှေ့၌ မတ်တတ်ရပ်နေသည်။

ဤနေရာတွင် ကြီးမားသောကျောက်စာတိုင်ကြီးတစ်ခုကို စိုက်ထူထားသည်။ထိုကျောက်စာတိုင်မှအရှိန်အဝါသည် ဖရိုဖရဲနယ်မြေတစ်ခုလုံးကို လွှမ်းခြုံထားကာ မည်သည့်ချောင်းမြောင်းကြည့်ရှုခြင်းမျှမရှိစေရန် တားဆီးဟန့်တားထားသည်။

ထို့နောက် ကြီးမားသောခေါင်းလောင်းကြီးတစ်လုံး မြည်ဟီးသွားသကဲ့သို့ အသံတစ်သံက ဖရိုဖရဲနယ်မြေ၏အထက်မှ ထွက်ပေါ်လာသည်။

"အင်မော်တယ်မြစ်ကုန်းမြေရဲ့ ဖရိုဖရဲကျောက်စာတိုင်ကို တစ်နှစ်အတွင်းမှာ ဖွင့်လှစ်မယ်....တာအိုကိုလေ့လာဆင်ခြင်နိုင်တဲ့ ဘယ်သူမဆို နတ်ဘုရားအဖြစ် တက်လှမ်းနိုင်မယ့် အခွင့်အရေးတစ်ခုရပြီးတော့ သူတို့ရဲ့နာမည်တွေက မှတ်တမ်းတင်ခြင်းခံရမယ်"

"နာမည်တွေကို မှတ်တမ်းတင်ခံရပြီးတော့ နတ်ဘုရားအဖြစ် တက်လှမ်းသွားနိုင်တဲ့သူတွေက အင်မော်တယ်မြစ်ကုန်းမြေရဲ့ လောကပျက်စီးခြင်းကပ်ဘေးကို ချိုးဖျက်နိုင်ပြီးတော့....အင်မော်တယ်မြစ်ကုန်းမြေရဲ့ထာဝရငြိမ်းချမ်းမှုကို ထိန်းသိမ်းရမယ်"

"တာအိုကျင့်ကြံသူတွေ...အရင်ဆုံး မင်းတို့က အင်မော်တယ်တိုင်လုံးတွေထဲကို ဝင်ရောက်ရမယ်"

ထိုအသံ ကျရောက်လာသည်နှင့်....

ကျောက်စာတိုင်၏အောက်ခြေမှနေ၍ တောက်ပသော အလင်းတိုင်လုံးများ မြင့်တက်လာသည်။

ထို့ပြင် ထိုအလင်းတိုင်လုံးများကို ခွဲခြားနိုင်သည်။

ကျောက်စာတိုင်နှင့်အနီးစပ်ဆုံးနေရာတွင် အနီရောင်အလင်းတိုင်လုံး ဆယ့်ရှစ်တိုင်ရှိသည်။

အနီရောင်အလင်းတိုင်လုံးများ၏နောက်တွင် လိမ္မော်ရောင်အလင်းတိုင်လုံး သုံးဆယ့်ခြောက်တိုင်ရှိပေ၏။

လိမ္မော်ရောင်အလင်းတိုင်လုံးများ၏နောက်တွင် အပြာရောင်အလင်းတိုင်လုံး ခုနစ်ဆယ့်နှစ်တိုင်ရှိသည်။

ထိုအရာများ၏နောက်တွင်မူ အစိမ်းရောင်အလင်းတိုင်လုံး တစ်ရာ့ရှစ်တိုင်ရှိနေသည်။

ထိုမြင်ကွင်းကို မြင်တွေ့ချိန်တွင်....

လူတိုင်း၏ စိတ်နှလုံးသားများနှင့်စိတ်ဝိညာဥ်များ တုန်ခါသွားသည်။

သူတို့သည် ဤနေရာသို့ရောက်ရှိလာခြင်းမှာ အင်မော်တယ်မြစ်ကုန်းမြေ၏မျိုးဆက်များ အတူတကွ စုဝေးသောကိစ္စအတွက်ပင်။

ထို့ပြင် သူတို့ထံတွင် ကိုယ်ပိုင်စိတ်ဆန္ဒများလည်းရှိနေပေ၏။

နောင်အနာဂတ်တွင် ကြီးမားသောစွမ်းအားကိုရရှိကာ ထာဝရထင်ပေါ်ကျော်ကြားနိုင်သည့်အခွင့်အရေးကို မည်သူက မလိုချင်ဘဲရှိမည်နည်း။

ထို့ကြောင့် လူတိုင်း၏အကြည့်များသည် ချက်ချင်းဆိုသလိုပင် အနီရောင်အလင်းတိုင်လုံး ဆယ့်ရှစ်တိုင်ပေါ်သို့ ကျရောက်သွားသည်။

အကြောင်းအရင်းမှာ ထိုအနီရောင်အလင်းတိုင်လုံး ဆယ့်ရှစ်တိုင်သည် ကျောက်စာတိုင်နှင့် အနီးဆုံးနေရာတွင် ရှိနေသောကြောင့် တာအိုကိုလေ့လာဆင်ခြင်ရာ၌ ပို၍လွယ်ကူမည်ကို လူတိုင်း သိရှိထားသောကြောင့်ပင်။

"မင်းတို့ နေရာယူလို့ရပြီ"

ထိုအသံကျရောက်လာသည်နှင့် လူတိုင်းသည်အနီရောင်အင်မော်တယ် အလင်းတိုင်လုံးများထံသို့ အပြေးသွားကြသည်။

သို့ရာတွင် လူတိုင်းအခြေတကျဖြစ်သွားချိန်တွင် လူနည်းစုကသာ အနီရောင်အလင်းတိုင်လုံးများကို သိမ်းပိုက်နိုင်ခဲ့သည်။လိမ္မော်ရောင်နှင့်အပြာရောင်အလင်းတိုင်လုံးများထံသို့သွားသောလူများသည်လည်း ထပ်တူထပ်မျှပင်။

လူများအားလုံးအနက်မှ အများစုသည် အစိမ်းရောင်အလင်းတိုင်လုံးများအတွင်း၌သာ နေရာယူနိုင်ကြလေ၏။

ဤသည်မှာ သူတို့သည်အနီရောင်အလင်းတိုင်လုံးများအတွင်းသို့ မဝင်ရောက်လိုသောကြောင့်မဟုတ်ချေ။

အကြောင်းအရင်းမှာ တာအိုနှင့်သက်ဆိုင်သောကိစ္စတွင် ကံကြမ္မာကိုသတ်မှတ်ထားပြီးဖြစ်သည်။တစ်စုံတစ်ယောက်ကို ဤနေရာတွင် နေရမည်ဟု သတ်မှတ်ထားသရွေ့ ထိုလူသည် ဤနေရာတွင်သာ နေထိုင်ရပေမည်။

"ဖျက်ဆီးခြင်းအရှင်...ဆရာသခင်တွေအားလုံး နေရာယူပြီးပါပြီ"

ငွေရောင်မျက်နှာဖုံးကို ဝတ်ဆင်ထားသောလူတစ်ယောက်သည် မြေပြင်ပေါ်၌ ဒူးထောက်ကာ ရိုသေလေးစားစွာဖြင့် သူ့၏အသံကို ပေးပို့လိုက်သည်။

"အရမ်းကောင်းတယ်...အရမ်းကောင်းတယ်"

စိတ်လှုပ်ရှားနေသောအသံတစ်သံက ဖရိုဖရဲနယ်မြေအတွင်းမှ ထွက်ပေါ်လာသည်။

"ငါ ဒီကိစ္စကို စီစဉ်ခဲ့တာ ခေတ်ကာလတွေအများကြီးကြာခဲ့ပြီ...ပြီးတော့ ငါက ခေတ်ကာလတွေအများကြီး စောင့်ဆိုင်းခဲ့ရတယ်...ငါက မရေမတွက်နိုင်တဲ့ခေတ်ကာလတွေကို ဖြတ်ကျော်ပြီးတော့ နောက်ဆုံးကျမှ ဒီခေတ်ကာလမှာ ကံကြမ္မာရေစက်ရှိတဲ့ လူနှစ်ရာသုံးဆယ့်လေးယောက်ကို အတူတကွစုစည်းနိုင်ခဲ့တယ်"

"အဲ့ဒီလူတွေထဲမှာ ပြန်ဝင်စားသူတွေ မိုးကောင်းကင်တာအိုရဲ့ မျက်နှာသာပေးမှုကိုခံရသူတွေ မရေမတွက်နိုင်တဲ့ခေတ်ကာလတွေအတွင်းက ပါရမီရှင်တွေနဲ့ဆရာသခင်တွေ ပါဝင်တယ်...တစ်နှစ်အချိန်အတွင်းမှာ သူတို့က ငါ အင်မော်တယ်မြစ်ကုန်းမြေရဲ့ မိုးကောင်းကင်တာအိုနေရာကို အစားထိုးနေရာဝင်ယူနိုင်အောင် ကူညီပေးနိုင်လိမ့်မယ်"

"အရှင့်ကို ဂုဏ်ပြုပါတယ်"

ငွေရောင်မျက်နှာဖုံးစွပ်လူက ဝမ်းသာပီတိဖြစ်စွာနှင့် ဂုဏ်ပြုစကားပြောဆိုလိုက်သည်။

"ငါနဲ့ကံကြမ္မာရေးစက်ရှိတဲ့လူတွေကိုတွေ့ဖို့ ငါ မစောင့်ဆိုင်းနိုင်တော့ဘူး"

ဖျက်ဆီးခြင်းအရှင်သည် သူ့၏စိတ်ဆန္ဒကို ကိုယ်ပွားပုံရိပ်ယောင်တစ်ခုအသွင်သို့ ပြောင်းလဲကာ ဖရိုဖရဲမဟာခန်းမအတွင်းသို့ လျှောက်လှမ်းဝင်လိုက်သည်။

သူ့၏မောက်မာထောင်လွှားသောအကြည့်သည် အလင်းတိုင်လုံးများအောက်ရှိ လူနှစ်ရာသုံးဆယ့်လေးယောက်ထံသို့ ဝေ့ဝိုက်၍ကျရောက်သွားသည်။

သို့ရာတွင် တချက်ကြည့်မိရုံဖြင့် သူသည်ချက်ချင်း ကြက်သေသေသွားလေ၏။

အင်မော်တယ်အလင်းတိုင်လုံး နှစ်ရာသုံးဆယ့်လေးတိုင်၌ အများစုသည် ဗလာဟင်းလင်းဖြစ်နေသည်။ထိုအလင်းတိုင်လုံး၏တစ်ဝက်ခန့်တွင်ပင် လူများရှိမနေချေ။

မည်သို့ ဖြစ်ပျက်သွားသနည်း.....

ထိုလူများ မည်သည့်နေရာသို့ ရောက်ရှိသွားသနည်း....

သူတို့သည် မည်သည့်နေရာသို့ ထွက်ပြေးသွားသနည်း....

ဖျက်ဆီးခြင်းအရှင်၏ကိုယ်ပွားပုံရိပ်ယောင်သည် ဒေါသကြောင့် ပျက်ပြယ်သွားလို့နီးပါးပင်။

မရေမတွက်နိုင်သော ခေတ်ကာလများကိုဖြတ်ကျော်ကာ သူသည် ဤကိစ္စအတွက် အစီအစဉ်ဆွဲခဲ့ရသည်။မည်သို့ပင်ဆိုစေကာမူ ဤလူနှစ်ရာသုံးဆယ့်လေးယောက်သည် ကံကြမ္မာရေစက်ပါသော ပြန်လည်ဝင်စားသူများဖြစ်သောကြောင့် ဤအချိန်အခိုက်အတန့်တွင် ဤနေရာ၌ စုဝေးကြရပေမည်။

သို့ရာတွင် သောက်ရေးမပါလှစွာဖြင့် သူတို့အနက်မှ တစ်ဝက်ကျော်သည် ဤနေရာ၌ရှိမနေချေ။မည်သည့်ကိစ္စများ ဖြစ်ပျက်သွားသနည်း။

ဤနေရာတွင် အမျိုးအမည်မသိရသော တခြားအင်အားစုများရှိနေသလော...

သူ ဒေါသအထွက်ဆုံးကိစ္စမှာ အနီရောင်အင်မော်တယ်အလင်းတိုင်လုံး ဆယ့်ရှစ်တိုင်အနက် ခုနှစ်တိုင်တွင်သာ နေရာယူထားသူများရှိနေခြင်းပင်။

ဤနေရာသည် သူ့အတွက် အရေးအကြီးဆုံးအစိတ်အပိုင်းဖြစ်လေရာ တခြားလူဆယ်ယောက်ကျော်သည် မည်သည့်နေရာ၌သွားသေနေသနည်း။

ဖျက်ဆီးခြင်းအရှင်သည် ဒေါသကြောင့် သွေးအန်ထွက်လုနီးပါးပင်။

Thank For Reading.

All Chapters