မိုးနဲ့မြေကိုဖန်ဆင်းခြင်း ၊ တောင်နှင့်ပင်လယ်ကြေးမုံမှန်
Vol. 19 Ch. 254
အခန်း (၂၅၄) မိုးနဲ့မြေကိုဖန်ဆင်းခြင်း ၊ တောင်နှင့်ပင်လယ်ကြေးမုံမှန်
ကြည်လင်သည့် အဖြူရောင်တိုင်လုံးကြီးများဖြင့် ဝတ်ကျောင်းတော်ကြီးကို တည်ဆောက်ထားပြီး ကောင်းကင်၏အရိပ်သည်ပင် တိုင်လုံးများထက်တွင် ရောင်ပြန်ဟပ်နေသည်။
မြူခိုးတိမ်တိုက်များက ပတ်ဝန်းကျင်တစ်ခုလုံးတွင် ပျံ့လွင့်နေလေသည်။
ကျန်းလန် ဝတ်ကျောင်းတော်ကြီးကို အံ့အားသင့်စွာဖြင့် မတ်တတ်ရပ်ကာ ငေးမောကြည့်နေမိသည်။
သူ ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။ အပြင်မှမြင်ရသည့်အသွင်သဏ္ဌန်နှင့်မတူညီဘဲ ဝတ်ကျောင်းတော်ကြီးက အလွန်ပင် ကြီးမားကျယ်ပြန့်လွန်းလှသည်။
ဝတ်ကျောင်းတော်ကြီးတစ်ခုလုံးကို တိုင်လုံးကြီး (၄)လုံးတည်းဖြင့်သာ တည်ဆောက်ထားပြီး တိုင်လုံးများထက်တွင်လည်း မျက်နှာကြက်မရှိဘဲ အပြာရောင်ကောင်းကင်ကြီးသာ တည်ရှိနေသည်။
"ဒီနေရာကို ဘာမှ သတိထားနေစရာ မလိုဘူး ၊ တောင်ထွတ်တွေက မှော်ရုံနယ်မြေတွေလိုပဲ သဘောထားလို့ရတယ် ၊ အရပ်လေးမျက်နှာ ကြိုက်တဲ့နေရာသွားလို့ရတယ် ၊ ဒါပေမဲ့ ကျင့်ကြံခြင်းအဆင့် သိပ်မမြင့်မားဘူးဆိုင်တော့ လမ်းပျောက်သွားတတ်တယ် ၊ လမ်းပျောက်သွားရင်တော့ ဝတ်ကျောင်းတော်အပြင်ဘက်ကို အလိုလို ပြန်ရောက်သွားလိမ့်မယ်"
ဂိုဏ်းတူအစ်ကိုတစ်ယောက်က ခန်းမဆောင်ထဲတွင် အော်ပြီး ရှင်းပြလိုက်သည်။
ထို့နောက် သူက ခန်းမဆောင်အတွင်းမှ အရှေ့ဘက်ဆီသို့ ဓားကိုစီးနှင် ထွက်ခွာသွားပြီး မကြာမီ မြင်ကွင်းအတွင်းမှ ပျောက်ကွယ်သွားလေသည်။
"ဒီနေရာကို အခုမှ ပထမဆုံးရောက်ဖူးကြတဲ့သူတွေက မြန်မြန်မသွားကြနဲ့ ၊ လမ်းပျောက်တတ်တယ် ၊ ထူးခြားတာတစ်ခုခုကို တွေ့ပြီဆိုရင် အဲဒါကို နားလည်အောင် လေ့လာကြပါ"
ဂိုဏ်းတူအစ်မတစ်ယောက်ကလည်း အော်ဟစ်ပြောဆိုသွားသည်။
ထို့နောက် သူမသည်လည်း ကောင်းကင်ထက်သို့ တိုးဝင်ပျောက်ကွယ်သွားလေသည်။
ကျန်းလန်က အဝေးကြီးသို့ လျှောက်သွားရန် စိတ်ကူးမရှိပေ။ သို့သော် ဤခန်းမထဲတွင် ငုတ်တုတ်ထိုင်နေရန်ကလည်း မသင့်တော်ပြန်ပေ။
မည်သည့်ဦးတည်ရာသို့ သွားမည်လဲ။ သူက လူနည်းသည့်ဘက်သို့သွားရန် စဉ်းစားထားသည်။
ကောင်းကင်ထက်သို့တက်သွားမည်ဆိုလျှင် ထင်သာမြင်သာဖြစ်နေပေလိမ့်မည်။ အရှေ့ဘက်သို့သွားမည်ဆိုလျှင်လည်း စွန့်စားရာကျမည်။
သူက ပုံမှန်အတိုင်းဖြစ်သည့် ကိစ္စများကိုသာ ပြုလုပ်ရန် စဉ်းစားထားသည်။
"ကောင်းကင်ဆီပျံသန်းသွားတဲ့သူတွေရယ် အရှေ့ဘက်ကိုသွားတဲ့သူတွေရယ်က သူတို့စိတ်ကူးနဲ့သူတို့ ရှိလိမ့်မယ်ကွ ၊ ဘယ်ဘက် ၊ ဒါမှမဟုတ် ညာဘက်ကို သွားကြတဲ့သူတွေကတော့ အတွေ့အကြုံလိုချင်တဲ့သူတွေ ဖြစ်လိမ့်မယ်"
ရုတ်တရက် အသံတစ်သံထွက်ပေါ်လာသည်။
ထိုသူပြောသည်မှာ မှန်ကန်ကြောင်း ကျန်းလန်က စိတ်ထဲက ထောက်ခံလိုက်၏။ ထို့ကြောင့် သူလည်း ဘယ်ဘက်နှင့် ညာဘက် မည်သည့်ဘက်သွားမည်လဲ ရွေးခြယ်ရန် ဆုံး ဖြတ်လိုက်သည်။
ပတ်ဝန်းကျင်တွင် လူများက အုန်းအုန်းကြွက်ကြွက် ဖြစ်နေကြလေရာ အလျှင်လိုစရာတော့ မရှိသေးပေ။
ထိုစဉ် တပည့်တစ်ယောက်ထံမှ စကားသံ ထွက်ပေါ်လာပြန်သည်။
"ဂိုဏ်းတူအစ်ကို… အရှေ့ဘက်ကိုသွားမှာလား ၊ ကောင်းကင်ထက်ကို သွားမှာလား"
အခြားတပည့်တစ်ယောက်က…
"ပထမတောင်ထွတ်က ဂိုဏ်းတူအစ်ကို ကျိကျန်က အတော်လေး ထူးခြားတယ် ၊ သူက ဘယ်ဘက်လည်း သွားမှာမဟုတ်သလို ၊ ညာဘက်ကိုလည်း သွားမှာ မဟုတ်ဘူး"
"ကျုပ်တော့ ဒီလိုမထင်ဘူး ၊ ဒီ ဂိုဏ်းတူညီလေးက ကိုယ်ပိုင်အတွေးအခေါ်သိပ်ကောင်းတယ် ၊ အခုတင် ကျုပ် သူ့ကို ဓားနဲ့ ခုတ်လိက်တာ ၊ ကျုပ်ဓားက သူ့ကိုတောင် မထိသေးဘူး ၊ သူက သူ့ဓားနဲ့ သူ့ကိုယ်သူ ပြန်ခုတ်ပြီး မြေပြင်ထက်လဲကျ သတိလစ်ချင်ယောင်ဆောင်နေတာလေ"
"ဟားဟား… ဂိုဏ်းတူအစ်ကိုက တကယ်ပါပဲ"
"သောက်ရမ်းဉာဏ်ကောင်းလွန်းတယ်"
"ဟွန်း… ဒါကတော့ ဂိုဏ်းတူအစ်ကိုက တကယ့်ကို စိတ်ထားမကောင်းတာပဲ ၊ ကိုယ့်ကိုယ်ကိုယ်တောင် ဓားနဲ့ပြန်ခုတ်တယ်"
"ဒါဖြင့် ဂိုဏ်းတူအစ်ကိုက ကောင်ကင်ဆီ သွားမှာလား"
စကားသံများထွက်ပေါ်လာရာသို့ ကျန်းလန် လှမ်းကြည့်လိုက်သည်။
ထိုအခါ လူငယ်တစ်ယောက်ကို ဝိုင်းရံစကားပြောနေကြသည့် တပည့်အုပ်စုကို တွေ့လိုက်ရ၏။ သူက ခွန်လွန်တောင် တပည့်များဝတ်ဆင်လေ့ရှိသည့်တူညီဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့ပုံစံက အနည်းငယ် ကြမ်းတမ်းဟန် ရှိသည်။
မရှိမှုအာကာသအဆင့် အောင်မြင်ထားသူ ဖြစ်ပြီး အင်မော်တယ်ဖြစ်ရန် အတော်လေး နီးစပ်နေပြီ ဖြစ်သည်။
ထိုလူငယ်က သူ့ကို ဝိုင်းဝန်းစကားပြောနေကြသည့် တပည့်များက အထင်သေးဟန် တစ်ချက်ကြည့်လိုက်ပြီး…
"ဟက်… မင်းတို့တွေက သိပ်ကို အမြင်ကျဉ်းလွန်းတယ်"
ခဏနားပြီးမှ သူက စကားဆက်ပြောသည်။
"ကျုပ်က ကောင်းကင်ထက်လည်း မသွားဘူး ၊ အရှေ့ဘက်လည်းမသွားဘူး ၊ သူများလုပ်တိုင်း လိုက်လုပ်မှာလည်း မဟုတ်သလို ဒီနေရာမှာပဲ ထိုင်နေမှာလည်း မဟုတ်ဘူး"
ပြောပြီးသည်နှင့် ကျိကျန်က စကားကို ရပ်နားလိုက်သည်။
အခြားတပည့်များက ကျိကျန် ဘာဆက်ပြောမည်ကို စိတ်ဝင်တစားနှင့် နားထောင်နေကြ၏။
"ကျုပ်က…"
ကျိကျန်က ပြုံးရင်းဖြင့် သူ့ပတ်ပတ်လည်မှ တပည့်များကို တစ်ချက်ဝေ့ကြည့်လိုက်သည်။
"ကျုပ်က အနောက်ဘက်ကို သွားမှာကွ…"
ပြောပြီးသည်နှင့် သူက အနောက်ဘက်သို့လှည့်ကာထွက်ခွာသွားပြီး အပြာရောင်ကောင်းကင်ထဲ တိုးဝင်ပျောက်ကွယ်သွားလေသည်။
တပည့်များအားလုံး အံ့သြမှင်တက်သွားကြသည်။
ကျန်းလန်လည်း အံ့အားသင့်သွားကြသည်။
"တကယ်ထူးခြားတာပဲ"
သူပင်လျှင် အနောက်ဘက်သို့သွားရန် မစဉ်းစားခဲ့မိပေ။
အနောက်ဘက်မှ ဝင်ရောက်လာသည်ဟု ယူဆနေကြသည်ဖြစ်လေရာ ထိုနေရာတွင် လမ်းကြောင်းတစ်ခု ရှိနေသည်ကို မည်သူမှ သတိမမူမိကြပေ။
လူပေါင်းများစွာက သူတို့၏အတွေးများထဲတွင် ပြန်လည်ပိတ်မိပြီး ကန့်သတ်ခံနေရခြင်း ဖြစ်သည်။
ကျိကျန်၏ လုပ်ရပ်က မျှော်လင့်မထားသည့် လုပ်ရပ်ဖြစ်သော်လည်း ကျန်းလန်ကတော့ အနောက်ဘက်သို့သွားရန် ဆန္ဒမရှိခဲ့ပေ။
သူက ဘယ်ဘက် သို့မဟုတ် ညာဘက်သို့ သွားမည် ဖြစ်သည်။
ထိုစဉ်…
ကျိကျန်ကိုကြည့်ပြီး အံ့သြမှင်တက်နေသည့် လူအုပ်ကြီးက ပြန်လည်သတိဝင်လာသည်။
"ဒါ လုံး၀ ပုံမှန်မဟုတ်တဲ့ ရွေးခြယ်မှုပဲ ၊ ထင်မထားမိဘူး"
"တော်ပြီကွာ ၊ ကျုပ်လည်း အဲဒီဘက်ပဲ သွားတော့မယ်"
"ဟုတ်တယ် ကျုပ်ရောပဲ"
ကျန်းလန်က သူတို့ အနောက်ဘက်သို့ ပြန်လှည့်နိုင်ရန် ဘေးသို့ အသာရွှေ့ပေးလိုက်သည်။
သူ ပတ်ဝန်းကျင်ကိုတစ်ချက်အကဲခတ်လိုက်ရာ ဘယ်ဘက်သို့သွားသူ အနည်းငယ်သာရှိကြောင်း တွေ့လိုက်ရသည်။ ထို့ကြောင့် သူလည်း ဘယ်ဘက်သို့သွားရန် ရွေးခြယ်လိုက်သည်။
လေ့လာစရာတစ်စုံတစ်ခုကို ရှာတွေ့သည်နှင့် ရှေ့ဆက်မသွားတော့ဘဲ ထိုနေရာတွင် ခရီးစဉ်အဆုံးသတ်သည်အထိ နေထိုင်ရန် ဆုံးဖြတ်ထားသည်။
သို့သော်…
သူ ဤနေရာတွင်ပဲ စနစ်မှတ်ပုံတင်ရမည်လား ၊ အခြားနေရာတွင် မှတ်ပုံတင်ရမည်လား။
တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် အရင်ဆုံး စနစ်မှတ်ပုံတင်ရန် ဆုံးဖြတ်လိုက်သည်။
ခွန်လွန်ဝတ်ကျောင်းတော်ခန်းမဆောင်က ဗဟိုချက်နေရာနှင့် နီးကပ်နိုင်လေရာ စနစ်မှတ်ပုံတင်ရန် ဤနေရာထက် သင့်တော်သည့်နေရာ မရှိနိုင်ပေ။
မဟာတာအိုလမ်းကြောင်းရှိသည့် နေရာတစ်ခုတွင် စနစ်မှတ်ပုံတင်ခြင်းက သေချာပေါက် ရလဒ်ဆိုးရွားမည် မဟုတ်ပေ။ သို့သော် မည်သို့သောပစ္စည်းရရှိမည်ဆိုသည်ကတော့ ခန့်မှန်းရခက်သလို အရင်အချိန်များနှင့်လည်း တူညီမည် မဟုတ်ပေ။
သူက မိုးနဲ့မြေကိုဖန်ဆင်းခြင်းဆေးလုံးကို (၂)ကြိမ် ရရှိခဲ့သည်။ ဒုတိယအကြိမ် ရရှိခဲ့ခြင်းက ဆရာဖြစ်သူပေးအပ်သည့် နှစ်တစ်ထောင်သက်တံတိမ်တိုက်တန်ခိုးစွမ်းအားကြောင့် ဖြစ်၏။
ထို့နောက် ကျန်းလန် တွေးတောခြင်းကို ရပ်တန့်လိုက်ပြီး စနစ်မှတ်ပုံတင်လိုက်သည်။
"စနစ်… ဒီနေရာမှာ မှတ်ပုံတင်မယ်"
ကျန်းလန်က ရှေ့ဆက်သွားခြင်းကိုလည်း မရပ်တန့်ဘဲ သူသွားချင်သည့် ဦးတည်ရာသို့ ဆက်လက်ပျံသန်းသွားနေသည်။
မကြာမီ စနစ်မှအသံ ထွက်ပေါ်လာ၏။
[ ဒင် ! ]
[ စနစ်မှတ်ပုံတင်ခြင်း အောင်မြင်ပါတယ် ၊ မဟာတာအိုမှပေးအပ်တဲ့လက်ဆောင်ကို ရရှိတဲ့အတွက် စနစ်ပိုင်ရှင်ကို ဂုဏ်ပြုပါတယ် ၊ သင်ရရှိတာကတော့ မိုးနဲ့မြေကိုဖန်ဆင်းခြင်း : တောင်နှင့်ပင်လယ်ကြေးမုံမှန်ပဲ ဖြစ်ပါတယ်]
[တောင်နှင့်ပင်လယ်ကြေးမုံမှန် : မိုးနဲ့မြေကိုဖန်ဆင်းခြင်း ၊ ဒီကြေးမုံမှန်က တောင်များ ၊ မြစ်ရေများနဲ့ လောကတစ်ခွင်ကို ရောင်ပြန်ဟပ်နိုင်စွမ်း ရှိတယ် ၊ ကြေးမုံမှန်မှတစ်ဆင့် သက်ရှိများနဲ့ နေရာများကို တွေ့မြင်နိုင်လိမ့်မယ် ၊ ပင်လယ် (၄)ခုနဲ့ စွန့်ပစ်နယ်မြေ (၈)ခုကို ဖြတ်သန်းပြီး နေရာဒေသများကို ပိုင်းခြားသိမြင်နိုင်မှာ ဖြစ်တယ်]
ကျန်းလန် ခန်းမဆောင်ကြီးထဲတွင် လှည့်ပတ်နေပြီးနောက် ဘယ်ဘက်သို့ ဦးတည်ပျံသန်းလာသည်။
သူ့ပုံစံက တည်ငြိမ်နေသည့်တိုင် သူ့ရင်ထဲတွင်တော့ လှိုင်းများအနည်းငယ် လှုပ်ခတ်လျှက် ရှိသည်။ မဟာတာအိုလမ်းကြောင်း ရှိသည့်နေရာတွင် စနစ်မှတ်ပုံတင်တိုင်း ထူခြားသည့်ပစ္စည်းများ ရခဲ့သည်ချည်းပင်။
အရင်က မိုးနဲ့မြေကိုဖန်ဆင်းခြင်း တာအိုကျမ်းစာနှင့် ကျောက်စိမ်းရေကန်နတ်ဘုရားမ ပန်းချီကားများကိုလည်း ရခဲ့ဖူးသည်။
ယခုတစ်ကြိမ်တော့ မိုးနဲ့မြေကိုဖန်ဆင်းခြင်း ၊ တောင်နှင့်ပင်လယ်ကြေးမုံမှန်ကို ရရှိသည်။
စနစ်မိတ်ဆက်စကားအရဆိုလျှင် ထိုကြေးမုံမှန်က ကျောက်စိမ်းရေကန်နတ်ဘုရားမ ပန်းချီကားကဲ့သို့ မှော်ဝင်ပစ္စည်းတစ်ခု ဖြစ်နိုင်သည်။
ကျောက်စိမ်းရေကန်နတ်ဘုရားမ ပန်းချီကားကတော့ ကျင့်ကြံခြင်းအတွက် အသုံးပြုနိုင်ပြီး တောင်နှင့်ပင်လယ်ကြေးမုံမှန်ကတော့ ကျင့်ကြံခြင်းအတွက် အသုံးပြုနိုင်မည် မထင်ပေ။
သို့ဆိုလျှင်တော့ သက်ရောက်မှုက အနည်းငယ် အားနည်းနိုင်သည်။
ကျန်းလန်က သူရရှိထားသည့်ပစ္စည်းကို အသေးစိတ်လေ့လာချင်နေပြီ ဖြစ်သော်လည်း နေရာတစ်နေရာ အရင်ဆုံးရှာဖွေရမည် ဖြစ်သည်။
မကြာမီ ခန်းမကြီးအပြင်ဘက်သို့ ကျန်းလန် ရောက်ရှိလာသည်။
သူက ထူးဆန်းသည့်နေရာများကို သွားရောက်ကြည့်ရှုခြင်းမပြုဘဲ ကောင်းကင်ထက်တွင်သာ ဓားကိုစီးနှင်ပျံသန်းနေ၏။
ခန်းမအတွင်းတွင် တပည့်များစွာ ရှိနေသေးကြောင်းကိုလည်း သူ မြင်တွေ့နေရသည်။ ဤနေရာက အတော်လေး ထူးဆန်းပေသည်။
ရှေ့ဆက် မည်သည့်အရာများ ကြုံတွေ့ရမည်လဲ သိချင်စိတ်ဖြင့် သူ ဆက်လက်ပျံသန်းလာခဲ့သည်။ သို့သော် သူက သတိတော့အမြဲ ရှိနေသည်။
ဤနေရာတွင် တပည့်ပေါင်းများစွာရှိနေသည်ဖြစ်လေရာ အချိန်မရွေး ပြဿနာတစ်ခုခု ထဖြစ်နိုင်သည်။
ထို့ပြင် ဧကရာဇ်ရှီးဟယ်ဆိုသူက သူ့ကို ဤနေရာသို့ လာရောက်ရန် ပြောကြားထားသည်ဖြစ်ရာ သူ့အနေဖြင့် စိတ်အေးလက်အေး မနေနိုင်ပေ။
မကြာမီ ကျောက်တိုင်တစ်တိုင်စိုက်ထူထားသည့် စြင်္ကံငယ်တစ်ခုကို ကျန်းလန် တွေ့လိုက်ရသည်။ စြင်္ကံထက်တွင် တပည့်တစ်ယောက်ရှိနေပြီး ထိုသူသည်ကား ကျင်းထင်ပင် ဖြစ်သည်။
ကျန်းလန်ကိုတွေ့သည်နှင့် ကျင်းထင်က တအံ့တသြဖြင့် နှုတ်ဆက်လိုက်သည်။
"ဂိုဏ်းတူညီလေးလည်း ဒီလမ်းအတိုင်းလာတာကိုး"
ကျန်းလန်က ခေါင်းညိတ်လိုက်ရင်း…
"အင်း… ဟုတ်တယ်"
ထို့နောက် သူက ကျောက်တိုင်ကို တစ်ချက်ကြည့်လိုက်ရင်း…
"ဂိုဏ်းတူအစ်ကို လေ့လာစရာတစ်ခု ရှာတွေ့နေပြီလား"
ကျင်းထင်က နောက်သို့အသာဆုတ်လိုက်ရင်း…
"ဒါ ခွန်လွန်စိတ်ကျမ်း မူလတည်ရှိရာ ကျောက်တိုင်လေ ၊ ဒါပေမဲ့ ဒီကျမ်းစာကို နားမလည်နိုင်ပါဘူးကွာ"
ကျန်းလန် ကျောက်တိုင်ရှေ့သို့ ရောက်လာ၏။ သူက အခြားသူများနှင့် မတူညီပေ။
အစကတည်းက ယခုအချိန်ထိ ခွန်လွန်စိတ်ကျမ်းကို အစဉ်အမြဲ ကျင့်ကြံနေခဲ့သူဖြစ်ပြီး သူ၏ ကျင့်ကြံခြင်းအဆင့်များကို ဖုံးကွယ်ထားနိုင်သည်မှာလည်း ခွန်လွန်စိတ်ကျမ်းကြောင့် ဖြစ်သည်။
ခွန်လွန်စိတ်ကျမ်းက အရာအားလုံးကို ဖုံးကွယ်ပေးထားနိုင်စွမ်း ရှိသည်။
ယခု သူ့ရှေ့မှ ကျောက်စာတိုင်ကဲ့သို့ပင် ဖြစ်၏။
ကျောက်တိုင်ထက်တွင် "ခွန်လွန်စိတ်ကျမ်း" ဟု ရေးသားထားသည်ကလွဲပြီး မည်သည့်အရာကိုမှ တွေ့မြင်ရခြင်း မရှိဘဲ အရာအားလုံးကို ဖုံးကွယ်ထားသည်။
ခွန်လွန်တောင်တွင် မည်သူမှ ဤကျောက်စာတိုင်ကို နားလည်နိုင်ခြင်း မရှိကြပေ။
ထိုခဏမှာပင် ခွန်လွန်တောင်မှ ဘိုးဘေးများ၏ ကျင့်ကြံခြင်း မည်သို့ရှိမည်ကို ကျန်းလန် သိချင်စိတ်ဖြစ်မိသည်။ ထို ဘိုးဘေးကြီးမား အသက်ရှင်သန်နေသေးသည်လား။
လောကတွင် ကျင့်ကြံခြင်းအဆင့် မည်မျှမြင့်မားပါစေ လောကဘေးအန္တရယ်ကပ်ဆိုးကြီးကို ရင်ဆိုင်ရလျှင် မည်သည့်နည်းနှင့်မှ အသက်ရှင်သန်နိုင်မည် မဟုတ်ပေ။
ကျင်းထင်က…
"ဂိုဏ်းတူညီလေး… ဒီကျောက်စာတိုင်ကို လေ့လာချင်လို့လား"
ကျန်းလန်က ခေါင်းညိတ်ရင်း…
"ကျွန်တော် ကြိုးစားကြည့်ချင်တယ်"
ကျင်းထင်က ပြုံးလိုက်ရင်း…
"ဒါဖြင့် ကံကောင်းပါစေကွာ ၊ ကျုပ်တော့ ခွန်လွန်စိတ်ကျမ်းကို ကျင့်ကြံလို့မရမယ့်အတူတူ ဒီနေရာမှာ အချိန်ဖြုန်းမနေချင်တော့ဘူး"
ကျန်းလန်က…
"ဂိုဏ်းတူအစ်ကိုလည်း ကံကောင်းပါစေဗျ"
ထို့နောက် ကျင်းထင်က ကျန်းလန်ကို နှုတ်ဆက်ပြီး အခြားနေရာတစ်ခုသို့ ထွက်ခွာသွားသည်။
ကျန်းလန်က စြင်္ကံငယ်ထက်တွင် ထိုင်လိုကပြီး ခွန်လွန်စိတ်ကျမ်းကို လေ့လာချင်ဟန် ဆောင်နေလိုက်သည်။
တကယ်တော့ သူ ဤကျမ်းစာကို လေ့လာနေစရာမလိုပေ။ သူက ထိုကျမ်းစာကို သိရှိပြီးသားဖြစ်သလို နားလည်ပြီးသားလည်း ဖြစ်သည်။
အစကတည်းက လူပေါင်းများစွာ သူ့အပေါ် အကောင်းမြင်ကြမည်ဆိုလျှင် သူက ကျော်ကြားသူတစ်ယောက် ဖြစ်လာမည်မှာ အမှန်ပင် ဖြစ်သည်။
သို့သော် လူများစွာက သူ့ကို အကောင်းမမြင်ကြသည့်အပြင် ကျောက်စိမ်းရေကန်နတ်ဘုရားမနှင့်ပင် ထိုက်တန်သူမဟုတ်ဟု ဆိုခဲ့ကြသည်။
လူအများစုက သူ့ကို အထင်သေးခဲ့ကြသည်။
ထို့ကြောင့် သူသာ ခွန်လွန်စိတ်ကျမ်းကို နားလည်သိရှိကြောင်း အခြားသူများ သိရှိသွားလျှင် သူ့အနာဂတ်က ပိုပြီး အန္တရယ် များလာပေလိမ့်မည်။
အချို့ဆိုလျှင် သူ့ကို သတ်ဖြတ်မည့်စာရင်းထဲတွင်ပင် ထည့်ထားနိုင်ပေသည်။