အခန်း (၈၉၅+၈၉၆)
Vol. 64 Ch. 895+896
895
" ဂျင်ဆင်းပင်.. ဟုတ်လား "
ယွမ်လောလင် နားမလည်နိုင် ဖြစ်သွားသည်။
ထိုအမျိုးသမီးက ဂျင်ဆင်းပင်တဲ့လား..
တဖက်မှ ဆံပင်နီနှင့် အမျိုးသမီးမှာလည်း ခေတ္တမျှ ပါးစပ်အဟောင်းသား ဖြစ်နေပြီးမှ လောထျန်းအား လက်ညိုးတထိုးထိုးဖြင့် ဒေါသတကြီး ပြော၏။
" နင်ကသာ ဂျင်ဆင်းပင် ၊ နင့်တစ်မိသားစုလုံးက ဂျင်ဆင်းပင် "
ယွမ်လောလင် ခေါင်းကုတ်လိုက်ရတော့သည်။
" ဟို.. သခင်လေးလောထျန်း ၊ ဘာတွေဖြစ်နေတာလဲ "
လောထျန်းက ပြော၏။
" ပြောရရင်တော့ အရှည်ကြီးပဲ ။ ကျုပ် အဲ့တုန်းက ကျင့်ကြံခြင်းအဆင့်တက်ဖို့ စိတ်စွမ်းအင်ဆေးပင် လိုနေတာနဲ့ မှော်လက်နက်တစ်ခုကို သုံးပြီးတော့ ယဲ့လန်
ကမ္ဘာကို သွားခဲ့တာ "
" အဲ့ကိုရောက်တဲ့အချိန် သူတို့ဆီမှာ ကျုပ်လိုချင်တာနဲ့ ကွက်တိကျတဲ့ ဂျင်ဆင်းပင် ရှိကြောင်း သိခဲ့ရတယ်။ အဲ့ဒါနဲ့ ကျုပ်လဲ တောင်ပေါ်တက်ပြီး ဆေးပင် လိုက်ရှာနေရင်း သူနဲ့ တွေ့ခဲ့ရတာပဲ ။ အဲ့ဒါကြောင့်မို့လဲ သူ့ဆံပင်ကို ယူခဲ့တာလေ "
လောထျန်းက ဖြစ်ပျက်ခဲ့သမျှကို အကြမ်းဖျင်း ပြန်ပြောပြလိုက်သည်။
တဖက်မှ ဆံပင်နီနှင့်အမျိုးသမီး အံ့အားသင့်သွားဟန်ဖြင့် ပြန်မေးလာ၏။
" ရှင်က အဲ့ဒါကြောင့် ယဲ့လန်ကမ္ဘာကို လာခဲ့တာလား "
လောထျန်း ခေါင်းညိတ်ပြလိုက်သည်။
" ဟုတ်တယ်လေ ။ မင်းရဲ့ ဂျင်ဆင်းအမြစ်တွေကြောင့်လဲ ကျုပ် ကျင့်ကြံခြင်းအဆင့် တက်ခဲ့ရတာ "
ဆံပင်နီနှင့်အမျိုးသမီး မျက်နှာကြီး သုန်မှုန်သွားသည်။
" ကျွန်မက ဂျင်ဆင်းပင် မဟုတ်ပါဘူးလို့ ပြောနေတယ်လေ "
လောထျန်း : " ဒါဆို မင်းက ဘယ်သူလဲ "
ဆံပင်နီနှင့်အမျိုးသမီး အံကြိတ်ကာ ပြန်ဖြေ၏။
" ကျွန်မက ယဲ့လန်ကမ္ဘာရဲ့ ကမ္ဘာသခင်မကြီး ၊ ကြာပွင့်နီဧကရီ ပဲ "
လောထျန်း အံ့သြသွားရတော့သည် ။
" ဟင် ... ယဲ့လန်ကမ္ဘာရဲ့ ကမ္ဘာသခင်မကြီးက ဂျင်ဆင်းပင်လား "
ကြာပွင့်နီဧကရီ : " $@#$%%%% ..... "
သူမ အတန်ငယ်ကြာ အော်ဟစ်ဆဲရေးလိုက်ပြီးသည့်တိုင် ဒေါသမပြေသေးဘဲ ဆက်ပြောပါ၏။
" ထပ်ပြောမယ်.. ကျွန်မက ဂျင်ဆင်းပင် မဟုတ်ဘူး ။ အဲ့နေ့က ရှင်နဲ့တွေ့တဲ့အချိန်မှာ ကျွန်မကလဲ အဲ့ နှစ်တစ်သောင်း ဂျင်ဆင်းပင်ကြီးကို ဖမ်းဖို့လုပ်နေခဲ့တာ ။ အဲ့မှာမှ ရှင့်လို နှာဘူးကောင်နဲ့ တွေ့ခဲ့တာ "
လောထျန်းမှာ ထိုစကားကို ကြားပြီးမှ သဘောပေါက်သွားပုံပါပင် ။
" ဒါဆိုရင်... မင်းက နှစ်တစ်သောင်းဂျင်ဆင်းပင် မဟုတ်ပဲနဲ့... မင်း လိုက်နေတဲ့ကောင်ကပဲ ဂျင်ဆင်းပင် အစစ်ပေါ့ "
လောထျန်း မေးလိုက်သည်။
ကြာပွင့်နီဧကရီက အံကြိတ်ကာ ပြန်ပြော၏။
" ဟုတ်တယ် "
လောထျန်း ခေါင်းကုတ်လိုက်ရသည်။
" ဟီး... အဲ့လိုလား.. "
ကြာပွင့်နီဧကရီမှာ လောထျန်း၏ပုံစံကိုကြည့်ရင်း ပိုပို၍ ဒေါသထွက်နေပါတော့၏။
" မိန်းကလေးယွမ် ၊ ကျွန်မ လုပ်ပေးမယ်လို့ သဘောတူထားတဲ့ကိစ္စကို မလုပ်ပေးနိုင်တော့ဘူး ။ သူ့အတွက် ကောင်းကင်ဘုံစင်မြင့်ကို လုံးဝ မသန့်စင်ပေးနိုင်ဘူး "
သူမ အေးစက်စက် ဆိုသည်။
ယွမ်လောလင် မျက်နှာထား အနည်းငယ်ပြောင်းသွားသည်။
" အဲ့လိုလုပ်လို့.. မရဘူးလေရှင်.. "
ကြာပွင့်နီဧကရီက အေးစက်စက် နှာခေါင်းရှုံ့၏ ။
" အဲ့ ကောင်းကင်ဘုံစင်မြင့်ကို သန့်စင်ချင်တဲ့သူက သူမှန်းသာ အစောတည်းက သိခဲ့ရင် ဒီကိုတောင်လာမှာမဟုတ်ဘူး "
ယွမ်လောလင် မြန်မြန်ဝင်ပြောလိုက်သည်။
" မိန်းကလေး စျေးက အဆင်မပြေဘူးဆိုရင် ကျွန်မတို့ စျေးပိုပေးနိုင်ပါတယ် "
ကြာပွင့်နီဧကရီက လက်ယမ်းကာ ပြန်ပြော၏။
" ဒီကိစ္စက ငွေကြေးကြောင့် မဟုတ်ဘူး ၊ ဂုဏ်သိက္ခာကြောင့်.. "
ယွမ်လောလင် မျက်တောင်လေးပုတ်၍ ပြောလိုက်သည်။
" ဒါဆိုရင်... ဒီ မသေမျိုးအစီအမံပုံကြမ်း နောက်တစ်ခု ထပ်ပေးမယ်ဆိုရင်ရော.. "
သူမ ပြောပြီး အစောက လောထျန်းပေးခဲ့သည့် မူလအဆင့် မသေမျိုးအစီအမံပုံကြမ်း တစ်ခုကို ထုတ်ကာ ကြာပွင့်နီဧကရီဆီ လှမ်းပေးလိုက်သည်။
ကြာပွင့်နီဧကရီက ၎င်းကိုတစ်ချက်ကြည့်ကာ ပြန်ပြော၏။
" ဒီကိစ္စက ငွေကြေးကြောင့်မဟုတ်ဘူးလို့ ပြောခဲ့.... ဟင်.. "
သူမသည် အစောတည်းကလည်း အမြင်စူးရှသူဖြစ်သဖြင့် ကြည့်ကြည့်ချင်းမှာပင် ၎င်းက မူလအဆင့် မသေမျိုးအစီအမံပုံကြမ်း ဖြစ်ကြောင်း သိသွားသည်။
သူမ၏ ပြောလက်စ စကားလည်း ရပ်သွား၏။
၎င်းကိုမြင်သော ယွမ်လောလင်က ချက်ချင်းဝင်ပြောသည်။
" အဲ့ဒါ မူလအဆင့် မသေမျိုးအစီအမံပုံကြမ်း ပဲရှင့် ။ မိန်းကလေးသာ သခင်လေးလောထျန်းအတွက် ကောင်းကင်ဘုံစင်မြင့်ကို သန့်စင်ပေးမယ်ဆိုရင် ဒီဟာက မိန်းကလေးရဲ့အပိုင် ဖြစ်သွားပြီ "
တဖက်မှ ကြာပွင့်နီဧကရီ ဝေခွဲမရနိုင် ဖြစ်သွားရှာသည်။
အချိန်အတန်ကြာ ငြိမ်ကာ စဥ်းစားနေပြီးနောက်မှ သူမ အသက်ပြင်းပြင်းရှိုက်၍ အစီအမံပုံကြမ်းကို လှမ်းယူလိုက်၏။ ထို့နောက် ၎င်းအား အကျီလက်ထဲ ထည့်သိမ်းကာ မေးလိုက်သည်။
" ဘယ်မှာသန့်စင်ရမှာလဲ "
ထိုစကားကိုကြားမှ ယွမ်လောလင် စိတ်အေးသွားပြီး လောထျန်းဘက် လှမ်းကြည့်၏။
" ကျုပ်နဲ့လိုက်ခဲ့ပါ "
လောထျန်းပြောပြီး အမျိုးသမီးနှစ်ယောက်၏ လက်များကို ကောက်ကိုင်ကာ တည်နေရာရွှေ့ပြောင်းလိုက်သည်။
ထို့နောက်တွင်မူ.. သူတို့သုံးယောက်သား ထျန့်ကျီတောင်ခြေရင်း၌ ပြန်ပေါ်လာ၏။
" ဒီမှာလုပ်ကြရအောင် "
လောထျန်း ပြောလိုက်သည်။
" ဟင်... "
ထိုစဥ် ကြာပွင့်နီဧကရီမှာ အနည်းငယ်နားမလည်နိုင် ဖြစ်နေဟန်တူပြီး..
လောထျန်းအား တုန်လှုပ်စွာ ကြည့်လိုက်သည်။
၎င်းက ဘယ်လိုနည်းလမ်းမျိုးပါလဲ...
လောထျန်းက ဤမျှ ကြောက်စရာကောင်းသတဲ့လား...
" ဘာလို့လဲ... ဒီမှာ သန့်စင်လို့မရဘူးလား "
လောထျန်းက သူမကိုကြည့်ကာ ပြန်မေးလာ၏။
ကြာပွင့်နီဧကရီမှာ ထိုစဥ်မှ အသိပြန်ဝင်ပြီး ပြောလိုက်ရသည်။
" သန့်စင်လို့ရပါတယ် ။ လိုအပ်တဲ့ပစ္စည်းတွေ အားလုံးရော အသင့်ဖြစ်ပြီလား "
ယွမ်လောလင် ခေါင်းညိတ်ပြသည်။
" အားလုံး ဒီမှာပါ "
သူမ ပြောပြောဆိုဆိုပင် ဟင်းလင်းပြင်လက်စွပ် တစ်ကွင်းကို ကြာပွင့်နီဧကရီထံ လှမ်းပေးလိုက်၏။
ကြာပွင့်နီဧကရီက ၎င်းကို လှမ်းယူပြီး အထဲမှပစ္စည်းများအားလုံး ထုတ်လိုက်သည်။ ထို့နောက် လက်နက်သန့်စင်သည့် မီးဖိုတစ်ခုထုတ်၍ ပစ္စည်းများအားလုံးကို စတင်သန့်စင်လိုက်၏။
ထိုသို့သန့်စင်သည့် လုပ်ငန်းစဥ်မှာ တခဏလေးမဟုတ်သဖြင့် ဘေးတွင်စောင့်နေသော လောထျန်းတစ်ယောက် ပျင်းလာပါတော့သည်။
ထို့ကြောင့်.. သူ တဖက်လူကိုကြည့်ကာ စပ်စုလိုက်သည်။
" မင်းက ယဲ့လန်ကမ္ဘာရဲ့ ကမ္ဘာသခင်မကြီးဆိုရင်.. ဘာဖြစ်လို့ အပေါ်ကမ္ဘာကို လာခဲ့ရတာလဲ "
ထိုမေးခွန်းကို ကြားသောအခါ ကြာပွင့်နီဧကရီ၏ ခန္ဓာကိုယ်အနည်းငယ် တောင့်သွားပြီး မျက်လုံးများလည်း နီလာ၏။
" ရှင် ထွက်သွားပြီးတော့ မကြာခင်မှာ ယဲ့လန်ကမ္ဘာက ဖျက်ဆီးခံခဲ့ရတယ် "
" ဘယ်လို.... "
လောထျန်း အံ့အားသင့်သွားသည်။
" ဘယ်သူလုပ်လိုက်တာလဲ "
သူ ထပ်မေးလိုက်၏။
ကြာပွင့်နီဧကရီက အေးစက်စက် ပြန်ဖြေသည်။
" ထျန်းမင်ကမ္ဘာ က... "
ထိုသို့ပြောနေရင်း သူမ သိသိသာသာပင် စိတ်ဓာတ်ကျသွားပုံပေါ်ကာ အံကြိတ်၍ ဆက်ပြောသည်။
" ကျွန်မ အစကတော့ အဲ့ပြဿနာကြီးကို ကာကွယ်နိုင်မယ်လို့ ထင်နေခဲ့တာ ။ ဒါ့ကြောင့်မို့လဲ ယဲ့လန်ကမ္ဘာ တစ်ခုလုံးက အဖွဲ့တွေကို စုစည်းပြီးတော့ ထျန်းမင်ကမ္ဘာကို ခုခံဖို့ ကြိုးစားခဲ့ကြတာပေါ့ ။ ဒါပေမယ့် အားလုံးက အလကားဖြစ်သွားပါပြီလေ "
" ထျန်းမင်ကမ္ဘာက လွှတ်လိုက်တဲ့ ထျန်းမင်သခင်ကြီး နည်းနည်းလောက်နဲ့တင် ကျွန်မရဲ့ အစီစဥ်တွေအားလုံး ပျက်စီးသွားခဲ့ရတယ် ။ ကျွန်မဘက်က အခြေအနေကို ပြောင်းအောင်လို့ နောက်ဆုံးအစီစဥ်ဖြစ်တဲ့ မဟာအစီအမံကြီးကိုတောင် ထုတ်သုံးခဲ့သေးတာ ။ ဒါပေမယ့်.. တဖက်မှာက မူလအဆင့် မသေမျိုးလက်နက်လဲ ပါနေတော့ ဘာမှအသုံးမဝင်ခဲ့ဘူး "
" သူတို့က ကျွန်မတို့လူတွေ အားလုံးကို သတ်ပစ်ခဲ့ပြီးတော့ တချို့ကိုလဲ ဖမ်းခေါ်သွားခဲ့ကြတယ် ။ ကျွန်မလဲ ဒဏ်ရာအပြင်းထန် ရသွားခဲ့ရတာပေါ့ ။ ကျွန်မလူတွေက အသက်စွန့်ပြီးတော့ ကောင်းကင်ဘုံတံခါးကိုသာ ဖွင့်မပေးခဲ့ဘူးဆိုရင် .. ခုချိန်လောက်ဆို ကျွန်မ.... "
စကားဆုံးချိန်တွင် သူမ၏ ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာတော့သည်။
လောထျန်း ခေါင်းအသာညိတ်လိုက်၏။
" ထျန်းမင်ကမ္ဘာက တကယ်ကို အသိစိတ်မရှိကြတာပဲ "
ထိုစဥ် ကြာပွင့်နီဧကရီ စိတ်အနည်းငယ် ပြန်ငြိမ်သွားကာ လောထျန်းကိုကြည့်၍ ပြောလာသည်။
" ရှင့်ရဲ့ ကောင်းကင်ဘုံစင်မြင့်က ဘယ်ကမ္ဘာကို သွားမှာလဲ "
လောထျန်း : " ထျန်းယွမ်ကမ္ဘာကို... "
" ထျန်းယွမ်ကမ္ဘာ .. ဟုတ်လား "
ကြာပွင့်နီဧကရီ အံ့အားသင့်သွား၏။
" ကမ္ဘာပတ်လမ်းအရဆိုရင်... ရှင်တို့ထျန်းယွမ်ကမ္ဘာလဲ ထျန်းမင်ကမ္ဘာရဲ့ ကျူးကျော်တာကို ခံရမှာမဟုတ်ဘူးလား "
လောထျန်း ခေါင်းညိတ်ပြလိုက်သည်။
" ဟုတ်တယ် ။ ကျုပ် အပေါ်ကမ္ဘာကို တက်မလာခင်မှာ သူတို့တွေ ထျန်းယွမ်ကမ္ဘာကို ကျူးကျော်လာကြသေးတယ် ။ ကျုပ်တို့ သူတို့တွေကို အပြတ်ရှင်းခဲ့ပြီ "
ကြာပွင့်နီဧကရီ သက်ပြင်းချလိုက်သည်။
" ရှင်တို့လဲ အဲ့လို .... ဟင်.. နေပါဦး ၊ ဘယ်သူက ဘယ်သူ့ကို အပြတ်ရှင်းတယ်လို့ ပြောခဲ့တာလဲ "
လောထျန်း : " ကျုပ်တို့က ထျန်းမင်ကမ္ဘာကို ရှင်းခဲ့တာလေ ။ မင်းပြောတဲ့ ဟို ထျန်းမင်သခင်ကြီးတွေ အားလုံးရော ၊ ထျန်းမင်ကမ္ဘာသခင်ကြီးရော သေကုန်ကြပြီ "
" ဒါ.... "
ကြာပွင့်နီဧကရီမှာ လောထျန်းအား တုန်လှုပ်စွာကြည့်ရင်း တစ်ကိုယ်လုံး အေးစက်တောင့်တင်းသွား၏။
သူမသည် ယဲ့လန်ကမ္ဘာ ဖျက်ဆီးခံခဲ့ရစဥ်ကတည်းက ရင်တစ်ခုလုံး နာကျင်မှုတို့ဖြင့် ပြည့်နေခဲ့ပြီး... သူမ၏ ကိုယ်ကျင့်စရိုက်ပင် ပြောင်းသွားခဲ့ပါသည်။
အစပိုင်းတွင် သူမ ထျန်းမင်ကမ္ဘာကို လက်တုန့်ပြန်ချင်ခဲ့သည့်တိုင် ထိုနေ့က ဖြစ်သွားခဲ့သည့် တိုက်ပွဲကို ပြန်တွေးမိတိုင်း သူမ အလွန်အစွမ်းမဲ့သလို ခံစားရပါ၏။
သူမ တစ်ဘဝလုံး ကြိုးစားလျှင်ပင် လက်တုန့်ပြန်နိုင်မည် မဟုတ်ကြောင်းကိုလည်း နားလည်လာခဲ့ရသည်။
သို့သော် ယခု လောထျန်းက ထျန်းမင်ကမ္ဘာအား ဖျက်ဆီးခဲ့သတဲ့လား...
အကယ်၍ ထိုစကားကို ပြောလာသူသာ အခြားတစ်ယောက် ဖြစ်နေလျှင် သူမ ယုံမိမည် မဟုတ်ပါချေ။
သို့သော် လောထျန်း၏အစွမ်းကို သူမ မြင်ဖူးထားပေရာ.. ၎င်းက ဖြစ်နိုင်သလိုပါပင် ။
ထိုစဥ် ယွမ်လောလင်က တုန်လှုပ်စွာ မေးလာ၏။
" ထျန်းမင်ကမ္ဘာ .. ဟုတ်လား ။ ဟို ထျန်းမင်နန်းတော်ရဲ့ ဘိုးဘေးနယ်မြေဖြစ်တဲ့ ၊ ထျန်းမင်ကမ္ဘာ လား.. "
လောထျန်း ခေါင်းညိတ်ပြလိုက်သည်။
" ဟုတ််တယ်လေ "
ယွမ်လောလင် အသက်ပြင်းပြင်း ရှိုက်လိုက်၏။
" အဲ့လိုသာဆိုရင်တော့... သခင်လေးလောထျန်း ပြဿနာတက်တော့မှာ.. "
896
" ပြဿနာ.. ဟုတ်လား "
လောထျန်း သူမဘက် လှည့်ကြည့်လိုက်သည်။
ယွမ်လောလင် ခေါင်းညိတ်ကာ ပြော၏။
" ကျွန်မ ထျန်းမင်နန်းတော်အကြောင်းကို ကြားဖူးတယ်ရှင့် ။ သူတို့က ဒီအပေါ်ကမ္ဘာမှာ နဂိုရှိထားခဲ့တဲ့ အဖွဲ့တစ်ခု မဟုတ်ပေမယ့် သူတို့ရဲ့အစွမ်းကတော့ တကယ့်ထိပ်တန်းအဆင့်ပဲ "
" အဲ့ထျန်းမင်နန်းတော်မှာ ဆယ်ဘွဲ့ရ မသေမျိုးဘုရင်တစ်ယောက် ရှိရုံတင်မကဘူး ၊ မသေမျိုးဧကရာဇ် အဆင့်နီးပါး ကျင့်ကြံသူတစ်ယောက်လဲ ရှိနိုင်သေးတယ် "
တဖက်မှ ကြာပွင့်နီဧကရီက အနည်းငယ် တုန်ယင်နေသော အသံဖြင့် ပြောလာသည်။
" မသေမျိုးဧကရာဇ်အဆင့်နီးပါး.. ဟုတ်လား "
ယွမ်လောလင် ခေါင်းညိတ်ပြ၏။
" ဟုတ်တယ်ရှင့် ။ တစ်ခါကဆို ဆယ်ဘွဲ့ရမသေမျိုး
ဘုရင် နှစ်ယောက်ပေါင်းပြီးတော့ ထျန်းမင်နန်းတော်ကို တိုက်ခိုက်ခဲ့ကြသေးတယ် ။ ထျန်းမင်နန်းတော်က ထျန်းမင်သခင်ကြီးကလဲ နောက်ဆုံးမှာ ရှုံးနိမ့်သွားခဲ့ရတာပေါ့ "
" အဲ့လိုနဲ့ အားလုံးက ထျန်းမင်နန်းတော် ဖျက်ဆီးခံရတော့မယ်လို့ ထင်နေကြတဲ့အချိန်မှာ ၊ ဆယ်ဘွဲ့ရမသေမျိုးဘုရင် နှစ်ယောက်က သွေးအန်ပြီး နောက်ဆုတ်သွားခဲ့ကြရတယ် ။ အဲ့ချိန်ကစပြီးတော့လဲ သူတို့နှစ်ယောက်လုံး ထျန်းမင်နန်းတော် ပိုင်နက်ထဲကို ခြေတောင်မချရဲကြတော့ဘူး "
" နောက်ပိုင်းထွက်လာတဲ့ သုံးသပ်ချက်တွေအရဆိုရင် အဲ့လူနှစ်ယောက်က ထျန်းမင်နန်းတော်ကို ဖျက်ဆီးဖို့ ကြိုးစားနေတဲ့အချိန်မှာ မသေမျိုးဧကရာဇ်အဆင့်နီးပါး ကျင့်ကြံသူနဲ့ တွေ့ခဲ့တာ ဖြစ်နိုင်တယ်တဲ့ ။ ပြီးတော့ အဲ့ကျင့်ကြံသူကလဲ ရှေးခေတ်က ချန်ထားခဲ့တဲ့ စိတ်ဝိဥာဥ်အကြွင်းအကျန်တို့ ၊ ကိုယ်ပွားပုံရိပ် တို့လို မဟုတ်ဘဲ အလတ်ကြီးရှိနိုင်သေးတယ်တဲ့ "
" အဲ့သတင်းသာ အမှန်ဆိုရင်တော့ ဒီ မူလအဆင့် မ
သေမျိုးအစီအမံပုံကြမ်း နဲ့တောင် အဲ့ မသေမျိုးဧကရာဇ်အဆင့်နီးပါး ကျင့်ကြံသူကို ဘာမှလုပ်နိုင်မှာမဟုတ်ဘူး "
" အဲ့ထက်ပိုအရေးကြီးတာက ဒီခေတ်မှာ မသေမျိုးဧကရာဇ် တစ်ပါး ပေါ်လာမယ်ဆိုတဲ့ နိမိတ်စကားလဲ ရှိနေသေးတယ်လေ ။ အခုလက်ရှိမှာတော့ အဲ့ထျန်းမင်နန်းတော်က ကျင့်ကြံသူက မသေမျိုးဧကရာဇ် ဖြစ်လာဖို့ အနီးစပ်ဆုံးသူပဲ "
" တကယ်လို့ အဲ့လူသာ အောင်မြင်သွားရင်တော့ ထျန်းမင်နန်းတော်မှာ ရှေးခေတ်က ထျန်းမင်ဧကရာဇ်ကြီးနဲ့ ပေါင်းလိုက်ရင် မသေမျိုးဧကရာဇ် နှစ်ယောက်ဖြစ်သွားတော့မှာ ။ မသေမျိုးဧကရာဇ် နှစ်ပါးကို မွေးထုတ်ပေးနိုင်တဲ့ အဖွဲ့တစ်ခုဆိုတာ ဒေသကြီးကိုးခုလုံးမှာ အကောင်းဆုံးအဖွဲ့တွေထဲက တစ်ခုလို့ ပြောလို့ရတယ် "
စကားဆုံးချိန်တွင်မူ ကြာပွင့်နီဧကရီ၏ မျက်လုံးများ မှိန်ဖျော့သွားတော့သည်။
အစပိုင်း... မူလအဆင့် မသေမျိုးအစီအမံပုံကြမ်း
ကို ရခဲ့စဥ်တွင် လက်တုန့်ပြန်ရန် အခွင့်အရေး ရှိနိုင်သေးသည်ဟု သူမ တွေးမိခဲ့ပါ၏။
သို့သော် သူမအတွေး ရိုးလွန်းသွားခဲ့လေပြီ ။
ထိုထျန်းမင်နန်းတော်က အမှန်တကယ် အစွမ်းထက်ပါလား...
ထိုစဥ် တဖက်မှလောထျန်းက ထူးမခြားနားပုံစံဖြင့် ပြောလာပါသည်။
" မသေမျိုးဧကရာဇ် ဟုတ်လား.. အဲ့ဒါက အရေးမကြီးပါဘူး "
" ဘယ်လို... "
အမျိုးသမီးနှစ်ယောက်လုံး သူ့ဘက် လှည့်ကြည့်လိုက်ကြ၏။
" အဲ့လူက မသေမျိုးဧကရာဇ်တစ်ယောက် ဖြစ်လာလာ ၊ မဖြစ်လာလာ အရေးမကြီးဘူး ။ ကျုပ်က ထျန်းမင်နန်းတော်ကို ဘယ်လိုနေနေ ဖျက်ဆီးပစ်မှာ "
လောထျန်းက အေးအေးဆေးဆေး ပုံမျိုးနှင့်သာ
ပြောလိုက်သော်လည်း သူ့စကားသံတွင် လွှမ်းမိုးနိုင်စွမ်း အပြည့်ပါနေပါသည်။
ကြာပွင့်နီဧကရီမှာ သူ့စကားကို ကြားကြားချင်း ပြန်ငြင်းရန် ပြင်လိုက်သေးသော်လည်း လောထျန်း၏အစွမ်းကို ပြန်တွေးမိကာ ဘာမှပြန်မပြောတော့ချေ။
" သူက.. တကယ်ကြီးလုပ်နိုင်မှာလား မသိဘူး "
သူမ တွေးမိလိုက်သည်။
ထိုစဥ်တွင် ယွမ်လောလင်မှာလည်း တစ်ခုကို သဘောပေါက်သွားဟန်ဖြင့် တွေးနေပါ၏။
" သခင်လေးလောထျန်းက မသေမျိုးဧကရာဇ် အဆင့်နီးပါး ကျင့်ကြံသူကို အဲ့လို လျစ်လျူရှုနိုင်တာဆိုတော့... သူကိုယ်တိုင်ကလဲ မသေမျိုးဧကရာဇ် အဆင့်နီးပါး ကျင့်ကြံသူလား မသိဘူး "
" ဟုတ်တယ် ၊ အဲ့လိုပဲ ဖြစ်ရမယ် ။ သူသာ မသေမျိုးဧကရာဇ် အဆင့်နီးပါးကျင့်ကြံသူ မဟုတ်ဘူးဆိုရင် စိတ်ဝိဥာဥ်တစ်သောင်း သခင်ကြီးရဲ့ ကိုယ်ပွားပုံရိပ်ကို ပြန်တိုက်ခိုက်နိုင်ခဲ့မှာ မဟုတ်သလို.. ဒီလို
ထူးခြားတဲ့ မူလအဆင့် မသေမျိုးအစီအမံပုံကြမ်းကိုလဲ ရေးနိုင်မှာမဟုတ်ဘူး "
သူမ တွေးလေလေ ၊ ဖြစ်နိုင်ချေ ပိုရှိလေဟု ထင်လာကာ စိတ်လှုပ်ရှားသွားပါသည်။
သူမတို့ ယွမ်မိသားစုသည် စီးပွားရေးကိုသာ အဓိကလုပ်ကိုင်သည့် အဖွဲ့တစ်ခု ဖြစ်ပြီး ကျောထောက်နောက်ခံပေးမည့် အစွမ်းထက်ကျင့်ကြံသူမျိုး မရှိခဲ့ပါ ။
ယခင်ကတည်းကလည်း သူမတို့၏ ဘိုးဘေးက မသေမျိုးဘုရင်အဆင့်ရှိ ကျင့်ကြံသူတစ်ယောက်၏ အကာအကွယ်ကို ရနိုင်ရန် အမြဲတစေ ကြိုးစားခဲ့ဖူးပါ၏။
သို့မှသာလည်း ယွမ်မိသားစု၏ တိုးတက်မှုက တည်မြဲမည်မဟုတ်ပါလား ။
သို့သော်... ပြီးခဲ့သောနှစ်များတွင် သူတို့ ဆယ်ဘွဲ့ရမသေမျိုးဘုရင် တစ်ယောက်၏ မျက်နှာသာပေးမှုကို ရရန် မဆိုထားဘိ ၊ သာမာန် မသေမျိုးဘုရင်တစ်ယောက်နှင့်ပင် အဆက်သွယ်ကောင်း မရှိထားခဲ့ပါ ။
သို့သော်.. ယခုတွင်မူ မသေမျိုးဧကရာဇ် အဆင့်နီးပါးကျင့်ကြံသူတစ်ယောက်နှင့် ရင်းနှီးထားခဲ့လေပြီ ။
ထိုအခြေအနေမျိုးတွင် သူမ စိတ်မလှုပ်ရှားဘဲ နေနိုင်ပါမည်လား ...
" သခင်လေးလောထျန်းရဲ့ ပါရမီနဲ့ဆိုရင် မသေမျိုးဧကရာဇ် အဆင့်ကို အရင်ဆုံးတက်လှမ်းနိုင်မှာ သေချာပါတယ် "
ယွမ်လောလင် စိတ်လှုပ်ရှားစွာ ဆိုလိုက်သည်။
လောထျန်းသာ မသေမျိုးဧကရာဇ် တစ်ပါး ဖြစ်လာပါက သူမတို့ ယွမ်မိသားစုမှာလည်း ကောင်းကင်ဘုံသို့ပင် ထိုးတက်သွားပေမည်။
" မသေမျိုးဧကရာဇ်.. ဟုတ်လား "
ထိုစဥ် ဘေးမှ ကြာပွင့်နီဧကရီက အံ့သြသွားဟန်ဖြင့် လောထျန်းအား လှည့်ကြည့်လာသည်။
" လော... လောထျန်း ... "
ကြာပွင့်နီဧကရီ အသံတုန်တုန်ဖြင့် ရေရွတ်ပြီး သူမအကျ်ီလက်ထဲမှ မူလအဆင့် မသေမျိုးအစီအမံပုံကြမ်းကို ထုတ်ကာ လောထျန်းအား ပေးလိုက်၏။
" ဟင်.. အဲ့ဒါက ဘာလုပ်ဖို့လဲ "
လောထျန်း နားမလည်နိုင် ဖြစ်သွားသည်။
ကြာပွင့်နီဧကရီက အံကြိတ်၍ ပြန်ပြော၏။
" အခု သန့်စင်ပေးမယ့်ဟာအတွက် အဖိုးအခအနေနဲ့ ဒါကို မယူတော့ပါဘူး ။ အဲ့အစား ကျွန်မတောင်းဆိုချင်တာ တစ်ခုပဲရှိတယ် "
" ဟင်.. ဘာကိုတောင်းဆိုမှာလဲ "
လောထျန်း တအံ့တသြ ပြန်မေးလိုက်သည်။
" သခင်လေး ထျန်းမင်နန်းတော်ကို ဖျက်ဆီးတဲ့အချိန်ကျရင် ကျွန်မကို ခေါ်သွားပေးပါ "
ကြာပွင့်နီဧကရီ အံကြိတ်ရင်း ပြောလိုက်၏။
ထျန်းမင်နန်းတော် ဖျက်ဆီးခံရသည်ကို သူမမျက်စိဖြင့် ကိုယ်တိုင်မြင်ချင်လှပါသည်။
ထိုစကားကို ကြားပြီးနောက် လောထျန်း ခေါင်းအသာညိတ်လိုက်၏။
" အဲ့ မူလအဆင့် မသေမျိုးအစီအမံပုံကြမ်းကို ယူထားလိုက်ပါ "
" ဟင် ... "
ကြာပွင့်နီဧကရီ၏ မျက်နှာထား ပြောင်းသွားသည်။
လောထျန်းက သူမအဆိုကို ငြင်းလိုက်သည်ဟုလည်း ထင်သွားပါ၏။
သို့သော် လောထျန်းက လက်ယမ်းပြ၍ ပြောလာသည်။
" အဲ့ဒါ မင်းနဲ့ ထိုက်တန်ပါတယ် ။ ပြီးတော့ ထျန်းမင်နန်းတော်ကို သွားဖျက်ဆီးတဲ့အချိန်ကျရင်လဲ ကျုပ် မင်းကို အသိပေးမှာပါ "
ကြာပွင့်နီဧကရီ၏ ကိုယ်လုံးလေး အနည်းငယ်တုန်သွားကာ လောထျန်းအား အံ့သြတကြီး ကြည့်လိုက်သည်။ အချိန်အတန်ငယ်ကြာမှ သူမ အစီအမံပုံကြမ်းအား ပြန်သိမ်းလိုက်ပါ၏။
ထို့နောက်တွင်မူ သူမ ဘာစကားမှ မပြောတော့ဘဲ လောထျန်းအတွက် ကောင်းကင်ဘုံစင်မြင့်ကိုသာ အစွမ်းကုန်သုံး သန့်စင်လိုက်တော့သည်။
ဤသို့ဖြင့် နေ့တစ်ဝက်ခန့် ကြာသွားပြီးနောက်တွင်ကား.. လောထျန်းရှေ့၌ ကောင်းကင်ဘုံစင်မြင့် နှစ်ခု ပေါ်လာပါတော့၏။
" ဟင်.. အဲ့လောက်မြန်မြန်ကြီး ပြီးသွားတာလား "
လောထျန်းမှာ ထိုကောင်းကင်ဘုံစင်မြင့် နှစ်ခုကိုကြည့်ရင်း အနည်းငယ်ပင် အံ့သြသွားရသည်။
ကြာပွင့်နီဧကရီ နှာခေါင်းရှုံ့လိုက်၏။
" မပြီးသေးဘူးရှင့်.. အခုက အပေါ်ယံအခွံလောက်ပဲ ရှိသေးတာ ။ နောက်လာမယ့်အဆင့်က အရမ်းခက်တယ် "
သူမ၏စကားကြောင့် လောထျန်း အနည်းငယ်စိတ်ပျက်သွားပုံ ပေါ်သည်။
ကြာပွင့်နီဧကရီက မျက်နှာတည်ဖြင့် ဆက်ပြော၏။
" အခုလာမယ့် အဆင့်အတွက်က ကျွန်မ ရှင့်
အကူအညီ လိုတယ် "
" ကျုပ်လား .. ဘာလုပ်ပေးရမလဲ ပြော.. "
လောထျန်း မေးလိုက်သည်။
ကြာပွင့်နီဧကရီက အလေးနက်ဆိုပါ၏။
" အပေါ်ကမ္ဘာနဲ့ အောက်ကမ္ဘာငယ်တွေကိုက ထူးခြားတဲ့ ကောင်းကင်နဲ့မြေကြီး စည်းမျဥ်းနဲ့ ချိတ်ဆက်ထားတာ ။ ဒါပေမယ့် အဲ့လိုချိတ်ဆက်တဲ့ လမ်းကြောင်းက အမြဲလိုလို ပိတ်နေလေ့ရှိတယ် ။ အဲ့လမ်းကြောင်းကို အောက်ကမ္ဘာမှာ ကျင့်ကြံသူတွေ ကောင်းကင်ဘုံတံခါးဝအဆင့် ကျင့်ကြံခြင်းကို ရောက်မှပဲ ဖွင့်လို့ရတာ "
" ကောင်းကင်ဘုံစင်မြင့်ကကျတော့ အဲ့ ကောင်းကင်နဲ့မြေကြီး စည်းမျဥ်းကို သုံးပြီး အပေါ်ကမ္ဘာနဲ့ အောက်ကမ္ဘာကို ချိတ်ဆက်ပေးတာပေါ့ ။ ဒါပေမယ့်.. အပေါ်ကမ္ဘာကနေ ကောင်းကင်ဘုံတံခါးကို ဖွင့်ပြီးတော့ အောက်ကမ္ဘာဆီ ပြန်ဆင်းဖို့က အင်မတန်ခက်တယ်ရှင့် "
" ဒါ့ကြောင့်မို့ အောက်ကမ္ဘာကကနေ တက်လာပြီး ကောင်းကင်ဘုံတံခါးရဲ့ စည်းမျဥ်းတွေနဲ့ လွှမ်းခြုံခံရ
ဖူးတဲ့သူမှသာ ကောင်းကင်ဘုံတံခါးရဲ့ အစအနကိုရှာတွေ့ဖို့ အခွင့်အရေး အပုံတစ်သောင်းပုံမှာ တစ်ပုံလောက် ရှိတာ ။ အဲ့ကျမှလဲ အောက်ကမ္ဘာနဲ့ အဆက်အသွယ်လုပ်လို့ရမှာ "
ထို့နောက် သူမ လောထျန်းကိုကြည့်ကာ ဆက်ပြောသည်။
" တစ်နည်းပြောရရင် .. သခင်လေးအနေနဲ့ ကောင်းကင်ဘုံတံခါးထဲမှာရှိတဲ့ ကောင်းကင်နဲ့မြေကြီးစည်းမျဥ်း အစအနကိုရှာပြီးတော့ အဲ့ဒါတွေကို အသုံးချနိုင်မယ့်နည်းကို ရှာရမယ် ။ ဒါ ကောင်းကင်ဘုံစင်မြင့်ကို သန့်စင်တဲ့အချိန် ပထမဆုံးကြုံရတဲ့ အခက်ခဲပဲ "
လောထျန်း သေချာစဥ်းစားပြီးမှ ခေါင်းညိတ်လိုက်၏။
" ဒါဆိုရင်... ကျုပ်က ကောင်းကင်ဘုံတံခါးအတွင်းမှာရှိတဲ့ အရောင်အဝါ ၊ ဒါမှမဟုတ် စည်းမျဥ်းကို ရှာရမှာပေါ့ "
ကြာပွင့်နီဧကရီ ခေါင်းညိတ်ပြပါသည်။
" အမှန်ပဲရှင် "
ထိုစကားကို ကြားသည်နှင့် လောထျန်းတစ်ယောက် ချက်ချင်း တင်ပျင်ခွေထိုင်ချကာ စတင်ကျင့်ကြံလိုက်၏။
ကြာပွင့်နီဧကရီမှာလည်း ၎င်းကိုတွေ့ပြီး ဘေးသို့ လျှောက်သွားလိုက်သည်။
" ဟင်... ရှင်က ဒီမှာမစောင့်ဘူးလား "
ယွမ်လောလင် တအံ့တသြ မေးလိုက်၏။
ကြာပွင့်နီဧကရီ နှာခေါင်းရှုံ့ပါသည်။
" မိန်းကလေးက ဒီအဆင့်ရဲ့ ခက်ခဲပုံကို လျှော့တွက်ထားတာကိုး ။ ကောင်းကင်ဘုံတံခါးရဲ့ အရောင်အဝါကို ရှာဖို့အတွက် ပုံမှန် အချိန်ဘယ်လောက်ယူရလဲ သိရဲ့လား "
ယွမ်လောလင်သည် အောက်ကမ္ဘာမှ တက်လာသူတစ်ယောက် မဟုတ်သဖြင့် ကောင်းကင်ဘုံစင်မြင့်အကြောင်းကို များစွာ မသိလှပါ ။ ထို့ကြောင့် သူမ တန်ပြန်မေးခွန်းထုတ်လိုက်ပါ၏။
" ဆယ်ရက်လောက်လား.. "
" ဆယ်ရက်.. ဟုတ်လား.. "
ကြာပွင့်နီဧကရီ အသံထွက်ရယ်လိုက်ပြီးမှ ပြန်ပြောသည်။
" အမြန်ဆုံးသူတစ်ယောက်အတွက်တောင် အနည်းဆုံး နှစ်တစ်ရာလောက် ကြာတယ် မိန်းကလေးရဲ့ "
" အဲ့လောက်တောင်လား... "
ယွမ်လောလင် တုန်လှုပ်သွားတော့၏။
ကောင်းကင်ဘုံစင်မြင့်ကို သန့်စင်ရန်အတွက် ဤမျှ အချိန်ယူရမည်မှန်း သူမ အမှန်တကယ် မသိခဲ့ပါ ။
ကြာပွင့်နီဧကရီ သက်ပြင်းချလိုက်သည်။
" ဒါတောင် ကံကောင်းလွန်းမှ ... "
" ဟင်.. အဲ့ဒါ ဘာအဓိပ္ပါယ်လဲ "
ကြာပွင့်နီဧကရီ ဆက်ပြော၏။
" ကမ္ဘာတွေအားလုံးရဲ့ ကောင်းကင်ဘုံတံခါး
အရောင်အဝါတွေက အင်မတန်ကို ဆင်တူကြတယ် ။ အဲ့တော့ အရောင်အဝါကို အာရုံခံမိရင်တောင် အဲ့ဒါက ကိုယ့်ကမ္ဘာရဲ့ အရောင်အဝါ ဟုတ်ချင်မှဟုတ်မှာ ။ ကိုယ် နှစ်တွေရာချီ ကြိုးစားရှာပြီးတော့မှ တွေ့ရတဲ့အရာက တခြားကမ္ဘာတစ်ခုရဲ့ဟာ ဖြစ်နေလို့ အကုန်အစကနေ ပြန်စရတာတွေလဲ အများကြီးရှိတယ် ။ ဒါ့ကြောင့်မို့ အချိန်ဘယ်လောက်ကြာမယ် ဆိုတာကို ဘယ်သူကမှ အတိအကျမပြောနိုင်ဘူး "
စကားဆုံးအောင် နားထောင်ပြီးနောက်တွင်ကား ယွမ်လောလင် ကူကယ်ရာမဲ့သွားသလိုပင် ခံစားလိုက်ရသည်။
သို့သော် ထိုစဥ်တွင်..
ဝုန်း ...
ကမ္ဘာမြေကြီး တုန်ခါသွားကာ ကြောက်မက်ဖွယ် လေပြင်းတစ်ချက် တိုက်ခတ်လာ၏။ အမျိုးသမီး နှစ်ယောက်မှာလည်း ထိုလေပြင်းကြောင့် လဲကျလုမတတ် ဖြစ်ကုန်ကြသည်။
" ဟင်.. ဘာတွေဖြစ်နေတာလဲ "
သူတို့နှစ်ယောက်လုံး အံ့သြတုန်လှုပ်သွားကာ လောထျန်းဘက် လှမ်းကြည့်လိုက်ကြ၏။
မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူတို့နှစ်ယောက်သား မှင်သက်သွားကြပါတော့သည်။