← Chapters

အခန်း (၁၈၈၁+၁၈၈၂)

Vol. 129 Ch. 1881+1882

အခန်း (၁၈၈၁+၁၈၈၂)

Vol. 129 Ch. 1881+1882

အခန်း(၁၈၈၁)

“ဒီအဘိုးကြီးရဲ့စွမ်းအားက တကယ်ကို ကြောက်စရာပါလား”

ရွှေရောင်ဝတ်စုံဝတ် အဘိုးအိုထံမှ ထွက်ပေါ်လာသော အရှိန်အဝါကို ခံစားမိလျှင် ကျန်းချန်သည် တုန်လှုပ်သွားခဲ့သည်။

နတ်ဘုရားနယ်မြေသို့ ရောက်ရှိလာပြီး နောက်ပိုင်းတွင် ကျန်းချန်သည် နယ်မြေနတ်ဘုရား အများအပြားကို မြင်တွေ့ခဲ့ရသည်။

သူ့ရှေ့မှ အဘိုးအိုသည် သူမြင်တွေ့ဖူးသမျှ နယ်မြေနတ်ဘုရားများထဲတွင် အစွမ်းအထက်ဆုံး ဖြစ်သည်မှာ သေချာ၏။

ဤရွှေရောင်ဝတ်ရုံဝတ် အဘိုးအိုကို သူ၏ ဆရာရွှယ်သောင်းသာလျှင် ယှဥ်ပြိုင်နိုင်လိမ့်မည်ဟု သူခံစားမိခဲ့သည်။

“အရှိန်အဝါနဲ့တင် ကောင်းကင်နဲ့မြေကြီးရဲ့ အရောင်အဆင်းကို ပြောင်းလဲပစ်နိုင်စွမ်း ရှိတယ်လား.. ဘယ်လောက်တောင် သန်မာလိုက်တဲ့ စွမ်းအားလဲ”

ကုန်းလင်က ကောင်းကင်ယံရှိ ရွှေရောင်ဝတ်ရုံဝတ် အဘိုးအိုကို ကြည့်လိုက်ပြီးနောက်တွင် အရှင်ဟောင်ယွဲ့ကို တအံ့တသြ မေးလိုက်သည်။

“ဆရာ.. ဒီအဘိုးအိုက မဟာမြေရိုင်းနတ်ဂိုဏ်းက မဟာမြေရိုင်း နတ်ဘုရင်လား”

“မဟာမြေရိုင်းနတ်ဘုရင်က ငါတို့လို နယ်မြေနတ်ဘုရားတွေတောင် တွေ့ရဖို့ခက်ခဲတယ်.. မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲမှာ ဘယ်လိုလုပ်ပြီး ထွက်ပေါ်လာနိုင်မှာလဲ.. မင်းတို့အနေနဲ့ မဟာမြေရိုင်း နတ်ဘုရင်နဲ့ တွေ့ချင်ရင်တော့ မဟာမြေရိုင်းပါရမီရှင် စာရင်းထဲမှာ ပါဝင်ဖို့ပဲ လိုအပ်တယ်.. ဒီစာရင်းထဲမှာ ပါဝင်တာနဲ့ မဟာမြေရိုင်းနတ်ဘုရင် ကိုယ်တိုင် တည်ခင်းဧည့်ခံတဲ့ နတ်ဘုရင် စားသောက်ပွဲကို တက်ရောက်နိုင်လိမ့်မယ်.. အဲဒီအခါမှပဲ မဟာမြေရိုင်းနတ်ဘုရင်ကို မြင်တွေ့ခွင့် ရနိုင်မယ်”

အရှင်ဟောင်ယွဲ့က ခေါင်းခါရမ်းလိုက်ပြီး ချက်ချင်းဆိုသလို ကျန်းချန်တို့ လူစုကို ရှင်းပြလိုက်သည်။

“ဒီအဘိုးအိုက မဟာမြေရိုင်းနတ်ဂိုဏ်းရဲ့ ပထမအကြီးအကဲ အရှင်ထျန်းယန်ပဲ.. သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က အလယ်အလတ် နယ်မြေနတ်ဘုရား အဆင့်မှာ ရှိတယ်”

“အလယ်အလတ် နယ်မြေနတ်ဘုရား အဆင့်လား”

ကျန်းချန်က စိတ်လှုပ်ရှားသွားခဲ့ပြီး အရှင်ထျန်းယန်ကို မော့ကြည့်လိုက်သည်။

ကျန်းချန်က နယ်မြေနတ်ဘုရားများ၏ အဆင့်ခွဲခြားမှုနှင့်ပတ်သက်၍ မသိပေ။

ယခုမှသာလျှင် အလယ်အလတ် နယ်မြေနတ်ဘုရားနှင့် ပတ်သက်၍ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။

“နယ်မြေနတ်ဘုရား အဆင့်ရဲ့ အဆင့်ခွဲခြားမှုက ပကတိနတ်ဘုရားအဆင့်နဲ့ အတူတူနီးပါးပဲ.. နယ်မြေနတ်ဘုရား အဆင့်မှာ အဆင့်နိမ့်၊ အလယ်အလတ်၊ အဆင့်မြင့် ဆိုပြီး သုံးဆင့် ခွဲခြားထားတယ်"

"မဟာမြေရိုင်းနယ်မြေမှာ ရှိတဲ့ နယ်မြေနတ်ဘုရားအများစုက အဆင့်နိမ့် နယ်မြေနတ်ဘုရား အဆင့်မှာပဲ သောင်တင်နေကြပြီး အလယ်အလတ် နယ်မြေနတ်ဘုရားအဆင့်ကို ရောက်ရှိနိုင်သူ အရမ်းနည်းတယ်.. အရှင်ထျန်းယန်က အလယ်အလတ် နယ်မြေနတ်ဘုရား ဖြစ်တဲ့အတွက် မဟာမြေရိုင်း နယ်မြေတစ်ခုလုံးနဲ့ ကြည့်ရင်တောင် အသန်မာဆုံးကျင့်ကြံသူ အနည်းငယ်ထဲက တစ်ဦးပဲ”

အရှင်ဟောင်ယွဲ့က သက်ပြင်းချ၍ ပြောလိုက်သည်။

ကျန်းချန်က အံ့သြသော အမူအရာဖြင့် မေးလိုက်၏။

“အဆင့်နိမ့် နယ်မြေနတ်ဘုရားတွေ အတွက် အလယ်အလတ်နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်ဖို့က အရမ်းကို ခက်ခဲတယ်လို့ ဆိုလိုတဲ့သဘောလား”

“ခက်ခဲတာထက်တောင် ပိုပါသေးတယ်”

အရှင်ဟောင်ယွဲ့က ခါးသီးစွာ ပြောလိုက်သည်။

“အဆင့်နိမ့် နယ်မြေနတ်ဘုရား တစ်ပါးက နှစ်ထောင်ပေါင်းများစွာ ကျင့်ကြံရင်တောင် အဆင့်တက်ဖို့ အရမ်းခက်ခဲတယ် ပြောရရင် အဆင့်နိမ့် နယ်မြေနတ်ဘုရား တစ်ပါး အတွက် အလယ်အလတ် နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်တာက ကောင်းကင်နတ်ဘုရား အဆင့်ကနေ နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်တာထက် အဆပေါင်းများစွာ ပိုခက်ခဲတယ်”

အရှင်ဟောင်ယွဲ့သည် နယ်မြေနတ်ဘုရား အဆင့်ကို လွန်ခဲ့သည့် နှစ်ပေါင်း သုံးသန်းကျော်ကတည်းကပင် ထိုးဖောက်ခဲ့သော်လည်း အဆင့်နိမ့် နယ်မြေနတ်ဘုရား အဆင့်မှာပင် သောင်တင်နေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။

ဆိုရလျှင် ကြီးမားသော အခွင့်အရေးကို မရရှိသရွေ့ ဤဘဝတွင် သူသည် အလယ်အလတ် နယ်မြေနတ်ဘုရား အဆင့်သို့ ရောက်ရှိနိုင်မည် မဟုတ်ပေ။

“မကြာခင် မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲကို စတင်တော့မယ်”

သူတို့နှစ်ဦး စကားပြောဆိုနေစဥ်မှာပင် အရှင်ထျန်းယန်၏ စကားသံသည် မိုးခြိမ်းသံကဲ့သို့ တောင်ကြား တစ်ခုလုံး၏ အထက်ကနေ ပေါက်ကွဲထွက်လာခဲ့သည်။

အရှင်ထျန်းယန်၏ စကားဆုံးသည်နှင့် အောက်ဘက်ရှိ တောင်ကြားသည် ရုတ်တရက် တုန်ခါသွားခဲ့ပြီး လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုက အထက်သို့ ထိုးတက်လာကာ အဆုံးသတ်တွင် မီတာရာချီ ပမာဏရှိသော နေရာလွတ်အစီအရင် တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

လူတိုင်းသည် ထိုနေရာလွတ် အစီအရင်မှတစ်ဆင့် အတွင်းဘက်တွင် ခမ်းနားထည်ဝါသော ကမ္ဘာတစ်ခု ရှိနေသည်ကို ခပ်ရေးရေး မြင်နိုင်ခဲ့ကြ၏။

“ဒီနေရာလွတ် အစီအရင်ထဲမှာ ရှိတဲ့ ကမ္ဘာက မဟာမြေရိုင်းနတ်ဘုရင် ကိုယ်တိုင် မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲမှာ ပါဝင်မဲ့ သူတွေအတွက် ဖန်တီးပေးထားတဲ့ လျှို့ဝှက်နယ်မြေပဲ.. မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲရဲ့ ပထမအဆင့်ကို ဒီလျှို့ဝှက်နယ်မြေထဲမှာ ကျင်းပမှာ ဖြစ်တယ်”

အရှင်ဟောင်ယွဲ့က နေရာလွတ် အစီအရင်ထဲမှ ကမ္ဘာနှင့်ပတ်သက်၍ ပါရမီရှင်များကို မိတ်ဆက်ပေးလိုက်သည်။

“မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲမှာ အဆင့်နှစ်ဆင့် ရှိပြီး အခု ပထမအဆင့်ကို စတင်တော့မယ်”

ကောင်းကင်ယံရှိ အရှင်ထျန်းယန်က အချိန်ဖြုန်းမနေတော့ဘဲ မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲ၏ ပထမအဆင့် စည်းမျဥ်းများကို ချက်ချင်းဆိုသလို စတင်ကြေညာခဲ့သည်။

မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲ၏ ပထမအဆင့် စည်းမျဥ်းသည် အလွန်ပင် ရိုးရှင်းသည်။

လူငယ်ပါရမီရှင် အားလုံးသည် ၎င်းတို့၏ ရှေ့မှ လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ရမည်ဖြစ်သည်။

လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ပြီးသည်နှင့် လူတိုင်းသည် မဟာမြေရိုင်း တံဆိပ်ပြားကို စုစည်းရလိမ့်မည် ဖြစ်၏။

ရှင်းလင်းစွာဆိုရလျှင် မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲ၏ ပထမ အဆင့်သည် မဟာမြေရိုင်း တံဆိပ်ပြားများကို လုယူရန်ပင် ဖြစ်သည်။

မဟာမြေရိုင်းတံဆိပ်ပြား ရှိသည့် လူ၃၆ယောက် ကျန်ရှိသည်နှင့် ပထမအဆင့် ပြိုင်ပွဲက ပြီးဆုံးသွားပေမည်။

ပထမအဆင့်၏ စည်းမျဥ်းများကို ကြားလျှင် ကျန်းချန်သည် အံ့သြတုန်လှုပ်သွားခဲ့သည်။

မဟာမြေရိုင်းပါရမီရှင် စာရင်းတွင် ပါရမီရှင် ၃၆ဦးသာ အဆင့်သတ်မှတ်ခံရမည် ဖြစ်၏။

တစ်နည်းအားဖြင့် ပထမအဆင့်တွင် အောင်ပွဲရရှိသူများသည် မဟာမြေရိုင်းပါရမီရှင် စာရင်းတွင် ၁၀၀ ရာခိုင်နှုန်းပါဝင်နိုင်မည် ဖြစ်သည်။

“ဝုန်း..”

ထိပ်တန်းပါရမီရှင် ရာပေါင်းများစွာသည် နေရာ ၃၆နေရာအတွက် ယှဥ်ပြိုင်ကြမည် ဖြစ်ရာ ထိုပြိုင်ဆိုင်မှုသည် သံသယဖြစ်ဖွယ်ရာ မရှိ အလွန်တရာ ရက်စက်လိမ့်မည် မဟုတ်ပါလား။

ကျန်းချန် အတွေးနက်နေစဥ်မှာပင် ခန္ဓာကိုယ်ကနေ မိုးကြိုးလျှပ်စီး အရှိန်အဝါများ ထုတ်လွှတ်နေသော အစွမ်းထက်ကျင့်ကြံသူ တစ်ဦးသည် ကောင်းကင်ယံရှိ နေရာလွတ် အစီအရင် ထဲသို့ ပျံသန်းကာ ဝင်ရောက်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ထိုအမျိုးသား၏ ခြောက်ကပ်ကပ် ရယ်မောသံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့၏။

“ဒီတစ်ကြိမ် မဟာမြေရိုင်းပါရမီရှင် စာရင်းရဲ့ ပထမနေရာက ငါ မိုကျင့်လဲ့ အတွက်ပဲ”

မိုကျင့်လဲ့သည် မဟာမြေရိုင်းနတ်ဂိုဏ်း၏ နံပါတ်(၁)ပါရမီရှင်ဖြစ်ပြီး နောက်ဆုံးအကြိမ်က ကျင်းပပြုလုပ်ခဲ့သည့် မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲတွင် ထိပ်ဆုံး ၁၀နေရာကို ဝင်ရောက်နိုင်ခဲ့သူ ဖြစ်ကာ မိုးကြိုးလမ်းစဥ် အထူးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူ ဆိုလည်းမမှားပေ။

ဤလူငယ်က ကောင်းကင်နတ်ဘုရား အဆင့်၏ ကန့်သတ်ချက်ကို ချိုးဖျက်ကာ မဟာကောင်းကင် နတ်ဘုရား အဆင့်ကို ရောက်ရှိသွားပြီဟု ဆိုကြ၏။

မိုကျင့်လဲ့သည် ယခုတစ်ကြိမ် ပြိုင်ပွဲနှင့် ပတ်သက်လျှင် ပထမနေရာအတွက် ရေပန်းအစားဆုံး ပုဂ္ဂိုလ်လည်း ဖြစ်သည်။

နေရာလွတ် အစီအရင်ထဲသို့ ပထမဆုံး ဝင်ရောက်သွားသော မိုကျင့်လဲ့ကို လှမ်းကြည့်ကာ ကျန်းချန်၏ မျက်ဝန်းထဲတွင် ထက်ရှသော အလင်းတန်းများ ဖြစ်ပေါ်လာခဲ့သည်။

မိုကျင့်လဲ့ ဝင်ရောက်သွားပြီးနောက်တွင် တောင်ကြားရှိ မရေမတွက်နိုင်သော လူငယ် ပါရမီရှင်များသည်လည်း နေရာလွတ်အစီအရင် ထဲသို့ ပျံသန်း၍ ဝင်ရောက်သွားကြသည်။

“မင်းတို့တွေလည်း ခပ်သွက်သွက် ဝင်ကြတော့”

အရှင်ဟောင်ယွဲ့က ကျန်းချန်တို့ လေးယောက်အား လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

“မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲတိုင်းမှာ ပါရမီရှင် အများအပြားက အမြဲတစေ အသက်ဆုံးရှုံးကြလေ့ရှိတယ်.. မင်းတို့တွေ သတိမပေါ့စေနဲ့”

ကျန်းချန်တို့ လေးဦးက ခေါင်းညိတ်လိုက်ပြီး တုံ့ဆိုင်းမနေဘဲ ချက်ချင်း ဆိုသလိုပင် နေရာလွတ်အစီအရင် ထဲသို့ ပျံသန်းသွားခဲ့သည်။

ကျန်းချန်က နေရာလွတ် အစီအရင်ထဲသို့ ဝင်ရောက်သွားသောအခါ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုသည် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို ချက်ချင်းဆိုသလို ဖုံးလွှမ်းသွားခဲ့သည်။

ထို့နောက်တွင် သူ၏ လက်ထဲမှ မဟာမြေရိုင်း တံဆိပ်ပြားပေါ်တွင် အဖြူရောင် ကြယ်ငါးပွင့် သင်္ကေတတစ်ခု ပေါ်လာခဲ့၏။

ခဏအကြာတွင် ကျန်းချန်၏ ပုံရိပ်သည် တောင်တန်း တစ်နေရာတွင် ချက်ချင်းဆိုသလို ပေါ်လာခဲ့သည်။

ယင်းအချိန်တွင် ကျန်းချန်သည် ကမ္ဘာဦး အငွေ့အသက်များကဲ့သို့ အရှိန်အဝါ တချို့ကို ခံစားမိလိုက်သည်။

“ဒါက မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲရဲ့ ပထမအဆင့် တိုက်ပွဲနယ်မြေလား”

ကျန်းချန်က ပတ်ဝန်းကျင်ကို အကဲခတ် ကြည့်လိုက်သည်။

ဤ‌နေရာက လျှို့ဝှက်ဆန်းကြယ်သော ကမ္ဘာတစ်ခု ကဲ့သို့ ဖြစ်နေခဲ့ပြီး ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကလည်း အလွန်တရာပင် သိပ်သည်းသည်။

ကျန်းချန် ဝင်ရောက်ခဲ့ဖူးသော ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေနှင့် နှိုင်းယှဥ်လျှင်ပင် ယခုနေရာသည် မနိမ့်ကျပေ။

“နတ်ဘုရင်တစ်ပါး ဖန်တီးထားတဲ့ လျှို့ဝှက်နယ်မြေ ဆိုတဲ့ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်.. တကယ်ကို အံ့သြစရာပဲ”

ကျန်းချန်က စိတ်ထဲတွင် တအံ့တသြ ရေရွတ်လိုက်ပြီး သူ၏လက်ထဲရှိ မဟာမြေရိုင်း တံဆိပ်ပြားကို ကြည့်လိုက်သည်။

အခန်း(၁၈၈၁)ပြီး၏။

အခန်း(၁၈၈၂)

ကျန်းချန်က သူ၏လက်ထဲရှိ မဟာမြေရိုင်းတံဆိပ်ပြားပေါ်မှ အဖြူရောင် ငါးထောင့်ကြယ် သင်္ကေတကို ကြည့်လိုက်သည်။

မဟာကောင်းကင် နတ်ဘုရားအဆင့်၏ အာရုံခံစားမှုဖြင့် ကျန်းချန်သည် ငါးထောင့်ကြယ် သင်္ကေတကနေ အလွန်စင်ကြယ်သော စွမ်းအင်တစ်ခုကို ခံစားမိခဲ့သည်။

“ဒီမဟာမြေရိုင်းတံဆိပ်က သာမန်မဟုတ်ဘူး ထင်တယ်”

ကျန်းချန်က စိတ်ထဲတွင် အနည်းငယ် တွေးလိုက်သည်။

မဟာမြေရိုင်း ပါရမီရှင်သိုင်းပြိုင်ပွဲ ပထမအဆင့်၏ အဓိကရည်ရွယ်ချက်မှာ မဟာမြေရိုင်းတံဆိပ်ပြားများကို လုယူရန် ဖြစ်ပြီး လူ၃၆ဦးက ထိုတံဆိပ်ပြားများကို ရရှိသည့်အခါတွင် ပထမအဆင့်သည် ပြီးဆုံးသွားမည် ဖြစ်သည်။

တစ်နည်းအားဖြင့် မဟာမြေရိုင်းတံဆိပ်ပြားကို မလုဘဲ မိမိလက်ဝယ်ရှိ မဟာမြေရိုင်း တံဆိပ်ပြားကို ထိန်းသိမ်းထားနိုင်လျှင်ပင် ပထမအဆင့် ပြိုင်ပွဲတွင် အနိုင်ရရှိမည် ဖြစ်၏။

သို့သော်လည်း ပထမအဆင့်၏ အဓိက ရည်ရွယ်ချက်မှာ မဟာမြေရိုင်း တံဆိပ်ပြားများကို လုယူရန် ဖြစ်၍ ထိုအထဲတွင် ထူးခြားမှု တစ်စုံတစ်ရာ ရှိရမည်ဟု ကျန်းချန် တွေးမိခဲ့သည်။

“စလိုက်ကြတာပေါ့”

ကျန်းချန်က ရှည်ရှည်ဝေးဝေး တွေးမနေတော့ပေ။

ပထမအဆင့်၏ အဓိကရည်ရွယ်ချက်က မဟာမြေရိုင်း တံဆိပ်ပြားများကို လုယူရန် ဖြစ်သောကြောင့် တတ်နိုင်သမျှ များများ ရရှိအောင် ကြိုးစားရမည် မဟုတ်ပါလား။

ကျန်းချန်၏ ပုံရိပ်က လျင်မြန်စွာပင် လှုပ်ရှားလိုက်ပြီး ပတ်ဝန်းကျင်ကို စတင် စူးစမ်းလိုက်သည်။

“ဝေါင်း..”

ကောင်းကင်နှင့်မြေကြီးကိုပင် တုန်လှုပ်သွားစေသည့် ကျယ်လောင်သော ဟိန်းဟောက်သံ တစ်သံသည် ရုတ်တရက် အဝေးကနေ ထွက်ပေါ်လာခဲ့သည်။

“ဘယ်လောက်တောင် သန်မာလိုက်တဲ့ အရှိန်အဝါလဲ.. အနည်းဆုံးတော့ ဒီသားရဲက ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်နဲ့ ယှဥ်နိုင်တဲ့သားရဲပဲ ဖြစ်ရမယ်”

ကျန်းချန်က အံ့သြမဆုံး ဖြစ်နေခဲ့၏။

မဟာမြေရိုင်း နတ်ဘုရင် ဖန်တီးထားသည့် ဤလျှို့ဝှက်နယ်မြေသည် လုံးဝ ရိုးရှင်းပုံ မရပေ။

ကျန်းချန်က တုံ့ဆိုင်းမနေခဲ့ဘဲ ထိုအရှိန်အဝါ ထွက်ပေါ်လာသည့် အရပ်ဆီသို့ အလျင်အမြန် သွားရောက်ခဲ့သည်။

မကြာခင်မှာပင် ကျန်းချန်သည် မိုင်ထောင်ချီ ရှည်လျားသော တောင်တန်းများနှင့် သစ်တောများကို ဖြတ်သန်းကာ ချိုင့်ဝှမ်းငယ်လေး တစ်ခု ဆီသို့ ရောက်ရှိလာခဲ့၏။

ထိုအခါ ချိုင့်ဝှမ်း၏ ပတ်ဝန်းကျင်တွင် လေပြင်းများနှင့်အတူ တောက်ပသော ဓားအလင်း အနည်းငယ်က ရောယှက်နေသည်ကို သူ တွေ့လိုက်သည်။

လေထုထဲတွင် ဧရာမပုံရိပ် တစ်ခု မသဲမကွဲ ပေါ်လာခဲ့သည်။

၎င်းမှာ ဧရာမ ခရမ်းရောင်ဝက်ဝံကြီး တစ်ကောင် ဖြစ်သည်။

ထိုဝက်ဝံ၏ ဗိုက်၊ ကျောနှင့် လက်များပေါ်တွင် ခရမ်းရောင်အကြေးခွံ သံချပ်ကာ အလွှာတစ်ခု ဖုံးလွှမ်းနေခဲ့၏။

ခရမ်းရောင်ဝက်ဝံကြီးက တစ်ချက် ဟိန်းလိုက်သည်နှင့် ချိုင့်ဝှမ်းတစ်ခုလုံးက တုန်ယင်သွားခဲ့ပြီး လေပြင်းမုန်တိုင်းများပင် တိုက်ခတ်သွားခဲ့သည်။

ခရမ်းရောင် ဝက်ဝံကြီး၏ ဆန့်ကျင်ဘက်တွင် ငွေရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် ငွေရောင်ဓားရှည်တစ်လက်ကို ကိုင်ကာ ရပ်နေခဲ့သည်။

“ဒီလူရဲ့ ခွန်အားက ကုန်းလင်ထက်တောင် ပိုပြီးတော့ သန်မာနေပါလား”

ထိုလူငယ်က ဓားကွက် တစ်ကွက်ကို ထုတ်ဖော်လိုက်ရာ လေထုထဲတွင် နေရာလွတ် အက်ကြောင်းနက်ကြီးပင် ဖြစ်ပေါ်သွားခဲ့သည်။

ကျန်းချန်က ငွေရောင်ဝတ်ရုံဝတ် လူငယ်၏ ခွန်အားနှင့် ပတ်သက်၍ စိတ်ထဲတွင် သုံးသပ်လိုက်သည်။

နောက်ဆုံးအကြိမ်က ကျင်းပပြုလုပ်ခဲ့သည့် မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲတွင် ကုန်းလင်သည် အဆင့်၃၂ နေရာကို ရရှိခဲ့သည်။

ထိုစာရင်းတွင် ပါဝင်နိုင်သူများသည် ပါရမီရှင်များထဲမှ ပါရမီရှင်များ ဖြစ်ကြသည်။

သူ့ရှေ့မှ ငွေရောင်ဝတ်ရုံဝတ် လူငယ်သည် ကုန်းလင်ထက်ပင် ပိုမို သန်မာနေသည် ဖြစ်ရာ ယခုတစ်ကြိမ် ကျင်းပသည့် မဟာမြေရိုင်း ပါရမီရှင် စာရင်းတွင် ထိပ်ဆုံး ၃၀ နေရာသို့ ဝင်ရောက်နိုင်လောက်သည့် ခွန်အားမျိုး ရှိနေခဲ့၏။

သို့ရာတွင် တစ်ဖက်မှ ခရမ်းရောင် ဝက်ဝံကြီးသည်လည်း ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် အထွတ်အထိပ် နှင့်ပင် နှိုင်းယှဥ်နိုင်သော ခွန်အားရှိပြီး အလွန် အစွမ်းထက်သော တိုက်ခိုက်ရေး စွမ်းရည်လည်း ရှိသည်။

ငွေရောင်ဝတ်ရုံဝတ် လူငယ်၏ ဓားချက်နှင့် ရင်ဆိုင်ရလျှင် ခရမ်းရောင် ဝက်ဝံကြီးသည် လျင်မြန်စွာ ရှောင်တိမ်းလိုက်ပြီး လက်သည်းကုတ်ချက်ဖြင့် ပြန်လည် တိုက်ခိုက်လိုက်သည်။

“အရိပ်တစ်ရာ ကောင်းကင်ဓားသိုင်း”

ငွေရောင်ဝတ်ရုံဝတ် လူငယ်က ခရမ်းရောင်ဝက်ဝံကြီး၏ လက်သည်းကုတ်ချက်ကို ရှောင်တိမ်းပြီးနောက်တွင် ဓားကွက်တစ်ကွက်ကို ထုတ်ဖော်လိုက်သည်။

ချက်ချင်းဆိုသလိုပင် ဓားအရိပ် ရာပေါင်းများစွာသည် ပတ်ဝန်းကျင်တွင် ပြည့်နှက်သွားခဲ့ပြီး ခရမ်းရောင်ဝက်ဝံကြီးဆီသို့ သက်ရောက်လာခဲ့သည်။

ခရမ်းရောင်ဝက်ဝံကြီးက သူ၏ ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး ခရမ်းရောင်အလင်းများ ဖုံးလွှမ်းနေသည့် နောက်ကျောဖြင့် ငွေရောင်ဝတ်ရုံဝတ် လူငယ်၏ ဓားချက်ကို ခုခံလိုက်၏။

ငွေရောင်ဝတ်ရုံဝတ် လူငယ်၏ ဓားအရိပ် ရာပေါင်းများစွာသည် ခရမ်းရောင် ဝက်ဝံကြီး၏ ကျောပေါ်သို့ ကျရောက်သွားခဲ့ရာ မီးပွားများ မရေမတွက်နိုင်အောင် ထွက်‌ပေါ်လာခဲ့သည်။

“အရိပ်တစ်ရာ ကောင်းကင်ဓားသိုင်းတောင်မှ ဒီခရမ်းရောင်ဝက်ဝံရဲ့ ခန္ဓာကိုယ်ကို မချိုးဖျက်နိုင်ပါလား”

သူ၏ အားကောင်းသော တိုက်ခိုက်မှုက ခရမ်းရောင်ဝက်ဝံကြီးအား ထိခိုက်မှု မရှိသည်ကိုမြင်လျှင် ငွေရောင်ဝတ်ရုံဝတ် လူငယ်သည် အနည်းငယ် စိတ်ပျက်သွားခဲ့သည်။

ဤခရမ်းရောင် ဝက်ဝံကြီး၏ တိုက်ခိုက်ရေးစွမ်းရည်သည် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် အထွတ်အထိပ်ကိုပင် ကျော်လွန်နေပြီ ဖြစ်၏။

သူ၏ခွန်အားဖြင့် ခရမ်းရောင် ဝက်ဝံကြီးကို ရှင်းလင်းမည် ဆိုလျှင် ကြီးလေးသော အဖိုးအခကို သေချာပေါက်ပေးဆပ်ရပေလိမ့်မည်။

ဤသည်က မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲ၏ ပထမအဆင့်သာ ရှိသေးသည်ဖြစ်ရာ ခရမ်းရောင် ဝက်ဝံကြီးနှင့် တိုက်ခိုက်ပြီး ဒဏ်ရာအပြင်းအထန် ရသွားခဲ့လျှင် နောက်တစ်ဆင့်ကို ရင်ဆိုင်ရန် အတွက် အခြေအနေ ကောင်းနိုင်မည်မဟုတ်ပေ။

သို့သော်လည်း ခရမ်းရောင် ဝက်ဝံကြီး၏ လိုဏ်ဂူတွင် သူ့ကို ဆွဲဆောင်နေသည့် ရတနာများစွာ ရှိနေသောကြောင့် ငွေရောင်ဝတ်ရုံဝတ် လူငယ်သည် အလွယ်တကူ လက်မလျှော့လိုခဲ့ပေ။

“ဒီအတိုင်းတော့ လက်လျှော့လို့မဖြစ်ဘူး.. စီနီယာအစ်ကို လျှိုခွမ်းက ငါနဲ့သိပ်မဝေးတဲ့ နေရာမှာ ရှိနေတာဆိုတော့ စီနီယာအစ်ကို လျှိုခွမ်းကို အကူအညီတောင်းပြီး ခရမ်းရောင်ဝက်ဝံကြီး စောင့်ရှောက်ထားတဲ့ ရတနာကို ခွဲဝေယူဖို့ပဲ ရှိတော့တယ်”

ငွေရောင်ဝတ်ရုံဝတ် လူငယ်၏ မျက်ဝန်းများက အနည်းငယ် တလက်လက် တောက်ပသွားခဲ့သည်။

သို့သော် ထိုအချိန်မှာပင် ဆန့်ကျင်ဘက်ရှိ ခရမ်းရောင်ဝက်ဝံကြီး၏ ကောင်းကင်ကိုပင် တုန်လှုပ်စေသော ကြုံးဝါးသံသည် ရုတ်တရက် ပဲ့တင်ထပ်လာခဲ့၏။

“အဆင့်အတန်းနိမ့်တဲ့ လူသားကများ.. ငါ့ရဲ့ နေရာမှာ ရမ်းကားရဲတယ်.. မင်းကို အပိုင်းပိုင်းအစစ ဖြစ်အောင် တစစီလုပ်ပစ်မယ်”

ခရမ်းရောင်ဝက်ဝံကြီးက အလွန်တရာ ဒေါသထွက်နေခဲ့ပြီး သူ၏ စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်ကာ ခြေကန်ချက်တစ်ချက်ကို ထုတ်ဖော်၍ ငွေရောင်ဝတ်ရုံဝတ် လူငယ်ကို တိုက်ခိုက်လိုက်သည်။

“ဝက်ဝံကြီး မင်းငါ့ကို စောင့်နေလိုက်.. သိပ်မကြာခင် ငါမင်းရဲ့ ဝက်ဝံခြေထောက်ကို စွပ်ပြုတ်လုပ်ပစ်မယ်”

ငွေရောင်ဝတ်ရုံဝတ် လူငယ်က ဒေါသတကြီး ရေရွတ်လိုက်ပြီး တောက်ပသော ငွေရောင်အလင်းတန်း အဖြစ်သို့ ပြောင်းလဲကာ ချိုင့်ဝှမ်းအပြင်ဘက်သို့ ပြေးထွက်သွားခဲ့သည်။

ဝက်ဝံကြီးက အမှန်တကယ်ပင် သန်မာလွန်း၍ စီနီယာအစ်ကိုလျှိုခွမ်းနှင့် ပူးပေါင်း၍ ရင်ဆိုင်ရန် သူ ရည်ရွယ်ထားခဲ့၏။

“လူသား.. ပြေးလို့လွတ်မယ်များ ထင်နေလား”

ခရမ်းရောင်ဝက်ဝံကြီးက ဒေါသတကြီး ကြုံးဝါးလိုက်ပြီး ခရမ်းရောင်အလင်းတန်း အဖြစ်သို့‌ ပြောင်းလဲကာ ငွေရောင်ဝတ်ရုံဝတ် လူငယ် နောက်သို့ ပြေးလိုက်သွားခဲ့သည်။

ငွေရောင်ဝတ်ရုံဝတ် လူငယ်နှင့် ခရမ်းရောင်ဝက်ဝံကြီးတို့ ဤနေရာမှ ထွက်သွားပြီးနောက်တွင် ကျန်းချန်သည် ချိုင့်ဝှမ်းဆီသို့ လျင်မြန်စွာ ဝင်ရောက်လာခဲ့သည်။

မဟာမြေရိုင်းပါရမီရှင်သိုင်းပြိုင်ပွဲ၏ ပထမအဆင့်သည် အဓိကအားဖြင့် မဟာမြေရိုင်း တံဆိပ်ပြားများကို လုယူရန် ဖြစ်သည်။

သို့ဖြစ်ရာ ငွေရောင်ဝတ်ရုံဝတ် လူငယ်သည် အကြောင်းရင်း မရှိဘဲ သူ့ထက် အစွမ်းအစ မနိမ့်ကျသည့် သားရဲတစ်ကောင်ကို ရန်စလိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် ခရမ်းရောင်ဝက်ဝံကြီး ထံတွင် ငွေရောင်ဝတ်ရုံဝတ်လူငယ်ကို ဆွဲဆောင်နိုင်သော တစ်စုံတစ်ရာ ရှိနေလိမ့်မည်ဟု ကျန်းချန် ခန့်မှန်းမိခဲ့သည်။

ချိုင့်ဝှမ်းက မကြီးဘဲ အချင်းဝက် မိုင် ၁၀၀၀မျှသာ ရှိ၏။

သူ၏ လက်ရှိခွန်အားဖြင့်ဆိုလျှင် ချိုင့်ဝှမ်းတစ်ခုလုံး၏ အခြေအနေကို တစ်ချက် ကြည့်ရုံဖြင့်ပင် မြင်တွေ့နိုင်ခဲ့သည်။

အစောပိုင်းက တိုက်ပွဲအပြီးတွင် ချိုင့်ဝှမ်း တစ်ခုလုံးက ပျက်စီးသွားသော်လည်း လိုဏ်ဂူတစ်ခုတည်းသာလျှင် လုံးဝ ထိခိုက်မှုမရှိဘဲ တည်ရှိနေခဲ့သည်။

ကျန်းချန်၏ ခန္ဓာကိုယ်က ဖျတ်ခနဲ လင်းလက်သွားခဲ့ပြီး လျှပ်တစ်ပြက် အတွင်းမှာပင် လိုဏ်ဂူ၏ အပေါက်ဝတွင် ပေါ်လာခဲ့၏။

ကျန်းချန်က လိုဏ်ဂူထဲသို့ ဝင်ရောက်ရန် ပြင်လိုက်စဥ်မှာပင် ခရမ်းရောင်စွမ်းအင် တစ်ခုသည် လိုဏ်ဂူထဲကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ကျန်းချန် ရှေ့တွင် ပေါ်လာခဲ့သည်။

ကျန်းချန်က လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ ခရမ်းရောင်စွမ်းအင်သည် တစစီ ပြန့်ကျဲသွားခဲ့ပြီး လေထုထဲတွင် ပျောက်ကွယ်သွားခဲ့သည်။

“ဒီလို နည်းလမ်းမျိုးကိုတောင် သူ့ရဲ့လိုဏ်ဂူမှာ ချန်ထားခဲ့တယ်ဆိုတော့ ဒီခရမ်းရောင်ဝက်ဝံကြီးက ငတုံး မဟုတ်ဘူးပဲ”

ကျန်းချန်က တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီး လိုဏ်ဂူထဲသို့ ဝင်ရောက်သွားခဲ့သည်။

သူက ခရမ်းရောင်စွမ်းအင်များကို တစစီ ဖျက်ဆီးလိုက်၍ ခရမ်းရောင်ဝက်ဝံကြီးသည် သူ၏ လိုဏ်ဂူတွင် ပြဿနာတက်နေမှန်း သိရှိနိုင်ဖွယ် ရှိသည်။

သို့သော်လည်း ကျန်းချန်က ထိုကိစ္စကို ဂရုစိုက်နေမည် မဟုတ်ပေ။

ဤသည်က ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် အထွတ်အထိပ်နှင့် ယှဥ်နိုင်သော သားရဲတစ်ကောင်သာ ဖြစ်ရာ ပြန်လာခဲ့လျှင် သူ့အနေဖြင့် သတ်ဖြတ်လိုက်ရုံသာ မဟုတ်ပါလား။

အခန်း(၁၈၈၂)ပြီး၏။

All Chapters