အခန်း (၁၈၈၃+၁၈၈၄)
Vol. 129 Ch. 1883+1884
အခန်း(၁၈၈၃)
ကျန်းချန်က ဂူအတွင်းသို့ ဝင်ရောက်ပြီးနောက်တွင် မျက်လုံးကစားလိုက်ရာ မီတာ၁၀၀ အရွယ်အစားရှိ ဧရာမကျောက်တုံးကြီးပေါ်တွင် ရောင်စုံအပင်များ၊ အသီးများနှင့် အရွက်များစွာကို တွေ့ခဲ့ရသည်။
“သွေးလောင်ကျွမ်းဂန္ဓမာ၊ နှစ်တစ်သောင်း မိုးကြိုးကျောက်တုံး၊ အဆုံးမဲ့ ခရမ်းရောင်သစ်သီး..”
ကျန်းချန်က ဧရာမ ကျောက်တုံးပေါ်ရှိ ပစ္စည်းများကို မြင်လျှင် မျက်ဝန်းများ အနည်းငယ် တောက်ပလာခဲ့သည်။
ထိုပစ္စည်းများ အားလုံးသည် အလွန် ရှားပါး အဖိုးတန်သောပစ္စည်းများ ဖြစ်ကြပြီး ခရမ်းရောင်ဝက်ဝံကြီး စုဆောင်းထားသည့် ပစ္စည်းများ ဖြစ်သည်မှာ ထင်ရှား၏။
“ဒီခရမ်းရောင်ဝက်ဝံရဲ့ ပိုင်ဆိုင်မှုက အရှင်ဟော်ယွင်ရဲ့အမွေအနှစ်ထက် မနိမ့်ပါလား”
ကျန်းချန်က ရှေ့သို့တိုးကာ ကျောက်တုံးပေါ်မှ အဖိုးတန်ပစ္စည်းများကို သိုလှောင်အိတ်ထဲ ထည့်သွင်းရန် ပြင်လိုက်စဥ်မှာပင် မွှေးရနံ့ တစ်မျိုးကို ရရှိလိုက်သည်။
ကျန်းချန်က ချက်ချင်းဆိုသလို လိုဏ်ဂူ၏ ညာဘက်သို့ လှည့်ကြည့်လိုက်ရာ အလျား၂ပေ သို့မဟုတ် ၃ပေမျှ ရှိသော ပျားအုံတစ်ခုသည် လိုဏ်ဂူနံရံ၏ အလယ်ဗဟိုတွင် ချိတ်ဆွဲလျက်တည်ရှိနေသည်ကို တွေ့လိုက်ရသည်။
ထိုပျားအုံအတွင်းမှ ကြည်လင်သော ပျားရည်များသည် အောက်ဘက်ရှိ မြေအိုးထဲသို့ တစ်စက်ချင်းစီ စီးကျနေခဲ့၏။
အစောပိုင်းက သူခံစားမိသည့် ရနံ့သည် ထိုပျားရည်ထံမှ ဖြစ်သည်မှာ ထင်ရှား၏။
“ဒဏ္ဍာရီလာ ပိုင်လင်ရွှယ်ဖုန်း ပျားရည်ပါလား”
ပျားအုံကနေ စိမ့်ထွက်နေသော အရည်များကို မြင်လျှင် ကျန်းချန်၏ မျက်ဝန်းများတွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ပိုင်လင်ရွှယ်ဖုန်း ပျားရည်သည် ကောင်းကင်နှင့်မြေကြီး၏ ပျားပိုးကောင် ဖြစ်သည့် ပိုင်လင်ရွှယ်ဖုန်း ပျားကောင်ကနေ ထုတ်လုပ်သော ပျားရည် ဖြစ်သည်။
ထိုပျားကောင်များသည် ကောင်းကင်နှင့်မြေကြီး၏ အကြားမှ မတူညီသော စိတ်ဝိညာဥ်ပန်း ရာပေါင်းများစွား၏ ဝတ်ရည်ကို စုပ်ယူထား၍ ပိုင်လင်ရွှယ်ဖုန်း ပျားရည်သည် အလွန်တရာ ထူးခြားသည့် အာနိသင်များ ရှိသည်။
ဆိုရလျှင် ပိုင်လင်ရွှယ်ဖုန်း ပျားရည်သည် ရုပ်ပိုင်းဆိုင်ရာကို များစွာ တိုးတက်စေရုံသာမက ကိုယ်ခံပညာလမ်းစဥ်ကိုလည်း များစွာ အထောက်အကူ ပြုနိုင်၏။
နယ်မြေနတ်ဘုရားများပင် ပိုင်လင်ရွှယ်ဖုန်း ပျားရည်ကို သောက်သုံးလျှင် သိသာထင်ရှားသော အကျိုးသက်ရောက်မှုများ ရရှိနိုင်သည်ဟု ဆိုစမှတ်ပြုကြသည်။
“ငွေရောင်ဝတ်ရုံဝတ် လူငယ်က ခရမ်းရောင်ဝက်ဝံကြီးကို ရန်စတာ အံ့သြစရာ မဟုတ်တော့ဘူး”
ကျန်းချန်က ခပ်တိုးတိုး ရေရွတ်လိုက်ပြီး ပိုင်လင်ရွှယ်ဖုန်းပျားရည်ထံသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားကာ ပိုင်လင်ရွှယ်ဖုန်း ပျားရည်ကို သိုလှောင်အိတ် ထဲသို့ ထည့်ရန် ပြင်လိုက်သည်။
သို့သော် ထိုအချိန်မှာပင် လိုဏ်ဂူဝကနေ ရုတ်တရက် လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာခဲ့၏။
ကျန်းချန်က လိုဏ်ဂူအဝကို လှမ်းကြည့်ကာ အေးစက်စက် ပြောလိုက်၏။
“ရောက်နေမှတော့ ပုန်းမနေဘဲ ထွက်လာခဲ့ပါ”
“ငါ့ရဲ့တည်ရှိမှုကိုတောင် သိနိုင်တယ် ဆိုတော့ မင်းရဲ့အာရုံခံစားနိုင်စွမ်းက ဘယ်ဆိုးလို့လဲ”
ကျန်းချန်၏ စကားသံ ဆုံးသည်နှင့် လိုဏ်ဂူအဝင်ဝတွင် ပါးစပ်ချွန်ချွန် ရှိသည့် မျောက်မျက်နှာနှင့် ဆင်တူသော လူငယ်တစ်ဦးသည် ကျန်းချန်၏ မြင်ကွင်းထဲတွင် ပေါ်လာခဲ့၏။
ပိန်ပါးပါးလူငယ်က တအံ့တသြအမူအရာဖြင့် ကျန်းချန်ကို ကြည့်ကာ ပြောဆိုလိုက်သည်။
သူက အရိပ်ဂိုဏ်းမှ တပည့် ဖြစ်ပြီး သူ၏ အစွမ်းအထက်ဆုံး ပညာရပ်မှာ ပုန်းအောင်းခြင်းပင် ဖြစ်သည်။
သူ၏ ကျင့်ကြံခြင်းအဆင့်က ကောင်းကင်နတ်ဘုရား ပဉ္စမ အဆင့်တွင်သာ ရှိသော်လည်း ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူများပင် သူ၏ တည်ရှိမှုကို ရှာဖွေရန် ခက်ခဲလေ့ရှိ၏။
ယခု သူ့ရှေ့မှ ကောင်လေးကမူ သူ၏ တည်ရှိမှုကို အာရုံခံစားနိုင်သည် ဖြစ်ရာ အမှန်တကယ်ပင် ထူးဆန်းနေခဲ့သည်။
“မင်းရဲ့အစွမ်းအစလောက်နဲ့တော့ ငါ့ရဲ့ ရှေ့မှာ ပုန်းလို့မရဘူး”
ကျန်းချန်က ထီမထင်သော အမူအရာဖြင့် ပြောလိုက်သည်။
“ငါစိတ်ကောင်းဝင်နေတုန်း မင်းကို အခွင့်အရေးပေးလိုက်မယ် အသက်သုံးရှိုက်စာ အချိန်အတွင်း ဒီနေရာကနေ ချက်ချင်း ထွက်သွားလိုက်.. မဟုတ်ရင်တော့ ငါ့ကို ရက်စက်တယ် ဆိုပြီး အပြစ်မတင်နဲ့”
ထိုစကားကိုကြားလျှင် ပိန်ပါးပါးလူငယ်က အနည်းငယ် မကျေမနပ် ဖြစ်သွားခဲ့သည်။
“ဒီကမိတ်ဆွေ.. ငါက အရိပ်ဂိုဏ်းရဲ့ တပည့် ချီယဲ့ပါ.. ပိုင်လင်ရွှယ်ဖုန်း ပျားရည်ကို မင်းတစ်ယောက်တည်း သိမ်းပိုက်တာက နည်းနည်းလွန်တယ်လို့ မထင်ဘူးလား”
ပိန်ပါးပါးလူငယ်သည် ငွေရောင်ဝတ်ရုံဝတ် လူငယ် ရောက်မလာခင်ကပင် ချိုင့်ဝှမ်းထဲသို့ ရောက်ရှိလာသူ ဖြစ်သည်။
သို့သော်လည်း ငွေရောင်ဝတ်ရုံဝတ် လူငယ်၏ အစွမ်းထက်သော ခွန်အားကို ကြောက်ရွံ့သောကြောင့် သူက အမှောင်ထဲတွင် ပုန်းအောင်းနေကာ အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့သည်။
နောက်ပိုင်းတွင် ငွေရောင်ဝတ်ရုံဝတ် လူငယ်သည် ခရမ်းရောင်ဝက်ဝံကြီးနှင့် တိုက်ခိုက်ရင်း ချိုင့်ဝှမ်းထဲကနေ ထွက်ခွာသွားခဲ့သည်။
ထိုအခါ ပိန်ပါးပါး လူငယ်က အခွင့်အရေးရပြီဟု ထင်မှတ်ခဲ့ပြီး လိုဏ်ဂူထဲသို့ ဝင်ရန် ပြင်လိုက်စဥ်မှာပင် အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးသည် သူ့ထက် အရင် လိုဏ်ဂူထဲကို ဝင်ရောက်သွားခဲ့သည်။
တစ်စုံတစ်ယောက်က သူ့ထံမှ အခွင့်အရေးအား လုယူလိုက်သည်ကို မြင်လျှင် ပိန်ပါးပါးလူငယ်သည် ဒေါသထွက်သွားခဲ့၏။
သို့သော်လည်း ပိန်ပါးပါး လူငယ်သည် ပုန်းအောင်းရာကနေ ချက်ချင်း ထွက်လာရန် စိတ်မကူးခဲ့ပေ။
အရိပ်ဂိုဏ်း၏ တပည့်တစ်ဦးအနေဖြင့် သူက အမှောင်ထဲတွင် ပုန်းအောင်းကာ အလစ်အငိုက်ဖမ်း သတ်ဖြတ်ရာတွင် ကျွမ်းကျင်သူ တစ်ဦး ဖြစ်၍ ထိုလူငယ် သတိမပြုမိသောအချိန်တွင် တိုက်ခိုက်ရန် ရည်ရွယ်ထားခဲ့သည်။
သို့ရာတွင် သူ့ရှေ့မှ အနက်ရောင်ဝတ်ရုံဝတ် လူငယ်သည် အလွန်အမင်း သန်မာသော အာရုံခံစားနိုင်စွမ်း ရှိနေလိမ့်မည်ဟု ပိန်ပါးပါးလူငယ် မမျှော်လင့်ခဲ့ပေ။
ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် အေးစက်စက် ရေရွတ်လိုက်သည်။
“သုံး”
“မင်းဒီလောက်ထိတော့ နိုင်ထက်စီးနင်း မလုပ်သင့်ဘူး”
ပိန်ပါးပါး လူငယ်၏ မျက်နှာအမူအရာက အေးစက်နေခဲ့သည်။
“ခရမ်းရောင်ဝက်ဝံကြီးက ငွေရောင်ဝတ်ရုံဝတ် လူငယ် နောက်ကို လိုက်သွားခဲ့ပေမဲ့ သူတို့ထဲက ဘယ်သူပဲအနိုင်ရပါစေ.. သိပ်မကြာခင် ဒီကို ပြန်ရောက်လာမှာ အသေအချာပဲ.. ငါတို့နှစ်ယောက် အခုလို ပဋိပက္ခ ဖြစ်နေတာက ဘယ်သူ့အတွက်မှ အကျိုးရှိစေမှာ မဟုတ်ဘူး”
“နှစ်.. တစ်”
စကားဆုံးသည်နှင့် ကျန်းချန်၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် အရှိန်အဝါသည် ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။
ထိုအရှိန်အဝါက ပိန်ပါးပါးလူငယ်ကို ချက်ချင်းဆိုသလို အသက်ရှူကြပ်သွားစေခဲ့၏။
“ဘယ်လောင်တောင် ကြောက်ဖို့ ကောင်းလိုက်တဲ့ အရှိန်အဝါလဲ”
ပိန်ပါးပါးလူငယ်၏ စိတ်နှလုံးက အေးစက်သွားခဲ့သည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက အနက်ရောင် အလင်းများဖြင့် လင်းလက်သွားခဲ့ပြီး ကျန်းချန်၏ ရှေ့ကနေ လျှပ်တစ်ပြက် ပျောက်ကွယ်သွားခဲ့သည်။
“အရိပ်ဂိုဏ်းရဲ့ နည်းစနစ်တွေက ထူးဆန်းသားပဲ.. ဒါပေမဲ့ စစ်မှန်တဲ့ခွန်အား ရှေ့မှာတော့ အရာအားလုံးက အလကားပါပဲ”
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး လိုဏ်ဂူအဝင်ဝ၏ ညာဘက်ခြမ်းကို ရည်ရွယ်ကာ သူ၏ လက်တစ်ဖက်ကို မြှောက်လိုက်သည်။
မကြာခင်မှာပင် လေထုထဲတွင် ခပ်အုတ်အုတ် ညည်းညူသံနှင့်အတူ အစောပိုင်းက ပျောက်ကွယ်သွားသော ပိန်ပါးပါးလူငယ်၏ ပုံရိပ်သည် ထွက်ပေါ်လာခဲ့သည်။
သူ၏ ရင်ဘတ်တွင် ကြီးမားသော အပေါက်တစ်ခု ဖြစ်ပေါ်နေခဲ့ပြီး သွေးများက စမ်းရေကဲ့သို့ ထိုဒဏ်ရာကနေ အဆက်မပြတ် ပန်းထွက်နေခဲ့၏။
“သူရဲကောင်းကြီး ငါ့အသက်ကို ချမ်းသာပေးပါ.. ငါ့ရဲ့မဟာမြေရိုင်း တံဆိပ်ပြားကို ပေးအပ်ဖို့ဆန္ဒ ရှိပါတယ်.. သူရဲကောင်းအနေနဲ့ ငါ့အသက်ကို ချမ်းသာပေးဖို့ မျှော်လင့်ပါတယ်”
ပိန်ပါးပါးလူငယ်က ထိတ်လန့်တကြား ဖြစ်သွားခဲ့ပြီး ကျန်းချန်ကို အလျင်အမြန်ပင် တောင်းပန်လိုက်သည်။
သူ၏ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် သူ ပုန်းအောင်းနေသည့် နေရာကိုပင် မြင်နိုင်စွမ်းရှိသည့် အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းသော အာရုံခံနိုင်စွမ်းကို ပိုင်ဆိုင်ထားခဲ့သည်။
ထို့အပြင် ထိုလူငယ်၏ ကျင့်ကြံခြင်း အဆင့်သည် အနည်းဆုံး ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်ကို ရောက်ရှိနေဖွယ် ရှိ၏။
ယခုအခါ အနက်ရောင်ဝတ် လူငယ်သည် သူ၏ လှုပ်ရှားမှုများကို နေရာလွတ်စွမ်းအားများဖြင့် ချုပ်နှောင်ထားခဲ့သည်။
လက်ရှိတွင် သူ၏ ဦးစားပေးမှာ အသက်ချမ်းသာခွင့်ရရန် ဖြစ်ပြီး အရိပ်ဂိုဏ်းမှ ဂိုဏ်းတူညီနောင်များနှင့် ပြန်လည်ပေါင်းစည်းမိသည်နှင့် ထိုကောင်လေးကို လက်စားချေမည်ဟု စဥ်းစားထားခဲ့သည်။
ထိုအချိန်တွင် ကျန်းချန်ထံမှ စကားသံ ထွက်ပေါ်လာခဲ့၏။
“ငါမင်းကို အခွင့်အရေးပေးခဲ့ပြီးပြီ.. ဒါပေမဲ့ မင်းတန်ဖိုးမထားခဲ့ဘူး”
စကားဆုံးသည်နှင့် ကျန်းချန်က လက်ညှိုးတစ်ချောင်းကို အသာအယာ ဆန့်ထုတ်လိုက်သည်။
“မလုပ်ပါနဲ့”
အခန်း(၁၈၈၃)ပြီး၏။
အခန်း(၁၈၈၄)
ပိန်ပါးပါးလူငယ်က ကြောက်ရွံ့သွားခဲ့ပြီး ထိတ်လန့်တကြားဖြစ်ကာ ကျန်းချန်၏ တိုက်ခိုက်မှုကို ရှောင်ရှားရန် အတွက် သူ၏ ခွန်အားအလုံးစုံကို ထုတ်ဖော်လိုက်သည်။
သို့ရာတွင် သူက မည်မျှပင် ရုန်းကန်နေပါစေ၊ လုံးဝ လှုပ်ရှား၍ မရခဲ့ပေ။
ထိုအချိန်မှာပင် ကျန်းချန်၏ လက်ညှိုးထိပ်မှ ထွက်ပေါ်လာသော ဓားစွမ်းအင်သည် ပိန်ပါးပါးလူငယ်၏ နဖူးအလယ်ကို ထိုးဖောက်သွားခဲ့သည်။
အဆုံးသတ်တွင် ပိန်ပါးပါး လူငယ်သည် ကျန်းချန်၏ လက်ချက်ဖြင့် အသတ်ခံလိုက်ရပြီး မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
ထို့နောက်တွင် ကျန်းချန်က သူ၏ လက်တစ်ဖက်ကို လှုပ်ရှားလိုက်ရာ ပိန်ပါးပါး လူငယ်ထံမှ မဟာမြေရိုင်း တံဆိပ်ပြားသည် သူ၏ လက်ဖဝါးထဲသို့ တန်းတန်းမတ်မတ် ပျံသန်းလာခဲ့သည်။
သူက ပိန်ပါးပါးလူငယ်၏ တံဆိပ်ပြားပေါ်ရှိ သင်္ကေတထဲမှ စွမ်းအားကို သူ၏ တံဆိပ်ပြားထဲသို့ လွှဲပြောင်းလိုက်ရာ သူ၏ တံဆိပ်ပြားပေါ်ရှိ သင်္ကေတသည် ချက်ချင်းဆိုသလို ပိုမိုတောက်ပလာခဲ့သည်။
တံဆိပ်ပြားထဲမှ သင်္ကေတ အပြောင်းအလဲ ဖြစ်သွားသည်ကိုမြင်လျှင် ကျန်းချန်သည် သူ၏ ခန့်မှန်းချက် မှန်ကန်ကြောင်း တွေ့ရှိသွားခဲ့သည်။
မဟာမြေရိုင်း တံဆိပ်ပြားပေါ်ရှိ သင်္ကေတသည် ပေါင်းစည်းထားသော သင်္ကေတ များပြားလေလေ၊ စွမ်းအင် ပိုမိုအားကောင်းလာလေလေ ဖြစ်၏။
သူက ထိုသင်္ကေတ၏ စွမ်းအင်ကို မည်သို့မည်ပုံ အသုံးပြုရမှန်း မသိသေးသော်လည်း ထိုစွမ်းအင်သည် သာမန် မဟုတ်ကြောင်း ရိပ်စားမိခဲ့သည်။
ပိန်ပါးပါးလူငယ်၏ မဟာမြေရိုင်း တံဆိပ်ပြား ထံမှ စွမ်းအားကို သူ၏ တံဆိပ်ပြားထဲ ပေါင်းစည်းလိုက်ပြီးနောက်တွင် ကျန်းချန်သည် ကျောက်စိမ်းပုလင်း တစ်ပုလင်းကို ထုတ်ယူကာ ပိုင်လီရွှယ်ဖုန်း ပျားရည်များနှင့် ဧရာမ ကျောက်တုံးကြီးပေါ်ရှိ ပစ္စည်းများကို သူ၏ သိုလှောင်အိတ်ထဲသို့ ထည့်လိုက်၏။
ထို့နောက်တွင် ကျန်းချန်သည် လိုဏ်ဂူထဲတွင် အခြားရတနာများ မရှိတော့ကြောင်း အတည်ပြုကာ လှည့်ထွက်လာခဲ့သည်။
ကျန်းချန် လိုဏ်ဂူထဲမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် ဒေါသတကြီး ကြုံးဝါးသံသည် ချိုင့်ဝှမ်း အပြင်ဘက်ကနေ ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့၏။
“ငါ ခရမ်းရောင်ဝက်ဝံကို နှိမ်နင်းနေတဲ့အချိန်မှာ ဘယ်က အရှက်မရှိတဲ့ သူခိုးက လိုဏ်ဂူထဲက ရတနာတွေကို လာခိုးသွားတာလဲ”
ရောက်လာသူမှာ အခြားသူ မဟုတ်ဘဲ ခရမ်းရောင်ဝက်ဝံနှင့် တိုက်ခိုက်ခဲ့သည့် ငွေရောင်ဝတ်စုံဝတ် လူငယ်ပင် ဖြစ်သည်။
စကားသံနှင့်အတူ နေရာလွတ်အက်ကြောင်း တစ်ခုသည် လေထုထဲတွင် ထွက်ပေါ်လာခဲ့ပြီး ပုံရိပ် နှစ်ခုသည် ကျန်းချန်နှင့် မီတာ၁၀၀ အကွာသို့ နေရာလွတ် အက်ကြောင်းထဲကနေ ဆင်းသက်လာခဲ့သည်။
ငွေရောင်ဝတ်စုံဝတ် လူငယ်၏ အနောက်တွင် ရွှေရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးလည်း ရှိနေခဲ့သည်။
ထိုလူငယ်၏ မျက်နှာထားက တင်းမာနေခဲ့ပြီး နောက်ကျောတွင်လည်း ရွှေရောင်ဓားရှည် တစ်လက်ကို လွယ်ပိုးထား၏။
ထိုရွှေရောင်ဝတ်စုံဝတ် လူငယ်၏ ခန္ဓာကိုယ်ကနေ အလွန်အမင်း လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါများ ထုတ်လွှတ်နေခဲ့သည်။
“ဒီရွှေရောင်ဝတ်စုံဝတ် လူငယ်ရဲ့ ခွန်အားက အတော်လေး သန်မာပုံပဲ.. ကြည့်ရတာ ခရမ်းရောင်ဝက်ဝံကြီးကို ဒီနှစ်ကောင် ပူးပေါင်းပြီး သတ်ပစ်လိုက်ပြီ ထင်တယ်”
ကျန်းချန်က ငွေရောင်ဝတ်စုံဝတ် လူငယ်၏ အနောက်မှ ရွှေရောင်ဝတ်စုံဝတ်လူကို ကြည့်ကာ မျက်မှောင် အနည်းငယ် ကြုတ်သွားခဲ့သည်။
ထိုရွှေရောင်ဝတ်စုံဝတ် လူငယ်၏ ကျင့်ကြံခြင်းအဆင့်သည် ငွေရောင်ဝတ်စုံဝတ် လူငယ်ထက် သာလွန်ရုံသာမက ဓားသိုင်းတွင်လည်း ငွေရောင်ဝတ်စုံဝတ် လူငယ်ထက် သိသိသာသာပင် မြင့်မားနေပုံရသည်။
ထိုလူငယ်က ဒီအတိုင်း ရပ်နေလျှင်ပင် ခန္ဓာကိုယ် တစ်ခုလုံးကနေ ပြိုင်ဘက်ကင်း နတ်ဓားတစ်လက်ကဲ့သို့ ထက်ရှသောအရှိန်အဝါကို ထုတ်လွှတ်နေခဲ့၏။
“ဒီနှစ်ကောင်ကို ကြည့်ရတာ အာဏာရှင်ဓားဂိုဏ်းက ဖြစ်ပုံပဲ”
ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် လင်းလက်သွားခဲ့သည်။
မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲသို့ မလာမီ ကျန်းချန်သည် မဟာမြေရိုင်းနယ်မြေ၏ နယ်မြေတစ်ဆယ့်သုံးခုရှိ အဓိကနယ်မြေနတ်ဘုရား အင်အားစုများအကြောင်းကို လေ့လာထားခဲ့သည်။
သူသိထားသလောက်ဆိုရင် မဟာမြေရိုင်းနယ်မြေတွင် ဓားပညာရပ်ကို အထူးပြုသော နယ်မြေနတ်ဘုရား အင်အားစု နှစ်ခုသာရှိပြီး ယင်းမှာ ချင်းမင် ဓားဂိုဏ်းနှင့် အာဏာရှင် ဓားဂိုဏ်းတို့ ဖြစ်သည်။
အာဏာရှင်ဓားဂိုဏ်းသည် မဟာမြေရိုင်း နယ်မြေတစ်ခုလုံးရှိ နယ်မြေနတ်ဘုရား အင်အားစုများ ထဲတွင် ထိပ်တန်း နယ်မြေနတ်ဘုရားဂိုဏ်းဟုပင် ဆို၍ ရသည်။
နောက်ဆုံးအကြိမ်က ကျင်းပခဲ့သည့် မဟာမြေရိုင်းပါရမီရှင်စာရင်းတွင် အာဏာရှင်ဓားဂိုဏ်းသည် ထိပ်ဆုံး ၁၀နေရာသို့ ဝင်ရောက်နိုင်ခဲ့၏။
“ကောင်လေး.. မင်းအဘိုးပိုင်တဲ့ ပစ္စည်းတွေကို ခိုးဝံ့မှတော့ သွားသေလိုက်တော့”
ငွေရောင်ဝတ်စုံဝတ် လူငယ်က သတ်ဖြတ်လိုသော စိတ်ဆန္ဒအပြည့်ဖြင့် သူ၏ လက်ထဲမှ ငွေရောင်ဓားရှည်ကို လှုပ်ရှားလိုက်သည်။
ငွေရောင်ဓားရှည်က ကြောက်မက်ဖွယ် ဓားအလင်းကို ထုတ်ဖော်ကာ လေထုကို ထိုးဖောက်လာခဲ့ပြီး မိုးကြိုးပစ်ချလိုက်သည့်နှယ် ကျန်းချန် ဆီသို့ သက်ရောက်လာခဲ့၏။
“သွားစမ်း”
ကျန်းချန်က နှာခေါင်းရှုံ့ကာ အေးစက်စက် ရေရွတ်လိုက်ပြီး လက်သီးချက် တစ်ချက်ကို ထုတ်ဖော်လိုက်သည်။
“ဝုန်း..”
ကျန်းချန်၏ လက်သီးချက်က ဓားအလင်းကို ဖြိုခွဲကာ ချိုင့်ဝှမ်း တစ်ခုလုံးကိုပင် တုန်ခါသွားစေခဲ့သည်။
ကြောက်မက်ဖွယ် အဖျက်စွမ်းအင် မုန်တိုင်းသည်လည်း အရပ်မျက်နှာ အားလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး ပတ်ဝန်းကျင်ရှိ လေထုများကိုပင် စုတ်ပြဲသွားစေခဲ့၏။
ငွေရောင်ဝတ်စုံဝတ်လူငယ်၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ရကာ ပါးစပ်ကနေလည်း သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။
“မင်း.. မင်း..”
လက်နှစ်ဖက်ကို နောက်ပစ်ကာ ဝင့်ကြွားစွာ ရပ်နေသော ကျန်းချန်ကို ကြည့်ရင်း ငွေရောင်ဝတ်စုံဝတ် လူငယ်၏ မျက်နှာထက်တွင် ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။
သူက အာဏာရှင်ဓားဂိုဏ်းမှ တပည့်တစ်ဦး ဖြစ်၍ သူ၏ ခွန်အားကို အလွန်အမင်း ယုံကြည်ထားခဲ့သည်။
သို့သော်လည်း မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲ၏ ပထမအဆင့် စတင်ပြီး သိပ်မကြာမီမှာပင် သူရင်ဆိုင်ရသော ပထမဆုံး ပြိုင်ဘက်သည် သူ့ကို တစ်ကွက်တည်းဖြင့်ပင် အသာအယာ အနိုင်ယူသွားခဲ့သည်။
ငွေရောင်ဝတ်စုံဝတ် လူငယ်ကို အနိုင်ယူပြီးနောက်တွင် ကျန်းချန်သည် လူငယ်နှစ်ဦးကို အေးစက်စက်ကြည့်ကာ ပြောလိုက်သည်။
“မင်းတို့ရဲ့ မဟာမြေရိုင်း တံဆိပ်ပြားကို ငါ့ဆီ လွှဲပေးပါ.. ဒီလိုဆိုရင် မင်းတို့ အသက်ကို ချမ်းသာပေးမယ်”
“ကောင်လေး.. မင်းကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ”
သူက ခန္ဓာကိုယ်မှ စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်ကာ ကျန်းချန်နှင့် တိုက်ခိုက်ရန် ပြင်ဆင်လိုက်၏။
“မင်းက သူ့ရဲ့ပြိုင်ဘက် မဟုတ်ဘူး.. ငါပဲ သူနဲ့ တိုက်လိုက်မယ်”
ကျန်းချန်က သူကြံရွယ်ထားသည့် ခရမ်းရောင်ဝက်ဝံ၏ ရတနာများကို ခိုးယူသွားရုံသာမက သူ၏ မဟာမြေရိုင်းတံဆိပ်ပြားကိုပါ လုယူချင်နေသည်အား မြင်လျှင် ငွေရောင်ဝတ်စုံဝတ် လူငယ်သည် ဒေါသအိုး ပေါက်ကွဲသွားခဲ့သည်။
သို့သော်လည်း ထိုအချိန်မှာပင် သူ၏အနောက်ဘက်ရှိ ရွှေရောင်ဝတ်စုံဝတ် လူငယ်က သူ့ကို ဟန့်တားလိုက်သည်။
ထိုစကားကို ပြောပြီးသည်နှင့် ရွှေရောင်ဝတ်စုံဝတ် လူငယ်က ချက်ချင်းဆိုသလိုပင် ရှေ့သို့ လှမ်းတက်လိုက်သည်။
သူက ရွှေရောင်ခပ်ဖျော့ဖျော့ အလင်းများ ထုတ်လွှတ်နေသည့် မျက်ဝန်းများဖြင့် ကျန်းချန်ကို အကဲခတ်လိုက်ပြီး အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ လက်သီးဆုပ်၍ အရိုအသေပေးလိုက်သည်။
“ငါက အာဏာရှင်ဓားဂိုဏ်းက လျှိုခွမ်းပါ.. မိတ်ဆွေလေးက ဘယ်အင်အားစုကလဲ ဆိုတာ သိပါရစေ”
“ဟန်ယွဲ့နန်းတော်က ကျန်းချန်”
ကျန်းချန်က ခပ်ပြတ်ပြတ် ဖြေလိုက်ပြီးနောက်တွင် စိတ်မရှည်သော အမူအရာဖြင့် ပြောလိုက်သည်။
“အပိုစကားတွေ ပြောမနေနဲ့.. မင်းတို့နှစ်ကောင် မဟာမြေရိုင်းတံဆိပ်ပြားကို ပေးမှာလား မပေးဘူးလား”
“ဟန်ယွဲ့နန်းတော်လား”
ရွှေရောင်ဝတ်စုံဝတ်လူငယ် လျှိုခွမ်းက အံ့အားသင့်သွားခဲ့သည်။
ဟန်ယွဲ့နန်းတော်သည် တစ်ချိန်က မဟာမြေရိုင်း နယ်မြေ၏ ထိပ်တန်း နယ်မြေနတ်ဘုရား အင်အားစု ဖြစ်ခဲ့သော်လည်း ယခုအခါတွင် များစွာ ကျဆင်းသွားခဲ့ပြီ ဖြစ်သည်။
သူသိထားသလောက် ဆိုလျှင် နောက်ဆုံးအကြိမ်က မဟာမြေရိုင်း ပါရမီရှင်သိုင်းပြိုင်ပွဲတွင် ဟန်ယွဲ့နန်းတော်မှ နံပါတ်(၁)ပါရမီရှင်သည် အဆင့်၃၂ နေရာကိုသာ ရရှိခဲ့ပြီး ထိုနေရာကိုပင် အသေအလဲ ရယူခဲ့ရသည်။
ယင်းကြောင့် ဟန်ယွဲ့နန်းတော်တွင် ဤမျှ ထူးချွန်သော ပါရမီရှင်တစ်ဦး ရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
“မင်းက ငါ့ရဲ့ မဟာမြေရိုင်းတံဆိပ်ပြားကို လိုချင်တယ်ဆိုမှတော့ ငါ့ရဲ့လက်ထဲမှာ ရှိတဲ့ဓားက သဘောတူမတူ ဆိုတာ အရင်မေးရလိမ့်မယ်”
လျှိုခွမ်းက စကားဆုံးသည်နှင့် သူ၏ နောက်ကျောမှ ရွှေရောင်ဓားရှည်ကို ဆွဲထုတ်ကာ ဓားချက်တစ်ချက်ကို လျင်မြန်စွာ ထုတ်ဖော်လိုက်သည်။
ချက်ချင်းဆိုသလိုပင် မျက်စိကျိန်းလောက်စရာ ရွှေရောင်ဓားချီသည် ရွှေရောင်သက်တန့် တစ်ခုနှယ် ပြောင်းလဲသွားခဲ့ပြီး ကျန်းချန် ဆီသို့ သက်ရောက်လာခဲ့သည်။
ရွှေရောင်ဓားချီ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် လေထုသည် နှစ်ခြမ်းကွဲသွားခဲ့၏။
ကျန်းချန်က အရေးမစိုက်သော အမူအရာဖြင့်ပင် ဆန်းကြယ်သော လက်ဟန်များကို ထုတ်ဖော်လိုက်ရာ ကြောက်မက်ဖွယ် စည်းတံဆိပ် တစ်ခုသည် လေထုထဲတွင် ထွက်ပေါ်လာခဲ့သည်။
သူက လူသားဧကရာဇ် စည်းတံဆိပ်၏ ဒုတိယမြောက် စည်းတံဆိပ် ဖြစ်သော ကျူးရှန်းစည်းတံဆိပ်ကို ထုတ်ဖော်လိုက်ခြင်းပင်။
ကျူးရှန်းစည်းတံဆိပ်က လျှိုခွမ်း၏ ရွှေရောင်ဓားအလင်းကို အလွယ်တကူပင် ချိုးဖျက်ပစ်လိုက်သည်။
ကျန်းချန်က သူ၏ ဓားချက်ကို အလွယ်တကူ ချိုးဖျက်လိုက်သော်လည်း လျှိုခွမ်း၏ အမူအရာက ပြောင်းလဲမသွားဘဲ တည်တည်ငြိမ်ငြိမ်ပင် ရှိနေခဲ့သည်။
သူက ကျန်းချန်၏ အထက်သို့ လျှပ်တစ်ပြက် ရောက်ရှိသွားခဲ့ပြီး ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်၏ ကမ္ဘာ့စွမ်အားကို အစွမ်းကုန် လှုံ့ဆော်လိုက်သည်။
သူ၏ ကြောက်မက်ဖွယ်ရာကောင်းသော ကမ္ဘာ့စွမ်းအားကြောင့် သူ၏ ခန္ဓာကိုယ် ပတ်ပတ်လည်ရှိ လေထုသည်ပင် အဆက်မပြတ် တုန်ခါလာခဲ့သည်။
“ကောင်းကင်လောင်ကျွမ်းနတ်သိုင်း”
လျှိုခွမ်းက လေထုထဲတွင် ဝင့်ကြွားစွာ ရပ်နေခဲ့ပြီး မျက်ဝန်းများတွင် ရွှေရောင် အလင်းများဖြင့် တဖျပ်ဖျပ် လင်းလက်နေခဲ့သည်။
ဤအချိန်တွင် လျှိုခွမ်းသည် ကမ္ဘာကြီးကို စိုးမိုးထားသော ဧကရာဇ်တစ်ပါးနှင့်ပင် ဆင်တူနေ၏။
လျှိုခွမ်းက သူ၏ လက်ထဲမှ ငွေရောင်ဓားရှည်ဖြင့် ကျန်းချန်ကို ခုတ်ပိုင်းချလိုက်သည်။
“ဝုန်း..”
လျှိုခွမ်း၏ ကြောက်မက်ဖွယ်ရာ ဓားချက်ကြောင့် နေရာလွတ်များသည် ဆက်တိုက်ဆိုသလို ပြိုကျသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် မီတာ ၁၀၀ အရှည်ရှိသော မီးလျှံနဂါး ၁၀ကောင်ကျော်သည် လေထုထဲတွင် ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ကိုပင် လှုပ်ခါစေနိုင်သော နဂါး အရှိန်အဝါများကို ထုတ်လွှတ်ကာ ကျန်းချန်ဆီသို့ ဆင်းသက်လာခဲ့သည်။
မီးလျှံနဂါးများက ကျန်းချန် ရှိနေသည့် နေရာလွတ်ကို လောင်ကျွမ်းပစ်တော့မည် အလား ဖြစ်နေခဲ့၏။
လျှိုခွမ်း၏ အံ့မခန်း ဓားချက်ကို ကြည့်ကာ ကျန်းချန်၏ မျက်ဝန်းထက်တွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
အခန်း(၁၈၈၄)ပြီး၏။