အခန်း (၁၈၈၅+၁၈၈၆)
Vol. 129 Ch. 1885+1886
အခန်း(၁၈၈၅)
လျှိုခွမ်းသည် အာဏာရှင် ဓားဂိုဏ်း၏ ပါရမီရှင် ဂုဏ်ပုဒ်နှင့် ထိုက်တန်မှု ရှိ၏။
ဤဓားချက်၏ စွမ်းအားသည် မိုကျိဟန်၏ ရေခဲလမ်းစဥ် နတ်ခန္ဓာပုံရိပ် စွမ်းအားထက်ပင် ပိုမို အားကောင်းနေခဲ့သည်။
ကျန်းချန်က တုံ့ဆိုင်းမနေခဲ့ဘဲ ချက်ချင်းဆိုသလိုပင် သူ၏ နတ်ခန္ဓာပုံရိပ်ကို ထုတ်ဖော်လိုက်ရာ ကောင်းကင်ယံတွင် ရွှေရောင် အလင်းတန်းများဖြင့် ပြည့်နှက်သွားခဲ့ပြီး ရွှေရောင်ဓားပုံရိပ် တစ်ခုသည် သူ၏ ကျောဘက်တွင် ချက်ချင်းဆိုသလို စုစည်းလာခဲ့သည်။
ပကတိနတ်ဘုရားအဆင့်ကို ချိုးဖျက်ပြီးကတည်းကပင် နတ်ခန္ဓာပုံရိပ်သည် ကျန်းချန်၏ အစွမ်းအထက်ဆုံး ဝှက်ဖဲများထဲမှတစ်ခု ဖြစ်ခဲ့သည်။
ထို့ကြောင့် အာဏာရှင်ဓားဂိုဏ်းမှ ထိပ်တန်းအဆင့် ပါရမီရှင်ဓားသမား ဖြစ်သည့် လျှိုခွမ်းနှင့် ရင်ဆိုင်ရသောအချိန်တွင် ကျန်းချန်သည် နတ်ခန္ဓာပုံရိပ် စွမ်းအားကို ထုတ်သုံးရန် ဆုံးဖြတ်လိုက်သည်။
“ဝုန်း..”
ကျန်းချန်၏ ထိန်းချုပ်မှုအောက်တွင် ရွှေရောင်ဓားပုံရိပ်သည် ကမ္ဘာကိုပင် ဖျက်ဆီးနိုင်လောက်သော အင်အားကို သယ်ဆောင်ကာ လျှိုခွမ်း ထံသို့ ပျံသန်းသွားခဲ့သည်။
ထိုအချိန်တွင် ကောင်းကင်နှင့် မြေကြီး၏ အရောင်အဆင်းက မှုန်မှိုင်းသွားပြီး နေနှင့်လပင် ဗြောင်းဆန်သွားခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအင် မုန်တိုင်းသည် ပတ်ဝန်းကျင်တွင် တိုက်ခတ်သွားခဲ့၏။
ထိုအဖျက်စွမ်းအင် မုန်တိုင်း ဖြတ်သန်းသွားသော နေရာတိုင်းတွင် ဘာမှမကျန်ရှိတော့သည် အထိ ပျက်စီးသွားခဲ့သည်။
တိုက်ပွဲကို ကြည့်ရှုနေသော ငွေရောင်ဝတ်စုံဝတ်လူငယ်ပင်လျှင် ထိုအဖျက်စွမ်းအင်မုန်တိုင်းကြောင့် ခြေလှမ်းရာပေါင်းများစွာအထိ နောက်သို့ ဆုတ်လိုက်ရသည်။
“ဒီကောင်က ဘယ်လိုလုပ်ပြီး ဒီလောက်တောင် သန်မာနေရတာလဲ”
သူ၏ရှေ့မှ တိုက်ပွဲမြင်ကွင်းကို ကြည့်ကာ ငွေရောင်ဝတ်စုံဝတ်လူငယ်က ထိတ်လန့်သွားခဲ့သည်။
သိထားရမည့်အချက်မှာ သူ၏ စီနီယာအစ်ကို လျှိုခွမ်းသည် အာဏာရှင်ဓားဂိုဏ်း၏ လူငယ်မျိုးဆက် ပါရမီရှင်များထဲတွင် ဒုတိယနေရာတွင် ရှိသော ပါရမီရှင် ဖြစ်သည်။
စီနီယာအစ်ကို လျှိုခွမ်း၏ ခွန်အားဖြင့်ဆိုလျှင် မဟာမြေရိုင်း ပါရမီရှင် စာရင်း၏ ထိပ်ဆုံး၁၀ နေရာတွင် မဝင်ရောက်နိုင်လျှင်ပင် ထိပ်ဆုံးအယောက်၂၀ စာရင်းထဲကို ဝင်ရောက်ရန် ပြဿနာရှိမည် မဟုတ်ပေ။
သို့ရာတွင် တစ်ဖက်ရှိ ဟန်ယွဲ့နန်းတော်မှ တပည့်သည် စီနီယာအစ်ကို လျှိုခွမ်းကိုပင် အသာစီးရနေခဲ့၏။
ငွေရောင်ဝတ်စုံဝတ် လူငယ်သည် သူ၏ ခွန်အားဖြင့်ဆိုလျှင် ဤတစ်ကြိမ် မဟာမြေရိုင်းပါရမီရှင် စာရင်းထဲကို ဝင်ရောက်ရန်မှာ လုံလောက်သည်ထက်ပင် ပိုနေသည်ဟု မူလက ထင်ထားခဲ့သည်။
သို့သော်လည်း ယခုအခါတွင် ဟန်ယွဲ့နန်းတော်မှ တပည့်တစ်ဦးသည်ပင် အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသော ခွန်အားကို ပိုင်ဆိုင်နေခဲ့၏။
ငွေရောင်ဝတ်ရုံဝတ် လူငယ်သည် အားငယ်သလိုပင် ခံစားမိလာခဲ့သည်။
“ဝုန်း..”
အကယ်၍သာ ပြိုင်ပွဲဝင် အားလုံးသည် ကျန်းချန် ကဲ့သို့ နတ်ဆိုးဆန်သော ပါရမီရှင်များချည်းသာ ဆိုလျှင် သူ့အနေဖြင့် ဤပြိုင်ပွဲတွင် ဆက်လက် ပါဝင်နေသည်မှာ အချည်းနှီးပင် ဖြစ်သည် မဟုတ်ပါလား။
ငွေရောင်ဝတ်ရုံဝတ်လူငယ် အတွေးနက်နေသော အချိန်မှာပင် ကောင်းကင်ယံတွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
သူက မော့ကြည့်လိုက်ရာ သူ၏ စီနီယာအစ်ကို လျှိုခွမ်းက ရွှေရောင်ဓားပုံရိပ်၏ လက်ချက်ဖြင့် ခြေဆယ်လှမ်းခန့် နောက်ဆုတ်လိုက်ရသည်ကို မြင်လိုက်ရ၏။
ထိုမြင်ကွင်းကိုမြင်လျှင် ငွေရောင်ဝတ်ရုံဝတ်လူငယ်၏ မျက်နှာသည် ချက်ချင်းဆိုသလို ဖြူဖျော့သွားခဲ့သည်။
“ဘယ်လိုလဲ မင်းဆက်ပြီး တိုက်ဦးမှာလား”
ကျန်းချန်၏ အေးစက်စက်စကားသံက ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့၏။
“မင်းက ငါ လျှိုခွမ်းထက် အများကြီး သန်မာပါတယ်.. မဟာမြေရိုင်းတံဆိပ်ကို ယူထားလိုက်ပါ”
လျှိုခွမ်းက ခေါင်းခါရမ်းလိုက်ပြီး သူ၏ မဟာမြေရိုင်းတံဆိပ်ပြားကို ကျန်းချန်ထံ ပစ်ပေးလိုက်သည်။
ထို့နောက် သူက ငွေရောင်ဝတ်ရုံဝတ်လူငယ် ဘက်သို့ လှည့်ကာ ပြောလိုက်၏။
“သူ့ကို မဟာမြေရိုင်းတံဆိပ်ပြား ပေးလိုက်”
ထိုစကားကိုကြားလျှင် ငွေရောင်ဝတ်ရုံဝတ် လူငယ်က မယုံကြည်နိုင်သော အမူအရာဖြင့် ပြောလိုက်သည်။
“စီနီယာအစ်ကိုလျှိုခွမ်း..”
သို့သော်လည်း လျှိုခွမ်းက ငွေရောင်ဝတ်ရုံဝတ် လူငယ်၏ စကားဆုံးသည်အထိ မစောင့်တော့ဘဲ ချက်ချင်း ထွက်ခွာသွားခဲ့သည်။
ဤမြင်ကွင်းကိုမြင်လျှင် ငွေရောင်ဝတ်ရုံဝတ် လူငယ်၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
သူက သွားများကို အံကြိတ်လိုက်ပြီး မဟာမြေရိုင်းတံဆိပ်ပြားကို ကျန်းချန်ထံ ပစ်ပေးလိုက်ကာ စကားတစ်ခွန်းမှ မပြောတော့ဘဲ လျှိုခွမ်း နောက်သို့ လိုက်သွားခဲ့သည်။
“စီနီယာအစ်ကို.. ကျွန်တော်တို့ ဒီလိုပဲ ထွက်သွားကြတော့မှာလား”
တောင်ကြားထဲမှ ထွက်ခွာလာပြီးနောက်တွင် ငွေရောင်ဝတ်ရုံဝတ်လူငယ်သည် သူ၏ရှေ့မှ လျှိုခွမ်းကို ကြည့်ကာ ပြောလိုက်သည်။
သူ၏ မျက်နှာတွင် မကျေနပ်သော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။
ဟန်ယွဲ့နန်းတော်မှ ကျန်းချန်သည် အလွန်တရာ သန်မာသော်လည်း သူ၏ စီနီယာအစ်ကို လျှိုခွမ်းထက် အနည်းငယ် သာရုံလောက်သာ ဖြစ်သည်။
သူတို့နှစ်ယောက်သာ ပူးပေါင်းလိုက်လျှင် ဟန်ယွဲ့နန်းတော်မှ ကျန်းချန်ကို အနိုင်ရနိုင်သေးသည် မဟုတ်ပါလော။
သိထားရမည့်အချက်မှာ ကျန်းချန်သည် ခရမ်းရောင်ဝက်ဝံ၏ လိုဏ်ဂူထဲတွင် ပိုင်လီရွှယ်ဖုန်းပျားရည် အပြင် ရတနာများစွာကို ရရှိထားခဲ့သည်။
ငွေရောင်ဝတ်ရုံဝတ်လူငယ် အမှန်တကယ် နားမလည်နိုင်ခဲ့ပေ။
လျှိုခွမ်း၏ စိတ်နေသဘောထားအရ ဆိုလျှင် ပိုင်လီရွှယ်ဖုန်းပျားရည်၏ သွေးဆောင်မှုနှင့် ရင်ဆိုင်ရချိန်တွင် နောက်ဆုတ်ရန် မဖြစ်နိုင်ချေ။
သို့သော် ယခုအခါတွင်မူ သူ၏ မဟာမြေရိုင်းတံဆိပ်ကိုပင် ဟန်ယွဲ့နန်းတော်မှ ကျန်းချန်ထံ လွှဲပြောင်းပေးစေခဲ့သည်။
လျှိုခွမ်းက ငွေရောင်ဝတ်စုံဝတ် လူငယ်၏ မေးခွန်းကို ပြန်မဖြေခဲ့ပေ။
ထိုအချိန်မှာပင် သူ၏ ခန္ဓာကိုယ်က ရုတ်တရက် တုန်ယင်သွားခဲ့ပြီး ပါးစပ်ကနေ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။
ထိုအချင်းအရာကိုမြင်လျှင် ငွေရောင်ဝတ်စုံဝတ် လူငယ်၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့၏။
“စီနီယာအစ်ကိုလျှိုခွမ်း ဒဏ်ရာရသွားတာလား”
လျှိုခွမ်းက သူ၏ နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်ပြီး ငွေရောင်ဝတ်ရုံဝတ် လူငယ်ကို အေးစက်စက်ကြည့်ကာ ပြောလိုက်သည်။
“ကျန်းချန် ဆိုတဲ့ကောင်က အရမ်းသန်မာလွန်းတယ်.. သူက မဟာမြေရိုင်း ပါရမီရှင်စာရင်းရဲ့ ထိပ်ဆုံး၁၀ နေရာမှာ သေချာပေါက် အဆင့်သတ်မှတ်ခံရလောက်တဲ့ ခွန်အားကို ပိုင်ဆိုင်ထားတယ်”
အစောပိုင်းက တိုက်ပွဲတွင် အပေါ်ယံကြည့်လျှင် ကျန်းချန်သည် သူ့ကို အနည်းငယ်သာ အသာစီးရခဲ့သည်။
တကယ်တမ်းတွင်မူ ကျန်းချန်၏ ရွှေရောင်ဓားပုံရိပ်သည် သူ၏ အတွင်းအင်္ဂါများကို ဖျက်ဆီးလုနီးပါး ဖြစ်စေခဲ့သည်။
ထို့အပြင် လျှိုခွမ်းသည် ကျန်းချန်က ခွန်အား အကုန်အစင်ကို အသုံးမပြုရသေးကြောင်း ခပ်ရေးရေး ခံစားမိခဲ့၏။
သူသာ ဆက်လက် တိုက်ခိုက်နေဦးမည်ဆိုလျှင် သေချာပေါက် သေဆုံးရပေလိမ့်မည်။
ထို့ကြောင့်လည်း လျှိုခွမ်းသည် မဟာမြေရိုင်း တံဆိပ်ပြားကို မဆိုင်းမတွပင် ကျန်းချန်ထံ လွှဲပေးရန် ရွေးချယ်ခဲ့ခြင်းပင်။
ဆိုရလျှင် မဟာမြေရိုင်းတံဆိပ်ပြား ဆုံးရှုံးသွားသော်လည်း အခြားတစ်ဦးထံကနေ ပြန်လည်ရယူကာ မဟာမြေရိုင်းစာရင်းတွင် အဆင့်သတ်မှတ်ခံရရန် အခွင့်အရေး ရှိနေသေးသည် မဟုတ်ပါလော။
လျှိုခွမ်းက မာနကြီးသော ပါရမီရှင်တစ်ဦး ဖြစ်သော်လည်း အခြေအနေကို နားလည်သောသူ တစ်ဦး ဖြစ်သည်။
“စီနီယာအစ်ကို ဒီတစ်ကြိမ် ကျင်းပတဲ့ မဟာမြေရိုင်းပါရမီရှင်သိုင်းပြိုင်ပွဲက နည်းနည်း ထူးဆန်းနေသလိုပဲ”
ငွေရောင်ဝတ်ရုံဝတ်လူငယ်က မချိပြုံး ပြုံးကာ ပြောလိုက်သည်။
“ဟန်ယွဲ့နန်းတော်က တပည့်တစ်ယောက်ကတောင် မဟာမြေရိုင်း ပါရမီရှင်စာရင်းရဲ့ ထိပ်ဆုံး ၁၀ယောက် စာရင်းထဲမှာ အဆင့်သတ်မှတ်ခံရလောက်တဲ့ ခွန်အားကို ပိုင်ဆိုင်ထားတာက နည်းနည်းလွန်လွန်းရာ ကျမနေဘူးလား”
ထိုစကားကိုကြားလျှင် လျှိုခွမ်းသည် လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
“ဒီနှစ် မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲမှာ ပါရမီရှင်တွေအများအပြား ရှိနေတာတော့ အမှန်ပဲ.. သိပ်မကြာခင်က ရေခဲလမ်းစဥ် သဘာဝ နတ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ အေးခဲမြစ်ဂိုဏ်းက တပည့်တစ်ယောက်နဲ့ ငါတွေ့ခဲ့တယ်.. သူ့ရဲ့ခွန်အားက ငါ့ထက်မနိမ့်ဘူး.. ဒါကြောင့် ငါတို့တွေ ပိုပြီးတော့ သတိထားကာမှ တော်ကာကြမယ်”
ဤတစ်ကြိမ် မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲတွင် ပါဝင်ကြသည့် အင်အားစု အသီးသီးမှ တပည့်များ၏ ခွန်အားသည် ယခင်အကြိမ်ကထက် ယေဘုယျအားဖြင့် တစ်ဆင့် ပိုမြင့်နေခဲ့သည်။
အနည်းငယ် ဂရုမစိုက်မိသည်နှင့် သူတို့သည် မဟာမြေရိုင်းပါရမီရှင် စာရင်းထဲကို ဝင်ရောက်နိုင်မည် မဟုတ်တော့ပေ။
----------------
ကျန်းချန်က လျှိုခွမ်းတို့၏ မဟာမြေရိုင်း တံဆိပ်ပြားထဲမှ စွမ်းအားကို သူ၏ တံဆိပ်ပြားထဲ ပေါင်းစပ်လိုက်သောအခါ သူ၏ တံဆိပ်ပြားထဲမှ သင်္ကေတ၏ တောက်ပမှုသည် ပို၍ မြင့်တက်လာခဲ့သည်။
ထို့နောက်တွင် ကျန်းချန်သည် ချိုင့်ဝှမ်းထဲတွင် အချိန်အကြာကြီး မနေတော့ဘဲ ထွက်လာခဲ့ပြီး နောက်ထပ် ပစ်မှတ်ကို ရှာဖွေခဲ့သည်။
ကျန်းချန်က မဟာမြေရိုင်း တံဆိပ်ပြားများကို လုယူရန်အတွက် ပစ်မှတ်များကို ရှာဖွေရင်း ပိုင်လင်ရွှယ်ဖုန်း ပျားရည်များကို စားသုံးခဲ့သည်။
“...........”
“ဒင်.. သင်က ပိုင်လင်ရွှယ်ဖုန်းပျားရည် တစ်စက်ကို စားသုံးပြီး ဓားလမ်းစဥ်ရဲ့ ဓားကမ္ဘာစွမ်းအား အတွေ့အကြုံရမှတ် ၂၀၀၀၀၀၀ကို အဆ ၁၀၀ ရရှိပါတယ်”
“ဒင်.. သင်က ပိုင်လင်ရွှယ်ဖုန်းပျားရည် တစ်စက်ကို စားသုံးပြီး မီးလမ်းစဥ်ရဲ့ မီးကမ္ဘာစွမ်းအား အတွေ့အကြုံရမှတ် ၂၀၀၀၀၀၀ကို အဆ ၁၀၀ ရရှိပါတယ်”
ကျန်းချန်က ပိုင်လင်ရွှယ်ဖုန်း ပျားရည်ကို စားသုံးရင်း စနစ်၏ သတိပေးချက်များကို ဆက်တိုက်ဆိုသလို လက်ခံရရှိခဲ့သည်။
ပိုင်လင်ရွှယ်ဖုန်း ပျားရည် တစ်စက် သူ၏ ကိုယ်ထဲသို့ ရောက်ရှိသွားသည့် အချိန်တိုင်းတွင် ကမ္ဘာ့စွမ်းအား၇မျိုး၏ စွမ်းအားသည် များစွာ တိုးတက်လာခဲ့၏။
လက်ရှိအချိန်တွင် သူက မဟာကောင်းကင် နတ်ဘုရားအဆင့်ကို ရောက်ရှိနေသော်လည်း သူပိုင်ဆိုင်ထားသည့် ကမ္ဘာ့စွမ်းအား ၇မျိုးထဲတွင် မည်သည့် ကမ္ဘာ့စွမ်အားကမျှ ပြီးပြည့်စုံသော အဆင့်သို့ မရောက်ရှိသေးပေ။
ကမ္ဘာ့စွမ်းအားကို ပြီးပြည့်စုံသော အဆင့်ထိ ရောက်ရှိအောင်လုပ်ဆောင်ရန်မှာ အလွန်တရာ ခက်ခဲသော အလုပ် ဖြစ်သည်။
သူက အဆင့်တူအတွင်း ပြိုင်ဘက်များကို အလွယ်တကူ အနိုင်ယူနိုင်ခြင်းမှာ နှိုင်းယှဥ်၍မရအောင် အစွမ်းထက်သည့် နတ်ဘုရင်အဆင့် ကျင့်စဥ်ကို ကျင့်ကြံထား၍ ဖြစ်သည်။
အကယ်၍သာ သူကဲ့သို့ နတ်ဘုရင်အဆင့် နည်းစနစ်ကို ကျင့်ကြံထားသော ပါရမီရှင် တစ်ဦးနှင့် တွေ့ဆုံလျှင် ရင်ဆိုင်ရန် မလွယ်လောက်ဟု သူ ခံစားမိသည်။
ယခု ပိုင်လင်ရွှယ်ဖုန်း ပျားရည်သည် သူ၏ ကမ္ဘာ့စွမ်းအား ၇မျိုးကို ပြီးပြည့်စုံသော အဆင့်အထိ မရောက်ရှိလျှင်ပင် အဆင့်သစ် တစ်ခုသို့ သေချာပေါက် ရောက်ရှိစေလိမ့်မည်ဖြစ်၏။
သို့သော်လည်း ပိုင်လင်ရွှယ်ဖုန်း ပျားရည်သည် ကိုယ်ခံပညာလမ်းစဥ်၏ မူလစွမ်းအားကို နားလည်သဘောပေါက်ရာတွင် သက်ရောက်မှုမရှိပုံ ရ၏။
သို့မဟုတ်လျှင် အချိန်လမ်းစဥ် ဥပဒေသ၏ မူလစွမ်းအားကို ပြီးပြည့်စုံသော အဆင့်ထိ မြှင့်တင်ကာ ကမ္ဘာစွမ်းအား ၈မျိုးထိ ပိုင်ဆိုင်သည့် အထွတ်အထိပ် ကောင်းကင်နတ်ဘုရားပင် ဖြစ်လာနိုင်သည် မဟုတ်ပါလား။
အခန်း(၁၈၈၅)ပြီး၏။
အခန်း(၁၈၈၆)
ကျန်းချန်က ပစ်မှတ်များကို ရှာဖွေရင်း ပိုင်လင်ရွှယ်ဖုန်းပျားရည်ကို စားသောက်လိုက်ရာ လမ်းစဥ် ၇မျိုး၏ စွမ်းအားက ထိတ်လန့်ဖွယ် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။
“...........”
မသိလိုက် မသိဘာသာဖြင့်ပင် နေ့တစ်ဝက်သည် လျှပ်တစ်ပြက်အတွင်း ကုန်ဆုံးသွားခဲ့သည်။
“ဒင်.. သင်က ပိုင်လင်ရွှယ်ဖုန်း ပျားရည်တစ်စက်ကို စားသုံးပြီး ဓားလမ်းစဥ် အတွေ့အကြုံရမှတ် ၂၀၀၀၀၀၀ ကို အဆ ၁၀၀ ရရှိပါတယ်”
“ဒင်..သင်က ပိုင်လင်ရွှယ်ဖုန်းပျားရည်တစ်စက်ကို စားသုံးပြီး မီးလမ်းစဥ်ကမ္ဘာ့စွမ်းအားအတွေ့အကြုံရမှတ် ၂၀၀၀၀၀၀ ကို အဆ ၁၀၀ ရရှိပါတယ်”
ဤအချိန်တွင် ကျန်းချန်သည် ပိုင်လင်ရွှယ်ဖုန်း ပျားရည် တစ်ဝက်နီးပါးကို စားသုံးခဲ့ပြီးပြီ ဖြစ်၏။
သူ၏ ဓားလမ်းစဥ် ကမ္ဘာ့စွမ်းအားသည် ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိရန်အတွက် ခြေတစ်လှမ်းမျှသာ လိုအပ်တော့သည့် အနေအထားအထိ ရောက်ရှိလာခဲ့သည်။
အခြားသော လမ်းစဥ်၆မျိုး၏ ကမ္ဘာ့စွမ်းအားများသည်လည်း ပြီးပြည့်စုံသော အဆင့်နှင့် မဝေးတော့သည့် အခြေအနေသို့ ရောက်ရှိလာကြသည်။
“ဒီပိုင်လင်ရွှယ်ဖုန်း ပျားရည်က တကယ်ကို ဆန်းကြယ်တဲ့ ရတနာပဲ”
သူ၏ ကမ္ဘာ့စွမ်းအားများက ဆက်တိုက်ဆိုသလို တိုးတက်လာသည်ကို ခံစားမိလျှင် ကျန်းချန်သည် တုန်လှုပ်ချောက်ချားသွားခဲ့သည်။
သူသောက်သုံးခဲ့သည့် ပိုင်လင်ရွှယ်ဖုန်း ပျားရည်တစ်ဝက်ခန့်သည် ကောင်းကင်နတ်ဘုရား အများစု၏ နှစ်ရာချီ၊ထောင်ချီ ကျင့်ကြံမှုနှင့် ညီမျှ၏။
ဝမ်းနည်းစရာကောင်းသည်မှာ ပိုင်လင်ရွှယ်ဖုန်း ပျားရည်သည် အကန့်အသတ်သာ ရှိနေခြင်းပင်။
ဤကဲ့သို့ နောက်ထပ် ပုလင်းတစ်လုံးသာ ရရှိခဲ့လျှင် အဆ ၁၀၀ စနစ်၏ တိုးမြှင့်မှုအပေါ် မှီခို၍ သူ၏ ကမ္ဘာ့စွမ်းအား ၇မျိုးသည် ပြီးပြည့်စုံသော အဆင့်အထိ ရောက်ရှိသွားနိုင်ဖွယ်ရှိသည်။
မည်သို့ပင် ဖြစ်စေကာမူ သူ၏ လက်ရှိခွန်အားသည် နတ်ဘုရင်အဆင့် နည်းစနစ်ကို အားမကိုးလျှင်ပင် မဟာမြေရိုင်းနယ်မြေမှ အထွတ်အထိပ် ပါရမီရှင်အများစုထက် မနိမ့်ကျတော့ပေ။
မဟာမြေရိုင်း နယ်မြေ၏ ပါရမီရှင်များသည် တစ်သန်းတွင် တစ်ယောက်မျှသာ ရှိသော အထွတ်အထိပ် ပါရမီရှင်များ ဖြစ်ကြသည်။
ထိုအထဲမှ နတ်ဆိုးဆန်သော ပါရမီရှင်အချို့ ဆိုလျှင် ကောင်းကင်နတ်ဘုရား အဆင့်ကို ထိုးဖောက်လိုက်သည်နှင့် တတိယအဆင့် သို့မဟုတ် စတုတ္ထအဆင့်သို့ပင် တိုက်ရိုက်တက်လှမ်းနိုင်ခဲ့ကြသည်။
ကျင့်ကြံသူများသည် ကမ္ဘာ့စွမ်းအားများကို ပြီးပြည့်စုံသော အဆင့်အထိ ကျင့်ကြံလေ့မရှိပေ။
အကယ်၍ ကျင့်ကြံလျှင်ပင် ၎င်းတို့အားသာချက်ရှိသည့် ကမ္ဘာစွမ်းအားကိုသာ ပြီးပြည်စုံသော အဆင့်ထိ ကျင့်ကြံကြ၏။
ဥပမာအားဖြင့် အစောပိုင်းက သူနှင့် ရင်ဆိုင်ခဲ့သော လျှိုခွမ်းသည် ကိုယ်ခံပညာလမ်းစဥ် အားလုံး၏ ကမ္ဘာ့စွမ်းအားတွင် ဓားလမ်းစဥ် တစ်မျိုးတည်းကိုသာ ပြီးပြည့်စုံသောအဆင့် အထိ ကျင့်ကြံခဲ့သည်။
ကျန်ရှိသည့် ကိုယ်ခံပညာ လမ်းစဥ် ၅မျိုး၏ ကမ္ဘာ့စွမ်းအားများကမူ အလယ်အလတ် အဆင့်လောက်သာ ရှိ၏။
ကျန်းချန်က ခေါင်းကို ခါရမ်းလိုက်ပြီး ထိုအကြောင်းကို ဆက်မတွေးတော့ဘဲ ပတ်ဝန်းကျင်တွင် ပစ်မှတ်ကို ဆက်လက် ရှာဖွေခဲ့သည်။
မဟာမြေရိုင်းနတ်ဘုရင် ဖန်တီးထားသည့် လျှို့ဝှက်နယ်မြေသည် အဆုံးမဲ့ ကျယ်ပြောသော နယ်မြေ ဖြစ်၏။
ဤနေ့တစ်ဝက်အတွင်း ကျန်းချန်သည် အခြားဂိုဏ်းမှ ပါရမီရှင်တစ်ဦးနှင့်သာ ထပ်မံ ရင်ဆိုင်ခဲ့ရသည်။
ထိုကျင့်ကြံသူထံမှ မဟာမြေရိုင်းတံဆိပ်ပြားကို လုယူခဲ့ပြီးနောက်တွင် အခြားသူများကို မမြင်တွေ့ရတော့ပေ။
၂နာရီခန့် ကြာသွားပြီးနောက်တွင် မှောင်ရီပျိုးစ ပြုလာခဲ့သည်။
ကျန်းချန်က မဟာကောင်းကင် နတ်ဘုရားတစ်ပါး ဖြစ်သော်လည်း ဤလျှို့ဝှက်နယ်မြေထဲတွင် ညဘက်ကြီး လှုပ်ရှားရန် အစီအစဥ် မရှိခဲ့ပေ။
သူက တစ်ညတာ အနားယူရန်အတွက် နေရာရှာဖွန်ရန် ပြင်လိုက်ချိန်မှာပင် တစ်စုံတစ်ရာကို ခံစားခဲ့မိသည်။
ထို့နောက် ချက်ချင်းဆိုသလိုပင် သူက အာရုံခံစားမိသည့် နေရာသို့ လျှပ်တစ်ပြက် ထွက်ခွာသွားခဲ့သည်။
သိပ်မကြာမီမှာပင် ကျန်းချန်သည် မိုင်ရာချီ ကွာဝေးသောနေရာရှိ ကြီးမားသော သစ်ပင်ကြီး တစ်ပင်၏ သစ်ခေါင်းပေါက်ထဲတွင် ရွှေရောင်ဖျော့ဖျော့ အဝတ်အစားကို ဝတ်ဆင်ထားသည့် လူတစ်ယောက်က ဒဏ်ရာများ ကုသနေသည်ကို တွေ့လိုက်ရသည်။
“ဟန်ယွဲ့နန်းတော်က မိန်းကလေးက အတော် အစွမ်းထက်တာပဲ.. သူ့ရဲ့စွမ်းရည်နဲ့သာ ဆိုရင် မဟာမြေရိုင်း ပါရမီရှင်စာရင်းမှာ အနည်းဆုံး ထိပ်ဆုံး၃၀ ဒါမှမဟုတ် အဲဒီထက် ပိုမိုမြင့်မားတဲ့ နေရာကိုတောင် ရရှိနိုင်တယ်”
ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ကျင့်ကြံသူက သိပ်မကြာခင်က အဖြစ်အပျက်များကို ပြန်ပြောင်း တွေးနေခဲ့သည်။
တစ္ဆေဂိုဏ်းမှ ပါရမီရှင်နှစ်ဦးသာ ရောက်မလာခဲ့လျှင် ထိုမိန်းကလေး၏ လက်ထဲတွင် သေသွားလောက်ချေပြီ။
သူက မဟာမြေရိုင်း ပါရမီရှင်စာရင်းတွင် နောက်ဆုံးအဆင့် ဖြစ်သည့် အဆင့်၃၆ နေရာကို ရရှိထားသူ ဖြစ်သည်။
ဤသည်က နောက်ဆုံးအဆင့်သာ ဖြစ်သော်လည်း မဟာမြေရိုင်း ပါရမီရှင်စာရင်းထဲတွင် ပါဝင်နိုင်ခြင်းသည်ကပင် အထင်ကြီးစရာ ကောင်းနေခဲ့ပြီ မဟုတ်ပါလား။
သူ၏ လက်ရှိ ခွန်အားဖြင့်ဆိုလျှင် မဟာမြေရိုင်း ပါရမီရှင်စာရင်းတွင် ၈ဆင့် သို့မဟုတ် ၁၀ဆင့်အထိ တက်လှမ်းရန်မှာ ပြဿနာမရှိဟု သူ ထင်ခဲ့သည်။
သို့သော်လည်း ပထမနေ့မှာပင် မဟာမြေရိုင်း ပါရမီရှင် စာရင်းထဲမှ မဟုတ်သည့် ဟန်ယွဲ့နန်းတော်မှ မိန်းကလေး၏ လက်ချက်ဖြင့် ဒဏ်ရာ အပြင်းအထန် ရရှိသွားခဲ့သည်။
“တစ္ဆေဂိုဏ်းက ပါရမီရှင်နှစ်ဦးက ဒီအမျိုးသမီးနဲ့ တိုက်ခိုက်နေတာ ဘယ်လိုအခြေအနေရှိနေသလဲ မသိဘူး.. အဲဒီနေရာမှာ ရတနာတွေရှိမှာ သေချာတယ်.. အဲဒီကို ပြန်သွားပြီး အမြတ်ထုတ်လို့ရမလားဆိုတာ စောင့်ကြည့်ရမယ်”
ရွှေရောင်ဝတ်စုံဝတ်လူ၏ မျက်ဝန်းများက အနည်းငယ် လင်းလက်သွားခဲ့သည်။
သို့သော်လည်း ထိုအချိန်မှာပင် သူ့ထံသို့ အရှိန်အဝါ တစ်ခုက လျင်မြန်စွာ ချဥ်းကပ်လာသည်ကို ရုတ်တရက် ခံစားမိခဲ့၏။
“တစ်ယောက်ယောက် ငါ့ဆီကို လာနေပါလား”
သူ၏ အမူအရာက ပြောင်းလဲသွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် သစ်ခေါင်းပေါက်ကနေ ထွက်ရန် ပြင်လိုက်သည်။
သို့သော်လည်း သစ်ခေါင်းပေါက်ကနေ ထွက်ရန် ပြင်လိုက်သောအချိန်မှာပင် ရွှေရောင်လက်သီး အလင်းသည် သစ်ပင်ကြီး ထံသို့ သက်ရောက်လာခဲ့သည်။
“ဝုန်း..”
မြင့်မားသော သစ်ပင်အိုကြီးသည် ချက်ချင်းဆိုသလို အပိုင်းအစများ အဖြစ် ပြောင်းလဲသွားခဲ့သည်။
သစ်ခေါင်းပေါက်ထဲမှ ရွှေရောင်ဝတ်စုံဝတ် ကျင့်ကြံသူသည်လည်း ပေရာပေါင်းများစွာ နောက်ဆုတ်သွားခဲ့ရ၏။
သူက ဆန့်ကျင်ဘက်မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို မကျေမချမ်း ကြည့်လိုက်သည်။
သူ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် လူသတ်ငွေ့များ ထွက်ပေါ်နေခဲ့၏။
ရုတ်တရက် ရောက်ရှိလာသော အနက်ရောင်ဝတ်စုံဝတ် လူငယ်မှာ ကျန်းချန်ပင် ဖြစ်သည်။
ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်၍ ဟန်ပါပါ ရပ်နေရင်း ရွှေရောင်ဝတ်စုံဝတ် လူကို ကြည့်၍ ပေါ့ပါးစွာ ပြောလိုက်သည်။
“မသေချင်သေးဘူးဆိုရင် မင်းရဲ့ မဟာမြေရိုင်း တံဆိပ်ပြားကို လွှဲပေးလိုက်”
“ကောင်လေး.. မင်းဘိုးဘိုးရဲ့ မဟာမြေရိုင်း တံဆိပ်ပြားကို လွှဲခိုင်းရအောင် မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ”
ရွှေရောင်ဝတ်ရုံဝတ်လူက ရုတ်တရက် ဒေါသထွက်လာခဲ့သည်။
သိပ်မကြာခင်ကပင် သူက ဟန်ယွဲ့နန်းတော်မှ မိန်းကလေး၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။
ယခုအခါတွင်လည်း သူ၏ရှေ့မှ ကောင်လေးသည် မဟာမြေရိုင်း တံဆိပ်ပြားကို ပေးအပ်ရန် တောင်းဆိုနေခဲ့၏။
လျှို့ဝှက်နယ်မြေထဲကို ဝင်ရောက်လာသော ပါရမီရှင်များသည် လက်ခုပ်ထဲမှ ရေအဖြစ် သူ့ကို သဘေားထားနေကြပါသလော။
ကျန်းချန်က အပိုစကားများပြောရန် စိတ်မဝင်စားတော့ဘဲ ကြောက်မက်ဖွယ် လက်သီးချက် တစ်ချက်ကို ထုတ်ဖော်လိုက်သည်။
ထိုလက်သီးချက် တစ်ချက်ကိုမြင်လျှင် ရွှေရောင်ဝတ်ရုံဝတ် လူငယ်၏ စိတ်နှလုံးသည် အေးစက်သွားခဲ့သည်။
“မကောင်းတော့ဘူး”
ရွှေရောင်ဝတ်ရုံဝတ် လူက ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ကမ္ဘာ့စွမ်းအားကို ထုတ်ဖော်၍ ကျန်းချန်၏ လက်သီးချက်ကို ရင်ဆိုင်လိုက်သည်။
“ဝုန်း..”
သို့ရာတွင် သူ၏ လက်သီးချက်သည် ကျန်းချန်၏ လက်သီးချက် ခွန်အားကို မတားဆီးနိုင်ခဲ့ပေ။
သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး ပေရာပေါင်းများစွာအထိ လွင့်စင်သွားခဲ့သည်။
“မသတ်ပါနဲ့.. ငါ့ရဲ့မဟာမြေရိုင်း တံဆိပ်ပြားကို ပေးဖို့ ဆန္ဒရှိပါတယ်”
ရွှေရောင်ဝတ်ရုံဝတ်လူက မြေပြင်မှ ကုန်းထလာပြီးနောက်တွင် ကျန်းချန်ကို ထိတ်လန့်တကြား ပြောဆိုလိုက်သည်။
ကျန်းချန်က မဟာမြေရိုင်း တံဆိပ်ပြားကို လက်ခံရရှိပြီးနောက်တွင် ရွှေရောင်ဝတ်ရုံဝတ်လူကို လျစ်လျူရှုလိုက်ပြီး နောက်ထပ် ပစ်မှတ်ကို ရှာဖွေခဲ့၏။
“ငါက လျှို့ဝှက်နယ်မြေထဲကို ဝင်ရောက်လာတဲ့ ပါရမီရှင်တွေထဲမှာ အားအနည်းဆုံးများ ဖြစ်နေတာလား”
ထွက်ခွာသွားသော ကျန်းချန်၏ ကျောပြင်ကို ကြည့်ရင်း ရွှေရောင်ဝတ်ရုံဝတ်လူသည် သွေးအန်လုမတတ် စိတ်ဓာတ်ကျနေခဲ့သည်။
မကြာသေးမီကလည်း ဟန်ယွဲ့နန်းတော်မှ ယွဲ့ဝူရွှမ်း အမည်ရှိ မိန်းကလေးသည် သူ့ကို ဒဏ်ရာ အပြင်းအထန် ရရှိစေခဲ့သည်။
ယခုတစ်ခေါက်တွင်လည်း သူက ဤအမည်မသိ လူငယ်၏ တိုက်ကွက် တစ်ကွက်ကိုပင် ခံနိုင်ရည် မရှိခဲ့ပေ။
ယခုနှစ်၏ ပြိုင်ပွဲဝင်များသည် အဘယ်ကြောင့် ဤမျှလောက်အထိ အစွမ်းထက်နေရပါသနည်း။
မဟာမြေရိုင်း ပါရမီရှင် သိုင်းပြိုင်ပွဲ မစတင်မီက ဆိုလျှင် မဟာမြေရိုင်း ပါရမီရှင်စာရင်းတွင် အဆင့်တက်အောင် လုပ်ဆောင်နိုင်မည်ဟု သူ့ကိုယ်သူ ယုံကြည်ခဲ့၏။
သို့သော် ယခုအခါတွင် ရွှေရောင်ဝတ်ရုံဝတ်လူသည် သူ့ကိုယ်သူ ယုံကြည်မှု မရှိတော့ပေ။
ယခုနှစ်၏ ပြိုင်ပွဲဝင်အားလုံးသား ထိုကဲ့သို့ နတ်ဆိုးဆန်သောပါရမီရှင်များ ဖြစ်နေခဲ့လျှင် သူ့အနေဖြင့် အဆင့်တက်အောင် မလုပ်နိုင်ရုံသာမက မဟာမြေရိုင်း ပါရမီရှင်စာရင်းထဲကပင် ဖယ်ထုတ်ခံရနိုင်ခြေ ရှိသည်။
“ဒီတစ်ကြိမ် ပြိုင်ပွဲဝင်တွေက အရမ်းကို အစွမ်းထက်လွန်းတယ်.. တံဆိပ်ပြားတစ်ခုကို လုယူပြီး ပုန်းဖို့ နေရာရှာမှ ဖြစ်တော့မယ်.. ဒါက ငါ့အတွက် မဟာမြေရိုင်း ပါရမီရှင် စာရင်းထဲကနေ ဖယ်ထုတ်မခံရဖို့ တစ်ခုတည်းသော နည်းလမ်းပဲ”
ရွှေရောင်ဝတ်ရုံဝတ်လူက တိတ်တဆိတ် ရေရွတ်လိုက်ပြီးနောက်တွင် သစ်တောထဲသို့ တိုးဝင်ကာ ပျောက်ကွယ်သွားခဲ့သည်။
အခန်း(၁၈၈၆)ပြီး၏။