အခန်း (၁၈၈၇+၁၈၈၈)
Vol. 129 Ch. 1887+1888
အခန်း(၁၈၈၇)
ညည့်နက်လာသည်နှင့်အမျှ လဝန်းသည် ကောင်းကင်ယံတွင် ထွက်ပေါ်လာခဲ့သည်။
လရောင်က လျှို့ဝှက်နယ်မြေ တစ်ခုလုံးကို ဖြန့်ကျက်နေခဲ့၏။
လရောင်လွှမ်းသော ညအောက်တွင် အေးစက်သော လေထုများနှင့် ပြည့်နှက်နေသော ချိုင့်ဝှမ်းတစ်ခု ထဲတွင် တိုက်ခိုက်သံများဖြင့် ဆူညံနေခဲ့သည်။
ပုံရိပ်သုံးခုက လေထုထဲတွင် အကြိတ်အနယ် တိုက်ခိုက်နေကြပြီး ကြောက်မက်ဖွယ် အဖျက်စွမ်းအင် မုန်တိုင်းများသည်လည်း ပတ်ဝန်းကျင်တွင် တိုက်ခတ်နေခဲ့သည်။
ထိုသုံးဦးထဲတွင် တစ်ဦးမှာ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ရုပ်ရည်ချောမောသော အမျိုးသမီးတစ်ဦးဖြစ်သည်။
တောက်ပသော လရောင်နှင့် ပေါင်းစပ်ကာ သူမ၏ အလှက ပို၍ပင် ထင်ရှားနေခဲ့၏။
ထိုအမျိုးသမီးသည် ဟန်ယွဲ့နန်းတော်မှ ယွဲ့ဝူရွှမ်းပင်ဖြစ်သည်။
ယွဲ့ဝူရွှမ်းက သူမ၏ ကျောက်စိမ်းကဲ့သို့ လှပသော လက်ဖဝါးကို အသာအယာ ဝှေ့ယမ်းလိုက်ရာ သူမ၏ နတ်စွမ်းအားသည် တောက်ပသော လတစ်စင်း အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ယွဲ့ဝူရွှမ်းနှင့် ဆန့်ကျင်ဘက်တွင် အနက်ရောင်ပုံရိပ် နှစ်ခုရှိ၏။
ထိုနှစ်ဦးမှာ တစ္ဆေဂိုဏ်း၏ တပည့်နှစ်ဦး ဖြစ်သည့် ရှို့ဟိုင်နှင့် တစ္ဆေဂိုဏ်း၏ နံပါတ်(၁)ပါရမီရှင် ဖြစ်သူ ယိုစစ်မင်တို့ဖြစ်သည်။
သူတို့နှစ်ဦးက သူတို့ဆီသို့ ဦးတည်လာသည့် တောက်ပသောလကို ရင်ဆိုင်ရန် အတွက် လက်ဝါးရိုက်ချက်များကို တစ်ပြိုင်နက်တည်း ထုတ်ဖော်လိုက်ရာ အနက်ရောင်စွမ်းအားများသည် ချက်ချင်းဆိုသလို ပေါက်ကွဲထွက်လာခဲ့သည်။
“ဝုန်း..”
ထိပ်တိုက်ရင်ဆိုင်မှုအတွင်း ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာပြီးနောက်တွင် ယိုစစ်မင်နှင့် ရှို့ဟိုင် တို့သည် နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ရသည်။
“စီနီယာအစ်ကို.. ဒီဟန်ယွဲ့နန်းတော်က အမျိုးသမီးရဲ့ ခွန်အားက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် သန်မာနေရတာလဲ”
ရှို့ဟိုင်၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့သြထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ပြိုင်ပွဲမစမီက ဟန်ယွဲ့နန်းတော်မှ ပါရမီရှင်များကို သူတို့ အကဲခတ်ခဲ့ကြသည်။
ဟန်ယွဲ့နန်းတော်အဖွဲ့တွင် ကုန်းလင်မှလွဲ၍ အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးသာလျှင် သတိထားရလိမ့်မည်ဟု မူလက သူတို့ ထင်မှတ်ခဲ့ကြသည်။
သို့သော်လည်း သူတို့ လုံးဝ အရေးမလုပ်ခဲ့သော ယွဲ့ဝူရွှမ်းသည် မထင်မှတ်ထားလောက်အောင်ပင် သန်မာသောခွန်အားကို ပိုင်ဆိုင်နေခဲ့၏။
ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့် အထွတ်အထိပ် ကျင့်ကြံသူဖြစ်သည့် သူကိုယ်တိုင် အပြင် မဟာမြေရိုင်းပါရမီရှင်စာရင်းတွင် အဆင့်၂၇နေရာ၌ ရပ်တည်နိုင်ခဲ့သည့် ယိုစစ်မင်တို့ပူးပေါင်းခဲ့သည့်တိုင် ယွဲ့ဝူရွှမ်းကို အချိန်တိုအတွင်း အနိုင်မယူနိုင် ဖြစ်နေခဲ့သည်။
“ဒီအမျိုးသမီးမှာ အထူးခန္ဓာကိုယ်ရှိတယ်.. အချိန်မဆွဲဘဲ မြန်မြန်တိုက်မှ ဖြစ်လိမ့်မယ်”
ယိုစစ်မင်က အလေးအနက် သတိပေးလိုက်သည်။
ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူ ဖြစ်သည့်အပြင် ဝိညာဥ်လမ်းစဥ်တွင် အတော်လေး ပေါက်မြောက်အောင်မြင်ထားသော ယိုစစ်မင်သည် ယွဲ့ဝူရွှမ်း၏ ထူးဆန်းမှုကို ခံစားမိခဲ့သည်။
သူတို့ ပထမဆုံး စတိုက်စဥ်တွင် ယွဲ့ဝူရွှမ်း၏ ခွန်အားသည် ရှို့ဟိုင်၏ ခွန်အားနှင့် အတူတူ နီးပါးလောက်သာ ရှိသည်။
သို့သော်လည်း ညည့်နက်လာသည်နှင့်အမျှ လရောင်က ပို၍ တောက်ပလာပြီး ယွဲ့ဝူရွှမ်း၏ တိုက်ခိုက်ရေးစွမ်းအားသည်လည်း ပို၍ပင် အားကောင်းလာခဲ့သည်။
ယခုအခါတွင် ထိုအမျိုးသမီးသည် သူတို့နှစ်ဦးစလုံးကိုပင် နှစ်ယောက်တစ်ယောက် ရင်ဆိုင်နိုင်နေပြီ ဖြစ်၏။
ဆက်လက် အချိန်ဆွဲနေမည်ဆိုလျှင် မတော်တဆ ဖြစ်ရပ်များပင် ဖြစ်လာနိုင်ဖွယ်ရှိသည်။
သူက မဟာမြေရိုင်းပါရမီရှင်စာရင်းတွင် အဆင့်၂၆နေရာ၌ ရပ်တည်ခဲ့သူဖြစ်သည်။
ယွဲ့ဝူရွှမ်းလို မထင်မရှား ပါရမီရှင်တစ်ဦးကိုသာ ရင်မဆိုင်နိုင်လျှင် ထိုသတင်းပြန့်သွားပါက အများဟားတိုက်စရာ ဖြစ်နေလိမ့်မည်မဟုတ်ပါလော။
ထိုသို့ တွေးမိသည်နှင့် ယိုစစ်မင်သည် သူ၏ နတ်ခန္ဓာပုံရိပ်ကို ထုတ်ဖော်လိုက်ရာ ကျောဘက်တွင် ရှေးဟောင်းသားရဲတစ်ကောင်၏ ပုံရိပ် ထွက်ပေါ်လာခဲ့သည်။
ထိုသားရဲ၏ ပုံသဏ္ဌာန်က ကြောက်မက်ဖွယ်ရာကောင်းလွန်းပြီး သာမန်လူများအနေဖြင့် တစ်ချက်ကြည့်ရုံဖြင့်ပင် ဝိညာဥ်လွင့်မတတ် ဖြစ်စေလောက်၏။
ထိုအချိန်တွင် လေထုတစ်နေရာတွင် တိုက်ပွဲကို စောင့်ကြည့်နေသော ကျန်းချန်၏ မျက်ဝန်းထဲ၌ အံ့သြတုန်လှုပ်သောအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ယွဲ့ဝူရွှမ်း၏ ခွန်အားနှင့်ပတ်သက်၍ လျှို့ဝှက်ဆန်းကြယ်သည်ဟု အမြဲတစေ သူခံစားခဲ့ရသည်။
သို့ရာတွင် ကျန်းချန်သည် ယွဲ့ဝူရွှမ်း၏ခွန်အားက ဤမျှလောက်အထိ သန်မာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူမနှင့် ရင်ဆိုင်နေသော တစ္ဆေဂိုဏ်းမှ ပါရမီရှင်နှစ်ဦးတွင် တစ်ဦးမှာ မဟာမြေရိုင်း ပါရမီရှင်စာရင်း၏ အဆင့်၂၆နေရာတွင် ရပ်တည်နေသော ယိုစစ်မင်ဖြစ်သည်။
သို့တိုင် ယွဲ့ဝူရွှမ်းသည် အသာစီးကနေ တိုက်ခိုက်နိုင်ခဲ့သည်။
ယွဲ့ဝူရွှမ်း၏ တိုက်ခိုက်ရေးစွမ်းအားက အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း တိုးမြှင့်လာသည်ကို ကျန်းချန် ခပ်ရေးရေး ခံစားမိခဲ့၏။
ယွဲ့ဝူရွှမ်း၏ တိုက်ခိုက်ရေးစွမ်းရည်သည် ဟန်ယွဲ့နန်းတော်၏ နံပါတ်(၁)ပါရမီရှင်ဟု ဆိုကြသည့် ကုန်းလင်ထက်ပင် ပိုမိုအားကောင်းနေခဲ့၍ ကျန်းချန် တစ်ခဏမျှ မှင်တက်သွားသည်။
ကျန်းချန်ကို ပို၍ပင် တုန်လှုပ်စေခဲ့သည်မှာ ယွဲ့ဝူရွှမ်း၏ ကျင့်ကြံခြင်းအဆင့်သည် ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့်တွင်သာ ရှိသေးခြင်းဖြစ်၏။
ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့်ဖြင့် ထိုမျှအစွမ်းထက်သော တိုက်ခိုက်ရေးစွမ်းအားကို ထုတ်ဖော်နိုင်ခြင်းကြောင့် သူကိုယ်တိုင်ပင်လျှင် ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့်တွင် ရှိနေခဲ့ပါက ယွဲ့ဝူရွှမ်းကို အနိုင်ရရန် ခက်ခဲလိမ့်မည် ဖြစ်၏။
ကျန်းချန်က ယွဲ့ဝူရွှမ်းကို အံ့အားသင့်စွာဖြင့် စိုက်ကြည့်နေခဲ့သည်။
အဆုံးသတ်တွင် ကျန်းချန်သည် ယွဲ့ဝူရွှမ်း၏ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိခဲ့သည်။
ကောင်းကင်ယံမှ ကျဆင်းလာသော လရောင်သည် ယွဲ့ဝူရွှမ်း၏ ခန္ဓာကိုယ်ကို ထိတွေ့မိသည်နှင့် ယွဲ့ဝူရွှမ်းက ထူးဆန်းသော အရှိန်အဟုန်ဖြင့် စုပ်ယူလိုက်သည်ကို သူမြင်လိုက်ရသည်။
ဆိုရလျှင် ယွဲ့ဝူရွှမ်းသည် လ၏ အဆီအနှစ်ကို စုပ်ယူလိုက်ခြင်းကြောင့် ပို၍ အားကောင်းလာခဲ့ခြင်းပင်။
“ဒါက ဒဏ္ဍာရီလာ လနတ်ဧကရီ ခန္ဓာကိုယ်များလား”
ထိုမြင်ကွင်းကိုမြင်လျှင် ကျန်းချန်၏ မျက်ဝန်းများတွင် အံ့သြတုန်လှုပ်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
လနတ်ဧကရီ ခန္ဓာကိုယ်သည် မုန့်ချင်းရွှယ်၏ လနတ်ကြမ္မာခန္ဓာကိုယ် ကဲ့သို့ပင် အစွမ်းထက်သော အထူးခန္ဓာ အမျိုးအစား ဖြစ်သည်။
သို့သော်လည်း လနတ်ဧကရီခန္ဓာကိုယ်သည် လနတ်ကြမ္မာခန္ဓာကိုယ်ထက် ပိုမိုရှားပါးသော ခန္ဓာကိုယ် ဖြစ်၏။
လနတ်ဧကရီခန္ဓာကိုယ်သည် ကျင့်ကြံရန်အတွက် လ၏ အဆီအနှစ်ကို စုပ်ယူနိုင်ရုံသာမက လရောင်ရှိသော နေရာတွင် တိုက်ခိုက်ခြင်းဖြင့် လရိပ်စွမ်းအားကို စုပ်ယူကာ တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်နိုင်သည်ဟု ဆိုကြ၏။
ထို့ကြောင့် ယွဲ့ဝူရွှမ်း၏ ခန္ဓာကိုယ်သည် လနတ်ဧကရီခန္ဓာကိုယ် ဆိုသည်မှာ သေချာသလောက်ပင်။
ကျန်းချန် အံ့အားသင့်နေသောအချိန်တွင် ယိုစစ်မင်၏ ကျောဘက်တွင် စုစည်းထားသော ရှေးဟောင်းသားရဲပုံရိပ်၌ ပါဝင်သော ဖိအားသည် ပို၍ပင် ကြောက်မက်ဖွယ်ရာကောင်းလာခဲ့သည်။
ထိုအချင်းအရာကိုမြင်လျှင် ကျန်းချန်၏ မျက်ဝန်းများသည် အနည်းငယ်ကျဥ်းမြောင်းသွားခဲ့သည်။
ယိုစစ်မင်သည် ယွဲ့ဝူရွှမ်း၏ ရုပ်ပိုင်းဆိုင်ရာ ထူးခြားချက်ကို သတိပြုမိသွားပုံရပြီး ယွဲ့ဝူရွှမ်းနှင့် တိုက်ပွဲကို ခပ်မြန်မြန် ဖြတ်ရန် ဆုံးဖြတ်ထားပုံရ၏။
မည်သို့ပင် ဆိုစေကာမူ ယွဲ့ဝူရွှမ်းသည် ကောင်းကင်နတ်ဘုရားပဉ္စမအဆင့်တွင်သာ ရှိနေသေးသည်။
လ၏ အဆီအနှစ်တချို့ကို စုပ်ယူပြီး တိုက်ခိုက်ရေးစွမ်းအားကို များစွာ တိုးမြှင့်နိုင်ခဲ့သော်လည်း ယိုစစ်မင်၏ အစွမ်းကုန်တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရလျှင် ရပ်တန့်ရန် ခက်ခဲမည်ကို ကျန်းချန်စိုးရိမ်မိသည်။
ထို့ကြောင့် ကျန်းချန်က တုံ့ဆိုင်းမနေတော့ဘဲ ယွဲ့ဝူရွှမ်းကို ကူညီရန် ဆုံးဖြတ်လိုက်သည်။
ယိုစစ်မင် ထုတ်ဖော်ထားသည့် ရှေးဟောင်း သားရဲပုံရိပ်၏ စိတ်ဝိညာဥ်ကို ဖိအားပေးမှုက ပို၍ပင် အားကောင်းလာသည်နှင့် အမျှ ယွဲ့ဝူရွှမ်း၏ လှပသောမျက်နှာလေးသည် တဖြည်းဖြည်းပို၍ လေးနက်လာခဲ့သည်။
“ယွဲ့ဝူရွှမ်း.. မင်းဆီမှာ ထူးဆန်းတဲ့ ရုပ်ခန္ဓာရှိပေမဲ့လည်း ငါနဲ့ယှဥ်ပြိုင်ဖို့တော့ အနည်းငယ် လိုပါသေးတယ်”
ယိုစစ်မင်က ယွဲ့ဝူရွှမ်းကို မထီမဲ့မြင် ကြည့်ကာ ပြောလိုက်သည်။
ထိုစကားကိုကြားလျှင် ယွဲ့ဝူရွှမ်း၏ အေးစက်လှပသော မျက်ဝန်းလေးက လင်းလက်သွားခဲ့ပြီး အားကောင်းသော အရှိန်အဝါ တစ်ခုသည် သူမ၏ ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာခဲ့သည်။
သူမ၏ နဖူးပေါ်တွင်လည်း လခြမ်းသဏ္ဌာန် သင်္ကေတတစ်ခုသည် ရုတ်ခြည်းဆိုသလို ထွက်ပေါ်လာခဲ့သည်။
သို့သော် ထိုအချိန်မှာပင် သူမက တစ်စုံတစ်ရာကို အာရုံခံစားမိလိုက်ပြီး သူမ၏ စွမ်းအားများကို ပြန်လည် ရုတ်သိမ်းလိုက်သည်။
သူမက လေထုတစ်နေရာ ဆီသို့ လှမ်းကြည့်လိုက်ရာ သူမနှင့်ရင်းနှီးကျွမ်းဝင်သော ပုံရိပ်တစ်ခုသည် သူမထံသို့ လျှောက်လာသည်ကို တွေ့လိုက်ရသည်။
ချက်ချင်းဆိုသလိုပင် လှောင်ပြောင် ရေရွတ်လိုက်သော အသံတစ်သံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့၏။
“ယိုစစ်မင် ငါက မင်းတို့တစ္ဆေဂိုဏ်းကို ပြဿနာ မရှာချင်ပေမဲ့ မင်းက ငါတို့ ဟန်ယွဲ့နန်းတော်က လူကို လာထိရဲမယ်လို့ မမျှော်လင့်ထားခဲ့ဘူး.. မင်းကို ကြည့်ရတာ အသက်ရှင်ရတာကို ငြီးငွေ့နေပြီ ထင်တယ်”
လေထဲတွင် လျှောက်လှမ်းလာသော ကျန်းချန်ကို ကြည့်ကာ ယိုစစ်မင်၏ မျက်ဝန်းများသည် ရုတ်တရက် လေးနက်သွားခဲ့သည်။
“လက်စသတ်တော့ မင်းဖြစ်နေတာကိုး”
ယိုစစ်မင်က ကျန်းချန်ကို သတ်ဖြတ်လိုသော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
“ငါမင်းကို ရှာဖို့ စီစဥ်ထားပေမဲ့ မင်းက ငါ့ဆီကို ကိုယ့်ဘာသာကိုယ် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး ဒီလိုဆိုမှတော့ မင်းနဲ့ ငါ့ရဲ့ကြားက ရန်ကြွေးကို ရှင်းလိုက်ကြစို့”
အခန်း(၁၈၈၇)ပြီး၏။
အခန်း(၁၈၈၈)
ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် မှေးကျဥ်းသွားခဲ့သည်။
“မင်းနဲ့ငါ့ရဲ့ကြားမှာ ဘာရန်ကြွေးရှိလို့လဲ”
“မင်း ငါ့ရှေ့မှာ ဟန်ဆောင်မနေနဲ့.. လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ငါဦးလေး ယိုထျန်းခွေ့ ကျဆုံးသွားခဲ့တယ်.. အဲဒီအချိန်က သူ့ရဲ့ ဝိညာဥ် ကဗ္ဗျည်းတိုင်ကနေ ငါခံစားမိတဲ့ အရှိန်အဝါက မင်းနဲ့ ထပ်တူနီးပါးပဲ”
ယိုစစ်မင်က ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်၍ ပြောလိုက်သည်။
“ငါခန့်မှန်းတာ မမှားရင် ငါ့ဦးလေးရဲ့ကျဆုံးမှုက မင်းနဲ့ လုံးဝကို ပတ်သက်နေရမယ်”
“တစ္ဆေဂိုဏ်းက ဝိညာဥ်လမ်းစဥ်ကို အထူးပြုတဲ့ နယ်မြေနတ်ဘုရားဂိုဏ်းလို့ မပြောရဘူး.. တကယ်ကို ထူးခြားဆန်းကြယ်တာပဲ”
ကျန်းချန်က ထီမထင်ဟန်ဖြင့် ပြုံးကာ ပြောလိုက်သည်။
“ဟုတ်တယ် မင်းရဲ့ဦးလေး ယိုထျန်းခွေ့ကို ငါသတ်လိုက်တာပဲ”
“တကယ်ပဲ မင်းဖြစ်နေတာကိုး”
ကျန်းချန်၏ စကားကိုကြားလျှင် ယိုစစ်မင်၏ ခန္ဓာကိုယ်ကနေ လူသတ်ငွေ့များ ထွက်ပေါ်လာခဲ့သည်။
“ဒီနေ့ မင်းအသက်ကိုယူပြီး ကောင်းကင်ပေါ်က ငါ့ဦးလေးရဲ့ ဝိညာဥ်ကို ပူဇော်မယ်”
“ဝုန်း..”
ယိုစစ်မင်၏ စကားသံ အဆုံးသတ်သည်နှင့် သူ၏ ကျောဘက်ရှိ ရှေးဟောင်းသားရဲ ပုံရိပ်သည် လျင်မြန်စွာ ကျယ်ပြန့်လာခဲ့ပြီး အမြင့်ပေ ၁၀၀၀ အထိ ရောက်ရှိသွားခဲ့ကာ အနက်ရောင်နတ်ဆိုးစွမ်းအင်များ ဖုံးလွှမ်းနေသည့် ရှေးဟောင်းသားရဲကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထိုရှေးဟောင်းသားရဲကြီး၏ အကြည့်သည် စိတ်ဝိညာဥ်ကိုပင် တိုက်ရိုက် ထိုးဖောက်တော့မည့် အလား ဖြစ်နေခဲ့၏။
“ဝိညာဥ်စားသုံးသူ.. သတ်စမ်း”
ယိုစစ်မင်က နှာခေါင်းရှုံ့ကာ အေးစက်စက် ရေရွတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် ရှေးဟောင်းသားရဲကြီး၏ မျက်ဝန်းကနေ ကြောက်မက်ဖွယ်ရာကောင်းသော အနက်ရောင် အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။
သာမန် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူ တစ်ယောက်သည် ထိုအနက်ရောင်အလင်းတန်းကို မြင်ရုံဖြင့် ဝိညာဥ်ကို မျိုချခံတော့မည့် ခံစားချက်မျိုးအား ခံစားရမည် ဖြစ်၏။
ယိုစစ်မင်က ကျန်းချန်ကို စွမ်းအားအပြည့်အဝ ထုတ်ဖော်ကာ တိုက်ခိုက်နေသည်ကို မြင်လျှင် ယွဲ့ဝူရွှမ်း၏ လှပသော မျက်လုံးလေးတွင် ဂရုဏာသက်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
တစ္ဆေဂိုဏ်း၏ နံပါတ်(၁) ပါရမီရှင် ဖြစ်ပြီး မဟာမြေရိုင်း ပါရမီရှင်စာရင်းတွင် အဆင့်၂၆ နေရာကို ရရှိထားသည့် ယိုစစ်မင်က အမှန်တကယ်ပင် အလွန်တရာ သန်မာသူဖြစ်သည်။
ထိုသို့သော ပုဂ္ဂိုလ်မျိုးသည် မဟာမြေရိုင်း ပါရမီရှင်စာရင်း၏ ထိပ်ဆုံး၁၀ဦး နေရာအတွက် ယှဥ်ပြိုင်ရန်ပင် ပြဿနာမရှိပေ။
သို့သော်လည်း ယိုစစ်မင်သည် ကျန်းချန်ကို စတင် တိုက်ခိုက်ရန် ရွေးချယ်ခဲ့သည်။
နယ်မြေနတ်ဘုရားများနှင့်ပင် ယှဥ်နိုင်သော မဟာကောင်းကင် နတ်ဘုရားကို စိန်ခေါ်ခြင်းသည် ကိုယ့်သေတွင်း ကိုယ်တူးသည်နှင့် မည်ကဲ့သို့ ကွာခြားပါမည်နည်း။
“မဟာမြေရိုင်းနယ်မြေရဲ့ အထွတ်အထိပ် ပါရမီရှင်တစ်ဦး ဖြစ်ဖို့ ထိုက်တန်ပါပေတယ်.. ယိုစစ်မင်ရဲ့ နတ်ခန္ဓာပုံရိပ်က တကယ်ကို ထူးခြားတာပဲ”
ကျန်းချန်က ယိုစစ်မင်၏ နတ်ခန္ဓာပုံရိပ်ကို တအံ့တသြ ကြည့်ကာ စိတ်ထဲတွင် ချီးကျူးလိုက်သည်။
ထို့နောက်တွင် သူက လက်ချောင်းကို အသာအယာ ဆန့်ထုတ်ကာ ကောင်းကင်ကနေ ဆင်းသက်လာသော အနက်ရောင်အလင်းတန်းအား ချိန်ရွယ်လိုက်၏။
ကျန်းချန်က လက်ချောင်းကို အသာအယာ လှုပ်ရှားလိုက်ရုံသာ ဖြစ်ပြီး ထိုလှုပ်ရှားမှုတွင် မည်သည့် အရှိန်အဝါမျှ ရှိမနေခဲ့ဘဲ အလွန်တရာ ရိုးစင်းပုံ ပေါ်နေခဲ့သည်။
ကျန်းချန်က လက်ချောင်းဖြင့် ချိန်ရွယ်လိုက်သော်လည်း ရေတံခွန်ကဲ့သို့ စီးကျလာသော အနက်ရောင် အလင်းတန်းသည် အနည်းငယ်မျှပင် အပြောင်းအလဲ မရှိခဲ့ဘဲ ကျန်းချန်ဆီသို့ ဆက်လက် ဆင်းသက်လာခဲ့၏။
သူ၏ရှေ့မှ မြင်ကွင်းကို မြင်လျှင် ယိုစစ်မင်၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“ကျန်းချန်.. မင်းရဲ့အစွမ်းအစလောက်နဲ့ ငါ့ရဲ့ဝိညာဥ်စားသုံးသူကို ရင်ဆိုင်နိုင်မယ် ထင်နေတာလား.. သွားသေလိုက်တော့”
သို့သော်လည်း ထိုအချိန်မှာပင် ကောင်းကင်ယံတွင် ကျယ်လောင်သော ဓားခွင်းသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ရေတံခွန်ကဲ့သို့ စီးကျလာသော အနက်ရောင် အလင်းတန်းထဲတွင် အရောင်အသွေး စုံလင်သော ဓားအလင်းတစ်ခု ရှိနေသည်ကို ယိုစစ်မင် တွေ့လိုက်ရ၏။
ထိုဓားအလင်းသည် စတင် ပေါ်ပေါက်လာစဥ်က တစ်ပေခန့်သာ ရှိသော်လည်း တဖြည်းဖြည်းနှင့် ပို၍ တောက်ပလာခဲ့ပြီး အဆုံးသတ်တွင် ကြောက်မက်ဖွယ်ရာ အတိုင်းအတာ အထိ ကျယ်ပြန့်လာခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အရောင်အသွေး စုံလင်သော ဓားအလင်းသည် နတ်အလင်းတန်းကို ထိုးခွဲကာ အထက်သို့ တက်သွားခဲ့ပြီး ကောင်းကင်ယံရှိ ရှေးဟောင်းသားရဲကြီးကို ထိမှန်သွားခဲ့သည်။
“ဝုန်း..”
ရှေးဟောင်းသားရဲကြီးသည် မည်သည့် ခုခံမှုကိုမှ မပြုလုပ်နိုင်ခဲ့ဘဲ အရောင်အသွေး စုံလင်သော ဓားအလင်းဖြင့် ထိုးဖောက်ခံလိုက်ရပြီး အဆုံးသတ်တွင် “ဝုန်း”ဟူသော အသံနှင့်အတူ လေထုထဲတွင် ပေါက်ကွဲထွက်သွားခဲ့၏။
သူ၏ နတ်ခန္ဓာပုံရိပ်က ကျန်းချန်၏ ဓားချက် တစ်ချက်တည်းဖြင့် ပျက်စီးသွားပြီးနောက်တွင် ယိုစစ်မင်၏ တစ်ကိုယ်လုံးသည်လည်း ပေထောင်ပေါင်း များစွာ အကွာအဝေးထိ နောက်ပြန် လွင့်စင်သွားခဲ့သည်။
“ဝေါ့..”
သူ၏ ပါးစပ်ကနေလည်း သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။
“ကမ္ဘာ့စွမ်းအား ၇မျိုးရဲ့ စွမ်းအားပါလား.. မင်းက မဟာကောင်းကင် နတ်ဘုရား ဖြစ်နေတာလား.. ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ခန္ဓာကိုယ်ဟန်ချက်ကို ခက်ခက်ခဲခဲ ထိန်းချုပ်လိုက်ပြီးနောက်တွင် ယိုစစ်မင်၏ မယုံကြည်နိုင်သော အော်ဟစ်သံက ပတ်ဝန်းကျင်တွင် ပျံ့လွင့်သွားခဲ့သည်။
ထိုကောင်လေးသည် ကမ္ဘာ့စွမ်းအား ၇မျိုး၏ စွမ်းအားကို ပိုင်ဆိုင်သော မဟာကောင်းကင် နတ်ဘုရားတစ်ပါး ဖြစ်နေခဲ့၏။
ယိုစစ်မင်၏ အဖော်ဖြစ်သည့် ရှို့ဟိုင်ကလည်း ဤအချိန်တွင် ထိတ်လန့် တုန်လှုပ်နေခဲ့ပြီး သူ့မျက်လုံးကိုပင် မယုံကြည်နိုင်လုနီးပါး ဖြစ်နေခဲ့သည်။
မဟာကောင်းကင် နတ်ဘုရားအဆင့် ဆိုသည်မှာ ကောင်းကင်နတ်ဘုရားအဆင့်၏ ကန့်သတ်ချက်ကို ချိုးဖျက်သွားသောအဆင့် ဖြစ်သည်။
သိထားရမည့်အချက်မှာ မဟာမြေရိုင်းနာမည်၏ တစ်ခုတည်းသော နတ်ဘုရင်အဆင့် အင်အားစု ဖြစ်သည့် မဟာမြေရိုင်းနတ်ဂိုဏ်းတွင် ကျင့်ကြံသူ သန်းပေါင်းများစွာ ရှိသည်။
သို့သော် ထိုမျှ များပြားသော ကျင့်ကြံသူများထဲမှာပင် နှစ်တစ်ထောင်တွင် တစ်ကြိမ်လောက်သာ မဟာကောင်းကင်နတ်ဘုရား နှစ်ပါး သို့မဟုတ် သုံးပါးခန့် ထွက်ပေါ်လာကြသည်။
ထိုသို့ ကောင်းကင်ကိုပင် ဆန့်ကျင်နေသည့် နတ်ဆိုးဆန်သည့် ပါရမီရှင်များသည် အများအားဖြင့် မဟာမြေရိုင်းနတ်ဂိုဏ်းတွင်သာ ပေါ်ပေါက်တတ်သည်။
ထို့ကြောင့်လည်း ဟန်ယွဲ့နန်းတော်ကဲ့သို့ အဖွဲ့အစည်းမှ ကျန်းချန်က ကောင်းကင်နတ်ဘုရား အဆင့်၏ ကန့်သတ်ချက်ကို ချိုးဖျက်ကာ မဟာကောင်းကင် နတ်ဘုရားတစ်ပါး ဖြစ်နေလိမ့်မည်ဟု ယိုစစ်မင် လုံးဝ မျှော်လင့်မထားခဲ့ပေ။
ဤအချိန်တွင် ယိုစစ်မင်သည် ကျန်းချန်ကို ပထမဆုံးအကြိမ် မြင်တွေ့ရချိန်က ကျန်းချန်၏ အရှိန်အဝါက အလွန်တရာ ထူးဆန်းနေသည်ဟု အဘယ်ကြောင့် ခံစားရသည်ကို အဆုံးသတ်တွင် နားလည်ထားခဲ့သည်။
ထိုစဥ်က သူတို့၏ ခေါင်းဆောင်ဖြစ်သည့် အရှင်ဝိညာဥ်နက်ပင် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်ကို နားမလည်နိုင် ဖြစ်ခဲ့သည် မဟုတ်ပါလော။
တကယ်တမ်းတွင် ယင်းမှာ ကျန်းချန်၏ ကိုယ်ပေါ်တွင် အရှိန်အဝါကို ဖုံးကွယ်ထားသည့် မှော်ရတနာရှိ၍ မဟုတ်ဘဲ ကျန်းချန်၏ အဆင့်က နယ်မြေနတ်ဘုရားများပင် မြင်နိုင်စွမ်း မရှိသည့် မဟာကောင်းကင် နတ်ဘုရား အဆင့်သို့ ရောက်ရှိနေသောကြောင့်ပင်။
“ထွက်ပြေးမှဖြစ်မယ်”
ယိုစစ်မင်က အလွန်အမင်း ထိတ်လန့် တုန်လှုပ်နေခဲ့သည်။
မဟာကောင်းကင် နတ်ဘုရားသည် နယ်မြေနတ်ဘုရားနှင့်ပင် ယှဥ်တိုက်နိုင်သောအဆင့် ဖြစ်သည်။
သူ၏ ကျင့်ကြံခြင်းအဆင့်က ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်သို့ ရောက်ရှိနေပြီး ဝိညာဥ်လမ်းစဥ်၏ ကမ္ဘာ့စွမ်းအားက ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၍ မဟာမြေရိုင်း နယ်မြေရှိ ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူများထဲတွင် သူ့ကို အနိုင်ယူနိုင်သူမှာ လက်ချိုးရေတွက်၍ပင် ရ၏။
သို့ရာတွင် မဟာကောင်းကင် နတ်ဘုရားနှင့် ယှဥ်တိုက်နိုင်သည့် ခွန်အားမျိုး သူ့တွင် မရှိပေ။
ထို့ကြောင့် ယိုစစ်မင်က လုံးဝ တုံ့ဆိုင်းမနေတော့ဘဲ အဖော်ဖြစ်သည့် ရှို့ဟိုင်ကိုပင် လျစ်လျူရှုကာ အနက်ရောင်အလင်းတန်း အဖြစ်သို့ တိုက်ရိုက် ပြောင်းလဲလိုက်ပြီး ထွက်ပြေးလိုက်သည်။
“ငါ့ကို ပြဿနာရှာချင်မှတော့ မင်းရဲ့အသက်ကို ငါ့ဆီမှာ ထားခဲ့ရလိမ့်မယ်”
ကျန်းချန်သည် တစ္ဆေဂိုဏ်းအပေါ်တွင် ကောင်းမွန်သောအမြင် ရှိမနေခဲ့ပေ။
ယိုစစ်မင်သည် ယိုထျန်းခွေ့နှင့် နီးစပ်သော ပတ်သက်မှု ရှိနေခဲ့ရာ ကျန်းချန်သည် အဘယ်ကြောင့် အလွယ်တကူ လက်လွှတ်ပေးပါမည်နည်း။
သူက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ ကမ္ဘာ့စွမ်းအား ၇မျိုးဖြင့် စုစည်းထားသော အရောင်အသွေး စုံလင်သည့် ဧရာမ လက်ဝါးကြီးသည် ယိုစစ်မင်၏ ဦးခေါင်းအထက်တွင် ချက်ချင်းဆိုသလို ပေါ်လာခဲ့သည်။
ရုတ်ခြည်းဆိုသလိုပင် ယိုစစ်မင်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ထိုအရောင်အသွေး စုံလင်သော ဧရာမ လက်ဖဝါးကြီး၏ အောက်တွင် တားမြစ်ပိတ်ပင်ခြင်းခံလိုက်ရပြီး လှုပ်ရှား၍ မရတော့ပေ။
ယိုစစ်မင်က ကောင်းကင်ယံကနေ သူ့ဆီသို့ ကျဆင်းလာသည့် အရောင်အသွေးစုံလင်သော ဧရာမလက်ဖဝါးကို ငေးကြည့်ရုံသာ တတ်နိုင်ခဲ့သည်။
ထိုအချိန်တွင် သူ၏ ရင်ထဲ၌ သေခြင်းတရား၏ အရိပ်အငွေ့များ ဖုံးလွှမ်းသွားသလို ခံစားမိလိုက်သည်။
သူက အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ အရှင်ဝိညာဥ်နက် ပေးအပ်ထားသည့် အနက်ရောင် စာလိပ်တစ်ခုကို ထုတ်ယူကာ လှုံ့ဆော်လိုက်သည်။
“ဝုန်း..”
အဆုံးမဲ့ အနက်ရောင် အလင်းတန်းသည် စာလိပ်ကနေ ကောင်းကင်ယံသို့ ထွက်ပေါ်လာခဲ့ပြီး ပေ ၁၀၀၀ အမြင့်ရှိသော အနက်ရောင်ပုံရိပ် တစ်ခုအဖြစ် စုစည်းသွားခဲ့ကာ ကျန်းချန်၏ အရောင်အသွေးစုံလင်သော ဧရာမလက်ဖဝါးကို ခုခံလိုက်သည်။
“နယ်မြေနတ်ဘုရားရဲ့ အမိန့်ပြန်တမ်းလေးနဲ့များ ငါ့ကို တားဆီးချင်နေသေးတယ် ပျက်စီးစမ်း”
ကျန်းချန်က ကြုံးဝါးလိုက်ပြီး သူ၏ခွန်အားကို တိုးမြှင့်လိုက်ရာ အရောင်အသွေးစုံလင်သော ဧရာမလက်ဖဝါးပေါ်ရှိ အလင်းသည် ရုတ်တရက် တောက်ပလာခဲ့ပြီး ပေထောင်ပေါင်းများစွာ မြင့်မားသော ဧရာမ အနက်ရောင်ပုံရိပ်ကို ရိုက်ချလိုက်သည်။
ချက်ချင်းဆိုသလိုပင် အရောင်အသွေး စုံလင်သော လက်ဖဝါးအောက်တွင် အနက်ရောင်ပုံရိပ်သည် ကြေမွသွားခဲ့သည်။
ယင်းနောက်တွင် ဧရာမလက်ဖဝါးသည် ယိုစစ်မင် ဆီသို့ ဆက်လက် ဆင်းသက်လာခဲ့၏။
ဤအချိန်တွင် ယိုစစ်မင်က မည်သည့်ခုခံမှုကိုမှ မပြုလုပ်နိုင်တော့ပေ။
သူ၏ ခန္ဓာကိုယ် တစ်ခုလုံးက အရောင်အသွေးစုံလင်သော ဧရာမ လက်ဖဝါးအောက်တွင် လုံးဝ ပျက်သုဥ်းသွားခဲ့သည်။
အခန်း(၁၈၈၈)ပြီး၏။