အခန်း (၁၈၈၉+၁၈၉၀)
Vol. 129 Ch. 1889+1890
အခန်း(၁၈၈၉)
လေထုထဲတွင် ယိုစစ်မင်၏ ပုံရိပ်သည် လုံးဝ ပျောက်ကွယ်သွားခဲ့၏။
သူ၏ခန္ဓာကိုယ်နှင့် စိတ်ဝိညာဥ် တို့သည် ဧရာမ လက်ဖဝါး အောက်တွင် မည်သည့်အရာမှ မကျန်ရှိတော့ဘဲ တစ်ချက်တည်းဖြင့် ပျက်စီးသွားခဲ့ပုံ ရသည်။
လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့်ပင် တစ္ဆေဂိုဏ်း၏ နံပါတ်(၁)ပါရမီရှင် ဖြစ်ပြီး မဟာမြေရိုင်း ပါရမီရှင်စာရင်းတွင် အဆင့်၂၆ နေရာတွင် ရှိသည့် ယိုစစ်မင်သည် လုံးဝ ဖျက်ဆီးခံလိုက်ရ၏။
သူ့ရှေ့မှ ကြောက်မက်ဖွယ်ရာကောင်းသော မြင်ကွင်းကို မြင်လျှင် ရှို့ဟိုင်သည် အကြီးအကျယ် သွေးပျက်သွားခဲ့ပြီး ခြေကုန်သုတ်ကာ ထွက်ပြေးခဲ့သည်။
ယိုစစ်မင်က နယ်မြေနတ်ဘုရား အမိန့်ပြန်တမ်းကို ထုတ်သုံးခဲ့သည့်တိုင် ကျန်းချန်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။
မဟာကောင်းကင် နတ်ဘုရား၏ စွမ်းရည်သည် အမှန်တကယ်ပင် ကြောက်စရာ ကောင်းလွန်းလှသည်။
ရှို့ဟိုင်က ယခုအခါတွင် တတ်နိုင်သမျှ အဝေးသို့ ထွက်ပြေးရန်သာ ဆန္ဒရှိခဲ့သည်။
သူက ကျန်းချန်၏ ရှေ့တွင် ဘယ်သောအခါမှ ထွက်ပေါ်မလာရဲတော့ပေ။
“ပြေးလို့လွတ်မယ်များ ထင်နေလား”
ကျန်းချန်က ခြေကုန်သုတ်၍ ထွက်ပြေးနေသည့် ရှို့ဟိုင်ကို စူးရှစွာ ကြည့်လိုက်ပြီးနောက်တွင် လက်ညှိုးတစ်ချောင်းကို အသာအယာ ဆန့်ထုတ်လိုက်သည်။
သူက တစ္ဆေဂိုဏ်း၏ အကြီးအကဲ ဖြစ်သည့် ယိုထျန်းခွေ့ကို သတ်ဖြတ်ခဲ့ပြီး ယခုအခါ ဂိုဏ်း၏ နံပါတ်(၁) ပါရမီရှင် ဖြစ်သော ယိုစစ်မင်ကိုပါ သတ်ဖြတ်ခဲ့သောကြောင့် တစ္ဆေဂိုဏ်းနှင့် သူနှင့် ကြားမှ ဆက်ဆံရေးသည် ကောင်းမွန်လာတော့မည်မဟုတ်ပေ။
သို့ဖြစ်ရာ သူက ရှို့ဟိုင်ကို မည်ကဲ့သို့ လွတ်မြောက်စေနိုင်ပါမည်နည်း။
ချက်ချင်းဆိုသလိုပင် မိုင်ထောင်ချီ နေရာလွတ်သည် အေးခဲသွားခဲ့ပြီး ရှို့ဟိုင်၏ ပုံရိပ်သည် လုံးဝ လှုပ်ရှား၍ မရတော့ဘဲ တောင့်တင်းနေခဲ့သည်။
ရှို့ဟိုင်က အလွန်တရာ ထိတ်လန့်သွားခဲ့ပြီး အစွမ်းကုန် ကြိုးစားရုန်းကန်ခဲ့သည်။
သို့သော်လည်း ထိုအချိန်မှာပင် ဓားအလင်းတစ်ခုသည် ရှို့ဟိုင်၏ နဖူးအလယ်သို့ ထိုးဖောက်သွားခဲ့သည်။
“ဝုန်း..”
ရှို့ဟိုင်က ခဏမျှ မှင်တက်သွားပြီးနောက်တွင် မည်သည့်တုံ့ပြန်မှုကိုမှ မပြုလုပ်နိုင်ခဲ့ဘဲ လေထုထဲတွင် ပေါက်ကွဲသွားခဲ့ကာ သွေးမှုန်များ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်နှင့်မြေကြီး ကြားတွင် ပျံ့လွင့်သွားခဲ့သည်။
“မောင်လေးကျန်းက လမ်းစဥ် ၇မျိုုးရဲ့ ကမ္ဘာ့စွမ်းအားကို ပိုင်ဆိုင်ထားတဲ့ မဟာကောင်းကင် နတ်ဘုရားဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်”
ကျန်းချန်က တစ္ဆေဂိုဏ်းမှ ပါရမီရှင်နှစ်ဦးကို အလွယ်တကူ သတ်ဖြတ်လိုက်သည်အား မြင်လျှင် ယွဲ့ဝူရွှမ်း၏ လှပသောမျက်လုံးလေးတွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
“အစ်မရွှယ်ကလည်း တော်တော်လေး နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားတာပဲ”
ကျန်းချန်က ပြုံး၍ ပြောလိုက်သည်။
“လနတ်ဧကရီခန္ဓာကိုယ်က တစ်သန်းမှာ တစ်ယောက် မရှိနိုင်တဲ့ ခန္ဓာကိုယ်ပဲ”
“လနတ်ဧကရီခန္ဓာကိုယ်က အားကောင်းပေမဲ့ အားနည်းချက်တွေလည်း ရှိနေတယ်ဆိုတာ မောင်လေးကျန်းလည်း မြင်မှာပါ.. ဒီလနတ်ဧကရီခန္ဓာကိုယ်က လရောင်ရှိတဲ့ နေရာမှာပဲ အသုံးပြုနိုင်တယ်.. နေ့ခင်းဘက်သာဆိုရင် ငါက ကုန်းလင်ရဲ့ပြိုင်ဘက် ဖြစ်နိုင်မှာမဟုတ်ဘူး.. ဘယ်လိုပဲဖြစ်ဖြစ် ဟန်ယွဲ့နန်းတော်ရဲ့ နံပါတ်(၁) ပါရမီရှင် ဆိုတဲ့ ဂုဏ်ပုဒ်က မောင်လေးကျန်းအတွက်ပါပဲ”
ထို့နောက်တွင် ကျန်းချန်က ယိုစစ်မင်တို့ ထံမှ တံဆိပ်ပြားများကို စုဆောင်းရင်း စူးစမ်းစွာ မေးလိုက်သည်။
“အစ်မယွဲ့.. ဒီနေရာက ဘာနေရာလဲ.. ဘာလို့ အစ်မရွှယ်နဲ့ ယိုစစ်မင်တို့က ဒီမှာတိုက်ခိုက်နေကြတာလဲ”
“ငါလည်း သေချာမသိဘူး”
ယွဲ့ဝူရွှမ်းက ခေါင်းခါရမ်းကာ ပြောလိုက်သည်။
“ငါဒီကို ရောက်တာ မကြာသေးဘူး.. ဒီနေရာက သာမန်မဟုတ်ဘူးလို့ ခံစားမိတဲ့အတွက် စူးစမ်းနေတုန်းမှာပဲ ယိုစစ်မင်တို့ နှစ်ယောက်နဲ့ ဆုံတွေ့ခဲ့ရတယ်”
ထိုစကားကိုကြားလျှင် ကျန်းချန်သည် ပတ်ဝန်းကျင်ကို ချက်ချင်းဆိုသလိုပင် အာရုံခံလိုက်သည်။
သူ၏ မဟာကောင်းကင် နတ်ဘုရားအဆင့် အာရုံခံစားမှုဖြင့် ပတ်ဝန်းကျင်မှ ထူးခြားချက်ကို ချက်ချင်းဆိုသလို ခံစားမိလိုက်သည်။
“ဒီနေရာက ရှေးဟောင်း အမွေအနှစ်နယ်မြေလို့ ခံစားမိတယ်”
ကျန်းချန်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“ဒီလျှို့ဝှက်နယ်မြေက မဟာမြေရိုင်းနတ်ဘုရင် ဖန်တီးထားတာ မဟုတ်လား.. ဘယ်လိုလုပ်ပြီး ဒီနေရာမှာ ရှေးဟောင်း အမွေအနှစ်တွေက ရှိနေရတာလဲ”
နတ်ဘုရင်အဆင့်သည် နယ်မြေနတ်ဘုရား အဆင့်ထက် မြင့်မားသော အဆင့် ဖြစ်သည်။
နတ်ဘုရင် ဖန်တီးထားသော လျှို့ဝှက်နယ်မြေသည် ပိုင်လင်ရွှယ်ဖုန်း ပျားရည်ကဲ့သို့ ကောင်းကင်နှင့် မြေကြီး၏ ရတနာများကို မွေးဖွားပေးနိုင်စွမ်း ရှိ၏။
သို့သော်လည်း နတ်ဘုရင်အဆင့်သည် ရှေးဟောင်းအမွေအနှစ်များ ပါဝင်သော လျှို့ဝှက်နယ်မြေကို ဖန်တီးရန်မှာ မဖြစ်နိုင်ပေ။
“မောင်လေးကျန်း မသိသေးဘူးကိုး.. ဒီလျှို့ဝှက်နယ်မြေကို ဖန်တီးတဲ့သူက လက်ရှိ မဟာမြေရိုင်းနတ်ဂိုဏ်းရဲ့ နတ်ဘုရင် မဟုတ်ဘဲ မဟာမြေရိုင်းနတ်ဂိုဏ်းရဲ့ ပထမဆုံး မျိုးဆက်ဖြစ်တဲ့ နတ်ဘုရင်ပဲ.. ဒါ့အပြင် ရှေးဟောင်းကျမ်းစာအုပ် တစ်အုပ်ကနေ သိရှိထားတဲ့ အချက်အလက်တွေ အရ ဒီလျှို့ဝှက်နယ်မြေကို ပထမမျိုးဆက် မဟာမြေရိုင်း နတ်ဘုရင်က ဖန်တီးထားတာ မဟုတ်ဘဲ သူ့ရဲ့ အထွတ်အထိပ်မှော်စွမ်းအားနဲ့ ဒီလျှို့ဝှက်နယ်မြေ တစ်ခုလုံးကို အခြားနေရာကနေ ရွှေ့ပြောင်းခဲ့တာပဲ”
ယွဲ့ဝူရွှမ်း၏ စကားအရဆိုလျှင် ဤနေရာတွင် ရှေးဟောင်း အမွေအနှစ်များ ရှိနေသည်မှာ အဓိပ္ပါယ်ရှိပေသည်။
အထွတ်အထိပ် မှော်စွမ်းအားဖြင့် လျှို့ဝှက်နယ်မြေ တစ်ခုလုံးကို ရွှေ့ပြောင်းခြင်းသည် အမှန်ပင် ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအား ဖြစ်သည်။
နတ်ဘုရင်အဆင့်သည် နယ်မြေနတ်ဘုရား အဆင့်ထက် အဆပေါင်းများစွာ ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့၏။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး ယွဲ့ဝူရွှမ်းက ကြည့်ကာ ပြောလိုက်သည်။
“အစ်မရွှယ်.. ဒီနေရာမှာ ရှေးဟောင်း အမွေအနှစ် ရှိမှတော့ ကျွန်တော်တို့ စူးစမ်းကြည့်ရအောင်လား”
ရှေးဟောင်းအမွေအနှစ်ကို ရရှိမည့် အခွင့်အရေးက လက်တစ်ကမ်းသို့ ရောက်ရှိနေပြီ ဖြစ်ရာ သူ့အနေဖြင့် မစူးစမ်းစရာ အကြောင်းမရှိပေ။
“ကောင်းပြီ”
ယွဲ့ဝူရွှမ်းသည် ကျန်းချန်၏ စကားကို သဘာဝကျစွာပင် ကန့်ကွက်စရာ မရှိခဲ့ပေ။
သူတို့နှစ်ဦးက မဆိုင်းမတွပင် ချိုင့်ဝှမ်း၏ အတွင်းပိုင်း ဆီသို့ ဦးတည်ကာ သွားရောက်ခဲ့ကြသည်။
အခန်း(၁၈၈၉)ပြီး၏။
အခန်း(၁၈၉၀)
ချိုင့်ဝှမ်းထဲတွင် ကြောက်မက်ဖွယ် အအေးဓာတ်များ ပြည့်နှက်နေခဲ့သည်။
မကြာမီမှာပင် သူတို့နှစ်ဦးသည် ချိုင့်ဝှမ်း၏ အတွင်းပိုင်းဆီသို့ ရောက်ရှိလာခဲ့ကြသည်။
လမ်းခရီး တစ်လျှောက်တွင် ကျန်းချန်တို့ နှစ်ယောက်သည် အတားအဆီး တစ်စုံတစ်ရာနှင့် မကြုံတွေ့ခဲ့ရသလို မည်သည့်အရာကိုမှလည်း ရှာမတွေ့ခဲ့ပေ။
“မောင်လေးကျန်း.. ရှေ့ကို ကြည့်လိုက်ပါဦး”
ထိုအချိန်မှာပင် ယွဲ့ဝူရွှမ်းသည် ရုတ်တရက် တစ်စုံတစ်ရာကို အာရုံခံစားမိဟန်ဖြင့် ကျန်းချန်ကို ညွှန်ပြလိုက်သည်။
ကျန်းချန်က ယွဲ့ဝူရွှမ်း ညွှန်ပြသည့်နေရာကို ကြည့်လိုက်ရာ မိုင်၁၀၀ အကွာရှိ မြေပြင်ပေါ်တွင် အရိုးစုများ ပြန့်ကျဲနေသည်ကို တွေ့လိုက်ရသည်။
လေထုထဲတွင်လည်း မကောင်းဆိုးဝါး အရှိန်အဝါများ ဖြစ်ပေါ်နေခဲ့၏။
ထိုနေရာ၏ အနီးတွင် လိုဏ်ဂူတစ်ဂူ ရှိနေသည်ကို သူတို့ မြင်လိုက်ရသည်။
“သတိထားပါ အစ်မရွှယ်.. ဒီနေရာက သာမန်နေရာတစ်ခု မဖြစ်နိုင်ဘူး”
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ပြောလိုက်သည်။
ထို့နောက်တွင် သူတို့နှစ်ယောက်က လိုဏ်ဂူ ဆီသို့ ဦးတည်ကာ လျှောက်လာခဲ့ပြီး သိပ်မကြာမီ လှိုဏ်ဂူထဲကို ဝင်ရောက်လာကြ၏။
ယင်းအချိန်တွင် ကြောက်မက်ဖွယ်ရာ ကောင်းသော မကောင်းဆိုးဝါး စွမ်းအင်များသည် လှိုဏ်ဂူထဲတွင် ပြည့်နှက်သွားခဲ့သည်။
အစိမ်းရောင် အလင်းများဖြင့် တောက်ပနေသော အရိုးစုတစ်စုသည် ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
ယွဲ့ဝူရွှမ်းက ထိုအရိုးစု ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လက်ဝါးရိုက်ချက်ဖြင့် အရိုးစုကို တိုက်ခိုက်လိုက်သည်။
ချက်ချင်းဆိုသလိုပင် လက်ဝါးရိုက်ချက်မှ ထွက်ပေါ်လာသော လရောင်အလင်းသည် အရိုးစု၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားခဲ့သည်။
ထိုအရိုးစုသည် ကောင်းကင်နတ်ဘုရား ပထမအဆင့်မျှသာ ခွန်အား ရှိသည်။
ထို့ကြောင့် ယွဲ့ဝူရွှမ်း၏ ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့် ခွန်အားဖြင့် အရိုးစုကို ကိုင်တွယ်ဖြေရှင်းရန်မှာ သဘာဝကျစွာပင် လွယ်ကူခဲ့၏။
အရိုးစုသည် ချက်ချင်းဆိုသလို အရိုးပုံအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး မြေပြင်ထက်တွင် ပြန့်ကျဲသွားခဲ့သည်။
“ချိုင့်ဝှမ်းရဲ့ ထူးခြားမှုကြောင့် ဒီနေရာမှာ သေဆုံးသွားတဲ့လူတွေအားလုံးက အရိုးစု ဖုတ်ကောင်တွေအဖြစ် ပြောင်းလဲသွားပုံပဲ”
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ဆက်လက် လျှောက်လှမ်းလာခဲ့သည်။
လမ်းတစ်လျှောက်တွင် ကျန်းချန်တို့ နှစ်ယောက်သည် အရိုးစုဖုတ်ကောင် အချို့နှင့် ကြုံတွေ့ခဲ့ရသည်။
ထိုအရိုးစုဖုတ်ကောင်များ အနက် အစွမ်းထက်ဆုံးသည် သာမန် ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရား အဆင့်မျှသာ ခွန်အားရှိသည်။
ကျန်းချန်တို့ နှစ်ယောက်က သူတို့ကို တိုက်ခိုက်လာသော အရိုးစု ဖုတ်ကောင်များကို အလွယ်တကူပင် အရိုးပုံ အဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။
နာရီဝက်ခန့် အကြာတွင် သူတို့နှစ်ယောက်သည် ကြီးမားကျယ်ဝန်းသော လှိုဏ်ဂူ၏ အတွင်းအကျဆုံး နေရာ ဆီသို့ ရောက်ရှိလာကြသည်။
ထိုနေရာ၏ အတွင်းပိုင်းသည် နန်းတော်တစ်ခုနှင့်ပင် ဆင်တူနေခဲ့သည်။
နှစ်ကာလ ကြာမြင့်သောကြောင့် လိုဏ်ဂူအတွင်းရှိ အလှဆင်ပစ္စည်း အများစုသည်ပင် ပျက်စီးယိုယွင်းနေခဲ့ချေပြီ။
သို့သော်လည်း ထိုကဲ့သို့ ယိုယွင်းပျက်စီးနေသည့် အခြေအနေကြားမှာပင် ကျန်းချန်သည် တစ်ချိန်က ထိုလိုဏ်ဂူ မည်မျှခမ်းနားကြီးကျယ်ခဲ့မှန်း ခံစားသိရှိနိုင်ခဲ့သည်။
လိုဏ်ဂူကို အနည်းငယ် ဝေ့ကြည့်လိုက်ပြီးနောက်တွင် ကျန်းချန်၏ အကြည့်သည် လိုဏ်ဂူ၏ အလယ်ဗဟိုရှိ ကျောက်ဖျာတစ်ချပ် ပေါ်သို့ ကျရောက်သွားခဲ့သည်။
ထိုနေရာတွင် အရိုးစုသုံးခု ရှိနေခဲ့၏။
အလယ်မှ အရိုးစုသည် ခန္ဓာကိုယ်ကနေ မှိန်ဖျော့ဖျော့ အနက်ရောင် အလင်းများကို ထုတ်လွှတ်နေခဲ့၏။
ထိုအရိုးစု၏ ဘေးတွင် အနက်ရောင် အရိုးစုနှင့် အဖြူရောင်အရိုးစုက ရှိနေခဲ့သည်။
အရိုးစုနှစ်ခုက လိုဏ်ခေါင်းထဲသို့ ကျူးကျော် ဝင်ရောက်လာသော ကျန်းချန်တို့ နှစ်ဦးကို ချက်ချင်းပင် အာရုံခံမိလိုက်သည်။
“ဒီနေရာကို ကျူးကျော်လာမှတော့ သေဖို့သာ ပြင်ထားလိုက်တော့”
အသိစိတ် အနည်းငယ်ရှိပုံရသော အရိုးစုဖုတ်ကောင်နှစ်ကောင်သည် ကြောက်မက်ဖွယ်ရာကောင်းသည့် မကောင်းဆိုးဝါး ဝိညာဥ်စွမ်းအားများဖြင့် ကျန်းချန် တို့ကို တိုက်ခိုက်လိုက်ကြသည်။
ထိုအရိုးစု ဖုတ်ကောင်နှစ်ကောင်သည် အပြင်ဘက်တွင် ကြုံတွေ့ခဲ့ရသည့် မည်သည့် အရိုးစုဖုတ်ကောင်ထက် မဆို များစွာ ပို၍ သန်မာပြီး ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် အထွတ်အထိပ် ကျင့်ကြံသူများနှင့်ပင် ယှဥ်နိုင်စွမ်း ရှိသည်။
မှန်ပါသည်။ ထိုအဆင့်ရှိ ဖုတ်ကောင်များသည်ပင် ကျန်းချန်အတွက်တော့ ဘာမှမဟုတ်ပေ။
သူက လက်သီးချက်တစ်ချက်ကို ထုတ်ဖော်လိုက်သည်နှင့် သူတို့ထံသို့ ပြေးဝင်လာသော အရိုးစုဖုတ်ကောင် နှစ်ကောင်သည် အရိုးပုံ အဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားခဲ့၏။
အရိုးစုဖုတ်ကောင် နှစ်ကောင်ကို လက်သီး တစ်ချက်တည်းဖြင့် ဖြေရှင်းလိုက်ပြီးနောက်တွင် ကျန်းချန်၏ အကြည့်သည် ကျောက်ဖျာပေါ်တွင် ထိုင်နေသော အရိုးစုပေါ်သို့ ကျရောက်သွားခဲ့သည်။
ထိုအရိုးစုကနေ ထွက်ပေါ်နေသော အရှိန်အဝါသည် အစောပိုင်းက သူရှင်းလင်းပစ်ခဲ့သော အရိုးစုဖုတ်ကောင် နှစ်ကောင်ထက်ပင် ပိုမို၍ ကြောက်မက်ဖွယ်ရာ ကောင်း၏။
သူ၏ ခန့်မှန်းချက်သာ မမှားလျှင် ထို အရိုးစု၏ ခွန်အားသည် အနည်းဆုံး နယ်မြေနတ်ဘုရား အဆင့်တွင် ရှိနေလောက်သည်။
သို့သော်လည်း ထိုအရိုးစုသည် တကယ့် အရိုးစုသက်သက်သာ ဖြစ်ပုံရ၏။
သူတို့လိုဏ်ဂူထဲကို ဝင်ရောက်လာသည့် အချိန်ကနေ ထိုအရိုးစု၏ နံဘေးမှ အရိုးစုနှစ်ခုကို သတ်ပစ်လိုက်သည့် အချိန်အထိ ထိုအရိုးစုထံမှ လှုပ်ရှားမှု တစ်စုံတစ်ရာ မရှိခဲ့ပေ။
ထိုအရိုးစုသည် လျှို့ဝှက်ဆန်းကြယ်သော ပုတီးစေ့ တစ်စေ့ကို ကိုင်ကာ ကျောက်ဖျာပေါ်တွင် ထိုင်နေဆဲ ဖြစ်သည်။
ပုတီးစေ့က လက်သီးတစ်လုံး အရွယ်အစားခန့် ရှိပြီး ခရမ်းရင့်ရောင် အလင်းများအား ထုတ်လွှတ်နေခဲ့သည်။
ထိုပုတီးစေ့ကို မြင်လျှင် ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
“ဒီပုတီးစေ့က ဒဏ္ဍာရီလာ စိတ်ဝိညာဥ်ထိန်း နတ်ကျောက်တုံး မဟုတ်လား”
“ဟုတ်တယ် မောင်လေးကျန်း.. ဒီပုတီးစေ့က စိတ်ဝိညာဥ်ထိန်းနတ်ကျောက်တုံး ဖြစ်နိုင်ခြေ အရမ်းများတယ်”
ယွဲ့ဝူရွှမ်းက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ ပြောလိုက်သည်။
သူမ၏ လှပသော မျက်ဝန်းလေးတွင် စိတ်လှုပ်ရှားသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
စိတ်ဝိညာဥ်ထိန်း နတ်ကျောက်တုံးသည် လောကတွင် ရှားပါးပြီး ပြိုင်ဘက်ကင်း မှော်ရတနာတစ်မျိုး ဖြစ်ကာ စိတ်ဝိညာဥ်တိုက်ခိုက်မှုများကို ခုခံတွန်းလှန်နိုင်သည့် အံ့ဖွယ်အာနိသင် ရှိသည်။
ဝိညာဥ်စွမ်းအားကို အထူးပြု ကျင့်ကြံသော နယ်မြေနတ်ဘုရားသည်ပင် စိတ်ဝိညာဥ်ထိန်း နတ်ကျောက်တုံး၏ ခုခံကာကွယ်မှုအား ချိုးဖျက်ရန် ခက်ခဲ၏။
ဆိုရလျှင် ဤ စိတ်ဝိညာဥ်ထိန်း နတ်ကျောက်တုံးသည် နယ်မြေနတ်ဘုရားအဆင့် လက်နက် များစွာထက်ပင် ပို၍ အဖိုးတန်သည်။
စိတ်ဝိညာဥ်ထိန်း နတ်ကျောက်တုံး အပြင် အရိုးစု၏ နံဘေးတွင် အနက်ရောင် ရှေးဟောင်းဓားတစ်လက်နှင့် ရှေးဟောင်းကျောက်စိမ်း ပုလင်းတစ်လုံးလည်း ရှိနေခဲ့သည်။
ထိုအနက်ရောင် ရှေးဟောင်းဓားသည် နယ်မြေနတ်ဘုရားလက်နက် ဖြစ်သည်မှာ သံသယဖြစ်စရာ မရှိပေ။
ရှေးဟောင်း ကျောက်စိမ်းပုလင်းထဲတွင်မူ မည်သည့်အရာများ ရှိနေမှန်း မည်သူမှ သိနိုင်မည် မဟုတ်ချေ။
သို့သော်လည်း ယွဲ့ဝူရွှမ်းသည် ကျောက်စိမ်းပုလင်းထဲရှိ အရာက သူမ၏ လနတ်ဧကရီ ခန္ဓာကိုယ်ကို အကျိုးပြုနိုင်ပြီး သူမအတွက် အလွန်တရာ အရေးကြီးလိမ့်မည်ဟု ခံစားမိခဲ့သည်။
“မောင်လေးကျန်း.. ငါကျောက်စိမ်းပုလင်းကိုပဲ လိုချင်တယ်.. မောင်လေးကျန်းက စိတ်ဝိညာဥ်ထိန်း နတ်ကျောက်တုံးနဲ့ အနက်ရောင်ရှေးဟောင်းဓားကို ယူလိုက်ပါ.. ဘယ်လိုသဘောရလဲ”
“ကောင်းပြီ အစ်မရွှယ်”
ကျန်းချန်က ခေါင်းညိတ်၍ ပြန်ဖြေလိုက်ပြီးနောက်တွင် ကျောက်ဖျာပေါ်တွင် ထိုင်နေသော အနက်ရောင် အရိုးစုကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။
“ဒီလောက်ဆို တော်ပြီပေါ့.. ဆက်ပြီးဟန်ဆောင်မနေနဲ့တော့ မင်းအသက်ရှင်နေသေးတာ ငါသိတယ်”
“ဝုန်း..”
ကျန်းချန်၏ စကားသံ အဆုံးသတ်သည်နှင့် တစ်ပြိုင်နက် ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအင်တစ်ခုသည် အနက်ရောင် အရိုးစုထံက ချက်ချင်းဆိုသလို ပေါက်ကွဲထွက်လာခဲ့သည်။
မကြာမီမှာပင် အနက်ရောင် အရိုးစုသည် ကျောက်ဖျာတွင် ထိုင်နေရာကနေ ရုတ်တရက် ထရပ်လိုက်ရာ အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော အရိုးစုဝိညာဥ် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
“ဟားဟား ကောင်လေး.. ဒီနတ်ဘုရား ဟန်ဆောင်နေတာကိုတောင် မြင်နိုင်တယ် ဆိုတော့ မင်းက ဘယ်ဆိုးလို့လဲ”
အရိုးစုဝိညာဥ်က ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်လိုက်သည်။
သူ၏ အေးစက်စက် ရေရွတ်သံက လိုဏ်ဂူထဲတွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့၏။
“မင်းက ငါ့ကို ငတုံးလို့များ ထင်နေတာလား.. ပတ်ဝန်းကျင်မှာရှိတဲ့ မင်းရဲ့ လက်အောက်ငယ်သားတွေကတောင် အရိုးစုဖုတ်ကောင်တွေအဖြစ် ပြောင်းလဲနေမှတော့ မင်းက အရိုးစုသက်သက် ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ.. ဒါ့အပြင် မင်းအသက်ရှင်စဥ်က အနည်းဆုံး နယ်မြေနတ်ဘုရားတစ်ပါး ဖြစ်ခဲ့တဲ့ပုံပဲ”
ကျန်းချန်က မဲ့ပြုံးပြုံးကာ အရေးမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
“ငါမင်းနဲ့စကားများနေဖို့ စိတ်မဝင်စားဘူး.. မင်းရဲ့ ရတနာသုံးမျိုးကို ငါ့ဆီ ပေးအပ်လိုက်.. ဒါဆိုရင်တော့ မင်းကို ဆက်လက် အသက်ဆက်ရှင်ခွင့် ပေးမယ်.. ဘယ်လိုသဘောရလဲ”
အခန်း(၁၈၉၀)ပြီး၏။