← Chapters

ဖြတ်လမ်းလိုက်ခြင်း

Vol. 12 Ch. 154

ဖြတ်လမ်းလိုက်ခြင်း

Vol. 12 Ch. 154

စစ်မှန်မဟာဉာဏ်ပညာရှိကျိကျန်းက ကျိယွမ်၏ပြဿနာအား နောက်တစ်မျိုး အကြံပြုသည်။

"မင်းရဲ့ကိုယ်ပိုင်အမြုတေကို မဖျက်ဆီးချင်ဘူးဆိုရင် အခြားသူရဲ့အမြုတေကို ဖျက်ဆီးပြီး ကိုယ်ပိုင်စိတ်ဝိညာဥ်ကို ဖန်တီးကြည့်ပါလား"

ကျိယွမ်က ပတ်ဝန်းကျင်၌ရှိနေသော ပါရမီရှင်များကို ဝေ့ဝဲကာကြည့်ပြီးနောက် စိတ်ဓာတ်ကျနေသောအသံဖြင့် ညည်းတွား၏။

"သူတို့ရဲ့အမြုတေတွေက အရမ်းအားနည်းကြတယ်၊အဲဒါတွေကို ကျွန်တော်သဘောမကျဘူး"

ထိုနေရာ၌ရှိသော ပါရမီရှင်အများအပြားတို့၏ မျက်နှာအမူအရာများ အနည်းငယ် ပြောင်းလဲသွားကြသည်။

ပါရမီရှင်တစ်ဦးက မနေနိုင်စွာဖြင့် တုန့်ပြန်လိုက်သည်။

“ ငါ လွီဟာ ပါရမီသိပ်မထူးချွန်ပေမဲ့ နှစ်ပေါင်းတစ်သောင်း အမှောင်ယင်ချီ အသုံးပြုပြီး မြေအဆင့်အမြုတေကို စုစည်းခဲ့တယ်၊ ငါ့ရဲ့ အမြုတေကို ထုတ်ဖော်လိုက်ရင် သုံးမိုင်ပတ်လည်ဟာ အမှောင် ယင်ချီ အဖြစ် ပြောင်းသွားလိမ့်မယ်၊ ပြောပါဦး၊ ဒီအမြုတေက အားနည်းသလား"

ပန်းလှေပေါ်တွင်ရှိနေကြသော ပါရမီရှင်များအားလုံးသည် သူ၏စကားကိုကြားသောအခါ မနာလိုဖြစ်သည့် အမူအရာများ ထွက်ပေါ်လာကြသည်။

သာမန် ကျင့်ကြံသူတစ်ဦးအတွက် အမြုတေကို ဖွဲ့စည်းနိုင်ခြင်းကပင် ပျော်ရွှင်စရာ အဖြစ်အပျက်တစ်ခု ဖြစ်နေပြီ ဖြစ်သည်။

ပုံမှန်အားဖြင့် အမြုတေဖွဲ့စည်းရာတွင် အဆင့် ၉ မှ ၁၀ အထိ ရှိကြသည်။ထိုအထဲမှ နက်နဲသောအဆင့်၊ မြေအဆင့် သို့မဟုတ် ကောင်းကင်အဆင့် အမြုတေကို ဖွဲ့စည်းနိုင်ရန်မှာ လူသန်းပေါင်းတစ်ဘီလီယံမှာ တစ်ယောက်သာ လုပ်နိုင်သော စွမ်းဆောင်မှုအဖြစ် မှတ်ယူကြသည်။

တိုင်းပြည်တစ်ရာမှ လူဦးရေသည် ဆယ်ဘီလီယံကျော် ရှိသည်။ သူတို့ထဲတွင် ကျိယွမ် အပြင် အမြင့်ဆုံးအဆင့်မှာ ကန်းဖူလူ၏ ပထမအဆင့် အမြုတေ ဖြစ်သည်။

ထို့ကြောင့်အဆင့်မြင့်အမြုတေတစ်ခုရရန် မည်မျှခက်ခဲသည်အားတွေးကြည့်နိုင်သည်။

ကျိယွမ်သည် ထိုပါရမီရှင်ကို လှမ်းကြည့်ပြီး ဝမ်းနည်းစွာဖြင့် ခေါင်းခါ၍ပြောလိုက်၏။

“အားနည်းတယ်”

သုံးမိုင်ပတ်လည်ကို အမှောင်ယင်ချီ အဖြစ် ပြောင်းလဲပစ်သည်တဲ့လား။

ဒါကဘာလုပ်စားလို့ရမှာလဲ။

ထိုအမြုတေမျိုးကို သူသည် ချီသန့်စင်ခြင်းအဆင့်မှာ ရှိနေတုန်းကပင် မီးဖိုချောင်သုံး ဓားတစ်ချောင်းနှင့် သတ်နိုင်ခဲ့သည်မဟုတ်ပါလား။

“ဒါဆိုရင် မင်းက ဘယ်လို အမြုတေရွှေနဂါး ဖွဲ့စည်းထားတာလဲ၊ ထုတ်ပြီး ငါတို့ကို ပြလိုက်ပါလား”

အမှောင်ယင်ချီပါရမီရှင်က ကျိယွမ်အား လှောင်သလိုလိုမျက်နှာထားနှင့် မေးဆတ်ပြလိုက်၏။

ကျိယွမ်က ခေါင်းခါသည်၊

“ငါ ထုတ်ပြလိုက်ရင် မင်းတို့အားလုံး သေသွားမှာကို စိုးရိမ်လို့”

ငါ့ရဲ့ ကြယ်တာရာအမြုတေက မင်းတို့ဟာတွေလို ပေါ့ပေါ့တန်တန် ဆင့်ခေါ်နိုင်တဲ့ လောက်စာလုံးလေးတွေများ မှတ်နေလား။

“ပြရမှာ ကြောက်နေတာ မဟုတ်လား”

"အေးလေ.."

"အပြောပဲရှိတယ်.."

အားလုံးက ပြောင်လှောင်လိုက်ကြသည်။

အားလုံးက ကျိယွမ်ကို အကြွားသန်သူသပ်သပ်ဟု မှတ်ချက်ချလိုက်၏။

"လွီရေ၊ သူက အင်မော်တယ်အဆင့် အမြုတေကို ပိုင်ဆိုင်ထားတဲ့သူထင်တယ်၊ ဒါကြောင့် မင်းရဲ့မြေအဆင့်အမြုတေကို ဂရုမစိုက်တာဖြစ်မယ်"

"ဟုတ်နိုင်တယ်...."

လွီဆိုသော လူငယ်က သဘောကျသလိုအားရပါးရပင် အော်ရယ်နေ၏။

ကျိယွမ်က သူတို့ကို လျစ်လျူရှုလိုက်သည်၊ လှေပေါ်မှ ပါရမီရှင်များသည် အလွန်အသက်ငယ်သေးသည်။သူ၏ မျှော်လင့်ခြင်းလရောင်ဖြစ်လာဖို့ နှစ်ထောင်ပေါင်းများစွာ လိုအပ်နေသေး၏။

ထို့ကြောင့် သူကစိတ်မဝင်စားသည်မှာ သဘာဝပင်။

သူက စစ်မှန်မဟာပညာရှိကျိကျန်းကိုသာ အာရုံပြန်စိုက်ပြီး ဆက်လက်ဆွေးနွေးသည်။

"သူတို့ရဲ့အမြုတေတွေက တကယ်ပဲအားနည်းတယ်၊ကျွန်တော်ရဲ့စံနှုန်းတွေကို မမှီဘူး၊ တခြားနည်းလမ်းများ ရှိသေးလား"

စစ်မှန်မဟာပညာရှိကျိကျန်းက ခေါင်းညိတ်

ပြပြီး မထင်ထားသော မေးခွန်းတစ်ခုကို မေးလိုက်သည်။

"စိတ်ဝိညာဥ်ကို ဘာလို့စိတ်ဝိညာဥ်လို့ခေါ်သလဲ မင်းသိလား"

ကျိယွမ်၏ မျက်ခုံးထူထူများ ကျုံ့သွားသည်။ ထိုမေးခွန်းက အလွန်အခြေခံကျပြီး အံ့သြစရာကောင်းလွန်းနေသည်။

ရိုးရိုးသားသားပြောရလျှင် သူမသိပါ။

ယေဘုံယျအားဖြင့် အမြုတေကို ဖျက်ဆီးပြီး စိတ်ဝိညာဥ်ကိုဖွဲ့စည်းကာ နတ်ဘုရာဝိညာဥ်က နေရာယူခြင်းကိုသာ သူသိထားသည် ။

“တကယ်တော့ ကျွန်တော်လည်း မသိပါ”

ကျိကျန်းက ကျိယွမ်အား မင်းမသိဘူးဆိုတာ ငါသိတယ်ဟူသောအကြည့်ဖြင့် ကြည့်လိုက်ပြီး ရှင်းပြ၏။

"ရှေးဟောင်းကျမ်းစာတွေကို နှစ်ပေါင်းများစွာဖတ်ရှုခဲ့တဲ့ ငါ့ရဲ့ဗဟုသုတအရပြောရရင် စိတ်ဝိညာဥ်ဟာ ယင်နတ်ဘုရားရဲ့အခြေခံလို့ ငါထင်တယ်၊ငါတို့အားလုံးသိထားတဲ့အတိုင်း ယင်နတ်ဘုရားနယ်ပယ်ကို ခြေတစ်လှမ်းဝင်လိုက်တာနဲ့ မူလဝိညာဉ်ကို မွေးဖွားပေးနိုင်ပြီး ဟင်းလင်းပြင်ကတစ်ဆင့် ခရီးသွားလာနိုင်တယ်၊ ဟုတ်တယ်နော်"

ကျိယွမ်က ခေါင်းညိတ်ပြ၏ ။ ထိုအချက်က ကျင့်ကြံသူအားလုံးသိထားသောအခြေခံဖြစ်ပြီး ငြင်းစရာမရှိပါ။

" ကဲ..ဟုတ်ပြီ၊ အဲ့ဒါဆို ဒီမူလဝိညာဉ်ဟာ ဘယ်လိုမွေးဖွားလာတယ်လို့ မင်းထင်လဲ"

ကျင့်ကြံသူများသည် စိတ်ဝိညာဥ်မှ နတ်ဘုရားဝိညာဥ်သို့အဆင့်မြင့်တင်ပြီး ပို၍ခွန်အားကောင်းလာ၏။

မူလဝိညာဉ်ကတော့ ပို၍ပင် နက်နဲဆန်းကြယ်သော အရာဖြစ်သည်။

အမြုတေအဆင့်သို့ ရောက်ရှိသောအခါ နတ်ဘုရားဉာဏ်ဝိညာဉ်သည် ခန္ဓာကိုယ်မှ ထွက်ခွာနိုင်လာသည်။ သို့သော် မူလဝိညာဉ်သည် ပိုမိုမြင့်မားသောအဆင့်အတန်းရှိသော အရာဖြစ်ပြီး ဒဏ္ဍာရီလာ ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်နိုင်သည့် အစွမ်း ရှိလေသည်။

“အဲဒါဆိုရင် မူလဝိညာဉ်က စိတ်ဝိညာဉ်ကနေ ဆင့်ကဲပြောင်းလဲလာတာများ ဖြစ်မလား”

ကျိယွမ်က အနည်းငယ်မျှတွေးကာ မှတ်ချက်ချမိသည်။

ကျိကျန်းက စိတိပါလက်ပါခေါင်းညိတ်၏။

"ဟုတ်တယ် ၊ ငါလဲအဲဒီလိုပဲ သံသယရှိတယ်၊ မင်းစဥ်းစားကြည့်... နှစ်ခုစလုံးမှာ 'ဝိညာဉ်' ဆိုတဲ့ စကားလုံး ပါဝင်နေတယ်၊ အဲဒီတော့ ဆက်စပ်မှုတစ်ခု ရှိကိုရှိရမယ်၊ ဒါကြောင့် ယင်နတ်ဘုရားအားလုံး နဲ့ ယန်နတ်ဘုရားတွေရောကွာ၊ သူတို့ရဲ့ မူလဝိညာဉ်တွေဟာ စိတ်ဝိညာဉ်တွေ ဖြစ်တယ်လို့ ပြောနိုင်တယ်”

စစ်မှန်မဟာအညာရှိကျိကျန်းက သူ၏ တွေ့ရှိချက်များကို ကျိယွမ်နှင့် မျှဝေလိုက်သည်။

ထိုစကားကို ကြားသောအခါ ကျိယွမ်သည် ကောင်းကင်ယံ၌ လင်းနေသော ကြယ်များပုံရိပ်များကို စိုက်ကြည့်နေသည်။

သူ၏ မျက်လုံးများ လေးနက်လာပြီး မေးခွန်းတစ်ခုမေးလေ၏။

“အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေကလည်း စိတ်ဝိညာဉ်အဆင့်တွေပဲ ဆိုတဲ့သဘောလား”

“ငါက မင်းမို့လို့ ဒီအကြောင်းကို ပြောပြနေတာနော်၊ ဒါပေမဲ့ တခြားသူတွေကို လျှောက်မပြောနဲ့၊ ဒီအထဲမှာ ကြီးမားတဲ့ ကံကြမ္မာဆိုင်ရာ အကျိုးဆက်တစ်ခု ရှိတယ်”

ကျိကျန်းက ကျိယွမ်အားလေးနက်စွာ သတိပေးလိုက်သည်။

ပန်းလှေပေါ်တွင်ရှိသော ပါရမီရှင်များသည် စကားမပြောနိုင်ဘဲ ကျန်ရစ်ခဲ့ကြသည်။

အင်မော်တယ်တွေနဲ့နတ်ဘုရားများတွေက စိတ်ဝိညာည်အဆင့်တွေတဲ့လား။

ပြောရဲလိုက်တဲ့ ပါးစပ်။

“စိတ်မပူပါနဲ့၊ ကျွန်တော် ဘယ်သူ့ကိုမှ မပြောပါဘူး”

ကျိယွမ်သည် ထိုစကားနှင့်အတူ ပန်းလှေပေါ်ရှိ လူတိုင်းကို ဝေ့ကြည့်လိုက်သည်။

အကြောင်းရင်းမသိရဘဲ ထိုနေရာ၌ရှိသော လူတိုင်းသည် သူတို့၏ နှလုံးသားများထဲ၌ အေးစိမ့်သွားသလို ခံစားလိုက်ရသည်။

ကျိကျန်းက အဆင်ပြေပါတယ် ဟူသောသဘောဖြင့် ခေါင်းညိတ်၏။

"ငါ့ရဲ့စိတ်ဝိညာဥ်က ဘာလဲဆိုတာ မင်းသိလား"

"ဘာလဲ"

ကျိယွမ်ကချက်ချင်းပြန်မေးလိုက်သောအခါ ကျိကျန်း၏မျက်နှာအမူအရာသည် ဝမ်းနည်းသည့်ဟန် ပြောင်းသွားလေသည်။

“ငါ့ရဲ့ တာအိုလက်တွဲဖော်ဟာ ကျင့်ကြံနေတုန်းမှာ ရူးသွပ်ပြီး သေဆုံးသွားခဲ့တယ်၊ ငါက သူမရဲ့ဆံပင်ကိုယူပြီး အပြင်အမြုတေအဖြစ် ဖန်တီးခဲ့တယ်၊ သူ့ရဲ့ခန္ဓာကိုယ်ကတော့ ပင်မအမြုတေဖြစ်သွားတယ်၊ ငါက ပြင်ပအမြုတေကိုဖျက်ဆီးပြီး စိတ်ဝိညာဥ်တည်ဆောက်ထားတာဆိုတော့ ငါ့ရဲ့စိတ်ဝိညာဥ်က သူမရဲ့ဆံပင်ပဲ"

"တစ်နေ့ ငါယင်နတ်ဘုရားနယ်ပယ်ကို တက်လှမ်းနိုင်တဲ့အခါ ငါ့ရဲ့စိတ်ဝိညာဥ်ဟာဆင့်ကဲပြောင်းလဲပြီး သူမရဲ့... မူလဝိညာဉ်ကို မွေးဖွားပေးနိုင်လိမ့်မယ်လို့ ငါယုံကြည်တယ်"

ကျိယွမ် သည် သူ၏စကားကို ကြားသောအခါ တိတ်ဆိတ်သွားခဲ့သည်။

သူက ကျိကျန်းအား နှစ်သိမ့်သလိုကြည့်မိ၏။

သို့သော် လူများကို နှစ်သိမ့်ရာတွင် မကျွမ်းကျင်သောကြောင့် သူသည် ရိုးရှင်းစွာဖြင့် ညင်သာစွာ ဆုတောင်းပေးလိုက်သည်။

“ခင်ဗျား အောင်မြင်ပါစေလို့ ကျွန်တော် ဆုတောင်းပေးပါတယ်”

“ကျေးဇူးတင်ပါတယ်”

စစ်မှန်မဟာပညာရှိကျိကျန်း၏

မျက်လုံးများတွင် ပြတ်သားသော ဆုံးဖြတ်ချက်များ လင်းလက်နေသည်။

“တစ်နေ့မှာ သူမက ငါ့ရဲ့စိတ်ဝိညာဥ်ထဲက သေချာပေါက် ပြန်လည်မွေးဖွားလာရမယ်"

ကျိယွမ်၏ အတွေးများက ပျံ့လွင့်သွားခဲ့သည်။

သူသည် ဒြပ်စင်ငါးပါး တားမြစ်နယ်မြေမှ ဘိုးဘွားငါးပါးနှင့် အခြားသူများကို သတိရလိုက်သည်။

ထိုစဥ်က သူတို့သည် ကျိယွမ်ကို ဒြပ်စင်ငါးပါး၏စွမ်းအား ပေးအပ်ရန်နှင့် ဒြပ်စင်ငါးပါး တားမြစ်နယ်မြေကို ထိန်းချုပ်ခွင့်ပြုရန်အတွက် သူတို့ကိုယ်သူတို့ စွန့်လွှတ်ခဲ့ကြသည်ကို သူမည်သောအခါမှ မမေ့ပါ။

သူသည် သူ၏အတွေးများကို လိုက်နာပြီး စိတ်ဝိညာဉ်ကို ဖွဲ့စည်းပါက၊ နောင်တွင် ယင်နတ်ဘုရား နယ်ပယ်သို့ ဝင်ရောက်သောအခါ ထိုမိတ်ဆွေဟောင်းများက ကျိကျန်းပြောသလို သူ၏ စိတ်ဝိညာဉ်ထဲမှ ထွက်ပေါ်လာနိုင်မည်လား။ ။

ကျိယွမ်ခေါင်းခါလိုက်၏ ။သူက ရုတ်တရက်တွေးမိခြင်းမျှသာဖြစ်သည်။ထိုသူများကိုတော့ ကျိကျန်းလို သူ၏စိတ်ထဲတွင် မထားချင်ပါ။

ကျိကျန်းက ကျိယွမ်အားထပ်မံသတိပေးလေသည်။

"အမြုတေကိုရော စိတ်ဝိညာဥ်ကိုရော ထိန်းသိမ်းထားတာက ဖြစ်ရိုးဖြစ်စဥ်ကိုသွေဖီတာမို့လို့ ကောင်းကင်ဘုံကို စိန်ခေါ်ခြင်းပဲ ၊ ဒါက ကောင်းကင်ဘုံ၏ ပြစ်ဒဏ်ကို ဆွဲဆောင်နိုင်သည်၊ သတိထားပါ တာအိုရောင်းရင်း”

“အင်း”

ကျိယွမ်က ခေါင်းညိတ်လိုက်သည်။

ကြယ်တာရာအမြုတေပေါ်၌ စစ်မှန်နေမင်းမီးတောက်ကို စတင်၍ပျိုးထောင်ထားပြီဖြစ်သည်။ထိုအမြုတေ၏ အလားအလာသည် အတိုင်းအဆမရှိ ကြီးမကျယ်ပြန့်လာမည် ဖြစ်၏။

သူ၏ အမြင်အရ လုံလောက်သောအချိန်ပေးပါက သူသည် စကြာဝဠာတစ်ခုလုံးရှိ ကြယ်အားလုံးကိုပင် ဝါးမျိုးနိုင်လိမ့်မည်ဟု ထင်သည်၊ သူသည် စိတ်ဝိညာဉ်အဆင့်သို့ မချိုးဖြတ်ခဲ့လျှင်ပင် သူ၏ ကြယ်တာရာအမြုတေကို အားကိုးရုံဖြင့် ပိုမိုအားကောင်းလာနိုင်၏။

ထို့ကြောင့် ကျိယွမ်ကျမ်းကို ပြီးပြည့်စုံအောင် မလုပ်နိုင်သည့်တိုင် သူသည် စကြာဝဠာမြောက်မြားစွာရှိ ထိပ်တန်း အင်အားကြီးများထဲမှ တစ်ဦး ဖြစ်လာနိုင်သည်။

ငါ့ အမြုတေတစ်ခုတည်းနဲ့တင် ငါက ပြိုင်ဘက်ကင်းလမ်းစဥ်ပေါ်ကို ရောက်နေပြီ၊ဘာလို့ ဒုက္ခခံပြီး စီတ်ဝိညာဥ်ကို တည်ဆောက်နေဦးမှာလဲ။

သို့သော် ကျိယွမ်သည် ရည်မှန်းချက်ကြီးသူ ဖြစ်သည်၊ သူက သူ့ကိုယ်သူ ကဏ္ဍအားလုံးမှာ မြှင့်တင်ချင်၏။ထို့ကြောင့် ကျိယွမ်ကျမ်းကို ပြီးပြည့်စုံအောင်ပြုစုရန် လိုအပ်သလို စိတ်ဝိညာဥ်ကိုလည်း တည်ဆောက်ရမည်သာ။

သူကဆုံးဖြတ်ချက်ချပြီးနောက် ကျိကျန်းအား နှုတ်ဆတ်လိုက်သည်။

“ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်း၊တော်တော်လေး အကျိုးရှိခဲ့ပါတယ်”

စိတ်ဝိညာဥ်တည်ဆောက်ခြင်းသို့ မည်သို့ဆောင်ရွက်ရမည်ကို အပြည့်အဝ အတည်မပြုရသေးသော်လည်း ကျိယွမ်တွင် အတွေးများစွာ ရှိနေပြီမဟုတ်ပါလား။

...............

ကျိယွမ် သူ၏ဂူထဲသို့ပြန်ရောက်လာ၏။

ရှင်းဟွာဖိုရမ်ထဲတွင်တော့ ရေခဲတောင်သခင်မက သူ့ထံသို့ နည်းစနစ် တစ်ရာကျော် ပို့ပေးထားခဲ့သည်၊

သူမ၏ ညီအစ်မများမှ သူ့အား လက်ဆောင်ပေးခြင်း ဖြစ်ကြောင်းကိုလည်း ပြောထားသည်။

နည်းစနစ်များထဲ၌ ကောင်းကင်အဆင့် နည်းစနစ် လေးခု၊ နက်နဲသောအဆင့် နည်းစနစ် ဒါဇင်များစွာနှင့် ကျောက်စိမ်းအဆင့်နည်းစနစ် များစွာ ပါဝင်သည်။

ရုတ်တရက် ကျိယွမ် သည် ဆင်းရဲသားဘဝမှ ယာယီသူဌေးတစ်ဦး ဖြစ်လာခဲ့သည်။

“နည်းစနစ် ဒီလောက်များများနဲ့ဆိုရင် ကျိယွမ်ကျမ်းကို ရှေ့ဆက်ဖို့ နည်းနည်းတော့တော့ တွန်းအားပေးနိုင်သင့်တယ်”

ထို့နောက် ကျိယွမ်သည် နည်းစနစ်တစ်ရာခန့်နှင့်အတူ ကျိယွမ်ကျမ်းအား ပြင်ဆင်ခြင်း ၊ ဆက်လက်ပြုစုခြင်းထဲ၌ လုံးဝနစ်မြုပ်သွားတော့သည်။

အချိန်များက လျှင်မြန်စွာ ကုန်လွန်သွားသည်။

အရှေ့ပိုင်းဒေသပါရမီရှင်တိုက်ပွဲအတွက် ရက်ချိန်းသည် ပိုမိုနီးကပ်လာခဲ့၏။

တိမ်တိုက်မြို့တွင် ပါရမီရှင်များ ပို၍ ပို၍ စုဝေးလာကြပြီး ၊ နေ့စဉ်နှင့်အမျှ မြို့ပေါ် ကောင်းကင်ယံ၌ ပါရမီရှင်အချို့ ပျံသန်းနေသည့် ပုံရိပ်များကို တွေ့မြင်နေကြရသည်။

သို့သော် ကျိယွမ်ကတော့ ပြင်ပလောကတွင်ဘာတွေဖြစ်နေသည်ကို အာရုံမရှိပါ၊သူက ကျိယွမ်ကျမ်းကိုသာ ပြင်လိုက် ပြန်ဖျက်လိုက် ပြန်ရေးလိုက် သုံးသပ်လိုက်နှင့် လုံးဝအာရုံစူးစိုက်နေခဲ့လေ၏။

တစ်နေ့မှာတော့ ကျိယွမ်သည် ခေတ္တအနားယူရင်းမှ ရုတ်တရက် သတိရသွားလေသည်။

“နောက်နှစ်ရက်ဆိုရင် ပါရမီရှင်တိုက်ပွဲက လာတော့မှာပဲ...”

သူက တီးတိုးရေရွတ်လိုက်သည်။

အမှန်ပြောရလျှင် ကျိယွမ်သည် ကျိယွမ်ကျမ်းကို မြှင့်တင်ရာ၌ အရေးကြီးသော နေရာသို့ ရောက်နေသည်၊ ထို့ကြောင့် ပါရမီရှင်တိုက်ပွဲကို လုံးဝမပါဝင်ချင်ပါ။

သို့သော် တိုက်ပွဲတွင် ထိပ်ဆုံး အယောက်နှစ်ဆယ်သည် ဝမ်ယုကုန်းမြေတိုက်ကြီးသို့ ဝင်ရောက်ခွင့်ရရှိမည် ဖြစ်သည်။ထို့အပြင် ဂိုဏ်းချုပ်ကြီး၏ ညွှန်ကြားချက်များကို လည်း သတိရလိုက်သောအခါ ကျိယွမ် ဘာမှမတတ်နိုင်တော့ပါ။

“နောက်ဆုံးတော့ အရှေ့ပိုင်းဒေသ ပါရမီရှင်တိုက်ပွဲမှာ ငါ ပါဝင်ရတော့မယ် ထင်တယ်”

သူက သက်ပြင်းတစ်ချက်ချပြီး သူ၏ ဂူမှ ထွက်ခဲ့သည်။

ထိုအချိန်၌ ဂူအပြင်ဘက်တွင် ကန်းဖူလူ သည် ကြောင်မလေးတစ်ဦးနှင့် စကားပြောနေ၏။

ကျန်းယာကတော့ မလှမ်းမကမ်းရှိ ဗောဓိပင်အောက်၌ ထိုင်နေပြီး ခက်ခဲသော ပြဿနာတစ်ခုကို စဉ်းစားနေပုံ ရသည်။

ကျိယွမ်ကို မြင်သောအခါ ကန်းဖူလူ အံ့ဩသွားသည်။

အခန်းအောင်းနေသည့် သူ၏ညီငယ်က ရုတ်တရက် ရေးကြီးသုတ်ပြာထွက်လာသည် မဟုတ်ပါလား။

“ညီလေး၊ မင်း ဘယ်ကို သွားမလို့လဲ”

“အရှေ့ပိုင်းဒေသပါရမီရှင်တိုက်ပွဲမှာ ပါဝင်ဖို့လေ"

"ဟေ..."

ကန်းဖူလူ တုန်လှုပ်သွားလေသည်။

“ဒီနေ့လား”

သူသည် သူ၏ ပေါင်ကို ရိုက်လိုက်ပြီး အရေးကြီးတဲ့နေ့ကိုမှ မေ့သွားရသလားဟု သူ့ကိုယ်သူအပြစ်တင်လိုက်သည်၊။

သို့သော် ရက်စွဲကို စစ်ဆေးပြီးနောက် ကျိယွမ်ကို ထူးဆန်းစွာ ကြည့်လိုက်သည်။

“နောက်နှစ်ရက်နေမှ မဟုတ်ဘူးလား၊ ဘာလို့ အခု သွားနေတာလဲ”

ကန်းဖူလူက နားမလည်သလိုမေး၏။

“ဖြတ်လမ်းရှိမရှိ သွားကြည့်မလို့ပါ”

ကျိယွမ်၏ ပေါ့ပေါ့ပါးပါးအဖြေကြောင့်

ကန်းဖူလူ၏ မျက်နှာအမူအရာသည် ပို၍ပင် ထူးဆန်းလာသည်။

"ဖြတ်လမ်းလား.."

ကန်းဖူလူက နားမလည်သလိုရေရွတ်ပြီး မလှမ်းမကမ်းသစ်ပင်အောက်မှ ကျန်းယာကို လှမ်းမေးကြည့်၏။

"အရှေ့တိုင်းဒေသ ပါရမီရှင်တိုက်ပွဲအတွက် ဖြတ်လမ်းရှိလား"

ကျန်းယာသည် နက်နက်နဲနဲစဥ်းစားနေရာမှ သတိပြန်ဝင်လာပြီး ကျိယွမ်အားစိတ်ရှုပ်သလို ကြည့်ကာဖြေပေးလိုက်သည်။

“အရှေ့ပိုင်းဒေပါရမီရှင်တိုက်ပွဲကို ယင်နတ်ဘုရား သုံးပါးက ပူးပေါင်း စီစဉ်ထားတာ၊အလွယ်လိုက်လို့ရတဲ့ ဖြတ်လမ်း မရှိဘူး"

“ဒီလောကမှာ အစက ဖြတ်လမ်းတွေဆိုတာရှိမှ မရှိခဲ့တာ၊ ဒါပေမဲ့ မင်းကစပြီးသွားလိုက်တဲ့အခါ ဖြတ်လမ်းတစ်ခု ဖြစ်လာလိမ့်မယ်”

ကျိယွမ်သည် ထိုကိစ္စသဘာဝအတိုင်း ဖြစ်သင့်သော သာမန်အကြောင်းအရာတစ်ခုလို ပြောလိုက်၏။

သို့သော်လည်း ဤသို့ပြောပြီးနောက် သူ၏ စကားများသည် တစ်ခုခုတာ့ မှားနေသလိုဟု ခံစားလိုက်ရသည်။

ကန်းဖူလူက သဘောပေါက်သွားပြီး ကျိယွမ်အားကြည့်သည်။

ငါ့ညီကတော့ ပွဲနားနီးမှ ထဖောက်လာပြီ၊ တော်သေးတယ် ငါကအမြဲတမ်း ယုံကြည်စိတ်ချနေရလို့။

“ညီလေး... မင်း အဲဒီ ဖြတ်လမ်းကို ရှာတွေ့ပါစေလို့ ဆုတောင်းပေးပါတယ်”

သူကထိုမျှသာ ပြောလိုက်သည်။

ကျိယွမ်က ခေါင်းညိတ်ပြကာ တည်းခိုခန်းမှ ထွက်ခွာသွားလေသည်။

.....................

တစ်နာရီကြာပြီးနောက်...

ကျိယွမ်၏ ရုပ်ရည်သည် လုံးဝပြောင်းလဲသွားသည့်အပြင် သွေးရောင်ဝတ်ရုံကို ဝတ်ဆင်ထား၏။

ယခုအချိန်၌ သူသည် နန်းတော်တစ်ခုကိုတွေ့လိုက်ရသဖြင့် ပျော်ရွှင်စွာဖြင့် ထိုနေရာတွင် ရပ်လိုက်သည်။

“နောက်ဆုံးတော့ ရှာတွေ့သွားပြီ”

သူ၏ရှေ့မှ နန်းတော်သည် တိတ်ဆိတ်ပြီး လူသူရှင်းလင်းနေသည်။

တံခါးဝရှိ အစောင့်ဖြစ်သော ကောင်လေးတစ်ဦးသည် မတ်တပ်ကြီး အိပ်ပျော်နေပုံရပြီး မျက်စိမှိတ်ကာ ငိုက်နေ၏။

ကျိယွမ်က တံခါးစောင့်ကောင်လေးကို စူးစ်ိုက်ကြည့်လိုက်သည်။

တံခါးစောင့်လေးသည် အိပ်ပျော်နေရင်းမှ တစ်စုံတစ်ခုကို ခံစားလိုက်ရသကဲ့သို့ ရုတ်တရက် လန့်နိုးလာပြီး သူ့အားမြင်သောအခါ အထိတ်တလန့် ဖြင့် မေးလိုက်လေည်။

" ဘယ်သူ... ခင်ဗျား ဘယ်သူလဲ”

သူသည် ကျိယွမ်ကို ကြည့်နေရင်းမှ အကြောင်းပြချက်မရှိဘဲ ကြောက်ရွံ့မှုကို ခံစားနေရသည်။

“ငါက .. အရှေ့ပိုင်းဒေသ ပါရမီရှင်တိုက်ပွဲမှာ ပါဝင်မယ့် အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ပါ"

ကျိယွမ်က ရိုးသားစွာ ဖြေလိုက်သည်။

ကောင်လေး၏ ကြောက်ရွံ့မှုအနည်းငယ် လျော့ကျသွားပြီး ကျိယွမ်အား ဖြည်းဖြည်းချင်း မေးလိုက်သည်၊

“ပါရမီရှင်တိုက်ပွဲက မစသေးဘူးလေ၊ခင်ဗျားက ဒီကို ဘာလုပ်ဖို့ လာတာလဲ”

“အရှေ့ပိုင်းဒေသပါရမီရှင်တိုက်ပွဲတာဝန်ခံ အကြီးအကဲဖုန်းလန်ဟာ ဒီမှာ နေထိုင်တယ်လို့ ငါကြားခဲ့တယ်”

ကောင်လေးက ကျိယွမ် အဘယ့်ကြောင့်လာသည်ကို သဘောပေါက်သွားဟန်ဖြင့် ချက်ချင်းဖြေသည်။

“ဧည့်သည်တွေကို ဝင်ခွင့်မပြုပါဘူး၊ ဘယ်သူမှ သူ့ကို တွေ့ခွင့်မရှိဘူး”

သူ၏အဖြေက မာကြောနေ၏။ထိုသို့ငြင်းရန် သေချာပေါက်ညွှန်ကြားထားပုံပင်။

တိမ်တိုက်မြို့တွင် ခရမ်းရောင်နန်းတော်အဆငိ့ ၂ ဦးတည်းသာရှိသည်။တစ်ဦးက ယွင်ကျုံးစံအ်မ်သခင်ကြီးဖြစ်ကာ နောက်တစ်ယောက်ကတော့ အကြီးအကဲဖုန်းလျန်ဖြစ်လေသည်။

တစ်ခါတစ်ရံ အသိပညာနည်းသော ကျင့်ကြံသူများသည် အကြီးအကဲဖုန်းလန်ကို လာရောက်တွေ့ဆုံလေ့ရှိသည်၊ ထို့ကြောင့် အစောင့်က သူ၏ရှေ့မှ အမျိုးသားကို ထိုလူများထဲက တစ်ယောက် ဖြစ်လိမ့်မည်ဟု ယူဆလိုက်ခြင်းပင်။

ထိုအချိန်၌ တံခါးဖွင့်လာပြီး အရပ်ရှည်သော အမျိုးသမီးတစ်ဦး ထွက်လာခဲ့သည်။

“ ဘာဖြစ်တာလဲ”

သူမက အစောင့်အား မေးလိုက်သည်။

“ဒီလူက သခင်ကို လာတွေ့တာပါ”

ကျိယွမ်က ထိုအမျိုးသမီးကို မြင်သောအခါ အံသြသလို မျက်လုံးကျယ်သွား၏။

သူက ပြုံးကာနှုတ်ဆက်လိုက်သည်။

“နှပ်ချေးဖတ်နတ်သမီး ၊ ခင်ဗျားကို ဒီမှာ တွေ့ရမယ်လို့ မမျှော်လင့်ထားဘူး၊ လောကကြီးက ဘာမဆို ဖြစ်နိုင်တယ်ဆိုတာ အမှန်ပဲကိုး”

သူသည် နှပ်ချေးဖတ်နတ်သမီး၏ လက်များကို လှမ်းကြည့်လိုက်ရာ လက်သည်းများအား သေသပ်စွာ ညှပ်ထားသည်ကို တွေ့ရလေသည်။

ကျိယွမ်၏နှုတ်ဆက်သံကြောင့် သူမ၏ မျက်နှာအမူအရာသည် သိသိသာသာ ပြောင်းလဲသွားပြီး ဒေါသ ထွက်လာ၏။

ကျိယွမ်တို့နှစ်ဦး၏ကောင်းမှုကြောင့် သူမသည် တိမ်တိုက်မြို့တွင် “နှပ်ချေးဖတ်နတ်သမီး” ဟူသော နာမည်ဆိုးကို ရရှိခဲ့ရသည်။

သူမ၏ ညီအစ်မများပင် သူမကို ထိုနာမည်ဖြင့် စနောက်ကြသည်။ သူမကို လိုက်နေသူတစ်ဦးသည်လည်း လျှို့ဝှက်နည်းစနစ်တစ်ခု ပေးခဲ့ပြီး သူမ ဖွင့်လိုက်သောအခါ နှပ်ချေးမထွက်စေသော မန္တာန်စာရွက်များဖြစ်နေ၏။

သူမမှ ဒေါသမထွက်လျှင် မည်သူထွက်မည်နည်း။

ဒေါသထွက်လွန်း၍ ကျိကျန်းနှင့် ကျိယွမ်ကို ရိုက်နှက်ပစ်ချင်နေခဲ့လေသည်။

သို့သော် သူမသည် ပြိုင်ပွဲနီးနေသောကြောင့် ထိန်းချုပ်ထားခဲ့ရသည်၊ ပါရမီရှင်တိုက်ပွဲအပြီးတွင် ကျိယွမ်ဆိုသူကို စိန်ခေါ်ပြီး သင်ခန်းစာပေးမည်ဟုပင် တွေးထားသည်။

ယခု အမည်မသိသောသူတစ်ဦးကလည်း မအမုန်းဆုံးနာမည်ကိုမှ လာခေါ်နေပြန်သည်။

“နင်က ဘယ်သူလဲ”

သူမက ဒေါသတကြီးဖြင့် ကျိယွမ်ကို မေးသည်။

“ငါက.. သွေးဝတ်စုံ ဓားနတ်ဘုရားပဲ"

ကျိယွမ်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

“ဘာ... သွေး..သွေးဝတ်စုံဓားနတ်ဘုရားလား”

နှပ်ချေးဖတ်နတ်သမီး၏ ဒေါသထွက်နေသောမျက်နှာက ကြောက်လန့်သောမျက်နှာသို့ ပြောင်းလဲသွားသည်။ထို့အပြင်

ကြောက်ရွံ့မှုနှင့် ရိုသေလေးစားမှုက သူမ၏ နှလုံးသားထဲအထိ လွှမ်းမိုးသွားသည်။

သူမသည် ငါးနဂါးစားသောက်ပွဲကို မတက်ရောက်ခဲ့သောကြောင့် သွေးဝတ်စုံဓားနတ်ဘုရားကို မတွေ့ဖူးပါချေ၊ သို့သော် သူ၏ ကြောက်မက်ဖွယ်ခွန်အားကို သူမသေသေချာချာသိပါသည်။

သူသည် အလင်းနန်းတော်ကို တစ်ဦးတည်း ဖျက်ဆီးခဲ့သောသူ ဖြစ်ပြီး ရက်စက်သော ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်လေ၏။

ထိုသို့သောသူက သူမတို့နန်းတော်သို့ မည်သည့်အတွက်ကြောင့် ရောက်လာသနည်း။

သူမသည် တံခါးရှေ့တွင် တည်ငြိမ်စွာ ရပ်နေသောသူကို သံသယမဝင်ပါချေ၊

အဘယ်ကြောင့်ဆိုသော် သွေးဝတ်စုံဓားနတ်ဘုရား၏ ဂုဏ်သတင်းသည် ကြောက်စရာကောင်းပြီး ရက်စက်တတ်သောကြောင့် မည်သူမှ သူ့အယောင်ဆောင်ရဲမည် မဟုတ်ပါချေ၊ ထို့အပြင်၊သွေးဝတ်စုံဓားနတ်ဘုရားသည် နာမည်ဆိုးဖြင့် ကျော်ကြားသော အပူဇော်ခံ ယဲ့ချုံကို စော်ကားခဲ့သဖြင့် ယခုအချိန်မျိုး၌ သွေးဝတိစုံ ဓားနတ်ဘုရားအဖြစ် ဟန်ဆောင်ခြင်းသည် သေခြင်းကို ရှာဖွေခြင်းနှင့် အတူတူ ဖြစ်သည်ဟု လူတိုင်း သိထားကြလေ၏။

နှပ်ချေးဖတ်နတ်သမီးသည် ကျိယွမ်၏ခွန်အားကို လုံးဝ ခွဲခြားသိမြင်နိုင်ခြင်း မရှိပေ။

သူက တကယ်ကိုသွေးဝတ်စုံဓားနတ်ဘုရားအစစ်ပဲဲဖြစ်ရမယ်။

သူမ၏နှလုံးသားသည် ကြောက်ရွံ့မှုနှင့် သေချာတွေးမိကာ ဝမ်းနည်းလာသလိုခံစားရလေ၏။

အလွန်ရှက်စရာကောင်းသော နှပ်ချေးဖတ်နတ်သမီးဟူသော ဂုဏ်ပုဒ်သည် သွေးဝတ်စုံဓားနတ်ဘုရားကဲ့သို့ မြင့်မားသောအဆင့်အတန်းရှိသူ၏ နားများသို့ပင် ရောက်နေသည် မဟုတ်ပါလား။

“အကြီးအကဲ၊ ဒီမှာ ခဏစောင့်ပေးပါ၊ ကျွန်မချက်ချင်း သွားပြောလိုက်ပါမယ်”

သူမ၏စကားက်ုကြားသောအခါ ကျိယွမ်က ခေါင်းခါသည်။

"ငါ့ကို တိုက်ရိုက် ခေါ်သွားလိုက်ပါ၊ အချိန်ကုန် သက်သာတာပေါ့”

ကျိယွမ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သော်လည်း သူမ၏ မျက်နှာအမူအရာသည် အကြိမ်ပေါင်းများစွာ ပြောင်းလဲသွားပြီး နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။

နန်းတော်အတွင်း၌.....

အကြီးအကဲဖုန်းလန်သည် ယွင်ကျုံးစံအိမ်သခင်နှင့် စစ်တုရင် ကစားနေသည်။

“ကွေးယွမ်တိုက်ကြီးကို ရောက်တာ တစ်လပဲ ရှိသေးတယ်၊ ဒီလို ကြီးမားတဲ့ အဖြစ်အပျက်မျိုး ဖြစ်လာမယ်လို့ ဘယ်သူက ထင်ထားမိမှာလဲ”

ဖုန်းလန်က သက်ပြင်းချလိုက်သည်။

စံအိမ်သခင်ကြီးကလည်း အတိတ်ကိုတမ်းတသလို ညည်းညူသည်။

"အလင်းနန်းတော်လို အင်အားစုကြီးတစ်ခုဟာ တစ်ညတည်းနဲ့ ပျောက်ကွယ်သွားမယ်လို့ ဘယ်သူက စိတ်ကူးမိမှာလဲ၊ သွေးဝတ်စုံဓားနတ်ဘုရားက တကယ်ကို လူသတ်နတ်ဘုရားပဲ၊ သူ အလင်းနန်းတော် ဘယ်လို ဖျက်ဆီးနိုင်ခဲ့လဲဆိုတာ ငါလည်း မသိသေးဘူး၊ အဲဒီနေ့က ကျလာတဲ့ နေမင်းနဲ့ သူက ဆက်စပ်မှု ရှိတယ်လို့ သူ ပြောတာ မှန်လောက်လား”

“မဖြစ်နိုင်ဘူး"

ဖုန်းလန်က ချက်ချင်းခေါင်းခါလိုက်သည်။

“ဒီလောကမှာ... ဒီလို ပုဂ္ဂိုလ်မျိုး တစ်ယောက်တည်းသာ ရှိနိုင်တယ်၊ငါ ဘယ်သူ့ကို ပြောနေတယ်ဆိုတာ မင်းသိပါတယ်”

စံအိမ်သခင်ကြီးသည် တိတ်ဆိတ်သွားပြီး ဆက်မပြောရဲတော့ပါ။

ထိုသို့သော ပုဂ္ဂိုလ်မျိုးကို ဖော်ပြခြင်း အား တားမြစ်ထားသည်၊ အထူးသဖြင့် ထိုပုဂ္ဂိုလ်ကို ဖြစ်သည်။

ဖုန်းလန်က တွေးကြည့်လေ ကြောက်စရာကောင်းလေဟု တွေးမိလာကာ ခေါင်းယမ်း၏။

“အရှေ့ပိုင်းဒေသ ပါရမီရှင်တိုက်ပွဲ ပြီးတာနဲ့ ငါတော့ အမြန်ဆုံး ပြန်ရမယ်၊ ကွေးယွန် တိုက်ကြီးမှာ နေထိုင်ရတာ အရမ်း အန္တရာယ်များလွန်းတယ်၊ အန္တရာယ်အမျိုးမျိုးကနေ

လွတ်မြောက်လာပြီး ဒီကိုရောက်မှ သေသွားရင်တော့ တော်တော်လေး ကံဆိုးသွားလိမ့်မယ်"

သူသည် သေချာတွေးမိလေ သွေးဝတ်စုံဓားနတ်ဘုရားကို အလွန် ကြောက်ရွံ့လေပင်။

သူသည် လက်ရှိတွင် ယင်နတ်ဘုရားသုံးပါးကို အစေခံပြီး အရှေ့ပိုင်းဒေသပါရမီရှင်တိုက်ပွဲကို တာဝန်ယူထားရ၏။ထို့ကြောင့် သဘောတရားအရ သူသည်ယဲ့ချုံ ၏ ယာယီ လက်အောက်ခံ ဖြစ်နေသည်။

အကယ်၍ သွေးဝတ်စုံဓားနတ်ဘုရားသာ ဤအကြောင်းကို သိပါက ထိုအရူးက သူ့ကို သေချာပေါက်လာသတ်လိမ့်မည်ဟု ဖုန်းလန် ယုံကြည်သည်။

အခုချိန် ကွေးယွန်တိုက်ကြီးမှာ သွေးဝတ်စုံဓားနတ်ဘုရားကို မကြောက်တဲ့သူ ဘယ်သူရှိလို့လဲ၊ ငါလည်း ကြောက်တာပေါ့။

တရားမျှတမှုက မကောင်းမှုကို အနိုင်ယူတယ်တဲ့။ ဒီနေရာမှာ သူ့ထက်ပိုကြီးတဲ့ မကောင်းမှုက ရှိသေးလို့လား။

ထိုအချိန်တွင် အလျင်စလို အသံတစ်ခုက သူ၏နားထဲသို့ ပဲ့တင်ထပ်လာသည်၊

“ဘိုးဘေး၊ သွေးဝတ်စုံဓားနတ်ဘုရား ရောက်လာပါတယ်”

"ဟေ.."

ဖုန်းလန်၏ လက်ထဲမှ စစ်တုရင်ပြားမှာ ရုတ်တရက် ပြုတ်ကျသွား၏။သူ၏ မျက်နှာသည်လည်း ကြောက်လန့်တကြားဖြစ်ကာ ဖြူဖျော့သွားသည်။

စံအိမ်သခင်ကြီးက မျက်မှောင်ကြုတ်သွားပြီး သူရွှေ့လိုက်သောအကွက်အား ပြန်ငုံ့ကြည့်နေ၏။

ငါ့ရဲစစ်တုရင်ပညာက အဲဒီလောက်နက်ရှိုင်းနေပြီလား၊ တစ်ကွက်တည်းနဲ့ ဒီကောင် သေမလိုလန့်သွားတယ်။

သူက တည်ငြိမ်စွာမေးလိုက်သည်။

"ဘာဖြစ်လို့လဲ

“မဟုတ်ဘူး၊ ငါ ပြေးရမယ်၊ သွေးဝတ်စုံ ဓားနတ်ဘုရားက ငါ့ကိုသတ်ဖို့ လာနေပြီ”

ဖုန်းလန်သည် ကြောက်လန့်တုန်လှုပ်နေပြီး သူ၏မျက်နှာက ဝမ်းနည်းမှုဖြင့် ပြည့်နှက်နေသည်။

စကားဆုံးသည်နှင့်ထွက်ပြေးဖို့ ပြင်ဆင်လိုက်သည်။

သို့သော် သူမလှုပ်ရှားနိုင်မီမှာပင် ကြောက်မက်ဖွယ်ကောင်းသော မျက်လုံးတစ်စုံက သူ့ကို စိုက်ကြည့်နေသည်ဟု ခံစားလိုက်ရသောကြောင့် ထွက်မပြေးဝံ့တော့ပါ။

“ငါ့ကို မြင်ရုံနဲ့ ထွက်ပြေးချင်နေတယ်ဆိုတော့ မင်းက မကောင်းတဲ့သူ တစ်ယောက်လား၊အဲဒါဆိုရင်တော့ ငါသွေးဝတ်စုံဓားနတ်ဘုရားက တရားမျှတမှုကို ကိုယ်စားပြုပြီးမင်းကို အပြစ်ပေးရလိမ့်မယ်"

ကျိယွမ်၏ ပျင်းသဲ့သဲ့အသံက ပဲ့တင်ထပ်လာသည်။

ဖုန်းလန်သည် ခရမ်းရောင်နန်းတော်ဟုပင်မထင်ရလောက်အောင် တုန်ယင်သွား၏။

လာပြန်ပြီ၊ တရားမျှတမှုကို ကိုယ်စားပြုပြီးတော့တဲ့။

သူက ကယောင်ကတမ်းဖြင့် တုန့်ပြန်လိုက်၏။

၊ “မပြေး...မပြေးပါဘူး .. ဆီးသွားဖို့ လိုအပ်လာလို့ပါ...”

“မင်းတို့ ဖုန်းမိသားစုဝင်တွေက တကယ် ထူးဆန်းတာပဲ၊ တစ်ယောက်က နှပ်ချေးဖတ်ခွာနေရပြီး နောက်တစ်ယောက်က ဆီးသွားဖို့ လိုအပ်တယ်၊ကျင့်ကြံသူတွေမှ ဟုတ်ရဲ့လား”

ကျိယွမ်က နှပ်ချေးဖတ်နတ်သမီးကိုတလှည့်ကုန်းကွကွဖြစ်နေသော ဖုန်းလန်ကို တစ်လှည့် နားမလည်သလိုကြည့်သည်။

ဖုန်းလန်သည် ရှက်ရွံ့ခြင်းနှင့်အတူ စိတ်ရှုပ်ထွေးသွား၏။

သူဘာပြောတာလဲ ငါ့ကိုသတ်ဖို့ လာတာ မဟုတ်ဘူးလို့ ဆိုလိုတာလား။

သူက စိတ်က်ုတည်ငြိမ်အောင်ထားကာ ကျိယွမ်ကို လေးစားမှု အပြည့်ဖြင့် ကြည့်လိုက်သည်။

"သွေးဝတ်စုံဓားနတ်ဘုရား လာရောက်လည်ပတ်တာကို ကျွန်တော် မသိလိုက်ဘူး၊ ဘာကိစ္စနဲ့ များ ရောက်လာပါသလဲ”

ယခုအခါ သူသည် ခရမ်းရောင်နန်းတော်အဆင့်အင်အားကြီးသူ၏ အမူအရာ လုံးဝ မရှိတော့ဘဲ နောက်လိုက်လူဆိုးတစ်ဦးနှင့် ပိုတူနေသည်။

သူသည် ယင်နတ်ဘုရားများကို လေးစားကောင်း လေးစားလိမ့်မည်၊ သို့သော် သူက သွေးဝတ်စုံဓားနတ်ဘုရားကိုလည်း ကြောက်လေ၏။

မကြောက်လို့မရဘူး ။သူက စိတ်ရူးပေါက်ရင် သတ်ခဲ့မှာ။

“ငါ သိပ်မကြာခင်က ပါရမီရှင်တိုက်ပွဲအတွက် စာရင်းသွင်းခဲ့တယ်"

ကျိယွမ်က အရေးမကြီးသလိုပြောပြီး

ကုလားထိုင်တစ်လုံးကို ရှာကာ ကျကျနန ထိုင်လိုက်သည်။

ဖုန်းလန်မှာ အံ့ဩတုန်လှုပ်သွားကာ ကျိယွမ်အား နားမလည်သလိုကြည့်၏။

သူက ပါရမီရှင်တိုက်ပွဲအတွက် စာရင်းသွင်းခဲ့တယ်တဲ့လား။ဘယ်လိုလုပ် အဓိပ္ပာယ် ရှိမှာလဲ။

“ဒါပေမဲ့ ငါက လတ်တလောကျင့်စဉ်တစ်ခုကို သုတေသနလုပ်နေပြီး အရေးကြီးတဲ့ အဆင့်ကို ရောက်နေတယ်၊ ဒါကြောင့် ပါရမီရှင်တိုက်ပွဲမှာ မပါဝင်နိုင်ဘူး၊ တိုက်ပွဲကို ရွှေ့ဆိုင်းလို့ မရဘူးလား”

ကျိယွမ်က ညင်သာစွာ မေးလိုက်သည်၊ အကူအညီ တောင်းနေသောကြောင့် သူ၏ လေသံသည် ဖော်ရွေနေသည်။

“အကြီးအကဲ... အရှေ့ပိုင်းဒေသပါရမီရှင်တိုက်ပွဲကို ရွှေ့ဆိုင်းလို့ မရနိုင်ပါဘူး”

ဖုန်းလန်သည် အလွန်ခက်ခဲနေဟန်ဖြင့် ပြောလိုက်သည်ပြီး သူ၏စိတ်ထဲ၌ လုံးဝ ရှုပ်ထွေးနေသည်။

သွေးဝတ်စုံဓားနတ်ဘုရားသည် အနည်းဆုံးသက်တမ်းက နှစ်တစ်ထောင်ကျော် ရှိနေပြီဖြစ်သောကြောင့် ၊ တိုက်ပွဲအတွက် အလွန် အသက်ကြီးနေပြီ ဖြစ်သည်။အဘယ့်ကြောင့် ပြိုင်ချင်နေရသနည်း။

"အကြီးအကဲ ၊ ပြိုင်ပွဲအချိန်က ကမ္ဘာအသစ်ကိုသွားတဲ့ ဂိတ်ဖွင့်တဲ့အချိန်နဲ့ဆက်စပ်နေတာမို့ ပြောင်းလဲလို့မရတာပါ"

ဖုန်းလန်၏ အကြောင်းပြချကိကိုကြားသောအခါ ကျိယွမ်က ခေါင်းညိတ်၏ ။

သူက ဖုန်းလန်အား ကြည့်ကာ မေးပြန်သည်။

“မင်းရဲ့ အမြင်အရဆိုရင်ကွာ ငါကအရှေ့ပိုင်းဒေသပါရမီရှင်စာရင်းရဲ့ ထိပ်ဆုံးဆယ်ယောက်နဲ့ ယှဉ်ရင် ဘယ်သူနိုင်မယ်ထင်လဲ”

"ဗျာ.."

ဖုန်းလန်မှာ ပြောစရာစကားများ ပျောက်ဆုံးသွားတော့သည်။

သွေးဝတ်စုံဓားသမားကြီးရယ်..ခင်ဗျား ကျုပ်ကို လာနောက်နေတာလား။

“ဟို.. အကြီးအကဲက ပိုအားကောင်းပါတယ်"

သူက သတိထားပြီး ဖြေလိုက်သည်။

ကျိယွမ်က ခေါင်းညိတ်ပြီး ထပ်မေးပြန်၏။

"ဟုတ်ပြီ ၊ ငါက ပိုအားကောင်းတယ်လို့ မင်းဝန်ခံတယ်နောိ၊ ဒါဆိုရင် ငါသာပါရမီရှင်တိုက်ပွဲမှာ ပါဝင်ခဲ့ရင် ထိပ်ဆုံး အယောက်နှစ်ဆယ်ထဲ ဝင်ဖို့ သေချာတယ်မဟုတ်လား”

“ဝင်နိုင်ပါတယ်”

ဖုန်းလန်က ဝန်ခံလိုက်သော်လည်း

ကျိယွမ်ကို ကြည့်ပြီး တုံ့ဆိုင်းစွာဖြင့် ပြောလိုက်သည်၊

“ဒါပေမဲ့ အကြီးအကဲ၊ ခင်ဗျားရဲ့ အသက်က.. နည်းနည်းများနေပါတယ်၊ ပါရမီရှင်တိုက်ပွဲဟာ အသက်နှစ်ရာအောက် လူငယ်များအတွက်ပဲ ကျင်းပတာပါ"

“ငါ့အသက် အရမ်းငယ်တယ်လေ၊အခုထိ အသက် နှစ်ဆယ်တောင် မပြည့်သေး..အဲ... သုံးဆယ်နီးပါးပါ”

ကျိယွမ်က အခိုင်အမာ ပြောလိုက်သည်။

သူက အမှန်အတိုင်းပြောပြမိမလိုဖြစ်ပြီးမှ သူသည် သတို့သမီးလေးနှင့် လက်ထပ်ထားပြီး ဖြစ်သည်ကို သတိရလိုက်၏၊ အသက် နှစ်ဆယ်မတိုင်မီ လက်ထပ်ခြင်းသည် လက်ထပ်ခြင်းဆိုင်ရာ ဥပဒေများကို ချိုးဖောက်ရာရောက်မည် ဖြစ်သည်၊ ထို့ကြောင့် သူ၏ အသက်ကို အနည်းငယ် လိမ်ပြောလိုက်ခြင်းပင်။

ယခုအချိန်ထိ အခန်းထဲတွင် စံအိမ်သခင်ကြီးက တိတ်ဆိတ်စွာ ရပ်နေသည်။သူက သွေးဝတ်စုံဓားနတ်ဘုရားနှင့်စကားပြောဖူးသူမို့ သူ၏ရှေ့မှလူက ထိုသူဖြစ်ကြောင်း သိလေ၏။

နှပ်ချေးဖတ်နတ်သမီးမှလည်း သွေးဝတ်စုံဓားနတ်ဘုရားက အသက် ၃၀ ပင်မပြည့်သေးပါဆိုသောကြောင့် မယုံကြည်သဖြင့် ရယ်ချင်သော်လည်း မရဲမိအောင်ထိန်းနေရသည်။

ဖုန်းလန်က မယုတ်မလွန်ဖြေ၏။

"အကြီးအကဲ... ခင်ဗျားရဲ့ရုပ်ရည်က တကယ်ကို အရမ်း ငယ်ရွယ်တယ်လို့ ထင်ရပါတယ်”

“ရုပ်ရည်တင် မဟုတ်ဘူး၊ အသက်ကလည်း တကယ် ငယ်ရွယ်ပါတယ်”

“အခုဆိုရင် ခွန်အားကလည်း အရည်အချင်း ပြည့်မီတယ်၊ အသက်ကလည်း သတ်မှတ်ချက်နဲ့ကိုက်ညီနေပြီ၊ ငါက ထိပ်ဆုံး သုံးယောက်ထဲ မဝင်နိုင်ရင်တောင် ထိပ်ဆုံး ဆယ်ယောက်ထဲတော့ အလွယ်တကူ ဝင်နိုင်လောက်မယ် မဟုတ်လား၊ ရလဒ်က အတူတူပဲ ဖြစ်နေမှတော့ လုပ်ငန်းစဉ်ကို ကျော်သွားပြီး ငါ့ကို ထိပ်ဆုံး ဆယ်ယောက်ထဲ တိုက်ရိုက် အဆင့်သတ်မှတ်လိုက်ပါ”

ကျိယွမ်က အတည်ပေါက်နှင့် ရဲတင်းစွာကြေညာလိုက်သည်။

ဖုန်းလန်မှာ ဒုတိယမ္ပိနှစ်ကြိမ်မြောက် ပါးစပ်အဟောင်းသားဖြစ်သွားရပြန်သည်။

ဒီသွေးဝတ်စုံဓားနတ်ဘုရားက လူမှ ဟုတ်ရဲ့လား ။

တခြားသူသာဆိုရင် ယခုအချိန် ဖုန်းလန်က သူ၏အဆင့်အတန်းကိုပင်မေ့ကာ ဆဲမိမှာသေချာ၏။သို့သော် သွေးဝတ်စုံဓားနတ်ဘုရားကိုတော့ ဆန့်ကျင်ပြီး သူ မကန့်ကွက်ရဲပါချေ။

“ဒီကိစ္စကို ယင်နတ်ဘုရားသခင် သုံးပါးကို အစီရင်ခံဖို့ လိုအပ်ပါတယ်၊ ကျွန်တော်... ကျွန်တော် တစ်ယောက်တည်း ဆုံးဖြတ်လို့ မရနိုင်ပါဘူး”

ဖုန်းလန်က အင်အားမဲ့စွာဖြင့် ပြောလိုက်သည်။

“ဒါဆိုရင် မြန်မြန် အစီရင်ခံလိုက်ပါ၊ ငါ အမြန်ဆုံး ရလဒ် လိုအပ်တယ်”

ကျိယွမ်၏ အသံက အေးစက်သွားသည်။

“ဘယ်သူမဆို ငါက ပါရမီရှင်တိုက်ပွဲရဲ့ ထိပ်ဆုံး အယောက်နှစ်ဆယ်ထဲ ဝင်ရောက်မှာကို အန္တရာယ်ပြုပြီး ဟန့်တားမယ်ဆိုရင်၊ အဲဒါဟာ ငါ့ကို ရန်ငြိုးဖွဲ့တဲ့ လုပ်ရပ်ပဲ"

ဖုန်းလန်၏နဖူးပေါ်မှ ချွေးအေးများ စီးကျလာသည်။

“ကျွန်တော် ချက်ချင်း အစီရင်ခံပါ့မယ်"

သူသည် အလွန်ရက်စက်သော သွေးဝတ်စုံဓားနတ်ဘုရားကို ဆန့်ကျင်ဖို့ သတ္တိမရှိပါ၊ယခုသာမဟုတ် နောင်နှစ်တစ်သောင်းကြာသည့်တိုင် မလုပ်ရဲပါ။

အလင်းနန်းတော်လို နှစ်တစ်သောင်းကြားရပ်တည်ခဲ့သောအင်အားစုကြီးပင် တစ်ညတည်းနှင့်ပျက်စီးသွားခဲ့ရသည်မဟုတ်ပါလား။

----------------

All Chapters