← Chapters

အပူဇော်ခံယဲ့ချုံ၏ အကြံ

Vol. 12 Ch. 155

အပူဇော်ခံယဲ့ချုံ၏ အကြံ

Vol. 12 Ch. 155

ကျိယွမ်သည် ထိုင်ခုံပေါ်တွင် သူ့အိမ်သူ့ယာအလား သက်တောင့်သက်သာ ထိုင်နေပြီး ရလဒ်ကို စောင့်ဆိုင်းနေသည် ။

ပထမဆုံးအကြိမ်အဖြစ် မိမိနာမည်ကိုခုတုံးလုပ်ကာ ဖြတ်လမ်းသုံးရခြင်းဖြစ်သော်လည်း ထိုခံစားချက်ကတော်တော်လေး စိတ်ကျေနပ်စရာ ကောင်းသည်ကိုတော့ သူမငြင်းနိုင်ပါ ။

အကြီးအကဲဖုန်းလန်က ထိုကိစ္စအား အဆင့်ဆင့်တင်ပြပြီး အဖြေကိုစောင့်နေ၏။

ကောင်းကင်နှင့် မြေကြီးလှိုဏ်ဂူတွင် ကြမ်းတမ်းသော ယင်လေက တဝူးဝူး တိုက်ခတ်နေသည် ။အပြင်ဘက် ဂူပေါက်ဝ တွင် အရပ်ရှည်သော အမျိုးသားတစ်ဦးသည် လေးစားသောမူအယာရှိသော်လည်း ဒေါသထွက်နေ၏။

“ဒီ သွေးဝတ်စုံဓားနတ်ဘုရားက တော်တော် လွန်လာပြီ ။ သူက မီအာကို ရက်ရက်စက်စက် သတ်ဖြတ်တယ် ၊ ရှင်းဟွာအဖွဲ့ထဲမှာ မိုက်မိုက်မဲမဲ ပြောဆိုပြီး အပူဇော်ခံကို စိန်ခေါ်ဝံ့တယ် ။ ဒါတွေအားလုံးဟာ ဖုန်ကျွင်း စိုးစံရှင်ရဲ့ကျောထောက်နောက်ခံ ရှိနေလို့လား ။"

" အခုဆိုရင် ပါရမီရှင်တိုက်ပွဲကိုပါ ဝင်ရောက်စွက်ဖက်ပြီး ယှဉ်ပြိုင်စရာမလိုဘဲ နေရာတစ်ခုကို ရယူဖို့ ကြိုးစားနေတယ် ။ သူဟာ စိုးစံရှင်သုံးဦးလုံးကို လုံးဝ လျစ်လျူရှုနေတာပါ"

အရပ်ရှည်သော အမျိုးသားသည် ခရမ်းရောင် နန်းတော်အထွတ်အထိတ်အဆင့်တစ်ဦးဖြစ်ပြီး အပူဇော်ခံယဲ့ချုံအား အချိန်ကြာမြင့်စွာ အလုပ်အကျွေး ပြုခဲ့သူလည်း ဖြစ်သည် ။

ယခုလည်း ဖုန်းလန်၏ သတင်းစကားကို လက်ခံရရှိပြီးနောက် သူသည် သွေးဝတ်စုံဓားနတ်ဘုရားကို တော်တော်လေး ဒေါသထွက်နေခဲ့သည် ။

ယင်လေသည် ကောင်းကင်နှင့်မြေကြီးဂူကို ဖြတ်၍ ဆက်လက် တိုက်ခတ်နေ၏ ။

ထိုအခိုက် ဂူအတွင်းမှ ကလေးတစ်ဦးကအော်ပြောလိုက်သလို ကလေးအသံတစ်ခုက ပဲ့တင်ထပ်လာသည်။

“ဒီကိစ္စကို ဘယ်လို လုပ်သင့်တယ်လို့ မင်း ထင်လဲ ။”

ဂူဝမှ အရပ်ရှည်အမျိုးသားသည် မျက်မှောင်ကြုတ်ကာ နက်နက်နဲနဲ စဉ်းစားနေသည် ။

“ပထမအချက်က ဖုန်းကျွင်းစိုးစံရှင် ရှိနေတယ် ။ ဒုတိယအချက်ကတော့ ကြီးမားတဲ့ ကပ်ဘေးဆိုးကြီးက နီးကပ်လာပြီ ။ စိုးစံရှင်ရဲ့ ခွန်အားကို ချွေတာထားသင့်တယ် ၊ ဒါကြောင့် သွေးဝတ်စုံဓားနတ်ဘုရားဟာ ရိုင်းစိုင်းနေပေမဲ့ကို အရေးယူဖို့ မသင့်လျော်ပါဘူး ။”

သူသည် သွေးဝတ်စုံဓားနတ်ဘုရားကို မည်သို့ ကိုင်တွယ်ရမည်ကို စဉ်းစားခဲ့သော်လည်း အတန်ကြာသည်အထိ ဖြေရှင်းနည်းကို ရှာမတွေ့သေးပါ ။

ဒီလိုဆိုရင် သွေးဝတ်စုံဓားနတ်ဘုရားက အရှေ့ပိုင်းဒေသပါရမီရှင်တိုက်ပွဲကို ဖျက်ဆီးပြီး ဝမ်ယုကုန်းမြေတိုက်ကြီးထဲ ဝင်ခွင့်ရသွားမှာကို တကယ်ပဲ ခွင့်ပြုတော့မှာလား ။

ထိုသို့အဖြစ်မခံနိုင်ပါ။

ရုတ်တရက် အရပ်ရှည်သော အမျိုးသား၏ မျက်လုံးများ အရောင်တောက်လာပြီး အကြံတစ်ခုရကာ ဝမ်းမြောက်ဝမ်းသာ ပြောလိုက်သည်။

"သူ့ကို အရှေ့ပိုင်းဒေသပါရမီရှင်တိုက်ပွဲရဲ့ ထိပ်ဆုံး အယောက် (၂၀) ထဲမှာ နေရာတစ်ခု ရပါစေ ။ ဘာပဲပြောပြော သွေးဝတ်စုံဓားနတ်ဘုရားဟာ ဝမ်ယုကုန်းမြေတိုက်ကြီးထဲကို ဝင်ရောက်ဖို့ ကြိုးစားနေတာ ထင်ရှားတယ် ။ အဲဒီနေရာမှာ ကောင်းကင်ဘုံတာအို က ပျက်စီးနေတော့ ၊ အားကောင်းသူတွေလည်း နည်းပါးတယ် ။ဝမ်ယုကို ကျွန်တော်တို့ ကန်းလန်နယ်မြေက ပစ်မှတ်ထားသလို ဒယ်မိုရာမျိုးနွယ်ကလည်း ပစ်မှတ်ထားနေတာကြာပါပြီ ။ ဒယ်မိုရာမျိုးနွယ်မှာ အဆင့် (၅) အထက်ကျင့်ကြံသူကို အာရုံခံနိုင်တဲ့ ရတနာတစ်ခု ရှိတယ် ။ သွေးဝတ်စုံဓားနတ်ဘုရားကသာ ဝမ်ယုကုန်းမြေတိုက်ကြီးထဲကို ဝင်ရောက်သွားမယ်ဆိုရင် ဒယ်မိုရာမျိုးနွယ်က သေချာပေါက် သိရှိသွားလိမ့်မယ် ။ သူတို့ရဲ့ ရိုင်းစိုင်းတဲ့ သဘာဝကြောင့် အားကောင်းတဲ့ပြိုင်ဖက်ကို ထားမှာမဟုတ်ပါဘူး ၊ သူ့ကို သတ်မှာ အသေအချာပဲ ။ ဒါကြောင့် ဝမ်ယုကုန်းမြေတိုက်ကြီးထဲကို ဝင်ရောက်တာဟာ သွေးဝတ်စုံဓားနတ်ဘုရားကို ခြင်္သေ့လိုဏ်ဂူထဲ ပို့လိုက်သလို ဖြစ်သွားပါလိမ့်မယ် ။”

ဂူထဲမှ အပုဇော်ခံယဲ့ချုံက စဥ်းစားနေပြီး ချက်ချင်းစကားမပြန်ပါ ။

လက်ရှိတွင် ဝမ်ယုကုန်းမြေတိုက်ကြီးအား အင်အားစု သုံးခုအဖြစ် ပိုင်းခြားထားသည် ။ အားအနည်းဆုံးက ဝမ်ယုကုန်းမြေတိုက်ကြီး၏ မူရင်းဌာနေလူမျိုးများ ဖြစ်သည် ။ အားအကောင်းဆုံးက ဒယ်မိုရာ မျိုးနွယ် ဖြစ်ပြီး ကန်းလန်လန်နယ်မြေမှ စိုးစံရှင်သုံးပါးကပင် ဒယ်မိုရာမျိုးနွယ်အတွင်းမှ ယင်နတ်ဘုရားများကို အလွန် သတိထားနေကြသည် ။

ထို့ကြောင့် သွေးဝတ်စုံဓားနတ်ဘုရားကို ဝမ်ယုကုန်းမြေတိုက်ကြီးထဲသို့ ပို့လိုက်ခြင်းသည် သိုးတစ်ကောင်ကို ကျားလိုဏ်ဂူထဲ ပို့လိုက်သကဲ့သို့ ဖြစ်သွားနိုင်၏ ။

အတန်ကြာပြီးနောက် ဂူထဲမှ ကလေးသံထွက်လာသည်။

“မင်း ပြောတဲ့အတိုင်း ဖြစ်ပါစေ ။”

ယဲ့ချုံ၏စကားကို ကြားသောအခါ အရပ်ရှည်အမျိုးသား၏ မျက်လုံးများက ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားခဲ့လေ၏။ ။

ဂူထဲမှ ကလေးအသံက ထပ်မံ ထွက်ပေါ်လာပြန်သည် ။

“အဆင်ပြေရင် သူ့ရဲ့ မူလဇာစ်မြစ်ကို စုံစမ်းလိုက် ။”

“လက်ရှိ အချက်အလက်တွေအရ သွေးဝတ် စုံဓားနတ်ဘုရား ၊ အရူးတာအို နဲ့ ဆန္ဒ ခုနှစ်မျိုး နတ်ဆိုးသခင်တို့ဟာ တစ်ယောက်တည်း ဖြစ်တယ်ဆိုတာ သေချာသလောက်ပါပဲ ။ သူတို့အားလုံးဟာ ဝေးလံတဲ့ တိုင်းပြည်တစ်ရာကနေ စတင်ပေါ်ပေါက်လာတယ်လို့ဆိုထား၊ဘယ်လိုတွေးတွေး ခေတ်တခေတ်မှာ ပါရမီရှင်တွေအဲ့လောက်မများနိုင်ဘူး၊ ထူးချွန်ရင် တစ်ယောက်ပေါ့ ။”

အရပ်ရှည်အမျိုးသားက ခေါင်းငုံ့ကာ တင်ပြသည်။

“ကျွန်တော်တို့ နောက်ထပ် သတင်းအချက်အလက် အများကြီး ရှာမတွေ့ခဲ့ပါဘူး ။ ကျွန်တော့်ရဲ့ ခန့်မှန်းချက်အရ သွေးဝတ်စုံဓားနတ်ဘုရားဟာ ကန်းလန်နယ်မြေဇာတိသား မဟုတ်တဲ့သူ ဖြစ်နိုင်ပါတယ်။”

ဂူထဲတွင် ပြန်လည်တိတ်ဆိတ်ငြိမ်သက်နေပြီး ယင်လေတိုက်ခံနေသော လေတိုးသံတဝူးဝူးသာ ထွက်ပေါ်လျှက်ရှိ၏။

“ထပ်စုံစမ်းပြီး တိုင်းပြည်တစ်ရာမှာ တခြား ရှင်ဟွာအဖွဲ့ဝင်တွေ ရှိမရှိ ကြည့်ပါ ။”

“အမိန့်တော်အတိုင်းပါ ။”

အရပ်ရှည်အမျိုးသားသည် ခေါင်းငုံ့ အရိုအသေပေးသော်လည်း သူ့မျက်နှာတွင် တော်တော်ခက်မည်ကို ကြိုသိနေသဖြင့် မအီမသာဖြစ်ဟန် ပြသနေလေသည် ။

ဒါကပြောသလောက်မလွယ်ဘူး၊ကောက်ရိုးပုံထဲအပ်ပျောက်ရှာရသလိုဖြစ်နေတာပါဆို။

...................

ယွမ်ကျုံး မြို့တော်မှာတော့ ဖုန်းလန်သည် စိုးရိမ်ပူပန်နေသော်လည်း အားတင်းကာပြုံးနေရရှာ၏။

“အကြီးအကဲ သွေးဝတ်စုံဓားနတ်ဘုရား ၊

ဝမ်ယုကုန်းမြေတိုက်ကြီးထဲကိုဝင်ဖို့ ဘာလို့ဒီလောက် အရေးကြီးနေသလဲမသိဘူး၊ ပါရမီရှင်တွေရဲ့ အဖွဲ့အစည်းတွေထဲက တစ်ခုခုမှာ ဝင်ရောက်လိုက်ပါလား ။ ဒီနည်းနဲ့ဆိုရင် အကြီးအကဲဟာ သူတို့နဲ့အတူ ဝမ်ယုတိုက်ကြီးထဲကို လိုက်ဝင်ဖို့ အလိုအလျောက် အရည်အချင်း ပြည့်မီပါလိမ့်မည် ။”

ကျိယွမ်က ထိုင်ခုံပေါ်တွင် စစ်တုရင်ရုပ်များကို ကလေးဆော့သလို ဟိုချဒီချလုပ်နေရင်းမှ အရေးမပါသလိုပြန်ဖြေသည်။

"ဝမ်ယုကုန်းမြေတိုက်ကြီးက ငါ့အိမ်ပဲ၊ငါအိမ်ပြန်ရမယ်"

မည်သို့ပင််ဆိုစေကာမူ ဝမ်ယုကုန်မြေတိုက်ကြီး၏ ကောင်းကင်ဘုံတာအိုကို သူ၏အခြေခံအုတ်မြစ်တည်ဆောက်ရန်အသုံးပြုခဲ့သောကြောင့် ဝမ်ယုကုန်းမြေတိုက်ကြီးက သူ၏အိမ်ဟုဆိုနိုင်သည် မဟုတ်ပါလား။

ဖုန်းလန်သည် မဲ့ချင်နေသော်လည်း မမဲ့ရဲပါ၊ အဆင်မပြေသော အပြုံးကိုသာ ဆက်ပြုံးလိုက်သည် ။

ဝမ်ယုကုန်းမြေတိုက်ကြီး၏ကောင်းကင်ဘုံတာအိုက မပြည့်မစုံဖြစ်နေသလို ကုန်မြေ၏စွမ်းအင်အဆင့်ကလည်း သွေးဝတ် စုံဓားနတ်ဘုရားကဲ့သို့ အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးကို ထောက်ပံ့ပေးနိုင်လောက်အောင် မကြွယ်ပါ ။ သွေးဝတ်စုံဓားနတ်ဘုရားက သူ့အား နောက်ပြောင်နေသည်ဟု သာ ထင်မိသည် ။

“ငါက ထိပ်ဆုံးအယောက် (၂၀) ထဲ ရောက်သွားပြီဆိုရင် ကုန်းမြေတိုက်ကြီးထဲကို ဘယ်အချိန်ဝင်ခွင့်ရမလဲ ။ ငါတော်တော်လေး အရေးကြီးနေလို့ ။”

ကျိယွမ်သည် ဝမ်ယုကုန်းမြေတိုက်ကြီးထဲကို ဝင်ရောက်ရန် စိတ်အားထက်သန်နေသည် ။ ထိုနေရာက သူ တစ်ချိန်က နေထိုင်ခဲ့ဖူးသော ကမ္ဘာ ဟုတ်မဟုတ် သိလိုသည် ။ သူမြင်ချင်လျှက်သားနှင့် မတွေ့ဖူးသေးသော မိန်းမပျိုတစ်ဦးကို မြင်တွေ့နိုင်မည့် အခွင့်အရေး ရှိမရှိကိုလည်း သိချင်နေမိ၏ ။

“အရှေ့ပိုင်းဒေသပါရမီရှင်တိုက်ပွဲ ပြီးဆုံးတဲ့အခါ ဝမ်ယုတိုက်ကြီးရဲ့ ဝင်ပေါက်ဟာ ခဏလောက် ပွင့်လာပါလိမ့်မယ် ။ အဲဒီအချိန်ကျမှ အကြီးအကဲ ဝင်ရောက်နိုင်ပါလိမ့်မယ် ။”

ဖုန်းလန်က ရှင်းပြသည် ။

“ကောင်းပြီလေ၊စောင့်ရမှာပေါ့ ။”

ကျိယွမ်က ခေါင်းညိတ်လိုက်သည် ။

ထိုအချိန်တွင် ဖုန်းလန်၏ ဆက်သွယ်ရေး ကျောက်စိမ်းသည် ရုတ်တရက် အလင်းရောင် ထွက်ပေါ်လာခဲ့သည် ။

အကြောင်းပြန်လာပြီ။

ကျိယွမ်၏ မျက်လုံးများသည် ဖုန်းလန်အပေါ်တွင် စူးစိုက်နေသည် ။

“သတင်းရောက်လာတာလား ။”

"ဟုတ်..ဟုတ်ပါတယ်"

ဖုန်းလန်သည် စိတ်လှုပ်ရှားနေပြီး အကြောင်းပြန်စာကို ထုတ်မကြည့်ရဲပေ။

စိုးစံရှင်၏တုံ့ပြန်ချက်က အငြင်းဖြစ်နေမည်ကို သူအလွန်စိုးရိမ်နေသည် ။ သွေးဝတ်စုံဓားနတ်ဘုရား၏ တောင်းဆိုချက်ကို ငြင်းပယ်ရုံသာမကဘဲ မပတ်သတ်ရန်က်ုပါ အမိန့်ပေးမည်ကို သူအလွန်ကြောက်နေ၏ ။

ထိုသို့ဆိုလျှင် သွေးဝတ်စုံဓားနတ်ဘုရားသည် ဒေါသထွက်သွားလိမ့်မည်။

သွေးဝတ်စုံဓားနတ်ဘုရားက စိုးစံရှင်ကို သတ်ရဲမည် မဟုတ်သော်လည်း သူ့ကိုတော့ သတ်ရဲသည် ။သတ်လည်း သတ်နိုင်အောင်ခွန်အားကြီးမားသည်။

သူသည် ကျောက်စိမ်းထဲသို့ မရဲတရဲဖြင့် အသိစိတ်ကိုပို့ကာ ဖတ်လိုက်သည်။

ကောင်းကင်ဘုံအရှင် ကျွန်တော့်ဘဝလေးကို ကယ်တော်မူပါ။

သူကသတင်းအား ဖတ်ကြည့်လိုက်၏။

"ဟင်.."

ဖုန်းလန်၏မျက်နှာ ဝင်းပသွားတော့သည်။

“အကြီးအကဲ သွေးဝတ်စုံဓားနတ်ဘုရား ၊ အထက်လူကြီးတွေက သဘောတူလိုက်ပါပြီ ။ အကြီးအကဲဟာ စမ်းသပ်မှုတွေကနေ ကင်းလွတ်ခွင့်ရပြီး ပါရမီရှင်တိုက်ပွဲရဲ့ ထိပ်ဆုံး အယောက် (၂၀) ထဲမှာ နေရာတစ်ခု ရရှိပါလိမ့်မယ် ။ ဝမ်ယုကုန်းမြေတိုက်ကြီးထဲ ဝင်ခွင့် အရည်အချင်းကိုလည်း ပေးအပ်လိုက်ပါပြီ ။”

ဖုန်းလန်ခမျာ ယခုမှ သက်ပြင်းချနိုင်သည် ။

ကျိယွမ်က သဘောကျသလို အားရပါးရပြုံးကာ ချီးမွမ်း၏။

“မင်းတို့ရဲ့ အထက်လူကြီးတွေက တော်တော် ရက်ရောပါပေတယ် ။ အခွင့်အရေးရရင် သူတို့ကို ညစာ ဖိတ်ကျွေးရဦးမယ် ။”

ဖုန်းလန်က သွားဖြီးပြလိုက်သော်လည်း ထင်မြင်ချက်တော့ မပေးခဲ့ပါ။

သေချာတာကတော့ ထိုသတင်းကို အထက်သို့ လုံးဝတင်ပြမည် မဟုတ်ချေ။

သူက ကျိယွမ်အား မရဲတရဲကြည့်ကာ ပြန်သွားရန် မျှော်လင့်မိသည်။ထိုသူမပြန်မချင်း သူ့မှာစိတ်ကျဥ်းကျပ်နေပြီး အကြီးအကျယ်စိတ်ညစ်ထိတ်လန့်နေရသည်မဟုတ်ပါလား။

သို့သော် ထိုပုဂ္ဂိုလ်က ခုံမှပင်မထသေးပါ။

တော်တော်နှင့် ပြန်မည့်အစီအစဥ်ရှိပုံ မပေါ်ချေ။

“ငါက အခု အရှေ့ပိုင်းဒေသ ပါရမီရှင်တိုက်ပွဲရဲ့ ထိပ်ဆုံး အယောက် (၂၀) ထဲ ရောက်သွားပြီဆိုတော့ ပါရမီရှင် ဆုလာဘ်တစ်ခုကို ရွေးချယ်ခွင့် ရပြီလား ။”

ဂိုဏ်းချုပ်၏ ညွှန်ကြားချက်များကို ကျိယွမ်မမေ့ပါ။ထိုကိစ္စကိုပါ တစ်ခါတည်းကိစ္စဖြတ်ရမည်။

ဖုန်းလန်က အထိတ်တလန့်ဖြင့် ကျိယွမ်အားကြည့်သည်။

ငါများ နားကြားမှားတာလား။

အရှေ့ပိုင်းဒေသပါရမီရှင်စစ်ပွဲတွင် ထိပ်ဆုံး အယောက် (၁၀၀) သည် ဆုလာဘ်များ ရရှိသည်မှာ မှန်ပါသည် ။ သို့သော် ထိုဆုလာဘ်များသည် များသောအားဖြင့် အစွမ်းထက်သော စိတ်ဝိဉာဏ်အဆင့်ရတနာများသာ ဖြစ်သည် ။

၎င်းတို့သည် ငယ်ရွယ်သော ပါရမီရှင်များအတွက် အသုံးဝင်သော်လည်း သွေးဝတ်စုံဓားနတ်ဘုရားကဲ့သို့ ခရမ်းနန်းတော်အထွတ်အထိပ်အဆင့်အစွမ်းထက်သူအတွက် မည်သည့် အသုံးဝင်မှု ရှိနိုင်ပါမည်နည်း ။

“ဟုတ်ပါတယ် ။”

ဖုန်းလန်သည် အဖြေမသိသော်လည်း တွန့်ဆုတ်မနေရဲဘဲ လျင်မြန်စွာ ပြန်ဖြေပြီး

သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ နန်းတော်၏ အတွင်းပိုင်းမှ သိုလှောင်အိတ် တစ်လုံးသည် သူ့လက်ထဲသို့ ပျံသန်းရောက်ရှိလာခဲ့သည် ။

“အကြီးအကဲ သွေးဝတ်စုံဓားနတ်ဘုရားအနေနဲ့ ဒီရတနာတွေထဲက ကြိုက်ရာ ရွေးချယ်နိုင်ပါသည် ။တစ်ခုမကျေနပ်လို့ နှစ်ခုလိုချင်ရင် နှစ်ခုယူနိုင်ပါတယ် ။”

သိုလှောင်အိတ်ကို ဖွင့်လိုက်သောအခါ လင်းလက်တောက်ပနေသော ရတနာများစွာ ပေါ်လာသည် ။

ကျိယွမ်ကသာ ချီသန့်စင်ခြင်းအဆင့်တွင် ၎င်းတို့ကို မြင်ခဲ့ရပါက စိတ်လှုပ်ရှားမိမည်မှာ သေချာသည် ။ သို့သော် အခုအခါတွင်

ကြယ်အမြုတေပိုင်ရှင်ဖြစ်နေပြီမို့ ထိုရတနာများကို အထင်မကြီးတော့ပါ။

သူလိုချင်သော ခရမ်းရောင်ရွှေဖရုံသီးငယ်လေးကိုသာ ရှာလိုက်၏။

“ငါ ဒါကို ယူမယ် ။”

ထိုဖရုံသီးလေးသည် ဂိုဏ်းချုပ်က ကျိယွမ်အား ပြန်လည်ရယူရန် ညွှန်ကြားထားသည့် ရတနာ ဖြစ်သည် ။

“အကြီးအကဲရဲ့မျက်လုံးက ထက်မြက်လှပါတယ် ။”

ဖုန်းလန်က ဖရုံသီးကို သေချာ စစ်ဆေးပြီး ၎င်း၏ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိသဖြင့် ကျိယွမ်အားချီးမွမ်းသည်။

“ဒီဖရုံသီးဟာ တကယ်တော့ ခရမ်းရောင် နန်းတော်အဆင့်လက်နက် ဖြစ်ပါတယ် ။”

သို့သော် ဖုန်းလန်နားမလည်ပါ။ထိုသို့သောသာမန်ခရမ်းရောင်နန်းတော်အဆင့် လက်နက်များသည် သွေးဝတ်စုံဓားနတ်ဘုရားအတွက် မျက်စိကျလောက်စရာမဟုတ်ချေ။အလင်းနန်းတော်၏ ယင်နတ်ဘုရားအဆင့်ရတနာကိုပင် ဖျက်ဆီးနိုင်သော သူတစ်ဦးသည် ထိုကဲ့သို့သော အရာများကို လိုအပ်မည် မဟုတ်ပေ။

သူကမမေးရဲသဖြင့် ငြိမ်နေလိုက်၏။

ထိုအချိန်တွင် တစ်ချိန်လုံးတိတ်ဆိတ်နေသော ယွငိကျုံးစံအိမ်သခင်ကြီးကခရမ်းရောင် ရွှေဖရုံသီးကို ကြည့်ပြီး အရဲစွန့်ကာ မေးလိုက်သည်။

“အကြီးအကဲက ဒီဖရုံသီးနဲ့ ဆက်စပ်မှု ရှိပါသလား ။”

“ဟုတ်တယ် ။”

ကျိယွမ်က သူ့ကို ကြည့်ပြီး ပြန်ဖြေပေးသည် ။

“ဒါက အကြီးအကဲတစ်ဦးရဲ့ မျိုးနွယ်စု ရတနာပဲ ။ အခုဆိုရင်… သူ့ရဲ့ သက်ဆိုင်သူဆီ ပြန်ရောက်သင့်ပြီ ။”

“သဘောပေါက်ပါပြီ ။”

ယွင်ကျုံးစံအိမ်သခင်ကြီးက ခေါင်းညိတ်ပြီး တစ်ခုတောင်းဆိုလာသည်။

“အကြီးအကဲ ၊ ကျွန်တော့်ကို အကြီးအကဲရဲ့ ဆက်သွယ်ရေး အချက်အလက် ပေးနိုင်မလား ။”

“ရတယ်လေ ။”

ကျိယွမ်သည် မငြင်းဘဲ ဆက်သွယ်ရေး ကျောက်စိမ်းကို စံအိမ်သခင်ကြီးအား ပေါ့ပေါ့ပါးပါး ပြလိုက်သည် ။

ထို့နောက်သူက အားလုံးကိုနှုတ်ဆက်သည်။

“ဒါဆို အရာရာ အဆင်ပြေသွားပါပြီ ။ စံအိမ်သခင်ကြီး ၊အကြီးအကဲ ဖုန်းလန် ၊ နှပ်ချေးဖတ်နတ်သမီး နှုတ်ဆက်ခဲ့ပါတယ် ။”

ကျိယွမ်သည် သွေးရောင် အရိပ်အဖြစ် ပြောင်းလဲသွားပြီး ချက်ချင်း ပျောက်ကွယ်သွားသည် ။

ထိုအခါမှ ဖုန်းလန်သည် သက်ပြင်းလုံးကြီးချကာ ထိုင်ခုံပေါ်သို့ ခြေပစ်လက်ပစ်ထိုင်ချလိုက်တော့သည်။

စံအ်မ်သခင်ကြီးကတော့ ငြိမ်သက်ကာ အလေးအနက်စဥ်းစားနေ၏။

နှပ်ချေးဖတ်နတ်သမီးဟု အခေါ်ခံရသော အမျိုးသမီးကတော့ ဝမ်းနည်းကြေကွဲပြီး စကားမပြောနိုင် ဖြစ်နေရှာသည် ။

ငါ့ရဲ့ဂုဏ်သတင်းကတော့ သွားပါပြီ။အဲဒီ ကျိယွမ်ဆိုတဲ့အရူး ၊ နင်စောင့်နေဦးပေါ့..။

....................

ကျိယွမ် သူ၏ ဂူသို့ ပြန်ရောက်သောအခါ ကန်းဖူလူကို မတွေ့ရတော့ပါ ။

ကျန်းယာသည် ဗောဓိပင်ဘေးတွင် ဆက်လက် ရပ်နေပြီး သူမ၏ ကျင့်ကြံမှုနည်းစနစ်ပြဿနာအကြောင်းကို နက်နဲစွာ စဉ်းစားနေဆဲပင်ရှိသည် ။

ကျိယွမ်သည် ဂူထဲသို့မဝင်မီ ကျန်းယာကို ကြည့်ပြီး အော်ပြောလိုက်သည်။

"ကျွန်တော် ဖြတ်လမ်းရှာတာ အောင်မြင်သွားပြီ ။ အရှေ့ပိုင်းဒေသပါရမီရှင်တိုက်ပွဲကို ဝင်မပြိုင်တော့ဘူး ။ ကျွန်တော့်ရဲ့ နည်းစနစ်တွေကို လေ့လာဖို့ ခုနစ်ရက် တံခါးပိတ် ကျင့်ကြံတော့မယ် ။”

ကျန်းယာသည် ကျိယွမ်ကို အံ့သြသလို ကြည့်လိုက်သော်လည်း စကားများစွာမဆိုခဲ့ပါ။

“ကောင်းပြီလေ။”

ကျိယွမ်၏ လက်ရှိခွန်အားအရ ပါရမီရှင် တိုက်ပွဲတွင် ပါဝင်ခြင်းသည် အမှန်တကယ်ပဲ အချည်းနှီးသာ ဖြစ်လိမ့်မည် ။ ထို့ကြောင့် မပါဝင်ခြင်းက ပိုကောင်းလေသည် ။ မဟုတ်လျှင် ပြင်းထန်သောဒဏ်ရာ သို့မဟုတ် သေဆုံးသွားနိုင်၏။

ထိုအချိန်တွင် ဂူထဲသို့ ဝင်ရောက်သွားသော

ကျိယွမ်သည် ဆိုင်းဘုတ်တစ်ခုကိုင်ကာ ပြန်ထွက်လာသည်။ သူက ထိုအရာအား ဂူဝ၌ ချိတ်ဆွဲလိုက်သည် ။

“ခုနစ်ရက် တံခါးပိတ် ကျင့်ကြံနေသည် ။ အနှောင့်အယှက် မပေးရ ၊ မဟုတ်ရင် သေဒဏ် ။”

ယခုကိစ္စသည် သူ၏အဖိုးတန်အမြုတေ

နှင့် သက်ဆိုင်နေသောကြောင့် သူကအလွန် အလေးအနက်ထားရန်လိုအပ်သည် ။

ကျိယွမ်က ဆိုင်းပုဒ်အပြင် တံခါးအတွင်း၌ သူ၏မီးဖိုချောင်သုံးဓားနှင့် သွေးရောင်ဝိဉာဉ်ဓားကိုပင် ဝင်ပေါက်တွင် စောင့်ရှောက်ရန် ထားရှိခဲ့သည် ။

နှစ်ရက်ကြာပြီးနောက် ကန်ဖူလူသည် ကျိယွမ်၏ ဂူအပြင်ဘက်ရှိစာကို သတိပြုမိပြီး အနည်းငယ် ထူးဆန်းသည်ဟု ခံစားရသလို စိတ်မကောင်းဖြစ်သွားသညါ ။

“ညီလေးရဲ့ ပါရမီ… ငါ့ထက်တောင် ပိုကြီးမားတယ် ။ ပါရမီရှင်တိုက်ပွဲကို စောစော ရွှေ့လိုက်တာက သူ့အတွက် ဆုံးရှုံးမှုပဲ ။ မဟုတ်ရင် သူ ထိပ်ဆုံး အယောက် (၁၀၀) ထဲ တကယ် ရောက်ပြီး ဂိုဏ်းချုပ်ရဲ့ မျိုးနွယ် ရတနာကို ပြန်ရနိုင်မှာ ။”

သို့သော် အခုအခါ သူ၏ညီလေးသည် အမြုတေကိုပင် မတည်ဆောက်ရသေးသဖြင့် ပါရမီရှင်တိုက်ပွဲတွင် ပါဝင်ခြင်းသည် သေချာပေါက် သေခြင်းသာ ဖြစ်လိမ့်မည် ။

ကျန်းယာကတော့ ထုံးစံအတိုင်း တည်ငြိမ်နေလျှက်ပင်။

“သွားကြရအောင် ။ ပါရမီရှင်တိုက်ပွဲ စတော့မယ် ။”

ထိုနောက် သူတို့နှစ်ဦးသည် အလင်းတန်းများအဖြစ် ပြောင်းလဲကာ ယွင်ကျုံးစံအိမ် အတွင်းပိုင်းသို့ ဦးတည်သွားတော့သည် ။

သူတို့ရောက်သွားသောအခါ ကျွန်း၏အတွင်းပိုင်းရှိ တောင်များတွင် လျှို့ဝှက်နယ်မြေတစ်ခု ပွင့်နေလေပြီ။

ထိုနေရာမှ အလင်းတန်းများ စီးဆင်းနေပြီး ၊ လေထဲတွင် ဝိဉာဉ် စွမ်းအင်များ ထူထပ်လျှက်ရှိသည် ။

ကျန်းယာသည် တောင်ရှေ့ရှိ ငယ်ရွယ်သော ပါရမီရှင်များကို အလေးအနက်ထားသော အသွင်အပြင်ဖြင့် ကြည့်နေသည် ။

ကန်းဖူလူ၏ မျက်နှာကတော့ အလွန်စိတ်ဓာတ်ကျနေသည် ။

“အင်း ...ရှန်ကွမ်းဂိုဏ်းချုပ်ကြီးရဲ့သားမက်ဆိုတဲ့ဘွဲ့နဲ့ ရောင်ခြည်ငါးပါးတောင်ထိပ်သခင်ရဲ့အကြီးဆုံးတပည့်ဆိုတဲ့ဘွဲ့ထူးတွေက ဒီနေရာမှာ ဘာမှအရေးမပါတော့ပါဘူး ပဲ။”

သူ့ထက်အဆပေါင်းများစွာ ခွန်အားကြီးသော ကျင့်ကြံသူများစွာကို သူမြင်တွေ့နေရသည်မဟုတ်ပါလား။

သူ၏ အဖိုးတန် ပထမတန်းစား အမြုတေပင်လျှင် ဤလူအုပ်ထဲတွင် သာမန်မျှသာ ဖြစ်နေသည် ။

“ညီလေးကျိယွမ်ပြောတာ မှန်တယ် ။ ငါသာ ငါ့ရဲ့ အမြုတေကို နည်းနည်း ပိုကြီးအောင် ဖွဲ့စည်းခဲ့ရင် အခုလို စိတ်ဓာတ်ကျနေရမှာ မဟုတ်ဘူး ။”

သူသည် လူအုပ်ထဲတွင် ရပ်နေသော်လည်း အတော်လေး မထင်မရှား ဖြစ်နေ၏ ။

ထိုအခိုက်တွင် အစွမ်းထက်သော အသံတစ်ခုက အားလုံး၏ နားထဲတွင် ပဲ့တင်ထပ်လာသည် ။

“ဒီတစ်ကြိမ် အရှေ့ပိုင်းဒေသပါရမီရှင်တိုက်ပွဲရဲ့ စည်းမျဉ်းတွေ ပြောင်းလဲသွားပြီ ။ ထိပ်ဆုံး အယောက် (၂၀) မှာ နေရာ (၁၉) နေရာသာ ရှိတော့တယ် ။ လူတိုင်း… အမှားမလုပ်မိအောင်သတိထားပြီး ပိုကြိုးစားကြ ။”

ထိုကြေညာစကားကို ကြားသောအခါ ပါရမီရှင်များအားလုံး၏ အမူအရာများ ပြောင်းလဲသွားသည် ။

“ထိပ်ဆုံး အယောက် (၂၀) မှာ နေရာ (၁၉) နေရာသာ ရှိတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ ။”

"တစ်ယောက်ယောက်ကို ပေးလိုက်တာလား"

“အရှေ့ပိုင်းဒေသ ပါရမီရှင်တိုက်ပွဲလို ကြီးကျယ်ခမ်းနားတဲ့ ပွဲမှာ တစ်စုံတစ်ယောက်က ဖြတ်လမ်းကနေ အခွင့်အရေးယူရဲတယ်ပေါ့"

"ဘာဖြတ်လမ်းလဲ၊ ဒါ ခွေးတိုးပေါက်က ဝင်တာလို့ခေါ်တယ်ကွ"

“ဒါ တော်တော် ဆိုးတာပဲ ။”

“လုံးဝ မတရားဘူး ။”

ပါရမီရှင် အများစုက ဒေါသထွက်ကာ အမျိုးမျိုး ပြောဆိုကြကုန်၏။

မူလကတည်းကပင် ထိပ်ဆုံးအဆင့် အယောက် (၂၀) အောက်ပိုင်းမှ အဆင့်သတ်မှတ်ခံထားရသူများသည် အထူးဖိအားများနေခဲ့ရသည် ။ ယခုနေရာတစ်ခု ဆုံးရှုံးသွားခြင်းသည် သူတို့အတွက် ဖိအားကပို၍ပင် တိုးလာစေသည် ။

“သွားပါပြီ ၊ ဘယ် ယင်နတ်ဘုရားရဲ့ မျိုးဆက်က ပါရမီရှင်တိုက်ပွဲမှာ ယှဉ်ပြိုင်ဖို့ ကြောက်ပြီး ဖြတ်လမ်းယူရတာလဲ ။”

"ဖြတ်လမ်းလား"

ကန်းဖူလူသည် ထိတ်လန့်သွားပြီးနောက် ကျန်းယာကို လှည့်ကြည့်သည် ။

“ဟိုတနေ့က ကျိယွမ် ဖြတ်လမ်းရှာမယ်ဆိုပြီး ထွက်သွားတာ မဟုတ်လား ။”

“အင်း ။”

တည်ငြိမ်နေတတ်သော ကျန်းယာ၏မျက်နှာပင် ထူးဆန်းသလိုဖြစ်နေသည်။

“ပြန်ရောက်လာတော့ ၊ သူ အောင်မြင်ခဲ့တယ်လို့လည်း ပြောသေးတယ် ။”

ကန်းဖူလူသည် တိတ်ဆိတ်ငြိမ်သွားပြီး ထိုအရာကို နားလည်ရန် ခက်ခဲနေလေသည် ။

ဒါဟာ တိုက်ဆိုင်မှုလား… ဒါမှမဟုတ် တခြားတစ်ခုခုလား ။

အတန်ကြာမှ ခေါင်းယမ်းကာ ညည်းညူ၏။

"အင်း..လောကကြီးမှာ မတော်တဆ တိုက်ဆိုင်မှုတွေကလည်း ပေါများသကိုး"

..............

“ငါတော့ ပျက်စီးတော့မယ် ။”

သူ၏ဂူထဲတွင် ကျိယွမ်၏ နဖူးပေါ်တွင် စိုးရိမ်မှုကြောင့် ချွေးအေးများ စိုစွတ်နေသည် ။

“ငါ မှန်ကန်တဲ့ လမ်းကနေ သွေဖည်သွားပြီလား ။”

ကျိယွမ်ကျမ်းမှ နည်းစနစ်များကို ဆက်လက်ကျင့်ကြံနေစဉ် ကျိယွမ်သည် သူ ရရှိခဲ့သော နည်းစနစ်များက လုံးဝ မလုံလောက်သေးကြောင်း သဘောပေါက်ခဲ့ရသည် ။

သူသည် အမြုတေနှင့်အတူ စိတ်ဝိဉာဏ် လမ်းကြောင်းနှစ်ခုလုံးကို လျှောက်လှမ်းရန် ဆုံးဖြတ်ကာ ကြိုးစားနေခဲ့ခြင်းပင်။

သို့သော် အမြုတေ၏ လမ်းကြောင်းသည် အဆုံးမရှိသကဲ့သို့ ဖြစ်နေပြီး အဆုံးသတ်ကို မမြင်ရပေ။

ကျိယွမ် ခန့်မှန်းမိသည်မှာ ထိုလမ်းကြောင်း၏ အဆုံးသို့ ရောက်ရှိရန်ဆိုလျှင် သူ၏အမြုတေနေငယ်သည် ထို စကြဝဠာကြီးတစ်ခုလုံးကို ဝါးမျိုရန် လိုအပ်ပေလိမ့်မည်။

ထိုအရာက လုံးဝမဖြစ်နိုင်တာမျိုးမဟုတ်သော်လည်း အောင်မြင်ရန်အတွက် နှစ်ပေါင်းများစွာ အလွန်ကြာမြင့်မည်ကတော့ သေချာနေ၏။

ထိုအခါ ကျိယွမ်သည် သူ၏ကျိယွမ်ကျမ်းကို ပြန်သုံးသပ်ရန် လိုလာတော့သည်။

“ဒါဆိုရင် ကျိယွမ်ကျမ်းကို အမြုတေအခန်း နဲ့ အဆင့်မြင့် စိတ်ဝိဉာဏ် အခန်းဆိုပြီး နှစ်ခန်း ပိုင်းခြားသင့်တယ်ထင်တယ် ။”

အမြုတေအခန်းသည် စစ်မှန်နေမင်းမီးတောက်ကို ခိုင်မာစေရန်နှင့် ကြယ်များကို ဝါးမျိုရန် အာရုံစိုက်မည် ဖြစ်သည် ။ အဆင့်မြင့်စိတ်ဝိဉာဏ်အခန်းသည် ပိုမို ရိုးရာဆန်သောကျင့်ကြံ နည်းလမ်းဖြစ်ပြီး နောက်ဆုံးတွင် အားကောင်းသောစိတ်ဝိဉာဏ်သို့ ဦးတည်သွားမည် ဖြစ်သည် ။

“ဒီလိုဆိုတော့ ငါက စိတ်ဝိဉာဏ်အဆင့်ကို ရောက်သွားရင်တောင် ငါဟာ အမြုတေကျင့်ကြံသူ နဲ့ စိတ်ဝိဉာဏ် ကျင့်ကြံသူ နှစ်မျိုးလုံး ဖြစ်လာမှာလား ။”

ကျိယွမ်သည် စဥ်းစားရင်မှ အနည်းငယ် ခေါင်းမူးသလို ခံစားရကာ တီးတိုး ပြောလိုက်သည် ။

“ငါ ပိုပြီး တိုးတက်လေလေ ၊ နည်းစနစ်တွေ ပိုလိုအပ်လေလေပဲ ။ ငါ တော်တော် ဆင်းရဲတာပဲ ။”

အမြုတေအခန်းတစ်မျိုးတည်းကပင် ကျင့်ကြံခြင်းနည်းလမ်းနှစ်ခုကို ဖန်တီးရန် လိုအပ်သည်။

ဆိုလိုသည်မှာ သူသည် ပို၍ပင် နည်းစနစ်များ လိုအပ်လာမည်မဟုတ်ပါလား။

သူ၏ ခိုင်မာသော တရားမျှတမှုစိတ်ဓာတ်နှင့် ဥပဒေကိုလိုက်နာတတ်သော နိုင်ငံသားတစ်ဦး၏ ကိုယ်ကျင့်သိက္ခာသာ မရှိခဲ့ပါက ကျိယွမ်သည် ဓားပြတိုက်စားရန်ပင် စဉ်းစားမိပေလိမ့်မည် ။

"မျှော်လင့်ခြင်းလမင်းလေးတွေရေ မင်းတို့ဘယ်များရောက်နေကြတာလဲ"

“အပူဇော်ခံယဲ့ချုံ ၊ မင်း ဘာလို့ ငါ့ကို မကြံစည်ရတာလဲ ၊ ငါ့ကိုသတ်ဖို့ လူများများလွှတ်အောင် ဘာလုပ်ရင်ကောင်းမလဲ"

ကျိယွမ်သည် အကူအညီမဲ့စွာ သက်ပြင်းချလိုက်မိသည် ။

အတန်ကြာစဥ်းစားပြီးနောက် ကျင့်ကြံခြင်းကို ခေတ္တရပ်နားကာ သူ၏ဂူထဲမှ ထွက်လာခဲ့သည် ။

တည်းခိုခန်းသည် အရင်ကထက် အများကြီး ပိုတိတ်ဆိတ်နေ၏ ။

လူတိုင်းသည် အရှေ့ပိုင်းဒေသပါရမီရှင် တိုက်ပွဲတွင် ပါဝင်ရန် လျှို့ဝှက်နယ်မြေသို့ ရောက်နေကြခြင်းကြောင့်ပင် ။

ထိုအချိန်တွင် ကျိယွမ်သည် သူ၏ ဆက်သွယ်ရေး ကျောက်စိမ်းကို ထုတ်ယူလိုက်ရာ မထင်မှတ်ထားသော အမည်တစ်ခုကို တွေ့လိုက်ရသည် ။

ယွင်ကျုံးစံအိမ်သခင်ကြီး ။

တံခါးပိတ်ကျင့်ကြံနေစဉ် ယွင်ကျုံးစံအိမ်သခင်ဆီမှ သတင်းစကား ရရှိမည်ဟု သူ မမျှော်လင့်ထားပါ ။

မျက်စိတစ်မှိတ်အတွင်း ကျိယွမ်သည် ယွင်ကျုံးစံအိမ်တွင် ပေါ်လာခဲ့သည် ။

သူ၏ သွေးရောင် ဝတ်ရုံနှင့် ခန့်ညားသော ပုံပန်းသဏ္ဍာန်သည် ချက်ချင်းပင် စံအိမ်ထဲတွင်ရှိနေသော လူအများအပြား၏ မျက်လုံးများကို ဆွဲဆောင်လိုက်သည် ။

"စံအိမ်သခင်ကြီး ၊ ခင်ဗျား ကျွန်တော့်ဆီက ဘာလိုချင်တာလဲ ။”

ကျိယွမ်က အသံနှင့်အတူ အခန်းထဲသို့ ရောက်သွားသည် ။

သူရောက်ချိန်တွင် ယွင်ကျုံးစံအိမ်ကြီးအတွင်းပိုင်းသီးသန့်နေရာတွင် ခရမ်းရောင်နန်းတော်အထွတ်အထိပ်အဆင့်တစ်ဦး၊အလယ်အလတ်အဆင့် ၇ ဦးနှင့် အစောပိုင်းအဆင့်အများအပြားရှိနေသည်ကို တွေ့လိုက်ရသည်။

ဘာတွေလဲ။

အခန်းထဲမှ လူများကြောင့် ကျိယွမ်ကြောင်သွားလေ၏။

မျှော်လင့်ခြင်းလမင်းတွေက ငါ့ဆန္ဒပြည့်အောင် ဝိုင်းပြီးလုပ်ကြံကြမလို့လား။

အားလုံးက သူ၏သတ်မှတ်ချက်နှင့်ကိုက်ညီသော အဘိုးကြီးများဖြစ်နေသည်။

“ဂါရဝပြုပါတယ် ၊ သွေးဝတ်စုံ ဓားနတ်ဘုရား ။”

“ဂါရဝပြုပါတယ် ၊ သွေးဝတ်စုံ ဓားနတ်ဘုရား ။”

ခရမ်းရောင်နန်းတော်အဆင့် သုံးဆယ်ကျော်သည် ကျိယွမ်ကို အရိုအသေပေးရန် ရှေ့သို့ တိုးလာကြသည် ။

သူတို့ထဲတွင် ကျိယွမ်၏ အသိဟောင်းဖြစ်သူ ရှုရဲ့လီလည်း ပါဝင်လေသည် ။

သို့သော် ရှုရဲ့လီသည် ကျိယွမ်ကို မမှတ်မိဟန် ဆောင်နေလိုက်သည် ။

ယခုစုဝေးနေသူများက သာမညများမဟုတ်ကြပေ။ အားလုံးက ကွေးယွန်တိုက်ကြီး၏ အထက်တန်းအကျဆုံး အင်အားစုများမှ ဖြစ်ကြသည်။

သူတို့ထဲမှ မည်သူမဆို မြို့တစ်မြို့ သို့မဟုတ် တိုင်းပြည်တစ်ခုတွင်ပင် မငြိမ်မသက် ဖြစ်စေနိုင်အောင် နောက်ခံအင်အားရှိသူများဖြစ်သည် ။

သို့သော် ကျိယွမ်ကို ရင်ဆိုင်ရာတွင် သူတို့၏ မျက်လုံးများတွင် လေးစားမှုများ ပြည့်နှက်နေသည် ။

ကျိယွမ်သည် ယွင်ကျုံးစံအိမ်သခင်ကြီးကို တည်ငြိမ်သော အမူအရာဖြင့် ကြည့်လိုက်သည် ။

“ခင်ဗျား ဘာလိုချင်တာလဲ ။”

ယွင်ကျုံးစံအ်မ်သခင်ကြီးသည် အခန်းထဲတွင်ရှိနေသောသူများထဲတွင် အစွမ်းအထက်ဆုံး မဟုတ်သော်လည်း သူသည် ယခုကိစ္စကို ခေါင်းဆောင်နေသည်မှာ ထင်ရှားသည် ။

“အကြီးအကဲ ၊ အကြီးအကဲဟာ အလင်းနန်းတော်ကို ဖျက်ဆီးခဲ့ပြီး ကွေးယွန်တိုက်ကြီးကို ကြီးမားတဲ့ ဆိုးယုတ်မှုကနေ ကင်းဝေးစေခဲ့ပါတယ် ။ ဒါပေမဲ့ အခုဆိုရင် ကွေးယွန်တိုက်ကြီးဟာ ခေါင်းဆောင်မဲ့ ဖြစ်နေပါပြီ ။ အကြီးအကဲကို ကွေးယွန်တိုက်ကြီးရဲ့ ခေါင်းဆောင်အဖြစ် ရွေးချယ်ချင်ပါတယ် ။”

ယွင်ကျုံးသခင်ကြီးက ကျိယွမ်အားလေးနက်စွာ ပြောလိုက်သည် ။

လူအုပ်ထဲမှ ခရမ်းရောင်နန်းတော်အဆင့် အထွတ်အထိပ်ကလည်း ခေါင်းညိတ်လိုက်ပြီး တောင်းဆိုသည် ။

“ကျွန်တော်တို့ အားလုံး အကြီးအကဲကို ကျွန်တော်တို့ရဲ့ ခေါင်းဆောင်အဖြစ် ရွေးချယ်ချင်ပါတယ် ။”

ကျိယွမ်က ထိုစကားများကိုကြားသောအခါ ရယ်မောလိုက်သည် ။

ငါ့ကို အသုံးချချင်လို့ ခေါင်းဆောင်လုပ်ခိုင်းနေကြတာလား။သူတို့က ဘာလိုချင်တာလဲ။

“ကျွန်တော်က ပေါ့ပေါ့ပါးပါးနဲ့ တိုက်ရိုက် ဖြစ်စေချင်တယ် ၊ ကွေ့ပတ်နေတာမျိုး သဘောမကျဘူး"

ကျိယွမ်က စိတ်မရှည်သလို ပြောလိုက်သည် ။

ခေါင်ဆောင်ရွေးခြင်းဆိုသည်မှာ

အခြေခံအားဖြင့် သူတို့ကို အုပ်ချုပ်ရန်နှင့်ကာကွယ်ပေးရန်ဖခင်တစ်ဦးကို ရှာဖွေခြင်းနှင့် အတူတူ ဖြစ်သည် ။ သူ့အတွက် အထူး အခြေအနေမျိုး မရှိပါက ထိုအလုပ်မျိုးကို မည်သူက လုပ်ချင်မည်နည်း။

ခရမ်းရောင်နန်းတော် အထွတ်အထိပ်အဆင့် က ရှေ့သို့ တိုးလာပြီး ကျိယွမ်အား လေးစားစွာမေးသည်။

“အကြီးအကဲ ၊ ကပ်ဘေးဆိုးကြီး နီးကပ်လာနေတာကို သိပါသလား ။”

ချီယွမ် ခေါင်းခါသည် ။

ဘယ် ကပ်ဘေးကြီးလဲ ။ ဒါက အခုချိန်မှာ ခေတ်စားနေတာလား။

ယွင်ကျုံးစံအိမ်သခင်ကြီး ပြောစဥ်က သူ ကြားဖူးသော်လည်း အသေးစိတ်ကိုတော့ မသိရပါ ။ထို့အတူ ခရမ်းရောင်နန်းတော်အဆဆင့်များလည်း မသိနိုင်ပါ။

ထိုကိစ္စကို ယင်နတ်ဘုရားများသာ သိနိုင်ပေလိမ့်မည် ။

“နောက်ရာစုနှစ် အနည်းငယ်အတွင်း ကပ်ဘေးဒုက္ခကြီး ဆိုက်ရောက်လာပါလိမ့်မယ် ၊ ကမ္ဘာကြီးဟာ မငြိမ်မသက် ဖြစ်သွားပြီး ကျင့်ကြံသူမှန်သမျှ အားလုံးအန္တရာယ် ကြုံတွေ့ရပါလိမ့်မယ် ။ ကျွန်တော်တို့လို ခရမ်းရောင်နန်းတော်အဆင့်တွေတောင် အသက်ရှင်ဖို့ မလွယ်ကူပါဘူး ။”

“ဒါကြောင့် အလင်းနန်းတော်ဟာ ကပ်ဘေးဒုက္ခကြီးကို လျှော့ချဖို့အတွက် နဂါး သရဖူ ကို အပြည့်အဝ ပြန်လည်သန့်စင်ဖို့ မျှော်လင့်ပြီး တိုင်းပြည်တစ်ရာ သွေးစစ်ပွဲကို စတင်ခဲ့တာပါ ။ ယင်နတ်ဘုရား အဆင့်အင်အားစုတစ်ခုသာ ဘေးဒုက္ခကို ခုခံနိုင်မည့် အခွင့်အရေး ရှိပြီး ကျွန်တော်တို့ အသက်ရှင်သန်ရန် အခွင့်အရေး ရရှိပါလိမ့်မယ် ။”

ကျိယွမ်က ဖြတ်မေးလိုက်သည်။

“ဒါဆိုရင် ခင်ဗျားတို့က ကျွန်တော့်ကိုရွေးတာက… ခင်ဗျားတို့ကို ကာကွယ်ပေးဖို့ လိုချင်တာလား ။”

နဂါးသရဖူနှင့် ထိပ်တန်းအင်အားစုကြီးဖြစ်သောအလင်းနန်းတော် မရှိတော့သဖြင့် ကွေးယွန်တိုက်ကြီးသည် ၎င်း၏ ယင်နတ်ဘုရား အုတ်မြစ်ကို ဆုံးရှုံးသွားသည် ။

ယခုအခါ၌ ကြီးမားသော ကပ်ဘေးဒုက္ခဆိုသောအရာ၏ ဘယ်ကနေဘယ်လိုလာမှန်းမသိရသည့် မရေရာသော ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရသော ကွေးယွန် တိုက်ကြီးသည် ခုခံကာကွယ်မှု ကင်းမဲ့နေသည် ။

ထို့ကြောင့် သူတို့က ကျိယွန်ထံသစ္စာခံရန်ရောက်လာကြသည်။

သူက ယင်နတ်ဘုရားအဆင့်ရတနာကိုပင် ဖျက်ဆီးနိုင်သူဖြစ်သောကြောင့် သီအိုရီအရ ယင်နတ်ဘုရားအဆင့် ခွန်အားမျိုးရှိနေသည်ဟု ယူဆကြပုံပင်။

“ဟုတ်ပါတယ် ။”

ထိုသူက လေးစားစွာဝန်ခံသည်။

အခန်းထဲမှကျန်သောသူအားလုံးကလည်း သည် ကျိယွမ်ကို လေးစားစွာ ကြည့်နေကြသည် ။

ခရမ်းရောင်နန်းတော်အထွတ်အထိပ်အဆင့်က ဆက်လက်တင်ပြသည်။

“ကျွန်တော်တို့ဟာ သွေးဝတ်စုံ မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းပြီး အကြီးအကဲကို ခေါင်းဆောင်အဖြစ် ရွေးချယ်ဖို့ ဆန္ဒရှိပါတယ် ။ အားလုံးက အကြီးအကဲရဲ့ အမိန့်ကို လိုက်နာပါလိမ့်မယ် ။ အကြီးအကဲ ဘာလုပ်ချင်သည်ဖြစ်စေ ကျွန်တော်တို့ဟာ အကြီးအကဲရဲ့ လက်ထောက်တွေ ဖြစ်စေရပါမယ် ။ အကြီးအကဲက နည်းစနစ်တွေ ၊ ရတနာတွေ ဒါမှမဟုတ် တခြား ဘာမဆို လိုအပ်တယ်ဆိုရင်လည်း ကျွန်တော်တို့ကြိုးစားပေးမှာပါ"

"အဲဒီလိုလား.."

ငြင်းရန်တွေးနေသော ကျိယွမ်မှာ စဉ်းစားခန်း ဝင်သွားရသည် ။

ကမ်းလှမ်းချက်များကို သူစိတ်ဝင်စားမိသည်ကို ဝန်ခံရပေလိမ့်မည် ။

ဘာပဲဖြစ်ဖြစ် သူ နည်းစနစ်တွေ လိုအပ်နေသည် ။သူတစ်ယောက်တည်း ရိုးရိုးသားသားရှာနေလျှင် မျှော်လင့်ခြင်းလမင်းများကိုတွေ့မှသာ များများရနိုင်သည်။

ထို့ကြောင့် ခရမ်းနန်းတော်အဆင့်ရာထူးကြီးသူများကို နည်းစနစ်များ ရှာခိုင်းခြင်းက သူ ကိုယ်တိုင် ရှာဖွေတာထက် အများကြီး ပိုအဆင်ပြေနိုင်၏ ။

ကျိယွမ်စဥ်းစားနေစဥ် စံအိမ်သခင်ကြီးက ရှေ့သို့တိုးလာသည်။

“အကြီးအကဲ ၊ ဒီဟာကို ကြည့်ပါ ။”

သူက အလွန်အားနည်းနေသောအရှိန်အဝါရှိသည့်အဘိုးအိုတစ်ဦးကို ကျိယွမ် ရှေ့သို့ ခေါ်ဆောင်လာသည် ။

အဘိုးအို၏ မျက်လုံးများတွင် ကြောက်ရွံ့မှုနှင့်အတူ နာကြည်းမှုများ ပြည့်နှက်နေပြီး သူ၏အရှိန်အဝါက အားနည်းနေသော်လည်း ခရမ်းရောင်နန်းတော်အဆငိ့ဖြစ်ကြောင်း ဖော်ပြနေသည် ။

ကျိယွမ်က အဘိုးအိုအားသေချာကြည့်ပြီး ခေါင်းခါသည် ။

"ကျွန်တော် သူ့ကို မသိဘူး ။”

စံအိမ်သခင်ကြီးက ရှင်းပြ၏။

“အကြီးအကဲ ၊ ဟိုတစ်နေ့က အကြီးအကဲရဲ့ အထက်လူက ရွှေဖရုံသီးကို ပြန်ယူဖို့ တာဝန်ပေးခဲ့တယ်လို့ သိခဲ့ရပါတယ် ။ ဒီဖရုံသီးက ဟုန်လျန်ဆိုတဲ့ကျင့်ကြံသူရဲ့ ရတနာပါ ။ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်က ဟုန်လျန်ဟာသစ်သားမျိုးနွယ်စုက ဘုရင်မ

ကို နှစ်သက်ပြီး ကိုယ်လုပ်တော်အဖြစ် ခေါ်ချင်ခဲ့တယ် ။ ဒါပေမဲ့ ဘုရင်မက ငြင်းဆန်ပြီး သူ့ကိုယ်သူ ကြိုးဆွဲချ သေဆုံးခဲ့တာကြောင့် ဟုန်လျန်က ဒေါသထွက်ပြီး သစ်သား မျိုးနွယ်စု တစ်ခုလုံးကို သတ်ဖြတ်ပစ်လိုက်တာ အသက်ရှင်သူ အနည်းငယ်သာ ကျန်ရစ်ခဲ့ပါတယ်"

"ပြီးတော့ ခရမ်းရောင်ရွှေဖရုံသီးကလည်း ဟုန်လျန်က သစ်သားမျိုးနွယ်ဆီကနေ သိမ်းယူခဲ့တဲ့ ရတနာတွေထဲက တစ်ခုပါ။

ဒါကြောင့် အကြီးအကဲရဲ့ ခေါင်းဆောင်က သစ်သားမျိုးနွယ်စုဝင်ဖြစ်နိင်ပါတယ်။"

"အခု ကျွန်တော်တို့ ဟုန်လျန်ကို ဖမ်းမိခဲ့ပါပြီ၊ သူရဲ့ ကံကြမ္မာကို အကြီးအကဲလက်ထဲကို အပ်ပါတယ်။”

ဟုန်လျန်သည် စံအိမ်သခင်ကြီးကို ဒေါသတကြီး ကြည့်ကာ အော်ဟစ်သည် ။

“ငါ ရေနတ်ဘုရား တိုက်ကြီးကို သစ္စာခံပြီးသား ။ မင်းတို့ ငါ့ကို အခုလိုဖမ်းထားတာက ရေနတ်ဘုရားတိုက်ကြီးနဲ့ စစ်ပွဲ စတင်ဖို့ ရည်ရွယ်နေတာလား ။”

ကွေးယွန်တိုက်ကြီးနှင့် နယ်နိမိတ်ချင်းထိစပ်နေသော ရေနတ်ဘုရားတိုက်ကြီးသည် ကွေးယွင်တိုက်ကြီးထက် အနည်းငယ် ပိုအားကောင်းသော်လည်း အများကြီး မကွာခြားပါ ။

ကျိယွမ်သည် ဟုန်လျန်ကို တစ်ချက်ကြည့်လိုက်သည် ။

ထို့နောက် သူ အကြမ်းဖျင်းနားလည်သွားခဲ့သည် ။

ထိုသူသည် သူ၏ဂိုဏ်းချုပ်နှင့် အကြီးအကဲ ရွှမ်းချုန်းတို့၏မျိုးနွယ်စု ပျက်စီးရခြင်း၏ အဓိကတရားခံ ဖြစ်ရမည် ။

ကျိယွမ်သည် ဟုန်လျန်ကို သဘောကျစွာ ပြုံးပြလိုက်သည် ။

“ရေနတ်ဘုရားတိုက်ကြီး တစ်ခုလုံးက ခင်ဗျားလို ခရမ်းရောင်နန်းတော်အဆင့်တွေနဲ့ ပြည့်နေရင် ဘာလို့ စစ်ပွဲမစရမှာလဲ ။”

ထိုသို့ဖြစ်လေ မျှော်လင့်ခြင်းလမင်းများရရှိလေမဟုတ်ပါလား။သူက အဘယ့်ကြောင့်

စိုးရိမ်နေမည်နည်း။

ကျိယွမ်က အားလုံးကိုကြည့်ကာ ကြေညာလိုက်သည်။

“ဒါဆိုရင် ကွေးယွန်တိုက်ကြီးရဲ့ ခေါင်းဆောင် နေရာကို ကျွန်တော်လက်ခံပါမယ် ။ ခင်ဗျားတို့ရဲ့ တာဝန်ကတော့ ကျွန်တော့်အတွက် နည်းစနစ်တွေကို တတ်နိုင်သမျှ များများ စုဆောင်းပေးဖို့ပဲ ။”

အခန်းထဲမှလူများအားလုံး စိတ်သက်သာရာရသွားကြကုန်၏။

ရာစုနှစ်အနည်းငယ်အတွင်း ကပ်ဘေးဒုက္ခ ကြီးကနီးကပ်လာနေသည်နှင့်အမျှ သူတို့ချည်း ရင်ဆိုင်ရတော့မည် မဟုတ်ပါ ။သွေးဝတ်စုံဓားနတ်ဘုရားရှိလာခဲ့လေပြီ။

ထိုအချိန်မှာပင် ကျိယွမ်က ရွှီရဲ့လီနှင့်အတူ ခရမ်းရောင်နန်းတော်အထွတ်အထိပ်အဆင့်အား ခေါ်လိုက်၏။

"ရှုရဲ့လီ ၊ ပြီးတော့ ခင်ဗျားရော၊ ခင်ဗျားတို့အတွက် တာဝန်တစ်ခု ရှိတယ် ။”

အထွတ်အထိပ်အဆင့် အနည်းငယ်

တောင့်တင်းသွားသည် ။

“အမိန့်အတိုင်းပါ ၊ အကြီးအကဲ ။ ကျွန်တော့်ကို မေရှန်လို့ ခေါ်နိုင်ပါတယ် ။”

“အင်း၊ ဟုန်လျန်ကို ခေါ်သွားပြီးတော့…”

ကျိယွမ်သည် စကားမဆက်သေးဘဲ ကျန်သောသူများကို ကြည့်လိုက်ရာ သူတို့သည် ဉာဏ်ကောင်းစွာ ထွက်သွားကြသည် ။

ထိုအခါမှ ကျိယွမ် ဆက်ပြောသည် ။

“သူ့ကို သာ့ရှန်းတိုင်းပြည်က ရှန်ကွမ်ဂိုဏ်းကို ခေါ်သွားပြီး အကြီးအကဲကူမူ လက်ထဲကို လွှဲပြောင်းပေးပါ ။”

မေရှန်နှင့် ရွှီရဲ့လီတို့၏ အမူအရာများက အနည်းငယ် တင်းမာသွားသော်လည်း ချက်ချင်းခေါင်းညိတ်လိူက်ကြသည်။

“အမိန့်အတိုင်းပါ ခေါင်းဆောင်။”

ထိုကဲ့သို့သော လျှို့ဝှက်ချက်ကို သိရှိသွားပြီဖြစ်သဖြင့် သူတို့သည် သွေးဝတ်စုံဓားနတ်ဘုရားနှင့် ဆက်ဆံရေးကို ဖြတ်တောက်၍ မရနိုင်တော့ကြောင်း သူတို့ နားလည်သွားသည် ။

“ပြီးတော့ ခရမ်းရောင်ရွှေဖရုံသီးကိုလည်း သူ့ကို ပေးလိုက်ပါ ။”

ကျိယွမ်က ပြုံးကာ ထပ်ဖြည့်ပြောလိုက်သည် ။

ဖရုံသီးအတွင်းတွင် သူသည် မူလစွမ်းအင်တစ်ခုနှင့် စစ်မှန်နေမင်းမီးတောက်အမျှင်တန်းတစ်ခုကို ချန်ထားခဲ့သည် ။ထိုနှစ်ဦး အကြံအဖန် လုပ်မည်ကို သူ မကြောက်ပါ ။

စကားဆုံးသည်နှင့် ကျိယွမ်က ထိုနေရာမှ

ပျောက်ကွယ်သွားသည် ။

အခန်းထဲ၌ မေရှန် ၊ ရွှီရဲ့လီနှင့် ဟုန်လျန်တို့သာ ကျန်ရစ်သည် ။

ရွှီရဲ့လီသည် မေရှန်ကို ကြည့်ပြီး အံ့သြစွာဖြင့် မေးသည် ။

“အကြီးအကဲ ၊ ကျွန်တော် သိချင်တာက ဘာလို့ သွေးဝတ်စုံဓားနတ်ဘုရားကို ရွေးချယ်ရတာလဲ ။”

သူသည် မကြာမီရောက်လာမည့် ကပ်ဘေးဒုက္ခအကြောင်းကို မကြာသေးမီကမှ သိခဲ့ရသည် ။ ထိုအခါမှ သူတို့သည် သေခြင်းနှင့် မည်မျှ နီးကပ်နေကြောင်းကို နောက်ဆုံးတွင် နားလည်သွားပြီး သောကများသွားလေ၏ ။

“သွေးဝတ်စုံဓားနတ်ဘုရားဟာ ယဲ့ချုံ စိုးစံရှင်ကို စော်ကားခဲ့လို့ သူ့ရဲ့ နေ့ရက်တွေ နည်းနေပြီလို့ မင်း ပြောချင်တာလား ။”

မေရှန်က တည်ငြိမ်စွာမေးသည် ၊သို့သော် သူ၏ အသံမှာ ဝမ်းနည်းဟန်အနည်းငယ်ပါနေသည် ။

“မဟုတ်ပါဘူး… ကျွန်တော် အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး ။”

“သွေးဝတ်စုံဓားနတ်ဘုရားကလွဲလို့ ငါ့တို့မှာ တခြား ရွေးချယ်စရာ ရှိသေးလို့လား ။ ယဲ့ချုံ စိုးစံရှင်ဟာ ကပ်ဘေးဒုက္ခကြီးကို ကြောက်ရွံ့ပြီး အားအင်ချွေတာနေလို့ လာမယ့် ရာစုနှစ်အထိ ငါတို့ခေါင်းဆောင်ကို အရေးယူမှာ မဟုတ်ဘူးလို့ မျှော်လင့်ထားရအောင် ။ အဲဒီအခါမှသာ သူ့ရဲ့ အကာအကွယ်အောက်မှာ ဘေးဒုက္ခ ဆိုက်ရောက်တဲ့အခါ ငါတို့အားလုံးအသက်ရှင်ဖို့ အခွင့်အရေး ရလိမ့်မယ် ။”

------------------

All Chapters