သူတကယ်ရူးသွားပြီ၊ ယင်နတ်ဘုရားရဲ့ သံတမန်ကို သတ်ပစ်ပြီ
Vol. 12 Ch. 151
ကျိယွမ်သည် မီးလျှံဧကရာဇ်နှင့် စကားပြောပြီးနောက် သူ၏ သွေးဝတ်စုံဓားနတ်ဘုရားအကောင့်သို့ ပြောင်းလိုက်သည် ။
အကောင့်ထဲတွင် မိတ်ဆွေဖွဲ့ရန် တောင်းဆိုမှုများ များစွာရှိနေခဲ့သည် ။
သူသည် ထိုထဲကမှ ရှင်ဟွာအဖွဲ့၏အရှေ့ပိုင်းဒေသခေါင်းဆောင်မည်သူဖြစ်နိုင်သည်ကို ရှာဖွေ၏။
"ဟမ်...ရှင်ဟွာအရှေ့ပိုင်းဒေသခေါင်းဆောင် တဲ့လား ၊ ဆရာကြီးကတော့ ဆရာကြီးပါပဲ သူ့ရဲ့ ID ကိုတောင် ပြောင်းဖို့ စိတ်မဝင်စားဘူး ။”
သူသည် ရှင်းဟွာအဖွဲ့အရှေ့ပိုင်းဒေသခေါင်းဆောင်ဟု အမည်ပေးထားသော အကောင့်မှ မိတ်ဆွေဖွဲ့ရန် တောင်းဆိုမှုကို လက်ခံလိုက်သည် ။
မကြာခင်မှာပင် မက်ဆေ့ချ်တစ်ခု သူ့ဆီသို့ ရောက်လာခဲ့၏ ။
"တာအိုရောင်းရင်း..သွေးဝတ်စုံဓားနတ်ဘုရား အချိန်ရသလား"
“ရပါတယ်"
"ငါတို့ ရှင်းဟွာအဖွဲ့ရဲ့ အရှေ့ပိုင်းဒေသဌာနခွဲမှာ သွေးဝတ်စုံဓားနတ်ဘုရားလို ခွန်အားကြီးမားတဲ့ပုဂ္ဂိုလ်တစ်ဦး ရောက်လာလိမ့်မည်လို့ တစ်ခါမှမမျှော်လင့်ထားမိဘူး၊ အရမ်းကောင်းတယ်"
အရှေ့ပိုင်းဒေသခေါင်းဆောင်သည် ကျိယွမ်အား ချီးမွမ်းစကားများဖြင့် စတင်ခဲ့သည် ။
သို့သော် ကျိယွမ်က မပျော်ရွှင်ပါ။သူက အဘိုးကြီးတစ်ဦးမဟုတ်ပေ။ ထို့ကြောင့်သူက တိုက်ရိုက်ပင်မေးလိုက်၏။
“ခေါင်းဆောင်၊ ကျွန်တော် ဘာကူညီပေးရမလဲ ။”
သူ၏တည့်တိုးစကားကြောင့် တစ်ဖက်သူကသဘောပေါက်သွားပုံရသည် ။ သူကလည်း လိုရင်းကိုသာ ပြောလာ၏။
“တာအိုရောင်းရင်း ၊ မင်းနဲ့အလင်းနန်းတော်ရဲ့ကြားကပြဿနာကို ဖြေရှင်းပေးဖို့ စဥ်းစားပေးနိုင်မလား"
ကျိယွမ်က အနည်းငယ်မကျေမနပ်ခံစားရကာ ချက်ချင်းပြန်ဖြေလိုက်သည်။
"အလင်းနန်းတော်နဲ့ ကျွန်တော့်ရဲ့သွေးကြွေးက အလွန်နက်ရှိုင်းပါတယ် ၊ ဖြေရှင်းလို့မရနိုင်ပါဘူး"
ကျိယွမ် သံသယဝင်လာ၏။
အရှေ့ပိုင်းဒေသခေါင်းဆောင်သည် ငြိမ်ချမ်းရေးကို ဖော်ဆောင်ပေးရန် ရောက်လာပုံရှိသည်။
" သေချာစဥ်းစားကြည့်ရင် ၊ ဒါဟာ သာမန်မကျေနပ်မှုလေးတစ်ခုပါ၊ ဘာကြောင့် လက်မလျှော့နိုင်ရတာလဲ ။မင်းက အမှန်တကယ်ကိုခွန်အားကောင်းပါတယ်၊ ဒါပေမယ့် လက်သီးနှစ်ဖက်က လက်ဝါးလေးဖက်ကို မတိုက်နိုင်ပါဘူး ။ အလင်းနန်းတော်မှာ ခရမ်းရောင်နန်းတော်အဆင့် ၅၀ ကျော်စုစည်းထားသလို အထွတ်အထိပ်အဆင့် ၃ ယောက်က ဦးဆောင်နေတယ်။မင်းသာ သူတို့ဆီကို သွားမယ်ဆိုရင် သေမင်းကိုခေါ်ဆောင်ခြင်းသာ ဖြစ်နေလိမ့်မယ် ။သေချာစဥ်းစားပါ”
အရှေ့ပိုင်းဒေသခေါင်းဆောင် ပြောသည်မှာ အမှန်ဖြစ်ပြီး၊ ထိုယူဆချက်သည် အခြားသော ခရမ်းရောင်နန်းတော်အဆင့်များ၏ အမြင်နှင့်လည်း ထပ်တူညီနေ၏။
လက်ရှိတွင် အလင်းနန်းတော်က အင်အားတောင့်တင်းသော်လည်း သွေးဝတ်စုံဓားနတ်ဘုရားကို လိုက်လံနှိမ်နှင်းရန်တော့ မဖြစ်နိုင်ပါ။
တစ်ဖက်မှသွေးဝတ်စုံဓားနတ်ဘုရားကလည်း ခွန်အားကြီးမားသော်လည်း အလင်းနန်းတော်သားများအားလုံးက ဌာနချုပ်တွင် စုစည်းသွားပြီဖြစ်လေ၏။ထို့ကြောင့် အလင်းနန်းတော်ဌာနချုပ်ကိုတော့ သူ တစ်ဦးတည်းမဖျက်ဆီးနိုင်ပေ။
ထို့ကြောင့်တစ်ဖက်နှင့်တစ်ဖက် တူညီနေပြီး အတိအကျပြောရလျှင် သွေးဝတ်စုံဓားနတ်ဘုရားအတွက် ခက်ခဲသောအခြေအနေဟု ယူဆနေကြသည်။
အဘယ့်ကြောင့်ဆိုသော အလင်းနန်းတော်တွင် ယင်နတ်ဘုရားအဆင့်လက်နက်ရှိနေသည့်အပြင် ယင်နတ်ဘုရားတစ်ပါးနှင့်ပါ ရင်းနှီးနေသည် မဟုတ်ပါလား။
"ကျွန်တော်က အလင်းနန်းတော်ကို ရှင်းလင်းပစ်မယ်လို့ ပိုစ့်တင်ထားပြီးသားပါ ။ အခုမှ မသွားတော့ပါဘူးဆိုရင် မျက်နှာအကြီးအကျယ်ပျက်စရာ မဖြစ်ဘူးလား"
ကျိယွမ်၏ သမာသမတ်ကြသောအပြောကြောင့် အရှေ့ပိုင်းဒေသခေါင်းဆောင်
ဘာပြောရမှန်း မသိဖြစ်သွားရသည် ။
"မင်းသာ သဘောတူမယ်ဆိုရင် ဖြစ်ခဲ့တဲ့ကိစ္စအတွက် အလင်းနန်းတော်ရဲ့ နန်းတော်သခင်သုံးဦးလုံးက ကိုယ်တိုင်တောင်းပန်ကြပါလိမ့်မယ်၊ပြီးတော့ အလင်းနန်းတော်ရဲ့ နည်းစနစ်တွေနဲ့ ရတနာတွေကိုလည်း နစ်နာကြေးအဖြစ် ပေးဖို့ဆန္ဒရှိနေကြတယ်"
ရှင်းဟွာခေါင်းဆောင်က ဆက်ပြောသည် ။
“အနစ်နာကြေးအတိအကျကိုတော့ မင်းနဲ့အလင်းနန်းတော်ကြားမှာ ဆွေးနွေးဖို့လိုတယ်၊နောက် ဆယ်ရက်အတွင်း ဖေးရှန်းမျှော်စင်မှာ အလင်းနန်းတော်က မင်းကိုတောင်းပန်ဖို့အတွက် အကြီးကျယ်ဆုံးစားသောက်ပွဲကို ကျင်းပပေးမှာဖြစ်ပြီး မင်းက စွမ်းအင်အနည်းငယ်ပို့ပြီး အလင်းနန်းတော်က နန်းတော်သခင်တွေနဲ့ တိကျတဲ့နစ်နာကြေးအကြောင်း အသေးစိတ်ဆွေးနွေးလို့ရတယ်"
ထိုစာများကိုဖတ်ပြီးသောအခါ ကျိယွမ်အားရပါးရ ရယ်မိသွား၏။
ဒါက ငါသိခဲ့တဲ့ မောက်မာတဲ့အလင်းနန်းတော်မှ ဟုတ်သေးရဲ့လား။
“ကျွန်တော်ကတော့ သူတို့ရဲ့ မူလအတိုင်း
မောက်မာပြီး မာနကြီးတဲ့သဘောထားကိုပဲ ပိုကြိုက်ပါတယ်"
မာနကြီးခြင်း၊ အထက်စီးဆန်ခြင်းနှင့် ဂုဏ်ယူဝင့်ကြွားတတ်သူများကို အနိုင်ယူရသည်ကို ပို၍အရသာရှိသည် မဟုတ်ပါလား။
“သူတို့ ကျွန်တော်နဲ့စကားပြောချငိတယ်ဆိုရင် တိုင်းပြည်တစ်ရာသွေးစစ်ပွဲကိုရပ်တန့်ရမဲ့အပြင် ခရမ်းရောင်နန်းတော်အဆငိ့တွေကလည်း သူတို့ကိုယ်သူတို့ သတ်သေရမယ်"
ကျိယွမ်က ရယ်စရာကောင်းလောက်အောင် လွန်ကဲသော တောင်းဆိုချက်ကို ပြုလုပ်လိုက်သည် ။
ရှင်းဟွာအဖွဲ့ခေါင်းဆောင် တိတ်ဆိတ်သွားလေ၏။
ဒီလိုမျိုးကို ညှိနှိုင်းတယ်လို့ ခေါ်တာလား ။
အကုန်လုံးသေပေးရမယ်ဆိုမှတော့ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်တော့မှာလဲ။
“သွေးဝတ်စုံဓားနတ်ဘုရား၊ မင်း တကယ်ပဲ တွေ့ဆုံဆွေးနွေးဖို့ ဆန္ဒမရှိဘူးလား ။”
ရှင်းဟွာခေါင်းဆောင်က အကူအညီမဲ့သောပုံမျိုးဖြင့် ထပ်မေးသည်။
"ကျွန်တော်ရဲ့ တောင်းဆိုချက်က လွန်ကဲလွန်းနေတယ်လို့ ခင်ဗျားထင်လို့လား၊
သူတို့ ကိုယ်တိုင်တောင် သတ်သေဖို့ ဆန္ဒမရှိဘူးဆိုရင် ဘာသဘောထားမှ မရှိတာသေချာတယ် ။ ဘာလို့ ဖြေရှင်းရမှာလဲ ။”
“တွေ့ဆုံဖို့ကလည်း ဖေးရှန်းမျှော်စင် မလိုပါဘူး ။ခုနစ်ရက်အတွင်း ကျွန်တော်ကိုယ်တိုင်
အလင်းနန်းတော်ဌာနချုပ်ကို သွားပါမယ်၊သူတို့ကိုပြောလိုက်ပါ လည်ပင်းတွေကို သန့်ရှင်းပြီးစောင့်နေလို့"
ရှင်းဟွာခေါင်းဆောင် လုံးဝတိတ်ဆိတ်သွားပြီး စာမပြန်တော့ချေ ။
ထို့နောက် ကျိယွမ်က ဖိုရမ်သို့ဝင်ရောက်ကာ ပိုစ့်တစ်ခုတင်လိုက်၏။
“လာမဲ့ခုနစ်ရက်အတွင်း တရားမျှတမှုကိုကိုယ်စားပြုတဲ့အနေနဲ့ ငါသွေးဝတ်ဓားနတ်ဘုရားက အလင်းနန်းတော်ဌာနချုပ်ကို ပြားချပ်သွားအောင် လုပ်ပစ်မယ်"
ကျိယွမ်သည် နောက်ဆုံးတွင် သူ၏ သေမင်းသတိပေးချက်ကို ထုတ်ပြန်ခဲ့သည် ။
ထိုသို့တင်လိုက်ပြီးနောက် ကျိယွမ်သည် အနည်းငယ်လန်းဆန်းသွားသည်ဟုပင် ခံစားရ၏။
“အခုဆိုရင် အလင်းနန်းတော်တစ်ခုလုံး သူတို့ဌာနချုပ်ထဲမှာ ပုန်းအောင်းနေလောက်ပြီ၊ ဒါဟာ တိုက်ခိုက်ဖို့ အကောင်းဆုံးအချိန်ပဲ"
သူ့ဆုံးဖြတ်ချက်ကို သူပြန်ကျေနပ်စွာရေရွတ်ကာ သူ၏ပိုစ့်အား တုန့်ပြန်မှုများကို စောင့်နေလိုက်သည် ။
သူက ဆယ်လီဖြစ်နေသောကြောင့် ပို့စ်တင်ပြီးနောက် မကြာမီမှာပင် မှတ်ချက်များစွာ ရရှိခဲ့လေသည် ။
“အကြီးအကဲ တကယ်ပြောတာလား ။”
“ရာဇဝင်တွင်တဲ့သမိုင်းတစ်ခုကို ငါတို့ကသက်သေခံရတော့မယ်ဟေ့”
“အားပေးတယ် အကြီးအကဲ ၊ အလင်းနန်းတော်ကို ကျွန်တော်လည်း မကျေနပ်တာ ကြာပါပြီ ။”
"အကြီးအကဲ နည်းနည်းလောက်ပြန်စဉ်းစားသင့်ပါတယ် ။”
ထိုမှတ်ချက်များကို မြင်သောအခါ ကျိယွမ်၏ တိုက်ပွဲဝင်စိတ်ဓာတ်များ ပို၍ တိုးပွားလာသည် ။
“မျှော်လင့်ထားသည့်အတိုင်း လူတွေက ငါ့ဘက်မှာပဲ၊ တရားမျှတမှုက ငါနဲ့အတူရှိနေပြီ။”
သို့သော် သူသည် အဆိုးမြင်သော မှတ်ချက်အချို့ကို မြင်မိသောအခါ မျက်မှောင်ကျုံ့သွား၏။
မှက်ချက်တစ်ခုတွင် ရေးသူက အလင်းနန်းတော်၏ခွန်အားကို စာရင်းပြုစုထားပြီး သေချာလေ့လာကြည့်ခဲ့ရာ သွေးဝတ်စုံဓားနတ်ဘုရားက အလင်းနန်းတော်ကို လုံးဝရှင်းလင်းနိုင်မည်မဟုတ်ဟု အခိုင်အမာပင် ချက်ကျလက်ကျ မန့်ထားသဖြင့် ကျိယွမ်က ဒေါသထွက်သွား၏။
“ဘာလို့ သူတို့ကို မန့်လို့မရအောင် လုပ်လို့ မရတာလဲ ။”
“သူတို့ ပြောတဲ့အချက်တချို့က မှန်ပေမဲ့၊ငါက ဆယ်လီလေ ၊ ငါ့ဖန်တွေဖြစ်ပြီး အားပေးစကားပြောသင့်တာကို ၊ မကြည့်ချင်ရင် ကျော်သွားပေါ့၊ တကယ် စိတ်ရှုပ်ဖို့ ကောင်းတယ် ။”
သို့သော် ခဏကြာသောအခါ ကျိယွမ်သည် သူ့ကိုယ်သူ အနည်းငယ် နားလည်သွားသည်။
သူက ဧကရာဇ်တစ်ပါးမဟုတ်သည်မှာ ကံကောင်းလှသည်၊ အကယ်၍ သူသာ ဧကရာဇ်ဖြစ်ခဲ့ပါက သေချာပေါက် အာဏာရှင်တစ်ဦး ဖြစ်လာမည်ဖြစ်ပြီး မည်သည့် ရှည်လျားသော၊ သစ္စာရှိသော အကြံဉာဏ်ကိုမှ သည်းမခံနိုင်ပေ ။
ကျိယွမ် ခဏမျှ စဉ်းစားပြီး သူ၏အမာခံပရိသတ် မြေခွေးလိုဏ်ဂူမှ လီလေး၏ ကွန်မန့်ကို စာကြောင်းတစ်ကြောင်းတည်းဖြင့် ပြန်ဖြေပေးလိုက်သည် ။
“ဒီတစ်ကြိမ် အလင်းနန်းတော်ကို ချေမှုန်းတဲ့နေရာမှာ မင်းကို ပါဝင်ကူညီသူအဖြစ် ထည့်သွင်းရေတွက်လိုက်ပါမယ် ။”
အဝေးတစ်နေရာတွင်ရှိနေသော မြေခွေးလိုဏ်ဂူမှ လီလေးခမျာ ကြောင်သွားသည် ။
“အကြီးအကဲ ၊ ကျွန်မကရှင့်ကို အားပေးဖို့ပဲ လာတာပါ၊ ကျွန်မကို ဒီအထဲ မဆွဲထည့်ပါနဲ့”
သူမနေထိုင်သောနေရာသည် အလင်းနန်းတော်နှင့်အလွန်ဝေးသော်လည်း၊ ဘာမှမဆိုင်ဘဲ ရန်သူတစ်ဦး ရရှိခြင်းသည် ကောင်းသောအရာ မဟုတ်ပေ ။
ထိုအချိန်မှစ၍ ကျိယွမ်၏ ပို့စ်သည် ကွေးယွန်တိုက်ကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည် ။
တိုက်ကြီးတစ်ဝန်းရှိ တည်းခိုခန်းများ၊ စားသောက်ဆိုင်များ ၊ ဇိမ်ခံစံအိမ်များအားလုံးမှစ၍ နာမည်ကြီးအဖွဲ့အစည်းများပါမကျန် ထိုအကြောင်းကို အကြီးအကျယ်ပြောဆိုဝေဖန်နေကြတော့သည်။
သွေးဝတ်စုံဓားနတ်ဘုရားက အလင်းနန်းတော်ကို ခုနှစ်ရက်အတွင်း ပြားပြားမှောက်သွားအောင် လုပ်ပစ်မည်ဟု ကြေညာချက်က အားလုံးကို အံ့အားသင့်စေခဲ့လေ၏။
လူများအားလုံးသည် သွေးဝတ်စုံဓားနတ်ဘုရား အဘယ်ကြောင့် ဤသို့ပြုလုပ်ရဲသည်ကို နားမလည်နိုင်ကြပေ ။
အရှေ့ပိုင်းဒေသကြီးတွင် ယင်နတ်ဘုရားများပြီးလျှင် အထင်ရှားဆုံး ပုဂ္ဂိုလ်ဖြစ်သော
မြင့်တက်ခြင်းနန်းဆောင်မှ ဝူထျန်းသခင်ကြီးပင် အလင်းနန်းတော်ကို ချေမှုန်းနိုင်သည်ဟု မပြောရဲပေ။
သွေးဝတ်စုံဓားနတ်ဘုရားသည် အဘယ့်ကြောင့် ထိုသို့ ရဲတင်းစွာ ကြေညာရဲသနည်း။
အောက်ခြေအဆင့်ကျင့်ကြံသူ အများစုသည် သွေးဝတ်စုံဓားနတ်ဘုရားကို စကားလုံးများဖြင့် ထောက်ခံကြသော်လည်း သူ အနိုင်ရလိမ့်မည်ဟုတော့ မည်သူမှ မယုံကြည်ကြပါ။
သွေးဝတ်စုံဓားနတ်ဘုရားသည် ခွန်အားကြီးသော်လည်း အလင်းနန်းတော်တွင် ခရမ်းရောင်နန်းတော်အဆင့် ၅၀ ကျော်ကျန်နေသေးပြီး နှစ်ထောင်သောင်းချီကြာမြင့်ခဲ့သော အခြေခံအုတ်မြစ်လည်းရှိ၏။
သွေးဝတ်စုံဓားနတ်ဘုရားကို အားပေးပေမဲ့ သူအနိုင်ယူဖို့ကတော့ မဖြစ်နိုင်ဘူးထင်တယ်။
...................
ကျိယွမ်သည် သူ၏ဂူအိမ်မှ ထွက်လာပြီး စိတ်အေးလက်အေး နေပူဆာလှုံနေခဲ့သည် ။
ထိုအခိုက် အသံတစ်ခုက သူ၏နားထဲသို့ ရောက်လာ၏ ။
“ဒီ သွေးဝတ်စုံဓားနတ်ဘုရားကလည်း ငါ့ညီလေးကျိယွမ်လို ဥပါဒါန်သွေးမျိုးဆက်က ဆင်းသက်လာတာပဲဖြစ်ရမယ် ၊ သာမန်လူဆိုရင် ခရမ်းရောင်နန်းတော်အဆင့်တစ်ယောက်တည်းနဲ့ အလင်းနန်းတော်ဌာနချုပ်ကို ပြားချပ်သွားအောင်လုပ်မယ်လို့ ဘယ်လိုလုပ်ပြောရဲမှာလဲ၊သေချာပေါက် ခေါင်းမှာ ပြဿနာရှိနေတာ"
အသံပိုင်ရှင်က ကန်းဖူလူပင်။ ကျန်းယာက လည်း သူ့ဘေးမှာရပ်နေပြီး သူမ၏ သေးသွယ်သော မျက်ခုံးများ ပူးကပ်မတတ်ဖြစ်နေကာ နက်နက်ရှိုင်းရှိုင်း စဉ်းစားနေပုံရသည် ။
ကန်းဖူလူ၏ စကားကို ကြားသောအခါ ကျိယွမ် မကျေမနပ် ဖြစ်သွားသည်။
“အစ်ကိုကြီး ၊ သွေးဝတ်စုံဓားနတ်ဘုရားက သူမတူတဲ့နတ်ဘုရားစွမ်းအင်ကို ထုတ်ဖော်ပြသပြီး အလင်းနန်းတော်ကို ရှင်းပစ်နိုင်တာမျိုးရော မဖြစ်နိုင်ဘူးလား ။”
“မဖြစ်နိုင်ဘူး”
ကန်းဖူလူက နှစ်ခါပင်ပြန်မစဥ်းဘဲ ချက်ချင်းခေါင်းခါလိုက်သည် ။
ကျိယွမ်၏ မျက်နှာက ရှုံ့မဲ့သွားလေ၏။
ကျန်းယာလည်း သူမ၏ထင်မြင်ချက်ကို ပြောလာသည်။
“ဆရာတစ်ချိန်က ပြောဖူးတယ်၊အလင်းနန်းတော်မှာ ယင်နတ်ဘုရားအဆင့်ရတနာရှိတယ်တဲ့၊သူကိုယ်တိုင်တောင် အလင်းနန်းတော်ကို ဘာမှမလုပ်နိုင်ဘူးတဲ့၊အင်း....သွေးဝတ်စုံဓားနတ်ဘုရားကတော့ သေချာပေါက် အခက်တွေ့မှာပဲ"
"ဘာပဲပြောပြော ကျွန်မတို့ မသိသေးတဲ့အရာတွေ လောကမှာအများကြီး ရှိပါသေးတယ်၊ ရလဒ်က ဘယ်လိုပဲဖြစ်ဖြစ် တို့နဲ့မဆိုင်ပါဘူး၊ ငါတို့က ခုချိန်မှာ ပါရမီရှင်စာရင်းကြီးရဲ့ အဆင့်သတ်မှတ်ချက်ကိုပဲ ပိုပြီးအာရုံစိုက်သင့်တယ်"
သူမ၏စကားကို ကြားသောအခါ ကန်းဖူလူ၏ မျက်နှာထားက ပြင်းထန်သွားသည် ။
"ကျင့်ကြံရမယ်"
ဘာပဲပြောပြော သူတို့အတွက် ပါရမီရှင်စာရင်းကသာ အရေးကြီးသည်မဟုတ်ပါလား။
သူတိူ့က ထိုကိစ္စကို ထပ်မံမဆွေးနွေးတော့ပဲ နေရာအသီးသီးသို့ ပြန်သွားကြလေ၏။
ကျိယွမ်ကမူ နေပူဆာဆက်လှုံနေခဲ့ရင်းမှ တိုးတိုးလေး ရေရွတ်လိုက်သည်။
"အလင်းနန်းတော်က နှစ်ပေါင်းများစွာ အင်အားကြီးမားပြီး ခေတ်အဆက်ဆက် ခိုင်ခိုင်မာမာရပ်တည်နေနိုင်တာ အံ့သြစရာ မဟုတ်ဘူးပဲ ။ ကမ္ဘာကြီးတစ်ခုလုံးက ယင်နတ်ဘုရားတွေဆိုရင် အသံကြားတာနဲ့ ကြောက်လန့်နေတာကိုး ။"
"ဒါပေမယ့် ငါမကြောက်ဘူး ။ငါ့မှာ ကောင်းကင်ဘုံတာအိုအုတ်မြစ်ရှိတယ်၊ကြယ်အမြုတေလည်း ရှိတယ်၊ဖုန်ကျွင်းဆိုတာလည်း ရှိသေးတယ်၊သာမန် ယင်နတ်ဘုရားလေးတစ်ပါးက ငါ့ကိုဘာလုပ်နိုင်မှာလဲ"
ဤသို့ဖြင့် နေပူဆာ ခဏမျှ လှုံပြီးနောက် ကျိ ယွမ် ဂူထဲသို့ပြန်လာ၏။
နည်းစနစ်များကို ဆက်လက်ပြင်ဆင်ရန် အချိန်တန်ပြီ ဖြစ်သည် ။
ကျိယွမ်ကျမ်းကို ဆက်လက်တိုးတက်စေရန် သူများစွာ ကြိုးစားရဦးမည်မဟုတ်ပါလား။
ကျိယွမ်က ကောင်းကင်အဆင့်နည်းစနစ်ကို ထုတ်ကာလေ့လာနေရင်းမှ သူ့ဘေးတွင် သွေးကျောက်တုံးများကို တိတ်ဆိတ်စွာစားနေသော သတို့သမီးလေးကို နုညံ့စွာပြုံးပြလိုက်၏။
သူက သူမအားကြည့်ကာ မေးလိုက်သည်။
"သတို့သမီးလေး ၊ ငါ အလင်းနန်းတော်ကို ရှင်းပစ်နိုင်မယ်လို့ နင်ထင်လား "
သတို့သမီးလေးသည် သွေးကျောက်တုံးများကို စားနေရာမှ ခေတ္တရပ်သွားသည်။
သူမက ကျိယွမ်အား ကြည့်ကာ စဥ်းစားနေဟန်ရှိ၏။အတန်ကြာမှ ကျိယွမ်၏လက်ကို သူမအင်္ကျီလက်လေးများဖြင့် ကိုင်ကာ ခေါင်းပိုင်းကို ယမ်းပြသည် ။
ကျိယွမ်က သဘောကျသလို ပြုံးလိုက်ပြီး သတို့သမီးလေး၏ သွယ်လျသော ခါးကို ပွေ့ဖက်လိုက်သည် ။
“ထင်တဲ့အတိုင်းပဲ ၊ ငါ့ရဲ့သတို့သမီးလေးကပဲ ငါ့အပေါ်နားလည်တယ်"
ကျိယွမ် အစောပိုင်းက ခံစားခဲ့ရသော စိတ်အနှောင့်အယှက်များ အားလုံး ပျောက်ကွယ်သွားသည် ။
ထို့နောက် သူက ကျိယွမ်ကျမ်းကို ဆက်လက်ပြုစုနေတော့သည်။
..........................
ခုနစ်ရက်ဟူသောအချိန်သည် လျှင်မြန်စွာကုန်ဆုံးသွားခဲ့လေသည်။
မြင့်မားသောတောင်တန်းများ ထူထပ်စွာရှိနေသည့်နေရာတစ်ခုတွင် သွေးရောင်ဝတ်ရုံဝတ်ဆင်ထားသော ကျိယွမ်သည် ကျော၌ ဓားတစ်ချောင်းကိုလွယ်လျှက် ရပ်နေသည် ။
သူ၏ဓားပတ်ပတ်လည်တွင် အဆုံးမဲ့သွေးအော်ရာများ ဝန်းရံနေသည်ကို အဝေးမှပင် မြင်နိုင်၏ ။
ရွှီရဲ့လီသည် အနက်ရောင်ဝတ်ရုံတစ်ခုကိုဝတ်ဆင်ထားပြီး ဆိုနာတစ်ခု ကိုင်ထားကာ စိတ်လှုပ်ရှားနေသော မျက်နှာထားဖြင့် ရှိနေသည် ။
သွေးဝတ်စုံဓားနတ်ဘုရား၏ အလင်းနန်းတော်ကို ၇ ရက်အတွင်း ရှင်းပစ်မည်ဟူသော ကတိစကားကို ပထမဆုံး ကြားသောအခါ သူ အလွန်အံ့အားသင့်ခဲ့ရသည်။
ယခင်အချိန်များကလည်း သွေးဝတ်စုံဓားနတ်ဘုရားသည် အလင်းနန်းတော်ကို ဖျက်ဆီးပစ်မည်ဟု မကြာခနပြောခဲ့သည်ကို ကြားခဲ့ဖူးသော်လည်း သူက အလေးအနက် မထားခဲ့ပါ ။
သို့သော် ဤတစ်ကြိမ်တွင်… တကယ်လုပ်တော့မည်လား ။
“စိတ်မကောင်းပါဘူး၊ ခင်ဗျားတစ်ယောက်တည်းပဲ ကျုပ်အတွက် နောက်ခံတီးလုံး တီးပေးနေရတယ်၊ "
ကျိယွမ်သည် ရွှီရဲ့လီကို နောင်တရသော အမူအရာဖြင့် ကြည့်သည် ။
အဓိပတိသုံးရာပါဝင်သော တီးဝိုင်းကို သတိရတိုင်း တစ်ခုခု လိုအပ်နေသည်ဟု သူ အမြဲ ခံစားရသည် ။
ရွှီရဲ့လီသည် ကျိယွမ်၏စကားကို ကြားသောအခါ ပို၍ပင်စိတ်ဆင်းရဲသွား၏။
အခုအချိန်ထိ သူကတေးဂီတအကြောင်း စဥ်းစားနေသေးတယ်ပေါ့။ငါ့မှာတော့ အသက်ဘယ်ကထွက်မလဲဆိုတာတွေးမိရင် အိပ်တောင်မပျော်ဘူး။
“အကြီးအကဲ ၊ ဘယ်တော့ ထွက်ခွာကြမလဲ ။”
ရွှီရဲ့လီက အသုံတိုးတိုးဖြင့်မေးလိုက်၏။
ရိုးရိုးသားသားပြောရရင် သူကြောက်ရွံ့နေသည် ။
ယခုတစ်ကြိမ်သည် အရင်ကနှင့် မတူပါ၊ သူတို့သည် အလင်းနန်းတော်၏ ဌာနချုပ်သို့ တညိ့တည့်ကြီးဦးတည်ကာ ဝင်တိုးရတော့မည်။
သွေးဝတ်စုံဓားနတ်ဘုရားကျဆုံးပါက သူလည်း သေဆုံးမည်မှာ သေချာနေ၏။
“နှစ်ယောက်စလုံး အဆင်သင့်ဖြစ်ပြီဆိုတော့ အခုပဲ သွားကြတာပေါ့ ။”
စကားဆုံးသည်နှင့် ကျိယွမ်က ကောင်းကင်သို့ ဦးဆောင်ပျံတက်သွားသည် ။
ရွှီရဲ့လီသည် ချီတုံချတုံဖြစ်နေသော်လည်း မတတ်သာသည့်အဆုံး၌ အံကြိတ်လိုက်ပြီး နောက် လျင်မြန်စွာ လိုက်ပါသွားရလေ၏။
အလင်းတန်းနှစ်ခုသည် လျှင်မြန်သောအရှိန်ဖြင့် အလင်းနန်းတော်ဌာနချုပ်သို့ ပျံသန်းသွားကြသည် ။
ထိုနေ့တွင် မျိုးမျိုးသော ကျင့်ကြံရေးတောင်ထိပ်များနှင့် မြို့တော်များမှ မရေမတွက်နိုင်သော မျက်လုံးများကလည်း အလင်းနန်းတော်ဌာနချုပ်အား တိတ်တဆိတ်စောင့်ကြည့်နေခဲ့သည်။
ထိုအခိုက်မှာပင် ကောင်းကင်ယံမှတရိပ်ရိပ်ပျံသန်းလာသော သွေးရောင်အစင်းကြောင်းကို မြင်သောအခါ စောင့်ကြည့်နေသူအားလုံး အံ့အားသင့်ကြကုန်သည် ။
“သွေးဝတ်စုံဓားနတ်ဘုရား ရောက်လာပြီ ။”
“သူ တကယ်လာရဲတယ်ပေါ့”
“အင်း....ဒီတိုက်ပွဲရဲ့ ရလဒ် ဘယ်လိုပဲဖြစ်စေ၊ဒီနေ့အဖြစ်အပျက်ကိုတော့ သမိုင်းက အမှတ်ရနေကြမှာပါ ။”
“သွေးဝတ်စုံဓားနတ်ဘုရား မသေဆုံးခင်မှာ အလင်းနန်းတော်က ခရမ်းရောင်နန်းတော်အဆင့် နည်းနည်းလောက် ထပ်သက်နိုင်ပါစေလို့ပဲ မျှော်လင့်ပါတယ်"
“အနားသိပ်မကပ်ကြနဲ့၊ ငါတို့ပါ တိုက်ပွဲထဲပါကုန်မယ်"
ကျိယွမ်သည် ပျံသန်းလာရာမှ ရုတ်တရက် ရပ်တန့်လိုက်ရ၏။
အကြောင်းမှာ သူ၏ရှေ့တွင် နတ်ရထားတစ်စီးက လမ်းကို ပိတ်ဆို့ထားလိုက်သောကြောင့် ဖြစ်သည် ။
နတ်ရထားကို စွမ်းအားကြီးသည့် စိတ်ဝိညာဉ်အဆင့် မိုးကြိုးခြင်္သေ့ခြောက်ကောင် က ဆွဲလာပြီး ကြီးမြတ်သော ဂုဏ်အရှိန်အဝါကို ဖော်ပြနေသည် ။
ရထားအတွင်းမှ မာနကြီးသောအသံတစ်သံထွက်ပေါ်လာသည် ။
“နင်က သွေးဝတ်စုံဓားနတ်ဘုရားလား ။”
“ဟုတ်တယ်။”
ကျိယွမ်၏မျက်နှာထားက အေးစက်သွားလေ၏။သူ၏လမ်းကို မပြောမဆိုနှင့် ကန့်လန့်ကြီး ပိတ်ဆို့ခံရသောကြောင့် သူ၏ စိတ်ခံစားချက်က ချဉ်သွားသည် ။
“ယင်နတ်ဘုရားက အလင်းနန်းတော်နဲ့ သွေးဝတ်စုံဓားနတ်ဘုရားတို့ရဲ့ ရန်ငြိုးကို ဒီမှာပဲ အဆုံးသတ်ဖို့ အမိန့်ပေးလိုက်တယ် ။”
ရထား၏ကုလားကာက ပွင့်လာပြီး ပိန်သွယ်သောလက်ဖြူဖြူတစ်ဖက်က ရွှေရောင် တောက်ပနေသော အမိန့်တော်တစ်ဆောင်ကို ကျိယွမ်မြင်သာအောင် ကိုင်ပြထားသည် ။
အမိန့်တော်တွင် “နတ်ဘုရား” ဟူသော စာလုံးကြီးကို ရိုက်နှိပ်ထားပြီး ကြောက်မက်ဖွယ်ကောင်းသောအော်ရာကို ထုတ်လွှတ်နေသည် ။
မည်သူမဆို ထို “နတ်ဘုရား” ဟူသောစာလုံးကို မြင်လျှင် စိတ်ဝိညာဉ်အဆင့်ဖြစ်စေ၊ ခရမ်းရောင်နန်းတော်အဆင့်ဖြစ်စေ၊ သိမ်ငယ်စိတ်ကို အလိုအလျောက် ခံစားမိမည်ဖြစ်လေသည် ။
ထိုအမိန့်စကားကို ကြားသောအခါ ကျိယွမ် ဟာသတစ်ခုအလား ရယ်မောလိုက်သည်။
“ဘယ် ယင်နတ်ဘုရားက အမိန့်ပေးတာလဲ ။”
သူ၏လေသံက အမိန့်ပေးလိုက်သူကို ဒေါသထွက်နေဟန်နှင့်အတူ လှောင်ပြောင်ရိပ်များပါဝင်နေ၏။
နန်းတော်ဝတ်စုံဝတ်ထားသော အမျိုးသမီးက ကျိယွမ်၏လေသံကို မကျေမနပ်ဖြစ်ကာ မျက်မှောင်ကြုတ်သည်။
“ကောင်းကင်နဲ့မြေကြီးလှိုဏ်ဂူရဲ့ အပူဇော်ခံနတ်ဘုရားယဲ့ချုံပဲ"
အလင်းနန်းတော်ပထမသခင်ကြီးသည် နန်းတော်သို့မပြန်မီ ကောင်းကင်နှင့်မြေကြီးလှိုဏ်ဂူတွင်နေထိုင်သော ယင်နတ်ဘုရားထံ သွားရောက်ခဲ့ခြင်းဖြစ်သည်။
“ယဲ့ချုံတဲ့လား ၊ တစ်ခါမှ မကြားဖူးဘူး ။”
ကျိယွမ်က ပျင်းရိစွာဖြင့် မထူးဆန်းသလိုပြန်ဖြေသည်။
“ပြီးတော့ သူက ရဲလည်း မဟုတ်သလို တရားသူကြီးလည်း မဟုတ်ဘူး၊ ငါ့ကို ဘာကိစ္စ အမိန့်လာချနေရတာလဲ "
ကျိယွမ်၏စကားကို ကြားသောအခါ ရွှီရဲ့လီ၏ နဖူးပေါ်တွင် ချွေးအေးများ အလုံးလိုက်စီးကျလာသည် ။
သွေးဝတ်စုံဓားနတ်ဘုရားက သတ္တိကောင်းလှချည်လား။ တဖက်လူက ယင်နတ်ဘုရားလေ။
နန်းတော်ဝတ်စုံဝတ်ထားသော အမျိုးသမီးက သူ၏နားများကို မယုံနိုင်သလိုဖြစ်ကာထပ်ပြောလိုက်သည်။
"အပူဇော်ခံနတ်ဘုရားက ကြားဝင်ပေးတာက နင့်ရဲ့သနားစရာအသက်လေးကို ကယ်တယ်ပေးဖို့ ကြင်နာမှုကိုပြသပေးတာပဲ၊ ဒါပေမဲ့ နင်က နားမလည်နိုင်လောက်အောင် မိုက်မဲနေပုံရတယ်"
"ကောင်းပြီလေ ၊ သွေးဝတ်စုံဓားနတ်ဘုရား၊ နင်ပြောတဲ့အတိုင်းပဲ နင့်ရဲ့စကားတွေကို အပူဇော်ခံနတ်ဘုရားကို ငါ သတင်းပို့ပေးရမယ်"
နန်းတော်ဝတ်စုံဝတ်ထားသော အမျိုးသမီးသည် သူမ၏ လက်ကို ကြမ်းတမ်းစွာဝှေ့ယမ်းပြီး ရထားထဲသို့ ပြန်ဝင်သွားသည် ။
သူမ၏ရင်ထဲ၌ သတ်ဖြတ်လိုသောစိတ်ဆန္ဒများ ပြင်းပြနေသော်လည်း ကံမကောင်းစွာဖြင့် သူမသည်သွေးဝတ်စုံဓားနတ်ဘုရားကို မယှဉ်နိုင်ပေ ။ မဟုတ်ပါက သူမ၏ စရိုက်အရဆိုလျှင် ချက်ချင်းပင် တိုက်ခိုက်မိမှာသေချာ၏။
သို့သော် သူမပြန်ရောက်သည်နှင့် အစီရင်ခံစာတွင် သွေးဝတ်စုံဓားနတ်ဘုရား၏ မောက်မာမှုများကို အသေးစိတ်အမွှမ်းတင်ကာ ယင်နတ်ဘုရားအား ဆွပေးပေလိမ့်မည်။
အဝေးမှတိတ်တဆိတ်ကြည့်နေကြသော ခရမ်းရောင်နန်းတော်အဆင့်များနှင့် စိတ်ဝိညာဥ်အဆင့်များအားလုံးမှာ အလွန်တုန်လှုပ်သွားကြပြီး အချင်းချင်းတီးတိုးဝေဖန်နေကြတော့သည်။
“သွေးဝတ်စုံဓားနတ်ဘုရားက အရမ်းကို အကြောက်အလန့်နည်းတာပဲ၊ အဲဒါက ယင်နတ်ဘုရားရဲ့ သံတမန်လေ၊ သူက အခုလိုစော်ကားလိုက်တာလား”
“သူကသာ ကြောက်တတ်တဲ့သူဆိုရင် အလင်းနန်းတော်ဌာနချုပ်ကို သွားရဲပါ့မလား ။”
“နှမျောစရာပဲ၊အပူဇော်ခံနတ်ဘုရား ယဲ့ချုံကို စော်ကားပြီးတဲ့နောက် အလင်းနန်းတော်နဲ့ တိုက်ပွဲကနေ သူ အသက်ရှင်ခဲ့ရင်တောင် အရှေ့ပိုင်းဒေသမှာ သူ့အတွက် နေရာရှိတော့မှာ မဟုတ်ဘူး ။”
ထိုအချိန်မှာပင် အေးစက်နေသော အသံတစ်သံက သွေးဝတ်စုံဓားနတ်ဘုရားထံမှ ထွက်ပေါ်လာ၏။
“နေဦးလေ ...နင့်ကို သွားခွင့်ပြုတယ်လို့ ငါ ပြောမိလို့လား ။”
“နင်က သွားချင်သွားနိုင်တယ်၊ ဒါပေမယ့် နင့်ရဲ့ခန္ဓာကိုယ်ကတော့ နေခဲ့ရမယ်"
ကျိယွမ် စကားပြောပြီးသည်နှင့်
သွေးရောင်ဓားရှည်ကို အိမ်မှထုတ်လိုက်ပြီး သွေးစွမ်းအင် အများအပြားကို ထုတ်လွှတ်လိုက်သည် ။
သူ၏မူလနတ်ဘုရားစွမ်းအင်သည် ဓားနှင့်အတူ သွေးရောင်အလင်းတန်းအဖြစ် ပြောင်းလဲကာ နန်းတော်ဝတ်စုံဝတ်ထားသော အမျိုးသမီး၏ ရင်ဘတ်ကို ထိုးဖောက်လိုက်သည် ။
နတ်ရထားဆီသို့ဦးတည်နေသောအမျိုးသမီးသည် အံ့အားသင့်သွားပြီး မယုံကြည်နိုင်ဖြစ်သွားလေ၏။
သူမသည် စကားနားမထောင်သော ခွေးတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ ကျိယွမ်ကို ကြည့်ကာ ဒေါသတကြီးအော်ဟစ်လေသည်။
“နင်… ရူးနေတာပဲ…”
သူမ နားမလည်နိုင်ခဲ့ပေ ။
သွေးဝတ်စုံဓားနတ်ဘုရားက ဘာကြောင့် ဒီလို လုပ်ရဲရတာလဲ ။
သူမသည် ကမ္ဘာမြေကြီး၏အုပ်ချုပ်သူဖြစ်သော ယင်နတ်ဘုရားတစ်ပါး၏ သံတမန် ဖြစ်သည်!
“သေလိုက်”
ကျိယွမ်က သူ၏ဓားဖြင့်သာ အဖြေပေးလိုက်၏။
တစ်လောကလုံးဖိန့်ဖိန့်တုန်အောင် ကြောက်ရွံနေကြသော ယင်နတ်ဘုရားတစ်ပါး၏သံတမန်သည် နားမလည်ခြင်းများစွာဖြင့် သေဆုံးသွားလေသည်။
ကျိယွမ်က လက်ကိုဝှေ့ယမ်းပြီး သူမ၏ သိုလှောင်အိတ်ကို သိမ်းယူလိုက်သည်။
သို့လှောင်အိတ်အတွင်းကို ကြည့်လိုက်သောအခါ ကျိယွမ်၏ မှုန်တေတေမျက်နှာက ချက်ချင်း ပြုံးရွှင်သွား၏။
သူ၏ ဒေါသများက လုံးဝ ပျောက်ကွယ်သွားပြီး ကျေနပ်စွာရေရွတ်လေသည်။
“သတ်သင့်တယ်၊တော်တော်လေးကို သတ်သင့်တယ်၊အင်တိုက်အားတိုက်ကို သတ်သင့်တာ "
ထိုအမျိုးသမီးက မယုံနိုင်လောက်အောင် ချမ်းသာလှသည်။
သူမ၏ သိုလှောင်အိတ်ထဲတွင် ကောင်းကင်အဆင့် နည်းစနစ်နှစ်ခု ရှိနေသည်မဟုတ်ပါလား။
ကျိယွမ်သည် ထိုအမျိုးသမီး၏ ပျက်စီးနေသော ရုပ်အလောင်းကို ကြည့်ပြီး အနည်းငယ် စိတ်မကောင်းဖြစ်နေသောမျက်နှာဖြင့် တောင်းပန်သည်။
“စိတ်မကောင်းပါဘူး၊ နင် ဒီလောက်ချမ်းသာတာကို ငါသိခဲ့ရင် အစောပိုင်းက နင့်ကို ရိုင်းရိုင်းစိုင်းစိုင်း စကားပြောမှာ မဟုတ်ဘူး ။”
ကျိယွမ်သည် ပို၍ပီပြင်စေရန် မျက်ရည်အချို့ညှစ်ထုတ်ချင်သော်လည်း မျက်ရည်က ထွက်မလာပေ ။
သူက ယင်နတ်ဘုရားထံမှ နောက်ထပ်မျှော်လင့်ခြင်းလမင်းတွေ ထပ်လွှတ်ပေးလေးဦးမလားဟု တွေးကာမျှော်လင့်လိုက်မိသည်။
ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသော ပတ်ဝန်းကျင်မှကျင့်ကြံသူများအားလုံးကတော့ လုံးဝတိတ်ဆိတ်သွားကြသည် ။
သွေးဝတ်စုံဓားနတ်ဘုရားက ယင်နတ်ဘုရားရဲ့ သံတမန်ကို သတ်ပစ်တာလား။
သွေးဝတ်စုံဓားနတ်ဘုရားက သူ့ကိုယ်သူ လွတ်မြောက်ဖို့ လမ်းစကိုတောင် ချန်မထားတော့ဘူးလား။
ယနေ့ တိုက်ပွဲ၏ ရလဒ်က မည်သို့ပင်ရှိစေကာမူ သွေးဝတ်စုံဓားနတ်ဘုရားအတွက် အသက်ရှင်ရေးအတွက် ပုန်းအောင်းရန် နေရာပင် ရှိတော့မည်မဟုတ်ပေ ။
ကျိယွမ်ကတော့ အခြားသူများက ထိုသို့တွေးနေသည်များက်ို မသိခဲ့ပါ၊သိလျှင်လည်းပင် သူဂရုစိုက်မည် မဟုတ်ချေ ။
သူသည် ကျန်နေခဲ့သောနတ်ရထားကို ခေတ္တကြည့်ပြီး မီးလျှံဧကရာဇ် ပြောခဲ့သည်ကို ပြန်၍ အမှတ်ရလိုက်သည် ။
ယင်နတ်ဘုရား ပါဝင်သော အကျပ်အတည်းတစ်ခုနှင့် ရင်ဆိုင်ရသောအခါ သူ့ကို ဖုန်ကျွင်းဟူသောအမည်အား ထုတ်ပြောရန် အကြံပေးခဲ့၏။
ထို့ကြောင့် သူသည် နတ်ရထားကို ကြည့်ကာ “ဖုန်ကျွင်း” ဟူသော စကားလုံးနှစ်လုံးကို ကြားလောက်အောင်ရွတ်ဆိုလိုက်သည်။
ထို့နောက် ကျိယွမ်သည် သွေးရောင်အလင်းတန်းအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားသည် ။
ထိုအချိန်၌ အလင်းနန်းတော်တွင် ခရမ်းရောင်နန်းတော်အဆင့် ငါးဆယ်ခြောက်ဦးတိတိ စုဝေးနေကြသည် ။
သူတို့ မျက်နှာထားများသည် ကြမ်းတမ်းနေကြပြီး တိုက်ပွဲဝင်စိတ်များဖုံးလွှမ်းလျက်ရှိသည် ။
ခန္ဓာကိုယ်အား အလင်းရောင်များဖုံးလွှမ်းနေသော ပထမနန်းတော်သခင်ကြီးက အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်လေသည်။
“သွေးဝတ်စုံဓားနတ်ဘုရားက အပူဇော်ခံနတ်ဘုရားယဲ့ချုံရဲ့ သံတမန်ကို သတ်ပစ်လိုက်တယ် ။”
“ဘာ”
တတိယနန်းတော်ခေါင်းဆောင်ဇီလန်၏ မျက်နှာသည် အံ့သြတုန်လှုပ်သလိုပြောင်းလဲသွားပြီးနောက် ဝမ်းမြောက်မှုအဖြစ်ထပ်မံ ပြောင်းလဲသွားသည်။
“သူက သေခြင်းတရားကို ရှာနေတာပဲ"
ဒုတိယနန်းတော်ခေါင်းဆောင်၏ နုညံ့သိမ်မွေ့သောအသံလည်း ထွက်ပေါ်လာသည်။
“သူက ငါတို့ရဲ့အလင်းနန်းတော်ဌာနချုပ်ကို လာရဲတာ အံ့သြစရာ မဟုတ်တော့ဘူး ။ သူက ရူးနေတာပဲ၊ရူးသလိုလိုမဟုတ်ဘူး ၊
တကယ် ရူးသွားတာပဲ ။”
"သူသာ တကယ် မရူးဘူးဆိုရင် ဒီလိုလုပ်ရပ်ကို ဘယ်လိုလုပ် လုပ်ရဲပါ့မလဲ ။
ဝူထျန်းအဘိုးကြီးဆောင် အလင်းနန်းတော်ဌာနချုပ်ကို မတိုက်ခိုက်ရဲဘူး၊ ယင်နတ်ဘုရားရဲ့ သံတမန်ကိုသတ်ပစ်ဖို့ဆို ဝေးရော"
“အင်း....ငါတို့က ဘယ်လောက်များ ကံဆိုးလိုက်လဲ၊ ဒီလို အရူးမျိုးရဲ့ ပစ်မှတ်ထားတာကို ခံနေရတယ် ။”
ဒုတိယနန်းတော်ခေါင်းဆောင်က သက်ပြင်းချလိုက်ပြီး ခရမ်းရောင်နန်းတော်အဆင့်ဆယ်ဦးကျော် ဆုံးရှုံးသွားခြင်းကို နှမြောနေပုံရသည် ။
“ငါတို့ ဒီနေ့ သွေးဝတ်စုံဓားနတ်ဘုရားကို သတ်ပြီးတာနဲ့ ငါကိုယ်တိုင် သူ့ရဲ့ ရုပ်အလောင်းကို အပူဇော်ခံနတ်ဘုရား ယဲ့ချုံထံ ယူသွားရမယ် ။”
နန်းတော်ခေါင်းဆောင်ကြီးက ပြတ်သားစွာ ပြောသည် ။
သွေးဝတ်စုံဓားနတ်ဘုရားသည် ယင်နတ်ဘု ရားယဲ့ချုံကို စော်ကားခဲ့သောကြောင့် နန်းတော်ခေါင်းဆောင်ကြီးသည် သူ့ကိုသတ်ပြီးနောက် အလောင်းကိုအသုံးပြုပြီး ဤအခြေအနေမှ အကောင်းဆုံး အခွင့်အရေးယူရန် ရည်ရွယ်ခဲ့သည် ။
ခန်မထဲတွင်ရှိနေသော ခရမ်းရောင်နန်းတော်အဆင့်အချို့သည် စိတ်လှုပ်ရှားနေကြသော်လည်း အချို့မှာမူ စိုးရိမ်နေကြ၏ ။
နန်းတော်ခေါင်းဆောင်ကြီး၏ မျက်လုံးများက နက်ရှိုင်းနေပြီး ကျိယွမ်လာရာလမ်းကို စောင့်နေသည်။
မည်သူမျှမသိသော်လည်း သူ၏အင်္ကျီလက်ထဲတွင် နဂါးသရဖူကို အဆင့်သင့်ဝှက်ထားလေ၏။
ထိုရတနာက သူ၏အကြီးမားဆုံး အားကိုးရာ ဖြစ်သည်။ထိုအပြင် အလင်းနန်းတော်ကို ထောင်စုနှစ်ချီ၍ ခိုင်မာစွာ ရပ်တည်နေစေသော အခြေခံအုတ်မြစ်လည်း ဖြစ်သည် ။
ယင်နတ်ဘုရားတစ်ပါးပင်လျှင် အလင်းနန်းတော်နှင့် ရန်သူဖြစ်ရန် ပေါ့ပေါ့ဆဆ စဉ်းစားမည် မဟုတ်ပေ ။
သို့သော် တစ်ခုရှိသည်မှာ ယင်နတ်ဘုရားလက်နက်သည် မပြည့်စုံသေးပါ၊ ၎င်းကို စစ်မှန်သော ယင်နတ်ဘုရားလက်နက်အဖြစ် အသုံးပြုနိုင်ရန် တိုင်းပြည်တစ်ရာသွေးစစ်ပွဲမှတစ်ဆင့် ပြီးပြည့်စုံအောင် လုပ်ဆောင်ရန် လိုအပ်သည် ။
ထိုမတိုင်မီ ၎င်းကို အသုံးမပြုခြင်းက အကောင်းဆုံး ဖြစ်၏။
တတ်နိုင်လျှင် သူက ထိုရတနာကို မသုံးချင်ပါ။
“ငါတို့က နှစ်ဦးနှစ်ဖက်ဆုံးရှုံးမှုတွေကိုတွေးပြီး သူ့ကို ပြေငြိမ်းဖို့ အခွင့်အရေးပေးခဲ့ပြီးပြီ ။ သူက ငြင်းဆန်ပြီး သေခြင်းကို ဆက်လက် ရှာဖွေနေမှတော့ သူ့ဆန္ဒကိုပဲ ဖြည့်ဆည်းပေးရတော့မှာပေါ့”
တတိယနန်းတော်ခေါင်းဆောင် ဇီလန်က ဒေါသတကြီး ပြောဆိုသည် ။
အလင်းနန်းတော်သည် နန်းတော်သခင်များကိုယ်တိုင်တောင်းပန်ခြင်းအထိပင် ကြီးမားသော စိတ်ရင်းမှန်ကို ပြသခဲ့ပြီးဖြစ်သော်လည်း သွေးဝတ်စုံဓားနတ်ဘုရားသည် လက်ခံရန် ငြင်းဆန်ရုံသာမက သေခြင်းတရားအထိ သွားချင်နေ၏။
“သူ ရောက်လာပြီ ။”
အရေးတကြီး အချက်ပေးသံတစ်ခု ထွက်ပေါ်လာခဲ့သည် ။
နေရာတွင်ရှိနေသော ခရမ်းရောင်နန်းတော်အဆင့်ငါးဆယ်ကျော်သည် ကောင်းကင်ယံသို့ ချက်ချင်း မော့ကြည့်လိုက်ကြသည် ။
သူတို့၏ မျက်လုံးများတွင် အနီရောင်များလင်းလက်နေသည့်ကို မြင်လိုကိကြရ၏။
ကောင်းကင်ယံမှ သွေးရောင်အစင်းကြောင်းသည် ပြင်းထန်သော သတ်ဖြတ်လိုစိတ်ကို သယ်ဆောင်လာသည် ။
ထိုသတ်ဖြတ်လိုစိတ်က မည်မျှပြင်းထန်နေသနည်းဆိုလျှင် သူဖြတ်သန်းတစ်လျောက်ရှိကောင်းကင်ကြီးကိုပင် သွေးရောင်အဖြစ်ပြောင်းလဲပစ်လေသည်။
သွေးရောင်ဝတ်ရုံ ဝတ်ဆင်ထားသော ကျိယွမ်သည် ကောင်းကင်ယံတွင် တည်ငြိမ်ရပ်နေပြီး မယုံနိုင်လောက်အောင်ခန့်ညားထည်ဝါလှသည် ။
သူ၏ ကျောပေါ်ရှိ သွေးနီရောင်ဓားသည် တုန်ယင်နေပြီး ဓားအိမ်မှထွက်ကာ ကမ္ဘာပေါ်ရှိ သွေးများကို သောက်သုံးရန် စိတ်အားထက်သန်နေသည့်အလားရှိ၏။
သူသည် ရှေ့တွင်ရှိနေသော မြင့်မားခမ်းနားလှသည့် အလင်းနန်းတော်ကို ပျင်းရိစွာ ကြည့်ပြီး ပြောသည်။
“အခုချိန် အလင်းနန်းတော်ကနေ နှုတ် ထွက်သွားတဲ့သူ ဘယ်ပဲဖြစ်ဖြစ် ဒီနေ့ ငါမသတ်ဘူး ။”
အလင်းနန်းတော်ဌာနချုပ်တွင် အားနည်းသူများမရှိပေ၊ သူတို့ထဲမှ အားအနည်းဆုံးသူများမှာ စိတ်ဝိညာဉ်အဆင့်တွင် ရှိကြ၏။
သူ၏စကားကို ကြားသောအခါ တတိယနန်းတော်သခင် ဇီလန်က လှောင်ပြောင်လေသည်။
“ဘယ်လောက်တောင် မောက်မာတဲ့ပါးစပ်လဲ"
ကျိယွမ်သည် ဇီလန်ကို တစ်စောင်းကြည့်လိုက်ပြီး တုန့်ပြန်၏။
“ငါက နေ့တိုင်း သွားတိုက်တယ်၊ အနံ့ဆိုး မရှိဘူး ။ဒါပေမဲ့ နင်ကတော့ ရာစုနှစ်နဲ့ချီပြီး သွားမတိုက်တာ သေချာတယ် ။ နင့်ဆီက အနံ့ဆိုးတွေ ထွက်နေပြီ ။ပါးစပ်က အနံ့ဆိုးက နင့်ရဲ့ မူလနတ်ဘုရားစွမ်းအင်လား ။
အဲဒါဆိုရင်တော့ နင့်ရဲ့ မူလနတ်ဘုရားစွမ်းအင်က တကယ်ကြောက်ဖို့ကောင်းတယ်၊ ငါ့နှာခေါင်းက တော်တော်ကို နာကျင်နေပြီ ။”
ဇီလန်၏ ဖြူဖွေးသောမျက်နှာသည် အနီရောင်သို့ ပြောင်းလဲသွား၏။သူမက ဒေါသတကြီးအော်ငေါက်လိုက်သည်။
"တော်စမ်း...အရူးစကားတွေ"
"ဟားဟား ဟားဟားဟား "
ကျိယွမ်က ပျော်ရွှင်စွာရယ်မောလိုက်လေသည်။
ကျိယွမ်က ပေါ့ပေါ့ပါးပါးဖြစ်နေသော်လည်း အောက်တွင် စုဝေးနေသော ခရမ်းရောင်နန်းတော်အဆင့်နှင့် စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများကတော့ မပေါ့ပါးနိုင်ကြပါ။
သူတို့အားလုံးက အလွန်လေးနက်သော အမူအရာများဖြင့် ကောင်းကင်ယံမှ ကျိယွမ်ကို ကြည့်နေကြသည် ။
တိုက်ပွဲသည် ရှောင်လွှဲ၍ မရနိုင်တော့ကြောင်း ယခုအခါ၌ ရှင်းရှင်းလင်းလင်း ဖြစ်နေလေပြီ။
သွေးတိမ်တိုက််များသည် နန်းတော်အပေါ်သို့ စုဖွဲ့လာပြီး အုံ့ဆိုင်းကာနီရဲလာကြသည်။
ခရမ်းရောင်နန်းတော်အဆင့်ငါးဆယ်ကျော်နှင့် စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ တစ်ထောင်တို့သည် အစီအရင်ပုံစံတစ်ခုအတိုင်း အစီစဉ်တကျ နေရာယူကာရပ်နေကြပြီး သူတို့၏ မျက်နှာထားများသည် မာန်သွင်းသလိုတင်းမာနေ၏။
ကျိယွမ်သည် နေရာတွင်ရှိသော ကျင့်ကြံသူ တစ်ထောင်ကျော်ကို စစ်ဆေးလိုက်ပြီး ကျေနပ်သော အမူအရာကို ပြသည်။
“အလင်းနန်းတော်က ကွေးယွန်တိုက်ကြီးရဲ့ထိပ်တန်းအင်အားစုဆိုတဲ့နာမည်နဲ့ တကယ် ထိုက်တန်ပါပေတယ်။ ဒီအဘိုးကြီးတွေက ငါ့စိတ်ကြိုက် အမျိုးအစားတွေချည်းပဲ"
အောက်တွင်ရှိနေသော မျှော်လင့်ခြင်းလမင်းများကို ကြည့်ကာ ကျိယွမ်၏မျက်လုံးများက လင်းလက်လာ၏။
သူက ဓားကိုဆွဲမထုတ်သေးဘဲ လက်ဆစ်များကို တဖြောက်ဖြောက်မြည်အောင် ချီုးလိုက်သည်။
သူ့နောက်တွင်ရပ်နေသော ရွှီရဲ့လီသည် အိမ်မက်နက်လိုလို တကယ်လိုလိုခံစားနေရပြီး တုန်ရီစွာဖြင့် ဆူနာကို သူ၏နှုတ်ခမ်းဆီသို့ မြှောက်လိုက်သည် ။
သူ၏ဘဝတွင် ဤမျှများပြားသော ခရမ်းရောင်နန်းတော်အဆင့် ကျွမ်းကျင်သူ အများအပြားကို ပထမဆုံးအကြိမ် ရင်ဆိုင်ရခြင်း ဖြစ်သည် ။ထိုအတူ နောက်ဆုံးရင်ဆိုင်ရခြင်းလည်း ဖြစ်သွားနိုင်၏။
ဆူနာ၏ ဝမ်းနည်းဖွယ်တေးသံသည် နန်းတော်အထက် ကောင်းကင်ယံ၌ စတင်လွင့်ပျံ့လာ၏။
သတ်ဖြတ်လိုစိတ်သည် လေထုထဲ၌ တမူဟုတ်ချင်း မြင့်တတ်သွားသည်။
ကျိယွမ်၏ ပြုံးနေသောမျက်လုံးက အေးစက်သွားပြီး အေးစက်သောအပြုံးအဖြစ် ပြောင်းလဲသွားသည်။
“ဝမ်း တူး သရီး ဖိုး ...သတ်"
---------------