[သူမ ပြန်လာပြီ]
Vol. 6 Ch. 51
အစ်ကိုကြီး ယွမ်အောင်းက တံခါးဝတွင် ရပ်နေလေ၏။ သူ၏ အကြည့်မှာ ယခင်ကထက် ပို၍ မှိုင်တွေနေပြီး လူသေ တစ်ယောက်ကဲ့သို့ ထိုင်းမှိုင်းကာ အသက်မဲ့နေသည်။
သို့သော် ဤတစ်ကြိမ်တွင် သူက သပ်ရပ်စွာ ဝတ်ဆင်ထားပြီး လက်များပေါ်၌ သွေးအစွန်းအထင်း တစ်စက်မျှ မကျန်တော့ချေ။
ယွမ်လော့ရီကို မြင်လိုက်သောအခါ သူ၏ ပိန်ပါးသည့် ခန္ဓာကိုယ်မှာ ခေတ္တမျှ ရပ်တန့်သွားပြီး အကြည့်မလွှဲနိုင်ဘဲ သူမအား အချိန် အတော်ကြာ စိုက်ကြည့်နေခဲ့၏။
သူ ယွမ်လော့ရီကို ပွေ့ဖက်ရန် ကိုယ်ကို ဖြည်းညင်းစွာ ကိုင်းညွှတ်ပြီး သူ့လက်များကို ဖွင့်ဟလိုက်သည်။ သူ၏ လှုပ်ရှားမှုများမှာ အလွန် သိမ်မွေ့ပြီး အနည်းငယ် အားသုံးလိုက်ရုံဖြင့် သူမ ပျောက်ကွယ်သွားမည်ကို စိုးရိမ်နေသည့် အလားပင်။
သူ၏ မျက်တောင်ရှည်များက သေလုနီးပါး လိပ်ပြာတစ်ကောင်ကဲ့သို့ ပျော့ညံ့စွာ တုန်ယင်နေ၏။
"ညီမလေးကို နောက်တစ်ခါ ဘယ်တော့မှ မမြင်ရတော့ဘူးလို့ ကိုကို ထင်ခဲ့တာ၊ ဒီတစ်လျှောက်လုံး မင်း ဘယ်မှာ ရှိနေခဲ့တာလဲ၊ ကိုကို ညီမလေးကို အကြာကြီး ရှာခဲ့တာပဲ ဒါပေမဲ့ မတွေ့ခဲ့ဘူး..."
ယွမ်လော့ရီက သူ့လည်ပင်းကို ဖက်တွယ်လိုက်သည်။
"ညီမလေး ပုန်းနေခဲ့တာ"
"ဘာလို့ ပုန်းနေရတာလဲ"
"အခန်းထဲမှာ အရမ်း ကြောက်စရာကောင်းတဲ့ လူတစ်ယောက် ရှိနေလို့၊ သူက ညီမလေးကို ခေါ်သွားချင်နေပြီးတော့ ကိုကို့ကိုလည်း သတ်ပစ်မယ်တဲ့"
ယွမ်အောင်း၏ မျက်လုံးများထဲ၌ အေးစက်သော အလင်းတန်း တစ်ခုက လျှပ်တစ်ပြတ် ဖြတ်ပြေးသွား၏။
"အာ အဲဒီလူပဲလား မစိုးရိမ်ပါနဲ့၊ မကြောက်နဲ့တော့နော် ကိုကို သူ့ကို မကြာခင် ရှင်းလိုက်ပါ့မယ်၊ သူ ညီမလေးကို ဘယ်တော့မှ ထပ်ပြီး မခြောက်လှန့်နိုင်တော့ဘူး"
"ကိုကို..ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက သမီး ကတိဖျက်ပြီး ကိုကို အိပ်နေတုန်း ထွက်သွားခဲ့လို့ သမီးကို စိတ်မဆိုးဘူးလား"
"ကိုကို စိတ်မဆိုးပါဘူး ညီမလေးကို ဘယ်တော့မှ စိတ်မဆိုးနိုင်ပါဘူး၊ ညီမလေး တစ်ကြိမ်လေး ပေါ်လာတာနဲ့တင် ကိုကိုက ပျော်နေပါပြီ"
ယွမ်လော့ရီမှာ ယွမ်အောင်း၏ မျက်နှာအား ကြည့်နေပြီး သူမ၏ လက်သေးသေးလေးဖြင့် သူ့ပါးကို ထိတွေ့လိုက်သည်။ ထို့နောက် သတိထား၍ သူ၏ နဖူးပေါ်သို့ တင်လိုက်ရာ အပူချိန် မမြင့်သည်ကို ခံစားလိုက်ရ၏။
"ကိုကို ခေါင်းကိုက်နေသေးလား"
"ကိုကို အကိုက်အခဲပျောက်ဆေး သောက်ထားပြီးပြီ မကိုက်တော့ပါဘူး"
"ဒါဆို ကိုကို အခု လုံးဝ ရူးသွားပြီလား"
ယွမ်အောင်းက ပြုံးလိုက်လေသည်။ သူ၏ မျက်လုံးများမှာ အလင်းရောင် ကင်းမဲ့နေပြီး မည်းမှောင်သည့် ပင်လယ်နက်ကြီးကဲ့သို့ စိတ်ပျက်မှုနှင့် နာကျင်မှုမှလွဲ၍ မည်သည်မျှ မရှိပေ။
"ဟုတ်တယ် ကိုကို လုံးဝ ရူးနေပြီ ဒါပေမဲ့ ကိုကို ညီမလေးကို ဘယ်တော့မှ နာကျင်အောင် မလုပ်ပါဘူး၊ ဒီခန္ဓာကိုယ်က ခဏလောက်တော့ ခံနိုင်ပါသေးတယ်၊ ကိုကို ညီမလေးကို ထိခိုက်စေခဲ့တဲ့ လူတွေ အားလုံးကို သတ်ပြီးမှ ကိုကို သေမှာ"
ယွမ်လော့ရီက ယွမ်အောင်း၏ ခန္ဓာကိုယ်ကို မှီလိုက်ပြီး သူ၏ အဝတ်အစားများကို ဆုပ်ကိုင်ထားသည်။ ဤရူးသွပ်နေသော ကိုကိုမှာ တကယ်ပင် စိတ်မကောင်းစရာ ကောင်းလှ၏။
"သမီး ကိုကို့ မသေစေချင်ဘူး၊ ကုလို့ မရတော့ဘူးလားဟင်"
ယွမ်အောင်းက ယွမ်လော့ရီ၏ ကျောပြင်ကို ညင်သာစွာ ပုတ်ကာ နှစ်သိမ့်ပေးလာသည်။
"ကုသလို့ မရဘူး၊ ဒါပေမဲ့ ကိစ္စမရှိပါဘူး ဝမ်းမနည်းပါနဲ့ ကိုကိုက အပြစ်ဖြေနေရုံပါပဲ၊ အဲဒီညက ညီမလေး သေခဲ့ရတာ ကိုကို့ကြောင့်ပါ"
ယွမ်လော့ရီက ငိုကြွေးမိတော့၏။
"ကိုကို့ အမှား မဟုတ်ပါဘူး၊ တကယ့် လူသတ်သမားရဲ့ အမှားပါ"
ယွမ်အောင်းက ပေါ့ပါးစွာ ရယ်မောလာသည်။
"ကျေးဇူးပါ၊ မင်းက အမြဲတမ်း ဒီလို နူးညံ့တဲ့ ကလေးတစ်ယောက်ပါပဲ"
ယွမ်အောင်းက မတ်တပ်ရပ်လိုက်ပြီး အေးစက်သော အကြည့်ဖြင့် အခန်းအား လှည့်ပတ်ကြည့်ကာ လူသတ်ချင်စိတ်များ ထွက်ပေါ်လာခဲ့၏။
"ညီမလေးကို ကြောက်အောင် လုပ်ခဲ့တဲ့သူက အထဲမှာ ပုန်းနေတာလား"
ယွမ်လော့ရီက ခေါင်းညိတ်ပြီး အခန်းတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။
"သူ အဲဒီအခန်းထဲမှာ ဓားတစ်ချောင်းနဲ့ ပုန်းနေတယ်"
ယွမ်အောင်းက ထိုအခန်းသို့ လျှောက်သွားသည်။ အခန်းထဲသို့ အလျင်စလို ဝင်မသွားဘဲ ဗီရိုတစ်ခုကို ဖွင့်ကာ ဆလင်ဒါပုံစံ အဝတ်လိပ်တစ်ခုကို ထုတ်ယူ၍ စားပွဲပေါ်တင်ပြီး လိပ်ထားသော စာလိပ်ကို ဖြန့်ချလိုက်သကဲ့သို့ အားပါးတရ ဖြန့်လိုက်၏။
သို့သော် အတွင်း၌ လှပသော ပန်းချီကား ရှိနေခြင်း မဟုတ်ဘဲ အရွယ်အစားနှင့် ပုံသဏ္ဍာန် အမျိုးမျိုး ရှိသော ချွန်ထက်သည့် ဓားများကို သပ်သပ်ရပ်ရပ် စီထားသည်။ ယွမ်အောင်းက
ကွေးနေသော ဓားမြှောင်တစ်ခုကို ကောက်ယူပြီး ၎င်းကို မီးရောင်အောက်၌ ထောင့်ကို ချိန်ကာ ချွန်ထက်မှုကို စစ်ဆေးလိုက်၏။
ထို့နောက် သူက တည်ငြိမ်စွာ ပြောလာသည်။
"အဲဒီလူက ချန်းချန်းလို့ ခေါ်တယ် ပိုက်ဆံအတွက်နဲ့ သူ့ဝိဉာဉ်ကို ရောင်းစားပြီး ယုတ်မာတဲ့ လူစားမျိုးပဲ၊ သူ့ရဲ့ အပေါင်းအသင်းတွေ အားလုံး သေကုန်ပြီဆိုတာ သိသွားတော့ ပိုင်ဆိုင်မှုတွေကို ရင်းပြီး ကိုယ်ရံတော်တွေ အများကြီး ငှားခဲ့တယ်၊ သူ့ကို ဖမ်းမိဖို့ ကိုကို တော်တော်လေး ကြိုးစားခဲ့ရတာ"
"သူ ကိုကို့ လက်ထဲ ရောက်လာပြီ ဆိုမှတော့ ကိုကို သူ့ကို လွယ်လွယ်နဲ့ သေခွင့်ပေးမှာ မဟုတ်ဘူး၊ သူ ခုခံဖို့ သတ္တိရှိနေသေးတာကိုတော့ တကယ် အံ့ဩမိတယ် သူ လုပ်သင့်တဲ့ အရာက သတ်သေဖို့ပဲ၊ အဲဒါဆိုရင် သူ နှိပ်စက်ခံရတာ နည်းနည်း လျော့သွားနိုင်တယ်လေ"
"အရင်က ကိုကို သူ့အပေါ် အသာတကြည် လုပ်ခဲ့မိလို့များလား အာ...သူ့ခြေထောက်တွေကို အကောင်းအတိုင်း မထားလိုက်ရမှာ"
ယွမ်လော့ရီက မေးလိုက်သည်။
"သူက သာမန် သတင်းထောက် တစ်ယောက် မဟုတ်ဘူးလား"
ယွမ်အောင်းက တိုးညှင်းကာ ဆိုးယုတ်သော ရယ်မောသံမျိုးကို ပြုလုပ်လာ၏။
"အဲဒါ ညီမလေးကို သူ ပြောပြတာလား၊ သေလုနီးပါး ဖြစ်နေတာတောင် နောင်တက မရသေးဘူး"
ရုတ်တရက် တစ်ခုခုကို ပြန်လည် အမှတ်ရလိုက်သကဲ့သို့ သူ၏ မျက်နှာအမူအရာမှာ လုံးဝ ကင်းမဲ့သွား၏။ ယွမ်အောင်းတစ်ယောက် ဒေါသထွက်လာကာ သူ၏ နဖူးပေါ်ရှိ သွေးကြောများက ပြင်းထန်စွာ ထောင်မတ်လာပြီး သစ်သားစားပွဲကို ဆုပ်ကိုင်ထားသည်မှာ ကွဲအက်သံ သဲ့သဲ့ ထွက်ပေါ်လာသည်။
"ငါ့ညီမလေးကို အကြိမ်ကြိမ် လှည့်စားနေတာကို ခွင့်မလွှတ်ပေးနိုင်ဘူး၊ ခွင့်မလွှတ်ပေးနိုင်ဘူး"
ယွမ်လော့ရီမှာ သူမ အစ်ကို၏ အခြေအနေကို ကြည့်ပြီး အလွန် ကြောက်ရွံ့သွား၏။ သူ တကယ် ရူးသွားပြီပင်။ ယွမ်လော့ရီက တုန်ယင်လျက် သူမ၏ လက်ကို ဆန့်ကာ ယွမ်အောင်း၏ လက်ကို ဖုံးအုပ်လိုက်သည်။
"ကိုကို ဒေါသ မထွက်ပါနဲ့တော့"
သူ့ညီမလေး၏ အသံက ယွမ်အောင်းကို နှစ်သိမ့်ပေးနိုင်သည်။ သူက သူ၏ ကြောက်မက်ဖွယ် လူသတ်လိုစိတ်အား ထိန်းချုပ်ပြီး စိတ်တည်ငြိမ်မှု ပြန်လည်ရရှိကာ နောင်တရစွာဖြင့် တောင်းပန်လိုက်၏။
"ညီမလေးကို ဒီလို အခြေအနေနဲ့ မြင်စေမိလို့ စိတ်မကောင်းပါဘူး၊ အရင်တုန်းက ကိုကို ထိန်းချုပ်နိုင်ခဲ့တယ် သာမန်လူ တစ်ယောက်လို နေနိုင်ခဲ့တယ်၊ ဒါပေမဲ့ အခုတော့ ကိုကို လုံးဝ ထိန်းချုပ်လို့ မရတော့ဘူး"
ယွမ်အောင်းမှာ သူ၏ လက်နက်ကို ရွေးချယ်ပြီးနောက် အင်္ကျီကော်လံ၏ ပထမဆုံး ကြယ်သီးကို ဖြုတ်ကာ အင်္ကျီလက်များအား တံတောင်ဆစ်အထိ လှန်တင်လိုက်သည်။
သူက အခြားလူတစ်ယောက်ကဲ့သို့ပင်။ ထက်ရှသော ဓားတစ်ချောင်းကို ကိုင်ထားပြီး သူ၏ မျက်လုံးများက အေးစက်ခက်ထန်နေ၏။ နယ်စပ်တစ်လျှောက် ရစ်ဝဲနေသည့် မှောင်မိုက်သော တိမ်တိုက်ကြီးသဖွယ် ဖြစ်နေသည့် သူ၏ လွှမ်းမိုးမှု အရှိန်အဝါအား ထုတ်လွှတ်နေခဲ့ကာ တစ်ကမ္ဘာလုံးကို အမျက်ဒေါသဖြင့် မုန်တိုင်းထဲသို့ ဆွဲသွင်းတော့မည့်အလားပင်။
သူ ယွမ်လော့ရီ လက်ညှိုးထိုးပြသည့် အခန်းတံခါးထံသို့ လျှောက်သွားပြီး တံခါးကို ညင်သာစွာ တွန်းဖွင့်လိုက်၏။
"ကျွိ..."
တံခါးပွင့်သွားသည်နှင့် သွေးနံ့ပြင်းပြင်း တစ်ခုက သူတို့၏ အနံ့ခံအာရုံကို ထိုးဖောက် ဝင်ရောက်လာခဲ့သည်။
ယွမ်အောင်းက ရှေ့သို့ လှမ်း၍ အမှောင်ထဲသို့ ဝင်ရောက်သွား၏။
"အားးးးးး"
ချန်းချန်းက အော်ဟစ်လိုက်လေသည်။ သူ့မျက်နှာက ကြောက်ရွံ့မှုကြောင့် တွန့်သွားပြီး ပြေးထွက်လာကာ ယွမ်လော့ရီအား ဖမ်းဆွဲ၍ သူမ၏ လည်ပင်းကို ဓားဖြင့် ထောက်လိုက်၏။
သူ ယွမ်အောင်းကို ထိပ်တိုက်ရင်ဆိုင်၍ အနိုင်မယူနိုင်မည်မှာ လုံးဝ သေချာသဖြင့် ဤကလေးမလေးက အသုံးဝင်နိုင်သည်ဟု တွေးပြီး ယွမ်လော့ရီနှင့် စကားပြောခဲ့ခြင်း ဖြစ်၏။ ယွမ်အောင်း၏ သူ့ ညီမလေးအပေါ် ခံစားချက်များက နက်ရှိုင်းလှသည်။ အစားထိုး တစ်ယောက်ကိုပင် သူ့အား ခြိမ်းခြောက်ရန် အသုံးပြုနိုင်၏။
ချန်းချန်းက အော်ဟစ်လာလေသည်။
"မလှုပ်နဲ့ အရူးကောင်၊ မဟုတ်ရင် ငါ သူ့ကို သတ်ပစ်မယ်"
ယွမ်အောင်းက ဖြည်းညင်းစွာ လှည့်ကြည့်ပြီး မေးလိုက်၏။
"မင်း သူ့ကို မြင်နိုင်တာလား"
ချန်းချန်းက လှောင်ပြောင်လာသည်။
"အရူးကောင်က ပေါက်ကရ စကားတွေ ထပ်ပြောပြန်ပြီ၊ ငါ သူ့ကို မြင်နိုင်တာပေါ့ ဒီကလေးမလေးကို မင်း ဘယ်ကနေ ရှာတွေ့ခဲ့တာလဲ၊ သူက မင်း ညီမလေးနဲ့ တစ်ပုံစံတည်း တူနေတာ"
ယွမ်အောင်းမှာ မျက်မှောင်ကျုံ့သွားကာ သူ့ထံသို့ လျှောက်လာ၏။
"မင်း သူ့ကို ထိတောင်ထိနိုင်တယ်"
ချန်းချန်းက အေးစက်သည့် ဓားဖြင့် ယွမ်လော့ရီ၏ အရေပြားကို ထိထားပြီး ခြိမ်းခြောက်လာသည်။
"မလှုပ်နဲ့ နောက်တစ်လှမ်း ထပ်တိုးရင် ငါ သူ့ကို မင်းရှေ့မှာပဲ သေအောင် သတ်ပစ်မှာ၊ အစားထိုးတစ်ယောက် ဖြစ်နေရင်တောင်မှ မင်း နာကျင်ရဦးမှာပဲမလား"
ယွမ်လော့ရီမှာ သူမ၏ အစ်ကိုကြီး ယွမ်အောင်းတစ်ယောက် မတည်မငြိမ် ဖြစ်လာပြီး သူ့ဘာသာ ရေရွတ်နေသည်ကို မြင်လိုက်ရ၏။ ယခင်က ဖြစ်ပျက်ခဲ့သည်များကို ထပ်ခါတလဲလဲ ပြန်လည် အမှတ်ရနေခြင်းပင်။
ယွမ်အောင်း၏ စိတ်ထဲ၌ အလွန်အမင်း ထိတ်လန့်စရာ ကောင်းသော်လည်း ကျိုးကြောင်းဆီလျော်သည့် ခန့်မှန်းချက် တစ်ခု ပေါ်လာ၏။
ဤ ၁၁နှစ်အရွယ် ညီမလေးမှာ ထင်ယောင်ထင်မှား မဟုတ်ဘဲ အမှန်တကယ် တည်ရှိနေသည်။ သူ၏ သေဆုံးသွားသော ညီမလေး ပြန်လာခဲ့ပြီပင်။