အခန်း (၅၂)
Vol. 6 Ch. 52
ယွမ်အောင်းမှာ ယွမ်လော့ရီကို စိုက်ကြည့်၍ သူ၏ မူလက မှိုင်းညို့နေသော မျက်လုံးများထဲတွင် အလင်းရောင် ရေးရေးမျှ ပေါ်လာပြီး သေခါနီး လူတစ်ယောက်က ရုတ်တရက် အသက်ပြန်ရှူခွင့် ရလိုက်သကဲ့သို့ပင်။
သူ့ညီမလေးကို ဆုံးရှုံးရပြီးနောက် ယွမ်အောင်းမှာ ဦးတည်ရာ မရှိဘဲ လေလွင့်နေခဲ့၏။ သက်ရှိလောကထဲတွင် လှည့်လည်နေရသော ဆင်းရဲဒုက္ခထဲ၌ နစ်မြုပ်နေသည့်
သရဲတစ်ကောင်နှင့် တူလေသည်။
ယင်းမှာ သူ၏ အမှားများပင်။ ထိုအချိန်က သူ ဖုန်းမဆက်ဘဲ လျှို့ဝှက်၍ နိုင်ငံထဲသို့ ပြန်လာခဲ့မည်ဆိုလျှင် သူ့ညီမလေးကို ကယ်တင်နိုင်ခဲ့ပေလိမ့်မည်။
အပြစ်ရှိသည် ဟူသော ခံစားချက်က လွှမ်းမိုးထားသဖြင့် ယွမ်အောင်းမှာ သူ့ကိုယ်သူ ငရဲတွင် ဒဏ်ခတ်ခဲ့ပြီး တဖြည်းဖြည်း ပြိုလဲလာကာ စိတ်တည်ငြိမ်မှုကို ဆုံးရှုံး၍ နောက်ဆုံးတွင် သွေးဆာနေသော သားရဲတစ်ကောင် ဖြစ်လာခဲ့၏။
သူ အကြိမ်ကြိမ် လူများကို သတ်ဖြတ်၍ လက်စားချေခဲ့သည်။ ထိုလောက၌ သူ၏ ညီမလေးနှင့် ပြန်လည် ဆုံတွေ့သည့်အခါ သူမက ခွင့်လွှတ်ပေးလိမ့်မည်ဟု မျှော်လင့်ခဲ့၏။
သို့သော် ယခုအခါ အသက် ၁၁နှစ်အရွယ် ယွမ်လော့ရီက ယွမ်အောင်း၏ အရှေ့တွင် ရပ်နေလေသည်။ သူ မှတ်မိသည့်အတိုင်း သူမမှာ ဖြူစင်ပြီး လှပနေဆဲပင်။
ယွမ်အောင်းက မနေနိုင်ဘဲ သူ့လက်ကို ယွမ်လော့ရီထံသို့ လှမ်းလိုက်၏။ သူ၏ လက်များမှာ အနည်းငယ် တုန်ယင်နေခဲ့သည်။
ဒါက ကောင်းကင်ဘုံက ပေးတဲ့ အံ့ဩစရာ ဖြစ်ရပ်ပဲ။
ယခုတစ်ကြိမ်တွင်တော့ သူ သူမကို သေချာပေါက် ကာကွယ်ရလိမ့်မည်။
ယွမ်လော့ရီအား ဓားစာခံအဖြစ် ဖမ်းဆီးထားသော ချန်းချန်းက အော်ဟစ်ကာ လှမ်းပြောလာသည်။
"မလှုပ်နဲ့လို့ ပြောနေတာကို မင်း လူစကား နားမလည်ဘူးလား မင်းရဲ့ ညီမလေးကို ပြန်မလိုချင်တော့ဘူးလား"
သူ၏ လက်ထဲရှိ ဓားက ယွမ်လော့ရီ၏ လည်ပင်းနှင့် ပိုမို နီးကပ်လာလေသည်။
"သူ့လည်ပင်းလေးက အရမ်းသေးတာနော် တစ်ချက် လှီးလိုက်ရုံနဲ့တင် သေသွားလိမ့်မယ်၊ မင်း ဒါကို သေချာ စဉ်းစားသင့်တယ်"
ယွမ်အောင်းမှာ ချက်ချင်း ရပ်တန့်သွားပြီး ချန်းချန်းကို ပြင်းထန်စွာ စိုက်ကြည့်ကာ အသံခပ်နိမ့်နိမ့်ဖြင့် ပြောလိုက်၏။
"သူ့ကို လွှတ်လိုက်"
သူ၏ အကြည့်က အလွန် ကြောက်စရာကောင်းသဖြင့် ချန်းချန်းမှာ သူ ခံစားခဲ့ရသော ယခင်က နှိပ်စက်မှုများကို သတိရသွားကာ မကြောက်ဘဲ မနေနိုင်တော့ပေ။
သူ ယွမ်လော့ရီကို နောက်သို့ အနည်းငယ် ဆုတ်ရန် ကြမ်းတမ်းစွာ ဆွဲခေါ်လိုက်ပြီး ယွမ်အောင်းနှင့် အလှမ်းဝေးဝေး၌ နေလိုက်သည်။
ထို့နောက် သူ အော်ပြီး ပြောလိုက်၏။
"မင်းရဲ့ ဓားကို အရင် ပစ်ချလိုက်"
ယွမ်အောင်းမှာ သူပြောသည့်အတိုင်း လိုက်လုပ်ခဲ့ပြီး ချွန်ထက်သော ဓားမြှောင်က မြေပြင်ပေါ်သို့ အသံကျယ်ကျယ်ဖြင့် ကျသွား၏။
ချန်းချန်းက ထွက်ပေါက်ကို တစ်ချက် ကြည့်လိုက်သည်။ ၎င်းမှာ မြေအောက် ကားရပ်နားရာ နေရာတစ်ခု ဖြစ်၏။ လေဝင် လေထွက်ပေါက် ပန်ကာများက တဝီဝီ မြည်နေပြီး ပတ်ဝန်းကျင်ကမူ မှောင်မိုက်နေကာ အရှေ့တွင် ကားလေး အနည်းငယ်သာ ရပ်ထားသည်။
သူသာ ယွမ်လော့ရီကို ဓားစာခံအဖြစ် ထားသရွေ့ ယွမ်အောင်းက သူ့အား ထိရဲမည် မဟုတ်ပေ။ ကားဖြင့် ထွက်ပြေး၍ မြေပြင်ပေါ် ရောက်သည်နှင့် သူ လွတ်မြောက်နိုင်တော့မည်ပင်။
နောက်ဆုံးတော့ ငါ ဒီအရူးဆီကနေ လွတ်တော့မယ်။
ချန်းချန်းက အော်လိုက်၏။
“ကားသော့ကို ဒီဘက် လှမ်းပစ်လိုက်”
ယွမ်အောင်းက သူ့အိတ်ကပ်ထဲမှ သော့များကို ထုတ်၍ ချန်းချန်း၏ ခြေထောက်များ ရှေ့သို့ ပစ်ပေးလိုက်သည်။
ချန်းချန်းက သော့များကို ကောက်ယူပြီး အရူးအမူး ရယ်မောလိုက်၏။
"ငါ လွတ်ပြီ နောက်ဆုံးတော့ ငါ လွတ်မြောက်သွားပြီ၊ မင်း ငါ့ကို ညှဉ်းပန်းခဲ့သမျှ နောက်ဆုံးတော့ ငါ ထွက်သွားနိုင်တော့မယ်"
ထိုစဉ် ယုတ်မာသော အတွေးတစ်ခုက သူ၏ စိတ်ထဲသို့ ဖြတ်ပြေးလာ၏။
ဒီတိုင်းလေးပဲ ထွက်သွားမယ်ဆိုရင် အရမ်း နှမြောစရာ ကောင်းတာပေါ့။ သူ ခံစားခဲ့ရသမျှအတွက် လက်စားမချေရသေးဘူး။
ချန်းချန်းက ယွမ်အောင်းကို စိုက်ကြည့်၍ ထပ်ပြောပြန်သည်။
"မင်းရဲ့ လက်တွေကို မြှောက်ပြီး ဟိုဖက်ကို လှည့်လိုက် ငါ့ကို မကြည့်နဲ့"
ယွမ်လော့ရီကမူ ငိုယို၍ ပြောလာ၏။
"ကိုကို သူ့စကားကို နားမထောင်နဲ့ လှည့်လိုက်ရင် သူ ကိုကို့ကို သတ်လိမ့်မယ်"
ချန်းချန်းက အော်ဟစ်လာသည်။
"မင်း ပါးစပ်ကို ပိတ်ထားစမ်း"
ချန်းချန်းက ယွမ်လော့ရီ၏ လည်ပင်းကို သူ၏ လက်မောင်းဖြင့် ပတ်ပြီး ပြင်းထန်စွာ ညှစ်လိုက်ရာ ယွမ်လော့ရီမှာ အသက်ရှူမဝဘဲ ပြတ်တောင်းပြတ်တောင်း အသံများသာ ထွက်ပေါ်လာ၏။
သူမ စိုးရိမ်နေမိသည်။ သူမသာ သေသွားပါက သူမ၏ မူလကမ္ဘာသို့ ပြန်သွားရရုံသာ ရှိမည်ပင်။ သို့သော် စနစ်ကြောင့် သူမ၏ အစ်ကိုအား ထိုအကြောင်းကို ပြောပြ၍ မရပေ။
သူ့ညီမလေး နာကျင်နေသည်ကို မြင်သောအခါ ယွမ်အောင်းမှာ ဒေါသထွက်သွား၏။
"သူ့ကို မထိနဲ့"
ချန်းချန်း: "လှည့်လိုက်စမ်းပါ မင်းလှည့်လိုက်တာနဲ့ ငါ သူ့ကို လွှတ်ပေးမယ်၊ သူက အပြစ်မဲ့တဲ့ ကလေးတစ်ယောက်ပဲဟာ ငါ သူ့ကို မသတ်ပါဘူး"
ယွမ်အောင်းက ဖြည်းညင်းစွာ လှည့်လိုက်သည်။ သူ၏ ညီမလေးအတွက်သာဆိုလျှင် သူ အသက်ပင် ပေးရပါစေ၊ အရာအားလုံးကို လုပ်မည်ပင်။
ချန်းချန်းက ယွမ်လော့ရီအား သူနှင့်အတူ ဆွဲခေါ်ပြီး ဓားဖြင့် ချဉ်းကပ်လာကာ ယွမ်အောင်း၏ လည်ပင်းကို ချိန်ရွယ်၍ ယုတ်မာစွာ ပြုံးလိုက်၏။
ယွမ်လော့ရီက ပြင်းထန်စွာ ရုန်းကန်ပြီး သူမ၏ ခွန်အားများ အားလုံးကို အသုံးပြုကာ ချန်းချန်း၏ ဝမ်းဗိုက်ရှိ ဒဏ်ရာကို တံတောင်နှင့် ထိုးချလိုက်သည်။
"အားးးးးး"
ချန်းချန်းက အော်ဟစ်လိုက်သည်။
တစ်ချိန်တည်းမှာပင် ယွမ်အောင်းက လျင်မြန်စွာ လှည့်လာ၍ ချန်းချန်းကို ပြင်းထန်စွာ တိုက်ခိုက်လိုက်၏။
ချန်းချန်း၏ ခေါင်းမှာ နံရံနှင့် ပြင်းထန်စွာ ဆောင့်မိသွားသဖြင့် ခေါင်းမူးပြီး ရီဝေသွားလေသည်။
သူ မြေပြင်ပေါ်သို့ လဲကျသွား၍ ကုန်းထရန် ကြိုးစားလိုက်သော်လည်း သွေးထွက် လွန်ကဲမှုကြောင့် ပြန်လဲကျသွား၏။ အသက်ရှူမဝဖြစ်ပြီး ပိုမို အားနည်းလာကာ ပြန်လည် မခုခံနိုင်တော့ပေ။
ချမ်းချမ်းမှာ ယွမ်လော့ရီကို ပြင်းထန်သော မုန်းတီးမှုများဖြင့် စိုက်ကြည့်လိုက်သည်။
ယခု သူ့ ဘဝဆုံးလေပြီ။ ထွက်ပြေးရန် အဖိုးတန် အခွင့်အရေးကို လွဲချော်ခဲ့ရသည်။
ယွမ်လော့ရီ၏ ရုတ်တရက် တိုက်ခိုက်လာမှုသာ မရှိခဲ့လျှင် သူ ယွမ်အောင်းကို သတ်နိုင်တော့မည် ဖြစ်၏။
ချန်းချန်းသည် သေလုနီးပါး အခြေအနေတွင် ၁၈နှစ်အရွယ် ယွမ်လော့ရီကို ပြန်လည် အမှတ်ရမိသည်။ သူမက လှပ၍ မျက်လုံးဝိုင်းဝိုင်းများ၊ ဖြူဖွေးသော အသားအရေနှင့် နုပျိုသော အရှိန်အဝါ ရှိ၏။
သို့သော် သူမ၏ အကြည့်များမှာ အသက်မဲ့နေသည်။ အဖမ်းခံရပြီးနောက် မခုခံဘဲ စိတ်ပျက်မှုထဲတွင် နစ်မြုပ်နေခဲ့၏။
သူမက ယွမ်မိသားစု၏ သွေးသားအရင်း မဟုတ်သောကြောင့် မည်သူမှ သူမကို ကယ်တင်နိုင်မည် မဟုတ်ပေ။
ယွမ်အောင်းထံမှ လက်ခံရရှိခဲ့သော ဖုန်းခေါ်ဆိုမှု တစ်ခုက ယွမ်လော့ရီကို ပြောင်းလဲသွားစေခဲ့မည်ဟု မည်သူမှ မထင်ထားခဲ့ပေ။
သူမက ရုတ်တရက် တစ်ဖန် တက်ကြွလာခဲ့ပြီး အသက်ရှင်လိုသော ဆန္ဒ ပြန်ပေါ်လာခဲ့၏။ သူမ၏ အစ်ကိုများက သွေးသားကို ဂရုမစိုက်ကြောင်း၊ သူမကိုသာ ဂရုစိုက်ပြီး ကယ်တင်လိုကြောင်းကို သူမ သိခဲ့ရသည်။
ချန်းချန်းအတွက် ထိုအရာမှာ လုံးဝ လက်မခံနိုင်စရာပင်။ အဘယ်ကြောင့်ဆိုသော် သူက ကားများ၊ အိမ်များနှင့် အမျိုးသမီးများ အစရှိသည်တို့အတွက် ငွေပေးချေပြီးသား ဖြစ်၏။ သူ ထိုအရာအားလုံးကို အဆုံးရှုံးမခံနိုင်ပေ။
ထို့ကြောင့် ထိုညတွင် သူ ယွမ်လော့ရီကို ရှာခဲ့သည်။
"မိန်းကလေးယွမ် မင်းရဲ့ အစ်ကို ရောက်လာပြီ သူ့ကို တွေ့ချင်လား"
"ဟုတ်ကဲ့ ဒီတံခါး အပြင်ဘက်မှာပဲ၊ ကျေးဇူးပြုပြီး ကျွန်တော်နဲ့ လိုက်ခဲ့ပါ"
"ချီးဘဲ ရုန်းနေတာကို ရပ်စမ်း သေလိုက်တော့"
"ငါ ဆက်ပြီး ပိုက်ဆံတွေ ရနေဖို့ မင်းသေရမယ်"
"ဘာအဓိပ္ပာယ် မရှိတာတွေ ပြောနေတာလဲ မင်းရဲ့ အစ်ကိုကို မင်း ဘယ်တော့မှ ထပ်တွေ့ရတော့မှာ မဟုတ်ဘူး သေလိုက်စမ်း ငါ့အတွက် သေလိုက်တော့"
ထို့နောက် ချန်းချန်းသည် ယွမ်လော့ရီ၏ ပျက်စီးနေသော အလောင်း အစိတ်အပိုင်းများကို မီးသင်္ဂြိုလ်ရန် ပို့ဆောင်ခဲ့ပြီး သူ၏ ဘဏ်အကောင့်မှ နောက်ထပ် ငွေပေးချေမှု တစ်ခုကို လက်ခံရရှိခဲ့၏။
ချန်းချန်းမှာ သူ၏ ဇိမ်ခံဘဝတွင် ပျော်မွေ့နေခဲ့သည်။ ဇိမ်ခံအိမ်တစ်လုံးကို ပိုင်ဆိုင်ခဲ့ပြီး တစ်သန်းကျော် တန်ဖိုးရှိသော နာရီကို ဝတ်ဆင်ခဲ့၏။ လူတိုင်းက သူ့ကို အားကျနေခဲ့ကြသည်။
လူတစ်ယောက်ကို သတ်ရုံနဲ့ သူ ဒီလောက် အများကြီး ရခဲ့တာ၊ လောကမှာ ဒီထက် အကျိုးအမြတ် များတာ မရှိတော့ဘူး။
သို့သော် ချန်းချန်းမှာ ထိုဘဝအား ကြာရှည်စွာ ခံစားခွင့် မရလိုက်ပေ။ မကြာသေးမီကပင် အခြေအနေများမှာ မတည်မငြိမ် ဖြစ်လာခဲ့၏။
သူ၏ တိုက်ရိုက်ကြီးကြပ်သူ ပျောက်ကွယ်သွားသည်။
သတင်းပေးသူလည်း ပျောက်ကွယ်သွား၏။
ထို တရားသူကြီး သုံးဦးပင် ပျောက်ကွယ်သွားကြသည်။
ချန်းချန်းတစ်ယောက် သူတို့ အားလုံးကို သိ၏။
သတင်းများကမူ ကျပန်း တိုက်ခိုက်မှုများဟု ပြောကြသော်လည်း ချန်းချန်းမှာ ထိုမျှမကမှန်း သိသည်။ ပျောက်ကွယ်သွားသူများ အားလုံးက ယွမ်လော့ရီအား လုပ်ကြံသတ်ဖြတ်ရာတွင် သူ့ကဲ့သို့ ကြံရာပါများ ဖြစ်၏။
ကောင်မလေးရဲ့ အစ်ကိုက လက်စားချေနေတာ။
မကြာခင် သူ့အလှည့် ရောက်လာတော့မယ်။
ယွမ်မိသားစု၏ အကြမ်းဖက်မှုမှာ ဒဏ္ဍာရီဆန်သည်။ ချန်းချန်းက သူ၏ ပိုင်ဆိုင်မှုများကို ရောင်းချပြီး ဈေးအကြီးဆုံး လုံခြုံရေးကို ငှားရမ်းကာ သူ့အတွက် ဘေးကင်းမည့် အခန်းထဲတွင် ပုန်းနေခဲ့၏။ အမြဲတမ်း ကြောက်ရွံ့မှုများ၊ စိုးရိမ်ပူပန်မှုများဖြင့် နေထိုင်ခဲ့ရသည်။
သို့သော် ယွမ်အောင်းက သူ၏ ညီမလေးကို ဆုံးရှုံးပြီးနောက် ရူးသွပ်သွားခဲ့၏။ သူက တစ်ယောက်တည်း ရေရွတ်နေတတ်ကာ တစ်ခါတစ်ရံ သတိရပြီး တစ်ခါတစ်ရံ ကယောင်ကတမ်း ဖြစ်တတ်သော်လည်း သူ၏ ဆန္ဒမှာတော့ မယိမ်းယိုင်ခဲ့ပေ။ သူမကို ထိခိုက်စေခဲ့သော လူတိုင်းကို သတ်ပစ်မည်ဟု သူ့ ညီမလေး၏ သင်္ချိုင်းတွင် သူ၏ ဝိဉာဉ်ဖြင့် ကျိန်ဆို တိုင်တည်ထားခဲ့သည်။
ထိုသို့သော သူ့ကို မည်သူမှ တားဆီးနိုင်မည် မဟုတ်ပေ။ နောက်ဆုံး၌ ချန်းချန်းတစ်ယောက် အဖမ်းခံခဲ့ရ၏။
ယွမ်အောင်းက အေးစက်စွာ မေးလာသည်။
"ငါ့ညီမ ဘယ်လို သေသွားရတာလဲ"
ချန်းချန်းက သွေးပွက်ပွက် အန်ကာ သေလုနီးပါး ဖြစ်နေသော်လည်း ပြန်ဖြေခဲ့၏။
"မင်း ရောက်လာပြီလို့ ပြောပြီး စောင့်ကြည့် ဧရိယာထဲကနေ လှည့်စားပြီး ခေါ်ထုတ်လာတာ၊ ပြီးမှ လည်ပင်းညှစ်သတ်လိုက်တာ"
"တခြား ဘာရှိသေးလဲ လည်ပင်းညှစ်ရုံပဲဆိုရင် ဘာလို့ သူ့အလောင်းကို မီးသင်္ဂြိုလ်လိုက်တာလဲ"
"သူက တော်တော် ပြင်းပြင်းထန်ထန် ရုန်းနေခဲ့တာ၊ သူ့အစ်ကိုက သူ့ကို တကယ် လာခေါ်ပြီ ထင်နေရှာတာလေ၊ အဲတော့ သူ မလှုပ်နိုင်တော့တဲ့အထိ ရိုက်နှက်ပြီးမှ လည်ပင်းညှစ်သတ်ပစ်ခဲ့ရတာ"
ထိုစကားလုံးများက ယွမ်အောင်း၏ နှလုံးသားကို ဓားဖြင့် ထိုးခွဲလိုက်သကဲ့သို့ စူးရှစွာ ခံစားရပြီး ထိုကြီးမားသော နာကျင်မှုက သူ့အား အသက်ရှူကျပ်လုနီးပါး ဖြစ်စေခဲ့၏။
သူ ပန်းခြံထဲတွင် ရယ်မောနေသော ကလေးမလေးကို သတိရမိသည်။ သူမက ကောင်းကင်ဘုံမှ ပေးခဲ့သော လက်ဆောင်တစ်ခုပင်။ သူတို့က သူမကို ကာကွယ်ရန် စိတ်ရင်းဖြင့် ဂရုတစိုက် ပြုစုပျိုးထောင်ခဲ့ကြ၏။ သို့သော် သူမက ထိုသို့သော အမှိုက်ကောင်ကြောင့် နာကျင်စွာ သေခဲ့ရသည်။
ဒေါသများ တောက်လောင်နေသော ယွမ်အောင်းက ဓားတစ်ချောင်းကို ကောက်ယူလိုက်၏။
သူ ချန်းချန်းကို အလွယ်တကူ သေခွင့်ပေးမည် မဟုတ်ပေ။