အခန်း (၅၃)
Vol. 6 Ch. 53
မြေအောက် ကားရပ်နားရာ နေရာ၏ လူသတ်ခန်းထဲတွင် ချန်းချန်းမှာ သူ၏ နောက်ဆုံးထွက်သက်နှင့် နီးကပ်လာနေပြီ ဖြစ်၏။ သူက ယွမ်လော့ရီအား သတ်ရာတွင် ကြံရာပါ ဖြစ်ခဲ့ပြီး ယခုတော့ ထိုအဖိုးအခကို သူ ပြန်ပေးဆပ်ရတော့မည်။
ယွမ်အောင်းက ချန်းချန်းအား နောက်ဆုံး အချိန်များ၌ပင် အလွန်အမင်း ဝေဒနာ ခံစားစေလိုခဲ့သည်။
သို့သော်…
သူ၏ ညီမလေးမှာ ပုံမှန်လူတစ်ယောက်ပင်။ သူမ ကြောက်လန့်နေလိမ့်မည်။
သူမ၏ ရှေ့တွင် သူ၏ အမှောင်ဘက်ခြမ်းကို အပြည့်အဝ ထုတ်ဖော်ပြသရခြင်းအား သူမလုပ်ချင်ပေ။
ယွမ်အောင်းက ယွမ်လော့ရီကို ကြည့်လိုက်၏။ သူမသည် အသက် ၁၁နှစ် အရွယ်အဖြစ် ပြန်ပေါ်လာပြီး ထောင့်တစ်နေရာတွင် ရပ်နေကာ သူမ၏ ပိန်သွယ်သော ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်နေသည်။ ယခင်က ယွမ်အောင်းသည် သူမအား ကြောက်လန့်စေခဲ့၏။
သို့သော် သူမ၏ မျက်လုံးဝိုင်းဝိုင်းများမှာ နောက်ဆုတ်ခြင်း မရှိဘဲ ယွမ်အောင်းကိုသာ စိုက်ကြည့်နေခဲ့သည်။ သူမ ယွမ်အောင်း၏ အမှောင်ဘက်ခြမ်းကို လက်ခံရန် ရွေးချယ်ခဲ့၏။
ယွမ်အောင်းတစ်ယောက် မည်မျှပင် ကြောက်စရာ ကောင်းနေသည် ဖြစ်စေ၊ သူ၏ စိတ်က မည်မျှ ရူးသွပ်နေပြီး သူ့ထံတွင် သွေးများ မည်မျှ စွဲကပ်နေသည် ဖြစ်စေ၊ သူက သူမ၏ အစ်ကို ဖြစ်သည်ကို ယွမ်လော့ရီ သိ၏။
ယွမ်အောင်းသည် သူမအား ကလေးဘဝကတည်းက ပြုစုစောင့်ရှောက်ခဲ့ရသူပင်။ သူက မကြာခဏ နွေးထွေးစွာ ပြုံးပြတတ်သည်။ သူ့ညီမလေးကို ဘယ်သောအခါမှ ထိခိုက်စေမည် မဟုတ်ပေ။
ယွမ်အောင်းက ယွမ်လော့ရီထံသို့ ချဉ်းကပ်လာပြီး သူမ၏ မျက်လုံးများ ရှေ့တွင် ဒူးထောက်ထိုင်ကာ နားကြပ်တစ်စုံကို ထုတ်ယူလိုက်၏။
"ချန်းချန်းက သေတော့မှာ ကိုကို သူ့ကို အမြန်ရှင်းပစ်ရမယ်၊ အဲဒါက ကြောက်စရာ ကောင်းမှာမို့လို့ ညီမလေး ဒီနားကြပ်ကို တပ်ပြီး သီချင်း နားထောင်နေနော် ဒီဟာက အသံလုံတယ်”
ယွမ်လော့ရီ နားကြပ်ကို ယူ၍ ခေါင်းညိတ်လိုက်သည်။
ယွမ်အောင်းက မတ်တပ်ရပ်လိုက်၏။ သူ ယွမ်လော့ရီ၏ ခေါင်းလေးကို ပွတ်သပ်လိုသော်လည်း သူ့လက်များတွင် သွေးများ ပေကျံနေသဖြင့် မလုပ်တော့ချေ။
"ပြီးတော့ ကိုကို မပြီးမချင်း မျက်လုံးတွေကို မဖွင့်ရဘူး ဟုတ်ပြီလား"
ယွမ်လော့ရီက ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့"
ယွမ်အောင်းက ဓားအိတ် တစ်အိတ်ကို ကောက်ယူပြီး ချန်းချန်းထံသို့ လျှောက်သွားလိုက်သည်။
ဓားများမှာ အလွန် ထက်ပြီး ယွမ်အောင်းကမူ ၎င်းတို့ကို လွယ်လွယ်ကူကူ ကိုင်တွယ်နိုင်၏။
တစ်ချောင်းစီတိုင်းက မရှိမဖြစ် လိုအပ်သည်။ သူတို့က ချန်းချန်းအား အပြင်းထန်ဆုံးသော ဝေဒနာကို ပေးရန် သူနှင့် အတူတူ ဆောင်ရွက်ကြလိမ့်မည်။
တစ်ချိန်တည်းမှာပင် ယွမ်လော့ရီက နားကြပ်ကို တပ်ကာ သူမ၏ သီချင်းအက်ပ်ကို ဖွင့်ပြီး မျက်လုံးများကို မှိတ်လိုက်သည်။
အသံကာကွယ်မှုက အလွန် ကောင်းမွန်၏။ သူမ မသိသော သီချင်းတစ်ပုဒ်ကို နားထောင်နေစဉ် သူမ၏ ခြေထောက်အောက်မှ ကြမ်းပြင်က တုန်ခါလာလေသည်။ ၎င်းမှာ တစ်ချက် လှုပ်တိုင်း ပိုမို ပြင်းထန်လာ၏။ ယွမ်လော့ရီမှာ ကြောက်လန့်တကြားဖြင့် သူမ၏ ခေါင်းကို လက်များနှင့် အုပ်ကာ ထောင့်တစ်နေရာတွင် ကွေးကွေးလေး နေနေသည်။
မျက်လုံး မဖွင့်နဲ့၊ မြင်ယောင် မကြည့်နဲ့၊ ခဏနေ ပြီးတော့မှာ။
ပြီးရင် ကိုကိုက အရင်လို ပုံမှန်အတိုင်း ဖြစ်လာလိမ့်မယ်။
ယွမ်လော့ရီသည် ထိုတုန်ခါမှု ရပ်မသွားခင်အထိ အချိန် မည်မျှ ကုန်လွန်သွားသည်ကို မသိလိုက်ပေ။ ယွမ်အောင်း၏ အေးစက်သော လက်များက သူမ၏ ပါးကို ထိ၍ နားကြပ်များကို ဖယ်ရှားလာသည်။
ချန်းချန်းတစ်ယောက် ပျောက်ကွယ်သွားပြီ ဖြစ်၏။ ဓားများလည်း မရှိတော့ပေ။ ဤနေရာတွင် ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်မှု တစ်ခု တစ်ခါမျှ မဖြစ်ခဲ့ဖူးသကဲ့သို့ အရာအားလုံးက ပြန်လည် တည်ငြိမ်သွားလေသည်။
ယွမ်အောင်းက အဖြူရောင် ရှပ်အင်္ကျီ လဲဝတ်ထားပြီး အပေါ်ဆုံး ကြယ်သီးကိုပါ တပ်ထားသည်။ သွေးအစွန်းအထင်းများ တစ်စက်ကလေးမျှ မကျန်ဘဲ ယခင်ကကဲ့သို့ သန့်ရှင်းသပ်ရပ်နေ၏။
သူက ယွမ်လော့ရီ၏ လက်ကလေးကို ကိုင်ကာ သူမကို စူးစိုက်ကြည့်လိုက်သည်။ သူ၏ မည်းနက်သော မျက်လုံးများထဲတွင် ဝမ်းနည်းမှုများ ပြည့်နေဆဲ ဖြစ်သော်လည်း နောက်ဆုံး၌ အလင်းရောင် ရေးရေးလေး ရှိလာ၏။
ယွမ်အောင်းက ပြောလာသည်။
"ညီမလေး အသက်ရှင်နေသေးတယ်လို့ ကိုကို အရင်က စိတ်ကူးယဉ်ဖူးတယ်၊ ညီမလေး ပြန်လာဖို့ ကောင်းကင်ဘုံကိုတောင် ဆုတောင်းခဲ့ဖူးတယ်၊ အခုတော့ ကိုကို့ ဆန္ဒ ပြည့်သွားပြီ ကိုကို မင်းကို ဘယ်သူ့ဆီကမှ အထိခိုက်မခံတော့ဘူး၊ ညီမလေး ကိုကို့ဘေးမှာ အမြဲတမ်း နေပေးမလား"
ယွမ်လော့ရီက မည်သည်မျှ ပြန်မပြောလိုက်ပေ။
အချိန်ခရီးသွားလာခြင်းတွင် ကန့်သတ်ချက်များ ရှိ၏။ သူမ နောက်ဆုံးတွင် ထပ်မံ ပျောက်ကွယ်သွားလိမ့်မည်။ သူမ၏ အစ်ကိုအား ဤသို့ မြင်ရသောအခါ မည်သည်မျှ မတတ်နိုင်သည့်အပြင် သူမ ဝမ်းမနည်းဘဲ မနေနိုင်ပေ။
ယွမ်လော့ရီမှာ ယွမ်အောင်း၏ အသက်ကယ်ကြိုးသဖွယ်ပင်။ သို့သော် ဤအသက်ကယ်ကြိုးက သူ လက်လှမ်းမမှီနိုင်သည့် နေရာတွင် ရှိနေကြောင်း သူ့အား မည်သို့ ပြောရက်မည်နည်း။
ထို့ကြောင့် ယွမ်လော့ရီက ခေါင်းသာ ညိတ်လိုက်၏။
ယွမ်အောင်းက ပြုံးလိုက်ပြီး သူမကို ပွေ့ဖက်လာသည်။
အခန်းက အင်မတန် ရှုပ်ပွနေသောကြောင့် ယွမ်အောင်းတစ်ယောက် သန့်ရှင်းရေး စတင် လုပ်တော့၏။ ကြမ်းပြင်များကို တိုက်ချွတ်၍ အမွှေးနံ့ ဖြန်းလိုက်သောကြောင့် လေထုက ကြည်လင် သန့်ရှင်းလာခဲ့သည်။
ယွမ်လော့ရီက ဆိုဖာပေါ်တွင် ထိုင်ပြီး ယွမ်အောင်း ပြင်ပေးထားသည့် သရေစာများကို စားနေ၏။
ယခု ရေခဲသေတ္တာတွင် မုန့်များ အလျှံအပယ် ရှိနေရခြင်း၏ အကြောင်းအရင်းကို သူမ နားလည်လိုက်သည်။ ယွမ်အောင်းက သူမ ရုတ်တရက် ပေါ်လာပြီး အစာမရှိဘဲ ဗိုက်ဆာနေမည်ကို စိုးရိမ်သဖြင့် အရာအားလုံးကို ကြိုတင် ပြင်ဆင်ထားခြင်းပင်။
အခန်းကို သန်ရှင်းပြီးနောက် ယွမ်အောင်းက ယွမ်လော့ရီ၏ ဘေးတွင် ဝင်ထိုင်လိုက်၏။ ယွမ်လော့ရီ သူ့လက်မောင်းကို မှီလိုက်လေသည်။
"ကိုကို့ ခေါင်းက နာနေသေးလား"
ယွမ်အောင်းက ပြောလာ၏။
"နည်းနည်းပါပဲ"
ယွမ်လော့ရီက ပြောလိုက်သည်။
"ဆေးကို သေချာ သောက်နော်"
ထိုအခါ ယွမ်အောင်းက ဆေးပုလင်းကို ထုတ်၍ သူ၏ လက်ထဲသို့ ဆေးအနည်းငယ် ထည့်ကာ ရေနှင့်အတူ မျိုချလိုက်၏။
ယခင်က သူ ဆေးသောက်ရန် ငြင်းဆန်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယွမ်လော့ရီ သူ့အနားတွင် ရှိနေခြင်းမှာ ထင်ယောင်ထင်မှား ဖြစ်နေမှုကြောင့်ဟု ထင်ခဲ့၍ပင်။
ယခု သူမက အစစ်အမှန် ဖြစ်သည်ကို သိသွားပြီ ဖြစ်သောကြောင့် သူ့ညီမလေး မကြောက်စေရန် သူ့ကိုယ်သူ ထိန်းချုပ်ဖို့အတွက် ဆေးအနည်းငယ် သောက်လိုက်၏။
အချိန်မှာ တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်ဆုံးသွားလေသည်။
ယွမ်လော့ရီသည် အချိန် ရပ်တန့်သွားပါစေဟု ဆုတောင်းမိခဲ့၏။ သို့မှသာ သူမ၏ အစ်ကိုနှင့်အတူ အချိန်များ ပိုမို ကုန်ဆုံးနိုင်မည် ဖြစ်သည်။
[ဒင်၊ စနစ်သတိပေးချက်: အချိန်ခရီးသွားလာမှု မကြာမီ ပြီးဆုံးပါတော့မယ်၊ ကျေးဇူးပြုပြီး ပြင်ဆင်ပါ Host]
[၃]
[၂]
ယွမ်လော့ရီက ညင်သာစွာ သက်ပြင်းချပြီး ယွမ်အောင်းကို ပွေ့ဖက်လိုက်၏။
"ကိုကို ညီမလေး ပြန်လာခဲ့ပါ့မယ်"
[၁]
ယွမ်အောင်း၏ အံ့အားသင့်နေသော မျက်လုံးများ ရှေ့တွင် ယွမ်လော့ရီတစ်ယောက် ပျောက်ကွယ်သွားတော့သည်။
ယွမ်အိမ်တော်တွင် တောက်ပသော မနက်ခင်း နေရောင်ခြည်က အခန်းထဲသို့ ဖြာကျနေ၏။ ယွမ်လော့ရီက အိပ်ရာမှ တွားသွား၍ ထွက်လာပြီး အချိန်ကို ကြည့်လိုက်သည်။ မနက် ၇ နာရီ ဖြစ်၏။
အချိန်ခရီးသွားလာမှုက ထပ်ပြီး တစ်ညလုံး ကုန်သွားခဲ့ပြန်ပြီပင်။
ပင်ပန်းနေသည့် ယွမ်လော့ရီမှာ နူးညံ့သော အိပ်ယာပေါ်သို့ ပြန်လဲကျသွားပြီး အိပ်ချင်စိတ်နှင့် နိုးကြားနေမှုများ ရောထွေးနေသော ထူးဆန်းသည့် ခံစားချက်ကို ခံစားနေရသည်။
ယွမ်လော့ရီမှာ ယခင် ဖြစ်ရပ်များကို သတိရလိုက်ပြီး အရေးတယူ ဆောင်ရွက်ရန် ဆုံးဖြတ်လိုက်၏။ ဥပမာအားဖြင့် ထို ချန်းချန်းမှာ လူသတ်မှုတွင် ပါဝင်ခဲ့သူ ဖြစ်သည်။ သူမသာ သူ့ကို ယခု ဖမ်းဆီးနိုင်ခဲ့ပါက အနာဂတ်က ပြောင်းလဲသွားမည်ပင်။
ထိုအခါ ယွမ်လော့ရီ နောက်တစ်ကြိမ် အချိန်ခရီးသွားသောအခါ ၁၈ နှစ်အရွယ် ယွမ်လော့ရီလည်း မသေဘဲ သူမ၏ အစ်ကိုလည်း အပြစ်ရှိသည် ဟူသော ခံစားချက်ကြောင့် ရူးသွားမည် မဟုတ်ပေ။
ဒါပေမဲ့...သူမ ချန်းချန်းကို ဘယ်လို ဖမ်းနိုင်မလဲ။
ခဏတာ စဉ်းစားပြီးနောက် ယွမ်လော့ရီက သူမ၏ တတိယအစ်ကို ယွမ်ရုံကို သတိရသွား၏။ သူမ သူ့ကို အကူအညီ တောင်းနိုင်ပေသည်။
"ညီမလေး အဲဒီ ချန်းချန်းကို မကြိုက်ဘူး၊ သူ့ကို ဆိုက်ဘေးရီးယားကို အာလူးစိုက်ဖို့ ပို့လိုက်”
ယွမ်လော့ရီသာ ယွမ်ရုံအား ထိုသို့ ပြောလိုက်ပါက သူမ၏ စကားကို တန်ဖိုးထားသော ယွမ်ရုံမှာ တွန့်ဆုတ်ခြင်းမရှိ သေချာပေါက် သဘောတူလိမ့်မည်။ ယွမ်လော့ရီ၏ တောင်းဆိုချက်က မည်မျှပင် အကျိုးအကြောင်း မသင့်သည် ဖြစ်စေ၊ သူ လိုက်လျောပေးလိမ့်မည်ပင်။
သို့သော် စိတ်ပူစရာ ပြဿနာတစ်ခု ရှိနေ၏။
ယွမ်ရုံ၏ နေရပ် အတိအကျအား သေချာ မသိရခြင်းပင်။ သူ ဘယ်မှာ ရှိနေသည်ကို မည်သူမျှ မသိချေ။ သူက ယွမ်လော့ရီ၏ ဘေးတွင် ရုတ်တရက် ပေါ်လာတတ်ပြီး၊ ထို့နောက် ပြန်လည် ပျောက်ကွယ်သွားတတ်သည်။
ယွမ်လော့ရီတစ်ယောက် စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းရုံသာ တတ်နိုင်၏။
ယွမ်လော့ရီက သူမ၏ ဖုန်းကို ထုတ်ပြီး ဆိုရှယ်မီဒီယာ အကောင့်ကို ဖွင့်ကြည့်လိုက်သည်။
သူမ၏ ဖော်လိုဝါ အရေအတွက်မှာ များများစားစား တိုးမလာပေ။ သူမ ပွဲတစ်ခု တက်တိုင်း ထိုးတက်လာပြီးနောက် ထပ်မံ ရပ်သွားတတ်သည်။
အာ ဒီနေ့ခေတ် ခေတ်ရေစီးကြောင်းတွေက အရမ်း မြန်တာပဲ။ သူမ နောက်တစ်ကြိမ် အချိန်ခရီးသွားနိုင်ဖို့ ဖော်လိုဝါ ၃၀,၀၀၀ ထပ်လိုသေးတယ်။
ယွမ်လော့ရီ၏ အကောင့်တွင် ပို့စ်တစ်ခုသာ ရှိ၏။ သူမ၏ ပရိသတ်များက ဆာလောင်နေသော သတင်းထောက် ပေါက်စများအလား မှတ်ချက်များတွင် အဆက်မပြတ် အော်ဟစ်နေကြသည်။
"အား ကျေးဇူးပြုပြီး ပို့စ်တစ်ခုခု တင်ပါဦး”
"ယွမ်လော့ရီ ပျောက်နေတာ X ရက် ရှိနေပြီ၊ သူ့ကို လွမ်းလိုက်တာ”
"တခြား ပြိုင်ပွဲဝင်တွေတောင် သူတို့ကိုယ်သူတို့ ပရိုမိုးရှင်းဆင်းတဲ့ ဗီဒီယိုတွေ စလုပ်နေကြပြီ၊ သူက ဘာလို့ ဒီလောက် တိတ်ဆိတ်နေရတာတုန်း"
ယွမ်လော့ရီက တိတ်တဆိတ် တွေးလိုက်မိ၏။
ဘာလို့လဲဆိုတော့ ငါ ပရိသတ်တွေနဲ့ ဘယ်လို ဆက်ဆံရမှန်း မသိလို့လေ။
နေပါဦး…
သူမသာ အသစ် တစ်ခုခု တင်လိုက်ပြီး တခြား ပြိုင်ပွဲဝင်တွေလို သူမကိုယ်သူမ လူသိများအောင် လုပ်လိုက်ရင် ဖော်လိုဝါတွေ ပိုရလာမှာ မလား။
သူမ ထိုသို့ စဉ်းစားပြီးသည်နှင့် ချက်ချင်း ထလုပ်လိုက်သည်။ သူမ၏ ဖုန်းထဲရှိ ဓာတ်ပုံများထဲတွင် လှန်လှော၍ ရှာကြည့်လိုက်သောအခါ ကျောင်းအပ်စဉ်က ရိုက်ခဲ့သည့် ဓာတ်ပုံဟောင်း တစ်ခုကို တွေ့လိုက်ရ၏။ သူမ အပယ်မခံရစဉ်က အပြစ်ကင်းပြီး တက်ကြွနေဆဲဖြစ်သော ပုံပင်။
ပို့စ်အသစ်တစ်ခု တင်လိုက်သောအခါ သူမ၏ နှလုံးခုန်နှုန်းက မြန်ဆန်လာပြီး လက်များမှာ တုန်ယင်နေသည်။
"အားလုံးပဲ မင်္ဂလာပါ၊ ကျွန်မရဲ့ အကောင့်ကနေ ကြိုဆိုပါတယ်"
သူမ ထိုကျောင်းသားမှတ်ပုံတင် ဓာတ်ပုံဟောင်းကိုပါ တွဲပြီး တင်လိုက်၏။
သူမရဲ့ လွှမ်းမိုးမှု မကြာခင် အဆင့်တက်လာဖို့ မျှော်လင့်ရတာဘဲ။