ငါ့ရဲ့အမြုတေကို ထုတ်ပြလိုက်ရင် မင်းတို့ဘာဖြစ်သွားမယ်ထင်လဲ
Vol. 12 Ch. 152
ကျိယွမ်က စတင်လိုက်သည်နှင့် အလင်းနန်းတော်သခင်ကြီးကလည်း နှောင့်နှေးမနေပါ။
သူက အမူအရာတည်ငြိမ်စွာဖြင့် ရှေ့သို့ခြေတစ်လှမ်းတိုးပြီး အသံကျယ်ကျယ် အချက်ပေးလိုက်သည်။
"ကောင်းကင်ဘုံကိုးဆင့် အလင်းရောင်ဖွဲ့စည်းခြင်း"
သူ၏အော်ဟစ်သံနှင့်အတူ ကောင်းကင်ဘုံကိုးထပ်ထက်မှ အလင်းရောင်များ ကျဆင်းလာ၏။
အလင်းနန်းတော်သခင်ကြီးသည် ထိုအလင်းရောင်များဖြင့် ဖုံးလွှမ်းနေပြီး နှိုင်းယှဥ်မရအောင် မြင့်မြတ်သောအရှိန်အဝါကိုထုတ်ဖော်လျှက်ရှိသည်။
ဒုတိယနှင့်တတိယနန်းတော်သခင်တို့က နန်းတော်သခင်ကြီးအား ကြည်ညိုလေးစားမှုများပြည့်နှက်နေသော မျက်လုံးများနှင့်ကြည့်ကာ သူတို့သည်လည်း ကောင်းကင်ယံသို့ပျံသန်းသွားကြလေ၏။
သူတို့နှစ်ဦးကလည်း ပြိုင်တူအော်ဟစ်လိုက်ကြသည်။
"မဟာတောက်ပခြင်းဓားကို ဆင့်ခေါ်"
အောက်ဘက်တွင်ရှိနေသော ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူ (၅၀) ကျော်တို့၏ မျက်နှာများသည် ခက်ထန်သွားကြပြီး တစ်ညီတစ်ညွတ်တည်း အော်ဟစ်လိုက်ကြသည်၏။
"မဟာတောက်ပခြင်းဓားကိုဆင့်ခေါ်"
ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူ (၅၀) ကျော်တို့၏ ပုံသဏ္ဌာန်များသည် ဖန်သားပြင်လို ထွင်းဖောက်ကြည်လင်လာကြသည်။ ထို့နောက် ၎င်းတို့၏ ခန္ဓာကိုယ်များမှ အလင်းတန်းများစွာ ထွက်ပေါ်လာပြီး နန်းတော်မြေပြင်တစ်ခုလုံး လွှမ်းခြုံသွားသည်။
သူတို့၏အင်္ကျီလက်များမှာ အဖြူရောင်အလင်းများဖြင့် လွင့်ပျံနေပြီး တစ်ဦးချင်းစီမှာ သူတော်စင်တစ်ပါးပမာ တင့်တယ်ထင်ရှားနေကြလေသည်။
စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူတစ်ထောင်ကျော်ကလည်း မီးစုန်းကြူးများကဲ့သို့ ကောင်းကင်သို့ ပျံတက်သွားကြပြီး ၎င်းတို့၏ ကိုယ်ပိုင်အလင်းရောင်များကို ထုတ်လွှတ်လိုက်ကြပြန်၏။
"မဟာတောက်ပခြင်းဓား၊ မြင့်မြတ်သောအလင်းကို စောင့်ရှောက်လော့"
"မချိုးဖျက်နိုင်သော ဒိုင်းလွှား၊ နတ်ဆိုးအားလုံးကို တွန်းလှန်လော့"
ကျင့်ကြံသူတစ်ထောင်ကျော်က တညီတညွှတ်တည်း အော်ဟစ်လိုက်သည်နှင့် အလင်းနန်းတော်၏ကောင်းကင်ယံအပေါ်တွင် ဓားအလင်းရောင် ထောင်ပေါင်းများစွာ ဝဲပျံလာပြီး ဓားအမြောက်အမြားကို ဆုပ်ကာပစ်လွှတ်လိုက်သည်နှယ် ဖြစ်နေ၏။
အလင်းရောင်၊ မြင့်မြတ်မှု၊ ပေးဆပ်မှုနှင့် သစ္စာစောင့်သိမှုတို့၏စွမ်းအင်များသည် လေထုထဲတွင် ပြည့်နှက်နေသည်။
ကျင့်ကြံသူတိုင်း၏မျက်နှာသည် ခက်ထန်နေပြီးသေခြင်းတရားကို မကြောက်မရွံ့ဘဲ လောကအလင်းရောင်အတွက် တိုက်ခိုက်နေကြသည်နှယ်ရှိ၏။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျိယွမ်၏ မျက်နှာပေါ်မှမထိီမဲ့မြင်အပြုံးက ရပ်တန့်သွားသည်။
သူသည် အလင်းနန်းတော်ကောင်းကင်ယံမှ ကြည်လင်မြင့်မြတ်နေသော အလင်းတန်းများကို တစ်ချက်ကြည့်ပြီးနောက် သူ၏ခေါင်းပေါ်မှ သိပ်သည်းထူထဲလှသော သွေးစွမ်းအင်များကို ပြန်မော့ကာ ဝေ့ကြည့်လိုက်၏။
အဘယ်ကြောင့် သူသည် ဤနေရာတွင် လူဆိုးတစ်ဦးကဲ့သို့ ခံစားနေရလေသနည်း။
ဒီကောင်တွေက ငါ့ကိုလူယုတ်မာဇာတ်သွင်းနေတာပဲ။
ကျိယွမ်က လက်မခံဘဲကျယ်လောင်စွာအော်ဟစ်လိုက်သည်။
"ငါကသာ အလင်းကိုကိုယ်စားပြုတဲ့သူပဲ ။ ငါ့ရဲ့အလင်းကို ခိုးတယ်ပေါ့၊ အရှက်မရှိတဲ့ သူခိုးတွေ"
"ငါသွေးဝတ်စုံဓားနတ်ဘုရားက တရားမျှတမှုကို ကိုယ်စားပြုတယ်၊ လောကအလင်းရောင်ကို ကိုယ်စားပြုပြီး မင်းတို့ကို သုတ်သင်ပစ်မယ်"
"တာက်ပသောဓားက ငါ့အပိုင်ပဲ"
ကျိယွမ်၏ အော်ဟစ်သံနှင့်အတူ သူ၏သွေးရောင်ဝတ်စုံသည် လေထဲတွင် လှုပ်ခတ်နေ၏။
ကောင်းကင်ထက်တွင် အဆုံးမဲ့သောသွေးမြူများက ပင်လယ်ပြင်ကြီးအလား ကြီးမားကျယ်ပြန့်လာပြီး ဆူပွတ်လာလှိုင်းတံပိုးထန်လာသည်။
ပြင်းထန်သော သတ်ဖြတ်လိုစိတ်သည် ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံထားသဖြင့် သွေးနီရောင်ကောင်းကင်ကို တစ်ချက်မျှ ကြည့်မိရုံဖြင့်ပင် မြင်လိုက်ရသူတိုင်း၏ နှလုံးသားကို ကြောက်ရွံ့ထိတ်လန့်စေသည်။
ထိုအချိန်မှာပင် သူ၏ကျောဘက်မှသွေးရောင်ဓားသည် ဓားအိမ်ထဲမှ အလိုအလျှောက်ထွက်လာခဲ့သည်။
သွေးရောင်ဖိတ်ဖိတ်လက်နေသော ဓားသည်နတ်ဆိုးအော်ရာများကို ထုတ်လွှတ်နေပြီး ကြောက်လန့်နေသူများကို ထပ်မံခြောက်ခြား
ကာ သွေးပျက်စေ၏။
ကျိယွမ်၏ အေးစက်သောအကြည့်က အလင်းနန်းတော်ပေါ်သို့ကျရောက်သွားပြီး ပြတ်သားစွာရေရွတ်လိုက်သည်။
"ဟင်းလင်ပြင် နှလုံးသားနတ်ဆိုးဧကရာဇ် နိုးထခြင်း"
သွေးရောင်ဓားသည် အနီရောင်ကောင်းကင်ဆီသို့ တရှိန်ထိုးပျံသန်းသွားပြီးနောက် မောင်းတင်ထားသော အမြှောက်တစ်ခုအလား မြေပြင်ဆီသို့ ဦးတည်ကာ ရပ်တန့်နေ၏။
တစ်ချိန်တည်းမှာပင် အဆုံးမဲ့သွေးပင်လယ်အတွင်းမှ ၄င်းနှင့်ပုံစံတူသော သွေးနီရောင်ဓားတစ်ထောင်ကျော်သည် ဆင့်ခေါ်ခံလိုက်ရသော နတ်ဆိုးများပမာ တဖြည်းဖြည်းပေါ်ထွက်လာကြသည်။
မာန၊ ဒေါသ၊ လောဘ၊ ကာမရာဂ စသောဆန္ဒဆိုးများက ကောင်းကင်ယံမှ လေပြင်းများအလား တိုက်ခတ်လာပြီး သွေးပင်လယ်ထဲမှ နတ်ဆိုးမျက်နှာကြီးများသည် မြေပြင်ပေါ်သို့ခုန်ဆင်းချင်နေသည့်အလား ဒေါသဖြင့် လိမ်ကောက်နေကြသည်။
သွေးနီရောင်ဓား တစ်ထောင်ကျော်မှ ဆိုးယုတ်သောအော်ရာများက တောက်လောင်နေသော မီးလျှံများအလား ထွက်ပေါ်လာ၏။
"ဒါကမှ တောက်ပသောဓားလို့ ခေါ်တာ"
ပြောသာပြောရသည် ကျိယွမ်မှာ ကောင်းကင်ယံမှ သွေးဓားများကိုကြည့်ကာ အနည်းငယ်တော့ လိပ်ပြာမလုံသလိုခံစားရ၏။
သူသည် ဓားတစ်ချောင်းတည်းသာ ဆင့်ခေါ်ခဲ့မည်ဆိုလျှင် တောက်ပပြီးမြင့်မြတ်သောအလင်းဓားအဖြစ် ဖုံးကွယ်ဟန်ဆောင်နိုင်သေးသည်။
သို့သော် ယခုအချိန်၌ တစ်ထောင်ကျော်ကို ဖန်တီးလိုက်သဖြင့် ဟန်ဆောင်ရန် အလွန်ခက်ခဲသွားခဲ့သည်။
ကျိယွမ်က မထူးဇာတ်သာခင်းလိုက်သည်။
လူဆိုးက လူကောင်းမလုပ်ရဘူးလို့ ဘယ်သူပြောလဲ။ငါကကောင်းရင် လူကောင်းပဲ ။
"တရားမျှတမှုက မကောင်းမှုကို အောင်နိုင်ရမယ်ကွ"
ကျိယွမ်က ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။
အလင်းနန်းတော်၏ ကျင့်ကြံသူများကလည်း အလျှော့မပေးဘဲ ကြွေးကြော်လိုက်၏။
"တောက်ပသောဓား မကောင်းမှုအားလုံးကိူ အောင်နိူင်ရမယ်"
အော်သံနှစ်ခုဆုံးသည်နှင့် ဆိုးယုတ်သောသွေးနီရောင်ဓားများနှင့် မြင့်မြတ်သောအလင်းရောင်ဓားများသည် ပြင်းထန်စွာထိပ်တိုက်မိသွားကုန်ကြ၏။
ပြင်းထန်သောစွမ်းအင်လှိုင်းများပေါက်ကွဲကာ ကောင်းကင်ကြီးသည် တစ်ဝက်စီ ကွဲထွက်သွားသည်။
တစ်ခြမ်းသည် ဆူပွက်နေသော သွေးများဖြင့် စက်ဆုပ်ဖွယ်ပြည့်နှက်နေပြီး ကျန်တစ်ခြမ်းမှာ ကြည်လင်တောက်ပသော အလင်းတန်းများဖြင့် မြင့်မြတ်သန့်စင်နေသည်။
သွေးနှင့်အလင်းတို့သည် ပြင်းထန်စွာထိပ်တိုက်တွေ့ဆုံသွားတော့သည်။
ကောင်ကင်ကြီးတစ်ခုလုံး ပြိုကျတော့မည်အလားမြည်ဟီးသွားကာ ကမ္ဘာပေါ်တွင် အသန့်ရှင်းဆုံးဖြစ်သော မြင့်မြတ်သောအလင်းရောင်သည် သွေးများဆိုးလိုက်သလို ချက်ချင်းစွန်းထင်းသွားခဲ့သည်။
နန်းတော်သခင်ကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ အဖြူရောင်အလင်းသည်လည်း တုန်ခါသွားပြီး ပြိုကွဲလုနီးပါး ယိမ်းယိုင်၏။
စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူ တစ်ထောင်ကျော်နှင့် ခရမ်းရောင်နန်းတော်အဆင့် (၅၀) ကျော်တို့သည် မျက်နှာများဖြူဖျော့သွားကြသည်။
စိတ်ဝိညာဥ်အဆင့်ဒါဇင်ပေါင်းများစွာ ဖန်တီးထားသော တောက်ပသောအလင်းဓားများသည် သွေးဓားများအဖြစ် လုံးဝပြောင်းလဲသွားသည်ကို အားလုံး မြင်လိုက်လေ၏။
ကျိယွမ်၏ မျက်နှာသည်လည်း ဖြူဖျော့သွားသည်။ သူသည် မူလနတ်စွမ်းအင် ဒါဇင်ပေါင်းများစွာကို တပြိုင်နက်တည်း ပြင်းထန်စွာခုခံခဲ့ရသည် မဟုတ်ပါလား။
"သေခြင်းတရား၏အလင်းရောင်"
ကျိယွမ်သည် အကြီးစားစွမ်းရည်တစ်ခုကို အလျင်အမြန် အသုံးပြုကာ သူ့ကိုယ်သူ ပုံမှန်အတိုင်း ပြန်လည်ဖြစ်စေလိုက်သည်။
"မဆိုးပါဘူး၊ မင်းတို့မှာ အစွမ်းအစလေးတော့ ရှိသေးတာပဲ။ မင်းတို့ရဲ့ အတုအယောင် တောက်ပသောဓားက ငါ့ရဲ့ အစစ်အမှန်ဓားနဲ့ တကယ်ကို ယှဥ်ပြိုင်နိုင်တာပဲ။ဒီပုံဆိုရင် မင်းတို့ကို သတ်ဖို့ တစ်နေ့နဲ့ တစ်ညလုံး အချိန်ယူရမယ် ထင်တယ်"
ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ဆုံမှုအပြီးတွင် နှစ်ဖက်စလုံး အထိနာခဲ့ကြသည်ကိုတော့ မငြင်းနိုင်ပေ။
အလင်းနန်းတော်သည် စိတ်ဝိညာဥ်အဆင့် ကျင့်ကြံသူ တစ်ဒါဇင်ကျော် ဆုံးရှုံးသွားသည်။
ကျိယွမ်သည်လည်း စွမ်းအင်အချို့ ကုန်ဆုံးသွားသော်လည်း သေခြင်းတရား၏အလင်းရောင်ဖြင့် ချက်ချင်း ပြန်လည်ဖြည့်တင်းလိုက်ရ၏။
ကျိယွမ်၏ စကားများကို ကြားလိုက်ရသောအခါ အလင်းနန်းတော်မှ ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူအားလုံး သိသိသာသာ တုန်လှုပ်သွားကြသည်။
သူတို့၏စုပေါင်းတိုက်ခိုက်မှုသည် သွေးဝတ်စုံဓားနတ်ဘုရားကို မသတ်နိုင်ခဲ့လျှင်ပင် ပြင်းထန်စွာဒဏ်ရာရစေလိမ့်မည်ဟု သူတို့ယုံကြည်ခဲ့ကြသည်။
သို့သော် ယခုအခါ သွေးဝတ်စုံဓားနတ်ဘုရားသည် အနည်းငယ်မျှပင် မပွန်းပဲ့ခဲ့သည့်နှယ် ပုံမှန်အတိုင်းသာရှိနေ၏။
သူတို့မတုန်လှုပ်ဘဲ မည်သို့နေနိုင်မည်နည်း။
"ထပ်ချကြတာပေါ့"
ကျိယွမ်သည် ပြိုင်းဘက်ကောင်းကိုတွေ့လိုက်ရသော တိုက်ခိုက်ရေးသမားတစ်ဦးလို အားမာန်များတက်ကြွလာပြီး နောက်တစ်ကြိမ်တိုက်ခိုက်လိုက်သည်။
တစ်ချိန်က သူသည် သူ့ထက်အဆင့်မြင့် သော မူလစွမ်းအားပိုင်ရှင်အဘိုးကြီးများကို မကြောက်မရွံ့စိန်ခေါ်ကာ သေခြင်းနှင့်လက်တစ်ကမ်းရောက်သည်အထိ နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ဖူး၏။ ထိုအချိန်ကဆိုလျှင် သူ၌ မူလစွမ်းအားပင်မရှိသေးပါ။
ယခုအကြိမ်မှာလည်း ပြိုင်ဘက်ကသိပ်မကွာခြားပေ။သို့သော် သူက ထိုအချိန်ကလို ဓားတစ်ချောင်းတည်းသာရှိသော ကျိယွမ်မဟုတ်တော့ပါ။
ထို့ကြောင့် ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူအချို့ကို သတ်ခြင်းသည် အဘယ့်ကြောင့် ခက်ခဲလိမ့်မည်နည်း။
ဒုတိယအကြိမ်တွင် သူသည် သွေးနီရောင်တောက်ပသောဓား သုံးထောင်ကို သွေးပင်လယ်မှ ဆင့်ခေါ်လိုက်သည်။
အရေအတွက်ကလည်း အရည်အချင်းတစ်မျိုးပဲဆိုတာ ငါ့ထက်ဘယ်သူက သိဦးမလဲ။
"အလင်းနန်းတော်ကို ကာကွယ်ရန် ကျိန်ဆိုပါတယ်"
များပြားသောဓားများကို မြင်သောအခါ စိတ်ဝိညာဥ်အဆင့်များနှင့် ခရမ်းရောင်နန်းတော်အဆင့်များသည် ပို၍ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ကြပြီး ၎င်းတို့၏ ခန္ဓာကိုယ်များသည် ပြင်းထန်သောအလင်းဖြင့် တောက်ပလာပြန်၏။
"ဒုန်း"
အင်အားကြီးနှစ်ခုက ကောင်းကင်ယံ၌ တိုက်ခိုက်မှု ထပ်မံဖြစ်ပွားသွားပြန်သည်။
ဤတစ်ကြိမ်တွင် ကျိယွမ်သည် ဖိနှိပ်နိုင်သောစွမ်းအားနှင့် သေခြင်းတရား၏အလင်းကို သူ၏မူလနတ်စွမ်းအင်ထဲသို့ ချက်ချင်းပေါင်းစပ်ပစ်လိုက်သည်။
ကောင်းကင်ယံ၌ မြင့်မြတ်သောအလင်းနှင့် နီရဲသောသွေးတို့သည် သူထက်ငါ ဝါးမျိုရန်ကြိုးစားနေသည်လား ယှက်နွယ်သွားကြ၏။
မြင့်မြတ်သောအလင်းရောင်သည် မျက်စိကျိန်းမတတ် စူးရှနေသော်လည်း တစ်ခါတရံ၌ အနီရောင်များစွန်းထင်းသလို အားနည်းသွားတတ်သည်။
ကောင်းကင်ကြီးတစ်ခုလုံးက နီတစ်ခါ လင်းတလှည့်ဖြင့် ကြောက်မက်ဖွယ် ကောင်းနေသည်။
ကျိယွမ်က အားပါးတရ ရယ်မောလိုက်သည်။
"ဟားဟား၊ ဆက်ချကြတာပေါ့ ၊ မင်းတို့ရဲ့ အတုအယောင်အလင်းဟာ နောက်ဆုံးမှာ ငါ့ရဲ့ ဝါးမျိုးခြင်းကို ခံရလိမ့်မယ်"
အဝေးမှနေ၍ နောက်ဆုံးတိုက်ပွဲကို ကြည့်ရှုနေသော ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူအားလုံး အကြီးအကျယ် ထိတ်လန့်သွားကြသည်။
"သွေးဝတ်စုံဓားနတ်ဘုရားက... မယုံနိုင်လောက်အောင် ကြောက်စရာကောင်းလွန်းတယ်။ ဝူထျန်းအကြီးအကဲတောင် သူ့ကို ယှဥ်နိုင်မှာ မဟုတ်ဘူး"
"သူ့ကို နောက်ထပ်နှစ်တစ်ထောင်လောက် အချိန်ပေးလိုက်ရင် သူဟာ တကယ်ပဲ ယင် နတ်ဘုရားဖြစ်လာနိုင်မှာ"
"ဒီနတ်ဆိုးက ဘယ်ကလာတာလဲ။ သူသာ အလင်းနန်းတော်ကို တကယ်အနိုင်ယူလိုက်မယ်ဆိုရင် ကွေးယွန်တိုက်ကြီးရဲ့ အနာဂတ် ဘယ်လို ဖြစ်သွားမယ်ထင်လဲ။"
မူလနတ်စွမ်းအင်များသည် ကျင့်ကြံသူတစ်ဦး၏ စစ်မှန်သောတာအိုလမ်းစဥ်နှင့် သူတိူ့၏ အလားအလာကို ဖော်ပြသည်။
သွေးဝတ်စုံ ဓားနတ်ဘုရား၏ မူလစွမ်းအင်သည် သွေးများနှင့်စိမ်ထားပြီး ဆိုးယုတ်သောစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေ၏။
သူ့ကို ကြည့်လိုက်သူတိုင်း သူသည်တားဆီးမရသော နတ်ဆိုးတစ်ပါး ဖြစ်သည်ကို အလိုလို သိနိုင်လေသည်။
"သူက ဒီကမ္ဘာက ကျင့်ကြံသူ မဟုတ်ဘူးလား"
ကောင်းကင်အထက်မှ ဆိုးယုတ်သော သွေးပင်လယ်ကြီးကို ကြည့်နေသော ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူတစ်ဦးက ထိန့်လန့်စွာ မေးလိုက်သည်။
တိုက်ပွဲကို အနီးကပ်ကြည့်ရှုနေသူများသည် ကျိယွမ်၏ မူလနတ်စွမ်းအင်သည် ၎င်းတို့နှင့်မတူညီဟု အလိုလိုခံစားနေပြီး သံသယဝင်လာကုန်၏။
"အခြားဘုံက နတ်ဆိုးတစ်ပါးလား၊ အလင်းနန်းတော်ကတော့ လူရွေးမှားသွားပြီထင်တယ်"
"ဒီလို ကြီးမားတဲ့ ကြောက်စရာသွေးစွမ်းအင်ပင်လယ်မျိုးကို ပိုင်ဆိုင်ဖို့ဆိုရင် သူဟာ သန်းပေါင်းများစွာရှိတဲ့ သတ္တဝါတွေကို သတ်ဖြတ်ခဲ့တာပဲဖြစ်မယ်"
ထိုအချိန်တွင် ဟင်းလင်းပြင်တွင်လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာပြီး ရွှေရောင်ဝတ်စုံဝတ်ထားသော အမျိုးသားတစ်ဦးပေါ်လာ၏။
သူက ကျိယွမ်ကိုတလှည့် ကောင်းကင်ယံမှ ပြင်းထန်သော တိုက်ပွဲကြီးကိုတလှည့်ကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်သည် ။
"ဒီလို ကြီးမားတဲ့ သွေးစွမ်းအင်မျိုးနဲ့ဆိုရင် သူဟာ သေချာပေါက် ခွန်အားကြီးမားတဲ့ နတ်ဆိုးပဲ။ "
"သူ့ကို ကယ်တင်ပြီး ငါတို့ရဲ့တာအိုဗေဒနန်းတော်ထဲကိုခေါ်ယူဖို့ လမ်းမှာငါတွေးခဲ့ပေမယ့်... အခုပြန်စဉ်းစားသင့်တယ် ထင်တယ်။"
သူ၏စကားကို ကြားလိုက်ရသောအခါ အနီးနားရှိ ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူအားလုံး ထိတ်လန့်သွားကြပြန်သည်။
"တာအိုဗေဒနန်းတော်လား"
တာအိုဗေဒနန်းတော်သည် ကန်းလန်ဘုံကြီးတွင်ရှိသော လျှို့ဝှက်ဆန်းကြယ်လှသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။
အဖွဲ့အစည်းကို ယင်နတ်ဘုရားတစ်ပါးက တည်ထောင်ခဲ့ပြီး အဖွဲ့ဝင်အဖြစ် ဝင်ရောက်ရန် အနိမ့်ဆုံးလိုအပ်ချက်မှာ ခရမ်းရောင်နန်းတော်အထွတ်အထိပ်အဆင့်ဖြစ်ရန်လိုအပ်၏။
ထိုခရမ်းရောင်နန်းတော်အထွတ်အထိပ်ကျင့်ကြံသူများ စုပေါင်းပြီး ယင်နတ်ဘုရား ဖြစ်လာရန် တာအိုလမ်းစဥ်ကို ဝိုင်းဝန်းရှာဖွေကြသော နေရာတစ်ခုပင်။
ထိုနေရာသည် သာမန်ခရမ်းရောင်နန်းတော်အဆင့်များအတွက် မော့၍ပင်မကြည့်နိုင်သော အဆင့်ဖြစ်လေ၏။
ယခုအချိန်မှတော့ တာအိုဗေဒနန်းတော်မှ လူများပင် သွေးဝတ်စုံဓားနတ်ဘုရားကို ခေါ်ယူရန်အာရုံစိုက်နေကြသည်။
မည်သူက မအံ့သြဘဲနေနိုင်မည်နည်း။
"အကြီးအကဲ ဒီတိုက်ပွဲကို ဘယ်သူ နိုင်မယ်လို့ ထင်ပါသလဲ"
ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူတစ်ဦးက မနေနိင်စွာဖြင့် တာအိုဗေဒနန်းတော်မှ ရွှေရောင်ဝတ်စုံနှင့်လူအားမေးလိုက်မိလေ၏။
ရွှေရောင်ဝတ်စုံဝတ် အမျိုးသားသည် အားလုံး၏ရှေ့ရှိ ပြင်းထန်သောတိုက်ပွဲကို လေးနက်စွာ ကြည့်လိုက်သည်။
"သွေးဝတ်စုံ ဓားနတ်ဘုရားရဲ့ မူလနတ်စွမ်းအင်က ထူးခြားတယ်၊၊ပြီးတော့ သူက လျှို့ဝှက်နည်းစနစ်တွေကိုလည်း ကျင့်ကြံထားတဲ့အတွက် ဝူထျန်းအကြီးအကဲထက်တောင် အင်အားပိုကြီးမားနေပြီ။အလင်းနန်းတော်ကသာ သူတို့၏ နည်းဗျူဟာကို မပြောင်းလဲဘူးဆိုရင် သွေးဝတ်စုံဓားနတ်ဘုရားက နောက်ဆုံးမှာအနိုင်ရမှာ သေချာတယ်"
အားလုံးက သဘောတူသလိုလို ခေါင်းညိတ်၏။
"ဒါပေမဲ့..."
ရွှေရောင်ဝတ်စုံအမျိုးသား၏ လေယူလေသိမ်းက ပြောင်းလဲသွားသည်။
"အလင်းနန်းတော်ကလည်း ဒီအတိုင်းထိုင်ပြီး အသေခံမှာမဟုတ်တော့ ၊အစွမ်းထက် ယင်နတ်ဘုရားရတနာကို ဒီနေ့အားလုံးမြင်ရလိမ့်မယ်၊ ယင် နတ်ဘုရားရတနာပေါ်လာတာနဲ့
နေနှင့်လကိုတောင် လွှမ်းမိုးသွားနိုင်ပြီး သွေးဝတ်စုံဓားနတ်ဘုရား မလွဲမသွေ ကျဆုံးသွားလိမ့်မယ်"
"ဒီတိုက်ပွဲက အဖြေကြိုသိပြီးသား တစ်ခုပါပဲ"
ဤသို့ပြောပြီးနောက် ရွှေရောင်ဝတ်စုံအမျိုးသား၏ပုံသဏ္ဌာန်သည် ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။
အားလုံး၏အကြည့်က တိုက်ပွဲအပေါ် ပြန်လည်ရောက်ရှိသွား၏။
ယခုအခါ အလင်းနန်းတော်နှင့် ကျိယွမ်တို့၏ တိုက်ပွဲသည် အကြိမ်ပေါင်းဆယ်ခါကိုပင် ကျော်လာခဲ့လေပြီ။
တိုက်ပွဲတိုင်းတွင် ကျိယွမ်သည် အနည်းငယ် အသာစီးရနေသည်ဟုဆိုနိုင်လိမ့်မည်။
အလင်းဓားနှင့်သွေးဓားများ ထိပ်တိုက်တွေ့ဆုံမှုတိုင်းတွင် အလင်းနန်းတော်မှစိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူ တစ်ရာကျော်တို့သည် ဆိုးယုတ်သောဆန္ဒများ၏ဝါးမျိုခံရပြီး ၎င်းတို့၏နှလုံးသားများမှာ နှလုံးသားနတ်ဆိုးများကြောင့် ရူးသွပ်သွားကြသည်။
ထို့ကြောင့် ၎င်းတို့၏ အလင်းဓားများသည် သွေးဓားများအဖြစ်သို့ ချက်ချင်းပြောင်းလဲလေသည်။
လျော့နည်းသွားသော စိတ်ဝိညာဥ်အဆင့်များ၏နေရာကို ခရမ်းရောင်နန်းတော်အဆင့်များက သူတို့၏မူလစွမ်းအင်များဖြင့် အားဖြည့်ပေးနေရသည်။
အချိန်ကြာလာသည်နှင့်အမျှ ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူမှာ မနိုင်ဝန်ထမ်းလာရပြီး အတော်များများ ထိခိုက်လာကြကုန်သည်။
"ဆက်ချကြတာပေါ့..."
"ရော့ ... လာပြီကွ"
ကျိယွမ်၏ မူလနတ်စွမ်းအင်သည် သုံးမကုန်အောင် အဆုံးမဲ့ ဖြစ်နေပုံရှိ၏။
သူ၏ ဝိညာဥ်ဓားပေါ်တွင် ထုဆစ်ထားသော မူလနတ်စွမ်းအင်သည် နတ်ဆိုးတစ်သောင်း
နယ်မြေမှ နှလုံးသားနတ်ဆိုးများအပြင် လျူဖုန်းနယ်မြေမှ နှလုံးသားနတ်ဆိုးများအားလုံးကိုပါ စုပ်ယူထားသည် မဟုတ်ပါလား။
ဤမျှလောက်က သမုဒ္ဒရာထက်မှ ရေစက်လောက်သာရှိသည်။သူက ယခုတိုက်ပွဲက်ု နှစ်ပေါက်အောင် ထိုင်တိုက်နေလျှင်ပင် ကုန်ခမ်းစရာမရှိပေ။
ထိုအချိန်တွင် တိုက်ပွဲကိုဦးဆောင်နေသည့် နန်းတော်သခင်ကြီး၏ ခန်ထန်နေသော မျက်နှာသည် ကျိယွမ်ကို ကြည့်ရင်းမှ စိုးရိမ်ပူပန်မှုများ ပြည့်နှက်လာခဲ့သည် ။
သူက ကျိယွမ်အားကြည့်ကာ မှတ်ချက်ချ၏။
"မင်းက ငါ့ရဲ့ မျှော်လင့်ချက်ကို တကယ်ပဲ ကျော်လွန်သွားတယ်။ ဝူထျန်းအကြီးအကဲ တောင် မင်းကို ယှဥ်နိုင်မှာမဟုတ်ဘူး။"
ကျိယွမ်သည် သွေးနီရောင်ကောင်းကင်ယံကို နောက်ခံထားကာ ကောင်းကင်တစ်နေရာတွင် ခန့်ညားစွာရပ်နေပြီး သူ၏ သွေးရောင်ဝတ်စုံသည် ပိုမိုတောက်ပလာသည်ဟုပင် ထင်ရ၏။
"စကားများနေတာ ဘာအကျိုးရှိမှာလဲ ၊ ဒီနေ့ အလင်းနန်းတော် ပျက်စီးရမယ်"
ကျိယွမ်သည် အလွန်စိတ်အေးလက်အေး ရှိနေသည်။
ရိုးရိုးသားသား ပြောရလျှင် အလင်းနန်းတော်နှင့် တိုက်ပွဲသည် သူ့အတွက်ခက်ခဲသော အခြေအနေနှင့် တော်တော်လေးဝေးကွာနေသည်။သူသည် ၄င်းတို့ကို တဖြည်းဖြည်း အားနည်းသွားစေရန် အချိန်အနည်းငယ်သာ ယူရမည် ဖြစ်သည်။
"အစ်ကိုကြီး၊ ဘာလို့ အချိန်ဖြုန်းနေတာလဲ၊ ယင်နတ်ဘုရားရတနာကိုထုတ်ပြီး ဒီနတ်ဆိုးကို တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်ပါတော့"
တတိယနန်းတော်သခင် ဇီလန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
သူမသည် စိတ်ပျက်စရာကောင်းသော ဤတိုက်ပွဲကို ဆက်လက်အလိုမရှိတော့ပေ။
သူတို့ နောက်ထပ်နှောင့်နှေးနေပါက သွေးဝတ်စုံဓားနတ်ဘုရား၏ ဆိုးယုတ်သော စွမ်းအားက အလင်းနန်းတော်မှအရာရှိများနှင့် အကြီးအကဲများကို ညစ်ညမ်းစေရန် အခွင့်ပေးလိုက်သလို ဖြစ်သွားပြီး
အလင်းနန်းတော်သည် ကြီးမားသော ဆုံးရှုံးမှုများကို ခံစားရလိမ့်မည်။
များသောအားဖြင့် တိတ်ဆိတ်နေတတ်သော ဒုတိယ နန်းတော်သခင်ပင်လျှင် မနေနိုင်စွာ သတိပေးလာခဲ့သည်။
"အစ်ကိုကြီး၊ ယင် နတ်ဘုရားရတနာကို အသုံးပြုဖို့ အချိန်တန်ပြီ"
ယင်နတ်ဘုရားရတနာကို ပေါ့ပေါ့တန်တန် အသုံးမပြုသင့်ကြောင်း သူတို့ သိကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုရတနာသည် ပျက်စီးနေပြီး ယခုလိုအသုံးပြုပါက ပို၍ထိခိုက်သွားကာ ပြင်ဆင်ရန်လိုအပ်သော အချိန်ကို ပိုမို ကြာမြင့်စေမည် ဖြစ်သည်။
သို့သော် ကြီးမားသော ဘေးအန္တရာယ်ဆိုက်ရောက်နေပြီမို့ ရွေးချယ်စရာလည်း မရှိတော့ပါ။
သွေးဝတ်စုံဓားနတ်ဘုရား၏ အစွမ်းသည် အားလုံး၏မျှော်လင့်ချက်ကို ကျော်လွန်နေသောကြောင့် လျှို့ဝှက်လက်နက်ကို အသုံးပြုရန် မဖြစ်မနေ လိုအပ်လာခဲ့ပြီမဟုတ်ပါလား။
နန်းတော်သခင်ကြီးသည် ကျိယွမ်ကို ကြည့်လိုက်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။
"မိတ်ဆွေ၊ ငါတို့ကို ဘာကြောင့် ဒီလောက် အတင်းအကျပ် တွန်းအားပေးနေရတာလဲ၊
ငါတို့လို ကြီးကျယ်တဲ့ကျင့်ကြံသူတွေဟာ ခက်ခဲပင်ပန်းမှုများစွာနဲ့ ဒီနေ့အဆင့်ကျင့်ကြံခြင်းကို ရရှိခဲ့သူတွေချည်းပဲ၊
သာမန်လူတွေက သေသွားရင် အစားထို့ဖို့ လွယ်တယ်၊ နှစ်ရာဂဏန်းအနည်းငယ် ဒါမှမဟုတ် နှစ်တစ်ထောင်လောက် အချိန်ပေးလိုက်ရင် ကျိုင်းကောင်တွေလို အများကြီး ပြန်ပေါ်လာကြမှာပဲ ။သူတို့က ပေါများလွန်းလို့ အဆုံးမရှိသလို မကုန်ခန်းနိုင်ဘူးလို့တောင် ပြောလို့ရတယ်"
"ဒါပေမဲ့ ငါတို့လိုအဆင့် တစ်ယောက်ဖြစ်ပေါ်လာဖို့က နှစ်ထောင်ပေါင်းများစွာမကကြာနိုင်တယ်၊ဘာလို့ တန်ဖိုးမထားရတာလဲ"
သူသည် ယခုအချိန် ရတနာကိုချွေတာရန် စိတ်ကူးကို ဆက်လက် ထိန်းသိမ်းထားလေ၏။
ထိုစကားကို ကြားသောအခါ ကျိယွမ်၏ အမူအရာက တည်ငြိမ်လာသည်။
"အင်း...မင်းရဲ့အသက်က တန်ဖိုးရှိတယ်လို့ဆိုလိုတာလား"
သူကခေါင်းညိတ်၏။
"ဟုတ်တယ် ၊ မင်းမှန်တာပေါ့ ၊ဒီနေရာက ငါရဲ့မျှော်လင့်ခြင်းလမင်းတွေထဲမှ မင်းကထိပ်ဆုံးဆိုတော့ ကျန်တဲ့သူတွေထက် သာလွန်တယ် ၊အဲဒါကြောင့် မင်းရဲ့အသက်က တကယ်ပဲ တန်ဖိုးရှိတယ်"
သူ၏ လေယူလေသိမ်းက ပေါ့ပါးသော်လည်း သတ်ဖြတ်လိုခြင်းအငွေ့အသက်က ပို၍ပင်တိုးလာ၏။
ကျိယွမ်၏ သဘောထားကိုသဘောပေါက်သွားသောကြောင့် နန်းတော်သခင်ကြီး၏ မျက်နှာသည် အေးစက်သွားပြီး နောက်ဆုံး၌ ဆုံးဖြတ်ချက်ချလိုက်တော့သည်။
"နဂါးသရဖူ ထွက်ပေါ်ခြင်း"
နောက်ဆုံးတွင် ပျက်စီးနေသော ယင်နတ်ဘုရားရတနာသည် သူ၏ အင်္ကျီလက်ထဲမှ ပျံထွက်လာပြီး သူ၏ခေါင်းပေါ်သို့ ဆင်းသက်လာသည်။
ကြောက်မက်ဖွယ်အရှိန်အဝါများ ထွက်ပေါ်နေသော နဂါးသရဖူသည် ကိုယ်ထည်တစ်ခုလုံး ရွှေရောင်အဆင်းရှိပြီး ၎င်းပေါ်တွင် ယင်နတ်ဘုရားသွေးစက် တစ်စက်ရှိနေ၏။
ဤသွေးတစ်စက်သာ ကျဆင်းသွားပါက ခရမ်းရောင်နန်းတော်အဆင့် နောက်ဆုံးပိုင်း ကျင့်ကြံသူပင်လျှင် မခံရပ်နိုင်ပေ။
ရုတ်တရက်ထွက်ပေါ်လာသော စွမ်းအင်သည် ကြောက်မက်ဖွယ်အစွမ်းထက်ပြီး အနိုင်ယူမရအောင် ပြင်းထန်နေ၏။
နန်းတော်သခင်ကြီး၏ မျက်နှာအမူအယာကကြမ်းတမ်းသွားပြီးနောက် အလွန်နာကျင်သလို မဲ့သွားပြန်သည်။
တပြိုက်နက်တည်းမှာပင် သူ၏ခန္ဓာကိုယ်မှ အကြေးခွံများစွာက အဝတ်အစားများကို စုတ်ဖြဲကာ အကွက်လိုက် ထလာ၏။
သူ၏ မျက်လုံးများက ရွှေရောင်မျက်လုံးများသို့ ပြောင်းလဲသွားပြီးနောက် သူ၏ဦးခေါင်းသည် နဂါးတစ်ကောင်၏ ခေါင်းအဖြစ်သို့ လျှင်မြန်စွာ ပြောင်းလဲသွားသည်။
ယခုအခါ၌ သူထုတ်ဖော်လိုက်သောအော်ရာသည် ရှေးကျပြီးအလွန်လျှို့ဝှက်ဆန်းကြယ်ကာ အနိုင်ယူမရသောအော်ရာမျိုးပင်။
ကျိယွမ်၏ မျက်နှာသည် လုံးဝလေးနက်သွားခဲ့သည်။
သူသည် အစွမ်းထက်သော ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူတစ်ဦးကို ရင်ဆိုင်နေရခြင်းမဟုတ်ဘဲ စစ်မှန်သော နတ်ဘုရားတစ်ပါးကို ရင်ဆိုင်နေရသည်ဟု ခံစားလိုက်ရသည်။
"ငါ့ရဲ့ နတ်စွမ်းအင်ကို ဆန့်ကျင်သူများ၊ သေ"
အသံသည် အလွန်နက်ရှိုင်းပြီး ရှေးဆန်သောခွန်းအားများနှင့်အတူ အာဏာအပြည့်ပါဝင်နေသည်။
ရှိရှိသမျှသော ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူအားလုံးသည် ၎င်းတို့၏ နှလုံးသားများ ပြုတ်ထွက်မတတ်ခုန်လာသည်ကို ခံစားလိုက်ရပြီး ထိုနတ်ဘုရားကသာ ဆန္ဒရှိပါက ၎င်းတို့၏ခန္ဓာကိုယ်များ တစစီကျိုးပြတ်သွားတော့မည့်အလားပင်။
နတ်ဘုရားအရှိန်အဝါက မိုင်တစ်ထောင်အတွင်းရှိ ဝိညာဥ်စွမ်းအင်များကိုပါ မွှေနှောက်နေပြီး ဝိညာဥ်မုန်တိုင်းကို ဖြစ်ပေါ်စေသည်။
"ယင်နတ်ဘုရား"
"ယင်နတ်ဘုရား ပေါ်လာပြီ"
"ဒါက ယင်နတ်ဘုရားနယ်ပယ်ပဲ "
"တစ်ချက်ကြည့်လိုက်ရုံနဲ့ ငါ့မျက်လုံးတွေ...အား..."
စိတ်ဝိညာဥ်အဆင့် ကျင့်ကြံသူတစ်ဦးသည် အပေါ်သို့ မော့ကြည့်မိရာ သူ၏ မျက်လုံးများမှ သွေးများစီးကျလာ၏။
"သွေးဝတ်စုံဓားနတ်ဘုရားကတော့ .. ပြီးသွားပြီ။"
ယင်နတ်ဘုရား ပေါ်လာမှတော့ မည်သူက ခုခံနိုင်တော့မည်နည်း။
ယင်နတ်ဘုရား၏ ရှေ့မှောက်တွင် သတ္တဝါအားလုံးက အတူတူသာ။
အခြေတည်ဆောက်ခြင်းအဆင့်၊ အမြုတေအဆင့်၊ စိတ်ဝိညာဥ် သို့မဟုတ် ခရမ်းရောင်နန်းတော် မည်သူဖြစ်ပါစေ.. ၎င်းတို့အားလုံးသည် သာမန်လူများကဲ့သို့ ကျိုးပဲ့လွယ်သော အရာလေးများသာ ဖြစ်သွားကြသည်။
"ဒါကနတ်ဘုရားတစ်ပါးရဲ့ စွမ်းအားလား"
ပထမဆုံးအကြိမ်အဖြစ် ကျိယွမ်၏ မျက်လုံးများက တည်ကြည်လာသည်။
နန်းတော်သခင်ကြီးသည် ကြောက်မက်ဖွယ်အော်ရာများထွက်ပေါ်နေသော နဂါးသရဖူကို ဝတ်ဆင်လိုက်သည်နှင့်အမျှ အလင်းနန်းတော်တစ်ခုလုံးသာမက စိတ်ဝိညာဥ်အဆင့်များနှင့် ခရမ်းရောင်နန်းတော်အဆင့်များအားလုံးနှင့်အတူ ကျိယွမ်ပါမကျန် အားလုံးကို ဟင်လင်းပြင်နယ်မြေအတွင်းသို့ ဆွဲသွင်းခံလိုက်ရ၏။
နန်းတော်သခင်ကြီးတဖြစ်လဲ ယင်နတ်ဘုရားက ကျိယွမ်အား အလွန်အထက်စီးဆန်စွာ ကြည့်လာ၏။
"သေ"
နတ်ဘုရားသည် သူ၏လက်ညှိုးတစ်ချောင်းကို ကျိယွမ်ဆီသို့ ဆန့်ထုတ်လိုက်၏။
ထိုလက်ညှိုးသည် အဆုံးမရှိသောဖျက်ဆီးခြင်းများ၏ပြယုဂ်ဖြစ်ပြီး ၎င်း၏စွမ်းအားသည် အားလုံး၏ ဆင်ခြင်တုံတရားထက်ကျော်လွန်နေသည်။
နတ်ဘုရားလက်ချောင်း ကျဆင်းလာခြင်းသည် တိုင်းပြည်တစ်ခုမှ စတုရန်းကီလိုမီတာတစ်သန်းနီးပါးကို မြေပုံပေါ်မှ ဖျက်ပစ်ရန် လုံလောက်၏။
ထိုသို့သောလက်ချောင်းကို လူသားတို့ခံနိုင်ရည် ရှိနိုင်မည်မဟုတ်ပါ။
ခရမ်းရောင်နန်းတော်အထွတ်အထိပ်အဆင့် ကျင့်ကြံသူဒါဇင်များစွာ၊ ရာပေါင်းများစွာ သို့မဟုတ် ထောင်ပေါင်းများစွာပင်လျှင် ထိုတိုက်ခိုက်မှုကို မခံရပ်နိုင်ပေ။
"ဒီအရာကို အသုံးပြုပြီး မင်းကို သတ်လိုက်ရတဲ့အတွက် သွေးဝတ်စုံဓားနတ်ဘုရား၊ မင်း ဂုဏ်ရှိရှိနဲ့ သေနိုင်ပြီ"
နန်းတော်သခင်ကြီးသည် ထိုသို့ပြောရင်းမှ အံ့မခန်းစွမ်းအားကြီးနေသော ကျိယွမ်၏လျှို့ဝှက်ချက်ကိုသိချင်ကာ သူ၏စစ်မှန်နတ်ဘုရားအာရုံဖြင့် ကျိယွမ်ကို စစ်ဆေးလိုက်သည်။
ထိုအချိန်မှာပင် နတ်တော်သခင်ကြီး၏ နဂါးမျက်လုံးများက ပြူးကျယ်သွားပြီး ကျယ်လောင်စွာ ရေရွတ်လိုက်သည်။
"မင်းက ခရမ်းရောင်နန်းတော်အဆင့်မဟုတ်ဘူးလား"
"မဟုတ်ဘူး .. မင်းက စိတ်ဝိညာဥ်အဆင့်တောင် မဟုတ်သေးဘူး"
အံ့သြမှုကြောင့် သူ၏နှလုံးခုန်နှုန်းများပင် ကမောက်ကမဖြစ်သွား၏။
ထိုအသံကြောင့် နေရာတွင်ရှိနေသော ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူများ ရှုပ်ထွေးကုန်သည်။
နန်းတော်သခင်ကြီးက အဘယ်ကြောင့်ထိုသို့ ပြောသည်ကို သူတို့ နားမလည်နိုင်ကြပါ။
ထိုအချိန်တွင် ကျိယွမ်သည် လှပစွာ ပြုံးလိုက်သည်။
"ငါက ခရမ်းရောင်နန်းတော်အဆင့်လို့ ဘယ်တုန်းက ပြောခဲ့ဖူးလို့လဲ"
"မှတ်ထားလိုက် ငါကကောင်းကင်ဘုံတာအိုအုတ်မြစ်ပိုင်ရှင် ကြယ်အမြုတေအဆင့်တစ်ယောက်ပဲ"
"ငါ့ရဲ့ ကြယ်အမြုတေနဲ့ နတ်ဘုရားတစ်ပါးကို သတ်လိုက်မယ်ဆို အရမ်းများသွားမလား"
ကျိယွမ်၏သွေးရောင်ဝတ်စုံသည် ရုတ်တရက် အရည်ပျော်ကျလာသည်။
သူ၏ မူလဒန်တျန်မှ လောင်ကျွမ်းနေသောအလင်းက ရုတ်တရက် ထွက်ပေါ်လာပြီး ။
ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခု ပေါက်ဖွားနေသည်အလား ကြီးထွားလာခဲ့၏။
အဆုံးမဲ့သောအလင်းနှင့်အပူသည် တဟုန်းဟုန်းပြင်းထန်နေသည်။
နန်းတော်သခင်ကြီး၏ နဂါးဦးခေါင်းနှင့်မျက်နှာပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် ကြောက်ရွံ့မှုတစ်ခုပေါ်လာပြီး အန္တရာယ်တစ်ခု၏ ခံစားချက်က သူ့ကို လွှမ်းခြုံသွားသည်။
"သေ"
ဤအချိန်တွင် သူသည် လုံးဝ မတွန့်ဆုတ်တော့ပေ။ တဖြည်းဖြည်းဆင်းသက်နေသော နတ်ဘုရားလက်ချောင်းသည် ချက်ချင်းကျဆင်းလာပြီး ကျိယွမ်ကို တိုက်ရိုက် ဖိနှိပ်လိုက်သည်။
ဤလက်ချောင်းသည် တိုက်ကြီးတစ်ခုကို နစ်မြုပ်စေပြီး တိုင်းပြည်တစ်ခုကိုပင် သေချာပေါက် ဖျက်ဆီးပစ်ရန် လုံလောက်၏။
နန်းတော်သခင်ကြီးက ပြင်းထန်စွာဟိန်းဟောက်လိုက်သည်။
"နတ်ဘုရားတစ်ပါးရဲ့ လက်ချောင်း...မင်း ဘယ်လို တားဆီးမလဲ"
မဟာပထဝီမြေကြီးသည် ကိုင်လှုပ်ခံရသလို ရုတ်တရက် တုန်လှုပ်သွားသည်။
ဟင်းလင်းပြင်နယ်မြေထဲတွင်ရှိနေသော မမြင်နိုင်သော ဒြပ်ဝတ္ထုများနှင့်ဓာတ်ငွေ့များပင် မွှေနှောက်ခြင်းခံရပြီး နတ်ဘုရား၏ လက်ချောင်းဖိအားအောက်တွင် အာကာသအားလုံးကျုံ့ဝင်သွားပြီးနောက် ပေါက်ကွဲရန် အသင့်ဖြစ်နေသည့် ချိန်ကိုက်ဗုံးကြီးတစ်ခုနှယ် ဖြစ်လာသည်။
"ငါ့ရဲ့ ကြယ်အမြုတေကို ထုတ်ဖော်လိုက်ရင်ရော မင်းဘယ်လိုတုန့်ပြန်မှာလဲ"
နောက်ဆုံး၌ ကျိယွမ်သည် သူ၏ကြယ်အမြုတေကို ထုတ်ဖော်လိုက်လေပြီ။
ကောင်းကင်နှင့် မြေကြီးတို့ ထိပ်တိုက်တွေ့ဆုံပြီး ရေနှင့်မီးတို့ ရောယှက်သွားသည်၊ ယင်နှင့် ယန်တို့သည်လည်း ချက်ချင်းပေါင်းစည်းကုန်၏။
အရေးပါသောစွမ်းအင်များ အပြည့်အဝ ရောနှောသွားသောအခါ အမြုတေက စတင် ဖွဲ့စည်းလာသည်။
ထိုအမြုတေကား နေမင်းကြီးတစ်လုံးပင်ဖြစ်တော့သည်။
"ငါသည် ကြီးမားသောနေမင်း ဖြစ်တယ်"
ရုတ်တရက် အချိန်များ ရပ်တန့်သွားသည့်နှယ် ပြောင်းလဲကုန်သည်။
ကျဆင်းလာသော နတ်ဘုရားလက်ချောင်း၏အရှိန်သည် ကျိယွမ်၏ အာရုံခံစားမှုတွင် အလွန်နှေးကွေးသွားခဲ့သည်။
အဆုံးမဲ့သော ဝိညာဥ်စွမ်းအင်များ လှိုင်းထလာပြီး ကျိယွမ်၏ မူလဒန်တျန်မှ လောင်ကျွမ်းနေသောအလင်း၊ အပူနှင့် ပျက်စီးခြင်းများ ပေါက်ကွဲထွက်လာ၏။
ကန်းလန်ဘုံ၏ ကောင်းကင်ပေါ်မှ နေမင်းအသစ်သည်လည်း ရုတ်တရက် ပိုမိုကြီးမားလာလေသည်။
ကျင့်ကြံသူအားလုံးမှာ ကောင်းကင်သို့ ပြိုင်တူ မော့ကြည့်မိကြသည်။
ထိုအခါ နေမင်းအသစ်သည် ပိုမိုလောင်ကျွမ်းနေပြီး အဆုံးမဲ့သောအလင်းနှင့် အပူကိုထုတ်လွှတ်ကာ အောက်သို့ ကျဆင်းလာနေသည်ကို မြင်လိုက်ကြရကုန်သည်။
ကောင်းကင်က ဆူပွက်ကာ ကြယ်များကလည်း တုန်လှုပ်နေလေပြီ။
ကြယ်ရောင်အားလုံးနှင့် နေနှင့်လ၏ အလင်းရောင်များသည် ထိုအချိန်တွင်...နေလုံးအငယ်ကြောင့် လွှမ်းမိုးခံလိုက်ရသည်။
ယခုအချိန်မှာတော့ ကျန်နေသူများပါ ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ကြပြီး ၎င်းတို့၏ မျက်နှာများသည် ထိတ်လန့်မှု နှင့်အတူ ကြောက်ရွံ့မှုခြောက်ခြားခြင်းများဖြင့် ပြည့်နှက်နေသည်။
ကြည့်နေစဥ်မှာပင် ထိုနေလုံးငယ်သည် ပို၍ ပို၍မိုကြီးမားလာနေ၏။
နေ၊ လနှင့် ကြယ်များ ပျောက်ကွယ်သွားသည်။
ကောင်းကင်တွင် ထိုလောင်ကျွမ်းနေသော နေလုံးတစ်ခုတည်းသာ ရှိနေပြီး
၎င်းသည် ကန်းလန်ဘုံပေါ်သို့ ပြုတ်ကျတော့မည်နှယ် ကျဆင်းလာနေသည်။
ထိုအခိုက် နေရာအနှံ့မှ ကြောက်မက်ဖွယ်ကောင်းသောအော်ရာများစွာသည်လည်း အံ့သြတုန်လှုပ်စွာဖြင့် နိုးထလာကြပြီး ကန်းလန်ဘုံပေါ်သို့ ပြုတ်ကျတော့မည်ဟု ထင်ရသော နေမင်းကို မော့ကြည့်နေကြသည်။
ကန်းလန်နယ်မြေကြီး၌ နေမင်းအသစ်ထွက်ပေါ်လာပြီး ကမ္ဘာတစ်ခုလုံး တုန်လှုပ်သွားကာ နတ်ဘုရားများပင် ကြောက်လန့်တကြား နိုးထကုန်၏။
ဟင်းလင်းပြင်နယ်မြေထဲတွင် ကြီးမားသော နေမင်း၏အရိပ်သည် ကျိယွမ်၏နောက်တွင် ဖြည်းညှင်းစွာ ထွက်ပေါ်လာနေသည်။
အဆုံးမဲ့သောအလင်းနှင့်အတူ စစ်မှန်နေမင်းမီးတောက်များသည် ကျိယွမ်၏ ခန္ဓာကိုယ်ပေါ်တွင် ကခုန်နေ၏။
ဤအချိန်တွင် ကျိယွမ်သည် ကြီးမားသော နေမင်းကဲ့သို့ မြင့်မြတ်နေသည်။
ထိုနေမင်း၏ပုံရိပ်ကို မြင်လိုက်ရသူတိုင်း၏ မျက်လုံးများတွင် ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာသည်။
နန်းတော်သခင်ကြီး၏ ရွှေရောင်မျက်လုံးများထဲတွင် ထိုနေမင်း၏ ပုံရိပ်သည် ထင်ဟပ်နေပြီး သူ၏မျက်နှာသည် မယုံကြည်နိုင်ခြင်းနှင့် အံ့သြခြင်းများဖြင့် ပြည့်နှက်နေ၏။
"မင်း...မင်းက ဘာလဲ"
ကျိယွမ်သည် နန်းတော်သခင်ကြီး၏ မေးခွန်းကို မဖြေခဲ့ပါ။
သူ၏မျက်လုံးများသည် နေမင်း၏ တောက်ပသောအလင်းဖြင့် ထွန်းလင်းနေပြီး လင်းလက်နေသည်။
ကျိယွမ်က လှုပ်ရှားမှုမရှိသလောက် ဖြစ်နေသော နတ်ဘုရာလက်ချောင်းကို မော့ကြည့်လိုက်သည်။
"ကြီးမြတ်သော နေမင်းက တောက်ပစွာ ထွန်းလင်းနေပြီး အရပ်မျက်နှာအားလုံးကို အလင်းပေးတယ်၊ ငါသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ပညတ်တော်ကိုးပါးကို အကောင်အထည်ဖော်တယ် "
ကျိယွမ်၏နောက်မှ နေမင်း၏အရိပ်သည် ဆက်လက်ပြီး ကြီးသထက် ကြီးထွားလာနေသည်။
ယင်နတ်ဘုရား၏ ဟင်းလင်းပြင်နယ်မြေတစ်ခုလုံးပင် ကြီးမားသောနေမင်းကို မဆံ့နိုင်တော့သည့်နှယ် ဖြစ်လာ၏။
"ကျေးရွာအဆင့် ယင်နတ်ဘုရားလေး ၊ ငါ့ရဲ့ ခရိုင်အဆင့်ကြယ်အမြုတေကို ကြည့်လိုက်"
ကျိယွမ်၏စကားသံနှင့်အတူ နေမင်း၏ အရိပ်သည် ရုတ်တရက်ပေါက်ကွဲသွားသည်။
အဆုံးမဲ့သော မီးတောက်များ၊ အကန့်အသတ်မရှိသောအလင်းနှင့် အပူဒဏ်များသည် ဟင်းလင်းပြင်နယ်မြေတစ်ခုလုံးကို ချက်ချင်းလွှမ်းခြုံသွားလေ၏။
ကောင်းကင်နှင့်မြေကြီးကိုပင် ဖျက်ဆီးနိုင်သော နတ်ဘုရားလက်ချောင်းသည် ကြီးမားသောနေမင်း၏ တောက်ပသောအလင်းအောက်တွင် ဖယောင်းရုပ်တုတစ်ခုကဲ့သို့ ရယ်စရာကောင်းနေ၏။
၎င်းသည် ချက်ချင်းလိုလို အရည်ပျော်သွားပြီး အရိပ်အယောင်ပင်မကျန်ခဲ့ပေ။
ဟင်းလင်းပြင်နယ်မြေတစ်ခုလုံး မီးတောက်များ၊ ရုန်းရင်းဆန်ခတ်ဖြစ်မှုများနှင့်အတူ ဖျက်ဆီးခြင်း၏ဝါးမျိုမှုကို ခံလိုက်ရ၏။
နန်းတော်သခင်ကြီးမှာ အသံပင်မထွက်နိုင် သူ၏ခေါင်းပေါ်မှ နဂါးသရဖူပါမကျန် အဆုံးမဲ့သောမီးတောက်များဖြင့် လောင်မြိုက်သွားသည်။
သူ၏အမူအရာသည် တောင့်တင်းသွားပြီး သူ၏ခန္ဓာကိုယ်အား မီးတောက်များဝါးမျို ခံနေရစဉ် ကြီးမားသောနေမင်းကို မှင်တက်စွာ သတိလက်လွတ် စိုက်ကြည့်နေမိသည်။
"နေမင်း... အမြုတေလား ."
သူသည် လုံးဝ နားမလည်နိုင်ခဲ့ပါ၊
ထိုအတူ စိတ်ကူးလည်း မယဥ်ဖူးခဲ့ပေ။
သူက မသေဆုံးဘဲ ယင်နတ်ဘုရား ဖြစ်လာခဲ့ရင်တောင် အဘယ့်ကြောင့် ကောင်းကင်ပေါ်မှ ကြယ်တစ်လုံးက လူတစ်ယောက်၏ အမြုတေဖြစ်နေရသည်ကို သူ နားလည်မည် မဟုတ်ခဲ့ပါ။
သို့သော် နားလည်ရန်လည်း မလိုအပ်တော့ပေ။
ကြယ်အမြုတေကို မြင်လိုက်ရပြီးနောက်တွင် ကြောက်မက်ဖွယ်အော်ရာရှိသော နဂါးသရဖူနှင့် ယင်နတ်ဘုရား၏စွမ်းအားတို့ ရှိနေသည့်တိုင် ကြီးမားသော နေမင်းအောက်တွင် သူသည် လုံးဝမခုခံနိုင်ဘဲ ပြာများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ခရမ်းရောင်နန်းတော်အဆင့်များနှင့် စိတ်ဝိညာဥ်ကျင့်ကြံသူအားလုံးကတော့ ချက်ချင်းဆိုသလို အငွေ့ပျံသွားပြီး မည်သည့် ခြေရာမှ မကျန်ခဲ့ပေ။
ကြီးမားသောနေမင်း၏စွမ်းအားကို မည်သူက ခုခံနိုင်ပါမည်နည်း။
ဘယ်သူမှ မခုခံနိုင်ပေ။
အလင်းနန်းတော်မှ နန်းတော်သခင်များနှင့်တကွ ငယ်သားအားလုံးသည် ထိုသို့ပင် သေဆုံးပျက်စီးသွားခဲ့ရလေပြီ။
ကျိယွမ်သည် ဟင်းလင်ပြင်နယ်မြေထဲတွင် တစ်ယောက်တည်း မတ်တပ်ရပ်ကာ ကျန်ခဲ့သည်၊
ယခုအခါ သူကိုယ်တိုင်က ကြီးမားသော နေမင်းကဲ့သို့ ဖြစ်နေပြီး သူ၏ မျက်လုံးများသည် စစ်မှန်နေမင်းမီးတောက်များဖြင့် တဖျတ်ဖျတ် လက်နေ၏။
သူ၏ မူလဒန်တျန်သည် ယခုအခါ၌ ပြင်းထန်စွာ လောင်ကျွမ်းနေဆဲပင်ရှိသည်။
ကြယ်အမြုတေကို ဆင့်ခေါ်လိုက်သောအခါ အလင်းနန်းတော်သည် ကျိယွမ်အတွက် သနားစရာကောင်းလောက်အောင် အားနည်းလွန်းလေ၏ ။
ထိုအချိန်တွင် ဝမ်းသာအားရ အသံတစ်ခု က ရုတ်တရက် ထွက်ပေါ်လာသည်။
"သွေးပုလဲ"
ကျိယွမ်သည် သူ၏ခန္ဓာကိုယ်ကို နူးညံ့ပြီး သိမ်မွေ့သော ခန္ဓာကိုယ်တစ်ခုက ဖိကပ်လာသည်ကို ရုတ်တရက် ခံစားလိုက်ရ၏။
"နင်းထောင်လေးလား"
ကျိယွမ်သည် နင်းထောင်၏ ပုံရိပ်ကို ကြည့်လိုက်ရင်းမှ မယုံနိုင်ဖြစ်နေရသည်။
သို့သော်လည်း သူကြာကြာ အံ့သြချိန်မရှိပါ။
နင်းထောင်၏ပုံသဏ္ဌာန်သည် တဖြည်းဖြည်း မှေးမှိန်နေပြီး မကြာမီ ပျောက်ကွယ်သွားတော့မည်ကို သူ သတိထားမိသောကြောင့်ဖြစ်သည်။
"ရှင် ပျောက်ကွယ်နေတာ ရက်ပေါင်းများစွာ ရှိနေပြီ။"
နင်းထောင်က ထုံးစံအတိုင်း ဝတ်ဆင်ထား၏။အနက်ရောင်ဝတ်စုံသည် သူမ၏ဖြူဖျော့သောအသားအရေကို ပိုမို ထင်ရှားစေသည်။ သူမ၏ ပိန်သွယ်သော ခါးက ကိုင်တွယ်ရန် လွယ်ကူသည့်အလားနွဲ့နှောင်းနေပြီး သူမ၏ စကတ်ပေါ်ရှိ လက်ရာမြောက်သောပန်းပွင့်များက သူမ၏ သိမ်မွေ့သောခြေထောက်ရှည်များကို ပတ်ထားသော အနက်ရောင်ခြေအိတ်ရှည်များဖြင့် လိုက်ဖက်နေသည်။
နင်းထောင်သည် သူမ၏ထုံးစုံအတိုင်း ကျိယွမ်၏ခါးကို သူမ၏ခြေတံရှည်များဖြင့် ညှပ်ကာ ကလေးတစ်ယောက်အလား ရင်ခွင်ထဲသို့ တိုးဝင်နေရှာ၏။
"ရက်ပေါင်းများစွာလား"
ကျိယွမ်က နင်းထောင်၏ဦးခေါင်းမှ ဆံနွယ်
လေးများကို သပ်ပေးလိုက်သည်။
"မြေကြီးပေါ်ကတစ်ရက်က ကောင်းကင်ဘုံမှာ နှစ်တစ်ရာပဲ၊အမှန်ဆို.. ငါ ပျောက်ကွယ်နေတာ နှစ်တစ်ထောင်ကျော်ရှိပြီ။ရက်ပေါင်းများစွာ မဟုတ်ဘူး၊ ဒါပေမယ့် ငါ့ရဲ့ မူလနတ်စွမ်းအင်ကို အမြုတေမှာ ထုဆစ်ထားတာဆိုတော့ နင်က သတိရခြင်းနဲ့ မေ့လျော့ခြင်းကြားက အခြေအနေမှာ အမြဲနေထိုင်နေရတာပေါ့"
"ဒါကြောင့် နင့်အတွက် အချိန်ဟာ ထူးခြားတဲ့အခြေအနေမှာ ရပ်တန့်နေသလိုမျိုး ဖြစ်နေခဲ့တာပဲ။"
သို့သော် သူ၏အမြုတေပုံရိပ်ကို ဆင့်ခေါ်လိုက်ခြင်းသည် နင်းထောင်၏ ပုံရိပ်ကိုပါ ဆင့်ခေါ်လိမ့်မည်ဟုတော့ ကျိယွမ် မျှော်လင့်မထားခဲ့ပေ။
နင်းထောင်က ရင်ခွင်ထဲတွင် ဝပ်နေရာမှ ကျိယွမ်အား ခေါင်းထောင်ကြည့်၏။
ထို့နောက် ချိုသာစွာ ပြုံးလိုက်သည်။
"ဒါဆို နှစ်ပေါင်းများစွာကြာနေပေမဲ့ ရှင်ကလွဲရင် ကျွန်မရဲ့အချိန်တွေက ရပ်တန့်နေခဲ့တာလား"
စကားပြောရင်းမှ သူမ၏ ပုံသဏ္ဌာန်သည် ပိုမို မှေးမှိန်လာနေ၏။
ကျိယွမ် ခေါင်းညိတ်လိုက်သည် ။
"နင် အဲဒါကို ပြောင်းလဲချင်ရင် အမြုတေထဲကနေ ထွက်သွားနိုင်တယ်လေ။"
"မလိုပါဘူး၊ ဒီအတိုင်းလည်း အဆင်ပြေပါတယ်"
နင်းထောင်သည် ကျိယွမ်၏ မျက်နှာကို သေချာ ကြည့်နေပြီး သူမ၏မျက်နှာသည် လွမ်းဆွတ်တောင့်တမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
သူမက မကြာမီ ထွက်ခွာရတော့မည်ကို သိ၏။
"သွေးပုလဲ၊ ငါ အခု အရမ်း အင်အားကြီးလာပြီ"
နင်းထောင်က သူမ၏ နှင်းကဲ့သို့ ဖြူဖွေးသော လက်သီးကို ဆန့်တန်းလိုက်ပြီး ကျိယွမ်၏ရှေ့တွင် ဝှေ့ယမ်းလိုက်သည်။
"နောက်တစ်ကြိမ်ကျရင် ရှင်အဲဒီ ကြီးမားတဲ့ အမြုတေကို အပင်ပန်းခံပြီး ဆင့်ခေါ်ဖို့ မလိုတော့ဘူး။ ကျွန်မကို ခေါ်လိုက်ရုံပဲ၊ ရှင့်ရဲ့ ရန်သူတွေကို သတ်ဖို့ ကူညီနိုင်တယ်။ ခုနက ရှိနေတဲ့ အဲ့ဒီအင်းဆက်ပိုးကောင်မျိုး ဆယ်ကောင်လောက်ကို ငါ တစ်ယောက်တည်း ရင်ဆိုင်နိုင်တယ်။အဲဒါလေးအတွက်
ကြီးမားတဲ့ အမြုတေကို ဆင့်ခေါ်တာက မတန်မရာ ဖြုန်းတီးရာရောက်တယ်"
အမြုတေပေါ်တွင် နင်းထောင်သည် ကျိယွမ်၏လက်ဆောင်ကို ရရှိခဲ့ပြီး သူမ၏ ကျင့်ကြံမှုသည် အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွား၏။
သူမ၏စကားကို ကြားသောအခါ ကျိယွမ်က သဘောကျစွားပြုံးပြီး သူမ၏မေ့စေ့လေးအား လက်ချောင်းများဖြင့် ပင့်တင်လိုက်သည်။
"ငါ့ရဲ့ မူလဒန်တျန်မှာ ဝိညာဥ်စွမ်းအင်တွေပြန်ပြည့်လာတဲ့အခါ ငါ့ဆီဆင်းလာပြီး ဆော့ဖို့ နင့်ကို ငါသေချာပေါက်ခေါ်မယ်။"
ကြယ်အမြုတေကို ဆင့်ခေါ်လိုက်ခြင်းသည် သူ၏ခန္ဓာကိုယ်ရှိ ဝိညာဥ်စွမ်းအင်များကို ပြင်းထန်စွာ ကုန်ခမ်းစေခဲ့၏။
ထို့ကြောင့် အချိန်တိုအတွင်း သူက ထပ်မံ ဆင့်ခေါ်နိုင်တော့မည် မဟုတ်ပေ။
ကမ္ဘာများကြားကို ဖြတ်ကျော်ရုံသာမက စကြာဝဠာများကြားကိုပါ ဖြတ်ကျော်ရခြင်း ဖြစ်သောကြောင့် လွယ်ကူသောကိစ္စမဟုတ်သည်မှာ သေချာ၏။
"ကျွန်မကို အချိန်တိုင်းခေါ်စရာမလိုဘူး၊ ရှင်အန္တရာယ်ရောက်တဲ့အခါမှပဲ ခေါ်ပါ"
နင်းထောင်သည် စဉ်းစားဟန်ဖြင့် ပြောလိုက်ပြီး ကျိယွမ်၏ မျက်နှာကို သူမ၏လက်ချောင်းဖြူသွယ်သွယ်လေးများဖြင့် ကိုင်ကြည့်နေသည်။
သူမ၏ မျက်လုံးများသည်လည်း ကြယ်များဖြင့် တောက်ပနေ၏။
"ဒီတစ်ခါတော့ ၊ ငါက ရုတ်တရက် ပေါ်လာပြီး အရုတ်တရက် ထွက်ခွာသွားရတော့မယ်နော် သွေးပုလဲ"
သူမ၏ပုံသဏ္ဌာန်သည် ပို၍ ပို၍ မှေးမှိန်သွားပြီး မှုန်ဝါးလာသည်။
ကျိယွမ်သည် သူမ၏ မေးစေ့ကို ဆုပ်ကိုင်ထားပြီး သူမ ပျောက်ကွယ်သွားသည်ကို ဖြည်းညှင်းစွာ စောင့်ကြည့်နေခဲ့၏။
ထိုအခါမှ သူသည်သတိရသွားပြီး နင်းထောင်၏လက်ထဲတွင် မီးတောက်ကလေးတစ်ခုကို ထားလိုက်သည်။
"ဒါက ငါအခုမှရရှိထားတဲ့ စစ်မှန်နေမင်းမီး တောက်ပဲ။ ကြယ်ပေါ်မှာ ဒါကို ပျိုးထားလိုက်ပါ။"
ကြယ်ပေါ်တွင် စစ်မှန်နေမင်းနေမင်း မီးတောက်ကို မွေးမြူလိုက်ခြင်းသည် သူ၏ အမြုတေကို အခြားသော ဂြိုဟ်များနှင့် ကြယ်များကို ဝါးမျိုနိုင်စေမည်မဟူတ်ပါလား။
ထိုအခါ သူ၏အမြုတေသည် လူမသိသူမသိဖြင့် အဆက်မပြတ် ပိုမို အင်အားကြီးလာလိမ့်မည်။
"ဟုတ်ကဲ့"
နင်းထောင်သည် ခေါင်းကို သွက်သွက်ညိတ်လိုက်ပြီး သူမ၏ပုံသဏ္ဌာန် လုံးဝပျောက်ကွယ်သွား၏။
ကျိယွမ်၏ အနက်ရောင်ဝတ်စုံသည်လည်းသွေးနီရောင်သို့ ပြောင်းလဲသွားပြီး သူ၏ ပုံသဏ္ဌာန်သည် မူလအတိုင်း ပြန်ဖြစ်သွားခဲ့သည်။
သူသည် ဟင်းလင်းပြင်နယ်မြေမှ ထွက်ခွာကာ စစ်မှန်သောကမ္ဘာသို့ ပြန်သွားတော့မည် ဖြစ်သည်။
ဤအချိန်တွင် တိုက်ပွဲကို ကြည့်ရှုနေသော ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူအားလုံးသည် နားမလည်ခြင်းများနှင့်အတူ မှတ်သက်နေမိကုန်၏ ။
နန်းတော်သခင်ကြီးသည် သွေးဝတ်စုံ ဓားနတ်ဘုရားနှင့်တကွ တိုက်ပွဲနေရာကို ဟင်းလင်းပြင်နယ်မြေထဲသို့ ဆွဲသွင်းသွားခဲ့သည်။
ထို့နောက် ကောင်းကင်ထက်တွင် ထူးခြားဆန်းကြယ်မှုများ ဖြစ်ပေါ်ခဲ့ပြီး ကြီးမားသောနေမင်းသည် ရုတ်တရက် ကျဆင်းလာခဲ့လေသည်။
ထိုကြောင့် ကန်းလန်နယ်မြေတွင် အမြဲတမ်းငုပ်လျိုးနေခဲ့သော ကြောက်မက်ဖွယ်အော်ရာများစွာပင်ပေါ်ထွက်လာပြီး အားလုံးက စွမ်းအင်မျိုးစုံကို ကောင်းကင်သို့ပစ်လွှတ်
ပြီး နေမင်းကြီးကိုတားဆီးရန်ကြိုးစားနေသည်ကို မြင်ခဲ့ရသည်။
ကန်းလန်နယ်မြေတစ်ခုလုံးနှင့်တကွ သက်ရှိအားလုံး ပျက်စီးလုနီးပါး ဖြစ်ခဲ့ကာ နေစရာမရှိအောင် ကြောက်ရွံ့ခဲ့ရသည်။
ယခုမှသာ သက်ပြင်းချနိုင်ပြီး ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူအားလုံးသည်သေခြင်းတရားမှ လက်မတင်လေးလွတ်မြောက်ခဲ့သည်ဟု ခံစားမိလေ၏။
သိူ့သော် သူတို့သည်လည်း မည်သည်အရာကြောင့် မည်သို့သို့ ဖြစ်ပျက်ခဲ့သည်ကို အတိအကျမသိခဲ့ကြပေ။
၎င်းတို့ သိသည်မှာ ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခု သေချာပေါက် ဖြစ်ပျက်ခဲ့သည်ဟုသာ။
ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူတစ်ဦးက ဟင်းလင်းပြင်နေရာလွတ်ကို မော့ကြည့်ကာ ရေရွတ်လိုက်သည်။
"သွေးဝတ်စုံဓားနတ်ဘုရားနဲ့ အလင်းနန်းတော်... ၊အခုဆို ရလဒ်ကို အဆုံးအဖြတ်ပေးပြီးလောက်ပြီ မဟုတ်လား"
"နန်းတော်သခင်ကြီး နဂါးသရဖူကို ဝတ်ဆင်ပြီးတော့ ယင်နတ်ဘုရားနဲ့ တူညီတဲ့ စွမ်းအားကို ရရှိသွားတာလေ၊ သွေးဝတ်စုံဓားနတ်ဘုရား သေသွားပါပြီ၊ အချိန်ကို တွက်ကြည့်မယ်ဆိုရင် အလင်းနန်းတော်က လူတွေ မကြာခင် ထွက်လာတော့မယ်"
"သွေးဝတ်စုံဓားနတ်ဘုရားကတော့ သနားစရာပဲ၊ ဒီလောက် ကြီးမားတဲ့အစွမ်းအစရှိနေပေမဲ့ အခုလို သေဆုံးသွားရတယ်။"
ယခုအချိန်ထိ အလင်းနန်းတော်ဌာနချုပ်အပြင်ဘက်၌ ဆူနာ၏ ဝမ်းနည်းဖွယ်ဂီတအသံသည် ဆက်လက် တီးခတ်နေ၏။
ရွှီရဲ့လီသည် တေးသွားဆက်လက် တီးခတ်နေပြီး သူ၏နှလုံးသားသည်လည်း ခံစားချက်မျိုးစုံဖြင့် ပြည့်နှက်နေခဲ့သည်။
"သွေးဝတ်စုံဓားနတ်ဘုရား၊ ကျွန်တော်လည်း မလွတ်မြောက်နိုင်တော့လို့ ခင်ဗျားရဲ့ နောက်ဆုံးခရီးကို ပို့ပေးခဲ့ပါမယ်။"
ဆူနာ၏ချွဲနွဲ့သော ငိုကြွေးသံသည် ပို၍ပင် ဝမ်းနည်းဖွယ်ကောင်းလာသည်။
ထိုအချိန်တွင် အလင်းနန်းတော်ဌာနချုပ်၏ရှေ့တွင် ဟင်းလင်းပြင်က လှိုင်းထသွားခဲ့သည်။
ပြန်ပေါ်လာပြီ။
အားလုံးက သိချင်စိတ်ပြင်းပြစွာ လှည့်ကြည့်လိုက်၏။
"ဟင်.."
သွေးနီရောင်ပုံသဏ္ဌာန်တစ်ခုသည် ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာသည်ကို အားလုံး မြင်လိုက်ရလေသည်။
သူ၏ မျက်လုံးများသည် နက်ရှိုင်းနေပြီး အဆုံးမဲ့သောနှစ်များစွာကို တွေ့ကြုံဖြတ်သန်းခဲ့ရသည့်နှယ် ဖြစ်နေ၏။
ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူအားလုံး လုံးဝ မှင်တက်သွားကြသည်။
ထင်ထားခဲ့သည်ကတစ်ခု ထွက်ပေါ်လာသည်တစ်ခုဖြစ်နေပြီး အားလုံးမှာ ခါးတောင်းကျိုက်တခြား ဖင်တခြားဖြစ်ကုန်သည် မဟုတ်ပါလား။
"သွေးဝတ်စုံဓားနတ်ဘုရား"
"သူက ဘယ်လိုလုပ် ထွက်လာတာလဲ"
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
အားလုံးသည် ရှုပ်ထွေးခြင်း ၊ ဝေခွဲမရဖြစ်ခြင်း၊ နားမလည်နိုင်ခြင်းများဖြင့် တိတ်ဆိတ်ကုန်၏။
ယင်နတ်ဘုရားကို ရင်ဆိုင်ခဲ့ရသော်လည်း သွေးဝတ်စုံဓားနတ်ဘုရားသည် မည်သို့ ထွက်ပေါ်လာနိုင်ခဲ့လေသနည်း။
သူက ငါတို့လို ခရမ်းရောင်နန်းတော်အဆင့်ပဲရှိတာလေ။
ယင်နတ်ဘုရားတစ်ပါးကို ဘယ်လိုလုပ်ပြီး ယှဥ်နိုင်မှာလဲ။
ဒါကြီးက..။
ဆူနာတူရိယာ၏ ဝမ်းနည်းဖွယ်သံစဉ်သည် ရုတ်တရက် မြင့်တတ်လာပြီး ပို၍ပြောင်မြောက်လာသည်။
အားလုံးတိတ်ဆိတ်နေခိုက်မို့ ဝမ်းနည်းဖွယ်တေးသွားက အလင်းနန်းတော်ဌာနချုပ်နေရာတွင် ပျံ့လွင့်နေခဲ့သည်။
ကျိယွမ်သည် ဗလာနတ္တိ ဖြစ်နေသော အလင်းနန်းတော်နေရာကို ကြည့်လိုက်မိရာမှ ရုတ်တရက် ဝမ်းနည်းမှုလှိုင်းတစ်ခုကို ခံစားလိုက်ရလေသည်။
"ဟီးဟီး... မင်းတို့ အရမ်း ဝမ်းနည်းစရာကောင်းအောင် သေဆုံးသွားရတယ်"
"ဆံပင်တစ်ချောင်းတောင် မကျန်ခဲ့ဘူး"
"ငါ့အတွက် ဘာတစ်ခုမှ မချန်ထားခဲ့ဘူး"
"ဟီးဟီး... ငါ့ရဲ့မျှော်လင့်ခြင်းလမင်းတွေ ၊ မင်းတို့ ဘယ်လိုလုပ် ငါ့ကို စွန့်ပစ်ပြီး ဒီလို ထွက်သွားရတာလဲ"
"အဟီး အဟီး ဂလု.."
တိတ်ဆိတ်နေခဲ့သော ကျင့်ကြံသူအားလုံးသည် ထိုမြင်ကွင်းကြောင့် မှင်တက်သွားကြသည်၏။
ဘာတွေလဲ။
ဘာတွေဖြစ်ကုန်ပြီး ဘာတွေဆက်ဖြစ်နေတာလဲ။
ခရမ်းရောင်နန်းတော်အဆင့်များသည် အလွန့်အလွန်ကို သိချင်နေကြကုန်၏။
သို့သော် အသံပြဲကြီးနှငိ့ ထငိုနေသော သွေးဝတိစုံဓားနတ်ဘုရား၏ ပုံမှန်မဟုတ်သော အပြုအမူကြောင့် မေးရန်လည်း မဝံ့ရဲကြပါ။
ထိုအချိန်တွင် ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူတစ်ဦးသည် မနေနိုင်တော့ဘဲ စိတ်ဝိညာဥ်အဆင့်တစ်ဦးကို အဓိပ္ပါယ်ပါပါ စိုက်ကြည့်လိုက်သည။
အသေခံမလား..သွားမေးမလား ။
စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူသည် ကြောက်ရွံ့စွာဖြင့် ကျိယွမ်ထံသို့ ကတုန်ကယင် ပျံသန်းသွားရှာသည်။
"အကြီးအကဲသွေးဝတ်စုံဓားနတ်ဘုရား၊ ခင်ဗျား အလင်းနန်းတော်က လူအားလုံးကို သတ်ပစ်လိုက်တာလား"
ကျိယွမ်သည် မျက်ရည်မထွက်ဘဲအော်ငိုနေသော်လည်း အမှန်တကယ် ဝမ်းနည်းနေခြင်းဖြစ်သည်။
နန်းတော်သခင်သုံးဦးရဲ့ သိုလှောင်အိတ်တွေ။
ပြီးတော့ ခရမ်းရောင်နန်းတော်အဆင့် ၅၀ ကျော်ဆီကရမဲ့ နည်းစနစ်တွေ။
ပြီးတော့ ယင််နတ်ဘုရားအဆင့် ရတနာကြီး။
ငါက မငိုလို့ ..အော်ရယ်နေရမှာလား။
ဒီတိုက်ပွဲမှာ ငါကအရှုံးသမားပဲ ။
သို့သော်သူက သဘောကောင်းစွာဖြေပေးလိုက်သည်။
"တရားမျှတမှုက မကောင်းမှုကို အမြဲတမ်း အောင်နိုင်တယ်လေ။"
"ငါက မကောင်းဆိုးဝါးနန်းတော်ကို ဖြောင့်မတ်မှုကြောင့် အနိုင်ရခဲ့တယ်"
ထိုကျင့်ကြံသူသည် ဘာမှထပ်မပြောဝံ့ဘဲ ခေါင်းညိတ်ပြကာ ကျိယွမ်၏ ဓားအိတ်ထဲမှ သွေးနီရောင်နတ်ဆိုးဓားကိုသာ ထိတ်လန့်စွာစိုက်ကြည့်နေသည်။
ဖြောင့်မတ်တယ်တဲ့။
ခင်ဗျားက ပိုပြီး မကောင်းဆိုးဝါးနဲ့တူနေတာ မဟုတ်ဘူးလား။
ထိုအချိန်တွင် ကျိယွမ်သည် အငိုရပ်ပြီး မတ်တပ်ရပ်ပြီး ပတ်ပတ်လည်ကို ကြည့်ကာ တိုက်ပွဲအပြီး မိန့်ခွန်းကို စတင်ပြောကြားသည်။
"ဒီနေ့ ကျွန်တော် တစ်ယောက်တည်း တိုက်ခိုက်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော့် နောက်မှာ ရှင်းဟွာအဖွဲ့ရဲ့ ကြယ်တာရာအမြုတေ၊ မြေခွေးလှိုဏ်ဂူက လီလေး၊ရှင်းဟွာဧကရာဇ်လေးပါးနဲ့ ဖုန်ကျွင်းတို့ အတူရှိနေခဲ့ကြပါတယ်၊အဲဒီလိုပဲ ကျွန်တော့် နောက်မှာ အလင်းနန်းတော်ရဲ့ ဖိနှိပ်မှုကို ခံခဲ့ရတဲ့ ကျင့်ကြံသူတွေနဲ့ သာမန်ပြည်သူတွေ အားလုံးက အတူတိုက်ခိုက်ခဲ့လို့ အခုလိုအောင်မြင်ခဲ့ခြင်း ဖြစ်ပါတယ်"
ကျိယွမ်သည် စိတ်အားထက်သန်စွာ ပြောဆိုပြီး တိုက်ပွဲကိုမဖော်ပြဘဲ အဓိက အကြောင်းအရာကို ပိုမိုနက်ရှိုင်းစေခဲ့သည်။
သို့သော်လည်း သူသည် အလွန်ဝမ်းနည်းနေသောကြောင့် သူ၏ အသံသည် အသုဘအိမ်မှ အငိုသန်သောချွေးမ၏အသံကဲ့သို့ အက်ကွဲနေ၏။
သူသည် ဗလာနတ္တိ ဖြစ်နေသော အလင်းနန်းတော်နေရာကို သံယောဇဥ်မပြတ်နိုင်သလို ထပ်မံ ကြည့်မိပြန်သည်။
"ဟီးဟီး... မင်းတို့ အရမ်း ရက်စက်လိုက်တာ၊ ငါ့အတွက် ဘာတစ်ခုမှ မချန်ထားခဲ့ဘူး။"
ပတ်ဝန်းကျင်ရှိလူတိုင်းသည် အချင်းချင်းကြည့်လိုက်ကြပြီး သူတို့၏နားလည်နိုင်စွမ်းကို စတင်မေးခွန်းထုတ်နေမိကြသည်။
သူကရူးနေတာလား။
ငါတို့က ဉာဏ်မမီတာလား။
ယနေ့တွင် သွေးဝတ်စုံဓားနတ်ဘုရားသည် အလင်းနန်းတော်ကို တစ်ဦးတည်း ဖျက်ဆီးပစ်ခဲ့သည်။
ထို့နောက် စိတ်အားထက်သန်သော မိန့်ခွန်းတစ်ခု ပြောကြားခဲ့၏။
တဖန် ပျက်စီးနေသောအသုဘမြေတွင် သုံးနာရီကြာ အော်ဟစ်ငိုကြွေးပြီးမှ ထွက်ခွာသွားသည်။
ဘာတွေလား။
ဟင်းလင်းပြင်နေရာလွတ်အတွင်း
မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို ဘယ်သူမျှ မသိခဲ့ကြပါ။
ထိုအချိန်တွင် လူတိုင်း၏အာရုံစူးစိုက်မှုသည် ကျဆင်းလာသော နေမင်းကြီးပေါ်တွင်သာ ရှိနေခဲ့သည် မဟုတ်ပါလား။
--------------