အခန်း (၅၄)
Vol. 6 Ch. 54
ယွမ်လော့ရီ ပို့စ်တင်ရန် ခလုတ်ကို နှိပ်လိုက်သည်နှင့် သူမ၏ အပ်ဒိတ်အသစ်က ဆိုရှယ်မီဒီယာတွင် ချက်ချင်းဆိုသကဲ့သို့ အရှိန်အဟုန် ပြင်းစွာ ပျံ့နှံ့သွားပြီး လူအများက ဝိုင်းအုံ၍ မှတ်ချက်များ ပေးလာကြသည်။
"အမလေး ယွမ်လော့ရီ အပ်ဒိတ်တစ်ခု တင်လိုက်ပြီ”
"တခြားသူတွေက ပြင်ထားတဲ့ ဓာတ်ပုံလှလှတွေ တင်ကြတာ ဒါပေမဲ့ သူကတော့ ကျောင်းသား မှတ်ပုံတင် ဓာတ်ပုံကို တင်လိုက်တယ် ဟားဟား အရမ်းချစ်စရာကောင်းတာပဲ”
"ဖျော်ဖြေရေး နယ်ပယ်မှာ ဘာမှ မပြင်ထားတဲ့ ကျောင်းသားကဒ် ဓာတ်ပုံကို တင်ရဲတဲ့ ဆယ်လီဆိုလို့ သူ တစ်ယောက်တည်း ရှိလောက်တယ်၊ ဒီကလေးမလေးက ငယ်ငယ်ကတည်းက ဟန်မဆောင်တတ်တာဘဲ"
မှတ်ချက် အရေအတွက်များက ဆက်လက် တိုးနေပြီး ပရိသတ်များကလည်း သူမ၏ အပ်ဒိတ်ကို တက်ကြွစွာ မျှဝေနေကြ၏။ ထို့ကြောင့် ပရိသတ်အသစ် များစွာကို ဆွဲဆောင်နိုင်လိုက်ပြီး သူမ၏ လွှမ်းမိုးမှုမှာ တိုးလာခဲ့သည်။
ယွမ်လော့ရီ၏ ယခင်က ပူပန်နေရသော စိတ်မှာ အေးချမ်းသွားလေ၏။
ပရိသတ်တွေနဲ့ အပြန်အလှန် ဆက်သွယ်ရတာ ဒီလောက် မခက်ခဲဘူးပဲ…
ယခုရက်ပိုင်းအတွင်း ရသစုံရှိုး အစီအစဥ်များ မရှိသော်လည်း ပရိုမိုးရှင်းနှင့် အပြန်အလှန် ဆက်သွယ်မှုများကို အားကိုးပြီး လွှမ်းမိုးမှု အမှတ် သုံးဆယ်ခန့် ရရှိနိုင်သည်။ ထိုရမှတ်များက အချိန်နောက်ပြန်ဆုတ်သည့် လုပ်ဆောင်ချက်ကို အသက်သွင်းရန် လုံလောက်သော ပမာဏ ဖြစ်၏။
အား...သူမ ပျောက်သွားပြီး နောက်ပိုင်း သူမရဲ့ အစ်ကိုကြီး ကောင်းကောင်း နေခဲ့ပါ့မလား။ သူက အရမ်း ပိန်ကျသွားခဲ့တာ၊ သူ့ကို ကောင်းကောင်းစားပြီး ကျန်းမာနေစေချင်တယ်။
ထိုအကြောင်းကို တွေးမိသောအခါ ယွမ်လော့ရီ၏ ရင်ထဲ၌ သံသယများ ဖြစ်လာခဲ့၏။ ဤ အချိန်နောက်ပြန်ဆုတ်ခြင်း လုပ်ဆောင်ချက်၏ သဘောသဘာဝကို သူမ သေချာ နားမလည်သေးချေ။
နောက်တစ်ခေါက်ကျရင်ရော ကိုကို့ဆီကို အချိန်နောက်ပြန်ဆုတ်ပြီး သွားနိုင်ပါ့မလား။
ဘာပဲဖြစ်ဖြစ် နောက်ပြန်ဆုတ်မယ့် နေရာနဲ့ အချိန်ကို ကြိုတင်ခန့်မှန်းလို့ မရဘူးလေ။
သူမ ပိုစဉ်းစားလေလေ၊ ပိုရှုပ်ထွေးလေလေ ဖြစ်လာသည်။
သူမ လက်နှစ်ဖက်ဖြင့် ပါးများကို အားရပါးရ ရိုက်လိုက်ပြီး သူမကိုယ်သူမ အားပေးကာ ဒီနေ့ကိုသာ အကောင်းဆုံး ရှင်သန်ရန် ဆုံးဖြတ်လိုက်၏။
အနာဂတ် ကိစ္စများကို အနာဂတ်မှာမှ ဖြေရှင်းရတော့မည်။ ယခုတော့ လျှို့ဝှက်ဆန်းကြယ်မှုများကို ဖြေရှင်းရန်မှာ သဲလွန်စများ နည်းနေသေးသည်။
ရေချိုးသန့်စင်ပြီးနောက် ယွမ်လော့ရီ အောက်ထပ်သို့ ဆင်း၍ သူမ၏ ကားငယ်လေးထဲ ဝင်လိုက်ပြီး Star Galaxy အလယ်တန်းကျောင်းသို့ ဦးတည်ခဲ့၏။
ကျောင်းတံခါးဝတွင် ကျောင်းသားကျောင်းသူများက ဝင်ထွက် သွားလာနေကြပြီး စကားပြောလျက် ရယ်ကာမောကာ လျှောက်သွားနေကြသည်။
ယွမ်လော့ရီ ကားပေါ်မှ ဆင်းလိုက်သောအခါ မထူးဆန်းသော်လည်း အော်ဟစ်သံများ ထပ်မံ ထွက်ပေါ်လာ၏။
"မြန်မြန်ကြည့် ယွမ်လော့ရီပဲ”
"ဝါး ညီမလေးလော့ရီ ဒီနေ့လည်း အရမ်းချစ်ဖို့ကောင်းတာပဲ”
"ဒီမနက်မှ သူ့ရဲ့ အပ်ဒိတ်ကို မြင်လိုက်ရတာ၊ လူကိုယ်တိုင် ဒီလောက် မြန်မြန် တွေ့ရမယ်လို့ မထင်ထားဘူး ကံကောင်းလိုက်တာ”
ယွမ်လော့ရီက အထဲသို့ လျင်မြန်စွာ ဝင်သွားပြီး သူမ၏ မြန်ဆန်သော ခြေလှမ်းများကြောင့် မည်သည့် ကျောင်းသူ ကျောင်းသားမှ သူမကို လိုက်မမီကြပေ။
သူမသာ ဖြည်းဖြည်းလေး လျှောက်ပါက မကြာခင် လူအုပ်ကြီးက သူမအား ဂုဏ်ပြုအစောင့်များကဲ့သို့ ဝန်းရံသွားကြပြီး မှန်ဘီလူးအောက်ရှိ လိပ်ပြာတစ်ကောင်အလား သူမ၏ လှုပ်ရှားမှုတိုင်းကို ကြည့်ကာ ဆွေးနွေးကြတော့မည်။
သူမ၏ ကျော်ကြားမှုမှာ အလွန် မြန်ဆန်လွန်းသဖြင့် သူမကိုယ်တိုင်ပင် ယခုအထိ ကျင့်သားမရသေးပေ။
ကျောင်းသို့ ဦးတည်သော ရှည်လျားသည့် ဆင်ခြေလျှော လျှောက်လမ်းပေါ်တွင် ယွမ်လော့ရီ ရင်းနှီးသော သူတစ်ယောက်ကို တွေ့လိုက်ရ၏။ ၎င်းမှာ စုရွှင်းပင်။ အတန်း၏ အလှပဂေး ဖြစ်သူ၊ ခိုးချသည်ဟု စုရွှင်းကို တိုင်တန်းခဲ့သူ ဟယ့်ရားမှ ဦးဆောင်သော မကောင်းသည့် ရည်ရွယ်ချက်ရှိသော မိန်းကလေး အုပ်စုက စုရွှင်းအား ပိတ်ဆို့ထားသည်။
မိန်းကလေးများမှာ မွေးရာပါ နိုင်ငံရေးသမားများ ဖြစ်၏။ သူတို့မှာ အသက်အရွယ်မရွေး အုပ်စုငယ်များ အလိုအလျောက် ဖွဲ့စည်းလေ့ရှိကာ၊ လူကြိုက်အများဆုံး မိန်းကလေးကမူ သူမ၏ အာဏာကို အသုံးပြု၍ လူကြိုက်နည်းသော သူများကို အနိုင်ကျင့်လေ့ ရှိသည်။
စုရွှင်းမှာ တစ်ချိန်က ကျောင်းဝင်းထဲ၌ အငြင်းပွားဖွယ် မရှိသော လူကြိုက်များသည့် ထိပ်တန်းဘုရင်မ တစ်ယောက် ဖြစ်ခဲ့သော်လည်း ခိုးချသည့် ဖြစ်စဉ် နောက်ပိုင်းတွင် သူမ၏ ဂုဏ်သိက္ခာမှာ ကျဆင်းသွားခဲ့ကာ ဟယ့်ရားနှင့်ပင် မယှဉ်နိုင်တော့ပေ။
ယခု စုရွှင်းမှာလည်း အနိုင်ကျင့်ခံရမည့် ပစ်မှတ်တစ်ခု ဖြစ်လာခဲ့၏။
ဟယ့်ရားသည် စုရွှင်းအား ခေါင်းအစ ခြေအဆုံး အကဲခတ်ကြည့်လိုက်ကာ သူမက ပိုလှကြောင်း အတည်ပြုပြီးနောက် ကျေနပ်စွာ ပြုံးလိုက်သည်။ ထို့နောက်
သူမ၏ ကျောပိုးအိတ်ကို ချွတ်၍ စုရွှင်းကို ကမ်းပေးလိုက်၏။
"နင်က အတန်း C ကို ပြောင်းလာပြီဆိုတော့ စည်းမျဥ်းတွေကို သင်သင့်တယ်၊ ဒီနေ့ကစပြီး ငါ့အိတ်ကို နင်သယ်ရမယ်"
စုရွှင်းက မျက်လုံးများကို ဒရာမာဆန်စွာ လှိမ့်လျက် ဟယ့်ရားထံမှ ရှောင်ကွင်း၍ ထွက်သွားရန် ကြိုးစားလိုက်သော်လည်း အခြား မိန်းကလေး နှစ်ယောက်၊ သုံးယောက်က သူမအား လျင်မြန်စွာ ဝန်းရံ၍ လမ်းပိတ်လိုက်ကြသည်။
"စုရွှင်း ကျေးဇူးမကန်းစမ်းပါနဲ့”
"ခိုးချလို့ အပြစ်ဒဏ်ခံရတဲ့ ကျောင်းသူတစ်ယောက်ကို ငါတို့က လက်ခံပေးတယ်ဆိုတာ ရက်ရောတာပဲ”
"နင် ငါတို့ ခိုင်းတာ မလုပ်ပေးဘူးဆိုရင် ငါတို့ နင့်ကို ဝိုင်းပယ်ထားရတော့မယ်"
စုရွှင်းက အေးစက်စွာ လှောင်ပြောင်လိုက်၏။
"နင်တို့က ငါ့ကို ဝိုင်းပယ်မယ် ဟုတ်လား"
ဟယ့်ရားက မာနကြီးစွာ ခေါင်းမော့၍ ပြောလာသည်။
"အေး”
စုရွှင်းက ပြန်လည်ချေပလိုက်၏။
"ငါ့ကို ဝိုင်းပယ်တာက ပျော်စရာလို့ရော နင်တို့ တွေးဖူးလား၊ နင်တို့လို ဦးနှောက်မပါတဲ့ မိန်းကလေးအုပ်စုနဲ့ ဘယ်သူက ပေါင်းချင်မှာလဲ"
ထိုစကားများမှာ ယွမ်လော့ရီ အပါအဝင် လူတိုင်းကို တုန်လှုပ်သွားစေသည်။
စုရွှင်းတစ်ယောက် အတန်း C သို့ ပြောင်းလာပြီးနောက် သူမကိုယ်သူမ လွှတ်ချလိုက်ပုံရ၏။ မိန်းမကောင်း တစ်ယောက်ကဲ့သို့ ဟန်ဆောင်နေခြင်း လုံးဝ မရှိတော့ပေ။
ဟယ့်ရား၏ မျက်နှာမှာ ဒေါသကြောင့် ရဲတက်သွားကာ ပြောလာသည်။
"နင့်ကို အရင်လို ကြိုက်တဲ့သူ ကာကွယ်ပေးတဲ့သူ မရှိတော့ဘူး ဘာလို့ ဒီလောက် မာနကြီးနေရတာလဲ၊ ငါ ယွမ်လော့ရီကို အနိုင်ယူပြီး အနာဂတ်မှာ ပထမနေရာကို ယူပြမယ်”
စုရွှင်းက သူမ၏ မျက်လုံးများကို အနောက်ဘက်သို့ ရောက်လုနီးပါး လှိမ့်ကာ ပြောလိုက်၏။
"စိတ်ကူးယဉ်မနေနဲ့၊ နင့်ရဲ့ အပြုအမူတွေနဲ့ ယွမ်လော့ရီနဲ့ စင်မြင့် တစ်ခုတည်းမှာ ပြိုင်ဖို့ ဘယ်လိုလုပ် အရည်အချင်း မီမှာလဲ"
ဟယ့်ရားတစ်ယောက် ဒေါသထွက်သွားပြီး မေးလာသည်။
"ဘာလို့ အရည်အချင်း မမီရမှာလဲ"
စုရွှင်းက လှောင်ပြောင်လိုက်၏။
"ဥပမာပေးရရင် ယွမ်လော့ရီက ကောင်းကင်မှာ ပျံသန်းနေတဲ့ ငှက်ဆိုရင် နင်က မြေကြီးပေါ်မှာ တွားသွားနေတဲ့ လောက်ကောင်ဘဲ၊ ငါတို့လည်း အသက် ၁၁ နှစ်ဘဲ ရှိနေပြီ အိပ်မက်မက်မနေဘဲ ကိုယ့်ကိုယ်ကိုယ် ရှင်းရှင်းလင်းလင်း သိဖို့ လိုတယ်"
ဟယ့်ရား၏ မျက်နှာကမူ ဒေါသကြောင့် နီရဲနေပြီပင်။
"နင်ကများ ငါ့ကို ဒီလို ပြောရဲသေးတယ် ဟယ့်မိသားစုက နာမည်ကြီး မျိုးနွယ်စု မဟုတ်ရင်တောင် ငါက ပါရမီရှိပြီး လှပတဲ့ သခင်မလေးပဲ ငါက ယွမ်လော့ရီထက် ဘာတွေများ ဆိုးနေလို့လဲ၊ ငါ့မိသားစုက အနာဂတ်မှာ ယွမ်မိသားစုထက်တောင် ပိုပြီး အစွမ်းထက်လာနိုင်သေးတယ်”
စုရွှင်းက လက်နှစ်ဖက်ကို ဖြန့်ပြီး သက်ပြင်းချ၍ ခေါင်းခါလိုက်ကာ ဟယ့်ရားကို သနားစိတ် အပြည့်ဖြင့် ကြည့်နေလေသည်။
ဟူးးး ကောင်းပြီ...ဥာဏ်မမှီတဲ့ သူတွေကို ဂရုစိုက်ရမယ့် တာဝန်က လူတိုင်းမှာ ရှိပါတယ်လေ။ ဒေါသထွက်စရာ မလိုဘူး။ စိတ်ကို တည်တည်ငြိမ်ငြိမ် ထားပြီး သူတို့နဲ့ အသေးအမွှား ကိစ္စလေးတွေကို လိုက်ငြင်းခုံမနေဖို့ လိုတယ်။
စုရွှင်း ထွက်သွားရန် ကြိုးစားလိုက်သော်လည်း မိန်းကလေးများက ပို၍ ဝန်းရံလာပြီး သူမအား လမ်းပိတ်ထားကြ၏။ အရိုင်းအစိုင်း စိတ်ဓာတ်ရှိသည့် မိန်းကလေးများက စုရွှင်း၏ ဆံပင်ကို တမင် ဆွဲလိုက်ရာ သူမ နာကျင်သွားရသည်။ စုရွှင်းတစ်ယောက် ဒေါသထွက်သော်လည်း လူအင်အားမှာ ဘက်မမျှပေ။
ယွမ်လော့ရီက ဘေးမှ ပေါ့ပေါ့ပါးပါး ဖြတ်လျှောက်သွားရင်း ချောင်းဟန့်လိုက်၏။
"အဟမ်း အဟမ်း"
ထိုချောင်းဆိုးသံ နှစ်သံကြောင့် အတန်းC မှ မိန်းကလေးများက လန့်ဖျပ်သွားကြပြီး ယွမ်လော့ရီကို မြင်လိုက်သည်နှင့် ချက်ချင်း တောင့်တင်းသွားကာ ကြောက်လန့်နေဟန်ရသည်။
ဟယ့်ရားက ထစ်ငေါ့စွာ ပြောလာ၏။
"မ-မင်္ဂလာနံနက်ခင်းပါ ယွမ်လော့ရီ"
ယွမ်လော့ရီက ခေါင်းညိတ်လျက် အေးစက်စွာ ပြန်ပြောလိုက်သည်။
"အင်း"
ဟယ့်ရားတစ်ယောက် ပျာယာခတ်သွား၏။ သူမမှာ စကားကြီး စကားကျယ် ပြောရခြင်းကို နှစ်သက်သော်လည်း တကယ်တမ်း ယွမ်လော့ရီနှင့် ရင်ဆိုင်ရသည့်အခါ အနည်းငယ် ကြောက်ရွံ့နေဆဲပင်။
စုရွှင်းလည်း ယွမ်လော့ရီကို သတိထားမိလိုက်ပြီး သူမ လာကူညီခြင်း ဖြစ်ကြောင်းကို ချက်ချင်း သိလိုက်သည်။ ယင်းမှာ စုရွှင်းအား အကြီးအကျယ် ဒေါသထွက်စေခဲ့ပြီး သူမ၏ မာနက ဤအကူအညီကို လက်မခံနိုင်ခဲ့ပေ။
စုရွှင်းက သူမကို ပိတ်ဆို့ထားသော ဟယ့်ရားအား တွန်းဖယ်ကာ ယွမ်လော့ရီထံ လျှောက်လာပြီး မေးလိုက်၏။
"နင် ဒီမှာ ဘာလုပ်နေတာလဲ"
ယွမ်လော့ရီက ပြန်ပြောလာသည်။
"ဒီတိုင်း ဖြတ်သွား ဖြတ်လာပါပဲ”
စုရွှင်းက ထပ်ပြောလာ၏။
"ဖြတ်သွားဖြတ်လာလား ဟွန့် ဒါနဲ့ နင်ပြောတာ မှန်တယ်၊ မိန်းမကောင်းလို ဟန်ဆောင်နေတာက တကယ် ပင်ပန်းတယ် ငါ အခု ပိုပျော်နေတယ်၊ ယှဉ်ပြိုင်ဖို့ အရည်အချင်းလည်း ပြည့်မီနေတုန်းပဲ၊ နောက်တစ်ခေါက်ကျရင် နင့်ကို အနိုင်ယူပစ်မှာ”
စုရွှင်းက လျင်မြန်စွာ လျှောက်သွားပြီး ယွမ်လော့ရီ၏ ပခုံးကို တိုက်ကာ သူမအား စူးရှသော မျက်စောင်းတစ်ချက် ထိုးသွားသည်။
ဟယ့်ရားက လုံးဝ ထိတ်လန့်သွား၏။
နူးညံ့သိမ်မွေ့သော စုရွှင်းက ရုတ်တရက် ခက်ထန်၍ အဆိပ်ပြင်းလာခြင်းမှာ သူမ လက်ခံနိုင်ရန် ခဲယဥ်းသော အရာ ဖြစ်သည်။ ပို၍ လက်ခံရ ခက်ခဲသည်မှာ စုရွှင်း၌ ရန်စသော အပြုအမူများ ရှိနေပြီး ယွမ်လော့ရီအား ပြိုင်ဘက်တစ်ယောက် အဖြစ်သာ ဆက်လက် မြင်နေခြင်းပင်။
ထိုအုပ်စုငယ်ထဲတွင် ကျစ်ဆံမြီး ကျစ်ထားသော မိန်းကလေး တစ်ယောက်က ယွမ်လော့ရီကို ကြည့်နေပြီး သူမ၏ မျက်လုံးများမှာ တောက်ပနေကာ အလွန် ပျော်ရွှင်နေပုံ ပေါ်၏။
ဟယ့်ရားက ပို၍ပင် ဒေါသထွက်လာသည်။ သူမ၏ ကျောပိုးအိတ်ကို ထိုမိန်းကလေးထံသို့ ကြမ်းတမ်းစွာ ပစ်ပေးပြီး ပြောလိုက်၏။
"လီရှင်း ဒီနေ့ ငါ့အိတ်ကို နင်သယ်ရမယ်”
လီရှင်းက အလန့်တကြားဖြင့် ဖမ်းလိုက်သော်လည်း အိတ်မှာ မြေပြင်ပေါ်သို့ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။
ဟယ့်ရားက သတိပေးလာ၏။
"သတိထားကိုင်စမ်း ဒီအိတ်က တန်ဖိုးကြီးတယ်၊ နင့်မိဘတွေတောင် ငါ့ကို ပြန်လျော်ပေးနိုင်မှာ မဟုတ်ဘူး"
လီရှင်းက တိတ်ဆိတ်စွာ ခေါင်းငုံ့နေခဲ့သည်။
ယွမ်လော့ရီ ထိုကောင်မလေးကို မှတ်မိ၏။ ယခင် ဘတ်စ်ကား စီးစဉ်က ကျောင်းသူကျောင်းသားများ အားလုံး သူမအား ကြောက်ရွံ့နေကြချိန်တွင် လီရှင်း တစ်ယောက်တည်းသာ သူမကို နှုတ်ဆက်ခဲ့ဖူးပြီး မမျှော်လင့်ဘဲ သူမအား တစ်ကြိမ် ဦးညွှတ်ခဲ့ဖူးသည်။
ယွမ်လော့ရီက လီရှင်း၏ လက်ထဲမှ အိတ်ကို ယူလိုက်ပြီး ဟယ့်ရားအား ပြန်ပေးလိုက်၏။
"ဒီလောက် တန်ဖိုးရှိရင် ကိုယ့်ဘာသာသယ်လေ”
ဟယ့်ရားတစ်ယောက် တောင့်တင်းသွားပြီး အသိစိတ် ပြန်ဝင်လာရန် စက္ကန့် အနည်းငယ် ကြာသွားသည်။ သူမ ယွမ်လော့ရီအား ငြင်းဆန်၍ မရနိုင်သောကြောင့် အိတ်ကို တွန့်ဆုတ်စွာ ယူပြီး ပခုံးပေါ် လွှဲတင်ကာ ကြောင်တောင်တောင်နိုင်စွာ ရယ်မောလိုက်၏။
ထို့နောက် မိန်းကလေးအုပ်စုအား ပြောလိုက်သည်။
"သွားကြမယ်”
ထိုအုပ်စုမှာ ယွမ်လော့ရီ သူတို့အား ပြဿနာရှာမည်ကို အလွန် ကြောက်၍ အလျင်အမြန် ထွက်သွားကြ၏။
လီရှင်းက ကျန်ခဲ့ပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလာသည်။
"ကူညီပေးလို့ ကျေးဇူးတင်ပါတယ် နင်က တကယ် ငါ့ရဲ့ အစောင့်အရှောက် နတ်သမီးလေးပဲ၊ အမြဲတမ်း ကာကွယ်ပေးနေတာ”
ယွမ်လော့ရီက စိတ်ရှုပ်ထွေးစွာနှင့် ခေါင်းစောင်းလိုက်၏။
"ဟင်"