အခန်း (၅၅)
Vol. 6 Ch. 55
ယွမ်လော့ရီက ကန်တင်းသို့ သွားပြီး မနက်စာအတွက် လက်ဖက်ရည် မှာကာ တိတ်ဆိတ်စွာ စားသောက်နေသည်။ ညက ဖြစ်ရပ်များကြောင့် သူမ အင်အား များစွာ ကုန်ခမ်းခဲ့ရသဖြင့် မနက်စာ မစားဘဲ မနေနိုင်ချေ။
လီရှင်းမှာ သူမနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေပြီး စိတ်လှုပ်ရှားကာ ပျော်ရွှင်နေပုံ ပေါ်၏။
"ငါက သာမန်ကျောင်းသူ တစ်ယောက်ပါ၊ မိဘတွေက သာမန် လူတန်းစားတွေမို့လို့ အတန်းထဲမှာ အဆင့်အတန်း နိမ့်တယ် ဆိုပြီးတော့ အထူးခွင့်ပြုချက်နဲ့ ဝင်လာတဲ့သူတွေဆီကနေ ခဏခဏ အနိုင်ကျင့်တာကို ခံရတယ်"
"ဒါပေမဲ့ ငါ့ကို လူတွေ ဝိုင်းထားတိုင်း နင်ရောက်လာပြီး သူတို့ အားလုံးကို ထွက်ပြေးစေခဲ့တယ်”
"လွန်ခဲ့တဲ့ ရက်ပိုင်းကအထိ မာမိန်က ငါ့ကို အမြဲတမ်းလိုလို ပြဿနာ ရှာနေခဲ့တာ၊ ငါ ကျောင်းတောင် မလာချင်လောက်အောင်အထိ အနိုင်ကျင့်ခံခဲ့ရတယ်၊ အဲဒီနောက် နင်ဝင်ပါလာပြီး မာမိန်လည်း ကျောင်းထုတ်ခံလိုက်ရတော့ ငါ လွတ်လပ်သွားခဲ့တယ်၊ သူ့အတွက် အလုပ်လုပ်ပေးရတာတွေ သူလှောင်ပြောင်တာတွေကို မခံရတော့ဘူး”
"ဒီနေ့လည်း ဟယ့်ရား ငါ့ကို အနိုင်ကျင့်နေတုန်း နင် ရုတ်တရက် ရောက်လာခဲ့တယ်၊ နတ်သမီးလေးလိုပဲ နူးညံ့ပေမဲ့ အစွမ်းထက်တယ် ပြီးတော့ အရမ်းလည်း ဆွဲဆောင်မှုရှိတယ်”
လီရှင်းက ကျေးဇူးတင်စိတ် အပြည့်ပါသော မျက်လုံးများနှင့် ယွမ်လော့ရီကို တောက်ပစွာ ကြည့်လာသည်။
“အခု ငါ သေချာသွားပြီ နင်က ငါ့ရဲ့ နတ်သမီးလေးပဲ၊ နင့်ကို ကျေးဇူးဆပ်ဖို့ ငါ ဘာလုပ်ပေးရမလဲဟင်”
ယွမ်လော့ရီ ပေါင်မုန့်များကို အေးအေးဆေးဆေး စားနေသည်။ ဤသည်မှာ သူမကို အတန်း C မှ ကျောင်းသူ တစ်ယောက်က ‘နူးညံ့သည်’ ဟု ပထမဆုံး အကြိမ် ဖော်ပြခြင်း ဖြစ်ပြီး လူအများစုမှာ သူမအား ထိတ်လန့်စရာကောင်းသည်ဟု ထင်ကြ၏။
သို့သော် လီရှင်း ပြောပြသော အကူအညီများမှာ သူမ၏ ရည်ရွယ်ချက်ထဲတွင် မပါခဲ့သော်လည်း လီရှင်းမှာမူ ၎င်းကို "သူရဲကောင်းဆန်သော ကယ်ဆယ်မှု" အဖြစ် အဓိပ္ပာယ် ဖွင့်ဆိုခဲ့သည်။
ယွမ်လော့ရီက ပြောလိုက်၏။
"ကျေးဇူးဆပ်ဖို့ မလိုပါဘူး"
လီရှင်း ရုတ်တရက် စိတ်ပျက်သွားလေသည်။
"မလိုဘူးလား၊ အင်း...ဖြစ်နိုင်ပါတယ် ဘာပဲဖြစ်ဖြစ် ငါ့မှာ ပေးစရာ ဘာမှလည်း မရှိပါဘူးလေ"
ယွမ်လော့ရီက လီရှင်း၏ ကျောပိုးအိတ်တွင် ချိတ်ထားသော သစ်သားသော့ချိတ် တစ်ခုကို သတိထားမိလိုက်၏။ ၎င်းတွင် "ယွမ်လော့ရီ" ဟူသော စာလုံးကို ထွင်းထားပြီး အသည်းပုံလေး များစွာနှင့် ဝန်းရံထားလေသည်။
ယွမ်လော့ရီ ထိုအရာကို လက်ညှိုးထိုးပြပြီး မေးလိုက်၏။
"အဲဒါ ဘာလဲ"
လီရှင်း၏ မျက်နှာမှာ အနည်းငယ် နီရဲသွားတော့သည်။
"ဟားဟား ကံကောင်းစေတဲ့ အဆောင်လက်ဖွဲ့လေးပါ"
သူမ သော့ချိတ်ကို အလျင်အမြန် ဖုံးရန် ကြိုးစားလိုက်သော်လည်း သူမ၏ လှုပ်ရှားမှုများမှာ ဖရိုဖရဲ ဖြစ်ကုန်ပြီး ကျောပိုးအိတ်၏ ဇစ်အား ဆွဲမိကာ အိတ်ပွင့်သွား၍ ပစ္စည်းများကို ထွက်ကျသွားစေခဲ့၏။
စာအုပ်များနှင့် စာရေးကိရိယာများအပြင် ယွမ်လော့ရီ၏ ဓာတ်ပုံပါသော ပန်ကာ သေးသေးလေး၊ ရေဘူးနှင့် ယွမ်လော့ရီ၏ ပုံတူရုပ်သေးလေးပင် ပါသေးသည်။
လေထုမှာ ခဏတာမျှ အေးခဲသွားပုံရ၏။
ယွမ်လော့ရီ တိတ်ဆိတ်စွာနှင့် နောက်သို့ အနည်းငယ် ဆုတ်လိုက်သည်။
မဟုတ်သေးဘူး၊ သူမ ရူးသွပ်နေတဲ့ ပရိသတ် တစ်ယောက်နဲ့ ကြုံလိုက်ရပြီ။
လီရှင်းက အသံကျယ်ကျယ်ဖြင့် ပြောလာ၏။
“နင်ထင်သလို ငါက ထူးဆန်းတဲ့သူ မဟုတ်ပါဘူး၊ ကာကွယ်ပေးတဲ့ စွမ်းအင်တွေ အားကောင်းလာအောင် ဒီပစ္စည်းတွေ အားလုံးကို ငါကိုယ်တိုင် လုပ်ထားတာပါ”
ယွမ်လော့ရီ ပေါင်မုန့်အား အမြန်ဆုံး စားလိုက်ပြီး ကျောပိုးအိတ်ကို လွယ်ကာ ထွက်သွားရန် ပြင်လိုက်သည်။
လီရှင်းက ယွမ်လော့ရီကို တားလိုက်ကာ စိတ်ထဲ၌ ခဏတာ တိုက်ပွဲဝင်ပြီးနောက် ရိုးသားရန်သာ ဆုံးဖြတ်လိုက်၏။
"ကောင်းပြီ ငါဝန်ခံတယ် ငါက နင့်ရဲ့ ပရိသတ်ပဲ၊ ငါ့ကို အထင်မသေးပါနဲ့နော်”
ယွမ်လော့ရီ ပစ္စည်းများကို ကြည့်လိုက်ရာ အားလုံးကို လှပသေသပ်စွာ ပြုလုပ်ထား၍ လီရှင်းမှာ အတော် ကျွမ်းကျင်သည်ဟု သူမ ခံစားလိုက်ရသည်။
ထိုစဉ် ရဲရင့်သော အကြံတစ်ခု ထွက်ပေါ်လာခဲ့၏။
ယွမ်လော့ရီ: “နင်က ငါ့ပရိသတ်ဆိုရင် ငါ့ကို ပရိုမိုးရှင်းလုပ်တာမှာ ဘယ်လို ကူညီရမယ်ဆိုတာ သိမှာပဲ”
လီရှင်းမှာ ယွမ်လော့ရီက သူမနှင့် စကားပြောရန် ဆန္ဒရှိသောကြောင့် ပျော်ရွှင်နေပြီး ဖုန်းကို ထုတ်ကာ ယွမ်လော့ရီကို ပြလိုက်သည်။
“ဒါပေါ့ ငါ ညဉ့်နက်တဲ့အထိ နင့်ရဲ့ ဓာတ်ပုံတွေကို ရှာပြီး ဗီဒီယိုတွေ လုပ်ထားတာ၊ ကြည့်ပါဦး ဒီဟာကို ငါ တည်းဖြတ်ထားတာလေ ကြည့်ရှုသူ အယောက် ၈၀၀,၀၀၀တောင် ရှိတယ်”
ထို့နောက် သူမ ရုတ်တရက် စိတ်မကောင်း ဖြစ်သွားကာ မေးလိုက်၏။
"ဒါပေမဲ့ နင် ဘာလို့ အသစ်တွေ ခဏခဏ မတင်တာလဲ၊ ငါ့မှာ ဗီဒီယို လုပ်ဖို့ ကုန်ကြမ်းအသစ်တွေ မရှိတော့ဘူး”
ထိုအခါ ယွမ်လော့ရီက မေးလိုက်သည်။
"ဒါဆို နင် ငါ့အိမ်ကို လိုက်ခဲ့မလား၊ အဲဒီမှာ ကုန်ကြမ်းတွေ အများကြီး ရှာတွေ့နိုင်လောက်မယ် ထင်တယ်"
ထိုစကားကြောင့် လီရှင်းမှာ တုန်လှုပ်သွားပြီး စိတ်လှုပ်ရှားမှုများကြောင့် တုန်ယင်နေ၏။
"တကယ်လား တကယ် လိုက်ခဲ့လို့ ရလား"
ယွမ်လော့ရီက ပြောလိုက်သည်။
"အင်း ရတယ်"
ထို့ကြောင့် နေ့လယ် ကျောင်းဆင်းပြီးနောက် လီရှင်းမှာ အိပ်မက်မက်နေသကဲ့သို့ ယွမ်မိသားစု၏ ကားငယ်လေးထဲသို့ တုန်ယင်စွာ ဝင်လိုက်၏။ သူမ သဘောကျရသော သူနှင့် စကားပြောခွင့်ရသည့်အပြင် ယခု ထိုသူ၏ အိမ်ကိုပါ သွားရတော့မည်ပင်။
သူတို့ ကားပေါ်မှ ဆင်းပြီးသော် လီရှင်းက ကြီးကျယ်ခမ်းနားသော ယွမ်အိမ်တော်အား ငေးမော၍ အကြိမ်ကြိမ် ချီးကျူးနေတော့သည်။
"ဘုရားရေ အထဲမှာ ရေကန်တောင် ရှိတယ်”
"ဥယျာဉ်ကြီးက ဒီလောက်တောင် ကြီးတယ်! အရမ်းလည်း လှပြီး စိမ်းလန်း စိုပြေနေတာ၊ တကယ်ကို နတ်သမီးတွေ နေတဲ့ နေရာပဲ”
"ဝိုး အိမ်တော်ထိန်းတွေ အိမ်ဖော်တွေကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ၊ သူတို့ရဲ့ ယူနီဖောင်းတွေကလည်း အရမ်းလှတာပဲ”
လီရှင်းမှာ ကျယ်ပြောလှသော ယွမ်မိသားစု၏ အိမ်ခြံဝင်းထဲတွင် လမ်းပျောက်မည်ကို ကြောက်သဖြင့် ယွမ်လော့ရီ၏ အနောက်မှ သတိထားပြီး လိုက်သွားလေ၏။
အိမ်ထဲသို့ ရောက်သောအခါ ယွမ်လော့ရီ မမျှော်လင့်ဘဲ သူမ၏ ဒုတိယအစ်ကို ယွမ်ဖာ့နှင့် တွေ့လိုက်ရသည်။ သူ၏ လက်ထဲတွင် အိတ်အသေးလေး တစ်လုံးကို ကိုင်ထားပြီး အပြင်ထွက်တော့မည့်ပုံပင်။
ယွမ်ဖာ့က လီရှင်းကို ကြည့်လိုက်ပြီးမှ ယွမ်လော့ရီအား ကြည့်၍ စိတ်ဝင်စားစွာဖြင့် ပြောလာ၏။
"ညီမလေး သူငယ်ချင်း တစ်ယောက်ကို အိမ်ခေါ်လာတာ ဒါပထမဆုံးပဲ"
ယွမ်လော့ရီက ပြောလိုက်သည်။
"ဟုတ်တယ်၊ သူ့နာမည်က လီရှင်း အတန်း C ကလေ၊ သမီးတို့ ဓာတ်ပုံ နည်းနည်း ရိုက်ပြီးတော့ သူက ပရိုမိုးရှင်းလုပ်ဖို့ ကူညီပေးမှာ"
လီရှင်း စိတ်လှုပ်ရှားစွာနှင့် ယွမ်ဖာ့ကို နှုတ်ဆက်လိုက်၏။
"မင်္ဂလာပါ"
ယွမ်ဖာ့က သူမအား ခေါင်းညိတ်ပြကာ ပြန်နှုတ်ဆက်လာသည်။
"မင်္ဂလာပါ"
ယွမ်လော့ရီက အိတ်အသေးထဲမှ ပုံမှန်မဟုတ်သော ဖောင်းနေမှုကို သတိထားမိသွားပြီး မေးလိုက်၏။
"ကိုကို သမီးရဲ့ မုန့်တွေကို ခိုးပြန်ပြီ မလား၊ ကိုကို့အိတ်က ပုံမှန် မဟုတ်ဘဲ ဖောင်းနေတယ်နော်”
ယွမ်ဖာ့က ခြေလှမ်းရှည်များဖြင့် လှည့်ထွက်သွားပြီး ယွမ်လော့ရီ သူ့အား လိုက်ဖမ်းမည်ကို ကြောက်၍ ရွှင်ပျစွာ ပြောလိုက်သည်။
"သွားပြီနော် ကိုကိုရဲ့ ချစ်ညီမလေး"
ယွမ်လော့ရီ သက်ပြင်း အရှည်ကြီး ချလိုက်မိ၏။
ငါ့ရဲ့ "အစားအစာ သိုလှောင်ရုံကြီး” ထပ် ဖောက်ထွင်းခံလိုက်ရပြန်ပြီ။ ဖောင်းနေတာကို ကြည့်ရရင် ပူတင်း ခိုးသွားတာပဲ ဖြစ်ရမယ်။
သူမ၏ ဒုတိယအစ်ကိုမှာ တကယ်ပင် ပါးနပ်လွန်းသည်။ သူမ မည်သို့ပင် တားဆီးရန် ကြိုးစားစေကာမူ သူမ၏ မုန့်များအား အမြဲတမ်း ခိုးယူနိုင်ခဲ့၏။
ဒီလိုဆိုရင် နောက်တစ်ခါ မေမေယွမ်ရဲ့ အခန်းထဲမှာပဲ ဝှက်ထားရတော့မယ်။ ကိုကိုယွမ်ဖာ့ ဘယ်လောက်ပဲ ရဲတင်းပါစေ၊ မေမေယွမ်ကိုတော့ မစရဲလောက်ဘူး။
"ကြောက်မက်ဖွယ် ကျားတစ်ကောင်ပင် သူ၏ သားငယ်များကို မစားပေ" ဟူသော စကားမှာ ယွမ်မိသားစုအတွက် မဟုတ်ချေ။
တစ်ချိန်တည်းမှာပင် လီရှင်းက အလွန် အားကျနေခဲ့သည်။ ယွမ်ညီအစ်ကို ငါးယောက်၏ ဂုဏ်သတင်းမှာ လူသိများပြီး ယနေ့ သူမ လူကိုယ်တိုင် တွေ့ခဲ့ရပြီပင်။ သူတို့၏ ဂုဏ်သတင်းမှာ ထိုက်တန်လှပြီး ရုပ်ရည်၊ ဉာဏ်ရည်နှင့် ကိုယ်ရည်ကိုယ်သွေး အားလုံးတွင် အလွန် မြင့်မားကြ၏။
ထိုစဉ် ယွမ်လော့ရီက ပြောလာ၏။
"ငါ့အခန်းထဲကို သွားကြရအောင်”
လီရှင်းတစ်ယောက် ယွမ်လော့ရီ၏ အနောက်မှ လိုက်သွားပြီး ယွမ်အိမ်တော်၏ စင်္ကြံလမ်း အရှည်ကြီးများကို ဖြတ်၍ နောက်ဆုံး၌ ယွမ်လော့ရီ၏ အခန်းထဲသို့ ရောက်သွားခဲ့သည်။
သူမ ဖုန်းကို ထုတ်၍ ယွမ်လော့ရီ၏ လှပမှုကို မြင်ကွင်း အမျိုးမျိုးဖြင့် အကောင်းဆုံး ရိုက်ကူးခဲ့ပြီး သူမ၏ ရင်ထဲရှိ ခံစားချက်များမှာလည်း ဓာတ်ပုံများကဲ့သို့ လှပနေ၏။
ပရိသတ် တစ်ယောက် အနေနှင့် သူမ သဘောကျရသော idol၏ အိမ်သို့ သွားခွင့်ရပြီး သူမကို ကူညီခွင့်ရခြင်းမှာ အမှန်တကယ် ကောင်းချီး အပေးခံရခြင်း ဖြစ်သည်။
ထိုညတွင် လီရှင်းမှာ အိမ်ပြန်ရောက်သောအခါ ညဥ့်နက်သည်အထိ တည်းဖြတ်နေပြီး စိတ်ကူးစိတ်သန်းများ တဖွားဖွား ထွက်ပေါ်နေသဖြင့် ဗီဒီယိုများ တစ်ပုဒ်ပြီး တစ်ပုဒ် လုပ်နေခဲ့၏။
ယွမ်လော့ရီက အလွန် ပြီးပြည့်စုံကာ ကြင်နာတတ်ပြီး ပေါင်းသင်းရ လွယ်ကူသောသူပင်။
ယွမ်လော့ရီ၏ ပရိသတ် ဖြစ်ရသည်မှာ ကံကောင်းခြင်း တစ်ခုဟု လီရှင်း ယုံကြည်၏။ သူမ၏ ချစ်ခင်လေးစားမှုများမှာ ဘယ်တော့မှ ပြိုလဲသွားမည် မဟုတ်ပေ။
မကြာမီ ဗီဒီယိုများ တင်ပြီးသောအခါ ယွမ်လော့ရီတစ်ယောက် ကြည့်ရန် သူမ၏ အကောင့်ထဲသို့ ဝင်လိုက်သည်။
ကြည့်ရှုသူ အရေအတွက်က ဆက်လက် တိုးနေပြီး ယွမ်လော့ရီ၏ ပရိသတ် အင်အားမှာလည်း များလာကာ မျှော်လင့်ထားသည်ထက်ပင် ပိုကောင်းနေ၏။
လူသစ် များစွာမှာ သူမ၏ အကောင့်သို့ အစုလိုက် အပြုံလိုက် ရောက်လာကြသည်။
“ငါ ဗီဒီယိုတွေ ကြည့်ပြီး ရောက်လာခဲ့တာ၊ ညီမလေးလော့ရီက တကယ် အရမ်းချစ်စရာကောင်းတာပဲ”
"သူကြောင့် ငါ Star Galaxy အလယ်တန်းကျောင်းရဲ့ ရသစုံရှိုးတွေကို အထူးတလည် သွားကြည့်ခဲ့တာ၊ သူက ဒီလောက် အထင်ကြီးစရာ ကောင်းမှန်း မသိခဲ့ဘူး တကယ် လေးစားပါတယ်”
"ငါတော့ ချစ်မိသွားပြီ ချစ်မိသွားပြီ၊ ဒီနေ့ကစပြီး ပရိသတ် လုပ်တော့မယ်”
ယွမ်လော့ရီ စနစ်ကို စစ်ဆေးလိုက်ချိန်တွင် သူမ၏ လက်ရှိ လွှမ်းမိုးမှုမှာ ၁၇၃ ရှိနေပြီး အချိန်ခရီးသွားနိုင်စွမ်းကို ဖွင့်ရန် ၁၇မှတ်သာ လိုတော့သည်။
ဤနှုန်းအတိုင်းသာ ပရိသတ်များ ထပ်တိုးလာပါက နောက်သုံးလေးရက် အတွင်း စွမ်းရည်ကို ဖွင့်နိုင်တော့မည်။
ယွမ်လော့ရီ ဖုန်းကို ချလိုက်ပြီး အိပ်ရာပေါ်တွင် လဲလျောင်းကာ အနာဂတ်ကမ္ဘာအကြောင်း တွေးနေမိ၏။ ထိုနေရာတွင် ၁၈နှစ်အရွယ် ယွမ်လော့ရီမှာ သေဆုံးသွားခဲ့ပြီး သူမ၏ အစ်ကိုငါးယောက်လုံးက လက်စားချေသည့် လမ်းကို လျှောက်လှမ်းခဲ့ကြကာ လူသတ်မှုများအား အဆက်မပြတ် ကျူးလွန်ခဲ့ကြသည်။
မကြာမီ သူမ ထိုနေရာသို့ နောက်တစ်ကြိမ် ထပ်မံ ခရီးသွားရတော့မည်။