အခန်း (၅၆)
Vol. 6 Ch. 56
သူမ၏ လွှမ်းမိုးမှု မြင့်တက်လာမည့် အချိန်ကို စောင့်ရခြင်းက ငြီးငွေ့ဖွယ် ကောင်းသဖြင့် ယွမ်လော့ရီမှာ နောက်ရက်အနည်းငယ်တွင် ပျင်းရိငြီးငွေ့သော ဘဝကို ဖြတ်သန်းနေခဲ့ရလေသည်။
အတန်း D ၌ တာဝန်ခံသူ တစ်ယောက်မျှ မရှိသည့်အပြင် ကျောင်းအုပ်ကြီး မိန့်ကြားခဲ့သည်နှင့်အညီ ထိုခန့်ညားသော အတန်းပိုင်ဆရာကိုလည်း ယွမ်လော့ရီ မတွေ့ရသေးချေ။ အတန်း D မှာ ကျောင်းသားများကို တဖြည်းဖြည်း ပျင်းရိလာစေ၏။
ယခင်က ယွမ်လော့ရီမှာ အွန်လိုင်း အတန်းများတွင် နားထောင်ဟန် ဆောင်ခဲ့သော်လည်း ယခုအခါ၌မူ ယွိဟွားကဲ့သို့ပင် အတန်းထဲသို့ ဝင်လိုက်သည်နှင့် ဖုန်းကစားခြင်း သို့မဟုတ် စားပွဲပေါ်၌ အိပ်ခြင်းကိုသာ လုပ်တော့သည်။
နေ့လယ် ကျောင်းဆင်းပြီးနောက် ယွမ်လော့ရီ သူမ၏ ပရိသတ်များကို ကျွမ်းကျင်စွာ ရှောင်ရှားနိုင်ခဲ့၏။
လီရှင်း၏ ပရိုမိုးရှင်း ဗီဒီယိုကြောင့် လူအများအပြားမှာ ယွမ်လော့ရီ၏ အခြားတစ်ဖက်ကို မြင်တွေ့ခဲ့ကြရသည်။
အိုးး သီးသန့်နေတတ်တဲ့ ယွမ်အိမ်တော်ရဲ့ အမွေခံလေးကလည်း သူ့ရဲ့ ပရိသတ်တွေနဲ့ ရင်းနှီးနိုင်သေးတာလား။ သူမက ဓာတ်ပုံရိုက်ကူးရေးအတွက် ပရိသတ်တချို့ကို အိမ်ကိုတောင် ဖိတ်ခဲ့သေးတယ်။
ပရိသတ် များစွာမှာ ပိုမို ရဲတင်းလာကြပြီး ယခင်က ယွမ်လော့ရီကို ၁၀မီတာ အကွာအဝေးမှ နောက်ယောင်ခံလေ့ရှိရာမှ ယခုအခါ ၈မီတာအကွာမှ လိုက်နေကြလေသည်။
အိမ်သို့ ပြန်ရောက်သည်နှင့် ယွမ်လော့ရီမှာ သူမ၏ “မုန့်များ ထားသိုရာ သိုလှောင်ရုံ” ကို ဒုတိယအစ်ကို ယွမ်ဖာ့ မခိုးယူနိုင်စေရန် ဘေးကင်းသော နေရာသို့ ရွှေ့လိုက်၏။
တစ်ချိန်က ယွမ်ဖာ့တစ်ယောက် ဤသို့ ပြောခဲ့ဖူးသည်။
"အံ့ဩစရာပဲ၊ ခိုးစားရတဲ့ အစားအစာက ဝယ်စားရတာထက် အများကြီး ပိုအရသာရှိတယ်”
ယွမ်ဖာ့၏ ကိုယ်ကျင့်တရား တန်ဖိုးမှာ အမြဲတမ်း သုညပင်။ မည်သို့ပင် ဖြစ်စေကာမူ သူက ဘယ်သောအခါမှ ဆင်ခြင်သုံးသပ်ခြင်း သို့မဟုတ် သူ့ကိုယ်သူ ပြောင်းလဲခြင်းများ မရှိခဲ့ပေ။ ယွမ်လော့ရီမှာ သူ၏ ကိုယ်ကျင့်တရား နိုးကြားလာရန် မမျှော်လင့်နိုင်သောကြောင့် သူမ၏ သိုလှောင်ရုံကို ဆက်လက် ပြောင်းလဲနေရ၏။
ယွမ်လော့ရီက အိပ်ရာပေါ်သို့ လုံးဝ ပြိုလဲသွားပြီးနောက် ရေချိုးသန့်စင်လိုက်သည်။
နာရီဝက်ကြာသော် သူမ အဖြူရောင် လက်ပြတ် ညအိပ်ဝတ်ရုံကို ဝတ်၍ နူးညံ့သော ကော်ဇောထက်၌ ခြေဗလာဖြင့် လျှောက်လာကာ ဆံပင်များမှ ရေစက်များ စီးကျလျက် သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ အလွန်တရာပင် သွက်လက် ပေါ့ပါးနေလေ၏။
သူမ လက်တင်ကုလားထိုင်တွင် ထိုင်လျက် ဗီရိုကို ဖွင့်ကာ ဆံပင်အခြောက်ခံစက်ကို ရှာနေသည်။
[ဒင် စနစ်၏ သတိပေးချက်: လွှမ်းမိုးမှု ၁၉၀ ကို ရောက်သွားပြီး အချိန်ခရီးသွားနိုင်စွမ်း အသက်ဝင်လာပါပြီ]
ယွမ်လော့ရီက စဉ်းစားလိုက်၏။
"အခု အချိန်ခရီးသွားနိုင်စွမ်းကို ဖွင့်ဖို့..."
[ဒင် စနစ်သတိပေးချက်: အချိန်ခရီးသွားနိုင်စွမ်း အောင်မြင်စွာ အသက်ဝင်လာပါပြီ]
ယွမ်လော့ရီတစ်ယောက် ထိတ်လန့်သွား၏။
"အာ”
သူမ မတုံ့ပြန်နိုင်ခင်မှာပင် ရင်းနှီးသော ခေါင်းမူးသည့် ဝေဒနာက သူမထံ ရောက်လာခဲ့သည်။
"ဘုန်း”
ယွမ်လော့ရီ အေးစက်သော ကြမ်းပြင်ပေါ်သို့ လဲကျသွား၏။
ဒီသစ်သား ပုံစံတွေ...ဟုတ်တယ်၊ ဒါ အစ်ကိုကြီး ယွမ်အောင်းရဲ့ မြေအောက် လူသတ်ခန်းပဲ။
သူမ အချိန်ခရီး ထပ်သွားရပြန်လေ၏။ ယခု တစ်ကြိမ်က အလွန် ရုတ်တရက် ဆန်သွားပြီး သူမ ဘာတစ်ခုမှတောင် မပြင်ဆင်လိုက်ရပေ။
ယွမ်လော့ရီ ပြောချင်ခဲ့သည်မှာ
"အခု အချိန်ခရီးသွားနိုင်စွမ်းကို အသက်သွင်းဖို့က အချိန်ကောင်း မဟုတ်သေးဘူး၊ အနည်းဆုံး ဆံပင်ကို အရင် ခြောက်အောင် လုပ်ပြီး ဖိနပ်စီး၊ အဝတ်လဲပါရစေဦး” ဟူ၍ပင်။
ခန့်မှန်းထားခဲ့သည့် အတိုင်းပင် စနစ်၏ စကားလုံးများအား မှတ်သား သိရှိနိုင်စွမ်းမှာ အားရဖွယ် ကောင်းသော်လည်း ၎င်း၏ ဉာဏ်ရည်ဉာဏ်သွေးမှာမူ နိမ့်ကျနေသည်။ ၎င်းမှာ ယွမ်လော့ရီအား စကားပင် ဆုံးအောင် ပြောခွင့်မပေးခဲ့ချေ။
"အား”
ယွမ်လော့ရီက အော်သံတစ်ခုကို ကြားလိုက်ရပြီး သူမ သတ္တိမွေးကာ လျှောက်သွားလိုက်၏။
ကြမ်းပြင်က ရှုပ်ပွလျက် ပရိဘောဂ အများအပြားမှာလည်း မှောက်နေခဲ့သည်။ ထို့အပြင် နံရံများပေါ်၌ သွေးစက်များ စင်ထားသည်ကို ကြည့်ပါက ပြင်းထန်သော တိုက်ခိုက်မှု တစ်ခု ဖြစ်ပွားခဲ့ခြင်း ဖြစ်မည်။
"အီး”
ယွမ်လော့ရီက တံခါးကို တွန်းဖွင့်လိုက်ရာ အစ်ကိုကြီး ယွမ်အောင်းမှ အမျိုးသား တစ်ယောက်အား လည်ပင်းညှစ်နေသည်ကို မြင်လိုက်ရပြီး သူမ အံအားသင့်သွား၏။
အမှောင်ထဲတွင် ရှိနေသော်လည်း သူ၏ မျက်လုံးများက ပုံမှန် မဟုတ်ဘဲ တောက်ပနေလေသည်။ ညဘက်ရှိ ဝံပုလွေအုပ်စု၏ တောက်ပသော မျက်လုံးများကဲ့သို့ပင်။ သူ၏ နက်မှောင်သော ဆံပင်များက နဖူးပေါ်တွင် ရှုပ်ပွစွာ ဝဲကျနေပြီး လက်မောင်းများပေါ်မှ ကြွက်သားများမှာ တင်းမာနေ၏။ အဝတ်အစားများက ဓားဒဏ်ရာ အချို့နှင့် အနည်းငယ် ဖရိုဖရဲ ဖြစ်နေကာ ဖြူဖျော့သော ပါးပြင်များတွင်လည်း သွေးများ ပေကျံနေလေသည်။
သူ၏ လက်ရှိ ပုံပန်းသဏ္ဌာန်မှာ ပုံမှန် ကြော့ရှင်း၍ အထက်တန်းဆန်သော အမူအရာနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေ၏။ သူ၏ အရိုးထဲအထိ ရူးသွပ်နေခြင်းမှာ ကြောက်မက်ဖွယ်ပင်။ အခြားသူကို လူတစ်ယောက်ဟု မသတ်မှတ်ဘဲ အင်းစက် တစ်ကောင်ကဲ့သို့ နင်းခြေကာ ထိုအမျိုးသား၏ လည်ပင်းကို တင်းတင်း ဆုပ်ကိုင်ထားသည်။
အမဲလိုက်နေသော အခြေအနေတွင် ရှိနေသည့် သူမ၏ အစ်ကိုကြီးကို မြင်လိုက်ရသော်လည်း အံ့သြစရာ ကောင်းလောက်အောင်ပင် ယွမ်လော့ရီမှာ သိပ်မကြောက်ခဲ့ချေ။
ယခင်က နှစ်ကြိမ် အချိန်ခရီးသွားခဲ့ပြီးနောက် သူမ အစ်ကိုကြီး၏ အမှောင်ဘက်ခြမ်းနှင့် ရင်းနှီးသွားခြင်း ဖြစ်နိုင်သည်။ သို့မဟုတ် သူက သွေးစွန်းနေသော သားရဲတစ်ကောင်ကဲ့သို့ ဖြစ်နေလျှင်ပင် သူမအား သူ၏ အနူးညံ့ဆုံးဘက်ခြမ်းကို ပြသလိမ့်မည် ဟု သိနေသောကြောင့်လည်း ဖြစ်နိုင်၏။
တံခါးဖွင့်သံ ကြားသောအခါ ယွမ်အောင်းက ခေါင်းမော့ကြည့်လိုက်ပြီး ယွမ်လော့ရီကို မြင်လိုက်ရသည်နှင့် အနည်းငယ် အံ့အားသင့်စွာ မျက်လုံးများမှာ ပြူးကျယ်သွားသည်။
ဤကမ္ဘာတွင် အနည်းငယ် ပိုအေးပြီး ယွမ်လော့ရီက ပါးလွှာသော အဝတ်အစားများသာ ဝတ်ထားကာ သူမ၏ ဆံပင်မှလည်း ရေများ စီးကျနေဆဲပင်။ ယွမ်လော့ရီမှာ ငယ်စဉ်ကတည်းက အအေးမိလွယ်သူ ဖြစ်သောကြောင့် ယွမ်အောင်းတစ်ယောက် အလွန် စိတ်ပူသွား၏။
သူက ပြောလာသည်။
"ကိုကို အခု လက်မအားသေးဘူး၊ ညီမလေး အခန်းထဲ သွားပြီး အဝတ်အစား အမြန် လဲလိုက် အအေးမမိစေနဲ့"
ယွမ်လော့ရီက ပြန်ဖြေလိုက်၏။
"ဟုတ်ကဲ့"
ယွမ်အောင်းကမူ သူမ ပြေးသွားစဉ်တွင် ထိုအမျိုးသားကို လည်ပင်း ဆက်ညှစ်နေခဲ့သည်။
ယွမ်လော့ရီက ဗီရိုကို ဖွင့်ကာ မွှေနှောက် ကြည့်လိုက်၏။ ဓားများ၊ ဓားများနှင့် နောက်ထပ် ဓားများပင် ဖြစ်သည်။ ၎င်းတို့မှာ သေသေသပ်သပ် စီထားပြီး အလွန် ထက်ပုံရ၏။ သူမ၏ အစ်ကိုကြီးက ကောင်းစွာ ထိန်းသိမ်းထားခဲ့ခြင်းကြောင့် ဖြစ်မည်။
အောက်မှ အံဆွဲအား ဖွင့်လိုက်ရာ ၎င်းထဲတွင် အဝတ်အစားများ ရှိနေသည်။ အဝတ်တစ်ထည်ကို ဆွဲထုတ်လိုက်ရာ သူမ၏ လက်ရှိ အသက်အရွယ်အတွက် အဝတ်အစားများပင် ဖြစ်၏။
ယွမ်လော့ရီမှာ သူမ၏ အစ်ကိုကြီးက အခြားလူများအား ဂရုစိုက်ရခြင်းကို ဤမျှ နှစ်သက်သည်အား အံ့ဩမိသည်။ သူက အရာအားလုံးကို ပြင်ဆင်ထားပြီး သူမ သူ့နောက်လိုက်လာလျှင် စားစရာ၊ ဝတ်စရာ ဘယ်သောအခါမှ မရှားစေရန် သေချာစေခဲ့၏။
ယွမ်လော့ရီမှာ ပါးလွှာသော ဂျာကင်အင်္ကျီအား ဝတ်ဆင်လျက် ကုလားထိုင်ပေါ်တွင် ထိုင်၍ ယွမ်အောင်းကို တိတ်ဆိတ်စွာ စောင့်နေခဲ့သည်။
ဆယ်မိနစ်ခန့် ကြာပြီးနောက် ယွမ်အောင်းက တံခါးကို တွန်းဖွင့်ကာ ဝင်လာ၏။ သူက အနည်းငယ် ပင်ပန်းနေပုံရပြီး အသက်ရှူသံလည်း အနည်းငယ် မြန်နေလေသည်။
ယွမ်အောင်းတစ်ယောက် အကျင့်အတိုင်း သူ၏ လက်မောင်းကို မြှောက်၍ လက်ဖမိုးဖြင့် မျက်နှာကို သုတ်လိုက်၏။
မျက်နှာပေါ်တွင် သွေးအနည်းငယ် လျော့သွားသော်လည်း လက်ပေါ်၌ ပိုများလာသည်။
သူ၏ ညီမလေးရှေ့တွင် ထိုကဲ့သို့ အခြေအနေဖြင့် မည်သို့ ပေါ်လာနိုင်မည်နည်း။
ယွမ်အောင်းက သန့်ရှင်းရေး လုပ်ရန် အလျင်အမြန် ထွက်သွား၏။ သူ ပြန်ထွက်လာသောအခါ သူမ ရင်းနှီးသော သန့်ရှင်းသပ်ရပ်သည့် အကြီးဆုံး အစ်ကိုကြီးက ပြန်ရောက်လာခဲ့ပြီပင်။
သူ ယွမ်လော့ရီထံ လျှောက်လာပြီး သူမကို ပွေ့ဖက်၍ သက်ပြင်း အရှည်ကြီး ချလိုက်သည်။
"ညီမလေး တကယ် ပြန်လာခဲ့ပြီပဲ၊ ကိုကို တစ်ချိန်လုံး စောင့်နေခဲ့တာ"
ယွမ်လော့ရီက မေးလာ၏။
"ကိုကို ခုနက လူက ဘယ်သူလဲ၊ နံရံပေါ်မှာ သူ့ပုံ မရှိဘူးလေ"
ယွမ်အောင်းက ပြောလိုက်သည်။
"အကုန်လုံးကို ကြိုးကိုင်တဲ့လူက ကြောက်ပြီး ကိုကို့ကို သတ်ဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်တာ"
"သူတို့က ဘာလို့ ကြောက်နေတာလဲ"
"ဘာလို့လဲဆိုတော့ ကိုကို အဲဒီ ဓာတ်ပုံတွေထဲက လူအားလုံးကို သတ်ပစ်လိုက်ပြီ၊ အခု တကယ့် တရားခံနားကို ဖြည်းဖြည်းချင်း ချဉ်းကပ်နေတာ၊ အရမ်း နီးစပ်နေတာကို ကိုကို ခံစားမိတယ် အဲဒီ သဲလွန်စတွေ အားလုံးက ဆက်စပ်မိတော့မှာ"
ယွမ်လော့ရီ နံရံပေါ်ကို ကြည့်လိုက်၏။ ဓာတ်ပုံများ အားလုံးကို အနီရောင်ဖြင့် ခြစ်ထားပြီး မျက်နှာပြင် တစ်ခုလုံး၌ တစ်နေရာမှ ဟာကွက် မရှိဘဲ မှင်နီများဖြင့် ဖုံးလွှမ်းနေခဲ့သည်။
သူတို့ အားလုံးကို သူမ၏ အစ်ကိုကြီး ယွမ်အောင်းမှ သတ်ပစ်ခဲ့ခြင်းပင်။
တစ်ချိန်တည်း၌ သူတို့က ပိုက်ဆံ၊ အာဏာနှင့် အလှအပများကြောင့် တကယ့် တရားခံအစစ်ကို ကူညီရန် သွေးဆောင်ခံခဲ့ရသူများ ဖြစ်ကြောင်း သက်သေပြနေ၏။
သို့သော် အစ်ကိုကြီး တစ်ယောက် အနေဖြင့် သူ၏ ညီမဖြစ်သူအတွက် လက်စားချေရန် အလို့ငှာ အံ့အားသင့်ဖွယ် စွမ်းရည်ကို ထုတ်ဖော်၍ လူအများအပြားကို သတ်ဖြတ်ခဲ့ရလေသည်။
ယွမ်လော့ရီမှာ စိတ်မပူဘဲ မနေနိုင်ပေ။ အစ်ကိုကြီး ယွမ်အောင်းမှာ အန္တရာယ်ရှိသော သတ်ဖြတ်မှု အခြေအနေ များစွာကို ဖြတ်သန်းခဲ့ရသောကြောင့် ဒဏ်ရာများ ရရှိခဲ့ပေမည်။
အစောက မြင်ကွင်းကို တွေးမိသောအခါ ယွမ်လော့ရီက မေးလိုက်၏။
"ခုနက ကိုကို့ အဝတ်အစားတွေ ဓားကြောင့် ရှထားတာ တွေ့တယ်၊ ကိုကို ဒဏ်ရာရခဲ့တာလား"
ညီမလေး၏ ဂရုစိုက်မှုကို ခံရခြင်းက အံ့သြစရာ ကောင်းသော အရာတစ်ခု ဖြစ်ပြီး ယွမ်အောင်း၏ အကြည့်များမှာ ချက်ချင်း သိသိသာသာ နူးညံ့သွားသည်။
"ဘာမှ မဟုတ်ပါဘူး ဒဏ်ရာသေးသေးလေးတွေပဲ"
ယွမ်လော့ရီက ပြောလာ၏။
"ဒါပေမဲ့ မကုဘဲထားလို့ ပိုးဝင်ရင် ဘယ်လိုလုပ်မလဲ"
ယွမ်အောင်းက စင်ပေါ်မှ သန့်ရှင်းသော သဘက် တစ်ထည်ကို ယူ၍ ယွမ်လော့ရီ၏ ဆံပင်အား ညင်သာစွာ သုတ်ပေးလိုက်၏။
"ညီမလေး ဆံပင်ကို အရင် ခြောက်အောင် သုတ်ပေးမယ်၊ ညီမလေးက ကိုယ်ခံအားလည်း မကောင်းဘဲနဲ့ အအေးမိလွယ်တာကို”
သူမ၏ အစ်ကိုကြီးမှာ သူ၏ ဘေးအန္တရာယ်ကို လျစ်လျူရှု၍ ယွမ်လော့ရီကိုသာ အမြဲတမ်း ဦးစားပေးသူ ဖြစ်သည်။
သူမ၏ ဆံပင်တစ်ဝက်ခန့် ခြောက်သွားသောအခါ ယွမ်လော့ရီက ပြောလိုက်၏။
"ရပါပြီ ဒီလောက်ဆို ဆံပင် မခြောက်လည်း အအေးမမိတော့ပါဘူး၊ ကိုကို့ရဲ့ ဒဏ်ရာတွေကို သမီး ဆေးထည့်ပေးမယ်"
သူမ ခွေးခြေခုံမှ ခုန်ဆင်းလိုက်ပြီး အစောက တွေ့ခဲ့သော အရက်ပြန်နှင့် ဂွမ်းစများကို ယူ၍ ယွမ်အောင်း၏ အင်္ကျီလက်များကို ခေါက်တင်လိုက်ရာ ဓားဒဏ်ရာ အနည်းငယ်ကို တွေ့လိုက်ရသည်။
ဒဏ်ရာများက မနက်ဘဲ သွေးစက်လေးများ စိမ့်ထွက်နေသည့် ပါးလွှာသော သွေးနီရောင်မျဉ်းများ ကဲ့သို့သာ ဖြစ်ပြီး ပြင်းထန်သော ဒဏ်ရာများ မဟုတ်ချေ။
သို့သော် ယွမ်အောင်း၏ ခန္ဓာကိုယ်မှာ ထိုကဲ့သို့သော အမာရွတ်များနှင့် ပြည့်နှက်နေသောကြောင့် ယွမ်လော့ရီ ထိုဒဏ်ရာများကို ကြည့်၍ ဝမ်းနည်းမိသည်။ လက်စားချေခြင်း ခရီးလမ်းမှာ ရှည်လျား ခက်ခဲကာ ဒဏ်ရာများနှင့် ပင်ပန်း ခံစားခဲ့ရသော်လည်း ဆက်လက် လျှောက်လှမ်းနေရဦးမည် ဖြစ်၏။
သူမ ဂွမ်းစကို အရက်ပြန်ဖြင့် စိုစွတ်စေပြီး ဒဏ်ရာများ တစ်လျှောက် ညင်သာစွာ သုတ်လိုက်ရာ ယင်းက အနီရောင်များကို စုပ်ယူသွားလေသည်။
ယွမ်လော့ရီက မေးလာ၏။
"နာလား"
ယွမ်အောင်းက ခေါင်းခါလိုက်သည်။ သူ၏ အမူအရာမှာ မပြောင်းလဲပေ။
"ဟင့်အင်း မနာဘူး၊ ဆက်ပြီး ပိုးသတ်လိုက်”
"အကိုက်အခဲပျောက်ဆေး သောက်ထားလို့များလား"
"အင်း"
ယွမ်လော့ရီက ဂွမ်းစအသစ် လဲလိုက်ပြီး ယခင်အတိုင်း ထပ်ခါတလဲလဲ လုပ်နေလေသည်။ သို့သော် ဒီတစ်ကြိမ်တွင် ငှက်မွှေးလေးက ဖုန်မှုန့်များအပေါ် ညင်သာစွာနှင့် တိတ်ဆိတ်စွာ ပွတ်တိုက်သွားသကဲ့သို့ ပိုမို ပေါ့ပါးသော အထိအတွေ့ ဖြင့် လုပ်ပေးနေခဲ့၏။