← Chapters

အခန်း (၅၇)

Vol. 6 Ch. 57

အခန်း (၅၇)

Vol. 6 Ch. 57

အစ်ကိုကြီးက နာကျင်မှုကို ထုံသွားခဲ့သော်ငြား ယွမ်လော့ရီမှာတော့ နာကျင်နေဆဲပေ။ ထိုဒဏ်ရာများအား ယွမ်အောင်း၏ ခန္ဓာကိုယ်ပေါ်တွင် ကြာကြာ မရှိစေချင်သည့်အတွက် သူမ ကုသပေးရာတွင် အထူး ဂရုစိုက်ပြီး ညင်သာခဲ့သည်။

ထိုဒဏ်ရာ သေးသေးလေးများက သွေးထွက် ရပ်သွားပြီး ပိုမို သန့်ရှင်းလာ၏။ ယွမ်လော့ရီ ဒါဏ်ရာများကို ပတ်တီးစည်းပေးလိုက်သည်။

"နောက်တစ်ခါကျရင် ဒီလိုမျိုး ဒဏ်ရာ ထပ်မရစေနဲ့တော့နော်၊ နာတာကို မခံစားရဘူးဆိုရင်တောင် ဒဏ်ရာက ဒဏ်ရာပဲလေ မကုဘဲနဲ့ ပျောက်သွားမှာ မဟုတ်ဘူး၊ စုပုံလာရင်... "

ယွမ်လော့ရီ "သေဆုံးခြင်း" ဟူသော စကားလုံးကို မပြောခဲ့ချေ။ သူမ၏ လျှာဖျားပေါ်မှ ထို စကားလုံး နှစ်လုံး ထွက်လာမည့် ခံစားချက်မှာ အေးစက်လှပြီး သူမကို အသက်ရှူကြပ်စေ၏။

ယွမ်အောင်းက သူ့ညီမလေး စိတ်မသက်မသာ ဖြစ်နေသည်အား ခံစားမိပြီး သူမ၏ ဆံပင်များကို ထိုးဖွလိုက်သည်။

"စိတ်မပူပါနဲ့ ညီမလေးက ဒဏ်ရာတွေကို သေချာ ကုပေးထားတာပဲ၊ မနက်ဖြန်ဆို လုံးဝ ပျောက်သွားမှာပါ"

"ဒါပေမဲ့ ဒဏ်ရာ အသစ်တွေ ထပ်ရဦးမှာပဲလေ သမီးလည်း ကိုကို့ကို အမြဲတမ်း ကုပေးနိုင်မှာ မဟုတ်ဘူး၊ ကိုကို့ရဲ့ လုံခြုံမှုကို ဆက်ပြီး လျစ်လျူရှုထားလို့ မရဘူးလေ"

"ကိုကို့ကို စိတ်ပူပေးလို့ ကျေးဇူးပါကွာ၊ အဆင်ပြေပါတယ် ကိုကို အဲဒီလူနားကို ချဉ်းကပ်နိုင်နေပြီ မကြာခင် အရာအားလုံး ပြီးဆုံးသွားလိမ့်မယ်၊ ပြီးရင် ဘယ်သူကမှ ညီမလေးကို ထပ်ပြီး မနာကျင်စေရတော့ဘူး ညီမလေး ပူပင်စရာ မလိုဘဲ နေနိုင်တော့မှာ"

ယွမ်လော့ရီမှာ ပို၍ ဝမ်းနည်းလာကာ

စကားလုံးများက လည်ချောင်းထဲတွင် တစ်နေပြီး ထွက်မလာနိုင်တော့ပေ။

သူမ ပထမဆုံးအကြိမ် အချိန်ခရီးသွားခဲ့စဉ်က ယွမ်မိသားစုရှိ လူတိုင်း၏ ဈာပနဓာတ်ပုံများကို တွေ့ခဲ့ရသည်။ စနစ်က ယွမ်အောင်း၏ သေဆုံးမှုကို ရှင်းပြခဲ့၏။

သူက လူများစွာကို သတ်ဖြတ်ပြီး သဲလွန်စများ စုဆောင်းကာ ယွမ်မိသားစု၏ အရင်းအမြစ်များ အားလုံးကို စုစည်း၍ နောက်ဆုံးတွင် တရားခံကို ရှာတွေ့ခဲ့သည်။

သူ၏ လက်စားချေခြင်း လမ်းခရီးမှာ အဆုံးသတ်သို့ နီးကပ်လာပြီး သူ့ညီမလေးအတွက် အပြစ်ဖြေပေးနိုင်တော့မည်ဟု ထင်ခဲ့သော်လည်း နောက်ဆုံး၌ တရားခံ၏ သေနတ်ဖြင့်သာ အသတ်ခံခဲ့ရ၏။

ဓာတ်ပုံထဲ၌ သူသည် သေမတတ် ဖြူဖျော့နေကာ ပိန်လှီနေသည်။ မျက်လုံးများကို တင်းတင်းမှိတ်ထားပြီး ဘယ်သောအခါမှ နိုးထလာတော့မည် မဟုတ်ပေ။

သူမ၏ အစွမ်းထက်သော အစ်ကိုကြီးမှာ တရားခံ၏ လက်ချက်ဖြင့် အဘယ်ကြောင့် အသတ်ခံခဲ့ရသည်ကို ယွမ်လော့ရီ နားမလည်နိုင်ခဲ့ချေ။

လက်ရှိ အစ်ကိုကြီး ယွမ်အောင်းမှ ဓာတ်ပုံများထဲရှိ လူအားလုံးကို သတ်ပစ်ခဲ့ပြီး တရားခံနှင့် နီးကပ်လာခြင်းမှာ သေဆုံးခြင်းနှင့် ပိုမို နီးကပ်လာသည် ဟုလည်း ဆိုလိုသည်။

ယွမ်အောင်း သေဆုံးပြီးနောက် ယွမ်မိသားစုမှာ လုံးဝ ပျက်စီးသွားခဲ့၏။ ကျန်သည့် အစ်ကို လေးယောက်လုံးက တရားခံအား လိုက်လံရှာဖွေခြင်း လမ်းစဥ်ကို စတင်ခဲ့ကြပြီး တစ်ယောက်ပြီး တစ်ယောက် သေဆုံးခဲ့ကြသည်။

ယွမ်လော့ရီ စိတ်ထဲတွင် ရုတ်တရက် မေးခွန်းတစ်ခု ပေါ်လာ၏။

"ကျန်တဲ့ ကိုကိုတွေက ဘယ်မှာလဲဟင်"

ယွမ်အောင်းက ပြောလာသည်။

"သူတို့ အားလုံး လက်စားချေဖို့ ကြိုးစားနေကြတယ်၊ သူတို့ရဲ့ အကူအညီ မပါဘဲ ကိုကို ဒီလောက် မြန်မြန်ဆန်ဆန် တိုးတက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး"

"ယွမ်ဖာ့က အခင်း ဖြစ်ပွားတဲ့ နေရာတွေကို စုံစမ်းထောက်လှမ်းတဲ့ နေရာမှာ ကျွမ်းကျင်တယ်၊ သူ အလေးအနက် ထားတဲ့အခါကျရင် အရမ်း သတိကြီးပြီး တခြားသူတွေ သတိမထားမိတဲ့ အသေးစိတ် အချက်အလက်တွေကအစ သတိထားမိတယ်"

"ယွမ်ရုံကတော့ ထွက်ပြေးသွားတဲ့ သူတွေကို လိုက်ရှာဖို့ တာဝန်ယူထားတယ်၊ သူရဲ့ စွမ်းဆောင်ရည်က အရမ်းမြင့်တာမို့လို့ ဘယ်သူ့ကိုမှ လွတ်မြောက်ခွင့် ပေးမှာ မဟုတ်ဘူး၊ ကိုကို သူ့ကို အပြည့်အဝ ယုံကြည်တယ်"

"ယွမ်စစ်ကတော့ သူ့ရဲ့ အဆက်အသွယ်တွေကို သုံးပြီး သတင်းအချက်အလက် စုဆောင်းနေတယ်၊ သူ့ရဲ့ နောက်လိုက်တွေက သူ့အတွက် ဘာမဆို လုပ်ပေးဖို့ ဆန္ဒရှိကြတယ်လေ၊ ဒီနေ့ ကိုကို့ဆီ လာတဲ့ လူသတ်သမား အကြောင်းကိုလည်း ယွမ်စစ်ကပဲ ကြိုသတိပေးခဲ့တာ"

"ယွမ်ကျွင်းကတော့ အခုထိ တော်တော်လေး ငယ်သေးတယ်လေ၊ သူက ကိုကိုတို့ နည်းလမ်းက မှားနေတယ်လို့ ထင်နေပြီး ဆေးရုံတွေမှာ သူ့ဘာသာသူ စုံစမ်းနေတယ်၊ ဒါပေမဲ့ သူက ကိုကိုတို့အတွက် အသုံးဝင်တဲ့ သတင်းအချက်အလက်တွေ ခဏခဏ ပေးနေသေးတယ်"

ယွမ်အောင်းက ကုလားထိုင်တွင် မှီလိုက်ကာ အနည်းငယ် ပင်ပန်းနွမ်းနယ်နေပုံ ရသည်။

"တရားခံက အရမ်း ကောက်ကျစ်တယ် သဲလွန်စ အားလုံးကို သပ်သပ်ရပ်ရပ် ဖုံးကွယ်ထားတာ၊ ခြေရာခံလို့ မရတဲ့ ငွေမည်းတွေနဲ့ လူတွေကို လစာ ပေးတယ်၊ စာပို့ရင် အလိုအလျောက် ဖျက်တဲ့ နည်းကို သုံးပြီး ဆက်သွယ်တယ်၊ သူ့ရဲ့ ရုပ်ရည်ကို ပြောင်းလဲဖို့အတွက် အဆင့်မြင့် နည်းပညာတွေကိုတောင် သုံးထားသေးတယ် ဒါပေမဲ့..."

ယွမ်အောင်းက ထထိုင်လိုက်ပြီး ယွမ်လော့ရီ၏ လက်သေးသေးလေးများကို ဆုပ်ကိုင်ကာ စိတ်အားထက်သန်စွာ ပြောလာ၏။

"ကိုကို အဲဒီလူရဲ့ အားနည်းချက်ကို ရှာတွေ့ပြီ၊ ဆံချည် တစ်မျှင်လောက်လေးပဲ ကွာတော့တာ ကိုကို သူတို့နားကို တဖြည်းဖြည်း နီးလာနေပြီ"

ယွမ်လော့ရီတစ်ယောက် ယွမ်အောင်း၏ မျက်လုံးများကို အနီးကပ် လေ့လာလိုက်သည်။ သူ့မျက်လုံးများမှာ လှပပြီး သမုဒ္ဒရာကဲ့သို့ နက်ရှိုင်းလှ၏။ သူ စိတ်ဓာတ်ကျပြီးနောက် ထိုမျက်ဝန်းများမှာလည်း အရောင်အဝါများ ဆုံးရှုံးသွားခဲ့သည်။

ယခု ယွမ်အောင်း၏ မျက်လုံးများတွင် သိမ်မွေ့သော စိတ်ခံစားချက်များကို ယွမ်လော့ရီ မြင်တွေ့နေရ၏။

သူ ယခင်ကထက် စိတ်ပိုင်းဆိုင်ရာ အခြေအနေ အနည်းငယ် ပိုကောင်းနေပုံပင်။

ဤအချက်မှာ ယွမ်လော့ရီ၏ ရင်ကို အနည်းငယ် လှုပ်ခါသွားစေ၏။

သူမ အချိန်ခရီး မသွားခဲ့ပါက အစ်ကိုကြီးက လုံးဝ ပြိုလဲသွားလိမ့်မည်။ သို့သော် သူ့ညီမလေးက တစ်နေရာရာမှာ အသက်ရှင်နေသေးပြီး တစ်ခါတစ်ရံ လာရောက် လည်ပတ်နိုင်သည်ကို သိလိုက်ရခြင်းက ယွမ်အောင်းအား သိသိသာသာ အားပေးလိုက်သကဲ့သို့ပင်။

စဉ်းစားကြည့်လျှင် အစ်ကိုကြီးက ယနေ့ သူ့ဘာသာသူ မရေရွတ်နေတော့ဘဲ ခေါင်းကိုက်သည်ဟုလည်း သိပ်မညည်းညူခဲ့ပေ။

ယွမ်လော့ရီ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ စနစ်က သူမအပေါ် ကန့်သတ်ချက် များစွာ ချမှတ်ထား၏။ သူမ အရေးကြီးသည့် သတင်းအချက်အလက်များကို ပြောရန် ကြိုးစားတိုင်း သူမ၏ လည်ချောင်းမှာ တင်းကျပ်လာပြီး စကားမပြောနိုင်တော့ချေ။

နောက်ဆုံးတစ်ကြိမ်က ကျိန်းကျင်းကျင်း၏ ပုံစံအစစ်အမှန်အား ဖော်ထုတ်ရန် ကြိုးစားမိသောအခါ သူမ မေ့မြောသွားခဲ့သည်။

စနစ်က သူမအား အချိန်ကာလကို လွှမ်းမိုးခွင့် မပြုခဲ့သော်လည်း ယခုအခါ သူမ၏ လုပ်ရပ်များက ယွမ်အောင်းကို လုံးဝ ပြောင်းလဲပစ်ခဲ့ပြီပင်။

ဖြစ်ကောင်းဖြစ်နိုင်သည်မှာ သူမ ဆက်လက် ကြိုးစားပါက ဤကမ္ဘာတွင် အစ်ကိုကြီး သေဆုံးတော့မည် မဟုတ်ချေ။

ယွမ်လော့ရီ အနည်းငယ် စူးစမ်းချင်မိသည်။

"ကိုကို၊ သမီး ခဏနေရင် အပြင်ထွက်လို့ ရမလား"

ယွမ်အောင်းက ပြောလိုက်၏။

"မရဘူး"

"ဘာလို့လဲ"

"အဲဒီလူက မသေသေးဘူး၊ ကိုကို သူ့ကို သတ်ပြီးမှ ညီမလေး ထွက်လို့ရမယ်"

"တကယ်လို့ အဲဒီလူ သေသွားပြီးရင် သမီး တကယ် အပြင်ထွက်လို့ ရမှာလား"

"ရတယ်"

ယွမ်အောင်း၏ အကြည့်မှာ သိပ်မပြောင်းလဲဘဲ ယွမ်လော့ရီအား စိုက်ကြည့်နေကာ သူ၏ မည်းနက်သော မျက်လုံးများထဲတွင် မှိန်ဖျော့သည့် အလင်းရောင်များ တောက်ပနေ၏။ သဲကန္တာရထဲတွင် ရေငတ်နေသော လူတစ်ယောက်က သမုဒ္ဒရာအား မြင်ယောင်ကာ စိုက်ကြည့်နေသကဲ့သို့ပင်။ ပုံရိပ်ယောင် ဖြစ်ပြီး ရယူ၍ မရနိုင်သော်လည်း ၎င်းကို ဖမ်းဆုပ်ချင်စိတ်မှာ ပြင်းပြနေသည်။

ထို့ကြောင့်ပင် ယွမ်လော့ရီမှာ တရားခံ အသတ်ခံရလျှင်ပင် သူမ ထွက်သွားနိုင်မည် မဟုတ်ကြောင်း ခံစားမိနေ၏။

သူ၏ ညီမလေးအား တစ်ကြိမ် ဆုံးရှုံးဖူးပြီးနောက် ယွမ်အောင်း၏ ကာကွယ်ချင်သည့် ဗီဇမှာ အလွန် အားကောင်းလာခဲ့သည်။ သူမ နောက်တစ်ကြိမ် အန္တရာယ်ရှိသော ပတ်ဝန်းကျင်သို့ ဝင်ရောက်ခြင်းအား သူ သည်းမခံနိုင်တော့ချေ။

ယွမ်လော့ရီက အခန်းတစ်လျှောက် တစ်ချက် ဝေ့ကြည့်လိုက်၏။ ပြတင်းပေါက်များအား သံချောင်းများဖြင့် ကာထားပြီး တံခါး၌ ခိုင်ခံ့သည့် သော့သုံးခု ရှိကာ အရွယ်ရောက်ပြီးသား သူတစ်ယောက်ပင် ဖြတ်ကျော်၍ မရနိုင်ချေ။

ယွမ်လော့ရီတစ်ယောက် ယွမ်အောင်းထံသို့ ပထမဆုံးအကြိမ် အချိန်ခရီးသွားပြီးကတည်းက သူ အခန်း တစ်ခုလုံးကို ပုံစံပြောင်းခဲ့ခြင်း ဖြစ်သည်။

သူမမှာ မူလက တရားခံ မလွတ်မြောက်နိုင်အောင် လုပ်ခြင်းဟု ထင်ခဲ့သော်လည်း ယခုအခါ သူမ မလွတ်မြောက်နိုင်အောင် ကာကွယ်ခြင်း ဖြစ်နေ၏။

အစ်ကိုကြီး လုံးဝ မကောင်းလာသေးဘူး…

သူက စိတ်ဒဏ်ရာရနေဆဲ ဖြစ်ပြီး သူ၏ ညီမလေးနှင့် မျက်နှာချင်းဆိုင်ရသော အခါမှသာ ပုံမှန်အတိုင်း ဟန်ဆောင်နေခြင်းပင်။

"ဘာက ကိုကို့ကို ပိုကောင်းစေနိုင်မလဲ"

ယွမ်အောင်းက ခါးသီးစွာ ပြုံးလိုက်သည်။

"ကိုကိုလည်း မသိတော့ဘူး ဘာကမှ ပိုကောင်းလာအောင် မလုပ်ပေးနိုင်လောက်တော့ဘူး ထင်တယ်၊ ညီမလေး ကိုကို့ကို ကြောက်လို့လား"

ယွမ်လော့ရီ လက်ဆန့်ထုတ်ကာ ယွမ်အောင်းကို ဖက်လိုက်ပြီး နီရဲနေသော မျက်လုံးများဖြင့် သူ၏ ပခုံးပေါ်သို့ ခေါင်းတင်လိုက်၏။

"မကြောက်ပါဘူး၊ ကိုကို ဘာပဲဖြစ်နေပါစေ ကိုကိုက သမီးရဲ့ အစ်ကိုကြီးပါပဲ"

ယွမ်အောင်းမှ သူမ၏ ကျောကို ညင်သာစွာ ပုတ်ပေးလာသည်မှာ ငယ်စဉ်က ယွမ်လော့ရီ ငိုတော့မည့် အချိန်မျိုးတွင် သူမ၏ အစ်ကိုကြီးက ဤသို့ ပုတ်ပေးသကဲ့သို့ပင်။

"ကိုကို့ ဘေးကို ရောက်လာပေးလို့ ကျေးဇူးတင်ပါတယ်၊ အချိန်တိုင်း ကိုကိုက မင်းကို ပိုဂရုစိုက်ပေးခဲ့တယ်လို့ ထင်ခဲ့ပေမယ့် တကယ်တမ်း မင်းကသာ ကိုကို့ကို ပိုဂရုစိုက်ပေးခဲ့တာပါ"

ယွမ်လော့ရီမှာ ကံကြမ္မာ၏ ဝန်ထုပ်ဝန်ပိုးကြောင့် ကူကယ်ရာမဲ့သယောင်၊ အသက်ရှူကြပ်သယောင် ခံစားနေရသည်။

သို့သော် သူမ လက်လျှော့မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူမ အမှောင်ထုထဲ၌ ရှိနေစဥ်က အစ်ကိုကြီး၏ ဖုန်းခေါ်ဆိုမှုကြောင့် သူမကို ချစ်မြတ်နိုးသူများ ရှိနေကြောင်းနှင့် ထိုခံစားချက်က မည်မျှ ပျော်စရာကောင်းကြောင်း သိခဲ့ရ၏။

တစ်ချိန်က သူမကို လေဒဏ်၊ မိုးဒဏ်ကနေ ကာကွယ်ပေးခဲ့တဲ့ အစ်ကိုကြီးက အခု အမှောင်ထုထဲမှာ ပိတ်မိနေတယ်။ သူမ သူ့ကို မိုးရေထဲမှာ တစ်ယောက်တည်း ဘယ်လိုများ ထားခဲ့ရက်ပါ့မလဲ။

All Chapters