အခန်း (၅၈)
Vol. 6 Ch. 58
ယွမ်အောင်းက ယွမ်လော့ရီအတွက် မုန့်များ၊ ဖျော်ရည်နှင့် သကြားလုံးများကို ပြင်ဆင်ပေးခဲ့၏။
သူက သဘက် တစ်ထည်ကို ရေနွေးနွေးထဲ စိမ်၍ ညင်သာစွာ ရေညှစ်ထုတ်ပြီး ယွမ်လော့ရီ၏ လက်သေးသေးလေးကို ယူကာ သေသေချာချာ သုတ်ပေးခဲ့သည်။
"ညီမလေးက အမြဲတမ်း အားနည်းတဲ့ ကလေးလေးပဲ၊ အစာမစားခင် လက်မဆေးရင် ဖျားလိမ့်မယ်"
ယွမ်လော့ရီ မည်သည်မျှ မပြောဘဲ ယွမ်အောင်းမှ သူမအား သေချာ ဂရုတစိုက် ပြုစုပေးခြင်းကို ခံယူနေခဲ့၏။
သော့ခတ်ထားသော တံခါး၊ ပိတ်ထားသော ပြတင်းပေါက်များနှင့် အလုပ်ရှုပ်နေသော သူမ၏ အစ်ကိုကြီးကို ကြည့်ရင်း ယွမ်လော့ရီမှာ ထွက်ပြေး၍ မရနိုင်ကြောင်း သိလိုက်ရသည်။
သူမ၏ အစ်ကိုကြီးတွင် စိတ်ဖိစီးမှု လွန်ကဲသည့် ရောဂါ ရှိခဲ့ဖူး၏။ ယခင်က ထိန်းချုပ်နိုင်ခဲ့သော်လည်း ယခုအခါ စိတ်ဓာတ်ကျပြီးနောက် ရောဂါ ပြန်လည် ပေါ်ပေါက်လာခဲ့ခြင်းပင်။
သူက ယွမ်လော့ရီကို ကလေးတစ်ယောက်ကဲ့သို့ သဘောထားကာ သူမ ထာဝရ အားနည်းနေရန်၊ သူ၏ လက်ထဲ၌ မွေးကင်းစ ကြက်ပေါက်ကလေး တစ်ကောင်ကဲ့သို့ ကွေးနေပြီး သူ့အပေါ်သာ မှီခိုနေထိုင်ရန် မျှော်လင့်နေခဲ့သည်။
သူမ၏ အစ်ကိုကြီးက သူမကို မည်သည့်အခါမှ မထိခိုက်စေသော်ငြား သူမအား လွတ်လပ်မှုလည်း ဘယ်သောအခါမှ ပေးမည် မဟုတ်ပေ။
သူတို့ နှစ်ယောက်က မမြင်ရသော ကြိုးတစ်ချောင်းဖြင့် ချည်နှောင်ခံထားရ၏။
ယွမ်လော့ရီသာ ထွက်ပြေးကာ ထိုကြိုးကို အတင်းအကျပ် ဖြတ်တောက်ပါက သူမ၏ အစ်ကိုကြီးမှာ ကျိုးပဲ့နေသော ရုပ်သေးရုပ်ကဲ့သို့ ပြိုလဲသွားပြီး မည်သည့်အခါမှ ပြန်ထနိုင်တော့မည် မဟုတ်ပေ။
ထို့ကြောင့် ယွမ်လော့ရီက ငယ်စဉ်ကကဲ့သို့ပင် နာခံမှုရှိစွာနှင့် သူမ၏ ကုလားထိုင်ပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေရန်သာ ရွေးချယ်ခဲ့သည်။
အချိန်များ စက္ကန့်နှင့်အမျှ ကုန်ဆုံးသွားပြီး ယွမ်လော့ရီမှာ အချိန်နောက်ပြန်ဆုတ်ခြင်း စွမ်းအား ကုန်ဆုံးတော့မည် ဖြစ်ကြောင်း ခံစားလိုက်ရ၏။
"ဒုန်း!”
ကျယ်လောင်သော အသံကြောင့် ယွမ်လော့ရီ ထိတ်လန့်သွားသည်။
တစ်စုံတစ်ယောက်က အပြင်မှ တံခါးကို ထုရိုက်နေခြင်းပင်။
ယွမ်အောင်း၏ မျက်လုံးများက ချက်ချင်း မှောင်မိုက်သွားလေ၏။ သူ ဓားတစ်ချောင်းကို ကောက်ကိုင်ကာ တံခါးနားသို့ တိတ်ဆိတ်စွာ လျှောက်သွားပြီး တံခါးဘေးတွင် ရပ်နေလိုက်သည်။
"ဒုန်း ဒုန်း ဒုန်း!”
အပြင်မှ လူက တံခါးကို ဒေါသတကြီး ဆက်လက် ထုရိုက်နေဆဲဖြစ်ပြီး ရိုက်ချက်တိုင်းမှာ ယခင်ကထက် ပို၍ အားကောင်းလာခဲ့၏။
ယွမ်လော့ရီက အသက်အောင့်ထားမိသည်။
ယွမ်အောင်းမှာ တကယ့် လူသတ်သမားက သည်းမခံနိုင်တော့ဘဲ သူ့အား သတ်ရန် နောက်ထပ် လူတစ်ဦးကို စေလွှတ်လိမ့်မည်ဟု ပြောခဲ့ဖူး၏။ အပြင်မှ လူမှာ လုပ်ကြံသတ်ဖြတ်မည့်သူ အသစ် ဖြစ်ဖွယ်များသည်။
မိနစ် အနည်းငယ် ကြာပြီးနောက် တိတ်ဆိတ်သွားပြန်၏။
ရုတ်တရက် စူးရှပြင်းထန်သော မီးခိုးနံ့ကို ရလိုက်ပြီး အနက်ရောင် မီးခိုးများက တံခါးနှင့် ပြတင်းပေါက် အက်ကွဲကြောင်းများမှတစ်ဆင့် စိမ့်ဝင်လာသည်။ လူသတ်သမားက သူတို့ကို အရှင်အလတ်လတ် မီးရှို့သတ်ရန် ကြံစည်နေခြင်းပင်။
ယွမ်အောင်းက လျင်မြန်စွာ လျှောက်လာပြီး ဗီရိုထဲမှ ရိုင်ဖယ်ရှည် တစ်လက်ကို ယူ၍ ကျည်ဆန်များ ထည့်ကာ ယွမ်လော့ရီ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်၏။
"ကိုကိုတို့ လျှို့ဝှက်လမ်းကနေ ထွက်ကြမယ်"
သူတို့ နှစ်ယောက် အခြား အခန်းတစ်ခန်းသို့ သွားလိုက်ကြပြီး ယွမ်အောင်းက ရှည်လျား မှောင်မိုက်သော ဥမင်လိုဏ်ခေါင်းသို့ ဦးတည်သည့် လျှို့ဝှက်တံခါး တစ်ချပ်ကို ဖွင့်လိုက်သည်။ သူ ယွမ်လော့ရီအား အထဲသို့ ဆွဲသွင်းလိုက်၏။
တစ်မိနစ်ကျော် ကြာပြီးနောက် ရှေ့တွင် မှိန်ဖျော့သော အလင်းရောင် ပေါ်လာသည်။ ထိုနေရာမှ ဆက်လျှောက်သွားရာ ဒုတိယထပ် ကားရပ်နားရာ ကားဂိုဒေါင်သို့ ရောက်ရှိသွား၏။
လုံခြုံရေးအစောင့် ယူနီဖောင်း ဝတ်ထားသော အလောင်းများက မြေပြင်ပေါ်တွင် လဲနေပြီး သူတို့ အောက်တွင် သွေးများ စီးကျနေလေသည်။
ယွမ်အောင်းက ယွမ်လော့ရီအား ထိုကြောက်မက်ဖွယ် မြင်ကွင်းမှ ကာကွယ်ပေးလိုက်၏။
"ဒိုင်း!”
ထိုစဉ် သေနတ်သံ တစ်ချက် ပဲ့တင်ထပ်လာသည်။
ယွမ်အောင်း၏ လက်မောင်းမှ သွေးမှုန်သွေးစများ ပန်းထွက်လာကာ နွေးထွေးသော သွေးစက် အနည်းငယ်က ယွမ်လော့ရီ၏ မျက်နှာပေါ်သို့ စင်လာလေ၏။ သူမ နှလုံးခုန် ရပ်သွားမတတ်ပင်၊ ယွမ်အောင်းအား ကားတစ်စီးနောက်သို့ ထိတ်ထိတ်ပျာပျာ ဆွဲခေါ်ကာ ကျည်ဆန်များထံမှ အကာအကွယ် ယူစေခဲ့သည်။
"ကိုကို ဒဏ်ရာရသွားပြီ”
သူမ ငိုယိုမိလေ၏။
"ဘာမှ ကြီးကြီးမားမား မဟုတ်ပါဘူး လက်မောင်း ပွန်းရုံလေးပါ"
သူက ပတ်တီးတစ်ခု ထုတ်၍ တစ်ဖက်ကို သွားနှင့် ကိုက်ထားပြီး ကျန်တစ်ဖက်ကို လက်တစ်ဖက်ဖြင့် ပတ်ကာ ကျည်ဒဏ်ရာမှ သွေးယိုစီးမှုကို အကျင့်ပါနေသော တည်ငြိမ်မှုဖြင့် တားဆီးလိုက်သည်မှာ နာကျင်မှုကို မခံစားရသကဲ့သို့ပင်။
သူ ယွမ်လော့ရီ၏ မျက်နှာမှ သွေးများကို ညင်သာစွာ သုတ်လိုက်ပြီး သူ၏ အကြည့်များမှာ လူသတ်လိုသော အရိပ်အယောင်ဖြင့် ပို၍ပင် တင်းမာလာခဲ့သည်။
"အဲဒီ သေနတ်ပစ်ချက်က ညီမလေးကို ရည်ရွယ်ပြီး ပစ်တာ”
ယွမ်အောင်းက ယွမ်လော့ရီ၏ လက်ကို တင်းတင်း ဆုပ်ကိုင်ကာ လုံခြုံသော နေရာသို့ အလျင်အမြန် ခေါ်ဆောင်သွား၏။
ယွမ်လော့ရီမှာ စိုစွတ်နေသော ကြမ်းပြင်ပေါ်တွင် ချော်ကျလုနီးပါး ဖြစ်သွားသော်လည်း ယွမ်အောင်းက သူမကို ဖမ်းလိုက်သည်။ အောက်သို့ ငုံ့ကြည့်လိုက်ရာ နေရာအနှံ့အပြားတွင် သွေးများနှင့် အလောင်းများ ပြန့်ကျဲနေသည်ကို မြင်လိုက်ရပြီး သူမ မထိန်းနိုင်ဘဲ တုန်ယင်လာ၏။
"မကြည့်နဲ့၊ ဆက်ပြေး"
ယွမ်အောင်းက ပြောလိုက်သည်။
ထွက်ပေါက်ရှိ တံခါးများ အားလုံးက သော့ခတ်ထားလေသည်။ ယွမ်အောင်းမှာ ယွမ်လော့ရီအား အပေါ်ထပ်သို့ ခေါ်သွားခြင်းမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ချေ။
"ရွှတ် ရွှတ် ရွှတ်”
ခြေသံ သုံးသံ - လူသတ်သမား ချဉ်းကပ်လာနေပြီပင်။
သူတို့ လှေကားပေါ်သို့ အလျင်အမြန် တက်သွားကြပြီး ပြင်းထန်စွာ မောဟိုက်နေကြသည်။ ယွမ်လော့ရီက တံခါး သေးသေးလေး တစ်ချပ်မှ လရောင် စီးဆင်း ဝင်ရောက်လာသည်ကို မြင်လိုက်ရ၏။ မြေပြင်ပေါ်တွင် ကြည်လင်သော ငွေရောင် တောက်ပမှုတစ်ခု ဖြစ်ပေါ်နေသည်။
ယင်းက တစ်ခုတည်းသော ထွက်ပေါက်ပင်။
ရုတ်တရက် ယွမ်အောင်းက သူမ၏ လက်ကို လွှတ်လိုက်ပြီး အလင်းရောင် မှိန်မှိန်ထဲတွင် ရပ်နေခဲ့ကာ ယွမ်လော့ရီ သန့်စင်သော လရောင်အောက်ထဲသို့ လှမ်းသွားသည်ကို ငေးကြည့်နေ၏။
၁၁ နှစ်သမီး အရွယ်တွင် သူမက ထင်ရှား၊ တောက်ပနေပြီး ယွမ်အောင်းအား သုံးနှစ်သမီးအရွယ် ယွမ်လော့ရီကို သတိရစေသည်။ သူမက ရယ်မော၍ ချစ်ခင်စွာ ကပ်တွယ်နေကာ အမြဲတမ်း သူ့ရင်ခွင်တွင် ပွေ့ဖက်လျက် ချိုမြသော အသံဖြင့် အပြစ်ကင်းစင်သော မေးခွန်းများကို မေးလေ့ရှိ၏။
"ကိုကို ကောင်းကင်က ဘာလို့ ဒီလောက် မြင့်တာလဲ"
"ငှက်တွေ ပျံသန်းနိုင်အောင်လို့ပေါ့"
"သစ်ပင်တွေကရော ဘာလို့ ဒီလောက် ရှည်တာလဲ"
"ငှက်တွေ နားဖို့လေ"
"ဒါဆို ကိုကိုက ဘာလို့ ဒီလောက် အရပ်ရှည်တာလဲ"
"ညီမလေးကို လေနဲ့ မိုးဒဏ်ကနေ ကာကွယ်ပေးဖို့"
သို့သော် ယွမ်အောင်းက ထိုကတိကို မတည်နိုင်ခဲ့ပေ။ သူ၏ ညီမလေး သေဆုံးသွားခဲ့ပြီး နောင်တတရားက သူ့အား ချောက်နက်ကြီးထဲသို့ ဆွဲချခဲ့ကာ ထိုနေရာမှ ရုန်းထွက်နိုင်ခြင်း မရှိခဲ့ချေ။
စိတ်ဓာတ်ကျပြီးနောက် အတ္တက သူ့နှလုံးသားကို ဖုံးလွှမ်းသွားခဲ့၏။ ယွမ်လော့ရီအား တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုခဲ့ပြီး သူမ၏ လှပသော အမွေးအတောင်များ နုတ်ယူခံရသည်ကို လျစ်လျူရှုကာ သူမ၏ စိတ်ပျက်အားငယ်သော အော်ဟစ်သံများကို မကြားချင်ယောင် ဆောင်ခဲ့ရသည်။
သို့သော် သေရေး၊ ရှင်ရေးနှင့် ရင်ဆိုင်ရသောအခါ ယွမ်အောင်းမှာ အံ့ဩဖွယ် ကောင်းလောက်အောင် အသိစိတ်အချို့ ပြန်လည်ရရှိလာခဲ့၏။ သူမက ကောင်းကင်နှင့် သက်ဆိုင်သူ ဖြစ်ကြောင်းကို သူ မည်သို့ မေ့လျော့သွားခဲ့ရသနည်း။
ထို့ကြောင့် ယွမ်လော့ရီ ဖြတ်ကျော်သွားပြီးနောက် သူ ရှေ့သို့ တစ်လှမ်း တိုးလိုက်ပြီး တံခါးကို ပိတ်ကာ အတွင်းမှ သော့ခတ်လိုက်လေသည်။
"ပျံသန်းပါ ငှက်ကလေး၊ ညီမလေး လွတ်လပ်ပြီ"
ယွမ်လော့ရီက တံခါးကို ထုရိုက်လာ၏။
"ကိုကို တံခါးဖွင့်ပေးပါ”
ယွမ်အောင်းသည် အမှောင်ထဲတွင် သူ၏ ကော်လံကို ဖြေလျှော့ပြီး အင်္ကျီလက်များကို ခေါက်တင်ကာ ကျည်ထည့်ထားသော ရိုင်ဖယ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထား၏။ လူသတ်သမား၏ ခြေသံများ နီးကပ်လာသည်နှင့်အမျှ သူ၏ ရင်ထဲ၌ သတ်ဖြတ်လိုသော ဒေါသက တိုးပွားလာခဲ့သည်။
အရင်တစ်ခေါက်က ငါ ငါ့ညီမလေးကို မကာကွယ်ပေးနိုင်ခဲ့ဘူး။ ဒီတစ်ခါတော့ ငါ နောက်ဆုတ်မှာ မဟုတ်ဘူး။
"ဒိုင်း!”
သူ ထောင့်ချိုးမှ လာနေသော အရိပ်ကို ပစ်ခတ်လိုက်၏။
သူ မှန်အောင် ပစ်နိုင်ခဲ့သော်လည်း လူသတ်သမားက ခလုတ်တိုက်မိရုံသာရှိပြီး ပြန်ထလာသည်။
သေနတ်သံများက တရစပ် ထွက်ပေါ်လာ၏။ နောက်ဆုံး ကျည်ခွံတစ်ခု ကြမ်းပြင်ပေါ် ကျသွားပြီးနောက် လူသတ်သမားက ပြေးဝင်၍ တိုက်ခိုက်လာပြီး သူတို့ နှစ်ယောက်မှာ ရိုင်းစိုင်းသော သားရဲတိရစ္ဆာန်များကဲ့သို့ ရင်ဆိုင်တိုက်ခိုက်ကြသည်။
မှိန်ဖျော့ဖျော့ အလင်းရောင်ထဲ၌ ဓားရောင်များ စူးရှစွာ တဖျတ်ဖျတ် လက်နေပြီး ယွမ်အောင်း၏ လက်ဆစ်များက သွေးစွန်းနေလေ၏။ ထိုးနှက်ချက်တိုင်းသည် ပြင်းပြသော ဒေါသဖြင့် ရိုက်ခတ်နေသည်။ ဤလူက သူ၏ ညီမလေးအား ထိခိုက်အောင် ကြိုးစားခဲ့သည်ကို ယွမ်အောင်း ခွင့်မလွှတ်နိုင်ချေ။
အတိတ်က ယွမ်အောင်းသည် ယွမ်လော့ရီ တိတ်ဆိတ်လာသည်ကို ကြည့်ခဲ့ရဖူး၏။ သူမက မျက်ရည်များကို သူ့ထံမှ ဖုံးကွယ်လျက် အသံတိတ် ရှိုက်ကြီးတငင် ငိုကြွေးသံများကို ကြားခဲ့ရဖူးသည်။ သူမ ပြိုလဲလုနီးပါး ဖြစ်နေကြောင်းကို သဘောပေါက်ရန် အခွင့်အရေးများစွာ ရခဲ့ဖူး၏။
သို့သော် သူ သူမအား တန်ဖိုးမထားမိခဲ့ပေ။ ယွမ်လော့ရီမှ ယွမ်အောင်းအား ရှောင်သကဲ့သို့ သူကလည်း သူမအား ရှောင်ကြဉ်ခဲ့သည်။
သူမမှာ ကလေးတစ်ယောက် မဟုတ်တော့ချေ။ သူမသာ သူ၏ မှောင်မိုက်သော၊ လိမ်လည်လှည့်ဖြားသော အပြုအမူများကို သိရှိသွားပါက သူ့အား စက်ဆုပ်၊ မုန်းတီးပြီး ထာဝရ စွန့်ခွာသွားလိမ့်မည်။
ထို့ကြောင့် ယွမ်အောင်းမှာ အလုပ်ထဲတွင်သာ သူ့ကိုယ်သူ နှစ်မြှုပ်ထားပြီး အမြဲတမ်း ခရီးထွက်နေကာ အိမ်သို့ ပြန်လာခဲ၏။
ယင်းသည် သူ မည်သည့်အခါမျှ ပြန်လည် ဖြေဆည်၍ မရနိုင်သော မူလအပြစ်တစ်ခုပင်။
"မကြောက်ပါဘူး၊ ကိုကိုက ဘာပဲဖြစ်နေပါစေ ကိုကိုက သမီးရဲ့ အစ်ကိုကြီးပါပဲ"
၁၁ နှစ်အရွယ် ယွမ်လော့ရီက ထိုစကားများကို ပြောမှသာ ယွမ်အောင်းတစ်ယောက် သတိရသွားသည်။
သူမသည် ကမ္ဘာပေါ်တွင် အနူးညံ့ဆုံး ကလေးလေးပင်။ သူ အဘယ်ကြောင့် သူမအား ပိုမို မယုံကြည်ပေးခဲ့သနည်း။
သူတို့ နှစ်ယောက် အချင်းချင်း ပွင့်ပွင့်လင်းလင်း ရှိခဲ့ကြပါလျှင် ဆယ်စုနှစ်တစ်ခုကျော်ကြာ သူစိမ်းများကဲ့သို့ နေထိုင်ခဲ့ရမည် မဟုတ်ပေ။ ထိုကြေကွဲဖွယ်ရာ အဖြစ်ဆိုးမျိုးလည်း ဖြစ်ပွားခဲ့မည် မဟုတ်ချေ။
"အဲတော့ ညီမလေး..”
"ဘုန်း!”
ယွမ်အောင်းနှင့် လူသတ်သမားသည် ကျဉ်းမြောင်းသော လှေကားထစ်မှ လိမ့်ကျသွားကြ၏။
နှစ်ယောက်လုံး သွေးများ ရွှဲရွှဲစိုလျက်၊ မျက်လုံးများတွင် လူသတ်လိုသော ဒေါသများဖြင့် တောက်လောင်နေကြသည်။
ယွမ်အောင်းက အသာစီးရပြီး လူသတ်သမားကို ဖိထားကာ ခေါင်းကို အဆက်မပြတ် ထိုးနှက်နေခဲ့၏။ သွေးများ စင်ထွက်ကာ အရိုးများပင် ကျိုးကြေသွားလေသည်။
သူ၏ နာကျင်မှု၊ နောင်တနှင့် ဝမ်းနည်းမှု အားလုံးကို ထိုးနှက်ချက်တိုင်းနှင့်အတူ ထုတ်ဖော်ပစ်လိုက်၏။
၁၁ နှစ်အရွယ် ယွမ်လော့ရီမှ ချဉ်းကပ်လာသောအခါ ယွမ်အောင်း၏ မှောင်မိုက်သော ကမ္ဘာကို အလင်းရောင် တစ်စွန်းတစ်စက ထိုးဖောက် ဝင်ရောက်လာခဲ့သည်။ သူ ထိုအလင်းအား နူးညံ့စွာ ပွေ့ဖက်ထားလျက် သူ့နှလုံးသားမှာ ချစ်ခင်တွယ်တာမှုဖြင့် နွေးထွေးနေခဲ့ပြီး တိုးတိုးလေး ရေရွတ်လိုက်၏။
"ကိုကို ဒီလူယုတ်မာကို သတ်ပြီးရင် ကိုကိုတို့ တစ်ယောက်နဲ့တစ်ယောက် လျှို့ဝှက်ချက်တွေ မထားကြတော့ဘူး၊ ကောင်းကောင်း စကားပြောကြရအောင်”