← Chapters

အခန်း (၅၉)

Vol. 6 Ch. 59

အခန်း (၅၉)

Vol. 6 Ch. 59

တင်းတင်းပိတ်ထားသည့် ခမ်းနားကြီးကျယ်သော တံခါးကြီးနောက်မှ တိုက်ခိုက်သံများနှင့် ခိုက်ရန်ဖြစ်ပွားသံများမှာ ပဲ့တင်ထပ်နေသည်။

ထိုအသံများကို နားထောင်ရင်း ယွမ်လော့ရီ ထိတ်လန့်နေလေ၏။ သူမ၏ အစ်ကိုကြီးကို ဒဏ်ရာ ထပ်မရစေချင်တော့ပေ။

သူမက လက်နက်များ၊ တုတ်များ၊ ဖန်ပုလင်းများ၊ ကျောက်ခဲများနှင့် အခြား တိုက်ခိုက်ဖို့ရာ ဖြစ်နိုင်သော အရာများကို ရှာရန် ရည်ရွယ်ပြီး ပြေးထွက်သွားသည်။

သူမ သေသွားလျှင် သူမ၏ မူလကမ္ဘာကိုသာ ပြန်ရောက်မည်ဖြစ်၍ သူမ ပြန်သွားပြီး ကူညီရမည်ပင်။

"ဒုန်း”

ပြင်းထန်သော ပေါက်ကွဲသံကြောင့် မြေပြင်မှာ ရုတ်တရက် တုန်ခါလာကာ လျှင်မြန်စွာ ရောက်လာသော အပူလှိုင်းတစ်ခုက ယွမ်လော့ရီကို လွင့်စင်သွားစေပြီး သူမအား မြေပြင်ပေါ်တွင် အကြိမ်အနည်းငယ် လှိမ့်သွားစေခဲ့၏။ သူမ နာကျင်မှုကို သည်းခံရင်း တွားသွား၍ ထရပ်လိုက်ပြီး မီးလျှံများမှာ ကောင်းကင်ထိတိုင် တောက်လောင်နေသည်ကို မြင်လိုက်ရသည်။

"ဒုန်း”

"ဒုန်း”

"ဒုန်း”

ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်နေ၍ မှန်များမှာ ကွဲကြေကုန်ပြီး ဖုန်မှုန့်များ ထလာကာ ယွမ်မိသားစု ပိုင်ဆိုင်သည့် အဆောက်အအုံမှာ စတင် ပြိုကျ လာ၏။

အစ်ကိုကြီး ယွမ်အောင်းက အထဲမှာ ရှိနေသေးတယ်..

အပျက်အစီးများမှာ ယွမ်လော့ရီ အနားသို့ ဆက်တိုက် ကျလာနေပြီး ကွန်ကရစ် အပိုင်းအစကြီး တစ်ခုက သူမထံသို့ အလျင်အမြန် ဦးတည်လာနေကာ ရှောင်တိမ်းရန် နည်းလမ်း မရှိချေ။

"ဒုတ်”

အရာအားလုံး မှောင်မိုက်သွားတော့သည်။

ယွမ်လော့ရီတစ်ယောက် ယွမ်အိမ်တော် အတွင်းတွင် လန့်နိုးလာကာ မြေပြင်ပေါ်သို့ ပြန်ရောက်လာသည့် ရေနစ် သေလုနီးပါး ဖြစ်သွားသော လူတစ်ဦးကဲ့သို့ အသက်ရှူနေရ၏။

သူမက အဖြူရောင်ဂါဝန်ကို ဝတ်ထားပြီး ခြေဗလာ ဖြစ်နေကာ ကော်ဇောပေါ်တွင် ထိုင်နေလေသည်။

အချိန်ခရီးသွားခြင်းမှ ရုတ်တရက် ပြန်ရောက်လာပြီး မေ့လဲသွားကာ ခေါင်းကို ကြမ်းပြင်နှင့် ရိုက်မိသောကြောင့် သူမ၏ ခေါင်းက အနည်းငယ် နာနေခြင်း ဖြစ်မည်။

နာကျင်သော နေရာကို ပွတ်သပ်လျက် သူမ၏ ဆံပင်မှာ အနည်းငယ် စိုစွတ်နေဆဲ ဖြစ်သည်ကို ခံစားမိ၍ ဤအချိန်ခရီးသွားခြင်းမှာ စောစီးစွာ အနှောင့်အယှက် အပေးခံလိုက်ရသည့်အတွက် အချိန် များစွာ မကုန်သွားလောက်သေးပေ။

ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့ ကြည့်လိုက်ရာ မှောင်မိုက်နေကာ သန်းခေါင်ယံ အချိန် ဖြစ်သည်ပင်။

ယွမ်လော့ရီ ယခုလေးတင် ဖြစ်ပျက်ခဲ့သည်များကို ပြန်တွေးကြည့်သောအခါ လူသတ်သမားမှာ သူတို့ နှစ်ယောက်လုံးကို သတ်ပစ်ရန် ပေါက်ကွဲမှုကို ဖန်တီးခဲ့ခြင်း ဖြစ်မည်။

ဒါပေမဲ့ ဒါက မဖြစ်နိုင်ဘူး။

ကိုကိုက အဲမှာ သေမှာ မဟုတ်ဘူး။

ဈာပနပုံထဲ၌ ကိုကို့၏ ရင်ဘတ်ပေါ်တွင်သာ သွေးစွန်းရာများ ရှိသောကြောင့် တကယ့် လူသတ်သမား၏ သေနတ်ဖြင့် အပစ်ခံရ၍ သေဆုံးခဲ့ခြင်း ဖြစ်ပြီး ပေါက်ကွဲမှုကြောင့် သေဆုံးခြင်း မဟုတ်ချေ။

စိတ်ကို တည်တည်ငြိမ်ငြိမ် ထားစမ်းပါ၊ သေချာ တည့်တည့်မတ်မတ် စဥ်းစားကြည့်စမ်း။

အစ်ကိုကြီးမှာ ပေါက်ကွဲမှု မဖြစ်မီ ထွက်ပြေး လွတ်မြောက်သွားနိုင်ကာ သူက သန်မာသဖြင့် ထိုလူသတ်သမားအား သေချာပေါက် ရှုံးနိမ့်မည် မဟုတ်ပေ။

နောက်တစ်ကြိမ် အချိန်ခရီးသွားချိန်၌ သူတို့ သေချာပေါက် ပြန်တွေ့ ကြလိမ့်မည်။

ဟုတ်သားပဲ၊ အချိန်ခရီးသွားတာ…

ယွမ်လော့ရီက သံသယများ ပိုမို များလာကာ ဤအချိန်ခရီးသွားခြင်း စွမ်းရည်မှာ ဘာလဲ ဆိုသည်အား မသိနိုင်သေးသည့်အပြင် ထိုအခြားကမ္ဘာမှာ တကယ်ပင် အနာဂတ် ဖြစ်မည်လား ဆိုသည်ကိုလည်း နားမလည်နိုင်ခဲ့ချေ။

[ဒင် စနစ် သတိပေးချက်: host အဆင့် လိုအပ်ချက် ပြည့်မီသွားပါပြီ၊ အချိန်ခရီးသွားခြင်း စွမ်းရည်ရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ပါပြီ]

ယွမ်လော့ရီက အလျင်အမြန် မေးလိုက်၏။

"စနစ်၊ အချိန်ခရီးသွားခြင်း စွမ်းရည်က တကယ်ပဲ ဘာလဲ"

[ရှင်းပြရရင် hostရဲ့ မူလကမ္ဘာကို ပြန်စူးစမ်းတာမျိုး၊ မဟုတ်ရင် အရင် အချိန်စက်ဝန်းကို ပြန်ဝင်တာမျိုးပေါ့]

ယွမ်လော့ရီမှာ ပြောစရာစကားပင် မဲ့သွားသည်။

"အရင် အချိန်စက်ဝန်း.."

[အချိန် paradox အရ အချိန်ခရီးသွား တစ်ယောက်က ပြန်သွားပြီး သူ့ရဲ့အဖေကို သတ်မယ်ဆိုရင် သူကိုယ်တိုင်လည်း မွေးဖွားလာမှာ မဟုတ်တော့ဘူးလေ အဲဒါက ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးလိုက်တာပဲ အဲဒါကြောင့် သူ့အဖေကို သတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး]

[အချိန်ရဲ့ ကျိုးကြောင်း ဆက်နွယ်မှုကြောင့် ဘယ်လောက်ပဲ အချိန်ခရီးသွားနေပါစေ မူလ အချိန်စက်ဝန်းရဲ့ အတိတ်ကိုလည်း မပြောင်းလဲစေသလို မူလ အချိန်စက်ဝန်းရဲ့ အနာဂတ်ကိုလည်း မပြောင်းလဲစေနိုင်ပါဘူး]

[အချိန်စက်ဝန်းကို ခွဲပစ်လိုက်ပြီး အချိန်စက်ဝန်း အသစ်တစ်ခု ဖန်တီးနိုင်မှသာ အနာဂတ်အသစ်တစ်ခု ရှိလာနိုင်မှာပါ]

[အချိန်စက်ဝန်းကို ခွဲပစ်ဖို့ဆိုရင် hsot နှစ်ပေါင်း ၁၈၀၀ နောက်ပြန်သွားပြီး ၉၉ကြိမ် ပြန်မွေးဖွားလာမှ သေးငယ်တဲ့ လိုင်းလုံးလေးတွေကနေ အရည်အသွေးကို ပြောင်းလဲပစ်နိုင်တဲ့ လှိုင်းလုံးကြီးအဖြစ် ပြောင်းသွားနိုင်ပြီး အချိန်စက်ဝန်း အသစ်တစ်ခုကို ဖန်တီးနိုင်မှာပါ]

[အချိန်ခရီးသွားပြီးတိုင်း မူလကမ္ဘာမှာရှိတဲ့ Hostရဲ့ သက်ရောက်မှုတွေကို အလိုလို ဖယ်ရှားပေးသွားမှာ ဖြစ်ပြီး လူတိုင်းက သူတို့ ကံကြမ္မာအတိုင်း သွားကြမှာပါ ]

[တကယ်လို့ Hostရဲ့ သက်ရောက်မှုတွေကို အလိုလို မဖယ်ရှားနိုင်ဘူးဆိုရင် အချိန်စက်ဝန်း နှစ်ခုရဲ့ ကျိုးကြောင်းဆက်နွယ်မှုတွေကို ရှုပ်ထွေးသွားစေနိုင်ပြီးတော့ အချိန်စက်ဝန်း အားလုံးကို ပျက်သုဉ်းသွားစေနိုင်ပါတယ်]

[ဒါကြောင့် အဲလိုမျိုး မဖြစ်သွားစေဖို့ မလွန်သွားအောင် ထိန်းချုပ်ပေးထားရတာပါ]

ယွမ်လော့ရီ စိတ်လွတ်သွားပြီး သူမ၏ နှလုံးခုန်သံမှာ မြန်နေသည်။

အဲဒါကြောင့် ငါ အစ်ကိုကြီး ယွမ်အောင်းကို ယဲ့မင်က အိမ်ရဲ့ တကယ့်သခင်မ ဖြစ်တဲ့ အကြောင်း ပြောပြဖို့ ကြိုးစားတုန်းက မေ့လဲသွားတာပေါ့။

ထိုအရာမှာ အချိန်စက်ဝန်း အသစ် ဖြစ်ပြီး အချိန်ခရီးသွားခြင်းက သူမ၏ အတိတ်ဘဝ၌ ဖြစ်ပျက်ခဲ့သော မူလ အချိန်စက်ဝန်း ထံသို့ ခေါ်သွားခဲ့ခြင်းပင်။

ထို နာကျင်နေပြီး အမာရွတ်များနှင့် ယွမ်အောင်းမှာ သူမ၏ မူလ အစ်ကိုကြီးပင်။

ထို့နောက် သူမ သူ၏ ကံကြမ္မာအား မပြောင်းလဲနိုင်သဖြင့် ယွမ်လော့ရီ အလွန် ဝမ်းနည်းလာသည်။

အချိန်ခရီးသွားခြင်း စွမ်းရည်၏ စွမ်းရည် အစစ်အမှန်ကို သိရှိပြီးနောက် ယွမ်လော့ရီ၏ စိတ်ထဲ၌ မေးခွန်းများ ပိုများလာ၏။

"ဆုတောင်းခြင်းက တကယ်ပဲ ဘာလဲ"

[Host အဆင့် အလွန် နိမ့်သဖြင့် ဤအချက်အလက်အား ဖော်ထုတ်၍ မရနိုင်ပါ]

"လွှမ်းမိုးမှုကရော ဘာလဲ"

[Host အဆင့် အလွန် နိမ့်သဖြင့် ဤအချက်အလက်အား ဖော်ထုတ်၍ မရနိုင်ပါ]

"တကယ့် လူသတ်သမားက ဘယ်သူလဲ"

[Host အဆင့် အလွန်နိမ့်သဖြင့် ဤအချက်အလက်အား ဖော်ထုတ်၍ မရနိုင်ပါ]

ဒီပျက်စီးနေတဲ့ စနစ်က တကယ့် အဓိက မေးခွန်းတွေကို ဘယ်တော့မှ မဖြေဘူး။

ယွမ်လော့ရီ သူမ၏ စိတ်ထဲရှိ စနစ် အချက်အလက်များကို ကြည့်လိုက်ရာ ရွေးချယ်စရာ အသစ်တစ်ခု ပေါ်လာသည်ကို သတိထားလိုက်မိ၏။

"ဒီ သဲလွန်စ စွမ်းရည် အသစ်က ဘာလဲ"

[ဒင် စနစ်သတိပေးချက်: host အဆင့် လိုအပ်ချက် ပြည့်မီသွားတာကြောင့် သဲလွန်စ စွမ်းရည်ကို သုံးနိုင်ပါပြီ]

[သဲလွန်စ စွမ်းရည် ဆိုတာ hostကို အမှုဖြေရှင်းဖို့အတွက် အဓိက သဲလွန်စတွေ ပေးတာပါ]

ယွမ်လော့ရီ စိတ်အားထက်သန်စွာ မေးလိုက်၏။

"အဲဒါကို ဘယ်လို အသက်သွင်း ရမလဲ"

[ လွှမ်းမိုးမှု ၂၇၀ ကို ရောက်တဲ့အခါ ပေါက်ကွဲမှု အမှုကိစ္စနဲ့ ပတ်သက်တဲ့ အဓိက သဲလွန်စ တစ်ခု ပေးပါလိမ့်မယ် ]

ယခင်က စိတ်ဓာတ်ကျနေသော ယွမ်လော့ရီ၏ စိတ်အခြေအနေမှာ အနည်းငယ် ပြန်လည် လန်းဆန်းလာ၏။ သူမသာ အောင်မြင်အောင် လုပ်နိုင်သွားပါက ထိုကြောက်မက်ဖွယ် ဘေးအန္တရာယ်မှာ ဤကမ္ဘာတွင် ဖြစ်လာတော့မည် မဟုတ်ပေ။ သဲလွန်စနောက်ကို လိုက်ခြင်းဖြင့် သူမ တကယ့် လူသတ်သမားကိုပင် ရှာတွေ့နိုင်လိမ့်မည်။

“ဒေါက် ဒေါက်”

ရုတ်တရက် ထွက်လာသော တံခါးခေါက်သံကြောင့် ယွမ်လော့ရီ လန့်ဖျပ်သွားပြီး ကြမ်းပြင်မှ အမြန် ထရပ်လိုက်သည်။

"ဘယ်သူလဲ"

အပြင်ဘက်မှ ပြန်ဖြေလာ၏။

"ကိုကိုပါ၊ ဝင်လာလို့ ရမလား"

အာ...ဒါက ကိုကို ယွမ်အောင်း ရဲ့ အသံပဲ။

ဤအချိန်တွင် သူမ အစ်ကိုကြီး၏ အသံအား ကြားလိုက်ရသော် ယွမ်လော့ရီ၏ မျက်လုံးများမှာ အထိန်းအကွပ် မဲ့စွာပင် နီရဲလာ၍ သူမ စိတ်ခံစားမှုများကို ထိန်းကာ ပြောလိုက်၏။

"ဝင်လာလို့ ရပါတယ်"

ထိုစဉ် တံခါးပွင့်လာပြီး သေသပ်စွာ ဝတ်ဆင်ထားသော ယွမ်အောင်းက ဝင်လာခဲ့သည်။ အေးစက်သော မျက်နှာ ဖြစ်နေသော်ငြား သူ၏ မျက်လုံးများတွင် ရူးသွပ်မှုများ မရှိနေပေ။

သူက ယွမ်လော့ရီ၏ ရှုပ်ပွ၍ စိုစွတ်နေသော ဆံပင်ကို သတိထားမိသွားကာ စိုးရိမ်သော မျက်နှာဖြင့် လျှောက်လာပြီး ဆံပင်ကို ကိုင်ကြည့်လိုက်သည်။

"ညီမလေး ရေချိုးထားတာလား၊ ဘာလို့ ဆံပင်ကို မသုတ်တာလဲ ဒီလိုဆို အအေးမိလိမ့်မယ်"

"သမီး မေ့သွားလို့ပါ"

"အာ ဒီကလေးကတော့..."

ယွမ်အောင်းက ခြောက်သွေ့သော သဘက် တစ်ထည်ကို ရှာပြီး ယွမ်လော့ရီ၏ ခေါင်းပေါ် တင်ကာ ညင်သာစွာ သုတ်ပေးလာကာ အခြားကမ္ဘာမှ အစ်ကိုကြီးကဲ့သို့ပင် နူးညံ့လှ၏။

ယွမ်လော့ရီက မေးလိုက်သည်။

"ကိုကို ဘာလို့ ဒီအချိန်ကြီး သမီးကို လာရှာတာလဲ"

ယွမ်အောင်းက ပြန်ဖြေလာ၏။

"မသိဘူး ကိုကို အလုပ်ကနေ အခုမှ ပြန်လာတာ ရုတ်တရက် ညီမလေးကို တွေ့ချင်လာလို့၊ အခုတလော ကိုကို စီးပွားရေး ခရီးတွေ ခဏခဏ သွားနေရတော့ ကိုကိုတို့တွေ စကားသိပ် မပြောဖြစ်ကြဘူးလေ၊ ကျောင်းမှာ အဆင်ပြေရဲ့လား ညီမလေးကို တစ်ယောက်ယောက်က အနိုင်ကျင့်သေးလား"

ယွမ်လော့ရီက ပြောလိုက်သည်။

"ဟင့်အင်း သမီးကပဲ သူများတွေကို အနိုင်ကျင့်နေတာ"

ယွမ်အောင်း အနည်းငယ် ရယ်မောလိုက်၏။

"အဲဒါဆို ကောင်းတာပေါ့"

ယွမ်လော့ရီ မျက်ရည်များကို ထိမ်းချုပ်၍ အရှေ့သို့ ကိုင်းညွှတ်ပြီး ယွမ်အောင်းကို ဖက်လိုက်ကာ သူ၏ အဝတ်အစားများ ကြားထဲသို့ မျက်နှာ အပ်ထားလိုက်သည်။

ယွမ်အောင်းက အနည်းငယ် အံ့အားသင့်သွားပြီး ယွမ်လော့ရီ၏ ကျောကို ညင်သာစွာ ပုတ်ပေးလာ၏။

“ဘာဖြစ်လို့လဲ တစ်ယောက်ယောက်က ညီမလေးကို စိတ်မကောင်းဖြစ်အောင် လုပ်လို့လား”

“မဟုတ်ပါဘူး၊ သမီး ကိုကို့ကို လွမ်းလို့ပါ”

"ကိုကို့ကို တွေ့ချင်ရင် ရုံးခန်းကို အချိန်မရွေး လာလို့ ရတယ်လေ"

"အဲဒါဆို သမီး ကိုကို့ ရုံးခန်းကို ကြိုမပြောဘဲ ရောက်လာပြီး ကိုကို့ရဲ့ ပြောပြလို့ မရတဲ့ လျှို့ဝှက်ချက်တွေကို ရှာတွေ့သွားမှာ စိတ်မပူဘူးလား"

"ဟားဟား ညီမလေး ရှာတွေ့သွားရင်တောင် ဘာမှမဖြစ်ပါဘူး၊ ညီမလေးက အမြဲတမ်း နူးညံ့တဲ့ ကလေးလေးမို့ သေချာပေါက် နားလည်ပေးမှာပါ"

All Chapters